အခန်း ၇၂၄
Vol. 38 Ch. 724
အပိုင်း (၇၂၄) ဘဏ္ဍာရေးဝန်ကြီးဌာန ဗျူဟာ။
မြေးတော်လေး မွေးဖွားလာခြင်းက တစ်လောကလုံးကို ပျော်ရွှင်စေ၏။
တရားဝင် မိဖုရားကြီးမှ မွေးဖွားသော သားဦးမဟုတ်သော်လည်း ကျင်းဘုရင်မင်းမြတ်က ဘိုးဘွားကန်တော့ပွဲကို အထူးတလည် ကျင်းပခဲ့သည်။
မှူးမတ်အရာရှိများလည်း မည်သူကမျှ သဘောထားကွဲလွဲမှု မရှိကြပေ။ လူတိုင်းက နှစ်ပေါင်းများစွာ မျှော်လင့်နေခဲ့ကြခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေ လီယွမ်ကျောက်သည် အသက်နှစ်ဆယ်ကျော်မှ ပထမဆုံး ကလေးရခြင်းဖြစ်ရာ ... သူ၏ မျိုးဆက်ပွားနိုင်စွမ်းက တကယ့်ကို စိုးရိမ်စရာပင်။
နောင်ကိစ္စ နောင်မှ ပြောကြတာပေါ့။ မည်သို့ပင်ဖြစ်စေ ယခုတော့ မျှော်လင့်ချက် ရှိသွားပြီ။
ဖန်ကျန်းရီသည် ထိုကိစ္စများကို ဂရုမစိုက်ပေ။ ကလေး ဘေးကင်းကင်းနှင့် မွေးဖွားလာလျှင် ရပြီ။ အခြားသူများ ဘယ်လိုပဲ ကျင်းပချင်ကျင်းပပါစေ။
သူ၏ ကိုယ်ပိုင်သားကိုပင် လိုက်မကြည့်နိုင်သေးဘဲ အစီရင်ခံစာရေးရန် အလုပ်ရှုပ်နေရသည်။
ဆက်တိုက် ရက်အတော်ကြာအောင် ကုန်သွယ်မှုဖွင့်လှစ်ခြင်း အချက်ဆယ်ချက်ကို သေချာစွာ ပြင်ဆင်ခဲ့သည်။ သီအိုရီ၊ ယုတ္တိဗေဒနှင့် လက်တွေ့ ဥပမာများ အားလုံး ပြည့်စုံနေ၏။
အကယ်၍ နန်းတော်က ပြည်သူများအပေါ် ကန့်သတ်ချက်များစွာကို မဖြေလျှော့ပေးနိုင်လျှင် စီးပွားရေးကလည်း လျင်မြန်စွာ တိုးတက်လာနိုင်မည် မဟုတ်သလို အရင်းအနှီးဆိုသည်မှာလည်း ပေါ်ထွက်လာရန် အကြောင်းမရှိပေ။
ယခုအခါ စားနပ်ရိက္ခာများ ပေါများနေသော်လည်း ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေက နန်းတော်ကို တဖြည်းဖြည်း အပြောင်းအလဲလုပ်ရန် ဖိအားပေးလာလိမ့်မည်။
သို့သော်လည်း သူက ဆုံးဖြတ်ပြီးပြီ ဖြစ်ရာ စောင့်ဆိုင်းနေရန် မဖြစ်နိုင်တော့ဘဲ ဤလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရမည်။
သို့မဟုတ်လျှင် အချိန်ခရီးသွားသူ၊ ဝိညာဉ်ကူးပြောင်းရောက်ရှိသူဟု ဘယ်လိုလုပ် ခေါ်နိုင်မည်နည်း။ ပြဿနာရှာဖို့ ထွက်လာပြီးမှတော့ အောင်မြင်အောင် လုပ်ရမည် မဟုတ်ပါလား။
ဤတစ်ခေါက် ကျင်းဘုရင်မင်းမြတ် စိတ်အခြေအနေ ကောင်းနေချိန်ကို အခွင့်ကောင်းယူ၍ တင်ပြလိုက်လျှင် အတည်ပြုခံရမည့် မျှော်လင့်ချက် အနည်းငယ် ရှိကောင်းရှိနိုင်၏။
သို့ပေမည့် ဖန်ကျန်းရီ၏ မျှော်လင့်ချက်က မကြာမီမှာပင် ပျက်သုဉ်းသွားတော့သည်။
ထိုအစီရင်ခံစာသည် ပင်လယ်ထဲသို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ပေ။
မထင်မှတ်ထားသော ကိစ္စများ မရှိပါက မထုတ်ပြန်ဘဲ ချန်ထားခံလိုက်ရခြင်းပင်။
ယခုအချိန်တွင် ဖန်ကျန်းရီသည် စုံစမ်းထောက်လှမ်းရေးဌာနအတွင်း၌ အစီရင်ခံစာကို ပြင်ဆင်ရေးသားရန် အလုပ်ရှုပ်နေပြီး ထပ်မံတင်ပြရန် ပြင်ဆင်နေ၏။
ချန်တယ်ရှန်းက ဘေးဘက် အောက်ခြေခုံတွင် ထိုင်လျက် လက်ဖက်ရည်ဆက်သနေပြီး အားလပ်ချိန်တွင် ဖန်ကျန်းရီ၏ လက်တစ်ကမ်းရှိ ကျင်းယီဝေတပ်ဖွဲ့၏ ရုံးစာများကို ယူ၍ သေချာစွာ စစ်ဆေးနေသည်။
ရုံးစာ အများစုကို ဖန်ကျန်းရီက သူ့ကို ကိုင်တွယ်ဖြေရှင်းရန် ပေးထားပြီး ကိုယ်တိုင် ဝင်မစွက်ဖက်တော့ပေ။
အချိန်အတော်ကြာပြီးနောက် ဖန်ကျန်းရီက ပြင်ဆင်ပြီးသော အစီရင်ခံစာကို ခေါက်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။
ဤတစ်ကြိမ် ပြင်ဆင်မှုတွင် အရေးကြီးအချက်များ အများကြီး လျော့နည်းသွားပြီး ခံစားချက်များနှင့် မြှောက်ပင့်မှုများစွာ ပါဝင်လာခဲ့သည်။
သို့သော်ငြား ဖန်ကျန်းရီက အလွန်ကျေနပ်နေပြီး သူ၏ စာပေအဆင့်အတန်း ထပ်မံ တိုးတက်လာပြီဟု ခံစားနေရ၏။
နောက်တစ်ကြိမ် အမှားအယွင်းမရှိ စစ်ဆေးပြီးနောက် အစီရင်ခံစာကို ချန်တယ်ရှန်း၏ စားပွဲပေါ်သို့ တိကျစွာ ပစ်တင်လိုက်သည်။ "လောင်ချန် ... ကျုပ်ရေးထားတာ ဘယ်လိုနေလဲ ကြည့်စမ်း။"
ချန်တယ်ရှန်းက မပေါ့ဆရဲဘဲ လက်ထဲမှ ရုံးစာကို ချထားကာ အစီရင်ခံစာကို ယူ၍ သေချာစွာ ဖတ်ရှုပြီးနောက် ပြောလိုက်၏။ "သခင်လေး ... အမှန်အတိုင်းပြောရရင် အရင်တစ်ခေါက် ရေးထားတာလောက် မကောင်းဘူး။ အထဲမှာ ရေတွေ အများကြီး ရောထားသလို ခံစားရတယ်။"
"ဒါကို ခင်ဗျား နားမလည်ဘူး။ အနှစ်ချည်းပဲဆိုရင် ဘယ်သူမှ မဖတ်ချင်ဘူး။ ရေနည်းနည်း ရောလိုက်မှ ချောမွေ့သွားတာ။ ပြီးတော့ တခြားလူတွေရဲ့ အစီရင်ခံစာတွေက ပါးပါးလေးတွေပဲ။ သခင်လေးရဲ့ အစီရင်ခံစာကသာ ဒီလောက် ထူတာ။ လူဆိုတာ ထူတာကို အရင်ရွေးဖတ်ချင်ကြတယ် မဟုတ်လား။"
"သခင်လေးက ဉာဏ်ကောင်းလိုက်တာ။"
ချန်တယ်ရှန်းက ချီးကျူးလိုက်သည်။ "စာလုံးအရေအတွက် များတာက အကြောင်းအရာ ပါတာပဲ။ ဒါပေမဲ့ ... သခင်လေး ... ဒီထဲက အဓိကအချက်တွေက ဘာမှမပြောင်းလဲဘူး။ ခရိုင်တစ်ခုကို ရွေးပြီး စီးပွားရေး စမ်းသပ်မှု လုပ်တာက အရမ်း ပြင်းထန်လွန်းနေမလား။ ရှေးတည်းက လယ်ယာစိုက်ပျိုးရေးကို ဦးစားပေးပြီး ကုန်သွယ်ရေးကို အထင်အမြင်သေးတာက လူတွေရဲ့ စိတ်ထဲမှာ စွဲမြဲနေပြီ။ ကျုပ်ရဲ့ အတွေ့အကြုံအရဆိုရင် အထက်က လုံးဝ သဘောတူမှာ မဟုတ်ဘူး။ ဒါကြောင့် ... မတင်ပြတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ အရှင်မင်းကြီးကို ဒေါသထွက်စေမှာ စိုးလို့ပါ။"
ဖန်ကျန်းရီက လက်နှစ်ဖက်ကို ဖြန့်ကာ သက်ပြင်းချလိုက်၏။ "ဘယ်သူက မဟုတ်ဘူးလို့ ပြောလဲ။ ဒါပေမဲ့ ကျုပ်က မတင်ပြဘူးဆိုရင် ဘယ်သူမှ ဒီလိုစိတ်ကူးမျိုး ရပြီး တင်ပြမှာမဟုတ်ဘူး။ ဒါပေမဲ့ အစီရင်ခံစာ တင်ပြလိုက်တာကို ထုတ်တောင် မထုတ်လာဘူးလို့ မထင်ထားဘူး။ ဆွေးနွေးကြည့်ရင်တောင် ကောင်းသား။ ထားလိုက်ပါတော့။ ခင်ဗျားပြောတာလည်း အကြောင်းပြချက် ရှိပါတယ်။ အစီရင်ခံစာကို ကျုပ်ကိုပေး။ ပြီးတော့ လက်ဆောင်တစ်ခု ပြင်ပေးအုံး။ ကျုပ် ဘဏ္ဍာရေးဝန်ကြီးဌာနကို သွားလိုက်အုံးမယ်။"
ချန်တယ်ရှန်းက မေးလိုက်သည်။ "သခင်လေး ဘဏ္ဍာရေးဝန်ကြီးဌာနကို ဘာသွားလုပ်မလို့လဲ။"
"ကျုပ်အတွက် ပြောပေးမယ့် လူတစ်ယောက်ကို သွားရှာမလို့။ ဩဇာတိက္ကမရှိတဲ့ လူတစ်ယောက်ကို ရှာရမယ်။"
"ဘာလက်ဆောင် ပြင်ပေးရမလဲ။"
"လက်ဖက်ခြောက်နဲ့ မုန့်နည်းနည်းဆို ရပြီ။ အရမ်းဈေးကြီးတာတွေ ရွေးစရာမလိုဘူး။"
...
ဘဏ္ဍာရေးဝန်ကြီးဌာန။
ရှီဝမ်ရှူသည် ရုံးခန်းအတွင်း၌ ထိုင်လျက် မွှေးကြိုင်သော လက်ဖက်ရည်ကို သောက်ရင်း အပျင်းပြေ စာအုပ် ဖတ်နေ၏။
ဘဏ္ဍာရေးဝန်ကြီးဌာနသည် အလုပ်ရှုပ်သော်လည်း အားလပ်ချိန် အနည်းငယ်တော့ ရှိသည်။ အမြဲတမ်း ဂဏန်းများနှင့် ရုံးစာများကို ရင်ဆိုင်နေရခြင်းက ခေါင်းကိုက်စရာပင်။
ယနေ့ ရှာတွေ့သော စာအုပ်လေးက အနည်းငယ် စိတ်ဝင်စားစရာ ကောင်း၏။ အိမ်ကနေ ယူလာခြင်းဖြစ်ပြီး သားဖြစ်သူ ဝယ်ထားသော စာအုပ်ဖြစ်သည်။
ထူးဆန်းထွေလာ ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်ပြီး တောက်ယွမ်ခရိုင်မှ ထွက်ပေါ်လာသည်ဟု ကြားရ၏။
သို့ပေမည့် အကြောင်းအရာက ဖတ်ရသည်မှာ အတော်လေး အသစ်အဆန်းဖြစ်ပြီး စိတ်ဝင်စားစရာကောင်းရာ အနားယူရန်အတွက် အနေတော်ပင်။
စာအုပ်က မထူသလို ဖတ်ရလွယ်ကူသဖြင့် ရှီဝမ်ရှူသည် မကြာမီမှာပင် အဆုံးသို့ ရောက်ရှိသွား၏။
ရုတ်တရက် လူတစ်ယောက်က လာရောက်သတင်းပို့သည်။ "သခင်ကြီး ... ကျင်းယီဝေတပ်ဖွဲ့ တပ်မှူးချုပ် သခင်လေးဖန် လာတွေ့ပါတယ်။"
ကျင်းယီဝေ။ ဖန်ကျန်းရီ။
ရှီဝမ်ရှူသည် ချက်ချင်းပင် လန်းဆန်းသွားပြီး စာအုပ်ကို ဘေးသို့ချကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "မြန်မြန် ခေါ်လာခဲ့။"
မကြာမီမှာပင် ဖန်ကျန်းရီက ပြုံးရွှင်လျက် အထုပ်ကြီးအထုပ်ငယ်များကို ဆွဲကာ ရုံးခန်းအတွင်းသို့ ဝင်လာ၏။
ရှီဝမ်ရှူ၏ စိတ်ထဲတွင် သံသယဖြစ်သွားပြီး မတ်တတ်ရပ်ကာ ပြုံးလျက် ကြိုဆိုလိုက်သည်။ "ရှားရှားပါးပါး ဧည့်သည်ကြီးပါလား။ သခင်လေးဖန် ဒီနေ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို ဘာကိစ္စရှိလို့ လာတာလဲ။"
"ကိစ္စလား။ မရှိပါဘူး။ အားနေတာနဲ့ အရင်တစ်ခေါက် ခင်ဗျားနဲ့ ထမင်းစားတုန်းက လက်ဖက်ခြောက် နည်းနည်းပေးမယ်လို့ ပြောထားတာ သတိရလို့ လာခဲ့တာ။"
ဖန်ကျန်းရီက ထိုသို့ပြောပြီးနောက် လက်ထဲမှ ပစ္စည်းများကို မြှောက်ပြလိုက်၏။
ရှီဝမ်ရှူက မျက်တောင်ခတ်ကာ ခေါင်းထဲတွင် သေချာစွာ ပြန်စဉ်းစားလိုက်သည်။
အရင်တစ်ခေါက် ထမင်းစားတာ အချိန်အတော်ကြာနေပြီ ... လက်ဖက်ခြောက် ပေးမယ်လို့ ပြောခဲ့ဖူးလို့လား။
"သခင်လေးဖန် ... ထိုင်ပါ။ လာကြစမ်း။ သခင်လေးဖန်ကို လက်ဖက်ရည် ဆက်သလိုက်။"
ရှီဝမ်ရှူက ပြောလိုက်၏။ "လာတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ လက်ဆောင်ကတော့ ထားလိုက်ပါ။ ကျုပ်အိမ်မှာလည်း လက်ဖက်ခြောက် မရှားပါဘူး။ စေတနာကို လက်ခံပါတယ်။ ပစ္စည်းတွေကိုတော့ ပြန်ယူသွားလိုက်ပါ။"
ဖန်ကျန်းရီက ထိုင်ချလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "တန်ဖိုးကြီးပစ္စည်းတွေ မဟုတ်ပါဘူး။ အပြင်မှာ ခေတ်စားနေတဲ့ အစားအစာတွေပါ။ ယူထားလိုက်ပါ။ ကျုပ် သယ်ရတာလည်း လေးနေပြီ။"
ထိုသို့ပြောရင်း စက္ကူထုပ်တစ်ခုကို ဖွင့်ပြလိုက်ရာ အတွင်းမှ လက်ဖက်ရည်နှင့် စားသော မုန့်များ ထွက်ပေါ်လာ၏။
သာမန်ပစ္စည်းများသာ ဖြစ်သည်ကို မြင်သောအခါ ရှီဝမ်ရှူသည် သက်ပြင်းချလိုက်သည်။ "ဒါဆိုလည်း ကောင်းပါပြီ။ သယ်ရတာ အဆင်မပြေဘူးဆိုတော့ ကျုပ် အားမနာတော့ဘူးနော်။"
ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက် ဖန်ကျန်းရီက ပြန်မည့်ပုံမပေါ်သည်ကို မြင်သောအခါ ရှီဝမ်ရှူက စမ်းသပ် မေးမြန်းလိုက်၏။ "သခင်လေးဖန် ... ကိစ္စမရှိဘဲ လာမှာမဟုတ်ပါဘူး။ ကျုပ် ရာထူးတက်ကတည်းက သခင်လေး ဘဏ္ဍာရေးဝန်ကြီးဌာနကို လာတာ ဒါပထမဆုံးအကြိမ်ပဲ မဟုတ်လား။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ ဒီမှာ ပြင်ပလူ မရှိပါဘူး။"
ဖန်ကျန်းရီက လက်ထဲမှ အစီရင်ခံစာကို စမ်းကြည့်ပြီး အနည်းငယ် တွေးတောကာ အရင်မထုတ်သေးရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ပြုံးလျက် ပြောလိုက်၏။ "တကယ် အရေးကြီးကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ မေးစရာ မေးခွန်းတချို့တော့ ရှိတယ် ... အကြံဉာဏ် တောင်းချင်လို့ပါ။"
ရှီဝမ်ရှူ၏ စိတ်ထဲတွင် သတိဝင်သွားသည်။ "ပြောကြည့်ပါ။"
"အရင်တုန်းက မြို့တော်က အရာရှိငယ်တွေ ဒါမှမဟုတ် ရုံးတော်တွေက ကုန်သည်တွေနဲ့ ပြည်သူတွေကို ခေါင်းပုံဖြတ်တဲ့ အခြေအနေတွေ ရှိခဲ့တယ်ဆိုတာကို အမတ်ကြီးရှီ သိမှာပါ။ ဒါပေမဲ့ ကျင်းယီဝေတပ်ဖွဲ့ တည်ထောင်ပြီးတည်းက ဒီလို တရားမဝင်တဲ့ ကိစ္စတွေကို နှိမ်နင်းဖို့ ကျင်းယီဝေက အမြဲတမ်း ကြိုးစားနေခဲ့တယ်။ ဒါကြောင့် ... ကျင်းယီဝေရဲ့ ဒီလောက်ကြာတဲ့ လုပ်ဆောင်ချက်တွေက တန်ဖိုးကို ပြသသင့်ပြီလို့ ထင်ပါတယ်။
အကယ်၍ ပြည်သူ့ကုန်သည်တွေက အနှောင့်အယှက်မရှိ ပုံမှန် စီးပွားရေးလုပ်နိုင်မယ်ဆိုရင် နန်းတော်က ကောက်ခံရရှိတဲ့ မြို့တော်ရဲ့ ကုန်သွယ်လုပ်ငန်းခွန်ကလည်း တိုးတက်လာသင့်တယ် မဟုတ်လား။ ကျုပ်လာတာက ဒီနှစ် နန်းတော်က မြို့တော်ကနေ ကောက်ခံရရှိတဲ့ ကုန်သွယ်လုပ်ငန်းခွန် တိုးလာသလား၊ ဘယ်လောက် တိုးလာသလဲ ဆိုတာကို မေးချင်လို့ပါ။ ကျင်းယီဝေရဲ့ အလုပ်ရလဒ်ကို အတည်ပြုချင်လို့ပါ။ လိုအပ်ချက်တွေ ရှိရင် အောက်ခြေကို တွန်းအားပေးပြီး ပြုပြင်ပြောင်းလဲခိုင်းဖို့ပါ။"
ဪ ... ဒီလိုကိုး။
ရှီဝမ်ရှူသည် စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ "သခင်လေးဖန် ... ကျင်းယီဝေရဲ့ လုပ်ဆောင်ချက်တွေက တကယ်ပဲ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါပေမဲ့ ဒီအခွန်ငွေက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လျှို့ဝှက်ချက် ဖြစ်နေလို့ ..."
ဖန်ကျန်းရီက သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေပြီး လုံးဝ မလှုပ်ရှားပေ။
ရှီဝမ်ရှူက အနေခက်စွာဖြင့် ပြုံးလိုက်သည်။ "မြို့တော်အတွက်ဆိုရင်တော့ ပြောပြလို့ရပါတယ်။ မနှစ်ကထက် နှစ်ဆယ်ရာခိုင်နှုန်း တိုးလာတယ်။ ကျင်းယီဝေကြောင့် အခွန်ရှောင်တာ၊ အခွန်လိမ်တာတွေက ယခင်နှစ်တွေထက် အများကြီး လျော့နည်းသွားတယ်။ ... သေချာတာပေါ့ ဒီလောက်တိုးလာတာက တခြား အကြောင်းအရင်းတွေလည်း ရှိတာပေါ့။"
ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်၏။ "ကောင်းတာပေါ့။ နန်းတော်အတွက် အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုရင် ကျုပ် ကျေနပ်ပါပြီ။"
ရုတ်တရက် စကားလွှဲကာ ပြောလိုက်သည်။ "ဒါပေမဲ့ ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေက ဒီလောက်ကြီးမားတဲ့ တိုးတက်မှုရှိလာတော့ အမတ်ကြီးရှီ ... နောင်တစ်ချိန်မှာ လယ်ယာခွန်နေရာကို အစားထိုးနိုင်မယ်လို့ ထင်သလား။ အကယ်၍ ကုန်သည်တွေရဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးပြီး ဒေသအသီးသီးက အကောက်ခွန်တွေကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေက ..."
ရှီဝမ်ရှူက လက်ကာပြကာ မျက်မှောင်ကြုတ်လိုက်၏။ "လုံးဝ မဖြစ်နိုင်ဘူး။ ပညာရှိပြီး ဥစ္စာပေါများရင် သူတို့ရဲ့ ရည်မှန်းချက်ကို ထိခိုက်စေတယ်။ မိုက်မဲပြီး ဥစ္စာပေါများရင် သူတို့ရဲ့ အပြစ်တွေကို ပိုကြီးထွားစေတယ်။ ကုန်သည်တွေက အမြတ်အစွန်း နောက်ကလိုက်တာဖြစ်လို့ ဒီလိုအကျင့်စရိုက်ကို ပိုအားပေးသလို ဖြစ်နေတယ်။ ပြီးတော့ ချမ်းသာတဲ့သူတွေက လူအများရဲ့ မနာလိုမှုကို ခံရတတ်တယ်။ ကုန်သည်တွေ ကြီးပွားလာတာက တခြားပြည်သူတွေကို မနာလိုဖြစ်စေပြီး အဓိကရုဏ်းတွေ ဖြစ်လာနိုင်တယ်။ အကယ်၍ လူတွေရဲ့ စိတ်က မတည်မငြိမ် ဖြစ်လာရင် ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ပျက်စီးဖို့ သိပ်မလိုတော့ဘူး။"
"အကြောင်းပြချက် ရှိပါတယ်။ အကြောင်းပြချက် ရှိပါတယ်။" ဖန်ကျန်းရီက နှုတ်မှ ထောက်ခံလိုက်သော်လည်း စိတ်ထဲတွင်မူ အလွန် အထင်အမြင်သေးနေမိသည်။
နန်းတော်ထဲက ဒီလူတွေ အကုန်လုံးက သူတို့ဇာတိမှာ မြေပိုင်ရှင်ကြီးတွေချည်းပဲ။ အိမ်မှာ အစေခံတွေက တိမ်တိုက်တွေလို များပြားပြီး စီးပွားရေးလုပ်ငန်းတွေကလည်း မရေမတွက်နိုင်ဘူး။
ပါးစပ်ကတော့ ရိုးသားဖြောင့်မတ်တယ်၊ ဆင်းရဲစွာ နေထိုင်တယ်လို့ ပြောနေကြပေမဲ့ ကွယ်ရာမှာ ဘယ်သူ့ထက်မဆို ပိုပြီး အပျော်အပါး မက်ကြတယ်။
ကျင်းယီဝေက စောစောကတည်းက သူတို့အကြောင်းကို အကုန်သိနေပြီ။ အခုမှ လာပြီး ဟန်ဆောင်နေတာ တကယ့်ကို အရှက်မရှိတာပဲ။