အခန်း ၇၁၇
Vol. 38 Ch. 717
အပိုင်း (၇၁၇) ခေတ်သစ်ကြီးအတွက် လမ်းခင်းပေးခြင်း။
သူတို့နှစ်ဦးသည် ခဏမျှ တိတ်ဆိတ်သွားကြပြီး ရင်ထဲတွင် ကြောက်ရွံ့မှုများကို ခံစားနေကြရ၏။ မည်သို့ပင်ဖြစ်စေ ပထမဆုံးအကြိမ်ဖြစ်ရာ အကယ်၍ ပြဿနာ တစ်ခုခု ဖြစ်လာခဲ့မည်ဆိုလျှင် မည်သို့ ဖြေရှင်းရမည်ကို တကယ်ပင် မသိကြချေ။
လေထုမှာ ခဏမျှ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက မေးလိုက်သည်။ "အိမ်ရှေ့စံ ... ခင်ဗျား လာတာက လက်ဆောင်ပေးဖို့ သတ်သတ်တော့ မဟုတ်လောက်ဘူးနော်။ ပုံမှန်ဆိုရင် နန်းတော်ကလူတွေ တိုက်ရိုက် လာပို့နေကျ မဟုတ်ဘူးလား။"
လီယွမ်ကျောက်က ခေါင်းမော့ကာ အသံထွက်လိုက်ပြီး နဖူးကို တစ်ချက်ရိုက်လျက် ပြောလိုက်၏။ "ခင်ဗျား မပြောရင် ကျုပ် မေ့တော့မလို့။ ဒီနေ့ ခင်ဗျား ညီလာခံကို မလာတော့ မသိလောက်ဘူး။ နယ်စပ်မြို့လေးကနေ သတင်းရောက်လာတယ်။ မြောက်ပိုင်းရုံဘက်က မြို့တော်အသစ်ကို ပြောင်းရွှေ့လိုက်ပြီး နိုင်ငံအမည်ကိုတောင် ပြောင်းလိုက်တယ်တဲ့။ သူတို့က သံတမန်လွှတ်ပြီး သံတမန်စာချွန်လွှာတောင် လာပို့သေးတယ်။"
ဖန်ကျန်းရီက မေးလိုက်သည်။ "ဟင် ... ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကို။ နိုင်ငံအမည်က ဘာတဲ့လဲ။"
လီယွမ်ကျောက်က ပြန်ဖြေလိုက်၏။ "အင်း ... နိုင်ငံအမည်က ကျင်း ... ကျင်းနိုင်ငံတဲ့။ နည်းနည်းတော့ စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ ဒါက ဘာမှမဟုတ်သေးဘူး။ ထူးဆန်းတဲ့ ကိစ္စတွေ ရှိသေးတယ်။ ဒီနှစ်နှစ်အတွင်းမှာ နယ်စပ်မြို့လေးတွေကြားမှာ မြောက်ပိုင်းရုံလူမျိုးတွေ နေ့စဉ်သုံး ပစ္စည်းတွေအပြင် အများဆုံး ဝယ်သွားတာက စာအုပ်တွေတဲ့။"
ကျင်းနိုင်ငံ ဟုတ်လား ... နားထောင်ရတာ တကယ်ကို ရင်းနှီးနေသလိုပဲ ... ဖန်ကျန်းရီသည် စိတ်ထဲမှ ညည်းတွားလိုက်ပြီး သံသယဖြစ်စွာဖြင့် ပြန်မေးလိုက်၏။ "သူတို့က စာအုပ်တွေတောင် ဝယ်ဖတ်တာလား။ ဘာစာအုပ်တွေလဲ။"
မြောက်ပိုင်းရုန် ဘက်က စာအုပ်တွေ ဒီလောက် အများကြီး တင်သွင်းပြီး ဘာလုပ်မလို့လဲ။ ထမင်းစားလို့လည်း မရသလို လက်နက်လုပ်လို့လည်း မရဘူးလေ။
လီယွမ်ကျောက်က မေးလိုက်သည်။ "ဟက် ... ပြောရရင်လည်း စိတ်ဝင်စားစရာပဲ။ ကျုပ်တို့ ပညာတတ်တွေ အမြဲဖတ်နေကျ စာအုပ်တွေပေါ့။ ပြီးတော့ အကြောင်းရင်းမရှိဘဲ နိုင်ငံအမည်ကိုပါ ပြောင်းလိုက်တယ်ဆိုတော့ ... ခင်ဗျားပြောကြည့် ... သူတို့က ကျုပ်တို့ကို အတုယူနေတာများလား။"
သူ ထိုသို့ ပြောလိုက်သောအခါ ဖန်ကျန်းရီသည် သဘောကျသွားလေ၏။ မဖြစ်နိုင်စရာတော့ မရှိပေ။ သူ၏ မှတ်ဉာဏ်ထဲတွင် ဖါးပါးသည် အလွန်ပါးနပ်ပြီး အတွေးအခေါ် ပွင့်လင်းကာ တာ့ကျင်း၏ အရာများစွာကို အထူး ဂရုစိုက်လေ့ရှိသည်။ အကယ်၍ သူကသာ ကျင်းနိုင်ငံ ဧကရာဇ်ရှေ့တွင် အကြံပေးခဲ့မည်ဆိုလျှင် ဤကိစ္စမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်သည်။ "ဘယ်သူ သိမှာလဲ။ သူတို့ သင်ချင်ရင်လည်း သင်ပါစေပေါ့။ အပေါ်ယံလေး လေ့လာရုံနဲ့ အနှေးနဲ့အမြန် ရူးသွားလိမ့်မယ်။"
လီယွမ်ကျောက်ကလည်း ရယ်မောလိုက်၏။ "ဟုတ်တယ်။ မြောက်ပိုင်းရုန် လူမျိုးတွေက ကျုပ်တို့ဆီမှာ အခု မြေကြီးပေါ်မှာ အမြောက်တွေ သေနတ်တွေရှိပြီး ကောင်းကင်ပေါ်မှာ ကောင်းကင်စစ်သည်တော်တွေ ရှိတယ်ဆိုတာကို မသိလောက်ဘူး။ နောက်ထပ် နှစ်အနည်းငယ် ကြာလို့ စစ်တပ်တစ်ခုလုံးကို လက်နက်တွေ တပ်ဆင်ပေးပြီးသွားရင် သူတို့ ဂုဏ်ယူဝင့်ကြွားနေတဲ့ မြင်းတပ်ကလည်း စိုးရိမ်စရာ မရှိတော့ဘူး။ ဒါပေမဲ့ သေနတ်တွေ အမြောက်တွေက တကယ်ကို ဈေးကြီးလွန်းတယ်။
သေနတ်တပ်ဖွဲ့မှာ တစ်ဝက်လောက် တပ်ဆင်ပြီးသွားတာနဲ့တင် စစ်ရေးဝန်ကြီးဌာနက ခမည်းတော်ဆီမှာ ပိုက်ဆံမရှိတော့ဘူးလို့ ညည်းနေကြပြီတဲ့။ ကုန်ကျစရိတ်တွေ ဘယ်တော့မှ ကျဆင်းလာမလဲ မသိဘူး။ အကယ်၍ စစ်တပ်တစ်ခုလုံးက တစ်ယောက်ကို သေနတ်ရှည် နှစ်လက်၊ သေနတ်တို နှစ်လက်စီ တပ်ဆင်နိုင်မယ်ဆိုရင် ဘယ်လိုမြင်ကွင်းမျိုး ဖြစ်လာမလဲ။"
ဖန်ကျန်းရီက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ စစ်တပ်တစ်တပ်လုံးကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ရန်မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။ သို့သော်ငြား သေနတ်ကိုင်တပ်ဖွဲ့၏ ထက်ဝက်ခန့်ကိုသာ တပ်ဆင်ပေးရုံမျှဖြင့် စစ်ရေးဝန်ကြီးဌာနမှ ရန်ပုံငွေ မလုံလောက်တော့ကြောင်း ညည်းညူနေခြင်းမှာမူ အလွန်ပင် မျက်နှာပြောင်တိုက်လွန်းရာ ကျသည်။
မည်သို့ပင်ဆိုစေကာမူ ကုန်ကျစရိတ် လျှော့ချရေးဟူသည်မှာ အချိန်တိုအတွင်း ဖြေရှင်းနိုင်သော ကိစ္စရပ်မျိုးကား မဟုတ်ပေ။ ယင်းလုပ်ငန်းစဉ်များတွင် ကုန်ကြမ်းထုတ်လုပ်ခြင်း အပါအဝင် အဆင့်ဆင့်သော ကဏ္ဍများစွာ ပါဝင်နေပြီး အားလုံးမှာ အရပ်ဘက်လုပ်ငန်းများ၏ ထောက်ပံ့ကူညီမှုအပေါ်တွင်သာ မှီခိုနေရသည်။
ဖန်ကျန်းရီက ပြောလိုက်၏။ "အိမ်ရှေ့စံ ... အကယ်၍ ကုန်ကျစရိတ် ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် အကောင်းဆုံး နည်းလမ်းကတော့ ကုန်သည်တွေကို လွတ်လပ်ခွင့်ပေးပြီး အရပ်ဘက် အရင်းအမြစ်တွေကို သဘာဝအတိုင်း စီးဆင်းခွင့် ပြုလိုက်တာပါပဲ။ အရင်တုန်းက လောကကြီးမှာ ရိက္ခာရှားပါးနေတော့ ဒီလိုလုပ်ဖို့ ပြည့်စုံမှုမရှိသေးဘူး။ ဒါပေမဲ့ အခု ပြဿနာ လုံးဝ မရှိတော့ဘူး။ ကျုပ်လည်း အရှင်မင်းကြီးဆီ စာလွှာတင်ပြဖို့ အခွင့်အရေးတစ်ခု ရှာဖို့ ပြင်ဆင်နေတယ်။"
လီယွမ်ကျောက်သည် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ဒီကိစ္စက လုပ်ရခက်တယ်။ ကျုပ် ခင်ဗျားကို ထောက်ခံတယ်ဆိုပေမဲ့ ကုန်သည်တွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေက ရှေးခေတ်တည်းကနေ အခုအချိန်အထိ ဒီလိုပဲ ရှိနေခဲ့တာ။ ခမည်းတော်နဲ့ အရပ်ဘက် စစ်ဘက် အရာရှိတွေက သေချာပေါက် ထောက်ခံကြမှာ မဟုတ်ဘူး။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "ကျုပ်လည်း အဲဒီလို တွေးထားပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကိစ္စဖြစ်နေသရွေ့တော့ ဘာပဲဖြစ်ဖြစ် မဖြစ်မနေ လုပ်ရမှာပါပဲ။"
ကုန်ကျစရိတ် ပြဿနာကို မပြောဘဲနေလျှင်တောင်မှ မဟာ ရေကြောင်းခရီးစဉ် ခေတ်သစ်ကြီးက မကြာခင် ရောက်လာတော့မည်ဖြစ်သည်။ အရပ်ဘက်မှ ထူးချွန်သော ကုန်သည်များကို မွေးထုတ်ပေးရန် ဤအချိန်တွင် မလုပ်လျှင် ဘယ်အချိန်ကို စောင့်နေရဦးမည်နည်း။ သို့ပေမည့် ဤကာလအတွင်း သူသည် ဇနီးသည်ကို ဂရုစိုက်ရသဖြင့် အလုပ်များနေပြီး ထိုအရာများကို လုပ်ဆောင်ရန် စိတ်မပါသေးခြင်းသာ ဖြစ်၏။
ဖန်ကျန်းရီက မေးလိုက်သည်။ "ရုံးတော်က ဘာဖြစ်လို့ ကုန်သည်တွေကို ကန့်သတ်ချုပ်ချယ်ရတာလဲလို့ ခင်ဗျား ထင်ပါသလဲ။"
လီယွမ်ကျောက်က ပြန်ဖြေလိုက်သည်။ "ကုန်သည်တွေက အကျိုးအမြတ်ကို အဓိကထားကြတယ်။ နေစရာ အတည်တကျ မရှိဘူး။ ပျင်းရိပြီး အလုပ်လုပ်ရမှာ ကြောက်ကြတယ်။ ဒါပေမဲ့ ပျင်းရိပြီး အလုပ်လုပ်ရမှာ ကြောက်တယ်ဆိုတဲ့ အချက်ကိုတော့ ကျုပ် သိပ်သဘောမတူဘူး။ ပန်းရှန်းရပ်ကွက်က ကုန်သည်တွေ အားလုံးက အလွန်ကို ကြိုးစားကြတာပဲ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "ခင်ဗျား ပြောတာ မမှားပါဘူး။ ဒါပေမဲ့ ကျုပ် အမြင်မှာတော့ ဒါတွေအကုန်လုံးက အပေါ်ယံ စကားတွေသတ်သတ် ၊ အကြောင်းပြချက်တစ်ခု သက်သက်ပါပဲ။ ကုန်သည်တွေကို ကန့်သတ် ချုပ်ချယ်ရတဲ့ အကြောင်းရင်းက ပြဿနာတစ်ခုတည်း ရှိလို့ပါ။"
လီယွမ်ကျောက်က မေးလိုက်သည်။ "ဘာပြဿနာလဲ။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "ရုံးတော်က အခွန်ကောက်လို့ မရလို့၊ ဒါမှမဟုတ် အခွန်ကောက်ရ ခက်ခဲလို့ပါ။"
လီယွမ်ကျောက်သည် စဉ်းစားခန်းဝင်လျက် ပြောလိုက်သည်။ "ချီးတဲ့မှ ... ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ ကုန်သည်တွေဆီကနေ အခွန်ကို ချောချောမွေ့မွေ့ ကောက်ခံနိုင်မယ့် နည်းလမ်း ခင်ဗျားမှာ ရှိလို့လား။"
ဖန်ကျန်းရီက ပြောလိုက်၏။ "မရှိပါဘူး။"
"..."
ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "အိမ်ရှေ့စံ ... အခွန်ကောက်တယ်ဆိုတာ ကျုပ် အမြင်မှာတော့ တကယ်တမ်း ပြဿနာရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုပါပဲ။ ရိက္ခာတွေ အထွက်တိုးလာရင် လူအင်အားတွေ လွတ်လပ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် အခွန်ကောက်ခံရမယ့် ဧရိယာက ပိုကျယ်လာမယ်။ အပြည့်အဝ မကောက်နိုင်ရင်တောင်မှ အရင်အခြေအနေထက်တော့ အများကြီး ပိုကောင်းလာမှာပဲ။
ဒါပေမဲ့အဲဒီအထဲက အဓိကပြဿနာကတော့ အရပ်သားတွေ စီးပွားရေးလုပ်ရတာ အဆင်မပြေတာ၊ ရုံးတော်ရဲ့ ကန့်သတ်ချက်တွေ များပြားလွန်းတာပဲ။ ကြီးကြီးမားမား ပြောရရင် လွတ်လပ်စွာ ပြောင်းရွှေ့နေထိုင်ခွင့် မရှိတာ၊ သေးသေးမွှားမွှား ပြောရရင် အောက်ခြေကလူတွေက ကိုယ့်ရဲ့ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ခြိမ်းခြောက် ငွေညှစ်တာတွေပဲ။
အရပ်သားတွေက ဒီကန့်သတ်ချက်တွေကို ကျော်လွှားလို့ မရဘူး။ ဒါပေမဲ့ ရုံးတော်ထဲက အရာရှိတွေကျတော့ သူတို့ရဲ့ ရာထူးအဆင့်အတန်းကို အသုံးပြုပြီး ထင်သလို ငွေရှာနိုင်ကြတယ်။ ဒါက နိုင်ငံတော်နဲ့ အကျိုးအမြတ် လုနေတာ၊ အရပ်သားတွေနဲ့ အကျိုးအမြတ် လုနေတာနဲ့ ဘာမှမကွာဘူး။ ဝေးဝေးကို မပြောပါနဲ့တော့၊ ကျုပ်တို့ မြို့တော်ကိုပဲ ပြောကြရအောင်။ မြို့တံခါးက အရာရှိငယ်လေးတွေဆို ကျင်းယီဝေ မဖွဲ့စည်းခင်တုန်းက ရာထူးကြီး အရာရှိတွေနဲ့သူကောင်းတွေရဲ့ မြင်းလှည်းတွေနဲ့ တွေ့ရင် အလွယ်တကူ ဖြတ်သန်းခွင့် ပြုကြတယ်။
တကယ်လို့ သာမန် ကုန်သည်တွေရဲ့ ကုန်တင်လှည်းတွေနဲ့ တွေ့ရင်တော့ အနည်းနဲ့အများ ခေါင်းပုံဖြတ်ခံရတာပဲ။ မြို့ထဲရောက်သွားရင်လည်း သက်ဆိုင်ရာ ရုံးတော် အသီးသီးမှာ ဘယ်အဆင့်မှ ဖြတ်သန်းရ မလွယ်ကူဘူး။ အဆင့်ဆင့် ဖြတ်သန်းပြီးသွားရင် အမြတ်အစွန်းက ဘာမှမကျန်တော့သလောက်ပဲ။ ဒါဆို နောက်ခံရှိတဲ့ လူတွေကရော။ သဘာဝကျကျပဲ စီးပွားရေး လုပ်ငန်းတွေ ကြီးပွားတိုးတက်နေတာပေါ့။ ပန်းရှန်းရပ်ကွက်ထဲက ကြီးမားတဲ့ စီးပွားရေးလုပ်ငန်း ဘယ်နှစ်ခုက အရပ်သားတွေ ဖွင့်ထားတာလဲ။ ခင်ဗျားက ကျုပ်ထက် ပိုသိမှာပါ။"
ရုံးတော်က ကုန်သည်များအပေါ် ပြင်းထန်စွာ ထိန်းချုပ်မှုက ဤကဲ့သို့သော ပြဿနာများကို သေချာပေါက် ယူဆောင်လာမည်ဖြစ်သည်။ ထိန်းချုပ်မှုရှိလျှင် လာဘ်ပေးလာဘ်ယူမှုများ သေချာပေါက် ရှိလာမည်ဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုနှင့် ဆက်စပ်နေသော အကျင့်ပျက်ခြစားမှုများလည်း အလိုအလျောက် ပေါ်ပေါက်လာမည်။
လာဘ်ပေးလာဘ်ယူမှု။
ဖန်ကျန်းရီသည် ဤအချက်နှင့် ပတ်သက်၍ အလွန်အမင်း နားလည်သဘောပေါက်နေပြီဖြစ်သည်။ အစောပိုင်းနှစ်များက အခက်အခဲများကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။ တောက်ယွမ်ခရိုင်မှ အပြင်ထွက်သော ကုန်သည်အဖွဲ့များသည် ယခုအချိန်အထိ အတုအယောင် လက်မှတ်များကိုသာ အသုံးပြုနေရဆဲဖြစ်ပြီး လက်ဖက်ရည်ဖိုးကိုလည်း အနည်းနှင့်အများ ပေးနေရဆဲဖြစ်သည် ...။
လီယွမ်ကျောက်က ခေါင်းညိတ်လိုက်၏။ ပန်းရှန်းရပ်ကွက်ကို သူ အသိဆုံးဖြစ်သည်။ ယခုအခါတွင် အလွန် စည်ကားနေသော်လည်း တကယ့် ကြီးမားသော ဆိုင်ခန်းများနှင့် ကြီးမားသော စီးပွားရေးလုပ်ငန်းအားလုံးမှာ အနည်းနှင့်အများ နောက်ခံရှိသူများချည်း ဖြစ်၏။
ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒါကြောင့် ကုန်သည်တွေကို လွတ်လပ်ခွင့်ပေးပြီး သူတို့ကို လေးစားမှုပြန်ပေးရမယ်၊ သူတို့ကို စိတ်အေးချမ်းသာစွာ နေခွင့်ပေးရမယ်။ ပြီးမှ သူတို့က အရင်းအမြစ်တွေကို ထပ်မံရှာဖွေပြီး အပြန်အလှန် ယှဉ်ပြိုင်ကြလိမ့်မယ်။ မီးလက်နက်တွေ ဖန်တီးတာတင် မကဘူး၊ လောကက အရပ်သားတွေ အားလုံးလည်း အဲအရာကနေ အကျိုးကျေးဇူးတွေ ခံစားရမှာပဲ။ ကုန်ကျစရိတ်တွေ အကုန်လုံးလည်း ကျဆင်းလာနိုင်ခြေ ရှိတယ်။ ဒါတင်မကသေးဘူး၊ ယှဉ်ပြိုင်မှုထဲကနေ ကုန်ပစ္စည်းအသစ်တွေနဲ့ အတွေးအခေါ်အသစ်တွေ အများကြီး မွေးဖွားလာအုံးမယ်။ ဒါတွေ အကုန်လုံးက နိုင်ငံတော်အတွက် အထောက်အကူတွေပဲ။ အခုလောလောဆယ်မှာ ရုံးတော်က နောက်ဆုတ်ပေးမှသာ အရပ်ဘက်က တိုးတက်လာနိုင်မယ်။"
လီယွမ်ကျောက်၏ မျက်နှာထားမှာ တည်ကြည်လေးနက်သွား၏။ "ခင်ဗျားပြောတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရုံးတော်ကို ဘယ်လိုလုပ် လွတ်လပ်ခွင့် ပေးခိုင်းမလဲ။ ဒါက လုံးဝ မဖြစ်နိုင်ဘူးလေ။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "အင်း ... ကျုပ် ရင်ထဲမှာလည်း သေချာပေါက် မသိသေးပါဘူး။ ဒါပေမဲ့ ဒီကိစ္စကို ဘဏ္ဍာရေးဝန်ကြီးဌာနကနေ စတင်လုပ်ဆောင်မယ်ဆိုရင် အနိုင်ရဖို့ အခွင့်အရေး တစ်စွန်းတစ်စ ရှိလာနိုင်တယ်။
ကျုပ် ကျင်းယီဝေ တပ်မှူးချုပ်ရာထူးကို လက်ခံပြီးတည်းက ဥပဒေနဲ့မညီတဲ့ ခေါင်းပုံဖြတ်မှုတွေကို အမြဲနှိမ်နင်းခဲ့ပြီး အရာရှိကုန်သည်တွေက အာဏာသုံးပြီး လူတွေကို ဖိနှိပ်တာတွေကို တားဆီးခဲ့တော့ ရုံးတော်ထဲက လူတော်တော်များများက ကျုပ်အပေါ် မကျေမနပ် ဖြစ်နေလောက်ပြီ။
ဒါပေမဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မြို့တော်တွင်း ဝင်ငွေကတော့ တိုးတက်လာသင့်တယ်။ ဘာပဲဖြစ်ဖြစ် အရာရှိကုန်သည်တွေရဲ့ အခွန်ရှောင်တဲ့ နည်းလမ်းတွေက ထူးဆန်းဆန်းပြားလှပြီး သာမန်အရပ်သားတွေကတော့ အများကြီး ပိုပြီး ရိုးသားကြတယ်လေ။ အကယ်၍ ဘဏ္ဍာရေးဝန်ကြီးဌာနကသာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျုပ်က အရှင်မင်းကြီးဆီ တောင်းဆိုဖို့ ပြင်ဆင်ထားတယ်။
ပထမအချက်က ကုန်သည်တွေကို လွတ်လပ်ခွင့်ပေးဖို့နဲ့ ဒုတိယအချက်က ကျင်းယီဝေကို အပြင်ဘက်အထိ တိုးချဲ့ပြီး ဥပဒေချိုးဖောက်မှုတွေကို ကြီးကြပ်ဖို့ပါ။"
ယနေ့ခေတ် ကျင်းယီဝေများသည် သူ၏ သမိုင်းမှတ်ဉာဏ်ထဲမှ ကျင်းယီဝေများနှင့် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေပြီဖြစ်သည်။ လုပ်ပိုင်ခွင့် အတိုင်းအတာကို မပြောဘဲနေလျှင်တောင် ဩဇာလွှမ်းမိုးမှု အတိုင်းအတာက မြို့တော်အတွင်း၌သာ ကန့်သတ်ထားသည်။ မြို့တော်သည် လောက၏ ဗဟိုချက်ဖြစ်သော်လည်း လုပ်နိုင်သည့် ကိစ္စများမှာ အဆုံးတွင်တော့ နည်းပါးလှည်။
လီယွမ်ကျောက်သည် သက်ပြင်းချလိုက်၏။ "ကျုပ်က သဘာဝကျကျပဲ ခင်ဗျားကို အစွမ်းကုန် ထောက်ခံပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက် နည်းပါးလွန်းတယ်လို့ ခံစားရတယ်။ အခွန်ရှောင်တာက အကျင့်တစ်ခုလို ဖြစ်နေပြီး ကိုယ်ကျင့်တရားကို ပျက်စီးစေတယ်။ ဒီတစ်ချက်တည်းနဲ့တင် အားလုံးကို ငြင်းပယ်ဖို့ လုံလောက်နေပြီ။"
ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ "ဒီလိုပါပဲ။ ဒါပေမဲ့ ထမင်းစားရင် တစ်လုတ်ချင်း စားရသလိုပဲ။ ကျုပ် အရင်ဆုံး နည်းလမ်းရှာမယ်။ အရှင်မင်းကြီးကို နေရာတစ်နေရာ ရွေးချယ်ပြီး စမ်းသပ်စီမံကိန်း တစ်ခု လုပ်ခိုင်းမယ်။ စမ်းသပ ်စီမံကိန်းလေး အောင်မြင်သွားတာနဲ့ နောက်ဆက်တွဲ ကိစ္စတွေက လုပ်ရလွယ်သွားပြီ။
အဆုံးစွန်ပြောရရင် ရုံးတော်က လုပ်ဖော်ကိုင်ဖက်တွေက အမြင်ကျဉ်းလွန်းလို့ပါ။ မုန့်ဆိုတာ ပိုကြီးအောင် လုပ်လို့ရပါတယ်။ သူတို့ကိုယ်တိုင်မှာ ကြီးမားတဲ့ အားသာချက်တွေ ရှိပြီးသားပါ။ တစ်နေ့ကျရင် အကျိုးအမြတ် အများဆုံး ရရှိသူတွေက အရပ်သားတွေ မဟုတ်ဘဲ သူတို့တွေဆိုတာကို တွေ့လာရမှာပါ။"
လီယွမ်ကျောက်သည် ခေါင်းမော့ကာ ခဏမျှ စဉ်းစားပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ "အင်း ... အင်း အင်း ... ဒါပေမဲ့ ခင်ဗျားပြောကြည့် ... အကယ်၍ ကုန်သည်တွေ ကန့်သတ်မခံရဘူးဆိုရင် နောင်တစ်ချိန်ကျရင် ဩဇာလွှမ်းမိုးမှု ကြီးမားတဲ့ ကုန်သည်တစ်ယောက် ပေါ်လာပြီး လုပ်ငန်းတစ်ခုကို လက်ဝါးကြီးအုပ်ကာ ရုံးတော်ကိုပါ သက်ရောက်မှု ရှိလာနိုင်မလား။"
ဖန်ကျန်းရီသည် လေးစားမှုများ ဖြစ်ပေါ်လာ၏။ အိမ်ရှေ့စံ၏ ဤအာရုံခံစားနိုင်စွမ်းက တကယ်ကို လွန်ကဲလှပေသည်။
ဖန်ကျန်းရီက ပြောလိုက်၏။ "အိမ်ရှေ့စံ ... ကန့်သတ်မခံရတာ မဟုတ်ပါဘူး။ ကန့်သတ်ချက် တချို့ကို လျှော့ချပေးရုံ သတ်သတ်ပါ။ ပြီးတော့ ကုန်သည်က တရားဝင် အရည်အချင်းနဲ့ လုပ်ငန်းတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားရင် ရုံးတော်အနေနဲ့ သူ့ကို မဖိနှိပ်စရာ မရှိပါဘူး။ သူက ကိုယ့်ရဲ့ နေရာ အားသာချက်ကို အသုံးချပြီး လုပ်ငန်းတူတွေကို မသမာတဲ့နည်းနဲ့ အနိုင်ကျင့်ရင် လုပ်ရမှာပေါ့။ အဲဒီလိုမဟုတ်ရင် သူတို့က အရွယ်အစား အားသာချက်ကို အသုံးပြုပြီး ဈေးနှုန်းတွေကို အဆက်မပြတ် လျှော့ချကာ ပြိုင်ဘက်တွေ အကုန်လုံးကို ဖယ်ရှားပစ်လိမ့်မယ်။ အဲဒါမှ တကယ့် လက်ဝါးကြီးအုပ်တာပါ။ ပြီးတော့ အဲဒီလောက် ကြီးမားတဲ့ ပမာဏရှိတဲ့ ကုန်သည်မျိုး တကယ်ရှိလာရင် ကျုပ်တို့ အခွန်ကောက်ရတာ ပိုတောင် လွယ်ကူသေးတယ်။ သူ ထွက်ပြေးချင်ရင်တောင် ပြေးလို့မရဘူးလေ။"
လီယွမ်ကျောက်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ဪ ... ခင်ဗျားပြောတာ ပြောင်းပြန်ဖြစ်နေပြီ။ ဈေးတင်တာကမှ မှန်မှာပေါ့။ လက်ဝါးကြီးအုပ်ပြီးတဲ့နောက်မှာ ပြိုင်ဘက် မရှိတော့ဘူးဆိုတော့ ဈေးတင်ပြီး အမြတ်အစွန်း အများကြီး ရှာသင့်တာ မဟုတ်ဘူးလား။"
ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်၏။ "ဒါပေါ့ ရတာပေါ့။ ဒါပေမဲ့ ဈေးတင်တာက ကိုယ့်အတွက် ပြိုင်ဘက် မွေးထုတ်ပေးနေတာနဲ့ ဘာမှမကွာဘူး။ ခင်ဗျား မေ့နေပြီလား။ ကုန်သည်တွေ အကြောက်ဆုံးက ဘာလဲဆိုတာကိုလေ။ လောကက လူတွေရဲ့ ပါးစပ်ကို အကြောက်ဆုံးပဲ။ ကုန်သည်တွေ လက်ဝါးကြီးအုပ်ပြီးတဲ့နောက်မှာ ဈေးတင်တာမျိုးလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အာဏာအထောက်အပံ့ ရှိနေမှသာ ... ထင်တိုင်းကြဲရဲမှာပေါ့။"
ထိုနေရာသို့ ရောက်သောအခါ ဖန်ကျန်းရီသည် တဟားဟား ရယ်မောလိုက်ပြီး လီယွမ်ကျောက်၏ နားနားသို့ ကပ်သွားကာ ပြောလိုက်သည်။ "ပြီးတော့ ရှေးခေတ်ကတည်းက ခုထိ ကုန်သည်တစ်ယောက်က ကောင်းကင်ကို မှောက်လှန်နိုင်တယ်ဆိုတာ မကြားဖူးပါဘူး။ စီးပွားရေး သေးငယ်နေရင်တော့ သူတို့ပိုင်တာပေါ့။ ကြီးမားလာပြီဆိုရင် အဲဒါက ရုံးတော်ပိုင်ပဲ ..."