အခန်း ၇၂၅
Vol. 38 Ch. 725
အပိုင်း (၇၂၅) ဘဏ္ဍာရေးအမတ်ချုပ် အိမ်တော်သို့ အလည်သွားခြင်း။
အမတ်ကြီးရှီဝမ်ရှူထံသို့ အကူအညီတောင်းခံရန် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သော ဖန်ကျန်းရီသည် ထင်ထားသည့်အတိုင်းပင် ရည်ရွယ်ချက် မအောင်မြင်ခဲ့ချေ။ သို့ပေမည့် သူထွက်ခွာခါနီးတွင် စားပွဲပေါ်ရှိ 'အနောက်ဘက်သို့ ခရီးသွားမှတ်တမ်း' စာအုပ်ကို မြင်သောအခါ ထိုစာအုပ်၏ မူရင်းစာရေးဆရာမှာ သူကိုယ်တိုင်ဖြစ်ကြောင်း ပေါ့ပေါ့ပါးပါး ဖွင့်ဟလိုက်သည်။
ထိုအရာက အမတ်ကြီးရှီအား အလွန်အမင်း အံ့အားသင့်သွားစေခဲ့ပြီး ကျမ်းစာပင့်သည့်ခရီးစဉ်၌ မိန်းမတိုင်းပြည်အကြောင်းကို ရည်ညွှန်းကာ ယောက်ျားအချင်းချင်းသာ နားလည်နိုင်သော အပြုံးမျိုးဖြင့် နှစ်ယောက်သား သဘောတကျ ရယ်မောလှလိုက်ကြ၏။
သို့သော်လည်း အိမ်သို့ပြန်ရောက်ချိန်မှာတော့ အမတ်ကြီးရှီ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများက အထင်းသား ဖုံးလွှမ်းလျက်ရှိနေသည်။ သားဖြစ်သူ ရှီဟုန်ချိုက်က ထူးဆန်းနေသော ဖခင်ဖြစ်သူအား စိုးရိမ်တကြီး မေးမြန်းသည့်အခါတွင် သူက နန်းတွင်း၌ ရက်စက်လှည့်စားတတ်သည့် ဖန်ကျန်းရီကဲ့သို့ လူမျိုးက ယခုလို ယဉ်ကျေးပျူငှာစွာ လာရောက်ဆက်ဆံခြင်းသည် တကယ့်ကို နိမိတ်မကောင်းသည့် အခြေအနေဖြစ်ကြောင်း လေးနက်စွာ ရှင်းပြလိုက်သည်။
မြေငလျင်မလှုပ်မီ တိရစ္ဆာန်များ ထူးဆန်းစွာ ပြုမူတတ်သကဲ့သို့ မောက်မာတတ်သည့် ခွေးတစ်ကောင်၏ ပါးစပ်မှ လူစကားထွက်လာခြင်းသည် သူတို့မိသားစုအတွက် ကြီးမားသည့် အန္တရာယ်တစ်ခု ကျရောက်လာတော့မည့် ရှေ့ပြေးနိမိတ်ပင် ဖြစ်ကြောင်း ရေခဲပြင်ပေါ် လမ်းလျှောက်နေရသည့် အမတ်ကြီးရှီက အခိုင်အမာ ယုံကြည်နေ၏။
တစ်ဖက်တွင်လည်း ထက်မြက်လှသည့် ဖန်ကျန်းရီသည် စုံစမ်းထောက်လှမ်းရေးဌာန၌ နောက်ထပ် အကြံအစည်များကို အကွက်ကျကျ စဉ်းစားလျက်ရှိနေသည်။
လက်ထောက်ဖြစ်သူ ချန်တယ်ရှန်း ယူဆောင်လာပေးသည့် အမတ်ကြီးရှီ၏ ဆွေမျိုးအသိုင်းအဝိုင်း စီးပွားရေးမှတ်တမ်းများကို သေသေချာချာ ကြည့်ရှုပြီးနောက် သူ၏မျက်လုံးများသည် ချင်းကွမ်းစံအိမ် အမည်ရ ကျောက်စိမ်းဆိုင် ဖွင့်လှစ်ထားသည့် တူဖြစ်သူ 'ရှီဖျင်' ထံသို့ စူးရှစွာ ကျရောက်သွားခဲ့၏။
ဤသည်မှာ ခေါင်းမာသည့် အမတ်ကြီးရှီအား ထိန်းချုပ်နိုင်မည့် အကောင်းဆုံးသော လျှို့ဝှက်ချက်ပင် ဖြစ်၏။ ထို့ကြောင့် သူ၏လူ ကျန်းပြောင်ကို အသုံးပြုကာ ရှီဖျင်နှင့် အမြတ်အစွန်းကြီးမားသည့် အရောင်းအဝယ်တစ်ခုပြုလုပ်၍ ထောင်ချောက်ဆင်ရန် အလျင်အမြန် စီစဉ်လိုက်သည်။
ထိုအချိန်မှာပင် အချိန်အတော်ကြာ ပျောက်ဆုံးနေသော ကျန်းပြောင်၏ သတင်းကိုပါ ကြားသိလိုက်ရ၏။ ကျန်းပြောင်သည် သူ၏ မွေးကင်းစသားလေး ကျန်းရှောင်ပြောင်အား ကြီးလာလျှင် ကိုယ်ခံညာဏစွမ်းရည် တိုးတက်စေရန် ရည်ရွယ်၍ အကျဉ်းသား ကိုယ်လက်လှုပ်ရှားမှု အမည်ရ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သော်လည်း အမည်ဆိုးရွားလွန်းသဖြင့် ရောင်းပန်းမလှဘဲ စစ်တပ်ထဲတွင် အိမ်သာသုံးစက္ကူအဖြစ်သာ အသုံးပြုခံနေရကြောင်း သိလိုက်ရ၏။
ထိုအရှက်ရဖွယ် ကိစ္စရပ်ကို ကြားပြီးနောက် ဖန်ကျန်းရီသည် စကားပင် မဟနိုင်အောင် ဖြစ်သွားခဲ့ရ၏။ သို့ပေမည့် သနားစရာ အစ်ကိုပြောင်အတွက် သူကိုယ်တိုင် ဝင်ပါရန် ဆုံးဖြတ်လိုက်ပြီး စာအုပ်နာမည်ကို 'ကျုပ်နောက်လိုက်၊ ခင်ဗျားလည်း ကြွက်သားကြီးတဲ့ လူသန်ကြီး ဖြစ်လာနိုင်တယ်' ဟု ဆွဲဆောင်မှုရှိရှိ ပြောင်းလဲကာ အသစ်ပြန်လည် ပုံနှိပ်ပေးရန် အမိန့်ပေးလိုက်တော့သည်။
ဤသို့ဖြင့် အမတ်ကြီးရှီအား ကွန်ရက်ထဲသွင်းမည့် ဖန်ကျန်းရီ၏ ကြီးကျယ်ခမ်းနားလှသော ဉာဏ်နီဉာဏ်နက်များသည် စတင် အသက်ဝင်လှုပ်ရှားလာခဲ့ပြီ ဖြစ်၏။
အားလပ်ရက်ဖြစ်သည်။
ဘဏ္ဍာရေးအမတ်ချုပ်အိမ်တော်အတွင်း၌ ရှီဝမ်ရှူသည် အိမ်ရှိ စာကြည့်စားပွဲရှေ့တွင် သတင်းစာကိုကိုင်လျက် အာရုံစူးစိုက်စွာ ဖတ်ရှုနေ၏။
စားပွဲဘေးတွင် အခြားသတင်းစာတိုက်များမှ သတင်းစာအချို့လည်း ရှိနေသေးသည်။
နန်းတော်က ကိုယ်ပိုင်သတင်းစာ ထုတ်ဝေနေသော်လည်း ရှီဝမ်ရှူ တစ်ဦးတည်းအမြင်အရ ပန်းရှန်းသတင်းစာကို ပို၍ စိတ်ဝင်စားမိသည်။ ပန်းရှန်းသတင်းစာ၏ အကြောင်းအရာများက ရှုပ်ထွေးများပြားလှသော်လည်း တစ်ခုတည်းသော မပြောင်းလဲသည့်အရာမှာ မြို့တော်ရှိ ရပ်ကွက်အသီးသီး၏ နေ့စဉ် ကုန်ဈေးနှုန်းဇယားပင် ဖြစ်၏။
ဤကုန်ဈေးနှုန်း အပြောင်းအလဲမှာ အလွန်တိကျပြီး ပြည့်စုံလှရာ ဘဏ္ဍာရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှု ထက်ပင် များစွာ သာလွန်နေချေသည်။ ပြည်သူများပင်လျှင် ၎င်းကိုကြည့်၍ ဈေးဝယ်မည့် အစီအစဉ်များကို ဆွဲကြသဖြင့် ရှီဝမ်ရှူသည် အထူးဂရုစိုက်လျက် ရှိသည်။
အခြားတစ်ချက်မှာ ပန်းရှန်းသတင်းစာ၏ သတင်းခေါင်းစဉ်များသည် အမြဲတမ်း အလွန်အမင်း ဆွဲဆောင်မှုရှိအောင် ရေးသားထားခြင်းပင်။
[တုန်လှုပ်ဖွယ်ရာသတင်း - တမြို့တော်လုံး ငိုကြွေးကြသည်။]
[အံ့မခန်းသတင်း - အမျိုးသမီးတစ်ဦးက နေ့ခင်းကြောင်တောင် ဤသို့သောကိစ္စမျိုးကို လုပ်ရဲသည်။]
[ကမ္ဘာတုန်မတတ် လိမ်လည်မှုကြီ - ဤအရာများကို စား၍မရပါ၊ သင် စားနေဆဲလား။]
[အရမ်းကို ကြောက်စရာကောင်းပါတယ်။ အရှေ့ဆင်ခြေဖုံးတက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ နောက်ဆုံးတွေ့ရှိချက် ...]
ဤသို့သော သတင်းခေါင်းစဉ်များက နေ့စဉ်နှင့်အမျှ ထပ်ခါတလဲလဲ ပါလာရာ ဖတ်ပြီးတိုင်း ရှီဝမ်ရှူသည် မစင်ကျွေး ခံလိုက်ရသကဲ့သို့ ခံစားရချေသည်။
ငှက်သိုက်သည် ကြက်ဥလောက် အာဟာရမရှိသည့်အပြင် ငှက်သိုက်တွင် မစင်များကပ်နေသဖြင့် စားပြီးလျှင် ရောဂါဖြစ်တတ်ကြောင်း ရေးထား၏။
အရှေ့ဆင်ခြေဖုံးတက္ကသိုလ်က အရက်အလွန်အကျွံသောက်ခြင်းသည် ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်ဆိုသည်မျိုးပင်။
ရွံရှာစရာကောင်းလွန်းသော်လည်း သူသည် နေမရထိုင်မရဖြစ်ကာ နောက်တစ်ကြိမ် ထပ်ကြည့်ချင်စိတ်ကို မထိန်းနိုင်ဖြစ်ရသည်။
သို့ပေမည့် လွန်ခဲ့သော နှစ်ရက်က သတင်းစာတွင် သူ့ကို မျက်စိပွင့်နားပွင့်ဖြစ်စေသော သတင်းတစ်ခု ပါလာခဲ့၏။
မူလက အမျိုးမျိုးသော တုန်လှုပ်ဖွယ် သတင်းများဖြင့် ပြည့်နှက်နေသော စာမျက်နှာတစ်စိတ်တစ်ပိုင်းသည် စားနပ်ရိက္ခာနှင့် ကုန်သွယ်မှုဆိုင်ရာ ပညာရပ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
အလုပ်ခွဲဝေလုပ်ကိုင်ခြင်း၊ ပြည်သူများ၏ ကြွယ်ဝမှု ပမာဏနှင့် တိုးတက်မှု၊ ရောင်းလိုအားနှင့် ဝယ်လိုအား ဆက်စပ်မှု စသည်တို့ပင် ဖြစ်၏။
ရေးသားထားမှုက ရိုးရှင်းပြီး နားလည်လွယ်သော်လည်း အကြောင်းအရာကို တွေးတောသည့် ရှုထောင့်က လုံးဝကွဲပြားနေကာ အတွင်း၌ ရိုးရှင်းသော ဥပမာအချို့ကိုလည်း ပေးထားသည်။
ရှီဝမ်ရှူသည် အရသာခံကာ ဖတ်ရှုနေမိသော်လည်း အဆုံးသို့ရောက်တိုင်း သိချင်စိတ်များကို မထိန်းနိုင်တော့ချေ။
ဤဆောင်းပါးများကို ရေးသားသူများမှာ လုံးဝ အမည်မဖော်ပြထားရာ သတင်းစာတိုက်၏ ပေါ့ဆမှုကြောင့်လား၊ အခြားအကြောင်းအရင်းများကြောင့်လား မသိရသဖြင့် အလွန်ထူးဆန်းနေသည်။
စိတ်ဝင်တစား ဖတ်နေစဉ် ရှီဟုန်ချိုက်က ကမန်းကတန်း လာရောက်သတင်းပို့သည်။ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေ၏။ "အဖေ ... ဖန်ကျန်းရီ ရောက်နေတယ်။ လက်ဆောင်တွေလည်း ပါလာသေးတယ်။"
ရှီဝမ်ရှူသည် နေရာမှ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်ထွက် လာသည်။
တကယ်ကို ... တကယ်ကို ပြဿနာရှိနေပြီပဲ။ ဒီကောင်က ဒီနေ့ အိမ်တိုင်ရာရောက် လာလည်နေပါလား။
ရှီဝမ်ရှူက ပြောလိုက်၏။ "ဟုန်ချိုက် ... မင်း သူ့ကို သွား ဖိတ်ခဲ့လိုက် ... နေပါစေတော့ မင်း အဖေနဲ့အတူ လိုက်ခဲ့။"
ထိုသို့ပြောပြီးနောက် ရှီဝမ်ရှူသည် အပြင်သို့ ထွက်သွားပြီး သွားရင်းနှင့်ပင် မှာကြားလိုက်၏။ "အဖေ သူနဲ့ စကားပြောနေတဲ့အချိန်မှာ မင်းက ဘေးကနေ သေချာနားထောင်၊ သေချာမှတ်ထား။ လုံးဝ ဝင်မပြောနဲ့နော်။"
ရှီဟုန်ချိုက်က ပြန်ဖြေလိုက်သည်။ "နားလည်ပါပြီ အဖေ။"
ခြံတံခါးအပြင်ဘက်တွင် ဖန်ကျန်းရီသည် လက်ဆောင်များကို ကိုင်ကာ စောင့်ဆိုင်းနေပြီး ချိုင်းကြားတွင်လည်း အဝတ်ထုပ်တစ်ခု ညှပ်ထား၏။
ရှီဝမ်ရှူ ထွက်လာသည်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် လက်သီးဆုပ်လျက် ပြောလိုက်သည်။ "အမတ်ကြီးရှီ ... ကျုပ် ထပ်ပြီး အနှောင့်အယှက် ပေးရပြန်ပြီ။"
ရှီဝမ်ရှူက ပြောလိုက်၏။ "ရှားရှားပါးပါး ဧည့်သည်ကြီးပါလား။ မလာလာအောင် ဖိတ်ခေါ်ရမှာပေါ့။ သခင်လေးဖန် ... ဝင်ပါအုံး။"
ရှီဝမ်ရှူသည် အလွန်ဖော်ရွေပျူငှာစွာဖြင့် ဖန်ကျန်းရီကို ဆွဲကာ အထဲသို့ ခေါ်သွားတော့သည်။
သူက နှုတ်မှလည်း မိတ်ဆက်ပေးလိုက်၏။ "ဒါက ကျုပ်ရဲ့ သားအငယ်ပါ။ နာမည်က ရှီဟုန်ချိုက်တဲ့။ ဟုန်ချိုက် ... သခင်လေးဖန်ကို အရိုအသေ မပေးသေးဘူးလား။"
ရှီဟုန်ချိုက်သည် ဖန်ကျန်းရီကို တိတ်တဆိတ် အကဲခတ်လိုက်ပြီးနောက် ပြောလိုက်သည်။ "သခင်လေးဖန်ကို ဂါရဝပြုပါတယ်။"
ဖန်ကျန်းရီသည် သူ့ကို ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေးတစ်ယောက်အဖြစ်သာ မြင်သဖြင့် သိပ်ဂရုမစိုက်ဘဲ ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။
သူတို့နှစ်ယောက် ထိုင်ပြီးနောက် ရှီဟုန်ချိုက်က လက်ဖက်ရည်ပြင်ဆင်ရန် ထွက်သွားသည်။ ရှီဝမ်ရှူက မေးလိုက်သည်။ "သခင်လေးဖန် ... ဒီနေ့ လာတာ ဘာကိစ္စရှိလို့လဲ။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "ဪ ... ဘာကိစ္စမှတော့ မရှိပါဘူး။ အမတ်ကြီးရှီ အိမ်ရှေ့က ဖြတ်သွားရင်း အရင်တုန်းက ကျုပ်တို့ ဆွေးနွေးခဲ့တာတွေကို သတိရသွားလို့ ..."
ဖန်ကျန်းရီ စကားပင်မဆုံးသေးမီ ရှီဝမ်ရှူက လက်ကိုထောင်ပြလိုက်သည်။ "သခင်လေးဖန် ... အားနာစကားတွေ ထားလိုက်ပါတော့။ ကျုပ်လည်း နန်းတွင်းကို အခုမှ ရောက်လာတာ မဟုတ်ပါဘူး။ အကြိမ်ကြိမ် လာလည်တယ်ဆိုတော့ အရေးကြီးကိစ္စ ရှိနေလို့ပဲ ဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ။"
ဖန်ကျန်းရီမှာ စကားပင်ဆွံ့အသွားပြီးနောက် ပြုံးလျက် အင်္ကျီလက်အတွင်းမှ အစီရင်ခံစာကို ထုတ်ကာ ကမ်းပေးလိုက်သည်။ "ခင်ဗျား ဒီလောက် ပြတ်ပြတ်သားသား ပြောနေမှတော့ ကျုပ်လည်း မဖုံးကွယ်ထားတော့ပါဘူး။ ဒါက ကျုပ် တင်ပြဖို့ ပြင်ဆင်ထားတဲ့ အစီရင်ခံစာပဲ။ အမတ်ကြီးရှီ ဖတ်ကြည့်ပါအုံး။"
ရှီဝမ်ရှူက အစီရင်ခံစာကို လှမ်းယူ၍ သေချာစွာ ဖတ်ရှုလိုက်ရာ ဖတ်ရင်းဖတ်ရင်းဖြင့် မျက်နှာထားများ ပြောင်းလဲသွားခဲ့၏။
ဤအထဲရှိ အကြောင်းအရာတိုင်းသည် ကုန်သွယ်မှု ဖြေလျှော့ရေးဆိုသည့် ကိစ္စတစ်ခုတည်းကိုသာ ရည်ညွှန်းနေသည်။
မြို့များအကြား အကောက်ခွန်များကို ဖျက်သိမ်းခြင်း၊ ကုန်သည်များကို ပိုးထည်ဝတ်ဆင်ခွင့်နှင့် မြင်းလှည်းစီးခွင့် ပြုခြင်း၊ ကုန်သွယ်မှု ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်း စသည်ဖြင့် အချက်ပေါင်း ဆယ်ချက်တောင် ပါဝင်သည်။
ရှီဝမ်ရှူသည် တိတ်ဆိတ်သွားပြီး ဖန်ကျန်းရီကို သံသယဖြင့် ကြည့်ကာ မေးလိုက်၏။ "ကျုပ် နားမလည်ဘူး။ ဒီကိစ္စတွေက သခင်လေးဖန်နဲ့ ဘာဆိုင်လို့လဲ။ ဘာဖြစ်လို့ ကုန်သည်တွေအတွက် ပြောပေးနေရတာလဲ။"
ဒီကောင်က ရန်လိုက်ဖြစ်ရတာကို အရသာတွေ့နေတာများလား။ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြဿနာ တက်ပြီးတာ မကြာသေးဘူး၊ အခု ဘဏ္ဍာရေးဝန်ကြီးဌာနဆီကို လက်လှမ်းလာပြန်ပြီလား။
ဖန်ကျန်းရီက ပြောလိုက်သည်။ "အမယ် ... အမတ်ကြီးရှီကလည်း .. ခင်ဗျားနဲ့ကျုပ်က နန်းတော်ရဲ့ အရာရှိတွေပဲလေ။ ပြည်သူတွေအတွက် တောင်းဆိုပေးတာ ဘာမှားနေလို့လဲ။ အရင်က ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေတွေ တိုးလာတယ်ဆိုတာကို ခင်ဗျားဆီက ကြားခဲ့ရတာဆိုတော့ တိုင်းပြည်ဘဏ္ဍာတိုက်အတွက် ဝင်ငွေပိုရအောင်လို့ မဟုတ်ဘူးလား။ အမတ်ကြီးရှီ ... ကျုပ်ရေးထားတာ ဘယ်လိုနေလဲ။"
ထိုအချိန်တွင် ရှီဟုန်ချိုက်က လက်ဖက်ရည်ပြင်ဆင်ပြီး ယူလာခဲ့၏။ "အဖေ ... သခင်လေးဖန် ... လက်ဖက်ရည် သုံးဆောင်ကြပါအုံး။"
ရှီဝမ်ရှူက သူ့ကို မျက်ရိပ်ပြလိုက်ရာ ရှီဟုန်ချိုက်က လက်ဖက်ရည်ကိုချထားပြီး ဘေးတွင် အေးအေးဆေးဆေး ရပ်ကာ နားထောင်နေသည်။
ထို့နောက် ရှီဝမ်ရှူသည် အစီရင်ခံစာကို တိတ်တဆိတ် ပြန်တွန်းပေးလိုက်ပြီး ပြောလိုက်၏။ "သခင်လေးဖန် ရေးထားတာက သဘာဝကျကျနဲ့ တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မဆန်ဘူး။ ကုန်သည်တွေကို အလိုလိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီးရှိတယ်။ ပြီးတော့ ကုန်သည်တွေက ကုန်ထုတ်လုပ်ငန်း မလုပ်ဘဲ ပွဲစားအဖြစ်နဲ့သာ ပြည်သူတွေဆီကနေ အမြတ်အစွန်းကြီးကြီး ယူနေကြတာ။ ဒါက ပြည်သူတွေဆီက အကျိုးအမြတ် လုနေတာနဲ့ အတူတူပဲ။ ဒီကိစ္စကို လုံးဝ လုပ်လို့မရဘူး။"
ယခုအခြေအနေမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ရာ ဖန်ကျန်းရီက အစီရင်ခံစာကို အလောတကြီး ပြန်မသိမ်းသေးပေ။
ထို့နောက် ချက်ချင်းပင် ပြောလိုက်၏။ "ဒီစကားကိုတော့ ကျုပ် လက်မခံရဲဘူး။ လောကကြီးမှာ ပွဲစားသာ မရှိရင် အစောကြီးတည်းက ကမောက်ကမတွေ ဖြစ်ကုန်ပြီ။ ဒီကုန်သည်ဆိုတာက ရေရဟတ်ထဲက ဘီးတွေလိုပဲ ကုန်ထုတ်လုပ်သူနဲ့ ဝယ်သူကို ဆက်သွယ်ပေးနေတာ။ အကယ်၍ သူတို့သာ အရင်းအမြစ်တွေကို ကြားဝင် မညှိနှိုင်းပေးရင် အရောင်းအဝယ် ဖြစ်မြောက်ဖို့ နှစ်ဖက်စလုံးက အရမ်းခက်ခဲသွားလိမ့်မယ်။
အမြတ်အစွန်းဆိုတာက သူတို့ရသင့်ရထိုက်တဲ့ လုပ်အားခတစ်ခုပါပဲ။ ကုန်သည်တွေ ဖန်တီးပေးတဲ့ အရောင်းအဝယ်တွေ ပိုများလာလေလေ ၊ လောကကြီးရဲ့ ကြွယ်ဝချမ်းသာမှုက ပိုများလာလေလေပဲ။ အကယ်၍ ကုန်သည်တွေက အမြတ်ထုတ်ပြီး တခြားလူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ်ဆိုရင် ကျုပ်တို့ တာ့ကျင်းတိုင်းပြည်က ဘယ်လိုလုပ် တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာပြီး တိုင်းပြည်ဘဏ္ဍာတိုက် ဝင်ငွေက တစ်နှစ်ထက်တစ်နှစ် ပိုမြင့်လာမှာလဲ။ အမတ်ကြီးရှီ ... ခင်ဗျား ဟုတ်တယ်လို့ ထင်လား၊ မဟုတ်ဘူးလို့ ထင်လား။"
ဖန်ကျန်းရီ ပြောပြီးသွားသောအခါ ရှီဝမ်ရှူ၏ ခေါင်းထဲတွင် လွန်ခဲ့သော ရက်အနည်းငယ်က ဖတ်ခဲ့ရသည့် သတင်းစာထဲမှ အကြောင်းအရာများ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
သူက မသိမသာ ခေါင်းညိတ်လိုက်မိ၏။ "အကြောင်းပြချက်တော့ ရှိပါတယ်။ ဒါပေမဲ့ သခင်လေးဖန်က ကျုပ်ကို ဒါတွေ ဘာလို့ လာပြောနေရတာလဲ။ အကယ်၍ ကျုပ်ရဲ့ အမြင်ကို မေးချင်ရုံသတ်သတ်ဆိုရင်တော့ မတင်ပြတာ ပိုကောင်းမယ်။ တင်ပြလိုက်ရင်လည်း အများဆုံးကတော့ ဘာအကြောင်းပြန်ချက်မှ မရှိဘဲ ပစ်ထားခံရမှာပဲ။ ပြီးတော့ နားမခံသာတဲ့ စကားတစ်ခွန်း ပြောရရင် ဒါက ကျုပ်တို့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အလုပ်ကိစ္စဖြစ်သင့်တယ်။ သခင်လေးဖန် လာတင်ပြရမယ့် ကိစ္စမဟုတ်ဘူး။"
ဖန်ကျန်းရီက ခေါင်းညိတ်ကာ လက်ခံလိုက်သည်။
"မှန်ပါတယ်။ ဒါက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကိစ္စဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျုပ်သာ မပြောဘူးဆိုရင် ဘယ်သူမှ ပြောမယ့်လူ ရှိမှာမဟုတ်ဘူးလို့ စိုးရိမ်မိလို့ပါ။"
ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် ခေါင်းငုံ့ကာ မိမိနှင့်အတူ ယူဆောင်လာသော အဝတ်ထုပ်ထဲတွင် ရှာဖွေလိုက်သည်။
အဝတ်ထုပ်ထဲမှ စာရွက်တစ်ထပ်ကို ထုတ်ယူကာ ရှီဝမ်ရှူ၏ မျက်စိရှေ့သို့ ကမ်းပေးလိုက်၏။
ရှီဝမ်ရှူက ထိုစာရွက်များကို လှမ်းယူလိုက်ပြီး တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် မျက်နှာထားက ချက်ချင်း ဖြူရော်သွားသည်။
သူ၏ မျက်လုံးများထဲတွင် ဖုံးကွယ်၍မရနိုင်သော အကြောက်တရား အငွေ့အသက်များ ပေါ်ထွက်လာ၏။
ရှီဝမ်ရှူက တုန်လှုပ်စွာ မေးလိုက်သည်။ "သခင်လေးဖန် ... ဒါက ..."