အခန်း (၃၃၆၉-၃၃၇၂)
Vol. 148 Ch. 3369-3372
အပိုင်း (၃၃၆၉)
ဘာသာပြန်သူ_တိမ်တိုက်
နှစ်နှစ် သုံးနှစ်လေး အတွင်းမှာပင် မဟာဧကရာဇ်များ၏ တပည့်များနှင့် မျိုးဆက်များ ပျောက်ကွယ်သွားရသည်ဟူသော သတင်းမျိုး ပြန်ကြားရလိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။
ရှုယာဉ်သာမဟာဧကရာဇ်နှင့် လမင်းမဟာဧကရာဇ်တို့ကို ဖယ်ထားလိုက်မည်ဆိုလျှင် ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်၊ ပန်းအရိပ်မဟာဧကရာဇ်နှင့် သံမဏိသွေးမဟာဧကရာဇ်တို့တွင် မျိုးဆက်များ တပည့်များ အသီးသီး ရှိကြပြီး ထိုမျိုးဆက်တပည့်များ အားလုံး ပြန်ပေးဆွဲခံလိုက်ရခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ လင်းယွင်အာလည်း ပျောက်နေလေပြီ။
မဟာဧကရာဇ်များ၏ မျိုးဆက်များနှင့် တပည့်များ အကုန်လုံး ပျောက်သွားလေသလားဆိုသည်ကိုတော့ စိတ်ဝိညာဉ်သားရဲကျွန်းမှာ သေချာ မသိသေးပါသော်ငြား လတ်တလော အခြေအနေအရ ထိုမဟာဧကရာဇ် ငါးဦး၏ တပည့်များနှင့် မျိုးဆက်များ ပျောက်သွားသည်မှာတော့ သေချာပေသည်။ ထိုအကြောင်းကြောင့် အခြားသော ပျောက်နေသည့် လူများလည်း ရှိကောင်း ရှိလောက်ပေသေးသည်။
အခြားသူများ ပျောက်သည်မှာ ကိစ္စမရှိပါသော်ငြား လင်းယွင်အာ ပျောက်နေသည့် ကိစ္စမှာတော့ မတူတော့ပေ။ အနောက်ဘက်နယ်မြေ၌ နောက်ဆုံးအကြိမ် တွေ့ပြီးသည့်နောက်တွင် ရန်ကိုင်မှာ လင်းယွင်အာအား နောက်တစ်ကြိမ် ပြန်မတွေ့ရတော့ပေ။ ယနေ့တွင်မူ ယခုကဲ့သို့သော သတင်းမျိုးကို ကြားလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့။
ရှောင်ယုယန်နှင့် ရန်ကိုင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တစ်ဦး၏ အကြည့်ထဲ တစ်ဦး ထိတ်လန့်မှုတို့ကို အထင်းသား မြင်နေရသည်။ မဟာဧကရာဇ်များ၏ မျိုးဆက်များနှင့် တပည့်များကို ပြန်ပေးဆွဲသူမှာ မည်သူဖြစ်သလဲဆိုသည်ကို မသိပါသော်ငြား မမြင်နိုင်သည့် လက်တစ်စုံသည် ကြယ်တာရာအစုအဝေး တစ်ခုလုံးကို နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေပြီဟု သူတို့ စိတ်ထဲ ခံစားနေရလေသည်။
မဟာဧကရာဇ်များ၏ မျိုးဆက်များနှင့် တပည့်များ နယ်မြေအသီးသီးမှာ ပျောက်ကွယ်သွားခဲ့ရသည်။ ထိုကဲ့သို့ လုပ်ရဲသည့် မည်သူမဆို သာမန် မဖြစ်နိုင်ပေ။ ဖြစ်နိုင်သည်မှာ ထိုကဲ့သို့ လုပ်သွားသည့် လူသည် အားကောင်းလှသည့် အဖွဲ့အစည်းကြီးတစ်ခုပင် ဖြစ်နေနိုင်ပေသည်။
သို့ပါသော်ငြား ရန်ကိုင် နားမလည်နိုင်သည်မှာ ထိုလူ၏ ရည်ရွယ်ချက်ပင် ဖြစ်လေသည်။ မဟာဧကရာဇ်များသည် ကြယ်တာရာအစုအဝေး၏ အားအကောင်းဆုံးသော လူများ ဖြစ်ကြလေရာ မဟာဧကရာဇ်တစ်ပါးကို ရန်စမိလျှင်ပင် အခြေအနေ မကောင်းတော့ပေ။ မဟာဧကရာဇ် ငါးဦးစလုံးကို ရန်စဖို့ရာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။
အတန်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရန်ကိုင်က မေးလိုက်လေသည်။ "အကြီးအကဲရှောင် နောက်ကွယ်က တရားခံ ဘယ်သူလဲဆိုတာကို ခန့်မှန်းမိတယ်လို့ ပြောတယ်နော်၊ အဲဒီလူက ဘယ်သူလဲ ပြောပြလို့ရမလား"
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရှောင်ယုယန်က ပြန်၍ ပြောလိုက်လေသည်။ "အစကတော့ အရိပ်သတ်ဖြတ်သူနန်းတော်လို့ ထင်နေတာ"
"အရိပ်သတ်ဖြတ်သူနန်းတော်" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
အရိပ်သတ်ဖြတ်သူနန်းတော်သည် ညအရိပ်မဟာဧကရာဇ်မှ ကြီးကြပ်ကွပ်ကဲနေသော အနောက်ဘက်နယ်မြေ၏ အင်အားစုတစ်ခု ဖြစ်ပေသည်။ သို့ပါသော်ငြား ထိုအင်အားစုမှာ အလွန်ကိုမှ ဆန်းကြယ်လှသည်။ အရိပ်သတ်ဖြတ်သူနန်းတော် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မည်သူမျှ မသိကြပေ။ အနောက်ဘက်နယ်မြေထဲ အရိပ်သတ်ဖြတ်သူနန်းတော် ရှိသည်ဟူသော အချက်ကိုသာ ကြယ်တာရာအစုအဝေးထဲရှိ လူများ သိထားကြပြီး အရိပ်သတ်ဖြတ်သူနန်းတော်၏ တည်နေရာ အတိအကျကိုမူ မည်သူမျှ မသိကြ။
"မဟာဧကရာဇ် ပြန်ပို့လာတဲ့ နေရာက အနောက်ဘက်နယ်မြေမှာ ရှိနေလို့လား" ရန်ကိုင်က ထပ်မေးလိုက်သည်။ ရှောင်ယုယန် ထိုကဲ့သို့ ခန့်မှန်းသည်မှာလည်း အထူးအဆန်းတော့ မဟုတ်ပေ။ မဟာဧကရာဇ်တစ်ပါး၏ သမီးကို ပြန်ပေးဆွဲရလေအောင် တစ်ဖက်လူသည်လည်း မဟာဧကရာဇ် ဖြစ်နေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထိုအပြင် လမင်းမဟာဧကရာဇ် ပြန်ပို့လာသော နေရာမှာ အနောက်ဘက်နယ်မြေထဲရှိ နေရာ တစ်နေရာ ဖြစ်နေသည့်အလျောက် ရှောင်ယုယန်နှင့် အခြားသူများမှာ ထိုကဲ့သို့သာ ကောက်ချက်ချလိုက်၏။
ရှောင်ယုယန်က ထိုစကားကို ကြားသော် ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "အဲဒါ အကြောင်းအရင်းတစ်ခုပဲ ရှိသေးတယ်၊ အခြား အကြောင်းအရင်းတွေလည်း ထပ်ရှိသေးတယ်"
"အိုး၊ ဘယ်လို အကြောင်းအရင်းတွေမလို့လဲ"
ရှောင်ယုယန်က ရှင်းပြလိုက်သည်။ "အနောက်ဘက်နယ်မြေရဲ့ မဟာဧကရာဇ်နဲ့ ငါတို့ဆရာက သိပ်ပြီးတော့ တည့်ကြတာ မဟုတ်ဘူးကွ"
ရန်ကိုင်က အံ့အားသင့်တကြီးဖြင့်... "ဘာဖြစ်လို့လဲ"
"အဓိကကတော့ သူတို့ရဲ့ တာအိုတွေက ဆန့်ကျင်နေလို့ပေါ့ကွာ" ရှောင်ယုယန်က ရှင်းပြလိုက်လေသည်။ "မဟာဧကရာဇ်နှစ်ပါးရဲ့ နာမည်ကိုပဲ စဉ်းစားကြည့်ကွာ"
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ "လမင်းနဲ့ ညအရိပ်" ထို့နောက် သဘောပေါက်သွားဟန်ဖြင့် ရန်ကိုင် ကြောင်သွားလေ၏။
"လသာ သာနေမယ်ဆိုရင် အကုန်လုံးကို မြင်နေရတယ်၊ ဘာမှ မပုန်းအောင်းနိုင်ဘူး၊ ညအရိပ်ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး၊ ဒီတော့ အဲဒီမဟာဧကရာဇ်နှစ်ပါးက အစကတည်းက မတည့်ကြတော့ဘူး၊ တစ်ယောက်က အလင်းကို ကိုယ်စားပြုပြီးတော့ တစ်ယောက်က အမှောင်ထုကို ကိုယ်စားပြုတယ်"
ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ "အလင်းမရှိဘဲနဲ့ အမှောင်ထုဆိုတာ ဘယ်လိုလုပ်ပြီး ရှိမှာလဲ"
ထိုစကားကို ကြားပြီးသည့်နောက် ရှောင်ယုယန် ကြောင်သွားခဲ့ပြီး ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ ထရယ်မောရင်းမှ...." ဒီစကားကိုတော့ အဲဒီဆရာ နှစ်ယောက်နဲ့ တွေ့တော့မှပဲ မင်းကိုယ်တိုင် ပြောလိုက်ပေါ့ကွာ"
ရန်ကိုင် မျက်နှာမဲ့သွားခဲ့ပြီးသည့်နောက် သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။ "ဒီအတိုင်း တွေးမိလို့ ပြောလိုက်ရုံပါပဲ၊ ဒါပေမဲ့ အရိပ်သတ်ဖြတ်သူနန်းတော်က တရားခံဆိုရင် အကြီးအကဲရှောင် ဘာဖြစ်လို့ ကိုယ်စားလှယ် မစေလွှတ်လိုက်တာလဲ၊ ကိုယ်စားလှယ် စေလွှတ်ပြီးတော့ ညအရိပ်နန်းတော်နဲ့ သွားဆွေးနွေးခိုင်းကြည့်လေ"
ရှောင်ယုယန်က သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။ "မဟာဧကရာဇ်အချို့လောက်ပဲ အရိပ်သတ်ဖြတ်သူနန်းတော် ဘယ်မှာ ရှိလဲဆိုတာကို သိကြတာ၊ ပြီးတော့ အရိပ်သတ်ဖြတ်သူနန်းတော်သာ နောက်ကွယ်က တရားခံဆိုရင် အခုလို လုပ်ကတည်းက ငါတို့ ကြယ်ဝိညာဉ်နန်းတော်နဲ့ စစ်ပွဲ ဆင်နွှဲဖို့ကို ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်နေမှာ၊ အဲဒါတင် မဟုတ်သေးဘူး၊ သူတို့သာ တရားခံဆိုရင် ဘာဖြစ်လို့ အချိန်ကုန်ခံပြီး ရှင်းပြနေဦးမှာလဲ၊ ငါ့ခန့်မှန်းချက်က မဟာဧကရာဇ်နှစ်ပါး သိပ်မတည့်တာကို ထောက်ပြီးတော့ အခုလိုမျိုး ကောက်ချက်ချလိုက်တာဆိုပေမဲ့ အခုအခြေအနေကို ကြည့်ရသလောက်တော့ တစ်ယောက်ယောက်က အရိပ်သတ်ဖြတ်သူနန်းတော်ကို တရားခံဖြစ်အောင် လုပ်နေတဲ့ ပုံစံပဲ"
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ လင်းယွင်အာ တစ်ဦးတည်းသာ ပျောက်နေမည်ဆိုလျှင် ထိုကဲ့သို့ ကောက်ချက်ချသည်မှာ မလွန်ပေ။ သို့ပါသော်ငြား မဟာဧကရာဇ်ပေါင်းများစွာ၏ မျိုးဆက်များနှင့် တပည့်များ ပျောက်နေပြီ ဖြစ်လေရာ ညအရိပ်မဟာဧကရာဇ်အနေဖြင့် လမင်းမဟာဧကရာဇ်ကို မကျေနပ်လျှင်ပင် လမင်းမဟာဧကရာဇ်၏ သမီးကိုသာ ပြန်ပေးဆွဲလိမ့်မည် ဖြစ်ပြီး အခြားသော မဟာဧကရာဇ်များ၏ မျိုးဆက်များနှင့် တပည့်များကိုမူ သွားရောက် ပြန်ပေးဆွဲလိမ့်မည် မဟုတ်ပေ။
"ပြောတော့သာ ပြောရပေမဲ့ လုံးဝ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရသေးဘူး၊ ဘာပဲဖြစ်ဖြစ် မင်းသမီးနဲ့ အခြားသူတွေကို တွေ့ရင် အကြောင်းစုံ သိရမှာပဲ"
ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်လေ၏။ ထို့နောက် အတွေးနက်သွားတော့သည်။
ရှောင်ယုယန်မှာ လန်ရွှယ့်၏ လုံခြုံရေးနှင့် ဘယ်ဆီရောက်လို့ ရောက်မှန်းမသိ ဖြစ်နေသော လမင်းမဟာဧကရာဇ်တို့ကို တွေးပူနေချိန် ရန်ကိုင်မှာတော့ လင်းယွင်အာအား စိတ်ပူနေရသည်။ အနောက်ဘက်နယ်မြေသို့ ရောက်ပြီးသည့်နောက် လင်းယွင်အာအား တွေ့နိုင်မလား မတွေ့နိုင်မလားဆိုသည်ကို ရန်ကိုင် မသိပေ။ လင်းယွင်အာကို အခြားသူများနှင့်အတူ ကယ်နိုင်လျှင်တော့ အကောင်းဆုံးပင်။ မကယ်နိုင်ပါက သူ့အနေဖြင့် လင်းယွင်အာအား မည်သည့်နေရာတွင်များ သွားရှာရပါမည်နည်း။
[သံမဏိသွေးမဟာဧကရာဇ်လည်း ဒီကိစ္စကို သိလောက်တယ်၊ ယန်ယန်လည်း သိနေလောက်ပြီ]
ပျံသန်းရေးမှော်ရတနာမှာ အတော်လေးကိုမှ မြန်ဆန်လှသည်။ ရှောင်ယုယန်မှာ အနည်းငယ်မျှပင် သူ့ခွန်အားကို ထိမ်ချန်ထားခဲ့ခြင်း မရှိဘဲ ပျံသန်းရေးမှော်ရတနာအား မြန်နိုင်သမျှ မြန်အောင် မောင်းနှင်နေသည့်အတွက်ကြောင့် ရန်ကိုင်တို့ သွားနေသည့် နှုန်းမှာလည်း အတော်လေးကိုမှ မြန်ဆန်နေလေသည်။
သို့ပါသော်ငြား ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်တိုင် ရှောင်ယုယန်မှာ ပျံသန်းရေးမှော်ရတနာကို ထိုနှုန်းအတိုင်း အချိန်အကြာကြီး မမောင်းနိုင်ခဲ့ပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်နှင့် ရှောင်ယုယန်တို့မှာ ပျံသန်းရေးမှော်ရတနာအား တစ်ယောက်တစ်လှည့်စီ အလှည့်ကျ မောင်းနှင်နေရလေ၏။
နှစ်လ ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့ နှစ်ဦးမှာ အနောက်ဘက်နယ်မြေဆီသို့ ရောက်လာကြသည်။ ဤနေရာသို့ ရောက်လာပြီးသည့်နောက် ပျံသန်းရေးမှော်ရတနာကို ပွင့်ပွင့်လင်းလင်း ထုတ်သုံးဖို့ရာ အဆင်မပြေတော့ပေ။ ရှောင်ယုယန်၏ ပြောပုံအရ လမင်းမဟာဧကရာဇ်နှင့် ညအရိပ်မဟာဧကရာဇ်တို့ အကြားရှိ ဆက်ဆံရေးမှာ ကောင်းမွန်ခြင်း မရှိသည့်အလျောက် ကြယ်ဝိညာဉ်နန်းတော်နှင့် အရိပ်သတ်ဖြတ်သူနန်းတော်တို့မှာ ရေနှင့် မီးပမာ ဖြစ်နေကြသည်။ ထိုအကြောင်းကြောင့် နှစ်ဖက်ဂိုဏ်းအသီးသီးမှ အဖွဲ့သားများသည်လည်း သက်ဆိုင်ရာနယ်မြေများကို ဝင်ရောက်ပြီးသည့်နောက် လျှို့လျှို့ဝှက်ဝှက်သာ လှုပ်ရှားကြရလေသည်။
ထိုအကြောင်းကြောင့် ရှောင်ယုယန်နှင့် ရန်ကိုင်တို့မှာ ကြယ်သင်္ဘောပေါ်မှ ဆင်းပြီးသည့်နောက် ရုပ်ဖျက်ကာ ကိုယ့်ဘာသာကိုယ် ပျံသန်းကြရတော့လေ၏။
ယခုတစ်ကြိမ်တွင်တော့ နှစ်ဦးစလုံးမှာ လုံးဝကို တိတ်ဆိတ်နေကြသည်။ ပျံသန်းလိုက် အနားယူလိုက် လုပ်ရင်းဖြင့်သာ အဆက်မပြတ် ခရီးဆက်နေကြလေ၏။
ငါးလခန့် ကြာပြီးသည့်နောက်တွင် ရှောင်ယုယန်သည် သူ့အရှေ့တွင် ရှိနေသော ကျယ်ပြောလှသည့် သဲကန္တာရကို ညွှန်ပြရင်းမှ ပြောလိုက်သည်။ "မဟာဧကရာဇ် ညွှန်ပြတဲ့နေရာက အဲဒီသဲကန္တာရထဲမှာပဲ"
ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်မှာ လွန်ခဲ့သည့် ငါးလလုံးလုံး တောက်လျှောက်ကို ပျံသန်းလာနေခဲ့ရခြင်း ဖြစ်လေရာ စိတ်ရောလူပါ ပင်ပန်းနေခဲ့ပြီ။ ထိုသို့လာနေရင်းမှ သူ ခင်းကျင်းထားခဲ့သော ဟင်းလင်းပြင်အစီအရင်ကိုသာ အသုံးပြုလိုက်လျှင် မည်မျှပင် လွယ်ကူလိမ့်မလဲဆိုသည့်အပေါ် ညည်းတွားမိလေသည်။ အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် ရန်ကိုင်မှာ စိုးလည်း စိုးရိမ်နေသလို အတော်လေးလည်း စိတ်ညစ်နေမိသည်။ ထိုအကြောင်းကြောင့် ယခု ပစ်မှတ်နေရာဆီသို့ ရောက်လာသည့်အခါတွင် စိတ်အား ပြန်လည်တက်ကြွလာခဲ့သည်မှာ အဆန်းတော့ မဟုတ်ပေ။
ထိုနှစ်ဦးမှာ သဲကန္တာရထဲသို့ တဟုန်ထိုး ပြေးဝင်သွားကြလေသည်။
ကြယ်တာရာအစုအဝေး၏ အခြားသော နေရာများနှင့် ယှဉ်လိုက်သော် အနောက်ဘက်နယ်မြေမှာ အတော်လေးကိုမှ ခေါင်လှပေသည်။ သဲကန္တာရများ၊ ကျောက်တောင်များ၊ ကျောက်လွင်ပြင်များကို နေရာအနှံ့တွင် မြင်တွေ့ရပြီး သာယာစိမ်းစို လှပသည့် တောင်တန်းများ မြစ်ချောင်းများမှာ အလွန်ကိုမှ ရှားပါးလှပေသည်။ သို့ပါသော်ငြား ဤကဲ့သို့သော ကြမ်းတမ်းလှသည့် ပတ်ဝန်းကျင်သည် အနောက်ဘက်နယ်မြေမှ ကျင့်ကြံသူများအား အခြားသော နယ်မြေမှ ကျင့်ကြံသူများထက် တမူကို ပိုမိုထူးခြားနေစေခဲ့သည်။
ရှောင်ယုယန် ခေါ်ဆောင်ရာအတိုင်း သဲကန္တာရထဲသို့ ဝင်လာပြီးသည့်နောက်တွင် သဘာဝတရားကြီး၏ ရက်စက်ကြမ်းကြုတ်မှုကို သဘောပေါက်သွားခဲ့သည်။ လေများမှာ အပြင်းအထန် တိုက်ခတ်နေသလို ထိုလေများထဲ သဲမှုန်သဲစများပါ ရောနှောပါဝင်နေလေရာ ဧကရာဇ်ချီအကာအကွယ်ကို အသုံးပြုထားသည့်တိုင် တဝီဝီတဆူဆူ အသံများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပါသော်ငြား သက်ရှိ များများစားစားကို မတွေ့ရဘဲ ခက်ခဲလှသော ပတ်ဝန်းကျင်ထဲဝယ် အသက်ရှင်ဖို့ရာ ရုန်းကန်နေသော မွန်းစတားသားရဲ အချို့ကိုသာ တွေ့ရှိခဲ့ရသည်။
နှစ်ရက် ကြာပြီးသည့်နောက် သဲကန္တာရထဲ ဖြတ်သွားစဉ် အိုအေစစ်တစ်ခုနှင့် သွားတွေ့လေရာ ရန်ကိုင်မှာ ရှောင်ယုယန်အား အောက်သို့ ဆင်းရန် ပြောလိုက်လေသည်။
ဖုန်အလိမ်းလိမ်း ဖြစ်နေသော ရှောင်ယုယန်က ပြန်၍ မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ"
ရန်ကိုင်သည် ရှောင်ယုယန်ကို ကြည့်ရင်းမှ ပြောလိုက်သည်။ "အကြီးအကဲရှောင်၊ ခင်ဗျား နည်းနည်းလောက် နားလိုက်ဦး၊ တစ်လမ်းလုံး ခင်ဗျား သိပ်ပြီးတော့ နားတာလည်း မဟုတ်ဘူး"
ရှောင်ယုယန်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ "ငါတို့ ရောက်တော့မယ်၊ ထပ်ပြီး နားနေမယ်ဆိုရင် ရောက်တဲ့ အချိန်ကျ နောက်ကျသွားလိမ့်မယ်"
ရန်ကိုင်ကမူ ခေါင်းခါလျက်... "နားသာနား၊ ကျုပ် ဒီနေရာမှာ ဟင်းလင်းပြင်အစီအရင် တစ်ခုလောက် ခင်းလိုက်ဦးမယ်၊ မဟုတ်လို့ ဒီအတိုင်းကြီးပဲ ပြန်ရရင် မတတ်သာဘူး"
ထိုစကားကို ကြားသော် ရှောင်ယုယန်က ခေါင်းညိတ်၍... "ကောင်းပြီလေ၊ အဲဒါဆိုလည်း နားကြတာပေါ့"
ထို့နောက်တွင် ရန်ကိုင်မှာ အိုအေစစ်အား စတင်၍ လှည့်ပတ်စစ်ဆေးတော့သည်။
ဤနေရာသည် အိုအေစစ်ဟု ပြောနေပါသော်ငြား တကယ့် အိုအေစစ် ဖြစ်သည်ဟုတော့ ပြော၍ မရပေ။ ဤနေရာတွင် မည်သည့် ရေအရင်းအမြစ်မျှ မရှိနေတော့။ သစ်ပင်များမှာလည်း ခြောက်သွေ့ညှိုးရော်ကာ အရိုးပြိုင်းပြိုင်း ဖြစ်နေခဲ့ပြီ။ သို့ပါသော်ငြား သဲမှုန်တိုင်းများနှင့် ပြည့်နေသော သဲကန္တာရကြီးနှင့် ယှဉ်လိုက်သော် ဤနေရာသည် ရန်ကိုင်အဖို့ ဟင်းလင်းပြင်အစီအရင် ခင်းကျင်းလို့ ကောင်းမည့် နေရာတစ်ခု ဖြစ်ပေသည်။
တကယ်တော့ သဲကန္တာရအလယ်တွင် ဟင်းလင်းပြင်အစီအရင်အား သွားခင်းကျင်း၍မှ မရလေဘဲ။ ထိုသို့သာ ခင်းကျင်းလိုက်မည်ဆိုလျှင် တစ်ခဏလေးအတွင်း ဟင်းလင်းပြင်အစီအရင်အား သဲများစွာ ဖုံးလွှမ်းသွားပေလိမ့်မည်။
ဤနေရာရှိ ရေများမှာ ခန်းခြောက်သွားခဲ့ပြီ ဖြစ်ပါသော်ငြား အိုအေစစ်မှာ ဆက်ရှိနေသေးသည့်အတွက်ကြောင့် တစ်ခဏလေးအတွင်းတော့ ပျောက်ကွယ်သွားလိမ့်ဦးမည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ဟင်းလင်းပြင်အစီအရင်အား ဒီနေရာတွင် ခင်းကျင်းခြင်းမှာ အကောင်းဆုံး ဖြစ်ပေသည်။
ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်မှာ ဟင်းလင်းပြင်အစီအရင်အား ဖုံးကွယ်ထားရန် မကြိုးစားတော့ပေ။ ဤဟင်းလင်းပြင်အစီအရင်အား သူကိုယ်တိုင် ဖန်တီးထားသော ဖြတ်သန်းရေးတံဆိပ်ပြား ရှိမှသာလျှင် အသုံးပြုနိုင်မည် ဖြစ်သည့်အတွက်ကြောင့် အခြားသူများ ရှာတွေ့သွားလည်း ကိစ္စမရှိ။ ရန်ကိုင် စိတ်ပူသည်မှာတော့ ဟင်းလင်းပြင်အစီအရင်အား အခြားသူတစ်ဦးမှ လာရောက် ဖျက်ဆီးမည့် အချက်ပင်။
နေရာတစ်နေရာ ရှာပြီးသည့်နောက် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်ကို စတင်၍ ခင်းကျင်းတော့သည်။
နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင် အသစ်တစ်ခု ရန်ကိုင် အရှေ့၌ ပေါ်လာခဲ့သည်။ ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းသွားပြီးသည့်နောက်တွင် အလုပ်ဖြစ်မဖြစ် စစ်ဆေးကြည့်လေ၏။ အကုန်လုံးအား သေချာ စစ်ဆေး အတည်ပြုပြီးသည့်နောက် ရန်ကိုင် အနောက်သို့ ပြန်ဆုတ်လာခဲ့လိုက်သည်။ ရန်ကိုင် ပြီးသွားပြီမှန်း သတိပြုမိလိုက်သော် ရှောင်ယုယန်သည် မျက်လုံးဖွင့်လာလျက် မေးလိုက်လေ၏။ "ပြီးသွားပြီလား"
"အင်း၊ ပြီးသွားပြီ" ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ယုယန်သည် ဟင်းလင်းပြင်အစီအရင်အား သွားစစ်ဆေးကြည့်ပြီးသည့်နောက် အံ့ဩတကြီးဖြင့် ချီးကျူးလိုက်လေသည်။ "ကိုယ်တိုင်သာ မကြုံရရင် ဒီလိုဟင်းလင်းပြင်အစီအရင်မျိုးကို နေ့ဝက်အတွင်း မင်း ခင်းကျင်းနိုင်တယ်ဆိုတာကို ငါတကယ် ယုံမိမှာ မဟုတ်ဘူး"
"ထပ်တလဲလဲ လုပ်နေရတာကိုး၊ အဲဒါကြောင့် မြန်သွားတာ" ရန်ကိုင်သည် ယဲ့ယဲ့လေး ပြုံးပြီးသည့်နောက် ရှောင်ယုယန်ဆီသို့ ဖြတ်သန်းရေးတံဆိပ်ပြား တစ်ခုကို ပစ်ပေးလိုက်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၇၀)
ဘာသာပြန်သူ_တိမ်တိုက်
"ဒါက" ရှောင်ယုယန်သည် သူ့လက်ထဲရှိ ဖြတ်သန်းရေးတံဆိပ်ပြားကို ကြည့်ရင်းမှ ရန်ကိုင်ကို ပြန်ကြည့်၍ မေးလိုက်သည်။
ရန်ကိုင်မှ တံဆိပ်ပြား၏ အသုံးဝင်ပုံကို ရှင်းပြလိုက်သော် ရှောင်ယုယန်မှာ တံဆိပ်ပြားအား အဖိုးတန်ရတနာ တစ်ခုပမာ ချက်ချင်း သိမ်းလိုက်လေသည်။ ထိုတံဆိပ်ပြားနှင့်သာဆိုပါက သူ့အနေဖြင့် နောက်နောင် ရန်ကိုင် ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်များမှ တစ်ဆင့် တစ်နေရာမှ တစ်နေရာသို့ သွားလာဖို့ရာ ပိုမို အဆင်ပြေသွားလေပြီ။
"မင်းနောက်ပိုင်း အားရင် ကြယ်ဝိညာဉ်နန်းတော်ဆီ လာပြီး ဟင်းလင်းပြင်အစီအရင် တစ်ခုလောက် ခင်းကျင်းပေးဦးကွာ" ရှောင်ယုယန်သည် ရန်ကိုင်အား ပြုံးကာ ကြည့်ရင်းမှ ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်၍ သဘောတူလိုက်၏။ "ကိစ္စမရှိဘူး"
ရန်ကိုင် ကိုယ်တိုင်ကလည်း ကြယ်တာရာအစုအဝေး၌ ဟင်းလင်းပြင်အစီအရင်များကို လိုက်လံ ခင်းကျင်းထားရန် စီစဉ်ထားသည့်အလျောက် ကြယ်ဝိညာဉ်နန်းတော်ထဲ၌ ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းပေးဖို့ရာ ကိစ္စမရှိပေ။ ရန်ကိုင်၏ သဘောတူချက် ရပြီးသည့်နောက် ရန်ကိုင်နှင့် ရှောင်ယုယန်တို့မှာ နောက်တစ်ကြိမ် ခရီးဆက်လေသည်။
သုံးရက် ကြာပြီးသည့်နောက်တွင် သွားလိုသည့် နေရာဆီသို့ ရောက်လာခဲ့လေ၏။
ရှောင်ယုယန်မှာ သဲကန္တာရပေါ် ဆင်းနေစဉ် ရန်ကိုင်မှာတော့ အရှေ့တည့်တည့်အား အံ့အားသင့်တကြီးဖြင့် လှမ်း၍ ကြည့်နေခဲ့သည်။
ရန်ကိုင် အရှေ့ မီတာတစ်ထောင်ခန့် အကွာတွင် ဧရာမတွင်းပေါက်ကြီး တစ်ပေါက် ရှိနေခဲ့လေသည်။ ထိုတွင်းပေါက်ကြီးမှာ မီတာပေါင်းများစွာ ကျယ်ဝန်းပြီး အတော်လေးကိုမှလည်း နက်ရှိုင်းလှလေသည်။ ထိုအပြင် ဝဲကတော့ကြီး တစ်ခုပမာ အဆက်မပြတ်ကို လည်ပတ်နေပြီး သဲကန္တာရထဲရှိ သဲများမှာ တွင်းပေါက်ကြီးထဲသို့ ကျွံဝင်ပြိုဆင်းနေခဲ့သည်။
ကိုယ်တိုင်သာ မမြင်လိုက်ရလျှင် သဲကန္တာရထဲ ဤကဲ့သို့သော နေရာကြီးတစ်ခု ရှိနေလိမ့်မည်ဟူသော အချက်ကို ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။
ဤတွင်းပေါက်ကြီး ဖြစ်ပေါ်လာသည်မှာ မည်မျှ ကြာနေပြီသလဲဆိုသည်ကို မသိရပါသော်ငြား တွင်းပေါက်အောက် အနက်ပိုင်းဆီမှ လေဟာနယ်နိယာမတို့ ဖြာထွက်နေသည်ကိုတော့ ရန်ကိုင် ခံစားမိနေခဲ့သည်။ ထိုအကြောင်းကြောင့် ထိုတွင်းပေါက်ကြီး၏ အောက်အနက်တွင် ရှိနေသည့် နေရာသည် အခြားသော နေရာတစ်ခုနှင့် ဆက်သွယ်နေရပေလိမ့်မည်။
[ဒီတော့ ဒါက ရှောင်ယုယန် ပြောနေတဲ့ သီးခြားကမ္ဘာကို ဦးတည်နေတဲ့ ဝင်ပေါက်ပေါ့]
ထိုနေရာကြီးကို သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရှောင်ယုယန် ပြောသည့်အတိုင်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုတွင်းပေါက်ကြီး၏ အောက်ခြေတွင် ဟင်းလင်းပြင် လိုဏ်ခေါင်းတစ်ခု ရှိနေလောက်ပေသည်။ သို့ပါသော်ငြား ထိုဟင်းလင်းပြင်လိုဏ်ခေါင်း မည်သည့်နေရာသို့ ဦးတည်နေသလဲဆိုသည်ကိုတော့ မည်သူမျှ မသိကြပေ။ လက်ရှိ အခိုက်အတန့်တွင် ဟင်းလင်းပြင်လိုဏ်ခေါင်းမှာ ချိတ်ပိတ်ထားခြင်း ခံရလေသည်။ ထိုအပြင် သဲလွန်စများကို ကြည့်ကြည့်ရသလောက် ထိုဟင်းလင်းပြင်လိုဏ်ခေါင်း ချိတ်ပိတ်ထားခံရခြင်းမှာ သဘာဝအတိုင်း ဖြစ်နေခြင်း မဟုတ်ဘဲ လူတစ်ဦးမှ လုပ်ထားခြင်းသာ ဖြစ်ပေသည်။ မှန်ကန်သည့် နည်းလမ်းကိုသာ သိမထားပါက ထိုဟင်းလင်းပြင်လိုဏ်ခေါင်းကို ဖွင့်ဖို့ရာ မဖြစ်နိုင်ပေ။
အကြမ်းနည်း သုံးလိုက်မည်ဆိုလျှင် ဟင်းလင်းပြင်လိုဏ်ခေါင်းအား ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မည် ဖြစ်ကာ ထိုဟင်းလင်းပြင်လိုဏ်ခေါင်းနှင့် ဆက်သွယ်နေသော နေရာဆီသို့ သွားဖို့ရာလည်း ပိုခက်သွားပေလိမ့်မည်။
[ဒါကြောင့် ရှောင်ယုယန် ငါ့ဆီကနေ လာအကူအညီတောင်းတာကိုး၊ ဒီလိုနေရာမျိုးမှာ ငါ့လို လူတွေကပဲ အဆင်ပြေတော့မှာ]
ရန်ကိုင်နှင့် ရှောင်ယုယန်တို့ ရောက်လာသည်ကို သတိပြုမိလိုက်သည့်အလား အနီးအနား တစ်နေရာဆီမှ လူပေါင်းများစွာ ပေါ်လာကြလေသည်။ ရန်ကိုင်လည်း ထိုလူများကို ကြည့်လိုက်သည့်အခိုက် အကုန်လုံးမှာ ရင်းနှီးနေသည့် လူများ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။
ရွှယ်ကျွင်းမောင်နှင့် လဲ့ဟုန်တို့ နှစ်ဦးစလုံးကို ထိုလူများထဲ တွေ့လိုက်ရသည်။ ရှောင်ယုယန်ကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ကြယ်ဝိညာဉ်နန်းတော်၏ ဧကရာဇ်တတိယအဆင့် ပညာရှင်သုံးဦး ဤနေရာတွင် ရှိနေပြီဟု ပြော၍ ရသည်။ ထိုလူများအပြင် အခြားသော ဧကရာဇ်အဆင့် ပညာရှင်ပေါင်း များစွာလည်း ရှိနေပေသည်။ ကြည့်ရသလောက် ကြယ်ဝိညာဉ်နန်းတော်မှ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ဤနေရာသို့ ရောက်လာကြသည့်ပုံပင်။
ရှောင်ယုယန်သည် အခြားသူများအား သွားရောက် နှုတ်ဆက်လိုက်ပြီးသည့်နောက် အခြေအနေကို တစ်ချက် မေးမြန်းကြည့်လိုက်သည်။ သူ မရှိစဉ် အတောအတွင်း မည်သည့်ကိစ္စမျှ ဖြစ်မသွားကြောင်း သိလိုက်ရပြီးသည့်နောက် စိတ်သက်သာရာ ရသွားလေ၏။ ရန်ကိုင်သည်လည်း ထိုလူများကို သွားရောက် နှုတ်ဆက်လေသည်။
ရွှယ်ကျွင်းမောင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ "ရန်ကိုင်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကိုပဲ ငါတို့ အားကိုးရတော့မယ်၊ အတိအကျကြီး မဟုတ်ပေမဲ့ မဟာဧကရာဇ် ပြောတဲ့အတိုင်းဆိုရင်တော့ ဒီနေရာပဲ၊ မင်းသမီးလန်ရွှင်း ဒီအထဲမှာ ရှိနေမယ်လို့ ငါတို့ ထင်တယ်၊ ဒီတော့ ကျေးဇူးပြုပြီး တတ်နိုင်သလောက် ကူညီပေးစမ်းပါဦးကွာ"
ရန်ကိုင်ကလည်း ပြန်၍ ပြောလိုက်သည်။ "အကြီးအကဲရွှယ် စိတ်ပူမနေနဲ့၊ ကျုပ်ကလည်း တောင်ဘက်နယ်မြေသား တစ်ယောက်ပဲ၊ ပြီးတော့ မင်းသမီးလန်ရွှင်းနဲ့ ကျုပ်က မိတ်ဆွေတွေ၊ ဒီတော့ သူ ဒုက္ခရောက်နေတာကို ကျုပ်က ဘယ်လိုလုပ်ပြီး ဒီအတိုင်း ရပ်ကြည့်နေလို့ ဖြစ်ပါ့မလဲ"
ထိုစကားကို ကြားသည့်အခါ ရွှယ်ကျွင်းမောင် ကျေနပ်သွားခဲ့ပြီး ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ကောင်းတယ် ကောင်းတယ်၊ မင်းသာ မင်းသမီးကို တကယ်ကြီး ကယ်နိုင်မယ်ဆိုရင် ငါတို့ အားလုံး မင်းအပေါ် အကြွေးတင်သွားပြီလို့ ပြောလို့ရတယ်၊ နောက်ပိုင်း မင်း အကူအညီတစ်ခုခု လိုတယ်ဆိုရင် ငါတို့ ကြယ်ဝိညာဉ်နန်းတော်က အတတ်နိုင်ဆုံး မင်းကို ပြန်ကူညီပေးမယ်"
"စိတ်မပူနဲ့ အကြီးအကဲရွှယ်၊ ကဲ ကျုပ် ဒီကအခြေအနေကို တစ်ချက် အရင် စစ်ဆေးကြည့်လိုက်ဦးမယ်" ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် တွင်းနက်ကြီး အောက်ခြေဆီသို့ ပျံဆင်းသွားလေသည်။
အနားတွင် ရှိနေသော လဲ့ဟုန်က လှမ်း၍ သတိပေးလိုက်သည်။ "သတိထားဦးနော်၊ အောက်ဘက်က ဟင်းလင်းပြင်က သိပ်ပြီးတော့ မတည်ငြိမ်ဘူး"
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီးသည့်နောက် အောက်သို့ ဆက်၍ ဆင်းသွားခဲ့သည်။ အောက်ဘက်သို့ ရောက်လာပြီးသည့်နောက်တွင် အောက်ဘက်ရှိ အခြေအနေမှာ သူထင်ထားသည်ထက် ပို၍ ထိတ်လန့်ဖွယ်ကောင်းနေကြောင်း တွေ့ရှိလိုက်ရသည်။ သဲများမှာ အဆက်မပြတ် စီးဝင်နေသလို တွင်းပေါက်ကြီးမှာလည်း အဆက်မပြတ်ကို လည်ပတ်နေလေရာ လောကကြီးတစ်ခုလုံးမှာ အဆက်မပြတ်ကို ဝါးမျိုခံနေရသည်ဟု ရန်ကိုင် စိတ်ထဲ ခံစားလိုက်ရလေသည်။
ကောင်းကင်စိတ်အာရုံကို သေသေချာချာ ဖြန့်ကျက်လိုက်ပြီးသည့်နောက်တွင် ပတ်ဝန်းကျင် အနီးတစ်ဝိုက်ကို လေဟာနယ်နိယာမများ သုံးကာ မသိမသာလေး စစ်ဆေးကြည့်လိုက်လေသည်။ စစ်ဆေးကြည့်ပြီးသည့်နောက် တစ်ခဏမျှ စဉ်းစားနေပြီးသည့်အခါ အပေါ်သို့ ပြန်၍ တက်လာခဲ့သည်။
"အခြေအနေ ဘယ်လိုရှိလဲ" ရွှယ်ကျွင်းမောင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ရန်ကိုင်က မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်၏။ "ဝင်ပေါက်ကို တစ်ယောက်ယောက်က ချိတ်ပိတ်ထားတာ၊ ခင်ဗျားတို့ အားလုံး ဒီမှာ စောင့်နေတာ ဘယ်လောက်ကြာနေပြီလဲ၊ အခြားလူတွေကိုရော တွေ့မိလား"
ရွှယ်ကျွင်းမောင်က ခေါင်းခါပြလိုက်သည်။ "ဘယ်သူ့ကိုမှ မတွေ့ဘူး၊ ငါတို့ သိသလောက်ဆိုရင်တော့ ဒီနားကနေ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်အတွင်း ဘယ်သူမှ ဖြတ်မသွားဘူး"
ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "ကျုပ်စစ်ဆေးကြည့်ရသလောက်တော့ ဝင်ပေါက်ကို တစ်ယောက်ယောက်က ချိတ်ပိတ်ထားတာ၊ ဒီတော့ ဒီဟာက အခြားတစ်ယောက်ယောက်ရဲ့ အစီအစဉ်လည်း ဖြစ်နိုင်တယ်၊ အဲဒါကြောင့်မလို့ ကျုပ်သာ အဲဒီဝင်ပေါက်ကို ဖွင့်လိုက်မယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး"
"မင်း ဘာပြောချင်တာလဲ" ရွှယ်ကျွင်းမောင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။
ရန်ကိုင်က ပခုံးတွန့်၍... "ကျုပ် ပြောချင်တာကတော့ ဘာဖြစ်မလဲဆိုတာကို ကျုပ် မပြောနိုင်ဘူးဆိုတာပဲ၊ ဒီဝင်ပေါက်ကို ဖွင့်လိုက်မယ်ဆိုရင် တစ်ယောက်ယောက်ကို သတိပေးလိုက်သလို ဖြစ်သွားနိုင်တယ်၊ အဲဒီလိုမျိုးဆို အဖမ်းခံထားရတဲ့ မင်းသမီးတို့အတွက်ကလည်း ပိုပြီးတော့ ပြဿနာများသွားနိုင်တယ်၊ အဲဒါကြောင့် ကျုပ်မေးချင်တာက ခင်ဗျားတို့ ဒီဝင်ပေါက်ကို ဆက်ပြီးတော့ ဖွင့်ချင်သေးလား"
ထိုစကားကို ကြားပြီးသည့်နောက် အကုန်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အတန်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရွှယ်ကျွင်းမောင်က ပြန်၍ ပြောလိုက်၏။ "ငါတို့ မဟာဧကရာဇ်ဆီကနေ သတင်းမရတာ တော်တော်ကြာနေပြီ၊ ပြီးတော့ မင်းသမီး သေလား ရှင်လားဆိုတာလည်း မသိရသေးဘူး၊ အခု ငါတို့ကို အဖြေပေးနိုင်မဲ့ နေရာက ဒီနေရာပဲ ရှိတာ၊ သဲလွန်စဆိုလို့လည်း ဒီနေရာပဲ ရှိတယ်၊ ဒီတော့ ဒါကို ဖွင့်ကို ဖွင့်ရမှာပဲ၊ သူတို့ အသက်ရှင်နေသေးတယ်ဆိုရင်တော့ လူကို မြင်ရမယ်၊ သေနေပြီဆိုရင်လည်း အလောင်းကို မြင်ရမှ ဖြစ်လိမ့်မယ်"
အခြားသူများကလည်း ခေါင်းညိတ်ပြလိုက်ကြသည်။ ယခုတွင် သူတို့အတွက် သဲလွန်စဆို၍ ဤတစ်နေရာသာ ရှိတော့လေရာ မည်သူမျှ ဤအတိုင်း အေးအေးဆေးဆေး ထိုင်မစောင့်နေချင်ကြပေ။ ထိုအပြင် ရန်ကိုင် ပြောသွားသည်မှာလည်း အဆိုးဆုံး အခြေအနေကို ကြိုပြောလိုက်ခြင်းသာ ဖြစ်ပြီး ဝင်ပေါက်ကို ဖွင့်လိုက်သည့်နောက်တွင် ရန်ကိုင် ပြောသကဲ့သို့ အခြေအနေ မဆိုးသည်မှာလည်း ဖြစ်နိုင်ပေသေးသည်။
ကံကောင်းလျှင် ဝင်ပေါက်ကို ဖွင့်ပြီးပြီးချင်း မဟာဧကရာဇ်နှင့် လန်ရွှင်းတို့ကိုပင်လျှင် တွေ့ကောင်း တွေ့နိုင်လောက်ပေသည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ "အကုန်လုံးက ဆုံးဖြတ်ပြီးသွားပြီဆိုမှတော့ အဲဒီအတိုင်းပဲ လုပ်ကြတော့တာပေါ့၊ ဒါပေမဲ့ ဝင်ပေါက်က သိပ်ပြီးတော့ တည်ငြိမ်တာ မဟုတ်ဘူး၊ ဒီတော့ အကုန်လုံး ဝင်ချင်တယ်ဆိုရင် သေသေချာချာ အသေးစိတ်လိုက်ပြီးတော့ ဂရုစိုက်မှရမှာ၊ ပြီးတော့ ဝင်မယ်ဆိုရင်လည်း သတိထားဦးနော်၊ မဟုတ်ရင် ဟိုဘက်က ဆင်ထားတဲ့ ထောင်ချောက်ထဲ ဝင်သွားနိုင်သေးတယ်"
ရွှယ်ကျွင်းမောင်က ယဲ့ယဲ့လေး ပြုံးလျက်... "ငါတို့ အသက်ရှင်လာတာ ကြာပြီဆိုပေမဲ့ ဘယ်သူမှ ဒီအတိုင်းတော့ မသေချင်ဘူး၊ဒီတော့ ငါတို့ သတိလက်လွတ် မနေရဲပါဘူး"
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ "အဲဒါဆိုရင် ကျုပ်နောက် လိုက်ခဲ့ပေတော့"
ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် တွင်းနက်ကြီးထဲ ပြန်၍ ဆင်းသွားခဲ့သည်။ အကုန်လုံးမှာ ရန်ကိုင် အနောက်မှ လိုက်လာကြပြီး ရန်ကိုင် အနီးတစ်ဝိုက်တွင် စုကာ ရန်ကိုင်မှ အောက်ဘက်ရှိ ဟင်းလင်းပြင်လိုဏ်ခေါင်းအား ဖွင့်နေသည်ကို စိုးရိမ်တကြီးဖြင့် ရပ်စောင့်နေကြလေ၏။
လေဟာနယ်နိယာမတို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်မှာ ဟင်းလင်းပြင်လိုဏ်ခေါင်းအား ချိတ်ပိတ်ထားသည့် ချိတ်စည်းကို သတိထားကာ စတင်၍ ဖျက်ဆီးတော့လေသည်။
တည်ငြိမ်နေသည့် ကန်ရေပြင်ထဲသို့ ကျောက်တုံးတစ်တုံး ကျသွားသည့်ပမာ ဟင်းလင်းပြင်အထက်ဝယ် လှိုင်းတွန့်များ စတင်၍ ထွက်ပေါ်လာခဲ့လေသည်။
မကြာမီ တွင်းနက်ကြီး၏ အောက်ခြေတွင် အနက်ရောင် လိုဏ်ခေါင်းတစ်ခု ပေါ်လာခဲ့လေ၏။
ထိုအရာမှာ ဟင်းလင်းပြင်လိုဏ်ခေါင်းသာ ဖြစ်လေသည်။
ထိုအချင်းအရာကို မြင်လိုက်သည့်အခိုက် အကုန်လုံး စိတ်အားတက်ကြွသွားကြလေသည်။ ရန်ကိုင်အား အချိန်ကုန်ခံ၍ သွားခေါ်သည်မှာလည်း တကယ်ကို မှန်သွားသည်ဟု တွေးနေကြလေသည်။ သူတို့ ကိုယ်တိုင်သည်လည်း ဟင်းလင်းပြင်လိုဏ်ခေါင်းကို ဖွင့်ရန် ကြိုးစားကြည့်ခဲ့ပါသော်ငြား မည်သည့်နေရာက စလို့စရမှန်း မသိကြပေ။ အကြမ်းနည်းသုံး၍ ဝင်ရန် ကြိုးစားမည်ဆိုပါက ဟင်းလင်းပြင်လိုဏ်ခေါင်း ပြိုကျပြီး ပျက်စီးသွားရနိုင်သည်။ ယခုမူ ရန်ကိုင်သည် သူတို့အတွက် ဖွင့်ရန် ခက်ခဲနေသော ဟင်းလင်းပြင်လိုဏ်ခေါင်းကို အလွယ်တကူ ဖွင့်ပြသွားခဲ့သည်။
အကုန်လုံးမှာ ရန်ကိုင်မှ အချက်ပြလာမည်ကို စောင့်ဆိုင်းနေသည့်အလား ရန်ကိုင်ကို ကြည့်လိုက် ဟင်းလင်းပြင်လိုဏ်ခေါင်းကို ကြည့်လိုက် လုပ်နေကြသည်။
ဟင်းလင်းပြင်လိုဏ်ခေါင်းမှာ ယခုမှ စတင် ဖြစ်ပေါ်ရုံလေးသာ ရှိသေးသည့်အတွက်ကြောင့် အလွန်ကို မတည်မငြိမ် ဖြစ်နေလေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ အခြားသူများ ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ ဝင်နိုင်စေရန်အတွက် လေဟာနယ်နိယာမများကို သုံး၍ ဟင်းလင်းပြင်လိုဏ်ခေါင်းကို တည်ငြိမ်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားနေလေ၏။
အမွှေးတိုင် တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် အဆက်မပြတ် တွန့်လိမ်နေသော ဟင်းလင်းပြင်လိုဏ်ခေါင်းမှာ တဖြည်းဖြည်းနှင့် တည်ငြိမ်သွားခဲ့လေသည်။
ထိုအခါ ရန်ကိုင်က အော်ပြောလိုက်၏။ "မြန်မြန် ဝင်ကြပေတော့၊ သတိလည်း ထားဦး"
ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေသော ရွှယ်ကျွင်းမောင်မှာ ချက်ချင်းပဲ ပြေးဝင်သွားလေသည်။ ရွှယ်ကျွင်းမောင် ဝင်သွားပြီးသည်နှင့် တစ်ပြိုင်နက် အခြားသူများသည်လည်း အလျင်စလို လိုက်ဝင်သွားကြသည်။
ရှောင်ယုယန် ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ ဝင်သွားပြီးသည့်နောက် ရန်ကိုင်သည်လည်း ပြေးဝင်သွားလေ၏။
သို့ပါသော်ငြား ထိုအထဲသို့ ဝင်လိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း အပေါ်သို့ မော့ကြည့်လိုက်သည်။
ထိုအခိုက်အတန့်ဝယ် ကောင်းကင်အထက်တွင် အလင်းတန်းတစ်ခု အောက်ဘက်သို့ တဟုန်ထိုး ပျံဆင်းလာခဲ့လေသည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းနှင့်ပင် ထိုအလင်းတန်းကို ဝိုးတိုးဝါးတားသာ မြင်လိုက်ရပြီး အလင်းတန်းထဲရှိ လူကို သေသေချာချာ မမြင်လိုက်ရပေ။
"ဘယ်သူလဲ" ရန်ကိုင်မှာ အလန့်တကြား အော်ဟစ်ရင်း ထိုအလင်းတန်းဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ကမန်းကတန်း ကောက်တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်ပါသော်ငြား ရန်ကိုင်မှာ သူတတ်မြောက်ထားသော နဂါးကလန်မှ ပညာရပ်တစ်ခုကို အလိုလို အသုံးပြုမိသွားခဲ့သည်။
ကျယ်လောင်သည့် နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ လက်ဝါးချက်မှာ ဧရာမ နဂါးလက်သည်းကြီးအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။
ရန်ကိုင်ဆီသို့ ထိုးဆင်းလာနေသည့် အလင်းတန်းမှာတော့ တစ်ချက်ပင် နောက်တွန့်သွားခဲ့ခြင်း မရှိခဲ့ပေ။
နားကျိန်းမတတ် ကျယ်လောင်သည့် အသံနှင့်အတူ ရန်ကိုင်မှာ အနောက်သို့ လွင့်စင်သွားခဲ့ပြီး တဝဲဝဲလည်နေသော သဲနွံထဲသို့ ကျသွားခဲ့သည်။
ရန်ကိုင် သဲနွံထဲမှ ပြန်ထွက်လာချိန် အစောပိုင်းက အလင်းတန်းအား မည်သည့် နေရာတွင်မျှ မတွေ့ရတော့ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့နောက် ဟင်းလင်းပြင်လိုဏ်ခေါင်းဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှာ ရင်ထိတ်သွားခဲ့လေ၏။ ရန်ကိုင်၏ ထိန်းချုပ်မှု မရှိတော့သည့်နောက်တွင် တည်ငြိမ်နေပြီ ဖြစ်သော ဟင်းလင်းပြင်လိုဏ်ခေါင်းမှာ စတင်၍ မတည်မငြိမ် ဖြစ်လာခဲ့လေသည်။
အစောပိုင်းက အလင်းတန်းနှင့် တိုက်ခိုက်မိလိုက်သည့် အခိုက်တွင် တစ်ဖက်လူ၏ မယုံကြည်နိုင်စရာ ကောင်းလှသည့် ခွန်အားကို ရန်ကိုင် ခံစားမိလိုက်သည်။ ထိုခွန်အားမှာ သူ့အား အနောက်သို့ လွင့်စင်ထွက်သွားအောင် လုပ်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ တစ်ဖက်လူ၏ မျက်နှာအမူအရာ မည်သို့မည်ပုံ ရှိသလဲဆိုသည်ကို လုံးဝ မမြင်လိုက်ရပေ။
[ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ယောက် ငါ့ကို အခုလိုမျိုး လာတိုက်မယ်ဆိုရင် ငါ အခုလိုမျိုး ဖြစ်သွားမှာတော့ မဟုတ်ဘူး၊ ဒီတော့ အခု ငါ့ကို တိုက်ခိုက်သွားတဲ့လူက ဧကရာဇ်တတိယအဆင့်ထက် အများကြီး ပိုမြင့်နေလို့ပဲ ဖြစ်ရမယ်၊ မဟာဧကရာဇ်တစ်ပိုင်းလား၊ ဒါမှမဟုတ် မဟာဧကရာဇ်လား]
မဟာဧကရာဇ်တစ်ပိုင်း သို့မဟုတ် မဟာဧကရာဇ်တစ်ပါးသည်သာ ရန်ကိုင်၏ တိုက်ခိုက်မှုကို လုံးဝ လျစ်လျူရှုနိုင်ပေလိမ့်မည်။
သေချာသည့် တစ်ချက်မှာတော့ တစ်ဖက်လူမှာ ရန်ကိုင်အပေါ် မည်သည့် ရန်လိုသည့် ရည်ရွယ်ချက်မျှ မရှိသည်ဟူသော အချက်ပင်။ ထိုသို့သာ မဟုတ်ပါက ရန်ကိုင် တိုက်ခိုက်သည်ကို ဒီအတိုင်း ငြိမ်မနေခဲ့ဘဲ ရန်ကိုင်ကိုပင် တန်ပြန် တိုက်ခိုက်ခဲ့ပေလိမ့်ဦးမည်။ သို့ပါသော်ငြား ယခု အခြေအနေတွင်မူ ရန်ကိုင်မှာ သူ့တိုက်ကွက်နှင့်သူ ပြန်လွင့်ထွက်သွားခဲ့ရခြင်းသာ ဖြစ်လေသည်။
[ဘယ်သူလဲ] ရန်ကိုင်မှာ လုံးဝကို ဇဝေဇဝါ ဖြစ်နေလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲလားတော့ မသိရ။ ရောက်လာသည့် အလင်းတန်းသည် ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ ကြည့်ရသလောက် ထိုလူမှာ ဤနေရာရှိ အခြေအနေကို တောက်လျှောက် စောင့်ကြည့်နေသည့်ပုံပင်။ သို့ပါသော်ငြား ရွှယ်ကျွင်းမောင်နှင့် အခြားလူများမှာတော့ ထိုလူအား သတိမထားမိခဲ့ပေ။
[လမင်းမဟာဧကရာဇ် ဖြစ်နေမလား] သို့ပါသော်ငြား လမင်းမဟာဧကရာဇ်သာဆိုလျှင် ဘာကြောင့်များ အစောကြီးကတည်းက လူလုံး ထွက်မပြလာရလေသနည်း။
[ဘယ်သူကြီးလဲ] ရန်ကိုင် အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေမိသည်။
ဟင်းလင်းပြင်လိုဏ်ခေါင်း ပြန်ပိတ်သွားတော့မည်ကို မြင်သော် ရန်ကိုင်မှာလည်း ဆက်၍ စဉ်းစားမနေနိုင်တော့ဘဲ ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ အမြန် ပြေးဝင်သွားလေ၏။
ရန်ကိုင်၏ မြင်ကွင်းတစ်ခုလုံး ဖြူစွတ်သွားခဲ့ပြီးသည့်နောက် သူ့ကိုယ်သူ အခြားသော ကမ္ဘာသစ်တစ်ခုသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။
ထိုနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ဧကရာဇ်ချီကို လှည့်ပတ်၍ သူ့ကိုယ်သူ ကာကွယ်ကာ ဘေးပတ်ဝန်းကျင် အခြေအနေကိုလည်း စစ်ဆေးကြည့်လိုက်သည်။ သို့ပါသော်ငြား ဘေးပတ်ဝန်းကျင်ကို လှည့်ပတ် စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။
အကြောင်းမှာ သူ့အနီးအနား တစ်ဝိုက်တွင် မည်သူ့ကိုမျှ မတွေ့ရသည့်အတွက်ကြောင့်ပင်။ သူ့ထက် စော၍ ဝင်လာကြသော ရွှယ်ကျွင်းမောင်နှင့် ကြယ်ဝိညာဉ်နန်းတော်မှ အခြားသော ဧကရာဇ်အဆင့် ပညာရှင်အားလုံး ပျောက်ခြင်းမလှ ပျောက်နေကြသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည့်တိုင် မည်သူ့ကိုမျှ မတွေ့ရ။
[ကျန်တဲ့လူတွေ ဘယ်ရောက်သွားကုန်တာလဲ] ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၇၁)
ဘာသာပြန်သူ_တိမ်တိုက်
ကြယ်ဝိဉာဉ်နန်းတော်မှ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ဤနေရာထဲသို့ ရန်ကိုင်ထက်စော၍ ကြိုဝင်လာခဲ့ပါသော်ငြား ရန်ကိုင်မှာ သူကိုယ်တိုင်ဝင်လာသည့်အခါတွင် မည်သူ့ကိုမျှ မတွေ့ရပေ။ ဤသည်မှာ အနည်းငယ်တော့ ထူးဆန်းနေ၏။
သို့ပါသော်ငြား ဤဝင်ပေါက်သည်သာ အထဲသို့ ဝင်လာသည့်လူများကို ကြုံရာနေရာဆီသို့ ပို့ဆောင်ပေးမည်ဆိုလျှင် ထိုသို့ဖြစ်သည်မှာ ရှင်းပြလို့ရသွားလေပြီ။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ထိုကဲ့သို့သော သီးခြားကမ္ဘာများထဲသို့ ရောက်ခဲ့ဖူးပေသည်။ ထိုကဲ့သို့သော သီးခြားကမ္ဘာများတွင် ဝင်ပေါက်တစ်ခုသာ ရှိပါသော်ငြား ထိုဝင်ပေါက်မှတစ်ဆင့် ဝင်သွားသည့်လူများမှာ ကြုံရာနေရာသို့ ရောက်သွားကြသည်။
လက်ရှိအခြေအနေကို ကြည့်ရသလောက် ဤသီးခြားကမ္ဘာသည်လည်း ထိုကဲ့သို့သီးခြားကမ္ဘာမျိုး ဖြစ်မည့်ပုံပင်။ ထိုအကြောင်းကြောင့်သာလျှင် ဤနေရာထဲသို့ ဝင်လာပြီးသည့်နောက် သူ့ထက်စော၍ ဝင်လာကြသည့် မည်သူ့ကိုမှ ရန်ကိုင်မတွေ့ရခြင်းပင်။ ကြည့်ရသလောက် အခြားသူများသည်လည်း အလားတူအခြေအနေနှင့် ကြုံနေရသည့်ပုံပင်။ သူတို့သည်လည်း ကိုယ့်ဘာသာကိုယ် တစ်ကိုယ်တည်း လှုပ်ရှားကြရပေတော့မည်။
သို့ပါသော်ငြား ထိုသို့သာဆိုလျှင်တော့ ပြဿနာမရှိလောက်ပေ။ အကုန်လုံးမှာ တစ်နေရာဆီရောက်သွားသည့်အတွက်ကြောင့် လန်ရွှင်းသည်သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် သူမအား ရှာတွေ့နိုင်ခြေ ပိုများသွားပေလိမ့်မည်။
မည်သည့်အန္တရာယ်မှမရှိမှန်း အတည်ပြုပြီးသည့်နောက် ရန်ကိုင်သည် အနီးအနားပတ်ဝန်းကျင်ကို စတင်၍ ရှာဖွေတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှုန်ထိုင်းထိုင်း အုံ့မှိုင်းမှိုင်းဖြစ်နေပြီး မိုးမြေစွမ်းအင်မှာလည်း ထိုမျှ ကြွယ်ဝခြင်းမရှိ။ လောကကြီးတစ်ခုလုံးမှာ လုံးဝကို တိတ်ဆိတ်နေခဲ့သည်။ ဤကဲ့သို့သောလောကမျိုးမှ အဖိုးတန်ရတနာများ ထွက်ပေါ်လာစရာအကြောင်းတော့ မရှိပေ။ ထို့အပြင် ဤနေရာရှိပတ်ဝန်းကျင်သည် အနောက်ဘက်နယ်မြေနှင့် အတော်လေးကိုမှ ဆင်တူလှသည်။ ထူထဲမာကြောလှသော ကျောက်စိုင်ကျောက်သားများကို နေရာအနှံ့ မြင်တွေ့နေရပြီး ချုံပုတ်များကို ကြိုတိုးကျဲတဲ တွေ့ရှိနေရသည်။ သက်ရှိများကိုမူ တစ်ကောင်တစ်လေမှပင် မတွေ့ရပေ။
အကြောင်းအရင်းအချို့အကြောင့် ဤလောကကြီးထဲသို့ ဝင်လာပြီးသည့်နောက် ရန်ကိုင်၏စိတ်မှာ ဂနာမငြိမ်ဖြစ်နေလေသည်။ သူ့မသိစိတ်သည် ဤနေရာ၌ အန္တရာယ်တစ်ခုခုရှိနေသည်ဟု သူ့အား ပြောနေလေ၏။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်သည် တစ်ခုသောအရပ်ဆီသို့ ပျံထွက်သွားခဲ့သည်။
ဤနေရာကြီးမှာ အမှန်တကယ်ကို သီးခြားကမ္ဘာတစ်ခု ဖြစ်ပေသည်။ သို့ပါသော်ငြား ဤလောကကြီးမှာ သိပ်၍ မပြည့်စုံလှပေ။ ရှင်းရှင်းပြောရသော် ဤသီးခြားကမ္ဘာကြီးသည် ရန်ကိုင် ယခင်ပိုင်ဆိုင်ခဲ့သော လောကဓာတ်လုံးနှင့် ဆင်တူပေသည်။ ထိုအချက်မှလွဲ၍ ဤသီးခြားကမ္ဘာကြီးမှာ အတော်လေးကိုမှ ကျယ်လှသည်ဟု ပြော၍ရသည်။ ရန်ကိုင်မှာ တစ်နေ့လုံးနီးပါး ပျံသန်းနေပါသော်ငြား သတိထားမိလောက်စရာဘာကိုမျှ မတွေ့ခဲ့ရ။ ရှောင်ယုယန်နှင့် အခြားသူများဆိုလျှင် ဝေလာဝေးပင်။
အကုန်လုံးမှာ လေထဲသို့ ဗြုန်းစားကြီး ပျောက်ကွယ်သွားသည့်အလား ရန်ကိုင်၏မြင်ကွင်းမှ သဲလွန်စမကျန်ကို ပျောက်နေလေသည်။
ဤလောကကြီးထဲ နေ့နှင့်ညဆိုသည်မှာ မရှိတော့ပေ။ ကောင်းကင်တစ်ခုလုံးမှာ အမြဲလိုလို မှုန်မှုန်မိုင်းမိုင်းဖြစ်နေခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ နေရာတိုင်းလိုလို တစ်ထေရာတည်းချည်းသာ ဖြစ်ကြသည်။ ဤကဲ့သို့သောနေရာမျိုးတွင်သာ နေနေရမည်ဆိုလျှင် မည်သူမျှ စိတ်အခြေအနေ ကောင်းနိုင်တော့လိမ့်မည်မဟုတ်။
နောက်တစ်နေ့သို့ရောက်သော် ဘေးပတ်ဝန်းကျင်ကို လိုက်လံစူးစမ်းရှာဖွေနေသော ရန်ကိုင်မှာ ရုတ်တရက် မျက်ခုံးပင့်လိုက်ပြီး ရှေ့တစ်နေရာဆီသို့ လှမ်း၍ကြည့်လိုက်သည်။
(တစ်ယောက်ယောက်ရှိနေတာလား…) ရန်ကိုင်လှမ်းကြည့်နေရာ အရပ်ဆီမှ ဆယ်မိုင်ကျော်ခန့်အကွာတွင် အသက်စွမ်းအင်အရှိန်အဝါတစ်ရပ် ရှိနေလေသည်။ ရန်ကိုင်လည်း ထိုနေရာသို့ ချက်ချင်းအာရုံစိုက်လိုက်လေ၏။
ထိုလူမှာလည်း ရန်ကိုင်အား သတိထားမိသွားသည့်အလား ချက်ချင်းထွက်ပြေးလေသည်။
ယခုမှသာလျှင် ဤနေရာကြီးထဲ တစ်စုံတစ်ဦးကို တွေ့လိုက်ရခြင်းဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ထိုလူအား မည်ကဲ့သို့များ အလွတ်ပေးနိုင်ပါမည်နည်း။ ချက်ချင်းပြ ထိုလူနောက်သို့ ပြေးလိုက်တော့လေသည်။ သို့ပါသော်ငြား မကြာမီ ထိုလူမှာ အလွန်ကိုမှ မြန်လှကြောင်း တွေ့ရှိလိုက်ရသည်။ ရန်ကိုင် မည်မျှပင် လိုက်နေစေကာမူ တစ်ဖက်လူအား မမှီခဲ့ပေ။ ပိုဆိုးသည်မှာ တစ်ဖက်လူ၏ ကောင်းကင်စိတ်အာရုံမှာလည်း အလွန်ကိုမှ အားကောင်းနေခြင်းပင်။ ရန်ကိုင်မှာ သူ့ကောင်းကင်စိတ်အာရုံကို သုံး၍ စစ်ဆေးကြည့်နေသည့်တိုင် တစ်ဖက်လူ၏မျက်နှာအမူအယာရော ကျင့်ကြံခြင်းကိုပါ မမြင်နိုင်ခဲ့ပေ။ ထိုလူနားသို့ရောက်သွားစဉ် ရန်ကိုင်၏ကောင်းကင်စိတ်အာရုံမှာ မမြင်နိုင်သည့်နံရံကြီးတစ်ခုကို ဝင်ဆောင့်သလို ခံစားလိုက်ရသည်။
အရူးလုပ်ခံလိုက်ရသလို ခံစားနေရသည့်အတွက်ကြောင့် ရန်ကိုင်မှာ တဖြည်းဖြည်းနှင့် စိတ်ပေါက်လာပြီး ပို၍အားစိုက်ကာ ထိုလူနောက်သို့ ပြေးလိုက်လေသည်။ လိုက်နေရင်းလိုက်နေရင်းမှ ထိုလူသည် သူ့အား တစ်နေရာရာသို့ မျှားခေါ်သွားနေသည်ဟု ရန်ကိုင်စိတ်ထဲ ခံစားလာရသည်။
ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း သူ့အရှိန်ကို နှေးချလိုက်လေသည်။ သူထင်ထားသည့်အတိုင်းပင် ရန်ကိုင်မှ နှေးလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူ၏အရှိန်မှာလည်း နှေးကျသွားခဲ့သည်။ ရန်ကိုင်အရှိန်တင်သည့်အခါတွင် တစ်ဖက်လူသည်လည်း လိုက်၍ အရှိန်တင်လေသည်။
(ငါ့လခွမ်း…) ရန်ကိုင်မှာ အလွန်ကိုမှ ဒေါသထွက်လာခဲ့လေရာ ဘာကိုမျှ ဂရုစိုက်မနေတော့ဘဲ ထိုလူနောက်သို့သာ အရှိန်ကုန်တင်၍ ပြေးလိုက်တော့လေ၏။
ထိုလူနောက်သို့ ယခုကဲ့သို့ ပြေးလိုက်သွားမည်ဆိုလျှင် ထောင်ချောက်တစ်ခုခုထဲသို့ ရောက်သွားနိုင်မှန်း သိပါသော်ငြား ထိုလူမှာ ဤလောကကြီးထဲသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်၏ ပထမဦးဆုံးသော သဲလွန်စ ဖြစ်သည့်အတွက်ကြောင့် သူ့ရှေ့၌ ထောင်ချောက်တစ်ခု သူ့အား စောင့်ကြိုနေမှန်း သိနေသည့်တိုင် ရန်ကိုင်မှာလည်း ရွေးချယ်စရာမရှိတော့ဘဲ ထိုလူနောက်သို့သာ လိုက်ရတော့သည်။
တစ်ယောက်ကပြေး တစ်ယောက်ကလိုက်နှင့် လုပ်နေခဲ့ရာ တစ်နာရီခန့်ကြာပြီးသည့်နောက် ရန်ကိုင် ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့သည်။
အကြောင်းမှာ တစ်ဖက်လူ၏အရှိန်အဝါကို လုံးဝ မခံစားရတော့သည့်အတွက်ကြောင့်ပင်။ ထိုလူမှာ လေထဲသို့ ဗြုန်းစားကြီး ပျောက်ကွယ်သွားသည့်အလား။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံမှာ ထိုလူ၏အရှိန်အဝါကို လုံးဝ အာရုံခံမိတော့ခြင်းမရှိပေ။
ထို့အစား အခြားသော အသက်စွမ်းအင်အရှိန်အဝါများစွာကိုသာ ရန်ကိုင် ခံစားလိုက်ရသည်။ ထိုလူများထဲ သုံးဦးကို ရန်ကိုင်ရင်းနှီးနေပေသည်။
ထိုအချက်ကို သဘောပေါက်လိုက်သော် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး ထိုအရပ်ဆီသို့ အမြန်ပြေးသွားလေ၏။
မကြာမီ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ တင်ပလင်ခွေထိုင်နေကြသော ကျောက်တောင်စောင်းတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။
ထိုအဖွဲ့အား လှမ်း၍ကြည့်လိုက်သည့်အခိုက် ရန်ကိုင် ချက်ချင်းဝမ်းသာသွားခဲ့ပြီး အလျင်စလို လှမ်းအော်ခေါ်လိုက်သည်။ “ယွင်အာ…” ထိုလူငါးဦးထဲ၌ အလယ်၌ရှိနေသည့်လူမှာ လင်းယွင်အာဖြစ်ပေသည်။ အခြားသူများကိုလည်း လိုက်ကြည့်လိုက်ပြီးသည့်နောက် ထိုလူများထဲ အရှေ့ပင်လယ်ထဲ၌ ဖမ်းခံလိုက်ရသော ယောင်လင်နှင့် တောင်ဘက်နယ်မြေထဲ၌ ပျောက်သွားသော လန်ရွှင်းတို့ကို တွေ့ရှိလိုက်ရသည်။ ကျန်သည့်နှစ်ဦးမှာတော့ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။ ထိုနှစ်ဦးကိုမူ ရန်ကိုင်မသိပေ။ သို့ပါသော်ငြား သူရထားသည့် သတင်းများအရ ထိုလူနှင့်အမျိုးသမီးမှာ မဟာဧကရာဇ်များ၏ အမွေခံတပည့်များ ဖြစ်လျှင်ဖြစ် မဖြစ်လျှင် မျိုးဆက်များ ဖြစ်ရပေလိမ့်မည်။
အမျိုးသားမှာ အသက်သုံးဆယ်အရွယ်လောက် ရှိမည်ထင်ရပြီး အသားဖြူပေသည်။ အမျိုးသမီးမှာတော့ မျက်နှာကာကို ဝတ်ဆင်ထားသည့်အတွက်ကြောင့် သူမ၏မျက်နှာပုံစံကို မမြင်ရပေ။ သို့ပါသော်ငြား စွဲမက်ဖွယ်ကောင်းလှသည့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကိုကြည့်ရသလောက် ထိုအမျိုးသမီးမှာ ကျိန်းသေကို အလှပဂေးတစ်ယောက် ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်မှာ ချက်ချင်း ပြေးထွက်မသွားခဲ့ပေ။ ရန်ကိုင်အနေဖြင့် ဤနေရာသို့ ရောက်လာရခြင်းမှာ တစ်စုံတစ်ဦးမှ သူ့အား ဤနေရာဆီသို့ မျှားခေါ်လာခဲ့သည့် အတွက်ကြောင့်ပင်။ ထိုသို့သာမဟုတ်ပါက မဟာဧကရာဇ်များ၏ မျိုးဆက်များနှင့် တပည့်များကို ဤနေရာ၌ လာတွေ့နေရလိမ့်မည်မဟုတ်ပေ။
ယခု ရန်ကိုင်စိတ်ထဲ တွေးနေသည်မှာ အစောပိုင်းကလူသည် ဘာကြောင့်များ သူ့အား ဤနေရာဆီသို့ မျှားခေါ်လာရလေသနည်း။ ယခုကဲ့သို့ မျှားခေါ်လာရခြင်း၏နောက်ကွယ်၌ အကြံအစည်တစ်ခုခုများ ရှိနေလေသလော။ ဤကဲ့သို့သော သူမရင်းနှီးသည့်ပတ်ဝန်းကျင်မျိုး၊ မယုံသင်္ကာစရာအခြေအနေမျိုးတွင် ရန်ကိုင်အနေဖြင့် သတိချပ်သည်မှာ အပိုမဟုတ်ပေ။
“ယွင်အာ…” ရန်ကိုင်က ထပ်မံ၍ လှမ်းအော်ခေါ်လိုက်သည်။ သို့ပါသော်ငြား လင်းယွင်အာမှာမူ ရန်ကိုင်ခေါ်သည်ကို လုံးဝမကြားဘဲ အိပ်ပျော်နေသည့်အလား တင်ပလင်ခွေသာ ထိုင်နေခဲ့သည်။
ရန်ကိုင်မှာ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးကြည့်နေပါသော်ငြား သူ့အား ဤနေရာသို့ မျှားခေါ်လာသည့်လူ၏ အရှိန်အဝါကို လုံးဝ မတွေ့ရှိရတော့ပေ။ ထို့အပြင် ဤအနီးအနား၌ ထောင်ချောက်ဆင်ထားသည့် သဲလွန်စများကိုလည်း လုံးဝ မတွေ့ရ။ တစ်စုံတစ်ဦးမှာ လင်းယွင်အာတို့ငါးဦးအား ပတ်ဝန်းကျင်တစ်ခုလုံးကို လုံးဝ သတိမမူမိတော့ဘဲ အိပ်ပျော်နေအောင် လုပ်သွားခဲ့သည့်ပုံပင်။
ထိုလူငါးဦးအနက် တာအိုသခင်တတိယအဆင့်သာရောက်သေးသော ယောင်လင်မှလွဲ၍ ကျန်သည့်လူလေးဦးစလုံးမှာ ဧကရာဇ်အဆင့်များဖြစ်ကြသည်။ ဇာလွှားပုဝါဝတ်ဆင်ထားသော အမျိုးသမီးဆိုလျှင် ရန်ကိုင်ကဲ့သို့ပင် ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေပေသည်။
(အဲ့အမျိုးသမီးက ပန်းအရိပ်မဟာဧကရာဇ်ရဲ့တပည့် ဖြစ်လောက်တယ်… အင်း… ဆရာကောင်းတော့ တပည့်လည်းတော်တာပဲ…) ထိုအမျိုးသမီး၏ ရုပ်ရည်ကို မမြင်ရပါသော်ငြား ထိုအမျိုးသမီး ထိုမျှ အသက်မကြီးသေးမှန်းတော့ ရန်ကိုင်ပြောနိုင်ပေသည်။ အသက်ငယ်ငယ်လေးနှင့် ဤကဲ့သို့သောကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်ကို ကြည့်ပါက ထိုအမျိုးသမီး၏အရည်အသွေးမှာ အလွန်တရာကိုမှ ထူးခြားကောင်းမွန်းလှကြောင်း သဘောပေါက်နိုင်ပေလိမ့်မည်။
သို့ပါသော်ငြား ယောင်လင်အား ဖမ်းဆီးသွားသည့်လူမှာ မဟာဧကရာဇ်တစ်ပိုင်းဖြစ်ကြောင်းကို ပြန်စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင် သက်ပြင်းသာ ချမိလိုက်သည်။ ထိုငါးဦးအား လက်ရှိမျိုးဆက်တွင် အတော်လေးကိုမှ အားကောင်းကြသည့်လူများ ဖြစ်ကြပါသော်ငြား မဟာဧကရာဇ်တစ်ပိုင်းနှင့် ယှဉ်လိုက်သော် အလွန်ကိုမှ အလှမ်းကွာနေပေသေးသည်။ မဟာဧကရာဇ်တစ်ပိုင်းသည်သာ သူတို့အား ပစ်မှတ်ထားလာမည်ဆိုပါက မည်သူမျှ ထွက်ပြေးနိုင်လိမ့်မည်မဟုတ်ပေ။
ရန်ကိုင်သည် ထိုနေရာတွင် အတန်ကြာအောင် ရပ်နေပြီးသည့်နောက် လင်းယွင်အာနှင့် အခြားသူများဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။
ယခုအခြေအနေသည်သာ ကံကောင်းမှုဆိုလျှင် ရန်ကိုင်အနေဖြင့် ထိုကောင်းကံမှုကို ပျော်ပျော်ကြီး ခံစားလိုက်ပေလိမ့်မည်။ ကံကောင်းမှုမဟုတ်ဘဲ ထောင်ချောက်တစ်ခုသာ ဖြစ်နေမည်ဆိုလျှင်တော့ ထိုထောင်ချောက်ထဲသို့ တည့်တည့်ပြေးဝင်ရုံသာ ရှိပေတော့သည်။ လင်းယွင်အာ၊ လန်ရွှင်းနှင့် အခြားသူများအားလုံး ဤနေရာ၌ ရှိနေပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤအတိုင်း ရပ်ကြည့်နေ၍မရတော့။ ထိုလူများကိုသွားနှိုး၍ ဘာတွေဖြစ်သွားသလဲဆိုသည်ကို သိရလေအောင် မေးမြန်းကြည့်ရပေတော့မည်။
အနည်းဆုံး သူတို့အား မည်သူမျှ ဖမ်းဆီးသွားခဲ့သလဲ ဘာကြောင့် ဖမ်းဆီးသွားခဲ့ရသလဲ၊ ထို့အပြင် သူတို့အား ဖမ်းဆီးသွားသည့်လူ၏ ရည်ရွယ်ချက်မှာ ဘာဖြစ်သလဲဆိုသည်ကို သိရအောင် မေးမြန်းကြည့်ရပေမည်။
မကြာမီတွင် ထိုလူငါးဦးဘေးနားဆီသို့ ရောက်သွားခဲ့သည်။ သို့ပါသော်ငြား အကုန်လုံးမှာ အေးအေးဆေးဆေးဖြင့်သာ ရှိနေလေသည်။ မည်သည့်အန္တရာယ်နှင့်မျှ ရန်ကိုင်ကြုံတွေ့ခဲ့ရခြင်းမရှိ။
ထို့နောက်တွင် ရန်ကိုင်သည် လင်းယွင်အာရှေ့တွင်ရပ်၍ လင်းယွင်အာ၏နဖူးကို လက်ညှိုးထိုးရင်းမှ သူ၏ဧကရာဇ်ချီနှင့် ကောင်းကင်စိတ်အာရုံတစ်စွန်းတစ်စကို လင်းယွင်အာ၏ကိုယ်ထဲသို့ ထည့်သွင်းကာ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ထိုသို့စစ်ဆေးပြီးသည့်နောက် လင်းယွင်အာမှာ ထူးထူးဆန်းဆန်းကို မည်သည့်ဒဏ်ရာမှ ရရှိမထားကြောင်း တွေ့ရှိလိုက်ရသည်။ သူမ၏အသိစိတ်ပင်လယ်မှာတော့ လုံးဝကို ဟာလာဟင်းလင်း ဖြစ်နေလေသည်။ မသိလျှင် လင်းယွင်အာသည် ပုံရိပ်ယောင်တစ်ခုထဲသို့ ကျနေသည့်ပုံပင်။ ထိုအကြောင်းကြောင့်သာလျှင် ပတ်ဝန်းကျင်ကို လုံးဝ သတိမထားမိတော့ဘဲ ပုံရိပ်ယောင်ထဲ လုံးဝကို နစ်မျောနေကာ အိပ်ပျော်နေသလို ဖြစ်နေခြင်းပင်ဖြစ်သည်။
တစ်နည်းဆိုရသော် တစ်စုံတစ်ဦးသည်သာ လင်းယွင်အာအား တစ်ခုခုလုပ်လိုပါက လင်းယွင်အာအနေဖြင့် လုံးဝကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ထိုအချက်ကို သဘောပေါက်လိုက်သော် ရန်ကိုင် ကြိတ်၍ စိတ်သက်သာရာ ရသွားတော့သည်။ မူလကမူ လင်းယွင်အာနှင့် အခြားသူများ ထူးဆန်းသည့် ချိတ်စည်းတစ်ခုခုဖြင့် ခတ်နှိပ်ထားခံရမည်ကို စိတ်ပူနေခဲ့ပေသေးသည်။ သို့ပါသော်ငြား ကြည့်ရသလောက် ပုံရိပ်ယောင်တစ်ခုလောက်သာ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ထိုလူများကို အလွယ်တကူ လှုပ်နှိုးနိုင်ပေသည်။
ရွှေနဂါးအမြုတေစွမ်းအားကို အသာအယာအသက်သွင်း၍ ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံတစ်စွန်းတစ်စကို လင်းယွင်အာ၏ အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ “ယွင်အာ… ထတော့…”
တစ်ချိန်တည်းတွင် ကျယ်လောင်သည့်နဂါးဟိန်းသံပါ ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ နဂါးကလန်သားများ အခြားသောသူများ၏ စိတ်အစုံကို လှုပ်ခါသွားအောင် လုပ်သည့် အခြေခံအကျဆုံးသောနည်းလမ်းတစ်ခု ဖြစ်ပေသည်။
နဂါးဟိန်းသံသည် လင်းယွင်အာ၏ အသိစိတ်ပင်လယ်ထဲ အဆက်မပြတ်ကို ပဲ့တင်ထပ်သွားခဲ့ပြီး သူမ၏ အသိစိတ်ပင်လယ်တစ်ဝိုက် လှိုင်းတွန့်များကို ထွက်ပေါ်လာစေခဲ့သည်။ ထိုလှိုင်းတွန့်များ ပျံ့နှံ့သွားသည့်အလျောက် လင်းယွင်အာ၏စိတ်အစုံကို လွှမ်းမိုးနေသော ပြင်ပလွှမ်းမိုးမှုများမှာလည်း တစ်စတစ်စနှင့် ကြေပျက်ပျက်စီးကုန်လေ၏။
လင်းယွင်အာမှာ မသိလိုက်မသိဘာသာဖြင့် ငြီးတွားလိုက်ပြီးသည့်နောက် မျက်မှောင်ကျုံ့လိုက်သည်။ ထို့နောက် သူမ၏မျက်လုံးလေးများ တဖြည်းဖြည်း ပွင့်လာတော့သည်။ မျက်လုံးပွင့်လာသည့်အခိုက် သူမရှေ့တွင်ရှိနေသော မျက်နှာကို မြင်လိုက်သော် လင်းယွင်အာ ဇဝေဇဝါဖြစ်သွားခဲ့ပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေ၏။
“ယွင်အာ… နင်ဘယ်လိုနေလဲ…” ရန်ကိုင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ ရန်ကိုင်မှာ သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ပါသော်ငြား လင်းယွင်အာ၏ အသိစိတ်ပင်လယ်ထဲတွင် လုပ်ခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် အနည်းငယ်လေးသော သတိလက်လွတ်အမှားသည်ကပင်လျှင် လင်းယွင်အာ၏ဝိဉာဉ်ကို ဒဏ်ရာရသွားစေနိုင်ပေသည်။
“ဦးလေး… ဦးလေးရန်လား…” လင်းယွင်အာကမူ ယခုမှသာ အိပ်ရာနိုးလာသည့် လူတစ်ဦးပမာ အိပ်မှုန်စုံမွှားဖြစ်နေလေသည်။ “ဦးလေးရန်က ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ…”
ရန်ကိုင်က ပြုံး၍ “ငါနင့်ကိုလာရှာတာလေ… အခု ငါ့ကို မေးမနေနဲ့… နင့်အကြောင်းအရင်ပြောဦး… နင်အဆင်ပြေရဲ့လား… မသက်မသာဖြစ်နေတာမျိုး ရှိလား…”
ထိုစကားကိုကြားပြီးသည့်နောက် လင်းယွင်အာမှာ သူမကိုယ်သူမ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ပြုံး၍ “ဘာမှမဖြစ်ဘူး… သမီးအဆင်ပြေတယ်…”
သို့ပါသော်ငြား ရုတ်တရက် မျက်မှောင်ကျုံ့၍ ပြန်ပြောလိုက်လေ၏။ “ဒါပေမယ့်…”
ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး ချက်ချင်းပဲ ကောက်မေးလိုက်လေ၏။ “ဒါပေမယ့်ဘာလဲ…”
“သမီးဗိုက်ဆာလို့…” လင်းယွင်အာသည် သူမ၏ဗိုက်ကလေးကို ပွတ်ရင်းမှ လျှာလေးထုတ်ပြလိုက်သည်။
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏မျက်နှာကြီး မဲ့သွားတော့သည်။ လင်းယွင်အာ၏ တုံ့ပြန်ပုံနှင့် ပတ်သက်၍ သူ့ခမျာ ဘာပြောလို့ပြောရမှန်းပင်မသိ ဖြစ်ကုန်လေသည်။
သံမဏိသွေးမဟာဧကရာဇ်၏တပည့် ဖြစ်လာပြီးသည့်နောက် လင်းယွင်အာမှာ အတော်လေးကိုမှ အစားကြီးလာကြောင်းကို ရန်ကိုင် သဘောပေါက်သွားတော့သည်။ ယခင်တစ်ကြိမ် လင်းယွင်အာနှင့်ပြန်တွေ့စဉ်ကလည်း တိုက်ပွဲကြီးတစ်ပွဲကို တိုက်ခိုက်ပြီးသည့်နောက် လင်းယွင်အာမှာ ဗိုက်ဆာသည်ဟု အထွန့်တက်ခဲ့သည်။
လင်းယွင်အာ၏ဘဝမှာ အတော်လေးကိုမှ လွတ်လပ်ပေါ့ပါးနေပေသည်။
“ဗိုက်ဆာရင် နင့်ဘာသာနင် တစ်ခုခုပြင်ဆင်ပြီး စားလိုက်တော့… ငါ သူတို့တွေကို သွားနှိုးရဦးမယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် လန်ရွှင်းဆီသို့ လျှောက်သွားလေသည်။
“သူတို့ဘာဖြစ်လို့လဲ…” ယခုမှသာလျှင် သူမဘေးနား၌ အခြားသူများ ရှိနေသေးကြောင်းကို လင်းယွင်အာ သတိထားမိသွားခဲ့ပြီး မျက်လုံးပြူးသွားလေ၏။
“နင် ဘာမှမမှတ်မိဘူးလား…” ရန်ကိုင်သည် လင်းယွင်အာကိုကြည့်၍ မေးလိုက်လေသည်။
လင်းယွင်အာ အတွေးနက်သွားတော့သည်။ တစ်ခဏအကြာ၌ ပြန်မှတ်မိသွားဟန်ဖြင့် လက်ခုပ်တီး၍ ပြောလိုက်လေ၏။ “အိုး… သမီးမှတ်မိပြီ… သမီးကို တစ်ယောက်ယောက်ဖမ်းသွားတာ… အဲ့လူအိုကြီးက အရမ်းအားကောင်းလွန်းတယ်… သမီး သူ့ကို ဘယ်လိုမှမနိုင်ဘူး…”
“လူအိုကြီး…” ရန်ကိုင်မျက်မှောင်ကျုံ့သွားလေသည်။ “အဲ့လူအိုကြီးက အနက်ရောင်ဝတ်ရုံကို ဝတ်ထားလား…”
လင်းယွင်အာက ခေါင်းခါပြ၍ ပြန်ပြောလိုက်၏။ “မဟုတ်ဘူး… သူ အနက်ရောင်ဝတ်ရုံကို ဝတ်ထားတာမဟုတ်ဘူး… သူ့ခေါင်းတစ်ခုလုံးကတော့ ဖြူဖွေးနေတာပဲ… အဲ့အချက်ကလွဲပြီးတော့ သူ့မှာ မှတ်လောက်စရာ ဘာမှမရှိဘူး… သူဘယ်သူမှန်းလည်း သမီးမသိဘူး…”
(ဆံပင်ဖြူ…) ရန်ကိုင်ကြောင်သွားတော့သည်။ ယောင်လင်ကို ပြန်ပေးဆွဲသွားသည့်လူ၏ ဆံပင်မှာ အဖြူရောင်မဟုတ်ပေ။ ထိုသို့သာဆိုလျှင်တော့ ယောင်လင်နှင့် လင်းယွင်အာတို့ကို ပြန်ပေးဆွဲသွားသည်မှာ လူတစ်ဦးစီဖြစ်နေသည်ဟု ပြော၍ရသွားလေပြီ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၇၂)
ဘာသာပြန်သူ_တိမ်တိုက်
“ဒါပေမယ့် ယွင်အာ သူနဲ့ နောက်တစ်ကြိမ်ပြန်တွေ့ရင် သူ့ကို သွားပြီးတော့ ကျေးဇူးတင်ရမယ်…” လင်းယွင်အာက ချစ်စဖွယ်ကောင်းစွာ ပြုံးပြ၍ ပြောလိုက်သည်။
“ဘာဖြစ်လို့ သူ့ကို ကျေးဇူးတင်ချင်တာလဲ…” ရန်ကိုင်သည် မျက်နှာသေဖြင့် မေးလိုက်သည်။ ထိုလူမှာ လင်းယွင်အာကို ပြန်ပေးဆွဲခဲ့သူဖြစ်လေရာ လင်းယွင်အာမှာ ဘာကြောင့်များ ထိုလူအား ကျေးဇူးတင်ချင်နေရလေသနည်း။
လင်းယွင်အာက ပြန်၍ပြောလိုက်လေသည်။ “သူသာ ယွင်အာကို ပြန်ပေးမဆွဲခဲ့ရင် ယွင်အာ အခုလိုမျိုး ဦးလေးရန်နဲ့ ဒီလောက်မြန်မြန်နဲ့ တွေ့နိုင်မှာမဟုတ်ဘူးလေ… ဒီတော့ သူ့ကို ကျေးဇူးတင်ရမှာပေါ့…”
ရန်ကိုင် ဆွံ့အသွားခဲ့ပြီး ခါးသက်သက်အမူအယာဖြင့် ပြုံး၍ “နင်လုပ်ချင်သလိုသာ လုပ်ပေတော့…”
“ဦးလေးရန်ကိုရော အဲ့လူကြီးဖမ်းလာတာလား…” လင်းယွင်အာက မေးလိုက်သည်။
ရန်ကိုင်က ခေါင်းခါ၍ “ငါ နင့်ကိုလာရှာတာ…” ပြောနေရင်းမှ လန်ရွှင်းအား လင်းယွင်အာကိုလုပ်ခဲ့သည့်အတိုင်း လုပ်ပေးလိုက်လေသည်။
ထိုအချိန်အတောအတွင်း လင်းယွင်အာမှာတော့ အဆက်မပြတ်ကို စကားပြောနေလေ၏။ “ဦးလေးရန်… အရင်တစ်ခေါက်တုန်းက ဦးလေးရန်နဲ့အတူ မြောက်ဘက်နယ်မြေဆီ မလိုက်ချင်တာမဟုတ်ဘူး… ဆရာက ပြန်ခေါ်သွားလို့… ဦးလေးရန် ခက်ခက်ခဲခဲနဲ့ ခင်းကျင်းထားတဲ့ အစီအရင်ကိုလည်း ဆရာကပဲ ဖျက်ဆီးသွားတာ… ဦးလေးရန် ဒေါသထွက်လားဟင်…”
(ငါထင်တဲ့အတိုင်းပဲ… သံမဏိသွေးမဟာဧကရာဇ်ဖြစ်နေတာကိုး…) သံမဏိမဟာဧကရာဇ်ဖြစ်လိမ့်မည်မှန်း ရန်ကိုင် ကြိုတွေးထားပြီး ဖြစ်ပါသော်ငြား လင်းယွင်အာကိုယ်တိုင်မှပြောလာချိန် သူ့ခန့်မှန်းချက်မှန်ကန်ကြောင်း သိသွားလေပြီ။
ရန်ကိုင်က ခေါင်းခါ၍ ပြန်၍သာပြောလိုက်သည်။ “ဘာမှမဖြစ်ဘူး… နင့်ဆရာက နင့်အတွက်လုပ်ခဲ့တာ…”
လင်းယွင်အာက ချက်ချင်းပဲ ပြုံးလျက် “နောက်တစ်ကြိမ် ဆရာနဲ့တွေ့ရင် ဦးလေးရန်ကို ပြန်ပြီးတောင်းပန်ခိုင်းလိုက်မယ်…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ဇောချွေးပြန်သွားခဲ့ပြီး ချက်ချင်းပဲ ခေါင်းခါ၍ “မလိုဘူး မလိုဘူး… ဒီလိုစကားတွေကို ငါတို့နှစ်ယောက်တည်းရှိတဲ့အချိန် ပြောတာ ကိစ္စမရှိပေမယ့် နင့်ဆရာရှေ့မှာတော့ လုံးဝ သွားမပြောနဲ့နော်…”
လင်းယွင်အာသည်သာ သူမဆရာကို ရန်ကိုင်အား တောင်းပန်ခိုင်းမည်ဆိုလျှင် သံမဏိသွေးမဟာဧကရာဇ်သည် ရန်ကိုင်အား အရှင်လတ်လတ် အရေခွံဆုတ်ပေလိမ့်မည်။
“အင်း…” လင်းယွင်အာက ခေါင်းညိတ်လိုက်သည်။
မကြာမီတွင် လန်ရွှင်း နိုးလာခဲ့သည်။ သို့ပါသော်ငြား လင်းယွင်အာကဲ့သို့ အမှုမဲ့အမှတ်မဲ့ ဖြစ်မနေခဲ့ဘဲ မျက်လုံးပွင့်လာသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်ချီကိုလှည့်ပတ်၍ ချက်ချင်း နောက်သို့ခုန်ဆုတ်ကာ ဘေးပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်လေ၏။
အခြေအနေကို သုံးသပ်ကြည့်ပြီးသည့်နောက်တွင် အံ့အားသင့်တကြီးအမူအယာဖြင့် ပြန်၍မေးလိုက်သည်။ “စီနီယာအစ်ကိုရန်လား…”
“ဂျူနီယာညီမလန်…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
လန်ရွှင်းသည် နဖူးကိုပွတ်ရင်းမှ ရှက်ရှက်ဖြင့်ပြုံး၍ ပြန်ပြောလိုက်လေ၏။ “တောင်းပန်ပါတယ်နော်…”
“ကိစ္စမရှိဘူး…” ရန်ကိုင်က ခေါင်းခါပြလိုက်သည်။ လန်ရွှင်း၏တုံ့ပြန်ပုံမှာ သဘာဝသာ ဖြစ်လေသည်။ ထူးဆန်းနေသည်မှာ လင်းယွင်အာသာ ဖြစ်၏။
“အဲ့တော့ အခုဘယ်ရောက်နေတာလဲ…” လန်ရွှင်းက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ မေးလိုက်သည်။
ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ “သီးခြားကမ္ဘာတစ်ခုပဲ… ငါသိတာကတော့ ဒီနေရာကို အနောက်ဘက်နယ်မြေကနေ ဝင်လာတယ်ဆိုတာပဲ… နင် အရင်အနားယူလိုက်ဦး… ငါ ကျန်တဲ့သူတွေကို လိုက်နှိုးလိုက်ဦးမယ်…”
လန်ရွှင်းမှာ ကျန်သုံးယောက်အားကိုကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် သွားပြန်ထိုင်၍ အေးအေးဆေးဆေး ထိုင်စောင့်နေလေသည်။ သူမတွင် မေးချင်နေသည့် မေးခွန်းပေါင်းများစွာ ရှိနေပါသော်ငြား ယခုအချိန်သည် မေးရမည့်အချိန်မဟုတ်သေးမှန်း သိနေလေသည်။
ရန်ကိုင် တတိယမြောက်နှိုးလိုက်သည့်လူမှာတော့ ယောင်လင်ဖြစ်ပေသည်။ သူမသည် အားလုံးထဲတွင် ကျင့်ကြံခြင်း အနိမ့်ဆုံးဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ယောင်လင်အား သတိထားကာ ကိုင်တွယ်ရသည်။ ရန်ကိုင်အား ဆွံ့အသွားစေသည့်အချက်မှာတော့ ယောင်လင်မှာ နိုးလာပြီးသည်နှင့်တစ်ပြိုင်နက် ကြောက်လန့်တကြားဖြင့် ထအော်နေခြင်းပင်။ “ကျွန်မကို မသတ်ပါနဲ့… ကျွန်မကို မသတ်ပါနဲ့… ကျွန်မအဖေက ရှုယဉ်သာမဟာဧကရာဇ်ပဲ… ရှင်လိုချင်တာကို သူပေးလိမ့်မယ်… ကျွန်မကို မသတ်ပါနဲ့…”
ရန်ကိုင်သည် ယောင်လင်အား စိုက်ကြည့်ရင်းမှ ထအော်ပြောလိုက်သည်။ “ငါ့ပုံစံက နင့်ကိုသတ်မယ့်ပုံ ပေါက်နေလို့လား…”
ထိုအခါမှသာလျှင် ယောင်လင် အအော်ရပ်သွားခဲ့ပြီး မျက်လုံးပြန်ဖွင့်လာ၍ ရန်ကိုင်၏မျက်နှာကို သေချာကြည့်လိုက်သည်။ ထို့နောက် အသိပြန်ဝင်လာခဲ့ပြီး ရန်ကိုင်အား လက်ညှိးထိုးရင်းမှ အော်ပြောလိုက်လေ၏။ “နင်ပဲ…”
ရန်ကိုင်က နှာခေါင်းရှုံ့၍ ပြန်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ… ငါမဟုတ်လို့မရဘူးလား…”
“ငါ ဒုက္ခရောက်နေတာကိုတောင် နင် ငါ့ကို မကယ်ဘူး… ပြန်ရောက်တော့မှ အဖေနဲ့ပြောပြီးတော့ နင့်ကို အပြစ်ပေးခိုင်းရမယ်…” ယောင်လင်သည် ရန်ကိုင်အား စိုက်ကြည့်ရင်းမှ အံကြိတ်ကာ အော်ပြောလိုက်သည်။
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်၍ပြောလိုက်လေ၏။ “နင် အဲ့လိုမျိုးလုပ်ချင်တာ သေချာလား…”
ယောင်လင်၏ပါးစပ်ကလေး ဟသွားခဲ့သည်။ သူမစိတ်ထဲ တစ်ခုခုပြောချင်နေပါသော်ငြား ရန်ကိုင်၏အကြည့်ကို သတိထားမိလိုက်သော် တုန်တုန်ရီရီဖြစ်သွားခဲ့လေသည်။ ထို့နောက် ပြောရန်ကြံနေသည့် စကားများကို ပြန်မျိုချလျက် ပြောလိုက်လေ၏။ “နင် ဘာဖြစ်လို့ အဲ့လောက်တောင် အကြမ်းပတမ်းလုပ်ချင်နေရတာလဲ… ငါ့အဖေက ရှုယဉ်သာမဟာဧကရာဇ်နော်…”
ရန်ကိုင်သည် လန်ရွှင်းကိုညွှန်ပြ၍ “သူ့အဖေကရော ဘယ်သူလို့ထင်လဲ…”
ယောင်လင်မှာ လန်ရွှင်းအား မသိဘဲ ဘယ်နေပါမည်နည်း။ တကယ်တော့ သူမတို့နှစ်ဦးသည် တစ်ကြိမ်မက တွေ့ခဲ့ဖူးသည်မဟုတ်ပေလော။ မဟာဧကရာဇ်တစ်ပါး၏ သမီးဖြစ်သည်ဟူသော သူမ၏အဆင့်အတန်းမှာ အခြားသူများအတွက် ထူးခြားနေလိမ့်မည်ဖြစ်ပါသော်ငြား ဤနေရာတွင်ရှိနေသူများအတွက်မူ ဘာဆိုဘာမှ မထူးခြားပေ။
ယောင်လင် ချက်ချင်းပဲ လည်တိုင်လေးကျုံ့ဝင်သွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြစ်သွားခဲ့သည်။ ယခုမှသာလျှင် သူမရှေ့တွင်ရှိနေသည့်လူမှာ ယခင်က သူမအား သတ်ရန် ကြိုးစားခဲ့ဖူးပြီး သူမကိုယ်တိုင်မှာလည်း ထိုလူလက်ချက်ကြောင့် သေခါနီးဖြစ်ခဲ့ရကြောင်းကို ပြန်သတိရသွားခဲ့သည်။ ထို့အတွက်ကြောင့် ထိတ်လန့်တုန်လှုပ်မိသွားလေ၏။
“ကဲ ကဲ ကဲ… တော်ပါတော့ စီနီယာအစ်ကိုရန်ရယ်… ညီမယောင်က ဒီအတိုင်းပဲ လောကကြီးအကြောင်းကို သိပ်မသိလို့ပါ… သူ့ကို သွားဒေါသထွက်မနေပါနဲ့တော့…” လန်ရွှင်းက ဝင်ရောက်ဖျန်ဖြေပေးလိုက်သည်။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် “အလိုလိုက်ထားခံရလွန်းတာကို…” ယောင်လင်၏ အမေကို မြင်ပြီးသည့်နောက် ယောင်လင် ဘာကြောင့် ဤမျှ မောက်မာဝံ့ကြွားနေရသလဲဆိုသည်ကို ရန်ကိုင် မည်ကဲ့သို့များ မသိဘဲ နေပါတော့မည်နည်း။ တကယ်တော့ သူမအမေသည်လည်း အခြားသူများနှင့်မတူ ဆောင့်ကြွားဆောင့်ကြွား လုပ်တတ်သည့်လူတစ်ဦးပင် မဟုတ်လေလော။
ယောင်လင်မှာလည်း မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ လန်ရွှင်းဘေးနားတွင်သာ သွားနေနေတော့လေသည်။
ရန်ကိုင်လည်း ယောင်လင်အား လျစ်လျူရှုထားလိုက်ပြီး ဤနေရာတွင်ရှိနေသည့် တစ်ဦးတည်းသောအမျိုးသားဆီသို့ လျှောက်သွားလိုက်သည်။ တစ်ခဏအကြာ၌ ထိုလူ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။ ထိုလူနိုးလာသည်မှာ သေချာပါသော်ငြား မျက်လုံးကိုဖွင့်မလာဘဲ လုံးဝကို ပိတ်ထားခဲ့လေ၏။
မျက်လုံးကိုပိတ်ထားပါသော်ငြား သူ့ရှေ့တွင်ရှိနေသည့်လူမှာ သူ့အား စစ်ဆေးကြည့်နေကြောင်းကို ရန်ကိုင် သေချာခံစားမိနေလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်သွားလေ၏။ (မောက်မာလိုက်တဲ့ကောင်… မင်းက မဟာဧကရာဇ်တပည့်ဖြစ်တော့ရော ဘာဖြစ်လဲ… ဒီအဖေက မင်းကို ကယ်ထားတာကွ… အနည်းဆုံးတော့ ကိုယ့်အသက်ကယ်ကျေးဇူးရှင်ကို မျက်လုံးလေးဘာလေးဖွင့်ပြီးတော့ နှုတ်ဆက်ရမှာကို မသိဘူးလား…)
“မင်းနာမည် ဘယ်လိုခေါ်လဲ…” တစ်ဖက်လူက ရုတ်တရက် ပြောလာခဲ့သည်။ ထိုလူ၏အသံမှာ အတော်လေးကိုမှ သိမ်မွေ့လှပေသည်။
ရန်ကိုင်ကမူ နွေးထွေးခြင်းလည်းမရှိ အေးစက်ခြင်းလည်းမရှိသည့်လေသံဖြင့် ပြန်၍ပြောလိုက်၏။ “ရန်ကိုင်…”
ထိုလူ၏မျက်နှာထက် အံ့အားသင့်ရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ “ဒီတော့ ရောင်းရင်းရန်ပေါ့…”
ရန်ကိုင်က အံ့အားသင့်သွားပြီး ပြန်မေးလိုက်လေသည်။ “မင်း ငါ့ကိုသိလို့လား…”
ထိုလူက ပြုံး၍ “အင်း… ရောင်းရင်းရန်အကြောင်း အများကြီးဖူးတယ်… ဒီနေ့မှပဲ တွေ့ခွင့်ရတော့တယ်… တကယ်ကို ဝမ်းသာစရာပဲ…”
ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး…”
တစ်ဖက်လူမှာ ရန်ကိုင်၏အေးစက်စက်ပုံစံကို သတိထားမိလိုက်သည့်အလား ပြံးရန် ရှင်းပြလိုက်လေသည်။ “ရောင်းရင်းရန်… ငါ မင်းကို မလေးမစားလုပ်မိသွားသလို ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်ကွာ… တမင်သက်သက် အဲ့လိုမျိုးလုပ်တာတော့ မဟုတ်ဘူး… ငါ့ရဲ့မွေးရာပါချို့ယွင်းချက်ကြောင့် ငါ့မျက်လုံးကို ဖွင့်ဖို့ အဆင်မပြေလို့ကွ…”
ထိုသို့ပြောပြီးသည့်နောက် သူ့မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ရာ ရန်ကိုင်မှာ ယာယီမျှ ထိတ်လန့်သွားခဲ့ရလေသည်။ အကြောင်းမှာ ထိုလူသည် မျက်လုံးကန်းနေသည့်အတွက်ကြောင့်ပင်။ ထိုလူ၏မျက်လုံးများမှာ မျက်ဆံများရှိမနေဘဲ လုံးဝကို အဖြူရောင်ဖြစ်နေခဲ့သည်။ ထိုအကြောင်းကြောင့်သာလျှင် ဤလူ မျက်လုံးပိတ်ထားရခြင်းဖြစ်မှန်းကိုလည်း ရန်ကိုင်သဘောပေါက်သွားခဲ့သည်။
ရန်ကိုင်က အနည်းငယ်ရှက်သွားဟန်ဖြင့် ခေါင်းကုတ်ရင်းမှ တောင်းပန်လိုက်လေ၏။ “တောင်းပန်ပါတယ်… မသိလိုက်လို့ပါ…”
မူလကမူ ထိုလူမှာ သူ့ကိုယ်သူ မဟာဧကရာဇ်တစ်ပါး၏ တပည့် ဖြစ်သည့်အတွက်ကြောင့် ဂုဏ်မောက်နေခြင်းဖြစ်သည်ဟု ရန်ကိုင်ထင်ခဲ့လေသည်။ ယခုမှသာလျှင် ထိုသို့မဟုတ်ဘဲ မွေးရာပါချို့ယွင်းချက်ကြောင့်ဖြစ်နေမှန်း သဘောပေါက်သွားခဲ့သည်။
ထိုလူသည် ဧကရာဇ်အဆင့်သို့ ရောက်နေလေပြီ။ သူ့ဆရာမှာလည်း မဟာဧကရာဇ်တစ်ပါးဖြစ်၏။ သို့ပင်ဖြစ်လင့်ကစား သူ့မျက်လုံးကို ပြန်ကောင်းလာအောင် လုပ်မပေးနိုင်သည်ကိုကြည့်လျှင် ဤမျက်လုံးမှာ မွေးရာပါချို့ယွင်းချက်ဖြစ်သည်မှာ သိသာလှသည်။
“မင်းရဲ့နာမည်ကို သိလို့ရမလား…” ရန်ကိုင်က မေးလိုက်၏။
“ကောင်းကျန်း…”
လန်ရွှင်းက ရယ်သွမ်းသွေးရင်းမှ ဝင်ရောက်ရှင်းပြလိုက်လေ၏။ “စီနီယာအစ်ကိုကောင်းက ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်ရဲ့ တစ်ဦးတည်းသောတပည့်ပဲ… ပြောကြတာတော့ စီနီယာအစ်ကိုကောင်းက ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်ရဲ့ အမှန်တရားရှစ်သွယ်ကျမ်းကို ရထားတယ်တဲ့…”
ရန်ကိုင်က ချီးကျူးလိုက်လေ၏။ “ရောင်းရင်းကောင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ…”
မဟာဧကရာဇ်ဆယ်ပါးထဲတွင် ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သည် အားအကောင်းဆုံးမဟုတ်ပါသော်ငြား အသိပညာအကြွယ်ဝဆုံးဖြစ်ပေသည်။ ကောလဟာလများအရ ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များ ဖောက်ထွင်းကြည့်ရှုနိုင်ပြီး အတိတ်နှင့်အနာဂတ်များကို ဖောက်ထွင်းသိမြင်နိုင်သည်ဟု ပြောကြသည်။
ကောင်းကျန်းမှာ ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်၏ တစ်ဦးတည်းသောတပည့် ဖြစ်သည့်အတွက်ကြောင့် အလွန်ကိုမှ ပါရမီပါကာ ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်၏ အမွေကို ဆက်ခံမည်မှာ သေချာပေသည်။
ကောင်းကျန်းက နှိမ့်ချ၍ ပြန်ပြောလိုက်၏။ “ဂျူနီယာညီမ ငါ့ကို ချီးကျူးလွန်းနေပါပြီ… ငါကတော့ ငါ့ဆရာနဲ့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူး… ဆရာ့အဆင့်ကိုတောင် မရောက်နိုင်ဘူး ထင်တာပါပဲ…”
ရုတ်တရက် ကောင်းကျန်းသည် ရန်ကိုင်အား စိုက်ကြည့်၍ ပြောလိုက်လေ၏။ “ရောင်းရင်းရန် သတိထား…”
ရန်ကိုင် မျက်မှောင်ကျုံ့သွားလေ၏။ “ဘာကိုသတိထားရမှာလဲ…”
အစောပိုင်းကစကားကို ပြောပြီးသည့်နောက် ကောင်းကျန်းမှာ ပါးစပ်လည်းပိတ် မျက်လုံးလည်း ပြန်ပိတ်သွားခဲ့ပြီး ထိုင်နေသည့်နေရာတွင်သာ အိပ်ပျော်သွားသည့်ပမာ မလှုပ်မယှက် ထိုင်နေတော့လေ၏။
ရန်ကိုင် ဇဝေဇဝါဖြစ်သွားပြီး လန်ရွှင်းဘက်သို့ လှမ်းကြည့်လိုက်ပါသော်ငြား လန်ရွှင်းမှာလည်း သူမကိုယ်တိုင်လည်းမသိကြောင်း ပြန်ပြောလာခဲ့သည်။ သူမသိသလောက် ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သည်လည်း ယခုကဲ့သို့သာ ဖြစ်သည်။ ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သည် တစ်ခါတစ်ခါ နားလည်ရခက်သည့် စကားများကို ပြောလေ့ရှိသည်။ သူပြောသွားခဲ့သည့်စကားများကို နောက်မှသာ သေသေချာချာ သိရလေ့ရှိ၏။
မဟာဧကရာဇ်ပေါင်းများစွာသည် ငယ်ရွယ်စဉ်အခါက ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်၏ သတိပေးမှုကြောင့် အမျိုးမျိုးသောအန္တရာယ်များမှ အသက်ရှင်လျက် လွတ်မြောက်ခဲ့ဖူးပေသည်။
ကောင်းကျန်းသည် ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်၏ တပည့်ဖြစ်သည့်အတွက်ကြောင့် ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်၏အမွေကို ရရှိထားမည်ဖြစ်လေရာ ရန်ကိုင်အား ယခုကဲ့သို့ ရုတ်တရက်ကြီးသတိပေးလာသည်ကိုကြည့်လျှင် ရန်ကိုင်သည် မနှောင်းသောအနာဂတ်တွင် အန္တရာယ်တစ်ခုခုနှင့် ကြုံရတော့မည့် ဖြစ်သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထိုကဲ့သို့စဉ်းစားမိလိုက်သော် လန်ရွှင်းမှာ ရန်ကိုင်အား သတိထားရန် ပြောလိုက်လေ၏။
ရန်ကိုင်ကမူ ယဲ့ယဲ့လေးပြုံးရင်းဖြင့်သာ ပြန်ပြောလိုက်သည်။ “လာရင်လည်း လာပါစေပေါ့…”
ကောင်းကျန်းပြောသွားသည်မှာ သတိပေးချက်တစ်ခုသာဖြစ်ပြီး အခြားမည်သည့်အသေးစိတ်အချက်အလက်မှ ပါဝင်မနေခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်လုပ်နိုင်သည်မှာတော့ ရှေ့ဆက်ရုံသာ ရှိပေသည်။ ဘာမှန်းမသိရသော အန္တရာယ်တစ်ခုခုအား ကြိုတွေးရင်း စိတ်ပူနေခြင်းသည် သူ၏လုပ်ဆောင်မှုများကို နှောင့်နှေးစေနိုင်ပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်လည်း အန္တရာယ်လာလျှင်လည်း လာပါစေ ရင်ဆိုင်တွေ့မည်ဟုသာ ဆုံးဖြတ်ထားလိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် နောက်ဆုံးအမျိုးသမီးကိုကြည့်၍ မေးလိုက်လေ၏။ “ဒီတစ်ယောက်က စီနီယာပန်းအရိပ်ရဲ့တပည့်ပေါ့…”
လန်ရွှင်း အံ့အားသင့်သွားလေ၏။ “စီနီယာအစ်ကိုရန် ဘယ်လိုသိတာလဲ… စီနီယာအစ်မလီကို အရင်တုန်းက တွေ့ဖူးတာလား…”
ရန်ကိုင်က ခေါင်းခါ၍ ပြန်ရှင်းပြလိုက်သည်။ “မတွေ့ဖူးဘူး… ဒါပေမယ့် ဒီကိုလာတုန်းက လူတွေပျောက်သွားတယ်ဆိုတာကို သိထားတယ်လေ… အခုပျောက်သွားတဲ့အရေအတွက်နဲ့ ဒီမှာရှိနေတဲ့အရေအတွက်က တူတူပဲ… ဒီတော့ နောက်ဆုံးတစ်ယောက်က ဘယ်သူလဲဆိုတာကို ခန့်မှန်းဖို့ မခက်တော့ဘူးပေါ့…”
“အဲ့လိုကိုး…” လန်ရွှင်း ခေါင်းတညိတ်ညိတ်ဖြစ်သွားခဲ့ပြီး ရုတ်တရက် ပြုံးကာ စနောက်လိုက်လေသည်။ “စီနီယာအစ်ကိုရန်… စီနီယာအစ်မလီက အရမ်းလှတယ်နော်… အစ်ကိုရန် သူ့မျက်နှာကို မမြင်ချင်ဘူးလား… အခု သူမိန်းမောနေတုန်းက မျက်နှာလွှားဇာကို ဖယ်ပြီးတော့ ကြည့်ကြည့်လို့ရတယ်… ဒီအခွင့်အရေးကိုသာ လက်လွတ်သွားမယ်ဆိုရင် အစ်ကိုရန် အခုလိုအခွင့်အရေးမျိုကို နောက်တစ်ကြိမ်ရတော့မှာ မဟုတ်တော့ဘူးနော်…”
ရန်ကိုင်က ရယ်မော၍ “ဂျူနီယာညီမလန်လည်း လှတာပဲဟာကို… သူ့မျက်နှာကိုမြင်ချင်ရုံနဲ့ အခုလိုမျိုးတွေ လုပ်နေစရာလား…”
လန်ရွှင်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “စီနီယာအစ်ကိုရန် အဲ့လိုမျိုးမပြောနဲ့လေ… ရွှင်းအာက ကိုယ့်ရုပ်ရည်ကို ယုံကြည်ချက်ရှိတယ်ဆိုပေမယ့် စီနီယာအစ်မလီက ပိုလှတယ်နော်…”
လန်ရွှင်းက ထိုကဲ့သို့ ပြောလာသည်ကိုကြားသော် ရန်ကိုင် အနည်းငယ်စိတ်ဝင်စားသွားသည်။ လန်ရွှင်းကိုယ်တိုင်မှာလည်း အလွန်တရာကိုမှ လှပလှသည့် မိန်းမချောလေးတစ်ဦး ဖြစ်ပါသော်ငြား စီနီယာအစ်မလီသည် သူမထက် ပိုမိုလှပသည်ဟု ဝန်ခံလာသည်ကိုကြည့်လျှင် ရန်ကိုင်သိချင်စိတ်ဖြစ်မိသည်မှာလည်း အဆန်းတော့မဟုတ်။
သို့ပါသော်ငြား သိချင်စိတ်ဖြစ်မိသည်မှာ သိချင်စိတ်ဖြစ်မိရုံသာ ဖြစ်လေသည်။ တစ်ဖက်လူ၏မျက်နှာကို မြင်ချင်ရုံလေးအတွက်ဖြင့် ခွင့်ပြုချက်မရဘဲ တစ်ဖက်လူ၏မျက်နှာလွှားဇာကို သွားဖယ်လိမ့်မည်မဟုတ်။ ရန်ကိုင်သာ ထိုကဲ့သို့လုပ်မိလိုက်မည်ဆိုလျှင် တဏှာရူးတစ်ယောက်နှင့် ခြားတော့လိမ့်မည်မဟုတ်ပေ။
ထို့အပြင် အခြားသူများကလည်း သူ့အား ကြည့်နေပေသေးသည်။
ရန်ကိုင်မှာ ခေါင်းတခါခါဖြင့် အခြားသူများအား ကူညီပေးခဲ့သည့်ပုံစံအတိုင်း ထိုအမျိုးသမီး၏ နဖူးကို ထိလိုက်သည်။
ရန်ကိုင်ဆီမှ ကောင်းကင်စိတ်အာရုံနှင့် ဧကရာဇ်ချီလှိုင်းတို့ ဖြာထွက်လာခဲ့လေ၏။
တစ်ခဏအကြာ၌ အမျိုးသမီး၏ခန္ဓာကိုယ် မသိမသာလေး တုန်တက်သွားခဲ့သည်။ မျက်တောင်လေးများ တဖျတ်ဖျတ် ခပ်လာခဲ့ပြီးသည့်နောက် သူမ၏မျက်လုံး ရုတ်တရက် ပွင့်လာခဲ့လေသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်သည် အလွန်ကိုမှ ထူးဆန်းသည့်ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုအမျိုးသမီး၏မျက်လုံးများမှာ ကြယ်ရောင်ပမာလင်းလက်တောက်ပနေလေရာ အလွန်တရာကိုမှ ထူးဆန်းနေခဲ့သည်။ ထိုမျက်လုံးကို စိုက်ကြည့်နေရင်းမှ သူ့ဝိဉာဉ်တစ်ခုလုံး ထိုမျက်လုံးထဲသို့ စုပ်ယူခံလိုက်ရတော့မည့်အလား။ သူ့အနေဖြင့် ထိုအမျိုးသမီးအတွက် သေရမည်ဆိုလျှင်ပင် အသေခံနိုင်သည့်ပမာ ခံစားလာရသည်။
တစ်ချိန်တည်းတွင်လည်း သူ့အတွေးသူ ပြန်သတိထားမိလိုက်သည့်အခိုက် ရန်ကိုင်၏ရင်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့သည်။ သို့ပါသော်ငြား ချက်ချင်းဆိုသလို တစ်ဖက်လူ၏မျက်လုံးများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီး ရန်ကိုင်ခံစားနေရသော မမြင်နိုင်သည့်စွမ်းအားမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါမှသာလျှင် ရန်ကိုင်မှာ ထိုထူးခြားနေသည့်အခြေအနေမှ ပြန်လည် ရုန်းထွက်လာနိုင်ခဲ့လေ၏။ ရန်ကိုင် စိတ်အေးသွားရစဉ်မှာပင် အရေးကြီးသည့်တစ်ခုခုအား ဆုံးရှုံးလိုက်ရသကဲ့သို့ ထူးဆန်းသည့် ခံစားချက်တစ်မျိုးကို ရလိုက်လေသည်။