← Chapters

အခန်း ၇၁၄

Vol. 38 Ch. 714

အခန်း ၇၁၄

Vol. 38 Ch. 714

အပိုင်း (၇၁၄) လူကောင်းလက်မှတ် ပေးအပ်ခံရခြင်း။

ချူချင်ဟန်က ခေါင်းအနည်းငယ် ခါယမ်းကာ တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်၏။ "သခင်လေးရဲ့ စာရိတ္တကို ကျွန်မ သေချာပေါက် ယုံကြည်ပါတယ်။ ဒါပေမဲ့ သခင်လေးရဲ့ စေတနာအတွက် ကျွန်မ ကျေးဇူးတင်ပါတယ်။ ဒါက သခင်လေးရဲ့ စီးပွားရေးပါ၊ ကျွန်မကို မဖြစ်မနေ ဆွဲသွင်းစရာ မလိုပါဘူး။"

ဖန်ကျန်းရီ ကြောင်အသွား၏။ ချူချင်ဟန်က ဤမျှ ပြတ်ပြတ်သားသား ငြင်းပယ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ဖန်ကျန်းရီက ပြောလိုက်သည်။ "ချင်ဟန် ... ကျုပ် ခင်ဗျားကို နောက်နေတာ မဟုတ်ဘူး။ ဒါက အရမ်း ကောင်းမွန်တဲ့ စီးပွားရေးတစ်ခုပဲ။ အခွင့်အရေးဆိုတာ ရခဲတယ်၊ ခင်ဗျား သေချာပေါက် ဆုပ်ကိုင်ထားမှ ရမယ်။"

ချူချင်ဟန်က မေးလိုက်၏။ "ကျွန်မနဲ့ သခင်လေးက ဆွေမျိုးလည်း မဟုတ်သလို အသိအကျွမ်းဟောင်းလည်း မဟုတ်ဘဲနဲ့ ဘာကြောင့် ကျွန်မအပေါ် ဒီလောက် ကောင်းနေရတာလဲ။"

ဖန်ကျန်းရီ ဆွံ့အသွား၏။ ပါးစပ်ကို ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ချေ။

မည်သို့ ပြောရမည်နည်း။ ခင်ဗျားတို့ ညီအစ်မနှစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကျုပ် ဖျက်ဆီးခဲ့မိလို့ စိတ်မသက်မသာဖြစ်ပြီး လျော်ကြေးပေးချင်လို့ပါ ဆိုပြီးတော့လည်း ပြော၍မရနိုင်ပေ။

မိမိအနေဖြင့် မည်သည့်အရာကိုမျှ မလုပ်ခဲ့ဘဲ ... မတော်တဆ အကုန်မြင်လိုက်ရုံသာ ဖြစ်သော်လည်း ...

ချူချင်ဟန်သည် သူ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ နီထွေးသော နှုတ်ခမ်းအစုံကို ဖွင့်ဟကာ ပြောလိုက်သည်။ "သခင်လေးရဲ့ စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက သခင်လေးနဲ့ မသက်ဆိုင်ပါဘူး။ သခင်လေးလည်း စိတ်ထဲ ထားနေစရာ မလိုပါဘူး။"

ချူချင်ဟန်က ဆက်ပြောလိုက်၏။ "အရာအားလုံးက ကျွန်မအစ်ကိုရဲ့ အမှားတွေပါ။ ကျွန်မက မိန်းမသား တစ်ယောက် ဖြစ်ပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပါတယ်။ တခြားလူတွေရဲ့ အကူအညီ မလိုအပ်ပါဘူး။"

ချူချင်ဟန်က ထပ်ပြောလိုက်သည်။ "သမက်တော်ဖန် ... ရှင်က လူကောင်းတစ်ယောက်ပါ။ မြို့တော်မှာ ရှိနေတဲ့ ဒီကာလအတွင်း ရှင့်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက လွန်ကျူးလွန်းနေလို့ ကျွန်မ လက်မခံနိုင်ပါဘူး။ ထို့ကြောင့် ရှင် ထပ်မပြောတော့ဖို့ မျှော်လင့်ပါတယ်။"

စကားဆုံးသည်နှင့် ချူချင်ဟန်သည် လှပသော ခါးလေးကို လှည့်ကာ ဖြည်းညင်းစွာ ထွက်ခွာသွား၏။

ဖန်ကျန်းရီသည် မင်သက်သွားခဲ့သည်။

ဖန်ကျန်းရီသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။

မနေနိုင်ဘဲ လက်တစ်ဖက်ကို ချူချင်ဟန်၏ ကျောပြင်ဘက်သို့ လှမ်းလိုက်ပြီး သူမကို တားဆီးချင်သော်လည်း နှုတ်မှ စကားတစ်ခွန်းမျှ ထွက်မလာခဲ့ချေ။

ကျုပ် ... ကျုပ်က လူကောင်းတစ်ယောက်လား။ ကျုပ်ကို လူကောင်းလက်မှတ် ပေးသွားတာလား။

ချီးတဲ့မှ ... ဤကဲ့သို့ လူကို စော်ကား၍ မရနိုင်ပေ။ မိမိက အခက်အခဲခံကာ အကျိုးအမြတ်များ ပေးနေသည်ကိုပင် အငြင်းခံလိုက်ရသည်ပေါ့။

ဖန်ကျန်းရီသည် လက်ကို ပြန်ရုပ်သိမ်းလိုက်၏။ သူ၏ မျက်နှာအရောင်များ ပြောင်းလဲသွားပြီး စိတ်ထဲတွင် အဆက်မပြတ် ရေရွတ်နေမိသည်။

ဘာဖြစ်သွားတာလဲ ... အကြောင်းရင်းမရှိဘဲ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။ အရင်တုန်းက ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမှ မဖြစ်ဖူးပေ ...

ချူချင်ဟန်၏ ကျောပြင် လုံးဝပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ဖန်ကျန်းရီသည် ကူကယ်ရာမဲ့စွာဖြင့် နောက်မှ လိုက်သွားလိုက်ရသည်။

မူလနေရာသို့ ပြန်ရောက်သောအခါ ချူချင်ဟန်သည် အေးစက်စက် မျက်နှာထားဖြင့် ရှိနေဆဲဖြစ်သည်။

ဖန်ကျန်းရီက မနေနိုင်ဘဲ ထပ်ပြောလိုက်၏။ "ချင်ဟန် ... တကယ်လို့ ခင်ဗျားက နယ်စပ်မြို့လေးကို မဖြစ်မနေ သွားမယ်ဆိုရင် ကျုပ်ကို အသိပေးတာ အကောင်းဆုံးပဲ။ ကျုပ်ဘက်က ကူညီပေးနိုင်တာရှိရင် သေချာပေါက် ကူညီပေးမယ်။"

ချူယိုယီကလည်း ဝင်ရောက်ဖျောင်းဖျလိုက်သည်။ "ဟုတ်တယ် အစ်မ ... ဟိုဘက်က အရမ်းအန္တရာယ်များတယ်။ အစ်မ မသွားပါနဲ့တော့။"

ချူချင်ဟန်က ညီမဖြစ်သူ၏ လက်ကို ညင်သာစွာ ဆွဲလိုက်ပြီး အနည်းငယ် ပြုံးလျက် ပြောလိုက်၏။ "သခင်လေးဖန်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ သွားနိုင်ဖို့အတွက် အချိန်အတော်ကြာ လေ့လာဖို့ လိုအပ်အုံးမယ်လို့ ထင်ပါတယ်။ ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူးဆိုတာကိုလည်း ကျွန်မ သိပါတယ်။ အလုံးစုံ ပြင်ဆင်ပြီးမှ သွားမှာပါ။ သွားမယ့်အချိန်ကျရင် သေချာပေါက် အကြောင်းကြားပါ့မယ်။"

ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ "ကောင်းပါပြီလေ။"

သူမ၏ ဘာပြောပြော လက်မခံသည့် ပုံစံကို ကြည့်ကာ ဖန်ကျန်းရီသည် စိတ်ထဲမှ ခါးသက်စွာသာ ပြုံးလိုက်မိ၏။

ထပ်မဖျောင်းဖျတော့ဘူး။ ထပ်ပြောနေရင် ကိုယ်တိုင်က မျက်နှာလိုမျက်နှာရလုပ်တဲ့ ခွေးတစ်ကောင် ဖြစ်သွားတော့မယ်။

...

တစ်လကြာပြီးနောက်။

ကျန်းလင်ဆိပ်ကမ်းရှိ သင်္ဘောအုပ်စုများ အားလုံး အသင့်ဖြစ်နေပြီဖြစ်သည်။ သင်္ဘောအစင်းပေါင်း ဒါဇင်ချီကာ နှစ်ဖွဲ့ခွဲ၍ ပင်လယ်ပြင်ထက်တွင် ရပ်နားထားကြ၏။

ရေတပ်စစ်သည် အများအပြားသည် ဆိပ်ကမ်းတွင် စုရုံးကာ သင်္ဘောပေါ်တက်ရန် စောင့်ဆိုင်းနေကြသည်။

စစ်ရေးဝန်ကြီးဌာနသည် တစ်ရက်ကြိုတင်၍ ရေတပ်စစ်သည်များအတွက် ဆုကြေးငွေများကို ချီးမြှင့်ပေးခဲ့ပြီး ဖြစ်သည်။

လူအများစုသည် အရက်နှင့် အသားများကို ဝပြောစွာ စားသောက်ခဲ့ကြပြီး မိသားစု အသုံးစရိတ်အတွက် ငွေကြေးအများအပြားကို ကြိုတင်ထုတ်ယူခဲ့ကြ၏။

ကျန်းလင်ဆိပ်ကမ်းသည် မြို့တော်မှ တစ်ရက်၊ နှစ်ရက်ခရီးခန့် ကွာဝေးသဖြင့် ကျင်းဘုရင်မင်းမြတ်သည် စိတ်ဆန္ဒရှိသော်လည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်နိုင်ခြင်း မရှိခဲ့ချေ။

ထို့ကြောင့် ကိုယ်တိုင် တာဝန်ယူလိုသော လီယွမ်ကျောက်နှင့် ဖန်ကျန်းရီတို့ကို စေလွှတ်လိုက်ခြင်းဖြစ်သည်။

ယခုအချိန်တွင် ကျိန့်ဟွေ့သည် ဆိပ်ကမ်းရှေ့တွင် ရပ်နေပြီး သူ၏ ဘေးတွင် လိုင်ကော်အာက ငတုံးငအပုံစံဖြင့် အတူရှိနေ၏။

ကျိန့်ဟွေ့သည် မြင့်မားသော နေရာတွင် ရပ်လျက် လက်တစ်ဖက်မှ အာဏာပိုင် တောင်ဝှေးကို ကိုင်ဆောင်ထားကာ အောက်ဘက်သို့ ကျယ်လောင်သောအသံဖြင့် မိန့်ခွန်းပြောကြားနေ၏။ ထို့နောက် ရေတပ်စစ်သည်များ ကို သင်္ဘောပေါ်သို့ တစ်ဦးချင်း တက်ရောက်ရန် စီစဉ်ပေးနေသည်။

ဖန်ကျန်းရီသည် မလှမ်းမကမ်းတွင် ရပ်လျက် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို စိုက်ကြည့်နေပြီး သူ၏ ရင်တွင်း၌လည်း လှိုင်းများ ထကြွနေ၏။

အဆုံးတွင်တော့ ဤနေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူကိုယ်တိုင်လည်း သွေးချွေးများစွာ ရင်းနှီးခဲ့ရ၏။ ခေတ်သစ်ကြီးတစ်ခု ရောက်ရှိလာတော့မည်ဖြစ်ပြီး သူသည် ဤခေတ်သစ်ကြီးကို ဖန်တီးသူများထဲမှ တစ်ဦးဖြစ်သည်။

မကြာသေးမီက စစ်ရေးဝန်ကြီးဌာနနှင့် စစ်ဘက်သုံး ရိက္ခာသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်မှအပ ဤလောကတွင် ဤအရာထက် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော ကိစ္စရပ် မရှိနိုင်တော့ချေ။

နောင်ခေတ် သမိုင်းမှတ်တမ်းများက သူ့ကို မည်သို့ ရေးမှတ်ကြမည်နည်း ... စာပေပညာရှင်၊ တွေးခေါ်ပညာရှင်၊ သိပ္ပံပညာရှင်၊ ပညာရေးမှူး၊ တီထွင်မှုဘုရင် ... သင်္ဘောပေါ် မတက်ခဲ့ရသော်လည်း ရေကြောင်းသွားလာရေး ပညာရှင်အဖြစ်တော့ ပါဝင်သင့်ပေသည်။

တွေးရင်းတွေးရင်းဖြင့် ဖန်ကျန်းရီသည် မနေနိုင်ဘဲ နှုတ်ခမ်းထောင့်များ ကော့တက်သွားခဲ့၏။

လီယွမ်ကျောက်သည် သူ့ကို ဘေးတိုက်လှမ်းကြည့်လိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ဖန်ကြီး... ဘာလို့တစ်ယောက်တည်း ရယ်နေတာလဲ။"

ဖန်ကျန်းရီသည် ပြုံးလျက် ခေါင်းခါပြလိုက်၏။

ဘာလို့ ရယ်ရမှာလဲ။ မက်ဂျလန်ရဲ့ အရည်အချင်းက နိမ့်ကျပြီး ကိုလံဘတ်စ်ရဲ့ အသိပညာက ခေါင်းပါးလွန်းလို့ ရယ်နေတာပေါ့။

ဖန်ကျန်းရီက ပြောလိုက်၏။ "ယနေ့တော့ အဆုံးမှာ ပင်လယ်ထွက်နိုင်ခဲ့ပြီဆိုတော့ ကျွန်တော်မျိုးရဲ့ ရင်ထဲမှာ ဝမ်းသာနေလို့ပါ။ အိမ်ရှေ့စံ ... စကြဝဠာကြီးက ကျယ်ပြောပြီး ကောင်းကင်နဲ့ မြေကြီးကလည်း ကျယ်ပြန့်လှတယ်။ နောက်ထပ် နှစ်အနည်းငယ်လောက်ဆိုရင် ကျွန်တော်မျိုးတို့ လုံးဝ အသစ်စက်စက် ရှုခင်းတွေကို မြင်တွေ့ရတော့မှာပါ။"

လီယွမ်ကျောက်၏ မျက်လုံးများထဲတွင်လည်း မျှော်လင့်ချက်များ ပြည့်နှက်နေ၏။ "ခင်ဗျားပြောတာ မှန်တယ်။ ကျုပ်ကိုယ်တိုင် သင်္ဘောပေါ်တက်ပြီး အနောက်တိုင်းကို သွားမစူးစမ်းနိုင်တာကိုပဲ နာကြည်းမိတယ်။ ဖန်ကြီး... ခင်ဗျား ပြောကြည့်စမ်း။ ကျုပ်နဲ့ ဂျူးလိယက်ဆီဇာဧကရာဇ် ဘယ်သူက ပိုသန်မာမလဲ။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒါကတော့ သေချာပေါက် အိမ်ရှေ့စံပါပဲ။ ဆီဇာလို လူမျိုးတွေက အိမ်ရှေ့စံရဲ့ ရှေ့မှာတော့ ကိုယ့်လည်ပင်းကိုယ် အလှပြပြီး အသေခံနေတဲ့လူပါပဲ။"

လီယွမ်ကျောက်က ရယ်မောလိုက်၏။ "ဟဲဟဲဟဲ ... ပြောတာ ကောင်းတယ်။"

သူတို့နှစ်ဦး အပြန်အလှန် မြှောက်ထိုးပင့်ကော် လုပ်နေစဉ် လုဖာသည် နိုင်ငံခြားသားလေးဦးကို ခေါ်ဆောင်ကာ နှေးကွေးစွာ ရောက်ရှိလာသည်။

နိုင်ငံခြားသားများ၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်နေမှုများ ပေါ်လွင်နေ၏။ ယနေ့သည် မည်သည့်နှစ်ဦး ပင်လယ်ထွက်ရမည်ကို နောက်ဆုံး ဆုံးဖြတ်ရမည့် နေ့ဖြစ်၏။

ဤတစ်လတာ ကာလသည် သူတို့လေးဦးအတွက် ကောင်းကင်ဘုံတွင် ရောက်နေသကဲ့သို့ပင် ဖြစ်ခဲ့သည်။

ဘာသာရေးဂိုဏ်းများ၏ စည်းမျဉ်းများ ချုပ်ချယ်မှုမရှိဘဲ လုံးဝ အသစ်စက်စက် အတွေးအခေါ်၊ အသစ်စက်စက် အနုပညာ၊ အသစ်စက်စက် ဘဝတစ်ခုပင်ဖြစ်သည်။

အမြဲတမ်း သန့်ရှင်းသပ်ရပ်နေသော ကျင်းယီဝေများသည် တရားမျှတမှုကို ကာကွယ်ရန် အမြဲ ပေါ်လာတတ်ကြ၏။

အရပ်သားများ၏ မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်များ ပါဝင်နေပြီး မနက်ဖြန်၏ ဘဝသည် အမြဲတမ်း ပိုမို ကောင်းမွန်လာမည်ဟု ထင်ရသည်။

အရာအားလုံး၊ အရာအားလုံးသည် အိပ်မက်ထဲတွင် မြင်တွေ့ရသကဲ့သို့ပင်။

သူတို့ကို အထိတ်တလန့်ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ အိမ်ပြန်ရမည်ကိုပင် ...

မိမိတို့၏ ညစ်ပတ်နေသော ပတ်ဝန်းကျင်၊ ကြမ်းတမ်းသော နယ်မြေအရှင်သခင်နှင့် အဆက်မပြတ် ခေါင်းပုံဖြတ်နေသော ဘုန်းတော်ကြီးတို့ကို တွေးမိတိုင်း သူတို့၏ ရင်ထဲတွင် အလွန်အမင်း နာကျင်ခံစားရသည်။

ထိုလေးဦးသည် ဖန်ကျန်းရီ၏ ရှေ့တွင် ရပ်လျက် အကောင်းဆုံးသော အမူအရာများကို ကြိုးစားပြသကာ အိမ်မပြန်ရစေရန် ကြိုးပမ်းနေကြ၏။

သို့ပေမည့် ဖန်ကျန်းရီသည် လူကို အစောကြီးတည်းက ရွေးချယ်ပြီးဖြစ်သည်။

သူက လက်ညှိုးထိုးကာ ပြောလိုက်၏။ "ရှောင်ရွှိုက်၊ ခါလဲ့မီ ... ရှေ့ထွက်ခဲ့။ မင်းတို့နှစ်ယောက်က သင်္ဘောအုပ်စုရဲ့ လမ်းပြဘာသာပြန်အဖြစ် စစ်တပ်နဲ့အတူ ပင်လယ်ထွက်ရမယ်။"

တာ့ကျွမ်းနှင့် ဖိုပေါ်လဲ့တို့၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ချက်ချင်း ပေါ်ထွက်လာပြီး ရှောင်ရွှိုက်နှင့် ခါလဲ့မီတို့မှာမူ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားသည်။

ရှောင်ရွှိုက်က မကျေမနပ်ဖြင့် ပြောလိုက်၏။ "သခင်လေးဖန် ... ဘာလို့ ကျုပ်တို့နှစ်ယောက် ဖြစ်ရတာလဲ။ ကျုပ် တာ့ကျင်းကို ချစ်တယ်။ ကျုပ် ဒီမှာပဲ နေချင်တယ်။"

ခါလဲ့မီကလည်း မျှော်လင့်ချက်မဲ့စွာဖြင့် ဝင်ပြောလိုက်၏။ "ဟုတ်တယ်။ သခင်လေးဖန် ... ခင်ဗျား ကျုပ်တို့ကို အကြောင်းပြချက်တစ်ခု ပေးမှရမယ်။"

ဖန်ကျန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်သည်။

အကြောင်းပြချက် ဟုတ်လား။ မင်းတို့က အကြိုးစားဆုံးဖြစ်ပြီး တာ့ကျင်းမှာ အနေချင်ဆုံး ဖြစ်နေလို့လေ။ ဒါကြောင့် မင်းတို့ကို လွှတ်ရတာပေါ့။

ရှောင်ရွှိုက်သည် နေ့စဉ် ကင်းစခန်းသို့ လာရောက်သတင်းပို့ပြီး အတွေးအခေါ် သင်ခန်းစာများကို ကြိုးစား သင်ယူကာ မှတ်စုများကိုလည်း မည်သူ့ထက်မဆို ပိုမိုကြိုးစား မှတ်သားတတ်သည်။ ထို့အပြင် လက်ရေးအလှကိုလည်း ဝါသနာပါပြီး ဖန်ကျန်းရီထက်ပင် လက်ရေးလှသေး၏။

ခါလဲ့မီမှာမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ဘဝကို အလွန်အမင်း မြတ်နိုးသူဖြစ်ပြီး နေ့စဉ် ဈေးထဲသို့သွားကာ အခြားသူများနှင့် ရယ်ရယ်မောမော စကားပြောတတ်သည်။ ထို့အပြင် ဆေးပညာကို ဝါသနာပါသဖြင့် ဆေးခန်းထဲသို့ ပြောင်စပ်စပ် ဝင်သွားကာ အခကြေးငွေ မယူဘဲ အကူလုပ်ပေးတတ်သေးသည်။

ကျန်သည့် နှစ်ယောက်မှာမူ သာမန်သာဖြစ်ပြီး ပုံမှန်အတိုင်း နေထိုင်ဖြတ်သန်းကာ ထူးထူးခြားခြား ဘာမှမရှိပေ။

သို့ပေမည့် ထိုနှစ်ဦး၏ မကျေနပ်မှုများကို ဖြေဖျောက်ပေးရန်အတွက် ဖန်ကျန်းရီသည် အစောကြီးတည်းက ပြင်ဆင်ထားပြီးဖြစ်သည်။ ရှောင်ရွှိုက်နှင့် ခါလဲ့မီတို့ကို ကြည့်ကာ သူက ပြောလိုက်၏။ "မင်းတို့နှစ်ယောက်ကို ရွေးရတာ တခြားကြောင့် မဟုတ်ဘူး။ မင်းတို့က စာသင်တဲ့နေရာမှာ တာ့ကျွမ်းတို့လောက် မကြိုးစားဘူး။ အတန်းတောင် လစ်သေးတယ်။"

ရှောင်ရွှိုက်က အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ကျုပ် တစ်ရက်မှ မပျက်ခဲ့ဖူးဘူး။ သခင်လေး ... ကြည့်ကြည့်ပါ။ ဒါက ကျုပ် မှတ်ထားတဲ့ မှတ်စုတွေလေ။"

ပြောရင်းနှင့်ပင် ရှောင်ရွှိုက်သည် ရင်ဘတ်ထဲမှ ထူထဲသော မှတ်စုစာအုပ်တစ်အုပ်ကို အလျင်စလို ဆွဲထုတ်ကာ ဖွင့်ပြလိုက်၏။ အပေါ်တွင် သင်ခန်းစာ အကြောင်းအရာများကို အပြည့်အနှက် ရေးမှတ်ထားသည်ကို မြင်တွေ့ရ၏။

အထဲတွင် ရိုးရှင်းသော အခြေခံ လေးအုပ်၊ ငါးကျမ်း၏ အကြောင်းအရာများ ပါဝင်ပြီး ကျန်သည့် အစိတ်အပိုင်းများမှာ မိတ်ဆွေဖွဲ့ခြင်း၊ နွေးထွေးမှု၊ တိုးတက်မှု၊ နိုင်ငံချစ်စိတ် ဇာတ်လမ်းတိုလေးများ စသည်တို့ပင် ဖြစ်သည်။

ဖန်ကျန်းရီက ခေါင်းခါပြကာ တာ့ကျွမ်းကို လက်ညှိုးထိုး၍ ပြောလိုက်၏။ "လွန်ခဲ့တဲ့ နှစ်ရက်က လုဖာက မင်းတို့ အတန်းလစ်တယ်လို့ ပြောတယ်။ သူတို့ပဲ မပျက်တာ။ အဲနေ့က သီချင်းအသစ်တစ်ပုဒ်တောင် သင်ပေးလိုက်သေးတယ်။ တာ့ကျွမ်း ... မင်း သူတို့ကို နှစ်ကြောင်းလောက် ဆိုပြလိုက်စမ်း။"

တာ့ကျွမ်းသည် လည်ချောင်းဟန့်လိုက်ပြီး မေးစေ့ကို အနည်းငယ် ပင့်တင်ကာ သီဆိုလိုက်သည်။ "အရှေ့အရပ်က နေ နေမင်းနီနီ ထွက်ပေါ်လာတယ်။ လမ်းမကြီးက ရောင်ခြည်တွေနဲ့ ပြည့်နှက်နေတယ်။ မင်းရဲ့ ရင်ခွင်ထဲမှာ မွေးဖွားလာရတာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။ သွေးကြောတစ်ခုတည်းကနေ စီးဆင်းလာတာကို လက်ခံရယူတယ်။"

All Chapters