← Chapters

အခန်း ၇၁၆

Vol. 38 Ch. 716

အခန်း ၇၁၆

Vol. 38 Ch. 716

အပိုင်း (၇၁၆) ဇနီးသည် မီးဖွားတော့မည်။

ပင်လယ်ထွက်သွားသော သင်္ဘောအုပ်စု ထွက်ခွာသွားသည်မှာ အတန်ကြာခဲ့ပြီဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းရာသီသို့ ဝင်ရောက်လာပြီး ကောင်းကင်ယံမှ နှင်းပွင့်ငယ်များ ကျဆင်း လာ၏။

ဖန်ကျန်းရီသည် ခွင့်ယူထားပြီး မင်းသမီးစံအိမ်တော်အတွင်း၌ မင်းသမီးမြောင်ဟန်နှင့်အတူ အချိန်ဖြုန်းနေသည်။

မင်းသမီးမြောင်ဟန်၏ ဗိုက်မှာ အလွန်စူထွက်နေပြီဖြစ်ပြီး ကျွမ်းကျင်သူများကို မေးမြန်းကြည့်ရာ မကြာမီ အချိန်အတွင်း မီးဖွားတော့မည်ဖြစ်ကြောင်း သိရှိရ၏။

ဖန်ကျန်းရီသည် သဘာဝကျစွာပင် အလွန်အမင်း သတိထားနေပြီး တခြားကိစ္စများကိုလည်း ဝင်မပါချင်တော့ပေ။

ကျင်းဘုရင်မင်းမြတ်သည်လည်း သမီးဖြစ်သူ၏ စိတ်ခံစားချက်ကို နားလည်သဖြင့် ဖန်ကျန်းရီ ခွင့်တောင်းသည်နှင့် တစ်ပြိုင်နက် ခွင့်ပြုပေးထားသည်။

ယခုအချိန်တွင် မင်းသမီးမြောင်ဟန်သည် ဖန်ကျန်းရီက လူရှာ၍ သေချာဂရုတစိုက် ပြုလုပ်ခိုင်းထားသော ဧရာမ ဆိုဖာကြီးပေါ်တွင် မှီထိုင်နေပြီး ပျော်ရွှင်နေသော မျက်နှာထားဖြင့် ဗိုက်ကို ညင်သာစွာ ပွတ်သပ်နေကာ ခေါင်းကို ဖန်ကျန်းရီ၏ ပခုံးပေါ်တွင် မှီတင်ထား၏။

မျက်နှာလေးမှာ နုပျိုလှပနေဆဲဖြစ်သော်လည်း မျက်ခုံးများကြားတွင် ရင့်ကျက်မှု အငွေ့အသက်များ အနည်းငယ် ပိုမိုပါဝင်လာသည်။

ဖန်ကျန်းရီကမူ သူမ၏ ပခုံးကို ဖက်ထားလျက် အရှေ့ဘက်သို့ တည့်တည့်ကြည့်နေပြီး သူ၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာ ရှုပ်ယှက်ခတ်နေ၏။

ကလေးမွေးတော့မည်ဖြစ်ပြီး သူသည် အဖေတစ်ယောက် ဖြစ်လာတော့မည်။

သူသည် နှစ်ဘဝတိုင် လူပြန်ဖြစ်လာခဲ့သော်လည်း ဤကဲ့သို့သော အတွေ့အကြုံမျိုးမှာတော့ အမှန်တကယ် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

သောက်ကျိုးနည်း။ အရင်ဘဝက အလုပ်များလွန်းလို့ အထက်လူကြီးရဲ့ ဖိနပ်ကို လျက်ဖို့ပဲ သင်ယူခဲ့ရတယ်။ ကိုယ်ဝန်ဆောင် ပညာပေး ဗဟုသုတတွေကို ဘာလို့ နည်းနည်းပါးပါး ပိုမကြည့်ခဲ့မိတာလဲ။ ယခုအချိန်မှာ လုံးဝ ပြန်စဉ်းစားလို့ မရတော့ဘူး ...

သူ့ကို ပိုမိုစိုးရိမ်စေသည်မှာ ယခုခေတ်၏ ဆေးဘက်ဆိုင်ရာ ပတ်ဝန်းကျင်မှာ အလွန် ဆိုးရွားလွန်းနေခြင်းပင်။ ယခင်ဘဝက အင်တာနက်ပေါ်တွင် ကြည့်ရှုခဲ့ဖူးသော အချက်အလက်များကို သူ ခပ်ရေးရေး မှတ်မိနေသေး၏။

ထိုအထဲတွင် တော်ဝင်မိသားစု၏ ကလေးများ မွေးဖွားရာတွင် သေဆုံးနှုန်းမှာ သုံးပုံတစ်ပုံခန့်ရှိပြီး အမျိုးသမီးများ မီးဖွားရခက်ခဲမှုကြောင့် သေဆုံးနှုန်းမှာလည်း သိပ်မကွာခြားလှကြောင်း ဆိုထားသည်။

ထိုအရာသည် အမြင့်ဆုံးအဆင့်ရှိသော ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များပင် ဖြစ်သည်။ သုံးပုံတစ်ပုံဆိုသည်မှာ အမှန်တကယ်ပင် များပြားလွန်းလှပြီး ထိတ်လန့်စရာကောင်းလောက်အောင် မြင့်မားနေပေ၏။

သူ့တွင်လည်း အမြင့်ဆုံးအဆင့်ရှိသော ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ ရှိနေပြီး ပင်နီဆီလင်ပါ ရှိနေသော်လည်း ထိုအရာက လုံးဝ မလုံလောက်သေးချေ။

အကယ်၍ တကယ်ပဲ မတော်တဆမှုတစ်ခုခု ဖြစ်လာပြီး ကလေးသေဆုံးသွားလျှင် ပြောရလွယ်သော်လည်း မြောင်ဟန်သာ တစ်ခုခုဖြစ်သွားမည်ဆိုပါက ချီးတဲ့မှ သေချင်စိတ်ပါ ပေါက်သွားနိုင်သည်။

ထို့အတွက်ကြောင့် သူသည် ဇီကျိုက်ဂိုဏ်းမှ လူများကို ငွေကြေးအမြောက်အမြား အသုံးပြုကာ အရပ်ဘက်မှ နာမည်အကြီးဆုံး လက်သည်အချို့ကို အထူးရှာဖွေခိုင်းခဲ့သည်။ တစ်ယောက်စီတိုင်းက တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးပြီး နာမည်ကောင်း အလွန်ရရှိထားသူများ ဖြစ်ကြ၏။

လက်သည်များ၏ ရိုးရာအတွေ့အကြုံများမှာ သိသာထင်ရှားစွာပင် သိပ်ပြီးအားကိုး၍ မရနိုင်ပေ။ ထို့ကြောင့် သူက ဝမ်မုန်ကို အထူးတာဝန်ပေးကာ ကလေးမွေးဖွားခြင်း အတွေ့အကြုံကို တိုးတက်လာစေရန် ဇီဝကမ္မဗေဒ အခြေခံများနှင့် ခန္ဓာကိုယ် တည်ဆောက်ပုံ အသိပညာအချို့ကို သင်ကြားပေးစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ခရိုင်ဘက်သို့ လူလွှတ်ကာ မျောက်များကို ထပ်မံရှာဖွေခိုင်းခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ စည်းကမ်းချက်များက ပိုမိုတင်းကျပ်လာပြီး ကိုယ်ဝန်ဆောင် မျောက်မများကိုသာ လိုအပ်ခြင်း ဖြစ်၏။

ဖန်ကျန်းရီ၏ နားလည်မှုအရ လူသားများနှင့် အနီးစပ်ဆုံး သတ္တဝါမျိုးနွယ်မှာ မျောက်များပင်ဖြစ်သည်။ သီအိုရီအရဆိုလျှင် ရည်ညွှန်းစရာ တန်ဖိုးတစ်ခု ရှိသင့်သည်။ သို့ပေမည့် ဇီကျိုက်ဂိုဏ်းမှ ယခုအချိန်အထိ သတင်းတစ်စုံတစ်ရာ ပေးပို့လာခြင်း မရှိသေးသဖြင့် ကြီးမားသော တိုးတက်မှု မရှိကြောင်း သိသာထင်ရှားနေသည်။

သို့ဆိုလျှင်တောင် ဖန်ကျန်းရီသည် ကြိုတင်ပြင်ဆင်မှုမရှိဘဲ မည်သည့်အခါတွင်မျှ တိုက်ပွဲမဝင်တတ်ချေ။ အရေးပေါ် ကြံဆနေရန် အချိန်မမီလျှင်တောင် ဒုတိယမြောက် အစီအစဉ်တစ်ခု ရှိနေသေး၏။

မြို့တော်ရှိ နာမည်အကြီးဆုံး ဘုရားကျောင်းမှ ဗောဓိရုပ်ပွားတော်တစ်ဆူကို တိုက်ရိုက် ပင့်ဆောင်လာခဲ့ခြင်းပင်ဖြစ်သည်။

ယခုအချိန်တွင် သူ၏ မျက်စိရှေ့ရှိ ထိုဧရာမ ဗောဓိရုပ်ပွားတော်ကြီးမှာ အခန်းတွင်း၌ ရှိနေပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ဖန်ကျန်းရီအား တိုက်ရိုက် စိုက်ကြည့်နေပေသည်။ ဗောဓိရုပ်ပွားတော်၏ ကြင်နာတတ်သော အပြုံးကို ကြည့်ကာ ဖန်ကျန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။

ဗောဓိ ဘုရားရှင် ကယ်မတော်မူပါ။ အကယ်၍ အရာအားလုံး ချောမွေ့သွားမည်ဆိုလျှင် ကိုယ်တော်ကို ရွှေချပေးပါ့မယ်။

မင်းသမီးမြောင်ဟန်က မေးလိုက်၏။ "ယောက်ျား ... ရှင် ဘုရားကို မယုံဘူး မဟုတ်လား။ အခု ဘာလို့ နေ့တိုင်း သူ့ကို စိုက်ကြည့်နေရတာလဲ။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ဒါပေါ့ မင်းအတွက် ကောင်းဖို့လေ။ ဗောဓိရဲ့ ကယ်မမှုရှိရင် ကလေးမွေးတာ သေချာပေါက် ချောမွေ့မှာပဲ။ တကယ်လို့ မင်းသာ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့ရင် မြို့တော်တစ်ခုလုံးက ဘုရားကျောင်းတွေ အကုန်လုံးကို ဖျက်ဆီးပစ်မယ်။ ချီးတဲ့မှ ... သူတို့ အမွှေးတိုင် အပူဇော်ခံဖို့ ဘယ်နေရာ သွားမလဲဆိုတာ ကြည့်ရသေးတာပေါ့။"

မင်းသမီးမြောင်ဟန်က သူ့ကို အပြစ်တင်သည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ၏ ပါးစပ်ကို လှမ်းပိတ်ရန် ဟန်ပြင်လျက် ပြောလိုက်၏။ "လျှောက်မပြောနဲ့။"

ဖန်ကျန်းရီက အလျင်အမြန် စကားတစ်ခွန်း ဖြည့်စွက်ပြောလိုက်သည်။ "ဗောဓိ ... ကိုယ်တော့်ကို ပြောတာ မဟုတ်ပါဘူး။"

မင်းသမီးမြောင်ဟန်က ပြောလိုက်၏။ "ယောက်ျား ... ကျွန်မ ဗိုက်ထဲက ကလေးက ယောက်ျားလေး ..."

စကားပြောနေစဉ် တံခါးဝမှ အစေခံမိန်းကလေးက လာရောက်သတင်းပို့သည်။ "မင်းသမီး ... အိမ်ရှေ့စံ ရောက်လာပါပြီ။"

အစေခံမိန်းကလေး စကားဆုံးသည်နှင့် လီယွမ်ကျောက်သည် အခန်းထဲသို့ ဇွတ်ဝင်လာခဲ့ပြီး သူ၏ လက်ထဲတွင်လည်း လက်ဆောင်ပစ္စည်းများကို ကိုင်ဆောင်ထား၏။

လီယွမ်ကျောက်က တိုက်ရိုက်ပင် ပြောလိုက်သည်။ "မြောင်ဟန် ... မင်းအတွက် အားဆေးတွေ လာပို့တာ။"

ထို့နောက် သူမနှင့် ဖန်ကျန်းရီတို့ နှစ်ဦး ပခုံးဖက်ထားကြသည်ကို မြင်လိုက်ရ၏။

ဖန်ကျန်းရီ၏ မျက်နှာမှာ တည်တင်းသွားပြီး ပြောလိုက်သည်။ "အိမ်ရှေ့စံ ... အခန်းထဲဝင်တာ ဘာလို့ တံခါးမခေါက်တာလဲ။ ဒါက သင့်တော်လို့လား။"

လီယွမ်ကျောက်က ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်၏။ "ဘာမသင့်တော်စရာ ရှိလို့လဲ။ အားလုံးက မိသားစုဝင်တွေပဲလေ။ ကျုပ်နဲ့ ကျုပ်ညီမက ခင်ဗျားထက်တောင် ပိုရင်းနှီးသေးတယ်။ ခင်ဗျားတို့နှစ်ယောက် သူများမကြားသင့်တဲ့ စကားတွေ ပြောနေကြလို့လား။ မြောင်ဟန် ... ကျန်းမာရေး ဘယ်လိုနေလဲ။"

မင်းသမီးမြောင်ဟန်က သမ်းဝေလိုက်ပြီး ပြောလိုက်သည်။ "ယောက်ျားလေးမွေးမလား၊ မိန်းကလေးမွေးမလားဆိုတဲ့ အကြောင်း ပြောနေတာပါ။ ကျွန်မ ကျန်းမာရေးတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အမြဲတမ်း အိပ်ငိုက်နေပြီး ခေါင်းနည်းနည်း မူးနေတယ်။"

ဖန်ကျန်းရီသည် မင်းသမီးမြောင်ဟန်ကို အလျင်စလို တွဲကာ အခန်းထဲသို့ ခေါ်ဆောင်သွားလျက် ပြောလိုက်၏။ "ထပ်ပြီး အိပ်ငိုက်လာပြန်ပြီလား။ မြန်မြန် အခန်းထဲ ပြန်ပြီး ခဏလောက် အိပ်လိုက်အုံး။"

လီယွမ်ကျောက်သည် လက်ထဲမှ လက်ဆောင်များကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်ပြီး ကျွမ်းကျင်စွာဖြင့် ဆိုဖာပေါ်သို့ မှီချလိုက်ကာ အထဲသို့ နစ်ဝင်သွားသည်။ အလွန်အမင်း သက်သောင့်သက်သာရှိသော မျက်နှာထားမျိုး ဖြစ်သွား၏။

ဖန်ကျန်းရီ ထွက်လာသောအခါ သူက မေးလိုက်သည်။ "ဖန်ကြီး... ကျုပ်ဘက်မှာလည်း မွေးတော့မယ်။ ယောက်ျားလေးလား မိန်းကလေးလား ဆိုတာ ခင်ဗျား ခန့်မှန်းကြည့်စမ်း။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "ကျုပ် မခန့်မှန်းပါဘူး။ ခန့်မှန်းလို့လည်း မရဘူး။"

လီယွမ်ကျောက်က ပြောလိုက်သည်။ "ခင်ဗျားက တကယ်ကို ပျင်းစရာကောင်းတဲ့လူပဲ။ ကျုပ် မွေးမှာက သေချာပေါက် သားယောက်ျားလေးပဲ။ ခမည်းတော်က မြေးတော်ကို ချီချင်နေတာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာနေပြီလဲ။ ဒီနှစ်တော့ သူ့ဆန္ဒ ပြည့်ဝစေရမယ်။"

ဖန်ကျန်းရီက မေးလိုက်၏။ "ဘာလို့ အဲဒီလို ထင်ရတာလဲ။ တကယ်လို့များ သမီးမိန်းကလေး မွေးလာရင် ဘယ်လိုလုပ်မလဲ။"

လီယွမ်ကျောက်က တိုးတိုးလေး ပြောလိုက်သည်။ "ကျုပ် အဏုကြည့်မှန်ဘီလူးနဲ့ အကြိမ်ကြိမ် ကြည့်ပြီးပြီ။ ဖားလောင်းတွေက အရမ်းကို သန်မာနေတော့ သေချာပေါက် သားယောက်ျားလေးပဲ မွေးမှာ။ ပြီးတော့ အရပ်ဘက် စစ်ဘက် အရာရှိတွေ အကုန်လုံးကလည်း ကျုပ်ကို စောင့်ကြည့်နေကြတာ။ တကယ်လို့များ သမီးမိန်းကလေး မွေးလာရင် ကျုပ် မျက်နှာကို ဘယ်နား သွားထားရမလဲ။ ခင်ဗျား လာပြီး နိမိတ်မကောင်းတာတွေ ပြောမနေနဲ့။ အိုက်ယား ... ဗောဓိသတ္တ ကယ်မတော်မူပါ။"

"..."

လီယွမ်ကျောက်က ဆက်မေးလိုက်သည်။ "ခင်ဗျား ပြောကြည့် မြောင်ဟန်က ယောက်ျားလေးမွေးမလား၊ မိန်းကလေးမွေးမလား။"

ဖန်ကျန်းရီသည် ခဏမျှ စဉ်းစားလိုက်ပြီး ပခုံးတွန့်ကာ ပြောလိုက်၏။ "ဘာဖြစ်ဖြစ် ရပါတယ်။ ကျုပ်က အဲဒါတွေကို ဂရုမစိုက်ပါဘူး။"

လီယွမ်ကျောက်က ချေပလိုက်သည်။ "ဖန်ကြီး... ခင်ဗျား ယောက်ျားရော ဟုတ်သေးရဲ့လား။ ဒါကိုတောင် ဂရုမစိုက်ဘူးတဲ့လား။ တကယ်လို့ သမီးမိန်းကလေး မွေးလာရင် ခင်ဗျားအတွက် မျိုးဆက်ကို ဘယ်သူက ဆက်ခံပေးမှာလဲ။ နောင်တစ်ချိန်ကျရင် သူများအိမ်ကို ပေးရအုံးမှာ။ အဲဒီအစား ခင်ဗျား သမားတော် သွားရှာလိုက်။ သောက်ပြီးရင် ယောက်ျားလေးပဲ မွေးစေတဲ့ ဆေးရှိတယ်လို့ ကြားဖူးတယ်။"

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ပေါ်ထွက်လာပြီး ပြောလိုက်၏။ "တော်ပါတော့။ အဲဒါတွေ အကုန်လုံးက အတုတွေချည်းပဲ။ ယောက်ျားလေးမွေးမွေး၊ မိန်းကလေးမွေးမွေး အတူတူပါပဲ။"

ယောက်ျားလေး မွေးမည်လား၊ မိန်းကလေး မွေးမည်လား ဆိုသည့် ပြဿနာကို သူ တကယ်ပင် သေချာ မစဉ်းစားခဲ့ဖူးချေ။ ယခု လီယွမ်ကျောက် ဤသို့ ပြောလာမှသာ သူ အနည်းငယ် စိတ်ဝင်စားသွားသည်။

သားယောက်ျားလေး မွေးမည်ဆိုလျှင် သဘာဝကျစွာပင် အကောင်းဆုံးဖြစ်သည်။ မွေးလာသည်နှင့် သူဌေးသားလေး တစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး မယားကြီး ၊ မယားငယ် အများအပြား ယူနိုင်ကာ အိမ်တွင်လည်း ငွေရှိသဖြင့် ပျော်ရွှင်စွာ နေထိုင်ရမည်။

တကယ်လို့များ သမီးမိန်းကလေး မွေးလာရင် ဘယ်လိုလုပ်မလဲ။

ချီးတဲ့မှ … ဒီခေတ်ကြီးမှာ မိန်းမတွေက ယောက်ျားတွေထက် ရှင်သန်ရတာ အများကြီး ပိုခက်ခဲတယ်။ သူက သမီးမိန်းကလေးကို တစ်သက်လုံး ကျွေးမွေးထားနိုင်တာ သေချာပေမဲ့ …..

အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်ကျရင် အိမ်ထောင်ပြုအုံးမှာပဲလေ။ ခွေးကောင် ယောက်ျားတွေက မယားကြီး ၊ မယားငယ် အများအပြား ယူနိုင်သေးတယ်ဆိုတော့ ငါ့သမီးကို သူများဆီ ပေးလိုက်ရင် ဘာဖြစ်သွားမလဲ။

သမီးမိန်းကလေး မွေးလာရင် နောင်တစ်ချိန်မှာ မိန်းမအများကြီး ယူမယ့် ယောက်ျားတစ်ယောက်နဲ့ ပေးစားရမယ် ဟုတ်လား။ ချီးတဲ့မှ အဲဒီခွေးကောင်ကို သင်းကွပ်ပစ်ရမယ်။

ထိုအချက်ကို တွေးမိသောအခါ ဖန်ကျန်းရီသည် အံကြိတ်လိုက်သည်။

ဖန်ကျန်းရီက တီးတိုးရေရွတ်လိုက်၏။ "သားယောက်ျားလေး မွေးရမယ်။ သေချာပေါက် သားယောက်ျားလေး မွေးမှဖြစ်မယ်။"

လီယွမ်ကျောက်က ပြောလိုက်သည်။ "ချီး ... ပါးစပ်ကတော့ ပြောတာ ကောင်းလိုက်တာ၊ ယောက်ျားလေးမွေးမွေး မိန်းကလေးမွေးမွေး အတူတူပဲဆိုပြီးတော့၊ သားယောက်ျားလေး လိုချင်နေတာပဲ မဟုတ်ဘူးလား။ ဖန်ကြီး... ကျုပ် ကြည့်ရတာ မြောင်ဟန်လည်း မွေးတော့မယ့်ပုံပဲ။ သူ့ကို နန်းတော်ထဲ အမြန်ဝင်ပြီး အနားယူခိုင်းလိုက်ပါ။ နန်းတော်ထဲမှာ ကလေးမွေးပေးဖို့ အကောင်းဆုံး လက်သည်တွေ ရှိတယ်။ အကောင်းဆုံး အခြေအနေဖြစ်အောင် ကြိုးစားပြီး လုံးဝ အမှားအယွင်းမရှိအောင် လုပ်ရမယ်။ ကလေးမွေးတယ်ဆိုတာ အသက်တစ်ဝက် ပေးရတာနော်၊ ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး။"

လီယွမ်ကျောက်က ဆက်ပြောလိုက်၏။ "ကျုပ် ခင်ဗျားကို မတိုက်တွန်းလည်း၊ ခမည်းတော်က နောက်နှစ်ရက်လောက်နေရင် တိုက်တွန်းတော့မှာပဲ။"

ဖန်ကျန်းရီက ခေါင်းခါပြလိုက်သည်။

နန်းတော်ထဲက လက်သည် ဟုတ်လား။ သူ အစောကြီးကတည်းက စုံစမ်းပြီးသွားပြီ။ သူတို့ကလည်း အရပ်ဘက်ကနေ ခေါ်ယူထားတဲ့ အတွေ့အကြုံ အများဆုံး ကျွမ်းကျင်သူတွေလို့ ကြားဖူးပေမဲံ နန်းတော်ထဲမှာ ကလေးမွေးဖို့ လူဘယ်နှစ်ယောက်များ ရှိလို့လဲ။ သူတို့ရဲ့ လက်ရာတွေက ထိပ်တန်းအဆင့်ကနေ ကျဆင်းသွားတာ ကြာလောက်ပြီလို့ ထင်တယ်။

ကိုယ်တိုင် ရှာထားတဲ့ အရပ်ဘက်က လက်သည်ကမှ ပိုပြီး ယုံကြည်ရသေးတယ်။ တစ်နှစ် ၃၆၅ ရက်မှာ ကလေးမွေးပေးနေတာ မဟုတ်ရင် ကလေးမွေးပေးဖို့ လမ်းပေါ်မှာ ရောက်နေတာပဲ။

ဖန်ကျန်းရီက ပြောလိုက်သည်။ "အိမ်ရှေ့စံ ... ကျုပ် အကောင်းဆုံး လက်သည်ကို ရှာထားပြီးပါပြီ။ ဒီကိစ္စအတွက် နန်းတော်ကို အလုပ်မရှုပ်စေတော့ပါဘူး။"

သူ၏ သဘောထားက ပြတ်သားနေသည်ကို မြင်သောအခါ လီယွမ်ကျောက်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။ "ဒါဆိုလည်း ကောင်းပါပြီ။ ကိစ္စတိုင်းကို နည်းနည်း သတိထားပါ။ ကျုပ် မကြာသေးခင်က မျက်ခွံတွေ အဆက်မပြတ် လှုပ်နေပြီး ရင်ထဲမှာ အမြဲတမ်း ထိတ်လန့်နေတယ်။"

ဖန်ကျန်းရီက ပြောလိုက်၏။ "လျှောက်မပြောနဲ့။ ဗောဓိသတ္တ ဒီမှာ ရှိသေးတယ်နော်။"

All Chapters