အခန်း (၃၃၄၉-၃၃၅၂)
Vol. 147 Ch. 3349-3352
အပိုင်း (၃၃၄၉)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်မှာ ဖတ်တီးလေးအား မျက်လုံးအပြူးသားဖြင့် အထိတ်တလန့် အမူအရာနှင့် ကြည့်နေလေသည်။ သူကိုယ်တိုင်သည် နဂါးဥအား အကောင်ပေါက်အောင် လုပ်နိုင်ခဲ့သည့်အပေါ် မယုံကြည်နိုင် ဖြစ်နေလေ၏။ သို့ပင်ဖြစ်လင့်ကစား ထိုဖတ်တီးလေးဆီမှ သူ၏ အရှိန်အဝါကို ခံစားမိနေသည်။ တကယ်တော့ ထိုဖတ်တီးလေးသည် သူ၏ နဂါးသွေးနှင့် အရှိန်အဝါကို စုပ်ယူခဲ့သည် မဟုတ်ပေလော။
ထို့နောက် ငုံ့ကြည့်လိုက်ရာ ဖတ်တီးလေးမှာ အထီးလေး ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင် ဝမ်းသာသွားခဲ့လေသည်။ ဤနဂါးလေးမှာ လူအသွင်သို့ ပြောင်းလဲပြီးသွားခဲ့ပြီ ဖြစ်ပါသော်ငြား တစ်ကိုယ်လုံး ဝတ်လစ်စားလစ် ဖြစ်နေသည့်အတွက်ကြောင့် သူနှင့် ပတ်သက်သည့် အရာအားလုံးမှာ အထင်းသား မြင်နေရလေသည်။
ရန်ကိုင်မှာ ဖတ်တီးလေးအား သေသေချာချာ ကြည့်နေစဉ် ဖတ်တီးလေးသည် လက်သီးဆုပ်၍ ချစ်စဖွယ်ကောင်းစွာ ပြောလိုက်လေ၏။ "မင်္ဂလာပါ အဖေ၊ အဖေ ကျွန်တော့်ကို နာမည်တစ်ခု ပေးလို့ရမလား"
ထိုစကားကို ကြားသော် ရန်ကိုင် လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
ချုန်းချီမှာလည်း ထိုမြင်ကွင်းအား မှင်တက်နေသည့် အမူအရာဖြင့် ကြောင်ကြည့်နေမိလေသည်။ သူ့ကိုယ်သူ နားကြားမှားနေသလားဟုပင် ထင်နေမိလေ၏။ [ဒီကလေးလေး ဘာပြောလိုက်တာလဲ၊ ငါ နားကြားမှားသွားတာလား]
မွေးလာပြီးပြီးချင်းမှာပင် ကိုယ်ပြောချင်သည့် အရာကို သေသေချာချာ တန်းပြောနိုင်သည့် အချက်နှင့်စာလျှင် နဂါးပေါက်လေးမှ ရန်ကိုင်အား ခေါ်ဝေါ်လိုက်ပုံကို ပို၍ ထိတ်လန့်သွားခဲ့ရပေသည်။ ကလေးတစ်ဦးသည် တွေ့ကရာ လူတစ်ဦးအား အဖေဟု လိုက်ခေါ်မနေသင့်ပေ။
ရန်ကိုင်မှာ မှင်တက်နေသည့် အမူအရာဖြင့် သူ့ကိုယ်သူ လက်ညှိုးထိုးရင်းမှ ပြန်မေးလိုက်လေသည်။ "မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာ"
ဖတ်တီးလေးက ပြုံး၍... "တကယ်တော့ ကျွန်တော့်အနေနဲ့ ဥပေါက်လာဖို့ အခွင့်အရေး မရှိဘူးလေ၊ ဒါပေမဲ့ အဖေကပဲ ကျွန်တော့်ကို ဥထဲကနေ ထွက်လာနိုင်အောင် ကူညီပေးခဲ့တာ၊ အဖေက ကျုပ်မွေးလာအောင် ကူညီပေးခဲ့တဲ့ လူဆိုတော့ အဖေလို့ ခေါ်တာ သဘာဝပဲပေါ့"
ထိုသို့ ပြောပြီးသည့်နောက်တွင် လက်သီးဆုပ်၍ ထပ်ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်တော့်ကို နာမည်တစ်ခုပေးပါ"
ရန်ကိုင်သည် သူ့ခေါင်းကို ကုတ်ရင်းမှ မျက်မှောင်ကြုတ်လျက်... "မင်း ကိုယ့်နောက်ကြောင်းကိုယ် သေချာ မသိဘူးလား"
ဖတ်တီးလေးက ခေါင်းညိတ်လျက်... "သိတာပေါ့၊ အဖေ ကျွန်တော့်ကို ဥဖောက်ပေးနေတုန်းက ကျွန်တော့်ကို အများကြီး သင်ပေးသွားတယ်လေ"
"ငါသင်ပေးလိုက်တယ်" ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားလေသည်။ ဥအား အကောင်ပေါက်အောင် လုပ်နေစဉ်အတောအတွင်း ရန်ကိုင်မှာ ဘာကိုမျှ သေချာ မစဉ်းစားမိ။ အကုန်လုံးကို မသိစိတ်အရသာ လုပ်ခဲ့ခြင်းဖြစ်လေရာ ဤနဂါးပေါက်လေးအား သူ ဘာတွေ သင်ပေးလို့ သင်ပေးခဲ့မှန်းကို မသိတော့ပေ။
ထိုစကားကို ကြားသည့်အခါ ဥအား အကောင်ပေါက်လာအောင် လုပ်နေစဉ်အတောအတွင်း ရန်ကိုင်၏ ကိုယ်ထဲမှ ရွှေရောင်စွမ်းအင်တို့ ဥထဲသို့ စိမ့်ဝင်သွားနေသည်ကို ချုန်းချီ ပြန်သတိရသွားခဲ့သည်။ ယခု သေချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် ထိုရွှေရောင် အရှိန်အဝါမှာ ရန်ကိုင်၏ ချီစွမ်းအင် မဟုတ်ဘဲ ရန်ကိုင်၏ စိတ်စွမ်းအင်နှင့် အသိစိတ်တို့ ရောယှက်ပါဝင်နေသည့် အရာများ ဖြစ်ရမည်မှန်း သဘောပေါက်သွားခဲ့သည်။ ထိုအကြောင်းကြောင့်သာလျှင် ဖတ်တီးလေးမှာ မွေးလာပြီးပြီးချင်းမှာပင် အလွန်ကိုမှ ဉာဏ်ရည် မြင့်မားနေရခြင်းပင်။
ဤဖတ်တီးလေးသည် ရန်ကိုင်နှင့် ရုပ်ရည် မတူပါသော်ငြား ၎င်း၏ ပုံစံမှာ ရန်ကိုင်နှင့် အတော်လေးကိုမှ ဆင်တူသည်ဟု ချုန်းချီ ခံစားနေရလေသည်။
ရန်ကိုင်မှာ ကျဉ်းထဲကျပ်ထဲ ရောက်နေသည့်အလား သူ့မေးစေ့ကို ပွတ်ရင်းမှ ပြောလိုက်လေသည်။ "တကယ်တော့ ငါဒီလိုမျိုး မလုပ်သင့်ဘူး၊ ဒါပေမဲ့ မင်းက တောင်းဆိုနေတယ်ဆိုမှတော့ ငါလည်း မင်းကို နာမည်ပေးရသေးတာပေါ့"
တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် လက်နှစ်ဖက်ကို ပွတ်၍ ပြောလိုက်သည်။ "ရှောင်ဆိုရင်ရော ဘယ်လိုလဲ၊ မင်းက မွေးလာပြီးပြီးချင်း ကောင်းကင်ပေါ်ကို ပျံတက်သွားတာဆိုတော့ ဒီနာမည်က မင်းနဲ့လိုက်တယ်"
ဖတ်တီးလေးက... "ဒါဆို ရန်ရှောင်ပေါ့"
ဖတ်တီးလေး၏ မျက်လုံးလေး နှစ်လုံးမှာ တလက်လက်ကို တောက်ပနေခဲ့လေသည်။ ထို့နောက်တွင် သွားပေါ်အောင် ပြုံးပြရင်းမှ... "ကျေးဇူးအများကြီးတင်ပါတယ် အဖေ၊ အခုကနေစပြီးတော့ ကျွန်တော့်နာမည်က ရန်ရှောင်ပဲ"
ရွှစ်။
ထိုအခိုက်အတန့်မှာပင် ဖုကျွင်းတို့ ရောက်လာခဲ့သည်။ ဤနေရာသို့ ရောက်မလာခင်ကတည်းက သူမနှင့် သွေးချင်းနီးကပ်သော အရှိန်အဝါတစ်ရပ်ကို ခံစားမိနေလေသည်။ ထိုအရှိန်အဝါကို ခံစားမိလိုက်စဉ် ဖုကျွင်းမှာ တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ရသည်။ သူမအနေဖြင့် ဘာကိုမျှပင် စစ်ဆေးနေစရာ မလို။ မွေးလာသည့် နဂါးပေါက်လေးမှာ သူမ၏ ကလေးမှန်း သေချာသွားတော့လေသည်။
မျှော်လင့်တကြီးဖြင့် ဤနေရာသို့ ရောက်လာခဲ့ပါသော်ငြား အစောပိုင်းက ဖြစ်ရပ်ကို မြင်လိုက်သော် ဖုကျွင်း၏ မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားပြီး သတိလစ်လုမတတ်ပင် ဖြစ်သွားခဲ့သည်။ ထိုအသားဖြူဖြူ ကလေးလေးမှာ သူမ၏ ကလေး ဖြစ်ပါသော်ငြား လက်ရှိအခိုက်အတန့်တွင် သူမ ကလေးသည် ရန်ကိုင်အား အဖေဟု ခေါ်နေခဲ့သည်။ သူ့နာမည်သည် ယခုအချိန်မှစ၍ ရန်ရှောင် ဖြစ်သည်ဟုပင် ပြောဆိုနေခဲ့ပေသေးသည်။
ဖုကျွင်းအနေဖြင့် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို မည်ကဲ့သို့များ လက်ခံနိုင်ပါမည်နည်း။
ရန်ကိုင်သည် မည်ကဲ့သို့သော ကောက်ကျစ်ဉာဏ်များ ရက်စက်သည့် နည်းလမ်းမျိုးကို သုံး၍ သူမ ကလေးအား ဦးနှောက်ဆေးသွားသလဲဆိုသည်ကို မသိပါသော်ငြား ရန်ကိုင်၏ လုပ်ရပ်မှာ သူမ ကလေးအား လုယူနေခြင်းသာ ဖြစ်ပေသည်။ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ဖုကျွင်းအနေဖြင့် မည်သည့်နည်းနှင့်မျှ သည်းခံနိုင်လိမ့်မည် မဟုတ်။ ထိုအတွက်ကြောင့် သူမ ခံစားနေရသော ပူဆွေးမှု နောင်တတရားတို့မှာလည်း အဆုံးမဲ့ ဒေါသအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်ရင်းမှ ရန်ကိုင် တည့်တည့်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ "သေလိုက်ပေတော့"
လက်ရှိအချိန်တွင် ရန်ကိုင်နှင့် ကျုချင်းတို့ လင်မယား ဖြစ်သည်။ ရန်ကိုင်တွင် ဘိုးဘေးနဂါးအမြုတေ ရှိနေသည်ဟူသော အချက်ကို ဖုကျွင်း လုံးဝ ဂရုမစိုက်နိုင်တော့ပေ။ သူမ စိတ်ထဲတွင် ရှိနေသည့် အတွေးမှာတော့ ရန်ကိုင်ကို သတ်၍ သူမ ကလေးကို ပြန်ယူရန်သာ ဖြစ်လေသည်။
အဆင့်တစ်ဆယ် နဂါးတစ်ကောင်၏ အစွမ်းကုန်ရိုက်ချက်ကြောင့် လောကတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့ရပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးမှာ ရေခဲနိယာမတို့ဖြင့် ပြည့်နှက်လာခဲ့ရသည်။ ရန်ကိုင်မှာတော့ ထိုနိယာမစွမ်းအားကို ပထမဦးဆုံး ခံလိုက်ရသူ ဖြစ်လေရာ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လှုပ်မရအောင်ကို အေးခဲသွားတော့လေသည်။ တိုက်ခိုက်မှုမှာ သူ့ဆီသို့ ရောက်မလာသေးပါသော်ငြား ရန်ကိုင်၏ မီတာသုံးရာခန့် အမြင့်ရှိသော ခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာ ရေခဲစများဖြင့် လွှမ်းခြုံသွားနေခဲ့လေပြီ။
ရန်ကိုင် မတုံ့ပြန်နိုင်သေးခင်မှာပင် ဝတုတ်တုတ် ရန်ရှောင်သည် ရန်ကိုင် အရှေ့၌ ကောက်ရပ်၍ လက်နှစ်ဖက်ကို ဖြန့်ထားရင်းမှ ဖုကျွင်းအား အော်ပြောလိုက်လေသည်။ "အရူးမ၊ နင် ငါ့အဖေကို ဘယ်လို တိုက်ခိုက်ရဲရတာလဲ"
ရန်ရှောင်မှာ ဒေါသထွက်နေလင့်ကစား သူ့လေသံနှင့် မျက်နှာထားမှာ အတော်လေးကိုမှ ချစ်စဖွယ်ကောင်းနေလေသည်။
သို့ပါသော်ငြား ရန်ရှောင်၏ လုပ်ပုံကို မြင်ပြီးသည့်နောက် ဖုကျွင်း၏ မျက်နှာလေး သွေးစုပ်ဖြူရော်သွားခဲ့ပြီး သူမ၏ တိုက်ခိုက်မှုကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ တစ်ချိန်တည်းတွင် သူမ အနီးပတ်လည်၌ ရှိနေသော နိယာမများ ကသောင်းကနင်း ဖြစ်ကုန်တော့လေ၏။ ဖုကျွင်းမှာ ရန်ကိုင်အား သတ်ချင်နေပါသော်ငြား သူမ ကလေးကိုမူ ထိခိုက်အောင် မလုပ်ရက်ပေ။
တိုက်ခိုက်မှုအား ရုတ်တရက်ကြီး ပြန်ရုပ်သိမ်းလိုက်သည့်အတွက်ကြောင့် ဖုကျွင်းမှာ သူမ ခွန်အားကို သေချာမထိန်းနိုင်တော့ဘဲ တန်ပြန် ဘေးထွက်ဆိုးကျိုးကို ခံစားရကာ သွေးတစ်ပွက် ထိုးအန်တော့လေသည်။ တစ်ချိန်တည်းတွင်လည်း ဒေါသတရားတို့အစား ဝမ်းနည်းပူဆွေးမှုတို့က အစားထိုး ဝင်ရောက်လာလေရာ ဖုကျွင်းမှာ ခြေခိုင်ခိုင်ပင် မရပ်တော့နိုင် ဖြစ်သွားခဲ့ရသည်။ ကံကောင်းစွာဖြင့် ကျုယန်မှာ အချိန်ကိုက်ရောက်လာပြီး ဖုကျွင်းအား ပြုတ်ကျမသွားအောင် ထူမပေးထားလိုက်သည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။ "နင်အဆင်ပြေရဲ့လား"
ဖုကျွင်းကမူ ကျုယန်အား ဘာမျှပြန်ပြောမနေခဲ့ဘဲ နှုတ်ခမ်းလေးကို တင်းတင်းစေ့ရင်း ရန်ရှောင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ သူမ၏ အကြည့်ထဲ ဝမ်းနည်းမှုတို့ကို အတိုင်းသား မြင်နေရသည်။ တိုက်ခိုက်မှုကို ရုတ်တရက်ကြီး ပြန်ရုပ်သိမ်းလိုက်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးနှင့် ယှဉ်လိုက်သော် ရန်ရှောင် ပြောသွားသည့် စကားမှာ ဖုကျွင်းအား ပို၍ကို ခံစားသွားရစေသည်။
ထိုအခိုက်အတန့်မှာပင် ဘုတ်ခနဲမြည်သံ အသံထွက်လာခဲ့ပြီး ရန်ရှောင်မှာ အရှေ့သို့ ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် ခေါင်းလေးကို ကိုင်ရင်းမှ ရန်ကိုင်အား ကြည့်၍... "အဖေ ဘာဖြစ်လို့ ကျုပ်ခေါင်းကို ထုတာလဲ"
လက်ရှိအခိုက်အတန့်တွင် ရန်ရှောင်မှာ ငိုတော့မည့်အလား သူ၏ မျက်လုံးများမှာ အရည်လဲ့နေခဲ့လေသည်။
ရန်ရှောင်မှာ မည်မျှပင် ရင့်ကျက်သည့် ပုံစံမျိုး လုပ်ပြနေစေကာမူ မွေးကင်းစကလေးတစ်ဦးသာ ဖြစ်ပေသေးသည်။ ထိုအတွက်ကြောင့် တစ်စုံတစ်ဦးမှ သူ့အား သူ့ခေါင်းကို ထုလာသည့်အခါ ငိုချင်သည်မှာ သဘာဝသာ ဖြစ်လေ၏။ ထိုအပြင် သူ့ခေါင်းကို ထုလိုက်သည့် လူမှာလည်း သူကိုယ်တိုင် မကြောက်မရွံ့နှင့် ကာကွယ်ပေးခဲ့ရသည့် သူ့အဖေ ဖြစ်နေသည်။
"သူ့ကို အရူးမလို့ သွားမခေါ်နဲ့" ရန်ကိုင်က မျက်စိပျက်မျက်နှာပျက်ဖြင့်... "သူက မင်းရဲ့အမေပဲ"
"ကျွန်တော့်အမေ" ရန်ရှောင်မှာ သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်ပြီးသည့်နောက် ဖုကျွင်းအား လှမ်း၍ ကြည့်လိုက်သည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် ဖုကျွင်း၏ အကြည့် တောက်ပသွားခဲ့ပြီး ရန်ရှောင်မှာမူ ရှက်ကိုးရှက်ကန်း အမူအရာဖြင့် အကြည့်လွှဲဖယ်သွားခဲ့သည်။
ထိုအမျိုးသမီး၏ အသံ ထိုမျှရင်းနှီးနေသည်ဟု ခံစားနေရသည်မှာ အဆန်း မဟုတ်တော့။ သူမသည် လွန်ခဲ့သည့် နှစ်များအတွင်း သူ့အား တစ်ချိန်ကုန် လာရောက် စကားပြောနေခဲ့သည့် အမျိုးသမီး ဖြစ်သည်ကိုး။
ရန်ရှောင်မှာ သူ့နောက်ကြောင်းသူ သိပါသော်ငြား ဖုကျွင်းအား တစ်ခါမျှ မမြင်ဖူးခဲ့။ ထိုအကြောင်းကြောင့် မြင်မြင်ချင်း သူမအား မသိခဲ့ပေ။ ရန်ကိုင်အား ကာကွယ်ပေးချင်ကြောင်း ပြသလိုသည့်အတွက်ကြောင့် အလျင်စလို လှုပ်ရှားမိလိုက်ပါသော်ငြား သူ့လုပ်ရပ်မှာ ကယောက်ကယက် ဖြစ်သွားခဲ့ရသည်။ ထိုအကြောင်းကြောင့် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် အကြည့်လွှဲဖယ်လိုက်ခြင်း ဖြစ်လေသည်။
"လင်းအာ" ကျုယန်၏ နှုတ်ခမ်းလေးများ တုန်တုန်ယင်ယင် ဖြစ်နေခဲ့လေသည်။ "မင်းက တကယ်ကြီး လင်းအာလား"
ရန်ရှောင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက်... "ခင်ဗျားတို့ သိဖို့က ကျုပ်နာမည်က ရန်ရှောင်ပဲ"
"ရန်၊ ရန်ရှောင်" ကျုယန်၏ အမူအရာ ကသိကအောက် ဖြစ်သွားခဲ့ပြီး ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်လေသည်။ လင်းအာသည် ရန်ကိုင်နှင့် အတူ ရှိနေပြီး သူ့ကိုယ်သူ ရန်ရှောင်ဟု ခေါ်နေခြင်းမှာ ရန်ကိုင်နှင့် ပတ်သက်နေရပေလိမ့်မည်။
ကျုယန်၏ မကျေမနပ်အကြည့်ကို မြင်သော် ရန်ကိုင်မှာလည်း အကြည့်လွှဲဖယ်လိုက်ပြီး မသိချင်ယောင်ဆောင်လျက် လေချွန်နေလိုက်လေသည်။ [ငါနဲ့ ဘာမှ မဆိုင်ဘူးလေ၊ ဒီကောင်က သူ့ကို အတင်း နာမည်ပေးခိုင်းနေတာကြီးကို၊ ငါလည်း ပေးလိုက်ရုံပဲ၊ အခု သူ့နာမည်ကို သူဘာသာသူကြိုက်လို့ ခေါ်နေတာ၊ ငါနဲ့ ဘာမှမဆိုင်ဘူး၊ ငါ့ကို လာကြည့်မနေနဲ့]
ရွှစ်၊ ရွှစ်၊ ရွှစ်။
ထိုစဉ် အလင်းတန်းပေါင်းများစွာ ဘက်ပေါင်းစုံမှ ရောက်ရှိလာကြလေသည်။ ထိုအလင်းတန်းများမှာ အခြား မဟုတ်။ နဂါးကျွန်းပေါ်ရှိ နေရာအသီးသီးမှ ထွက်လာကြသော နဂါးကလန်သားများပင် ဖြစ်ကြလေသည်။ ဤနေရာတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို မြင်သော် ထိုနဂါးကလန်သားအားလုံး ကြောင်သွားကုန်ကြလေ၏။
မှင်တက်နေသည့် ကျုချင်းမှာ ရန်ကိုင်ကို ကြည့်ရင်းမှ မေးလိုက်လေ၏။ "နင်ထွက်သွားပြီလို့ ငါထင်နေတာ"
ရန်ကိုင်က ချောင်းဟန့်၍ ပြန်ပြောလိုက်သည်။ "အင်း၊ ငါပြန်လာတာ"
သူ၏ မူလအစီအစဉ်မှာ နဂါးကျောင်းတော်ထဲသို့ ခိုးဝင်၍ ကယက်ကယောက်လုပ်ရန် ဖြစ်ပေသည်။ ထိုအခါမှသာလျှင် ကျုချင်းမှာ သူ့အစီအစဉ်ကို သိသွားခဲ့ပြီး သူ့အား နားလည်လောက်ပေလိမ့်မည်။ သို့ပါသော်ငြား ရန်ကိုင်မှာ နဂါးကျောင်းတော်ထဲသို့ မရောက်ခဲ့ဘဲ နဂါးပေါက်ဥ တစ်ဥကိုသာ အကောင်ပေါက်လာအောင် ဥဖောက်ပေးခဲ့ရသည့်အတွက်ကြောင့် လက်ရှိအခြေအနေအား ကျုချင်းအား ရှင်းပြဖို့ရာ ခက်သွားရတော့သည်။
ရန်ကိုင် တမင်တကာ ထိုကဲ့သို့လုပ်သွားမှန်း သဘောပေါက်လိုက်သော် ကျုချင်းမှာ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သို့ပါသော်ငြား လက်ရှိအချိန်မှာ ထိုကိစ္စအကြောင်း ပြောရမည့်အချိန် မဟုတ်သေးသည့်အတွက်ကြောင့် ရန်ရှောင်ကို ကြည့်ရင်းမှ မေးလိုက်လေ၏။ "သူက ဘယ်သူလဲ"
ရန်ကိုင်မှ ရယ်ရယ်မောမောဖြင့် ရှင်းပြတော့မည်အပြု ရန်ရှောင်က လက်သီးဆုပ်၍ ပြောလိုက်လေသည်။ "ကျွန်တော်က အဖေ့ရဲ့သား ရန်ရှောင်ပဲ"
"နင့်သား ရန်ရှောင်" ကျုချင်း၏ မျက်နှာ သုန်မှုန်သွားခဲ့လေသည်။
ရန်ကိုင်မှာ ဖတ်တီးလေး၏ ခေါင်းကို ချက်ချင်းကောက်ထု၍ အော်ပြောလိုက်လေ၏။ "မင်းကို ဘယ်သူက ဝင်ပြောခိုင်းလို့လဲ၊ ဟမ်"
"အဖေ ဘာဖြစ်လို့ ကျုပ်ကို ထပ်ထုတာလဲ" ရန်ရှောင်က မကျေမနပ်ဖြင့် သူ့ခေါင်းကို လက်ဖြင့်အုပ်ကာ ထွက်ပြေးသွားလေသည်။
ကျုချင်းက မျက်နှာသေဖြင့်... "နင်အခု ကလေးတွေကိုတောင် ထုတတ်နေပြီပေါ့ ဟုတ်လား၊ ဟမ့် ကျက်သရေမရှိလိုက်တာ"
ရန်ကိုင်သည် နဖူးအထက်ရှိ ချွေးများကို သုတ်လိုက်ရင်းမှ အလေးအနက် အမူအရာဖြင့် ပြောလိုက်လေ၏။ "ချင်းအာ၊ ကျေးဇူးပြုပြီး ငါ ပြောတာကို နားထောင်ပါဦး"
ကျုချင်းကမူ အခြားတစ်ဖက်သို့ လှည့်ထားရင်းမှ... "ဘာမှ လာရှင်းပြနေစရာ မလိုဘူး၊ အဲဒီကောင်လေးရဲ့ ကိုယ်ကနေ အားကောင်းတဲ့ နဂါးချီ ထုတ်လွှတ်နေတာဆိုတော့ သူက မွေးလာတဲ့ ကလန်သားအသစ်ပဲ၊ ကလေးတစ်ယောက်ကို ဒီလောက်မြန်မြန် မွေးနိုင်တဲ့ နင့်ကိုတော့ ငါဂုဏ်ပြုရမယ် သိလား၊ ဒါနဲ့ သူ့အမေက ဘယ်သူလဲ၊ ငါ့ညီအစ်မတွေထဲက တစ်ယောက်လား"
ပြောနေပြီးသည့်နောက် သဲလွန်စ ရှာတွေ့လိုတွေ့ငြား သူမ ကလန်သားများထဲကို ဝေ့ကြည့်လိုက်လေသည်။
ရန်ကိုင်က ပျာယာခတ်နေသည့် အမူအရာဖြင့်... "နင်ထင်သလို မဟုတ်ဘူး"
ထိုစဉ် ရန်ရှောင်သည် ကျုချင်းဆီသို့ လျှောက်လာပြီး ဖုကျွင်းကို လက်ညှိုးထိုးလျက်... "ကျုပ်အမေက အဲဒီမှာပဲ"
ကျုချင်းလည်း ရန်ရှောင် ညွှန်ပြနေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မှင်တက်သွားခဲ့ရလေသည်။ ထို့နောက် ဖုကျွင်းနှင့် ရန်ကိုင်ကို ကြည့်ရင်းမှ သူမ၏ အမူအရာမှာ တဖြည်းဖြည်း ထူးဆန်းလာတော့သည်။ မယုံကြည်နိုင်မှုတို့ကိုလည်း သူမ မျက်နှာအထက် အထင်းသား မြင်တွေ့နေရလေ၏။ ကျုလဲ့၏ မျက်နှာမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ပုပ်သိုးသိုး ဖြစ်နေလေသည်။
[ရန်ကိုင်နဲ့ ဒုတိယအကြီးအကဲ၊ မဖြစ်နိုင်ဘူး]
"မင်းပါးစပ်က ထွက်လာမှာတွေ အကုန်လုံးက မဟုတ်တရုတ်တွေဆိုရင် မင်း ဆက်ပြီးတော့ စကားပြောမနေနဲ့တော့" ရန်ကိုင်မှာ ကျုချင်း၏ အမူအရာကို ကြည့်နေရင်းမှ သူမ စိတ်ထဲ ဘာတွေးနေသလဲဆိုသည်ကို သဘောပေါက်လိုက်လေသည်။ လက်ရှိအခိုက်အတန့်ဝယ် ရန်ရှောင်အား ကောင်းကောင်း ရိုက်နှက်ပစ်ချင်စိတ်များပင် ပေါက်လာရသည်။ ဤကောင်လေးမှာ အတော်လေးကိုမှ ဉာဏ်ကောင်းလွန်းလှပေသည်။ ရန်ကိုင်မှ ကျုချင်းအား အနည်းငယ် လန့်နေမှန်း သဘောပေါက်လိုက်သော် ချက်ချင်းပဲ ကျုချင်း အနောက်တွင် ပြေးပုန်းလိုက်လေ၏။
ရန်ရှောင်က ဝမ်းနည်းတကြီး အမူအရာဖြင့်... "သူပဲ ကျွန်တော့် အမေလို့ အဖေပဲ ပြောခဲ့တာလေ"
ထို့နောက် ကျုချင်းကို ကြည့်၍... "ကျွန်တော် လိမ်နေတာ မဟုတ်ဘူး"
ကျုချင်းက ခေါင်းညိတ်လျက်... "ငါသိတယ် ငါသိတယ်"
ထို့နောက်တွင် သက်ပြင်းချ၍ ရန်ကိုင်က ရှင်းပြလိုက်လေ၏။ "သူက ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲရဲ့ ကလေးပဲ၊ ဒါပေမဲ့ ငါသူ့ကို ဥပေါက်လာအောင် လုပ်ပေးလိုက်လည်း လုပ်ပေးလိုက်ရော ငါ့ကို အဖေလို့ ခေါ်ရော"
ထိုစကားကို ကြားသော် နဂါးကလန်သားအားလုံး မှင်တက်သွားကုန်ကြလေသည်။
[ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲရဲ့ ကလေး၊ ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲက ဘယ်တုန်းကများ ကလေး ရသွားတာလဲ၊ ဒုတိယအကြီးအကဲ နဂါးဥတော့ ဥဖူးပါတယ်၊ ဒါပေမဲ့ အဲဒီဥက အကောင်မှ ပေါက်မလာတာ၊ အဲဒီဥက နဂါးသင်္ချိုင်းထဲမှာ ရောက်နေတာလေ၊ ဒီတော့ ကလေးတစ်ယောက်က ဘယ်ကနေ ဗြုန်းစားကြီး ပေါ်လာတာလဲ]
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၅၀)
ဘာသာပြန်သူ_တိမ်တိုက်
ထိုအခိုက်အတန့်ဝယ် ကလန်သား အားလုံးမှာ ဘာတွေဖြစ်နေသလဲဆိုသည်ကို သိချင်နေကြသည့်အလား ကျုယန်နှင့် ဖုကျွင်းတို့ ဘက်သို့ လှည့်ကြည့်လာကြသည်။
လက်ရှိ အခိုက်အတန့်တွင်တော့ ဖုကျွင်း၏ အာရုံအလုံးစုံမှာ ရန်ရှောင်ဆီသို့သာ ရောက်နေခဲ့ပြီး သူမအား စိုက်ကြည့်နေသည့် အကြည့်များကို လုံးဝ သတိထားမိခဲ့ခြင်း မရှိပေ။ သူမ၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေပါသော်ငြား သူမ၏ အကြည့်မှာတော့ ဝမ်းသာရိပ်တို့ဖြင့် ပြည့်နေခဲ့လေသည်။ အကြောင်းမှာ ရန်ရှောင်မှ ကျုချင်းအား ဖုကျွင်းသည် သူ့အမေ ဖြစ်သည်ဟု ပြောခဲ့သည့်အတွက်ကြောင့်ပင်။ သူမ၏ အေးစက်စက်အကြည့်မှာလည်း ယခင်ကထက် ပို၍ကို သိမ်မွေ့နေခဲ့လေသည်။ ယခုဆိုလျှင် သူမ၏ မျက်နှာအထက် မျှော်လင့်တောင်းတနေသည့် အရိပ်အယောင် အချို့ကိုပင် မြင်တွေ့နေရလေသည်။ သူမသည် နဂါးကလန်၏ နာမည်ကျော် အေးစက်စက် ဒုတိယအကြီးအကဲ ဖြစ်သည်ဟူသော အချက်ကို လက်ရှိအခိုက်အတန့်ဝယ် မည်သူမျှ ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်။
ကျုယန်က သက်ပြင်းချလျက်... "ဟုတ်တယ်၊ သူက လင်းအာပဲ၊ ငါသူ့ကို နဂါးသင်္ချိုင်းထဲမှာ မထားဘဲနဲ့ အခြားတစ်နေရာမှာ သွားထားလိုက်တာ"
လုပ်ခဲ့သည့် လူမှာ ဖုကျွင်း ဖြစ်ပါသော်ငြား ကျုယန်ကမူ သူသာ တာဝန်ခံရန် ဆုံးဖြတ်လိုက်တော့သည်။ ဖုကျွင်းမှာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည် ဖြစ်သည့်အတွက်ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ တကယ့်အမှန်တရားသာ ထွက်ပေါ်လာခဲ့မည်ဆိုလျှင် သူမကဲ့သို့သော အကြီးအကဲတစ်ဦးသည်ပင်လျှင် အပြစ်ပေးခံရနိုင်ပေသည်။
ဖုရွှမ်း၏ အမူအရာ ပြောင်းလဲသွားတော့လေသည်။ "ဒီတော့ တကယ်ကြီး ရှင်တို့ရဲ့ ကလေးပေါ့"
ကျုယန်က ခေါင်းညိတ်ပြလိုက်သည်။
နဂါးကလန်သား အားလုံးမှာ ထိတ်လန့်သွားရမည့်အစား ပို၍ အံ့အားသင့်နေကြလေသည်။ ဤဝတုတ်တုတ် ကလေးလေးသည် ကျုယန်နှင့် ဖုကျွင်းတို့၏ ကလေး ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝကို မထင်ထားကြပေ။ နဂါးကလန်အတွင်း ကလန်သားအသစ်တစ်ဦး ပေါ်လာသည်မှာ အလွန်ကိုမှ ကြာသွားခဲ့လေပြီ။ ထိုအတွက်ကြောင့် ဤကလေး မွေးဖွားလာခြင်းသည် နဂါးကလန်အတွက်မူ ဝမ်းသာစရာ သတင်းတစ်ရပ်ပင်။ ထိုအပြင် ဤကလေးသည် အဆင့်တစ်ဆယ် နဂါးနှစ်ကောင်၏ မျိုးဆက်လည်း ဖြစ်နေသေး၏။
ဖုရွှမ်းက မေးလိုက်လေသည်။ "ရန်ကိုင်၊ နင်သူ့ကို ဘယ်လို အကောင်ပေါက်လာအောင် လုပ်လိုက်တာလဲ"
ယခင်က သူမ ကိုယ်တိုင်သည်လည်း နဂါးဥအား ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်ခဲ့သည်။ ထိုစဉ်က ထိုနဂါးဥ အကောင်ပေါက်လာရန် မျှော်လင့်ချက် မရှိမှန်း သိခဲ့လေသည်။ ထိုသို့ဖြစ်လေရာ ဤနဂါးဥ မည်ကဲ့သို့များ အကောင်ပေါက်လာသလဲဆိုသည်ကို သူမ လုံးဝ မတွေးတတ်နိုင်အောင် ဖြစ်နေလေ၏။
ရန်ကိုင်က ပခုံးတွန့်လျက်... "ကျုပ်လည်း သေချာမသိဘူး"
ရန်ကိုင်မှာ အမှန်ကို ပြောနေခြင်း ဖြစ်လေသည်။ သူကိုယ်တိုင်သည်လည်း ရန်ရှောင် မည်ကဲ့သို့ မွေးလာလို့ မွေးလာမှန်းကို သေချာမသိ။
"လင်းအာ၊ သား ဒီကိုလာပါဦး၊ အမေ တစ်ချက်လောက် ကြည့်ချင်လို့" ဖုကျွင်းမှာ လေသံကို အတတ်နိုင်ဆုံး သိမ်မွေ့အောင် ထားရင်းမှ ရန်ရှောင်အား လှမ်းခေါ်လိုက်သည်။ လက်ရှိ ဖုကျွင်း၏ လေသံကို နားထောင်ရင်း နဂါးကလန်သား အားလုံးမှာ သိပ်၍ အသားမကျသလို ဖြစ်နေလေသည်။
ရန်ရှောင်မှာမူ တုံ့ဆိုင်းနေဟန်ဖြင့် ကျုချင်း အနောက်၌ ပုန်းနေသည်။
ဖုကျွင်းမှာ အတတ်နိုင်ဆုံး ပြုံးရင်းမှ လေသံကို သိမ်မွေ့အောင် ထားလျက်... "လာပါဦး သားရယ်"
ထိုအခိုက်အတန့်ဝယ် ရန်ရှောင်မှာ ပါးကို ကုတ်ရင်းမှ ရန်ကိုင်ဆီသို့ လှမ်း၍ကြည့်လိုက်သည်။
"ကောင်စုတ်လေး ဒီကိုလာခဲ့" ရန်ကိုင်က လှမ်းအော်ခေါ်လိုက်သည်။
ရန်ရှောင်သည် လည်ပင်းလေးကျုံ့ရင်းမှ... "ကျွန်တော် လာရင် အဖေ ကျွန်တော့်ကို ထပ်မထုပါဘူးနော်"
"ဟမ် မင်းက ငါ့ကိုလာပြီး စျေးဆစ်ရဲတယ်ပေါ့ ဟုတ်လား" ရန်ကိုင်သည် ရန်ရှောင်အား စိုက်ကြည့်လိုက်သည်။
ရန်ရှောင်မှာတော့ သူ့ကံတရားသူ လက်ခံလိုက်သည့်အလား နာနာခံခံနှင့် ရန်ကိုင်ဆီသို့ လျှောက်သွားလိုက်လေသည်။
ထိုအချင်းအရာကို မြင်သော် ဖုကျွင်းမှာ ရင်ကွဲကျလုမတတ် ဖြစ်သွားခဲ့သည်။ သူမမှာ မွေးအမေ ဖြစ်ပါသော်ငြား ရန်ရှောင်မှာ သူမ ခေါ်သည့်အတိုင်း သူမဆီသို့ မလာဘဲ ရန်ကိုင်ဆီသို့သာ လျှောက်သွားခဲ့သည်။
ကျုယန်မှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း မျက်စိပျက်မျက်နှာပျက် ဖြစ်နေလေသည်။ ရန်ကိုင်၏ လုပ်ရပ်မှာ သူ့မိန်းမအား အရှက်ခွဲနေသည်နှင့်ပင် တူနေပေသေးသည်။
"အဖေ ကျွန်တော့်ကို ဘာပြောချင်လို့လဲ" ရန်ရှောင်သည် ခေါင်းလေးကို ငုံ့ရင်းမှ ကလေးတစ်ဦး၏ ပုံစံဖြင့် မေးလိုက်သည်။
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေ၏။ "ဘာမှမဟုတ်ဘူး၊ မင်းအခု ကိုယ်တုံးလုံး ဖြစ်နေလို့၊ ရော့ အဝတ် အရင်ဝတ်ထားလိုက်၊ မဟုတ်ရင် ရှက်စရာကြီး"
ပြောပြီးသည့်နောက် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ပယ်ဖျက်၍ လူအသွင်သို့ ပြန်ယူကာ အဝတ်အစားအချို့ကို ထုတ်၍ ထိုကောင်လေးအား ဝတ်ပေးလိုက်လေသည်။
ထိုအဝတ်အစားများမှာ အနည်းငယ် လျော့တိလျော့ရဲ ဖြစ်နေပါသော်ငြား ရန်ရှောင်နှင့် အတော်လေးကိုမှ လိုက်ပေသည်။
သူဝတ်ထားသည့် အဝတ်အစားများကို မြင်သော် ရန်ရှောင်က မကျေမနပ်ဖြင့်... "ဘာဖြစ်လို့ မိန်းကလေး အဝတ်အစားတွေလဲ"
"မင်းမှာ ဝတ်စရာ အဝတ်အစား ရှိတာကိုသာ ကျေးဇူးတင်၊ ဘာတွေလာ အထွန့်တက်နေတာလဲ" ရန်ကိုင်မှာ သူ့လက်ကို မြှောက်၍ ရန်ရှောင်၏ ခေါင်းကို နောက်တစ်ကြိမ် ထုရန် လုပ်လိုက်သည်။ သို့သော်ငြား ထိုသို့ မလုပ်ရသေးခင်မှာပင် လူနှစ်ဦးမှာ သူ့အား စူးရဲစွာ စိုက်ကြည့်နေကြောင်းကို သတိထားမိလိုက်သည်။
ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ ဖုကျွင်းနှင့် ကျုယန်တို့မှာ သူ့အား စူးရဲစွာ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ရန်ရှောင်အား ထုရန် လုပ်ထားသော လက်ကို ပြန်ရုပ်သိမ်းလျက် အသာအယာသာ ချောင်းဟန့်လိုက်လေသည်။
ထို့နောက် ရန်ရှောင်က ပြန်မေးလိုက်လေသည်။ "အဖေ့မှာ ဘာဖြစ်လို့ မိန်းကလေး အဝတ်အစားတွေ ရှိနေရတာလဲ"
"ငါသိတဲ့ ကလေးတစ်ယောက်အတွက် ပြင်ထားတာ" ရန်ကိုင်က ပြန်ပြောလိုက်သည်။ အဝတ်အစားများမှာ လျို့ယန်၏ အဝတ်အစားများသာ ဖြစ်ပေသည်။ လျို့ယန်မှာ အသက်ခုနစ်နှစ် ရှစ်နှစ်လောက်ခန့်သာ ရှိပါသော်ငြား သူမ၏ ခန္ဓာကိုယ်မှာ အတော်လေးကိုမှ သေးငယ်လှသည့်အတွက်ကြောင့် သူမ၏ အဝတ်အစားများသည် ရန်ရှောင်နှင့် ကွက်တိတော်ပေသည်။
ရန်ရှောင်၏ အကြည့် တောက်ပသွားလေ၏။ "ကျွန်တော့်မှာ အစ်မရှိတာလား"
ရန်ကိုင်က ချောင်းဟန့်လိုက်သည်။ "မဟုတ်သေးဘူး"
ထို့နောက်တွင် ကျုချင်းကို လှမ်းကြည့်၍ ပြုံးဖြီးကာ... "မင်းမှာ နောက်ပိုင်းကျရင် ညီမလေးတွေ ညီလေးတွေ ရှိလာမှာ"
ရန်ရှောင်က လက်နှစ်ဖက်ကို အားပါးတရ ပွတ်သပ်ရင်းမှ ရယ်မောလျက်... "အား တကယ်ကြီး ရှိလာမှာလား၊ စိတ်မပူနဲ့ ကျွန်တော် သူတို့ကို ကောင်းကောင်း ဂရုစိုက်ပေးမယ်"
"အင်း အဲဒီလိုမျိုးမှပေါ့" ရန်ကိုင်သည် တွန့်ကြေနေသော အဝတ်အစားများကို သပ်ရပ်အောင် လုပ်ပေးလိုက်ပြီးသည့်နောက်တွင် ရန်ရှောင်အား ဖုကျွင်းနှင့် ကျုယန်တို့နှင့် မျက်နှာချင်းဆိုင်အောင် လုပ်ပေးလိုက်သည်။ ထို့နောက်တွင် ရန်ရှောင်၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်လေ၏။ "သူတို့တွေက မင်းရဲ့ တကယ့်အဖေနဲ့ အမေပဲ၊ မင်းကိုယ်ထဲမှာ စီးနေတဲ့သွေးက သူတို့ဆီက လာတာ၊ သွား၊ သူတို့ဆီသွား၊ သူတို့ကို ဝမ်းနည်းအောင် မလုပ်နဲ့"
ထို့နောက်တွင် ရန်ရှောင်အား အရှေ့သို့ တွန်းပို့လိုက်ရာ ရန်ရှောင် ဒယီးဒယိုင် ဖြစ်သွားလေသည်။ ရန်ရှောင်မှာတော့ သူ့အား ထိုကဲ့သို့ လုပ်ရကောင်းလေလားဟု ရန်ကိုင်အား မကျေမနပ်ဖြင့် လှမ်း၍ကြည့်လိုက်သည်။
ရန်ကိုင်ကမူ ပြန်၍သာ စိုက်ကြည့်လိုက်လေရာ ရန်ရှောင်မှာ ချက်ချင်းပဲ ကြောက်ကြောက်လန့်လန့်နှင့် ဖြစ်သွားခဲ့ပြီး ဖုကျွင်းနှင့် ကျုယန်တို့ဆီသို့ ခေါင်းလေးငုံ့၍ လျှောက်သွားလိုက်လေသည်။
လက်ရှိအခိုက်အတန့်ဝယ် နဂါးကလန်၏ အကြီးအကဲနှစ်ဦးမှာ သူတို့ အရှေ့တွင် ရှိနေသော ကလေးလေးအား မမှိတ်မသုန် စိုက်ကြည့်နေကြလေသည်။ ကျုယန်မှာ ယောက်ျားတစ်ဦး ဖြစ်သည့်အလျောက် သူ့ကိုယ်သူ ထိန်းထားခဲ့ရသည်။ သူ့စိတ်ထဲ အတော်လေးကိုမှ လှုပ်ရှားနေသည့်တိုင် မျက်နှာအမူအရာကိုတော့ ပျက်မသွားစေခဲ့ပေ။ သို့ပါသော်ငြား ဖုကျွင်းကမူ လုံးဝကို ကိုယ့်ကိုယ်ကိုယ် ထိန်းထားနိုင်ခဲ့ခြင်း မရှိဘဲ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေခဲ့လေသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တဆတ်ဆတ်ကို တုန်ယင်နေခဲ့ပြီး သူမ ကလေး၏ မျက်နှာလေးကို ထိချင်နေသည့်အလား လက်ကို ဆန့်ထုတ်ထားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူမ၏ လုပ်ရပ်ကြောင့် သူမ၏ ကလေး ကြောက်သွားမည်ကိုလည်း စိုးရိမ်မိနေပေသေးသည်။ လက်ရှိ ဒုတိယအကြီးအကဲ၏ ပုံစံမှာ ဒုတိယအကြီးအကဲဟုပင် မထင်ရလောက်အောင် လုံးဝကို ပြောင်းလဲနေခဲ့လေသည်။
ရန်ရှောင် ရန်ကိုင်နှင့် တရင်းတနှီး ဖြစ်နေသည်ကို မြင်သော် သူမ ရင်ထဲ ခါးသက်သက် ခံစားရသလို ရန်ကိုင်အပေါ်လည်း မကျေမနပ် ဖြစ်မိသည်။ ရန်ကိုင်သည်သာ ထိုမဟုတ်တရုတ် လှည့်ကွက်များကို အသုံးမချခဲ့လျှင် သူမ၏ ကလေးသည် သူမအား တွေ့တွေ့ချင်း အရူးမဟု ခေါ်ခဲ့လိမ့်မည် မဟုတ်။ ထိုအပြင် သူမကိုလည်း အမေအဖြစ် မသတ်မှတ်ဘဲ နေလိမ့်မည် မဟုတ်ပေ။
သို့ပင်ဖြစ်လင့်ကစား လက်ရှိအခိုက်အတန့်တွင်တော့ ရန်ကိုင်ကို ကျေးဇူးတင်မိလေသည်။ ရန်ကိုင်သာ တွန်းမထုတ်ပေးလိုက်လျှင် လင်းအာအနေဖြင့် သူမဆီသို့ လာခဲ့လိမ့်မည် မဟုတ်။ ကံမကောင်းစွာဖြင့် လင်းအာမှာ သူမအား အနည်းငယ် လန့်နေကြောင်းကို သတိထားမိခဲ့သည်။ လင်းအာပုံစံကို ကြည့်ရသလောက် သူမနှင့် အတူမရှိချင်သည့် ပုံပင်။
ထိုအချင်းအရာကို မြင်သော် ကျုယန်၊ ဖုကျွင်းနှင့် အခြားသော လူများမှာ သက်ပြင်းအမောကြီးသာ ချလိုက်လေသည်။
ချောင်းဟန့်ပြီးသည့်နောက်တွင် ရန်ရှောင်သည် ခေါင်းလေးကို ငုံ့လျက် လေသံတိုးတိုးဖြင့် မေးလိုက်လေ၏။ "အဖေ၊ အမေ"
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်" ယခုမှသာလျှင် ကျုယန်မှာ သက်ပြင်းအမောကြီး ချနိုင်တော့ပြီး ခေါင်းကို အဆက်မပြတ် ညိတ်နေခဲ့လေသည်။ သူ၏ မျက်လုံးများမှာလည်း စတင်၍ အရည်လဲ့လာခဲ့လေသည်။
ဖုကျွင်းမှာမူ ဆို့နင့်နေသည့် လေသံဖြင့်... "လင်းအာ"
ထို့နောက် ခေါင်းလေးကို ငုံ့လျက် ရန်ရှောင်အား သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။
ရန်ရှောင်မှာမူ အသက်ရှူရ ခက်လှသည့်အလား မျက်လုံးများ ပြူးကျယ်လာခဲ့လေသည်။ လက်ရှိအခိုက်အတန့်ဝယ် သူ့အား ပွေ့ဖက်ထားသည့် အမျိုးသမီးနှင့် ပတ်သက်၍ သူ့စိတ်ထဲ အနည်းငယ် ဆန့်ကျင်နေသည့် ခံစားချက်များကို ခံစားနေရသည်။ သို့ပါသော်ငြား သူမ၏ ကိုယ်သင်းရနံ့လေးကို ရှူရှိုက်မိလိုက်သည့်အခိုက် ရန်ရှောင်၏ စိတ်မှာ တည်ငြိမ်သွားခဲ့ပြီး သူကိုယ်တိုင်သည်လည်း ရှင်းပြမရသည့် အခြေအနေတစ်ခုထဲသို့ ရောက်သွားခဲ့သည်။
ယခုကဲ့သို့သော ဤအမျိုးသမီးအပေါ် တွယ်လည်း တွယ်တာမိ ဆန့်လည်း ဆန့်ကျင်မိသည့် ခံစားချက်ကြောင့် ရန်ရှောင်မှာ လုံးဝကို ဒွိဟ ဖြစ်နေရပြီး အေးအေးဆေးဆေးသာ ငြိမ်နေလိုက်တော့လေသည်။
"ဒုတိယအကြီးအကဲရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ဖြစ်လာခဲ့ပြီ" ထိုမြင်ကွင်းကို ကြည့်ရင်း ကျုချင်း၏ မျက်လုံးများ အရည်လဲ့လာခဲ့ပြီး ရန်ကိုင်၏ ပခုံးပေါ် ခေါင်းမှီရင်းမှ ပြောလိုက်လေ၏။ "နောက်ဆုံးတော့ နင် ကောင်းတာတစ်ခုခု လုပ်လိုက်ပြီပဲ"
ရန်ကိုင်က ကျုချင်းအား မျက်စောင်းထိုးလျက်... "နင်ဘာပြောချင်တာလဲ၊ အရင်တုန်းက ငါ ဘာကောင်းတာ တစ်ခုမှ မလုပ်ခဲ့ဖူးလို့ ပြောချင်နေတာလား"
ကျုချင်းသည် နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားရင်းမှ ပြုံးလျက်... "နဂါးကလန်အတွက်ကတော့ နင်လုပ်ခဲ့တာတွေက တစ်ခုမှ ကောင်းတာ မရှိဘူးလေ"
ရန်ကိုင် နှာခေါင်းရှုံ့လိုက်လေသည်။ နဂါးကလန်အား ဆိုးဆိုးရွားရွား ထိခိုက်နစ်နာသွားအောင် သူလုပ်ခဲ့သည်မှာ မှန်ပါသော်ငြား နဂါးကလန်သည်လည်း သူ့ကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့ရပေသည်။ ဥပမာပြောရသော် သူစိုက်ပျိုးခဲ့သော နဂါးသွေးပန်းများပင်။
"ဒါနဲ့ အဲဒီနဂါးဥကို အကောင်ပေါက်လာအောင် နင် ဘယ်လို လုပ်လိုက်တာလဲ" ကျုချင်းသည် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်ရင်းမှ မေးလိုက်သည်။
ရန်ကိုင်က ခေါင်းခါ၍... "ငါလည်း သေချာမသိဘူး"
ကျုချင်းက ပြောလိုက်သည်။ "အရင်တုန်းက အဲဒီနဂါးဥမှာ အမြုတေစွမ်းအား အလုံအလောက် မရှိလို့ အကောင်ပေါက်မလာနိုင်ဘူး၊ ဒါပေမဲ့ အခုကြည့်ရတာတော့ ရန်ရှောင်ရဲ့ နဂါးချီက တော်တော်လေးကို အားကောင်းနေတဲ့ပုံပဲ၊ အဲဒါကို ကြည့်ရုံနဲ့တင် သူ့အမြုတေ တော်တော်အားကောင်းမှန်း သိသာတယ်၊ သူဆုံးရှုံးထားတဲ့ အမြုတေ စွမ်းအားတွေကို နင်ဘယ်လိုလုပ်ပြီး ဖြည့်ပေးလိုက်တာလဲ"
"ငါက အဲဒီလို လုပ်နိုင်တာလား" ရန်ကိုင် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ [သူဆုံးရှုံးသွားတဲ့ အမြုတေ စွမ်းအားတွေကို ငါက ဘယ်လို ဖြည့်ပေးလိုက်တာလဲ၊ ငါ့ရွှေနဂါးအမြုတေထဲကများ ဖြည့်ပေးလိုက်တာလား၊ ဒါပေမဲ့ ငါ့ဘက်ကလည်း ဘာမှ မဆုံးရှုံးသွားသလိုပဲ]
"ဒါနဲ့ သူ့ရဲ့ ဓာတ်သဘာဝက ဘာလဲ" ကျုချင်းက မေးလိုက်သည်။
ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "ငါလည်း သေချာမသိသေးဘူး၊ နဂါးဖြူဆိုတာပဲ သိတယ်"
"နဂါးဖြူ" ကျုချင်း စဉ်းစားမိသွားတော့သည်။ "ဒါဆိုရင် ရေခဲနဂါးပဲ ဖြစ်ရလိမ့်မယ်၊ ဒုတိယအကြီးအကဲကလည်း ရေခဲနဂါးပဲလေ"
"သူ့ဓာတ်သဘာဝ ဘာပဲဖြစ်ဖြစ် သူ့အနာဂတ်ကတော့ လုံးဝကို တောက်ပနေမှာပဲ၊ တကယ်တော့ သူက အဆင့်တစ်ဆယ် နဂါးနှစ်ကောင်ရဲ့ သားလေ"
ရန်ကိုင်က ပြုံးဖြီးလိုက်လေသည်။ ရန်ရှောင်မှာ အတော်လေးကိုမှ ကံကောင်းလှသည်ဟုလည်း စဉ်းစားမိနေသည်။ ဤကောင်လေး၏ နောက်ခံမှာ အလွန်ကိုမှ အားကောင်းလှသည်။ သူ့မိဘ နှစ်ဦးမှာ မဟာဧကရာဇ်များကဲ့သို့ အားကောင်းလှသော အဆင့်တစ်ဆယ် နဂါးကလန်သားများ ဖြစ်ကြသလို သူ ကိုယ်တိုင်သည်လည်း နဂါးတစ်ကောင် ဖြစ်နေလေသည်။ ထိုအကြောင်းကြောင့် ဤလောကကြီးထဲ သူ့အား ရန်စရဲသည့်လူ ရှိလိမ့်မည် မဟုတ်ပေ။
ကျုချင်းသည် ရန်ကိုင်အား ပြုံးကာ ကြည့်ရင်းမှ... "နင်သူ့ကို နင့်သားအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ်ပြီးသွားပြီလား"
ရန်ကိုင်က ပြန်ပြောလိုက်၏။ "ဘာဖြစ်လို့လဲ၊ ငါက သူ့ကို ဥပေါက်အောင် လုပ်ပေးခဲ့တာလေ၊ ဒီတော့ သူငါ့ကို အဖေလို့ ခေါ်တာ သဘာဝပဲပေါ့"
အစကမူ အခြေအနေ တစ်ခုလုံးမှာ အတော်လေးကိုမှ ထူးဆန်းလှသည်ဟု ခံစားရပါသော်ငြား ရန်ရှောင်မှ သူ့အား အဖေဟု အကြိမ်ပေါင်းများစွာ ခေါ်နေပြီးသည့်နောက် ရန်ကိုင်မှာ အသားကျသွားတော့သည်။
ကျုချင်းက ဝင်၍ ကန့်ကွက်လိုက်လေ၏။ "ဒါပေမဲ့ အဲဒီလိုမျိုးဆိုရင် ဝါစဉ်တွေက ဗြောင်းဆန်ကုန်လိမ့်မယ်၊ ငါက နဂါးကလန်ရဲ့ အကြီးအကဲဆိုပေမဲ့ ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲနဲ့ ယှဉ်လိုက်ရင် ဂျူနီယာတစ်ယောက်ပဲ ရှိသေးတယ်၊ အခု ရန်ရှောင်က နင့်ကို အဖေလို့ ခေါ်မယ်ဆိုရင် နင်နဲ့ ပထမအကြီးအကဲက ညီအစ်ကိုတွေ ဖြစ်သွားမှာပေါ့၊ ဘာလဲ ငါက နင့်ကို ဦးလေးလို့ ခေါ်ရမှာလား"
ရန်ကိုင်သည် သက်ပြင်းချ၍ ကျုချင်းအား ကြည့်ရင်းမှ... "ချင်းအာ၊ အဲဒီလိုမျိုးကြီးတော့ မခေါ်ပါနဲ့ ငါ့ကို၊ နင် အဲဒီလိုမျိုး ခေါ်လိုက်ရင် ငါ့သွေးတွေ လုံးဝ ထိန်းမရအောင် ဆူလာတယ်ဆိုတာကို နင်သိလား"
ကျုချင်းက နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားရင်းမှ... "အရှက်မရှိတဲ့ကောင်"
ရန်ကိုင်နှင့် ကျုချင်းတို့ စကားပြောနေစဉ် ဖုကျွင်းမှာ ရန်ရှောင်အား တင်းတင်းကျပ်ကျပ်ကို ပွေ့ဖက်ထားခဲ့ပြီး အဆက်မပြတ်ကို ငိုကြွေးနေခဲ့လေရာ သူမ၏ မျက်ရည်များကြောင့် ရန်ရှောင်၏ အဝတ်အစားများ စိုရွှဲခါနီး ဖြစ်ကုန်ရလေသည်။
ရန်ရှောင်မှာမူ လိမ္မာသိတတ်သည့် ကလေးတစ်ဦး ဖြစ်သည်နှင့်အညီ သူ၏ လက်ကလေးကို ဆန့်ထုတ်၍ ဖုကျွင်း၏ ကျောကို အသာအယာ ပုတ်ပေးကာ သူ့အမေကို နှစ်သိမ့်ပေးလိုက်သည်။ ရန်ရှောင် လုပ်နေသည့် ပုံစံကို မြင်သော် ဖုကျွင်းမှာ အတော်လေးကိုမှ ဝမ်းသာသွားမိလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျုယန်မှာ အတော်လေးကိုမှ ကျေးဇူးတင်သလို ဖြစ်သွားကာ ရန်ကိုင်အား သူ့နဂါးဥကို ခိုးသွားသည့်အတွက် ဆက်၍လည်း အပြစ်တင်မနေတော့ပေ။
ရှင်းရှင်းပြောရသော် ရန်ကိုင်သည်သာ နဂါးဥအား ခိုးမသွားခဲ့လျှင် လင်းအာအနေဖြင့် မွေးဖွားလာဖို့ရာ အခွင့်အရေး မရှိပေ။ ထိုအကြောင်းကြောင့် သူနှင့် ဖုကျွင်းမှာ ရန်ကိုင်အပေါ် အကြွေးကြီးကြီးမားမား တင်သွားပြီဟု ပြော၍ ရလေသည်။ အစကမူ လင်းအာမှာ သူ့ကိုယ်သူ ရန်ရှောင်ဟု ခေါ်နေသည့်အပေါ် မကျေမနပ် ဖြစ်မိပါသော်ငြား သေချာ စဉ်းစားကြည့်လိုက်ပြီးသည့်နောက် သူ့ကလေးအား သူကြိုက်သည့်အတိုင်း နာမည်ခေါ်စေရန်သာ ဆုံးဖြတ်လိုက်တော့သည်။ တကယ်တော့ ရှောင်ဆိုသည့် နာမည်မှာလည်း အတော်လေးကိုမှ ကောင်းလှသည် မဟုတ်ပေလော။
အတန်ကြာသွားသည့်အခါမှသာ ဖုကျွင်းသည် ရန်ရှောင်အား ပြန်လွှတ်ပေးလိုက်သည်။ ထို့နောက် ရန်ရှောင်၏ ပခုံးလေးများကို ကိုင်၍ မို့အစ်နေသည့် မျက်လုံးများဖြင့် သူမ ကလေးအား သေသေချာချာကို စိုက်ကြည့်လိုက်လေ၏။ သူမ၏ မျက်လုံးများမှာ မို့အစ်နေပါသော်ငြား ပျော်ရွှင်မှုတို့ကိုမူ သူမ၏ မျက်နှာအထက် အထင်းသား မြင်တွေ့နေခဲ့ရသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၅၁)
ဘာသာပြန်သူ_တိမ်တိုက်
နဂါးကလန်သားအားလုံးမှာ ရန်ရှောင်ဘေးနားတွင် စုပြုံနေကြလေသည်။ ရန်ရှောင်မှာ အတော်လေးကိုမှလည်း ချစ်စဖွယ်ကောင်းလှသည်။ အသားအရေမှာ ဖြူသလို ခန္ဓာကိုယ်လေးကလည်း ဝဝဖိုင့်ဖိုင့်နှင့်ဖြစ်ကာ ခြေလက်များမှာလည်း တုတ်တုတ်ခိုင်ခိုင်လေး ဖြစ်နေ၏။ ၎င်း၏မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် ပေါင်းလိုက်သော် ပိုလို့ပင် ချစ်စရာကောင်းနေလေသည်။
ကလန်သားအားလုံးမှာ ရန်ရှောင်၏အသားလေးအား ထိရဖို့ရာ အလုအယက် ဖြစ်နေကြလေသည်။ ရန်ရှောင်ကိုယ်တိုင်ကလည်း ကလန်သားအားလုံးကို အပြုံးကြီးပြုံးပြနေလေရာ လူတိုင်းမှာ ရန်ရှောင်အပေါ် ပိုလို့ပင် အချစ်ပိုနေရ၏။
ကျုချင်းသည်ပင်လျှင် ထိုမြင်ကွင်းကိုကြည့်ရင်း ကလေးမွေးချင်စိတ်များ ဖြစ်ပေါ်လာနေမိသည်။
“ကောင်းပြီ ကောင်းပြီ… တော်ပေတော့…” ကျုရန်မှာ အတော်လေးကိုမှ ဝမ်းသာနေလေရာ သွားမစေ့နိုင်အောင်ကို ပြုံးဖြီးနေမိသည်။ သို့ပါသော်ငြား ရန်ရှောင်အား ကလန်သားများမှ သူ့ထက်ငါ အလုအယက် ဝိုင်းထိနေကြသည်ကိုမြင်သော် ကောင်လေးအတွက် စိတ်မကောင်းဖြစ်သွားခဲ့ပြီး ဝင်တားရတော့လေ၏။ “ကလန်သားအသစ်တစ်ယောက် ထွက်ပေါ်လာတာ ငါတို့ကလန်အတွက် သတင်းကောင်းတစ်ရပ်ပဲ… ဒီတော့ ဒီအတွက် ငါတို့ အခမ်းအနားလုပ်သင့်တယ်… ငါတို့မှာ ကလန်သားအသစ်တစ်ယောက် မရှိတာ ကြာခဲ့ပြီ… ကဲ… အခု သွားပြန်ပြင်ဆင်ကြရအောင်… မကြာခင် ငါတို့ စားသောက်ပွဲကျင်းပမယ်…”
ကျုခုန်က ခေါင်းညိတ်၍ “ပထမအကြီးအကဲပြောတာမှန်တယ်… ဒီလိုအခိုက်အတန့်မျိုးအတွက် ကျုပ်တို့ တကယ်ကို ပွဲတော်ကြီးကျင်းပသင့်တယ်…”
ကျုရန်မှ ထိုကဲ့သို့ပြောလာသည့်အတွက်ကြောင့် အခြားသူများမှာလည်း ရန်ရှောင်ဘေးနားမှ ဖယ်ပေးလိုက်ကြရာ ထိုအခါမှသာလျှင် ကောင်လေးမှာလည်း သက်ပြင်းချနိုင်တော့လေသည်။
ဖုကျွင်းသည် ရန်ရှောင်ကိုကြည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “အိမ်ပြန်ကြရအောင်…”
သို့ပါသော်ငြား ရန်ရှောင်မှာ တုံ့ဆိုင်းနေပြီး ရန်ကိုင်ဆီသို့ လှမ်း၍ကြည့်လိုက်သည်။ ရန်ကိုင်သဘောမတူလျှင် ဖုကျွင်းနှင့် လိုက်မသွားမည့်ပုံပင်။
ထိုအချင်းအရာကိုမြင်သော် ကျုရန် စိတ်မကောင်းဖြစ်သွားခဲ့သည်။ ကြည့်ရသလောက် ဤကောင်လေး၏စိတ်ထဲ ရန်ကိုင်မှာ သူတို့ထက်ပို၍ အရေးကြီးနေသည့်ပုံပင်။ ရန်ကိုင်သည် သူ့အား ဥမှ အကောင်ပေါက်လာအောင် လုပ်ပေးခဲ့သူ ဖြစ်ပါသော်ငြား သူတို့နှစ်ဦးမှာ ရန်ရှောင်နှင့် သွေးချင်းဆက်စပ်နေကြသည့်လူများ ဖြစ်ကြသည်။
(ဘိုးဘေးနဂါးအမြုတေနဲ့များ ပတ်သက်နေတာလား…)
ဖုကျွင်းမှာလည်း ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ သို့ပါသော်ငြား သူမ၏အကြည့်မှာ ယခင်ကကဲသို့ အေးစက်စက်နှင့် မာမာထန်ထန် ဟုတ်မနေတော့ဘဲ တောင်းဆိုသည့်အရိပ်အယောင်များနှင့် ပြည့်နေလေသည်။
ရန်ကိုင်က ပြုံးလျက် လက်ဝှေ့ယမ်းကာ “မင်းအမေနောက်လိုက်သွားလိုက်… မင်းအမေစကားကို နားထောင်ရမယ်လေ…”
ရန်ရှောင်က တလေးတစားဖြင့် “ဟုတ်ကဲ့…”
ထိုအချင်းအရာကိုမြင်သော် ကျုရန်နှင့် ဖုကျွင်းတို့နှစ်ဦးစလုံး စိတ်မကောင်းဖြစ်မိရသလို ပျော်လည်းပျော်မိပေသည်။ စိတ်မကောင်းဖြစ်ရခြင်းမှာ ရန်ရှောင်သည် ရန်ကိုင်စကားကိုသာ နားထောင်သည့်အတွက်ကြောင့်ပင်။ ပျော်သွားရသည့်အချက်မှာတော့ သူတို့ကလေးမှာ သူတို့နောက်သို့ လိုလိုလားလားဖြင့် လိုက်လာမည့်အတွက်ကြောင့်ပင်။
ရန်ရှောင်၏လက်ကို ကိုင်ပြီးသည့်နောက်တွင် ဖုကျွင်းသည် ရန်ကိုင်အား အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမနေသည့်နှင်းကျွန်းဆီသို့ ပျံသန်းသွားလေ၏။ ကျုရန်မှာလည်း ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ရန်ရှောင်နှင့် ဖုကျွင်းနောက်သို့ အလျင်စလို ပြေးလိုက်သွားခဲ့သည်။
အခြားသူများမှာလည်း တဖြည်းဖြည်းချင်း ထွက်သွားကြသည်။ သို့ပါသော်ငြား ရန်ကိုင်အား လှမ်းကြည့်နေချိန် သူတို့၏အကြည့်မှာ ကသိကအောက် ဖြစ်နေခဲ့သည်။ တကယ်တော့ ရန်ကိုင်မှာ သေသွားသင့်ပြီဖြစ်သော နဂါးဥတစ်ဥအား အကောင်ပေါက်အောင်လုပ်နိုင်သည်မှာ အမှန်တကယ်ကိုမှ မယုံကြည်နိုင်စရာ ကောင်းလှပေသည်။
မကြာမီ ကျွန်းပေါ်၌ ရန်ကိုင်၊ ကျုချင်းနှင့် ချုန်းချီတို့သာ ကျန်ရစ်တော့သည်။
“နင် သူနဲ့မခွဲချင်ဘူးလား…” ကျုချင်းသည် ရုတ်တရက် ရန်ကိုင်အား ကြည့်၍ မေးလိုက်သည်။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်၍ပြောလိုက်လေသည်။ “သူက ငါ့ကလေးမှမဟုတ်တာ… ငါ ဘာလို့ သူနဲ့မခွဲချင်ရမှာလဲ…”
ကျုချင်းသည် နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားရင်းမှ ရန်ကိုင်၏လက်ကိုကိုင်၍ “ကဲ… အခုပြန်ကြရအောင်… ငါတို့ သူ့ကို ဘာလက်ဆောင်ပေးရမလဲ စဉ်းစားရဦးမယ်…”
“ဘာကိုပေးရမှာလဲ…” ရန်ကိုင်ကြောင်သွားလေသည်။
ကျုချင်းက ပြုံး၍ ရှင်းပြလိုက်လေသည်။ “ပထမအကြီးအကဲပြောသွားတာကို နင်မကြားဘူးလား… ငါတို့ ဒီကလန်သားအသစ်တစ်ယောက် မွေးလာတာအတွက် စားသောက်ပွဲကျင်းပမှာလေ… အဲ့ကလေးက အဲ့နေ့အတွက် အာရုံစိုက်စရာဖြစ်လာမှာ… ဒီတော့ သူ့စီနီယာတွေဖြစ်တဲ့ငါတို့က သူ့ကို လက်ဆောင်ပေးရမှာပေါ့…”
ထိုစကားကိုကြားသော် ရန်ကိုင်ကခေါင်းညိတ်၍ “ဟုတ်တာပေါ့နော်… ငါတို့ သူ့ကို ဘာလက်ဆောင်ပေးသင့်လဲ…”
ကျုချင်းက ပြန်၍ပြောလိုက်သည်။ “စဉ်းတော့မစဉ်းစားရသေးဘူး… ဒါပေမယ့် နင်ပေးခဲ့တဲ့ နဂါးသွေးဆေးလုံးကို လက်ဆောင်အဖြစ် ပေးလိုက်ရင် ကောင်းမလားလို့… သူက အခုမှမွေးလာတာဆိုတော့ အခုလောလောဆယ် သူ့ရဲ့ဦးစားပေးက သူ့ရဲ့နဂါးသွေးကြောကို တိုးတက်အောင်လုပ်ဖို့ပဲ…”
တစ်ချက်မျှရပ်ပြီးသည့်နောက် ကျုချင်းက ဆက်ပြောလိုက်သည်။ “ဒါပေမယ့် အဲ့ဆေးလုံးတွေကို နင်က ငါ့ကိုပေးထားတာ…”
“နင်ပေးချင်ရင် ပေးလိုက်လို့ရတယ်… ဆေးလုံးတွေလိုလာရင် ငါ နင့်အတွက် ထပ်ပြီး ဖော်စပ်ပေးမှာပေါ့… အဲ့ဆေးလုံးတွေက ရှားတာမှမဟုတ်တာ…”
(မရှားဘူး…) ကျုချင်း ပြောစရာစကား ပျောက်ရှသွားခဲ့သည်။ နဂါးကျွန်းပေါ်တွင် နဂါးသွေးပန်းတစ်ပွင့်စီတိုင်းသည် အလွန်တရာကိုမှ အဖိုးတန်လှပေသည်။ နဂါးသွေးဆေးလုံးများဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ပေ။ သို့ပါသော်ငြား မကြာမီ၌ ရန်ကိုင်သည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်ပြီး သူ့တွင် သူ၏ဆေးဥယျာဉ်ကို စောင့်ရှောက်ပေးနေသော သစ်သားဝိဉာဉ်နှစ်ဦးရှိကြောင်း ပြန်သတိရသွားခဲ့သည်။ ထိုအကြောင်းကြောင့် နဂါးသွေးဆေးလုံးများမှာ ရန်ကိုင်အတွက်မူ သာမန်ပစ္စည်းများသာ ဖြစ်နေလောက်ပေသည်။
ကျုချင်းမှာ ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ ရန်ကိုင်၊ ချုန်းချီတို့နှင့်အတူ သူမနေသည့် လခြမ်းကွေးကျွန်းဆီသို့ အရှိန်ကုန်တင်ကာ ပျံသန်းသွားလေ၏။
ဥအား အကောင်ဖောက်နေစဉ်အတောအတွင်း ရန်ကိုင်မှာ ဘာကိုမှ သေချာမသိခဲ့ပါသော်ငြား အတော်လေးကိုမှ အားကုန်ခဲ့ရသည်။ ထိုစဉ်က မခံစားမိခဲ့ခြင်းသာ ဖြစ်သည်။ အစောပိုင်းကလည်း ရန်ကိုင်မှာ ထိုအချက်ကို သတိမထားမိခဲ့။ သို့သော်ငြား လခြမ်းကွေးကျွန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်တွင် ရန်ကိုင်မှာ အိပ်ယာပေါ်ရောက်၍ တစ်ခါတည်းအိပ်ပျော်သွားတော့လေသည်။
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှသာ ရန်ကိုင် ပြန်နိုးလာခဲ့သည်။ သူ့စိတ်ထဲ အိပ်မှုန်စုံမွှားဖြစ်နေစဉ် သူ့နှာခေါင်းနား ယားကျိကျိဖြစ်လာသလို ခံစားလိုက်ရသည်။ တစ်ခုခုအား သူ့မျက်နှာအား လာရောက်ပွတ်သပ်နေသည့်အလား။
ရန်ကိုင်လည်း အမှုမဲ့အမှတ်မဲ့နှင့် ထိုလူ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်း၍ ရေရွတ်လိုက်လေ၏။ “မဆိုးနဲ့…”
ရန်ကိုင်မှာ ထိုသိမ်မွေ့လှသည့်ခန္ဓာကိုယ်လေးကို ပွေ့ဖွက်ထားရင်းမှ ဘေးတစ်ဖက်သို့စောင်း၍ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ ထို့နောက်တွင် သူ၏ လက်တစ်ဖက်သည် အမျိုးသမီး၏တင်ပါးနေရာဆီသို့ ဆင်းသွားလေ၏။
တင်ပါးနေရာအား အသာအယာပွတ်သပ်လိုက်သော် ရန်ကိုင်မှာ မျက်မှောင်ကျုံ့သွားခဲ့သည်။ အကြောင်းမှာ သူခံစားနေရသည့်အထိအတွေ့မှာ အနည်းငယ်ကွာခြားနေသည့်အတွက်ကြောင့်ပင်။
ပျော့အိအိခံစားချက်မှာ အတူတူသာဖြစ်ပါသော်ငြား အရွယ်အစားမှာ ကွဲပြားနေခဲ့သည်။ ထို့အတွက်ကြောင့် သူ့ရင်ခွင်ထဲတွင်ရှိနေသော အမျိုးသမီးမှာ ကျုချင်းမဟုတ်ဟုပင် ရန်ကိုင်ထင်သွားမိလေ၏။ ထိုမျှသာလျှင်မဟုတ်သေး သူခံစားမိနေသည့် ကိုယ်သင်းရနံ့လေးမှာလည်း ပုံမှန်ကိုယ်သင်းရနံ့နှင့် မတူပေ။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ အထိတ်ထိတ်အလန့်လန့်ဖြစ်သွားခဲ့ပြီး သူ့နဖူးထက် ချွေးအေးများ ဝေ့သီလာရတော့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့စိတ်ထဲ တစ်ခုခုအား စဉ်းစားမိသွားလေ၏။ (ငါ အမှားလုပ်မိသွားတာလား…)
ဘာတွေဖြစ်နေလဲဆိုသည်ကို နားမလည်နိုင်သေးခင်မှာပင် အပြင်ဘက်ဆီမှ ခြေသံများနှင့်အတူ ကျုချင်း၏အသံကို ကြားလိုက်ရလေသည်။ “နင့်အဖေအိပ်နေတာ ရက်အတော်ကြာနေပြီ… အမ်… နင်…”
အခန်းအပြင်ဘက်တွင် ကျုချင်းမှာ သူမရှေ့ရှိမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေလေသည်။
အိပ်ယာပေါ်တွင် ရန်ကိုင်မှာ ဘေးတစ်စောင်းလှဲနေပြီး မိုရှောင်ချီမှာ ရန်ကိုင်၏ရင်ခွင်ထဲသို့ ရောက်နေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏လက်များသည် မိုရှောင်ချီ၏ တင်ပါးနေရာဆီသို့ ရောက်နေလေ၏။
ကျုချင်းအပြင် ရန်ရှောင်မှာလည်း ထိုမြင်ကွင်းအား မမှိတ်မသုန် စိုက်ကြည့်နေသည်။ ထို့နောက်တွင် ယဲ့ယဲ့လေးပြုံးလျက် အိပ်ယာပေါ်ရှိလူနှစ်ဦးအား ဟိုတစ်ယောက်ကိုကြည့်လိုက် ဒီတစ်ယောက်ကိုကြည့်လိုက် လုပ်နေတော့လေ၏။
ထိုအချင်းအရာကိုမြင်သော် ကျုချင်းမှာ ရန်ရှောင်၏မျက်လုံးလေးကို အလျင်အမြန်ကောက်ပိတ်၍ အပြင်သို့ ဆွဲခေါ်သွားသည်။
ရန်ရှောင်က လှမ်းအော်ပြောလိုက်၏။ “ကျွန်တော် ဘာမှမတွေ့ဘူး… ကျွန်တော် ဘာမှမတွေ့ဘူး… ဘာဖြစ်လို့ ကျွန်တော့မျက်လုံးကို လာဖုံးနေတာလဲ…”
ကျုချင်းကမူ ဂရုစိုက်မနေခဲ့ဘဲ ရန်ရှောင်အား အခန်းအပြင်ဘက်သို့ ဆွဲခေါ်သွားပြီးမှ ခြေဆောင့်၍ အံကြိတ်ကာ ပြောလိုက်လေ၏။ “ဘာတွေလုပ်နေတာလဲ…”
သူမ၏ညီအစ်မများ ရန်ကိုင်နားသို့ ကပ်လာမည်ကို တားဆီးနိုင်ခဲ့ပါသော်ငြား ရန်ကိုင်နှင့် မိုရှောင်ချီကို အိပ်ယာတစ်ခုထဲ အတူတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုကဲ့သို့ အော်ပြောလိုက်ပြီးသည့်နောက် ကျုချင်းမှာ ရန်ရှောင်အား လှမ်းကြည့်လိုက်ရာ ရန်ရှောင်မှာ ခြေဖျားလေးထောက်၍ အိပ်ခန်းထဲသို့ ခိုးကြည့်နေကြောင်းကို တွေ့လိုက်ရလေသည်။ အိပ်ခန်းထဲ၌ ဘာတွေဖြစ်နေသလဲဆိုသည်ကို အမှန်တကယ် သိချင်နေသည့်အလား။
ထိုအချင်းအရာကိုမြင်သော် ကျုချင်းမျက်နှာ ပျက်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “နင် ဘာတွေကြည့်နေတာလဲ…”
“ဘာမှမကြည့်ဘူး… ကျွန်တော် ဘာမှမကြည့်ဘူး…” ရန်ရှောင်မှာ လက်နောက်ပစ်ရင်းမှ ခေါင်းလေးငုံ့လျက် မြေပြင်အား ခြေထောက်ဖြင့် ကန်ကျောက်နေလေ၏။
ထိုအချင်းအရာကိုမြင်သော် ကျုချင်း၏နှုတ်ခမ်း တွန့်ကွေးတက်သွားလေ၏။ (ဒီကောင်က ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲရဲ့ သားရော ဟုတ်ရဲ့လား… သူ့ပုံစံက အကြီးအကဲနှစ်ယောက်နဲ့ နည်းနည်းလေးမှမတူဘဲ ရန်ကိုင်အငယ်စားပုံစံနဲ့ ဘာလို့ တူနေရတာလဲ… စကားပြောတာနဲ့ မျက်နှာအမူအယာကအစ တစ်ထေရာတည်းပဲ…)
ကျုချင်းက မျက်နှာကိုတည်လျက် ပြောလိုက်သည်။ “နင် အခု ဘာမှမမြင်ဘူးဆိုတာကို သေချာမှတ်ထားနော်…”
ရန်ရှောင်မှာ ကြက်အစာကောက်သည့်အလား ခေါင်းကို တဆတ်ဆတ်ညိတ်လျက် ပြန်ပြောလိုက်သည်။ “ကျွန်တော် တကယ် ဘာမှမမြင်ဘူး…”
အခန်းထဲတွင်မူ ကျုချင်းနှင့် ရန်ရှောင်တို့၏အသံကြောင့် မိုရှောင်ချီမှာ ရှက်နေသည့် ယုန်ပေါက်လေးတစ်ကောင်ပမာ ရန်ကိုင်၏ရင်ခွင်ထဲမှ ခုန်ထွက်လာခဲ့သည်။
ရန်ကိုင်မှာလည်း ခါးကိုမတ်၍ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူ့ရှေ့ရှိအမျိုးသမီးကိုမြင်သော် ရယ်ရခက် ငိုရခက်အမူအယာဖြင့် “နင်လား ရှောင်ချီ…”
တကယ်ကို ဆိုးလှပေသည်။ မိုရှောင်ချီမှာ ယခုကဲ့သို့သောအချိန်မျိုးတွင် သူ့ဆီသို့ လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင်မှာ ကျုချင်းအထင်ဖြင့် ယခုကဲ့သို့ လုပ်လိုက်မိခြင်းဖြစ်ပါသော်ငြား ကံမကောင်းစွာဖြင့် ကျုချင်းမဟုတ်ဘဲ မိုရှောင်ချီဖြစ်နေခဲ့သည်။ မိုရှောင်ချီမှန်းသာ သိခဲ့မည်ဆိုလျှင် ယခုကဲ့သို့ လုပ်ခဲ့လိမ့်မည်မဟုတ်။
မိုရှောင်ချီ၏မျက်နှာမှာတော့ မီးကင်ထားခံရသည့်ပမာ နီရဲနေခဲ့လေသည်။ ရန်ကိုင်ရင်ခွင်ထဲမှ ခုန်ထွက်လာပြီးသည့်နောက် ရန်ကိုင်နှင့် အကြည့်ချင်းမဆုံရဲခဲ့ဘဲ ခေါင်းကိုသာ ငုံ့ထားခဲ့သည်။ ထို့နောက် ရုတ်တရက်ခြေဆောင့်၍ ထအော်လေ၏။ “အစ်ကိုရန်က အရမ်းဆိုးတာပဲ…”
ထိုသို့ပြောပြီးသည့်နောက် အခန်းထဲမှ အလျင်စလို ပြေးထွက်သွားခဲ့ရာ ကျုချင်းနှင့် ဝင်တိုက်လုမတတ်ပင် ဖြစ်သွားခဲ့သည်။
“ချင်း… အစ်မချင်း… အစ်ကိုရန်နိုးနေပြီ… ကျွန်မ အခုသွားတော့မယ်…” ပျာယာခတ်နေသည့်မိုရှောင်ချီမှာ မည်သည့်အရပ်သို့ သွားရမလဲဆိုသည်ကို မသေချာတော့ဘဲ တွေ့ကရာအရပ်ဆီသို့ ပြေးထွက်သွားလေသည်။
“သတိထားဦးနော်…” ကျုချင်းမှာမူ မိုရှောင်ချီထွက်သွားသည်ကိုကြည့်ရင်း လှမ်း၍ သတိပေးလိုက်သည်။
ရန်ရှောင်မှာတော့ အံ့ဩနေသည့်အမူအယာဖြင့် မိုရှောင်ချီထွက်သွားသည့်ဘက်သို့ ကြည့်နေပြီးသည့်နောက် ကျုချင်းဘက်သို့ကြည့်ကာ ထရယ်တော့လေ၏။
“နင် ဘာတွေရယ်နေတာလဲ…” ကျုချင်းမှာ မျက်နှာပုပ်သိုးသိုးအမူအယာဖြင့် ရန်ရှောင်ကိုကြည့်၍ မေးလိုက်လေ၏။
“အမေက တော်တော်လေးကို သဘောထားကြီးတာပဲနော်…” ရန်ရှောင်က ပြုံး၍ ပြောလိုက်သည်။
ထိုစကားကိုကြားသော် ကျုချင်း ရှက်သွေးဖြာသွားပြီး ပြန်၍ပြောလိုက်လေ၏။ “နင် ဘယ်သူ့ကို အမေလို့ခေါ်နေတာလဲ…”
ရန်ရှောင်က အမှန်အတိုင်း ပြန်ပြောလိုက်သည်။ “အမေက အဖေ့ရဲ့မိန်းမလေ… ဒီတော့ အမေလို့ပဲ ခေါ်ရမှာပေါ့… မဟုတ်ရင် မလေးစားသလိုဖြစ်နေမှာပေါ့…”
“နင့်ကို ဒါတွေ ဘယ်သူသင်ပေးတာလဲ…” ကျုချင်းကြောင်သွားခဲ့သည်။ ဤကလေးမွေးလာသည်မှာ ရက်ပိုင်းသာ ရှိသေးပါသော်ငြား ဘာကြောင့်မျှ ဤမျှ သိနေရလေသနည်း။ ထို့အပြင် သူသိထားသည်မှာလည်း အသုံးမဝင်သည့်အကြောင်းအရာများစွာ ဖြစ်နေလေသည်။ ရန်ရှောင်မှ သူမအား အမေဟုခေါ်လိုက်သော် ကျုချင်းမှာ စိတ်ထဲ အနည်းငယ် ကသိကအောက်ဖြစ်မိသလို ပျော်လည်းပျော်မိပေသည်။ တစ်ချိန်တည်းတွင်လည်း သူမစိတ်ထဲ ထိုကဲ့သို့ခေါ်ခံရသည်နှင့်ပတ်သက်၍ အသားမကျသလို ဖြစ်နေသည်။ သူမဘဝတွင် မည်သည့်ကလေးကိုမှ မမွေးသေးဖူးပေ။ သို့ပါသော်ငြား ဤကောင်လေးမှာ သူမအား အမေဟု ခေါ်နေလေသည်။
“ဘယ်သူမှသင်မပေးဘူး… ကျွန်တော် ဒီတ်ုင်းပဲ သိနေတာ…”
ကျုချင်းမှာ ထိုအကြောင်းကို ဆက်မပြောချင်တော့သည့်အတွက်ကြောင့် အလေးအနက်အမူအယာဖြင့်သာ ပြန်ပြောလိုက်သည်။ “နင် ဒီနေ့မြင်လိုက်တာတွေကို အခြားသူတွေကို လျှောက်ပြောလို့မဖြစ်ဘူးနော်…”
ရန်ရှောင်က အံ့အားသင့်နေဟန်ဖြင့် “ဘာတွေဖြစ်သွားလို့လဲ…” ထို့နောက် ဇဝေဇဝါဖြစ်နေဟန်ဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်သည်။
“နင်တော်တယ်…” ကျုချင်းမှာ ရန်ရှောင်၏ခေါင်းကို ပုတ်ပေးလိုက်သည်။
ရန်ရှောင်ကမူ ကျုချင်း၏လက်မှ သူ့ခေါင်းကိုရှောင်ဖယ်လျက် နှုတ်ခမ်းလေးဆူကာ ပြန်ပြောလိုက်သည်။ “အကုန်လုံးက ဘာဖြစ်လို့ ဒီလိုမျိုး လိုက်ပြီး ခေါင်းပုတ်နေရတာလဲ… ဒါက တစ်ဖက်လူအပေါ် မလေးစားတာဆိုတာ မသိကြဘူးလားမသိဘူး..”
ကျုချင်းက ရယ်ချင်ပတ်ကျိအမူအယာဖြင့် “အခြားဘယ်သူတွေက နင့်ကို အခုလိုမျိုး ထိသေးလို့လဲ…”
ရန်ရှောင်ကမူ ဘာမှပြန်မပြောခဲ့ဘဲ မကျေမနပ် အထွန့်သာတက်လိုက်သည်။ ကျုချင်းမှာတော့ စဉ်းစားနေစရာမလိုပေ။ ကျုရန်နှင့် ဖုကျွင်းတို့မှာ ရန်ရှောင်၏ခေါင်းကို အကြိမ်ပေါင်းများစွာ ပုတ်ခဲ့ရမည်မှန်း ပြောနိုင်ပေသည်။
“အကြီးတွေက မင်းခေါင်းကို ပုတ်ပေးနေတဲ့ချိန် မင်းလိုကလေးမျိုးက ငြိမ်ငြိမ်လေး ငြိမ်ခံနေသင့်တာ… အပြစ်တင်မယ့်အပြစ်တင် အရပ်ပုလွန်းနေတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်…” ရန်ကိုင်မှ ဝင်ပြောလာသည့်အခါ ကျုချင်းနှင့် ရန်ရှောင်တို့ ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။ အခန်းထဲမှ ဟိတ်ဟန်အပြည့်ဖြင့် ထွက်လာသည့် ရန်ကိုင်ကိုကြည့်ရင်း ရန်ရှောင်၏မျက်နှာထက် လေးစားမှုတို့ကို အတိုင်းသား မြင်နေရသည်။
ကျုချင်းမှာတော့ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေလေ၏။
ရန်ကိုင်မှာ ကျုချင်း၏အကြည့်ကြောင့် လိပ်ပြာမလုံသလိုဖြစ်ကာ ချောင်းဟန့်ရင်းမှ နှာခေါင်းကို အသာအယာပွတ်လိုက်လေသည်။
ရန်ရှောင်ကမူ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။ “ရှောင်အာ အဖေ့ကို နှုတ်ဆက်ပါတယ်…”
ရန်ရှောင်၏ပုံစံမှာ အတော်လေးကိုမှ ယဉ်ကျေးသိပ်မွေ့ကာ လူကြီးလူကောင်းဆန်ပေသည်။ ထို့နောက်တွင် ရန်ရှောင်မှာ ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “အင်း… အဖေပြောတာ ဟုတ်တယ်နော်… ကျွန်တော် သေချာမှတ်ထားလိုက်မယ်…”
“မင်းက ဘာကိုမှတ်ထားမှာလဲ…” ရန်ကိုင်သည် ရန်ရှောင်အား စိုက်ကြည့်ရင်းမှ မေးလိုက်သည်။
ရန်ရှောင်သည် လက်သီးကိုတင်းတင်းဆုပ်လျက် “တစ်နေ့ အကုန်လုံးကို အပေါ်စည်းကနေ ငုံ့ပြီးကြည့်လို့ရအောင် ကျုပ် ဒီထက်ပိုပြီး အရပ်ရှည်ချင်တယ်… နောက်ပိုင်းကျ ကျွန်တော် တစ်ယောက်ယောက်ကို မကျေနပ်ဘူးဆိုရင် အဲ့ကောင်ရဲ့ခေါင်းကို ကောက်ထုပြီးတော့ ပေါက်ကွဲအောင်လုပ်ပစ်လိုက်မယ်… အဖေပြောချင်တာ အဲ့ဒါမလား…”
ထိုစကားကိုကြားသော် ရန်ကိုင်၏နှုတ်ခမ်း မဲ့သွားခဲ့ပေသည်။ သို့ပါသော်ငြား ခေါင်းညိတ်၍ “မင်းက တကယ်ကိုတော်တာပဲ…”
ကျုချင်းကမူ မကျေမနပ်ဖြင့် ဝင်ပြောလိုက်လေသည်။ “နင် ကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဒီလိုမဟုတ်တရုတ်တွေ သင်ပေးနေရတာလဲ…”
ရန်ကိုင်က ချက်ချင်းပဲ ပြန်၍ပြောလိုက်လေ၏။ “ငါ့မှာ ကလေးမှမရှိဖူးတာ… ဘယ်လိုလုပ်ပြီး ကလေးတစ်ယောက်ကို ဘယ်လိုသင်ပေးရမလဲ သိမှာလဲ…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၅၂)
ဘာသာပြန်သူ_တိမ်တိုက်
ကျုချင်းက နှာခေါင်းရှုံ့လျက်... "ငါတို့သာ ကလေးရလာမယ်ဆိုရင် နင့်ကို အဲဒီကလေးကို မသင်ခိုင်းဘူး"
ရန်ကိုင်သည် ကျုချင်းအား မျက်လုံးအပြူးသားဖြင့် ကြည့်ရင်းမှ... "အဲဒီလို လုပ်လို့တော့ မရဘူးလေ၊ ငါ့ကလေးဆို ငါက သင်ပေးရမှာပေါ့"
ကျုချင်းက အထင်အမြင်တသေးဖြင့်... "နင်အခု ဘာလုပ်လိုက်လဲဆိုတာကိုလည်း အရင်ကြည့်ဦး၊ အဲဒီလိုပုံစံမျိုးနဲ့ ငါတို့ ကလေးကို နင့်ကို ဘယ်လိုလုပ်ပြီး သင်ခိုင်းရမှာလဲ"
ရန်ကိုင်က ခေါင်းခါလျက်... "ဒီလောကကြီး တစ်ခုလုံးက မကောင်းတဲ့ လူတွေနဲ့ ပြည့်နေတာ၊ အဲဒီလို လောကကြီးမျိုးမှာ သေသေချာချာသာ မလေ့ကျင့်ပေးလိုက်ရင် ကလေးတစ်ယောက်က အခက်အခဲတွေကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ၊ အလိုလိုက်လွန်းတဲ့ အမေကြောင့် ကလေးတစ်ယောက်က ဆန်ကုန်မြေလေး ဖြစ်သွားတယ်ဆိုတာကို နင် မကြားဖူးဘူးလား"
ကျုချင်းက ရန်ကိုင်အား စိုက်ကြည့်လျက်... "ဒီတော့ နင်က ဘာပြောချင်နေတာလဲ"
ရန်ကိုင်က ကောင်းကင်ပေါ်ကို မော့ကြည့်၍... "ဘာမှမဟုတ်ဘူး"
ရန်ရှောင်မှာမူ ထိုနှစ်ဦးကို ကြည့်ရင်း ပြုံးစိပြုံးစိ ဖြစ်နေခဲ့လေသည်။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင်သည် ရန်ရှောင်၏ ခေါင်းကို ကောက်ထု၍... "မင်းက ဘာတွေရယ်နေတာလဲ"
ရန်ရှောင်က မကျေမနပ်ဖြင့် ကျုချင်းကို ကြည့်၍ အော်ပြောလိုက်သည်။ "အမေ၊ အဖေ ကျွန်တော့်ကို ထုတယ်"
ထိုစကားကို ကြားသော် ကျုချင်းမှာ အမေတစ်ဦး၏ ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်သွားခဲ့ပြီး ချက်ချင်းပဲ ရန်ရှောင်အား သူမဆီသို့ ဆွဲခေါ်၍ ရန်ကိုင်အား စိုက်ကြည့်ရင်းမှ... "နင် စကားပြောတိုင်း ဘာဖြစ်လို့ သူ့ကို ထုနေရတာလဲ"
ရန်ရှောင်က ခေါင်းညိတ်၍... "ဟုတ်တယ် ဟုတ်တယ်၊ အဲဒါအမှန်ပဲ"
ရန်ကိုင်သည် ကျုချင်းအား ညွှန်ပြရင်းမှ ပြောလိုက်သည်။ "ကြည့်ကြည့်၊ ငါ အဲဒါကို ပြောချင်နေတာ၊ အမေတွေ အလိုလိုက်လွန်းလို့ ကလေးတွေက ဆန်ကုန်မြေလေး ဖြစ်တယ်ဆိုတာ ဒါကိုပြောတာ၊ မိန်းမတွေက သူတို့ ကလေးတွေဆို အရမ်းချစ်တတ်လွန်းတယ်၊ အဲဒါကြောင့်ပဲ အဲဒီကလေးတွေက နောက်ပိုင်း ပြဿနာတွေ တက်ကုန်ရတာ"
ကျုချင်းက ဒေါမာန်တကြီးဖြင့် ပြန်၍ ပြောလိုက်သည်။ "နင့်လိုမျိုး ကလေးတစ်ယောက်ကို ဘယ်လို အကြမ်းနည်းသုံးရမလဲဆိုတာပဲ သင်ပေးနေတဲ့ အဖေ တစ်ယောက်ထက်တော့ အများကြီးသာသေးတယ်"
တစ်ဦးကိုတစ်ဦး အတန်ကြာအောင် စိုက်ကြည့်နေရင်းမှ ရန်ကိုင်မှာ ထရယ်မောတော့သည်။ ကျုချင်းမှာလည်း စတင်၍ ရယ်မောတော့လေ၏။ နှစ်ဦးသားမှာ ကလေးမရသေးခင်မှာပင် သူတို့၏ ကလေးအား မည်သို့မည်ပုံ သင်ပေးရမည်နှင့် ပတ်သက်၍ စတင်၍ ငြင်းခုံနေကြလေပြီ။ တကယ်ကြီးများသာ ကလေး ရလာခဲ့မည်ဆိုလျှင် မည်ကဲ့သို့များ ဖြစ်ပါမည်နည်း။
ထိုအတွေးနှင့် ကျုချင်းမှာ စတင်၍ ရယ်မောနေတော့သည်။
"ဒါနဲ့ ရှောင်ချီက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ" ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်သည်။
ချက်ချင်းဆိုသလို ကျုချင်းမှာ ရန်ကိုင်အား ထူးဆန်းသည့် အကြည့်ဖြင့် စိုက်ကြည့်လာလျက်... "နင်တော်တော်လေး ပျော်တယ်ပေါ့၊ ဟုတ်လား"
ရန်ကိုင်မှာ ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်ပစ်ချင်စိတ်များပင် ပေါက်လာရသည်။ [ငါ ဘာစိတ်ပေါက်ပြီးတော့ ဒီအကြောင်းကို ကောက်ပြောလိုက်ရတာလဲကွာ]
ကျုချင်းက သက်ပြင်းချ၍... "ဟိုတလောတုန်းက နင် နဂါးသွေးပန်းတွေကို စိုက်ပြီးလည်းပြီးရော နဂါးကျွန်းကနေ ညီမလေးရှောင်ချီကို အသိမပေးဘဲနဲ့ ထွက်သွားဖို့ လုပ်တယ်လေ၊ သူလည်း အဲဒီအကြောင်းကို ကြားလည်း ကြားရော တော်တော်လေးကို မကျေမနပ် ဖြစ်သွားတာ၊ ဒီတော့ နင် နဂါးကျွန်းပေါ်မှာ ရှိနေသေးတဲ့အကြောင်း ကြားပြီးလည်း ကြားပြီးရော နင်နဲ့ စာရင်းရှင်းမယ်ဆိုပြီး ရောက်လာလိုက်တာ၊ ဒါပေမဲ့ စာရင်းတောင် မရှင်းရသေးဘူး၊ နင်ကြောင့် သူ ပြန်ဒုက္ခရောက်သွားရော"
ရန်ကိုင်က ချောင်းဟန့်လျက်... "အဲဒါက မတော်တဆ နားလည်မှုလွဲသွားတာ"
ရန်ရှောင်က ဝင်၍ပြောလိုက်သည်။ "သူက ဒေါ်လေးရွှမ်းရဲ့ သမီးလား"
"ဟုတ်တယ်" ကျုချင်းက ခေါင်းညိတ်၍ ရန်ရှောင်အား အံ့အားသင့်တကြီးဖြင့် ကြည့်ရင်းမှ... "နင်သူ့ကို သိတာလား၊ နင့် မိဘတွေ သူ့အကြောင်း ပြောပြထားတာလား"
"မဟုတ်ဘူး" ရန်ရှောင်သည် ခေါင်းခါလျက် အတွေးနက်သွားခဲ့သည်။ ထို့နောက် ပြုံး၍... "ဒီအတိုင်းပဲ သိနေတာ၊ ဘယ်လိုသိလို့ သိမှန်းတောင် မသိဘူး"
ရန်ကိုင်နှင့် ကျုချင်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ရန်ရှောင်မှာ ရန်ကိုင်မှ နဂါးဥအား အကောင်ပေါက်အောင် လုပ်နေစဉ် အတောအတွင်း ရန်ကိုင်ဆီမှ တစ်ခုခုအား အမွေဆက်ခံခဲ့ရမည်မှန်း နှစ်ဦးစလုံး သဘောပေါက်လိုက်ကြလေသည်။ ထိုသို့သာ မဟုတ်ပါက ရန်ရှောင်မှာ မွေးလာပြီးပြီးချင်း ဤမျှများပြားလှသော အကြောင်းအရာများကို သိနေလိမ့်မည် မဟုတ်သလို သူ့စရိုက်မှာလည်း ရန်ကိုင်နှင့် အတော်လေးကိုမှ ဆင်တူနေလိမ့်မည် မဟုတ်ပေ။
"ဒါနဲ့ မင်းက ဘာဖြစ်လို့ ဒီရောက်နေတာလဲ၊ မင်း မိဘတွေရော" ရန်ကိုင်သည် ရန်ရှောင်အား စိုက်ကြည့်ရင်းမှ မေးလိုက်သည်။
"ကျွန်တော့် မိဘတွေက သူတို့ကျွန်းပေါ်မှာ ရှိနေတယ်လေ၊ ကျွန်တော်လည်း ပျင်းလာတာနဲ့ ထွက်လာဖို့ ဆုံးဖြတ်လိုက်တာ" ပြောနေရင်းမှ ရန်ရှောင်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ "ကျွန်တော့်အမေက အရမ်းတယုတယ ဖြစ်လွန်းနေတယ်၊ ကျွန်တော် သိပ်ပြီးတော့ မနေတတ်တော့ဘူး"
ထိုစကားကို ကြားသော် ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး... "အဲဒီစကားကို သူ့အရှေ့မှာ သွားမပြောနဲ့၊ မဟုတ်ရင် သူ ရင်ကွဲနာကျသွားလိမ့်မယ်"
ရန်ရှောင်က ပြန်၍ ပြောလိုက်သည်။ "ကျွန်တော်သိတယ်၊ ဒါပေမဲ့ သိပ်ပြီးတော့ အသားမကျလို့၊ ပြီးတော့ ဘာဖြစ်လို့ သူ့ကို ဆန့်ကျင်နေသလို ခံစားရလဲ မပြောတတ်ဘူး"
ထိုစကားကို ကြားသော် ရန်ကိုင် ရင်ထိတ်သွားခဲ့သည်။ ဤလောကကြီးတွင် ကိုယ့်အမေကိုယ် ပြန်မုန်းသည့် သားဟူ၍ မရှိပေ။ ထိုအတွက်ကြောင့် တစ်ခုတည်းသော အဖြေမှာ ရန်ရှောင် ထိုကဲ့သို့ ဖြစ်နေရခြင်းသည် ရန်ကိုင်နှင့် ပတ်သက်နေရပေလိမ့်မည်။ ရန်ရှောင်အား အကောင်ပေါက်လာအောင် လုပ်ပေးနေစဉ် အတောအတွင်း ရန်ရှောင်မှာ ရန်ကိုင်ဆီမှ အတော်များများကို အမွေဆက်ခံခဲ့ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် သူတို့၏ စိတ်နေစရိုက်များမှာ ဤမျှ တူညီနေရခြင်းပင်။ ဤကောင်လေးမှာလည်း ရန်ကိုင်၏ စိတ်အခြေအနေ၏ သက်ရောက်ခြင်း ခံလိုက်ရသည့်အတွက်ကြောင့် ဖုကျွင်း အနားသို့ ကပ်ရန် တုံ့ဆိုင်းနေခြင်း ဖြစ်လောက်ပေသည်။
ရန်ကိုင်မှာ ဖုကျွင်းအား မကျေမနပ် ဖြစ်ခဲ့သည်။ ရန်ကိုင်၏ မကျေနပ်သည့် စိတ်မှာ ရန်ရှောင်ဆီသို့လည်း ရောက်သွားရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် ဖုကျွင်းမှာ သူ့အမေ ဖြစ်နေသည့်တိုင် ရန်ရှောင်မှာ ဖုကျွင်းအပေါ် ဆန့်ကျင်သလို ခံစားနေရခြင်းပင် ဖြစ်သည်။
"ဒါပေမဲ့ တစ်ချိန်တည်းမှာလည်း သူ့ကို ချစ်တယ်၊ ပြီးတော့ သူနဲ့နေရတာ သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရတယ်" ရန်ရှောင်မှာ နားမလည်နိုင်သည့် အမူအရာဖြင့် ရန်ကိုင်ကို ကြည့်လျက်... "အဖေ၊ ဘာဖြစ်လို့ အခုလိုမျိုး ဖြစ်နေရတာလဲ"
ရန်ရှောင် ဖုကျွင်းအား နှစ်သက်နေရခြင်းမှာ သူတို့ နှစ်ဦးသည် သွေးချင်း ဆက်စပ်နေသည့်အတွက်ကြောင့်ပင်။ ဖုကျွင်းအပေါ် ဆန့်ကျင်သလို ခံစားနေရခြင်းမှာတော့ ပြင်ပ သက်ရောက်မှုများကြောင့်သာ ဖြစ်လေသည်။ ရန်ကိုင်မှာ ရှင်းပြဖို့ရာ ရှက်နေသည့်အတွက်ကြောင့် ပြန်၍သာ ပြောလိုက်လေ၏။ "မင်းအမေနဲ့ အချိန်နည်းနည်း ထပ်ဖြုန်းလိုက်၊ အဲဒါဆို မင်း အသားကျသွားလိမ့်မယ်"
ရန်ရှောင်က ခေါင်းညိတ်လိုက်၏။ "အင်း"
ထို့နောက်တွင် ရန်ကိုင်သည် ပြုံး၍ ရန်ရှောင်၏ ခေါင်းကို ပုတ်ကာ... "မင်းမှာ မိဘရင်းတွေရှိမှန်း သိပြီးထားတာတောင် ငါ့ကို အဖေလို့ ခေါ်နေတာတော့ ငါ တကယ်ကို ဝမ်းသာတယ်၊ ဒါပေမဲ့ မင်းအနေနဲ့ ငါ့ကို အဲဒီလိုမျိုး ဆက်ပြီးခေါ်နေဖို့က သိပ်အဆင်မပြေဘူး"
ရန်ရှောင်က ပြန်၍ မေးလိုက်၏။ "အဖေ ကျွန်တော့်ကို သားအဖြစ် အသိအမှတ် မပြုချင်တော့လို့လား"
ရန်ကိုင်က ခေါင်းခါ၍... "အဲဒီလိုမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဖေ အမေဆိုတာ ရှားပါးတဲ့ ဂုဏ်ပုဒ်တွေ၊ မင်းက နဂါးကလန်ရဲ့ ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲရဲ့ သား၊ ဒီတော့ အဖေ အမေဆိုတဲ့ ရာထူးကို ငါ သူတို့ဆီကနေ လုယူလိုက်လို့ မဖြစ်ဘူး၊ တစ်နေ့နေ့ ငါ့မှာ ကိုယ်ပိုင်သားသမီးတွေ ရှိလာရင် ငါ့သားသမီးတွေက အခြားတစ်ယောက်ကို အဖေလို့ ခေါ်နေမှာမျိုးကိုလည်း ငါမမြင်ချင်ဘူး"
"အဲဒီလိုမျိုးလား" ရန်ရှောင်က အတွေးနက်သွားဟန်ဖြင့်... "ကျွန်တော်က ငယ်ငယ်လေးပဲ ရှိသေးတာ၊ ဒီတော့ အဲဒါတွေကို နားမလည်ဘူး"
ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "မင်း နားမလည်တာ မဆန်းဘူး၊ နားလည်မှသာ ထူးဆန်းနေမှာ"
ရန်ရှောင်က ပြန်၍ ပြောလိုက်သည်။ "အဖေက အဲဒီလိုမျိုးပြောတယ်ဆိုတော့ ဒါဆို ကျွန်တော် အဖေ့ကို ဘယ်လိုခေါ်ရမှာလဲ"
ရန်ကိုင်သည် ရန်ရှောင်ကို ကြည့်ရင်းမှ... "မင်းငါ့ကို ဘယ်လိုခေါ်ချင်လဲ"
တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ရန်ရှောင်သည် လက်သီးဆုပ်၍ တလေးတစားဖြင့်... "မွေးစားအဖေနဲ့ မွေးစားအမေကို နှုတ်ဆက်ပါတယ်"
ထို့နောက်တွင် ဝမ်းသာအားရဖြင့် ရန်ကိုင်ကို ကြည့်၍... "ဒီလိုဆိုရင်တော့ အဆင်ပြေတယ်မလား"
ရန်ကိုင်နှင့် ကျုချင်းတို့မှ အကြည့်ချင်းဖလှယ်လိုက်သည်။ ထို့နောက်တွင် ရန်ကိုင်သည် ရန်ရှောင်အား သူ့ဆီသို့ ဆွဲခေါ်၍ ရန်ရှောင်၏ ခေါင်းလေးကို ပွတ်ပေးရင်းမှ... "မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲကွ"
ရန်ရှောင်က အံကြိတ်၍ ပြန်ပြောလိုက်သည်။ "ကျွန်တော် အဖေ့ကို ကျွန်တော့်ရဲ့ မွေးစားအဖေအဖြစ် အသိအမှတ်ပြုပြီးသွားပြီ၊ ဒါပေမဲ့ အဖေ ကျွန်တော့်ကို ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်"
"မင်း ဘာလုပ်မှာလဲ" ရန်ကိုင်ကမူ ရန်ရှောင်၏ ဆံပင်ကို ဖွာကြဲလန်အောင် ဖွပစ်လိုက်လေသည်။
ရန်ကိုင်၏ လက်မှ ရုန်းထွက်လာပြီးသည့်နောက် ရန်ရှောင်သည် သူ့ဆံပင်ကို ပြန်လည်သပ်ရပ်အောင် လုပ်လျက် ရန်ကိုင်အား မကျေမနပ်ဖြင့် ကြည့်ကာ... "မွေးစားအဖေက အရမ်းကို အနိုင်ကျင့်လွန်းတယ်"
ရန်ကိုင်က ရယ်မောလျက်... "ဒါ မင်းရဲ့ မွေးစားအဖေ မင်းကို သင်ပေးတဲ့ ပထမဦးဆုံးသော သင်ခန်းစာပဲ၊ လောကကြီးထဲမှာ ခွန်အားက အရာရာပဲကွ၊ ဒီတော့ ငါ့လက်သီးက ပိုကြီးနေတော့ မင်းက ငါ့စကားကို နားထောင်ရမှာ"
ထိုစကားကို ကြားသော် ရန်ရှောင် အတွေးနက်သွားခဲ့သည်။
ထိုအချင်းအရာကို မြင်သော် ကျုချင်းသည် ရန်ရှောင်အား အဝေးသို့ ဆွဲခေါ်လျက် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "နင့်မွေးစားအဖေ ပြောနေတဲ့ မဟုတ်တရုတ် စကားတွေကို နားထောင်မနေနဲ့၊ ဒီလောကကြီးထဲမှာ ကိစ္စမှန်သမျှကို လက်သီးနဲ့ ဖြေရှင်းလို့ရတာ မဟုတ်ဘူး"
ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။ "လက်သီးတစ်လုံးနဲ့ ဖြေရှင်းလို့ မရရင် လက်သီးနှစ်လုံးနဲ့ ဖြေရှင်း"
ရန်ရှောင်သည် ရန်ကိုင်ဘက်သို့ လှည့်၍ စိတ်လှုပ်ရှားစွာဖြင့် လှမ်းအော်လိုက်သည်။ "ကျွန်တော့်မှာ သွားတွေ ခြေထောက်တွေလည်း ရှိသေးတယ်"
ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ "ဒါမှ ငါ့ကောင်ကွ"
ထိုအချင်းအရာကို မြင်သော် ကျုချင်းမှာ စိတ်ဓာတ်ကျသွားသည့် အမူအရာမျိုးဖြင့် နဖူးပေါ်သာ လက်တင်လိုက်တော့သည်။ ဤကောင်လေးမှာ ရန်ကိုင်၏ မကောင်းသည့် စရိုက်များ၏ လွှမ်းမိုးခြင်း ခံလိုက်ရလေပြီ။ ထိုအကြောင်းကြောင့် ဤကောင်လေး တစ်နေ့နေ့ ကြီးလာသည့်အခါတွင် မည်ကဲ့သို့သော ပုံစံမျိုး ပေါက်မလဲဆိုသည်ကို တွေးရင်း ကျုချင်းမှာ စိတ်ပူလာရတော့သည်။
ထို့နောက်တွင် ရန်ကိုင်နှင့် ထိုကောင်လေးတို့ မတွေ့နိုင်စေရန်အတွက် ကျုချင်းမှာ ရန်ရှောင်အား ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားခဲ့ပြီး အကျိုးသင့်အကြောင်းသင့် သင်ကြားပေးတော့သည်။
ရန်ကိုင်ကမူ စိတ်ထဲ ထားမနေခဲ့။ ဤကောင်လေးမှာ သူနှင့် စိတ်နေစရိုက်ချင်း တူသည့်အတွက်ကြောင့် ကြီးလာသည့်အခါတွင်လည်း သူကဲ့သို့ လူမျိုးသာ ဖြစ်လာလိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ဘေးဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုအရပ်တွင် မည်သူ့ကိုမျှ မတွေ့ရပါသော်ငြား အနီးအနား တစ်နေရာ၌ ပုန်းအောင်းနေသော ဖုကျွင်း၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်။ ဖုကျွင်းမှာ ရန်ကိုင်အား မယုံသည် မဟုတ်။ သို့ပါသော်ငြား သေသွားပြီဟု ထင်မှတ်ထားရသော သူမ၏ ကလေးနှင့် မကြာသေးခင်ကမှ ပြန်တွေ့ရသည့်အတွက်ကြောင့် သူမ ကလေးနှင့် တစ်ခါလေးမျှပင် မခွဲလိုခြင်းပေ။ ထိုအကြောင်းကြောင့်သာလျှင် သူမ ကလေး အနောက်သို့ တိတ်တိတ်လေး လိုက်လာခဲ့ခြင်း ဖြစ်ပေသည်။ ဤနေရာသို့ ရောက်လာခဲ့ပါသော်ငြား ဖုကျွင်းသည် ရန်ကိုင်အား လာရောက်စကားမပြောခဲ့ဘဲ အဝေးတစ်နေရာမှသာ စောင့်ကြည့်နေခဲ့သည်။
ဖုကျွင်း ကိုယ်တိုင်က လူလုံး ထွက်မပြချင်သည့်အတွက်ကြောင့် ရန်ကိုင်လည်း သွားအော်ခေါ်မနေခဲ့ပေ။ လက်နောက်ပစ်ရင်းဖြင့်သာ ကျုချင်း၏ အိပ်ခန်းထဲသို့ ဝင်သွားခဲ့လေ၏။
ဆယ်ရက် ကြာပြီးသည့်နောက်တွင် ရန်ရှောင် မွေးလာသည့် အခမ်းအနားပွဲကို ကျုယန်၏ မိုးပြာသစ်ပင်ကျွန်းပေါ်တွင် ကျင်းပလေသည်။ နှင်းကျွန်းနှင့် ယှဉ်လိုက်သော် ပထမအကြီးအကဲ၏ ကျွန်းမှာ ထိုကဲ့သို့သော ပွဲတော်မျိုးကို ကျင်းပဖို့ရာ ပိုမိုသင့်တော်သည့် နေရာတစ်ခု ဖြစ်ပေသည်။
နဂါးကလန်သား အားလုံး ထိုအခမ်းအနားပွဲဆီသို့ လာရောက်ကြပေသည်။ ဝင်ပေါက်အား စောင့်ကြပ်ရန် တာဝန်ကျနေသော ဖုလင်သည်ပင်လျှင် ထိုနေ့တွင် အထူးတလည် တာဝန်မှ အနားယူရခဲ့သည်။
နဂါးကလန်သားမှာ အရေအတွက် နည်းနည်းလေးသာ ရှိသည့်အတွက်ကြောင့် ရန်ကိုင်မှာ နဂါးကလန်သား အရေအတွက်ကို အလျင်အမြန် ရေတွက်နိုင်ခဲ့သည်။ စုစုပေါင်း တစ်ဆယ့်ရှစ်ကောင် ရှိပေသည်။ အသစ်မွေးလာသည့် ရန်ရှောင်ကိုပါ ထည့်တွက်မည်ဆိုလျှင် တစ်ဆယ့်ကိုးကောင် ရှိနေပြီး ထိုတစ်ဆယ့်ကိုးကောင်အနက် ခုနစ်ကောင်မှာ အမများ ဖြစ်ကြပြီး ကျန်အားလုံးမှာ အထီးများ ဖြစ်ကြသည်။
စားသောက်ပွဲအတွင်း စားပွဲခုံတန်း နှစ်တန်း ရှိနေပြီး စားပွဲခုံ တစ်ခုံချင်းစီသည် လူနှစ်ဦးစီ ထားနိုင်ပေသည်။
ပုံမှန်အားဖြင့် ကျုယန်နှင့် ဖုကျွင်းတို့မှာ ရှေ့ဆုံးမှ ထိုင်နေကြပြီး အခြားသူများမှာတော့ သက်ဆိုင်ရာ နဂါးသွေးကြောအလိုက် အစဉ်လိုက် ထိုင်ကြပေသည်။ အားကောင်းသည့် လူများသည် အကြီးအကဲများနှင့် နီးရာတွင် ထိုင်ကြပြီး အားနည်းသည့် လူများမှာတော့ ပိုမိုဝေးရာတွင် ထိုင်ကြပေသည်။
ရှင်းရှင်းပြောရသော် ကျင့်ကြံခြင်းအရဆိုလျှင် ကျုယန်နှင့် ဖုကျွင်းမှ လွဲ၍ ကျန်သည့် နဂါးများအကြား ခွန်အားကွာခြားချက် ထိုမျှ ကြီးကြီးမားမား မရှိပေ။ သို့ပါသော်ငြား သွေးမျိုးဆက် ဖိနှိပ်ခြင်းသည် နဂါးကလန်အတွက် အဓိကပြဿနာတစ်ရပ် ဖြစ်နေလေသည်။ ကျင့်ကြံခြင်း အဆင့်တူသည့် နဂါးနှစ်ကောင်သာ တိုက်ခိုက်ကြမည်ဆိုလျှင် အဆင့်ရှစ် နဂါးတစ်ကောင်သည် အဆင့်ခုနစ် နဂါးတစ်ကောင်ကို အလွယ်တကူ ဖိနှိပ်နိုင်ပေသည်။
ရန်ကိုင်မှာ သူ မည်သည့်နေရာတွင် ထိုင်လို့ ထိုင်ရမှန်းမသိ ဖြစ်နေစဉ် ဖုကျွင်းက လှမ်း၍ အော်ခေါ်လိုက်သည်။ "ရန်၊ ရန်ကိုင်၊ နင့်ထိုင်ခုံက ဒီမှာ"
ရန်ကိုင်အား နာမည်တပ်၍ ခေါ်ရသည်နှင့် ပတ်သက်၍ အသားမကျသေးသည့်အလား ဖုကျွင်း၏ အသံမှာ အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေလေသည်။ တကယ်တော့ ယခင်က သူမနှင့် ရန်ကိုင်သည် တွေ့လိုက်သည်နှင့် ရန်ဖြစ်နေကြသည့် လူနှစ်ဦးပင် မဟုတ်ပေလော။ သို့ပါသော်ငြား ရန်ရှောင် မွေးလာသည့် နောက်ပိုင်း ဖုကျွင်းမှာ ရန်ကိုင်အပေါ် မကျေမနပ်ဖြစ်ခြင်း မရှိတော့ပေ။
ထိုအပြင် ရန်ရှောင်မှာလည်း ရန်ကိုင်အပေါ် အမှန်တကယ်ကို သစ္စာရှိလှသည်။ ဖုကျွင်းသည်သာ ရန်ကိုင်အား ရန်စနေမည်ဆိုလျှင် သူမနှင့် သူမ ကလေး အကြားရှိ ဆက်ဆံရေးမှာ ပျက်ပြားသွားရနိုင်သည်။
လွန်ခဲ့သော ရက်ပိုင်းခန့်က ရန်ရှောင် အနောက်မှ မသိမသာလေး လိုက်သွားစဉ် ရန်ရှောင်မှာ ရန်ကိုင်အား မွေးစားအဖေဟု ခေါ်နေသည်ကို ကြားခဲ့ရသည်။ ထို့နောက်တွင် ဖုကျွင်းမှာ ရန်ကိုင်အပေါ် ပို၍ပင် ကျေးဇူးတင်မိသွားလေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်နှင့် သူမ အကြားရှိ ဆက်ဆံရေးကို ပြန်လည်ဖန်တီးလိုခြင်း ဖြစ်လေ၏။
ထိုစကားကို ကြားသော် ရန်ကိုင်လည်း ဖုကျွင်း ညွှန်ပြနေသည့် အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ စားပွဲတန်း နှစ်တန်း၏ အရှေ့တွင် ထိုင်ခုံတစ်လုံး ရှိနေကြောင်း တွေ့လိုက်ရသည်။
ရန်ကိုင်လည်း မျက်ခုံးပင့်ရင်းမှ ဖုကျွင်းအား လက်သီးဆုပ်ပြ၍ ထိုနေရာတွင် သွားထိုင်လိုက်လေသည်။ ရန်ကိုင်နှင့် မျက်နှာချင်းဆိုင်တွင် တတိယအကြီးအကဲ ဖုရွှမ်း ရှိနေပြီး သူ့ဘေးနားတွင် ငါးယောက်မြောက်အကြီးအကဲ ကျုချင်း ရှိနေကာ ကျုချင်း၏ ဆန့်ကျင်ဘက်တွင်တော့ လေးယောက်မြောက်အကြီးအကဲ ကျုဖုန်း ရှိနေပေသည်။ ထိုင်ခုံအစဉ်နှင့် ပတ်သက်၍ မည်သူမျှ အံ့အားသင့်နေခြင်း မရှိခဲ့ဘဲ အကုန်လုံးမှာ ကိုယ့်ထိုင်ခုံတွင်သာ အသီးသီး နေရာယူလိုက်ကြသည်။
ရန်ရှောင်၏ သေးသွယ်သွယ် ခန္ဓာကိုယ်လေးမှာတော့ ကျုယန်နှင့် ကျုချင်းတို့အကြား ကြားညှပ်နေခဲ့သည်။ လက်ရှိ အခိုက်အတန့်တွင် ရန်ရှောင်မှာ အတော်လေးကိုမှ သိသာထင်ရှားလှသော သားနားလှသည့် အဝတ်အစားများကို ဝတ်စားထားခဲ့လေသည်။
သို့ပါသော်ငြား ထိုကောင်လေးမှာ ရန်ကိုင်အား အဆက်မပြတ်ကို မျက်စိမှိတ်ပြနေခဲ့သည်။ ရန်ကိုင်မှ စူးရဲစွာ စိုက်ကြည့်လိုက်သည့်နောက် ချက်ချင်းပဲ ငြိမ်သွားလေ၏။
ရန်ရှောင်မှ လက်ခုပ် ကောက်တီးလိုက်ရာ ချောမောလှပသည့် အမျိုးသမီးများသည် သစ်သီးဝလံများ ဝိုင်ခွက်များ အစီအရီ တင်ထားသော လင်ပန်းအချို့ကို ကိုင်၍ ခန်းမထဲသို့ ရောက်ရှိလာကြလေသည်။ ထိုအမျိုးသမီးများမှာ နဂါးကလန်သားများ မဟုတ်ကြ။ သို့ပါသော်ငြား နဂါးကလန်တွင် ထိုကဲ့သို့သော အမျိုးသမီးများ ပေါပေါသောသော ရှိနေကြပေသည်။
ထိုကဲ့သို့သော အမျိုးသမီးများသည် နဂါးထီးများ နေကြသည့် ကျွန်းပေါ်တွင် ရှိနေကြသော အမျိုးသမီးများ ဖြစ်ကြပေသည်။ ထိုအကြောင်းကြောင့် အကုန်လုံးမှာ ချောမောလှပကြသူများ ဖြစ်ကြသည်။
ထိုအမျိုးသမီးများမှာ ချောမောလှပရုံမက အားကောင်းသည့် ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်ထားကြသေး၏။ သို့ပါသော်ငြား လက်ရှိ အချိန်တွင်တော့ အစေခံများသာ ဖြစ်နေကြရသည်။