← Chapters

အခန်း (၃၃၅၃-၃၃၅၆)

Vol. 147 Ch. 3353-3356

အခန်း (၃၃၅၃-၃၃၅၆)

Vol. 147 Ch. 3353-3356

အပိုင်း (၃၃၅၃)

ဘာသာပြန်သူ_တိမ်တိုက်

စားသောက်ပွဲအား နဂါးကလန်သားအသစ်တစ်ဦး ပေါ်လာသည့်အတွက်ကြောင့် ကျင်းပခြင်း ဖြစ်လေသည်။ အကုန်လုံးမှာ နေရာထိုင်ခင်း အသီးသီး ယူကြပြီးသည့်နောက်တွင် ကျုယန်မှာ မိန့်ခွန်းစကား အတိုချုပ်လေး ပြောပြီးသည့်နောက် စားသောက်ပွဲကို စတင်ကျင်းပတော့လေ၏။

စားသောက်ပွဲတွင် သောက်သုံးသော အရက်များမှာ နဂါးကျွန်းတွင်သာ ထွက်ရှိသော ပထမအကြီးအကဲမှ ကိုယ်တိုင်ကိုယ်ကျ ကစော်ဖောက်ထားသည့် အရက်တစ်မျိုး ဖြစ်ပေသည်။ ထိုအရက်၏ သက်တမ်းမှာ နှစ်ပေါင်းသုံးထောင် ရှိနေပြီ ဖြစ်လေကာ ပုံမှန်အားဖြင့် ကျုယန်သည် ထိုအရက်များကို တစ်ခါတလေမှသာ သောက်လေ့ရှိသည်။ သို့သော်ငြား ယနေ့တွင်မူ ပုလင်းပေါင်းများစွာကို ထုတ်ယူလာခဲ့လေသည်။

စားသောက်ပွဲတွင် ရှိနေသော သစ်သီးဝလံများနှင့် အစားအသောက်များမှာလည်း သာမန်များ မဟုတ်ကြပေ။ နဂါးကျွန်းပေါ်တွင် ရှိနေသည့် အရာမှန်သမျှမှာ သာမန် ပညာရှင်များအတွက်မူ ရတနာများသာ ဖြစ်ကြပေသည်။

အစားအသောက်မှာ ဧကရာဇ်အဆင့်ပညာရှင်များအတွက် အကျိုးရှိပေသည်။ အပြင်လူများသည်သာ ဤမြင်ကွင်းအား မြင်လိုက်မည်ဆိုလျှင် ကျိန်းသေကို နှမြောတသ ဖြစ်ရပေလိမ့်မည်။ စားပွဲပေါ်တွင် ရှိနေသော အရာများမှာ အလွန်ကိုမှ အဖိုးတန်လှပါသော်ငြား နဂါးများမှာမူ ထိုအရာများကို ဂရုစိုက်နေခြင်း မရှိဘဲ တစ်ကျိုက်ပြီးတစ်ကျိုက် ဝါးစားပစ်နေခဲ့သည်။

အကုန်လုံးမှာ ရယ်ရယ်မောမောနှင့် သောက်စား ပျော်ပါးနေကြလေသည်။ ဖုကျွင်း၏ မျက်နှာမှာလည်း အမြဲတစေကို ပြုံးရွှင်နေလေ၏။ အရက်အချို့ သောက်လိုက်ပြီးသည့်နောက် သူမ မျက်နှာမှာ အနည်းငယ်လေး နီမြန်းသွားခဲ့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ အံ့သြတကြီး ဖြစ်နေရသည်။ တစ်နေ့နေ့တွင် ဖုကျွင်း၏ ယခုဖက်ခြမ်းအား မြင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကလန်ထဲရှိ အမျိုးသမီးများမှာလည်း စတင်၍ ကခုန်ကြတော့လေရာ အကုန်လုံးမှာ ဝမ်းသာအားရဖြင့် အော်ဟစ်အားပေးကြလေသည်။

ရန်ရှောင်မှာမူ အခြားလူများနှင့်မတူ အတော်လေးကိုမှ ပျင်းရိနေခဲ့လေသည်။ ဤကဲ့သို့သော စားသောက်ပွဲမျိုးမှာ လူကြီးများအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်လေရာ ရန်ရှောင်ကဲ့သို့သော ကလေးတစ်ဦး ပျင်းရိနေသည်မှာတော့ အဆန်းတော့ မဟုတ်ပေ။ ထို့နောက်တွင် ရန်ရှောင်မှာ သူ့အဖေ၏ အရက်ပုလင်းအား မသိမသာလေး လှမ်းယူလိုက်ပြီးသည့်နောက် သူဘာသာသူ တစ်ခွက်ငှဲ့ကာ သောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့ပင်ဖြစ်လင့်ကစား ဖုကျွင်းမှာ သူ မသောက်ရသေးခင်မှာပင် သူ့လက်ထဲမှ ခွက်ကို လုယူသွားသည့်အတွက်ကြောင့် ရန်ရှောင်မှာ မျက်နှာလေး ညှိုးကျသွားရသည်။ ထိုအချင်းအရာကို မြင်သော် ဖုကျွင်းမှာ စိတ်မကောင်း ဖြစ်သွားခဲ့ပြီး ရန်ရှောင်အား ပွေ့ဖက်၍ ရန်ရှောင် စိတ်ပျော်လာအောင် ရန်ရှောင်အား စကားများ ပြောပေးလေသည်။

အတန်ကြာအောင် သောက်စား ပျော်ပါးကြပြီးသည့်နောက်တွင် စားသောက်ပွဲ၏ အကောင်းဆုံး ကဏ္ဍသို့ ရောက်ရှိလာခဲ့သည်။

ကျုချင်း ပြောသကဲ့သို့ပင် ဤပွဲတော်ကို ရန်ရှောင် မွေးဖွားလာခြင်းအတွက် ဆင်နွှဲခြင်း ဖြစ်သည့်အတွက်ကြောင့် စီနီယာများမှာ ရန်ရှောင်အတွက် လက်ဆောင်များ ယူလာပေးကြလေသည်။

ယခုအပိုင်းတွင်တော့ ရန်ရှောင်မှာ စိတ်လှုပ်ရှားလာလေ၏။ ကျုယန်၏ ခွင့်ပြုချက် ရပြီးသည့်နောက် ထိုင်ခုံမှ ထကာ ရန်ကိုင်အား လက်သီးဆုပ်၍ ပြောလိုက်လေ၏။ "မွေးစားအဖေ၊ ကျွန်တော့်အတွက် ဘာတွေပြင်ဆင်လာပေးလဲ"

ထိုစကားကို ကြားသော် နဂါးများအားလုံး ရယ်မောလိုက်ကြသည်။

ကျုယန်က ပြုံး၍ ပြောလိုက်လေ၏။ "ကောင်လေး၊ မင်းက တော်တော်လေးကို ကဲတဲ့ ကောင်ပါလားကွ၊ ဘယ်သူမှ အခြားသူတွေဆီက အခုလိုမျိုး လက်ဆောင် မတောင်းဖူးဘူး"

သို့ပါသော်ငြား ရန်ရှောင်က ပြန်၍ ပြောလိုက်သည်။ "သားက အဖေဆီကနေ လက်ဆောင်တောင်းတာ သဘာဝပဲလေ၊ မွေးစားအဖေက ကျွန်တော့်အတွက် အကောင်းဆုံးလက်ဆောင် ပြင်ပေးထားမယ်ဆိုတာ ယုံပြီးသား"

ရန်ကိုင်သည် ထိုကောင်လေး၏ ခေါင်းကို ကောက်တောက်လိုက်ပြီးသည့်နောက် ပြုံး၍... "ငါ့မှာတော့ မင်းအတွက် ဈေးကြီးတဲ့ လက်ဆောင် မရှိဘူး၊ ဒါပေမဲ့ ဆေးပုလင်းနည်းနည်းတော့ ရှိတယ်၊ မင်း လိုချင်မလားတော့ မသိဘူး"

ရန်ရှောင်သည် လှည့်ပတ်ကြည့်နေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ "ဘာဆေးလုံးတွေလဲဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့၊ ဆေးလုံးတွေကို မကြိုက်ရင်တော့ မယူပါဘူး"

"အဲဒါဆိုရင်တော့ မင်းဘာသာမင်း ကြည့်ကြည့်လိုက်ပေတော့" ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် သိုလှောင်လက်စွပ် တစ်ကွင်းကို ရန်ရှောင်ဆီသို့ ပစ်ပေးလိုက်သည်။ ရန်ကိုင်တွင် အဖိုးတန်ပစ္စည်းများစွာ ရှိနေပါသော်ငြား ရန်ရှောင်အတွက် အသုံးဝင်ဆုံးမှာ နဂါးသွေးဆေးလုံးများသာ ဖြစ်ကြသည်။ ရန်ရှောင် မွေးလာသည်မှာ မကြာသေးသည့်အတွက်ကြောင့် သူ၏ နဂါးသွေးကြောကို အစောတလျင် အဆင့်မြှင့်တင်ရန် လိုအပ်နေပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်နဲ့ ကျုချင်းမှာ ရန်ရှောင်အတွက် နဂါးသွေးဆေးလုံးများကို ပြင်ဆင်ပေးထားခဲ့၏။

သိုလှောင်လက်စွပ်အား ဖမ်းယူပြီးသည့်နောက် ရန်ရှောင်မှာ အထဲမှ ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ကာ ရန်ကိုင် အရှေ့တည့်တည့်၌ပင် ဖွင့်ကြည့်လိုက်သည်။ ဆေးလုံးအနံ့ကို ခံလိုက်ပြီးသည့်နောက် အထဲသို့ ငုံ့ကြည့်လိုက်လေ၏။ ထို့နောက် ဝမ်းသာအားရဖြင့် အော်ပြောလိုက်၏။ "ကျေးဇူးအများကြီးတင်ပါတယ် မွေးစားအဖေ"

ရန်ရှောင်မှာ ထိုသိုလှောင်လက်စွပ်ကို သူ့လက်တွင် ဝတ်ဆင်ထားပါသော်ငြား သူ၏ ဝဖောင်းဖောင်း လက်ချောင်းကလေးများမှာ သိုလှောင်လက်စွပ်အတွက် အတော်လေးကိုမှ သေးနေခဲ့လေသည်။ ထိုအကြောင်းကြောင့် သိုလှောင်လက်စွပ်အား အင်္ကျီအိတ်ထဲသို့ ထိုးထည့်၍ ကျုချင်းဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။

"မင်္ဂလာပါ မွေးစားအမေ"

ထိုစကားကို ကြားသော် နဂါးကလန်သားများ၏ အမူအရာ ကသိကအောက် ဖြစ်သွားကြသည်။ ရန်ရှောင်မှ ရန်ကိုင်အား မွေးစားအဖေဟု ခေါ်သည်မှာ ကိစ္စမရှိ။ ရန်ကိုင်သည် သူတို့ ကလန်သားတစ်ဦးမှ မဟုတ်လေဘဲ။ သို့ပါသော်ငြား ကျုချင်းသည် သူတို့ ကလန်သားတစ်ဦး ဖြစ်လေသည်။ စီနီယာအရဆိုလျှင် သူမသည် ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့ထက် တစ်ဆင့်နိမ့်ပေ၏။ တစ်နည်းဆိုရသော် သူမသည် ရန်ရှောင်နှင့် တစ်မျိုးဆက်တည်း ဖြစ်ပေသည်။

ရန်ရှောင်မှ သူမအား မွေးစားအမေဟု ခေါ်နေခြင်းသည် ကျုချင်း၏ အဆင့်အတန်းကို မြှင့်တင်ပေးလိုက်သလို ဖြစ်ကာ ကျုချင်းမှာ ပထမအကြီးအကဲ ဒုတိယအကြီးအကဲတို့နှင့် အဆင့်တူသလို ဖြစ်သွားခဲ့သည်။

ထိုအကြောင်းကြောင့် သူတို့၏ ဆက်ဆံရေးမှာလည်း ရှုပ်ယှက်ခတ်သွားရတော့သည်။ သို့ပင်ဖြစ်လင့်ကစား ယခုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမျှ ထိုအရာမျိုးကို ဂရုစိုက်မနေခဲ့ပေ။

ကျုချင်းသည်လည်း သူမ အသင့်ပြင်ဆင်ထားသော နဂါးသွေးဆေးလုံးများကို ထုတ်ပေးလိုက်ရာ ရန်ရှောင်မှာ ထိုအရာများကို ဝမ်းသာအားရဖြင့် လက်ခံယူထားလိုက်လေသည်။

ထို့နောက်တွင် ထိုကောင်လေးသည် စီနီယာများကို လိုက်လံအလေးပြုပြီး လက်ဆောင်များ လိုက်တောင်းလေ၏။ စီနီယာများမှာလည်း ရန်ရှောင်အတွက် အသင့် ပြင်ဆင်လာသည့် လက်ဆောင်များကို ပေးလိုက်ကြလေသည်။ မကြာမီ ရန်ရှောင်၏ လက်တစ်ခုလုံး လက်ဆောင်များစွာဖြင့် ပြည့်နှက်သွားခဲ့ပြီး ရန်ရှောင် ကိုယ်တိုင်မှာလည်း နားရွက်တပ်ချိတ်လုမတတ် ပြုံးဖြီးနေတော့လေသည်။

ရန်ရှောင်မှာ ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့၏ သား ဖြစ်သည့်အတွက်ကြောင့် နဂါးကလန်သားအားလုံးသည် ရန်ရှောင်အတွက် အကောင်းဆုံးသော လက်ဆောင်များကိုသာ ပြင်ဆင်လာပေးကြလေသည်။ သူတို့သည်သာ မကောင်းမွန်သည့် လက်ဆောင်များပေးလျှင် သိပ်၍ မကောင်းလှပေ။

ရန်ရှောင်မှာ ချုန်းချီကိုလည်း မေ့မထားခဲ့ပေ။ ချုန်းချီမှာ သူ့ဘာသာသူ အရက်များကို အေးအေးဆေးဆေး သောက်နေစဉ် ရန်ရှောင်မှာ ချုန်းချီ အရှေ့၌ ရုတ်တရက် ပေါ်လာလေ၏။ ရွေးစရာ မရှိတော့သည့်အတွက်ကြောင့် လူအိုကြီးမှာလည်း မပေးချင်ပေးချင်ဖြင့် ဓာတ်လုံးတစ်လုံးကို ထုတ်ပေးလိုက်ရသည်။

ထိုဓာတ်လုံးမှာ ဧကရာဇ်အာဏာပိုင် ဓာတ်လုံးတစ်လုံး ဖြစ်နေလေသည်။ ဓာတ်လုံးမှ ဖြာထွက်နေသည့် အရှိန်အဝါအရ ထိုဓာတ်လုံးကို ချုန်းချီ ကိုယ်တိုင် ဖန်တီးထားခဲ့ရခြင်း ဖြစ်ရပေမည်။ တစ်နည်းဆိုရသော် ထိုဓာတ်လုံးထဲတွင် ချုန်းချီ၏ အစွမ်းကုန်တိုက်ကွက် တစ်ကွက်ကို ထည့်သွင်းထားလေ၏။

အားနည်းပြီး ငယ်ရွယ်သေးသည့် ရန်ရှောင်အတွက်မူ ဤဓာတ်လုံးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ၏ အသက်ကယ် ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်ပေသည်။ ချုန်းချီ မည်မျှ အားကောင်းသလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား ချုန်းချီမှာ အဆင့်ကိုး နဂါးတစ်ကောင်ကဲ့သို့ အားကောင်းလှမည်ဟု ခန့်မှန်းမိ‌ပေ၏။

ထိုအကြောင်းကြောင့် ချုန်းချီ ပေးသည့် လက်ဆောင်မှာ ရန်ရှောင်အတွက်မူ အတော်လေးကိုမှ အဖိုးတန်လှပေသည်။

ရန်ရှောင်မှ လက်ဆောင်အားလုံးကို ရသွားပြီးသည့်နောက် သူ့လက်တစ်ခုလုံး မည်သူမဆို မနာလိုသွားရလောက်နိုင်သည့် အဖိုးတန် လက်ဆောင်များဖြင့် ပြည့်နှက်သွားတော့လေသည်။

လက်ဆောင်များ ပေးပြီးသည့်နောက်တွင် ဤစားသောက်ပွဲ၏ အရေးကြီးဆုံးသော ကဏ္ဍတစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။

ဤစားသောက်ပွဲမှာ နဂါးကလန်သားတစ်ဦး မွေးဖွားလာသည်ကို ဂုဏ်ပြုပေးရန်အတွက် သက်သက် ကျင်းပခြင်းသာလျှင် မဟုတ်ဘဲ ထိုကလန်သားအသစ်၏ ဓာတ်သဘာဝကို သတ်မှတ်မည့် ပွဲတော်တစ်ခုလည်း ဖြစ်ပေသည်။

နဂါးတစ်ကောင်ချင်းစီတိုင်းတွင် သက်ဆိုင်ရာ ဓာတ်သဘာဝအသီးသီး ရှိကြသည်။ သို့ပင်ဖြစ်လင့်ကစား မည်သည့် ဓာတ်သဘာဝအား ပိုင်ဆိုင်ထားစေကာမူ နဂါးကလန်သားအားလုံးမှာ ၎င်းတို့၏ ခွန်အား အထွတ်အထိပ်သို့ ရောက်ရှိလာပြီးသည့်နောက် အလွန်ကိုမှ အားကောင်းလာကြလေ၏။ နဂါးအများစုမှာ ဓာတ်ကြီးငါးပါးထဲမှ တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားကြပေသည်။ ဥပမာပြောရသော် ကျုချင်းသည် မီးဓာတ်စွမ်းအင်ကို အသုံးပြုသော မီးနဂါးတစ်ကောင် ဖြစ်ပေသည်။ သို့ပါသော်ငြား ဓာတ်ကြီးငါးပါးထဲတွင် မပါဝင်သော ဓာတ်သဘာဝများကို ပိုင်ဆိုင်ထားကြသည့် နဂါးများလည်း ရှိကြပေသေးသည်။ ဥပမာပြောရသော် မိုးကြိုးနဂါးများနှင့် သဘာဝနဂါးများပင် ဖြစ်ကြလေသည်။

မကြာမီ မြေကွက်လပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ကျုယန်သည် တစ်ခုခုအား ထုတ်ယူပြီး မြေပြင်ပေါ်၌ ချလိုက်သည်။ ရန်ကိုင်မှာ ထိုအရာကို လှမ်းကြည့်လိုက်ရာ ထိုအရာမှာ ယဇ်ပလ္လင် အသေးစားလေးတစ်ခု ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုယဇ်ပလ္လင်ပေါ်တွင် နဂါးပုံစံ ရုပ်တုပေါင်းများစွာကို ထွင်းထုထားခဲ့ပြီး အကုန်လုံးမှာ အရောင်အသွေးစုံလင်လှပေသည်။

ကျုချင်းအား မေးမြန်းကြည့်ပြီးသည့်နောက် ထိုအရာမှာ အသစ်မွေးဖွားလာသော ကလန်သား၏ ဓာတ်သဘာဝကို ဆုံးဖြတ်ပေးမည့် ပစ္စည်းတစ်ခု ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုအရာသည် အတော်လေးကိုမှ အဖိုးတန်လှပြီး နဂါးကလန်၏ မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းပေးလာခဲ့သော အဖိုးတန် ပစ္စည်းတစ်ခုလည်း ဖြစ်ပေသည်။ ပထမအကြီးအကဲသည်ပင်လျှင် ထိုပစ္စည်း၏ ဇစ်မြစ်ကို မသိပေ။ သို့ပါသော်ငြား မွေးဖွားလာသည့် ကလန်သားအသစ်တိုင်း ထိုစမ်းသပ်ချက်ကို ဖြတ်ကျော်ကြရသည်။

မိုရှောင်ချီမှာ‌တော့ ရန်ကိုင်နှင့် တွေ့ရမည်ကို ရှက်ရွံ့နေသည့်အလား ယနေ့ပွဲတော်သို့ လာရောက်ခဲ့ခြင်း မရှိချေ။

လူတိုင်း၏ အကြည့်အောက်တွင် ကျုယန်မှာ ရန်ရှောင်အား မည်ကဲ့သို့ လုပ်ရမလဲဆိုသည်ကို လမ်းပြပေးလိုက်ပြီးသည့်နောက် ရန်ရှောင်အား ယဇ်ပလ္လင်ပေါ်သို့ တက်စေလေသည်။ ထို့နောက်တွင် ရန်ရှောင်သည် တင်ပျဉ်ခွေထိုင်၍ အလေးအနက် အမူအရာဖြင့် မျက်လုံးပိတ်လိုက်သည်။

ထို့နောက်တွင် နဂါးကလန်သား အားလုံးမှာ နဂါးမန္တန်ကို ရွတ်ဆို၍ လျှို့ဝှက်ပညာရပ်တစ်ခုကို အသက်သွင်းလိုက်ကြလေ၏။ ချက်ချင်းဆိုသလို နဂါးအရှိန်အဝါ များစွာတို့သည် နဂါးကလန်သား အသီးသီးဆီမှ ထွက်ပေါ်လာခဲ့ပြီး ယဇ်ပလ္လင်ထဲသို့ စီးဝင်သွားကြသည်။

မကြာမီတွင် ယဇ်ပလ္လင်မှာ စတင်၍ အရောင်တောက်လာခဲ့လေ၏။ တစ်ချိန်တည်း၌ ယဇ်ပလ္လင်ပေါ်၌ ရှိနေသော နဂါးပုံစံခွက်များမှာ အသက်ဝင်လာသည့်အလား မတူကွဲပြားသည့် အရောင်မျိုးစုံတို့ဖြင့် တလက်လက် တောက်ပလာခဲ့သည်။

နဂါးကလန်သားများမှ ရွတ်ဆိုနေသည့် နဂါးမန္တန်များ အကြားဝယ် ပတ်ဝန်းကျင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာခဲ့ပြီး မိုးပြာသစ်ပင်ကျွန်းမှာလည်း စတင်၍ လှုပ်ခါလာခဲ့သည်။

ယဇ်ပလ္လင်မှာလည်း အလွန်တရာကိုမှ အရောင်တောက်လာခဲ့ပြီးသည့်နောက် မကြာမီတွင် ၎င်းအပေါ်တွင် ရှိနေသော အမျိုးမျိုးသော အရောင်များသည် မတူကွဲပြားသည့် အလင်းလုံးလေးများအသွင်သို့ ပြောင်းလျက် ရန်ရှောင်အား စတင် ဝိုင်းပတ်ကြတော့လေသည်။

နဂါးကလန်သား အားလုံးမှာ ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် သေသေချာချာကို ကြည့်နေကြသည်။

ဝှစ်ခနဲ မြည်သံနှင့်အတူ အနီရောင်အလင်းလုံး တစ်လုံး ပျောက်ကွယ်သွားခဲ့သည်။ ထိုသို့ဖြစ်သွားရခြင်းမှာ ရန်ရှောင်၏ ကိုယ်ထဲတွင် မီးနဂါးအမြုတေ ရှိမနေသည့်အတွက်ကြောင့်ပင်။

ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့ မဟုတ်။ ရန်ရှောင်သည် ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့၏ ကလေးပင် မဟုတ်လေလော။ ထိုအကြောင်းကြောင့် ရန်ရှောင်အနေဖြင့် မတူကွဲပြားသည့် ဓာတ်သဘာဝ တစ်မျိုးမျိုးဖြင့် မွေးဖွားလာနိုင်ပါသော်ငြား သူ့မိဘများ၏ ဓာတ်သဘာဝများကို ဆက်ခံထားသည်မှာတော့ ပို၍ ဖြစ်နိုင်ခြေများပေသည်။ ထိုအပြင် ရန်ရှောင်၏ ပုံစံမှာ နဂါးဖြူတစ်ကောင် ဖြစ်သည်။ ထိုအကြောင်းကြောင့် ရန်ရှောင်မှာ ရေခဲနဂါးတစ်ကောင် ဖြစ်နိုင်ခြေများပေသည်။

ရွှစ်။ အပြာရောင်အလင်းလုံး ပျောက်ကွယ်သွားပြန်လေ၏။

အလင်းလုံးများမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့ရာ မကြာမီ ရန်ရှောင် ဘေးနား၌ အလင်းလုံး နှစ်လုံးသာ ကျန်ရစ်တော့သည်။ တစ်လုံးမှာ အစိမ်းရောင်ဖြစ်ပြီး တစ်လုံးမှာ အဖြူရောင် ဖြစ်ပေသည်။ အစိမ်းရောင်မှာ သစ်သားဓာတ်သဘာဝကို ထုတ်လွှတ်နေပြီး အဖြူရောင်မှာတော့ ရေခဲဓာတ်သဘာဝကို ထုတ်လွှတ်နေလေသည်။

[သူ ငါ့ရဲ့ ဓာတ်သဘာဝကို ဆက်ခံမှာလား] ကျုယန် တွေးလိုက်သည်။

ဝှစ်။ အစိမ်းရောင်အလင်းလုံး ပျောက်ကွယ်သွားခဲ့၏။

ထိုအချင်းအရာကို မြင်သော် ကျုယန် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။ ရန်ရှောင် သူ၏ ဓာတ်သဘာဝအား မဆက်ခံသည်မှာ တကယ်ကို နှမြောစရာကောင်းလှပေသည်။ ဖုကျွင်းမှာတော့ အပြုံးကြီးကို ပြုံးနေလေ၏။ သို့ပါသော်ငြား မကြာမီ သူမ၏ အပြုံးမှာ ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အကြောင်းမှာ အဖြူရောင်အလင်းသည်ပါ ပျောက်ကွယ်သွားသည့်အတွက်ကြောင့်ပင်။

ယဇ်ပလ္လင်မှာ ပြန်လည် မှိန်ဖျသွားခဲ့လေသည်။ ယခုဆိုလျှင် ရန်ရှောင်၏ ဘေးနား၌ မည်သည့်အလင်းလုံးမျှ မရှိတော့။ ထိုမြင်ကွင်းကို ကြည့်ရင်း အကုန်လုံးမှာ တိတ်ကျသွားကုန်ကြသည်။

ကျုယန်မှာ ဒယီးဒယိုင်ဖြစ်သွားချိန် ဖုကျွင်း၏ မျက်နှာမှာလည်း သွေးစုပ်ဖြူရော်သွားလေ၏။

"ဘာတွေဖြစ်နေတာလဲ" ရန်ကိုင်လည်း မျက်လုံးအပြူးသားဖြင့် ဇဝေဇဝါ ဖြစ်နေလေသည်။ ဘာတွေဖြစ်နေသလဲဆိုသည်ကို နားမလည်ပါသော်ငြား လူအုပ်ကြီး၏ အမူအရာကို ကြည့်ရင်းမှ တစ်ခုခု မှားယွင်းနေပြီမှန်း သဘောပေါက်လိုက်သည်။

ရန်ကိုင်၏ ဘေးနားတွင် ရှိနေသော ချုန်းချီသည် မေးစေ့ကို ပွတ်ရင်းမှ ပြောလိုက်လေ၏။ "မဖြစ်နိုင်ပါဘူး"

"ဘာဖြစ်သွားတာမလို့လဲ" ရန်ကိုင်သည် ချုန်းချီဘက်သို့ လှည့်၍ မေးလိုက်သည်။

ချုန်းချီက ရှင်းပြလိုက်သည်။ "အလင်းလုံးတွေ အကုန်လုံး ပျောက်ကွယ်သွားတယ်ဆိုတာက သူ့ကိုယ်ထဲမှာ ရှိနေတဲ့ နဂါးအမြုတေက ယဇ်ပလ္လင်ထဲမှာ ရှိတဲ့ ဘယ်ဓာတ်သဘာဝနဲ့မှ မတူဘူးလို့ ပြောလိုက်တာပဲ၊ အဖြစ်နိုင်ဆုံးကတော့ သူ့ကိုယ်ထဲမှာ နဂါးအမြုတေ မရှိဘူးပေါ့"

ရန်ကိုင်က မျက်လုံးအပြူးသားဖြင့်... "နဂါးအမြုတေ မရှိဘူး၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ထိုသို့ မဖြစ်နိုင်ပေ။ ရန်ရှောင်တွင်သာ နဂါးအမြုတေ မရှိပါက သူ့အနေဖြင့် ထိုမျှသန့်စင်လှသော နဂါးအရှိန်အဝါကို ထုတ်လွှတ်ဖို့ရာ မဖြစ်နိုင်။ ထိုအပြင် မွေးလာစဉ်ကလည်း အဖြူရောင်နဂါးအသွင်ဖြင့် မွေးလာခဲ့လိမ့်မည် မဟုတ်ပေ။ ထိုမျှသာ မဟုတ်သေး။ နဂါးအမြုတေကို ပိုင်ဆိုင်ထားမှသာလျှင် လူအသွင်သို့ ပြောင်းလဲနိုင်ပေသည်။

ချုန်းချီက ပခုံးတွန့်လျက်... "အဲဒါကြောင့်မလို့ မဖြစ်နိုင်ဘူးလို့ ပြောတာလေ"

သူ ကိုယ်တိုင်သည်လည်း ရန်ရှောင် မွေးလာစဉ်က အဖြူရောင်နဂါးအသွင်နှင့် မွေးလာခဲ့သည်ကို မြင်ခဲ့ရသည်။ ထိုအကြောင်းကြောင့်သာလျှင် မဖြစ်နိုင်ဘူးဟု ပြောလိုက်ခြင်းပင် ဖြစ်လေ၏။

ဘေးပတ်ဝန်းကျင် တစ်ခုလုံး ထူးထူးခြားခြား တိတ်ဆိတ်နေသည်ကို မြင်သော် ရန်ရှောင်က မျက်လုံးဖွင့်လျက် ဖုကျွင်းအား ကြည့်ကာ မျှော်လင့်တကြီးဖြင့် မေးလိုက်လေသည်။ "အမေ ကျွန်တော့်ရဲ့ ဓာတ်သဘာဝက ဘာလဲ"

ဖုကျွင်း၏ နှုတ်ခမ်းများမှာ လှုပ်စိလှုပ်စိ ဖြစ်နေပါသော်ငြား နောက်ဆုံးတွင်မူ မည်သည့် စကားကိုမျှ ပြောမထွက်ခဲ့ဘဲ သူမ၏ ပါးပြင်တစ်လျှောက် မျက်ရည်များသာ စီးကျလာခဲ့လေသည်။

ကံတရားမှာ သူမ သားလေးအပေါ် အလွန်ကိုမှ ရက်စက်လှသည်။ သူမ သားလေးမှာ နဂါးဥအဖြစ် မွေးလာစဉ်က သေခါနီး ဖြစ်ခဲ့သည်။ ယခု ကံကောင်းထောက်မ၍ အသက်ရှင်လာနိုင်ခဲ့ပါသော်ငြား မည်သည့် ဓာတ်သဘာဝကိုမျှ ပိုင်ဆိုင်ထားခဲ့ခြင်း မရှိပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၅၄)

ဘာသာပြန်သူ_တိမ်တိုက်

"အမေ၊ ဘာဖြစ်လို့ ငိုနေတာလဲ" ရန်ရှောင်မှာ ယဇ်ပလ္လင်ပေါ်မှ ထရပ်ရင်းမှ ဖုကျွင်းကို ကြည့်၍ မေးလိုက်သည်။

ဖုကျွင်းကမူ ဘာမျှ ပြန်မပြောခဲ့ဘဲ ခေါင်းကိုသာ ခါနေခဲ့သည်။ သို့ပါသော်ငြား သူမ၏ အကြည့်မှာတော့ ဝမ်းနည်းမှုတို့ဖြင့် ပြည့်နေလေ၏။

တစ်ခုခု မှားယွင်းနေပြီမှန်း သတိထားမိလိုက်သော် ရန်ရှောင်သည် ကျုယန်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "အဖေ၊ ဘာတွေဖြစ်သွားတာလဲ"

လက်ရှိအခိုက်အတန့်တွင် ကျုယန်မှာ နှစ်ပေါင်းများစွာ ပိုမို အိုစာသွားသလို ဖြစ်နေခဲ့သည်။ သူ့နှုတ်ခမ်းမှာလည်း လှုပ်စိလှုပ်စိ ဖြစ်နေခဲ့ပါသော်ငြား အဆုံးတွင်မူ သက်ပြင်းချ၍သာ ပြောလိုက်သည်။ "အခမ်းအနား မအောင်မြင်ဘူး"

ယခင်က အလွန်ကိုမှ ရွှင်မြူးနေခဲ့သော ပတ်ဝန်းကျင်မှာ ရုတ်တရက်ဆိုသလို တိတ်ကျသွားခဲ့လေသည်။

"မအောင်မြင်ဘူးဆိုတာ ဘာကို ပြောတာလဲ" ရန်ရှောင်မှာ ဇဝေဇဝါ ဖြစ်နေသည်။

ကျုယန်မှာ မည်ကဲ့သို့ ရှင်းပြလို့ ရှင်းပြရမှန်း မသိ။ ဖုရွှမ်းကမူ သက်ပြင်းချ၍ ရန်ရှောင်၏ ခေါင်းလေးကို ပွတ်ပေးရင်းမှ ပြောလိုက်လေ၏။ "အခမ်းအနား မအောင်မြင်ဘူးဆိုတာ နင့်မှာ နဂါးအမြုတေ မရှိဘူး၊ ဒါမှမဟုတ် နင့်ရဲ့ နဂါးအမြုတေက မသန့်စင်ဘူးလို့ ပြောလိုက်တာပဲ"

ရန်ရှောင်က သူ့ကိုယ်သူ လက်ညှိုးထိုး၍ အထိတ်တလန့် အမူအရာဖြင့်... "ကျွန်တော့်မှာ နဂါးအမြုတေ မရှိဘူး"

ထိုစဉ် ရန်ကိုင်သည် သူ့အရှေ့တွင် ပိတ်နေသော အခြားသူများကို တွန်းဖယ်၍ အော်ပြောလိုက်လေ၏။ "အဲဒါ မဖြစ်နိုင်ဘူး၊ သူ့မှာ နဂါးအမြုတေ မရှိစရာ အကြောင်းမရှိဘူး၊ သူ မွေးတုန်းက နဂါးပုံစံနဲ့ မွေးလာတာ၊ လူအိုကြီးချုန်းနဲ့ ကျုပ် ကိုယ်တိုင် မြင်ခဲ့တာ"

ထိုစကားကို ကြားသော် ဖုကျွင်းနှင့် ကျုယန်တို့ ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် ကြည့်လာကြသည်။ သူတို့ ရောက်လာစဥ် ရန်ရှောင်မှာ လူအသွင်သို့ ပြောင်းပြီးနေလေပြီ။ ထိုအကြောင်းကြောင့် မွေးပြီးပြီးချင်းမှာပင် လူအသွင်သို့ ပြောင်းလဲနိုင်သည့် ရန်ရှောင်၏ အနာဂတ်မှာ အလွန်ကိုမှ တောက်ပနေရလိမ့်မည်ဟု ထင်ခဲ့သည်။ ယခု ရန်ကိုင် ပြောသည်ကို ကြားပြီးသည့်နောက် သူတို့ စိတ်ထဲ မျှော်လင့်ချက်တို့ တစ်ဖန် ပြန်လည်ရစ်သိုင်းမိလာလေသည်။ ရန်ရှောင်တွင်သာ နဂါးအမြုတေ မရှိသလို သူ၏ နဂါးအမြုတေသည်လည်း မသန့်စင်နေခဲ့ပါက သူ့အနေဖြင့် မွေးလာသည့်အချိန်တွင် ဘာကြောင့်များ နဂါးအသွင်ဖြင့် မွေးလာရပါမည်နည်း။

ထို့နောက်တွင် အကုန်လုံးမှာ ချုန်းချီဘက်သို့ လှည့်၍ ကြည့်လိုက်ရာ ချုန်းချီမှာလည်း ခေါင်းညိတ်ပြလိုက်လေ၏။

"ကောင်လေး၊ မင်းရဲ့ မူရင်းပုံစံကို ချက်ချင်း ပြန်ပြောင်းလိုက်စမ်း" ရန်ကိုင်သည် ရန်ရှောင်ကို ကြည့်ရင်းမှ ပြောလိုက်သည်။ ရန်ရှောင်သည်သာ သူ၏ မူရင်းပုံစံသို့ ပြန်ပြောင်းပြနိုင်မည်ဆိုလျှင် သူ့တွင် နဂါးအမြုတေ ရှိကြောင်း သက်သေပြပြီးသား ဖြစ်သွားပေလိမ့်မည်။ သူ့အနေဖြင့် အခမ်းအနားကို မအောင်မြင်ရခြင်းမှာ သူကိုယ်တိုင်က တစ်ခုခုဖြစ်နေခြင်း မဟုတ်ဘဲ ယဇ်ပလ္လင်ကကို တစ်ခုခု ဖြစ်နေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ရန်ရှောင်မှာ အံကို တင်းတင်းကြိတ်၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူသွင်း၍ မျက်လုံးပိတ်လိုက်လေ၏။ လူတိုင်း၏ အကြည့်အောက်တွင်ပင် ရန်ရှောင်မှာ မလှုပ်မယှက် အမူအရာဖြင့် နဂါးအရှိန်အဝါကို စတင်အသက်သွင်းတော့သည်။

တစ်ခဏအကြာ၌ မျက်လုံးပြန်ဖွင့်လာပြီး ကူကယ်ရာမဲ့စွာဖြင့် ရန်ကိုင်ကို ကြည့်ရင်းမှ ပြောလိုက်သည်။ "ကျွန်တော် မလုပ်နိုင်ဘူး"

ရန်ကိုင်သည် ရန်ရှောင်ကို စိုက်ကြည့်ရင်းမှ... "မင်း ဘာမလုပ်နိုင်တာလဲ"

ရန်ရှောင်က နှုတ်ခမ်းစူလျက်... "ဒီအတိုင်း မလုပ်နိုင်တာ"

ထိုစကားကို ကြားသည့်အခါ ဖုကျွင်းနှင့် ကျုယန်တို့ မျက်လုံးထဲရှိ မျှော်လင့်ချက်တို့မှာ တုန်လှုပ်ချောက်ချားမှု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဖုကျွင်းမှာ တစ်ခုခု ပြောချင်နေသည့်အလား သူမ နှုတ်ခမ်းမှာ လှုပ်စိလှုပ်စိ ဖြစ်နေပြီး နောက်ဆုံးတွင်မူ ဘာမျှမပြောနိုင်ခဲ့ပေ။

ရန်ကိုင်မှာမူ မှင်တက်နေသည့် အမူအရာဖြင့် တွေးနေလေသည်။ [ဘယ်လိုလုပ်ပြီး မလုပ်နိုင်ရတာလဲ]

ရန်ရှောင် မွေးလာစဉ်က နဂါးဖြူအသွင်ဖြင့် မွေးလာသည်ကို ရန်ကိုင် သေသေချာချာ မှတ်မိနေပေသေးသည်။ ထိုစဉ်က ရန်ရှောင်မှာ အလျား မီတာနှစ်ဆယ်ခန့် ရှိပြီး ကျောက်စိမ်းဖြူအလား ဖွေးစွတ်နေခဲ့လေသည်။ ရန်ရှောင်၏ နဂါးအသွင်မှာ သေးပါသော်ငြား မွေးကင်းစ ကလေးတစ်ဦးအတွက်မူ တော်တော်လေးကိုမှ ကြီးမားလှပေသည်။ မွေးလာသည့်အခါတွင် နဂါးအသွင်ဖြင့် မွေးလာခဲ့လေရာ ယခုကဲ့သို့သော အချိန်မျိုးတွင် သူ၏ နဂါးအသွင်ကို ဘာကြောင့်များ ပြန်မပြောင်းနိုင်ရလေသနည်း။

"မင်း တကယ်ရော စမ်းကြည့်ရဲ့လား" ရန်ကိုင်က မေးလိုက်သည်။

"ကျွန်တော် စမ်းကြည့်ပြီးသွားပြီ" ရန်ရှောင်မှာ ပျာယာခတ်လာခဲ့သည်။ သူသည် နဂါးကလန်သားတစ်ဦး တကယ်ကြီးများ မဟုတ်လေလော။

ရန်ကိုင်က ပြောလိုက်၏။ "လန့်မနေနဲ့ ဖြည်းဖြည်းချင်းလုပ်၊ အသက်ကို ပြင်းပြင်းရှူသွင်းပြီးတော့ မင်းစိတ်ကို တည်ငြိမ်သွားအောင် အရင်လုပ်လိုက်"

ထိုစကားကို ကြားသော် ရန်ရှောင်လည်း ရန်ကိုင် ပြောသည့်အတိုင်း လုပ်လေသည်။

ရန်ကိုင်က ဆက်ပြောလိုက်သည်။ "အခု မင်းရဲ့ မသိစိတ်အတိုင်း မင်းကိုယ်မင်း ကောင်းကင်ထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းနေတယ်လို့ စိတ်ကူးလိုက်၊ မင်းကိုယ်တိုင်ကလည်း နဂါးကလန်သားတစ်ဦးပဲ၊ ပြီးတော့ မင်းအနေနဲ့ နဂါးတစ်ကောင်အသွင်ကို လုံးဝ မပြောင်းနိုင်စရာ အကြောင်းမရှိဘူး"

ရန်ရှောင်မှာ ရန်ကိုင် ပြောသည့်အတိုင်း သေသေချာချာကို လိုက်လုပ်ပေသည်။ သူ့မျက်နှာမှာ တဖြည်းဖြည်းနှင့် နီမြန်းလာလေ၏။ အတန်ကြာသွားပြီးသည့်နောက် ရန်ရှောင်မှာ လေပူများကို မှုတ်ထုတ်၍ ရန်ကိုင်အား စိတ်ဓာတ်ကျကျဖြင့် ကြည့်လိုက်သည်။ ယခုအချိန်ထိတိုင် သူ့ခမျာ နဂါးအသွင်သို့ မပြောင်းနိုင်သေးပေ။

ထို့နောက် ကျုယန်နှင့် ဖုကျွင်းတို့ ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ့မိဘများ၏ စိတ်ပျက်နေသော အကြည့်ကို မြင်လိုက်သော် ရန်ရှောင် ဝမ်းနည်းသွားခဲ့ပြီး ယဇ်ပလ္လင်မှ ထွက်ပြေးတော့လေသည်။

"လင်းအာ" ဖုကျွင်းမှာတော့ ပျာယာခတ်သွားခဲ့ပြီး ရန်ရှောင် အနောက်သို့ ပြေးလိုက်သွားသည်။

ရန်ကိုင်မှာ ကျုချင်းအား မျက်စပစ်ပြလိုက်သည်။ ကျုချင်းသည်လည်း ဖုကျွင်းနှင့် ရန်ရှောင် အနောက်သို့ အလျင်စလို ပြေးလိုက်သွားလေ၏။ ရန်ရှောင်မှ ရူးရူးမိုက်မိုက်နှင့် တစ်ခုခုအား ကောက်လုပ်မည်ကို စိတ်ပူနေခြင်းပင် ဖြစ်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ကျသွားခဲ့သည်။ ရန်ကိုင်မှာ ကျုယန်ကို ကြည့်၍ မေးလိုက်လေ၏။ "ပထမအကြီးအကဲ၊ ဒီယဇ်ပလ္လင်နဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်နေတာလား"

ကျုယန်က မျက်မှောင်ကြုတ်လျက်... "ယဇ်ပလ္လင်နဲ့ ပတ်သက်ပြီး ပြဿနာရှိစရာ အကြောင်းတော့ မရှိဘူး၊ လင်းအာ ကိုယ်တိုင်က သူ့ရဲ့ နဂါးအသွင်ကို မပြောင်းနိုင်တာ၊ လူတိုင်းလည်း မြင်တာပဲ"

တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လျက်... "ငါမင်းကို မေးဦးမယ်၊ မင်း အမှန်အတိုင်းပြော၊ မင်းတကယ်ကြီး လင်းအာရဲ့ နဂါးပုံစံကို မြင်ခဲ့တာလား"

ရန်ကိုင်က ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ "ကျုပ် လိမ်တယ်ဆိုရင် ကျုပ်မျက်လုံးကျုပ် ဖောက်ထုတ်ပစ်လိုက်မယ်" ထိုသို့ပြောပြီးသည့်နောက် သူ့မျက်လုံးအား လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။

ကျုယန်က ဇဝေဇဝါ အမူအရာဖြင့်... "ဘယ်လိုလုပ်ပြီး အဲဒီလိုဖြစ်နိုင်မှာလဲ၊ နဂါးအသွင်နဲ့ မွေးလာတာဆိုရင် ဘာဖြစ်လို့ နဂါးအသွင် ပြန်မပြောင်းနိုင်ရတာလဲ"

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ "ကျုပ်ကြောင့်များ ဖြစ်နေမလား"

"မင်းကြောင့်" ကျုယန်သည် ရန်ကိုင်အား မယုံသင်္ကာ အမူအရာဖြင့် ကြည့်လိုက်သည်။

ရန်ကိုင်က ရှင်းပြလိုက်လေ၏။ "သူက ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲရဲ့ ကလေးဆိုတော့ နဂါးကလန်သားတစ်ဦး မဟုတ်စရာ အကြောင်းတော့ မရှိဘူး၊ ဒါပေမဲ့ သူ့ကို အကောင်ပေါက်လာအောင် လုပ်ခဲ့တာက ကျုပ်လေ၊ ဒီတော့ သူ အခု နဂါးအသွင်ကို မပြောင်းနိုင်ရတာ ကျုပ်နဲ့ ပတ်သက်နေလောက်တယ်၊ သူ့ကို အကောင်ပေါက်လာအောင် လုပ်ပေးတုန်းက ကျုပ်ရဲ့ လူသားသွေးက သူ့ကို တစ်မျိုးတစ်ဖုံ သက်ရောက်သွားတာများ ဖြစ်နေမလားလို့၊ အဲဒါကြောင့်ပဲ သူ့ရဲ့အမြုတေ မသန့်စင်တာမျိုး ဖြစ်သွားတာ"

ထိုစကားကို ကြားသော် ကျုယန်က မျက်မှောင်ကြုတ်လျက် စဉ်းစားနေလိုက်သည်။ ထို့နောက် ခေါင်းညိတ်၍... "အဲဒါတော့ ဖြစ်နိုင်တယ်"

ရန်ကိုင်က ကူကယ်ရာမဲ့နေဟန်ဖြင့်... "အဲဒါဆိုရင်တော့ ကျုပ်ကြောင့် သူ ဒုက္ခရောက်သွားပြီပေါ့"

သို့ပါသော်ငြား ကျုယန်က ခေါင်းခါ၍ ပြန်၍ နှစ်သိမ့်ပေးလိုက်သည်။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုဘူး၊ မင်းကြောင့်သာ မဟုတ်ရင် သူ့အနေနဲ့ အခုလိုမျိုး မွေးလာဖို့တောင် မဖြစ်နိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် မင်းက သူ့ကို အသက်ရှင်လာအောင် လုပ်ပေးခဲ့တာ၊ ဒီတော့ သူ့အမြုတေ မသန့်စင်ဘူးဆိုရင်တောင် မင်းအပြစ်တော့ မဟုတ်ဘူး"

ရန်ကိုင်က နှုတ်ခမ်းမဲ့လျက်... "သူကျုပ်ကို မကျေမနပ် ဖြစ်နေမှာလား"

ကျုယန်က ပြန်၍ ပြောလိုက်သည်။ "ဖြစ်ရဲဖြစ်ကြည့်ပါလား"

ရန်ကိုင်ကိုသာ မကျေမနပ် ဖြစ်နေမည်ဆိုလျှင်တော့ ရန်ရှောင်မှာ ကျေးဇူးမသိတတ်သူဟု ပြောရပေလိမ့်မည်။ သို့ပါသော်ငြား လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရန်ရှောင်၏ ပြုမူပုံကို ကြည့်ရသလောက် ထိုသို့ မဖြစ်နိုင်လောက်ပေ။

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ကျုယန်က ဆက်၍ ပြောလိုက်လေသည်။ "ပြီးတော့ နဂါးဥနဲ့က အစကတည်းက ပြဿနာတွေ အများကြီးရှိနေတာ၊ ဒါကြောင့်ပဲ အရင်တုန်းက အကောင်ပေါက်မလာနိုင်တာ၊ သူ့မှာ မွေးရာပါ ချို့ယွင်းချက်တစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်တယ်၊ မင်းနဲ့တော့ ဘာမှ မပတ်သက်လောက်ဘူး"

ရန်ကိုင်က ပြန်၍ မေးလိုက်သည်။ "ဘာကြောင့်ပဲဖြစ်ဖြစ်၊ သူ့အမြုတေ မသန့်စင်ဘူးဆိုရင် နဂါးကလန်က ဘယ်လိုလုပ်မှာလဲ"

နဂါးကလန်သည် သွေးမျိုးဆက် သန့်စင်မှုအပေါ် အလွန်ကိုမှ တန်ဖိုးထားပေသည်။ အစစ်အမှန် နဂါးများသည်သာ နဂါးနန်းတော်ထဲတွင် နေခွင့်ရကြသည်။ မသန့်စင်သည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူများမှာမူ နဂါးတစ်ပိုင်းမြို့တော်ထဲတွင် နေကြရ၏။ ရန်ရှောင်မှာ ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲ၏ ကလေး ဖြစ်ပါသော်ငြား ခြွင်းချက်တော့ ရှိလိမ့်မည် မဟုတ်ပေ။

ထိုအကြောင်းကြောင့် ရန်ကိုင်၏ အမေးကို မည်ကဲ့သို့ ပြန်ပြောလို့ပြောရမှန်း ကျုယန် မသိတော့ပေ။

ဖုကျွင်းမှ ရန်ရှောင်အပေါ် ဂရုစိုက်နေသည့်ပုံကို ကြည့်ရသလောက် သူမ ကလေးကိုသာ နဂါးတစ်ပိုင်းမြို့တော်ထဲတွင် သွားထားလျှင် ကျိန်းသေ အရူးတစ်ပိုင်း ဖြစ်သွားပေလိမ့်မည်။ သို့ပါသော်ငြား ရန်ရှောင်၏ သွေးမှာ မသန့်စင်လေရာ သူ့အား နဂါးနန်းတော်ထဲတွင် မည်ကဲ့သို့များ နေခွင့်ပေးရပါမည်နည်း။

ကျုယန် တုံ့ဆိုင်းနေသည်ကို မြင်သော် ရန်ကိုင်က ချက်ချင်းပြောလိုက်သည်။ "အဲဒီလိုဆိုရင်တော့ သူ့ကို ကျုပ်နဲ့အတူ ခေါ်သွားလိုက်တော့မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အပြင်လောကကြီးက အကျယ်ကြီးပဲဟာကို၊ ပြီးရင် စိတ်ဝင်စားစရာတွေလည်း အများကြီးပဲ"

ကျုယန်မှာ ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်သည်။ လက်ရှိ အခြေအနေအရ ထိုနည်းလမ်းသည် အကောင်းဆုံးသော နည်းလမ်း ဖြစ်ပေသည်။ သူ့ကလေးအား ရန်ကိုင် လက်ထဲသို့ အပ်လိုက်ရမည်ကို စိတ်မပူပေ။ ရန်ကိုင်သည် ရန်ရှောင်အား အကောင်ပေါက်လာအောင် လုပ်ပေးခဲ့သူ မဟုတ်ပေလော။ သူတို့နှစ်ဦးမှာ သွေးချင်း မဆက်စပ်ပါသော်ငြား အဖေနှင့် သားပမာ ရင်းနှီးလှပေသည်။

"သူ့ကို တစ်ချက် သွားစစ်ကြည့်လိုက်ဦးမယ်၊ ဒီကောင်က အသက်သာငယ်တာ စိတ်က တော်တော်ဆတ်တဲ့ကောင်၊ တော်တော်ဆိုးတယ်" ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်မှာ လှည့်ထွက်သွားလေ၏။

ထိုအဖြစ်အပျက် ပြီးသည့်နောက်တွင် နဂါးကလန်သားများမှာ ပျော်ပွဲရွှင်ပွဲအား ဆက်လက် ဆင်နွှဲလိုစိတ် မရှိတော့ပေ။ ပထမအကြီးအကဲအား နှစ်သိမ့်စကားများ ပြောပြီးသည့်နောက် ပြန်လည်ထွက်ခွာလာခဲ့ကြသည်။ တစ်ချိန်တည်းတွင်လည်း သူတို့ ရင်ထဲ ကြေကွဲနေမိလေသည်။ ယနေ့အဖြစ်အပျက် မတိုင်မီက ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲ၏ သားသည် မသန့်စင်သော သွေးအား ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။

ထိုသို့ဖြစ်ရခြင်းမှာ ရန်ကိုင်နှင့် ပတ်သက်နေလောက်ပါသော်ငြား ရန်ကိုင်ကိုလည်း သွားအပြစ်တင်နေ၍ မရ။ ကျုယန် ပြောသကဲ့သို့ပင် ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် ရန်ရှောင်အနေဖြင့် မွေးလာစရာ အကြောင်းမရှိပေ။ ထိုအပြင် ရန်ရှောင်မှ မွေးရာပါ ချို့ယွင်းချက်အား ပိုင်ဆိုင်ထားသည်မှာလည်း ဖြစ်နိုင်ခြေ များနေပေသေးသည်။

ဖုကျွင်းမှာ မိုးပြာသစ်ပင်ကျွန်း၏ အစွန်းအဖျားတွင် ရပ်နေရင်းမှ အဝေးတစ်နေရာတွင် ရှိနေသော ချောက်ကမ်းပါးဆီသို့ လှမ်း၍ကြည့်နေလေသည်။ သူမအနေဖြင့် ထိုနေရာဆီသို့ သွားချင်ပါသော်ငြား သွားပြီး ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေသည့်အတွက်ကြောင့် မသွားရဲခဲ့ပေ။

ခြေသံများကို ကြားသော် ဖုကျွင်းမှာ အနောက်သို့ လှည့်ကြည့်လိုက်ရာ ရန်ကိုင်မှန်း မြင်ပြီးသည့်နောက် ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသည့်ပမာ ချက်ချင်းပဲ ရန်ကိုင်၏ လက်ကို လှမ်းကိုင်၍ သွေးရောင်ရဲနေသည့် မျက်လုံးများဖြင့် ပြောလိုက်လေ၏။ "ရန်ကိုင်၊ လင်းအာ ငါ့ကို စကားမပြောချင်လို့ ကျေးဇူးပြုပြီး သူ့ကို ဖျောင်းဖျပေးပါဦးနော်၊ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါဦး၊ အတိတ်တုန်းက ငါတကယ် မှားခဲ့ပါတယ်၊ ငါနင့်ကိုလည်း အခု အဲဒီအတွက် တောင်းပန်ပါတယ်"

ရန်ကိုင်မှာ ဖုကျွင်း၏ လက်ကို ကြည့်ရင်းမှ ကြိတ်ကာ သက်ပြင်းချလိုက်သည်။ နဂါးကလန်၏ ဒုတိယအကြီးအကဲမှာ လုံးဝကို တည်တည်ငြိမ်ငြိမ် မရှိတော့မှန်း သိလိုက်လေ၏။ ထိုသို့သာ မဟုတ်ပါက ယခုကဲ့သို့ သူမကိုယ်သူမ နှိမ့်ချနေလိမ့်မည် မဟုတ်။

ဖုကျွင်းသည် အခမ်းအနားပွဲတွင်ကတည်းက သူမနှင့် ရန်ကိုင်အကြားရှိ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်လိုခဲ့သည်။ သို့ပါသော်ငြား ထိုစဉ်က ရန်ကိုင်အပေါ် ကျေးဇူးတင်ကြောင်းသာ ပြောခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား လက်ရှိအချိန်တွင်တော့ ရန်ကိုင်အား တောင်းပင် တောင်းပန်နေခဲ့လေ၏။

သူမသည် နဂါးကလန်၏ ဒုတိယအကြီးအကဲဖြစ်ကာ မဟာဧကရာဇ်တစ်ပါးနှင့်ပင်လျှင် ယှဉ်ပြိုင်နိုင်သော ပညာရှင်တစ်ပါး ဖြစ်ပါသော်ငြား တစ်ချိန်တည်းတွင်လည်း မိခင်တစ်ဦး ဖြစ်နေပေသည်။

ရန်ကိုင်က မှုန်ကုပ်ကုပ် အမူအရာဖြင့်... "ခင်ဗျားက သူ့အမေလေ၊ ဘယ်လိုလုပ်ပြီး သူက ခင်ဗျားနဲ့ စကားမပြောချင်ရတာလဲ"

ဖုကျွင်းက ခေါင်းခါလျက်... "ခုနတုန်းက ငါ့ပုံစံကို မြင်ပြီး သူဝမ်းနည်းသွားတာ၊ ကျေးဇူးပြုပြီး သူ့ကို ဖျောင်းဖျပေးပါဦး"

ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "ဖျောင်းဖျလို့ရော ဘာအသုံးဝင်မှာလဲ၊ ခင်ဗျားက သူ့အမေလေ၊ ဒီတော့ သူ့အတွက် အကောင်းဆုံးဖြစ်မှာကိုပဲ လုပ်ပေးသင့်တာ၊ သူခင်ဗျားကို ပြန်မပြောဘူးဆိုရင် သူခင်ဗျားအရှေ့မှာ ရပ်လာအောင် ကျုပ်သူ့ကို ရိုက်ပေးလိုက်မယ်"

ထိုသို့ပြောပြီးသည့်နောက် ဖုကျွင်း၏ လက်ကို တွန်းထုတ်၍ အရှေ့သို့ ပြေးထွက်သွားသည်။

ဖုကျွင်းက စိုးရိမ်တကြီးဖြင့် လှမ်းအော်ပြောလိုက်၏။ "သူ့ကို မရိုက်နဲ့၊ ကျေးဇူးပြုပြီး မရိုက်ပါနဲ့နော်"

ရန်ကိုင် သူမ ပြောသည့် စကားကို လစ်လျူရှုထားသည်ကို မြင်သော် ဖုကျွင်းလည်း ချက်ချင်းပြောလိုက်လေ၏။ "ရိုက်ရင်လည်း ဖြည်းဖြည်းလေးပဲ ရိုက်နော်၊ ဖြည်းဖြည်းလေးပဲ"

ရန်ကိုင်မှာ ခေါင်းခါ၍ သက်ပြင်းသာချလိုက်သည်။ ဖုကျွင်းမှာ နဂါးကလန်၏ အကြီးအကဲတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပါသော်ငြား အမေတစ်ဦး ဖြစ်ဖို့ရာတော့ မထိုက်တန်လှပေ။ ရန်ရှောင် စိုးရိမ်ပူပန်နေချိန် သူမမှာ ဘာကိုမျှ သေသေချာချာ မစဉ်းစားတတ်တော့။

မကြာသေးခင်က အလိုလိုက်သည့် မိခင်ကြောင့် ကလေးမှာ ဆန်ကုန်မြေလေး ဖြစ်ရသည်ဟု ကျုချင်းအား ပြောခဲ့သည်။ ယခုကြည့်ရသလောက် ဖုကျွင်းနှင့် ယှဉ်လိုက်သော် ကျုချင်းမှာ အတော်လေးကိုမှ ပိုမိုကောင်းမွန်သည့်ပုံပင်။ ရန်ရှောင်သည်သာ ဖုကျွင်း ဘေးနားတွင် ကြီးပြင်းလာမည်ဆိုပါက မောက်မာဝံ့ကြွားသည့် ဆန်ကုန်မြေလေးတစ်ဦးသာ ဖြစ်လာလောက်ပေသည်။ ရန်ရှောင်၏ နောက်ခံအရ နောက်ပိုင်း ထိုကဲ့သို့ဖြစ်လာမှ သူ့အား သွားအပြစ်တင်နေမည်ဆိုလျှင် အတော်လေးကိုမှ နောက်ကျသွားပေလိမ့်မည်။

ထိုသို့ စဉ်းစားမိလိုက်သော် ရန်ရှောင်ကို သူနှင့်အတူ ခေါ်သွားရမည်ဟု ရန်ကိုင်မှာ ဆုံးဖြတ်လိုက်တော့သည်။ အနည်းဆုံး ရန်ရှောင်အား ဖုကျွင်း ဘေးနား၌ နေစေ၍ မဖြစ်ပေ။ ထိုသို့သာ မဟုတ်ပါက ဖုကျွင်း၏ အလိုလိုက်ပေးမှုကြောင့် ရန်ရှောင်မှာ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာနိုင်တော့လိမ့်မည် မဟုတ်။

လှိုင်းများမှာ ကျောက်တန်းအား တဝုန်းဝုန်း ရိုက်ခတ်နေခဲ့ပြီး ရန်ရှောင်၏ သေးသွယ်သွယ် ခန္ဓာကိုယ်လေးမှာတော့ ကမ်းခြေ ဘေးနား၌ ရှိနေခဲ့လေသည်။ ရန်ရှောင်မှာ ရေစိုနေပါသော်ငြား ဂရုစိုက်မနေခဲ့ဘဲ သူ့ခြေထောက်များကို ပင်လယ်ရေထဲ စိမ်ထားခဲ့သည်။ ကျုချင်းကမူ သူ့ဘေးနားတွင် အဖော်ပြုပေးနေ၏။

ရန်ကိုင်သည် ထိုနေရာသို့ လျှောက်သွားလိုက်ပြီး ရန်ရှောင် အနောက်တွင် ရပ်၍ ကျုချင်းအား လက်ဝှေ့ယမ်းပြလိုက်သည်။

ကျုချင်းလည်း ခေါင်းညိတ်၍ ထိုနေရာမှ ပျံထွက်လာခဲ့ပြီး ဖုကျွင်း ဘေးနားတွင် ရပ်နေလိုက်လေ၏။

"ကျွန်တော့်အမေ ရှိနေသေးတာလား" ရန်ရှောင်က ရုတ်တရက် ကောက်မေးလိုက်သည်။

ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "သူ ဝမ်းနည်းနေတာ၊ မင်းသူနဲ့ စကားမပြောချင်‌ဘူးဆို”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၅၅)

ဘာသာပြန်သူ_တိမ်တိုက်

"အမေနဲ့ စကားမပြောချင်ဘူးလို့ ဘယ်သူပြောလဲ" ရန်ရှောင်က အကျယ်ကြီး ပြန်အော်ပြောသည်။ ထို့နောက် သူ့လေသံကို တိုး၍ တုံ့ဆိုင်းနေဟန်ဖြင့်... "အမေနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရမယ်မှန်း မသိလို့"

ရန်ကိုင်က နှာခေါင်းရှုံ့လျက်... "သူက မင်းအမေလေ မင်းက ဘယ်လိုလုပ်ပြီး သူနဲ့ မျက်နှာချင်းမဆိုင်ရဲရတာလဲ"

ရန်ရှောင်သည် ခေါင်းကို ငုံ့ရင်းမှ လေသံတိုးတိုးဖြင့်... "ဒါပေမဲ့ အမေ့ကြည့်ရတာ တော်တော်လေး စိတ်ပျက်သွားတဲ့ပုံပဲ"

"စိတ်ပျက်မှာပေါ့ အခမ်းအနားမှ မအောင်တာ၊ အခမ်းအနား မအောင်မြင်တာကြီးကို သူက ပျော်နေပြရမှာလား"

ရန်ရှောင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လျက်... "ဒါပေမဲ့ အမေ့ကို စိတ်မပျက်စေချင်ဘူး"

ရန်ကိုင်က ပြုံး၍ ရန်ရှောင်၏ ခေါင်းကို ပုတ်ပေးရင်းမှ... "အနည်းဆုံးတော့ သူမင်းကို အလိုလိုက်ထားရတာ အလကား ဖြစ်မသွားဘူးဘဲ၊ အဲဒီလိုမျိုး စဉ်းစားတတ်တာ တော်သေးတယ်"

ရန်ရှောင်က စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့်... "ဒါပေမဲ့ ကျွန်တော့်ရဲ့ အမြုတေက မသန့်စင်ဘူးလေ"

ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "အခုလို ကောက်ချက်ချဖို့ကတော့ အရမ်းစောလွန်းသေးတယ်၊ အခမ်းအနားနဲ့ ပတ်သက်ပြီး တစ်ခုခု မှားမနေဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ၊ မင်း မွေးလာတုန်းက နဂါးပုံစံနဲ့ မွေးလာတာ၊ ဒီတော့ မင်းရဲ့အမြုတေက မသန့်စင်စရာ အကြောင်းမရှိဘူး၊ လုံးဝ သန့်စင်တဲ့ အမြုတေကို ပိုင်ဆိုင်ထားမှပဲ တကယ့် နဂါးတစ်ကောင်အသွင်ကို ပြောင်းလို့ရတာ၊ ငါ့မှာလည်း နဂါးအမြုတေ ရှိတယ်၊ ရိုးရိုးအမြုတေတောင် မဟုတ်ဘူးနော်၊ အရမ်းကို အဆင့်မြင့်တဲ့ နဂါးအမြုတေ၊ ဒါပေမဲ့ ငါ နဂါးတစ်ပိုင်းအသွင်ပဲ ပြောင်းလို့ရတယ်၊ တကယ့် နဂါးအသွင် ပြောင်းလို့မရသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါက လူသားတစ်ယောက် ဖြစ်နေလို့ပဲ၊ ငါ့ကိုယ်ထဲမှာ ရှိနေတဲ့ လူသားသွေးတွေ အကုန်လုံးကို ဖယ်ထုတ်ပြီးတဲ့အခါမှပဲ ငါ တကယ့် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလို့ရမှာ"

ရန်ရှောင်က ဇဝေဇဝါ အမူအရာဖြင့်... "ဒါဆို ကျွန်တော့်ရဲ့ နဂါးပုံစံကို ဘာဖြစ်လို့ ပြောင်းလို့မရတာလဲ"

"အဲဒါကတော့ မင်းကိုယ်မင်း ပြန်မေးရမှာ၊ မင်း စိုးရိမ်နေတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အခုက ပထမဦးဆုံးအကြိမ်ဆိုတော့ နဂါးအသွင်ကို ပြန်မပြောင်းတတ်သေးတာလည်း ဖြစ်နိုင်တယ်" ရန်ကိုင်က ပခုံးတွန့်လျက်... "ငါကတော့ မရှင်းပြတတ်ဘူး၊ ဘာပဲဖြစ်ဖြစ် မင်းဘာသာမင်း အဖြေရှာရမှာ"

ရန်ရှောင်က အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ နဂါးအမြုတေ ရှိရှိ မရှိရှိ၊ မင်းရဲ့အမြုတေက သန့်စင်စင် မသန့်စင်စင် ဒီလောကကြီးကို နဂါးကလန်က အုပ်ချုပ်နေတာ မဟုတ်ဘူး၊ အခု မဟာဧကရာဇ် ဆယ်ပါးထဲက ဘယ်တစ်ပါးကမှ နဂါးကလန်က မဟုတ်ဘူး၊ ဒီတော့ နဂါးတစ်ကောင် မဟုတ်လည်း မင်း အားကောင်းမလာနိုင်ဘူးလို့ ဘယ်သူကပြောလဲ၊ မင်းရဲ့အမြုတေ မသန့်စင်လို့ရော မင်း ဒီကျင့်ကြံခြင်း လောကကြီးရဲ့ အထွတ်အထိပ်ကို မရောက်နိုင်ဘူးလို့ ဘယ်သူကပြောလဲ"

ရန်ရှောင်က ကူကယ်ရာမဲ့စွာ ပြုံးလျက်... "မွေးစားအဖေ၊ ဒါတွေ ကျွန်တော့်ကို လာပြောတာ စောသေးတယ်လို့ မထင်ဘူးလား၊ ကျွန်တော်က အခုမှ ကလေးပဲ ရှိသေးတာလေ"

"ကလေး" ရန်ကိုင်သည် ရန်ရှောင်၏ ခေါင်းကို ကောက်ထု၍ ပြန်ပြောလိုက်သည်။ "အခြားကလေးတွေက မင်းလို မဟုတ်ဘူးကွ"

"ဘာဖြစ်လို့ ကျွန်တော့်ကို ထပ်ထုတာလဲ" ရန်ရှောင်သည် ခေါင်းကို လက်ဖြင့် အုပ်ရင်းမှ မကျေမနပ် အမူအရာဖြင့် ပြောလိုက်၏။

ရန်ကိုင်သည် ရန်ရှောင်၏ ခေါင်းကို ပြန်ပွတ်ပေးလျက် နှစ်သိမ့်ပေးလိုက်လေ၏။ "စူပုပ်ပုပ် လုပ်မနေနဲ့တော့၊ မင်းကြောင့် အခြားလူတွေ ဝမ်းနည်းရတယ်ဆိုတာကို နားမလည်ဘူးလား၊ အထူးသဖြင့် မင်းအမေပဲ၊ မင်းကြောင့် မင်းအမေ အခု တော်တော်လေးကို ဝမ်းနည်းနေတာ၊ သူက မင်းထက်တောင် ပိုပြီး ဝမ်းနည်းနေသေးတယ်"

ရန်ရှောင်က အလေးအနက် အမူအရာဖြင့် ပြန်၍ ပြောလိုက်သည်။ "မွေးစားအဖေ သင်ပေးတာကို သေချာမှတ်ထားပါမယ်၊ အမေ ပျော်အောင်လို့ ကျွန်တော်အခုပဲ သူ့ကို သွားတောင်းပန်လိုက်မယ်"

ထိုသို့ ပြောပြီးသည့်နောက် ရန်ရှောင်မှာ ထိုင်ရာမှ ထလိုက်၏။

"မလောနဲ့ဦး" ရန်ကိုင်သည် ရန်ရှောင်ကို ပြန်ဖိချလျက် ရန်ရှောင် ဘေးနားတွင် ကောက်ထိုင်လိုက်သည်။ တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ပြောလိုက်လေ၏။ "ငါမင်းကို မေးဦးမယ်၊ မင်းနဂါးကျွန်းကနေ ငါနဲ့အတူ ထွက်သွားချင်လား"

ထိုစကားကို ကြားသော် ရန်ရှောင်၏ အကြည့် တောက်ပသွားခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေ၏။ "ကျွန်တော် နဂါးကျွန်းကနေ ထွက်သွားလို့ရတာလား"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "အစကတော့ မရဘူး၊ ဒါပေမဲ့ အခုတော့ မင်းကို ထွက်သွားခွင့်ပေးလိမ့်မယ်လို့ ထင်တာပဲ"

စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင် ပြောချင်သည့် အဓိပ္ပာယ်ကို ရန်ရှောင် နားလည်သွားတော့သည်။ သူ၏ အမြုတေသာ သန့်စင်နေမည်ဆိုပါက သူသည် နဂါးတစ်ကောင် ဖြစ်သည့်အလျောက် နဂါးကျွန်းပေါ်တွင်သာ နေကာ ကျင့်ကြံရပေလိမ့်မည်။ သို့ပါသော်ငြား သူ့အမြုတေမှာ မသန့်စင်သည့်အတွက်ကြောင့် နဂါးနန်းတော်တွင် ဆက်နေ၍ မရတော့ပေ။

ဖုကျွင်း သူ့အား မည်မျှပင် ချစ်နေစေကာမူ စည်းမျဉ်းစည်းကမ်းများကို ပေါ်တင်ချိုးဖျက်၍ မရ။ ထိုအကြောင်းကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ့အား အဝေးသို့ ပို့ရပေလိမ့်မည်။ ရန်ရှောင်အား နဂါးတစ်ပိုင်းမြို့တော်ထဲ၌ နေခိုင်းစေခြင်းနှင့် ယှဉ်လိုက်သော် ရန်ကိုင်နှင့်အတူ ထွက်သွားခိုင်းခြင်းက ပို၍ကောင်းပေသည်။

ထိုအချက်ကို နားလည်လိုက်သော် ရန်ရှောင်သည် လက်နှစ်ဖက်ကို ပွတ်ရင်းမှ အော်ရယ်မောလျက်... "မသန့်စင်တဲ့ အမြုတေ ရှိနေတာ တကယ်ကို ကောင်းသွားတာပဲ၊ ဒါဆိုရင် ကျွန်တော် ပျော်တောင် ပျော်သင့်တာပေါ့"

ရန်ကိုင်သည် ရန်ရှောင်အား စိုက်ကြည့်လျက်... "မင်းဘာဖြစ်လို့ နဂါးကျွန်းမှာ မနေချင်ရတာလဲ"

ရန်ရှောင်က ရယ်သွမ်းသွေးရင်းမှ ပါးကို ကုတ်လျက်... "မနေချင်တာ မဟုတ်ဘူး၊ အမေက ကျွန်တော့်အနောက်ကို တကောက်ကောက်လိုက်နေတာ၊ ဒီတော့ ကျွန်တော် လုပ်ချင်တာ လုပ်လို့မရတော့ဘူး"

ရန်ကိုင်က ခြောက်ကပ်ကပ် ရယ်မောလျက်... "မင်းဘယ်လောက် ကံကောင်းလဲ မင်း မသိဘူးနော်၊ အတော်များများက မင်းကို မနာလိုနေကြတာ၊ ဒါပေမဲ့ မင်းကတော့ အဲဒီလိုအမေမျိုး ရှိနေတာကိုတောင် တန်ဖိုးထားမနေဘူး"

ရန်ရှောင်က ပြုံးလျက်... "မွေးစားအဖေက ကျွန်တော့်ထက် အများကြီး ပိုအားကောင်းတာဆိုတော့ မွေးစားအဖေ ပြောတာ အမြဲတမ်းမှန်တယ်"

ထိုစကားကို ကြားသော် ရန်ကိုင်၏ နှုတ်ခမ်း မဲ့သွားခဲ့သည်။ ရန်ရှောင်အား သူသင်ပေးသည့် နည်းလမ်းနှင့် ပတ်သက်၍ ပြဿနာရှိနေပြီဟု သူကိုယ်တိုင်လည်း ထင်သွားမိတော့လေသည်။

ဤအခိုက်အတန့်တွင် ရန်ရှောင်၏ စိတ်ထဲ ခံစားနေရသည့် အထုံးကို အပြည့် မဖြေပေးနိုင်သေးပါသော်ငြား အနည်းဆုံး ရန်ရှောင်အား စိတ်ငြိမ်သွားအောင်တော့ လုပ်နိုင်ခဲ့ပေသည်။ ထို့နောက်တွင် ပြင်ပလောကကြီး မည်မျှ စိတ်ဝင်စားစရာကောင်းကြောင်းကို ရန်ရှောင်အား စတင်ရှင်းပြတော့သည်။

တစ်နာရီခန့် ကြာပြီးသည့်နောက် ရန်ရှောင်သည် ရန်ကိုင်နှင့်အတူ ဖုကျွင်းဆီသို့ ပြန်လိုက်လာခဲ့သည်။ ထို့နောက် အလေးအနက် အမူအရာဖြင့် သူ့အမေကို တောင်းပန်လေရာ ဖုကျွင်းမှာ ရန်ရှောင်အား ချက်ချင်းပြေးဖက်၍ သူမကိုယ်သူမသာ အပြစ်တင်တော့လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်နှင့် ကျုချင်းတို့မှာတော့ ဆွံ့အနေလေသည်။

ရန်ရှောင်နှင့် ဖုကျွင်းတို့ အတူတကွ ထွက်သွားပြီးသည့်နောက် ရန်ကိုင်နှင့် ကျုချင်းမှာ လခြမ်းကွေးကျွန်းဆီသို့ ပြန်လာခဲ့သည်။

နောက်တစ်နေ့ နေထွက်ချိန်တွင် ကျုယန်နှင့် ဖုကျွင်းသည် ရန်ရှောင်နှင့်အတူ လခြမ်းကွေးကျွန်းဆီသို့ ရောက်လာခဲ့သည်။

ရန်ရှောင်အား အပြင်ဘက်တွင် စောင့်နေစေပြီးသည့်နောက်တွင် လူကြီးလေးဦးမှာ ခန်းမထဲသို့ ဝင်လာကြသည်။ ထို့နောက်တွင် ကျုယန်နှင့် ဖုကျွင်းမှာ သူတို့ လာရင်းအကြောင်းကို ပြောပြလေ၏။ ရန်ကိုင်က အလန့်တကြား အမူအရာဖြင့်... "ကျုပ်ကို ရှောင်အာနဲ့အတူ နဂါးကျောင်းတော်ထဲကို ဝင်ခိုင်းချင်တာလား"

ကျုယန်က ခေါင်းညိတ်၍... "ဟုတ်တယ်၊ မနေ့ညက ငါ သေချာစဉ်းစားကြည့်လိုက်တော့ မင်းပြောတာ ဟုတ်လောက်မယ်လို့ ထင်မိသွားတယ်၊ အခမ်းအနားနဲ့ ပတ်သက်ပြီး တစ်ခုခုမှားသွားတာ ဖြစ်လောက်တယ်၊ အဲဒါကြောင့်ပဲ ရှောင်အာက နဂါးအသွင် ပြောင်းလို့ မရတာ၊ ငါကိုယ်တိုင်လည်း သူ့ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်ပြီးသွားပြီ၊ ဘာမှ ပြဿနာမရှိဘူး၊ သူ့ကိုယ်ထဲက အမြုတေကို ရှာမတွေ့သေးပေမဲ့ အစစ်အမှန်နဂါးတွေပဲ ပိုင်ဆိုင်ထားတဲ့ နဂါးအရှိန်အဝါကို ပိုင်ဆိုင်ထားတာဆိုတော့ ရှောင်အာက လုံးဝကို နဂါးကလန်သားဆိုတာ သေချာတယ်၊ ကြည့်ရတာ သူ့အမြုတေက ငါအာရုံခံလို့ မရတဲ့ တစ်နေရာရာမှာ ရှိနေလားတော့ မပြောတတ်ဘူး၊ ဒါကြောင့်ပဲ မင်းကို နဂါးကျောင်းတော်ထဲကို သွားပြီးတော့ ဘိုးဘေးတွေကို မေးစေချင်တာ"

ရန်ကိုင်က ပြန်၍ မေးလိုက်သည်။ "ဘာဖြစ်လို့ ကျုပ်ကို လုပ်ခိုင်းရတာလဲ၊ ခင်ဗျားတို့ နှစ်ယောက်က ပိုပြီးတော့တောင် အဆင်ပြေတာလေ"

ကျုယန်က ခေါင်းခါလျက်... "နဂါးကျောင်းတော်က နဂါးကလန်ရဲ့ အရင် ပထမအကြီးအကဲတွေ နားနေတဲ့ နေရာပဲ၊ အရေးကြီးကိစ္စတစ်ခုခုသာ ပေါ်မလာရင် သူတို့ကို သွားနှောင့်ယှက်လို့ မကောင်းဘူး၊ ဒီတော့ ငါတို့နှစ်ယောက်စလုံး ဝင်သွားလို့ အဆင်မပြေဘူး"

ဖုကျွင်းက ပြန်၍ ပြောလိုက်သည်။ "ဒါပေမဲ့ နင်က နဂါးကလန်သား မဟုတ်သေးဘူးလေ၊ ဒီတော့ နင်က ဒီက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာစရာ မလိုဘူး၊ ဒါကြောင့်ပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး နင့်ဆီကနေ အကူအညီလာတောင်းတာ"

ထိုစကားကို ကြားပြီးသည့်နောက်တွင် ရန်ကိုင်မှာ စိတ်ထဲမှ ကြိတ်ကာ ဝမ်းသာသွားလေသည်။ နဂါးကျောင်းတော်သည် အထွတ်အမြတ် နေရာတစ်ခု ဖြစ်သည်။ နဂါးကလန်သားများသည်ပင်လျှင် ထိုနေရာသို့ သွားချင်တိုင်း သွား၍ မရပေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်ကဲ့သို့သော အပြင်လူတစ်ဦးသည် နဂါးကျောင်းတော်ထဲသို့ မည်ကဲ့သို့များ ဝင်ချင်တိုင်း ဝင်လို့ရပါမည်နည်း။ သေချာစဉ်းစားကြည့်ပြီးသည့်နောက် ကျုယန်နှင့် ဖုကျွင်းမှာ သူ့အတွက်ရော ရန်ရှောင်အတွက်ပါ ထိုကဲ့သို့ လုပ်နေခြင်း ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

ယခင်က ရန်ကိုင်သည် နဂါးကျောင်းတော်ထဲသို့ ဝင်လိုကြောင်း ပြောခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်မှ နဂါးသွေးပန်းများစွာကို စိုက်ပျိုးပြီးသည့်နောက်တွင် ဖုကျွင်းမှာ ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ ဒေါသူပုန်ထသွားခဲ့ပြီး နဂါးကျွန်းဆီသို့ ပြန်ခိုးဝင်လာကာ နဂါးဥအား ခိုးယူခြင်းအထိ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချက်ကို သဘောပေါက်လိုက်သော် ရန်ကိုင်က ခေါင်းညိတ်၍... "ခင်ဗျားတို့ နှစ်ယောက်စလုံးက တောင်းဆိုနေတယ်ဆိုမှတော့လည်း ကျုပ် သူ့ကိုပါ အတူခေါ်သွားပေးရတာပေါ့"

ဘေးနားတွင် ရှိနေသော ကျုချင်းကမူ ရန်ကိုင်အား မျက်စောင်းထိုးကာ ကြည့်နေလေသည်။ [ရုပ်ကိုက မသိရင် သူ မပျော်တာကျလို့ ဟမ့်]

သဘောတူညီချက် ရပြီးသည့်နောက်တွင် ရန်ကိုင်တို့မှာ အချိန်မဖြုန်းတော့ဘဲ နဂါးကျောင်းတော်ဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားလေ၏။

နဂါးကလန်သားများ၏ သက်တမ်းမှာ အလွန်တရာကိုမှ ရှည်လျားကြသည်။ သို့ပါသော်ငြား တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နဂါးကလန်သားများ သေဆုံးကြရမည်မှာ မလွဲမသွေပင်။ ထိုသို့ဖြစ်လာသည့်အခါ နဂါးကလန်သားများ သွားနိုင်သည့် နေရာ နှစ်ခု ရှိပေသည်။ တစ်ခုမှာ နဂါးသင်္ချိုင်းဖြစ်ပြီး အခြားတစ်ခုမှာတော့ နဂါးကျောင်းတော် ဖြစ်သည်။

နဂါးသင်္ချိုင်းသည် သေဆုံးသွားသော နဂါးကလန်သား အများစု နေသည့် နေရာ ဖြစ်ပေသည်။ အသက်ရှင်စဉ်က အလွန်ကိုမှ အားကောင်းလှသည့်အတွက်ကြောင့် နဂါးများ၏ အလောင်းချီမှာ သေဆုံးသွားပြီးသည့်နောက် အလွန်ကိုမှ သိပ်သည်းလှပေသည်။ ရန်ကိုင် ကိုယ်တိုင် နဂါးသင်္ချိုင်းထဲသို့ တစ်ခါမျှ မရောက်ဖူးပါသော်ငြား နဂါးသင်္ချိုင်းမှာ နေလို့ကောင်းသည့် နေရာတစ်ခု မဟုတ်ကြောင်းကိုတော့ ကြားဖူးပေသည်။ ဖုရွှမ်းကဲ့သို့သော ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် ထိုနေရာ၌ ဆယ်နှစ်ကြာအောင် ပိတ်လှောင်ခြင်း ခံရပြီးသည့်နောက် အသက်ဆုံးရှုံးခါနီး ဖြစ်သွားခဲ့ရသည်ကို ကြည့်လျှင် ထိုနေရာရှိ ပတ်ဝန်းကျင် မည်မျှဆိုးဝါးကြောင်းကို ဖော်ပြနေလေသည်။

အခြားတစ်ဖက်တွင်မူ နဂါးကျောင်းတော်သည် နဂါးကလန်၏ သေဆုံးသွားပြီဖြစ်သော ပထမအကြီးအကဲများ နေသည့် နေရာ ဖြစ်ပေသည်။ တစ်နည်းဆိုရသော် ပထမအကြီးအကဲများသည်သာ သေဆုံးသွားပြီးသည့်နောက် နဂါးကျောင်းတော်ထဲသို့ ဝင်ခွင့်ရကြသည်။ ဥပမာပြောရသော် ကျုယန်သည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နဂါးကျောင်းတော်ထဲ နေခွင့်ရမည် ဖြစ်ပါသော်ငြား ဖုကျွင်းတွင်မူ ထိုကဲ့သို့ အခွင့်အရေး မရှိပေ။

အပြန်အလှန်အနေဖြင့် ပထမအကြီးအကဲများ၏ နဂါးဝိညာဉ်များသည် နဂါးကလန်တစ်ခုလုံးကို ဆက်လက် ကာကွယ်ပေးရလေသည်။ နဂါးကျောင်းတော်မှ ယူငင် အသုံးပြုနိုင်သော ပညာရပ်များသည် သွေးမျိုးဆက်ဖိနှိပ်ခြင်းအား အတိုင်းအတာတစ်ခုအထိ ဖြစ်စေ လုံးဝဥဿုံဖြစ်စေ အကျုံးမဝင်အောင် တားဆီးပေးနိုင်သည်။

သေဆုံးသွားသော နဂါးကလန် ပထမအကြီးအကဲများ၏ နဂါးဝိညာဉ်များ၏ အတွေ့အကြုံများနှင့် ဗဟုသုတများမှာလည်း အလွန်ကိုမှ တန်ဖိုးရှိလှသည့် ရတနာတစ်ခု ဖြစ်ပေသည်။ နဂါးကလန်၏ မျိုးဆက်အဆက်ဆက်မှ ပထမအကြီးအကဲများမှာ နဂါးကျောင်းတော်တွင် နေနေခြင်း ဖြစ်လေရာ ထိုနေရာ၌ နဂါးဝိညာဉ် အတော်များများ ရှိနေရပေလိမ့်မည်။

ယခင်က ရန်ကိုင်မှ ရွှေနဂါးအမြုတေကို အသက်သွင်း၍ အိပ်စက်နေသော နဂါးကလန်၏ နဂါးဝိညာဉ်များကို ဆင့်ခေါ်ပြီးသည့်နောက်တွင် ရန်ကိုင်မှာ လုံးဝနီးပါး ပြိုင်ဘက်ကင်းသွားခဲ့သည်။ ရန်ကိုင်သည်သာ နဂါးကျောင်းတော်ထဲ ရှိနေမည်ဆိုလျှင် ကျုယန်နှင့် ဖုကျွင်းတို့ အတူတကွ ပူးပေါင်းမည်ဆိုလျှင်ပင် သူ့အား ဘာမျှ လုပ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

ထိုနေရာတွင် ပေါ်လာသည့် အကြီးဆုံးနဂါးဝိညာဉ်သည် အလျားမီတာ တစ်ထောင်ခန့် ရှိကြောင်းကို ရန်ကိုင် မှတ်မိနေပေသေးသည်။ ထိုနဂါးဝိညာဉ်မှာ နဂါးကလန် ပထမမျိုးဆက်၏ ပထမအကြီးအကဲမှ လွဲ၍ အခြားမဟုတ်ပေ။ မီတာတစ်ထောင်ခန့် အလျားရှိသော နဂါးတစ်ကောင် ဖြစ်လာဖို့ရာ မည်သည့် နဂါးသွေးကြောအား ပိုင်ဆိုင်ထားရန် လိုအပ်သလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား မီတာသုံးရာခန့် အလျားရှိသော နဂါးအသွင်သို့ ပြောင်းလဲနိုင်သည့် ကျုချင်း၏ အဆင့်ကိုး နဂါးသွေးကြောကို ထောက်ရှုကြည့်ရသလောက် ကျုယန်နှင့် ဖုကျွင်းတို့သာ နဂါးအသွင်သို့ ပြောင်းမည်ဆိုလျှင် မီတာလေးရာ ငါးရာခန့် ရှိသော နဂါးအသွင်သို့သာ ပြောင်းနိုင်ပေလိမ့်မည်။

ထိုအကြောင်းကြောင့် ထိုပထမအကြီးအကဲမှာ အဆင့်တစ်ဆယ့်နှစ် နဂါးတစ်ကောင် ဖြစ်ရလိမ့်မည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်ပေသည်။ ထိုအဆင့်တစ်ဆယ့်နှစ်မှာ နဂါးကလန်၏ အထွတ်အထိပ် စွမ်းအားလည်း ဖြစ်ပေသည်။

သို့ပါသော်ငြား အချိန်ကြာလာသည့်နောက် နဂါးကလန်မှာ ယခင်ကလောက် အားကောင်းခြင်း မရှိတော့ဘဲ နဂါးကလန် ပထမအကြီးအကဲများ၏ အရွယ်အစားမှာလည်း တဖြည်းဖြည်းနှင့် သေးသထက် သေးလာခဲ့သည်။

နဂါးကျောင်းတော်သည် လခြမ်းကွေးကျွန်းနှင့် အလွန်ကိုမှ မဝေးပါသော်ငြား နီးလည်း မနီးပေ။ ရန်ကိုင်တို့အနေဖြင့် ထိုနေရာသို့ ရောက်ရန် နေ့ဝက်လောက် အချိန်ယူလိုက်ရသည်။

အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုလျှင် နဂါးကျောင်းတော်သည် တိမ်စိုင်တိမ်တိုက်များအထက် လွင့်မျောနေသယောင်ပင် ထင်မှတ်ရလေသည်။ နဂါးကျောင်းတော်ထဲသို့ လူတိုင်း ဝင်နိုင်ကြသည် မဟုတ်။ နဂါးကလန်သားများသည်သာ ထိုနေရာသို့ ဝင်နိုင်ကြသည်။ ထိုသို့သာမဟုတ်ပါက နဂါးကျောင်းတော်ထဲမှ ထွက်ပေါ်နေသည့် နဂါးဖိအားကြောင့် စိစိညက်ညက် ကြေသွားပေလိမ့်မည်။

နဂါးကျောင်းတော် အရှေ့သို့ ရောက်လာသော် ကျုယန်သည် နဂါးပုံစံရှိ တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်ရာ ထိုတံဆိပ်ပြားထဲမှ အလင်းတန်းတစ်ခု ပျံထွက်သွားခဲ့လေ၏။

မကြာမီ တိမ်စိုင်တိမ်တိုက်များ ဝဲကတော့ပမာ လည်ပတ်လာခဲ့ပြီးသည့်နောက် လူတစ်ဦးစာ ဝင်ပေါက်တစ်ခု ပေါ်လာခဲ့လေသည်။

ဖုကျွင်းသည် ဆောင့်ကြောင့်ထိုင်၍ ရန်ရှောင်ကို ပြောလိုက်သည်။ "အထဲဝင်သွားပြီးရင် မွေးစားအဖေ ပြောတာကို နားထောင်နော်၊ လျှောက်မပြေးနဲ့နော်"

ရန်ရှောင်က ခေါင်းညိတ်၍... "သား မှတ်ထားမယ်"

ဖုကျွင်းသည် ရန်ကိုင်ကို ကြည့်၍... "ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်ပေးနော်"

ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြုံးကာ... "ဒုတိယအကြီးအကဲ၊ အခုလိုမျိုးတွေ လုပ်နေစရာ မလိုဘူး၊ ရှောင်အာက ကျွန်တော့်ကို မွေးစားအဖေလို့ ခေါ်တယ်ဆိုမှတော့ သူ့ကို ဘာမှ မဖြစ်စေရဘူး"

ထို့နောက်တွင် ရန်ရှောင်ကို လက်ယပ်ခေါ်၍ ပြောလိုက်လေ၏။ "သွားကြရအောင်"

ထိုသို့ဖြင့် ရန်ကိုင်နှင့် ရှောင်အာတို့မှာ တိမ်စိုင်တိမ်တိုက်များမှ ဖြစ်ပေါ်လာသော ဝဲကတော့အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့လေသည်။

ဖုကျွင်းမှာ သူမ သားအား မျှော်လင့်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်သည်။ သူမ စိတ်ထဲ၌လည်း သူမသားနှင့်အတူ လိုက်သွားချင်မိပေသည်။ သို့ပါသော်ငြား မလိုက်သွားနိုင်ခဲ့ပေ။ ရန်ရှောင်၏ ပုံရိပ် ပျောက်ကွယ်သွားပြီးသည့်နောက် ဖုကျွင်းမှာ စတင်၍ ဂနာမငြိမ် ဖြစ်လာလေ၏။

ကျုယန်ကမူ ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချ၍ နှစ်သိမ့်ပေးလိုက်လေသည်။ "စိတ်မပူနဲ့၊ ရန်ကိုင် သူ့ကို ဂရုစိုက်ပေးလိမ့်မယ်"

ဖုကျွင်းကမူ ကျုယန် ပြောသည်ကို မကြားသည့်အလား နဂါးကျောင်းတော်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၅၆)

ဘာသာပြန်သူ_တိမ်တိုက်

ဝဲကတော့ကို ဖြတ်ကျော်လာပြီးသည့်နောက် ရန်ကိုင်သည် ရန်ရှောင်၏ လက်ကို ကိုင်ရင်းမှ နဂါးကျောင်းတော်ထဲသို့ ဝင်လာခဲ့သည်။

ရန်ကိုင် ငေးကြောင်ကြောင် ဖြစ်နေစဉ် သူ့လက်ထဲ၌ အခြားမည်သူ၏ လက်မျှ ရှိမနေတော့ကြောင်း တွေ့လိုက်ရသည်။

လှည့်ကြည့်လိုက်ရာ ရန်ရှောင်မှာ သဲလွန်စမကျန် ပျောက်ကွယ်သွားကြောင်းကို တွေ့လိုက်ရလေ၏။ ချက်ချင်းဆိုသလို ရန်ကိုင်မှာ ဇောချွေးပြန်လာတော့သည်။ ဤနေရာသို့ မလာခင်က ကျုယန်နှင့် ဖုကျွင်းတို့အား ရန်ရှောင်ကို သေသေချာချာ ဂရုစိုက်ပါမည်ဟု ကတိပေးခဲ့သည်။ ယခု ရန်ရှောင်မှာ သူ့မြင်ကွင်းမှ ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့လေရာ ရန်ကိုင်မှာ ထိုကိစ္စကို မည်ကဲ့သို့များ ရှင်းပြရပါတော့မည်နည်း။

"ရှောင်အာ၊ ရှောင်အာ" ရန်ကိုင်မှာ အသံအကျယ်ကြီးနှင့် လှမ်းအော်ခေါ်လေသည်။ သို့ပါသော်ငြား မည်သည့် ပြန်ထူးသံမျှ မကြားရ။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ပါသော်ငြား သူ့ဘေးပတ်ပတ်လည် ဆယ်မီတာ ဝန်းကျင်လောက်ကိုသာ စူးစမ်းနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

ဤသည်မှာ ရန်ကိုင်မှ နဂါးကျောင်းတော်ထဲသို့ ပထမဦးဆုံးအကြိမ် ဝင်ဖူးခြင်း မဟုတ်ပေ။ ယခင်က ဝူခွမ်းသည် နဂါးကျောင်းတော်၏ စွမ်းအားကို သုံး၍ ဟင်းလင်းပြင်အား ထိုးဖောက်ပြီး အဆင့်နိမ့်ကြယ်စီရင်စုထဲသို့ ဆင်းသွားစဉ်က ရန်ကိုင်သည်လည်း နဂါးကျောင်းတော်ထဲသို့ လာကာ ထိုအပေါက်မှတစ်ဆင့် အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ဆင်းသွားခဲ့သည်။

သို့ပါသော်ငြား ထိုစဉ်က ယခုကဲ့သို့သော ထူးဆန်းသည့် အဖြစ်အပျက်မျိုးနှင့် ရန်ကိုင် ကြုံခဲ့ရခြင်း မရှိပေ။ ထိုအကြောင်းကြောင့်သာလျှင် ယခု ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကို နားမလည်နိုင် ဖြစ်နေရခြင်း ဖြစ်၏။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ကျောင်းတော်ထဲရှိ နဂါးဝိညာဉ်များနှင့် ပတ်သက်နေရလိမ့်မည်ဟု ရန်ကိုင် ခံစားနေရသည်။ ထိုဝိညာဉ်များသည် ဤနဂါးကျောင်းတော်ထဲ ရှိနေသည်မှာ အလွန်တရာကိုမှ ကြာညောင်းနေခဲ့လေပြီ။ နဂါးဝိညာဉ်များ တည်ရှိနေသည့် သက်တမ်းမှာ မည်မျှကြာနေပြီလဲဆိုသည်ကို မသိရပါသော်ငြား ထိုဝိညာဉ်များမှာ အတော်လေးကိုမှ အားကောင်းနေပေသေးသည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်က အော်ဟစ်လိုက်လေ၏။ "ထွက်လာစမ်း"

ထို့နောက်တွင် ရွှေနဂါးအမြုတေကို အသက်သွင်းလိုက်ရာ ကျယ်လောင်သည့် နဂါးဟိန်းသံ တစ်သံ ခန်းမထဲ ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက်တွင် ရန်ကိုင်၏ အော်သံကို တုံ့ပြန်နေသည့်အလား ဘက်ပေါင်းစုံမှ နဂါးဟိန်းသံများ ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက်တွင် အလင်းများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ဧရာမ နဂါးပုံရိပ်များသည် ခန်းမထဲ ထွက်ပေါ်လာကြလေသည်။ ထို့နောက်တွင် နဂါးဝိညာဉ်များမှာ ရန်ကိုင် ထွက်မပြေးနိုင်စေရန်အတွက် ရန်ကိုင်အား ဘက်ပေါင်းစုံမှ ဝန်းရံထားလိုက်ကြသည်။ နဂါးပုံရိပ် တစ်ခုချင်းစီတိုင်းသည် အလွန်တရာကိုမှ အသက်ဝင်လာပြီး အသက်ရှင်စဉ်ကကဲ့သို့ ကြီးကျယ်ခမ်းနားလှသည်။ နဂါးဖိအားသည်လည်း ခန်းမတစ်ခုလုံး အနှံ့ ပျံ့နှံ့နေခဲ့သည်။

ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ အော်မေးလိုက်လေ၏။ "ကျုပ်နဲ့ အတူလာတဲ့ ကလေးရော၊ ခင်ဗျားတို့ သူ့ကို ဘယ်မှာဖွက်ထားတာလဲ"

နဂါးဝိညာဉ် အားလုံးမှာ ရန်ကိုင်၏ အမေးကို ပြန်မဖြေဘဲ ရန်ကိုင်ကိုသာ စိုက်ကြည့်နေကြသည်။

"ခင်ဗျားတို့ နားပင်းနေတာလား" ရန်ကိုင်၏ မျက်နှာ သုန်မှုန်သွားလေ၏။

ထိုနဂါးဝိညာဉ်များ အသိစိတ် ရှိသေးလားဆိုသည်ကို ရန်ကိုင် မသိ။ သေဆုံးသွားပြီးသည်မှာ အချိန်အလွန်ကြာနေပြီ ဖြစ်သည့်အတွက်ကြောင့် နဂါးဝိညာဉ်များမှာ မသိစိတ်အရ ယခုကဲ့သို့ တုံ့ပြန်နေခြင်းသာ ဖြစ်လောက်ပေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ ရန်ရှောင် တစ်ခုခုဖြစ်သွားမည်ကို မလိုလားပေ။

"ကျုပ်မေးတာကို ဖြေ" ရန်ကိုင်သည် နောက်တစ်ကြိမ် ထပ်၍ အော်မေးလိုက်သည်။

နောက်ဆုံးတွင်တော့ နဂါးဝိညာဉ်တစ်ကောင်မှာ ရန်ကိုင်အား တုံ့ပြန်လာခဲ့လေ၏။ အရွယ်အစား အကြီးမားဆုံးသော နဂါးဝိညာဉ်သည် ခေါင်းမော့၍ ရုတ်တရက် တစ်ခုသော ဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။

ရန်ကိုင်သည်လည်း ထိုအရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။

ထိုနေရာတွင် ရန်ရှောင်မှာ ကျောက်တုံး တစ်တုံးပေါ်၌ တင်ပျဥ်ခွေ ထိုင်နေခဲ့သည်။ သူ့အမူအရာမှာ လုံးဝကို တည်ငြိမ်အေးချမ်းနေပြီး သူ ကိုယ်တိုင်မှာလည်း ဒဏ်ရာရထားသည့်ပုံ မပေါ်။ သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည်ပင်လျှင် တည်ငြိမ်နေကာ သူ့ခန္ဓာကိုယ်ပတ်လည်၌ ရောင်စုံအလင်းတန်းများ ရှိနေခဲ့လေသည်။ ထိုအလင်းတန်းများသည် ရန်ရှောင်၏ ခန္ဓာကိုယ်ထဲမှ ဝင်လိုက်ထွက်လိုက် လုပ်နေကြလေ၏။

ရန်ရှောင်၏ ပုံစံကို တစ်ခဏမျှ ကြည့်နေပြီးသည့်နောက် ရန်ကိုင်သည် အရွယ်အစား အကြီးမားဆုံးသော နဂါးဝိညာဉ်ဘက်သို့ လှည့်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်လေ၏။ "ကျုပ်ဘာလို့ သူ့ကို ခေါ်လာလဲဆိုတာကို ခင်ဗျားတို့ သိတယ်ပေါ့"

ရန်ကိုင် ဘာကြောင့် ယခုကဲ့သို့ ကောက်ချက်ချလိုက်ရသလဲဆိုသည်ကို သူကိုယ်တိုင်ပင် မသိပေ။ သို့ပါသော်ငြား လက်ရှိ ရန်ရှောင်၏ ပုံစံကို မြင်ပြီးသည့်နောက် နဂါးဝိညာဉ်များသည် ရန်ရှောင်၏ အမြုတေကို စစ်ဆေးနေခြင်း ဖြစ်ရမည်မှန်း သဘောပေါက်သွားခဲ့သည်။ ထိုအကြောင်းကြောင့်သာလျှင် ကျောင်းတော်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ရန်ရှောင်အား အခြားတစ်နေရာဆီသို့ ခေါ်သွားခြင်း ဖြစ်လေသည်။

နဂါးဝိညာဉ်များ၏ အကူအညီသာ မပါပါက ရန်ကိုင်အနေဖြင့် ရန်ရှောင် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မြင်ဖို့ရာ မဖြစ်နိုင်ပေ။

နဂါးဝိညာဉ်မှ ခေါင်းညိတ်ပြနေသည်ကို မြင်သည့်အခါ ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "သူ့အမြုတေနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်နေတယ်၊ ဒီတော့ သူ့ကို တစ်ချက်လောက် စစ်ဆေးကြည့်ပေးပါဦး"

ရန်ကိုင်မှ ထိုကဲ့သို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် အနီးပတ်လည်ရှိ ပတ်ဝန်းကျင်မှာ ရုတ်တရက်ဆိုသလို မှောင်ကျသွားခဲ့ပြီး ရန်ရှောင်မှာလည်း ရန်ကိုင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ယခုဆိုလျှင်တော့ ရန်ကိုင်မှာ စိတ်ပူနေခြင်း မရှိတော့ပေ။ နဂါးဝိညာဉ်များသည် လိုလိုလားလားနှင့် ကူညီပေးမည် ဖြစ်သည့်အတွက်ကြောင့် ရန်ရှောင်၏ အမြုတေနှင့် ပတ်သက်၍ မည်သည့်ပြဿနာမျှ မရှိမှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။ ထိုသို့သာ မဟုတ်ပါက ဤကဲ့သို့သော အထွတ်အမြတ် နေရာမျိုးကို ဝင်လာသည့် ရန်ရှောင်အား အစောကြီးကတည်းက နှင်ထုတ်နေပြီးပေလိမ့်မည်။

တစ်ချက်မျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားတို့ဆီက အကူအညီတောင်းစရာ တစ်ခု ရှိသေးတယ်၊ ကျုပ်နဂါးကလန်ရဲ့ ပညာရပ်တွေကို လေ့ကျင့်ချင်တယ်၊ ဒါပေမဲ့ ဘယ်ကနေစပြီးတော့ လေ့ကျင့်ရမှန်းမသိ ဖြစ်နေလို့"

ပုံမှန်အားဖြင့် နတ်သားရဲ အမြုတေထဲတွင် ဘိုးဘေးများ၏ အမွေအနှစ်များ ကိန်းအောင်းနေကြပေသည်။ အခွင့်အရေးသာ ရရှိလာခဲ့မည်ဆိုလျှင် နတ်သားရဲတစ်ကောင်သည် ဘိုးဘေးများ၏ မှတ်ဉာဏ်များ၊ အတွေ့အကြုံများနှင့် သိုင်းပညာရပ်များ အားလုံးကို ရရှိနိုင်သည်။ ထိုအကြောင်းကြောင့် လေ့လာသင်ယူစရာ မလိုဘဲနှင့်ပင် ထိုပညာရပ်များကို အလိုလို အသုံးချနိုင်လေ၏။

ဥပမာပြောရသော် ရန်ကိုင်သည် နဂါးဘာသာစကားအား မည်သူ့ဆီကမှ သင်ကြားခဲ့ခြင်း မရှိပေ။ သို့ပါသော်ငြား နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို လေ့ကျင့်ပြီးသည့်နောက်တွင် ထိုနဂါးဘာသာစကားအား နှစ်ပေါင်းများစွာကြာအောင် လေ့လာသင်ကြားထားခဲ့သည့်အလား အလိုလို ကျွမ်းကျင်နေကြောင်း တွေ့ရှိလိုက်ရသည်။

ရန်ကိုင် မကျေနပ်သည့် အချက်ဆို၍ နဂါးကလန်၏ သိုင်းပညာရပ်များကို အမှန်တကယ် မသင်ကြားနိုင်သေးခြင်းသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့် သူ၏ နဂါးအမြုတေနှင့် ပတ်သက်၍ တစ်ခုခုများ မှားယွင်းနေသလားဟုပင် ထင်သွားခဲ့ရသည်။

ရန်ကိုင် နဂါးကျောင်းတော်ဆီသို့ လာလိုသည့် အကြောင်းရင်းမှာလည်း ထိုသိုင်းပညာရပ်များကို လေ့လာသင်ယူလိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ အခွင့်အရေးမှာ သူ့အရှေ့တည့်တည့်တွင် ရှိနေပြီ ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ထိုအခွင့်အရေးအား မည်သည့်နည်းနှင့်မျှ လက်လွှတ်မခံနိုင်ပေ။

ရန်ကိုင်၏ တောင်းဆိုချက်ကို ကြားသော် အရွယ်အစား အကြီးမားဆုံးသော နဂါးသည် ၎င်း၏ ပါးစပ်ကို ဟ၍ အလင်းလုံးတစ်လုံးကို ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်သည်။

ရန်ကိုင်မှာ အထိတ်တလန့်နှင့် ပထမအကြီးအကဲသည် သူ့အား ဒေါသထွက်သွား၍ တိုက်ခိုက်နေသလားဟု ထင်မိသွားကာ ခုခံရန် ပြင်ဆင်လိုက်သည်။ သို့ပါသော်ငြား သေသေချာချာ ကြည့်ကြည့်လိုက်သည့်နောက် ထိုသို့မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ အလင်းလုံးထဲတွင် ပါဝင်နေသည့် အရှိန်အဝါမှာ အတော်လေးကိုမှ နက်နဲအားကောင်းလှပါသော်ငြား ထိုအလင်းလုံးဆီမှ မည်သည့် သတ်ဖြတ်လိုစိတ်မျှ ဖြာထွက်နေခြင်း မရှိခဲ့ပေ။

[ဖြစ်နိုင်တာက] ရန်ကိုင်၏ အကြည့် တောက်ပသွားခဲ့ပြီး ချက်ချင်းပဲ တင်ပျဥ်ခွေ ထိုင်ချလိုက်ကာ ခေါင်းကို ငုံ့ထားလိုက်သည်။

အလင်းလုံးမှာ ရန်ကိုင်အား ထိသွားသည်နှင့် တစ်ပြိုင်နက် အရွယ်အစား ကြီးမားလာခဲ့ပြီး ရန်ကိုင် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။ ထို့နောက်တွင် မြောက်များလှစွာသော သတင်းအချက်အလက်များ ရန်ကိုင်၏ စိတ်ထဲသို့ အရူးအမူး ဝင်ရောက်လာခဲ့လေရာ ရန်ကိုင်၏ အသိစိတ်ပင်လယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ပြီး ရန်ကိုင် ကိုယ်တိုင်မှာလည်း ခေါင်းကိုက်လာခဲ့ရသည်။

[သူသိထားတာတွေ အကုန်လုံးကို ငါ့ဆီ လွှဲပြောင်းပေးဖို့ ကြိုးစားနေတာလား] ရန်ကိုင်မှာ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး သူ့စိတ်အစုံကို သေချာတည်ငြိမ်အောင် လုပ်ကာ အလင်းလုံးထဲရှိ သတင်းအချက်အလက်များကို ...လုပ်ရာတွင်သာ အပြည့်အဝ ကြိုးစားလိုက်တော့သည်။ အချိန်အတန်ကြာသွားသည့်နောက် ရန်ကိုင်အား လွှမ်းခြုံထားသော အလင်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအလင်း အပြည့်အဝ မပျောက်ကွယ်သေးခင်မှာပင် အခြားသော နဂါးဝိညာဉ်တစ်ကောင်သည် ပထမအကြီးအကဲကဲ့သို့ပင် အလင်းစက်လုံးတစ်ခုကို ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်ပြန်လေ၏။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားခဲ့သည်။ အခြေအနေမှာ သူထင်ထားသလို ဖြစ်မနေခဲ့ပေ။ ရန်ကိုင်မှာ နဂါးကလန်၏ သိုင်းပညာရပ်များကို လေ့လာသင်ကြားလိုပါသော်ငြား နဂါးကလန်၏ ယခင် ပထမအကြီးအကဲများသည် နဂါးကလန်၏ ထိုပညာရပ်များကို ရန်ကိုင်အား သင်ပေးဖို့ရာ ဤမျှ စိတ်အားထက်သန်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။

နှစ်ကြိမ် သုံးကြိမ်လောက်ဆိုလျှင် ကိစ္စမရှိ။ သို့ပါသော်ငြား မျိုးဆက်အဆက်ဆက်မှ ပထမအကြီးအကဲများ အားလုံးမှာ ရန်ကိုင်အား သင်ကြားပေးလိုခြင်း ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ထိုသတင်းအချက်အလက် အားလုံးကို နက်နက်ရှိုင်းရှိုင်း နားလည်သွားအောင် လုပ်ဖို့ရာ အတော်လေးကိုမှ ပြဿနာများသွားလေပြီ။ သို့ပင်ဖြစ်နေလင့်ကစား ရန်ကိုင် စိတ်ထဲတွင်တော့ ကြိတ်၍ ဝမ်းသာနေမိပေသေးသည်။

မြေပြင်ထက် တင်ပျဥ်ခွေ ထိုင်နေရင်း ရန်ကိုင်၏ မျက်နှာအထက် အမျိုးမျိုးသော ခံစားချက်များ ထွက်ပေါ်နေခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ရရှိလာသမျှ သတင်းအချက်အလက် မှန်သမျှကို ရန်ကိုင်မှာ သေသေချာချာ ကြေညက်အောင် လေ့လာနေလေသည်။ မကြာခင် နာကျင်မှုတို့ ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင် ကိုယ်တိုင်မှာ ထူးဆန်းသည့် အခြေအနေတစ်ခုထဲသို့ ရောက်ရှိသွားခဲ့သည့်အလား သူ့ဘေးပတ်ပတ်လည်ရှိ မည်သည့်အရာကိုမျှ ခံစားနိုင်ခြင်း မရှိတော့ပေ။

ရုတ်တရက်ဆိုသလို ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့လေသည်။ ရန်ကိုင်၏ မျက်လုံးများမှာ အရောင်တလက်လက် တောက်ပနေခဲ့လေသည်။

ထို့နောက် ခေါင်းမော့၍ ကြည့်လိုက်ရာ အစောပိုင်းက ရှိနေခဲ့သော နဂါးဝိညာဉ်ဆယ်ကောင်မှာ ယခင်ကထက် အရောင်ပိုမှိန်နေကြောင်း တွေ့ရှိလိုက်ရသည်။ ရန်ကိုင်အား ကူညီပေးဖို့ရာ ခွန်အား အတော်လေးကိုမှ သုံးစွဲလိုက်ရမှန်း သဘောပေါက်လိုက်သော် ရန်ကိုင်က လက်သီးဆုပ်၍ ကျေးဇူးတင်စကား ဆိုလိုက်လေ၏။

နဂါးကလန်၏ နဂါးဝိညာဉ်များမှာ ခေါင်းညိတ်ပြလိုက်ကြပြီးသည့်နောက်တွင် ပြိုင်တူဟိန်းဟောက်၍ ပျောက်ကွယ်သွားကုန်ကြလေသည်။

ထို့နောက်တွင် အလွန်ပြင်းထန်သည့် ဖိအားတစ်ခု ရန်ကိုင်အား ရိုက်ခတ်လာခဲ့ပြီး ရန်ကိုင်၏ မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားခဲ့လေသည်။ ထို့နောက် သူ့ကိုယ်သူ ကျောင်းတော်အပြင်ဘက်သို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။

ထိုနေရာသို့ ရောက်လာပြီးသည့်နောက် ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ရန်ရှောင်မှာ သူ့ဘေးနားတွင် ရပ်နေကြောင်း တွေ့ရှိလိုက်ရ၏။ သို့ပါသော်ငြား ထိုကောင်လေး၏ မျက်နှာမှာ စူပုပ်ပုပ်ဖြစ်နေပြီး မျက်မှောင်မှာလည်း ကြုတ်နေခဲ့သည်။

"မင်း အဆင်ပြေရဲ့လား" ရန်ကိုင်သည် ကောင်လေး၏ ခေါင်းကို ပုတ်ပေးလိုက်၏။

ရန်ရှောင်က ခေါင်းခါ၍... "အဆင်ပြေပါတယ်"

ရန်ကိုင်တို့ ရောက်လာသည်ကို မြင်သော် ကျုယန်နှင့် အခြားသူများမှာ ချက်ချင်းပြေးလာကြလေသည်။ ရန်ရှောင်၏ စိတ်ဓာတ်ကျနေသည့် မျက်နှာကို မြင်သော် ဖုကျွင်း ရင်ထိတ်သွားခဲ့သည်။ သို့ပါသော်ငြား ရန်ရှောင်အား ဘာကိုမျှ သွားမမေးရဲခဲ့ဘဲ ရန်ကိုင်ဘက်သို့ လှည့်၍သာ မေးလိုက်လေ၏။ "အခြေအနေ ဘယ်လိုရှိလဲ"

ရန်ကိုင်က ကူကယ်ရာမဲ့စွာပြုံးလျက်... "ကျုပ် မသိဘူး"

ကျုယန်မှာ မျက်မှောင်ကြုတ်လျက်... "မင်းဘာမသိတာလဲ"

ရန်ကိုင်မှာ ကျောင်းတော်ထဲသို့ ဝင်ပြီးပြီးချင်း သူနှင့် ရန်ရှောင် မည်ကဲ့သို့ လမ်းခွဲသွားကြောင်းကို ရှင်းပြလိုက်လေသည်။ ထိုအကြောင်းကြောင့် ထိုကောင်လေး ဘာတွေဖြစ်လို့ ဖြစ်သွားမှန်း မသိပေ။ ယခု ကျောင်းတော် အပြင်ဘက်သို့ ပြန်ရောက်လာသည့်အခါမှသာလျှင် နှစ်ဦးအတူ ပြန်တွေ့ကြရခြင်း ဖြစ်သည်။

ရန်ကိုင်၏ ရှင်းပြချက်ကို ကြားပြီးသည့်နောက် ရန်ကိုင်ဆီမှ အဖြေရနိုင်လိမ့်မည် မဟုတ်မှန်း ကျုယန် သိလိုက်လေသည်။ ထို့ကြောင့် ရန်ရှောင်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "အခြေအနေ ဘယ်လိုလဲ"

ရန်ရှောင်မှာမူ ခေါင်းကိုသာ ငုံ့ထားခဲ့ပြီး တိတ်နေခဲ့သည်။ ရန်ရှောင်၏ ပုံစံကို မြင်သော် အဖြေကို လူတိုင်း သိလိုက်ကြလေသည်။

ကျုယန်မှာ အနည်းငယ် ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး တစ်ခုခု ပြောချင်နေသည့်ပုံ ပေါက်ပါသော်ငြား အဆုံးတွင်တော့ ဘာကိုမျှ မပြောနိုင်ခဲ့ဘဲ ရန်ရှောင်၏ ခေါင်းလေးကိုသာ သက်ပြင်းချ၍ ပုတ်ပေးလိုက်လေ၏။

ဖုကျွင်းကမူ သူမ ကလေး အရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း အတတ်နိုင်ဆုံး ပြုံး၍... "အဆင်ပြေတယ်နော် သား၊ သားက အမေ့သားပဲ၊ သားရဲ့ အမြုတေက မသန့်စင်တော့ရော ဘာဖြစ်လဲ၊ အမေ သားကို ဂရုစိုက်ပေးမယ်"

"အမေ၊ သားတောင်းပန်ပါတယ်" ရန်ရှောင်မှာ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ဖုကျွင်းအား ဖက်ကာ ငိုရှိုက်တော့လေသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" ရန်ကိုင်ကမူ ဇဝေဇဝါ အမူအရာဖြင့် ခေါင်းကို ကုတ်နေခဲ့သည်။ နဂါးဝိညာဉ်များမှာ ရန်ရှောင်၏ အခြေအနေကို လိုလိုလားလားနှင့် စစ်ဆေးပေးလိုသည့်အတွက်ကြောင့် ရန်ရှောင်၏ အမြုတေနှင့် ပတ်သက်၍ ပြဿနာရှိရလိမ့်မည် မဟုတ်ဟု ရန်ကိုင် ထင်သွားမိလေသည်။ သို့ပါသော်ငြား အခြေအနေမှာ အစောပိုင်းကကဲ့သို့ပင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ရှောင်သည် တကယ်ကြီး မွေးရာပါ ချို့ယွင်းချက်နှင့် မွေးဖွားလာခဲ့သည်လော။ ထိုသို့မဟုတ်ဘဲ ရန်ရှောင်အား ဥမှ အကောင်ပေါက်အောင် လုပ်ပေးနေစဉ် အတောအတွင်း ရန်ကိုင်၏ လူသားသွေးမျိုးဆက်၏ လွှမ်းမိုးခြင်း ခံလိုက်ရခြင်းပေလော။

ရန်ရှောင်၏ ပုံစံကို ကြည့်ရင်း ဖုကျွင်းမှာ အတတ်နိုင်ဆုံး ပြုံးပြနေခဲ့ပါသော်ငြား နောက်ဆုံးတွင်တော့ မထိန်းနိုင်တော့ဘဲ မျက်ရည်များ ကျလာခဲ့လေသည်။

အမေနှင့် သားမှာ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ရင်း ငိုရှိုက်နေကြသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ကျုယန်မှာလည်း စတင်၍ ဝမ်းနည်းမိလာလေသည်။ ကျုချင်းမှာ သူတို့အား မည်သို့ပင် နှစ်သိမ့်နေစေကာမူ အချည်းနှီးသာ။

နောက်ဆုံးတွင်တော့ အကုန်လုံး တည်ငြိမ်သွားခဲ့ပြီး ကျုယန်မှာ သူ့မိသားစုကို ခေါ်သွားလေသည်။

စိတ်ဓာတ်ကျနေသော ရန်ကိုင်သည် ကျုချင်းနှင့်အတူ လခြမ်းကွေးကျွန်းဆီသို့ ပြန်လိုက်လာခဲ့သည်။

အမြုတေ မသန့်စင်၍လည်း ကိစ္စမရှိဟု ရန်ရှောင်အား ပြောခဲ့ပါသော်ငြား ထိုနည်းလမ်းမှာ ရန်ရှောင်အား ယာယီပျော်လာအောင် လုပ်ပေးနိုင်သည့် နည်းလမ်းတစ်ခုသာ ဖြစ်လေသည်။ နဂါးကလန်သား တစ်ဦးသည်သာ မသန့်စင်သည့် အမြုတေအား ပိုင်ဆိုင်ထားရခြင်းမှာ မည်မျှ ဆိုးရွားကြောင်းကို သိပေလိမ့်မည်။ နောက်နောင်တွင် ရန်ရှောင်မှာ သူ၏ ကလန်သားများနှင့် ရင်ပေါင်တန်းကာ ရပ်တည်နိုင်လိမ့်မည် မဟုတ်။ သူသည် ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲ၏ ကလေး ဖြစ်ပါသော်ငြား နဂါးကလန်သားများအတွက်မူ ထာဝရ အပြင်လူတစ်ဦးသာ ဖြစ်နေပေလိမ့်မည်။

ထိုသို့ဖြစ်လေရာ ရန်ရှောင်အနေဖြင့် ရန်ကိုင်နှင့်အတူ လိုက်သွားသည်မှာ အကောင်းဆုံးသာ ဖြစ်လေသည်။ သူ့အနေဖြင့် နဂါးကျွန်းတွင် ဆက်နေဖို့ရာ မသင့်တော်ပေ။ ဆက်သာ နေနေလျှင် နဂါးကလန်၏ စည်းမျဉ်းများကို ချိုးဖောက်ရာကျနေပေလိမ့်မည်။

သို့ပါသော်ငြား ရန်ရှောင် ထိုကဲ့သို့ဖြစ်ရခြင်းမှာ မွေးရာပါ ချို့ယွင်းချက်ကြောင့်ပဲလား သူ့ကြောင့်ပဲလားဆိုသည်ကိုတော့ ရန်ကိုင်မှာ နားမလည်ပေ။

ရန်ကိုင်၏ စိတ်အခြေအနေ ယောက်ယက်ခတ်နေသည်ကို မြင်သော် ကျုချင်းမှာ ရန်ကိုင်နှင့် အတူတကွ အချိန်ဖြုန်းပေးရင်း ရန်ကိုင်၏ စိတ်အခြေအနေကို ပြန်လည် ကောင်းမွန်လာအောင် ကြိုးစားပေးခဲ့လေသည်။

All Chapters