အခန်း ၇၂၁
Vol. 38 Ch. 721
အပိုင်း (၇၂၁) ဖြေရှင်းမည့် နည်းလမ်း။
အိမ်ရှေ့စံ တည်ငြိမ်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် သမားတော်ဟူနှင့် ဝမ်မုန်တို့ကို မျက်ရိပ်ပြလိုက်၏။ အခန်းပြင်သို့ ထွက်လာသည်နှင့် ဖန်ကျန်းရီသည် ချက်ချင်းပင် လောတကြီး မေးလိုက်သည်။ "လောင်ဟူ ... အထဲမှာ အတိအကျ ဘာအခြေအနေလဲ။"
သမားတော်ဟူက တုန်ယင်စွာဖြင့် ဖြေလိုက်၏။ "သိပ် ... သိပ်မကောင်းဘူး။"
သူ၏ ကြောက်ရွံ့နေသော ပုံစံကို ကြည့်ကာ ဖန်ကျန်းရီသည် ဒေါသတကြီးဖြင့် ခုန်ဆွခုန်ဆွ ဖြစ်သွားသည်။ "ဘာကို သောက်ကျိုးနည်း သိပ်မကောင်းဘူးလို့ ခေါ်တာလဲ။ လူစကားပြောစမ်းပါ။ ရှင်မလား ၊ သေမလား အတိအကျ ပြောစမ်းပါ။"
သမားတော်ဟူ၏ လည်စလုတ်မှာ အထက်အောက် လှုပ်ရှားသွားပြီး နား,နားသို့ ကပ်ကာ ပြောလိုက်၏။ "ဖြတ်သန်းနိုင်ဖို့ ... ခက်ခဲလောက်တယ်။ အထဲကလူတွေ ပြောတာက သားအိမ်ခေါင်းပွင့်တာ ကြာလှပြီတဲ့။ ဒါပေမဲ့ ကလေးက ထွက်မလာဘူး။ အနေအထားကလည်း မမှန်ဘူးဆိုတော့ ဒါက ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခုပဲ။ ဆက်ပြီး အချိန်ဆွဲနေရင် ... အသက်နှစ်ချောင်းလုံး ဆုံးရှုံးသွားလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် ..."
ဖန်ကျန်းရီက မေးလိုက်သည်။ “ဒီလိုမှမဟုတ်ရင် ဘာဖြစ်လဲ။"
သမားတော်ဟူက ဖြေလိုက်၏။ "အူအတက် ရောင်တာကို ကုသသလိုပဲ ဝမ်းဗိုက်ကို ခွဲထုတ်ပြီး ကလေးကို ယူထုတ်ကာ ပြန်ချုပ်ပေးလို့ ရနိုင်မလားလို့ ဝမ်မုန်ကို စမ်းကြည့်ခိုင်းမလား။"
ဖန်ကျန်းရီက ဒေါသတကြီး ဆဲဆိုလိုက်၏။ "မင်းအမေကိုပဲ ..."
သူ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် မဝတော့ချေ။ ဤအဘိုးကြီးက သင်ယူတာ တကယ်ကို မြန်လွန်းလှသည်။ သို့ပေမည့် ယခုအချိန်တွင် ဤကဲ့သို့သော အခြေအနေမျိုး လုံးဝ မရှိပေ။ ဗိုက်ခွဲမွေးမည် ဟုတ်လား။ ဤသည်က လုံးဝ အသက်ရှင်နိုင်ခြေ မရှိတဲ့အပြင် ဤကဲ့သို့ သောက်တလွဲ အကြံဉာဏ်ပေးလျှင် ဝမ်မုန်ပါ အသက်ပေးရလိမ့်မည်။
ဝမ်မုန်သည် ယခုအချိန်တွင် ဘေးဘက်၌ ရပ်လျက် သေချာစွာ နားထောင်နေပြီး သမားတော်ဟူက ဗိုက်ခွဲမွေးမည်ဟု ပြောသည်ကို ကြားလိုက်ရသောအခါ အလိုအလျောက် ခေါင်းညိတ်လိုက်၏။ ဝမ်မုန်က ပြောလိုက်သည်။ "ဒါကလည်း နည်းလမ်းတစ်ခုပါပဲ။ ကျုပ် အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို လေ့လာဖူးတယ်။ သီအိုရီအရဆိုရင် ခွဲထုတ်လိုက်ရင် မသေနိုင်ပါဘူး။"
ဖန်ကျန်းရီက အံ့ဩတကြီး မေးလိုက်၏။ "ခင်ဗျား ဗိုက်ခွဲမွေးတာကို လုပ်နိုင်လို့လား။"
ဝမ်မုန်က ပြန်ဖြေလိုက်သည်။ "မလုပ်နိုင်ပါဘူး။ မျောက်တွေနဲ့ လေ့ကျင့်ဖူးပေမဲ့ သွေးလွန်ပြီး အကုန်သေသွားကြတယ်။ သွေးတိတ်အောင် လုပ်နိုင်မယ့် နည်းလမ်း ရှိမှပဲ ရမယ်။ ဒါပေမဲ့ သွေးတိတ်အောင် လုပ်နိုင်ရင်တောင် မလုံလောက်သေးဘူးလို့ ထင်ပါတယ်။ ..."
ဖန်ကျန်းရီသည် ထပ်မံ၍ ဒေါသထွက်သွားပြန်၏။ "... ခင်ဗျား အသုံးဝင်တာလေး တစ်ခုခုလောက် ပြောလို့ မရဘူးလား။"
ဝမ်မုန်က ပြောလိုက်သည်။ "အော် ... သခင်လေး ပြောတဲ့ မွေးညှပ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ရက်က လူရှာပြီး လုပ်ခိုင်းထားပါတယ်။" ထိုသို့ပြောရင်း ဝမ်မုန်သည် ဆေးသေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် ပြောင်လက်နေသော မွေးညှပ်အချို့ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ဖန်ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ ဤအရာက ယခင်ဘဝက အင်တာနက်ပေါ်တွင် တွေ့ဖူးသည်များနှင့် အတော်လေး တူညီနေပြီး အစွန်းအနားများကိုလည်း အတော်လေး ချောမွေ့အောင် ပွတ်တိုက်ထားပုံရသည်။ ဖန်ကျန်းရီက အလျင်အမြန် ပြောလိုက်၏။ "ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ ဒီအရာပဲ။ ခင်ဗျားတို့ အသုံးပြုတတ်လား။ အသုံးပြုဖူးလား။"
ဝမ်မုန်က ဖြေလိုက်သည်။ "အသုံးမပြုဖူးပါဘူး။ ဒါပေမဲ့ ဒီအရာ တစ်ခုတည်းနဲ့တော့ သိပ်အသုံးမဝင်လောက်ဘူးလို့ ထင်တယ်။ ပိုကောင်းတဲ့ နည်းလမ်း ရှိသင့်တယ်။ ကျုပ်ု ခဏလောက် ထပ်စဉ်းစားပါရစေအုံး ..."
သမားတော်ဟူနှင့် ဖန်ကျန်းရီတို့ နှစ်ဦးသည် ဝမ်မုန်ကို အလျင်စလို စိုက်ကြည့်နေကြ၏။ ထိုအချိန်တွင် လီယွမ်ကျောက်သည်လည်း တံခါးကို တွန်းဖွင့်ကာ ထွက်လာသည်။
ဝမ်မုန်သည် မျက်လုံးများကို မှိတ်ကာ ပြင်းပြင်းထန်ထန် စဉ်းစားနေ၏။ ယခင်က ခွဲစိတ်လေ့လာခဲ့ဖူးသော အမျိုးသမီး ခန္ဓာကိုယ်များမှာ သူ၏ ခေါင်းထဲတွင် အဆက်မပြတ် ပေါ်ထွက်လာနေသည်။ အချိန် အတော်ကြာပြီးနောက် ဝမ်မုန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ကာ တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်၏။ "ရပြီ။ ဗိုက်ခွဲမွေးရလောက်အောင် အလုပ်ရှုပ်ခံစရာ မလိုတော့ဘူး။ ခေါင်းကြီးနေရုံ သက်သက်ဆိုတော့ မွေးလမ်းကြောင်းဝကို ခွဲထုတ်လိုက်ရုံပဲ။ အသက်အန္တရာယ်ရှိတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း မပါတော့ နောက်ကျရင် ပြန်ချုပ်ပေးလိုက်ရုံပဲ။"
သမားတော်ဟူသည် ဒေါသတကြီးဖြင့် တုန်ယင်သွားပြီး မုတ်ဆိတ်မွေးနှင့် မျက်ခုံးမွေးများပါ ပြိုင်တူ တုန်ယင်သွားကာ ဟန့်တားလိုက်သည်။ "မရဘူး။ လုံးဝ မရဘူး။ ယောက်ျား မိန်းမ အထိအတွေ့ မလုပ်ရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။ မင်းက ဘယ်လိုလုပ် ဒီလိုခွဲစိတ်မှုမျိုးကို လုပ်လို့ရမှာလဲ။"
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးမှ ထွက်ပေါ်လာသော ဤအဖြေမှာ နားထောင်ရသည်မှာ အဓိပ္ပာယ်ရှိသော်လည်း ကိုယ်လုပ်တော်ဝေ့ သေဆုံးသွားလျှင်တောင်မှ ဤကဲ့သို့သော ခွဲစိတ်မှုမျိုးကို လုံးဝ မလုပ်သင့်ချေ။ သူသည် နန်းတော်တွင်းရှိ ကိုယ်လုပ်တော်များ၏ သွေးခုန်နှုန်းကို စမ်းသပ်ရာတွင်ပင် စည်းကမ်းချက်များ အများအပြား ရှိနေသေးသည်။ ဤသည်မှာ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာပင် ဖြစ်၏။
လီယွမ်ကျောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ လူ့အသက်က အရေးကြီးတယ်။ လူနာကို ကယ်တင်ဖို့အတွက် ဘာ ယောက်ျား မိန်းမ အထိအတွေ့ မလုပ်ရဘူးဆိုတဲ့ စည်းကမ်းကို ပြောနေရတာလဲ။ ဝမ်မုန် ... မင်း အခုချက်ချင်း အထဲဝင်ပြီး လူသွားကယ်စမ်း။"
လီယွမ်ကျောက်သည် အလျင်အမြန် ရှေ့တိုးလာပြီး ဝမ်မုန်၏ အင်္ကျီလက်ကို အတင်းဆွဲလိုက်၏။
ဖန်ကျန်းရီသည် သူ့ကို အလျင်အမြန် ဆွဲထားလိုက်ပြီး နဖူးတွင်လည်း ချွေးများ ထွက်လာသည်။ ဖန်ကျန်းရီက ပြောလိုက်သည်။ "အိမ်ရှေ့စံ ... မလောပါနဲ့။ ခဏလောက် စောင့်ပါအုံး။"
ဝမ်မုန်ကို အထဲဝင်ပြီး ခွဲစိတ်ခွင့် လုံးဝ မပြုနိုင်ချေ။ ကိုယ်လုပ်တော်ဝေ့၏ အထူးရာထူးအဆင့်အတန်းကို မပြောဘဲနေလျှင်တောင် …. သူမသည် သာမန် အမျိုးသမီးတစ်ဦး ဖြစ်နေလျှင်တောင်မှ မဖြစ်နိုင်ပေ။ အကယ်၍ ဤသတင်းသာ ပြန့်နှံ့သွားမည်ဆိုလျှင် နှစ်ဦးစလုံး လူလုံးပြဝံ့တော့မည် မဟုတ်ပေ။ ဝမ်မုန် မသေလျှင်တောင်မှ သူ၏ လက်ကျန်ဘဝတစ်လျှောက်လုံး တံတွေးခွက်ထဲတွင် ရေကူးနေရလိမ့်မည်။ ဤသည်မှာ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ အကြီးမားဆုံး တားမြစ်ချက်ဖြစ်ပြီး သူကိုယ်တိုင်ပင် အလွယ်တကူ မစိန်ခေါ်ရဲချေ။
ဝမ်မုန်သည် အဆွဲခံရသဖြင့် နာကျင်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "အိမ်ရှေ့စံ မလောပါနဲ့။ မွေးလမ်းကြောင်းဝကို ခွဲထုတ်တာက အခက်အခဲ မဟုတ်ပါဘူး။ ကျုပ် လက်သည်နှစ်ယောက် ခေါ်လာပါတယ်။ သူတို့အားလုံးက ခန္ဓာဗေဒပညာကို သင်ယူထားပြီး အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုပြီး ကျွမ်းကျင်ပါတယ်။ ပြဿနာမရှိလောက်ပါဘူး။ ပြီးတော့ သူတို့ရဲ့ အားအင်ထိန်းချုပ်နိုင်မှုက ကျုပ်ထက် အများကြီး ပိုသာပါတယ်။ မွေးညှပ်ကိုလည်း အကူအညီအဖြစ် အသုံးပြုလို့ ရပါသေးတယ်။ အမျိုးသမီးတွေ ဝင်သွားတာဆိုတော့ ဘာပြဿနာမှ မရှိနိုင်တော့ဘူး မဟုတ်လား။"
မွေးညှပ်ဆိုသည်မှာ မည်သည့်အရာမှန်း မသိသော်လည်း လီယွမ်ကျောက်၏ မျက်လုံးများထဲတွင် တစ်ခဏအတွင်း အလင်းရောင်များ တောက်ပလာ၏။ "ပြဿနာမရှိဘူး။ ဒါ အရမ်းကောင်းတာပေါ့။ ဒီလိုဆိုရင် ဘာပြဿနာမှ မရှိတော့ဘူး မဟုတ်လား။ မြန်မြန် သွားကြ။"
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှုများ ပေါ်ထွက်လာသည်။ "ဒါဆို မြန်မြန် ပြင်ဆင်ကြ။ လက်သည်တွေရော … ထားလိုက်ပါတော့ ... ကျုပ် အပြင်ထွက်ပြီး လူခေါ်လိုက်မယ်။"
ဝမ်မုန်သည် အခန်းတွင်းသို့ ဆွဲသွင်းခံလိုက်ရပြီး မကြာမီမှာပင် လက်သည်များကိုလည်း ခေါ်ယူလာခဲ့၏။ ကျင်းဘုရင်မင်းမြတ် သည် ဘာတွေဖြစ်ပျက်နေမှန်း မသိသေးဘဲ သူတို့ စိုးရိမ်တကြီး ဖြစ်နေကြသည်ကို မြင်သောအခါ မေးလိုက်သည်။ "ဘာဖြစ်တာလဲ။ ဘာတွေဖြစ်ကုန်တာလဲ။"
လီယွမ်ကျောက်က ပြန်ဖြေလိုက်၏။ "ခမည်းတော် ... ခမည်းတော် ... ကယ်လို့ရပါပြီ။ ဝမ်မုန် ခေါ်လာတဲ့ လက်သည်တွေက ကယ်ဆယ်ပေးနိုင်ပါတယ်။ တောက်ယွမ်ဆေးခန်းက လက်သည်တွေကို အထဲဝင်ပြီး လူသွားကယ်ခိုင်းလိုက်ပါပြီ။"
ကျင်းဘုရင်မင်းမြတ် သည် ထိုစကားကို ကြားလိုက်ရသောအခါ အလွန်အမင်း ဝမ်းသာသွားပြီး သဘာဝကျစွာပင် လုံးဝ သဘောတူခွင့်ပြုလိုက်သည်။ မီးဖွားခန်းအပြင်ဘက်တွင် ဝမ်မုန်သည် ဆေးသေတ္တာထဲမှ အရက်ပျံနှစ်အိုးကို ထုတ်ယူလာပြီး လက်သည်များနှင့် သယ်ဆောင်လာသော ကိရိယာများကို နေရာတွင်ပင် ရိုးရှင်းသော ပိုးသတ်မှုများ ပြုလုပ်ပေးသည်။ အရာအားလုံး ပြင်ဆင်ပြီးသွားသောအခါ အထဲရှိလူများကို တံခါးဖွင့်ပေးရန် အကြောင်းကြားလိုက်သည်။
ထိုအချိန်တွင် လက်သည်တစ်ဦးက ရုတ်တရက် မေးလိုက်၏။ "ခွဲစိတ်မှုက မေ့ဆေးပေးဖို့ လိုအပ်တယ်လေ။ မေ့ဆေးရည်ရော။"
ဝမ်မုန်သည် မှင်သက်သွားပြီး မျက်မှောင်ကြုတ်လျက် စဉ်းစားကာ ပြောလိုက်၏။ "မေ့ဆေးပေးလို့ မရလောက်ဘူး။ သူ့ကို သတိရှိနေအောင် ထားမှဖြစ်မယ်။ ဒီလိုမဟုတ်ရင် အားမသုံးနိုင်ဘဲ နေလိမ့်မယ်။"
လက်သည်က ထောက်ခံလိုက်သည်။ "ဟုတ်တယ်။ မှန်တယ်။ အဲဒီလိုပဲ ဖြစ်ရမယ်။ မြန်မြန် သွားပြီး လျှော်ကြိုးတွေ ထပ်ရှာလိုက်အုံး။ သူ လျှောက်မလှုပ်နိုင်အောင် လူကို သေချာ ချည်နှောင်ထားရမယ်။"
လက်သည်များ၏ ပါးစပ်များ ဟသွားပြီး သူတို့၏ ရင်ထဲတွင်လည်း အနည်းငယ် ထိတ်လန့်လာကြသည်။ သူတို့သည် တောက်ယွမ်ဆေးခန်းအတွင်း၌ ဆေးပညာဆိုင်ရာ အခြေခံ အသိပညာအသစ်အချို့ကို သင်ယူခဲ့ကြပြီး ဝမ်မုန်နှင့်အတူ တိရစ္ဆာန်ခွဲစိတ်မှုများကိုလည်း ပြုလုပ်ခဲ့ဖူးကြသည်။ သို့ပေမည့် ထိုအရာများအားလုံးမှာ မေ့ဆေးပေးထားသည့် အခြေအနေအောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခု လူနာ သတိရှိနေသည့် အခြေအနေတွင် အောက်ပိုင်းကို ဓားဖြင့် ခွဲထုတ်ရမည်ဆိုသည်မှာ ... ပြစ်ဒဏ်ပေးခြင်းတစ်မျိုးနှင့် မခြားနားပေ။
လီယွမ်ကျောက်သည် ချွေးစေးများ အဆက်မပြတ် ထွက်လာပြီး ကြောက်ရွံ့မှုကြောင့် မျက်နှာမှာ ဖြူလျော်သွားကာ ထိုထိတ်လန့်ဖွယ် မြင်ကွင်းကို တွေးမိတိုင်း သူ၏ ရင်ထဲတွင် ထပ်မံ၍ တင်းကျပ်လာပြန်၏။
ဖန်ကျန်းရီသည်လည်း ထိုနည်းတူပင် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် မိမိဘက်တွင် အရာအားလုံး ချောမွေ့သွားခဲ့ခြင်းကို ကံကောင်းသည်ဟု တိတ်တဆိတ် မှတ်ယူနေမိသည်။ သူ၏ ယခင်ဘဝက ဆေးပညာဆိုင်ရာ အခြေခံ အသိပညာအချို့မှာ ဝမ်မုန်ကိုပင် မမီနိုင်တော့သဖြင့် ဝင်ရောက်ပြောဆိုခွင့် မရှိတော့ချေ။ သို့သော်ငြား ဤအတိုင်း ဆက်သွားမည်ဆိုလျှင် လူနာ နာကျင်လွန်း၍ သေသွားနိုင်မည်လား ...။
ကျင်းဘုရင်မင်းမြတ်သည် မည်သို့ ကယ်ဆယ်ရမည်ကို မသိသေးဘဲ ကိစ္စများမှာ ရိုးရှင်းမည် မဟုတ်ကြောင်းကိုသာ သိရှိထားသည်။ သို့ပေမည့် ယခုအချိန်တွင် ဝမ်မုန်၏ ညွှန်ကြားချက်ကိုသာ နားထောင်ရတော့မည်။
ထို့ကြောင့် ကျင်းဘုရင်မင်းမြတ် က ကျယ်လောင်စွာ အော်ပြောလိုက်၏။ "မြန်မြန် သွားပြီး ငါကိုယ်တော့်အတွက် ကြိုးရှာခဲ့ကြစမ်း။"
အရာအားလုံး ပြည့်စုံသွားသောအခါ ဝမ်မုန်က ဓားဖြင့် ခွဲထုတ်ရာတွင် သိထားသင့်သည့် အချက်အချို့ကို ထပ်မံမှာကြားလိုက်သည်။
လက်သည်နှစ်ဦးသည် စိုးရိမ်ထိတ်လန့်စွာဖြင့် အခန်းတွင်းသို့ ဝင်ရောက်သွားကြသည်။ သူတို့သည် ပုံမှန်အားဖြင့် သာမန်အရပ်သားများကိုသာ ကလေးမွေးပေးလေ့ရှိပြီး ဤကဲ့သို့ ဂုဏ်သရေရှိသူများကို ကလေးမွေးပေးရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့အပြင် ဤမျှ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းကို အသုံးပြုရမည်ဖြစ်၏။
သို့သော်ငြား မီးဖွားခန်းအတွင်းသို့ ရောက်ရှိသွားသောအခါ ကျွမ်းကျင်မှုအရ အလျင်အမြန်ပင် အလုပ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။
လူနာကုတင်ပေါ်တွင် ကိုယ်လုပ်တော်ဝေ့သည် သေလုမျောပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး သတိမှာလည်း အနည်းငယ် လွတ်နေကာ လက်သည်များက သူမကို ကြိုးဖြင့် တင်းကျပ်စွာ ချည်နှောင်သည်ကိုပင် ခွင့်ပြုထားသည်။ ပင်ကိုယ်အသိစိတ်အရ အားနည်းစွာဖြင့် မေးလိုက်၏။ "ကလေး ... ကလေး ... ဘယ်လိုနေလဲ။"
လက်သည်က ဖြေသိမ့်ပေးလိုက်သည်။ "ကလေး ဘာမှမဖြစ်ပါဘူး။ ခဏနေရင် နည်းနည်း နာကျင်လိမ့်မယ်။ ရှင် သေချာပေါက် သည်းခံထားရမယ်နော်။ ကျွန်မ အားသုံးခိုင်းတဲ့အချိန်ကျရင် အားသုံးဖို့ မှတ်ထားပါ။ ခဏလေးနဲ့ ပြီးသွားပါလိမ့်မယ်။"
လက်သည်က စကားအနည်းငယ်ဖြင့် ဖြေသိမ့်ပေးလိုက်ပြီးနောက် ခွဲစိတ်ဓားကို ကိုင်ကာ အခြေအနေကို သေချာစွာ စစ်ဆေးပြီး ခွဲထုတ်ရမည့် နေရာကို အတိအကျ ရှာဖွေလိုက်၏။ အခြားတစ်ဦးမှာမူ အကူအဖြစ် ပြောင်းလဲသွားပြီး မွေးညှပ်ကို ကမ်းပေးရန် ပြင်ဆင်နေ၏။
...
အခန်းတံခါး အပြင်ဘက်မှာမူ တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားသည်။ ဖန်ကျန်းရီသည် လက်သည်းများကို ကိုက်လျက် လီယွမ်ကျောက်နှင့်အတူ တံခါးဝကိုသာ အမြဲတမ်း စိုက်ကြည့်နေပြီး မျက်လုံးများ လုံးဝ မလှုပ်ရှားတော့ချေ။
ရုတ်တရက် ယခင်က တစ်ခါမျှ မကြားဖူးခဲ့သော အလွန်အမင်း နာကျင်စူးရှသည့် အော်ဟစ်သံကြီးတစ်ခု အခန်းတွင်းမှ ထွက်ပေါ်လာ၏။ ဤအချိန်တွင် လူတိုင်း၏ ကြက်သီးမွေးညင်းများ ထသွားကြသည်။