အခန်း ၇၂၂
Vol. 38 Ch. 722
အပိုင်း (၇၂၂) မြေးတော်လေးရရှိခြင်း
ကျင်းဘုရင်မင်းမြတ်သည် နေရာမှ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။
သူက ဖန်ကျန်းရီဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဘာလို့ ဒီလောက်တောင် အော်နေရတာလဲ။ သူတို့ ဘယ်လိုများ သားဖွားပေးနေကြတာလဲ။"
စူးရှနာကျင်စွာ အော်ဟစ်သံများက နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်ရာ ဖန်ကျန်းရီသည်လည်း တစ်ကိုယ်လုံး အကြောအချဉ်များ တင်းမာလာပြီး ခက်ခဲစွာ ပြောလိုက်၏။ "မိန်းမကိုယ်ကို ခွဲပြီး ကလေးကို ထုတ်ယူရတာပါ။ သတိရနေတဲ့အချိန်မှာ လုပ်ရတာပါ။ အရှင်မင်းကြီး ... စိတ်အေးအေးထားပါ။ ဒီနည်းလမ်းက နာကျင်ပေမယ့် အသက်အန္တရာယ် မရှိပါဘူး။"
ကျင်းဘုရင်မင်းမြတ်သည် ဘာမျှထပ်မပြောတော့ဘဲ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လျက် ပြန်ထိုင်လိုက်သည်။
ဓားဖြင့်ခွဲစိတ်ရမည် ဆိုသည်မှာ ယောက်ျားတစ်ယောက်အတွက်ဆိုလျှင် တော်သေး၏။ သို့ပေမည့် အားနွဲ့သော မိန်းမငယ်လေးတစ်ယောက်အတွက်တော့ အလွန်ရက်စက်ရာ ကျလွန်းလှပေ၏။
သို့သော်ငြား ကိစ္စများက ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ ဖန်ကျန်းရီပြောသည့်အတိုင်းသာ လုပ်ဆောင်နိုင်တော့မည်။
ဖန်ကျန်းရီသည် နေရာတွင် ရပ်လျက် တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ဝမ်မုန်ကို လှမ်းကြည့်လိုက်သည်။ "ထုံဆေး ပါလား။ မြန်မြန်သွားကျို။ ကလေးမွေးပြီးတာနဲ့ ဝေ့လျန်တီကို ချက်ချင်းသောက်ခိုင်းလိုက်။ ဒါမှ နာကျင်တာ သက်သာသွားလိမ့်မယ်။"
ဝမ်မုန်က ခေါင်းညိတ်လိုက်ပြီး ဆေးသေတ္တာကို ဖွင့်ကာ သမားတော်ဟူကို ဆွဲခေါ်လျက် ဆေးကျိုရန် ပြေးထွက်သွား၏။
သားဖွားခန်းအတွင်း၌တော့ သားဖွားဆရာမသည် ဓားဖြင့်စတင်ခွဲစိတ်နေပြီဖြစ်ရာ မြင်ကွင်းတစ်ခုလုံး သွေးသံရဲရဲ ဖြစ်နေချေသည်။
အတွေ့အကြုံရင့်ကျက်လှသော သားဖွားဆရာမသည် သွေးထွက်သံယို မြင်ကွင်းများကို ကျင့်သားရနေပြီဆိုသော်လည်း ယခုအချိန်၌မူ စိုးရိမ်တကြီးဖြင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေ၏။
အချိန်ကျပြီဟု မြင်သောအခါ သားဖွားဆရာမက လက်ထောက်ဖြစ်သူအား မွေးညှပ်ကို ကမ်းပေးရန် အချက်ပြလိုက်သည်။
ထိုမွေးညှပ်ကို စတင်ပြုလုပ်စဉ်တည်းက သူတို့ကိုယ်တိုင် ပါဝင်ခဲ့ပြီး သူတို့၏ အတွေ့အကြုံများအရ အသုံးဝင်သော အကြံဉာဏ်များစွာကိုပင် ပေးခဲ့ကြသေးသည်။
ထိုကိရိယာကို လက်တွေ့အသုံးမပြုဖူးသေးသော်လည်း နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အလိုအလျောက် သိစိတ်အရ ထိုကိရိယာ၏ အသုံးဝင်မှုသည် သူတို့၏ လက်အစွမ်းထက် များစွာသာလွန်ကြောင်း ခံစားသိရှိနေ၏။
ထို့ပြင် ထိုမွေးညှပ်ကို ပန်းပဲဆရာနှင့် ပန်းထိမ်ဆရာတို့ ပူးပေါင်းကာ သေသေချာချာ ဖန်တီးထားခြင်းဖြစ်ပြီး မျက်နှာပြင်ကို ချောမွေ့နေအောင် သွေးထားရာ ခေတ်သစ်စတီးလ်ကဲ့သို့ပင် ပြောင်လက်နေချေသည်။
မွေးညှပ်ကို ဖြည်းညင်းစွာ ထည့်သွင်းလိုက်သည်နှင့် သားဖွားဆရာမက ဝေ့လျန်တီအား ညွှန်ကြားချက်များ စတင်ပေးလိုက်၏။
ဝေ့လျန်တီသည် နာကျင်လွန်းလှသဖြင့် သည်းမခံနိုင်တော့သော်လည်း မိခင်မေတ္တာကြောင့် စိတ်ကို ပြန်လည် တင်းထားနိုင်ခဲ့သည်။
သူမက မပီမသ အသံဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
နှစ်ယောက်သား အချိတ်အဆက်မိမိဖြင့် အားစိုက်ထုတ်လိုက်ကြသည်။
မကြာမီမှာပင် ကလေးငယ်၏ ခေါင်းလေးက တဖြည်းဖြည်း ထွက်ပေါ်လာပြီး သားဖွားဆရာမ၏ နဖူးမှ ချွေးများလည်း စီးကျလာတော့၏။
အချိန်အနည်းငယ်ကြာသောအခါ ကလေးငယ်၏ ခန္ဓာကိုယ်တစ်ဝက် ထွက်ပေါ်လာချေပြီ။
သားဖွားဆရာမသည် စိတ်အေးသွားပြီး ကျွမ်းကျင်လှသော လုပ်ငန်းစဉ်အတိုင်း သတိထားကာ ပုံမှန်လုပ်ဆောင်မှုများကို စတင်လိုက်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး တံခါးအပြင်ဘက်၌မူ သေမတတ် တိတ်ဆိတ်လျက်ရှိ၏။
ပြင်းပြင်းထန်ထန် အသက်ရှူသံများကိုသာ ကြားနေရသည်။
ဝေ့လျန်တီမှာ အသံပင် မထွက်နိုင်တော့ရာ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက လူတိုင်း၏ စိတ်ထဲတွင် ကိန်းအောင်းလာခဲ့၏။
သေသွားတာများလား။
လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အကြောက်တရားများ ပေါ်လွင်နေပြီး လက်တစ်ဖက်က ဖန်ကျန်းရီ၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ရုတ်တရက် ... သားဖွားခန်းအတွင်းမှ ကျယ်လောင်သော ကလေးငိုသံတစ်ခု ထွက်ပေါ်လာ၏။
ထိုငိုသံသည် မှောင်မိုက်နေသော ကောင်းကင်ယံကို ဖြတ်သန်းသွားသည့် လျှပ်စီးကြောင်းတစ်ခုအလား ပင်။
သားဖွားခန်းအပြင်ဘက်၌ ချက်ချင်းပင် အသက်ဝင်လာပြီး ကျင်းဘုရင်မင်းမြတ်သည် တစ်ကိုယ်လုံး တုန်ခါသွားကာ ဝမ်းသာလွန်လွန်းလှသဖြင့် ပျော်ရွှင်သည့် အရိပ်အယောင်များက မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေတော့၏။
သူက တီးတိုး ရေရွတ်လိုက်သည်။ "မွေးပြီ။ မွေးလာပြီလား။"
လီယွမ်ကျောက်သည် ကြက်သေ သေနေ၏။ ကလေးတော့ မွေးလာပြီ၊ ဝေ့လျန်တီရော အသက်ရှင်သေးရဲ့လား။
လူတိုင်း များများစားစား တွေးတောချိန်မရလိုက်ခင်မှာပင် သားဖွားခန်းတံခါးက ပွင့်လာခဲ့သည်။
သားဖွားဆရာမက ကလေးပတ်စောင်လေးကို ပွေ့ချီလျက် အခန်းတွင်းမှ ထွက်လာ၏။
ကုတင်ပေါ်တွင်တော့ ဝေ့လျန်တီကို ကြိုတင်ပြင်ဆင်ထားသော စောင်အထူကြီးများ ခြုံပေးထားပြီး မျက်လုံးများ ပွင့်နေဆဲဖြစ်ကာ ခေါင်းကို ဖြည်းညင်းစွာ လှုပ်ရှားနေသည်ကို မှုန်ဝါးဝါး မြင်တွေ့ရသည်။
သူမ၏ အကြည့်များက သားဖွားဆရာမရှိရာဘက်သို့ မျှော်လင့်တကြီး ကြည့်ရှုနေ၏။
လီယွမ်ကျောက်သည် တံခါးကို တွန်းဖွင့်ကာ ဝေ့လျန်တီ၏ အခြေအနေကို သွားရောက်ကြည့်ရှုလိုက်သည်။
ကျင်းဘုရင်မင်းမြတ်က တုန်ယင်သော အသံဖြင့် မေးလိုက်၏။ "ယောက်ျားလေးလား၊ မိန်းကလေးလား။"
သားဖွားဆရာမမှာ စကားပြန်ပြောရန် အချိန်မရလိုက်ခင်မှာပင် ဖန်ကျန်းရီက မြှားတစ်စင်းအလား ပြေးသွားပြီး ကလေးပတ်စောင်၏ ထောင့်တစ်ဖက်ကို လှန်ကြည့်လိုက်သည်။
သေးငယ်သော လိင်အင်္ဂါလေးကို မြင်လိုက်ရသောအခါ သူသည် အလွန်ဝမ်းသာသွားပြီး လည်ပင်းကြောထောင်ကာ အော်ဟစ်လိုက်၏။ "မြေးတော်လေး ရတဲ့အတွက် အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ယောက်ျားလေးပါ။ မြေးတော်လေးပါဘုရား။"
ကျင်းဘုရင်မင်းမြတ်က တုန်ယင်စွာဖြင့် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ "ငါ ... ငါ့ကို ပေးချီစမ်း။"
သားဖွားဆရာမက ထိတ်လန့်တကြားဖြင့် ကလေးပတ်စောင်လေးကို ကျင်းဘုရင်မင်းမြတ်၏ လက်ထဲသို့ ကမ်းပေးလိုက်၏။
ဖန်ကျန်းရီသည် ယောက္ခထီ’ဖြစ်သူ မြေးတော်လေးရရှိသည့် ဝမ်းသာမှုတွင် နစ်မြောနေသည်ကို မြင်သောအခါ ဘာမှထပ်မပြောတော့ပေ။
ခဏနေမှ ထပ်မြှောက်ပင့်ရမည်။ ယခုက အချိန်အခါ မဟုတ်သေးပေ။
သူသည် ခေါင်းလှည့်ကြည့်လိုက်ရာ လီယွမ်ကျောက်က ဖင်ကုန်းလျက် ဝေ့လျန်တီ၏ ကုတင်ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် သားဖွားဆရာမကို ကမန်းကတန်း ဆွဲထားပြီး မေးလိုက်၏။ "ချုပ်ပြီးပြီလား။ ပိုးသတ်ပြီးပြီလား။"
သားဖွားဆရာမ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ အပြည့်ရှိနေသော်လည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ "အကုန်လုပ်ပြီးပါပြီ။"
ဖန်ကျန်းရီက ဝမ်းသာအားရဖြင့် ပြောလိုက်၏။ "အရမ်းတော်တယ်။ ခင်ဗျားတို့ နန်းတော်ထဲမှာနေပြီး ဝေ့လျန်တီကို ပြုစုပေးကြအုံး။ နောက်ကျရင် တောက်ယွမ်ဆေးခန်းကိုပြန်ပြီး တစ်ယောက်ကို ငွေစတစ်ရာစီ သွားထုတ်ကြ။ နောက်ဆို ခင်ဗျားတို့ ဆေးခန်းမှာပဲနေပြီး သားဖွားမီးယပ်ဌာနမှာ အလုပ်လုပ်ရမယ်။ ခံစားခွင့်တွေ အများကြီး ပေးထားမယ်။"
သားဖွားဆရာမ နှစ်ယောက်စလုံးသည် အလွန်ဝမ်းသာသွားကြပြီး ကမန်းကတန်း အရိုအသေပေးလိုက်ကြသည်။
လီယွမ်ကျောက်သည် ဝေ့လျန်တီကို စိုးရိမ်တကြီး ကြည့်နေပြီး ချွေးများ ရွှဲနစ်နေသော သူမ၏ ဆံပင်များကို သပ်တင်ပေးလိုက်၏။
"ဘယ်လိုနေသေးလဲ။"
"နာတယ် ... ကျွန်မ ... ဘာမှမဖြစ်ပါဘူး။ ကလေးကရော ... ယောက်ျားလေးလား၊ မိန်းကလေးလား။"
ဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်တာ ကောင်းတယ်။
အချိန်အတော်ကြာ စိုးရိမ်နေခဲ့ရသော လီယွမ်ကျောက်သည် ယခုမှသာ အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ "ယောက်ျားလေးပါ။ စိတ်အေးအေးထားပြီး အနားယူလိုက်ပါ။ မနက်ဖြန်မှ ကလေးကို ကြည့်တာပေါ့။ ခဏနေရင် ဆေးလာပို့လိမ့်မယ်။ အကုန်သောက်လိုက်နော်။"
ဝေ့လျန်တီသည်လည်း လုံးဝ စိတ်အေးသွားပြီး အားနည်းစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
ကျင်းဘုရင်မင်းမြတ်မှာမူ ကလေးကိုပွေ့ချီထားရင်း ရူးသွပ်မတတ် ဖြစ်နေပြီး ပျော်ရွှင်မှုကြောင့် ခေါင်းများပင် မူးဝေလာခဲ့သည်။
အမြဲတမ်း တောင့်တနေခဲ့ရသော မြေးလေးသည် ယခုအခါ သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။
ယခုအခါ တစ်ပြည်လုံး အေးချမ်းသာယာနေပြီ ဖြစ်သည်။ သို့ပေမည့် သူ့ကို အစိုးရိမ်ရဆုံးဖြစ်စေသည်က အိမ်ရှေ့စံတွင် သားသမီး မရှိသေးခြင်းပင်။ ယခုတော့ နောက်ဆုံးတွင် ရရှိခဲ့ပြီ။
တိုင်းပြည်၏ အနာဂတ်က ရှည်ကြာလှပေဦးမည် ... အတွေးပေါင်းများစွာက ကျင်းဘုရင်မင်းမြတ်၏ ခေါင်းထဲတွင် ဆက်တိုက် ပေါ်ထွက်လာတော့၏။
ဖန်ကျန်းရီသည်လည်း ဘေးတွင်ရပ်လျက် အရူးတစ်ယောက်လို ပြုံးရွှင်နေပြီး ကံကောင်းစေသော အရာတစ်ခုအလား ပျော်ရွှင်ဖွယ်ကောင်းသော လေထုကို ဖန်တီးပေးနေသည်။
ထုံဆေးများကို ဝေ့လျန်တီအား တိုက်ပြီးနောက် လီယွမ်ကျောက်သည်လည်း လျှောက်လာခဲ့၏။
ကလေးပတ်စောင်ထဲမှ ကလေးကို ငုံ့ကြည့်လိုက်ပြီး စောင်ထောင့်ကိုလှန်ကာ သေချာအောင် ထပ်မံကြည့်ရှုလိုက်ရာ စိတ်ထဲတွင် ချက်ချင်းပင် ဂုဏ်ယူဝင့်ကြွားလာတော့သည်။
သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။ "ကျုပ်နဲ့တူတာ မဆန်းပါဘူး။ တကယ့်ကို မြေးတော်လေးပဲ။ ခမည်းတော် ... ကြည့်စမ်းပါ။"
ကျင်းဘုရင်မင်းမြတ်က ခေါင်းတညိတ်ညိတ်ဖြင့် ဝမ်းသာအားရ ပြောလိုက်သည်။ "မြေးတော်လေးပဲ ... ငါကိုယ်တော်မှာ မြေးတော်လေး ရှိသွားပြီ။ ငါတို့ တာ့ကျင်းတိုင်းပြည်အတွက် မျှော်လင့်ချက် ရှိသွားပြီ။"
လီယွမ်ကျောက်၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာထားက ချက်ချင်းပင် အေးခဲသွားတော့၏။
တာ့ကျင်းတိုင်းပြည်အတွက် မျှော်လင့်ချက် ရှိသွားပြီ ဟုတ်လား။ တာ့ကျင်းတိုင်းပြည်အတွက် မျှော်လင့်ချက် ရှိသွားပြီဆိုတာ ဘာအဓိပ္ပာယ်လဲ။
ကျုပ်က ငယ်သေးတယ်။ အသက်လည်းရှင်နေသေးတယ်။ ကျုပ်က အဲဒီလောက်တောင် အသုံးမကျဘူးလား။
လီယွမ်ကျောက်၏ အပြုံးများ ပျောက်ကွယ်သွားပြီး ဖန်ကျန်းရီထံသို့ အကြည့်ရောက်သွားကာ သူ၏ တည်ရှိမှုကို ရှာဖွေရန် ကြိုးစားလိုက်သည်။
ကျင်းဘုရင်မင်းမြတ်၏ စိတ်လှုပ်ရှားမှုများ လျော့ကျသွားသည်ကို မြင်သောအခါ ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်များက ပိုမို ကွေးညွတ်သွား၏။
သူသည် ကျင်းဘုရင်မင်းမြတ်၏ အနီးသို့ တိုးကပ်သွားပြီး ကလေးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "အရှင်မင်းကြီး ... ကြည့်တော်မူပါ။ သူက အရှင်မင်းကြီးနဲ့ တရုပ်တည်းပဲ။ တခြားဟာတွေကို မပြောနဲ့အုံး၊ ဒီမျက်လုံးက အရှင်မင်းကြီးနဲ့ ဘယ်လောက်တောင် တူလိုက်သလဲ။
ဒီဟာကို ကြည့်ခြင်းအားဖြင့် မြေးတော်လေးက အနာဂတ်မှာ အကြီးအကဲတစ်ယောက် ဖြစ်လာမှာ သေချာတယ်။ တကယ့်ကို ဉာဏ်ပညာကြီးမားတဲ့ ရှင်ဘုရင်တစ်ပါး ဖြစ်လာမှာပဲ။ ကျွန်တော်မျိုးတို့ တာ့ကျင်းတိုင်းပြည်အတွက် မျှော်လင့်ချက် ရှိသွားပြီ။ နောင်အခါမှာ သေချာပေါက် တိုးတက်လာလိမ့်မယ်။ တိုးတက်လာလိမ့်မယ်။"
"ဟုတ်လား။ ဟားဟား ဟားဟား"
ချက်ချင်းပင် ကျင်းဘုရင်မင်းမြတ်၏ ရယ်မောသံက အရှေ့နန်းဆောင်၏ အနောက်ဘက်ဆောင်သို့ ဖောက်ထွက်သွားပြီး အဝေးသို့တိုင် ပျံ့နှံ့သွားတော့၏။
လီယွမ်ကျောက်မှာ အသက်ရှူပင် ကျပ်လာပြီး နောက်ဆုံးတွင် လက်တွေ့အခြေအနေကို မတတ်သာဘဲ လက်ခံလိုက်ရသည်။
သူက လျစ်လျူရှုခံလိုက်ရပြီ။ စွန့်ပစ်ခံလိုက်ရပြီ ... အရင်းနှီးဆုံး ရဲဘော်ရဲဘက်ကတောင် သူ့ကို သစ္စာဖောက်သွားပြီ။
ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "အရှင်မင်းကြီး ... မြေးတော်လေးအတွက် နာမည်ပေးသင့်ပါပြီ။"
"ငါကိုယ်တော် စဉ်းစားထားပြီးပြီ။ သူ့ကို လီယွီလို့ ခေါ်မယ်။"
ဖန်ကျန်းရီက လက်မထောင်ပြလိုက်ပြီး ဆက်တိုက် ချီးကျူးလိုက်သည်။ "အပြစ်အနာအဆာကင်းတဲ့ ကျောက်စိမ်းလေး။ နာမည်ကောင်းပဲ။ နာမည်ကောင်းပဲ။ အချိန်တိုအတွင်းမှာ ဒီလောက် အဓိပ္ပာယ်နက်နဲပြီး မိသားစုမေတ္တာတွေ ပြည့်နှက်နေတဲ့ နာမည်ကို ပေးနိုင်တာ အရှင်မင်းကြီးရဲ့ ဉာဏ်ပညာက တကယ့်ကို အံ့မခန်းပါပဲ။"
ကျင်းဘုရင်မင်းမြတ်၏ အားရပါးရ ရယ်မောသံများက ထပ်မံ ထွက်ပေါ်လာပြန်၏။
အသံကျယ်လွန်း၍ ဖြစ်မည်။ ကလေးပတ်စောင်ထဲမှ လီယွီက ရုတ်တရက် လန့်နိုးလာပြီး အော်ဟစ် ငိုယိုတော့သည်။
ဤသည်က ကျင်းဘုရင်မင်းမြတ်ကို ဘာလုပ်ရမှန်း မသိဖြစ်သွားစေပြီး သားဖွားဆရာမကို ကမန်းကတန်း မေးလိုက်၏။ "ဘာဖြစ်လို့ ရုတ်တရက်ကြီး ငိုတာလဲ။"
"ဆာလို့ပါ။ ဒါက ဆာလို့ပါ။ အရှင်မင်းကြီး မြန်မြန် နို့ထိန်းဆီကို ပေးပြီး နို့တိုက်ခိုင်းလိုက်ပါ။"
ကျင်းဘုရင်မင်းမြတ်က ဆက်တိုက် ပြောလိုက်သည်။ "ဟုတ်တယ် .. ဟုတ်တယ်။ နို့ထိန်း ဘယ်မှာလဲ .. မြန်မြန် ပို့ပေးလိုက်။"
အရှေ့နန်းဆောင်တွင် နို့ထိန်းကို ကြိုတင် ပြင်ဆင်ထားသည်ဖြစ်ရာ ကျင်းဘုရင်မင်းမြတ်၏ အမိန့်ပေးသံနှင့်အတူ လူရောက်လာပြီး လီယွီကို ပွေ့ချီကာ နို့တိုက်ရန် ခေါ်သွားတော့၏။
မြေးတော်လေး၏ ကျောပြင် ဝေးကွာသွားသည်ကို ကြည့်ရင်း ကျင်းဘုရင်မင်းမြတ်က သက်ပြင်းချလိုက်သည်။ "ကောင်းတယ်။ ကောင်းတယ်။ ဒီတစ်ခေါက် ဝေ့လျန်တီ ဘေးအန္တရာယ်ကင်းကင်းနဲ့ မြေးတော်လေး အဆင်ပြေပြေ မွေးဖွားနိုင်တာ ဝမ်မုန်ရဲ့ ကျေးဇူးအများဆုံးပဲ။"