← Chapters

အခန်း (၃၃၆၁-၃၃၆၄)

Vol. 148 Ch. 3361-3364

အခန်း (၃၃၆၁-၃၃၆၄)

Vol. 148 Ch. 3361-3364

အပိုင်း (၃၃၆၁)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်အနေဖြင့် တွေ့တွေ့ချင်း ဤအကြောင်းကို ပြောလိုက်ရခြင်းမှာ စိတ်ဝိညာဉ်သားရဲကျွန်းမှ တစ်ဆင့် ယနေ့ကိစ္စအား ရှုယာဉ်သာနန်းတော်ဆီသို့ အကြောင်းကြားလိုသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ယနေ့ ကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရသလို ယောင်လင်ကိုလည်း မကယ်ဆယ်နိုင်ခဲ့သည့်အတွက်ကြောင့် အနည်းဆုံးတော့ သတင်းပါးပေးရပေလိမ့်မည်။

ထိုအပြင် ထိုလူအိုကြီးမှာ ရန်ရှောင်အား သတ်ခါနီး ဖြစ်ခဲ့သည့်အတွက်ကြောင့် ထိုလူအိုကြီး မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို ရန်ကိုင်မှာ သိချင်မိပေသည်။

သွားနေရင်းမှ ရန်ကိုင်သည် သူ့စိတ်ထဲ သင်္ကာမကင်း ဖြစ်နေသည့် အရာများကို မေးကြည့်သည်။ လီဝူရီသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ဖြည်းဖြည်းချင်း ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ "မင်းပြောတဲ့ လူကိုတော့ ငါလည်း မသိဘူး၊ ဒါပေမဲ့ လူကိုယ်တိုင် မြင်ရမယ်ဆိုရင်တော့ သိလောက်တယ်၊ ဒီလောကကြီးမှာ မဟာဧကရာဇ်တစ်ပိုင်းတွေ အတော်များများ ရှိတယ်ဆိုပေမဲ့ ဒီလောက်ကြီး များတာတော့ မဟုတ်ဘူး"

ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင်မှာ အနည်းငယ် နောင်တရချင်သလို ဖြစ်သွားခဲ့သည်။ လီဝူရီ ထိုလူအိုကြီးကို သိလောက်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်လေ၏။ သို့ပါသော်ငြား တကယ့်တကယ်တွင်တော့ မသိခဲ့ပေ။ ထိုသို့ ဖြစ်သည်မှာလည်း အဆန်းတော့ မဟုတ်။ လီဝူရီမှာ ထိုလူအိုကြီးအား ကိုယ်တိုင်ကိုယ်ကျမှ မမြင်ရလေဘဲ။ ထိုလူအိုကြီး ရုပ်ဖျက်ထားခြင်း မဟုတ်ပါဟု မည်သူကများ ပြောနိုင်ပါမည်နည်း။

မကြာမီ ရန်ကိုင်တို့ နှစ်ဦးသည် တံတားငယ်လေးများ ရှိနေသော စံအိမ်တစ်ခုဆီသို့ ရောက်လာခဲ့သည်။ တံတားအောက်တွင် သာယာလှပသည့် စမ်းချောင်းလေး တစ်ခု ရှိနေခဲ့လေသည်။ လူတစ်ဦးမှာတော့ တံတားဘေးနားတွင် ရပ်ရင်း ငါးစာများကို ရေထဲသို့ ပစ်ချနေခဲ့လေရာ ရေထဲရှိ ငါးနီများမှာ ငါးစာများကို အလုအယက် စားသောက်နေကြသည်။

ထိုလူကြီး၏ ပုံစံကို ကြည့်လိုက်မည်ဆိုလျှင် သာမန်လူတစ်ဦးသာ ထင်ရပေသည်။ ထိုလူကြီးနှင့် ပတ်သက်၍ အနည်းငယ် ထူးခြားသည့် အချက်ဆို၍ လူကောင်ကြီးခြင်းသာ ရှိပေသည်။ သို့ပါသော်ငြား ထိုလူကြီးမှာ အခြားမဟုတ်။ ကြယ်တာရာအစုအဝေး၏ မဟာဧကရာဇ် ဆယ်ပါးအနက် တစ်ပါးအပါအဝင် ဖြစ်သော သားရဲသခင်မဟာဧကရာဇ် မိုဟွမ်သာ ဖြစ်ပေသည်။

"ပြန်ရောက်ပြီလား" မိုဟွမ်သည် ရန်ကိုင်အား တစ်ချက်ပြုံးကာ လှမ်းကြည့်လိုက်ပြီးသည့်နောက် ငါးစာ ဆက်ကျွေးနေလေ၏။

ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ စီနီယာ"

မိုဟွမ်က ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ထူးမခြားနားဟန်ဖြင့် မေးလိုက်လေ၏။ "ရှောင်ချီရော ပြန်လာပြီလား"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ပြန်ရောက်ပါပြီ၊ အခု စီနီယာကျိုဖုန်းနဲ့ စကားပြောနေတယ်"

မိုဟွမ်က ခေါင်းညိတ်ပြလိုက်လေ၏။

လီဝူရီသည် အရှေ့သို့ တက်သွားပြီး အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ "စီနီယာ ပြဿနာအချို့ ဖြစ်သွားတယ်"

မိုဟွမ် မျက်ခုံးပင့်သွားခဲ့လေသည်။ လက်ကျန် ငါးစာများကို ရေထဲသို့ ပစ်ချလိုက်ပြီးသည့်နောက် လက်ပေါ်တွင် ပေနေသော ငါးစာများကို ခါထုတ်ရင်းမှ မေးလိုက်လေ၏။ "ဘာတွေဖြစ်သွားတာမလို့လဲ၊ မင်း ကိုယ်တိုင်ကတောင် ပြဿနာလို့ ပြောနေတယ်ဆိုတော့ ပေါ့သေးသေး ပြဿနာတော့ မဟုတ်လောက်ဘူး"

ရုတ်တရက်ဆိုသလို နဂါးကျွန်းပေါ်တွင် တစ်ခုခုဖြစ်သွားမည်ကို မိုဟွမ်မှာ စိတ်ပူလာမိလေသည်။

လီဝူရီက ပြန်၍ ပြောလိုက်၏။ "ယောင်လင်ကို ဘယ်သူမှန်း မသိရတဲ့ လူတစ်ဦးက ဖမ်းသွားလို့ပါ ဆရာ၊ ပြီးတော့ သူ့အစောင့်တွေ အကုန်လုံးလည်း အသတ်ခံထားရတယ်"

ထိုစကားကို ကြားသော် မိုဟွမ် မျက်မှောင်ကြုတ်သွားလေ၏။ "ယောင်လင်၊ ယောင်ကျွင်းရဲ့ သမီးလား"

"ဟုတ်ပါတယ်"

မိုဟွမ်က ပြန်မေးလေ၏။ "မင်း ဘယ်လိုသိတာလဲ"

လီဝူရီက ရှင်းပြလိုက်သည်။ "ရန်ကိုင် ဒီကိုလာနေတော့ အဲဒီလူနဲ့ တွေ့ခဲ့တာပါ၊ သခင်မလေးလည်း အဲဒီမှာရှိပါတယ်၊ ကြည့်ရတာတော့ တိုက်ခိုက်သွားတဲ့လူက မဟာဧကရာဇ်တစ်ပိုင်းပဲ"

မိုဟွမ် ပို၍ သိချင်မိသွားလေသည်။ "မဟာဧကရာဇ်တစ်ပိုင်း"

မဟာဧကရာဇ်တစ်ပိုင်းများမှာ အတော်လေးကိုမှ အားကောင်းလှပါသော်ငြား မည်သည့် မဟာဧကရာဇ်တစ်ပိုင်းကများ မဟာဧကရာဇ်တစ်ပါး၏ သမီးကို တိုက်ခိုက်ရဲပါမည်နည်း။ ယောင်လင်မှ လွန်လွန်ကျူးကျူး တစ်ခုခု လုပ်ခဲ့မည်ဆိုလျှင်ပင် အများဆုံးမှာ အပြစ်ပေးခံရရုံသာ ရှိပေလိမ့်မည်။ သို့ပါသော်ငြား သူမ၏ အစောင့်များကို သတ်၍ သူမအား ဖမ်းဆီးခြင်းသည် ယောင်ကျွင်းအား ရန်စလိုက်ခြင်းသာ ဖြစ်ပေသည်။

"မင်း သေချာလား" မိုဟွမ်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။

လီဝူရီသည် ရန်ကိုင်ကို ကြည့်လိုက်ရာ ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်၍ ပြောလိုက်သည်။ "ဂျူနီယာ သေချာပါတယ်၊ ယောင်လင်ဆိုတာ လုံးဝသေချာတယ်၊ ရှောင်ချီလည်း ယောင်လင်မှန်း သိတယ်"

ရန်ကိုင်မှ သူ၏ အချစ်တော်သမီးလေးအား တရင်းတနှီးနှင့် ခေါ်နေသည်ကို ကြားသည့်အခါ မိုဟွမ်၏ နှုတ်ခမ်း မဲ့သွားခဲ့သည်။ ထို့နောက် ရန်ကိုင်အား အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် စိုက်ကြည့်နေလေ၏။

လီဝူရီကမူ ချောင်းဟန့်၍ ဝင်ဖြတ်ပြောလိုက်သည်။ "ဒီကိစ္စကို ရှုယာဉ်သာနန်းတော်ဆီ အကြောင်းကြားသင့်လား"

မိုဟွမ်က ခေါင်းညိတ်ပြလိုက်သည်။ "အင်း၊ အကြောင်းကြားရမယ်၊ နားလည်မှု လွဲတာလေးဆိုရင် ကိစ္စမရှိပေမဲ့ တကယ်ကြီး ပြဿနာတွေ ဖြစ်သွားတာဆိုရင်တော့ ယောင်ကျွင်းအိုကြီး စောစောသိလေ ပိုကောင်းလေပဲ"

ထိုသို့ ပြောပြီးသည့်နောက် မိုဟွမ်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်၍ ထိုအထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်သည်။ ထို့နောက်တွင် ကျောက်စိမ်းပြားအား ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်လိုက်ရာ လေဟာနယ်နိယာမတို့ အသက်ဝင်လာခဲ့ပြီး ကျောက်စိမ်းပြားမှာ အားလုံး၏ မြင်ကွင်းမှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

ထိုအချင်းအရာကို မြင်လိုက်သည့်အခါ မိုဟွမ်နှင့် ယောင်ကျွင်းတို့မှာ လီဝူရီ၏ လေဟာနယ်မှတ်တိုင်များကို သုံး၍ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နေခြင်းဖြစ်မှန်း ရန်ကိုင် သဘောပေါက်သွားခဲ့လေ၏။ ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့ မဟုတ်။ မဟာဧကရာဇ် နှစ်ပါးစလုံးသည် အရှေ့ဘက်နယ်မြေထဲတွင် ရှိနေကြခြင်းပင် မဟုတ်လေလော။ ထိုအကြောင်းကြောင့် တစ်ဦးနှင့် တစ်ဦး ထိုကဲ့သို့သော နည်းလမ်း သုံး၍ ဆက်သွယ်ကြသည်မှာ သဘာဝသာ ဖြစ်လေသည်။

ထို့နောက်တွင် မိုဟွမ်သည် ရန်ကိုင်ကို ကြည့်၍ မေးလိုက်လေ၏။ "နဂါးကျွန်းမှာ ပုံမှန်မဟုတ်တာ တစ်ခုခု ဖြစ်သွားသေးလား"

မိုဟွမ် ဘာကို မေးချင်နေသလဲဆိုသည်ကို သဘောပေါက်သည့်အလား ရန်ကိုင်သည် ချက်ချင်းပဲ ပြန်၍ ပြောလိုက်သည်။ "အကုန်လုံး အဆင်ပြေပြေ ပြီးသွားပါတယ်၊ တတိယအကြီးအကဲကလည်း အေးအေးချမ်းချမ်းပဲ ရှိနေပါတယ်၊ ရှောင်ချီ သွားတွေ့တုန်းကလည်း အဆင်ပြေပြေပါပဲ"

ထိုစကားကို ကြားသည့်အခါမှ မိုဟွမ်၏ အမူအရာ ပြေလျော့သွားခဲ့ပြီး ပြုံး၍... "အဲဒါတော့ တကယ် သတင်းကောင်းပဲ"

ထို့နောက် ထပ်၍ မေးလိုက်လေသည်။ "မင်းကိုရော ပြဿနာရှာသေးလား" ဖုရွှမ်းနှင့် ကျုချင်းတို့၏ ကံတရားမှာ ဆက်နွှယ်နေသည်ဆိုပါက မိုဟွမ်နှင့် ရန်ကိုင်တို့၏ အခြေအနေမှာလည်း အတူတူဖြစ်သည်ဟု ပြော၍ ရပေသည်။ နှစ်ဦးစလုံးသည် နဂါးမလေးများကို လက်ထပ်ထားကြပြီး နဂါးကျွန်းမှာ နှစ်ဦးစလုံးကို ကြည့်၍ မရပေ။

ရန်ကိုင်က သူ့နှာခေါင်းကို ပွတ်ရင်းမှ ပြန်ပြောလိုက်သည်။ "အစပိုင်း သိပ်ပြီးတော့ အဆင်မပြေဘူးဆိုပေမဲ့ အခုတော့ နားလည်မှုလွဲတာတွေ အကုန် ဖြေရှင်းလို့ပြီးသွားပြီ"

မိုဟွမ်သည် အံ့သြတကြီးဖြင့်... "ဖြေရှင်းလို့ပြီးသွားပြီ၊ မင်း ဘာပြောချင်တာလဲ" သူသည် မဟာဧကရာဇ်တစ်ပါး ဖြစ်ပါသော်ငြား ရန်ကိုင် ပြောသည့် စကားကို ကြားပြီးသည့်နောက် အံ့အားသင့်မိသွားပေသေးသည်။

ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "ဖြေရှင်းလို့ပြီးသွားတာလေ"

မိုဟွမ်သည် ရန်ကိုင်အား ကြည့်၍ ထပ်မေးလိုက်သည်။ "နဂါးကျွန်းက မင်းကို လုံးဝ ရန်မလိုတော့ဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်"

ရန်ကိုင်က ချောင်းဟန့်ရင်းမှ... "အစပိုင်းတုန်းကတော့ ကျုပ်ကို သိပ်ပြီးတော့ ကြည့်မရဘူး၊ ဒါပေမဲ့ နောက်ပိုင်းကျလည်းကျရော ကျုပ်ကို တော်တော်လေး နွေးနွေးထွေးထွေး ဆက်ဆံလာတယ်"

[နွေးနွေးထွေးထွေး] ထိုစကားကို ကြားသည့်အခါ မိုဟွမ် မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။ ရန်ကိုင် ပြောသည့် စကားနှင့် ပတ်သက်၍ သူ့ခမျာ အမှန်တကယ်ကို အံ့အားသင့်သွားရခြင်း ဖြစ်သည်။

လီဝူရီမှာလည်း ရန်ကိုင်အား ထူးထူးဆန်းဆန်း အမူအရာဖြင့် ကြည့်နေလေ၏။

နွေးနွေးထွေးထွေးဟူသည့် စကားမှာ လူပေါင်းများစွာအတွက် ဆိုလိုပါသော်ငြား နဂါးကလန်အတွက်မူ မဟုတ်ပေ။

[နဂါးကလန်က ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို နွေးနွေးထွေးထွေး ဆက်ဆံရမှာလဲ] မိုဟွမ် ကိုယ်တိုင်မှာ ဖုရွှမ်းနှင့် ကလေးတစ်ဦး ရသွားသည့်အတွက်ကြောင့် မဟာဧကရာဇ်တစ်ပါးပင် ဖြစ်လင့်ကစား နဂါးကျွန်း၏ အမဲလိုက်တိုက်ခိုက်ခဲ့ခြင်း ခံခဲ့ရသည်။ နဂါးကျွန်းသည် စိတ်ဝိညာဉ်သားရဲကျွန်းအား အင်အားအပြည့်ဖြင့် တိုက်ခိုက်ရန်ပင် လုပ်ခဲ့ပေသေးသည်။ ရန်ကိုင်မှာ တက်သစ်စကြယ်ပွင့်တစ်ဦး ဖြစ်ပါသော်ငြား ဂျူနီယာတစ်ဦးသာ ဖြစ်ပေသေးသည်။ ရန်ကိုင်နှင့် ယှဉ်လိုက်သော် မိုဟွမ်မှာ အဆပေါင်းများစွာ ပိုမိုအားကောင်းသလို ပို၍လည်း အဆင့်အတန်း မြင့်ပေသည်။ ထိုသို့ဖြစ်လေရာ မိုဟွမ်ကဲ့သို့သော မဟာဧကရာဇ်တစ်ဦးသည်ပင်လျှင် နဂါးကျွန်း၏ ရန်လိုခြင်း ခံနေရချိန် ရန်ကိုင်မှာ နဂါးကျွန်း၏ မည်ကဲ့သို့များ နွေးနွေးထွေးထွေးနှင့် ဆက်ဆံခြင်း ခံရပါလေသနည်း။

[ဖုကျွင်းက ပြောရဆိုရလွယ်တဲ့ လူတော့ မဟုတ်ပါဘူး]

ရန်ကိုင်မှာ မိုဟွမ် မယုံသင်္ကာ ဖြစ်နေသည်ကို အလွယ်တကူ ရှင်းပြလိုက်၍ ရပေသည်။ သို့ပါသော်ငြား ထိုသို့ရှင်းပြဖို့ရာ အချိန်ကုန် လူပင်ပန်းရလိမ့်မည် ဖြစ်သည့်အတွက်ကြောင့်... "အကြောင်းစုံကို ရှောင်ချီ သိတယ်၊ စီနီယာအားရင် ရှောင်ချီကို သွားမေးလို့ရတယ်" ရန်ကိုင်မှာ သေသေချာချာ ရှင်းပြရမည်ဆိုလျှင် ရန်ရှောင် ကိစ္စပါ ပါလာပေလိမ့်မည်။ ထိုသို့သာဆိုလျှင် ဇာတ်လမ်း ရှည်သွားရပေလိမ့်မည်။

ထိုအခိုက်အတန့်မှာပင် လေဟာနယ်နိယာမတို့ လှုပ်ခတ်သွားခဲ့သည်။ သုံးဦးစလုံး ထိုအချက်ကို အာရုံခံမိလိုက်ကြပြီး မိုဟွမ်မှာ ချက်ချင်းပဲ လေထဲ ဗြုန်းစားကြီး ပေါ်လာသည့် ကျောက်စိမ်းပြားတစ်ပြားကို လှမ်းဖမ်းလိုက်သည်။ ထိုကျောက်စိမ်းပြားမှာ မိုဟွမ် အစောပိုင်းက ပို့လိုက်သည့် ကျောက်စိမ်းပြားနှင့် မတူပေ။

ထိုကျောက်စိမ်းပြားမှာ ရှုယာဉ်သာမဟာဧကရာဇ်၏ ကျောက်စိမ်းပြားသာ ဖြစ်ပေသည်။

ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာကို စစ်ဆေးကြည့်ပြီးသည့်နောက် မိုဟွမ်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ "ယောင်လင် တကယ်ကြီး အဖမ်းခံလိုက်ရပြီ"

"စီနီယာ ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ" လီဝူရီက ပြန်မေးလိုက်သည်။

မိုဟွမ်သည် ကျောက်စိမ်းပြားအား ဖျက်ဆီးပစ်လိုက်ပြီးသည့်နောက် ခေါင်းခါ၍... "ယောင်ကျွင်း ယောင်လင်ရော သူ့အစောင့်တွေရောကို ဆက်သွယ်လို့ မရဘူး"

ယောင်ကျွင်း ကိုယ်တိုင် ယောင်လင်အား ဆက်သွယ်၍ မရသည်ကို ကြည့်လျှင် ယောင်လင်အတွက် အခြေအနေ မကောင်းသည်မှာ သိသာလှပေသည်။ ရန်ကိုင် အစောပိုင်းက ပြောသွားခဲ့သည့် အကြောင်းအရာနှင့်ပါ ထပ်ပေါင်း၍ သုံးသပ်လိုက်သော် ယောင်လင် ဖမ်းဆီးခံရသည်မှာ လုံးဝကို သေချာသွားရတော့သည်။

"မင်းမှာ အရေးတကြီး လုပ်စရာတွေ ရှိလား" မိုဟွမ်သည် ရန်ကိုင်ကို ကြည့်၍ မေးလိုက်သည်။

မိုဟွမ် ဘာကြောင့် ယခုကဲ့သို့ မေးလာရသလဲဆိုသည်ကို မသိပါသော်ငြား ရန်ကိုင်က ခေါင်းခါ၍ ပြောလိုက်သည်။ "အခုလောလောဆယ်တော့ ဘာအရေးတကြီးကိစ္စမှ မရှိသေးပေမဲ့ အရှေ့ဘက်နယ်မြေကို လာတဲ့ကိစ္စ ပြီးသွားပြီဆိုတော့ မြောက်ဘက်နယ်မြေဆီ ပြန်ဖို့လုပ်နေတာ"

မိုဟွမ်က ခေါင်းညိတ်၍... "အလျင်မလိုသေးဘူးဆိုရင် ဒီမှာနည်းနည်းလောက် ထပ်နေသွားလိုက်ဦး၊ ရှုယာဉ်သာနန်းတော်က လူအချို့ လာပြီးတော့ မင်းကို နည်းနည်းပါးပါး မေးခွန်းမေးလိမ့်မယ်"

ယောင်လင် ပြန်ပေးဆွဲခံလိုက်ရသည့် ကိစ္စမှာ အလွန်ကိုမှ အရေးကြီးပေသည်။ ထိုကိစ္စကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည့် လူတစ်ဦး ဖြစ်သည်နှင့်အညီ ရှုယာဉ်သာဝိညာဉ်နန်းတော်သည် ရန်ကိုင်အား ယောင်လင် ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ မေးခွန်းများကို မေးမြန်းပေလိမ့်မည်။ ရန်ကိုင်မှာလည်း ထိုအချက်ကို သဘောပေါက်ထားသည့်အလျောက် ချက်ချင်းပဲ သဘောတူလိုက်လေ၏။ "ရတယ်လေ"

ရန်ကိုင် ကိုယ်တိုင်ကလည်း စိတ်ဝိညာဉ်သားရဲကျွန်းပေါ်တွင် ရက်နည်းနည်းလောက် နေသွားရန် စဉ်းစားထားခြင်း ဖြစ်လေသည်။ ပထမဦးစွာ ဤနေရာရှိ ရှုခင်းများကို ခံစားကြည့်ရန် ဖြစ်ပြီး ဒုတိယတစ်ချက်မှာတော့ ဤနေရာ၌ ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းရန် ဖြစ်လေသည်။ ဤနည်းဖြင့် နောက်ပိုင်း စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ လာလိုသည့်အခါဖြစ်စေ စိတ်ဝိညာဉ်သားရဲကျွန်းမှ လူများအနေဖြင့် နဂါးကျွန်းဆီသို့ သွားလိုသည့်အခါဖြစ်စေ အလွယ်တကူ သွားလာနိုင်ပေလိမ့်မည်။

မိုဟွမ်အား နှုတ်ဆက်ပြီးသည့်နောက်တွင် လီဝူရီသည် ရန်ကိုင်အား ပင်လယ်နားတွင် ရှိနေသော ခြံဝန်းတစ်ခုဆီသို့ ခေါ်သွားပေးလေသည်။ ထိုခြံဝန်းမှာ အတော်လေးကိုမှ နေရာကျယ်ဝန်းလှကာ ပတ်ဝန်းကျင်ရှုခင်းမှာလည်း လှပလှပေသည်။ ရန်ကိုင်အနေဖြင့် ကမ်းခြေနားတွင် အေးအေးဆေးဆေး အနားယူရင်း ဒီရေလှိုင်းလုံးများကို ထိုင်ကြည့်နိုင်ပေသည်။

နောက်တစ်နေ့တွင် ရန်ကိုင်သည် မိုရှောင်ချီနှင့်အတူ စိတ်ဝိညာဉ်သားရဲကျွန်းအနှံ့ လိုက်လံလှည့်ပတ်ကြည့်လေသည်။ ကျွန်း၏ အရွယ်အစားမှာ အတော်လေးကိုမှ ကြီးမားလှကာ ကျွန်းတစ်ခုလုံးကိုလည်း ဧရာမ စိတ်ဝိညာဉ်အစီအရင်ကြီး တစ်ခုမှ လွှမ်းခြုံထားခဲ့သည်။ ထိုအကြောင်းကြောင့် အပြင်လူများအနေဖြင့် စိတ်ဝိညာဉ်သားရဲကျွန်းအား ရှာတွေ့နိုင်လိမ့်မည် မဟုတ်ဘဲ စိတ်ဝိညာဉ်သားရဲကျွန်း၏ တည်နေရာကို သိထားသည့် လူများသည်သာ ဤနေရာသို့ လာနိုင်ကြပေလိမ့်မည်။

ကျွန်းပေါ်ရှိ မိုးမြေစွမ်းအင်မှာ အလွန်ကိုမှ သိပ်သည်းလှသလို ရှားပါးလှသည့် သားရဲများကိုလည်း မကြာမကြာ ကျွန်းအနှံ့တွင် မြင်တွေ့နိုင်ပေသည်။

သားရဲသခင်မဟာဧကရာဇ်သည် သားရဲထိန်းကျောင်းခြင်း တာအိုကို လိုက်စားသည့် မဟာဧကရာဇ်တစ်ပါး ဖြစ်သည့်အလျောက် ဤနေရာတွင် မွန်းစတားသားရဲများ ရှားပါးနေခြင်း မရှိချေ။ စိတ်ဝိညာဉ်သားရဲကျွန်းတွင် ကိုယ်ပိုင် သားရဲရှာသူများ ရှိကြပြီး ထိုသားရဲရှာသူများသည် ကြယ်တာရာအစုအဝေးအနှံ့ ရှားပါးသည့် သားရဲများကို လိုက်လံရှာဖွေကြလေသည်။ ယနေ့တွင် စိတ်ဝိညာဉ်သားရဲကျွန်း၌ နေထိုင်နေသည့်လူ များများစားစား မရှိကြပါသော်ငြား မွန်းစတားသားရဲ အရေအတွက်မှာတော့ အနည်းဆုံး ရှစ်ရာခန့် ရှိနေလေသည်။ ထိုမွန်းစတားသားရဲ တစ်ကောင်ချင်းစီမှာလည်း ထူးခြားလှသည့် မွန်းစတားသားရဲများ ဖြစ်ကြသည်။

ထိုမွန်းစတားသားရဲ အားလုံးမှာ အတော်လေးကိုမှ အသိဉာဏ်ရည် မြင့်မားလှကြပြီး မိုရှောင်ချီနှင့် အထူးတလည် ရင်းနှီးကြပေသည်။ ပို၍ အံ့အားသင့်ဖွယ်ကောင်းသည့် အချက်မှာ မိုရှောင်ချီသည် ထိုမွန်းစတားသားရဲ တစ်ကောင်ချင်းစီတိုင်းအား နာမည်တစ်ခုစီ ပေးထားခဲ့ပြီး ထိုနာမည်အားလုံးကို မှတ်မိနေခြင်းပင်။

စိတ်ဝိညာဉ်သားရဲကျွန်းပေါ်တွင် ရှိနေသည့် မွန်းစတားသားရဲများအနက် ရန်ကိုင် အထင်ကြီးရဆုံးမှာတော့ ခုနစ်ရောင်ခြယ်သမင် ဖြစ်ပေသည်။ အခြားသော မွန်းစတားသားရဲများနှင့် ယှဉ်လိုက်သော် ဤခုနစ်ရောင်ခြယ်သမင်မှာ အတော်လေးကိုမှ အကောင်သေးလှကာ ဆယ်မီတာခန့်လောက်သာ အမြင့်ရှိ၏။ သို့ပါသော်ငြား ဤခုနစ်ရောင်ခြယ်သမင်သည် နတ်သားရဲတစ်ကောင် ဖြစ်သော ကိုးရောင်ခြယ်သမင်၏ မျိုးဆက်ဖြစ်သဖြင့် အတော်လေးကိုမှ ထူးခြားလှသည်ဟု ပြော၍ ရသည်။

ကျွန်းတစ်ခွင် လိုက်ပတ်ကြည့်ပြီးသည့်နောက် စိတ်ဝိညာဉ်သားရဲကျွန်း၏ အခြေအနေကို ရန်ကိုင်မှာ အကြမ်းဖျင်း သဘောပေါက်သွားခဲ့ရသည်။ အပေါ်ယံ ကြည့်လိုက်မည်ဆိုလျှင် စိတ်ဝိညာဉ်သားရဲကျွန်းပေါ်၌ ပညာရှင် များများစားစား မရှိပါသော်ငြား တကယ့်တကယ်တွင်မူ ဤကျွန်းပေါ်၌ ရှိနေကြသော မွန်းစတားသားရဲ တစ်ကောင်ချင်းစီတိုင်းသည် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားကြသည့် ပညာရှင်များ ဖြစ်ကြပေသည်။ ကျွန်းပေါ်တွင် နှစ်ရက်ကြာအောင် အချိန်ဖြုန်းပြီးသည့်နောက်တွင် လီဝူရီသည် ရန်ကိုင် ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းနိုင်ရန်အတွက် ရန်ကိုင်အား သင့်တော်သည့် နေရာတစ်ခုဆီသို့ ခေါ်သွားပေးလေ၏။

မူလကမူ လီဝူရီသည် သူကိုယ်တိုင် ဟင်းလင်းပြင်အစီအရင် ခင်းကျင်းသည်ကို ရန်ကိုင်အား ထိုင်ကြည့်စေကာ ပြင်ဆင်ခိုင်းစေလိုခဲ့သည်။ သို့ပါသော်ငြား ထိုကဲ့သို့ လုပ်လိုက်မည်ဆိုလျှင် လီဝူရီ ခင်းကျင်းလိုက်သည့် ဟင်းလင်းပြင်အစီအရင်သည် ရန်ကိုင် ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်များနှင့် ဆက်သွယ်နိုင်တော့လိမ့်မည် မဟုတ်။ ထိုအကြောင်းကြောင့် လီဝူရီမှာလည်း ရွေးချယ်စရာ မရှိတော့ဘဲ ရန်ကိုင် ကိုယ်တိုင်ကိုသာ ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းစေရတော့သည်။

ယခင်တစ်ကြိမ်က ကောင်းကင်ဝံပုလွေ‌တောင်ကြားထဲ၌ လီဝူရီသည် ရန်ကိုင်မှာ ဟင်းလင်းပြင်အစီအရင် တစ်ခုအား ခင်းကျင်းသည်ကို မြင်တွေ့ခွင့်ရခဲ့သည်။ ယခုအကြိမ်မှာ ဒုတိယအကြိမ် ဖြစ်ပေသည်။ နှစ်ဦးစလုံးမှာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားကြသူများ ဖြစ်ကြသလို ဟင်းလင်းပြင်အစီအရင်များနှင့် လေဟာနယ်မှတ်တိုင်များ အကြားဝယ် တူညီသည့် အချက်များစွာ ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှ ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းပြီးသွားချိန် လီဝူရီမှာ ဟင်းလင်းပြင်အစီအရင်အား အတော်လေးကိုမှ ကျွမ်းကျင်နေလေပြီ။ နောက်နောင်တွင် လီဝူရီသည် ရန်ကိုင်ကဲ့သို့ပင် ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းနိုင်ပြီး ကြယ်တာရာအစုအဝေး၌ လျှောက်ပတ်သွားနိုင်ပေလိမ့်မည်။

သို့ပါသော်ငြား ဟင်းလင်းပြင်အစီအရင်နှင့် လေဟာနယ်မှတ်တိုင် နှစ်ခုအနက် မည်သည့်အရာက ပိုကောင်းသလဲဆိုသည်မှာတော့ ပြောရခက်လှသည်။ ဟင်းလင်းပြင်အစီအရင်သည် လူပေါင်းများစွာကို တစ်ပြိုင်တည်း ပို့ဆောင်ပေးပါသော်ငြား ခင်းကျင်းဖို့ရာ မလွယ်ကူလှပေ။ လေဟာနယ်မှတ်တိုင်မှာမူ သန့်စင်ရ လွယ်ကူလှပါသော်ငြား ဟင်းလင်းပြင်အစီအရင်ကဲ့သို့ အသုံးပြုဖို့ရာ မလွယ်ကူနေဘဲ ကန့်သတ်ချက်များစွာ ရှိနေပေသည်။

ရန်ကိုင် စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ ရောက်ပြီး ငါးရက်မြောက်နေ့တွင် ရှုယာဉ်သာနန်းတော်မှ လူများ ရောက်ရှိလာခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၆၂)

ဘာသာပြန်သူ_တိမ်တိုက်

သတင်းကြားကြားချင်း ရန်ကိုင်သည် မိုရှောင်ချီနှင့်အတူ အဓိကခန်းမဆီသို့ အပြေးအလွှား သွားလေသည်။ ထိုနေရာသို့ မရောက်သေးခင်မှာပင် ခန်းမအပြင်ဘက်၌ ရပ်စောင့်နေသော ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦးကို တွေ့လိုက်ရ၏။ ထိုလူများဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အနည်းငယ် မှုန်မှုန်ထိုင်းထိုင်း ဖြစ်နေလေသည်။ ရန်ကိုင်မှာ ထိုအရှိန်အဝါကို ရင်းနှီးနေသလို ခံစားလိုက်ရ၏။

တစ်ချက်မျှစဉ်းစားကြည့်လိုက်ပြီးသည့်နောက် ထိုအရှိန်အဝါကို မရဏဂိုဏ်းမှ ကျင့်ကြံသူများဆီမှ ခံစားခဲ့ရဖူးခြင်းမှန်း သဘောပေါက်သွားခဲ့သည်။ ထိုကျင့်ကြံသူနှစ်ဦးမှာ ရှုယဉ်သာနန်းတော်ဆီမှ လာသည့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ရမည်မှန်းလည်း ချက်ချင်း နားလည်သွားခဲ့လေသည်။ သို့ပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦး တံခါးပေါက်အား စောင့်ကြပ်နေရသည်ကို ကြည့်လျှင် ရှုယဉ်သာနန်းတော်မှလာသည့်လူမှာ အတော်လေးကိုမှ အဆင့်အတန်းမြင့်မားရပေလိမ့်မည်။

ရှုယဉ်သာမဟာဧကရာဇ်ကိုယ်တိုင် လာခဲ့ခြင်းပေလော။ ထိုကဲ့သို့စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။

ရှင်းရှင်းပြောရသော် ရှုယဉ်သာမဟာဧကရာဇ်သာ ရောက်လာခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် မဟာဧကရာဇ်နှင့် မည်ကဲ့သို့ တွေ့လို့တွေ့ရမှန်းကို သေချာမပြောတတ်ပေ။ တကယ်တော့ သူသည် ယောင်လင်အား သတ်မိခါနီး ဖြစ်သွားခဲ့ဖူးသည်မဟုတ်ပေလော။

ရှုယဉ်သာမဟာဧကရာဇ်၏ ဝိဉာဉ်ကိုယ်တိုင် သတ်ဆင်းလာခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက ထိုနေရာရှိပြဿနာမှာ အလွယ်တကူနှင့် ကြေအေးသွားခဲ့လိမ့်မည်မဟုတ်ပေ။ သို့ပါသော်ငြား ရန်ကိုင်၏လုပ်ရပ်မှာ မဟာဧကရာဇ်အား ရန်စမိလိုက်သလို ဖြစ်သွားခဲ့သည်။

ရန်ကိုင်မှာ ယောင်လင်အား အမှန်တကယ် မသတ်ချင်ခဲ့ပေ။ သူ၏ရည်ရွယ်ချက်မှာ ဆွေးနွေးလို့ရမည့်လူတစ်ဦးကို ဆွဲခေါ်ချင်ရုံသာရှိပေသည်။ သို့ပါသော်ငြား ယောင်လင်အား အမှန်တကယ်ကြီး သတ်မိသွားခဲ့မည်ဆိုလျှင်လည်း ဂရုမစိုက်။ ထိုနေ့ကအဖြစ်အပျက်သည် သူ့အပြစ်မှမဟုတ်လေပဲ။ သူ့အား တမင်သက်သက် ပြဿနာလာရှာသော ယောင်လင်၏အပြစ်သာ ဖြစ်လေသည်။ ရှုယဉ်သာမဟာဧကရာဇ်သည်သာ ကျိုးသင့်ကြောင့်သင့် စဉ်းစားတတ်သူတစ်ဦးဖြစ်ပါက ရန်ကိုင်အား အကြောင်းအရင်းမရှိ လာအပြစ်တင်နေလိမ့်မည်မဟုတ်ပေ။ သို့ပါသော်ငြား သူ့သမီးအား တကယ်ကြီးသတ်လိုက်မည်ဆိုလျှင်တော့ ရှုယဉ်သာမဟာဧကရာဇ်သည် ကျိုးသင့်ကြောင်းသင့် စဉ်းစားနေလိမ့်မည်မဟုတ်ဘဲ ရန်ကိုင်အား ကျိန်းသေ အလွတ်ပေးလိမ့်မည်မဟုတ်ပေ။

စိတ်ကိုပြင်ဆင်ပြီးသည့်နောက် ရန်ကိုင်သည် ခန်းမထဲသို့ လျှောက်ဝင်သွားလိုက်သည်။

ခန်းမထဲဝယ် လီဝူရီသည် တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးနှင့် စကားပြောနေသည်။ ထိုအမျိုးသမီးသည် အေးစက်စက်မျက်နှာထားနှင့် ကျောပြင်တစ်လျှောက် ပြန့်ကျဲကျနေသော ဆံပင်ရှည်များကို ပိုင်ဆိုင်ထားခဲ့သည်။ သူမကိုယ်တိုင်ကမူ အစိမ်းဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ကျော့ရှင်းတင့်တယ်သည့် အသွင်အပြင်ကို ပိုင်ဆိုင်ထားပေသည်။ သူမ၏ မို့မောက်မောက်ရင်အစုံနှင့် ခါးထက်ဝယ် တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသော ဖဲကြိုးနှင့်ပါ ပေါင်းလိုက်သော် ထိုအမျိုးသမီးသည် အသက်သုံးဆယ်လောက် ရှိနေလင့်ကစား အမျိုးသားတိုင်း၏ရင်အစုံကို ဗလောင်ဆူသွားအောင်လုပ်နိုင်သည့် လှသွေးကြွယ်သော မိန်းမချောလေးတစ်ဦး ဖြစ်နေခဲ့လေသည်။

ထိုအမျိုးသမီး၏နောက်တွင်မူ ဆံပင်အညိုရောင်နှင့် အဘွားကြီးတစ်ဦး ရှိနေခဲ့သည်။

သက်လတ်ပိုင်းအမျိုးသမီးဖြစ်စေ အဘွားကြီးဖြစ်စေ နှစ်ဦးစလုံးသည် ဧကရာဇ်အဆင့်ပညာရှင်များဖြစ်ကြသည်။ အမျိုးသမီးမှာ ဧကရာဇ်တတိယအဆင့်ပညာရှင်ဖြစ်ပြီး အဘွားကြီးမှာတော့ ဧကရာဇ်ဒုတိယအဆင့် ဖြစ်ပေသည်။

ရန်ကိုင် ခန်းမထဲသို့ ဝင်လာချိန်တွင် အေးစက်စက်မျက်နှာထားဖြင့်အမျိုးသမီး၏ ပုံစံမှာ အနည်းငယ် ဒေါသထွက်နေသည့်ပုံစံမျိုး ပေါက်နေခဲ့သည်။ သူမကြည့်ရသည်မှာ စိတ်မရှည်သည့်ပုံစံမျိုးပင်။ လီဝူရီကို စကားပြောရာတွင်ပင် အနည်းငယ်မျှပင် တလေးတစားလုပ်မနေခဲ့ဘဲ မောက်မာဝံ့ကြွားသည့်ပုံစံမျိုးဖြင့် ပြောနေခဲ့သည်။

ရန်ကိုင်ဝင်လာသည်ကိုမြင်သော် သက်လတ်ပိုင်းအမျိုးသမီးနှင့် အဘွားကြီးတို့နှစ်ဦးစလုံး ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။

ရန်ကိုင်မှာ ချက်ချင်းဆိုသလို နေမထိထိုင်မသာ ဖြစ်သွားခဲ့ရလေ၏။

တစ်ချိန်တည်းတွင်လည်း နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကျုံ့သွားခဲ့သည်။ ထိုအမျိုးသမီးနှစ်ဦးကို သူမသိသည်မှာ သေချာပေသည်။ သို့ပါသော်ငြား ထိုအမျိုးသမီးနှစ်ဦးမှာ ဘာကြောင့်များ သူ့အပေါ် ရန်လိုနေရလေသနည်း။

(ငါနဲ့ ရန်ငြိုးရန်စ ရှိလို့လား…) ရန်ကိုင် စိတ်ထဲမှကြိတ်ကာ တွေးလိုက်သည်။

“ရန်ကိုင်… ရောက်လာပြီလား…” လီဝူရီသည် ရန်ကိုင်ဘက်သို့ လှည့်လာခဲ့သည်။

ရန်ကိုင်က ချက်ချင်း လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ “မင်္ဂလာပါ စီနီယာ…”

လီဝူရီက ခေါင်းညိတ်လိုက်ပြီးသည့်နောက် အမျိုးသမီးနှစ်ဦးကို မိတ်ဆက်ပေးလိုက်လေ၏။ “ဒါက ရှုယဉ်သာနန်းတော်က မဒမ်ရုန်ပဲ… ယောင်လင်ရဲ့အမေပေါ့… မဒမ်ရုန်က အဲ့နေ့တုန်းက မင်း ဘာတွေမြင်လိုက်လဲဆိုတာကို သေချာမေးချင်နေတာ… မင်း အမှန်အတိုင်းပြောပြလိုက်ကွာ…”

ရန်ကိုင်အား အံ့အားသင့်သွားခဲ့ပြီး မဒမ်ရုန်ဆိုသည့်လူအား သေသေချာချာကြည့်မိလိုက်သည်။ (ယောင်လင်နဲ့ ရုပ်ဆင်ပါတယ်လို့ တွေးနေတာ… ယောင်လင်ရဲ့အမေကိုး… ယောင်လင်ရဲ့အမေဆိုရင် ရှုယဉ်သာမဟာဧကရာဇ်ရဲ့ မိန်းမပေါ့… ဒါကြောင့် လီဝူရီက အခုလိုမျိုး ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံပေးနေတာ… ရှုယဉ်သာမဟာဧကရာဇ်ရဲ့ မိန်းမဆိုမှတော့ သူ့အနေနဲ့ ဒီအတိုင်း ပေါ့ပျက်ပျက်ကြီး သွားဆက်ဆံလို့တော့ မဖြစ်ဘူး…)

ထိုကဲ့သို့တွေးနေရင်းမှ ရန်ကိုင်က လက်သီးဆုပ်၍ တယဉ်တကျေးဖြင့် နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ မဒမ်ရုန်…”

လီဝူရီက ရန်ကိုင်အား ညွှန်ပြရင်းမှ မိတ်ဆက်ပေးလိုက်လေသည်။ “မဒမ်ရုန်… ဒါ ကျုပ်ပြောနေတဲ့ ရန်ကိုင်ပဲ… ခင်ဗျားသမီး ဖမ်းခံလိုက်ရတုန်းက သူ အနားမှာရှိနေတာ… ဒီတော့ မျက်မြင်သက်သေတစ်ယောက်လို့ ပြောလို့ရတယ်… ခင်ဗျား မေးချင်တာမေးလို့ရတယ်…”

မဒမ်ရုန်သည် ရန်ကိုင်အား စိုက်ကြည့်ရင်းမှ မှုန်ကုပ်ကုပ်အမူအယာဖြင့် မေးလိုက်လေသည်။ “နင်က အဲ့ရန်ကိုင်လား…”

(အဲ့ရန်ကိုင်ဆိုတာ ဘာကိုပြောတာလဲ…) ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်ပါတယ်… ကျုပ်က ရန်ကိုင်ပါ…”

မဒမ်ရုန်က ဆက်၍ မေးလိုက်လေ၏။ “ယောင်လင်ဖမ်းခံလိုက်ရတာကို နင်ကိုယ်တိုင်မြင်လိုက်တာလား… လူမှားတာတော့ မဟုတ်ပါဘူးနော်…” မဒမ်ရုန်ပုံစံမှာ မေးခွန်းမေးနေသည်နှင့်မတူဘဲ အကျဉ်းသားတစ်ဦးကို စစ်မေးသည့်ပုံစံမျိုးနှင့်ပင် တူနေပေသေးသည်။

မဒမ်ရုန်၏ပုံစံကိုမြင်သော် လီဝူရီ မျက်မှောင်ကျုံ့သွားခဲ့ပြီး မဒမ်ရုန်အား မယုံသင်္ကာဖြင့် ကြည့်မိလိုက်သည်။ မဒမ်ရုန်ပုံစံမှာ ရန်ကိုင်အပေါ် အတော်လေးကိုမှ ရန်လိုနေသည်ဟု ခံစားနေရလေသည်။ သို့ပါသော်ငြား သူသိသလောက် မဒမ်ရုန်မှာ တစ်နှစ်ပတ်လုံး ရှုယဉ်သာနန်းတော်ထဲတွင်သာ နေနေသည့်လူဖြစ်ပြီး ပြင်ပလောကကြီးနှင့် သိပ်၍ အဆက်အသွယ်မရှိသည့်လူတစ်ဦး ဖြစ်လေရာ ရန်ကိုင်နှင့်သူမကြား မည်ကဲ့သို့များ ရန်ငြိုးရန်စများ ရှိနေရလေသနည်း။

တစ်ဖက်လူမှာ သူ့အပေါ် ယဉ်ကျေးနေခြင်း မရှိသည့်အတွက်ကြောင့် ရန်ကိုင်ကလည်း အလားတူပုံစံဖြင့်သာ တုံ့ပြန်လိုက်လေသည်။ “အဲ့နေ့တုန်းက ကျုပ်မြင်ခဲ့တဲ့အရာတွေအကုန်လုံးကို စီနီယာသားရဲသခင်ဆီ အကုန်တင်ပြပြီးသွားပြီ… စီနီယာသားရဲသခင်ကလည်း အဲ့ကအကြောင်းအရာတွေအကုန်လုံးကို ရှုယဉ်သာမဟာဧကရာဇ်ဆီ ပြောပြီးသွားပြီ… ခင်ဗျား ကျုပ်ကို မယုံဘူးဆိုရင် ရှောင်ချီကိုမေးလို့ရတယ်… အဲ့တုန်းက ရှောင်ချီလည်း အဲ့နားမှာရှိနေတာ…”

အနားတွင်ရှိနေသောမိုရှောင်ချီက ခေါင်းညိတ်၍ “ဟုတ်တယ်… အစ်မယောင်လင်ကို အနက်ရောင်ဝတ်ရုံကို ဝတ်ထားတဲ့ လူအိုကြီးတစ်ယောက်က ဖမ်းခေါ်သွားတာ…”

မိုရှောင်ချီကိုယ်တိုင် အတည်ပြုလိုက်သည့်နောက် မဒမ်ရုန်၏ရင်ထဲရှိ မျှော်လင့်ချက်လေးမှာ ကွဲကြေသွားရတော့သည်။ ရန်ကိုင်တစ်ယောက်တည်းကပြောနေမည်ဆိုလျှင် ယုံရခက်ဦးမည်ဖြစ်ပါသော်ငြား မိုရှောင်ချီကပါ အတည်ပြုပေးနေသည့်အခါတွင်တော့ သူမအနေဖြင့် မယုံကြည်နိုင်စရာအကြောင်း မရှိတော့ပေ။

မိုရှောင်ချီနှင့်ယောင်လင်တို့မှာ တစ်ယောက်ကိုတစ်ယောက် သိကြလေရာ မိုရှောင်ချီအနေဖြင့် ယောင်လင်အား အခြားသူတစ်ဦးနှင့် အထင်မှားစရာအကြောင်း မရှိပေ။ လက်ရှိအခြေအနေနှင့်ပါပေါင်းလိုက်သော် ယောင်လင်ဖမ်းခံသွားရသည်မှာ လုံးဝကို သေချာသွားရတော့သည်။

တစ်ခဏမျှ တိတ်နေပြီးသည့်နောက်တွင် မဒမ်ရုန်က အံကြိတ်၍ ရန်ကိုင်အား ထအော်လေသည်။ “နင်ဘာဖြစ်လို့ သူ့ကို မကယ်လိုက်တာလဲ…”

ရန်ကိုင်သည် မဒမ်ရုန်အား အံ့ဩတကြီးဖြင့်ကြည့်လျက် “ကယ်ရမယ်… ဘယ်လိုကယ်ရမှာလဲ…”

မဒမ်ရုန်က ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။ “လူကိုဘယ်လိုကယ်ရမလဲဆိုတာကို ဒီဘုရင်မ နင့်ကို သင်ပေးနေရဦးမှာလား… လင်အာဖမ်းခံရတယ်ဆိုမှတော့ နင် သူ့ကို သွားပြန်ခေါ်လာခဲ့ပေါ့… ဘာဖြစ်လို့ ဒီတိုင်းရပ်ကြည့်နေရတာလဲ…”

ရန်ကိုင်က အော်ရယ်မောလျက် “မဒမ်… ခင်ဗျား အခြေအနေကို သေချာမသိသေးတာလား… ခင်ဗျားသမီးကိုဖမ်းခေါ်သွားတဲ့လူက မဟာဧကရာဇ်တစ်ပိုင်းနော်…”

“မဟာဧကရာဇ်တစ်ပိုင်းဖြစ်တော့ရော ဘာဖြစ်လဲ…” မဒမ်ရုန်က သွေးရူးသွေးတမ်းအမူအယာဖြင့် “မဟာဧကရာဇ်တစ်ပိုင်းကလည်း လူပဲ… မဟာဧကရာဇ်တစ်ပိုင်းလောက်ကို နင်က ကြောက်နေတာလား…”

ရန်ကိုင်မျက်နှာ သုန်မှုန်သွားတော့သည်။ “မဒမ်… ခင်ဗျား ကျုပ်ကို တမင်တကာ လာပြဿနာရှာနေတာလား…”

တကယ်ကြီး ဘာတွေများ ဖြစ်နေလေသနည်း။ ယခုကိစ္စသည် ရှုယဉ်သာနန်းတော်နှင့် ပတ်သက်နေသည့်အတွက်ကြောင့် ရှုယဉ်သာနန်းတော်မှတစ်စုံတစ်ဦး ရန်ကိုင်အား မေးခွန်းများ လာရောက်မေးမြန်းမည်ဆိုလျှင် ရန်ကိုင် ဘာမှ အထွန့်တက်နေလိမ့်မည်မဟုတ်။ သားရဲသခင်မဟာဧကရာဇ်ကိုယ်တိုင်ကလည်း ပြောဆိုထားခဲ့သည်မဟုတ်ပေလော။ ထိုကြောင့် ရန်ကိုင်မှာ လိုလိုလားလားနှင့် ပူးပေါင်းစစ်ဆေးမှုကို ပါဝင်ကူညီပေးပေလိမ့်မည်။

သို့ပါသော်ငြား မဒမ်ရုန်မှာ ရောက်ရောက်ချင်းမှာပင် ရန်ကိုင်အပေါ် ရန်လိုနေလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ ယခုဆိုလျှင် ရန်ကိုင်အား အော်ကြီးဟစ်ကျယ်နှင့် ယောင်လင်အား မကယ်ခဲ့ရကောင်းလားဟု အပြစ်တင်နေလေသည်။ ရန်ကိုင်မှာ ဤအမျိုးသမီး၏ခေါင်းကို ဖောက်ကြည့်ကာ သူမခေါင်းထဲ ဘာတွေများပြည့်နေသလဲဆိုသည်ကို ကြည့်ချင်စိတ်များပင် ဖြစ်ပေါ်လာရသည်။ (ဒီရှုယဉ်သာမဟာဧကရာဇ်ရဲ့ မိန်းမက တကယ်ကိုရူးနေတာပဲ…)

“ရိုင်းလိုက်တာ…” မဒမ်ရုန်၏နောက်ဘက်တွင်ရှိနေသော အဘွားအိုကြီးက ရန်ကိုင်အား ထအော်လေသည်။ “နင် မဒမ်ကို ဒီလိုမျိုးပြောရဲတယ်ပေါ့ ဟုတ်လား… ကိုယ့်ပါးကိုပြန်ရိုက်လိုက်စမ်း…”

ရန်ကိုင်မှာ ထိုအဘွားကြီးကိုကြည့်ရင်း ကြောင်အမ်းအမ်းဖြစ်နေလေသည်။ (ငါ့ပါးငါ ပြန်ရိုက်ရမယ်… မဒမ်ရုန်စိတ်လွတ်နေတာ နားလည်နိုင်သေးတယ်… မဟာဧကရာဇ်ရဲ့မိန်းမဖြစ်နေလို့… ပြီးတော့ သူ့သမီးလည်း ပြန်ပေးဆွဲခံထားရလို့… ဒါပေမယ့် ဒီဘွားတော်ကြီးက ဘာတွေလာရှုပ်နေတာလဲ…)

ရန်ကိုင်၏ ထူးမခြားနားအမူအယာကိုမြင်သော် အဘွားကြီးမှာ ဒေါသထွက်လာပြီး ထပ်အော်ပြောလေသည်။ “နင် မလုပ်သေးဘူးလား…” ထို့နောက်တွင် အဘွားအိုကြီး၏မျက်လုံးများမှာ ကြောက်မက်ဖွယ်ရာအရောင်တို့ဖြင့် တလက်လက် တောက်ပလာလေ၏။

ရန်ကိုင်မှာ မျက်မှောင်ကျုံ့သွားပြီးသည့်နောက် မယုံကြည်နိုင်ဟန်ဖြင့် “ခင်ဗျား ကျုပ်ကို ကိုယ့်ပါးကိုယ် ပြန်ရိုက်ခိုင်းနေတာလား…”

အဘွားအိုကြီးက လှောင်ပြုံးပြုံးလျက် “နင်က မသိချင်ယောင်ဆောင်နေတယ်ဆိုမှတော့ ငါ့ကို အနိုင်ကျင့်လို့ဆိုပြီး လာအပြစ်မတင်နဲ့ပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် သူမလက်ဖြင့် ရန်ကိုင်၏ပါးကို လှမ်း၍ ရိုက်လိုက်လေသည်။

ရန်ကိုင်က ဒေါမာန်တကြီးဖြင့် ထအော်ပြောလေ၏။ “လူကြီးမလို့ တလေးတစား ဆက်ဆံနေတာကို သိပ်ပြီးတော့ ရောင့်တက်မလာနဲ့… ကျုပ်က ခင်ဗျားတို့ မလေးမစားဆက်ဆံချင်တိုင်း ဆက်ဆံလို့ရတဲ့ကောင်မဟုတ်ဘူး…”

ရန်ကိုင်မှာ ဤအဘွားကြီးနှင့် သိပ်၍ ပြဿနာမတက်ချင်ပေ။ ဤအဘွားကြီးမှာ သင်္ချိုင်းကုန်းခြေတစ်ဖက်လှမ်းနေသည့် လူတစ်ဦးဖြစ်လေရာ သူမအား သွားပြဿနာရှာခြင်းသည် အနိုင်ကျင့်ခြင်းသာဖြစ်လေသည်။ သို့ပါသော်ငြား တစ်ဖက်လူမှာ သူ့အား ပါးရိုက်ရန်ကြံလာမှဖြင့် ရန်ကိုင်ကလည်း မည်ကဲ့သို့များ ဤအတိုင်း ရပ်နေနိုင်တော့ပါမည်နည်း။

ရန်ကိုင်ဆီမှ ဧကရာဇ်ချီတို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်လည်း အဘွားအိုကြီးအား ပြန်၍ ရိုက်ချလိုက်လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လီဝူရီသည် သက်ပြင်းသာ ချလိုက်တော့သည်။ သူသည်လည်း ယခုကဲ့သို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မေးခွန်းလေး မေးမြန်းရုံလောက်သာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား မေးခွန်းလေးနည်းနည်းပါးပါး မေးပြီးသည့်နောက် ယခုကဲ့သို့ လက်ပါရသည့်အဆင့်ထိ ရောက်သွားလိမ့်မည်ဟု မည်ကဲ့သို့များ မျှော်လင့်ထားပါမည်နည်း။

အပြင်လူတစ်ဦးဖြစ်သည့်အလျောက် ယခုကိစ္စတွင် မည်သူမှန်သလဲ မည်သူမှားသလဲဆိုသည်ကို လီဝူရီသိပေသည်။ ယခုကိစ္စနှင့်ပတ်သက်၍ သူကိုယ်တိုင်လည်း အနည်းငယ်ဒေါသထွက်မိသည်။ ဤနေရာမှာ စိတ်ဝိဉာဉ်သားရဲကျွန်းဖြစ်သည်။ ရန်ကိုင်သည် စိတ်ဝိဉာဉ်သားရဲကျွန်း၏ တစ်စိတ်တစ်ပိုင်း မဟုတ်ပါသော်ငြား သူတို့မင်းသမီးလေး၏ မိတ်ဆွေဖြစ်ပေသည်။ ထိုလူများသည် ရှုယဉ်သာနန်းတော်မှဖြစ်သည်ဆိုလျှင်ပင် သူ့အား အနည်းငယ်တော့ မျက်နှာသာပေးသင့်ပေသေးသည်။ သူတို့သခင်မလေး၏ မိတ်ဆွေသာ စိတ်ဝိဉာဉ်သားရဲကျွန်းပေါ်တွင် ပါးရိုက်ခံလိုက်ရမည်ဆိုပါက စိတ်ဝိဉာဉ်သားရဲကျွန်းသည် မည်သည့်မျက်နှာဖြင့် လူရှေ့ထွက်ပြရပါဦးမည်နည်း။

သူ့အနေဖြင့် ဤပြဿနာအား သွားဝင်တား၍ ရပါသော်ငြား ထိုသို့မလုပ်ခဲ့ပေ။ သူကိုယ်တိုင်သည်လည်း ထိုအဘွားကြီးအား သင်ခန်းစာပေးလိုသည့်အတွက်ကြောင့် ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ပေးထားလိုက်တော့သည်။

အဘွားအိုကြီးမှာ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား အသက်အရွယ်ရလာပြီဖြစ်သည့်အတွက်ကြောင့် သူမ၏ခွန်အားမှာ အတော်လေးကိုမှ နိမ့်ကျနေခဲ့လေပြီ။ သို့ပါသော်ငြား ရန်ကိုင်မှာ သာမန်ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးမဟုတ်။ ဤအဘွားကြီးမှာ အကျိုးသင့်အကြောင်းသင့် မပြောတတ်လေမှဖြင့် လီဝူရီကလည်း အဘွားကြီးအား သင်ခန်းစာရသွားလေအောင် ရန်ကိုင်အား လုပ်ခွင့်ပေးထားလိုက်တော့လေသည်။

ထင်ထားသည့်အတိုင်းပင် အဘွားအိုကြီးမှာ ရန်ကိုင်၏တိုက်ကွက်ကို လုံးဝ တားဆီးနိုင်ခဲ့ခြင်းမရှိချေ။ လက်ဝါးချင်းထိသွားသည့်အခိုက် အဘွားအိုကြီးမှာ ရန်ကိုင်၏လက်ဝါးချက်ထဲမှ စီးဝင်လာသည့်အားကို လုံးဝ ခုခံနိုင်ခဲ့ခြင်းမရှိခဲ့။ ရန်ကိုင်၏လက်ဝါးချက်သည် အဘွားအိုကြီး၏လက်ဝါးချက်ကို ဖိနှိပ်၍ အဘွားအိုကြီးအား သွားရောက်ထိမှန်လေသည်။ “ဖြန်း”ခနဲမြည်သံနှင့်အတူ အဘွားအိုကြီးမှာ လေထဲကျွမ်းပစ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ သဲအိတ်တစ်ခုပမာ “ဘုတ်”ခနဲ ပြုတ်ကျသွားခဲ့သည်။ ရန်ကိုင်လက်ဝါးချက်ကြောင့် သွားအချို့ပါ ကျွတ်ထွက်သွားခဲ့ပြီး သွေးအပွက်ပွက်ကို ထိုးအန်လိုက်ရ၏။ ထို့‌နောက် ရန်ကိုင်အား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် စိုက်ကြည့်ရင်းမှ “နင် ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့ ဟုတ်လား…”

ရန်ကိုင်သည် အင်္ကျီလက်စကို ခါထုတ်လိုက်ရင်းမှ လှောင်ပြုံးပြုံးလျက် “ခင်ဗျား မကျေနပ်ရင် ထပ်စမ်းလို့ရတယ်…”

မဒမ်ရုန်မှာ ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု မထင်ထားသည့်အလျောက် မင်သက်နေခဲ့လေသည်။ တစ်ခဏကြာမှသာ အသိပြန်ဝင်လာခဲ့ပြီး ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ “ခွေးကောင်လေး… နင် သေချင်နေတာလား…”

သူမနှင့် အဘွားအိုကြားရှိ ဆက်ဆံရေးမှာ သခင်နှင့်အစေခံ၏ ဆက်ဆံရေးပုံစံမျိုး ပေါက်နေပါသော်ငြား တကယ့်တကယ်တွင်တော့ သူမနှင့်အဘွားအိုသည် အမေနှင့်သမီးပမာ ဖြစ်ပေသည်။ အဘွားအိုရိုက်ခံလိုက်ရသည်ကိုမြင်သော် မဒမ်ရုန်၏မျက်လုံးများ ရဲတက်လာခဲ့ပြီး ဒေါသအမျက်ချောင်းချောင်း ထသွားခဲ့ကာ ရန်ကိုင်အား အဘွားအိုကိုယ်စား သင်ခန်းစာပေးရန် လုပ်တော့လေသည်။

မဒမ်ရုန်မှ တိုက်ခိုက်တော့မည်အပြု အသံတစ်သံ ထွက်လာခဲ့၏။ “တော်လောက်ပြီ…”

ဟင်းလင်းပြင်တစ်ခုလုံး အေးခဲသွားခဲ့ပြီး မဒမ်ရုန်မှာလည်း သူမအပေါ်သို့ တောင်များ ပြိုဆင်းကျလာသည့်ပမာ ခံစားလိုက်ရကာ အသက်ရှုရ မွန်းကြပ်လာခဲ့လေသည်။ သူမ၏မျက်နှာလေးမှာလည်း ဖြူလျော်သွားခဲ့ပြီး အံကိုတင်းတင်းကြိတ်၍ ထအော်လေ၏။ “လီဝူရီ… နင်ဘာလုပ်နေတယ်လို့ ထင်နေတာလဲ…”

လီဝူရီအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဝင်မပါလျှင်ပင် ဟင်းလင်းပြင်နိယာမများအား ထိန်းချုပ်လိုက်ရုံဖြင့် မဒမ်ရုန်မှာ ဘာမျှမလုပ်တတ်တော့ပေ။

လီဝူရီက ထူးမခြားနားဟန်ဖြင့် “မဒမ်ရုန်ဒုက္ခရောက်သွားမှာကိုမမြင်ချင်လို့ ကျုပ်ဝင်ကူပေးနေတာ… ဒီနေရာမှာ မဒမ်ရုန် ကိုယ့်အဆင့်အတန်းကိုကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို နည်းနည်း ထိန်းထိန်းသိမ်းသိမ်းနေမယ်လို့ ကျုပ်မျှော်လင့်တယ်…”

(ဒီမိန်းမကတော့ကွာ… သူ့ကျင့်ကြံခြင်းက ရန်ကိုင်ထက် ပိုမြင့်တယ်ဆိုတိုင်း လုပ်ချင်တိုင်းလုပ်လို့ရနေပြီများ မှတ်နေတာလားမသိဘူး… ဟိုကပိတ်လိုက်လို့ တစ်ခါတည်း ကြမ်းပြင်နဲ့ နှစ်ပါးသွားနေရဦးမယ်…)

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၆၃)

ဘာသာပြန်သူ_တိမ်တိုက်

အဘွားကြီးအရိုက်ခံလိုက်ရသည်မှာ ကိစ္စတော့မရှိ။ ထိုအဘွားကြီးမှာ ရန်ကိုင်အား အထင်အမြင်တသေးဖြင့် သွားဆက်ဆံသလို ရန်ကိုင်အပေါ် ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြုမူခဲ့သည်မဟုတ်ပေလော။ သို့ပါသော်ငြား မဒမ်ရုန်မှာ ရှုယဉ်သာမဟာဧကရာဇ်၏ မိန်းမဖြစ်လေရာ သူမသည်သာ စိတ်ဝိဉာဉ်သားရဲကျွန်းပေါ်၌ ရန်ကိုင်၏ရိုက်နှက်ခြင်း ခံလိုက်ရမည်ဆိုပါက စိတ်ဝိဉာဉ်သားရဲကျွန်းမှာ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မည်မဟုတ်ပါသော်ငြား ရန်ကိုင်အတွက်မူ အနည်းငယ် ပြဿနာတက်သွားရနိုင်ပေသည်။

လီဝူရီနားမလည်နိုင်သည်မှာတော့ ရှုယဉ်သာမဟာဧကရာဇ်သည် ဘာကြောင့်များ ထိုအမျိုးသမီးနှစ်ဦးအား စေလွှတ်လိုက်သလဲဆိုသည်ကိုပင်။ ရှုယဉ်သာနန်းတော်ထဲ၌ အခြားလူများ မရှိတော့လေသလော။

“နင် ဒီဘုရင်မကို လာအထင်သေးနေတာလား…” မဒမ်ရုန်၏မျက်နှာ သုန်မှုန်သွားခဲ့သည်။ လီဝူရီမှာ ဒဲ့ဒိုးမပြောလိုက်ပါသော်ငြား သူပြောချင်သည့်အဓိပ္ပာယ်ကို သူမ နားလည်ပေသည်။ သူမသည် ရန်ကိုင်လောက် အားမကောင်းဟု လီဝူရီမှ‌ ပြောချင်နေခြင်းပင်ဖြစ်သည်။

(ငါ့ကို မိန်းမဆိုပြီးတော့ လာအထင်သေးရဲတယ်… ငါ့ကျင့်ကြံခြင်းက ဧကရာဇ်တတိယအဆင့်မှာ… ဟိုကောင်က ဒုတိယအဆင့်ပဲရှိသေးတာ… ငါက သူ့ကို ကြောက်စရာလား… ဒီလီဝူရီ ဟိုကောင်ကို တမင်သက်သက် လိုက်ကာကွယ်ပေးနေတာ…)

“အခုကျမှပဲ ယောင်လင် ဘာကြောင့် အဲ့လောက်ဆိုးနေလဲဆိုတာကို သိတော့တယ်… ဘာလို့ဆို သူ့မှာ ခင်ဗျားလိုအမေမျိုး ရှိနေတာကို… ခင်ဗျားလိုအမေမျိုးရှိတာတောင် သူတော်တော်လေးယဉ်ကျေးနေရင် ထူးဆန်းနေမှာ…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ (ယောင်လင်က သူ့အမေရဲ့အလှတင်မဟုတ်ဘူး… သူ့အမေရဲ့စရိုက်ကိုပါ ဆက်ခံထားတာ… အလိုလိုက်လွန်းတဲ့ အမေကြောင့် သမီးမိုက် သားမိုက်တွေ ထွက်လာတယ်ဆိုတာ တကယ်အမှန်ပဲ...)

မဒမ်ရုန်က ပြန်ထအော်ပြောလေသည်။ “လင်အာဘာပဲဖြစ်ဖြစ် နင့်အပူမပါဘူး…” ထို့နောက်တွင် လီဝူရီဘက်သို့လှည့်၍ “နင် ငါ့ကို ထပ်တားနေဦးမှာလား…”

သူမကိုကြည့်ရသလောက် ရန်ကိုင်အား အမှန်တကယ်ကို သင်ခန်းစာပေးချင်နေသည့်ပုံပင်။

လီဝူရီက ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “မကြာသေးခင်တုန်းက မရဏဂိုဏ်းနဲ့ ဗြဟ္မာ့ကုန်းမြေ ဖျက်ဆီးခံလိုက်ရတာကို မဒမ်ရုန်ကြားလိုက်တယ်မလား…”

လီဝူရီ ဘာကြောင့်များ ထိုအကြောင်းကို ရုတ်တရက်ကြီး အစဖော်လာသလဲဆိုသည်ကို နားမလည်သည့်အတွက်ကြောင့် မဒမ်ရုန် မျက်မှောင်ကျုံ့မိသွားသည်။ သို့ပါသော်ငြား ပြန်၍တော့ပြောလိုက်သေး၏။ “အဲ့တော့ ဘာဖြစ်လဲ…”

လီဝူရီက ထပ်ပြောလိုက်သည်။ “မဒမ်ရုန်… ခင်ဗျားနဲ့ အဲ့ဂိုဏ်းနှစ်ဂိုဏ်းက ဖုပို၊ ရှုချန်ဖုန်းတို့နဲ့ယှဉ်မယ်ဆိုရင် ဘယ်သူက ပိုအားကောင်းမယ်ထင်လဲ…”

မဒမ်ရုန်က ပြန်၍မေးလိုက်၏။ “နင် ဘာပြောချင်နေတာလဲ…”

လီဝူရီသည် သက်ပြင်းချ၍ မဒမ်ရုန်ကို စိုက်ကြည့်လိုက်သည်။ (ဒီအမျိုးသမီးက အကျိုးသင့်အကြောင်းသင့်ပြောလို့ရတာကိုမဟုတ်ဘူး… လုံးဝကို ရူးနေတာ… မွေးတည်းက မျက်နှာလေးပဲပါလာပြီး ဦးနှောက်က ပါမလာဘူးနဲ့တူတယ်… ရှုယဉ်သာမဟာဧကရာဇ် ဒီမိန်းမကို ဘယ်လိုကြိုက်သွားလဲတော့ ငါလည်းမပြောတတ်ဘူး… ဒီလောက်ဦးနှောက်မရှိတဲ့မိန်းမမျိုးကို ဘယ်လိုစဉ်းစားပြီးတော့ ကြိုက်သွားတာလဲ…”

“မရဏဂိုဏ်းနဲ့ ဗြဟ္မာ့ကုန်းမြေက အားဟန်ကျောင်းတော်ကြောင့် ပျက်စီးသွားရတယ်ဆိုပေမယ့် အဲ့လိုပျက်စီးသွားရတဲ့ အဓိကအကြောင်းအရင်းက ဂိုဏ်းနှစ်ဂိုဏ်းစလုံးက ပညာရှင်အများစု အသတ်ခံလိုက်ရလို့ပဲ… အဲ့ပညာရှင်တွေအကုန်လုံးကို သတ်သွားတဲ့လူက ခင်ဗျားရှေ့မှာရပ်နေတာ…”

“နင်လား…” မဒမ်ရုန်မှာ လီဝူရီ ဘာကိုပြောချင်လို့ပြောနေမှန်း ယခုထိတိုင် နားမလည်သေးပေ။

သို့ပါသော်ြငား အဘွားကြီး၏မျက်လုံးများမှာတော့ တဖျတ်ဖျတ်လက်သွားခဲ့ပြီး ရန်ကိုင်အား အထိတ်တလန့်ဖြင့် လှမ်းကြည့်လိုက်ပြီးသည့်နောက် မဒမ်ရုန်၏နားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်လေသည်။

ထိုစကားကိုကြားသော် မဒမ်ရုန်၏အမူအယာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ဘက်သို့ ပြန်၍ လှည့်ကြည့်လာခဲ့သည်။

“မဒမ်ရုန်… ထပ်ပြီးတော့ တိုက်ခိုက်ချင်နေသေးတာလား… မဒမ်ရုန်တိုက်ခိုက်ချင်နေသေးတယ်ဆိုရင် ကိုယ့်ပြဿနာနဲ့ကိုယ်နော်… ကျုပ်ဝင်မပါတော့ဘူး…” လီဝူရီက ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။

မဒမ်ရုန် အနည်းငယ် တွေဝေသွားတော့သည်။ နောက်ဆုံးတွင်မူ သူမ၏အင်္ကျီလက်စကို ခါထုတ်၍ နှာခေါင်းရှုံ့လိုက်လေ၏။ “ဒီဘုရင်မ အနိုင်မကျင့်ချင်ဘူး…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်လျက် ပြောလိုက်သည်။ “ဒီဘုရင်မ နင့်ကို မှတ်ထားမယ်… အတတ်နိုင်ဆုံး ကြည့်ကြပ်နေပေတော့… ငါတို့သွားတော့မယ်…”

ထိုသို့ပြောပြီးသည့်နောက် အဘွားကြီးနှင့်အတူ လှည့်ထွက်သွားလေသည်။

မသွားခင် အဘွားကြီးသည် ရန်ကိုင်အား မုန်းမုန်းတီးတီးဖြင့် စိုက်ကြည့်သွားခဲ့သည်။

ရန်ကိုင်နှင့် လီဝူရီကမူ ဆွံ့အနေသည့်အမူအယာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရှုယဉ်သာနန်းတော်မှ လူအချို့လာ၍ ရန်ကိုင်အား မေးခွန်းများ မေးမြန်းမည်ဟု ပြောခဲ့သည်။ သို့ပါသော်ငြား အခြေအနေမှာ ထိုကဲ့သို့ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။

လီဝူရီက ခါးသက်သက်အမူအယာဖြင့် “မဒမ်ရုန်က မင်းနဲ့ ရန်ငြိုးရန်စရှိတာလား…”

ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “ဒါ အခုမှ ကျုပ် သူ့ကို ပထမဦးဆုံးအကြိမ် တွေ့ဖူးတာ… ဘယ်လိုလုပ်ပြီး သူနဲ့ ရန်ငြိုးရှိရမှာလဲ…”

လီဝူရီက ပြန်မေးလိုက်သည်။ “ဒါဆို သူ ဘာဖြစ်လို့ မင်းအပေါ် ဒီလောက်တောင် ရန်လိုနေရတာလဲ…”

မဒမ်ရုန်သည်သာ ရန်ကိုင်အပေါ် ရန်လိုမနေလျှင် သူမတို့စကားဝိုင်းမှာ ယခုကဲ့သို့ဖြစ်လာစရာအကြောင်း မရှိပေ။

ရှင်းရှင်းပြောရသော် ရန်ကိုင်မှာ အကြောင်းစုံကို ပြောပြပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အား ဘာမှလာရောက်မေးမြန်းနေစရာမလို။

တစ်ခဏမျှစဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည်။ “ယောင်လင်ကြောင့်ဖြစ်လောက်တယ်… ဟိုတစ်ခေါက်တုန်းကလည်း ကျုပ် ယောင်လင်နဲ့ပြဿနာတက်ပြီးတော့ သူ့ကိုသတ်ခါနီးဖြစ်သွားသေးတယ်… ဒီတော့ အဲ့ကိစ္စကို သူ့အမေဆီ ပြန်ပြောရင်ပြောမှာပေါ့… အဲ့ဒါကြောင့်ပဲ သူ့အမေ ကျုပ်ကို တော်တော်လေးကြည့်မရဖြစ်နေတာ…”

ထိုစကားကိုကြားသော် လီဝူရီကခေါင်းညိတ်လျက် “အဲ့ဒါဆိုရင်တော့ ဟုတ်လောက်တယ်… တကယ်ကို ဦးနှောက်မရှိတဲ့မိန်းမတွေပါလား…”

သူနှင့်ယောင်လင်မှာ ပြဿနာရှိခဲ့သည်ဟု ရန်ကိုင်မှ ပြောခဲ့ပါသော်ငြား ထိုကိစ္စအားလုံးမှာ အတိတ်ဖြစ်သွားခဲ့လေပြီ။ ယခု ယောင်လင်မှာ ပြန်ပေးဆွဲခံလိုက်ရပြီဖြစ်လေရာ တစ်စုံတစ်ဦးသာ ရန်ကိုင်အား ယောင်လင်ပြန်ပေးဆွဲခံရသည့်အကြောင်းကို လာရောက်မေးမြန်းမည်ဆိုလျှင် ယခုကဲ့သို့ မောက်မာဝံ့ကြွားသည့်ပုံစံမျိုးဖြင့် စကားပြောနေမည့်အစား ထိုစဉ်က ဘာတွေဖြစ်ပျက်သွားသလဲဆိုသည်ကို အသေးစိတ်သိရအောင်သာ မေးမြန်းသင့်ပေသည်။

သို့ပါသော်ငြား မဒမ်ရုန်မှာတော့ ထိုကဲ့သို့မလုပ်ခဲ့ဘဲ ရန်ကိုင်အပေါ် ရန်ရှာရန်သာ ကြိုးစားနေခဲ့သည်။ မဒမ်ရုန်နှင့်အတူ ပါလာသော အဘွားကြီးသည်လည်း အတူတူပင်။

ရန်ကိုင်မှ စိတ်ဝိဉာဉ်သားရဲကျွန်းပေါ်တွင် ဆက်ဆက်နေရခြင်းမှာ ရှုယဉ်သာနန်းတော်မှ လူများ ရောက်လာမည်ကို စောင့်နေသည့်အတွက်ကြောင့်ပင်။ ယခု ထိုလူများ ရောက်လာပြီးသွားပြီဖြစ်သည့်အတွက်ကြောင့် အိမ်ပြန်ဖို့ အချိန်ရောက်လာလေပြီ။

ထိုသို့ဖြင့် ရန်ကိုင်သည် မိုဟွမ်နှင့်သွားတွေ့ပြီး နှုတ်ဆက်စကားဆိုခဲ့သည်။ ထို့နောက် လီဝူရီ၊ မိုရှောင်ချီနှင့် ကျို့ဖုန်းတို့အား နှုတ်ဆက်စကားပြောပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်သည်။

ရန်ကိုင်၏မျက်လုံးများ အဖြူရောင်တလက်လက်တောက်ပလာခဲ့ပြီး သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားခဲ့သည်။ တစ်ခဏအကြာတွင် ရန်ကိုင်မှာ မြောက်ဘက်နယ်မြေထဲရှိ ထက်ကောင်းကင်နန်းတော်ထဲ၌ ပြန်ပေါ်လာခဲ့လေသည်။

ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်နေသော တပည့်များမှာ အစီအရင်အား တစ်ယောက်ယောက်မှအသုံးပြုနေကြောင်း သတိထားမိလိုက်သည့်နောက် လှည့်ကြည့်လာလိုက်ရာ ရန်ကိုင်မှန်းတွေ့ပြီးသည့်နောက် ချက်ချင်း ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ တစ်ချိန်တည်း၌ တပည့်တစ်ဦးသည် ညွှန်ကြားထားသည့်အတိုင်း ရန်ကိုင်ပြန်ရောက်လာသည့်အကြောင်းကို ဟွာချင်းစီအား ချက်ချင်းသတင်းပို့လိုက်လေ၏။

ယခု သူတို့တွင်လည်း ရွေးချယ်စရာ ရှိမနေခဲ့ပေ။ အပြစ်တင်ရမည့်အပြစ်တင် တာဝန်မခံတတ်သည့် နန်းတော်သခင်ကိုသာ အပြစ်တင်ရပေလိမ့်မည်။ နန်းတော်သခင်မှာ ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်ပါသော်ငြား တွေ့ရလေ့မရှိဘဲ ဆယ့်နှစ်ရာသီ အပြင်ဘက်တွင်သာ ရှိနေခဲ့သည်။ ထို့အပြင် အပြင်ဘက်သို့ တစ်ခါထွက်သွားတိုင်းလည်း နှစ်ပေါင်းများစွာ ကြာတတ်ပေသည်။ ယခုတစ်ကြိမ်တွင်မူ နှစ်နှစ်လောက်သာ ကြာသွားသည့်အတွက်ကြောင့် မဆိုးသေးဟု ပြောရပေမည်။ ယခင်တစ်ကြိမ် အဆင့်နိမ့်ကြယ်စီရင်စုထဲသို့ ဆင်းသွားခဲ့စဉ်က ဆယ်နှစ်ကျော်မက ကြာခဲ့ပေသည်။

ဟွာချင်းစီမှာ ထက်ကောင်းကင်နန်းတော်၏ မန်နေဂျာမှူးဖြစ်ပါသော်ငြား သူမသည် မန်နေဂျာမှူးတစ်ဦးသာ ဖြစ်သည့်အလျောက် နန်းတော်သခင်ဖြစ်သည့် ရန်ကိုင်ဆီသို့ တင်ပြစရာကိစ္စများစွာ ရှိနေပေသည်။

ချုန်းချီမှာလည်း ယခုမှသာလျှင် ထက်ကောင်းကင်နန်းတော်ဆီသို့ ပထမဦးဆုံးအကြိမ် ရောက်လာဖူးခြင်းဖြစ်သည်။ သို့ပါသော်ငြား မြောက်ဘက်နယ်မြေတွင် ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ထားကြောင်းကို ရန်ကိုင်ဆီမှ အစောကြီးတည်းက ကြားသိပြီးသွားခဲ့လေပြီ။ ထို့အပြင် ထိုဂိုဏ်းသည် ဂိုဏ်းသေးသေးလေးမဟုတ်ဘဲ ပညာရှင်ပေါင်းများစွာရှိသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့်အလျောက် ချုန်းချီမှာလည်း ဤနေရာသို့ ရောက်လာပြီးသည့်နောက် ဂိုဏ်းအား လှည့်ပတ်ကြည့်တော့လေသည်။

ရန်ကိုင်အား အသိပေးပြီးသည့်နောက်တွင် ချုန်းချီသည် ထက်ကောင်းကင်နန်းတော်ထဲ လျှောက်ပတ်သွားလေသည်။ ပန်းခြံထဲ လမ်းလျှောက်ထွက်နေသည့်လူတစ်ဦးပမာ လက်နောက်ပစ်ရင်းမှ အေးအေးလူလူ လမ်းလျှောက်ထွက်နေ၏။

ရန်ကိုင်ကလည်း ချုန်းချီအား သွားခွင့်ပေးထားလိုက်ပြီး သူနေနေသည့် ထက်ကောင်းကင်တောင်ဆီသို့သာ ပျံသန်းသွားလေသည်။

အခြေအနေအား တစ်ချက်သုံးသပ်ကြည့်ပြီးသည်နောက် ရန်ကိုင်သည် ရန်ရှောင်အား အပြင်သို့ ထုတ်ပေးလိုက်သည်။ ဖက်တီးလေးမှာအပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက် စတင်၍ အထွန့်တက်တော့လေ၏။ “မွေးစားအဖေ… ဘာဖြစ်လို့ ကျွန်တော့်ကို အချိန်အကြာကြီး ပိတ်ထားရတာလဲ…”

နဂါးတစ်ကောင်ဆိုသည့်အတိုင်း ရန်ရှောင်မှာ ပြန်ကောင်းဖို့ရာ သုံးရက်လောက်သာ အချိန်ယူခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်မှာ စိတ်ဝိဉာဉ်သားရဲကျွန်းတွင် ရှိနေစဉ်အတောအတွင်း ရန်ရှောင်အား လုံးဝ ထုတ်မပေးခဲ့ပေ။ ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်လာသည့်အခါမှသာ ရန်ရှောင်အား အပြင်ထုတ်ပေးလေ၏။

“ငါက မင်းရဲ့မွေးစားအဖေလေ… ဒီတော့ ငါပြောတဲ့အတိုင်းလုပ်… ဘာတွေလာပြီး အထွန့်တက်နေတာလဲ…” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်၏။

ရန်ရှောင်မှာ ချက်ချင်းပဲ ရန်ကိုင်အား မျက်စောင်းထိုးလိုက်သည်။ ထို့နောက် တောင်းတောင်းပန်ပန်ဖြင့်ပြုံးလျက် “မွေးစားအဖေရယ်… ဒေါသမထွက်စမ်းပါနဲ့… ကျွန်တော်က ဒီတိုင်းပဲ ပြောလိုက်တာပါ…” ထိုသို့ပြောပြီးသည့်နောက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်၍ “ဒါနဲ့ ဒီနေရာက ဘယ်နေရာကြီးလဲ…”

“မြောက်ဘက်နယ်မြေ ထက်ကောင်းကင်နန်းတော်ပဲ…”

ရန်ရှောင် ဇဝေဇဝါဖြစ်သွားလေသည်။

ရန်ကိုင်က ထပ်၍ ပြောလိုက်သည်။ “ထက်ကောင်းကင်နန်းတော်က ငါ့ရဲ့ဂိုဏ်းပဲ… မင်း နောက်ပိုင်း ဒီမှာနေရမှာ… ဒီတော့ ကိုယ့်အပြုအမူကို သေချာထိန်း.. ရောက်လေရာ လိုက်ပြီးတော့ ပြဿနာရှာမနေနဲ့… နားလည်လား…”

“နားလည်ပါတယ်…” ရန်ရှောင်မှာ ကြက်အစာကောက်နေသည့်ပမာ ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်သည်။ ထို့နောက် ရန်ကိုင်ကိုကြည့်ရင်းမှ ပြန်မေးလိုက်သည်။

“မွေးစားအဖေ… ထက်ကောင်းကင်နန်းတော်က မွေးစားအဖေရဲ့ ဂိုဏ်းလို့ ပြောတယ်နော်… ဒီတော့ မွေးစားအဖေက ဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့…”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ထိုစကားကိုကြားပြီးသည့်နောက် ရန်ရှောင်သည် ဝမ်းသာအားရဖြင့် ထခုန်လျက် “ဟား ဟား ဟား… ဒီတော့ ဒီသခင်လေးက နန်းတော်သခင်လေးဖြစ်သွားပြီပေါ့…” ထိုသို့ပြောပြီးသည့်နောက် ပါးစပ် နားရွက်တတ်ချိတ်လုမတတ် ပြုံးကာ ထပ်မေးလိုက်လေသည်။ “မွေးစားအဖေ… ထက်ကောင်းကင်နန်းတော်ထဲမှာ တပည့်ဘယ်လောက်ရှိတာလဲ… အဲ့တပည့်တွေကရော ဘယ်လောက်အားကောင်းလဲ…”

(ဒီကောင်စုတ်လေးက တော်တော်လေးကို အသားကျမြန်တာပဲ…) ရန်ကိုင်မှ ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်ကြောင်း ကြားသိလိုက်ရပြီးသည့်နောက် ရန်ရှောင်မှာ ထက်ကောင်းကင်နန်းတော်အား သူ့အပိုင်အဖြစ် ချက်ချင်းကို မှတ်ယူလိုက်တော့လေသည်။

“နောက်ကျရင် သိလာလိမ့်မယ်…” ရန်ကိုင်က မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။ ထိုသို့ပြောပြီးသည့်နောက် သူ့အမူအယာ ပြောင်းလဲသွားခဲ့ပြီး ရှေ့သို့လှမ်း၍ကြည့်လိုက်သည်။

ဟွာချင်းစီမှာ မှုန်ကုပ်ကုပ်အမူအယာဖြင့် လျှောက်လာရင်း ရန်ကိုင်အား ကြည့်ကာ ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေ၏။ “နန်းတော်သခင်…”

“အစ်မဟွာ…” ရန်ကိုင်က ပြုံးပြလိုက်သည်။

ဟွာချင်းစီကမူ နှာခေါင်းရှုံ့လျက် “နန်းတော်သခင် နောက်ဆုံးတော့ အိမ်ပြန်လာဖို့သင့်ပြီပေါ့…”

ရန်ကိုင်က ကသိကအောက်အမူအယာဖြင့် ချောင်းဟန့်လျက် “ထက်ကောင်းကင်နန်းတော်က ကျုပ်အိမ်လေ… ဒီတေ့ာ ကိုယ့်အိမ်ကိုယ် ပြန်လာရမှာပေါ့…”

ဟွာချင်းစီက ပြန်ပြောလိုက်လေ၏။ “တပည့်တွေအများကြီး တောင်ဘက်နယ်မြေကို ရွှေ့နေတဲ့အချိန် ထက်ကောင်းကင်နန်းတော်က ပြေးသွားတာ တန်းနေတာပဲ… အခု အကုန်လုံးပြင်ဆင်ပြီးသွားတော့မှ ပြန်ရောက်လာတော့တယ်… နန်းတော်သခင်ရဲ့ဘဝက တကယ်ကို အားယားနေတာပဲနော်… ဒီအစ်မဟွာကတောင် နန်းတော်ကို မနာလိုသွားပြီ…”

ရန်ကိုင်ကမူ ကသိကအောက်အမူအယာဖြင့် ပြန်၍ပြောလိုက်လေ၏။ “ကျုပ်က အခုနောက်ပိုင်း အတော်လေးအလုပ်များနေတာလေ… အဲ့ဒါကြောင့်ပါ… ဒါနဲ့ အခု ကျုပ်လုပ်စရာကိစ္စတွေ ရှိသေးလား… ရှေးဟောင်းကျောင်းတော်ကိစ္စရော…”

“မွန်းစတားဘုရင်သုံးပါးစောင့်ကြည့်နေတာ ဘာပြဿနာရှိမှာလဲ…”

“မြောက်ဘက်နယ်မြေရော…”

“အကုန်အဆင်ပြေတယ်…”

“အင်း… အဲ့ဒါဆိုကောင်းတာပေါ့…” ရန်ကိုင်က သည်းလှိုက်အူလှိုက် အော်ရယ်မောလျက် “အစ်မဟွာရဲ့ စီမံခန့်ခွဲမှုကြောင့်ပဲ ထက်ကောင်းကင်နန်းတော်က တကယ်ကို အရှိန်အဟုန်နဲ့ ကြီးထွားလာနေပြီ… ကျုပ် ဒီမှာရှိရှိမရှိရှိ ဘာမှထူးခြားတာမှမဟုတ်တာ…”

“အပိုတွေပြောမနေတော့နဲ့… ငါ ဒီကို နှုတ်ဆက်စကားပြောဖို့လာခဲ့တာ…”

ရန်ကိုင်က အထိတ်တလန့်အမူအယာဖြင့် “နှုတ်ဆက်စကားပြောဖို့…”

ဟွာချင်းစီက သက်ပြင်းချ၍ ပြန်ပြောလိုက်လေသည်။ “ငါသာ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် နင့်ရဲ့အစ်မဟွာ အသက်ကြီးပြီးတော့ သေသွားရလိမ့်မယ်… ငါ ဖိအားများပြီးတော့ အသက်မကြီးချင်သေးဘူး…” ထိုသို့ပြောနေရင်းမှ ရန်ကိုင်အား ပြုံးပြလိုက်လေသည်။

ဟွာချင်းစီမှာ သူ့အား အထွန့်တက်နေခြင်းဖြစ်ကြောင်းကို ရန်ကိုင် မည်ကဲ့သို့များ မသိဘဲ နေပါမည်နည်း။ တကယ်ဆိုလျှင်လည်း ဟွာချင်းစီမှာ အတော်လေးကိုမှ အလုပ်များသည်ဟု ပြော၍ရသည်။ လူပေါင်းတစ်သိန်းကျော်၏ ဝေယျာဝစ္စကိစ္စများကို စီမံကိုင်တွယ်ပေးနေရုံမက ဂိုဏ်း၏ အရေးကိစ္စမှန်သမျှကိုလည်း သူမကသာ တာဝန်ယူဆုံးဖြတ်နေရသည်။ ထို့အပြင် ထက်ကောင်းကင်နန်းတော်၌ နောက်ထပ်ဂိုဏ်းခွဲတစ်ဂိုဏ်း ရှိလာပြီဖြစ်သည့်အတွက်ကြောင့် ဟွာချင်းစီမှာ ယခင်ကထက်ကို ပိုမိုအလုပ်များနေရတော့သည်။

တကယ်တော့ ဟွာချင်းစီမှာ လူတစ်ဦးတည်းပင်မဟုတ်လေလော။ သူမ ဧကရာဇ်ပထမအဆင့်သို့ ဝင်ရောက်ပြီးချိန်မှစ၍ ယခုအချိန်ထိတိုင် ကောင်းကောင်းကန်းကန်း ကျင့်ကြံရသည်ဟူ၍ မရှိသေးပေ။ နေ့စဉ် ဂိုဏ်း၏ ဝေယျာဝစ္စကိစ္စများကို လုပ်ရင်းဖြင့်သာ အချိန်ကုန်နေခဲ့ရသည်။ ထိုအကြောင်းကြောင့် သူမ အတော်လေးပင်ပန်းနွမ်းနယ်နေသည်မှာလည်း အဆန်းတော့မဟုတ်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၆၄)

ဘာသာပြန်သူ_တိမ်တိုက်

လက်ရှိအချိန်၌ ထက်ကောင်းကင်နန်းတော်၏ စီမံခန့်ခွဲမှုသည် တိုးတက်မှုအဆင့်တွင်သာ ရှိနေပေသေးသည်။ မွန်းစတားဘုရင်ခြောက်ဦးမှာ အားကောင်းပါသော်ငြား မွန်းစတားများသည် မွန်းစတားများသာ ဖြစ်နေကြဆဲ။ ထိုအကြောင်းကြောင့် မွန်းစတားဘုရင်များအား ထက်ကောင်းကင်နန်းတော်၏ စီမံခန့်ခွဲရေးရာကိစ္စများတွင် ကူညီပေးဖို့ရာ သွားရောက်တောင်းဆို၍မရပေ။ မွန်းစတားဘုရင်များဆီမှသာ အကူအညီတောင်းလိုက်မည်ဆိုလျှင် ထက်ကောင်းကင်နန်းတော်တစ်ခုလုံး တစ်ခဏလေးအတွင်း ဂယက်ရိုက်သွားရပေလိမ့်မည်။ လက်ရှိအချိန်၌ ထက်ကောင်းကင်နန်းတော်ထဲ ဟွာချင်းစီအား ကူညီပေးနိုင်သူဆို၍ ဒုတိယမန်နေဂျာဖြစ်သော ပိရန်ယုချင်းသာ ရှိပေသည်။ ထိုအကြောင်းကြောင့် ဟွာချင်းစီမှာ အတော်လေးကိုမှ အလုပ်များနေရခြင်း ဖြစ်သည်။

ထိုအကြောင်းကိုစဉ်းစားမိလိုက်သော် ရန်ကိုင်စိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရသည်။ ဟွာချင်းစီလည်း ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် သိုင်းတာအို၏ အထွဋ်အထိပ်အဆင့်သို့ရောက်ရန် ကျင့်ကြံလိုပေသည်။ သို့ပါသော်ငြား လက်ရှိအချိန်တွင်တော့ ကျင့်ကြံဖို့ရာ အချိန်မရှိဘဲ အခြားသော သူမဂရုမစိုက်လိုသည့် ကိစ္စများနှင့် အလုပ်ရှုပ်နေရသည်။ ထိုကိစ္စမှာ သူမအတွက်တော့ မမျှတပေ။

သို့ပါသော်ငြား ရန်ကိုင်ဘာမှပြန်မပြောနိုင်သေးခင်မှာပင် ဘေးနားဆီမှ အသံတစ်သံ ထွက်လာခဲ့လေသည်။ “အစ်မ… အစ်မနာမည် ဘယ်လိုခေါ်လဲဟင်…”

ဟွာချင်းစီ၏အာရုံမှာ ချက်ချင်းဆိုသလို အသံကြားရာဘက်ဆီသို့ ရောက်ရှိသွားခဲ့လေသည်။ ယခုမှသာလျှင် အခန်းထဲ၌ အခြားသူတစ်ဦး ရှိနေကြောင်းကို သတိထားမိသွားခဲ့သည်။ အသားဖြူဖြူ ချစ်စဖွယ်ကောင်းလှသည့် ဖက်တီးလေးတစ်ဦးကို ဟွာချင်းစီမြင်လိုက်ရလေ၏။ ချက်ချင်းပဲ အာမေဋိတ်သံပြုလျက် ဖက်တီးလေး၏ပါးကို ဖျစ်ညှစ်ရင်းမှ ရယ်သွမ်းသွေးကာ မေးလိုက်လေသည်။ “အို… ဒီချစ်စရာကောင်းတဲ့ကလေးလေးက ဘယ်သူလေးလဲဟင်…”

ရန်ရှောင်မှာတော့ သူ့ပါးဖျစ်ညှစ်ခံနေရသည်ကို ကူကယ်ရာမဲ့စွာ ပြုံးပြရင်းမှ ပြန်၍မေးလိုက်လေ၏။ “အစ်မက အရမ်းလှတာပဲ…”

(အစ်မဟွာ… ဒီကောင့်ရဲ့ စကားချိုချိုလေးနဲ့ အရူးလုပ်မခံနဲ့နော်…) ရန်ကိုင် စိတ်ထဲမှနေ၍ ကြိတ်ကာ အော်ဟစ်နေခဲ့သည်။

ကံမကောင်းစွာဖြင့် အမျိုးသမီးများသည် ထိုကဲ့သို့သော ချီးကျူးစကားမျိုး ကြားလိုက်ရချိန်တွင် အလွန်ကိုမှ ဝမ်းသာပီတိ ဖြစ်လေ့ရှိပေသည်။ ဟွာချင်းစီက ရယ်သွမ်းသွေးရင်းမှ ရန်ရှောင်ကို လက်ညှိုးထိုးလျက် “ကောင်လေး… နင်က တကယ်ကို စကားတတ်တာပဲ…” ထို့နောက် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ “သူက ဘယ်သူလဲ နန်းတော်သခင်… သူ့ကို ဘယ်ကနေခေါ်လာတာလဲ…”

ရန်ရှောင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ကျွန်တော်က အဖေ့ရဲ့သားပဲ…”

ဟွာချင်းစီ၏ရယ်သံ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး မျက်လုံးပြူးသွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်ကိုကြည့်လိုက် ရန်ရှောင်ကိုကြည့်လိုက် လုပ်နေလေ၏။ ရန်ကိုင်နှင့်ရန်ရှောင် ရုပ်ဆင်ပါလေသလားဟု ကြည့်လိုပါသော်ငြား နှစ်ဦးသားမှာ လုံးဝကို ရုပ်မဆင်ကြောင်း တွေ့လိုက်ရသည်။

ရန်ကိုင်က ချက်ချင်းပဲ ပြန်၍ပြောလိုက်လေ၏။ “မွေးစားအဖေနဲ့ မွေးစားသား…”

ထိုအခါမှသာလျှင် ဟွာချင်းစီမှာ သက်ပြင်းချလျက် သဘောပေါက်သွားဟန်ဖြင့် “အပြင်လေးတစ်နှစ်လောက်သွားလိုက်ရုံနဲ့ ဘယ်ကနေကလေးရလာလဲမှတ်နေတာ… လက်စသတ်တော့ မွေးစားသားကိုး…” ရန်ရှောင်သည်သာ ရန်ကိုင်၏သား တကယ်ဖြစ်မည်ဆိုပါက လုံးဝကို ပြဿနာတက်သွားရပေလိမ့်မည်။ နန်းတော်သခင်တွင် မိန်းမလေးဦးရှိပါသော်ငြား မည်သည့်မိန်းမကမှ ကလေးမမွေးသေးပေ။ ရန်ကိုင်သည်သာ အပြင်ဘက်မှ ကလေးတစ်ဦးနှင့်အတူ ရုတ်တရက်ပြန်ရောက်လာမည်ဆိုလျှင် သူ့မိန်းမများကြား လုံးဝကို ပြဿနာတက်သွားပေလိမ့်မည်။

“မွေးစားအဖေက အဖေပဲ… တစ်ခါအဖေဖြစ်ဖူးရင် တစ်သက်လုံးအဖေပဲ…” ရန်ရှောင်ကမူ ခေါင်းကိုမော့ ရင်ကိုကော့၍ ပြောလိုက်၏။

ထိုစကားကိုကြားသော် ဟွာချင်းစီက ပြန်၍မေးလိုက်လေ၏။ “ဒီကောင်လေးက တကယ်ကို စကားတတ်တာပဲ… သူ့နာမည်ဘယ်လိုခေါ်လဲ…”

“ရန်ရှောင်…”

ဟွာချင်းစီ၏အမူအယာ ရုတ်ချည်း ထူးဆန်းသွားခဲ့လေသည်။ ဤကောင်လေးသည် ရန်ကိုင်၏သားများ တကယ်ကြီးဖြစ်နေမလားဟုပင် တွေးမိသွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်နှင့် မျိုးရိုးနာမည်ချင်း ဘာကြောင့်များ တူနေရမည်နည်း။ ရန်ကိုင်၏မွေးစားသားသာဆိုလျှင် သူ၏မျိုးရိုးနာမည်သည် ဘာကြောင့်များ ရန်ကိုင်၏မျိုးရိုးနာမည်နှင့် အတူတူဖြစ်နေရသလဲသနည်း။

သို့ပါသော်ငြား ထိုအကြောင်းကို အချိန်ကုန်ခံ သွားမေးမနေခဲ့ပေ။ ယခုကိစ္စနှင့်ပတ်သက်၍ ပြဿနာတက်မည့်တက် ရန်ကိုင်သာ တက်ပေလိမ့်မည်ဖြစ်လေရာ ဟွာချင်းစီမှာ ထိုကိစ္စအပေါ် ဂရုစိုက်မနေတော့ဘဲ ရန်ရှောင်၏ပါးလေးကို ဖျစ်ညှစ်လိုက်ရင်းမှ ချီးကျူးလိုက်လေ၏။ “ကျားတစ်ကောင်က ဘယ်တော့မှ ခွေးတစ်ကောင်ကို မွေးလေ့မရှိဘူးလို့ ပြောတယ်… နင့်ရဲ့မွေးစားအဖေက လူအများကြားကနဂါးပဲ… ဒီတော့ နင်လည်း နောက်ပိုင်းကျရင် သူ့လိုတော်အောင်ကြိုးစား…”

ရန်ရှောင်က ရယ်သွမ်းသွေးလျက် “မွေးစားအဖေက လူတွေကြားကနဂါးဆိုရင် ကျွန်တော်က ကြီးလာတာနဲ့ ကျိန်းသေ နဂါးတစ်ကောင်ဖြစ်မှာ…”

ဟွာချင်းစီက ချီးကျူးလိုက်၏။ “ဒီလိုမှပေါ့…” ရန်ရှောင်မှာ နဂါးကလန်သားတစ်ဦး ဖြစ်သည်ဟူသော အချက်ကိုတော့ ဟွာချင်းစီမသိခဲ့ပေ။ သိသာသိခဲ့လျှင် သူမ ဘယ်လိုများ တွေးပါမည်နည်း။

ဟွာချင်းစီမှာ ထိုအခိုက်သို့အရောက်ဝယ် ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ဒါနဲ့ နန်းတော်သခင်… ဂိုဏ်းထဲမှာ မျက်နှာကြမ်းကြမ်းထော်ထော်နဲ့လူအိုကြီးတစ်ဦး လိုက်ပြီးတော့ လမ်းပတ်လျှောက်နေတယ်… သူ့ကိုမေးကြည့်တော့ နန်းတော်သခင်နဲ့အတူ လာတာတဲ့…”

“သူက ချုန်းချီပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ချုန်းချီ…” ဟွာချင်းစီ မျက်မှောင်ကျုံ့သွားခဲ့သည်။ “ထူးဆန်းလိုက်တဲ့နာမည်ပါလား… နေပါဦး… ချုန်းချီ…” ဟွာချင်းစီ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်၍ “နန်းတော်သခင်… ချုန်းချီဆိုတာကလည်း ဟိုချုန်းချီကိုပြောတာလား… ဒါမှမဟုတ် နာမည်တူတဲ့တစ်ယောက်ကို ပြောတာလား…”

ရန်ကိုင်က ပြုံး၍ “နင်ထင်နေတဲ့တစ်ယောက်လေ…”

“မဟုတ်တော့ဘူး…” ဟွာချင်းစီ၏အမူအယာ ပြောင်းလဲသွားလေ၏။

“ဘာဖြစ်လို့လဲ…” ရန်ကိုင်က ပြန်မေးလိုက်သည်။

ဟွာချင်းစီက မျက်နှာကြီးမဲ့လျက် ပြန်၍ပြောလိုက်သည်။ “တပည့်တွေက ဘယ်ကမှန်းမသိရတဲ့ လူအိုကြီးတစ်ဦး ဂိုဏ်းထဲမှာ လျှောက်သွားနေတယ်တဲ့… သူ့ပုံစံကြည့်ရတာလည်း လူကောင်းဖြစ်မယ့်ပုံမပေါ်ဘူးလို့ လာပြောလည်းပြောရော ကျွန်မလည်း မွန်းစတားဘုရင်ရှဲ့ကိုခေါ်ပြီးတော့ အခြေအနေကို တစ်ချက်သွားကြည့်ခိုင်းလိုက်တာ… ဘာမှတော့ မဖြစ်လောက်ပါဘူးနော်…”

ရန်ကိုင်က ပြုံး၍ “မွန်းစတားဘုရင်တွေက ရှေးဟောင်းတောအုပ်ကြီးထဲမှ နေလာတာ အကြာကြီးပဲ… နတ်အရှင်တွေနဲ့လည်း တစ်ကြိမ်မက တွေ့ဖူးတယ်… ဒီတော့ သာမန်လူတစ်ဦးရဲ့အရှိန်အဝါနဲ့ ချုန်းချီရဲ့အရှိန်အဝါ ခွဲခြားတတ်လောက်မှာပေါ့…”

ထိုသို့သာ ပြောလိုက်ပါသော်ငြား ရန်ကိုင်ကိုယ်တိုင်ကလည်း အနည်းငယ်တော့ စိတ်ပူမိလေသည်။ “အင်း… အခြေအနေအပေါ် မွန်းစတားဘုရင် ဘယ်လိုပြုမူလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်လိမ့်ဦးမယ်…”

ဟွာချင်းစီမှာ ခေါင်းညိတ်လိုက်ပြီး ဆက်သွယ်ရေးမှော်ရတနာကိုထုတ်ကာ ရှဲ့ဝူဝေအား ဆက်သွယ်ရန် ကြိုးစားလိုက်လေသည်။

တစ်ခဏအကြာ၌ ဟွာချင်းစီသည် နဖူးထက်မှချွေးအေးများကိုသုတ်၍ ပြန်ပြောလိုက်လေ၏။ “ကံကောင်းသွားတယ်… မွန်းစတားဘုရင်ရှဲ့ ဘာမှဖြစ်မသွားဘူး…”

“ဘာမှမဖြစ်သွားဘူး…” ရန်ကိုင်က တုံ့ဆိုင်းတုံ့ဆိုင်းအမူအယာဖြင့် မေးလိုက်သည်။

ဟွာချင်းစီက ရယ်ရခက်ငိုရခက်အမူအယာဖြင့် “မွန်းစတားဘုရင်ရှဲ့က မပြောသင့်တဲ့စကားတွေ သွားပြောလိုက်လို့ စီနီယာချုန်းချီ သင်ခန်းစာပေးတာတော့ ခံလိုက်ရတယ်… အခု လျို့ယန်နဲ့ အခြားမွန်းစတားဘုရင်နှစ်ယောက်က သတင်းကြားပြီး အဲ့ကို အပြေးသွားနေတာ…”

“အဲ့သက်ကြားအိုကြီးက အမြဲပြဿနာကောင်ပဲ…” ရန်ကိုင် စိတ်ညစ်ညစ်ဖြင့် ခေါင်းကိုကုတ်လိုက်လေသည်။

ထိုအချိန်အတောအတွင်း စိမ်းစိုသာယာလှပသည့် တောင်တစ်လုံးပေါ်တွင် ရှဲ့ဝူဝေမှာ ကသိကအောက်အမူအယာဖြင့် ချုန်းချီဘေးနား၌ ရပ်နေခဲ့လေသည်။ ချုန်းချီကမူ လက်နောက်ပစ်ရင်းမှ ရှေ့တည့်တည့်သို့ စိတ်ဝင်တစားဖြင့် ကြည့်နေလေ၏။

ဤနေရာသို့ မလာခင်က ထက်ကောင်းကင်နန်းတော်သည် အတော်လေးကိုမှ အားကောင်းလှပြီး ပညာရှင်များစွာကို ပိုင်ဆိုင်ထားကြောင်း ကြိုသိခဲ့ပါသော်ငြား ယခု ဤမျှအထိ ကောင်းမွန်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထက်ကောင်းကင်နန်းတော်တွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာအပြင် မွန်းစတားဘုရင်သုံးပါးလည်း ရှိနေကြသည်။ သို့ပါသော်ငြား သူ့အမြင်အရ သူ့မျက်လုံးထဲဝင်နိုင်သည့်လူဆို၍ သိပ်တော့မရှိလှပေ။ ယခုမူ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကောင်မလေးတစ်ဦးမှာ သူ၏စိတ်အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။

(နတ်သားရဲတစ်ကောင်ရဲ့ အရှိန်အဝါပါလား…)

ထိုကောင်မလေးသည် နတ်သားရဲတစ်ကောင်၏အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။ ထို့အပြင် သာမန်နတ်သားရဲတစ်ကောင်၏ အရှိန်အဝါမျိုးပင်မဟုတ်ဘဲ ဖီးနစ်ကလန်၏ ထူးခြားလှသည့် အရှိန်အဝါမျိုးဖြစ်သည်။

တစ်နည်းဆိုရသော် ထက်ကောင်းကင်နန်းတော်ထဲတွင် ဖီးနစ်တစ်ကောင်ရှိနေသည်ဟု ဆိုလိုက်ခြင်းပင် ဖြစ်လေသည်။

တစ်ဖက်လူမှာ ဖီးနစ်ဖြစ်နေပါသော်ငြား တကယ်တမ်းသာ တိုက်ခိုက်ကြမည်ဆိုလျှင် ထိုကောင်မလေး သူ၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်မှန်းတော့ ချုန်းချီ ယုံကြည်နေလေသည်။ ထိုကောင်မလေးနှင့်သူ့ကြား သက်တမ်းရော အတွေ့အကြုံအရပါ ကွာဟချက်အများကြီး ရှိနေသည်။ သူသည် အချိန်မြစ်မဟာဧကရာဇ်ခေတ်က လူအိုကြီးတစ်ဦးဖြစ်ပြီး တစ်ဖက်လူမှာတော့ ယခုမှ လူငယ်ပေါက်စလေးသာ ရှိပေသေးသည်။

“ရှင်က ဘယ်သူလဲ…” လျို့ယန်သည် ချုန်းချီအား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် မေးလိုက်လေသည်။ ဤလူအိုကြီးဆီမှ အတော်လေးကိုမှ အားကောင်းလှသည့်ဖိအားကို လျို့ယန် ခံစားနေရသည်။ ဤလူအိုကြီးမှာ သူမရင်ဆိုင်ဖူးခဲ့သည့်လူများအနက် အားအကောင်းဆုံးလူတစ်ဦး ဖြစ်ပေသည်။ ယခုကဲ့သို့သောဖိအားမျိုးကို နဂါးကျွန်းပေါ်ရှိနဂါးများကို ရင်ဆိုင်ခဲ့စဉ်ကသာ ခံစားခဲ့ရသည်။

ချုန်းချီက ပြုံး၍ “နင်က ဘယ်သူလဲ ကောင်မလေး…”

လျို့ယန် မျက်နှာပျက်သွားလေ၏။ “ကျွန်မ ရှင့်ကို အရင်မေးတာလေ…”

ချုန်းချီက ရယ်မောလိုက်သည်။ “ငါတို့က အစဉ်အတိုင်းဖြေရမှာလား…”

ချုန်းချီဘေးနားတွင်ရပ်နေသော ရှဲ့ဝူဝေက အလျင်အမြန်ဝင်၍ မိတ်ဆက်ပေးလိုက်လေသည်။ “သခင်မလေးလျို့ယန်… သူက ချုန်းချီပဲ… ကျုပ်ကြားတာတော့ သူက နန်းတော်သခင်နဲ့အတူ ပြန်လာခဲ့တာတဲ့…”

သူ့နာမည်ကိုကြားပြီးသည့်နောက် လျို့ယန်ဖြစ်သွားမည့်ပုံစံလေးကို မြင်ယောင်ရင်း ချုန်းချီမှာ ခေါင်းကိုမော့ ရင်ကိုကော့ထားလိုက်သည်။ သို့သော်ငြား သူထင်ထားသည်နှင့် တက်တက်စင်အောင်ပင်လွဲကာ လျို့ယန်မှာ အံ့အားသင့်သွားဟန်ဖြင့်သာ ပြန်၍မေးလိုက်လေ၏။ “သခင်ပြန်ပြီလား…”

ရှဲ့ဝူဝေက ခေါင်းညိတ်လိုက်၏။ “ဟင်းလင်းပြင်အစီအရင်ကို စောင့်နေတဲ့ တပည့်တွေကတော့ နန်းတော်သခင်ပြန်လာတာကို တွေ့လိုက်တယ်တဲ့…”

မွန်းစတားဘုရင်ရှဲ့မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လျို့ယန်သည် အားလုံး၏မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ချုန်းချီမျက်နှာကြီးမဲ့သွားခဲ့လေ၏။ “အဲ့ကောင်မလေးရဲ့သခင်က ဒီနေရာရဲ့နန်းတော်သခင်ရန်ကိုင်လား…”

ရှဲ့ဝူဝေက ခေါင်းညိတ်ပြလိုက်လေ၏။ “ဟုတ်တယ်ဆရာ… ဘာဖြစ်လို့လဲ…”

ချုန်းချီ အတွေးနက်သွားလေ၏။ (ဒါဆို ဘာက ပြဿနာဖြစ်နေတာလဲ… သူကလည်း ငါ့သခင်ပဲ… သူ့လိုလူတစ်ယောက်က ငါ့သခင်ဖြစ်တာ ငါ့အတွက် တော်တော်လေး မျက်နှာပျက်ရတယ်လို့ ထင်နေတာ… ဖီးနစ်ကလန်သားတစ်ဦးကပါ သူ့ကို သခင်လို့ ခေါ်နေမယ်လို့ မထင်ထားဘူး… အင်း… ကြည့်ရတာ သခင်လေးကတော့ တော်တော်လေးကို ထူးခြားတဲ့ပုံပဲ…)

ထို့အပြင် ရန်ကိုင်သည် နဂါးကလန်နှင့်လည်း ဆက်သွယ်နေပြီး နဂါးမလေးတစ်ဦးကိုပင် မိန်းမအဖြစ် လက်ခံယူထားခဲ့သည်။ ပို၍အံ့အားသင့်ဖွယ်ကောင်းသည်မှာ ရန်ကိုင်သည် နဂါးကလန်မှ ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့၏ သား၏ မွေးစားအဖေ ဖြစ်နေခြင်းပင်။ နဂါး၊ ဖီးနစ်များနှင့် ယှဉ်လိုက်သော် ချုန်းချီမှာ အနည်းငယ်လိုအပ်နေသေးသည်ဟု ပြော၍ရပေသည်။

ထိုအချိန်အတောအတွင်း လျို့ယန်မှာ အဓိကခန်းမဆီသို့ ပြေးသွားပြီး ရန်ကိုင်အား ပြုံး၍ လှမ်းခေါ်လိုက်လေ၏။ “သခင်…”

ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ “လျို့ယန်ရောက်လာပြီလား…”

“အင်း… သခင်ပြန်ရောက်လာတယ်ကြားလို့ ချက်ချင်းလာခဲ့တာ…” လျို့ယန်သည် ချိုသာစွာပြုံးရင်းမှ ရန်ကိုင်ဘေးနားသို့ လျှောက်သွားပြီး ရန်ကိုင်အား မော့ကြည့်လိုက်လေ၏။

ရန်ကိုင်က လျို့ယန်၏ခေါင်းလေးကို ပုတ်ပေး၍ မေးလိုက်လေ၏။ “ချုန်းချီကို တွေ့ပြီးသွားပြီလား…”

လျို့ယန်က ခေါင်းညိတ်ပြလိုက်လေသည်။ “တွေ့ပြီးသွားပြီ…”

“ဘာမှဖြစ်မသွားဘူးမလား…”

“ဘာမှဖြစ်မသွားဘူး… သူက သခင်နဲ့အတူပြန်လာတာဆိုတော့ ဘာပြဿနာမှမရှိပါဘူး…” ပြောနေရင်းမှ လျို့ယန်သည် တစ်ခုခုအား အာရုံခံမိသွားသည့်အလား ဘေးဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ရှောင်မှာ သူမအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် လျို့ယန် မျက်မှောင်ကျုံ့သွားခဲ့ပြီး သူ့အား ပြုံးပြနေသည့် ရန်ရှောင်ကိုကြည့်ရင်းမှ မေးလိုက်လေ၏။ “နင်က ဘယ်သူလဲ…”

“ကျွန်တော့်နာမည်က ရန်ရှောင်လေ… ဘုံကိုးဆင့်ကို ပျံတက်မယ့်ရှောင်…” ရန်ရှောင်က သူ့နာမည်အား သေသေချာချာကို ရှင်းပြလိုက်၏။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ရန်ရှောင်အား မိတ်ဆက်ပေးလိုက်လေ၏။ “ဒါက ငါ့ရဲ့မွေးစားသားပဲ… သူက အခုကနေစပြီးတော့ ထက်ကောင်းကင်နန်းတော်မှာ နေမှာ… ရှောင်အာ… ဒါက လျို့ယန်… မင်းသူ့ကို…”

ရန်ကိုင် ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ရှောင်က လက်သီးဆုပ်၍ လျို့ယန်အား ဦးညွှတ်ကာ “ရှောင်အာ အစ်မလျို့ယန်ကို နှုတ်ဆက်ပါတယ်…”

(တကယ်ကို စကားတတ်တဲ့ကောင်…) တွေ့တွေ့ချင်းမှာပင် လျို့ယန်အား အစ်မလျို့ယန်ဟု ခေါ်လိုက်လေသည်။ ရန်ရှောင်မှာ မိဘများ၏ သေသေချာချာ သွန်သင်ဆုံးမခြင်းကို ခံခဲ့ရသည့်အလား အတော်လေးကိုမှ ယဉ်ကျေးသိမ်မွေ့လှပေသည်။

လျို့ယန် မျက်ခုံးပင့်သွားခဲ့ပြီး သူမ၏နှုတ်ခမ်းလေးမှာလည်း နားလည်ရခက်သည့်ပုံစံမျိုးဖြင့် ကွေးတက်သွားခဲ့သည်။ ထို့နောက် ရန်ရှောင်အား ခေါင်းတစ်ချက်ညိတ်ပြပြီးသည့်နောက် ရန်ကိုင်နားတွင်သာ ဆက်၍ ကပ်နေလေ၏။

ရန်ကိုင်ထွက်သွားခဲ့သည်မှာ သိပ်မကြာလှပါသော်ငြား ထက်ကောင်းကင်နန်းတော်သည် မြောက်ဘက်နယ်မြေတွင်ရော တောင်ဘက်နယ်မြေတွင်ပါ ခြေဆန့်နေခဲ့လေရာ လက်ရှိအချိန်တွင် သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေပေသည်။ ပြန်ရောက်လာပြီးသည့်နောက် ဟွာချင်းစီ၌ ရန်ကိုင်အား တင်ပြရမည့်ကိစ္စများစွာ ရှိနေပေသည်။ ထိုအကြောင်းကြောင့် ခန်းမထဲဝယ် ဟွာချင်းစီမှာ တင်ပြစရာရှိသည်များကို စတင်ပြတော့သည်။ ရန်ကိုင်မှာ မကြာမကြာ မေးခွန်းများကို မေးခွန်းတတ်ပေသည်။ နောက်ဆုံးတွင် လက်ရှိထက်ကောင်းကင်နန်းတော်၏အခြေအနေကို နားလည်သွားတော့လေ၏။

တစ်ခဏအကြာ၌ ရန်ကိုင်က ရုတ်တရက်ပြောလိုက်သည်။ “လျို့ယန်… ရှောင်အာကို လိုက်ပြလိုက်ပါဦး… နောက်ပိုင်း သူ ဒီမှာနေမှာဆိုတော့ ဒီနေရာနဲ့ အရင်ဆုံး ရင်းနှီးသွားအောင် လုပ်ရလိမ့်မယ်…”

ရန်ကိုင်အနေဖြင့် ရန်ရှောင်အား လျို့ယန်ဖြင့် ထည့်ပေးလိုက်ရခြင်းမှာ ရန်ရှောင်ကိုကြည့်ရသည်မှာ လျို့ယန်အပေါ် အတော်လေးကိုမှ စိတ်ဝင်စားနေသည့် အတွက်ကြောင့်ပင်။ ရန်ရှောင်သည် လျို့ယန်နားသို့ တောက်လျှောက် လိုက်ကပ်နေခဲ့သည်။ လျို့ယန်နှင့်ပတ်သက်၍ မည်သည့်အရာကများ စိတ်ဝင်စားစရာကောင်းနေသလဲဆိုသည်ကို ရန်ကိုင်မသိပါသော်ငြား ရန်ကိုင်ကမူ တိတ်တိတ်လေးသာ နေခဲ့သည်။ ဤကောင်လေးမှာ သူနှင့် သက်တူရွယ်တူကလေးတစ်ဦးကို တစ်ခါမှ မမြင်ခဲ့ဖူးသည့်အတွက်ကြောင့် လျို့ယန်အား စိတ်ဝင်စားနေခြင်းလည်း ဖြစ်လောက်ပေသည်။

လျို့ယန်သည် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ရန်ရှောင်အား လက်ဝှေ့ယမ်းပြလိုက်လေ၏။ “ငါ့နောက်လိုက်ခဲ့…”

ရန်ရှောင်လည်း ပါးစပ် နားရွက်တတ်ချိတ်လုမတတ် ပြုံးရင်း လျို့ယန်နောက်သို့ လိုက်သွားလေသည်။

အဓိကခန်းမထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရန်ရှောင်မှာ လျို့ယန်နောက်သို့ အမြီးတစ်ချောင်းပမာ ထပ်ကြပ်မကွာ လိုက်သွားခဲ့ပြီး‌ မေးလိုက်လေ၏။ “အစ်မလျို့ယန်… ကျွန်တော်တို့ အခု ဘယ်သွားကြမှာလဲ…”

လျို့ယန်သည် ခေါင်းလေးစောင်း၍ ရန်ရှောင်ကိုကြည့်ကာ ယဲ့ယဲ့လေးပြုံးပြရင်းမှ ပြန်မေးလိုက်သည်။ “ငါ နင့်ကို လိုက်ပတ်ပြပေးမယ်…”

“အင်း အင်း…” ရန်ရှောင်မှာ ခေါင်းကို အဆက်မပြတ် ညိတ်နေခဲ့သည်။

သာယာလှပသည့် တောင်တန်းများ၊ မြစ်ချောင်းများကိုကြည့်ရင်းမှ ဤနေရာသည် နဂါးကျွန်းထက် ပို၍ပျော်စရာကောင်းသည်ဟု ရန်ရှောင် ခံစားလိုက်ရလေသည်။ ဤနေရာတွင် လူပေါင်းများစွာနှင့် စည်ကားသက်ဝင်နေရုံမက သူ့တွင်လည်း သူနှင့် အသက်တူအရွယ်တူကစားဖော်တစ်ဦးလည်း ရှိနေပေသေးသည်။ သူ၏မွေးစားအဖေနှင့် လိုက်လာခဲ့သည်မှာ အမှန်တကယ်ကို မှန်သွားသည်ဟုပင် ရန်ရှောင်တွေးနေမိလေသည်။

All Chapters