← Chapters

အခန်း ၇၁၂

Vol. 38 Ch. 712

အခန်း ၇၁၂

Vol. 38 Ch. 712

အပိုင်း (၇၁၂) စစ်ဘက်သုံး ရိက္ခာသစ်။

မြင်းလှည်းမှာ မြို့တွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာ၏။ တစ်စုံတစ်ယောက် မှတ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖန်ကျန်းရီမှာ လှည်းပေါ်မှ မဆင်းရဲချေ။ မည်သို့ပင်ဖြစ်စေ အလွန်လှပသော မိန်းမချောလေး နှစ်ဦးကိုလည်း ခေါ်ဆောင်လာခဲ့သည် မဟုတ်ပါလား။

မူလကတည်းက စိတ်လေးနေခဲ့ပြီးပြီ။ အကယ်၍ ခရိုင်အတွင်း၌ ကောလာဟလတစ်ခုခု ထွက်ပေါ်လာပြီး ရှောင်ထောင်တို့ သိသွားမည်ဆိုလျှင် သူ အသက်ရှင်လျက် နေနိုင်ပါဦးမည်လား။

မြင်းလှည်းသည် သွားလိုက် ရပ်လိုက်ဖြင့် စိတ်ဝင်စားစရာကောင်းသော နေရာတစ်ခုသို့ ရောက်တိုင်း တစ်ခဏမျှ ရပ်တန့်ပေးသည်။ သူတို့သုံးဦးသည် အောက်သို့ဆင်းကာ နေရာအနှံ့ လျှောက်လည်ကြ၏။ သူတို့၏ အပြုအမူများမှာလည်း တစ်ဦးနှင့်တစ်ဦး တူညီခြင်းမရှိကြပေ။

လိုင်ကော်အာမှာ အသစ်အဆန်း တစ်ခုခုကို မြင်သည်နှင့် ဝယ်ယူတတ်ပြီး ကြည့်ရသည်မှာ ရှင်းကျူထံသို့ ပြန်ပို့ပေးရန် ပြင်ဆင်နေပုံရသည်။ ချူချင်ဟန်မှာမူ ထူးဆန်းသော ကုန်ပစ္စည်းအမျိုးမျိုးနှင့် အပြင်အဆင် ထူးခြားသော ဆိုင်ခန်းများကို အထူးဂရုစိုက်ကာ လေ့လာနေ၏။ ချူယိုယီနှင့် ပတ်သက်၍မူ မြို့တွင်းသို့ ဝင်ရောက်ပြီးနောက် စိတ်အခြေအနေမှာ အလွန်ကောင်းမွန်သွားပြီး အုံ့မှိုင်းနေသော စိတ်များကို ဖယ်ရှားကာ နေရာအနှံ့ လျှောက်ကြည့်နေသည်။

ဖန်ကျန်းရီသည်လည်း အလောတကြီး မရှိဘဲ လှည်းပေါ်တွင် ထိုင်လျက် တိတ်ဆိတ်စွာ စဉ်းစားခန်း ဝင်နေ၏။ နေဝင်ခါနီးမှာတော့ သူတို့သုံးဦးမှာ မဝသေးသော်လည်း အဆုံးသတ်လိုက်ရသည်။ ထို့နောက် လှည်းစီးကာ ဆက်လက် ထွက်ခွာလာခဲ့ကြ၏။

ဤခရီးစဉ်၏ အကြီးမားဆုံး ရည်ရွယ်ချက်မှာ လိုင်ကော်အာတို့ကို အပျော်လည်ပတ်ရန် ခေါ်ဆောင်လာခြင်း မဟုတ်ဘဲ အခြားအကြောင်းရင်း ရှိနေသောကြောင့်ဖြစ်သည်။

သင်္ဘောအုပ်စု ပင်လယ်ထွက်ရာတွင် စစ်တပ်လေ့ကျင့်ရေးပိုင်းကို သူ မကူညီနိုင်သော်လည်း ရိက္ခာ ထောက်ပံ့မှုပိုင်းတွင်မူ သူ စွမ်းဆောင်နိုင်သည့် အချက်များ ရှိနေသည်။ ပထမဆုံးအကြိမ် ပင်လယ်ရပ်ခြား စူးစမ်း ရှာဖွေရေးဖြစ်ရာ သဘာဝကျစွာပင် ပြင်ဆင်မှုများကို အတတ်နိုင်ဆုံး ပြည့်စုံအောင် ပြုလုပ်ရမည်။ ထို့အပြင် စားသောက်ရေးသည် ပင်လယ်ပြင်ပေါ်တွင် အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်၏။

ဤအတွက်ကြောင့် ဖန်ကျန်းရီသည် လွန်ခဲ့သော တစ်လခန့်တည်းက လူများကို အကြောင်းကြားကာ ပင်လယ်ထွက်ရာတွင် အသုံးပြုမည့် စစ်ဘက်သုံး ရိက္ခာများကို စတင်သုတေသနပြုရန် ပြင်ဆင်ခိုင်းခဲ့သည်။ ဤတစ်လအတွင်း စာများအပြန်အလှန် ပို့ဆောင်ခဲ့ပြီးနောက် သုတေသနပြုလုပ်မှု ပြီးစီးသွားကာ အမြောက်အမြား ထုတ်လုပ်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤတစ်ခေါက်တွင် စစ်ဘက်သုံး ရိက္ခာ ထုတ်လုပ်မှု အခြေအနေ မည်သို့ရှိနေသည်ကို ကိုယ်တိုင်လာရောက် ကြည့်ရှုခြင်းဖြစ်သည်။

မြင်းလှည်းမှာ ဖြည်းညင်းစွာ ခုတ်မောင်းလာပြီး သစ်သားလုပ်ငန်းဌာန အနီးသို့ရောက်မှ တဖြည်းဖြည်း ရပ်တန့်သွား၏။ သစ်သားလုပ်ငန်းဌာန၏ ပတ်ဝန်းကျင်တွင် အပိုအဆောက်အအုံများ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ မလှမ်းမကမ်းတွင် တောက်ယွမ်မြစ် တည်ရှိပြီး မြစ်ကမ်းဘေးတွင် ရေစုပ်စက်များ အများအပြား တပ်ဆင်ထားကာ ထူးဆန်းသော အရာအချို့နှင့် တွဲဖက်ထားသေး၏။

ရေစုပ်စက်ဘေးတွင် ကုန်တင်မြင်းလှည်းများ အများအပြား ရပ်ထားပြီး လူအများအပြားမှာလည်း ခါးကိုင်းကာ အလုပ်များနေကြသည်။

လိုင်ကော်အာက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "အစ်ကိုကြီး ... ကျုပ်တို့ ဒီကို ဘာလာကြည့်တာလဲ။ ဒီမှာ ဘာမှမရှိဘူးလေ။"

ဖန်ကျန်းရီက လက်ညှိုးထိုးပြလိုက်သည်။ "အဝေးက အဲဒီရေစုပ်စက်တွေကို မြင်လား။ ပစ္စည်းကောင်းတွေက အဲဒီမှာရှိတယ်။ ငါတို့ ဆင်းပြီး သွားကြည့်ရအောင်။"

လေးဦးသား လှည်းပေါ်မှဆင်းကာ ရေစုပ်စက်ရှိရာဘက်သို့ လျှောက်သွားကြပြီး အနီးသို့ရောက်မှသာ ထိုထူးဆန်းသော ကိရိယာကို သေချာစွာ မြင်တွေ့ရ၏။

"ဒုန်း ... ဒုန်း ... ဒုန်း"

ကျယ်လောင်သော အသံကြီးများ ဆက်တိုက် ထွက်ပေါ်လာ၏။ ရေစုပ်စက်ဘေးတွင် ဧရာမ တူကြီးတစ်ချောင်းကို ချိတ်ဆက်ထားပြီး ရေစုပ်စက်၏ လှည့်ပတ်မှုဖြင့် တူကြီးမှာ အဆက်မပြတ် မြေပြင်ကို ထုနှက်နေသည်ကို မြင်တွေ့ရသည်။

တူခေါင်း ထုနှက်မည့်နေရာတွင် ထူထဲသော သံမဏိခွက်ကြီးတစ်ခုကို ထားရှိပြီး ဘေးဘက်ရှိ အလုပ်သမားတစ်ဦး က တူခေါင်း အပေါ်သို့တက်သွားသည့် အချိန်အတွင်း သံမဏိခွက်ထဲသို့ အမှုန့်များ အများအပြားကို အဆက်မပြတ် ထည့်ပေးနေသည်။ အမှုန့်များကို အဆက်မပြတ် ထည့်သွင်းကာ အဆက်မပြတ် ထုနှက်လိုက်သောအခါ တဖြည်းဖြည်းနှင့် မာကျောသော အတုံးတစ်တုံး ဖြစ်လာ၏။

အလုံးစုံ ကျစ်လျစ်သွားပြီးနောက် အလုပ်သမားသည် သံမဏိခွက်ကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး အထဲမှ အခဲတုံးကို ဖြတ်တောက်ကာ ထုတ်ယူလိုက်၏။ ထို့နောက် ဆီစိမ်စက္ကူဖြင့် သေချာစွာ ထုပ်ပိုးလိုက်ပြီး မြင်းလှည်းပေါ်သို့ တင်ကာ သယ်ယူပို့ဆောင်ရန် စောင့်ဆိုင်းနေသည်။

ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောသူအချို့က လက်ထဲမှ အလုပ်များကို ချက်ချင်း ရပ်တန့်လိုက်ပြီး ဝမ်းသာအားရ မျက်နှာထားဖြင့် သူ့ကို နှုတ်ဆက်ကြသည်။

ဖန်ကျန်းရီက လက်ယမ်းပြကာ မေးလိုက်၏။ "ထုတ်လုပ်မှု အခြေအနေ ဘယ်လိုရှိလဲ။"

အလုပ်သမားက ပြန်ဖြေလိုက်သည်။ "အရာအားလုံး ချောမွေ့ပါတယ် သခင်လေး။ နောက်ထပ် လဝက်တောင် မကြာခင်မှာ သခင်လေး လိုအပ်တဲ့ ပမာဏလောက် ရလောက်ပါပြီ။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အင်း ... မဆိုးဘူး။ အမြန်ဆုံး ထုတ်လုပ်ပါ။ ပိုတာတွေကို စျေးကွက်ထဲ တင်ရောင်းလို့ ရတာပဲ။ ကျုပ်တို့ ခရိုင်ကလူတွေကိုလည်း မြည်းစမ်းကြည့်ခိုင်းရမယ်။"

ထိုအလုပ်သမားသည် ရယ်မောလိုက်ပြီး အလွန်တောက်ပစွာ ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် သခင်လေး။ ကျုပ်တို့ထဲက တော်တော်များများကလည်း ဒါကို စားရတာ ကြိုက်ကြတယ်။ ကျုပ် အခုပဲ သူတို့ကို အမြန်ဆုံး ထုတ်လုပ်ခိုင်းလိုက်ပါ့မယ်။"

မမြင်ဖူးတဲ့ မုန့်မျိုးလား။ ချူယိုယီသည် သူတို့နှစ်ဦး၏ စကားကို ခပ်ရေးရေး ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ နှုတ်ခမ်းကို သပ်လိုက်မိ၏။

ချူယိုယီက မေးလိုက်သည်။ "သခင်လေးဖန် ... ဒါက ဘာလဲ။" စပ်စုချင်စိတ်များ ပြည့်နှက်နေသော မျက်လုံးသုံးစုံ က ဖန်ကျန်းရီထံသို့ ပြိုင်တူ ကြည့်လာကြသည်။

ဖန်ကျန်းရီသည် ဘေးဘက်ရှိ မြင်းလှည်းပေါ်မှ ဆီစိမ်စက္ကူထုပ်တစ်ခုကို လှမ်းယူလိုက်၏။ ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ဖဲချပ်အရွယ်အစားခန့်ရှိသော မုန့်တုံးများကို စနစ်တကျ စီထားကြောင်း မြင်တွေ့လိုက်ရသည်။ အရင်ဆုံး တစ်တုံးကို ကောက်ယူလိုက်ပြီးနောက် ဆီစိမ်စက္ကူထုပ်ကို လိုင်ကော်အာ၏ ရှေ့သို့ ကမ်းပေးကာ ပြောလိုက်သည်။ "ဒါက ဖိသိပ်ထားတဲ့ ဘီစကွတ် လို့ခေါ်တယ်။ ခရိုင်က နောက်ဆုံးပေါ် သုတေသနလုပ်ထားတဲ့ စားစရာပဲ။"

ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ဒီတစ်တုံးကို စားပြီး ရေနည်းနည်းလောက် သောက်လိုက်ရင် ထမင်းတစ်နပ်စာလောက် ခံနိုင်ရည်ရှိတယ်။ ပင်လယ်ပြင်ပေါ်မှာ ရိက္ခာဖြည့်တင်းဖို့ ခက်ခဲတော့ ရိက္ခာတွေ အများကြီး သိုလှောင်ထားနိုင်တာ အကောင်းဆုံးပဲ။"

ထိုသို့ပြောရင်း ဖန်ကျန်းရီသည် ဖိသိပ်ထားသော ဘီစကွတ်ကို တစ်ကိုက် ကိုက်စားလိုက်သည်။ ပါးစပ်ထဲတွင် ငုံထားကာ ခဏမျှ သေချာစွာ အရသာခံကြည့်လိုက်သည်။

ဤအရာမှာ သူကိုယ်တိုင် ခရိုင်သို့ စာရေးကာ လမ်းညွှန်ပေးခဲ့ခြင်းဖြစ်ပြီး လက်မှုပညာရှင်များကို ရေစုပ်စက်ကို အသုံးပြုကာ ကြမ်းတမ်းသော ရေအားသုံးတူကြီးတစ်ခုကို ယာယီသုတေသနပြုလုပ်စေပြီး ရေအားကို အသုံးပြုကာ ဖိသိပ်စေခဲ့ခြင်းဖြစ်၏။

ခေတ်သစ် ဖိသိပ်ထားသော ဘီစကွတ်များကို မည်သည့်စက်ကိရိယာဖြင့် ပြုလုပ်သည်ကို မသိသော်လည်း ယခု တူဖြင့် ထုထားသော ဘီစကွတ်မှာမူ နောင်ခေတ်များရှိ မာကျောမှုနှင့် သိပ်မကွာခြားလှဘဲ ပို၍ပင် မာကျောနေသေးသည်။

သို့ပေမည့် သိပ္ပံနှင့် နည်းပညာများ မပါဝင်သဖြင့် အရသာမှာ သိပ်မကောင်းလှပေ။ ထိုသို့ အရသာ မကောင်းဆိုသည်မှာ ဖန်ကျန်းရီအတွက်သာ ဖြစ်ပြီး ယခင်ဘဝက ကျောင်းတက်စဉ်ကာလတွင် ဖိသိပ်ထားသော ဘီစကွတ်များကို စားရလွန်းသဖြင့် ရွံရှာနေပြီဖြစ်သောကြောင့်ပင်။

သင်္ဘောသားများအတွက် အာဟာရဓာတ်များ ပိုမိုဖြည့်တင်းပေးနိုင်ရန် အထဲတွင် အထူးခြောက်သွေ့အောင် ပြုလုပ်ထားသည့် ဟင်းသီးဟင်းရွက် အစအနများကိုပါ ထည့်သွင်းထားရာ စားလိုက်သည့်အခါ အနည်းငယ် ကြမ်းတမ်းနေသည်။

လိုင်ကော်အာသည် တစ်ကိုက် မြည်းစမ်းကြည့်လိုက်ပြီး အံ့ဩဝမ်းသာစွာဖြင့် ပြောလိုက်၏။ "အရသာရှိလိုက်တာ။ တကယ် အရသာရှိတာပဲ။"

ချူချင်ဟန်နှင့် ချူယိုယီ ညီအစ်မနှစ်ဦး၏ မျက်လုံးများထဲတွင်လည်း ထူးခြားသော အရောင်အဝါများ တောက်ပလာကြသည်။

ချူချင်ဟန်သည် အနည်းငယ်စီ ကိုက်စားကာ အရသာခံရင်း စဉ်းစားခန်းဝင်လျက် ပြောလိုက်။ "ဒီမုန့်က အရသာ တော်တော်လေး ကောင်းတယ်။ ပြီးတော့ အရမ်းချိုတော့ သကြား တော်တော်များများ ထည့်ထားရမယ်။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ ဖိသိပ်ထားတဲ့ ဘီစကွတ်က အဓိကအားဖြင့် ဂျုံမှုန့်ကို ဆား၊ သကြား၊ ဆီတို့နဲ့ ရောစပ်ပြီး ပြုလုပ်ထားတာ။ အထဲမှာ အသားခြောက်မှုန့်၊ ဟင်းသီးဟင်းရွက်မှုန့်၊ အခွံမာသီးမှုန့်တွေကိုလည်း အပိုထည့်ထားသေးတယ်။ ခင်ဗျားတို့ မြင်ခဲ့ရတဲ့ အမှုန့်တွေက တစ်ကြိမ် ဖုတ်ပြီးသား တစ်ဝက်တစ်ပျက် ကုန်ကြမ်းတွေပဲ။"

ဒီလောက်တောင် ဇိမ်ကျနေတာလား ... ချူချင်ဟန်သည် ရင်ထဲတွင် ညည်းတွားလိုက်မိပြီး နှုတ်မှ ပြောလိုက်သည်။ "အကယ်၍ သခင်လေးက ပင်လယ်ထွက်ဖို့အတွက် ဖိသိပ်ထားတဲ့ ဘီစကွတ်ကို ပြင်ဆင်ထားတာဆိုရင် ဒါက သေချာပေါက် အချိန်အကြာကြီး အထားခံမှာပဲ။"

ချူချင်ဟန်က ဆက်ပြောလိုက်၏။ "ပြီးတော့ ဒါက သေးငယ်သွားအောင် ထုထားတာဆိုတော့ သိုလှောင်ရမယ့် နေရာအများကြီးကို သက်သာစေမှာပဲ။ ဒါက တကယ်ကို ကောင်းမွန်တဲ့ စီးပွားရေးပဲ။ ဒါပေမဲ့ ကုန်ကြမ်းတွေက နည်းနည်း ဈေးကြီးနေတော့ ... အရပ်သားတွေ ဝယ်နိုင်ဖို့ ခက်ခဲလောက်တယ်။ ပြီးတော့ နည်းနည်းချိုအီနေပြီး အရမ်းမာနေတော့ ချမ်းသာတဲ့ မိသားစုတွေကလည်း ခဏခဏ စားမှာ မဟုတ်ဘူး။"

ဖန်ကျန်းရီသည် အနည်းငယ် အံ့ဩသွားပြီး တစ်ချိန်တည်းမှာပင် ရင်ထဲ၌ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

ချူချင်ဟန် တစ်ယောက်တည်းက ချူမိသားစုကို ထောက်ပံ့ထားနိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဘီစကွတ်တစ်ခု စားတာကိုတောင် ရှိသမျှအရာအားလုံးကို လိုက်စဉ်းစားနေရတော့ သူမဘဝက တကယ်ကို ပင်ပန်းလှပေမည်။

"အစ်ကိုကြီး ... ရေရှိလား။ ဖိသိပ်ထားတဲ့ ဘီစကွတ်က နည်းနည်း နင်နေလို့။"

"ဟုတ်တယ်။ အရသာရှိတာတော့ ရှိပေမဲ့ အရမ်းခြောက်နေတယ်။"

မပီမသ ပြောဆိုနေသော အသံနှစ်ခု ထွက်ပေါ်လာသဖြင့် ဖန်ကျန်းရီ ခေါင်းလှည့်ကြည့်လိုက်သောအခါ အလွန်အမင်း အံ့ဩသွားရ၏။ ဘီစကွတ် တစ်ဝက်ခန့်ကို ချူယိုယီနှင့် လိုင်ကော်အာတို့ နှစ်ဦး ဝေစားပစ်လိုက်ကြပြီ ဖြစ်သည်။ နှစ်ဦးသား၏ ပါးစပ်များမှာလည်း စားထားသဖြင့် ဖောင်းကားနေကြပြီး ရေသောက်ချင်ကြောင်း ဆူညံစွာ တောင်းဆိုနေကြ၏။

ဖန်ကျန်းရီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ထွေးထုတ်လိုက်။ ထွေးထုတ်လိုက်။ တစ်ကိုက်စားရုံနဲ့ တော်ရောပေါ့။ သေအောင် စားနေတာလား။ ခုနလေးတင် ထမင်းစားထားတာ မဟုတ်ဘူးလား။"

အရသာရှိသော အစားအစာမှာ ပါးစပ်ထဲရောက်နေပြီဖြစ်ရာ မည်သို့ပြန်လည် ထွေးထုတ်ရက်တော့မည်နည်း။ နှစ်ဦးသားသည် ပြိုင်တူ လည်ချောင်းများ လှုပ်ရှားသွားပြီး အတင်းမြိုချလိုက်ကြ၏။

ချူယိုယီ၏ မျက်နှာမှာ ရှက်သွေးဖြာသွားပြီး ပါးစပ်ထောင့်တွင်လည်း ဘီစကွတ် အစအနများ ကပ်နေသည်။

ခေါင်းကို တိတ်တဆိတ် လွှဲဖယ်လိုက်သည်။

လိုင်ကော်အာက ရိုးသားစွာ ပြုံးလျက် ပြောလိုက်၏။ "အစ်ကိုကြီး ... ကျုပ်က ဗိုက်ဝနေပြီဆိုတော့ အစာပိတ်အနေနဲ့ စားလိုက်တာပါ။"

ချူယိုယီက စားသည်ဆိုလျှင်လည်း စားပါစေတော့။ မည်သို့ပင်ဖြစ်စေ သူမ၏ ရင်သားများမှာ ဖွံ့ဖြိုးလာသည်ကို မတွေ့ရသေးသဖြင့် များများစားလည်း ရပေမည်။

သောက်ကျိုးနည်း ... ကော်အာ …. မင်းက ကိုယ်လုံးကိုယ်ပေါက် ကြီးမားတောင့်တင်းပြီး နေ့လယ်ကမှ ထမင်းတစ်နပ် စားထားတာကို၊ ဖိသိပ်ထားတဲ့ ဘီစကွတ်ကို အစာပိတ်အနေနဲ့ စားရတယ်လို့။

ဖန်ကျန်းရီသည် မျက်နှာရှုံ့မဲ့ကာ ပြောလိုက်၏။ "တော်လောက်ပြီ။ ဒီနေ့ တစ်ခေါက်ပဲ။ နောက်ဆိုရင် မင်း သင်္ဘောပေါ်မှာ ဒီအရာကို နေ့တိုင်း စားရနိုင်တယ်။ အစောကြီးတည်းက စားပြီး အန်နေရမယ်။ ဒီနေ့ကစပြီး စားခွင့်မပြုဘူး။"

"ဟုတ်ကဲ့ အစ်ကိုကြီး။"

လိုင်ကော်အာသည် လျှာဖြင့် ပါးစပ်ဘေးတစ်ဝိုက်ကို လျက်လိုက်ပြီး ဆီစိမ်စက္ကူထုပ်ကို အလျင်အမြန် သိမ်းဆည်းလိုက်လေသည်။

All Chapters