← Chapters

အခန်း (၃၃၄၁-၃၃၄၄)

Vol. 147 Ch. 3341-3344

အခန်း (၃၃၄၁-၃၃၄၄)

Vol. 147 Ch. 3341-3344

အပိုင်း (၃၃၄၁)

ဘာသာပြန်သူ_တိမ်တိုက်

ကျုခုန်မှာ ခေါင်းတခါခါဖြင့် ပြောနေလေသည်။ "တကယ်ကို မယုံကြည်နိုင်စရာပဲ၊ တကယ်ကို မယုံကြည်နိုင်စရာပဲ၊ ဒီကျွန်းပေါ်မှာ သက်တမ်းမရင့်သေးတဲ့ နဂါးသွေးပန်းတွေ ဘယ်လိုလုပ်ပြီး အများကြီး ရှိနေရတာလဲ၊ ပြီးတော့ အဲဒီအထဲထဲမှာ အဆင့်မြင့်နဂါးသွေးပန်းတွေလည်း အများကြီး ပါနေသေးတယ်"

သူနဂါးကျွန်းမှ ခိုးယူသွားခဲ့သည်များကို နှစ်ဝက်အတွင်း လျော်ကြေး ပြန်ပေးမည်ဟု ရန်ကိုင်မှ ပြောလာခဲ့စဉ်က ရန်ကိုင် အမှန်တကယ် လုပ်နိုင်လိမ့်မည်ဟု နဂါးကျွန်းမှ မည်သူမျှ ယုံကြည်ခြင်း မရှိကြပေ။ သူတို့ မျှော်လင့်ထားသည်မှာတော့ ရန်ကိုင် ယူသွားခဲ့သည့် နဂါးသွေးပန်းများအနက် သူ့တွင် ကျန်ရစ်နေသေးသော နဂါးသွေးပန်းများအား ပြန်ပေးလာဖို့ရာပင် ဖြစ်လေသည်။

တကယ့်တကယ်တော့ ရန်ကိုင်အဖို့ စားပြီးသွားသည်များကို ပြန်အန်ထုတ်ပေး၍မှ မရလေဘဲ။

ထိုအကြောင်းကြောင့် ဤနေရာသို့ မလာစဉ်က အကြီးအကဲများမှာ ကျွန်းပေါ်၌ အများဆုံး အဆင့်မြင့်နဂါးသွေးပန်း ရာဂဏန်းလောက် ရှိနေမည်ဆိုလျှင်ပင် လက်ခံနိုင်ရန် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သို့ပါသော်ငြား တကယ်တမ်း ရောက်ရှိလာချိန်တွင်တော့ အဆင့်နိမ့်နဂါးသွေးပန်း ရာနှင့်ချီကာ ရှိနေကြသည်။ အလယ်အလတ်အဆင့်နဂါးသွေးပန်းများဟာလည်း မနည်းမနော ရှိနေကြသေးလေ၏။

ရန်ကိုင်သည် သူခိုးယူသွားခဲ့သော နဂါးသွေးပန်းများကို ပြန်ပေးလာရုံသာလျှင် မဟုတ်။ အတိုးနှင့် အရင်း ပေါင်း၍ ပြန်ဆပ်သည့်အလား ထပ်ဆောင်းကာ ပိုမိုများပြားသော နဂါးသွေးပန်းများကိုပင် ပြန်ပေးလာခဲ့သည်။

[ဒီလောက်များတဲ့ နဂါးသွေးပန်းတွေကို သူ ဘယ်ကနေ ရလာတာလဲ]

ဖုရွှမ်းသည် ရန်ကိုင်ကို ကြည့်ရင်းမှ မေးလိုက်သည်။ "ဒီကျွန်းပေါ်မှာ နဂါးသွေးပန်းတွေ ဘယ်လောက်တောင် ရှိနေတာလဲ"

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် တယဉ်တကျေးဖြင့်... "အဆင့်မြင့်နဂါးသွေးပန်းက အပွင့်နှစ်ရာ၊ အလယ်အလတ်အဆင့်နဂါးသွေးပန်းက အပွင့်ငါးရာ၊ အဆင့်နိမ့်နဂါးသွေးပန်းက အပွင့်တစ်ထောင်နဲ့ သက်တမ်းမရင့်သေးတဲ့ နဂါးသွေးပန်းတွေကတော့ အပွင့်နှစ်ထောင်လောက် ရှိတယ်"

အကြီးအကဲများမှာ နဂါးကျွန်းအား လိုက်လံ စုံစမ်းစစ်ဆေးကြည့်နေစဉ်က နဂါးသွေးပန်း အရေအတွက်နှင့် ပတ်သက်၍ အကြမ်းဖျင်း ခန့်မှန်းမိခဲ့ကြသည်။ သို့ပါသော်ငြား ရန်ကိုင်မှ အရေအတွက်ကို အသေအချာ ပြောလာချိန် အကုန်လုံးမှာ အံ့အားသင့်သွားရသေး၏။

[အဆင့်မြင့်က အပွင့်နှစ်ရာ၊ အလယ်အလတ်အဆင့်က အပွင့်ငါးရာ၊ ငါတို့ နားကြားမှားသွားတာလား]

ရန်ကိုင်သည်သာ သူတို့ ဤကျွန်းဆီသို့ စရောက်လာစဉ်က ကျွန်းပေါ်တွင် ရှိနေသော နဂါးသွေးပန်း အရေအတွက်ကို ယခုကဲ့သို့ ပြောလာခဲ့မည်ဆိုလျှင် သူတို့အနေဖြင့် ရန်ကိုင်အား ယုံကြလိမ့်မည် မဟုတ်ပေ။ တကယ်တော့ ရန်ကိုင် သူတို့ဆီမှ ယူသွားစဉ်က အဆင့်မြင့်နဂါးသွေးပန်း အပွင့်သုံးဆယ်သာ ရှိသည် မဟုတ်ပေလော။ အပွင့်နှစ်ရာနှင့် အပွင့်သုံးဆယ်မှာ အလွန်ကိုမှ ကွာခြားလှပေသည်။ ထိုအပြင် ထိုစဉ်က ရန်ကိုင် ယူသွားသည်မှာလည်း အလယ်အလတ်အဆင့်နဂါးသွေးပန်း အပွင့်နှစ်ရာသာ ဖြစ်သည်။ အပွင့်ငါးရာ မဟုတ်။

ထိုမျှသာလျှင် မဟုတ်သေး။ ယခု ဤနေရာ၌ အဆင့်နိမ့်နဂါးသွေးပန်း အပွင့်တစ်ထောင်နှင့် သက်တမ်းမရင့်သေးသော နဂါးသွေးပန်း အပွင့်နှစ်ထောင်ခန့် ရှိနေလေသည်။

စုစုပေါင်း အရေအတွက်မှာ ရန်ကိုင် ယူသွားစဉ်ကထက် လေးဆမက ရှိနေလေသည်။

သို့ပါသော်ငြား ကျွန်းတစ်ခုလုံးကို လှည့်ပတ်စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင် ပြောသွားသည့် အရေအတွက်မှာ မှန်လောက်လိမ့်မည်ဟု အကြီးအကဲများ တွေးမိကြလေသည်။ နဂါးသွေးပန်း အရေအတွက်ကို သူတို့ ကိုယ်တိုင်လည်း ရေတွက်နိုင်သည့်အတွက်ကြောင့် ရန်ကိုင်မှာ လိမ်ရဲလိမ့်မည် မဟုတ်ပေ။ ရန်ကိုင် ပြောသွားသည့် အရေအတွက်နှင့် ကျွန်းပေါ်တွင် ရှိနေသည့် အရေအတွက်သည်သာ ကွာခြားနေခဲ့မည်ဆိုလျှင် ရန်ကိုင်အဖို့ ရှက်စရာကောင်းနေပေလိမ့်မည်။ တစ်နည်းဆိုရသော် ရန်ကိုင် ပြောသွားသည့် ကျွန်းပေါ်၌ ရှိနေသော နဂါးသွေးပန်းအရေအတွက်မှာ အမှန်ပင် ဖြစ်သည်။

ပန်းပွင့်များနှင့် ပတ်သက်၍ မည်သည့်ထူးခြားမှုမျှသာ ရှိမနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်မှာ လွန်ခဲ့သည့် ခြောက်လလုံးလုံး သူတို့အား လှည့်စားရန်အတွက် ပုံရိပ်ယောင်အစီအရင်ကြီးတစ်ခုကို တည်ဆောက်ခဲ့သည်ဟုပင် ကျုယန် ထင်မိပေလိမ့်မည်။

သို့ပါသော်ငြား နှစ်ဝက်အတွင်းမှာပင် ရန်ကိုင်သည် ကျွန်းတစ်ခုလုံးကို ဤကဲ့သို့များ ပြောင်းလဲသွားအောင် မည်ကဲ့သို့များ လုပ်ခဲ့လေသနည်း။

အကြီးအကဲလေးဦးစလုံးမှာ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်နေရသည့် ပုံစံမျိုးဖြင့် ရန်ကိုင်အား ကြည့်နေကြသည်။ ကျုချင်းမှာမူ ယခုကဲ့သို့ ဖြစ်မည်မှန်းကို ကြိုတင်မျှော်မှန်းထားသည့်အလား အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေသည်။ တကယ်တော့ လွန်ခဲ့သည့် နှစ်ဝက်လုံးလုံး နဂါးသွေးကျွန်း မည်ကဲ့သို့ ပြောင်းလဲသွားသလဲဆိုသည်ကို သူမ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည် မဟုတ်ပေလော။

လူတိုင်း၏ အကြည့်အောက်တွင်ပင် ရန်ကိုင်က သက်ပြင်းမောကြီးချလျက်... "ဒါပေမဲ့ ထိပ်တန်းအဆင့်နဂါးသွေးပန်းတွေကို မစိုက်လိုက်နိုင်တာ နှမြောစရာပဲ"

တကယ်ဆိုလျှင် မူကျုနှင့် မူလုတို့မှာ ထိပ်တန်းအဆင့်နဂါးသွေးပန်းများကိုပင်လျှင် စိုက်ပျိုးနိုင်စွမ်း ရှိပေသည်။ သို့သော်ငြား ထိုသို့လုပ်ဖို့ရာ ဆယ်နှစ်မှ နှစ်နှစ်ဆယ်ခန့် ကြာနိုင်သည်။ ရန်ကိုင်တွင် ထိုမျှ အချိန် ရှိမနေပေ။ ထိုအပြင် ဤမျှများပြားလှသော အဆင့်မြင့်နဂါးသွေးပန်းများကို စိုက်ပျိုးနိုင်ရန်အတွက် သစ်သားဝိညာဉ်နှစ်ဦးမှာ စွမ်းအင်များစွာကို အသုံးပြုခဲ့ရသည်။

ရန်ကိုင် ကိုယ်တိုင်ကလည်း သူ့သွေးများကို အဆက်မပြတ် ဖောက်ထုတ်ပေးနေခဲ့ရသည်။ ကံကောင်းစွာဖြင့် သူ၏ ပြန်လည်ကောင်းမွန်ကုစားနိုင်စွမ်းမှာ အလွန်ကိုမှ မြင့်မားနေခြင်းပင်။ ထိုအပြင် သူ့သွေးများကို ဖောက်ထုတ်ပေးနေရသည့် အချိန်မှာလည်း နှစ်ဝက်သာ ရှိနေခြင်းပင်။ ထို့ထက်သာ ပို၍ ကြာနေဦးမည်ဆိုပါက ရန်ကိုင်၏ သွေးမျိုးဆက်မှာ ယခင်ကထက် အဆင့်လျော့သွားနိုင်ပေသည်။

"ထိပ်တန်းအဆင့်နဂါးသွေးပန်းတွေက အရမ်းရှားတာကြီးကို၊ ဒီတော့ ဒီလောက် အချိန်တိုလေးအတွင်းမှာ မင်းအဲဒါကို မစိုက်နိုင်တာလည်း အဆန်းမဟုတ်ပါဘူး" ကျုခုန်မှာ နဖူးအထက် ဝေ့သီလာသော ချွေးအေးများကို သုတ်ရင်းမှ ပြောလိုက်သည်။ ရန်ကိုင်သည်သာ ဤမျှအချိန်အတိုလေးအတွင်း ထိပ်တန်းအဆင့်နဂါးသွေးပန်းများကိုသာ စိုက်ပျိုးပြနိုင်မည်ဆိုလျှင်တော့ လုံးဝကို မယုံကြည်နိုင်စရာ ကောင်းသွားပေလိမ့်မည်။

[ငါလည်း အဲဒါကိုပဲ ကြားချင်နေတာ] ရန်ကိုင်သည် ဝမ်းသာအားရဖြင့် ဖုကျွင်းအား လှမ်း၍ ကြည့်လိုက်သည်။ ထို့နောက် ပြောလိုက်လေ၏။ "ဒုတိယအကြီးအကဲ၊ ခင်ဗျား ဘယ်လိုထင်လဲ၊ အခု ကျုပ်လုပ်ပေးထားတာတွေက ခင်ဗျားတို့ နစ်နာခဲ့ရတာတွေကို အလျော်ပေးဖို့ လုံလောက်ပြီလား"

ရန်ကိုင်၏ ပုံစံမှာ လုံးဝကို မောက်မာဝံ့ကြွားနေပေသည်။ ဖုကျွင်းသည်သာ ဘုကလန့်တိုက်၍ ပြောလာဦးမည်ဆိုလျှင် ရန်ကိုင်သည် အချိန်မရွေး တိုက်ခိုက်မည့် ပုံစံမျိုးဖြင့် ဖုကျွင်းအား ကြည့်နေလေ၏။

ယခုကိစ္စနှင့် ပတ်သက်၍ သူမ ကိုယ်တိုင်သည်လည်း ဘာမျှ မပြောနိုင်တော့သည့်အတွက်ကြောင့် ဖုကျွင်းမှာ တိတ်သာ တိတ်နေခဲ့သည်။

"အင်း၊ တကယ်ကို လုံလောက်သွားပြီ" ကျုယန်က ခေါင်းညိတ်လိုက်သည်။ သူတို့အနေဖြင့် ထိပ်တန်းအဆင့်နဂါးသွေးပန်း နှစ်ပွင့်ကို ပြန်မရလိုက်နိုင်ပါသော်ငြား အဆင့်မြင့်၊ အလယ်အလတ်အဆင့်၊ အဆင့်နိမ့်နှင့် သက်တမ်းမရင့်သေးသော နဂါးသွေးပန်းအရေအတွက်မှာ ယခင်ကထက် ပိုမိုများပြားနေခဲ့လေပြီ။ ထိုအကြောင်းကြောင့် လျော်ကြေးမှာ မလုံလောက်သေးဟု ထပ်ပြောနေပါက ယုတ္တိမတန်ဘဲ နေပေလိမ့်မည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်သည် သူတို့ နစ်နာသွားခဲ့ရသည်များကို ပြန်လည် လျော်ကြေးပေးခဲ့ရုံမက အတိုးနှင့် ပေါင်း၍ပင် ပိုမိုများပြားသော နဂါးသွေးပန်းများကို ပေးခဲ့သည်ဟုလည်း ပြော၍ရပေသည်။

"ဟားဟားဟား" ရန်ကိုင် အော်ရယ်မောလိုက်လေသည်။ လွန်ခဲ့သည့် ခြောက်လလုံးလုံး ကြိုးစားအားစိုက်ထုတ်ခဲ့ရသမျှ ထိုက်တန်သွားပြီဟု ပြော၍ ရခဲ့လေပြီ။ ကျုယန်မှ ယခုကဲ့သို့ ပြောလာသည့်အတွက်ကြောင့် သူတို့အကြားရှိ ပြဿနာမှာ ကျေအေးသွားခဲ့လေပြီ။ ဖုကျွင်းအနေဖြင့် ဘုကလန့်တိုက် ဝင်ပြောနေမည်ဆိုလျှင်ပင် အရေးမပါတော့။ ရန်ကိုင်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေလေရာ ကျုချင်းကို ဖက်၍ပင် သူမ ပါးအား ကောက်နမ်းလိုက်ရာ ကျုချင်း၏ မျက်နှာတစ်ပြင်လုံး ရဲတက်သွားခဲ့ရသည်။

မှင်တက်နေသည့် ကျုယန်မှာတော့ ချောင်းဟန့်ရင်းမှ ပြောလိုက်သည်။ "ကောင်လေး၊ မင်းအဲဒီလိုမျိုးဖြစ်အောင် ဘယ်လိုလုပ်လိုက်တာလဲ၊ ပြီးတော့ နဂါးသွေးပန်းတွေ အများကြီးကို မင်းဘယ်ကနေ ရလာတာလဲ"

ရန်ကိုင်သည် ကျုယန်အား သတိထားကာ ကြည့်ရင်းမှ... "ပထမအကြီးအကဲ၊ ကျုပ်အဲဒီလိုမျိုး ဖြစ်သွားအောင် ဘယ်လိုလုပ်လိုက်လဲဆိုတာကို ခင်ဗျား စိတ်ပူနေစရာ မလိုဘူး၊ အခုဟာက သိပ်ပြီးတော့ မသင့်တော်ဘူးနော်၊ အခု ခင်ဗျား စဉ်းစားနေတဲ့ဟာတွေကိုလည်း လက်လျှော့လိုက်ဖို့ ကျုပ်ပြောချင်တယ်၊ ဒီနဂါးသွေးပန်းတွေကို စိုက်ပျိုးဖို့အတွက် ကျုပ် တော်တော်လေးကို အားစိုက်ထားရတာ၊ ကျုပ်ခင်ဗျားကို ပြောပြမယ်ဆိုရင်တောင် ကျုပ်လုပ်ခဲ့တဲ့ ပုံစံအတိုင်း ခင်ဗျား လုပ်နိုင်မှာ မဟုတ်ဘူး၊ အခုကနေစပြီးတော့ ဒီနဂါးသွေးပန်းတွေကို ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ပဲ ကြည့်ကြပ်လုပ်ပေတော့၊ ကျုပ် ခင်ဗျားတို့ကိုယ်စား စိုက်ပေးတော့မှာ မဟုတ်ဘူး"

"အဟမ်း ငါ ဒီအတိုင်း မေးကြည့်ရုံပါပဲ" ကျုယန် ရှက်သွားခဲ့လေသည်။ ရန်ကိုင် နဂါးသွေးကျွန်း တစ်ခုလုံးအား ဤမျှများပြားလှသော နဂါးသွေးပန်းများဖြင့် ဖုံးလွှမ်းသွားအောင် မည်ကဲ့သို့ လုပ်လိုက်သလဲဆိုသည်ကို သူ အမှန်တကယ်ကို သိချင်မိပေသည်။ တကယ်တော့ ရန်ကိုင် လုပ်သွားသည့် နည်းလမ်းကိုသာ သိနိုင်မည်ဆိုလျှင် သူတို့အနေဖြင့် နဂါးသွေးပန်းများ အလုံအလောက် မရှိမည်ကို စိတ်ပူစရာ လိုတော့လိမ့်မည် မဟုတ်။ သူတို့၏ ကလန်သားများသည်လည်း ၎င်းတို့၏ သွေးမျိုးဆက်များကို ပို၍လျင်မြန်စွာ သန့်စင်နိုင်ကြပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်ကမူ ကျုယန် ဘာတွေးနေသလဲဆိုသည်ကို ကြိုသိနေသည့်အလား ချက်ချင်းပဲ ကြိုပြောထားခဲ့လိုက်လေသည်။

ထို့နောက်တွင် ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "အခု ဒီကျွန်းပေါ်မှာ ခရမ်းရောင်မြက်တွေပါ ရှိနေသေးတာဆိုတော့ နဂါးသွေးပန်းတွေရဲ့ အရည်အသွေးက တိုးတက်လာဖို့ပဲ ရှိတော့မှာ၊ ခင်ဗျားတို့လည်း နဂါးသွေးပန်းတွေကို တောက်လျှောက် စိုက်ပျိုးလာတာဆိုတော့ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို သိနေမှာပဲ၊ ကျုပ်ပြောပြနေစရာ မလိုလောက်တော့ဘူး၊ ကဲ အဲဒါဆို ဒီကိစ္စပြီးသွားပြီနော်"

ထိုသို့ ပြောပြီးသည့်နောက်တွင် ဖုကျွင်းဘက်သို့ လှည့်၍ မေးငေါ့ပြလိုက်ရင်းမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ကျုပ်နဂါးကျောင်းတော်ထဲကို ဝင်ချင်တယ်"

ဖုကျွင်းက ပြန်၍ လှောင်ပြောင်လိုက်လေ၏။ "အိပ်မက်သာမက်နေလိုက်"

ရန်ကိုင်က ထအော်လေသည်။ "ခင်ဗျား ကိုယ့်စကားကိုယ် မတည်တာလား"

ဖုကျွင်းက အေးစက်စက်လေသံဖြင့်... "မတည်ရအောင်လည်း ငါအဲဒီလိုစကားမျိုး တစ်ခါမှ မပြောခဲ့ပါဘူး"

ရန်ကိုင်သည် ဖုကျွင်းအား လက်ညှိုးငေါက်ငေါက် ထိုးရင်းမှ ထအော်ပြောလိုက်လေသည်။ "လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ခင်ဗျားတို့ ဆုံးရှုံးခဲ့တာတွေကို ကျုပ် ပြန်အလျော်ပေးနိုင်မယ်ဆိုရင် ကျုပ်တောင်းဆိုချက်တိုင်းကို သဘောတူပေးမယ်လို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်ဘူးလား၊ အခု ခင်ဗျားတို့ ပြောတဲ့အတိုင်း ကျုပ် လုပ်ပေးပြီးသွားပြီလေ၊ ဘာဖြစ်လို့ ခင်ဗျား ကတိအတိုင်း မတည်ရတာလဲ၊ ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းချင်နေတာမလား"

"ငါအဲဒီလို ပြောခဲ့ဖူးလို့လား" ဖုကျွင်းသည် ဘေးဘက်သို့ လှည့်၍ ပြောလိုက်သည်။

ရန်ကိုင်မှာ တစ်ခဏတာမျှ ဆွံ့အသွားလေ၏။ သို့သော်ငြား မကြာခင် လှောင်ပြုံးပြုံးလျက်... "အဲဒီတုန်းက ချင်းအာ ကျုပ်ဘေးနားမှာ ရှိနေတယ်၊ ဘာတွေ လာငြင်းချင်နေတာလဲ"

ကျုချင်းက ခေါင်းညိတ်၍... "ဒုတိယအကြီးအကဲ တကယ်လည်း အဲဒီအတိုင်းပဲ ပြောခဲ့ပါတယ်"

ကျုချင်း၏ လေသံကို ကြည့်ရသလောက် သူမ စိတ်ထဲ ယခု ဖုကျွင်း၏ ပုံစံနှင့် ပတ်သက်၍ သိပ်မကျေမနပ် ဖြစ်နေသည့်ပုံပင်။ လွန်ခဲ့သည့် ခြောက်လအတွင်း ရန်ကိုင် မည်မျှ အားတက်သရော ကြိုးစားခဲ့ကြောင်းကို မြင်တွေ့ခဲ့ရသည်။ ရန်ကိုင်သည် သူ့သွေးကိုပင် ဖောက်၍ နဂါးသွေးပန်းများကို စိုက်ပျိုးပေးခဲ့သည်။ သို့ပါသော်ငြား ဖုကျွင်းမှ ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒုတိယအကြီးအကဲသည် ဤကဲ့သို့သော လူစားမျိုး ဖြစ်လိမ့်မည်ဟု သူမ မထင်ခဲ့။

"ဟုတ်ပါတယ်၊ ငါအဲဒီလိုစကားမျိုး ပြောခဲ့ပါတယ်"

ဖုကျွင်းသည် ရန်ကိုင်ဘက်သို့ ပြန်လှည့်လိုက်၏။ "ဒါပေမဲ့ အဲဒီတော့ ဘာဖြစ်လဲ"

ရန်ကိုင်သည် ဖုကျွင်းကို ကြည့်ရင်းမှ အေးစက်စက်လေသံဖြင့်... "ပထမအကြီးအကဲ၊ နဂါးကလန်သားတွေက ကတိမတည်တဲ့သူတွေလား"

ကျုယန်က သက်ပြင်းချလျက်... "ငါတို့ နဂါးကလန်သားတွေက ပြောပြီးသားစကားကို အမြဲတမ်း တည်တယ်"

"ဟုတ်လား၊ တည်တယ် ဟုတ်လား" ရန်ကိုင်၏ နှုတ်ခမ်း ကွေးတက်သွားခဲ့သည်။ သို့ပါသော်ငြား သူ့မျက်နှာအထက် မည်သည့်အပြုံးရိပ်မှ ရှိမနေခဲ့။ လက်ရှိ ဖုကျွင်း၏ လုပ်ပုံကြောင့် ရန်ကိုင်မှာ အမှန်တကယ်ကို ဒေါသထွက်နေခဲ့သည်။

ကျုယန်က ဆက်၍ ပြောလိုက်လေသည်။ "ဒါပေမဲ့ မင်း ဒုတိယအကြီးအကဲရဲ့ တောင်းဆိုချက်ကို တကယ်ရော ဖြည့်ဆည်းပေးသွားပြီးပြီ ဟုတ်လို့လား"

ရန်ကိုင်သည် နဂါးသွေးကျွန်းကို လက်ညှိုးထိုးပြရင်းမှ... "မဖြည့်ဆည်းရသေးဘူးဆိုရင် အဲဒီပန်းတွေက ဘာတွေလဲ"

ကျုယန်က ခေါင်းညိတ်လျက်... "အဲဒါတွေက ဟုတ်ပါတယ်၊ မင်း အရင်တုန်းက ခိုးသွားတဲ့ပန်းတွေနဲ့ ပတ်သက်ပြီး မင်းတကယ်ကို အလျော်ပေးပြီးသွားပြီ၊ ဒါပေမဲ့ အခြားဆုံးရှုံးခဲ့ရတာတွေကရော၊ ဒုတိယအကြီးအကဲ ပြောတာကို မင်းသေချာ ပြန်စဉ်းစားကြည့်ပါဦး"

ရန်ကိုင်မှာ ဖုကျွင်း ပြောသွားသည့် စကားကို သေချာမှတ်မိပေသည်။ ထိုအခါ လှောင်ပြုံးပြုံးလျက်... "ဘာဖြစ်လို့ ဝေ့လည်ကြောင်ပတ်တွေ လျှောက်ပတ်လုပ်ချင်နေရတာလဲ"

ကျုယန်က ခေါင်းခါလျက်... "ငါတို့ ဝေ့လည်ကြောင်ပတ် လျှောက်ပတ်လုပ်နေတာ မဟုတ်ဘူး၊ အရင်တုန်းက မင်းကြောင့် ဖုကလန်က နဂါးတစ်ကောင် သေသွားတယ်၊ ရှင်းရှင်းပြောရရင် မင်းနဲ့ ငါတို့အကြားမှာ သွေးကြွေးရှိနေပြီလို့တောင် ပြောလို့ရတယ်၊ အဲဒီသွေးကြွေးအတွက် ငါတို့မှာ မင်းကို ပြန်သတ်ခွင့်ရှိတယ်၊ ဒါပေမဲ့ မင်းက နဂါးကလန်နဲ့ ပတ်သက်နေတော့ ငါတို့ ပြဿနာဖြစ်နေကြရင် သိပ်မကောင်းဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနစ်နာမှုအတွက်တော့ မင်းဘက်က တစ်ခုခု ပြန်လုပ်ပေးသင့်တယ်မလား"

ရန်ကိုင်က လှောင်ပြုံးပြုံးလျက်... "ဖုချီကို ဝူခွမ်း သတ်သွားတာလေ၊ ခင်ဗျားတို့ သူ့အတွက် လက်စားပြန်ချေချင်တယ်ဆိုရင် ဝူခွမ်းကို သွားရှာပေါ့၊ ဘာဖြစ်လို့ ကျုပ်ကို လာပြဿနာရှာနေတာလဲ"

ကျုယန်က ပြန်၍ ပြောလိုက်သည်။ "လက်ရှိ ဝူခွမ်း အခြေအနေရဆိုရင် မင်းသာ ဖုချီကို ဒဏ်ရာရအောင် လုပ်မထားရင် ဝူခွမ်း သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး၊ ဒီတော့ ဖုချီ သေသွားတဲ့ ကိစ္စမှာ မင်းအပြစ်လည်း မကင်းဘူး"

"သူ့ကို ဝူခွမ်း သတ်သွားတာ သူကျေးဇူးတင်သင့်တယ်၊ ကျုပ်သာဆိုရင်တော့ သူအဲဒီလို လွယ်လွယ်နဲ့ သေရမှာ မဟုတ်ဘူး" ရန်ကိုင်က ကြမ်းကြုတ်စွာ ပြုံးရင်းမှ ပြောလိုက်သည်။

ကျုချင်းသည် လက်သီးလေး ဆုပ်ရင်းမှ ကျုယန်ကို ကြည့်၍... "ပထမအကြီးအကဲ၊ ဖုချီက သေသွားပြီ၊ ဘာဖြစ်လို့ အဲဒီအကြောင်းကို ထပ်ပြီးတော့ အစဖော်နေရတာလဲ၊ ဖုချီ သေသွားခဲ့တာနဲ့ ကျွန်မ ယောက်ျားကို သူ့ဘာသာသူ သတ်သေစေချင်နေတာလား"

ရန်ကိုင် မျက်လုံးမှေးစင်းလိုက်လေသည်။ သူ့ကိုယ်သူလည်း အတော်လေးကိုမှ နုံအသည်ဟု အပြစ်တင်နေမိလေသည်။ ယခုကဲ့သို့ ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် နဂါးကလန်အား နဂါးသွေးပန်းများကို ကူ၍ မစိုက်ပျိုးခဲ့ပေ။ ထိုသို့လုပ်မည့်အစား နဂါးကျောင်းတော်ထဲသို့ အတင်းအကျပ် ဝင်ရောက်၍ ကျောင်းတော်ထဲရှိ နဂါးဝိညာဉ်များ၏ စွမ်းအားကို သုံးကာ ကျုယန်နှင့် ဖုကျွင်းတို့အား အစကတည်းက ဖိနှိပ်ပစ်ခဲ့ပါသည်။

ကျုယန်က ပြန်ပြောလိုက်သည်။ "ငါ ပြောချင်တာ အဲဒါမဟုတ်ဘူး၊ ဖုချီကို သူကိုယ်တိုင် သတ်လိုက်တာမှ မဟုတ်တာ၊ ဒီတော့ ငါက ဘာလို့ သူ့ကို သတ်ချင်ရမှာလဲ"

"အဲဒါဆိုရင် ပထမအကြီးအကဲ ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေတော့ဘဲနဲ့ တည့်တိုးသာ ပြောလိုက်တော့"

ကျုယန်မှာ ချောင်းဟန့်ရင်းမှ ရန်ကိုင်နှင့် ကျုချင်းကို ကြည့်၍ ပြောလိုက်လေ၏။ "မင်းကြောင့် ငါတို့ ကလန်သားတစ်ယောက် ဆုံးရှုံးသွားရတယ်၊ ဒီတော့ မင်းသာ ငါတို့ကလန်ထဲကို ကလန်သား အသစ်တစ်ယောက် ပြန်တိုးလာအောင် လုပ်ပေးနိုင်မယ်ဆိုရင် မင်း လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ ရတယ်၊ ဘယ်သူမှ မင်းကို တားမှာ မဟုတ်ဘူး"

ရန်ကိုင်က နှာခေါင်းရှုံ့လျက်... "ခင်ဗျားတို့အတွက် ကလန်သား အသစ်တစ်ယောက် တိုးလာအောင် ပြန်လုပ်ပေးရမယ်၊ စိတ်ဝင်စားစရာပဲ၊ ကျုပ်က ကလန်သား အသစ်တစ်ယောက်ကို ဘယ်ကနေ သွားရှာရမှာလဲ"

ကျုယန်က ပြန်ပြောလိုက်သည်။ "ရှာစရာမလိုပါဘူး၊ မင်းမှာ အဲဒီလို လုပ်နိုင်တဲ့အစွမ်း ရှိနေတာပဲ"

ရန်ကိုင်က မျက်မှောင်ကြုတ်လျက်... "ပထမအကြီးအကဲ ဘာပြောချင်နေတာလဲ"

ရန်ကိုင်မှာ ကျုယန် စကားကြောင့် လုံးဝကို ဇဝေဇဝါ ဖြစ်သွားရသည်။

ကျုချင်းမှာတော့ တစ်ခုခုအား စဉ်းစားမိသွားသည့်အလား မျက်နှာလေး ရဲတက်သွားလေသည်။

ဖုရွှမ်းသည်လည်း ကျုယန် ဘာပြောနေသည်ကို သဘောပေါက်သည့်အလား ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်နေလေ၏။

ကျုခုန်ကမူ ယဲ့ယဲ့လေး ပြုံးရင်းမှ ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍ ပြောလိုက်သည်။

ကျုခုန် ပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်၏ မျက်နှာအထက် စိတ်ခံစားချက်ပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကျုချင်းဘက်သို့ လှည့်၍ သူ့ကိုယ်သူ လက်ညှိုးထိုးရင်းမှ... "ကျုပ်နဲ့ ချင်းအာသာ ကလေးရသွားခဲ့ရင် အဲဒီကလေးက နဂါးကလန်သားတစ်ဦးအဖြစ် မွေးလာမယ်လို့ ခင်ဗျား ထင်နေတာပေါ့"

နောက်ဆုံးတွင် ဤအရာမှာ ကျုယန်၏ တကယ့် ရည်ရွယ်ချက် ဖြစ်နေခဲ့သည်။ ကျုယန်သည် သူ့အား ဤထောင်ချောက်ထဲသို့ မဝင် ဝင်လာအောင် ဆွဲခေါ်နေခဲ့သည်ဟုပင် ရန်ကိုင် သင်္ကာမကင်း ဖြစ်သွားမိလေသည်။ ရန်ကိုင်အား နဂါးသွေးပန်းများကို စိုက်ပျိုးခိုင်းခဲ့ခြင်းမှာ အပေါ်ယံဟန်ပြသာ ဖြစ်ပြီး တကယ့် ရည်ရွယ်ချက်မှာ နဂါးကလန်အတွက် သူနှင့် ကျုချင်းအား ကလေးတစ်ယောက် မွေးခိုင်းရန်သာ ဖြစ်ပေသည်။

[ဒီသက်ကျားအိုကြီး နှစ်ကောင်က တကယ် ဉာဏ်နီဉာဏ်နက် များတာပဲ]

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၄၂)

ဘာသာပြန်သူ_တိမ်တိုက်

တစ်ချက်မျှ စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ထိုသို့ဖြစ်နိုင်လောက်မှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်စုမှ ဖြစ်ပါသော်ငြား လက်ရှိအခိုက်အတန့်တွင် သူ့ကိုယ်သူ လူလား နဂါးလားဟု ဝေခွဲရခက်နေလေပြီ။ ကျုချင်းမှာမူ သွေးသန့်နဂါးတစ်ကောင် ဖြစ်သည်။

ထိုအကြောင်းကြောင့် သူတို့နှစ်ဦးသာ ကလေးရလာခဲ့မည်ဆိုလျှင် ထိုကလေးသည် နဂါးမျိုးနွယ်စုမှ ဖြစ်လောက်သည်။

မိုရှောင်ချီအနေဖြင့် နဂါးကလန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်မထားရသည့် အဓိက အကြောင်းအရင်းမှာ သူ၏ သွေးမျိုးဆက်သည် အဖေဘက်ဆီသို့ များစွာပါသွားသည့် အတွက်ကြောင့်သာလျှင် ဖြစ်ရပေလိမ့်မည်။

နဂါးကလန်၏ အစီအစဉ်ကို သဘောပေါက်သွားသည့်နောက် ရန်ကိုင်က မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ပထမအကြီးအကဲ၊ ခင်ဗျား ကျုပ်ကို လာနောက်နေတာလား"

ကျုယန်က ချောင်းဟန့်ရင်းမှ ပြန်၍ပြောလိုက်၏။ "ငါတို့ကလန်သား အရေအတွက်က ဒီလောက်များတာ မဟုတ်ဘူးကွ၊ ဒီတော့ နဂါးတစ်ကောင် သေသွားတိုင်း သေသွားတိုင်း ငါတို့ကလန်က အရမ်းကို နစ်နာရတယ်၊ ဒီလိုကိစ္စမျိုးမှာတော့ ငါမင်းကို မနောက်ဘူး"

[ဒီသက်ကျားအိုကြီးက တကယ်ပြောနေတာဟ] ရန်ကိုင် မှင်တက်သွားခဲ့ပြီး မျက်မှောင်ကြုတ်လျက်... "အဲဒီလိုသာဆိုရင်တော့ ကျုပ်ခင်ဗျားကို စိတ်ပျက်အောင် လုပ်ရတော့မှာပဲ၊ ကျုပ်တို့ ကလေးမွေးမယ်လို့ စီစဉ်ထားမယ်ဆိုရင်တောင် ချင်းအာအနေနဲ့ ကိုယ်ဝန်ရဖို့ ဘယ်လောက်ကြာမယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး၊ ပြီးတော့ ကလေးမွေးလာခဲ့မယ်ဆိုရင်တောင် ကျုပ်တို့ကလေးကို ဘာဖြစ်လို့ နဂါးကလန်ဆီ ပေးရမှာလဲ၊ ကျုပ်တို့ဘာသာကျုပ်တို့ပဲ အဲဒီကလေးကို ပျိုးထောင်ပြီးတော့ သင်ပေးမှာပေါ့"

သူသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သလို ကျုချင်း၏ ကျင့်ကြံခြင်းမှာ သူ့ထက်ပင် ပို၍ မြင့်ပေသေးသည်။ ထိုအကြောင်းကြောင့် သူတို့နှစ်ဦးအဖို့ ကလေးရဖို့ရာမှာ မလွယ်လှပေ။

ရန်ကိုင်သည်သာ ထိုတောင်းဆိုချက်ကို သဘောတူပေးလိုက်မည်ဆိုလျှင် နောက်ဆယ်နှစ် နှစ်တစ်ရာအတွင်း သူ့အနေဖြင့် မည်သည့် မျှော်လင့်ချက်ကိုမှ မြင်ရတော့လိမ့်မည် မဟုတ်ပေ။ သူ့အနေဖြင့် နဂါးကျွန်းပေါ်တွင် ထိုမျှအတန်ကြာအောင် နေဖို့ရာလည်း မဖြစ်နိုင်။

"မင်းသာ ကြိုးစားမယ်ဆိုရင် မျှော်လင့်ချက်က ရှိမှာပဲလေ" ကျုယန်က ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

ရန်ကိုင်ကမူ လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်လေ၏။ "ပထမအကြီးအကဲ၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်ကို ဘာမှ လာပြောမနေနဲ့တော့၊ ခင်ဗျားက ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းချင်တယ်ဆိုမှတော့ ကျုပ်လည်း ဘာမှ မပြောနိုင်တော့ဘူး၊ ခင်ဗျားတို့ နဂါးကလန်သားအသစ်တစ်ယောက် ထပ်လိုချင်တယ်ဆိုရင်တော့ ခင်ဗျားဘာသာ ခင်ဗျားပဲ ကြိုးစားပေါ့၊ ကျုပ်ကို လာပြီးတော့ ခိုင်းမနေနဲ့"

ထိုစကားကို ကြားသော် ဖုကျွင်းက ထအော်လေသည်။ "ခွေးကောင်"

ရန်ကိုင်၏ သဘောမှာ ကျုယန်အား ဖုကျွင်းနှင့် ကလေးရအောင် လုပ်ခိုင်းနေခြင်းသာ ဖြစ်လေသည်။ ရန်ကိုင် ပြောသည့် စကားကို ကြားပြီးသည့်နောက် ဖုကျွင်းမှာ ရှက်ရှက်နှင့် ဒေါသထွက်လာရတော့လေ၏။

ရန်ကိုင်သည် ဖုကျွင်းအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျုယန်ဘက်သို့ လှည့်၍... "ဒီနဂါးသွေးပန်းတွေ အကုန်လုံးကိုတော့ ခင်ဗျားတို့ဆီပဲ ပေးလိုက်တော့မယ်၊ အခုကနေစပြီးတော့ ကျုပ်တို့ကြားမှာ ဘာမှမရှိတော့ဘူးနော်၊ ဘိုင့်ဘိုင်"

ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ချက်ချင်း လှည့်ထွက်သွားလေ၏။

ကျုချင်းသည်လည်း သက်ပြင်းချရင်းမှ ရန်ကိုင် အနောက်သို့ ပြေးလိုက်သွားခဲ့သည်။ မူလကမူ ရန်ကိုင်မှ နဂါးကလန်အတွက် နဂါးသွေးပန်းများစွာကို စိုက်ပျိုးပေးခဲ့သည့်အတွက်ကြောင့် နဂါးကလန်နှင့် ရန်ကိုင်အကြားရှိ ဆက်ဆံရေးမှာ အဆင်ပြေလာလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား နောက်ဆုံးတွင်မူ ဤကဲ့သို့သော နည်းလမ်းဖြင့် အဆုံးသတ်သွားခဲ့ရလေသည်။ ထိုအကြောင်းကြောင့် ကျုချင်းမှာ ဖုကျွင်းအပေါ်လည်း မကျေမနပ် ဖြစ်နေမိလေ၏။

"ဒီကောင်က တကယ်ကို စိတ်ဆတ်တာပဲကွ" ကျုယန်သည် ရန်ကိုင်၏ ကျောပြင်ကို ကြည့်ရင်းမှ ခေါင်းတခါခါလုပ်လျက် ရယ်မောကာ ပြောလိုက်လေ၏။ "သူ့မှာ ဘိုးဘေးနဂါးအမြုတေ ရှိနေတာကို သူ့ကိုယ်သူ ငါတို့နဂါးကလန်နဲ့ ဘာမှမဆိုင်ဘူးလို့ ထင်နေချင်တာလား မသိဘူး"

ကျုခုန်က ဝင်ပြောလိုက်သည်။ "သူက နဂါးကလန်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာကို သဘောမပေါက်သေးလို့ နေမှာပေါ့၊ ဒါပေမဲ့ ဘိုးဘေးနဂါးအမြုတေနဲ့ ပတ်သက်တဲ့ ကိစ္စကတော့ တော်တော်လေးကို အရေးကြီးတယ်၊ အဲဒါကို ဘာဖြစ်လို့ သူ့ကို ဒီအတိုင်းပဲ မပြောလိုက်တာလဲ"

ကျုယန်က ခေါင်းညိတ်လိုက်သည်။ "အဲဒါကြောင့်ပဲ ငါသူ့ကို ချင်းအာနဲ့ ကလေးမွေးခိုင်းချင်တာ၊ အဲဒီလိုသာဆိုရင် သူ့ကိုယ်သူ နဂါးကလန်နဲ့ ပိုပြီးနီးစပ်သွားတယ်လို့ ခံစားရလိမ့်မယ်၊ အဲဒါဆို ဘာလုပ်လုပ် မဆင်မခြင် လုပ်တော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ လက်တွေ့က ငါတို့လိုချင်တာနဲ့ ပြောင်းပြန်ဖြစ်နေတယ်"

ဖုရွှမ်းက မျက်မှောင်ကြုတ်လျက်... "သူ့ကို ဒီအတိုင်း ပြောလိုက်လို့ မရဘူးလား၊ ဘာဖြစ်လို့ အခုလိုမျိုး ဝေ့လည်ကြောင်ပတ် လိုက်လုပ်နေရတာလဲ"

ကျုယန်က ကူကယ်ရာမဲ့စွာ ပြုံးရင်းမှ ခေါင်းခါလျက်... "ဘိုးဘေးနဂါးအမြုတေက အရမ်းအားကောင်းလွန်းတယ်၊ ပြီးတော့ အရမ်းလည်း အရေးကြီးတယ်၊ ငါတို့ သူ့ကို အမှန်အတိုင်း ပြောလိုက်မယ်ဆိုရင် နဂါးကျွန်းတစ်ခုလုံးက သူ့ထိန်းချုပ်မှုအောက်ကို ရောက်သွားမှာ၊ အခုလောလောဆယ် သူက အဲဒီလို အခွင့်အာဏာမျိုးကို ရဖို့လောက်အထိ အားမကောင်းသေးဘူး၊ သူသာ လုံလောက်တဲ့ခွန်အားမရှိဘဲနဲ့ ဒီလိုမျိုး အခွင့်အာဏာမျိုးတွေ ရလာခဲ့မယ်ဆိုရင် နဂါးကလန်ရော သူ့အတွက်ရော မကောင်းဘူး"

ဖုရွှမ်းမှာ တစ်ခုခု ပြောချင်နေသည့်အလား နှုတ်ခမ်းကို လှုပ်စိလှုပ်စိ လုပ်လိုက်ပါသော်ငြား အဆုံးတွင်တော့ သက်ပြင်းသာချလိုက်လေသည်။

ရန်ကိုင်နှင့် ကျုချင်းမှာ နှစ်ဦးအတူ ပျံသန်းနေကြလေသည်။

အတန်ကြာမျှ မှုန်ကုပ်ကုပ် ဖြစ်နေပြီးသည့်နောက် ရန်ကိုင်မှာ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ ဖုကျွင်း၏ လှည့်စားခြင်းခံလိုက်ရပါသော်ငြား နဂါးကျွန်းပေါ်တွင် နေခဲ့ရသည်မှာ အကျိုးအမြတ် မရှိဟုတော့ ပြော၍ မရပေ။ အနည်းဆုံး ကျုချင်းအား နဂါးကလန်မှ အပြစ်ပေးခြင်း မရှိကြောင်းကို တွေ့ရှိခဲ့ရသလို ကျုချင်းသည်လည်း ရန်ကိုင် နှစ်ဝက်အတွင်း ကြိုးစားစိုက်ပျိုးခဲ့သော နဂါးသွေးပန်းများစွာကို ရရှိနိုင်ပေလိမ့်မည်။

ထိုအကြောင်းကို စဉ်းစားမိလိုက်သော် ရန်ကိုင်သည် သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ယူ၍ ကျုချင်းအား ပေးလိုက်လေ၏။

ကျုချင်းသည် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်ပြီးသည့်နောက် မှင်တက်သွားသည့် အမူအရာဖြင့်... "နဂါးသွေးဆေးလုံးတွေလား"

ဤသိုလှောင်လက်စွပ်ထဲတွင် အဆင့်မြင့်နဂါးသွေးဆေးလုံး အလုံးသုံးရာခန့် ရှိနေလေသည်။ အချို့ဆိုလျှင် ဆေးသွေးကြောများပင် ရှိနေကြပေသေးသည်။

လွန်ခဲ့သည့် ခြောက်လအတောအတွင်း ကျုချင်းမှာ ရန်ကိုင် ဘေးနား၌ တစ်ချိန်ကုန် ရှိမနေခဲ့ပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ အားလပ်သည့်အခါတိုင်း နဂါးသွေးဆေးလုံးများကို ဖော်စပ်လေ့ ရှိပေသည်။ သစ်သားဝိညာဉ် နှစ်ဦးအဖို့ နဂါးသွေးပန်းများကို စိုက်ပျိုးဖို့ရာ အလွန်အမင်း ခက်ခဲနေခြင်း မရှိသည့်အတွက်ကြောင့် ရန်ကိုင်မှာ အဆင့်မြင့်နဂါးသွေးပန်းများကို သုံး၍သာ ဆေးလုံးများကို ဖော်စပ်ခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဆေးလုံးများ၏ အရည်အသွေးမှာ ဤမျှ ကောင်းနေရခြင်းပင်။ ရန်ကိုင်က ပြုံး၍... "ဒါက နင့်အတွက်၊ ငါနင့်အနားမှာ မရှိတဲ့အချိန် ဒါတွေကို သုံးပြီးတော့ နင့်သွေးကို သန့်စင်အောင်လုပ်ထား၊ ငါပြန်လာတဲ့အချိန် ငါနင့်ကို ထပ်ပေးမယ်"

"နင်တကယ်ကြီး သွားတော့မလို့လား" ကျုချင်းသည် သိုလှောင်လက်စွပ်ကို တင်းတင်းဆုပ်ကိုင်ရင်းမှ ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။ လွန်ခဲ့သည့် ခြောက်လအတွင်း သူမမှာ အတော်လေးကိုမှ ပျော်ရွှင်ခဲ့ရသည်။ ရန်ကိုင် နဂါးကျွန်းပေါ်တွင် တစ်သက်လုံး နေလိမ့်မည် မဟုတ်မှန်း သိထားသည့်တိုင် သူမတို့ ခွဲခွာရမည့် အချိန်သည် ဤမျှ စောလွန်းလှမည်ဟု မထင်ထားခဲ့ပေ။

ရန်ကိုင်သည် ကျုချင်း၏ ခါးလေးကို ပွေ့ဖက်လိုက်ရင်းမှ ခေါင်းလေး စောင်းလျက် ပြောလိုက်လေ၏။ "နင်ဘာဖြစ်လို့ ငါနဲ့ တစ်ခါတည်း မလိုက်ခဲ့တာလဲ"

ကျုချင်းသည် ရန်ကိုင် ပခုံးပေါ် ခေါင်းမှီထားရင်းမှ ပြန်၍ ပြောလိုက်လေ၏။ "ငါကြောက်တာက"

ရန်ကိုင် ကြောင်သွားခဲ့သည်။ "နင်ဘာကို ကြောက်နေတာလဲ"

ရန်ကိုင်မှ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ကျုချင်းသည် ရန်ကိုင်၏ ခါးကို ကောက်လိမ်ဆွဲလျက် ပြောလိုက်လေ၏။ "ငါ နင့်မိန်းမလေးယောက်ကို ကြောက်နေတာဟေ့"

ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင်မှာ ရယ်ရခက်ငိုရခက် အမူအရာဖြင့်... "နင်ဘာဖြစ်လို့ သူတို့ကို ကြောက်နေရတာလဲ"

[နင်က နဂါးကလန်သားတစ်ယောက်လေ၊ ကြောက်မဲ့ကြောက် သူတို့ကပဲ နင့်ကို ကြောက်နေရမှာ]

ကျုချင်းက ရှက်ရှက်ဖြင့် ပြန်၍ ပြောလိုက်သည်။ "ငါဒီအတိုင်းပဲ သူတို့ကို ကြောက်တာ၊ ဟုတ်ပြီလား"

မည်သည့် နဂါးမမျှ လူသားယောက်ျားနှင့် လက်ထပ်ဖူးလေ့ မရှိပေ။ ဖုရွှမ်းမှာ တစ်ဦးတည်းသော ခြွင်းချက် ဖြစ်ပေသည်။ နဂါးမတစ်ကောင်နှင့် လက်ထပ်ခွင့် ရခဲ့မည်ဆိုပါက မည်သည့်လူသားအတွက်မဆို အလွန်ကိုမှ ကံကောင်းနေပြီဟု ပြော၍ရပေသည်။ သို့ပါသော်ငြား ကျုချင်းမှာ အခြားသော အမျိုးသမီးများ ပိုင်ဆိုင်ထားသည့် လူတစ်ဦးနှင့် ပတ်သက်မိသွားသည့်အတွက်ကြောင့် စိတ်ထဲ အပြစ်မကင်းသလို ခံစားမိနေသည်။ ထိုအပြင် ဖုကျွင်းမှာလည်း ရန်ကိုင်အား ကြည့်မရပေ။ ထိုအတွက်ကြောင့် သူမသည်သာ ရန်ကိုင်နှင့်အတူ လိုက်သွားခဲ့မည်ဆိုလျှင် နဂါးကလန် မည်ကဲ့သို့ တုံ့ပြန်လာမလဲဆိုသည်ကို မပြောတတ်ပေ။

သူမသည်သာ ရန်ကိုင်အတွက် ပြဿနာရှာလိုက်မိလျှင် အတော်လေး ဆိုးရွားသွားနိုင်ပေသည်။

ရန်ကိုင်အား သူမ စိတ်ပူနေသည်များကို ပြောပြပြီးသည့်နောက် ရန်ကိုင်လည်း ကျုချင်းအား ဆက်၍ တွန်းအားပေးမနေတော့ဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည်။ "ငါ အားတဲ့အခါတိုင်း နင့်ဆီ လာလည်မယ်၊ ငါ ဒီဝင်ပေါက်အပြင်ဘက်က ကျွန်းပေါ်မှာ ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းထားတယ်၊ ဒီတော့ ငါလာချင်တဲ့အချိန် အလွယ်တကူ လာလို့ရတယ်၊ နင် နောက်ပိုင်း နဂါးကျွန်းကနေ ထွက်လာမယ်ဆိုရင် အဲဒီအစီအရင်ကို သုံးပြီးတော့ ထက်ကောင်းကင်နန်းတော်ဆီ သွားလို့ရတယ်"

ကျုချင်းက ခေါင်းညိတ်လိုက်လေ၏။ "ငါ မှတ်ထားမယ်"

တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ကျုချင်းမှာ ရုတ်တရက် တစ်ခုခုအား မှတ်မိသွားသည့်အလား ပြန်၍ ပြောလိုက်လေ၏။ "နင် အခုသွားမယ်ဆိုရင် ရှောင်ချီရော၊ နင်သူ့ကို ခေါ်လာတာလေ၊ ဒီတော့ သူ့ကိုပါ တစ်ခါတည်း ပြန်ခေါ်သွားရမှာပေါ့"

ထိုစကားကို ကြားသည့်အခါမှသာလျှင် မိုရှောင်ချီလည်း နဂါးကျွန်းပေါ်တွင် ရှိနေသည့်အကြောင်းကို ရန်ကိုင် သတိရသွားတော့သည်။ ဤနေရာသို့ မလာခင်က လီဝူရီသည် သူပြန်လာပါက မိုရှောင်ချီကိုပါ စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ တစ်ခါတည်း ပြန်ခေါ်လာခဲ့ရန် ပြောခဲ့လေသည်။

တစ်ချက်မျှ စဉ်းစားကြည့်ပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေ၏။ "မိုရှောင်ချီရဲ့အမေက ဒီကို ရောက်နေတယ်ဆိုမှတော့ ဘာမှ စိတ်ပူစရာမလိုပါဘူး၊ ငါလည်း သူ့ကို သွားပြောနေစရာ မလိုဘူး"

ရန်ကိုင် စိတ်ထဲ ကြိုတင်စဉ်းစားထားပြီးသွားခဲ့လေပြီ။ မိုရှောင်ချီအား သူသွားမည့် အကြောင်းကို မပြောသည်မှာ ပိုကောင်းပေလိမ့်မည်။ မိုရှောင်ချီသည်သာ သူနှင့်အတူ ပြန်လိုက်ချင်နေမည်ဆိုပါက ကောင်းတော့လိမ့်မည် မဟုတ်။

ထိုစကားကို ကြားသော် ကျုချင်းက ခေါင်းညိတ်လိုက်လေ၏။ "အဲဒါလည်း အဆင်ပြေတာပဲ၊ နောက်မှပဲ တတိယအကြီးအကဲကို တစ်ချက်သွားမေးလိုက်မယ်၊ သူဘယ်လိုလုပ်မလဲ ကြည့်ကြည့်ရတာပေါ့"

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်လေသည်။ ထိုသို့ဖြင့် ရန်ကိုင်နှင့် ကျုချင်းတို့ နှစ်ဦးမှာ အတူတကွ ပျံသန်းသွားကြတော့လေသည်။

နဂါးကျွန်းဝင်ပေါက် အရှေ့တွင် ဖုလင်မှာ တောင်တစ်လုံးပေါ်၌ အေးအေးဆေးဆေး အနားယူနေလေသည်။ လူအချို့ ချဉ်းကပ်လာနေသည်ကို သတိထားမိလိုက်သည့်အခါ ချက်ချင်း လှမ်း၍ ကြည့်လိုက်ရာ ရန်ကိုင်နှင့် ကျုချင်း အတူတကွ ပျံသန်းလာနေကြောင်း တွေ့လိုက်ရလေ၏။ ဖုလင်မှာ ချက်ချင်းပဲ ဝမ်းသာသွားခဲ့ပြီး သွားရောက်နှုတ်ဆက်လိုက်လေ၏။ "အစ်မချင်း၊ ခဲအို"

ကျုချင်းသည် ဖုလင်အား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ရန်ကိုင်ကို ကြည့်၍... "ခရီးသွားရင် သတိထားဦးနော်"

"အင်း၊ နောက်မှပဲ လာတွေ့တော့မယ်နော်" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ဖုလင်အား တစ်ချက်လှမ်းကြည့်လိုက်သည်။

ဖုလင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လျက် မေးလိုက်လေ၏။ "ခဲအို၊ သွားတော့မှာလား"

"သွားတော့မှာပေါ့၊ ငါဒီမှာ တစ်သက်လုံးနေမယ်လို့ နင်က ထင်နေတာလား"

ထိုသို့ ပြောပြီးသည့်နောက်တွင် ကျုချင်း၏ လက်ကလေးကို ပုတ်၍ သူမအား နောက်ဆုံးတစ်ကြိမ်အဖြစ် ကြည့်ပြီးသည့်နောက် ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ ခုန်ဝင်သွားလေ၏။

ကျုချင်းမှာ ထိုနေရာတွင် အတန်ကြာအောင် ရပ်နေပြီးသည့်နောက် သက်ပြင်းချ၍ ဖုလင်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ဖုလင်ဆီသို့ ပစ်ပေးလိုက်လေ၏။

ဖုလင်သည် ကျောက်စိမ်းပုလင်းကို လှမ်းဖမ်း၍ မေးလိုက်လေသည်။ "အစ်မချင်း ဒါဘာလဲ"

ကျုချင်းက ပြုံး၍ ပြောလိုက်လေ၏။ "နင့်ဘာသာနင် ကြည့်ကြည့်လိုက်"

ဖုလင်က ပြောလိုက်လေသည်။ "ဒီအတိုင်း ပြောလိုက်လည်း ရနေတာပဲဟာကို" ထိုသို့ပြောပြီးသည့်နောက် ပုလင်းအဖုံးကို အလျင်အမြန်ဖွင့်၍ ပုလင်းထဲရှိ ဆေးလုံးအချို့ကို သူမ လက်ဝါးပေါ် သွန်ချလိုက်သည်။ ဆေးနံ့ကို ရှူရှိုက်ကြည့်လိုက်ပြီးသည့်နောက် ပါးစပ်အဟောင်းသားဖြင့် ကျုချင်းကို ကြည့်ရင်းမှ ပြောလိုက်လေ၏။ "ဒါတွေက"

ကျုချင်းက ရှင်းပြလိုက်သည်။ "ဒါက နင့်ခဲအို ဖော်စပ်ထားတဲ့ နဂါးသွေးဆေးလုံးတွေပဲ၊ သူနင့်အပေါ် လုပ်မိခဲ့တာတွေနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်လို့ နင့်ကိုပေးတာ၊ သူ့ကြောင့်သာ မဟုတ်ရင် နင်လည်း ဒီနေရာကို နှစ်တစ်ရာ စောင့်ကြည့်နေဖို့ အပြစ်ပေးခံခဲ့ရမှာ မဟုတ်ဘူး၊ ဒါ သူနင့်ကို အလျော်ပြန်ပေးတာပဲ"

ဖုလင်၏ အကြည့် တောက်ပသွားခဲ့လေသည်။ "သူငါ့ကို အလျော်ပေးမယ်လို့ ပြောလိုက်တာလား"

ကျုချင်းက မျက်မှောင်ကြုတ်လျက်... "စွတ်ပြီးတော့ တွေးမနေနဲ့၊ သူနင့်အတွက် စိတ်မကောင်းဖြစ်ရုံလေးပဲ"

"ဒါပေါ့ ဒါပေါ့၊ အဲဒီလိုမျိုး မတွေးပါဘူး" ဖုလင်သည် သူမ လက်ကို အလျင်အမြန်ဝှေ့ယမ်း၍ ပြုံးကာ ပြောလိုက်လေ၏။ "ခဲအိုက တကယ်ကို ကြင်နာတတ်တာပဲ၊ နဂါးသွေးဆေးလုံးတွေလည်း အများကြီး ဖော်စပ်နိုင်တယ်၊ အကြီးအကဲတွေကို ပြောပါတယ်၊ အစကတည်းက ဧကရာဇ်အဆင့်ပညာရှင် တစ်ယောက်လောက်ကို ဖမ်းပြီးတော့ နဂါးသွေးဆေးလုံးတွေ ဖော်စပ်ခိုင်းလိုက်ပါလို့၊ ဒါပေမဲ့ တစ်ယောက်မှ နားမထောင်ကြဘူး၊ ဝိုး ဆေးလုံးဆယ်လုံးတောင်၊ ဒါတွေက ဆေးသွေးကြောတွေလား"

နဂါးသွေးဆေးလုံး တစ်ပုလင်း ရလိုက်ပြီးသည့်နောက် ဖုလင်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားလာရာ ကလေးငယ်တစ်ဦးပမာ ကခုန်ပစ်ချင်စိတ်များပင် ပေါက်လာရသည်။

သူမ၏ နဂါးသွေးမှာ နဂါးကလန်ထဲ ရွက်ကြမ်းရေကျိုအဆင့်လောက်သာ ရှိပေသည်။ ဖုချီကဲ့သို့သော သူမသည် အဆင့်ခြောက် နဂါးတစ်ကောင်သာ ဖြစ်သည်။ ထိုအကြောင်းကြောင့် နဂါးသွေးဆေးလုံးများမှာ သူမအတွက် အလွန်ကိုမှ အရေးပါပေ၏။ ထိုဆေးလုံးများသည် သူမ၏ သွေးမျိုးဆက်အား အဆင့်ခုနစ်အထိသို့ တွန်းမတင်ပေးနိုင်ပါသော်ငြား ထိုဆေးလုံးများကို သောက်သုံးခြင်းအားဖြင့် နှစ်တစ်ရာစာ ကျင့်ကြံခြင်းကို ကူညီဖာထေးပေးနိုင်ပေသည်။

ထိုအကြောင်းကြောင့် ဖုလင်မှာ ရန်ကိုင်အပေါ် မကျေမနပ်ဖြစ်နေခြင်း မရှိတော့ချေ။ လျော်ကြေးရလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် သူမ အပြစ်ပေးခံရသည်မှာ ထိုက်တန်သွားပြီဟု ပြော၍ရလေသည်။

ဖုလင်မှာ စိတ်လှုပ်ရှားစွာဖြင့် ဆေးပုလင်းဖြင့် အတန်ကြာအောင် ဆော့ကစားနေခဲ့သည်။ သူမ အသိပြန်ဝင်လာချိန်တွင်တော့ ကျုချင်းမှာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေသည်။

ရုတ်တရက် လူတစ်ဦး၏ စကားပြောသံကို ဖုလင် ကြားလိုက်ရသည်။ "နင့်ကြည့်ရတာ တော်တော်ပျော်နေတဲ့ပုံပဲ၊ ပစ္စည်းကောင်းတွေ ဘာတွေ ရလိုက်လို့လား"

ဖုလင်မှာ အထိတ်ထိတ်အလန့်လန့်ဖြင့် နောက်ပြန် လှည့်ကြည့်လိုက်ပြီးသည့်နောက် မယုံကြည်နိုင်ဟန်အထင်သားဖြင့် မျက်လုံးပြူးလျက်... "ခဲအို၊ ဘာလို့ပြန်လာတာလဲ" သူမအား စကားပြောလိုက်သည့် လူမှာ အစောပိုင်းက ထွက်သွားသော ရန်ကိုင်မှ လွဲ၍ အခြားမဟုတ်ပေ။

ရန်ကိုင်ကမူ ဖုလင်၏ အမေးကို ပြန်မဖြေဘဲ ဘေးပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက်ဖြင့် ကြည့်ရင်းဖြင့်သာ လေသံတိုးတိုးဖြင့် မေးလိုက်လေ၏။ "ကျုချင်း ထွက်သွားပြီလား"

ထိုစကားကို ကြားသော် ဖုလင်က အဓိပ္ပာယ်ပါပါ ပြုံးလျက်... "ခဲအို ဘာဖြစ်လို့ အခုလိုမျိုး ခိုးကြောင်ခိုးဝှက်ပုံစံမျိုးနဲ့ ပြန်လာရတာလဲ"

ထို့နောက် နောက်သို့ ဆုတ်ရင်းမှ နှုတ်ခမ်းကို လက်ဖြင့်အုပ်၍ မေးလိုက်လေ၏။ "ခဲအို ဘာလုပ်ချင်နေတာလဲ"

ရန်ကိုင်သည် ဖုလင်ကို ကြည့်၍ လှောင်ပြုံးပြုံးလျက်... "စိတ်ပူမနေနဲ့၊ ငါနင့်ကို ဘာမှလုပ်မှာ မဟုတ်ဘူး"

ဖုလင်က ပြန်၍ ညည်းတွားလိုက်လေသည်။ "ကျွန်မက ရုပ်ဆိုးနေလို့လား"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ရုပ်ဆိုးတာ မဆိုးတာနဲ့ ဘာမှမဆိုင်ဘူး၊ အပိုတွေ ပြောမနေတော့နဲ့၊ နင်ဆက်ပြီးတော့ အပိုတွေ ပြောနေဦးမယ်ဆိုရင် အဲဒီနဂါးသွေးဆေးလုံးတွေ ငါ့ကို ပြန်ပေးလိုက်တော့"

ထိုစကားကို ကြားသော် ဖုလင်သည် ဆေးပုလင်းကို သူမ နောက်ကျောဘက်၌ အလျင်စလို ကောက်ဝှက်၍ ခေါင်းခါရင်းမှ ပြန်ပြောလိုက်သည်။ "မပေးပါဘူး"

သူမအနေဖြင့် ရန်ကိုင်နှင့်အတူ မအိပ်နိုင်သည့်အတွက်ကြောင့် ဤနဂါးသွေးဆေးလုံးများကိုတော့ ရန်ကိုင်ဆီသို့ ပြန်ပေးလိမ့်မည် မဟုတ်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၄၃)

ဘာသာပြန်သူ_တိမ်တိုက်

"အဲဒီနဂါးသွေးဆေးလုံးတွေ ငါ့ကို ပြန်မပေးချင်ရင် အေးအေးဆေးဆေးနေ" ရန်ကိုင်သည် ဖုလင်၏ နဖူးကို ကောက်ထုလိုက်ရင်းမှ ပြောလိုက်သည်။

ဖုလင်သည် ကြက်အစာကောက်နေသည့်ပမာ ခေါင်းကို အဆက်မပြတ် ညိတ်ရင်းမှ ပြန်မေးလိုက်သည်။ "ခဲအို၊ ဘာဖြစ်လို့ပြန်လာတာလဲ"

ရန်ကိုင်၏ ပုံစံမှာ လုံးဝကို တည်တည်ငြိမ်ငြိမ် ရှိနေလေ၏။ ရန်ကိုင်သည် နဂါးကျွန်းမှ ထွက်သွားရန် ကြံမထားသေး။ ထိုအစား ကျုချင်း ထွက်သွားမည့် အချိန်ကို စောင့်ပြီးမှသာ ပြန်လာခဲ့သည်။ ဖုလင်သည် နဂါးကျွန်းအား ကာကွယ်ပေးရမည့် တာဝန်ကျထားသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်ကို တွေ့ရလိမ့်မည် မဟုတ်ပေ။ ယခု ရန်ကိုင်၏ လျှို့ဝှက်ချက်ကို သိလိုက်ရသည့်အပေါ် ဖုလင်မှာ ကြိတ်၍ ဝမ်းသာသွားလေ၏။ [ငါသာ ဒီလျှို့ဝှက်ချက်ကို သုံးပြီးတော့ သူ့ကို ခြိမ်းခြောက်မယ်ဆိုရင်]

"ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိတယ်၊ နင်နဲ့ ဘာမှမဆိုင်ဘူး" ရန်ကိုင်က စိတ်မပြေဟန်ဖြင့် လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။ "နင်ဒီနေ့ ငါ့ကို မမြင်ဘူးဆိုတာ မှတ်ထားလိုက်နော်"

ဖုလင်မှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လျက်... "အစ်ကိုရန် ထွက်သွားတုန်းက အစ်မချင်း ရှိနေတယ်လေ"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ငါပြန်လာတာကို မမြင်ဘူး၊ ဟုတ်ပြီလား"

"ဟုတ်ပြီ" ဖုလင် ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်က ပြုံးဖြီး၍... "ပြောတဲ့အတိုင်း လုပ်ရင်တော့ နင့်အနေနဲ့ အကျိုးအမြတ်နည်းနည်းပါးပါး ရရင်ရမယ်၊ ဒါပေမဲ့ ငါ့လျှို့ဝှက်ချက်ကို လျှောက်ပြောလိုက်မယ်ဆိုရင်တော့"

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် လက်ကွက်တစ်ခုကို ဖော်ဆောင်ပြလိုက်သည်။

ဖုလင်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူမ လက်ကို ချက်ချင်းဝှေ့ယမ်း၍... "ခဲအို စိတ်မပူနဲ့၊ ကျွန်မ ခဲအိုကို လုံးဝသစ္စာမဖောက်ဘူး"

နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လေပေါ်သို့ ခုန်တက်၍ နဂါးနန်းတော်ရှိရာဆီသို့ လာရာလမ်းကြောင်းအတိုင်း ပြန်လာခဲ့လေသည်။

ရန်ကိုင်မှာ သူ ခြောက်လကြာအောင် ကြိုးစားခဲ့ရသမျှကို အလကား ရေစုန်မမျောစေချင်သည့်အတွက်ကြောင့် နဂါးကျောင်းတော်ထဲသို့ ခိုးဝင်ရန် စီစဉ်ထားခြင်း ဖြစ်လေသည်။ [အဲဒီခွေးမ ဖုကျွင်းက သူ့စကားသူ ပြန်ရုပ်သိမ်းမှတော့ ငါ့ကိုလည်း အခုလို လုပ်လို့ဆိုပြီးတော့ လာအပြစ်မတင်နဲ့ပေါ့၊ ငါ နဂါးကျောင်းတော်ထဲကို ရောက်သွားတာနဲ့ သူလည်း ငါ့ကို ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး၊ ဘယ်နဂါးကလန်သားမှ ငါ့ကို ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး]

သို့ပါသော်ငြား သူ၏ အကြံအစည်ကို ကျုချင်းအား သိစေ၍တော့ မဖြစ်ပေ။ ကျုချင်းသာ သိနေမည်ဆိုလျှင် သူမအနေဖြင့် အကျပ်ရိုက်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် နဂါးကျွန်းမှ ထွက်သွားချင်ယောင်ဆောင်ပြီးသည့်နောက်မှသာ ပြန်လာခဲ့ခြင်း ဖြစ်သည်။

ဖုကျွင်းအကြောင်း တွေးလိုက်ရုံဖြင့် ရန်ကိုင်မှာ ဒေါသူပုန်ထလာရလေသည်။ သူ့အား ယခုကဲ့သို့ လှည့်စားခဲ့သည့်အတွက် ကျိန်းသေ လက်စားပြန်ချေရမည်ဟုလည်း တွေးနေမိလေ၏။

ရှေ့သို့ သွားနေရင်းမှ ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကာ သူ၏ အရှိန်အဝါကိုလည်း အတတ်နိုင်ဆုံး ဖုံးကွယ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် နဂါးကျွန်းပေါ်တွင် နဂါးကလန်သား အနည်းငယ်သာ ရှိနေခဲ့သည်။ ထိုအပြင် ထိုနဂါးကလန်သားများမှာလည်း ၎င်းတို့နှင့် သက်ဆိုင်ရာ ကျွန်းများပေါ်တွင်သာ နေနေပြီး အခြားနေရာများဆီသို့ လျှောက်သွားလေ့ မရှိသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သွားနေစဉ် အတောအတွင်း မည်သည့်နဂါးနှင့်မျှ မတွေ့ခဲ့ပေ။

နဂါးကျောင်းတော်ဆီသို့ မည်ကဲ့သို့ သွားရမလဲဆိုသည်ကို ရန်ကိုင် သိပေသည်။ တကယ်တော့ ရန်ကိုင် ကိုယ်တိုင်သည်လည်း ထိုနေရာသို့ ရောက်ခဲ့ဖူးသည် မဟုတ်ပေလော။

လေးနာရီကြာပြီးသည့်နောက် ရန်ကိုင် ရုတ်တရက် အပျံရပ်လိုက်ပြီး အနီးနားတွင် ရှိနေသော ကျွန်းတစ်ကျွန်းဆီသို့ ချက်ချင်းပြေးဆင်းသွားလိုက်သည်။ ထို့နောက်တွင် သစ်ပင်များအကြား ပုန်းကွယ်၍ ဗလာနတ္ထိပညာရပ်ကို အသက်သွင်းရင်း ဟင်းလင်းပြင်နှင့် ပေါင်းစပ်လိုက်သည်။ တစ်ချိန်တည်း၌ သူ့အရှိန်အဝါကိုလည်း အတတ်နိုင်ဆုံး ဖုံးကွယ်ထားလိုက်လေ၏။

ရန်ကိုင်မှ ထိုကဲ့သို့ လုပ်ပြီးပြီချင်းမှာပင် ပုံရိပ်တစ်ခု တောအုပ်အပေါ်မှ ဖြတ်ပျံသန်းသွားသည်ကို တွေ့ရှိလိုက်ရသည်။ ဟင်းလင်းပြင်ထဲ ပုန်းအောင်းနေပါသော်ငြား ရန်ကိုင်မှာတော့ ဇောချွေးပြန်နေခဲ့လေ၏။ အကြောင်းမှာ အစောပိုင်းက သူ့အပေါ်မှ ဖြတ်ပျံသွားသော လူသည် ဖုကျွင်း ဖြစ်နေသည့်အတွက်ကြောင့်ပင်။

[အဲဒီခွေးမ သူ့ကျွန်းပေါ်မှာသူ မနေဘဲနဲ့ ဒီမှာဘာလုပ်နေတာလဲ] ရန်ကိုင်သည် စိတ်ထဲမှ နေ၍ ဖုကျွင်းအား ကြိတ်ကာကျိန်ဆဲနေလေသည်။ ပတ်ဝန်းကျင်အား သေသေချာချာကို သတိချပ်ထားခဲ့သည်မှာ ကံကောင်းသွားခဲ့သည်။ ထိုသို့သာ မဟုတ်ပါက ဖုကျွင်းနှင့် သွားတိုးမိပေလိမ့်မည်။ ဖုကျွင်းသည်သာ သူ ဤနေရာ၌ ဘာလာလုပ်နေသလဲဟု မေးလာခဲ့လျှင် ရန်ကိုင် မည်ကဲ့သို့ ပြန်ဖြေလို့ ဖြေရမှန်း သိလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ရန်ကိုင်မှာ စိတ်ပူလာရသည်။

ဖုကျွင်းသည် အဆင့်တစ်ဆယ် နဂါးတစ်ကောင်ဖြစ်ကာ မဟာဧကရာဇ်တစ်ပါးတမျှ အားကောင်းလှသည်။ လက်ရှိအချိန်တွင် သူ့အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်ထားသည့်တိုင် ဖုကျွင်း၏ အာရုံခံစက်ကွင်းအောက်မှ လွတ်မြောက်နိုင်ပါ့မလား ရန်ကိုင်မှာ သိပ်၍ မသေချာလှ။ သို့ပင်ဖြစ်လင့်ကစား ကံပေါ်ပုံအပ်၍ လုပ်ရုံက လွဲ၍ အခြားဘာမျှ မရှိတော့ပေ။

ယနေ့သည် ရန်ကိုင်အတွက်တော့ အမှန်တကယ်ကို ကံမကောင်းလှပေ။ နဂါးကျွန်းနန်းတော်ထဲသို့ ခိုးဝင်လာပြီးသည့်နောက် ပထမဦးဆုံး လာတိုးသည့် လူမှာ ဖုကျွင်း ဖြစ်နေခဲ့သည်။ အခြားတစ်ဦးသာဆိုလျှင် ရန်ကိုင်အနေဖြင့် ထိုမျှစိတ်ပူနေလိမ့်မည် မဟုတ်။ သို့သော်ငြား ဘာကြောင့်များ ဖုကျွင်း ဖြစ်နေရလေသနည်း။

ရန်ကိုင်သည် ဖုကျွင်းအား သတိထားမိလိုက်သည့်အတွက်ကြောင့် ဖုကျွင်းသည်လည်း ရန်ကိုင်အား သတိထားမိလောက်ပေသည်။

သို့ပါသော်ငြား မကြာမီ သူ စိတ်ပူနေသည်မှာ အပိုသက်သက်သာဖြစ်ကြောင်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။ ဖုကျွင်းသည် သူ့အား သတိမထားမိခဲ့ဘဲ သူမဘာသာသူမသာ ပျံသန်းသွားနေလေ၏။

သို့ပါသော်ငြား ရန်ကိုင် မပျော်နိုင်သေးခင်မှာပင် ဖုကျွင်း ရုတ်တရက်ရပ်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် ရန်ကိုင် ဆင်းလာခဲ့သည့် ကျွန်းပေါ်သို့ ဆင်းလာလေ၏။

[ငါဒီမှာ ရှိနေတာကို သူသိသွားတာလား] လက်ရှိအခိုက်အတန့်တွင် ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်ပူနေလေသည်။ ဖုကျွင်းသည်သာ သူဘာကြောင့် ဤနေရာ၌ ပုန်းနေသလဲဆိုသည်ကို လာမေးခဲ့မည်ဆိုလျှင် ရန်ကိုင် မည်ကဲ့သို့များ ပြန်ပြောရပါမည်နည်း။ [မိုရှောင်ချီကို လာခေါ်တာလို့ ပြောလိုက်ရင်တော့ ကိစ္စမရှိဘူး၊ ဒါပေမဲ့ ဘာဖြစ်လို့ ပုန်းနေတာလဲလို့မေးရင် ဘယ်လိုပြန်ပြောရမလဲ၊ အခုနေ ငါ့ပုံစံက သူခိုးပုံစံ ပေါက်နေတာ]

ထိုစဉ်မှာပင် ခြေသံများကို ရန်ကိုင် ကြားလိုက်ရသည်။ ဖုကျွင်းအား မရှောင်နိုင်တော့မည်ဟု တွေးလိုက်မိသည့်နောက် ရန်ကိုင် သက်ပြင်းသာချလိုက်လေ၏။ မူလကတည်းက ဖုကျွင်းနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေလေရာ ယခု သူမနှင့် လာတိုးမိသဖြင့် တိုက်ခိုက်ရုံသာ ရှိပေတော့မည်။

ရန်ကိုင်မှာ သူ့အတွေးနှင့်သူ အလုပ်ရှုပ်နေစဉ် ဖုကျွင်း ပုံစံကို ရုတ်တရက် ကောက်မြင်လိုက်ရသည်။ ဖုကျွင်း၏ ပုံစံကို မြင်ပြီးသည့်နောက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားတော့လေသည်။ ဖုကျွင်း ပုံစံမှာ ယခင်ကအတိုင်း အေးစက်စက်ပုံစံမျိုးဖြင့်သာ ရှိနေပါသော်ငြား လက်ရှိအချိန်တွင် သူမ၏ မျက်နှာအထက် ဝမ်းနည်းရိပ် တစ်စွန်းတစ်စကို မြင်တွေ့နေရလေသည်။

[ဒီခွေးမက ဝမ်းလည်း ဝမ်းနည်းတတ်သေးတယ်ပေါ့] ရန်ကိုင်မှာ သူများ အမြင်မှားနေသလားဟုပင် ထင်မိသွားရသည့်အထိပင်။ သို့ပါသော်ငြား သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ဖုကျွင်း အမှန်တကယ်ကို ဝမ်းနည်းသည့် ပုံစံမျိုးပေါက်နေကြောင်း တွေ့လိုက်ရသည်။ သူမ သွားနေသည့် ပုံစံမှာလည်း စိတ်နှင့်ကိုယ်နှင့် မကပ်သလိုပင်။ မသိလျှင် သူမ၏ ဝိညာဉ် အခြားတစ်နေရာသို့ ရောက်နေသည့်အလား။

[ဒါကြောင့် ငါ့ကို သတိမထားမိတာကိုး] ယခုမှသာလျှင် အကြောင်းအရင်းကို ရန်ကိုင် နားလည်သွားတော့သည်။ ဖုကျွင်း၏ ကျင့်ကြံခြင်းနှင့် စွမ်းအားအရ ရန်ကိုင် ဟင်းလင်းပြင်ထဲ ပုန်းအောင်းနေမည်ဆိုလျှင်ပင် ရန်ကိုင်အား သတိမထားမိစရာ အကြောင်းမရှိပေ။ သို့ပါသော်ငြား လက်ရှိအချိန်တွင်တော့ ဖုကျွင်းမှာ ကိစ္စတစ်ခုခုကြောင့် ဝမ်းနည်းနေခဲ့လေရာ ဘေးပတ်ဝန်းကျင်ကိုပင် သေချာ အာရုံမစိုက်နိုင်တော့ပေ။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်ကိုလည်း သတိမထားမိခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင် သိချင်သွားသည်မှာတော့ ဤလောကကြီး၌ မည်သည့်အရာကများ နဂါးကလန်၏ ဒုတိယအကြီးအကဲအား ယခုကဲ့သို့ ဝမ်းနည်းအောင် လုပ်နိုင်သလဲဆိုသည့် အချက်ပင်။ အစောပိုင်းက ဖုကျွင်းမှာ အနည်းငယ် စိတ်နှင့်ကိုယ်နှင့် မကပ်သလို ဖြစ်သွားသည့်အတွက်ကြောင့် ဤကျွန်းကို ကျော်သွားခဲ့၏။ ထို့နောက် သတိထားမိသွားပြီး ဤကျွန်းဆီသို့ ပြန်လှည့်လာခဲ့ခြင်း ဖြစ်သည်။

[ပထမအကြီးအကဲ ဖောက်ပြန်သွားလို့လား] ထိုအတွေးကို တွေးမိလိုက်ရုံဖြင့် ရန်ကိုင်မှာ ဝမ်းသာအားရ ဖြစ်သွားလေ၏။ [ခွေးမ၊ နည်းတောင်နည်းသေးတယ်]

ထိုသို့သာ တွေးနေလင့်ကစား ရန်ကိုင်မှာ အသက်ကို ရဲရဲမရှူရဲခဲ့ဘဲ မျက်လုံးကိုလည်း ပိတ်ထားခဲ့လေသည်။

ဖုကျွင်းမှာ ရန်ကိုင်နှင့် နီးသထက် နီးလာခဲ့သည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှသာ ဖုကျွင်းအား ဆက်၍ စိုက်ကြည့်နေမည်ဆိုလျှင် ဖုကျွင်း သူ့အား သတိထားမိသွားနိုင်ပေသည်။

ခြေသံများ တဖြည်းဖြည်း တိုးလျပျောက်ကွယ်သွားပြီးသည့်နောက် ဖုကျွင်းမှာ ရန်ကိုင်နှင့် ဆန့်ကျင်ဘက်အရပ်တွင် ရှိနေသော တောင်နံရံထဲရှိ လိုဏ်ဂူ တစ်လုံးထဲကို ဝင်သွားကြောင်းကို တွေ့လိုက်ရသည်။ ထိုအကြောင်းကြောင့် ထိုနေရာတွင် ဖုကျွင်း ဘာတွေများ သွားလုပ်နေသလဲဆိုသည်ကိုပင် ရန်ကိုင် တွေးမိသွားလေ၏။ သို့သော်ငြား သူရှိနေကြောင်း ပေါ်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် တစ်ချက်ကလေးမျှ မလှုပ်ရှားရဲခဲ့ပေ။ ငြိမ်သက်စွာ ထိုင်စောင့်နေရုံသာ တတ်နိုင်ခဲ့သည်။

ရန်ကိုင်သည် ဖုကျွင်း၏ ဘိုးဘေးများကို ထိုင်အော်ဆဲနေရင်းမှ ဟင်းလင်းပြင်ထဲ သုံးရက်ကြာအောင် ထိုင်စောင့်နေခဲ့ရသည်။ ဤကျွန်းမှာ ဖုကျွင်းနေသည့် နှင်းကျွန်း မဟုတ်ပေ။ ထိုသို့ဖြစ်လေရာ ဤနေရာတွင် ဘာကြောင့်များ ဤမျှကြာအောင် နေနေရသလဲဆိုသည်ကို ရန်ကိုင် မစဉ်းစားတတ်နိုင်အောင် ဖြစ်ခဲ့ရသည်။ သုံးရက် ကြာပြီးသည့်နောက်တွင် ခြေလှမ်းများကို ရန်ကိုင် တစ်ဖန်ပြန်ကြားလိုက်ရ၏။

ရန်ကိုင် မသိမသာလေး ချောင်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်မိသွားရလေသည်။

[ဘာတွေဖြစ်နေတာလဲ] သူ့အရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာ သူ့ကိုယ်သူ အိပ်မက်မက်နေသလိုပင် ခံစားနေရသည်။

အကြောင်းမှာ လက်ရှိ လိုဏ်ဂူထဲမှ ထွက်လာသော ဖုကျွင်း၏ မျက်လုံးများမှာ မို့အစ်နေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ သူမ မျက်လုံးများကို ကြည့်ရသလောက် ဖုကျွင်း အတန်ကြာအောင် ငိုထားသည်မှာ သိသာလှသည်။ ထိုသို့သာမဟုတ်ပါက သူမ၏ မျက်လုံးများ ယခုကဲ့သို့ မို့အစ်နေစရာ အကြောင်းမရှိ။ ထိုအပြင် မျက်ရည်စများကိုလည်း သူမ မျက်နှာအထက်တွင် မြင်ရနေပေသေးသည်။

အဆင့်တစ်ဆယ် နဂါးမှာ လိုဏ်ဂူထဲ၌ သုံးရက်ကြာအောင် ငိုကြွေးခဲ့သည့်အပေါ် ရန်ကိုင်မှာ မယုံကြည်နိုင် ဖြစ်နေလေသည်။ ထိုအပြင် ငိုကြွေးနေသည့် လူမှာ အလွန်ကိုမှ အသည်းမာသည်ဟု နာမည်ကျော်ကြားသော ဒုတိယအကြီးအကဲ ဖြစ်၏။

[ဒါဘယ်လိုလုပ်ပြီး ဖုကျွင်း ဖြစ်ရမှာလဲ] ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်လှုပ်ရှားနေမိသလို ဝမ်းလည်းဝမ်းသာမိနေလေသည်။ အကြောင်းမှာ ဖုကျွင်း၏ လျှို့ဝှက်ချက်ကို ရှာတွေ့သွားသည့်အတွက်ကြောင့်ပင်။

သူသာ ယခုနေ ဟင်းလင်းပြင်ထဲမှ ခုန်ထွက်သွားမည်ဆိုလျှင် ဖုကျွင်း အလွန်ကိုမှ ရှက်သွားလိမ့်မည်မှန်း ရန်ကိုင် သိနေပေသည်။ သို့ပါသော်ငြား အကျိုးဆက်မှာလည်း ဖုကျွင်းအနေဖြင့် ရှက်ရှက်ဖြင့် ရန်ကိုင်အား သတ်မိလောက်၏။

နောက်ပိုင်း အခွင့်အရေးရလျှင် ရန်ကိုင်အနေဖြင့် ဤအဖြစ်အပျက်ကို အစဖော်၍ ဖုကျွင်းအား ကျိန်းသေ လှောင်ပြောင်ရပေလိမ့်မည်။ သို့ပါသော်ငြား ယနေ့တွင်တော့ ထိုသို့လုပ်ဖို့ရာ အဆင်မပြေလှသေးပေ။

ရန်ကိုင် သူ့အတွေးနှင့်သူ အလုပ်ရှုပ်နေစဉ် ဖုကျွင်းသည် ရုတ်တရက် လိုဏ်ဂူဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။ "နောက်မှပဲ လာလည်တော့မယ်"

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မှင်တက်သွားခဲ့သည်။ [လိုဏ်ဂူထဲမှာ အခြားတစ်ယောက် ရှိနေတာလား]

ထိုအခိုက်အတန့်ဝယ် ရန်ကိုင် စိတ်ထဲ အကြံဆိုးကြီးတစ်ခု ပေါ်လာခဲ့ပြီး ထိုအကြံကို သူ့ခေါင်းထဲမှ မည်သို့မျှ မထုတ်နိုင် ဖြစ်သွားခဲ့သည်။

[မဖြစ်နိုင်ဘူး ဒါကတော့ မဟုတ်လောက်ပါဘူး၊ နဂါးကလန်ရဲ့ ဒုတိယအကြီးအကဲက ဖောက်ပြန်နေတာလား] သို့ပါသော်ငြား သူမသည်သာ ဖောက်ပြန်မနေလျှင် ဘာကြောင့်များ ထိုစကားများကို ပြောခဲ့လေသနည်း။ လက်ရှိအခိုက်အတန့်ဝယ် သူသည် လိုဏ်ဂူထဲသို့ လာ၍ အခြားသူတစ်ဦးနှင့် ဖောက်ပြန်နေသည့် ပုံရိပ်တစ်ခု ရန်ကိုင် စိတ်ထဲ ပေါ်လာခဲ့သည်။ ထိုအကြောင်းကို တွေးလိုက်ရုံဖြင့်ပင်လျှင် ရန်ကိုင် ရင်ခုန်သံမြန်သွားလေသည်။ [ကျုယန်အတွက်ကတော့ တကယ်ကို စိတ်မကောင်းစရာပါလားကွာ၊ အင်း နည်းနည်းလောက်ပဲ စိတ်မကောင်းတာပါ] သို့ပါသော်ငြား ဖုကျွင်း လုပ်သွားသည်မှာတော့ တကယ်ကို မယုံကြည်နိုင်စရာကောင်းလှပေသည်။ သူမသည် နဂါးကျွန်းပေါ်တွင် လင်ငယ်တစ်ဦး ထားထားရုံမက ဤနေရာသို့ လာ၍ပင် ထိုလင်ငယ်နှင့်အတူ သုံးရက်ကြာအောင် အချိန်ဖြုန်းခဲ့သည်။ ထိုအပြင် ထိုလင်ငယ်နှင့် မခွဲချင်နေသည့်အလား ခွဲရမည့် နေ့သို့ ရောက်လာသည့်အခါတွင် တောက်လျှောက်ကိုလည်း ငိုကြွေးနေခဲ့သေး၏။ ကျုယန်မှာ ဤအကြောင်းကို လုံးဝမသိခြင်းပေလော။

ယခုမှသာလျှင် ဖုကျွင်း၏ အခြားတစ်ဖက်ခြမ်းကို မြင်တွေ့လိုက်ရသည့်ပမာ ရန်ကိုင်မှာ အမှန်တကယ်ကိုမှ အံ့သြနေမိလေသည်။

ဖုကျွင်းမှာမူ လိုဏ်ဂူဆီမှ မခွာချင်ခွာချင် အကြည့်ဖြင့် လိုဏ်ဂူအား တစ်ခဏမျှ ကြည့်နေပြီးသည့် အဆုံးတွင်တော့ စိတ်ကို တင်းကာ ပြန်ထွက်သွားလေ၏။

ဖုကျွင်း ထွက်သွားပြီး တစ်နာရီလောက်အကြာတွင် ရန်ကိုင်သည် သက်ပြင်းချ၍ ဗလာနတ္ထိပညာရပ်ကို ပယ်ဖျက်ကာ ဟင်းလင်းပြင်ထဲမှ ထွက်လာခဲ့သည်။ ဖုကျွင်း ထွက်သွားသည့် အရပ်ဆီသို့ ကြည့်ပြီးသည့်နောက် ရန်ကိုင်သည် လိုဏ်ဂူဘက်သို့ ပြန်၍ လှည့်ကြည့်လိုက်သည်။ လက်ရှိအခိုက်အတန့်တွင် ရန်ကိုင်၏ အမူအရာမှာ ကသိကအောက် ဖြစ်နေလေသည်။

နဂါးကျောင်းတော်ဆီသို့ ဝင်လိုသည့်အတွက်ကြောင့် မသိမသာ ပြန်လာခဲ့ပါသော်ငြား ဤကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် လာတိုးလိမ့်မည်ဟု လုံးဝကို မထင်ထားခဲ့ပေ။ ပို၍ဆိုးသည်မှာ ဖုကျွင်းနှင့် တည့်တည့်တိုးခါနီးပင် ဖြစ်သွားခဲ့ခြင်းပင်။

အခြားတစ်ယောက်သာဆိုလျှင်တော့ ရန်ကိုင် ဂရုစိုက်နေလိမ့်မည် မဟုတ်။ ထိုလူများ ဘာပဲလုပ်လုပ် ရန်ကိုင် အလုပ် မဟုတ်ပေ။ ထိုလူသည် မိန်းကလေးတစ်ယောက် ဖြစ်နေပါစေ မည်ကဲ့သို့သော လူမျိုး ဖြစ်နေပါစေ ရန်ကိုင် ဂရုစိုက်နေလိမ့်မည် မဟုတ်။ သို့ပါသော်ငြား ဖုကျွင်း လင်ငယ်ထားနေသည့် အဖြစ်မှာတော့ ရန်ကိုင်အား အတော်လေးကိုမှ စိတ်ဝင်စားသွားစေသလို ရန်ကိုင် ကိုယ်တိုင်သည်လည်း ဖုကျွင်း၏ ဤလျှို့ဝှက်ချက်ကို အမိအရ ဖမ်းဆုပ်၍ သူမအား အကျပ်ကိုင်ရမည်ဟု စဉ်းစားနေလေသည်။

အနည်းဆုံး လိုဏ်ဂူထဲရှိ လူကို ရှာရပေလိမ့်မည်။ သူသာ ထိုလူကို ဖမ်းဆီးနိုင်မည်ဆိုပါက ဖုကျွင်းအား သူ့တောင်းဆိုချက်များကို လက်ခံလာအောင် တွန်းအားပေးနိုင်ပေလိမ့်မည်။

ထိုအတွေးဖြင့် ရန်ကိုင်သည် လိုဏ်ဂူထဲသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ဝင်သွားလေ၏။

ဤလူမှာ ဖုကျွင်းနှင့်ပင် ချစ်ကြိုက်နိုင်သည့် လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် အတော်လေးကိုမှ အားကောင်းရပေလိမ့်မည်။ အနည်းဆုံး ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ရပေလိမ့်မည်။ ထိုလူ မည်မျှ အားကောင်းသလဲဆိုသည်ကိုမူ ရန်ကိုင်လည်း မသိပေ။ သို့သော်ငြား သတိတော့ ထားရပေလိမ့်မည်။ ထိုအကြောင်းကြောင့် သူ့အရှိန်အဝါကို အတတ်နိုင်ဆုံး ဖုံးကွယ်၍ ခြေသံကို လုံအောင်ထိန်းရင်း လိုဏ်ဂူထဲသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ဝင်သွားလေသည်။

လိုဏ်ဂူထဲသို့ ဝင်လာပြီးသည့်နောက် ရန်ကိုင် အံ့အားသင့်သွားရသည့် အချက်မှာတော့ လိုဏ်ဂူ အတွင်းဆီမှ မည်သည့် အသက်စွမ်းအင် အရှိန်အဝါကိုမျှ မခံစားရခြင်းပင်။ ထိုကိစ္စနှင့် ပတ်သက်၍ အတော်လေးကိုမှ ထူးဆန်းသည်ဟု ရန်ကိုင် စိတ်ထဲ ခံစားလိုက်ရသည်။

ထိုသို့ဖြစ်ရသည့် အကြောင်းအရင်း နှစ်ချက်သာ ရှိတော့သည်။ ပထမတစ်ခုမှာ လိုဏ်ဂူထဲ၌ မည်သည့်သက်ရှိမျှ ရှိမနေခြင်းပင်။ ဒုတိယအချက်မှာတော့ ထိုလူ၏ ကျင့်ကြံခြင်းမှာ အလွန်တရာကိုမှ မြင့်မားလွန်းလှလေရာ ရန်ကိုင်သည်ပင်လျှင် ထိုလူ လိုဏ်ဂူထဲ၌ ရှိနေကြောင်းကို အာရုံမခံနိုင်ခြင်းပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၄၄)

ဘာသာပြန်သူ_တိမ်တိုက်

ဒုတိယတစ်ချက်မှာ မဖြစ်နိုင်ပေ။ ရန်ကိုင်သည် လက်ရှိအချိန်တွင် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် လိုဏ်ဂူထဲတွင် ရှိနေသည့် လူသည်သာ မဟာဧကရာဇ်တစ်ပါး ဖြစ်မနေပါက ရန်ကိုင်အနေဖြင့် ထိုလူအား အာရုံမခံမိစရာ အကြောင်းမရှိပေ။ သူ့အထင်ပင် မှားနေလေသလော။ လိုဏ်ဂူထဲတွင် တကယ်ကြီး မည်သူမျှ ရှိမနေခြင်းပေလော။

သို့ပါသော်ငြား လိုဏ်ဂူထဲ၌ မည်သူမျှ ရှိမနေလျှင် ဖုကျွင်း ထွက်မသွားခင် နောက်ဆုံး ပြောသွားခဲ့သည့် စကားသည် ဘာကိုဆိုလိုလေသနည်း။

အခြေအနေမှာ ထူးဆန်းသည်ထက် ထူးဆန်းလာနေခဲ့ပြီ။ သို့ပါသော်ငြား ရန်ကိုင်မှာ ပတ်ဝန်းကျင်အား အနည်းငယ်မျှပင် သတိလက်လွတ် မထားရဲခဲ့ဘဲ ဘေးပတ်ဝန်းကျင်ကို သေသေချာချာ ဂရုစိုက်လေ့လာသွားရင်းမှ လျှောက်လာလိုက်ရာ မကြာမီ လိုဏ်ဂူ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။

လိုဏ်ဂူအတွင်းပိုင်းမှာ မည်းမှောင်နေလေသည်။ ထိုအပြင် လိုဏ်ဂူထဲသို့ ဦးတည်နေသည့် လမ်းကြောင်း တစ်ခုသာ ရှိနေလေ၏။ မည်သည့်အလင်းရောင်မျှ မရှိသည့်အတွက်ကြောင့် လိုဏ်ဂူ မည်မျှ ရှည်သလဲဆိုသည်ကိုလည်း ပြောရခက်လှသည်။

ရန်ကိုင်သည် လိုဏ်ဂူထဲသို့ ခြေသံကို လုံအောင်ထိန်းရင်း ဖြည်းဖြည်းချင်း ဝင်သွားလိုက်သည်။ လိုဏ်ဂူမှာ အကွေ့အကောက် လမ်းကြောင်းများစွာဖြင့် ပြည့်နေပါသော်ငြား လိုဏ်ဂူ၏ လမ်းကြောင်းသည် မြေအောက်ထဲသို့ ဦးတည်နေသည်ကို ရန်ကိုင် သိနေခဲ့သည်။

အတန်ကြာအောင် လျှောက်လာပြီးသည့်နောက်တွင် လက်ရှိ သူသည် မြေပြင်အောက် မီတာထောင်ပေါင်းများစွာ အကွာသို့ ရောက်နေပြီဖြစ်ကြောင်း ရန်ကိုင် သိလိုက်သည်။ ထိုအခိုက်အတန့်မှာပင် သူ့အရှေ့တည့်တည့်မှ အလင်းရောင် ဖျိုး‌ဖျိုးဖျဖျကို မြင်လိုက်ရသည့်အတွက် ရန်ကိုင်မှာ စိတ်လှုပ်ရှားသွားခဲ့ပြီး သူ့အရှိန်အဝါကို သေသေချာချာလေး ဖုံးကွယ်လိုက်သည်။

ဖုကျွင်း လင်ငယ်ထားနေသလား မထားနေဘူးလားဆိုသည်ကို ရန်ကိုင်အနေဖြင့် သိရပေတော့မည်။

မကြာမီ အလင်းရောင် ရှိရာဆီသို့ ရောက်လာခဲ့ပြီး ထိုနေရာမှာ မြေအောက်လိုဏ်ခေါင်းတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုလိုဏ်ခေါင်းမှာ လူလုပ်ထားသည့် လိုဏ်ခေါင်းတစ်ခုနှင့် မတူဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် လိုဏ်ခေါင်းပုံစံမျိုး ပိုပေါက်ပေသည်။ အတွင်းပိုင်းမှာလည်း အတော်လေးကိုမှ ကျယ်ဝန်းလှပေ၏။ လိုဏ်ဂူ အပြင်ဘက်တွင် ရပ်နေရင်းမှ အထဲသို့ လှမ်းချောင်းကြည့်လိုက်ရာ အထဲ၌ မည်သူမျှ ရှိမနေကြောင်း တွေ့လိုက်ရသည်။ လိုဏ်ဂူ၏ နံရံများပေါ်တွင်မူ လက်သီးဆုပ်အရွယ်ရှိသော ညလင်းပုလင်းများကို တပ်ဆင်ထားခဲ့သဖြင့် လိုဏ်ဂူ အတွင်းပိုင်းမှာ အလင်းရောင်မှိန်ဖျဖျ တောက်နေလေသည်။

ထိုလိုဏ်ဂူ၏ အဆုံးမှာလည်း အပိတ်ကြီးဖြစ်ကာ ဆက်သွားစရာလမ်း ရှိမနေခဲ့ပေ။

လိုဏ်ဂူ အပြင်ဘက်တွင် ရပ်နေရင်းမှ ရန်ကိုင်က လှမ်း၍ အော်ခေါ်လိုက်သည်။ "အထဲမှာ လူရှိလား"

ရန်ကိုင်၏ အသံသည် လိုဏ်ဂူနံရံများထက် ပဲ့တင်ထပ်သွားခဲ့သည်။ သို့ပါသော်ငြား မည်သူမျှ သူ့အား ဘာမျှ ပြန်မပြောခဲ့ပေ။

"ဘယ်သူမှ မရှိရင် ဝင်လာပြီနော်" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် လိုဏ်ဂူထဲသို့ ဝင်၍ လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူ့မေးစေ့ကို ပွတ်ရင်းမှ ရေရွတ်လိုက်လေ၏။ "တကယ်ကြီး ဘယ်သူမှ မရှိတာလား၊ ဘာကြီးလဲဟ"

လိုဏ်ဂူထဲတွင် ရှိနေသည့် အရာမှန်သမျှကို ရန်ကိုင်မှာ သေသေချာချာ မြင်နေရသည်။ နံရံများပေါ်တွင် တပ်ဆင်ထားသော ညလင်းပုလင်းများမှ လွဲ၍ သူ အာရုံစိုက်မိစရာအချက် ဘာမျှ ရှိမနေခဲ့ပေ။ မည်သည့်အလောင်းမျှလည်း ရှိမနေခဲ့။ သက်ရှိဆိုလျှင် ဝေလာဝေးပေ။

သို့ပါသော်ငြား ဤနေရာတွင် မည်သူမျှ ရှိမနေသည့်အတွက်ကြောင့် ဖုကျွင်းသည် ထွက်မသွားခင် မည်သူ့ကိုများ စကားပြောခဲ့လေသနည်း။ ဖုကျွင်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေခြင်းများ ဖြစ်နေလေလော။ ထိုဖြစ်နိုင်ခြေမှာ သိပ်၍ မဖြစ်နိုင်လှပါသော်ငြား လုံးဝကြီး မဖြစ်နိုင်သည်တော့လည်း မဟုတ်ပေ။ တကယ်တော့ ရန်ကိုင်သည် ဖုကျွင်း အကြောင်းကို သေသေချာချာမှ မသိလေဘဲ။ ဖုကျွင်း အားကောင်းသည်ကိုသာ သိထားသည်။ သူသည်သာ နဂါးသွေးကြောဖိနှိပ်မှုနှင့် နဂါးကျောင်းတော်၏ စွမ်းအားကို မသုံးနိုင်ပါက ပုံမှန်အားဖြင့် ဖုကျွင်း၏ ပြိုင်ဘက် လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

လိုဏ်ဂူထဲတွင် မည်သူမျှ ရှိမနေသည့်အတွက်ကြောင့် ရန်ကိုင်လည်း ပုန်းမနေတော့ဘဲ လက်နောက်ပစ်ရင်းမှ လိုဏ်ဂူထဲ လျှောက်ကြည့်လေသည်။

လိုဏ်ဂူထဲ လျှောက်ကြည့်ရင်းမှ ဘေးဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခိုက် သလင်းကျောက်အချို့ကို မြင်လိုက်ရလေသည်။ ထိုအရာမှာ ရေခဲသွားသည့် ရေခဲတုံးလေးများနှင့်ပင် ဆင်နေပေသေးသည်။

[နဂါးမျက်ရည်တွေလား]

မြေပြင်ပေါ်တွင် ရှိနေသည့် အရာများသည် နဂါးမျက်ရည်များ ဖြစ်ပေသည်။ ထိုအရာများကို ဆေးလုံးတစ်မျိုးမျိုး ဖော်စပ်ရာတွင် အသုံးပြုနိုင်လေ၏။ ဖုကျွင်း၏ မျက်လုံးများ လိုဏ်ဂူထဲမှ ထွက်လာပြီးသည့်နောက် မို့အစ်နေသည်ကို ပြန်သတိရလိုက်သော် ထိုနဂါးမျက်ရည်များသည် ဖုကျွင်း၏ မျက်ရည်များ ဖြစ်ရမည်မှန်း ရန်ကိုင် ချက်ချင်းနားလည်သွားခဲ့သည်။

ဖုကျွင်းမှာ ဤနေရာတွင် အတန်ကြာအောင် ငိုနေခဲ့လောက်သည်။ ထိုအကြောင်းကြောင့်သာလျှင် မျက်ရည်များ ရှိနေခြင်း ဖြစ်သည်။ သို့ပါသော်ငြား မျက်ရည်အချို့ကို သူမဘာသာသူမ ပြန်သယ်သွားခဲ့သည့်အတွက်ကြောင့် မျက်ရည်စအချို့သာ ဤနေရာတွင် မတော်တဆ ကျကျန်ခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

ရန်ကိုင် လှမ်းကြည့်နေသည့် အရပ်ဆီ၌ အနက်ရောင် ကျောက်တုံးတစ်တုံး ဘေးပတ်လည်တွင် မျက်ရည်စအချို့ ပြန့်ကျဲနေလေသည်။

ထိုအရာများကို ကြည့်ရင်းမှ ရန်ကိုင်သည် သူ့ဘာသာသူ စဉ်းစားလိုက်သည်။ ဖုကျွင်းသည် ထိုကျောက်တုံးကြီး ဘေးနားတွင် ရပ်၍ အတန်ကြာအောင် အော်ငိုနေခဲ့ရပေလိမ့်မည်။

[သူဘာဖြစ်လို့ ကျောက်တုံးကြီးကို မျက်နှာမူပြီးတော့ ထိုင်ငိုနေရတာလဲ] ရန်ကိုင် စဉ်းစားလိုက်သည်။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင်မှာ ကျောက်တုံးကို သေသေချာချာ ပြန်ကြည့်မိလိုက်လေ၏။

အစောပိုင်းက လိုဏ်ဂူထဲတွင် မည်သူမျှ ရှိမနေသည့်အတွက်ကြောင့် ထိုကျောက်တုံးကိုလည်း သေသေချာချာ ဂရုမစိုက်ခဲ့ပေ။ ယခု သေသေချာချာ စစ်ဆေးကြည့်လိုက်သည့်အခါမှသာလျှင် ထိုကျောက်တုံးနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေကြောင်းကို သတိထားမိသွားခဲ့သည်။ ကျောက်တုံး၏ အရွယ်အစားမှာ လူတစ်ရပ်စာခန့်ရှိပြီး ၎င်း၏ ပုံစံမှာ ဘဲဥပုံစံ ပေါက်နေလေသည်။ ထိုဘဲဥပုံကို ကြည့်ရင်းမှ ရန်ကိုင်မှာ ဥတစ်လုံးလုံးကို ပြန်စဉ်းစားမိသွားခဲ့သည်။ ထိုကျောက်တုံး၏ ပုံစံမှာ ဥတစ်ဥနှင့် အမှန်တကယ်ကို ဆင်တူလှသည်။

[နေပါဦး ဒါက နဂါးဥများ ဖြစ်နေမလား]

ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် မျက်လုံးအပြူးသားဖြင့် ဥအား စိုက်ကြည့်လိုက်လေသည်။

တကယ်ဆိုလျှင် နဂါးကလန်သားများ မည်ကဲ့သို့ မွေးဖွားလာသလဲဆိုသည်ကို ရန်ကိုင်လည်း သေသေချာချာ မသိပေ။ လူသားများကဲ့သို့ပင် အကောင်လိုက် မွေးလာခြင်းပဲလား ထိုသို့မဟုတ်ဘဲ ဥမှ မွေးလာခြင်းပဲလားဆိုသည်ကို ရန်ကိုင် သေချာ မသိပေ။ မည်သူမျှလည်း သူ့အား ပြောမပြခဲ့။ သို့ပါသော်ငြား နဂါးများအကြောင်းကို သူ့စိတ်ထဲ ကြားဖူးသယောင်ယောင် ခံစားနေရသည်။

[ဒါနဂါးဥများ ဖြစ်နေမလား] ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် ထိုအတွေးမှာ ဖြစ်နိုင်သည်ဟု ရန်ကိုင် မှတ်ယူလိုက်လေသည်။ မြွေများသည်ပင်လျှင် ဥမှ ပေါက်ဖွားလာရလေရာ နဂါးများသည်လည်း ဥမှ ပေါက်ဖွားသည်မှာ ဆန်းတော့ မဆန်းပေ။

ဖုကျွင်းမှာ ဤနေရာတွင် သုံးရက်ကြာအောင် နေနေခဲ့ပြီး နဂါးဥဟု ထင်ရသည့် အရာအနားတွင် ထိုင်ငိုနေခဲ့သည်။ ဤနဂါးဥသည် ဖုကျွင်းနှင့် ကျုယန်တို့၏ နဂါးဥများ ဖြစ်နေလေမလား။

[တကယ်ကြီးလား] ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ အမှန်တကယ်ကို ထိတ်လန့်သွားမိတော့သည်။ ထိုသို့သာဆိုလျှင် ရန်ကိုင်မှာ မယုံကြည်နိုင်စရာ အရာတစ်ခုကို တွေ့ရှိသွားပြီဟု ပြော၍ရလေပြီ။

ဤနဂါးဥသည် အဆင့်တစ်ဆယ် နဂါးနှစ်ကောင်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် နဂါးဥဖြစ်လေရာ ဤနဂါးဥမှ မွေးလာသည့် နဂါးပေါက်လေးသည် နဂါးကလန်၏ အနာဂတ် ဖြစ်သင့်ပေသည်။

သို့ပါသော်ငြား ထိုနှစ်ဦး၏ နဂါးဥသာဆိုလျှင် ဘာကြောင့်များ ဤနဂါးဥအား ကျုယန် သို့မဟုတ် ဖုကျွင်း နေသည့် ကျွန်း၌ မထားဘဲ ဤနေရာတွင် လာထားရလေသနည်း။ ဖုကျွင်း နေသည့် ကျွန်း၌ မထားလျှင်ပင် ကိစ္စမရှိ။ ထိုနေရာတွင် တစ်နှစ်ပတ်လုံး နှင်းများ ကျဆင်းနေလေရာ ဤနဂါးဥ ပေါက်ဖွားလာဖို့ရာ သိပ်၍ မသင့်တော်လှပေ။ သို့ပါသော်ငြား ပထမအကြီးအကဲ ကျုယန် နေသည့် ကျွန်းမှာ အတော်လေးကိုမှ သာယာလှသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။

[ဒီနဂါးဥကို ပထမအကြီးအကဲရဲ့ ကျွန်းမှာ မထားဘဲ ဘာဖြစ်လို့ ဒီနေရာမှာ လာထားတာလဲ] ရန်ကိုင်သည် မျက်မှောင်ကြုတ်ရင်းမှ ထိုနဂါးဥဟု ထင်ရသည့် အရာကို သွားခေါက်ကြည့်လိုက်သည်။ သို့ပါသော်ငြား နဂါးဥမှာ လုံးဝ တုံ့ပြန်လာခြင်း မရှိပေ။ ရန်ကိုင် ခေါက်လိုက်သည့် အသံသည်သာ လိုဏ်ဂူထဲ ပဲ့တင်ထပ်သွားခဲ့သည်။ မသိလျှင် ရန်ကိုင်မှာ ဥတစ်ဥအား ခေါက်နေရသည်နှင့် မတူဘဲ ကျောက်တုံးတစ်တုံးကို ခေါက်နေရသည်နှင့်ပင် တူနေပေသေးသည်။ ထိုအခါ ရန်ကိုင်မှာ နားမလည်နိုင်ဟန်ဖြင့် ခေါင်းကိုသာ ကုတ်မိလိုက်တော့သည်။ ဤဥသည်သာ နဂါးဥဖြစ်မည်ဆိုလျှင် ဘာကြောင့်များ ဤဥဆီမှ မည်သည့်အသက်ဓာတ်ကိုမျှ မခံစားရလေသနည်း။

[ဒီဥက သေသွားတာများလား] ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်သည် ဥအပေါ် လက်တင်၍ မျက်လုံးပိတ်ကာ အာရုံခံစားကြည့်လိုက်သည်။

ထို့နောက်တွင် ဤအရာမှာ ကျောက်တုံးတစ်တုံး မဟုတ်မှန်း အတည်ပြုသွားနိုင်ခဲ့သည်။ ဤအရာသည် ကျောက်တုံးနှင့် ဆင်တူပါသော်ငြား ကျောက်တုံးဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်။ ထိုအစား သက်ရှိတစ်မျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။

[တကယ်ကြီး နဂါးဥပဲ၊ ဒါပေမဲ့ ဆိုးတာက သေနေတာပဲ] ထိုအခါမှသာလျှင် ဖုကျွင်းမှာ စိတ်နှင့်ကိုယ် မကပ်သည့် ပုံစံမျိုးဖြင့် ဤနေရာသို့လာပြီး ဤနေရာတွင် အတန်ကြာအောင် ဘာကြောင့်များ အော်ငိုခဲ့ရသလဲဆိုသည်ကို ရန်ကိုင် သဘောပေါက်သွားတော့လေသည်။

ဤနဂါးဥသည် ဖုကျွင်းမှ ဥထားခဲ့သည့် နဂါးဥ ဖြစ်ပါသော်ငြား အကြောင်းအရင်းအချို့ကြောင့် ဥပေါက်မလာခဲ့ပေ။ ဥထဲရှိ အသက်ဓာတ်မှာလည်း ကုန်ဆုံးသွားခဲ့ရသည်။ မည်သည့် အမေအတွက်မဆို ယခုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ လုံးဝကို ရင်ကွဲနာကျစေမည့် ဖြစ်ရပ်မျိုး ဖြစ်ပေသည်။ နဂါးကလန်သားတစ်ဦးဖြစ်သော ဖုကျွင်းအတွက်ဆိုလျှင် ပိုလို့ပင် မှန်ပေသေးသည်။ နဂါးများအဖို့ ကလေးမွေးဖို့ရာမှာ မလွယ်ကူလှ။ ထိုအတွက်ကြောင့် သူမ ကိုယ်ဝန်ရလိုက်စဉ် အလွန်ကိုမှ ပျော်ခဲ့ရပေလိမ့်မည်။ သို့ပါသော်ငြား ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံပြီးသည့်နောက် အလွန်ကို ဝမ်းနည်းကြေကွဲသွားရပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင်လျှင် နဂါးဥကို ဤနေရာတွင် ထားပြီး မကြာခဏ ဤနေရာသို့ လာကာ ငိုကြွေးနေခဲ့ခြင်း ဖြစ်လောက်သည်။ ယခုတစ်ကြိမ်တွင် ရန်ကိုင်မှာ ဖုကျွင်းအား အမှတ်မထင် ဆုံခဲ့ရခြင်း ဖြစ်သည်။

ရန်ကိုင်မှာ ဖုကျွင်းအတွက် အနည်းငယ်ပင် စိတ်မကောင်းချင်သလို ဖြစ်သွားခဲ့ရသည်။ သူမ ပုံစံမှာ အသည်းမာပြီး ခံစားချက် မရှိသည့် ပုံစံမျိုး ပေါက်ပါသော်ငြား သူမသည် အမျိုးသမီးတစ်ဦး ဖြစ်နေဆဲ။ ဤနေရာတွင် ကျကျန်ရစ်ခဲ့သော နဂါးမျက်ရည်စများနှင့် မို့အစ်နေသော သူမ၏ မျက်လုံးများမှာ သူမ မည်မျှဝမ်းနည်းကြောင်းကို ဖော်ပြနေပေသည်။

ထိုအခါမှသာလျှင် ဖုကျွင်း၌ အခြားတစ်ဖက် ရှိနေသေးကြောင်း ရန်ကိုင် သိသွားရတော့သည်။

ရန်ကိုင် သူ့အတွေးနှင့်သူ အလုပ်ရှုပ်နေစဉ် ရုတ်တရက် သူ့အမူအရာ ပြောင်းလဲသွားခဲ့ပြီး နဂါးဥအား မျက်လုံးပြူးကာ စိုက်ကြည့်လိုက်သည်။ အကြောင်းမှာ အစောပိုင်းက တစ်ခဏလေးအတွင်း နဂါးဥဆီမှ အားနည်းလှသည့် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည့်အတွက်ကြောင့်ပင်။ သို့ပင် ရန်ကိုင်မှာ သူ့အတွေးနှင့်သူ အလုပ်ရှုပ်နေသလို ထိုတုန်ခါမှုမှာလည်း မခံစားနိုင်လောက်အောင်ကို အားနည်းလွန်းလှသည့်အတွက်ကြောင့် သူ့စိတ်အထင်သက်သက် ဖြစ်သည်ဟုသာ ထင်သွားခဲ့သည်။

[ငါ အထင်မှားနေတာပဲ နေမှာပါ၊ ဒီဥက သေနေပြီပဲဟာကို၊ မဟုတ်ရင် ကျုယန်နဲ့ ဖုကျွင်း ဒီဥကို ဒီနေရာမှာ လာထားထားမှာ မဟုတ်ဘူး]

ထိုအတွေးနှင့် ရန်ကိုင်မှာ သူ့လက်ကို ပြန်ရုပ်တော့မည်အပြု နဂါးဥဆီမှ အားနည်းလှသည့် တုန်ခါမှုကို နောက်တစ်ကြိမ် ခံစားလိုက်ရသည်။

ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် မျက်လုံးပြူးသွားတော့သည်။ ဤနဂါးဥထဲ အသက်ဓာတ်မှာ ကျိန်းသေကို ကျန်ရှိနေပေသေးသည်။ အစောပိုင်းက ထိုတုန်ခါမှုကို ခံစားလိုက်ရစဉ် သူ့စိတ်အထင် ဖြစ်သည်ဟုသာ ထင်ခဲ့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ အသေအချာကို ခံစားလိုက်ရခြင်း ဖြစ်သည်။ သို့ပါသော်ငြား ဤဥထဲတွင် အသက်ဓာတ် ရှိနေသေးပါက ကျုယန်နှင့် ဖုကျွင်းတို့မှာ ဤဥအား ဘာကြောင့်များ ဤနေရာတွင် လာထားခဲ့ရလေသနည်း။

ဥပေါ်တွင် သူ့လက်အား အချိန်အတန်ကြာအောင် တင်ထားပြီး ခံစားကြည့်နေပြီးသည့်နောက် ဤဥထဲတွင် အသက်ဓာတ်အချို့ ကျန်ရစ်နေသေးမှန်း ရန်ကိုင် တွေ့ရှိသွားလိုက်ရသည်။ သို့သော်ငြား အနည်းငယ်မျှသော အသက်ဓာတ်လေးသာ ဖြစ်ပေသည်။

ထို့နောက် သူ့လက်ကို ပြန်ရုပ်၍ နဂါးဥကို ကြည့်ရင်းမှ သက်ပြင်းချလိုက်သည်။ ကျုယန်နှင့် ဖုကျွင်းတို့မှာ ဤဥထဲတွင် အသက်ဓာတ်အချို့ ရှိနေသေးကြောင်း မသိခြင်း ဖြစ်နိုင်သလို သိနေပြီး သူတို့ ဘာမျှ ပြန်မလုပ်နိုင်သည်မှာလည်း ဖြစ်နိုင်သည်။ ထိုသို့သာမဟုတ်ပါက ဥအား ဤနေရာတွင် လာထားစရာ အကြောင်းမရှိပေ။

ထို့နောက်တွင် ရန်ကိုင်က သက်ပြင်းထပ်ချလိုက်၏။ "မင်းရဲ့ အဖေနဲ့ အမေတောင် မင်းကို လက်လျှော့ထားတာ၊ ငါလည်း မင်းကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး" ဥအား ပုတ်ပေးပြီးသည့်နောက် လိုဏ်ဂူထဲမှ ထွက်လာခဲ့လိုက်သည်။

ဖုကျွင်း၏ လင်ငယ်မှာ မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤနေရာတွင် ဆက်နေဖို့ရာ အကျိုးမရှိတော့ချေ။ ရန်ကိုင်မှာ ဖုကျွင်း၏ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့သွားခဲ့ပါသော်ငြား ထိုလျှို့ဝှက်ချက်မှာ သွားရောက် ခြိမ်းခြောက်လို့ကောင်းသည့် လျှို့ဝှက်ချက်မျိုး မဟုတ်ချေ။ လျှို့ဝှက်ချက်မှာ ကလေးတစ်ဦးအပေါ် အမေတစ်ဦး၏ ချစ်ခြင်းမေတ္တာနှင့် နောင်တတရားတို့ ဖြစ်သည့်အတွက်ကြောင့် အကျပ်ကိုင်လို့ ကောင်းသည့် အရာမျိုး မဟုတ်။

လိုဏ်ဂူထဲမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် လေပေါ်သို့ ခုန်တက်၍ နဂါးကျောင်းတော်ဆီသို့ ဦးတည်သွားလေသည်။

သို့သော်ငြား ပျံသန်းနေပြီးသည့်နောက် ရုတ်တရက် ရပ်လိုက်ပြီး မေးစေ့ကို ပွတ်ကာ စဉ်းစားလိုက်သည်။ ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေပြီးသည့်နောက်တွင် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး အစောပိုင်းက ထွက်လာခဲ့သည့် လိုဏ်ဂူဆီသို့ ပြန်လည် ပျံသန်းလာခဲ့သည်။

ဂူထဲသို့ ရောက်လာပြီးသည့်နောက်တွင် နဂါးဥအား လောကဓာတ်လုံးထဲသို့ ကောက်ထည့်လိုက်လေ၏။

ထို့နောက် လိုဏ်ဂူထဲမှ ပြန်ထွက်လာကာ နဂါးကျွန်းဝင်ပေါက်ဆီသို့ ဦးတည်သွားလေသည်။

သို့ပါသော်ငြား ဖုလင်အား ဝင်ပေါက်တွင် တွေ့မနေရပေ။ ရန်ကိုင်မှာ လှည့်ပတ်ရှာနေပြီးသည့်နောက် နောက်ဆုံးတွင် ဖုလင်အား ကန်တစ်ကန်ထဲ၌ ရှာတွေ့သွားခဲ့သည်။ ထိုကန်မှာ ဝင်ပေါက်နှင့် မိုင်သုံးဆယ်ခန့် အကွာတွင် ရှိနေခြင်း ဖြစ်၏။

သို့ပင်ဖြစ်လင့်ကစား ဖုလင်အား ထိုနေရာ၌ သွားတွေ့စဉ် ဖုလင်မှာ ရေချိုးနေခဲ့လေသည်။ ဖုလင်၏ အဝတ်အစားများမှာ ကန်စပ်တွင် ရှိနေပြီး ဖုလင်မှာမူ ကန်ထဲတွင် အေးအေးဆေးဆေး ရေကူးနေခဲ့သည်။

ရန်ကိုင် ရောက်လာသည်ကို မြင်သော် ဖုလင် ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား မကျေမနပ်ဖြင့် ကြည့်၍ မေးလိုက်လေ၏။ "ခဲအို၊ ရှင်ဒီမှာ ဘာလာလုပ်နေတာလဲ"

ရန်ကိုင်ကမူ မျက်စောင်းသာ ကောက်ထိုးလိုက်တော့သည်။ ကန်ရေမှာ လုံးဝကို ကြည်လင်နေသလို ဖုလင်မှာလည်း အဝတ်ဗလာ ဖြစ်နေသည့်အတွက်ကြောင့် သူမ၏ ဝတ်လစ်စားလစ် ခန္ဓာကိုယ်ကို ရန်ကိုင်မှာ အတိုင်းသား မြင်နေရသည်။ အမို့အမောက်ချိုင့်ဝှမ်းများမှာ ပြည့်စုံလှပြီး ခါးလေးမှာလည်း သွယ်လျလှသည်။ အောက်ခြေပိုင်းကိုပင်လျှင် ရန်ကိုင်မှာ သေသေချာချာ မြင်ရပေသေးသည်။ ရေထဲတွင် ရောက်နေသည့်အတွက်ကြောင့် သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ဝိုးတိုးဝါးတား ဖြစ်နေပါသော်ငြား ဖုလင်သည် လုံးကြီးပေါက်လှ ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်မှာတော့ ငြင်း၍ မရသည့်အချက် ဖြစ်ပေသည်။

"ငါနင့်ကို မေးချင်တာလေးရှိလို့" ရန်ကိုင်သည် ဖုလင်အား မမှိတ်မသုန် စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။

ဖုလင်မှာ ကန်စပ်သို့ ပြန်တက်လာခဲ့ပြီး တင်ထားသည့် သူမ၏ အဝတ်အစားများကို ပြန်လည် ဝတ်ဆင်လိုက်ပြီးသည့်နောက် ရန်ကိုင်ဘက်သို့ လှည့်၍ ပြုံးကာ မေးလိုက်လေ၏။ "ခဲအိုက ဘာမေးချင်လို့လဲ"

ရန်ကိုင်သည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်လိုက်ရင်းမှ သူ့မေးစေ့ကို ပွတ်၍ မေးလိုက်လေ၏။ "ဒုတိယအကြီးအကဲ အရင်တုန်းက ကလေးမွေးဖူးလား"

ဖုလင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လျက် ပြန်မေးလိုက်လေ၏။ "ခဲအို ဘယ်လိုသိတာလဲ"

[ငါထင်တဲ့အတိုင်းပါပဲလား]

All Chapters