အခန်း (၃၃၆၅-၃၃၆၈)
Vol. 148 Ch. 3365-3368
အပိုင်း (၃၃၆၅)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ရှောင် အနည်းငယ် မကျေနပ်ရသည့် အချက်ဆို၍ အစ်မလျို့ယန်မှာ စကားနည်းနေခြင်းပင်။ ရန်ရှောင်မှ မေးခွန်း ဆယ်ခုလောက် မေးလိုက်လျှင် လျို့ယန်မှာ တစ်ခု နှစ်ခုလောက်သာ ပြန်ဖြေတတ်ပြီး တစ်ချိန်ကုန် တိတ်နေတတ်ပေသည်။
ရုတ်တရက်ဆိုသလို လျို့ယန်သည် ပန်းများဖြင့် ပြည့်နှက်နေသော တောင်ကြားတစ်ခု အရှေ့တွင် ရပ်သွားခဲ့သည်။
ရန်ရှောင်လည်း အလျင်စလို ကောက်ရပ်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ မျက်လုံးများမှာ စတင်၍ တောက်ပလာတော့လေသည်။ တောင်ကြားမှာ အလွန်တရာကိုမှ လှပလှပြီး အမျိုးမျိုးသော ပန်းပေါင်းစုံတို့ဖြင့် ပြည့်နေလေသည်။ လျို့ယန်မှာ ထိုနေရာတွင် ရပ်နေလေရာ ပန်းများနှင့်အတူ သူမ၏ အလှမှာ တမူကို ထူးခြားနေလေ၏။
လေပြေ လေညင်းလေးများမှာလည်း တသုန်သုန် တိုက်ခတ်နေလေရာ ပန်းများမှာ လေအဝှေ့နှင့်အတူ တလူလူ ယိမ်းနွဲ့နေလေ၏။ ယိမ်းနွဲ့ကခုန်နေသော ပန်းများနှင့်အတူ လျို့ယန်၏ အလှတရားမှာ ပိုမို၍ ပေါ်လွင်လာရလေသည်။
ရန်ရှောင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း မှင်တက်နေမိသည်။ မွေးပြီးသည့်နောက် ပထမဦးဆုံးအကြိမ် လောကကြီးမှာ အမှန်တကယ်ကို လှပကြောင်း သဘောပေါက်သွားခဲ့သည်။
ရုတ်တရက်ဆိုသလို လျို့ယန်သည် ရန်ရှောင်ဘက်သို့ လှည့်လာ၍ ထူးမခြားနားဟန်ဖြင့် ကြည့်ကာ ပြောလိုက်လေ၏။ "နင် အခု ပြေးသင့်နေပြီ"
လျို့ယန်အား ငေးကြောင်ကြောင် အမူအရာဖြင့် ကြည့်နေသော ရန်ရှောင်မှာ လျို့ယန် ပြောလိုက်သည့် စကားကြောင့် အံ့အားသင့်သွားခဲ့ပြီး ဇဝေဇဝါ အမူအရာဖြင့် ပြန်၍ မေးလိုက်လေသည်။ "ဘာဖြစ်လို့ ပြေးရမှာလဲ"
လျို့ယန်မှ သူမလက်အား ဖြည်းဖြည်းချင်း မြှောက်ပြလိုက်ရာ သူမ၏ လက်ညှိုးအထက် မီးပွားလေးတစ်ခု စတင်၍ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် လျို့ယန်က ပြောလိုက်လေ၏။ "ဘာဖြစ်လို့လဲဆိုတော့ ငါ ဒါနဲ့ နင့်ကို မီးကင်တော့မှာမလို့ပဲ"
ထိုစကားကို ကြားလိုက်သည့်နောက် ရန်ရှောင်မှာ အနည်းငယ် မှင်တက်သွားခဲ့သည်။ ရယ်ရခက် ငိုရခက် အမူအရာမျိုးဖြင့် ပြန်၍ မေးလိုက်လေ၏။ "အစ်မလျို့ယန်၊ ဘာဖြစ်လို့ ကျွန်တော့်ကို မီးမြှိုက်ချင်နေရတာလဲ၊ ကျွန်တော် တစ်ခုခု လုပ်လိုက်လို့လား"
လျို့ယန်ကမူ ပြန်မဖြေခဲ့ဘဲ ပြုံးသာ ပြုံးပြနေခဲ့သည်။ ထို့နောက်တွင် ရန်ရှောင်၏ မယုံနိုင်စရာ အကြည့်အောက်၌ လျို့ယန်၏ လက်ညှိုးလေးမှာ အနီရောင် တလက်လက် တောက်ပလာခဲ့ပြီးသည့်နောက် ရန်ရှောင် တည့်တည့်သို့ ချိန်လိုက်လေသည်။ ထို့နောက်တွင် မီးမြွေတစ်ကောင် လျို့ယန်၏ လက်ညှိုးထဲမှ ထွက်ပေါ်လာပြီး ရန်ရှောင်ဆီသို့ ပြေးဝင်သွားလေ၏။
အကုန်လုံးမှာ ရုတ်တရက်ကြီး ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေရာ ရန်ရှောင်အား လျို့ယန်မှ ကြိုတင်၍ သတိပေးထားခဲ့သည့်တိုင် ရန်ရှောင်မှာ အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိခဲ့။ မီးမြွေ သူ့အား ထိခါနီးမှသာလျှင် ရန်ရှောင် အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်းပဲ မီတာပေါင်းများစွာ အကွာသို့ ခုန်ဆုတ်၍ အော်ပြောလိုက်လေ၏။ "ဘာဖြစ်လို့ အခုလိုမျိုး လုပ်နေရတာလဲ"
[ငါ သူ့ကိုလည်း ရန်မစလိုက်ပါဘူး၊ ဘာဖြစ်လို့ ငါ့ကို အကြောင်းအရင်းမရှိ မီးနဲ့ မြှိုက်ချင်နေရတာလဲ] ဤအစ်မ လျို့ယန်မှာ ခေါင်းများ ထိထားလေသလားဟုပင် ရန်ရှောင် တွေးမိသွားလေသည်။
လျို့ယန်ကမူ ဘာမျှ ပြန်မပြောခဲ့ဘဲ ပြုံးသာ ပြုံးနေခဲ့သည်။ ထို့နောက် သူမ၏ အတွေးတစ်ချက်နှင့် မီးမြွေမှာ အသိစိတ်ရှိနေသည့်အလား ရန်ရှောင်ဆီသို့ ပြေးဝင်သွားလေသည်။
ပြင်းထန်သည့် အပူလှိုင်းကို ခံစားမိလိုက်သည့်အခါမှသာလျှင် ရန်ရှောင် အသိပြန်ဝင်လာတော့သည်။ ထိုမီးမြွေမှာ သူ့အား မသတ်နိုင်ပါသော်ငြား သူသည်သာ ထိုမီးမြွေနှင့် ထိသွားမည်ဆိုပါက ကျိန်းသေ အလွန်ကိုမှ နာကျင်ရပေလိမ့်မည်။ ထို့နောက် ရန်ရှောင်သည် ချက်ချင်းပဲ ဟိုမှသည်နေရာသို့ ခုန်ကူးရင်း မီးမြွေအား အသည်းအသန် ရှောင်တိမ်းတော့လေသည်။ ရန်ရှောင် မွေးလာသည်မှာ မကြာသေးသလို သေသေချာချာ လေ့ကျင့်ပေးထားခြင်း မခံရပါသော်ငြား နဂါးကလန်သား တစ်ဦးဖြစ်သည်နှင့်အညီ ရန်ရှောင်မှာ ထိုကဲ့သို့သော နည်းလမ်းအချို့ကို အလိုလို သိနေခဲ့သည်။ မီးမြွေမှာ ထိုအကြောင်းကြောင့် ရန်ရှောင်အား ဘာဆိုဘာမျှ မလုပ်နိုင်ခဲ့ပေ။ မီးမြွေသည် အလွန်တရာကိုမှ ပူပြင်းလှပါသော်ငြား အနီးအနားတွင် ရှိနေသော ပန်းများအား လုံးဝ ထိခိုက်စေခြင်း မရှိပေ။ ထိုအချက်ကို ကြည့်လျှင် မီးတောက်အပေါ် လျို့ယန်၏ ထိန်းချုပ်နိုင်စွမ်းကို မြင်တွေ့နိုင်ပေသည်။
ရှောင်တိမ်းနေရင်းမှ ရန်ရှောင်က အော်ပြောလိုက်၏။ "အစ်မလျို့ယန်၊ ဘာဖြစ်လို့ အခုလိုမျိုး လုပ်နေရတာလဲ၊ မြန်မြန် ရပ်လိုက်တော့"
လျို့ယန်ကမူ ရန်ရှောင် ပြောသည်ကို ဂရုစိုက်မနေဘဲ မိစ္ဆာဆန်ဆန် ပြုံးပြရင်းဖြင့် မီးမြွေကို ထိန်းချုပ်၍ ရန်ရှောင်အား မီးမြှိုက်ပစ်ရန် ကြိုးစားနေလေသည်။
အကြိမ်ပေါင်းများစွာ ရှောင်တိမ်းနေပြီးသည့်နောက် ရန်ရှောင်မှာ ဒေါသူပုန်ထလာပြီး အကျယ်ကြီး ထအော်ဆဲတော့သည်။ "အရူးမ၊ နင် ခေါင်းမကောင်းတော့တာလား၊ ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘဲနဲ့ ဘာဖြစ်လို့ အခုလိုမျိုး လုပ်နေရတာလဲ"
ရန်ရှောင်မှာ ရန်ကိုင်၏ စိတ်နေစရိုက်ကို အတော်လေး ပိုင်ဆိုင်ထားသည်ဟု ပြော၍ ရပေသည်။ ထိုအကြောင်းကြောင့် လျို့ယန်၏ ထပ်တလဲလဲ စနောက်နေခြင်း ခံရသည့်နောက်တွင် ဒေါသထွက်လာပြီး စိတ်ကို မထိန်းနိုင်တော့ဘဲ မပြောသင့်သည့် စကားများကို ပြောလိုက်တော့သည်။
"နင်ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ" လျို့ယန်၏ မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူမ၏ လေသံမှာလည်း အစောပိုင်းကနှင့်မတူ အတော်လေးကိုမှ အေးစက်သွားခဲ့ရာ လျို့ယန် ပုံစံကို မြင်ပြီးသည့်နောက် ရန်ရှောင်မှာ တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။
"အ ရူး မ၊ ဟုတ်လား" လျို့ယန်သည် တစ်ခွန်းချင်းစီ ရေရွတ်လိုက်ရင်းမှ ချောက်ချားဖွယ်ကောင်းစွာ အော်ရယ်မောလိုက်လေသည်။
လျို့ယန် ပုံစံကို ကြည့်ရင်း ရန်ရှောင်၏ စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့သည်။ ထိုအကြောင်းကြောင့် ဤနေရာ၌ ဆက်မနေရဲတော့ဘဲ ချက်ချင်း ထွက်ပြေးတော့လေ၏။
ရန်ရှောင်မှာ နဂါးတစ်ကောင် ဖြစ်ပါသော်ငြား မွေးလာသည်မှာ မကြာသေးသည့်အတွက်ကြောင့် လျို့ယန်၏ ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါမည်နည်း။
မီးမြွေမှာ ရုတ်တရက်ဆိုသလို ကွဲထွက်သွားခဲ့ပြီး မီးပိုက်ကွန်တစ်ခု အသွင်သို့ ပြောင်းကာ ရန်ရှောင်အား လွှမ်းခြုံသွားခဲ့သည်။ အလစ်ငိုက်မိသွားသည့်အတွက်ကြောင့် ရန်ရှောင်မှာလည်း အချိန်မီ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိဘဲ မီးပိုက်ကွန်၏ ထိမှန်ခြင်း ခံရကာ နာကျင်စွာ အော်ဟစ်ရတော့သည်။
မီးပိုက်ကွန်မှာ အလွန်ကိုမှ ပူပေသည်။ ထိုပိုက်ကွန်မှာ သေလောက်အောင် ပြင်းထန်သည့် စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိပါသော်ငြား မီးတောက်ဖြင့် အထိခံရသည်မှာ မနာကျင်သည်တော့ မဟုတ်ပေ။
ရုတ်တရက်ဆိုသလို နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပြီး ရန်ရှောင်၏ ခန္ဓာကိုယ်သည် အဖြူရောင် တလက်လက် တောက်ပလာကာ အားကောင်းလှသည့် နဂါးအရှိန်အဝါ တစ်ရပ်မှာလည်း ဘေးပတ်ဝန်းကျင်အနှံ့ ပြန့်ထွက်သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ရှောင်သည် မီးပိုက်ကွန်ကို တစ်စစီ ဖျက်ဆီး၍ နောက်သို့ပင် လှည့်မကြည့်ဘဲ ခြေကုန်သုတ်ကာ ထွက်ပြေးတော့လေ၏။
သူ့စိတ်ထဲလည်း တမင်သက်သက် အနိုင်ကျင့်ခံနေရသည်ဟု ခံစားနေခဲ့ရသည်။ [အစ်မလျို့ယန်က တကယ်ကို ရူးနေတာပဲ၊ ငါသူ့ကိုလည်း ဘာမှလည်း လုပ်တာ မဟုတ်ဘူး၊ ယဉ်ယဉ်ကျေးကျေးလေးတောင် ပြောလိုက်သေးတယ်၊ အဲဒါကို အခုလိုမျိုး ငါ့ကို လာလုပ်နေတယ်]
[မွေးစားအဖေဆီမှာ ဘယ်လိုလူမျိုးတွေ ရှိနေတာလဲ မသိဘူး၊ ငါ ဒီအကြောင်းကို မွေးစားအဖေဆီ ကျိန်းသေ ပြန်ပြောရမယ်၊ အဲဒါမှလည်း မွေးစားအဖေလည်း နောက်ပိုင်း သူ့ကို သတိထားလို့ရမှာ]
"ပြေးစမ်း၊ ပြေးစမ်း၊ ငါနင့်ကို ပြေးဖို့ ပြောတာပဲ၊ ငါ့စကား နားမထောင်တာ" အသံတစ်သံ သူ့ဘေးနားမှာ ထွက်ပေါ်လာသဖြင့် ရန်ရှောင်လည်း ဘေးဘက်သို့ လှမ်းကြည့်လိုက်ရာ မိစ္ဆာဆန်ဆန် ပြုံးပြနေသော လျို့ယန်ကို မြင်လိုက်သည့်နောက် သူ့မျက်နှာ တစ်ခုလုံး ဖြူရော်သွားခဲ့လေသည်။ လျို့ယန်မှာ သူ့အား အရှင်လတ်လတ် မီးကင်နေပါသော်ငြား အနည်းငယ်မျှပင် စူပုပ်နေခြင်း မရှိဘဲ ပြုံးပင် ပြုံးပြနေခဲ့သည်။ မသိလျှင် သူ့အား ယခုကဲ့သို့ နှိပ်စက်ရသည့်အပေါ် အလွန်ကိုမှ ဝမ်းသာပီတိ ဖြစ်နေသည့်အလား။
[တကယ်ကို ရူးနေတာပဲ]
"အား" ရန်ရှောင်မှာ ကြောက်လန့်တကြား ထအော်လေသည်။ ယခုဆိုလျှင် လျို့ယန်မှာ လှပသော အစ်မကြီးတစ်ယောက် ဖြစ်သည်ဟူသော အထင်အမြင်မှာ လုံးဝကို ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။ လျို့ယန်နှင့် ပတ်သက်၍ ရန်ရှောင် စိတ်ထဲ ကျန်ရစ်ခဲ့သည်မှာတော့ အကြောက်တရားသာ ဖြစ်လေသည်။ ဖြစ်နိုင်လျှင် လျို့ယန်နှင့် ဝေးဝေးတွင်သာ နေချင်မိတော့သည်။ လျို့ယန်အား နောက်တစ်ကြိမ် ထပ်မတွေ့ရလျှင် အကောင်းဆုံးပင်။
ထိုသို့ဖြင့် တစ်ယောက်မှာ ပြေးရင်း နောက်တစ်ယောက်မှာ နောက်က လိုက်နေလေရာ ထိုအဖြစ်အပျက်ကြောင့် ဂိုဏ်းထဲတွင် ရှိနေသော တပည့်ပေါင်းများစွာ နိုးနိုးကြားကြား ဖြစ်ကုန်ကြပြီး ရန်ရှောင်နှင့် လျို့ယန်တို့အား လှမ်း၍ ကြည့်လိုက်ကြလေသည်။
ရန်ရှောင်မှာ အကြိမ်ပေါင်းများစွာ အကူအညီတောင်းခံနေခဲ့ပါသော်ငြား မည်သည့် တပည့်မျှ သူ့အား လာရောက်ကူညီခြင်း မရှိကြပေ။ ရန်ရှောင် မည်သူ ဖြစ်သလဲဆိုသည်ကို မည်သူမျှ မသိကြ။ ထိုအပြင် ရန်ရှောင် အနောက်သို့ လိုက်နေသည်မှာ လျို့ယန် ဖြစ်သည့်အလျောက် မည်သူမျှ သူ့အား လာရောက်ကယ်ဆယ်ခြင်း မရှိကြပေ။ ရန်ရှောင်မှာ ထက်ကောင်းကင်နန်းတော်ထဲသို့ ခိုးဝင်လာသည့် လူတစ်ဦး ဖြစ်ကာ လျို့ယန်၏ တွေ့ရှိသွားခြင်း ခံရပြီး ယခုကဲ့သို့ လိုက်လံဖမ်းဆီးခြင်း ခံနေရသည်ဟုသာ ထင်နေကြလေသည်။
မကြာမကြာ လျို့ယန်မှာ မီးမြွေများကို ပစ်လွှတ်တတ်သည်။ မီးမြွေများမှာ ရန်ရှောင်အား ဒဏ်ရာရစေလောက်သည့်အထိ အားကောင်းခြင်း မရှိပါသော်ငြား မြင့်မားလှသည့် အပူချိန်မှာ ရန်ရှောင်အတွက်မူ အတော်လေးကိုမှ မခံမရပ်နိုင်အောင် ပြင်းထန်လွန်းလှသည်။ [ငါလခွမ်းကွာ၊ ဒီအရူးမကတော့၊ တိုက်မယ်ဆိုလည်း ငါ့ကို ဒဏ်ရာရအောင် လုပ်လိုက်ပါလား၊ အဲဒါဆို မွေးစားအဖေဆီ သွားပြီးတော့ အထွန့်တက်လို့ ရသေးတယ်၊ ဒါပေမဲ့ အခုလို ပုံစံကြီးက]
ရန်ရှောင်မှာ ရန်ကိုင်ဆီသို့ ပြန်ပြေးချင်ပါသော်ငြား လျို့ယန်မှာ သူ့အနောက်သို့ တကောက်ကောက်ကို လိုက်နေခဲ့သည်။ ထိုအပြင် ရန်ကိုင်ဆီသို့ မည်ကဲ့သို့ ပြန်သွားရမလဲဆိုသည်ကို ရန်ရှောင် မသိပေ။ သူ ဤနေရာသို့ ရောက်သည်မှာ ကြာမှ မကြာသေးပေဘဲ။ ထိုအတွက်ကြောင့် ခြေဦးတည့်ရာသာ ထွက်ပြေးနေခဲ့ရလေသည်။
ဉာဏ်ရှိသည့် လူတစ်ဦးမှာ အခြေအနေ အချိန်အခါကို လိုက်၍ ပြုမူရသည်ဆိုသည့်အတိုင်း ရန်ရှောင်မှာ လျို့ယန်အား ပြန်မတိုက်နိုင်မှန်း သိသည့်အလျောက် အကြိမ်ပေါင်းများစွာ အသနားခံ တောင်းပန်ခဲ့သည်။ သို့ပါသော်ငြား လျို့ယန်ကမူ ရန်ရှောင် အသနားခံနေသည်ကို မကြားချင်ယောင်ဆောင်၍ ဆက်၍သာ မီးဖြင့် ကင်နေခဲ့သည်။
ရန်ရှောင်မှာ ခြေဦးတည့်ရာ ထွက်ပြေးလာလိုက်ရာ စိမ်းလန်းစိုပြေသည့် တောင်တစ်လုံးဆီသို့ ရောက်လာခဲ့လေသည်။ ရန်ရှောင်နှင့် လျို့ယန်တို့၏ လုပ်ရပ်မှာ မရေမတွက်နိုင်သော လူပေါင်းများစွာအား နိုးနိုးကြားကြား ဖြစ်စေခဲ့သည့်အလျောက် အဆုံးတွင် အမျိုးသမီးတစ်ဦးမှာ ရန်ရှောင်အား အာရုံစိုက်မိသွားခဲ့သည်။ ထိုအမျိုးသမီး၏ ဘေးနားတွင် အသက်လေးငါးနှစ်ခန့် ကောင်မလေး တစ်ဦး ရှိနေလေသည်။ ထိုကောင်မလေးမှာ ရန်ရှောင်နှင့် အရပ် အတူတူလောက်သာ ဖြစ်၏။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ" ထိုအမျိုးသမီးသည် ကလေးမလေး၏ လက်ကို ကိုင်ရင်း ရေကန်နားတွင် ရှိနေသော သစ်သား အဆောက်အဦးလေးထဲမှ ထွက်လာခဲ့လေသည်။ ထို့နောက် ရန်ရှောင်အား လျို့ယန်မှ လိုက်ဖမ်းနေသည်ကို မြင်သော် အံ့အားသင့်သွားခဲ့လေ၏။
ရန်ရှောင်သည် ထိုအမျိုးသမီး တည့်တည့်သို့ ပြေးသွားခဲ့ပြီး နှာခေါင်းတရှုံ့ရှုံ့ မျက်ရည်လည်ရွဲဖြင့် အသနားခံတော့လေသည်။ "ကူညီပေးပါဦး၊ တစ်ယောက်ယောက် ကျွန်တော့်ကို သတ်ဖို့ လုပ်နေတယ်"
ရန်ရှောင်ကို မြင်လိုက်သည်နှင့် ထိုအမျိုးသမီး သနားစိတ်ဝင်မိသွားလေသည်။ ဖတ်တီးလေးမှာ အတော်လေးကိုမှ အခြေအနေဆိုးနေလေ၏။ အင်္ကျီများမှာ တွန့်ကြေနေသလို ဆံပင်များမှာလည်း မီးကျွမ်းထားခဲ့ရာ မသိလျှင် သူတောင်းစားတစ်ဦးနှင့်ပင် တူနေပေသေးသည်။ ပိုဆိုးသည်မှာ လျို့ယန်သည် မီးမြွေပေါင်းများစွာ ခြံရံ၍ သူ့အနောက်မှ လိုက်လာနေခြင်းပင်။
သူမ သမီးနှင့် အသက်တူရွယ်တူ ဖြစ်နေသည့်အတွက်ကြောင့်လား မသိ။ ထိုဖတ်တီးလေးကို မြင်ပြီးသည့်နောက် အမျိုးသမီးမှာ သနားစိတ်ဝင်သွားပြီး ဖတ်တီးလေးကို သူမ အနားသို့ ချက်ချင်း ဆွဲခေါ်ရင်း နှစ်သိမ့်ပေးလိုက်လေသည်။ "မကြောက်နဲ့၊ ဘယ်သူမှ နင့်ကို မသတ်ဘူး"
လျို့ယန် ဤကောင်လေးအား သတ်လိုစိတ် မရှိမှန်း သူမ ပြောနိုင်ပေသည်။ ဤကောင်လေးအား ခံစားသွားရအောင် လုပ်လိုခြင်းသာ ဖြစ်လောက်သည်။ ထိုသို့သာမဟုတ်ပါက လျို့ယန်၏ ခွန်အားအရ ဤကောင်လေးအနေဖြင့် ယခုအချိန်အထိတိုင် မည်ကဲ့သို့များ အသက်ရှင်နိုင်ပါမည်နည်း။
အမျိုးသမီးသည် လျို့ယန်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လျက် မေးလိုက်လေ၏။ "ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ဤအမျိုးသမီးသည် တာအိုသခင်ပထမအဆင့်သာ ရှိသေးပါသော်ငြား လျို့ယန်ကမူ တယဥ်တကျေးဖြင့် မီးမြွေများကို ပြန်ရုပ်သိမ်း၍ နှုတ်ဆက်လိုက်လေ၏။ "မင်္ဂလာပါ မဒမ်"
ထက်ကောင်းကင်နန်းတော် တစ်ခုလုံးတွင် လျို့ယန်မှ ယခုကဲ့သို့ ဆက်ဆံရသည့် လူဆို၍ ရန်ကိုင်၏ အမေ ဒေါင်စုကျုသာ ရှိပေသည်။
ဟုန်းလော့ကြယ်စီရင်စုတွင် ရှိစဉ်က ဒေါင်စုကျုမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်။ သို့ပါသော်ငြား ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက် ထက်ကောင်းကင်နန်းတော်၏ မြောက်မြားလှစွာသော ကျင့်ကြံရေး အရင်းအမြစ်များနှင့်အတူ တာအိုသခင်အဆင့်သို့ အလွယ်တကူ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့လေသည်။ ကျင့်ကြံခြင်းအဆင့် ချိုးဖျက်သွားပြီးသည့်နောက်တွင် ဒေါင်စုကျု၏ ရုပ်ရည်မှာ အတော်လေးကိုမှ ငယ်ရွယ်သွားခဲ့လေရာ ယခုဆိုလျှင် နှစ်ဆယ့်ငါးနှစ် အရွယ်လောက်သာ ရှိမည်ဟု ထင်နေရလေသည်။
ဒေါင်စုကျု ဘေးနားတွင် ရှိနေသည့် ကလေးမလေးမှာတော့ သူမ မကြာသေးခင်က မွေးထားသော ရန်ရွှယ့် ဖြစ်ပေသည်။
"သူနင့်ကို ဘာလုပ်လိုက်လို့လဲ" ဒေါင်စုကျုက လျို့ယန်ကို ကြည့်ရင်းမှ မေးလိုက်၏။
လျို့ယန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်၍ ပြောလိုက်လေ၏။ "ဘာမှမလုပ်ဘူး၊ ဒီအတိုင်း စကားပြောတာ မသင့်တော်လို့"
ရန်ရှောင်သည် ဒေါင်စုကျု အနောက်မှ ခေါင်းပြူထွက်လာပြီး လှမ်းအော်ပြောလိုက်လေသည်။ "ကျွန်တော် ပြောတာ ဘာမှားလို့လဲ"
လျို့ယန်မှ သူ့အား စိုက်ကြည့်လာသည့်အတွက်ကြောင့် ရန်ရှောင်မှာ တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ပြီး ချက်ချင်းပဲ ဒေါင်စုကျု အနောက်တွင် ပြန်ပုန်းနေလိုက်လေသည်။ ယခုဆိုလျှင် လျို့ယန်အား ရန်ရှောင် အမှန်တကယ်ကို ကြောက်မိနေလေပြီ။ မည်သူကများ စကားပြောမှားသွား၍ တွေ့တွေ့ချင်း မီးနှင့် လိုက်မြှိုက်ပါမည်နည်း။ သို့ပါသော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက်တွင်ပင် သူ မည်သည့် နေရာ၌ စကားပြော မှားသွားမှန်းကို ရန်ရှောင် လုံးဝ မစဉ်းစားတတ်ခဲ့ပေ။
ဒေါင်စုကျုက ပြောလိုက်လေ၏။ "ကလေးတွေ အမှားလုပ်တဲ့အခါကျရင် အပြစ်တင်တာက ကိစ္စမရှိဘူး၊ ဒါပေမဲ့ နင်အခု လုပ်လိုက်တာက သူ့အတွက်တော့ နည်းနည်း လွန်သွားတယ်၊ သူ့မိဘတွေသာ သူအခုလိုမျိုး နှိပ်စက်ခံနေရတာကို မြင်ရင် တကယ် ရင်ကွဲမှာ" ရန်ကိုင် သို့မဟုတ် ရန်ရွှယ့်သည်သာ ယခုကဲ့သို့ နှိပ်စက်ခံနေရမည်ဆိုပါက ဒေါင်စုကျုအနေဖြင့် လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
လျို့ယန်က မျက်နှာလေးချ၍ ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့"
ထို့နောက်တွင် ဒေါင်စုကျုသည် ဆောင့်ကြောင့်ထိုင်၍ အင်္ကျီလက်စလေးဖြင့် ရန်ရှောင် မျက်နှာပေါ်ရှိ အညစ်အကြေးများနှင့် နှပ်ချေးများကို သုတ်ပေးလိုက်သည်။ ချက်ချင်းဆိုသလို မို့မို့ဖောင်းဖောင်း မျက်နှာလေး သူမ အရှေ့၌ ပေါ်လာခဲ့လေ၏။ ထိုမျက်နှာလေးကို မြင်သော် ဒေါင်စုကျု ပြုံးသွားခဲ့ပြီး မေးလိုက်လေ၏။ "ကောင်လေး၊ နင်က တော်တော်လေး ချစ်ဖို့ကောင်းတာပဲ၊ နင့်မိဘတွေက ဘယ်မှာလဲ"
ဤဖတ်တီးလေးသည် ထက်ကောင်းကင်နန်းတော်ထဲရှိ တောင်တစ်လုံးလုံးတွင် နေထိုင်နေသည့် ကလေးလေး ဖြစ်မည်ဟု ဒေါင်စုကျု ထင်နေခြင်းပင် ဖြစ်လေသည်။ ထက်ကောင်းကင်နန်းတော်ထဲ၌ အဆင့်နိမ့်ကြယ်စီရင်စုမှ လူပေါင်းများစွာ ရောက်နေကြပါသော်ငြား လူအရေအတွက် အလွန် များလွန်းလှသည့်အတွက်ကြောင့် မည်သူက မည်သူဖြစ်သလဲဆိုသည်ကို မှတ်မိဖို့ရာ မဖြစ်နိုင်ပေ။
"အဖေက အဝေးမှာ" ရန်ရှောင်မှာ သူ မည်သူမည်ဝါဖြစ်ကြောင်း အလွယ်တကူ ထုတ်ပြော၍ မရမှန်း သိပေသည်။ ထိုအကြောင်းကြောင့် ဝိုးတဝါးသာ ပြန်ပြောလိုက်သည်။ ထိုသို့ပြောပြီးသည့်နောက် သူ့စိတ်ထဲ အနည်းငယ် ဝမ်းနည်းမိချင်သလိုပင် ဖြစ်သွားခဲ့သည်။ ယခုဆိုလျှင် သူ့မိဘများအား အမှန်တကယ်ကို လွမ်းမိနေလေပြီ။ ထိုသို့လွမ်းရသည့် အကြောင်းအရင်းမှာလည်း လျို့ယန်၏ နှိပ်စက်ခြင်း ခံရသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သူသည်သာ နဂါးကျွန်းတွင် ဆက်နေနေမည်ဆိုလျှင် လူတိုင်း၏ ချစ်မြတ်နိုးခြင်း ခံရမည် ဖြစ်ပေသည်။ ယခုကဲ့သို့ နှိပ်စက်ခံရဖို့ရာဆိုလျှင်တော့ ဝေလာဝေးစွ။
မမေးသင့်မှန်း သိလိုက်သော် ဒေါင်စုကျုသည် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်း၍ ထပ်မေးလိုက်လေသည်။ "နင့်နာမည် ဘယ်လိုခေါ်လဲ"
ရန်ရှောင်မှာ နှာခေါင်းတရှုံ့ရှုံ့ လုပ်ရင်းမှ ပြန်၍ ပြောလိုက်လေ၏။ "ကျွန်တော့်နာမည်က ရန်ရှောင်၊ ကောင်းကင်ဘုံကိုးဆင့်ကို ပျံတက်မဲ့ ရှောင်”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၆၆)
ဘာသာပြန်သူ_တိမ်တိုက်
ထိုစကားကို ကြားသည့်အခါ ဒေါင်စုကျု ဝမ်းသာသွားခဲ့လေ၏။ "ရန်ရှောင်၊ အင်း ကောင်းလိုက်တဲ့ နာမည်ပါလား၊ မင်းရဲ့ မျိုးရိုးနာမည်က ငါ့သားရဲ့ မျိုးရိုးနာမည်နဲ့ တူနေတာပဲ"
ရန်ရှောင် အံ့အားသင့်သွားလေ၏။ "ဒေါ်လေး သားရဲ့ မျိုးရိုးနာမည်ကရော ရန်ပဲလား"
"ဟုတ်တယ်၊ ငါ့သားရဲ့ နာမည်က ရန်ကိုင်ပဲ၊ သူက ဒီ ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်၊ နင်က ထက်ကောင်းကင်နန်းတော်ရဲ့ တပည့်ဆိုမှတော့ သူ့ကို သိမှာပေါ့၊ ဟုတ်တယ်မလား" ဒေါင်စုကျုသည် သူမ သားအား ဂုဏ်ယူဝံ့ကြွားစွာဖြင့် မိတ်ဆက်ပေးလိုက်လေသည်။ သူမ သားကို တွေ့တိုင်း အထွန့်တက်မိပါသော်ငြား ရန်ကိုင်နှင့် ပတ်သက်၍ အမှန်တကယ်ကို ဂုဏ်ယူရပေသည်။ ရန်ကိုင်သည် ကြယ်တာရာအစုအဝေးသို့ ရောက်လာအောင် ကိုယ့်လမ်းကိုယ် ဖောက်ခဲ့သည်။ ထိုအပြင် ဟုန်းလော့ကြယ်စီရင်စုမှ လူများ ဤနေရာတွင် လာရောက် နေထိုင်နိုင်ရန်အတွက်လည်း ထက်ကောင်းကင်နန်းတော်ဟူသော ခိုင်မာသည့် အုတ်မြစ်ကို ထူထောင်ပေးခဲ့သည်။
ထိုစကားကို ကြားသည့်အခါ ရန်ရှောင် လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
[ဘယ်လို ဘယ်လို၊ ငါ နားကြားမှားသွားတာလား၊ ဒီအမျိုးသမီးက မွေးစားအဖေရဲ့ အမေလား]
[ဒါကြောင့် ဒီမိစ္ဆာမ ဒီဒေါ်လေးကို အရမ်းလေးစားနေတာကိုး၊ အဲဒါကြောင့်ကိုး]
"ဟင်၊ ဘာဖြစ်လို့လဲ" ရန်ရှောင် လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွားသည်ကို မြင်သော် ဒေါင်စုကျုမှာ ရန်ရှောင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်မိလေသည်။
ရန်ရှောင်သည် သူ၏ အဝတ်အစားများကို အလျင်စလို သပ်ရပ်အောင် လုပ်၍ မျက်နှာကို သန့်ရှင်းအောင် လုပ်ပြီးသည့်နောက် နောက်ကို အနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက် ဒေါင်စုကျုအား တလေးတစားဖြင့် ဦးညွှတ်၍ နှုတ်ဆက်လိုက်လေ၏။ "မြေးလေး ရန်ရှောင် အဘွားကို နှုတ်ဆက်ပါတယ်"
ယခုအချိန်တွင်တော့ ဒေါင်စုကျု မှင်တက်ရမည့် အလှည့်သို့ ရောက်လာခဲ့လေပြီ။ ဒေါင်စုကျု ဘေးနား၌ ရပ်နေသော ရန်ရွှယ့်သည်ပင်လျှင် ရန်ရှောင်အား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေ၏။
အတန်ကြာသွားသည့်နောက်တွင် ဒေါင်စုကျုက ရယ်သွမ်းသွေး၍ ရန်ရှောင်၏ ခေါင်းကို ပုတ်ပေးကာ ပြောလိုက်လေ၏။ "ကောင်လေး၊ နင် တွေ့ကရာလူကို အခုလိုမျိုး လျှောက်ခေါ်ချင်တိုင်း ခေါ်လို့ မရဘူးလေ"
ရန်ရှောင်ကမူ ခေါင်းခါ၍ ပြန်၍ ပြောလိုက်လေ၏။ "မြေး အဘွားဆိုပြီးတော့ တွေ့ကရာလူကို လျှောက်ခေါ်နေတာ မဟုတ်ပါဘူး၊ အဘွားက ကျွန်တော့်ရဲ့ အဘွားမလို့ပါ၊ ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်က ကျွန်တော့် အဖေပါပဲ"
ထိုစကားကို ကြားပြီးသည့်နောက်တွင်တော့ ဒေါင်စုကျု မရယ်နိုင်တော့ပေ။ သူမ၏ မျက်နှာမှာ အနည်းငယ်လေးပင် မဲ့နေခဲ့သည်။ ရန်ရွှယ့်မှာလည်း အလားတူ မှင်တက်နေလေ၏။
"ဘာတွေဖြစ်နေတာလဲ" ဒေါင်စုကျုသည် လျို့ယန်ဘက်သို့ လှည့်၍ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မေးလိုက်၏။ "သူ အမှန်ကို ပြောနေတာလား"
[ငါ့သားမှာ သားတစ်ယောက် ရှိနေတယ်၊ ငါတောင် အဲဒီအကြောင်းကို မသိရပါလား] လက်ရှိ အခိုက်အတန့်ဝယ် ဒေါင်စုကျု အမှန်တကယ်ကို ဒေါသထွက်နေမိလေသည်။ သို့သော်ငြား ရန်ရှောင် အရှေ့တွင် သွားဒေါသထွက်ပြနေ၍ မရသည့်အတွက်ကြောင့် လျို့ယန်ကိုသာ တသီးတသန့် မေးလိုက်ရတော့သည်။
"သခင် ပြောတာတော့ သူ့ရဲ့ မွေးစားသားတဲ့" လျို့ယန်က ပြန်ပြောလိုက်သည်။ "ပြီးတော့ သူ့ကို အပြင်ကနေ ခေါ်လာခဲ့တာ"
"မွေးစားသားလား" ထိုအခါမှသာလျှင် ဒေါင်စုကျု သက်ပြင်းချနိုင်တော့လေသည်။ "ငါတကယ်ကို ကြောက်သွားတာ" ဒေါင်စုကျုမှာ ရန်ကိုင်မှ သူမအတွက် မြေးလေးများ မွေးပေးလာမည်ကို မျှော်လင့်နေမိပါသော်ငြား ရန်ကိုင်၏ အိမ်တွင် ရှိနေသော မိန်းမ လေးယောက်စလုံးမှာ ကလေး မရကြသေးပေ။ ထိုအကြောင်းကြောင့် ကြုံရာ အမျိုးသမီးတစ်ဦးသည်သာ ရန်ကိုင် ကလေးကို ပထမဦးဆုံး မွေးပေးလာမည်ဆိုပါက အိမ်တွင် ရှိနေသော မိန်းမများအကြားဝယ် ကသိကအောက် ဖြစ်ကုန်ရပေလိမ့်မည်။
မွေးစားသားဆိုသည့်အတွက်ကြောင့် ပြဿနာတော့ မရှိတော့ပေ။
ရုတ်တရက်ဆိုသလို တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ဒေါင်စုကျုမှာ သစ်သားအိမ်လေးထဲသို့ ပြေးဝင်သွားလေသည်။
ရန်ရှောင်မှာတော့ နားမလည်နိုင် ဖြစ်နေလေ၏။
အစောပိုင်းက အတွေ့အကြုံကြောင့် ရန်ရှောင်မှာ လျို့ယန်အား အတော်လေးကိုမှ ကြောက်ရွံ့နေမိလေသည်။ ထိုအကြောင်းကြောင့် လျို့ယန်အား သွားကြည့်မနေရဲခဲ့ဘဲ ရန်ရွှယ့်ကိုသာ ဖားဖားယားယား ပြုံးရင်း ကြည့်နေလေ၏။
ရန်ရွှယ့်ကမူ ခါးထောက်ရင်းမှ ချစ်စဖွယ် လေသံလေးဖြင့် မေးလိုက်လေ၏။ "နင်က ငါ့အစ်ကိုရဲ့ သားလား"
"အစ် အစ်ကို" ရန်ရှောင် အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ ပြန်၍ ပြောလိုက်လေ၏။ "ဟို၊ မွေးစားအဖေရဲ့ ညီမလား"
"ဟဲဟဲ" ရန်ရွှယ့်သည် ချစ်စဖွယ်ကောင်းစွာ ရယ်မောပြလိုက်ရင်းမှ… "နင်က အစ်ကို့ရဲ့ သားလေ၊ ငါက အစ်ကို့ရဲ့ ညီမ၊ ဒီတော့ နင်ငါ့ကို ဘယ်လိုခေါ်သင့်လဲ"
"ဘယ်လို ခေါ်သင့်လဲ" ရန်ရှောင် ဇဝေဇဝါ ဖြစ်သွား၏။
"ဟုတ်တယ် ဟုတ်တယ်၊ နင်ငါ့ကို ဘယ်လိုခေါ်သင့်လဲ၊ မြန်မြန် ငါ့ကို ကောင်းကောင်းလေး ခေါ်လိုက်၊ အဲဒါဆို ငါနင့်ကို လက်ဆောင် ကောင်းကောင်းလေး ပေးမယ်" ရန်ရွှယ့်၏ မျက်လုံးများ တလက်လက် တောက်ပနေလေသည်။
ထိုစကားကို ကြားသော် ရန်ရှောင်၏ မျက်နှာ မဲ့သွားလေ၏။ ယခုဆိုလျှင် ထက်ကောင်းကင်နန်းတော်ထဲရှိ မည်သူမျှ လူကောင်းများ မဟုတ်ကြဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ လျို့ယန်မှာ သူ့အား နှိပ်စက်ရာတွင် အပြုံးမပျက်ခဲ့သလို ယခုဆိုလျှင်လည်း မွေးစားအဖေ၏ ညီမလေးသည် သူ့အား ဘာမှန်းမသိရသော တောင်းဆိုမှုများကို လာလုပ်နေခဲ့သည်။
သူ့စိတ်ထဲ ထိုကဲ့သို့ တွေးနေစဉ်မှာပင် သူ့ပါးပြင်အား အပူလှိုင်းများ လာဟပ်သည်ကို ခံစားမိလိုက်သည့်အတွက်ကြောင့် ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ မီးမြွေတစ်ကောင် သူ့ဘေးနားတွင် ဝဲနေကြောင်းကို တွေ့လိုက်ရလေ၏။
"ကျွန်တော့်ကို ထပ်ပြီး မီးမြှိုက်ချင်နေတာလား" ရန်ရှောင် ထိတ်လန့်သွားလေ၏။
လျို့ယန်သည် ရန်ရှောင်ဆီသို့ လျှောက်လာပြီး သာယာချိုမြသည့် အသံလေးဖြင့် ယဲ့ယဲ့လေး ပြုံးရင်းမှ ပြောလိုက်လေ၏။ "မဖြေခင် သေချာစဉ်းစားနော်"
ရန်ရှောင်မှာ သစ်သားအိမ်လေးသို့ တောင်းပန်တိုးလျှိုးသည့် အမူအရာဖြင့် လှမ်းကြည့်ရင်းမှ ခေါင်းခြောက်မတတ်ကို စဉ်းစားတော့လေသည်။ သို့သော်ငြား သူ့အဘွားမှာ ဘာတွေလုပ်လို့ လုပ်နေမှန်း မသိရ။ အပြင်သို့ လုံးဝ ထွက်မလာခဲ့ပေ။ သူ့ခမျာ ထွက်ပြေးချင်ပါသော်ငြား ထွက်ပြေးလို့ ရနိုင်လိမ့်မည် မဟုတ်မှန်းလည်း သိနေခဲ့သည်။ ထိုအကြောင်းကြောင့် အဖြေမှန် ရအောင်သာ သေချာစဉ်းစားတော့လေသည်။
ရုတ်တရက် တစ်ခုခုအား သဘောပေါက်သွားသည့်အလား ချက်ချင်းပဲ ရန်ရွှယ့်ဘက်သို့ စိတ်လှုပ်ရှားစွာဖြင့် လှည့်၍ ပြောလိုက်လေ၏။ "ဒေါ်လေး"
ရန်ရွှယ့်မှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီးသည့်နောက် လျို့ယန်ဘက်သို့ လှည့်၍ ကြည့်လိုက်သည်။
လျို့ယန်ကမူ ရန်ရှောင် ပြောသည်မှာ မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
ရန်ရွှယ့်မှာ ချက်ချင်းပဲ လက်ခုပ်တီးရင်းမှ ပြောလိုက်လေ၏။ "ဟဲဟဲဟဲ၊ နင် မှန်သွားပြီ၊ ကဲ အခု ငါ့ကိုပြော၊ နင် ဘာဆုလိုချင်လဲ"
ရန်ရှောင်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။ "ဘာဆုမှ မလိုချင်ပါဘူး" [ငါ မွေးစားအဖေဆီပဲ ပြန်ချင်တော့တယ်၊ ဒီလောကကြီးက အန္တရာယ်များလိုက်တာ၊ မွေးစားအဖေ အခုဘယ်မှာလဲ]
"အဲဒီလိုတော့ မရဘူး" ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ရွှယ့်သည် ရန်ရှောင်ဆီသို့ လျှောက်သွားလိုက်ပြီး ရန်ရှောင် အနားသို့ ရောက်သော် ခြေဖျားလေးကို ထောက်၍ ရန်ရှောင်၏ ခေါင်းကို ပုတ်ပေးလိုက်ရင်းမှ ချစ်စဖွယ် လေသံလေးဖြင့် ပြောလိုက်လေသည်။ "တော်တယ် ရန်ရှောင်၊ ရန်ရှောင်လေးက အတော်ဆုံးပဲ"
ရန်ရွှယ့်၏ လုပ်ပုံကို ကြည့်ရင်း ရန်ရှောင်မှာ မျက်နှာကြီး မဲ့လျက် ရန်ရွှယ့်အား စိုက်ကြည့်နေလေသည်။ သူ့အရှေ့တွင် ရှိနေသော ကောင်မလေးမှာ သူ့ထက် ပိုအရပ်ပုပါသော်ငြား သူ့ခေါင်းကို ပုတ်၍ သူ့အား ရန်ရှောင်လေးဟု ခေါ်ရဲသည်။ သူသည် နဂါးကလန်သားတစ်ဦး ဖြစ်ကာ မည်သူမျှ နဂါးကလန်သားတစ်ဦး၏ ခေါင်းကို လွယ်လင့်တကူ မပုတ်ရဲပေ။ သို့ပါသော်ငြား သေချာစဉ်းစားကြည့်လိုက်သည့်နောက် သူ့အရှေ့တွင် ရှိနေသည့် ကောင်မလေးမှာ မွေးစားအဖေ၏ ညီမ ဖြစ်သည့်အလျောက် သူ့ထက် ပို၍ ဝါစဉ်ကြီးသည်မှာ မှန်ပေသည်။ ထိုအကြောင်းကြောင့် ရန်ရှောင်မှာ ကိုယ့်ကံတရားကိုယ် လက်ခံလိုက်ပြီး ပြုံးရင်းမှ ပြန်မေးလိုက်လေ၏။ "ဒါက ဆုလား"
ရန်ရွှယ့်က ခေါင်းညိတ်၍... "ဟုတ်တယ်၊ အမေဆို ရွှယ့်အာကို အမြဲတမ်း ဒီလိုမျိုး ခေါင်းကို ပုတ်ပေးပြီး ဆုချတာ"
"ဟူး" ရန်ရှောင်မှာ သက်ပြင်းချ၍သာ ပြန်ပြောလိုက်သည်။ "ဒေါ်လေးက အရမ်းကို ကျေနပ်လွယ်တာပဲနော်"
ရန်ရွှယ့်က နှာခေါင်းရှုံ့လျက် ဒေါမာန်တကြီးဖြင့် ပြန်ပြောလေ၏။ "နင်လည်း ပျော်တယ်မလား"
"ပျော်တာပေါ့ ပျော်တာပေါ့၊ ကျွန်တော် အရမ်းပျော်တယ်" ရန်ရှောင်မှာ မတတ်သာပဲ လက်ခံလိုက်ရလေ၏။
အနားတွင် ရှိနေသော လျို့ယန်သည် ရယ်သွမ်းသွေးလျက် မေးလိုက်လေ၏။ "အခု နင်ဘယ်နေရာ မှားပြောသွားလဲဆိုတာကို သိပြီလား"
လျို့ယန်၏ အသံကို ကြားလိုက်သော် ရန်ရှောင်မှာ တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ပြီး စိုးရိမ်တကြီးဖြင့် တံတွေးတစ်လုတ် မျိုချလျက် ပြန်မေးလိုက်လေ၏။ "ကျွန်တော် ဘာမှားပြောလိုက်တာလဲဟင်"
လျို့ယန်မှာ ပြန်မဖြေခဲ့ဘဲ ရန်ရှောင်ကိုသာ စိုက်ကြည့်နေလေသည်။
ရန်ရှောင် စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာလေ၏။ သူသည်သာ လျို့ယန် ကျေနပ်လောက်မည့် အဖြေကို မပေးလျှင် သူ့အနာဂတ်မှာ အတော်လေးကိုမှ စိုးရိမ်စရာ ဖြစ်တော့မည်မှန်း သဘောပေါက်လိုက်လေသည်။
ထိုအကြောင်းကြောင့် ရန်ရှောင်မှာ နောက်တစ်ကြိမ် ခေါင်းခြောက်မတတ် စဉ်းစားရပြန်တော့သည်။ သို့ပါသော်ငြား မည်သို့ပင် စဉ်းစားနေစေကာမူ သူ ဘာအမှား လုပ်မိလို့ လုပ်မိလိုက်မှန်း နားမလည်ခဲ့ပေ။ ရွေးချယ်စရာ မရှိတော့သည့်အဆုံး လျို့ယန်အား သနားစဖွယ် အမူအရာဖြင့် ကြည့်ရင်းမှ မေးလိုက်ရ၏။ "သဲလွန်စလေး ပေးလို့ မရဘူးလား"
လျို့ယန်သည် ယဲ့ယဲ့လေး ပြုံးရင်းမှ ရန်ရွှယ့်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ "ရွှယ့်အာ၊ ငါက ဘယ်သူလဲ"
ရန်ရွှယ့်က ချက်ချင်းပဲ ကြည်လင်ပြတ်သားသည့် လေသံဖြင့် အော်ပြောလိုက်သည်။ "အစ်မလျို့ယန်"
"အခု နားလည်ပြီလား" လျို့ယန်သည် ရန်ရှောင်ဘက်သို့ ကြည့်၍ ထပ်မေးလိုက်သည်။
"အင်းအင်း၊ နားလည်ပြီ" ရန်ရှောင်မှာ ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်လေ၏။ သို့ပါသော်ငြား သူ့စိတ်ထဲတွင်တော့ ကြိတ်ကာ ဒေါမာန်တကြီးဖြင့် အော်ဟစ်နေလေသည်။ [ငါဘာကိုမှ နားမလည်ဘူး၊ အစ်မ လျို့ယန်လို့ ခေါ်မိလိုက်ရုံနဲ့တင် ဘာဖြစ်လို့ ငါ့ကို မီးနဲ့ လိုက်ကင်ရတာလဲ]
[နေပါဦး] ရန်ရှောင်မှာ ရုတ်တရက် တစ်ခုခုအား သဘောပေါက်သွားခဲ့ပြီး လျို့ယန်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်ရင်းမှ တုံ့ဆိုင်းတုံ့ဆိုင်း အမူအရာဖြင့် ခေါ်လိုက်လေ၏။ "ဒေါ်လေး လျို့ယန်လား"
ထိုအခါမှသာလျှင် လျို့ယန်က ပြုံးလျက် ပြောလိုက်လေသည်။ "အခုကနေစပြီးတော့ ငါက နင့်ရဲ့ ဒေါ်လေး၊ ရွှယ့်အာက နင့်ရဲ့ ဒေါ်လေးငယ်၊ မေ့မသွားနဲ့နော်"
ရန်ရှောင် လုံးဝကို မှင်တက်နေတော့သည်။ [အဲဒါလေးပဲလား၊ ငါသူ့ကို နာမည်လေး မှားခေါ်မိလိုက်လို့ ငါ့ကို တောက်လျှောက်ကြီး မီးနဲ့ လိုက်မြှိုက်တာပေါ့]
[အဲဒါဆို ဘာဖြစ်လို့ အစောကြီးကတည်းက ကြိုမပြောတာလဲ၊ ငါအခုမှ သူ့ကို ပထမဦးဆုံးအကြိမ် တွေ့ဖူးတာ၊ ဘယ်လိုခေါ်ရမယ်မှန်း ဘယ်လိုလုပ် သိမှာလဲ] ရန်ရှောင်မှာ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေလေသည်။
ထိုအခိုက်အတန့်မှာပင် အနားတွင် ရှိနေသော ရန်ရွှယ့်က လက်ခုပ်တီး၍ ပြောလိုက်လေ၏။ "ရပြီ ရပြီ၊ ငါက နင့်ရဲ့ ဒေါ်လေးငယ်၊ အစ်မ လျို့ယန်က နင့်ရဲ့ ဒေါ်လေး၊ အခုကနေစပြီးတော့ ငါတို့က တစ်မိသားစုတည်း ဖြစ်သွားပြီ"
[တစ္ဆေသရဲတွေပဲ နင်တို့နဲ့ မိသားစုဖြစ်ချင်လိမ့်မယ်]
ရုတ်တရက်ဆိုသလို သစ်သားအိမ် အတွင်းပိုင်းဆီမှ အလျင်လိုနေသည့် ခြေသံများ ထွက်ပေါ်လာခဲ့သည်။ ရန်ရှောင်လည်း လှမ်း၍ ကြည့်လိုက်ရာ ဒေါင်စုကျုမှာ သက်လတ်ပိုင်းလူကြီး တစ်ဦးနှင့်အတူ အပြင်သို့ ထွက်လာနေကြောင်းကို တွေ့လိုက်ရလေ၏။ ထိုသက်လတ်ပိုင်းလူကြီးမှာ သူ၏ မွေးစားအဖေနှင့် ရုပ်ဆင်ပေသည်။ ဒေါင်စုကျုမှ ထိုသက်လတ်ပိုင်းလူကြီးနှင့် အတူတကွ တရင်းတနှီး ထွက်လာသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီးသည် မွေးစားအဖေ၏ အဖေ ဖြစ်ရမည်မှန်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ရန်ယင်ဖုန်းမှ သစ်သားအိမ်လေးထဲ ကျင့်ကြံနေစဉ် အတောအတွင်း ဒေါင်စုကျုသည် သူ့ဆီသို့ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ရောက်လာခဲ့ပြီး သတင်းကောင်းတစ်ခု ရှိသည်ဟု ပြောလာခဲ့သည်။ ထို့နောက်တွင် သူတို့သားမှာ အပြင်ဘက်မှ မွေးစားသားတစ်ဦး ခေါ်လာကြောင်း ထိုမွေးစားသားလေးမှာ ဝဝဖိုင့်ဖိုင့်နှင့် ချစ်စဖွယ်ကောင်းကြောင်း ပြောလာခဲ့သည်။ ထိုအကြောင်းကြောင့် ရန်ယင်ဖုန်းလည်း အပြင်သို့ ထွက်လာပြီး လာရောက်စစ်ဆေးကြည့်ခြင်း ဖြစ်၏။
ရန်ရှောင်ကို မြင်လိုက်သည့်အခိုက် ရန်ယင်ဖုန်းမှာ ဒေါင်စုကျု ပြောသကဲ့သို့ပင် အတော်လေးကိုမှ ချစ်စဖွယ်ကောင်းလှကြောင်း တွေ့လိုက်ရသည်။ သို့သော်ငြား လက်ရှိ အခိုက်အတန့်ဝယ် ရန်ရှောင်၏ ပုံစံမှာ အနည်းငယ် သနားစဖွယ် ကောင်းနေလေသည်။ ရန်ရှောင်အား တစ်ခဏမျှ ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ခေါင်းညိတ်၍ မေးလိုက်လေ၏။ "သူက ရန်ရှောင်လား"
"ဟုတ်တယ် သူပဲ၊ သူပြောတာတော့ ငါတို့သားနဲ့အတူ ပြန်လာတာတဲ့" ဒေါင်စုကျုက ခေါင်းညိတ်ပြလိုက်သည်။
ရန်ယင်ဖုန်းက ပြုံးလိုက်လေသည်။ သို့ပါသော်ငြား သူ မပြောနိုင်သေးခင်မှာပင် ရန်ရှောင်သည် ဦးညွှတ်၍ နှုတ်ဆက်လိုက်လေ၏။ "မင်္ဂလာပါ အဘိုး"
အဘိုးဟု အခေါ်ခံလိုက်ရသည့်နောက် ရန်ယင်ဖုန်းမှာ အလွန်ကိုမှ ပျော်သွားခဲ့သည်။ ဤကလေးသည် သူနှင့် သွေးသား မတော်စပ်ပါသော်ငြား အသက်ငယ်ငယ်လေးနှင့်ပင် ဤမျှ သိတတ်နေသည်ကို ကြည့်လျှင် ဤကလေး၏ မိဘများမှ သေသေချာချာ ဆုံးမထားရမည်မှာ သေချာသလောက် ရှိပေသည်။ ထိုအကြောင်းကြောင့် အလျင်စလို သွား၍ ထူမပေးလိုက်လေ၏။ "ထတော့ ထတော့၊ လာ အဘိုး မင်းကို တစ်ချက် ကြည့်ကြည့်ရအောင်"
ရန်ရှောင်လည်း ချက်ချင်း ခါးကိုကော့ ရင်ကိုမော့၍ ရန်ယင်ဖုန်း သေချာကြည့်လို့ရအောင် လုပ်ပေးလိုက်လေသည်။
ရန်ယင်ဖုန်းက ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်သည်။ "ကောင်းတယ် ကောင်းတယ်၊ ဒါပေမဲ့ မင်းက ငါ့သားရဲ့ မွေးစားသားဆိုရင် မင်းရဲ့ နာမည်က ဘာဖြစ်လို့ ရန် ဖြစ်နေရတာလဲ၊ မင်း မိသားစုရဲ့ မျိုးရိုးနာမည်ကလည်း ရန်ပဲလား"
ရန်ရှောင်က တလေးတစားဖြင့် ပြန်ပြောလိုက်သည်။ "မွေးစားသားက မွေးစားအဖေရဲ့ အကူအညီနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က မွေးလာတာမလို့ မွေးလာတဲ့ အချိန်တုန်းက မွေးစားအဖေကို နာမည်ပေးဖို့ ပြောခဲ့တာ၊ မွေးစားအဖေကလည်း သူ့မျိုးရိုးနာမည်ကို ယူပြီးတော့ အခုလိုမျိုး နာမည်ပေးခဲ့တာ"
ရန်ယင်ဖုန်းမှာ ရုတ်တရက် တစ်ခုခုအား သဘောပေါက်သွားပြီး ပြန်၍ မေးလိုက်လေသည်။ "မင်းရဲ့ မိဘတွေက ဘာမှ မကန့်ကွက်ဘူးလား"
ရန်ရှောင်က ပြုံး၍... "မကန့်ကွက်ဘူး"
"အဲဒါဆိုရင်တော့ အကုန် အဆင်ပြေတယ်" ရန်ယင်ဖုန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရုတ်တရက် မျက်လုံးပြူးသွားပြီး ပြန်မေးလိုက်လေ၏။ "လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က မွေးလာတာ၊ မင်းအခု အသက် ဘယ်နှနှစ်လဲ"
ရန်ရှောင်က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြန်၍ ပြောလိုက်သည်။ "ရှောင်အာ လွန်ခဲ့တဲ့ တစ်လ နှစ်လလောက်က မွေးတာ"
[လွန်ခဲ့တဲ့ တစ်လ နှစ်လလောက်က] ဒေါင်စုကျုနှင့် ရန်ယင်ဖုန်းတို့ နှစ်ဦးစလုံး ကြောင်သွားကုန်ကြလေ၏။
ထိုစဉ် လျို့ယန်က ဝင်၍ ရှင်းပြလိုက်သည်။ "သူက လူသားမျိုးနွယ်စုက မဟုတ်ဘူး၊ သူ့ကြည့်ရတာ နဂါးကလန်က လာတာနဲ့ တူတယ်"
နတ်သားရဲတစ်ကောင် ဖြစ်သည့်အလျောက် လျို့ယန်သည် ရန်ရှောင်ဆီမှ ဖြာထွက်နေသော နဂါးအရှိန်အဝါကို ခံစားမိပေသည်။
"နဂါးကလန်" ရန်ယင်ဖုန်းနှင့် ဒေါင်စုကျုတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကုန်ကြလေသည်။ သူတို့ သိသလောက် ရန်ကိုင်သည် နဂါးကလန်မှ နဂါးမလေးတစ်ဦးနှင့် ချစ်ကြိုးသွယ်နေကြသည်။ ယခင်တစ်ကြိမ် ရန်ကိုင် အပြင်ထွက်သွားသည်မှာ နဂါးကျွန်းဆီသို့ သွားမည့်ပုံပေါက်ပေသည်။ ယခု နဂါးတစ်ကောင်ဖြစ်သော သူ၏ မွေးစားသားနှင့်အတူ ပြန်လာခဲ့သည်။ ထိုအပြင် သူ့မွေးစားသား၏ မျိုးရိုးနာမည်မှာ ရန် ဖြစ်နေခဲ့သည်။ ဖြစ်နိုင်သည်မှာက။
"အဲဒီကောင်စုတ်လေး အခု ဘယ်မှာလဲ" ဒေါင်စုကျုက ခက်ထန်သည့် အမူအရာဖြင့် မေးလိုက်လေ၏။
လျို့ယန်က ပြန်ပြောလိုက်သည်။ "အခုလောလောဆယ် မန်နေဂျာမှူးနဲ့ စကားပြောနေတယ်"
ဒေါင်စုကျုက ချက်ချင်းပဲ ပြောလိုက်လေသည်။ "သူ့ကို ငါ့ကို ချက်ချင်းလာတွေ့ဖို့ ပြောလိုက်စမ်း”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၆၇)
ဘာသာပြန်သူ_တိမ်တိုက်
သူ့အမေခေါ်သောကြောင့် ရန်ကိုင်မှာလည်း လုပ်လက်စအလုပ်များကို ပစ်ထား၍ ဒေါင်စုကျုနေသည့်တောင်ဆီသို့ အလျင်စလို ပြေးသွားလိုက်သည်။ ထို့နောက်တွင် အကြောင်းစုံကို ရှင်းပြ၍ ရန်ရှောင်မှာ သူ၏ သားအရင်းမဟုတ်ဘဲ မွေးစားသားသာဖြစ်ကြောင်း ပြောပြလိုက်လေ၏။
ထိုအခါမှသာလျှင် ဒေါင်စုကျု၏အမူအယာ ပြေလျော့သွားခဲ့ပြီး စိတ်အားထက်သန်စွာဖြင့် ရန်ကိုင်အား ပြောလိုက်လေသည်။ “သား… သားက ငယ်တော့တာလည်းမဟုတ်ဘူး… ကြယ်တာရာအစုအဝေးထဲမှာလည်း အုတ်မြစ်ရှိပြီးနေပြီ… ဒီတော့ သား ကလေးလိုချင်တယ်ဆိုရင် အမေမတားဘူး… အဲ့အစား အမေကတောင် ဝမ်းသာနေသေးတာ… ဒါပေမယ့် ဒီအတိုင်း အပြင်မှာ လျှောက်ပတ်ပြီး သွားနေလို့မဖြစ်ဘူးလေ… သားမှာ မိန်းမလေးယောက်တောင် ရှိနေတာ… အဲ့မိန်းမလေးယောက်အတွက် တစ်ယောက်ချင်းစီတိုင်းကို ကလေးတစ်ယောက်စီရအောင် လုပ်ပေးရမယ်ဆိုတာ သားနားလည်တယ်မလား…”
“သားနားလည်ပါတယ်… သား ဒီတိုင်းပဲ အပြင်မှာ လျှောက်ပတ်သွားနေတာမှမဟုတ်တာ…” ရန်ကိုင်မှာ ခေါင်းကို အဆက်မပြတ် ညိတ်နေခဲ့သည်။ ထိုသို့လုပ်နေရင်းမှ သူ့စိတ်ထဲ ကျိယောင်ကို ရုတ်တရက် စဉ်းစားမိသွားခဲ့ပြီး စိတ်ထဲအပြစ်မကင်းသလို ခံစားလိုက်ရလေသည်။
ရန်ကိုင် အပေါ်ယံသာ လုပ်နေသည်ကိုမြင်သော် ဒေါင်စုကျုက သက်ပြင်းချ၍ “ထားလိုက်တော့… သားက ကလေးလည်းမဟုတ်တော့ဘူး… ကိုယ့်လမ်းကိုယ် ရွေးရတော့မှာ… သားက တစ်ချိန်လုံး အပြင်ကို ထွက်သွားနေတာဆိုတော့ ရှောင်အာကို သားနောက်လိုက်ခိုင်းလို့ အဆင်မပြေဘူး… ဒီတော့ အခု သူ့ကို အမေနဲ့နေခိုင်းလိုက်… သူ ဒီမှာဆို ရွှယ့်အာနဲ့လည်း ဆော့လို့ရတယ်…”
ရန်ကိုင်လည်း စဉ်းစားပြီးသည့်နောက် ခေါင်းညိတ်သဘောတူလိုက်လေ၏။ “အဲ့ဒါလည်း ကောင်းတာပဲ…”
သူ့အမေမှ ရန်ရှောင်အား ဂရုစိုက်ပေးထားမည်ဖြစ်လေရာ သူ့အနေဖြင့် ဘာကိုမှ စိတ်ပူစရာမလိုတော့ပေ။ သို့သော်ငြား ထိုမတိုင်ခင် ရန်ရှောင်၏အထင်အမြင်ကို အရင်မေးပေရဦးမည်။ ထိုကောင်လေးသာ သဘောမတူပါက သူ့အနေဖြင့် ဘာမှမတတ်နိုင်ပေ။
ထိုသို့ဖြင့် ရန်ကိုင်မှာ ရန်ရှောင်ကို ခေါ်ပြီး မေးကြည့်လိုက်ရာ ရန်ရှောင်မှာလည်း ကန့်ကွက်ခြင်းမရှိဘဲ ချက်ချင်း သဘောတူလိုက်လေသည်။
သူ့အဘွားနှင့်သာ အတူနေပါက သူ့အဘွားမှ သူ့အား ကာကွယ်ပေးလိမ့်မည်မှန်း ရန်ရှောင်သိနေလေသည်။ သို့ပါသော်ငြား ရန်ကိုင်နောက် လိုက်သွားခဲ့လျှင် ထိုမိစ္ဆာမ ဒေါ်လေးလျို့ယန်၏ နှိပ်စက်ခြင်း ခံရနိုင်၏။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ရှောင်မှာ ချက်ချင်း သဘောတူလိုက်ရခြင်းပင်။
ရန်ကိုင်မှာ ရန်ရှောင် ချက်ချင်းကို သဘောတူလိုက်သည်ကို မြင်သည့်အခါ အတော်လေး အံ့အားသင့်သွားခဲ့ပြီး ဤကောင်လေး၏ စိတ်နေစိတ်ထားမှာ အတော့်ကိုမှ ခန့်မှန်းရခက်သည်ဟု တွေးမိသွားလေသည်။
ရန်ရှောင်သဘောတူနေသည်ကိုမြင်သော် ရန်ကိုင်လည်း ရန်ရှောင်အား ဒေါင်စုကျုဘေးနားတွင်သာ နေစေတော့လေ၏။
မြောက်ဘက်နယ်မြေထဲရှိ ထက်ကောင်းကင်နန်းတော်တွင်ဖြစ်စေ တောင်ဘက်နယ်မြေထဲရှိ ရှေးဟောင်းကျောင်းတော်အခွဲတွင်ဖြစ်စေ အကုန်လုံးမှာ ချောချောမွေ့မွေ့နှင့် သွားနေပေသည်။ နဂါးကျွန်းမှ ပြန်ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် ချက်ချင်းပြန်ထွက်သွားရန် မစဉ်းစားထားခဲ့။ ထို့အစား အချိန်ယူကာ ဤနေရာတွင်နေရန်သာ ဆုံးဖြတ်ထားခဲ့သည်။ ကြယ်တာရာအစုအဝေးသို့ ရောက်ပြီးသည့်နောက် ရန်ကိုင်မှာ တောက်လျှောက်ကို ပြေးလွှားနေခဲ့ရာ ကောင်းကောင်းကျင့်ကြံရန် အချိန်မရှိခဲ့ပေ။ ကျင့်ကြံရေးခရီးလမ်းမှာ အတားအဆီးများနှင့် ပြည့်နေလေရာ ရန်ကိုင်မှာ ထိုအတားအဆီးများကို ဖြတ်ကျော်ဖို့ရာ တောက်လျှောက်ကို လုံးပန်းနေရသဖြင့် အားလပ်ချိန်မရှိခဲ့ပေ။
သို့ပါသော်ငြား တံခါးပိတ်ကျင့်စဉ်မဝင်ခင် ရန်ကိုင်မှာ အရင်ဦးစွာ လုပ်ဆောင်ရမည့်ကိစ္စများလည်း ရှိနေပေသေးသည်။ အနည်းဆုံး သူ့မိန်းမများနှင့် အဖော်ပြုပေးရပေဦးမည်။
ရန်ကိုင်သည် ရှနင်းချန်နေသည့် ဆေးလုံးတောင်ဆီသို့ သွားပြီး သူမနှင့် အချိန်ဖြုန်းပေးလိုက်သည်။ သို့ပါသော်ငြား ကျိယင်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ မကျေနပ်ပေ။ ရှနင်းချန်မှာ မဟာဆေးဧကရာဇ်၏ တရားမဝင်တပည့်တစ်ဦး ဖြစ်နေလေပြီ။ သူတို့နှစ်ဦးမှာ ဆရာတပည့်မဟုတ်သေးပါသော်ငြား ဆရာတပည့်ကဲ့သို့ ဖြစ်နေလေ၏။ မဟာဆေးဧကရာဇ်ကိုယ်တိုင်ကကို ရှနင်းချန်၏ ပါရမီကို ချီးကျူးထားပြီး ရှနင်းချန်သည်သာ အခွင့်အလမ်းတစ်ခုခုနှင့် ကြုံကြိုက်ရမည်ဆိုပါက သူမ၏ အနာဂတ်အောင်မြင်မှုသည် သူ့အောက်နိမ့်ကျခြင်းမရှိနိုင်ဟု ချီးကျူးထားခဲ့သည်။
တစ်နည်းဆိုရသော် သူမသည် တစ်နေ့နေ့တွင် ဒုတိယမဟာဆေးဧကရာဇ် ဖြစ်လာနိုင်ပေသည်။
ရန်ကိုင်မှာ ရှနင်းချန်၏အချိန်ကို လာဖြုန်းနေသည့်အတွက်ကြောင့် ကျိယင်မကျေနပ်သည်မှာလည်း အဆန်းတော့မဟုတ်။ ကျိယင်နှင့်ရန်ကိုင်မှာ ခင်မင်ရင်းနှီးပါသော်ငြား ရှနင်းချန်၏ အနာဂတ်နှင့် ပတ်သက်လာသော် ကျိယင်မှာ အကောင်းမြင်မပေးနိုင်တော့ပေ။
ရှနင်းချန်နှင့်နေပြီးသည့်နောက် ရန်ကိုင်သည် ရွှယ့်ယွယ်နှင့် သွား၍ အချိန်ဖြုန်းပေးလေသည်။
ထို့နောက်တွင် ရေခဲနှလုံးသားတောင်ကြားဆီသို့ သွား၍ စုယန်နှင့် အချိန်ဖြုန်းပေးလိုက်၏။ ထိုနေရာမှ ထွက်မလာခင် ကျိယောင်နှင့်လည်း အဖော်ပြုပေးလိုက်ပေသေးသည်။
ထို့နောက် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင်ပေါ်၌ ရပ်၍ အတန်ကြာအောင် တုံ့ဆိုင်းနေလေသည်။ နောက်ဆုံးတွင်တော့ သက်ပြင်းချ၍ ရှေးဟောင်းတောအုပ်ကြီးဆီသို့ မသွားရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုနေရာတွင်ရှိနေသော ရှန်ချင်းလော့နှင့်သာ သွားတွေ့မည်ဆိုပါက ရန်ကိုင် လုံးဝကို လွယ်လွယ်နှင့် ပြန်လာနိုင်လိမ့်မည်မဟုတ်ပေ။
ပထမဦးဆုံးအကြိမ်အဖြစ် မိန်းမများသည်မှာလည်း မကောင်းဟု ရန်ကိုင် စတင်ခံစားလာခဲ့ရသည်။
ထို့နောက်တွင် တံခါးပိတ်ကျင့်စဉ်ဝင်တော့မည်ဟု ကြေညာလိုက်ပြီးသည့်နောက် အရေးကြီးသည့်ကိစ္စမဟုတ်ပါက သူ့အား လာမနှောင့်ယှက်ရန် အမိန့်ပေးလိုက်လေသည်။
ထက်ကောင်းကင်နန်းတော်ထဲရှိ ကျင့်ကြံရေးခန်းထဲတွင် ရန်ကိုင်သည် တင်ပလင်ခွေထိုင်၍ အဆင့်မြင့်အရင်းအမြစ်ကျောက်များစွာကို သူ့ဘေးနား၌ ပုံချလိုက်သည်။ ထို့နောက်တွင် ဧကရာဇ်ချီဖြင့် ထိုအရင်းအမြစ်ကျောက်အားလုံးကို ဖောက်ခွဲပစ်လိုက်ရာ အခန်းတစ်ခုလုံး၏သိပ်သည်းဆသည် မိုးမြေစွမ်းအင်များဖြင့် ပြည့်နှက်လာတော့သည်။
ရန်ကိုင်သည် အရင်းအမြစ်ကျောက်များကို အဆက်မပြတ်ထုတ်၍ အခန်းတစ်ခုလုံးကို မိုးမြေစွမ်းအင်များဖြင့် အလွန်တရာသိပ်သည်းလာအောင် လုပ်လိုက်လေသည်။ နောက်ဆုံးတွင် အခန်းတစ်ခုလုံး သိပ်သည်းလာသည့် မိုးမြေစွမ်းအင်များဖြင့် ပြည့်နှက်လာခဲ့ရာ မြူခိုးများ ဆိုင်းလာလေသလားဟုပင် ထင်သွားရသည်အထိ ဖြစ်လာခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် နဂါးကျွန်းမှ ရရှိလာသော အကြောင်းအရာများကို စတင်၍ လေ့လာဆင်ခြင်တော့သည်။
နဂါးကျောင်းတော်ထဲ၌ နဂါးကလန်၏ ယခင်ပထမအကြီးအကဲများဖြစ်ကြသော နဂါးဝိဉာဉ်များသည် ရန်ကိုင်အား နဂါးကလန်၏ လျှို့ဝှက်ပညာရပ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို သင်ကြားပေးခဲ့သည်။ ထိုသူများသည် အလွန်ကိုမှ အားကောင်းလှပါသော်ငြား နဂါးကလန်၏ အကြီးအကဲအားလုံးမှာ သတင်းအချက်အလက်အားလုံးကို ရန်ကိုင်၏ခေါင်းထဲသို့ တစ်ထိုင်တည်း ထည့်ပေးလိုက်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ထိုအရာများကို နားလည်သဘောပေါက်ရန်အတွက် အချိန်ယူရပေလိမ့်မည်။
ဤသည်မှာ ညတွင်းချင်း ပြီးမြောက်နိုင်သည့် အရာမျိုးမဟုတ်။ ရန်ကိုင်အနေဖြင့် ထိုအရာအားလုံးကို ကျွမ်းကျင်နိုင်ရန်အတွက် အချိန်မရွေး ဆင်ခြင်သုံးသပ် လက်တွေ့လေ့ကျင့်ရပေဦးမည်။
ထိုသို့ဖြင့် အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးနေတော့သည်။
ကျင့်ကြံခြင်း ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက် တစ်ခါတံခါးပိတ်ကျင့်စဉ်ဝင်လျှင် နှစ်ပေါင်းများစွာကြာတတ်သည်မှာ အဆန်းမဟုတ်တော့ပေ။ ရန်ကိုင်သည် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သည့်အတွက်ကြောင့် သူသာ နောက်တစ်ဆင့်သို့ ချိုးဖြတ်ဝင်ရောက်လိုလျှင် အချိန်အတော်ယူရပေလိမ့်ဦးမည်။
တံခါးပိတ်ကျင့်စဉ်ဝင်ရင်းမှ ရန်ကိုင်သည် မကြာမကြာ အပြင်ထွက်၍ ထက်ကောင်းကင်နန်းတော်၏ အခြေအနေကို စစ်ဆေးကြည့်သည်။ မည်သည့်အရေးကြီးကိစ္စမှ မဖြစ်မှန်း သဘောပေါက်သော် သူ့ဘာသာသူ အေးအေးဆေးဆေး ပြန်၍ ကျင့်ကြံနေလေ၏။
ထက်ကောင်းကင်နန်းတော်ထဲ ဟွာချင်းစီမှာ မန်နေဂျာမှူးရာထူးကို ကျေပွန်စွာ ထမ်းရွက်နေသည့်အလျောက် ရန်ကိုင်မှာ စိတ်အေးလက်အေးဖြင့် ကျင့်ကြံနိုင်ပေသည်။
နှစ်နှစ်ကြာပြီးသည့်နောက် မိုးမြေစွမ်းအင်များကို စုပ်ယူနေသည့်ရန်ကိုင်မှာ မျက်မှောင်ကျုံ့သွားခဲ့ပြီး အသက်ကို ပြင်းပြင်းရှူသွင်း၍ ကျင့်ကြံနေသည်ကိုရပ်တန့်ကာ အကာအရံကို ဖွင့်ပေးလိုက်သည်။
ဟွာချင်းစီသည် အထဲသို့ အမြန်ပြေးဝင်လာပြီး လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ “နန်းတော်သခင်…”
“ဘာကိစ္စလဲ…” တံခါးပိတ်ကျင့်စဉ်မဝင်ခင် အရေးကြီးကိစ္စမရှိပါက သူ့အား လာမနှောင့်ယှက်ရန် ရန်ကိုင်မှ အမိန့်ပေးထားခဲ့သည်။ ယခု ဟွာချင်းစီမှာ သူ့ဆီသို့ တမင်သက်သက် လာသည်ကို ကြည့်ရသလောက် အရေးကြီးသည့်ကိစ္စတစ်ခုခု ဖြစ်သွားသည့်ပုံပင်။
“တောင်ဘက်နယ်မြေက လူတွေရောက်လာတယ်… နန်းတော်သခင်နဲ့တွေ့ပြီးတော့ အရေးကြီးကိစ္စအကြောင်း ပြောချင်လို့တဲ့…”
“ဘယ်သူတွေလဲ…”
“အကြီးအကဲကောင်းရွှယ်ထင်းနဲ့ ကြယ်ဝိဉာဉ်နန်းတော်ရဲ့အကြီးအကဲ ရှောင်ယုယန်…”
ရန်ကိုင် အံ့အားသင့်သွားလေ၏။ “သူတို့ အတူတူလာတာလား…”
ကောင်းရွှယ်ထင်း သူ့ဆီသို့ လာပြီး သူနှင့် စကားပြောလျှင် ရန်ကိုင်မှာ အံ့အားသင့်လိမ့်မည်မဟုတ်ပေ။ တကယ်တော့ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ ဧည့်အကြီးအကဲတစ်ဦးလည်း ဖြစ်နေသေးသည်မဟုတ်ပေလော။ သို့ပါသော်ငြား ရှောင်ယုယန်ကရော ဘာကြောင့်များ ကောင်းရွှယ်ထင်းနှင့်အတူ ရောက်လာရလေသနည်း။
“ဟုတ်တယ်…” ဟွာချင်းစီက ရှုပ်ထွေးသည့်အမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမသည် ယခင်က ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ဦး ဖြစ်ခဲ့ပြီး သူမဆရာသည် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲများအနက် တစ်ဦးပင် ဖြစ်ခဲ့ပေသေးသည်။ ယခု ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ရောက်ပြီး မန်နေဂျာမှူး ဖြစ်နေခဲ့လေသည်။ မန်နေဂျာမှူးရာထူးနှင့် ကြယ်ဝိဉာဉ်နန်းတော်၏အကြီးအကဲ ရှောင်ယုယန်နှင့် ပြန်တွေ့သည့်အခါတွင် ဟွာချင်းစီမှာ အနည်းငယ် ကသိကအောက် ဖြစ်နေမိလေ၏။
“သူတို့ ဘာလို့ လာတာလဲဆိုတာကို ပြောသေးလား…”ရန်ကိုင်က မေးလိုက်လေ၏။
ဟွာချင်းစီက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “ဘာမှတော့မပြောဘူး… ဒါပေမယ့် ကြည့်ရတာ ကိစ္စဆိုးဆိုးတစ်ခု ဖြစ်သွားတယ်နဲ့တူတယ်…”
“အဓိကခန်းမထဲကိုခေါ်လိုက်… ကျုပ် မကြာခင် လာခဲ့မယ်…” ရန်ကိုင်က ပြောလိုက်သည်။
ရန်ကိုင်ဆီမှ အမိန့်ရပြီးသည့်နောက် ဟွာချင်းစီလည်း ပြန်ထွက်သွားလေ၏။
ရန်ကိုင်သည် အခန်းထဲတွင် ထိုင်ရင်းဖြင့်သာ နှုတ်ခမ်းကိုပွတ်၍ အတွေးနက်နေလေသည်။ ထိုနှစ်ဦး ရုတ်တရက်ကြီး ဘာကြောင့် ရောက်လာရသလဲဆိုသည်ကို မသိပါသော်ငြား သူတို့နှစ်ဦးနှင့်တွေ့လျှင် သိရမည်ဖြစ်သည့်အတွက်ကြောင့် ထိုရာမှထ၍ ထိုနှစ်ဦးနှင့်တွေ့ရန် ပြင်လိုက်လေသည်။
အဓိကခန်းမထဲဝယ် ကောင်းရွှယ်ထင်းနှင့် ရှောင်ယုယုန်တို့မှာ စားပွဲရှည်တစ်လုံးတွင် ထိုင်နေကြလေသည်။ ကောင်းရွှယ်ထင်းမှာတော့ ပုံမှန်အတိုင်း အေးစက်စက်မျက်နှာထားဖြင့်သာ ရှိနေပါသော်ငြား ရှောင်ယုယန်မှာမူ အတော်လေးကိုမှ စိတ်ဂနာမငြိမ်ဖြစ်နေသည့်အလား ရန်ကိုင်ရောက်လာမည်ကို မျှော်တွေးရင်း အပြင်ဘက်သို့ မကြာမကြာ လှမ်းလှမ်းကြည့်နေသည်။
ရှောင်ယုယန်ကဲ့သို့သော ဧကရာဇ်တတိယအဆင့်ကျင့်ကြံသူတစ်ဦးလည်းဖြစ် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည့်လူတစ်ဦး ယခုကဲ့သို့ စိတ်ပူနေရသည်ကို မြင်ရသည်မှာ အတော်လေးကိုမှ ထူးဆန်းလှပေသည်။ ပုံမှန်အခြေအနေမျိုးတွင်ပင် ရှောင်ယုယန်သည် မျက်တောင်တစ်ချက်မခတ်သည့် လူစားမျိုးဖြစ်လေရာ ယခု သူ ဤမျှစိုးရိမ်နေသည်ကိုကြည့်လျှင် ဖြစ်ပျက်သွားသည့်ကိစ္စသည် အတော်လေးကိုမှ ဆိုးဝါးရပေလိမ့်မည်။
ကံကောင်းစွာဖြင့် ရန်ကိုင်မှာ ရှောင်ယုယန်အား အချိန်အကြာကြီး စောင့်မနေရစေဘဲ မကြာမီ ခန်းမထဲ ရောက်လာခဲ့လေသည်။
ရန်ကိုင်ပေါ်လာသည်ကိုမြင်သည့်အခါ ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်လေ၏။ ရှောင်ယုယန်ကမူ အလျင်စလို နှုတ်ဆက်လိုက်လေသည်။ “ရန်ကိုင်…”
“အကြီးအကဲရှောင်…” ရန်ကိုင်လည်း ရှောင်ယုယန်အား လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီးသည့်နောက် ကောင်းရွှယ်ထင်းအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် လိုရင်းကို တန်းမေးလေ၏။ “အကြီးအကဲရှောင် ဘာဖြစ်လို့ ထက်ကောင်းကင်နန်းတော်ဆီ ရောက်လာတာလဲ…”
ရှောင်ယုယန်လည်း လိုရင်းကို တန်းပြောလိုက်သည်။ “ဒီရှောင် တစ်ယောက်ယောက်ကို ကယ်ဖို့ အကူအညီတောင်းချင်လို့…”
“ဘယ်သူ့ကိုကယ်ဖို့လဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားလိုက်သည်။ ရှောင်ချန်များ ဖြစ်နေမလားဟုပင် တွေးမိသွားခဲ့သည်။ (အဲ့ကောင်ဆိုရင်တော့ မကယ်တာပဲကောင်းလိမ့်မယ်… ဒီကောင်က တကယ်ကို မျက်စိဆံပင်မွေးစူးစရာကောင်… ဒါပေမယ့် အကြီးအကဲရှောင်ကိုယ်တိုင် ရောက်လာတာဆိုတော့ အနည်းဆုံးတော့ သူ့ကို မျက်နှာသာပေးရမှာပေါ့…)
ရန်ကိုင်ထိုကဲ့သို့တွေးနေစဉ်မှာပင် ရှောင်ယုယန်က ပြောလိုက်လေ၏။ “မင်းသမီးလန်ရွှင်းပဲ…”
ရန်ကိုင် အံ့အားသင့်သွားတော့သည်။ “ဂျူနီယာညီမလန် ဘာဖြစ်သွားလို့လဲ…”
ရှောင်ယုယန်က မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြောလိုက်သည်။ “မင်းသမီး ပြန်ပေးဆွဲခံလိုက်ရလို့…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ကြောင်သွားခဲ့ပြီး ရှောင်ယုယန်အား မယုံကြည်နိုင်ဟန်အမူအယာဖြင့် စိုက်ကြည့်နေမိလေသည်။ ထို့နောက် ကောင်းရွှယ်ထင်းဘက်သို့ လှည့်ကြည့်လိုက်ရာ ကောင်းရွှယ်ထင်းမှ ခေါင်းညိတ်ပြနေသည်ကို မြင်ပြီးသည့်နောက် သူနားကြားမှားခြင်းမဟုတ်မှန်း သဘောပေါက်သွားခဲ့သည်။
(လန်ရွှင်း ပြန်ပေးဆွဲခံလိုက်ရတယ်… ဘယ်သူက လန်ရွှင်းကို ပြန်ပေးဆွဲရဲရတာလဲ… လန်ရွှင်းက မဟာဧကရာဇ်ရဲ့သမီးဆိုတော့ မဟာဧကရာဇ်ပေးထားတဲ့ အသက်ကယ်ဝှက်ဖဲတွေရှိမှာပဲ… သူ့ကိုဖမ်းဖို့ဆို အဲ့လောက်လွယ်တာမှမဟုတ်တာ… အနည်းဆုံး ဧကရာဇ်တတိယအဆင့်လောက် ရောက်နေရမှာ…)
တွေးနေရင်းမှ ရန်ကိုင် ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့ပြီး လွန်ခဲ့သောနှစ်နှစ်ခန့်က အဖြစ်အပျက်ကို ပြန်သတိရသွားခဲ့သည်။
(ဒါက ရင်းနှီးနေသလိုပဲ… တိုက်ဆိုင်တာတော့ မဟုတ်လောက်ဘူးလားလို့…)
ရန်ကိုင်စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာသည့်နောက်တွင် ရန်ကိုင်က တုံ့ဆိုင်းနေဟန်ဖြင့် မေးလိုက်လေ၏။ “ဘယ်သူလုပ်သွားလဲ သိလား…”
ရှောင်ယုယန်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “အင်း… အကြမ်းဖျင်းတော့ စဉ်းစားမိထားတယ်… ဒါပေမယ့် မသေချာဘူး…”
ရန်ကိုင်က ပြောလိုက်သည်။ “စဉ်းစားမိထားတယ်ဆိုရင် ဘာဖြစ်လို့ ချက်ချင်းမလှုပ်ရှားတာလဲ… မဟာဧကရာဇ်ကရော… လန်ရွှင်းပြန်ပေးဆွဲခံရတယ်ဆိုမှတော့ မဟာဧကရာဇ် ဒီအတိုင်း နေနေလို့မရဘူးမလား… မဟာဧကရာဇ်ကိုမပြောဘဲနဲ့ ဘာဖြစ်လို့ ကျုပ်ဆီရောက်လာရတာလဲ…”
ရန်ကိုင်မှာ အတော်လေးကိုမှ အားကောင်းလှပါသော်ငြား အဆုံးတွင်တော့ သူသည် ဧကရာဇ်တတိယအဆင့်သာ ရှိပေသေးသည်။ ကြယ်ဝိဉာဉ်နန်းတော်သည် မဟာဧကရာဇ်တစ်ပါးကိုယ်တိုင်မှ ကြီးကြပ်နေသော တောင်ဘက်နယ်မြေကို အုပ်စိုးနေသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ထိုအကြောင်းကြောင့် ရှောင်ယုယန်မှာ ကြယ်ဝိဉာဉ်နန်းတော်၏ စွမ်းအားကို အားမကိုးဘဲ ဘာကြောင့်များ သူ့ဆီရောက်လာရသလဲဆိုသည်ကို ရန်ကိုင် နားမလည်နိုင်အောင် ဖြစ်နေလေသည်။
ရှောင်ယုယန်မှာ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြန်ပြောလိုက်၏။ “ရှေးဟောင်းကျောင်းတော်ကိစ္စကို မင်း မှတ်မိသေးလား…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “မှတ်မိတယ်လေ…”
ထိုကိစ္စဖြစ်သွားသည်မှာ သုံးနှစ်လောက်သာ ရှိပေသေးလေရာ ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ မေ့ပါဦးမည်နည်း။ သို့ပါသော်ငြား ရှောင်ယုယန်မှာ ထိုကိစ္စအကြောင်းကို ရုတ်တရက်ကြီး ဘာကြောင့်များ အစဖော်လာရလေသနည်း။
ရှောင်ယုယန်က ဆက်၍ပြောလိုက်သည်။ “ရှေးဟောင်းကျောင်းတော်ကိစ္စက တောင်ဘက်နယ်မြေတစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ပတ်သက်နေတယ်… ဒီတော့ အဲ့လိုကိစ္စမျိုးမှာ မဟာဧကရာဇ်ကိုယ်တိုင် ရှေ့ထွက်လာပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းသင့်တာ… ဒါပေမယ့် မဟာဧကရာဇ်ပေါ်မလာခဲ့ဘူး… ဘာဖြစ်လို့လဲဆိုတာကို မင်းသိလား…”
ရှောင်ယုယန် ထိုအကြောင်းကို ပြောလာသည့်အခါ ရန်ကိုင်မှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ ထူးဆန်းသည်ဟု စဉ်းစားမိသွားသည်။ ရှေးဟောင်းကျောင်းတော်ကိစ္စမှာ အတော်လေးကိုမှ အရေးကြီးလှသည်။ သို့ပါသော်ငြား လမင်းမဟာဧကရာဇ်မှာ လူလုံးထွက်ပြလာခဲ့ခြင်းမရှိဘဲ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲများသာ ပေါ်လာခဲ့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၆၈)
ဘာသာပြန်သူ_တိမ်တိုက်
ထိုစဉ်က မဟာဧကရာဇ် ရှေးဟောင်းကျောင်းတော်ဆီသို့ ထွက်လာသည်ဟု ရှောင်ယုယန်မှပြောခဲ့သည်။ သို့ပါသော်ငြား ရှေးဟောင်းကျောင်းတော်ရှိကိစ္စ ပြီးဆုံးသွားပြီမှန်း ကြားသိလိုက်ရပြီးသည့်နောက် မဟာဧကရာဇ်မှာလည်း လမ်းတစ်ဝက်နှင့် ပြန်လှည့်သွားခဲ့လေသည်။
ထိုကိစ္စကို မည်သူမျှ သွား၍ မေးခွန်းထုတ်မနေကြ။ သို့သော်ငြား ယခုကြည့်ရသလောက် ထိုကိစ္စနှင့်ပတ်သက်၍ အကြောင်းအရင်းတစ်ခုခု ရှိနေသည့်ပုံပင်။
“မင်းသမီးလန်ရွှင်းက အဲ့အချိန်တည်းက ပျောက်နေတာ… မဟာဧကရာဇ်က မင်းသမီးလန်ရွှင်းကို လိုက်ရှာနေလို့ ရှေးဟောင်းကျောင်းတော်ကိစ္စကို အာရုံမစိုက်နိုင်တာ…” ရှောင်ယုယန်က အလေးအနက်အမူအယာဖြင့် ရှင်းပြလိုက်သည်။
“မင်းသမီးလန်ရွှင်းက အဲ့အချိန်တည်းက ပျောက်သွားတာ…” ရန်ကိုင် အကြီးအကျယ် ထိတ်လန့်သွားတော့သည်။ (ဒါကြောင့်မလို့ လန်ရွှင်းကို တောင်ဘက်သိုင်းပညာရှင်စုဝေးပွဲမှာ မတွေ့တာကိုး…)
ထိုကိစ္စမှာ အနည်းငယ်ထူးဆန်းပါသော်ငြား ရန်ကိုင်ကမူ ထိုစဉ်က များများစားစား မတွေးခဲ့။ ယခု အကြောင်းအရင်းကို သိသွားသည့်နောက်တွင် မျက်မှောင်ကျုံ့၍ ပြန်မေးလိုက်လေသည်။ “ဒီတော့ မဟာဧကရာဇ်က လွန်ခဲ့တဲ့နှစ်တွေအကုန်လုံး ကြယ်ဝိဉာဉ်နန်းတော်မှာ မရှိဘူးပေါ့…”
ရှေးဟောင်းကျောင်းတော်ကိစ္စဖြစ်သွားသည်မှာ အတော်လေးကိုမှ ကြာနေလေပြီ။ ထိုအကြောင်းကြောင့် မဟာဧကရာဇ်အနေဖြင့် ထိုကိစ္စအကြောင်းကို မကြားစရာအကြောင်း မရှိပေ။ မဟာဧကရာဇ်အား လုံးဝ ဆက်သွယ်၍ မရသည့် အခါမျိုးမှသာလျှင် မဟာဧကရာဇ်အနေဖြင့် ထိုကိစ္စအကြောင်းကို မသိဘဲ နေလောက်ပေလိမ့်မည်။
“ဟုတ်တယ်…” ရှောင်ယုယန်က ခေါင်းညိတ်ပြလိုက်သည်။ “မဟာဧကရာဇ်မှာ သွေးသားအရင်းအချာဆိုလို့ မင်းသမီးလန်ရွှင်းတစ်ယောက်ပဲ ရှိတာလေ… ဒီတော့ မင်းသမီးလန်ရွှင်းပျောက်သွားတော့ မဟာဧကရာဇ်လည်း စိတ်ပူတာပေါ့.. အဲ့အချိန်ကနေစပြီးတော့ သဲလွန်စတွေ လိုက်ရှာနေတာ… ပြီးတော့ အဲ့ကိစ္စကို တိုးတိုးတိတ်တိတ်ပဲ လုပ်လို့ရတယ်… လူသိရှင်ကြားလုပ်လို့လည်း အဆင်မပြေဘူး…”
ရန်ကိုင်က သူသဘောပေါက်သည့်အကြောင်း ခေါင်းညိတ်ပြလိုက်သည်။ မဟာဧကရာဇ်၏သမီး ပြန်ပေးဆွဲခံရသည့်အကြောင်းသာ လူသိရှင်ကြား ကြေညာလိုက်မည်ဆိုလျှင် တောင်ဘက်နယ်မြေတစ်ခုလုံး ယောက်ယက်ခတ်သွားရနိုင်ပေသည်။ ထို့အပြင် လန်ရွှင်းအား ဖမ်းဆီးထားသည့်လူမှာလည်း ဒေါသထွက်ထွက်ဖြင့် လန်ရွှင်းအား နှုတ်ပိတ်သတ်ပစ်လိုက်နိုင်၏။
“လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက မဟာဧကရာဇ်ဆီကနေ သတင်းတစ်ခုရလိုက်တယ်… ဒါပေမယ့် အဲ့သတင်းက သိပ်ပြီးတော့ မပြည့်စုံဘူး… မဟာဧကရာဇ်ကို ကြည့်ရတာ အလျင်စလိုပို့လိုက်တဲ့ပုံပဲ… ပြီးတော့ အဲ့လိုမျိုးပို့နေတဲ့အချိန်မှာလည်း နှောင့်ယှက်ခံနေရတဲ့ပုံပဲ… အကြောင်းအရင်းကိုတော့ ငါတို့လည်း သေချာမသိဘူး… မဟာဧကရာဇ်ကပြောတဲ့သတင်းကနေ လိုက်စုံစမ်းကြည့်လိုက်တော့ နေရာတစ်ခုကိုတွေ့တယ်… ဒါပေမယ့် အဲ့ထဲကို ဝင်လို့မရဘူးဖြစ်နေတယ်…”
“ဘာလို့မရတာလဲ…” ရန်ကိုင်က အံ့အားသင့်နေဟန်ဖြင့် ပြန်ပြောလိုက်သည်။ ကြယ်ဝိဉာဉ်နန်းတော်၏ ပညာရှင်အားလုံး အတူတကွစုပေါင်း၍ပင် ဝင်လို့မရလေအောင် ထိုနေရာသည် မည်ကဲ့သို့သောနေရာများ ဖြစ်နေလေသနည်း။
“ကမ္ဘာငယ်လေးတစ်ခုပဲ… ဒါပေမယ့် အဲ့ကမ္ဘာငယ်လေးထဲကို ဝင်လို့ရမယ့်နည်းလမ်းမသိရင် အထဲကိုဝင်လို့မရဘူး…”
ရန်ကိုင်က ရုတ်တရက် သဘောပေါက်သွားတော့သည်။ “ဒါကြောင့်ပဲ ကျုပ်ကိုလာရှာတာလား…”
ရှောင်ယုယန်က ခေါင်းညိတ်လိုက်၏။ “မင်းက လေဟာနယ်တာအိုကို ကျွမ်းကျင်တာဆိုတော့ အထဲကိုဝင်လို့ရမယ့် နည်းလမ်းတစ်ခုကို မင်း ရှာလို့ရရင် ရမှာပေါ့…”
ရန်ကိုင်ခေါင်းညိတ်လိုက်သည်။ သီးခြားကမ္ဘာသာဆိုလျှင်တော့ ရန်ကိုင်ဆီသို့လာသည်မှာ အကောင်းဆုံးသောရွေးချယ်မှုတစ်ရပ်ဖြစ်ပေသည်။
“မဟာဧကရာဇ် အခု ဘယ်မှာလဲ…” ရန်ကိုင်က ထပ်မေးလိုက်သည်။
ရှောင်ယုယန်က ခေါင်းခါလိုက်၏။ “အဲ့သတင်းရပြီးတဲ့နောက်ပိုင်း မဟာဧကရာဇ်ဆီကနေ ဘာသတင်းမှ မကြားရတော့ဘူး…”
ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ (မဟာဧကရာဇ်တောင် နောက်ထပ်သတင်းမပို့နိုင်တော့တာလား… မဟာဧကရာဇ်တစ်ခုခုဖြစ်သွားတာများလား… မဖြစ်နိုင်ဘူး… ဘယ်သူကများ မဟာဧကရာဇ်ကို ခြိမ်းခြောက်နိုင်မှာလဲ… ဒါပေမယ့် မင်းသမီးလန်ရွှင်းကို အကြပ်ကိုင်ပြီး ခြိမ်းခြောက်မယ်ဆိုရင်တော့…) ရန်ကိုင် ကြိတ်ကာ ခေါင်းခါနေခဲ့သည်။ မင်းသမီးလန်ရွှင်းအား ဖမ်းထား၍ မဟာဧကရာဇ်ကိုများ ခြိမ်းခြောက်လိုက်ခြင်းပေလော။ ထိုသို့မဟုတ်ဘဲ မဟာဧကရာဇ်ကိုယ်တိုင်ကကို သူ့သမီးအတွက်ကြောင့် မတိုက်ခိုက်ဘဲ လက်လျှော့လိုက်ခြင်းပေလား ဆိုသည်ကို ရန်ကိုင်မသိပေ။ သို့ပါသော်ငြား ပို၍အရေးကြီးသည်မှာ တစ်စုံတစ်ဦးသည် မဟာဧကရာဇ်အား ခြိမ်းခြောက်အကြပ်ကိုင်မည်ဆိုလျှင် ဘာကြောင့်များ ထိုကဲ့သို့ လုပ်ရလေသနည်း။ မဟာဧကရာဇ်အနေဖြင့် မခုခံဘဲ အေးအေးဆေးဆေး နေမည်ဆိုလျှင်ပင် မဟာဧကရာဇ်တစ်ပါးကို သတ်ဖို့ရာမှာ ထိုမျှလွယ်ကူမနေပေ။
ယခုကိစ္စမှာ အတော်လေးကိုမှ ပြဿနာကြီးပေသည်။
ရန်ကိုင် ဘာတွေးနေသလဲဆိုသည်ကို သိသည့်အလား ရှောင်ယုယန်က ပြောလိုက်သည်။ “မဟာဧကရာဇ်က အားကောင်းပြီးသား… ဒီတော့ မဟာဧကရာဇ်ရဲ့လုံခြုံရေးကို ငါတို့စိတ်မပူဘူး… မဟာဧကရာဇ်က ငါတို့ကို အကြောင်းမပြန်ဘူးဆိုတာကလည်း သီးခြားကမ္ဘာထဲကို ဝင်သွားလို့ ဖြစ်ရင်ဖြစ်နေမှာ… ဒါပေမယ့် မင်းက မင်းသမီးနဲ့ မိတ်ဆွေတွေမလား… ဒါကြောင့်ပဲ ငါ မင်းဆီကနေ လာပြီးတော့ အကူအညီတောင်းတာ… အနည်းဆုံးတော့ ငါတို့ကြယ်ဝိဉာဉ်နန်းတော်ကပညာရှင်တွေ အဲ့ထဲဝင်လို့ရအောင် မင်း ငါတို့အတွက် လမ်းကြောင်းတစ်ခုလောက် ရှာပေးဖို့ မျှော်လင့်တယ်…”
ရန်ကိုင်က ခေါင်းညိတ်၍ “ဂျူနီယာညီမလန် ဒုက္ခရောက်နေတာဆိုတော့ ကျုပ် ဒီအတိုင်း ရပ်ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ…”
ထိုစကားကိုကြားသည့်အခါ ရှောင်ယုယန် ဝမ်းသာသွားခဲ့လေသည်။ မူလကမူ ရန်ကိုင် သူ့တောင်းဆိုချက်အား ငြင်းမည်ကို စိုးရိမ်ခဲ့သည်။ သို့ပါသော်ငြား ကြည့်ရသလောက် ရန်ကိုင်သည် လန်ရွှင်းနှင့်သူ့ကြားရှိ မိတ်ဆွေသံယောဇဉ်ကို အတော်လေးတန်ဖိုးထားသည့်ပုံပင်။
“ဒါပေမယ့် ကျုပ်သိချင်တာတစ်ချက်ရှိတယ်…” ရန်ကိုင်က ရုတ်တရက်မေးလိုက်သည်။
“ဘာလဲ… ဘာကိစ္စလဲ…” ရန်ကိုင်မှ အလျင်စလို သဘောတူလိုက်သည့်အတွက်ကြောင့် ရှောင်ယုယန်၏သဘောထားမှာ အတော်လေးကိုမှ ပျော့ပျောင်းနေခဲ့သည်။
“အကြီးအကဲရှောင်ပြောသလိုပဲ ဂျူနီယာညီမလန်ပျောက်သွားတာ လွန်ခဲ့တဲ့သုံးနှစ်ကလေ… မဟာဧကရာဇ်ကလည်း အဲ့ကိစ္စကို အဲ့အချိန်တည်းက စပြီး စစ်ဆေးနေတာ… မဟာဧကရာဇ်က ခင်ဗျားတို့ဆီ လွန်ခဲ့တဲ့တစ်နှစ်လောက်တည်းက သတင်းပို့တာကို ဘာဖြစ်လို့ အခုမှ ကျုပ်ဆီရောက်လာရတာလဲ…”
မြောက်ဘက်နယ်မြေထဲတွင် ရန်ကိုင်မှ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းထားသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ။ နေမင်းပြာကျောင်းတော်နှင့် ထက်ကောင်းကင်နန်းတော်တို့ကို နယ်မြေခြားဟင်းလင်းပြင်အစီအရင်ဖြင့် ဆက်သွယ်ထားပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်ဆီသာ လာလိုပါက မျက်တောင်တစ်ခတ်အတွင်း လာ၍ရလေရာ ဘာကြောင့်များများ တစ်နှစ်လုံးလုံး ထိုင်စောင့်နေရလေသနည်း။
ရှောင်ယုယန်က သက်ပြင်းချ၍ “အဲ့သီးခြားကမ္ဘာရှိနေတဲ့နေရာက တောင်ဘက်နယ်မြေကနေ တော်တော်လေးဝေးတယ်လေ… ဒီတော့ အဲ့ကိုအသွားအပြန်လုပ်ဖို့က တစ်နှစ်လောက်အချိန်ယူလိုက်ရတာ…”
“တစ်နှစ်တောင်ကြာတယ်…” ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားတော့သည်။ “အခြားနယ်မြေမှာလား…”
“ဟုတ်တယ်… အနောက်ဘက်နယ်မြေမှာ…” ရှောင်ယုယန်၏အသံ လေးနက်တည်ကြည်သွားခဲ့သည်။
ယခုမှသာ ရန်ကိုင် သဘောပေါက်သွားတော့သည်။ (အနောက်ဘက်နယ်မြေမှာလား… အဲ့ကို အသွားအပြန်လုပ်ဖို့ကတော့ တော်တော်လေးကြာမှာပဲ… ဒါကြောင့် သူတို့ တစ်နှစ်လောက်အချိန်ကြာနေတာကို…)
အနောက်ဘက်နယ်မြေအကြောင်း စကားစလာသော် ရန်ကိုင်မှာ အတိတ်ကအကြောင်းအရာများကို ပြန်သတိရသွားခဲ့သည်။ ထိုစဉ်က ရန်ကိုင်သည် ဒွိလောကကမ္ဘာထဲမှ ပြန်ထွက်လာချိန် လင်းယွင်အာနှင့်လာတိုးပြီး အနောက်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းနှင့် ပြဿနာဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဟင်းလင်းပြင်အစီအရင်တစ်ခုကိုခင်းကျင်း၍ လင်းယွင်အာအား ထက်ကောင်းကင်နန်းတော်ဆီသို့ ခေါ်လာရန် ကြိုးစားခဲ့ပါသော်ငြား သူတို့အားလုံးမှာ တည်နေရာခုန်ကူးနေချိန် တစ်စုံတစ်ဦးသည် ဟင်းလင်းပြင်အစီအရင်ကို ဖျက်ဆီးကာ ဝင်ရောက်နှောင့်ယှက်ခဲ့သည့်အတွက်ကြောင့် ရန်ကိုင်နှင့်လီကျောက်တို့သည်သာ ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်လာခဲ့ပြီး လင်းယွင်အာမှာ အနောက်ဘက်နယ်မြေ၌ ကျန်ရစ်ခဲ့လေသည်။
ဟင်းလင်းပြင်အစီအရင်အား ဖျက်ဆီးသွားသည့်လူကို ရန်ကိုင် မမြင်လိုက်ရပါသော်ငြား သံမဏိသွေးမဟာဧကရာဇ် ဖြစ်လိမ့်မည်ဟုတော့ ခန့်မှန်းမိပေသည်။
သံမဏိသွေးမဟာဧကရာဇ်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် အနောက်ဘက်နယ်မြေအား အလွယ်လေး ပြန်သွားနိုင်ပေသည်။ ယခုမူ ဟင်းလင်းပြင်အစီအရင် မရှိတော့သည့်အတွက်ကြောင့် လပေါင်းများစွာ အချိန်ကုန်ခံကာ အနောက်ဘက်နယ်မြေဆီသို့ ပျံသန်းသွားရပေတော့မည်။
“ဒီကိစ္စက နှောင့်နှေးနေလို့မကောင်းဘူး… ရန်ကိုင်… မင်း ဘာမှလုပ်စရာမရှိတော့ရင် ငါတို့ ချက်ချင်းသွားကြရအောင်…” ရှောင်ယုယန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ ယခုကိစ္စကို အချိန်ဆွဲထားသည်မှာ အတော်လေးကြာနေလေပြီ။ ထိုအချိန်အတောအတွင်း မတော်တဆကိစ္စများ ဖြစ်မလာနိုင်ပါဟု မည်သူမျှ မပြောနိုင်ပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်အား အလျင်စလို သွားရန် တိုက်တွန်းနှိုးဆော်နေခြင်းဖြစ်လေသည်။
ရန်ကိုင်ကလည်း ခေါင်းညိတ်သဘောတူလိုက်လေ၏။ “ကောင်းပြီလေ…”
ထိုသို့ပြောပြီသည့်နောက် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်၍ သူသွားစရာကိစ္စရှိကြောင်းနှင့် မည်သည့်အချိန်မှ ပြန်လာရန် မသေချာကြောင်းကို သတင်းပို့လိုက်သည်။
ဟွာချင်းစီမှာတော့ ရန်ကိုင်၏လုပ်ပုံများနှင့်ပတ်သက်၍ အသားကျနေပြီ ဖြစ်သည့်အတွက်ကြောင့် ဘာမှပြန်ပြောမနေခဲ့သလို မေးလည်းမေးမနေခဲ့ပေ။
ထိုသို့ဖြင့် ရန်ကိုင်၊ ရှောင်ယုယန်နှင့် ကောင်းရွှယ်ထင်းတို့မှာ ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် နေမင်းပြာကျောင်းတော်ဆီသို့ ဦးတည်သွားလေ၏။
နေမင်းပြာကျောင်းတော်ဆီသို့ ရောက်လာပြီးသည့်နောက် ရှောင်ယုယန်သည် ပျံသန်းရေးမှော်ရတနာကိုထုတ်၍ ရန်ကိုင်နှင့်အတူ ပျံသန်းသွားခဲ့သည်။ သူ့ကြည့်ရသည်မှာ တစ်ခဏလေးပင် မနှောင့်နှေးချင်တော့သည့်ပုံပင်။
ကောင်းရွှယ်ထင်းကမူ ရန်ကိုင်တို့နောက်သို့ လိုက်မလာခဲ့ပေ။ သူမ ရှောင်ယုယန်နှင့်အတူ ထက်ကောင်းကင်နန်းတော်ဆီသို့ လာရခြင်းမှာ ရှောင်ယုယန်ကို လိုက်ပို့ပေးခြင်းသာ ဖြစ်ပေသည်။ သူမသာမပါပါက ရှောင်ယုယန်အနေဖြင့် နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကိုသုံး၍ ထက်ကောင်းကင်နန်းတော်ဆီသို့ သွားဖို့ရာ ဖြစ်နိုင်လိမ့်မည်မဟုတ်။
ဤပျံသန်းရေးမှော်ရတနာမှာ အတော်လေးကိုမှ မြန်လှပေသည်။ ရှောင်ယုယန်မှာလည်း မဟာဧကရာဇ်နှင့် မင်းသမီးလန်ရွှင်းတို့ကိစ္စကို စုံစမ်းဖို့ရာ အတော်လေးကိုမှ စိတ်အားထက်သန်နေသည့်အတွက်ကြောင့် အရှိန်ကုန်ပျံသန်းရာတွင် အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။
ရန်ကိုင်သည် ပျံသန်းရေးမှော်ရတနာထဲတွင် လက်နောက်ပစ်ကာ ရပ်နေရင်းမှ ရှောင်ယုယန်အား မင်းသမီးလန်ရွှင်း ပြန်ပေးဆွဲခံရသည့်အကြောင်းကို အနည်းငယ် မေးမြန်းကြည့်ခဲ့သည်။ သို့ပါသော်ငြား ရှောင်ယုယန်ကိုယ်တိုင်ကလည်း ဘာမှ သိပ်၍မသိသည့်အလျောက် ရှောင်ယုယန်ဆီမှ အရေးပါသည့် သတင်းအချက်အလက်များကို မရရှိခဲ့ပေ။ ရှောင်ယုယန်မှာ မဟာဧကရာဇ်ပြန်ပို့လာသည့်သတင်းကြောင့်သာလျှင် တည်နေရာကို အာရုံခံနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုတည်နေရာကို အာရုံခံနိုင်ခဲ့ပါသော်ငြား ထိုနေရာမှာ သီးခြားကမ္ဘာတစ်ခုဖြစ်နေသလို သူတို့ကိုယ်တိုင်သည်လည်း ထိုကမ္ဘာထဲသို့ ဝင်၍မရသည့်အတွက်ကြောင့် ရန်ကိုင်အား လာရောက်ဆက်သွယ်လာရခြင်းဖြစ်သည်။
ထိုအရာများကို ကြားပြီးသည့်နောက် ရန်ကိုင်သည် ခေါင်းညိတ်၍ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ကာ ထိုထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်သည်။ ထို့နောက်တွင် ကျောက်စိမ်းပြားကို ဟင်းလင်းပြင်ထဲသို့ ပစ်လိုက်ရာ ကျောက်စိမ်းပြားမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေ၏။
ရှောင်ယုယန်က မျက်ခုံးပင့်လိုက်၏။ “လေဟာနယ်မှတ်တိုင်လား…”
ရန်ကိုင်သည် ရှောင်ယုယန်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်သည်။ “အကြီးအကဲရှောင် ဒါကိုသိတာလား…”
ရှောင်ယုယန်က ပြန်ပြောလိုက်သည်။ “မဟာဧကရာဇ်က အဲ့နည်းလမ်းကိုသုံးပြီးတော့ ဆက်သွယ်လေ့ရှိတာလေ… အဲ့နည်းလမ်းကို စိတ်ဝိဉာဉ်သားရဲကျွန်းက လီဝူရီတီထွင်ထားတယ်လို့တော့ ကြားတာပဲ… မဟာဧကရာဇ် စိတ်ဝိဉာဉ်သားရဲကျွန်းဆီကို သွားတုန်းက အဲ့ဒါကိုသိခဲ့တာတဲ့… မင်းလည်း အဲ့ဒါကို သုံးတတ်နေမယ်လို့ မထင်ထားဘူး…”
ရန်ကိုင်က ပြုံး၍ “ကျုပ်လည်း ဒီဟာကို စီနီယာလီဆီကနေ သင်ခဲ့တာလေ…”
ရှောင်ယုယန် အံ့အားသင့်သွားခဲ့သည်။ “မင်း လီဝူရီနဲ့ တွေ့ပြီးသွားပြီလား…”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “အရှေ့ဘက်နယ်မြေကို လွန်ခဲ့တဲ့နှစ်နှစ်တုန်းကသွားတုန်းက စီနီယာလီဝူရီနဲ့တွေ့ပြီးတော့ ဒီအကြောင်းကို သိခဲ့ရတာ…”
ရှောင်ယုယန် သဘောပေါက်သွားခဲ့သည်။ “ဟုတ်သားပဲ… မင်းက နယ်မြေခြားဟင်းလင်းပြင်အစီအရင်တွေကို ခင်းကျင်းနိုင်တယ်… ဒီတော့ မင်းအတွက်က နယ်မြေတစ်ခုနဲ့တစ်ခုကိုသွားဖို့က လွယ်တာပေါ့… အဲ့ဒါဆိုရင် မင်း အရှေ့ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်နယ်မြေတွေအကုန်လုံးကို အေးအေးဆေးဆေးသွားလို့ရတာပေါ့… အနောက်ဘက်နယ်မြေကိုရော သွားလို့ရလာ…”
ရန်ကိုင်က မျက်မှောင်ကြီးကျုံ့လျက် ပြန်ပြောလိုက်သည်။ “အရင်ကတော့ ဖြစ်နိုင်တယ်… ဒါပေမယ့် ကျုပ်ခင်းကျင်းထားတဲ့ ဟင်းလင်းပြင်အစီအရင်ကို အခြားတစ်ယောက်က ဖျက်ဆီးသွားလို့ အခုတော့ မရတော့ဘူး…”
ရှောင်ယုယန်က မကျေမနပ်ဖြင့် “ဘယ်သူကများ အားအားယားယားနဲ့ ဟင်းလင်းပြင်အစီအရင်တွေကို လိုက်ဖျက်ဆီးရတာလဲကွာ…”
ရန်ကိုင်ကမူ ပြုံးသာပြုံးနေခဲ့ပြီး ဘာမှပြန်မပြောခဲ့ပေ။
ယခုမူ အနောက်ဘက်နယ်မြေဆီသို့ သွားရောက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုနေရာ၌ ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းခဲ့ပေမည်။ ထိုသို့သာဆိုလျှင် ရန်ကိုင်မှာ နယ်မြေကြီးလေးခုစလုံးကို ကြိုက်သည့်အချိန် သွားလို့ရသွားလေပြီ။
“မင်း ဘယ်သူ့ဆီ သတင်းပို့လိုက်တာလဲ…” ရှောင်ယုယန်က မေးလိုက်သည်။
“စီနီယာလီဆီ ပို့လိုက်တာ…” ရန်ကိုင်မှာ ဖုံးကွယ်မနေခဲ့ဘဲ အကြောင်းစုံကို ရှင်းပြလိုက်လေသည်။ “အကြီးအကဲရှောင်မသိလို့… လွန်ခဲ့တဲ့နှစ်နှစ်တုန်းက အရှေ့ဘက်နယ်မြေမှာ ရှုယဉ်သာမဟာဧကရာဇ်ရဲ့သမီး ယောင်လင် ပြန်ပေးဆွဲခံလိုက်ရတယ်…”
“ဘယ်လို…” ရှောင်ယုယန် အကြီးအကျယ် အံ့အားသင့်သွားရတော့သည်။ “ရှုယဉ်သာမဟာဧကရာဇ်ရဲ့သမီးလည်း ပြန်ပေးဆွဲခံရတာလား…”
လန်ရွှင်းသည် လွန်ခဲ့သောသုံးနှစ်ခန့်က ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။ ယောင်လင်ကမူ လွန်ခဲ့သောနှစ်နှစ်ခန့်က ပြန်ပေးဆွဲခံခဲ့ရသည်။ ပြန်ပေးဆွဲခံရသည့်ကြားကာလမှာ တစ်နှစ်သာ ကွာခြားပါသော်ငြား တစ်နှစ်ဆိုသောပမာဏမှာ အရှေ့ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေရှိ အကွာအဝေးကွာခြားမှုကို ထည့်တွက်လျှင် သိပ်ကြာလှသည့် အချိန်ကာလတော့ မဟုတ်ပေ။
“တစ်ယောက်တည်းများ ဖြစ်နေမလား…” ရှောင်ယုယန်သည် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသွား၏။
“သေတော့မသေချာဘူး… ဒါပေမယ့် ယောင်လင်ကိုဖမ်းသွားတဲ့လူက မဟာဧကရာဇ်တစ်ပိုင်းပဲ…”
“မဟာဧကရာဇ်တစ်ပိုင်း…” ရှောင်ယုယန် သက်ပြင်းရှိုက်သွားခဲ့သည်။ သူသည် ဧကရာဇ်တတိယအဆင့်သာဖြစ်ပြီး ဧကရာဇ်တတိယအဆင့်သို့ရောက်သည်မှာလည်း မကြာသေးပေ။ ထို့အတွက်ကြောင့် မဟာဧကရာဇ်တစ်ပိုင်းနှင့်သာ ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုလျှင် တစ်ဖက်လူ၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်မှန်း သိနေလေသည်။
ရှောင်ယုယန်က ဖြည်းဖြည်းချင်း ပြန်မေးလိုက်သည်။ “မင်း အဲ့ကိစ္စကို ဘယ်လိုသိတာလဲ… နေပါဦး… မင်း အရှေ့ဘက်နယ်မြေကို လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သွားခဲ့တာလို့ပြောတယ်နော်… ယောင်လင်ကလည်း လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ပြန်ပေးဆွဲခံရတာ… ဖြစ်နိုင်တာက…”
“ဟုတ်တယ်… ယောင်လင်ပြန်ပေးဆွဲခံရတုန်းက ကျုပ် အဲ့မှာရှိနေတာ…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ “အခု နှစ်နှစ်ကြာသွားပြီ… ဒီတော့ စီနီယာလီ ဘာသတင်းများ ရမလဲဆိုပြီး မေးကြည့်တာ…”
ရှောင်ယုယန်က ခေါင်းညိတ်ရင်းမှ ဆက်ပြောလိုက်သည်။ “ငါလည်း လုပ်သွားတဲ့လူက တစ်ယောက်တည်းပဲလားဆိုတာကို သိချင်နေတာ… တစ်ယောက်တည်းပဲဆိုရင်တော့ အဲ့လူက တကယ်ကို အကြောက်အလန့်မရှိတဲ့လူပဲ ဖြစ်ရလိမ့်မယ်… ဒါပေမယ့် အဲ့လိုတွေလုပ်ပြီးတော့ သူက ဘာလိုချင်နေတာလဲ…”
ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် “တွေ့တော့မှပဲ အဲ့လူအိုကြီးကို မေးကြည့်ရမှာပေါ့…”
စကားပြောနေရင်းမှ ရန်ကိုင်၏လက်ကောက်ဝတ်ရှိ ဓာတ်လုံးဆီမှ လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး ကျောက်စိမ်းပြားတစ်ပြား ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် ကျောက်စိမ်းပြားကို လှမ်းယူ၍ ကျောက်စိမ်းပြားထဲရှိအကြောင်းအရာကို ဖတ်ကြည့်လိုက်သည်။
ထို့နောက်တွင် ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားတော့၏။
“ဘာဖြစ်လို့လဲ…” ရှောင်ယုယန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“အကြီးအကဲရှောင်ဘာသာ ကြည့်ကြည့်လိုက်…” ရန်ကိုင်သည် ကျောက်စိမ်းပြားကို ရှောင်ယုယန်ဆီသို့ ပစ်ပေးလိုက်၏။
ရှောင်ယုယန်သည်လည်း ရန်ကိုင်ပစ်ပေးလိုက်သည့် ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာကို ဖတ်ကြည့်လိုက်ပြီးသည့်နောက်တွင် သူ့မျက်နှာအမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့လေသည်။ “ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ… မဟာဧကရာဇ်တွေရဲ့ မျိုးဆက်တွေနဲ့ တပည့်တွေအကုန်လုံး ပျောက်နေတာ… ဘယ်သူကများ အခုလိုတွေ လုပ်နေတာလဲ…”
မဟာဧကရာဇ်များမှာ လီဝူရီဖန်တီးပေးထားသော လေဟာနယ်မှတ်တိုင်များကြောင့် တစ်ဦးနှင့်တစ်ဦး အလွယ်တကူ ဆက်သွယ်နိုင်ကြပေသည်။ ထိုအကြောင်းကြောင့် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆက်သွယ်နေဖို့ရာ မခက်လှပေ။ ထို့အပြင် လီဝူရီသည် လေဟာနယ်မှတ်တိုင်ကို ဖန်တီးသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် စိတ်ဝိဉာဉ်သားရဲကျွန်းအနေဖြင့် အခြားသောမဟာဧကရာဇ်အားလုံးနှင့် ဆက်သွယ်နေနိုင်သည်မှာ အဆန်းတော့မဟုတ်။
လီဝူရီပြန်ပြောလာသည်မှာတော့ ယောင်လင်ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ရှုယဉ်သာနန်းတော်တစ်ခုလုံး ဂယက်ရိုက်သွားခဲ့ပြီး အရှေ့ဘက်နယ်မြေတစ်ဝိုက် ယောင်လင်အား အသည်းအသန် လှိုက်ရှာကြပေသည်။ သို့ပါသော်ငြား ကံမကောင်းစွာဖြင့် ယောင်လင်အား ရှာမတွေ့ခဲ့ပေ။ ယောင်လင်မှာ ဤလောကကြီးထဲမှ လုံးဝ ပျောက်ကွယ်သွားသည့်ပုံပင်။ ရှုယဉ်သာမဟာဧကရာဇ်မှာလည်း သူ့သမီးပျောက်သွားသည့်အကြောင်း သတင်းကြားပြီးသည့်နောက် အလွန်ကိုမှ စိတ်ပူကာ အခြားသောမဟာဧကရာဇ်များကို လိုက်လံမေးမြန်းကြည့်ခဲ့သည်။ ထိုမဟာဧကရာဇ်များအား သူတို့၏နယ်မြေထဲ ယောင်လင်ကိုတွေ့ပါကလည်း စောင့်ကြည့်ပေးထားရန် တောင်းဆိုခဲ့လေသည်။