အခန်း ၇၁၃
Vol. 38 Ch. 713
အပိုင်း (၇၁၃) နယ်စပ်မြို့လေးကို မသွားပါနဲ့၊ ကျုပ်နဲ့ စီးပွားရေးလုပ်ပါ။
ဖန်ကျန်းရီက မနေနိုင်ဘဲ ဆူပူလိုက်၏။ "မင်းရဲ့ အသုံးမကျတဲ့ ပုံစံကို ကြည့်အုံး။"
ထို့နောက် သူက ဆက်ပြောလိုက်သည်။ "ပစ္စည်းကောင်းတွေ ရှိသေးတယ်။ ခဏနေရင် မင်းကို ဝအောင် စားခိုင်းမယ်။ ငါ့နောက်ကို လိုက်ခဲ့။"
စကားဆုံးသည်နှင့် ဖန်ကျန်းရီသည် လှည့်ထွက်ကာ လမ်းပြလိုက်ပြီး မြစ်အတိုင်း အနောက်မြောက်ဘက်သို့ လျှောက်သွားသည်။ နှစ်မိုင်ခန့်ပင် မလျှောက်ရသေးမီ သူတို့၏ မျက်စိရှေ့တွင် သစ်သားအိမ်များ အစီအရီ ပေါ်ထွက်လာ၏။
ထိုအထဲမှ နောက်ဘက်တွင် အကျယ်ဆုံး အိမ်တစ်လုံးရှိပြီး အပေါ်ဘက်မှ ရေနွေးငွေ့များ အများအပြား အဆက်မပြတ် ထွက်ပေါ်နေသည်။ သို့ပေမည့် အပြင်ဘက်တွင် ခြံစည်းရိုး ကာရံထားသဖြင့် အပြင်လူများ အလွယ်တကူ ဝင်ရောက်ခွင့်မရှိကြောင်း သိသာထင်ရှားနေသည်။
ထိုမြင်ကွင်းက သူတို့သုံးဦး၏ စပ်စုချင်စိတ်ကို ပိုမိုလှုံ့ဆော်ပေးလိုက်ပြီး ခြေဖျားထောက်ကာ အဆက်မပြတ် အကဲခတ်ကြည့်ရှုနေကြ၏။
တံခါးစောင့်က ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန်ပင် ဝမ်းသာအားရ နှုတ်ဆက်လေသည်။
ဖန်ကျန်းရီက ပြောလိုက်၏။ "လမ်းပြပါ။ ဒီနေ့ ဧည့်သည်တွေ ရောက်နေလို့ အထဲဝင်ပြီး သွားကြည့်မယ်။"
လူအချို့သည် တံခါးစောင့်၏ လမ်းညွှန်မှုနောက်သို့ လိုက်ကာ အတွင်းဘက်သို့ စတင်လျှောက်လှမ်းသွားကြသည်။ မကြာမီမှာပဲ အကြီးမားဆုံး အဆောက်အအုံရှေ့သို့ ရောက်ရှိသွားကြပြီး အဝေးတွင် လူအများအပြားသည် သစ်သီးလှည်းများကို အတွင်းသို့ ဆွဲသွင်းနေကြသည်ကို မြင်တွေ့ရ၏။ လေထုထဲတွင် သစ်သီးရနံ့များနှင့် အနည်းငယ် ချဉ်စူးစူး အနံ့အသက်များ ပျံ့နှံ့နေသည်။
ချူယိုယီက မေးလိုက်၏။ "သခင်လေးဖန် ... ဒီနေရာက သစ်သီးမုန့်တွေ လုပ်တဲ့နေရာလား။"
ဖန်ကျန်းရီက ရယ်မောလိုက်သည်။ "ဟင်း ဟင်း ... အဲဒီလိုမျိုးပါပဲ။"
သူတို့အထဲသို့ ဝင်ရောက်သွားသောအခါ အလုပ်သမား အများအပြားမှာ တာဝန်ကိုယ်စီ ခွဲဝေကာ အလုပ်လုပ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။ စက်ရုံ၏ အတွင်းပိုင်းတွင် တစ်ချို့က သစ်သီးအခွံများကို ခွာနေကြပြီး တစ်ချို့က အသားများကို ခွဲစိတ်နေကြကာ ထို့နောက် နောက်တစ်ဆင့်သို့ တပေါင်းတည်း ပို့ဆောင်ပေးနေကြ၏။
ဖြူလွလွ သစ်သီးအသား ခြင်းတောင်းများကို ဆွဲယူလာကာ ဖန်ပုလင်းများထဲသို့ ထည့်သွင်းပြီး သကြားရည်များ လောင်းထည့်လိုက်ကြ၏။ နောက်ဆုံးတွင် အလုပ်သမားများက သစ်သားဆို့များကို ရိုက်သွင်းကာ ဖိသိပ်လိုက်ကြသည်။ ပုလင်းအားလုံးကို လူကိုယ်တိုင် ဖြည့်သွင်းပြီးသွားသောအခါ အခြားအခန်းတစ်ခုသို့ တပေါင်းတည်း ပို့ဆောင်ကာ လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ကြသည်။
ချူချင်ဟန်သည် ယခုလေးတင် ဖြည့်သွင်းပြီးသွားသော ပုလင်းတစ်သုတ်ကို ရေနွေးငွေ့များ ထွက်ပေါ်နေသည့် အခန်းတစ်ခုသို့ ပို့ဆောင်လိုက်သည်ကို စိုက်ကြည့်ရင်း မေးလိုက်၏။ "သခင်လေး ... သစ်သီးတွေကို အဲဒီအခန်းထဲမှာ ပေါင်းခံတာလား။ ဘာလို့ အဲဒီလို လုပ်ရတာလဲ။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "ဉာဏ်ကောင်းတာပဲ။ တကယ်ကို အဲဒီလိုပါပဲ။ ဒီနေရာမှာ ထုတ်လုပ်တဲ့အရာကို သစ်သီးစည်သွတ်ဗူး လို့ခေါ်တယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက တစ်စုံတစ်ယောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်မှာကို ကာကွယ်ဖို့အတွက်ပါ။ သစ်သီးတွေကို ဒီလိုပုံစံနဲ့ သိမ်းဆည်းထားရင် အချိန်အကြာကြီး ပုပ်သိုးမသွားဘဲ ထားလို့ရတယ်။"
ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ဒါက စက်ရုံရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်။ နောက်ထပ် အစိတ်အပိုင်းတစ်ခုက အသားစည်သွတ်ဗူးတွေကို အထူးထုတ်လုပ်တာပါ။ အဲဒါကလည်း အတူတူပဲ ပုပ်သိုးမသွားအောင် ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိတယ်။"
ဤနေရာရှိ အခန်းများမှာ တောက်ယွမ်ခရိုင်မှ အလျင်စလို တည်ဆောက်ထားသော စည်သွတ်ဗူး စက်ရုံပင်ဖြစ်သည်။ စည်သွတ်ဗူးဆိုသည့်အရာကို ဖန်ကျန်းရီ အမှန်တကယ်ပင် မည်သို့ပြုလုပ်ရမည်ကို သိရှိထားသည်။
ယခင်ဘဝက ဒိုယင် ကို ပွတ်ကြည့်ရာတွင် အစားအသောက် ပြုလုပ်သည့် ဗီဒီယိုများကို ကြည့်ရှုရသည်ကို နှစ်သက်ခဲ့သည်။ ထို့အပြင် နားဖာချေးကလော်ခြင်း၊ ပြည်တည်နာညှစ်ခြင်း၊ ခြေသည်းလှီးခြင်း၊ ငါးမျှားခြင်း၊ ကော်ဇောလျှော်ခြင်း၊ ဆပ်ပြာတုံးလှီးခြင်း၊ ခရုခွံခွာခြင်း ... စသည်တို့ကိုလည်း ကြည့်ရှုရသည်ကို သဘောကျခဲ့၏။
စည်သွတ်ဗူးဆိုသည်မှာ အခြားသော အစားအစာများနှင့် နှိုင်းယှဉ်ပါက နားလည်ရ အတော်လေး လွယ်ကူပြီး နေထိုင်မှုဘဝနှင့်လည်း နီးကပ်လှသည်။ အစောပိုင်းကာလ စည်သွတ်ဗူးများအားလုံးမှာ ရေနွေးပူပူထဲတွင် ပြုတ်ပြီးနောက် သစ်သားဆို့များဖြင့် ပိတ်ဆို့ထားခြင်းဖြစ်သည်။
ဖန်ကျန်းရီသည် သူတို့ကို ဧရာမ ရေနွေးငွေ့အခန်းကြီးတစ်ခု တိုက်ရိုက် ဆောက်လုပ်ခိုင်းခဲ့ပြီး အများအပြား တပေါင်းတည်း ပို့ဆောင်ကာ ပေါင်းခံစေခဲ့သည်။ ဤသို့ဆိုလျှင် အလုပ်လုပ်ရသည်မှာ ပို၍မြန်ဆန်ပေမည်။ ထို့အပြင် ဖြည့်သွင်းရာတွင် အသုံးပြုသည့် ဖန်ပုလင်းများကိုလည်း အရောင်ရင့်ပြီး ထူထဲသော ဖန်ပုလင်းများဖြင့် အစားထိုးထား၏။
ပထမအချက်မှာ စိန်များ၏ ဈေးကွက်လိမ်လည်မှုများ ပေါ်ထွက်လာမည်ကို ကာကွယ်ရန်ဖြစ်သည်။ ဒုတိယအချက်မှာ နောင်ခေတ်များရှိ ကြည်လင်သော ဖန်ပုလင်းများမှာ အများအားဖြင့် ဗီဒီယိုရိုက်ကူးရာတွင် အကျိုးသက်ရောက်မှုများကို ပြသရန်အတွက်ဖြစ်ရာ သူ့နေရာတွင်မူ ထိုကဲ့သို့သော လိုအပ်ချက်မရှိဘဲ လက်တွေ့ အသုံးဝင်မှုကိုသာ အဓိကထားခြင်းဖြစ်သည်။
စည်သွတ်ဗူးများကို ရေနွေးငွေ့အခန်းမှ ထုတ်ယူပြီးနောက် သစ်သားဆို့များ၏ လုံခြုံမှုမလုံလောက်မည်ကို စိုးရိမ်သဖြင့် အပေါ်တွင် ဆီစိမ်စက္ကူ တစ်ထပ်ကို ထပ်မံဖုံးအုပ်ကာ ပုလင်းဝတွင် လျှော်ကြိုးဖြင့် ရစ်ပတ်ထားပြီး နောက်ဆုံးတွင် ထောင့်များကို ဖယောင်းဖြင့် ပိတ်ဆို့လိုက်သည်။ ဤသို့ဆိုလျှင် အလုံးစုံ စိတ်ချရပြီဟု ဆိုနိုင်ပေ၏။
အထဲတွင် အမျိုးအစား အများအပြား ရှိနေပြီး အခြေခံအားဖြင့် စျေးကွက်ထဲတွင် ရှိနေသော ပုပ်သိုးလုနီးပါး သစ်သီးများကို ဝယ်ယူထားခြင်းဖြစ်သည်။ စည်သွတ်ဗူး၏ ကုန်ကျစရိတ်မှာ ဖိသိပ်ထားသော ဘီစကွတ်ထက် များစွာ မြင့်မားနေသဖြင့် ဖန်ကျန်းရီမှာလည်း ရိုးရာနည်းလမ်းအတိုင်းသာ လုပ်ဆောင်နိုင်တော့သည်။ ချွေတာနိုင်သမျှ ချွေတာခြင်းသည် စားနပ်ရိက္ခာကို ချွေတာသည့် အကျင့်ကောင်းတစ်ခုကို အားပေးရာလည်း ရောက်သည် မဟုတ်ပါလား။
ယခု ဂိုဒေါင်ထဲတွင် အမျိုးမျိုးသော စည်သွတ်ဗူးများကို သိုလှောင်ထားပြီဖြစ်သည်။ သစ်တော်သီး စည်သွတ်ဗူး၊ ပန်းသီး စည်သွတ်ဗူး၊ ဝက်သားဟင်း စည်သွတ်ဗူး စသည်တို့ဖြစ်သည်။ ပင်လယ်ထွက် အောင်မြင်မှု ရာခိုင်နှုန်း တတ်နိုင်သမျှ တိုးမြင့်လာစေရန်နှင့် သင်္ဘောသားများအတွက် လိုအပ်သော အာဟာရများကို ပိုမိုဖြည့်တင်းပေးနိုင်ရန် သူ အစွမ်းကုန် ကြိုးစားထားခြင်းပင်ဖြစ်သည်။
စက်ရုံတွင်းရှိ သင်းပျံ့သော သစ်သီးရနံ့များကို ရှူရှိုက်ရင်း သူတို့သုံးဦးမှာ အဆက်မပြတ် အံ့ဩချီးကျူးနေကြ၏။
ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်သည်။ "လာ ... အားလုံးပဲ ကျုပ်နောက်ကို လိုက်ခဲ့။ သစ်သီးစည်သွတ်ဗူးကို မြည်းစမ်းကြည့်ကြရအောင်။ ဂိုဒေါင်ကို သွားကြမယ်။"
တံခါးစောင့်က လမ်းပြပေးကာ တစ်ချို့က ဂိုဒေါင်ဘက်သို့ လှည့်ထွက်သွားကြပြီး ဂိုဒေါင်ထဲမှ ပန်းသီးစည်သွတ်ဗူး အချို့ကို ထုတ်ယူလာကြသည်။ ဓားငယ်လေးဖြင့် သစ်သားဆို့များကို ကလော်ထုတ်လိုက်ပြီးနောက် တစ်ဦးချင်းစီ၏ လက်ထဲသို့ ကမ်းပေးလိုက်၏။ ပုလင်းဝမှ သင်းပျံ့သော သစ်သီးရနံ့များ တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာကာ သူတို့အကြားတွင် ဖြည်းညင်းစွာ ပျံ့နှံ့သွား၏။
ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒီက စည်သွတ်ဗူးတွေက သေချာပေါက် ဆယ့်ငါးရက်အထက် ထားထားတာပဲ ဖြစ်ရမယ်။ လတ်ဆတ်မှု ရှိမရှိ ခင်ဗျားတို့ မြည်းစမ်းကြည့်ကြပါ။"
ဆယ့်ငါးရက် ဟုတ်လား ... သာမန် အစားအစာများဆိုလျှင် ပျက်စီးသွားလောက်ပြီဖြစ်သည်။ သူတို့သုံးဦးသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် စည်သွတ်ဗူးကို ကိုင်ကာ စည်သွတ်ဗူးအရည်ကို အရင်ဆုံး အနည်းငယ်စီ သောက်ကြည့်လိုက်ကြ၏။
ပြင်းထန်သော ချိုမြိန်မှုတစ်ခုက ပါးစပ်ထဲတွင် ချက်ချင်း ပျံ့နှံ့သွားပြီး အရသာခံဖုများမှာ ချိုမြိန်မှု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ဤချိုမြိန်မှုသည် ဖိသိပ်ထားသော ဘီစကွတ်နှင့် မတူညီဘဲ လတ်ဆတ်သော အရသာတစ်မျိုး ပါဝင်နေကာ အကောင်းဆုံး သစ်သီးများမှ ညှစ်ထုတ်ထားသော သစ်သီးရည်နှင့် ပို၍တူနေသည်။
ချူယိုယီသည် ပျော်ရွှင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်၏။ "အရမ်းကောင်းတာပဲ။ တကယ် ကောင်းတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီးတွေထက်တောင် ပိုကောင်းသေးတယ်။"
လိုင်ကော်အာက အံ့အားတကြီး မေးလိုက်သည်။ "အစ်ကိုကြီး ... ကျုပ်တို့ ပင်လယ်ထွက်ရင် နေ့တိုင်း ဒါကို စားရမှာလား။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "ဒါပေါ့။"
လိုင်ကော်အာက ပြောလိုက်သည်။ "သောက်ကျိုးနည်း ... ဒါဆို ကျုပ် ပျော်လွန်းလို့ သေတောင် သေသွားနိုင်တယ်။ ကျုပ် အရင်ဆုံး ရှင်းကျူဆီကို ပုလင်းအနည်းငယ်လောက် ပို့လိုက်အုံးမယ်။"
ချူချင်ဟန်သည် နှစ်တုံးခန့် စားလိုက်ပြီးနောက် နှုတ်ခမ်းထောင့်တွင် အပြုံးများ ပေါ်ထွက်လာ၏။ ထိုစဉ် ရုတ်တရက် ဖန်ကျန်းရီ၏ လက်ထဲတွင် ဘာမှမရှိသည်ကို မြင်လိုက်ရသဖြင့် လက်ထဲမှ စည်သွတ်ဗူးကို သူ့ထံသို့ ကမ်းပေးလိုက်၏
ချူချင်ဟန်က ပြောလိုက်သည်။ "သခင်လေးဖန် ... သခင်လေးလည်း နှစ်တုံးလောက် စားလိုက်ပါအုံး။"
ဖန်ကျန်းရီသည် အနည်းငယ် ကြောင်အသွားပြီး ချူချင်ဟန်ကို လှမ်းကြည့်လိုက်၏။ သူမ ယခုလေးတင် စားထားသော စည်သွတ်ဗူးမှ သကြားရည်များ နှုတ်ခမ်းပေါ်တွင် ကပ်နေဆဲဖြစ်ရာ နှုတ်ခမ်းအစုံမှာ အလွန်တောက်ပနေပြီး စိုရွှဲနေသည်။ ထိုအရာနှင့်အတူ သူမ၏ ချစ်စရာကောင်းသော အပြုံးမျက်နှာလေး ပေါင်းစပ်သွားသောအခါ ဖန်ကျန်းရီ၏ ရင်ထဲတွင် မနေနိုင်ဘဲ တဒိတ်ဒိတ် ခုန်သွား၏။
ဖန်ကျန်းရီက အလျင်အမြန် လက်ယမ်းပြကာ ပြောလိုက်သည်။ "မစားတော့ပါဘူး။ ခင်ဗျားတို့ပဲ စားပါ။ ကျုပ်က စောစောကတည်းက စားပြီးပါပြီ။"
အလွန်လှပသော မိန်းမချောလေးက ဖိတ်ခေါ်နေသော်လည်း မိမိဝယ်ယူထားသည်များမှာ ပုပ်သိုးလုနီးပါး ပန်းသီးများဖြစ်ကြောင်း သိထားသဖြင့် သူ တကယ်ကို မြိုမကျနိုင်ပေ။
ထို့အပြင် ဤအရာများက အမှိုက်စည်သွတ်ဗူးများသာ ဖြစ်သည်။ သစ်သီးစည်သွတ်ဗူးလောကတွင် မက်မွန်သီးဝါ စည်သွတ်ဗူးကိုသာ စည်သွတ်ဗူးဟု ခေါ်ဆိုထိုက်သည်။ ကျန်သည်များမှာ အမှိုက်များသာဖြစ်သည်။ မကျေနပ်လျှင် လာငြင်းနိုင်သည်။
နှမြောစရာကောင်းသည်မှာ မက်မွန်သီးဝါ မရှိခြင်းပင်။ သို့မဟုတ်ပါက အနည်းဆုံး ဂိုဒေါင်တစ်ခု၊ နှစ်ခုခန့်ကို သူ သိုလှောင်ထားမိမှာ အမှန်ပင်။
ဖန်ကျန်းရီ ငြင်းပယ်လိုက်သည်ကို မြင်သောအခါ ချူချင်ဟန်ကလည်း ထပ်မံအတင်းအကျပ် မပြုလုပ်တော့ဘဲ လက်ကို ပြန်ရုပ်သိမ်းလိုက်၏။
သူတို့သုံးဦးလုံး စားသောက်ပြီးလုနီးပါး အချိန်သို့ ရောက်သောအခါ ဖန်ကျန်းရီသည် ချူချင်ဟန်၏ ဘေးသို့ တိုးကပ်သွားကာ ပြောလိုက်သည်။ "ချင်ဟန် ... ခဏလောက် လာခဲ့ပါအုံး။ ခင်ဗျားကို သီးသန့်ပြောစရာ စကားလေး ရှိလို့ပါ။"
ချူချင်ဟန်သည် များများစားစား တွေးမနေတော့ဘဲ ခေါင်းအသာညိတ်လိုက်ပြီး ဖန်ကျန်းရီနှင့်အတူ ထောင့်ဘက်သို့ လျှောက်သွားလိုက်၏။
ဖန်ကျန်းရီက မေးလိုက်သည်။ "ချင်ဟန် ... စည်သွတ်ဗူးနဲ့ ဖိသိပ်ထားတဲ့ ဘီစကွတ်က ဘယ်လိုနေလဲ။"
ချူချင်ဟန်သည် အနည်းငယ် သံသယဖြစ်သွားသော်လည်း ပြန်ဖြေလိုက်သည်။ "အကုန်လုံးက အရမ်းကောင်းတဲ့ ပစ္စည်းတွေပါ။ သခင်လေးဖန် ... ပြောစရာရှိတာ တိုက်ရိုက်သာ ပြောပါ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "ကောင်းပြီ။ ဒါဆို ကျုပ်လည်း လှည့်ပတ်ပြီး မပြောတော့ဘူး။ မြောက်ပိုင်းရုံနယ်စပ်မြို့လေးကို ခင်ဗျား သွားလို့မရဘူး။ ဟိုဘက်က အရမ်းအန္တရာယ်များတယ်။ တချို့ စီးပွားရေးတွေက ခင်ဗျား လုပ်နိုင်တဲ့အရာတွေ မဟုတ်ဘူး။"
ချူချင်ဟန်က ပြောမည်ပြုသည်။ "သခင်လေးဖန် ..."
ဖန်ကျန်းရီက ဖြတ်ပြောလိုက်၏။ "ကျုပ် ပြောတာကို အရင်ဆုံး ဆုံးအောင် နားထောင်ပါအုံး။ ဒီက စည်သွတ်ဗူးနဲ့ ဖိသိပ်ထားတဲ့ ဘီစကွတ်တွေကို လောလောဆယ် စစ်ရေးဝန်ကြီးဌာနကို ထောက်ပံ့ဖို့ ပြင်ဆင်ထားတယ်။ နောက်ပိုင်းကျရင် အရပ်ဘက် စျေးကွက်ကိုပါ တင်ပို့ရောင်းချသွားမှာဆိုတော့ အမြတ်အစွန်းက သေချာပေါက် မနည်းဘူး။"
ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "အကယ်၍ ခင်ဗျားက မဖြစ်မနေ ပိုက်ဆံရှာချင်တယ်ဆိုရင် ကျုပ်နဲ့အတူ လုပ်ပါ။ ဒီစီးပွားရေး အစိတ်အပိုင်းကို ခင်ဗျားဆီ အပ်နှံထားမယ်။ ခင်ဗျား မြို့တော်မှာပဲနေပြီး ကျုပ်အတွက် စီမံခန့်ခွဲပေးပါ။"
ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ကျုပ်ဆီမှာ ဒီလို စစ်ဘက်သုံး ရိက္ခာသစ် နှစ်မျိုးရှိတယ်ဆိုတာကို အခုလောလောဆယ် ရုံးတော်က မသိသေးဘူး။ ဒါပေမဲ့ နောင်တစ်ချိန်ကျရင် စစ်ရေးဝန်ကြီးဌာနက သေချာပေါက် အမြောက်အမြား ဝယ်ယူလိမ့်မယ်လို့ ကျုပ် ရဲရဲဝံ့ဝံ့ အာမခံနိုင်တယ်။ ခင်ဗျား ကျုပ်နောက်ကလိုက်ရင် နောင်ကျရင် သေချာပေါက် ငွေတွေ အများကြီး မြတ်လာမှာပဲ။ ခင်ဗျား မြို့တော်မှာ နေရာတစ်နေရာ ရလာမယ်ဆိုတာကို ကျုပ် အာမခံတယ်။"
ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "အဲဒီ မြောက်ပိုင်းရုံနယ်စပ်မြို့လေးကို သွားတဲ့လမ်းမှာ အန္တရာယ်တွေ ဘယ်လောက်တောင် ရှိလဲဆိုတာကို ခင်ဗျား စဉ်းစားဖူးရဲ့လား။ ခင်ဗျားလို မိန်းမသားတစ်ယောက် သွားလို့ရတဲ့နေရာ လုံးဝမဟုတ်ဘူး။ ဒါ့အပြင် သားရေကုန်သွယ်ရေးက ငွေဘယ်လောက်များများ ရနိုင်မှာမို့လို့လဲ။ အဲဒါတွေအကုန်လုံးက ပင်ပင်ပန်းပန်း ရှာရတဲ့ငွေတွေပဲ။ အဲဒီလို ရှာရတာ ဘာမှအဓိပ္ပာယ်မရှိဘူး ..."
ချူချင်ဟန်၏ မျက်နှာပေါ်တွင် ခါးသက်သော အပြုံးတစ်ခု ပေါ်ထွက်လာပြီး သူမ၏ လှပသော မျက်လုံးများက ဖန်ကျန်းရီကို တိုက်ရိုက် စိုက်ကြည့်နေ၏။ ဂရုစိုက်မှုများ ပါဝင်နေသော သူ၏ တစ်တွတ်တွတ် ပြောဆိုသံများကို နားထောင်ရင်း သူမ၏ မျက်နှာထားမှာ တဖြည်းဖြည်း နူးညံ့လာပေသည်။
ဖန်ကျန်းရီဘက်တွင်မူ အပူတပြင်း ရှင်းပြပြီးနောက် သူမက မိမိကို စိုက်ကြည့်နေသည်ကို မြင်သောအခါ မိမိ၏ အရည်အချင်းကို သံသယဝင်နေသည်ဟု ထင်မှတ်သွားသဖြင့် ချက်ချင်းပင် လောတကြီး ဖြစ်သွားလေသည်။ သူမ၏ လက်ထဲမှ စည်သွတ်ဗူး တစ်ဝက်ကို ဆွဲယူလိုက်ပြီး စည်သွတ်ဗူးကို လက်ညှိုးထိုးကာ ပြောလိုက်၏။
"ကျုပ်ကို မယုံဘူး မဟုတ်လား။ ဒီလို စည်သွတ်ဗူးတစ်ဗူးကို စစ်ရေးဝန်ကြီးဌာနကို ငွေဘယ်လောက်နဲ့ ရောင်းလို့ရလဲဆိုတာ ခင်ဗျား သိရဲ့လား။ ငွေစက္ကူ သုံးပြားဆိုတာတောင် နည်းသေးတယ်။ ကျုပ်က ရွေးချယ်ထားတဲ့ သစ်သီးအကြီးစားတွေကို သုံးထားတာ။"