အခန်း (၃၃၇၇-၃၃၈၀)
Vol. 148 Ch. 3377-3380
အပိုင်း (၃၃၇၇)
ဘာသာပြန်သူ_တိမ်တိုက်
လန်ရွှင်း၏ အသံကို ကြားလိုက်ရသည့်နောက် လမင်းမဟာဧကရာဇ်သည်လည်း ဤနေရာတွင် ရောက်နေကြောင်းကို လူတိုင်း သဘောပေါက်သွားကြသည်။
ဤသည်မှာ ရန်ကိုင် ရထားသည့် သတင်းနှင့် တူပေသည်။ လန်ရွှင်းတို့ အဖမ်းခံထားရသည့် နေရာ အကြောင်းကို လမင်းမဟာဧကရာဇ်ဆီမှတစ်ဆင့် ကြယ်ဝိညာဉ်နန်းတော်က သိခဲ့ရခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် မဟာဧကရာဇ်သည်လည်း ဤနေရာထဲသို့ ဝင်လာလေမလား သူတို့ တွေးခဲ့ကြပေသေးသည်။ ယခု ကြည့်ရသလောက် မဟာဧကရာဇ်သည်လည်း ဤအထဲသို့ ရောက်နေသည့်ပုံပင်။
ကောင်းကင်အထက်တွင် ဟီးလေးခိုနေသော လပြည့်ဝန်းသည် အကောင်းဆုံးသော သက်သေ ဖြစ်ပေသည်။
တစ်နည်းဆိုရသော် ဤထူးဆန်းသော ကမ္ဘာကြီးထဲ မဟာဧကရာဇ် သုံးပါး ရှိနေသည်ဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။
လမင်းမဟာဧကရာဇ်နှင့် ညအရိပ်မဟာဧကရာဇ်တို့ ပြိုင်တူ ဖြစ်နေကြသည်မှာ သေချာပါသော်ငြား သံမဏိသွေးမဟာဧကရာဇ် မည်သည့်ဘက်တွင် ရှိနေသလဲဆိုသည်ကိုတော့ ပြောရခက်လှသည်။ သို့ပါသော်ငြား အခြေအနေအရ သံမဏိသွေးမဟာဧကရာဇ်သည် လမင်းမဟာဧကရာဇ်ဘက်မှ ရှိနေသည်မှာ ပို၍ ဖြစ်နိုင်ခြေ များပေသည်။
ကောင်းကင်အထက်ဝယ် အမှောင်ထုနှင့် အလင်းရောင်မှာ အပြန်အလှန် အားပြိုင်နေကြသည်။
နှစ်ဦးတည်းသာ အတူ တိုက်ခိုက်နေကြမည်ဆိုလျှင် မည်သူပို၍ အားကောင်းသလဲဆိုသည်ကို ပြောရခက်လှပါသော်ငြား လက်ရှိ အခိုက်အတန့်တွင် သံမဏိသွေးမဟာဧကရာဇ်မှာ လမင်းမဟာဧကရာဇ်ဘက်မှ ဖြစ်နေသည့်အတွက်ကြောင့်လား မသိ။ အမှောင်ထုမှာ တဖြည်းဖြည်းနှင့် အောက်ဆီသို့ ရောက်နေခဲ့လေသည်။ အမှောင်ထုသည် အလင်းရောင်၏ တစ်စတစ်စနှင့် ဖိနှိပ်ခြင်းကို ခံနေရလေ၏။
ရန်ကိုင်နှင့် အခြားသူများမှာ ထိုမြင်ကွင်းအား အလေးအနက် အမူအရာဖြင့် လှမ်းကြည့်နေကြချိန် ယုရုမန်မှာတော့ အေးအေးဆေးဆေးသာ ရှိနေလေသည်။
မဟာဧကရာဇ်များ ဘာကြောင့် တိုက်ခိုက်နေရသလဲဆိုသည်ကို သူတို့ သိကြပေသည်။
သူတို့၏ တပည့်များ မျိုးဆက်များသည်သာ ပြန်ပေးဆွဲခံရမည်ဆိုပါက ယခုကဲ့သို့ ဖြစ်လာမည်မှာ သဘာဝသာ ဖြစ်လေသည်။ တကယ်တော့ မဟာဧကရာဇ်များအကြား တိုက်ပွဲသည် သာမန် ပေါ့သေးသေး ကိစ္စတစ်ခုမှ မဟုတ်လေဘဲ။ ဤအဖြစ်အပျက်သည် ကြယ်တာရာအစုအဝေး တစ်ခုလုံးကို ဂယက်ရိုက်သွားစေပေလိမ့်မည်။ လန်ရွှင်းနှင့် အခြားသူများမှာ ဖမ်းဆီးခံရခြင်းသာ ရှိပြီး မည်သည့်ဒဏ်ရာမျှ ရမသွားပါသော်ငြား သူတို့ အဖမ်းခံလိုက်ရသည့် ကိစ္စသည် မဟာဧကရာဇ်များအကြား ရန်ငြိုးရန်စများကို ပေါက်ကွဲထွက်သွားစေခဲ့လေသည်။
မဟာဧကရာဇ်များ အချင်းချင်း တိုက်ခိုက်နေရာမှ ထွက်ပေါ်လာသည့် အားလှိုင်းများသည် အလွန်ဝေးကွာသည့် နေရာများသို့ပင် ရိုက်ခတ်လာနေခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်းမှ ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်း၍ ပြောလိုက်လေ၏။ "ကဲ၊ ငါတို့ သွားကြရအောင်"
ထိုအခါမှသာလျှင် လန်ရွှင်း အသိပြန်ဝင်လာခဲ့ပြီး ရန်ကိုင်ကို ကြည့်၍ မေးလိုက်လေ၏။ "ဒါပေမဲ့ ဘယ်ဘက်ကို သွားရမှာလဲ"
ရန်ကိုင်မှာလည်း ဘယ်ဘက်သွားလို့ သွားရမှန်း မသိသည့် အတွက်ကြောင့် ကောင်းကျွမ်းဘက်သို့ လှည့်၍သာ မေးလိုက်လေသည်။ "ရောင်းရင်းကောင်း၊ တစ်ချက်လောက် ပြောပြပေးလို့ ရဦးမလား"
ကောင်းကျွမ်း၏ အရည်အချင်းအကြောင်းကို ရန်ကိုင် သိပြီးလေပြီ။ ကောင်းကျွမ်းသည် ယုရုမန် ရှိနေသည့် နေရာကိုပင်လျှင် ညွှန်ပြနိုင်ခဲ့လေရာ ထွက်ပေါက် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကိုလည်း ညွှန်ပြနိုင်လောက်ပေသည်။
သို့ပါသော်ငြား ရန်ကိုင် မထင်ထားသကဲ့သို့ ဖြစ်လာခဲ့လေ၏။ ကောင်းကျွမ်းက ဖြည်းဖြည်းချင်း ခေါင်းခါလျက်... "ငါ မပြောတတ်ဘူး"
ထိုအခါ ရန်ကိုင်သည် ယုရုမန်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ကောင်းကျွမ်းကို အားကိုး၍ မရလျှင် ယုရုမန်ကို အားကိုးရုံသာ ရှိတော့သည်။ ယုရုမန်သည် ဤနေရာအကြောင်းကို အခြား မည်သူထက်မဆို ပို၍ သိထား၏။ သို့ပါသော်ငြား ရန်ကိုင် မည်မျှပင် မေးနေစေကာမူ ယုရုမန်သည် ဘာမျှပြန်မပြောခဲ့ပေ။
အကြည့်ချင်းဆုံသွားသည့်အခိုက် ယုရုမန်က ထူးမခြားနားဟန်ဖြင့် ပြန်၍ မေးလိုက်၏။ "အစ်ကိုရန် ဘာဖြစ်လို့ ကျွန်မကို ကြည့်နေတာလဲ၊ ရှီချင်း ဘာမှမသိဘူးနော်"
[ခွေးမ] ယုရုမန် တစ်ခုခု သိထားမှန်း ရန်ကိုင် ကျိန်းသေ သိနေပေသည်။ သို့ပါသော်လည်း ယုရုမန်မှာ လီရှီချင်း အယောင်ဆောင်ထားသည့်အတွက်ကြောင့် လုံးဝကို မသိချင်ယောင်ဆောင်နေလေ၏။ စိတ်ညစ်ညစ်နှင့် ရန်ကိုင်မှာ သူတို့ အရှေ့တွင် ရှိနေသည့် လီရှီချင်းသည် ယုရုမန် အယောင်ဆောင်ထားသည့်လူ ဖြစ်ကြောင်း ပြောပြလိုက်ချင်ပါသော်လည်း အဆုံးတွင်တော့ မပြောနိုင်ခဲ့ဘဲ ပြန်၍သာ ပြောလိုက်လေ၏။ "ငါတို့အကုန်လုံး ဒီမှာ သေသွားနိုင်တယ်နော်၊ ဒီတော့ တစ်ခုခု သိထားရင် ကျေးဇူးပြုပြီးပြော"
ယုရုမန်က ဖြည်းဖြည်းချင်း ခေါင်းခါလျက်... "အစ်ကိုရန် ဘာဖြစ်လို့ ကျွန်မကို လာမေးနေတာလဲ၊ ရှီချင်း အဖမ်းခံရပြီးကတည်းက တောက်လျှောက်ကို အိပ်နေတာ၊ အခုလေးတင်မှ ပြန်နိုးလာတာ၊ ဒီနေရာအကြောင်းကို ဘယ်လိုလုပ်ပြီးတော့ သိရမှာလဲ"
လန်ရွှင်းကလည်း ဝင်ပြောလိုက်၏။ "စီနီယာအစ်ကိုရန် ကျေးဇူးပြုပြီးတော့ စီနီယာအစ်မလီကို သွားပြီးတော့ ဖိအား မပေးပါတော့နဲ့၊ သူလည်း တကယ် ဘာမှ မသိလောက်ဘူး"
[နင်တို့သာ မသိတာဟဲ့] ရန်ကိုင် စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လိုက်သည်။
ယခုကဲ့သို့ ဖြစ်လာသည့်အတွက်ကြောင့် ရန်ကိုင်လည်း ဘာမျှ မတတ်နိုင်တော့ဘဲ ကံတရားကိုသာ မျက်စိစုံမှိတ် လက်ခံ၍ ပြန်ပြောလိုက်လေသည်။ "အဲဒါဆိုရင်တော့ ကံကိုပဲ အားကိုးရတော့မှာပေါ့၊ ကံကောင်းရင် ငါတို့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မယ်၊ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့" တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်ပြောလိုက်သည်။ "အကုန်လုံး ဒီမှာ သေသွားရလိမ့်မယ်"
ထိုသို့ ပြောပြီးသည့်နောက် ယုရုမန်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ယုရုမန်ကမူ ပြောင်ချော်ချော် အမူအရာလေးဖြင့် ရန်ကိုင်အား ပြုံးကာ ပြန်ကြည့်နေလေ၏။
မဟာဧကရာဇ်များအကြားရှိ တိုက်ပွဲမှာ ပိုပို၍ ပြင်းထန်လာနေခဲ့လေပြီ။ ထိုအကြောင်းကြောင့် သီးခြားကမ္ဘာကြီး ပျက်စီးတော့မည့် အရိပ်အယောင်များဟာလည်း ပိုပို၍ သိသာလာနေခဲ့သည်။
ယခုကဲ့သို့သော နေရာမျိုးတွင် လူတိုင်းမှာ အချိန်အကြာကြီး မနေရဲကြသည့်အတွက်ကြောင့် မြန်နိုင်သမျှ မြန်မြန် လှုပ်ရှားနေကြလေသည်။
မကြာမီမှာပင် ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ခေါင်းမော့၍ အရှေ့တည့်တည့်သို့ လှမ်း၍ ကြည့်လိုက်လေ၏။
"ဘာဖြစ်လို့လဲ" ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သော် လန်ရွှင်းက မေးလိုက်သည်။
"အရှေ့မှာ လူရှိနေတယ်" ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ဖြန့်ကျက်စစ်ဆေးရင်းမှ ပြောလိုက်သည်။ "ကြယ်ဝိညာဉ်နန်းတော်က လူတွေပဲ"
"အကြီးအကဲရွှယ်နဲ့ အခြားသူတွေလား" လန်ရွှင်း စိတ်အားတက်ကြွသွားခဲ့သည်။
ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ရန်ကိုင်သည် အရှိန်ကုန်တင်တော့လေသည်။
တစ်ဖက်အဖွဲ့သည်လည်း ရန်ကိုင်တို့အား သတိထားမိပုံပေါ်ကာ ရန်ကိုင်တို့ဆီသို့ အရှိန်ကုန်တင်ကာ ပြေးလာနေသည်။ မကြာမီ နှစ်ဖက်အဖွဲ့ ဆုံသွားကြ၏။
"မင်းသမီး" လန်ရွှင်းကို မြင်လိုက်သည့်နောက် ရွှယ်ကျွင်းမောင် ဝမ်းသာသွားခဲ့သည်။ ချက်ချင်းပဲ အလျင်စလို ရပ်၍ လန်ရွှင်း အခြေအနေကို မေးမြန်းကြည့်လေ၏။ ထို့နောက်တွင် လန်ရွှင်း ဒဏ်ရာ ရထား မရထား စစ်ဆေးကြည့်လေသည်။ အကုန်လုံး အဆင်ပြေကြောင်း သိသွားသည့်အခါမှသာလျှင် သက်ပြင်းချနိုင်သွားခဲ့သည်။
ရှောင်ယုယန်သည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး မေးလိုက်လေ၏။ "မင်း သူတို့ကို ဘယ်လိုရှာတွေ့တာလဲ"
ရန်ကိုင်က မျက်မှောင်ကြုတ်၍... "ကျုပ်လည်း မသိဘူး၊ တစ်ယောက်ယောက် ကျုပ်ကို မျှားခေါ်သွားတာ၊ ကျုပ် အဲဒီနေရာကို ရောက်တဲ့အချိန် အကုန်လုံးက ညှို့ဓာတ်မိနေသလိုပဲ အိပ်ပျော်နေကြတာ"
"တစ်ယောက်ယောက် မင်းကို မျှားခေါ်သွားတာ" ရှောင်ယုယန် ကြောင်သွားခဲ့သည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ အခုကြည့်ရသလောက်တော့ ကျုပ်ကို မျှားခေါ်သွားတဲ့ လူက စီနီယာလမင်း မဟုတ်ရင် စီနီယာသံမဏိသွေးပဲ၊ မဟုတ်ရင် ကျုပ်သူတို့ကို ကိုယ့်ဘာသာကိုယ် ရှာလို့တွေ့မှာ မဟုတ်ဘူး"
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရှောင်ယုယန်က ခေါင်းညိတ်လိုက်လေ၏။ "အဲဒါတော့ ဖြစ်နိုင်တယ်"
လမင်းမဟာဧကရာဇ် သို့မဟုတ် သံမဏိသွေးမဟာဧကရာဇ်သည် လန်ရွှင်းတို့ အဖွဲ့ကို ရှာတွေ့သွားရပေလိမ့်မည်။ သို့ပါသော်ငြား သူတို့တွင် လုပ်စရာကိစ္စများ ရှိနေသေးသည့်အတွက်ကြောင့် လန်ရွှင်းတို့အား အတူခေါ်သွားဖို့ အဆင်မပြေလေရာ ရန်ကိုင် လက်ထဲကိုသာ ထိုဂျူနီယာများကို ထည့်ပေးလိုက်ရတော့သည်။
"အကြီးအကဲရှောင် ကျုပ် ခင်ဗျားကို ပြောစရာတစ်ခု ရှိတယ်" ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည်။
"ဘာပြောမလို့လဲ" ရှောင်ယုယန်နှင့် ကြယ်ဝိညာဉ်နန်းတော်မှ အဖွဲ့သားအားလုံး ရန်ကိုင်အား လှည့်ကြည့်လာခဲ့သည်။
ရန်ကိုင်၏ နှုတ်ခမ်းမှာ လှုပ်စိလှုပ်စိ ဖြစ်သွားခဲ့ပြီးသည့်နောက် နောက်ဆုံးတွင် ပြောလိုက်လေသည်။ "ကျုပ်တို့ ဒီနေရာကနေ မြန်မြန်ထွက်သွားမှ ရလိမ့်မယ်၊ ကျုပ်ထင်တာ မှန်ရင်တော့ စီနီယာတွေသာ ဒီအတိုင်းဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ဒီသီးခြားကမ္ဘာကြီး မကြာခင် ပြိုကျသွားလိမ့်မယ်"
[ဒီအကြောင်း ဖြစ်နေတာကိုး] ရှောင်ယုယန်မှာ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင် ဖြစ်သွားခဲ့ရသည်။ ထိုအကြောင်းကိုမူ ရန်ကိုင် မပြောလျှင်ပင် သူတို့အားလုံး သိနေပေသည်။
ရွှယ်ကျွင်းမောင်က ဝင်၍ ပြောလိုက်၏။ "ငါတို့လည်း ထွက်ပေါက်ကို ရှာနေတာ၊ ဒါပေမဲ့ ဘယ်လိုမှ ရှာလို့မတွေ့ဘူး၊ မင်း ဘာသဲလွန်စတွေ ရထားလဲ"
ရန်ကိုင် ခေါင်းခါပြလိုက်၏။
ထိုအချင်းအရာကို မြင်သော် အကုန်လုံး၏ မျက်နှာ သုန်မှုန်သွားခဲ့ကြသည်။ သူတို့သည်လည်း ဘာဆိုဘာမျှ ရှာမတွေ့ခဲ့ပေ။ ရန်ကိုင်သည်ပင်လျှင် ဘာကိုမျှ မတွေ့ခဲ့သည့်နောက် သူတို့အနေဖြင့် ဤနေရာမှ မည်ကဲ့သို့များ ထွက်သွားရပါတော့မည်နည်း။
ရှောင်ယုယန်က မေးလိုက်သည်။ "မင်းက လေဟာနယ်တာအိုမှာ ကျွမ်းကျင်တယ်မလား၊ ဒီတော့ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီးတော့ ထွက်သွားလို့ မရဘူးလား"
ရန်ကိုင်က ခေါင်းခါပြလိုက်သည်။ "အဲဒီလိုမျိုးကတော့ မဖြစ်နိုင်ဘူး၊ ကျုပ်တို့ အခုရှိနေတဲ့ နေရာက သီးခြားကမ္ဘာတစ်ခုပဲ၊ ဒီတော့ ဒီနေရာနဲ့ ကြယ်တာရာအစုအဝေးကြားမှာ ကမ္ဘာအတားအဆီးတွေ ရှိနိုင်တယ်၊ ကျုပ်ရဲ့ အခု ကျွမ်းကျင်မှုလောက်နဲ့တော့ အဲဒီကမ္ဘာအတားအဆီးကို ဖျက်ဆီးနိုင်ပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်ခဲ့မယ်ဆိုရင်တောင် ကြယ်တာရာအစုအဝေးကိုတော့ ပြန်သွားနိုင်မှာ မဟုတ်ဘူး၊ အခြား တစ်နေရာရာကိုပဲ ရောက်သွားမှာ"
ရွှယ်ကျွင်းမောင်က သူ့ကံကြမ္မာကို လက်ခံလိုက်ဟန်ဖြင့်... "အဲဒီလိုဆိုရင်တော့ ဖြည်းဖြည်းချင်းပဲ ရှာရတော့မှာပေါ့၊ ဝင်တုန်းကတောင် ဝင်လာနိုင်သေးတာပဲ၊ ဘာဖြစ်လို့ ပြန်မထွက်သွားနိုင်ရမှာလဲ" ထို့နောက် သူ၏ လေသံမှာ ရုတ်ချည်း တည်ကြည်သွားခဲ့ပြီးသည့်နောက် ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်းမှ ပြောလိုက်လေ၏။ "ငါတို့ ထွက်ပေါက်ကို အချိန်မီ ရှာတွေ့နိုင်ဖို့ပဲ မျှော်လင့်ရမယ်"
ထို့နောက် လက်ဝှေ့ယမ်း၍ ပြောလိုက်လေ၏။ "သွားကြရအောင်"
ထိုသို့ဖြင့် ကျန်သူများသည် ရွှယ်ကျွင်းမောင် အနောက်မှ အလျင်စလို ပြေးလိုက်သွားကြသည်။
ယုရုမန်ကမူ တမင်တကာ အနောက်တွင် ကျန်ရစ်လျက် ရန်ကိုင်နှင့် ပခုံးချင်းယှဉ်ကာ ပျံသန်းနေခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်ကို ပြောလိုက်လေ၏။ "ခုနတုန်းက ငါ့ကို ဖော်ဖို့ လုပ်လိုက်တာမလား"
ရန်ကိုင်သည် ရွှယ်ကျွင်းမောင်ကို စောင့်ကြည့်၍ ပြန်မေးလိုက်သည်။ "အဲဒီတော့ ဘာဖြစ်လဲ"
ယုရုမန်သည် ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်လေသည်။ "အဲဒါဆို ဘာဖြစ်လို့ မပြောလိုက်တာလဲ"
"နင့်အပူ မပါဘူး" ရန်ကိုင်က ခါးသက်သက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
"ငါသိပါတယ်၊ နင် ငါဒုက္ခရောက်မှာကို မမြင်ရက်လို့မလား" ယုရုမန်၏ အပြုံး ပို၍ပင် ပီပြင်လာခဲ့လေသည်။
ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက်... "ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မလား မထွက်သွားနိုင်မလားဆိုတာကို မသေချာလို့ ဘာမှမပြောသေးတာ၊ အပြင်ကိုသာ ထွက်နိုင်မယ်ဆိုရင် ငါနင့်အကြောင်းကို ကျိန်းသေ ထုတ်ပြောမှာ"
ယုရုမန်က ပြန်၍ ပြောလိုက်လေသည်။ "အဲဒီအခါကျမှ ဝမ်းနည်းမနေနဲ့နော်"
"အိပ်မက်သာ မက်နေလိုက်" ရန်ကိုင်မှာ ဒေါမာန်တကြီးဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် ချက်ချင်း အရှိန်တင်လေသည်။
ယုရုမန်ကမူ ရန်ကိုင်၏ ကျောပြင်အား ဝမ်းသာအားရ အမူအရာဖြင့် ကြည့်နေခဲ့ပြီး ရန်ကိုင် အနောက်မှ ဇိမ်ပြေနပြေ ပြေးလိုက်သွားလေ၏။
အချိန်မှာ တရွေ့ရွေ့ဖြင့် ကုန်ဆုံးနေခဲ့လေရာ တစ်ရက်နှင့်တစ်ည ကြာပြီးသည့်နောက်တွင် လူတိုင်းမှာ စတင်၍ စိတ်ဂနာမငြိမ် ဖြစ်လာကြလေသည်။ အကြောင်းမှာ ယခုအချိန်ထိတိုင် ထွက်ပေါက်ကို ရှာမတွေ့သေးသည့်အတွက်ကြောင့်ပင်။
မဟာဧကရာဇ်များအကြား တိုက်ပွဲမှာမူ တစ်ချက်ကလေးမျှပင် ရပ်တန့်သွားခဲ့ခြင်း မရှိဘဲ တရစပ် ပေါက်ကွဲသံများ ညံမစဲအောင် ထွက်ပေါ်နေခဲ့သည်။ မဟာဧကရာဇ်များ၏ တိုက်ကွက်နှင့်အတူ အက်ကြောင်းများမှာလည်း နေရာအနှံ့ ထွက်ပေါ်လာနေခဲ့လေ၏။
ယခုအချိန်တွင်တော့ ရန်ကိုင်သည် အရှေ့မှ ဦးဆောင်၍ သွားနေခဲ့လေသည်။ ဤသို့ သွားနေရသည့် အကြောင်းအရင်းမှာလည်း ဟင်းလင်းပြင်အက်ကြောင်းများနှင့် ပြည့်နေသည့် ယခုကဲ့သို့သော နေရာမျိုးတွင် သူ၏ အကူအညီသာ မပါလျှင် အခြားသူများအနေဖြင့် ဟင်းလင်းပြင်အက်ကြောင်းများနှင့် မတော်တဆ ဝင်တိုးနိုင်သည့်အတွက်ကြောင့်ပင်။
တစ်ခုသော အခိုက်အတန့်အရောက်ဝယ် မျက်စိကျိန်းမတတ် အလင်းတန်းတို့ ရုတ်တရက် ဖြာထွက်လာခဲ့သည်။
ရန်ကိုင်တို့ အဖွဲ့မှာလည်း အလိုလိုရပ်ပြီး လှမ်း၍ ကြည့်မိလိုက်၏။
ထို့နောက်တွင် ပိန်းပိန်းပိတ်အောင် နက်မှောင်သော အမှောင်ထုသည် ကောင်းကင်အထက်ရှိ လပြည့်ဝန်းမှ ထွက်ပေါ်လာနေသော အလင်းရောင်နှင့် မီးကုန်ယမ်းကုန် အားပြိုင်နေကြောင်းကို တွေ့ရှိလိုက်ရသည်။ တစ်ချိန်ထဲဝယ် နားပင်မတတ် ပေါက်ကွဲသံများ ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာခဲ့သည်။
မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာခဲ့ပြီး ဧရာမ အက်ကြောင်းကြီးများ နေရာအနှံ့ ထွက်ပေါ်လာခဲ့သည်။ ဟင်းလင်းပြင်မှာလည်း ကြေးမုံတစ်ချပ်ပမာ စတင်၍ ကွဲကြေလာခဲ့ပြီး ကောင်းကင်တစ်ခုလုံးမှာလည်း ပြိုကျပျက်စီးမည့် အရိပ်အယောင်များ ပြလာခဲ့သည်။
"မကောင်းတော့ဘူး" ရှောင်ယုယန် အလန့်တကြား ထအော်လေသည်။
သူတို့ ကြောက်နေရသည်မှာ အမှန် ဖြစ်လာခဲ့လေပြီ။ ဤလောကကြီးသည် မဟာဧကရာဇ်များအကြားရှိ တိုက်ပွဲဒဏ်ကို ဆက်၍ မတောင့်ခံနိုင်တော့သည့်အလား ပြိုကျပျက်စီးတော့မည့် အရိပ်အယောင်များ ပြနေခဲ့လေပြီ။
"ဒီကိုလာခဲ့" ရွှယ်ကျွင်းမောင်က အော်ပြောလိုက်သည်။ ယခုအချိန်တွင်တော့ ရွှယ်ကျွင်းမောင်မှာ ထွက်ပေါက်အား လိုက်ရှာနေလိုစိတ် မရှိတော့ပေ။ သူတို့ လုပ်နိုင်သည့် အရာမှာ အတူတကွ ပူးပေါင်း၍ ကြုံလာမည့် ဘေးကို ရင်ဆိုင်တွေ့ရန်သာ ရှိတော့သည်။ ကံကောင်းပါက သူတို့အနေဖြင့် အသက်ရှင်ကောင်း ရှင်နိုင်ပေလိမ့်မည်။
အကုန်လုံးမှာလည်း လက်ရှိအခြေအနေကို နားလည်ထားသည့်အလား အကြီးအကဲရွှယ် ဘေးနားတွင် စုဝေးလိုက်ကြသည်။ လူပေါင်း နှစ်ဆယ်ကျော်ဆီမှ ဧကရာဇ်ချီတို့ ဖြာထွက်လာခဲ့ပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်အား အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားခဲ့ကြလေသည်။
ရန်ကိုင်သည် ယုရုမန်အား လှမ်းကြည့်ရင်းမှ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မေးလိုက်လေသည်။ "နင် ငါတို့ အကုန်လုံး သေမှာကို ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာလား"
ယုရုမန်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ "အခြားသူတွေ သေသေမသေသေ ငါဘာလို့ ဂရုစိုက်နေရမှာလဲ၊ နင့်လို လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့လူက ဒီလိုနေရာမျိုးမှာ သေမှာမလို့လား"
"မိန်းမပျက်မ" ရန်ကိုင်က ဒေါမာန်တကြီးဖြင့် ထအော်ဆဲလေ၏။
ယုရုမန်မှာ တစ်ခဏမျှ မှင်တက်သွားပြီးသည့်နောက် အံကြိတ်ကာ ပြန်မေးလိုက်လေ၏။ "နင်ငါ့ကို ဘယ်လိုခေါ်လိုက်တာ"
"မိန်း မ ပျက် မ" ရန်ကိုင်က တစ်လုံးချင်းစီကို ထပ်အော်ခေါ်ပြလိုက်သည်။
နဂါးကလန်၏ ဒုတိယအကြီးအကဲကိုပင်လျှင် မျက်နှာချင်းဆိုင် အော်ဆဲရဲခဲ့လေရာ ယုရုမန်ကို ဘာကြောင့်များ မဆဲရဲရပါမည်နည်း။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၇၈)
ဘာသာပြန်သူ_တိမ်တိုက်
ယုရုမန်မှာ အမှန်တကယ်ကို ဒေါသူပုန်ထသွားခဲ့သည်။ သူမအား မည်သူမျှ ယခုကဲ့သို့ မပြောဆိုခဲ့ဖူးပေ။ ထိုအပြင် ထိုစကားကို ပြောလိုက်သည့် လူမှာလည်း ရန်ကိုင် ဖြစ်နေခဲ့သည်။ ယုရုမန် အံကို တင်းတင်းကြိတ်ရင်းမှ ပြောလိုက်လေသည်။ “ငါ နင်နဲ့တိုက်မယ်”
ရန်ကိုင်က လှောင်ပြုံး ပြုံးလေသည်။ “လုပ်လေ”
ယုရုမန်သည် လူရှေ့သူရှေ့၌ သူ့အား တိုက်ခိုက်ရဲလိမ့်မည်ဟု ရန်ကိုင် မထင်ပေ။ သူမသည်သာ ထိုကဲ့သို့ လုပ်လိုက်မည်ဆိုလျှင် သူမ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားပေလိမ့်မည်။ သူမတွင် ကြံစည်နေသေးသည့် အခြားသော အစီအစဉ်များ ရှိနေသေးသရွေ့ သူမ ကြိုးစားခဲ့ရသည့် အလုပ်ကို အလဟဿဖြစ်အောင် လုပ်လိမ့်မည် မဟုတ်။
ရန်ကိုင် ထိုကဲ့သို့ဖြစ်လိမ့်မည်ဟု အမှန်တကယ် ယုံကြည်ပေသည်။
သို့ပါသော်ငြား သူ မျှော်လင့်မထားသည်မှာတော့ သူ့ဘက်မှ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ယုရုမန်မှ သူ့အား လှောင်ပြုံးပြုံးကာ စိုက်ကြည့်လာခြင်းပင်။ ထို့နောက်တွင် ရန်ကိုင်၏ အသိစိတ်ပင်လယ်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားခဲ့ပြီး သူ့ခေါင်းတစ်ခုလုံး နှစ်ပိုင်း ကွဲတော့မတတ် တဆစ်ဆစ် ကိုက်ခဲလာခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ အလိုလိုည ည်းတွားမိလာပြီး သူ့တစ်ကိုယ်လုံးမှာ တုန်တုန်ယင်ယင် ဖြစ်သွားခဲ့လေသည်။
ရန်ကိုင်သာလျှင် မဟုတ်။ ယုရုမန်မှာလည်း ထိုကဲ့သို့ ဖြစ်နေခဲ့လေသည်။ ရန်ကိုင် ခံစားနေရသည့် နာကျင်မှုကို ယုရုမန်သည်လည်း ခံစားနေရသည်။ သူမ၏ နှင်းသားပမာ ဖြူဖွေးချောမွတ်လှသော နဖူးလေးထက် ချွေးသီးချွေးပေါက်များ ဝေ့သီလာတော့လေ၏။
အခြားသော အခြေအနေမျိုးတွင်သာဆိုလျှင်တော့ ရန်ကိုင်နှင့် ယုရုမန်တို့၏ အခြေအနေကို ကျန်သည့် လူအားလုံး သတိထားမိသွားကြပေလိမ့်မည်။ သို့ပါသော်ငြား လက်ရှိအချိန်တွင် အကုန်လုံးမှာ ဘေးပတ်ပတ်လည် ဟင်းလင်းပြင်အား အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားနေရသလို မဟာဧကရာဇ်များဆီမှ ထွက်ပေါ်လာသည့် အားလှိုင်းများကိုလည်း ကာကွယ်နေရသည့်အတွက်ကြောင့် အခြားသူများအပေါ် အာရုံစိုက်နေရန် အချိန်မရှိခဲ့ပေ။
ထိုအကြောင်းကြောင့် ရန်ကိုင်တို့ ပြောင်းလဲသွားသည့် အမူအရာများကို မည်သူမျှ သတိမထားမိလိုက်ကြချေ။
“နင် ဘာလုပ်လိုက်တာလဲ” ရန်ကိုင် အကြီးအကျယ်ကို ထိတ်လန့်သွားတော့သည်။ ယုရုမန် သူ့အား မည်ကဲ့သို့ တိုက်ခိုက်လို့ တိုက်ခိုက်လိုက်မှန်းကိုပင်လျှင် သူ သတိမထားမိလိုက်။ ထိုသို့ဖြစ်လေရာ သူ့ခေါင်းမှာ မည်ကဲ့သို့များ နှစ်ပိိုင်းကွဲထွက်လုမတတ် တဆစ်ဆစ် ကိုက်ခဲလာခဲ့ရလေသနည်း။
“ငါတို့ နှစ်ယောက် အတူတူ သေကြတာပေါ့” ယုရုမန်က အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။ သူမ လေသံကို ကြည့်ရသလောက် သူမသည်လည်း အတော်လေးကိုမှ နာကျင်နေရသည့်ပုံပင်။
“နင် ရူးနေတာလား” ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားတော့သည်။ [အခုအချိန်က နောက်ရမဲ့အချိန် မဟုတ်တာကို သူ မသိတာလား၊ ဒီမိန်းမ တကယ်ရူးနေတာလား]
“ငါ့ကို အဲလိုမျိုးဆဲဖို့ နင့်ကို ဘယ်သူပြောလဲ” ယုရုမန်သည် ရန်ကိုင်အား ခေါင်းမာမာဖြင့် စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။
“ငါ နင့်အပေါ် အဲလိုမျိုး ဆဲတယ်ဆိုရင် နင်လည်း ငါ့ကို ပြန်ဆဲလို့ရတာပဲဟာကို” ရန်ကိုင်မှာ ရယ်ရခက် ငိုရခက် ဖြစ်နေလေသည်။ “ဘာဖြစ်လို့ အခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ထိခိုက်ရတဲ့အထိ လုပ်နေရတာလဲ”
“ငါ နင်ပြန်တောင်းပန်တာ လိုချင်တယ်”
“သေတောင်မရဘူး”
“နင် ငါ့ကို ထပ်ဆဲချင်နေသေးတယ်ပေါ့ ဟုတ်လား” ယုရုမန်မှာ စိတ်ထိခိုက်သွားခြင်းပဲလား ဒေါသထွက်သွားခြင်းပဲလား မသိရ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းပြင်းထန်ထန်ကို တုန်ခါလာခဲ့လေသည်။ နောက်ဆုံးတွင်တော့ လန်ရွှင်းမှာ ယုရုမန်၏ ထူးဆန်းမှုကို သတိထားမိသွားခဲ့ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “စီနီယာအစ်မလီ၊ အဆင်ပြေရဲ့လား”
ယုရုမန်မှာ စကားတစ်ခွန်းမျှ မပြောဘဲ ခေါင်းသာခါပြလိုက်သည်။
ရန်ကိုင်က ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်လေ၏။ “နင် ပြောစရာရှိရင် နောက်မှပြော၊ အခု ပြဿနာမရှာနဲ့”
ယုရုမန်က အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ “ဘယ်သူမှ ငါ့ကို အခုလိုမျိုး မဆဲဘူး၊ ဘယ်သူမှလည်း ငါ့ကို အဲလိုမျိုး မပြောဘူး၊ နင် မတောင်းပန်သရွေ့ ငါတို့နှစ်ယောက်စလုံး ဒီမှာပဲ သေကြတာပေါ့”
ရန်ကိုင့်မှာ လုံးဝကို ဆွံ့အသွားတော့လေသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ရွေးစရာမရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်မှာ ပြန်၍ နှစ်သိမ့်ပေးလိုက်ရလေ၏။ “ကောင်းပြီ ကောင်းပြီ၊ ငါမှားသွားတယ် ဟုတ်ပြီလား၊ နောက်တစ်ခါ နင့်ကို အဲလိုမျိုး မဆဲတော့ဘူး” [လူတော်တစ်ယောက်ဆိုတာ အခြေအနေ အချိန်အခါကိုကြည့်ပြီး ပြုမူရတယ်၊ တောင်းပန်လိုက်လို့ ငါ အသားပဲ့ပါသွားတာမှ မဟုတ်တာ]
“နင် တကယ်ပြောတာနော်”
“ဟုတ်တယ်၊ ငါ တကယ်ပြောတာ”
ထိုအခါမှသာလျှင် ယုရုမန်သည် သူမ လုပ်နေသည့် အရာကို ရပ်တန့်လိုက်လေသည်။ တစ်ခဏမျှ တိတ်နေပြီးသည့်နောက် စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်လေသည်။ “နင် အဆင်ပြေရဲ့လား”
“အခုမှ လာမေးနေတာလား” ရန်ကိုင့်မှာ ယုရုမန်နှင့် ပတ်သက်၍ ဒေါသထွက်လို့ထွက်ရမှန်းပင် မသိတော့ပေ။ သို့ပါသော်ငြား ဤအမျိုးသမီး၏ စိတ်မှာ အလွန်ကိုမှ အပြောင်းအလဲ မြန်လွန်းလှသည်ဟုတော့ ခံစားနေမိလေသည်။
“ငါက စိတ်ဆတ်လို့ နောက်ပိုင်း ငါ့ကို အခုလိုမျိုး ဒေါသထွက်အောင် လာမလုပ်နဲ့” သူမ စိတ်အခြေအနေ ပြောင်းလဲသွားသည့်အတွက်ကြောင့်လား မသိရ။ ယုရုမန်မှာ အစောပိုင်းက သူမ လုပ်ခဲ့သည့်အရာနှင့် ပတ်သက်၍ အနည်းငယ် အပြစ်မကင်းသလို ခံစားနေရပြီး လေသံမှာလည်း အတော်လေးကိုမှ ပျော့သွားခဲ့လေသည်။
ရန်ကိုင်က မျက်စောင်းထိုးရင်းမှ ပြန်မေးလိုက်သည်။ “အဲဒါက နှလုံးသားစည်းတံဆိပ်ရဲ့ စွမ်းအားပေါ့”
ယုရုမန်မှာတော့ ဘာမျှပြန်မဖြေခဲ့ပေ။
ရန်ကိုင်မှာ ထပ်၍ မေးချင်နေပါသော်ငြား ယခုမူ မေးရန် နောက်ကျနေခဲ့လေပြီ။ သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စကားများနေစဥ် အတောအတွင်း ပတ်ဝန်းကျင် လောကတစ်ခုလုံးမှာ ပြိုကျပျက်စီးသွားခဲ့လေပြီ။ မြေပြင်နှင့် ဟင်းလင်းပြင်တစ်ခုလုံး တစ်စစီဖြစ်နေခဲ့ပြီး ထိုအစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည့် အရာအားလုံးမှာ ဘာမှန်းမသိရသော စွမ်းအားတစ်မျိုး၏ လွှမ်းမိုးမှုအောက်တွင် ဟင်းလင်းပြင် အနက်ပိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားနေကြလေသည်။
ဤသည်မှာ အကုန်လုံး ယခုကဲ့သို့သော ထူးဆန်းသည့် မြင်ကွင်းမျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ကြပြီး အကုန်လုံးမှာ ကြက်သီးမွေးညင်းကို ထနေကြလေသည်။
“ပြီးသွားပြီ”
ရွှယ်ကျွင်းမောင် သက်ပြင်းအရှည်ကြီးသာ ချလိုက်လေသည်။ ကြယ်ဝိညာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးဖြစ်သလို ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်ပါသော်ငြား ရွှယ်ကျွင်းမောင်မှာ သေရမည်ကို မကြောက်ပေ။ သို့ပါသော်ငြား လန်ရွှင်းသည် ဤနေရာ၌ ရှိနေလေ၏။ သူ သေသွားလျှင် အဆင်ပြေပါသော်ငြား လန်ရွှင်းပါ သေသွားရမည်ဆိုလျှင်တော့ ပြဿနာရှိသွားလေပြီ။
လန်ရွှင်းအပြင် ဤနေရာ၌ မဟာဧကရာဇ်များ၏ အခြားသော တပည့်များနှင့် မျိုးဆက်များလည်း ရှိနေပေသေးသည်။
အကုန်လုံး၏ မျက်နှာမှာ သုန်မှုန်နေခဲ့လေသည်။
ရန်ကိုင်မှာတော့ အဆင်ပြေပြေသာ ရှိနေလေ၏။ အခြေအနေမှာ အလွန်ကိုမှ အန္တရာယ်များသည်ဟု ပြောနေလင့်ကစား နောက်ဆုံး ပြေးမလွတ်မည့် အခြေအနေသို့ ရောက်လာခဲ့မည်ဆိုလျှင် သူ့အနေဖြင့် အကုန်လုံးအား လောကဓာတ်လုံးထဲသို့ ခေါ်ထည့်၍ ဤဟင်းလင်းပြင်ထဲမှ ထွက်ပြေးရန် ကြိုးစားနိုင်ပေသည်။ သူသည်သာ လုံလုံခြုံခြုံနှင့် ရှိနေသရွေ့ အကုန်လုံးသည်လည်း အဆင်ပြေနေပေလိမ့်မည်။
သာမန်အခြေအနေမျိုးတွင် ရန်ကိုင်သည် ဟင်းလင်းပြင်အက်ကြောင်းထဲမှ ကျိန်းသေ ထွက်ပြေးနိုင်သည်ဟု ယုံကြည်ချက်အပြည့် ရှိပေသည်။ သို့ပါသော်ငြား လက်ရှိအခိုက်အတန့်တွင် မဟာဧကရာဇ် သုံးပါးမှာ တိုက်ခိုက်နေကြသော် သီးခြားလောကကြီး တစ်ခုလုံးမှာလည်း ပြိုကျနေသည့်အတွက်ကြောင့် ယခုကဲ့သို့သော သူ မရင်းနှီးသည့် နေရာမျိုးမှ အသက်ရှင်လျက် ထွက်ပြေးနိုင်ပါလိမ့်မည်ဟု ရန်ကိုင်မှာ ကျိန်းသေ အာမမခံရဲပေ။ ထိုအကြောင်းကြောင့်ပင်လျှင် နောက်ဆုံး ရွေးစရာ မရှိသည့်အခါမှသာလျှင် ထွက်ပြေးရန် စဥ်းစားထားလေ၏။
မြေပြင်ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး လောကကြီး ပျက်စီးနေသည့် နှုန်းမှာလည်း တဖြည်းဖြည်းနှင့် မြန်ဆန်လာခဲ့သည်။ မြေစိုင်မြေသားများမှာ တဖြည်းဖြည်းနှင့် ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားနေခဲ့လေ၏။
တစ်နာရီခန့်ကြာသွားပြီးသည့်နောက် အကုန်လုံး၏ ဘေးပတ်ပတ်လည်၌ ဗလာနတ္ထိတို့သာ ရှိနေတော့သည်။ လက်ရှိ သူတို့ ရပ်နေသည့် နေရာမှာ တစ်ခုတည်းသော လုံခြုံသည့်နေရာ ဖြစ်နေခဲ့လေပြီ။ သို့ပါသော်ငြား ဤနေရာမှာလည်း သိပ်မကျယ်လှ။ မီတာတစ်ရာ ဝန်းကျင်လောက်သာ ရှိသည်။ ထိုအကြောင်းကြောင့် လက်ရှိ ရန်ကိုင်တို့ ရပ်နေသည့် မီတာတစ်ရာဝန်းကျင် ရှိသော မြေစိုင်မြေသားထုကြီးသည် တစ်ခုတည်းသော ကျန်ရစ်တော့သည့် မြေစိုင်မြေသားထု ဖြစ်သည်ဟု ပြော၍ ရလေသည်။ ထိုမြေစိုင်ကြီးမှာ ဟင်းလင်းပြင်ထဲ ဦးတည်ရာမဲ့ မျောပါနေလေ၏။ ဟင်းလင်းပြင်တစ်ခုလုံးမှာ မှောင်မိုက်နေသည့်အတွက်ကြောင့် လူတိုင်းမှာ သူတို့ မည်သည့် နေရာသို့ ဦးတည်သွားနေရသလဲဆိုသည်ကို မမြင်နိုင်သလို သူတို့ ဦးတည်သွားနေသည့် လမ်းကြောင်းကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ ထိုအကြောင်းကြောင့် ဟင်းလင်းပြင်ထဲ လွင့်မျောနေသော ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုပမာ အကုန်လုံးမှာ တစ်ခုတည်းသော ကျန်ရစ်နေသည့် မြေစိုင်မြေသားထုအပေါ် ရပ်ရင်းမှ ဟင်းလင်းပြင်အက်ကြောင်းထဲ မျောပါနေရလေသည်။
"ဟမ်" ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး တစ်ခုသော အရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ" ရန်ကိုင် ဘေးနားတွင် ရပ်နေသော ရှောင်ယုယန်က ချက်ချင်း မေးလိုက်၏။
ရန်ကိုင်မှာ ပြန်မဖြေသေးဘဲ ထိုနေရာအား သေသေချာချာလေး စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် စိတ်အားတက်ကြွသွားပြီး ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။ "အဲဒီမှာ ထွက်ပေါက်ရှိတယ်"
ထိုစကားကို ကြားသည့်အခါ အကုန်လုံး ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး လဲ့ဟုန်က ချက်ချင်း ပြန်ပြောလာခဲ့သည်။ "ငါတို့ ကြယ်တာရာအစုအဝေးထဲကနေ ဝင်လာတဲ့ ဝင်ပေါက်ပဲလား"
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ "ဖြစ်နိုင်လောက်တယ်"
"အဲဒါဆို မြန်မြန်သွားကြမယ်လေ" လဲ့ဟုန်က စိတ်မရှည်ဟန်ဖြင့် တိုက်တွန်းနှိုးဆော်လိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ ထင်ထားသည့်အတိုင်း ထိုအရပ်ဆီသို့ ပျံသွားတော့မည်အပြု ရန်ကိုင် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး သူ့ဘေးပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ရန်ကိုင်၏ အမူအရာကြီး အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ "ငါလခွမ်း၊ ပြေးကြပေတော့"
ပြောပြီးသည့်နောက်တွင် လေဟာနယ်နိယာမ စွမ်းအားများကို တတ်နိုင်သလောက် ထုတ်သုံး၍ အကုန်လုံးအား လွှမ်းခြုံရင်းမှ အရှေ့မှ ဦးဆောင်ပြေးလေ၏။ လူတိုင်းမှာ ဇဝေဇဝါ ဖြစ်နေကြလေသည်။ သို့ပါသော်ငြား ရန်ကိုင်၏ တည်ကြည်လေးနက်နေသည့် အမူအရာကို မြင်ပြီးသည့်နောက် ဆိုးဆိုးရွားရွား ကိစ္စတစ်ခု ဖြစ်သွားပြီမှန်း သဘောပေါက်လိုက်ကြသည်။ ယခုကဲ့သို့သော နေရာမျိုးတွင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသော ရန်ကိုင်သည်သာ ပြောဆိုပိုင်ခွင့် ရှိပေသည်။ ရန်ကိုင်သည် ဆိုးရွားသည့် ကိစ္စတစ်ခုအား သတိထားမိသွားခဲ့ပြီး ယခုကဲ့သို့ ရုတ်တရက် ဆုံးဖြတ်ချက်ကို ချလိုက်ခြင်း ဖြစ်ရပေလိမ့်မည်။
ဟင်းလင်းပြင်ထဲ သွားလာရသည်မှာ အလွန်တရာကိုမှ အန္တရာယ်များလှသည်။ ရန်ကိုင်၏ အကူအညီသာ မပါလျှင် ဤ လူအယောက်နှစ်ဆယ်နီးပါးအဖို့ အတူတကွ သွားလာရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်။ သူတို့သည်သာ ကိုယ့်ဘာသာကိုယ် လှုပ်ရှားရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် လူချင်း ကွဲထွက်သွားခဲ့ပြီး လမ်းပျောက်သွားကြရပေလိမ့်မည်။
ရန်ကိုင်မှ မည်သည့်အရာအား မြင်လိုက်သလဲဆိုသည်ကို လူတိုင်း သိချင်နေကြပါသော်ငြား ယခုအချိန်သည် မေးရမည့်အချိန် မဟုတ်သေးမှန်း သိနေခဲ့သည်။
သို့ပါသော်ငြား မကြာမီမှာပင် ဆိုးရွားသည့် ကိစ္စတစ်ခုကို အကုန်လုံး သတိထားမိသွားခဲ့ကြသည်။ ပုံမှန်မဟုတ်သည့် အဖြစ်အပျက်တို့မှာ သူတို့၏ အနောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေ၏။
တဝုန်းဝုန်း မြည်သံများမှာ မိုးခြိမ်းသံပမာ သူတို့ ဟင်းလင်းပြင်တစ်လျှောက် ထွက်ပေါ်လာခဲ့သည်။
ထွက်ပြေးနေစဉ်အတောအတွင်း ရွှယ်ကျွင်းမောင်နှင့် အခြားသောလူများမှာ အနောက်သို့ ပြန်လှည့်ကြည့်ရန် ကြိုးစားလိုက်ကြပါသော်ငြား ဘာဆိုဘာမျှ မမြင်ခဲ့ရပေ။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်တိုင် ...သည် သူတို့၏ ကောင်းကင်စိတ်အာရုံအား အကြီးအကျယ် ဖိနှိပ်ထားသည့်အတွက်ကြောင့် ကောင်းကင်စိတ်အာရုံအား ခပ်ဝေးဝေးသို့ ဖြန့်ကျက်နိုင်ခဲ့ခြင်း မရှိပေ။
အမွှေးတိုင် တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် အကုန်လုံး၏ မြင်ကွင်းထဲ တောက်ပသည့် အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းရောင်ကို မြင်လိုက်သည့်အခိုက် မှောင်မိုက်သည့် အခန်းထဲ ပြတင်းပေါက်တစ်ချပ် ပွင့်သွားသည့်ပမာ အကုန်လုံး ခံစားလိုက်ရကြလေသည်။
ရန်ကိုင် မရှင်းပြလျှင်ပင် ထိုအလင်းရောင်သည် ထွက်ပေါက် ဖြစ်မည်မှန်း လူတိုင်း သိနေကြသည်။ ထိုအတွက်ကြောင့် အကုန်လုံးမှာ ဝမ်းသာသွားကုန်ကြလေသည်။ ရန်ကိုင်တို့မှာလည်း ဘာဆိုဘာမျှ တွေးမနေခဲ့ဘဲ ထိုအလင်းရောင်ဆီသို့ အရှိန်ကုန်တင်ကာ ပျံသန်းသွားပြီးသည့်နောက် အလင်းရောင်ထဲသို့ တဟုန်ထိုး ပြေးဝင်သွားကုန်ကြလေ၏။
သူတို့၏ မြင်ကွင်းတစ်ခုလုံး ဖြူစွတ်သွားခဲ့ပြီးသည့်နောက်တွင် သူတို့ကိုယ်သူတို့ လေပြင်းများ တိုက်ခတ်နေသော သဲကန္တာရတစ်ခုထဲသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။
"ငါတို့ ပြန်ရောက်ပြီ" ရွှယ်ကျွင်းမောင် ဝမ်းသာသွားခဲ့လေသည်။
ထိုအပြင် သူတို့ ပြန်ရောက်နေသည့် နေရာမှာ သူတို့ သီးခြားကမ္ဘာထဲသို့ ပထမဦးဆုံး ဝင်သွားစဉ်က နေရာသာ ဖြစ်နေခဲ့သည်။
"ကျုပ်တို့ ဒီနေရာကနေ မြန်မြန်ထွက်သွားမှ ဖြစ်မယ်" ရန်ကိုင်ကမူ တစ်ချက်ကလေးမျှပင် တုံ့နှေးမနေခဲ့ဘဲ ချက်ချင်း အော်ပြောလိုက်လေသည်။
ရန်ကိုင်၏ ပုံစံကို မြင်သော် အကုန်လုံးမှာ ဘာတွေဖြစ်နေသလဲဆိုသည်ကို သိချင်စိတ် ဖြစ်မိသွားခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ယခုအချိန်သည် မေးရမည့်အချိန် မဟုတ်သေးသည့်အတွက်ကြောင့် ရန်ကိုင် အနောက်မှသာ အလျင်စလို လိုက်သွားကြလေ၏။
မိုင်တစ်ရာခန့် ပျံသန်းလာပြီးသည့်နောက်မှသာလျှင် ရန်ကိုင် ရပ်လိုက်ပြီးသည့်နောက် အလေးအနက် အမူအရာဖြင့် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
"ရန်ကိုင် မင်း ဘာသတိထားမိလိုက်တာလဲ" ထိုအခါမှသာလျှင် ရှောင်ယုယန်သည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး မေးလိုက်လေ၏။
ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "ကျုပ်အထင်မှားပါစေလို့ပဲ မျှော်လင့်ရမယ်၊ မဟုတ်ရင်တော့"
"ကပ်ဘေးကြီးတစ်ခု ဆိုက်တော့မယ်" ထိုစဉ် ကောင်းကျွမ်းက ဖြတ်ဝင်ပြောလိုက်သည်။ ထိုအခိုက်အတန့်ဝယ် ကောင်းကျွမ်း၏ မျက်လုံးများမှာ ပွင့်နေခဲ့ပြီး သူ၏ အဖြူရောင်မျက်ဆန်များမှာ ထူးဆန်းသည့် အရောင်ဖြင့် တလက်လက် တောက်ပနေခဲ့လေသည်။
ရန်ကိုင်မှာ ကောင်းကျွမ်းကို ကြည့်ရင်း ကောင်းကျွမ်း၏ လျှာကို ဖြတ်ထုတ်ပစ်ချင်စိတ်များပင် ပေါက်လာရသည်။
[ဒီကောင်က လိုအပ်နေတဲ့အချိန်မှာတော့ ပါးစပ်ကို လုံးဝ ပိတ်ထားတာ၊ မလိုအပ်ဘူးဆိုရင် သူ့ရဲ့ ကျီးကန်းပါးစပ်က အားနေရင် ဝင်ဝင်အော်တယ်၊ ပြီးရင် သူ့ပါးစပ်ကထွက်လာတိုင်း တစ်ခါမှ ကောင်းတာမရှိဘူး]
[အခုလည်း ကပ်ဘေးဆိုက်တော့မယ်လို့ လာပြောနေပြန်ပြီ]
[သူ့မှာ လုံးဝ မိတ်ဆွေမရှိတာ သေချာတယ်] ရန်ကိုင် စိတ်ထဲမှာ ကြိတ်ကာ မှတ်ချက်ပေးလိုက်သည်။
ရုတ်တရက်ဆိုသလို ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ဖုန်များ သဲများ လွင့်စင်ထွက်လာခဲ့လေသည်။ ထို့နောက်တွင် ပိန်းပိတ် မှောင်မိုက်သည့် အနက်ရောင်ချီစွမ်းအင်တို့ သဲဝဲကတော့ကြီးထဲမှ ...ပမာ ပန်းထွက်လာခဲ့ပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားကုန်ကြလေသည်။ ထို့နောက် ထိုအနက်ရောင်ချီစွမ်းအင်များသည် ဘေးပတ်ဝန်းကျင်အနှံ့ စတင်၍ ပျံ့နှံ့လာတော့လေ၏။
"အဲဒါက" ရွှယ်ကျွင်းမောင်နှင့် အခြားသူများသည် သူတို့ အရှေ့တည့်တည့်ရှိ မြင်ကွင်းကို ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေကုန်ကြလေသည်။
"ဟူး" ရန်ကိုင် သက်ပြင်းအမောကြီး ချလိုက်လေသည်။ သူ့အထင်မှားပါစေဟု ကြိတ်ကာ ဆုတောင်းနေခဲ့ပါသော်ငြား နောက်ဆုံးတွင်မူ သူထင်ထားသည့်အတိုင်း ဖြစ်လာနေခဲ့သည်။ ယခု မေးစရာရှိတော့သည်မှာ အမှန်တကယ် ဘာတွေများ ဖြစ်ပျက်နေလေသနည်း။
"နတ်ဆိုးချီ" ရှောင်ယုယန်က အလန့်တကြား ထအော်လိုက်လေသည်။ မိုင်တစ်ရာခန့် ဝေးကွာသည့် နေရာမှပင်လျှင် ထွက်ပေါ်လာသည့် အနက်ရောင်ချီများထဲ ကိန်းအောင်းနေသော ကြမ်းကြုတ်လှသည့် ...တို့ကို ခံစားမိနေခဲ့လေသည်။ ရှေးဟောင်းကျောင်းတော်က အဖြစ်အပျက်တွင်လည်း ကိုယ်တိုင်ကိုယ်ကျ ရှိခဲ့ဖူးသည့်အတွက်ကြောင့် ရှောင်ယုယန်မှာ နတ်ဆိုးချီ၏ အား အကြောင်းကို သိနေခဲ့သည်။
သို့ပါသော်ငြား ရှေးဟောင်းကျောင်းတော်ထဲ ကြုံခဲ့ရသည့် နတ်ဆိုးချီများမှာ လက်ရှိ သူတို့ မြင်နေရသည့် နတ်ဆိုးချီနှင့် ယှဉ်လိုက်သော် ဘာဆိုဘာမျှ မပြောပလောက်တော့ပေ။ ပမာဏအရဖြစ်စေ အရည်အသွေးအရဖြစ်စေ လက်ရှိ နတ်ဆိုးချီမှာ ရှေးဟောင်းကျောင်းတော်တွင် ကြုံခဲ့ရသည့် နတ်ဆိုးချီထက် အပုံကြီး သာပေသည်။
"ဒီသဲဝဲကတော့ကြီးကနေ နတ်ဆိုးချီတွေ ဘယ်လိုလုပ်ပြီး ထွက်လာတာလဲ”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၇၉)
ဘာသာပြန်သူ_တိမ်တိုက်
အဆုံးမဲ့နတ်ဆိုးချီတို့သည် သဲလိုဏ်ခေါင်းထဲဆီမှ အဆက်မပြတ် ထွက်လာနေခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုစိမ့်ထွက်လာသော နတ်ဆိုးချီများသည် ဘေးပတ်ပတ်လည် မိုင်ပေါင်းများစွာကို လွှမ်းခြုံသွားခဲ့လေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က တောင်ဘက်နယ်မြေထဲဝယ် နတ်ဆိုးများ သောင်းကျန်းမှု ဖြစ်ပွားခဲ့သည်။ ယခု နှစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် အနောက်ဘက်နယ်မြေထဲ နတ်ဆိုးချီများ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့ပြန်လေ၏။
ထိုထွက်ပေါ်လာနေသော နတ်ဆိုးချီများကိုကြည့်ရင်း နတ်ဆိုးနယ်မြေကျူးကျော်မှု စတင်တော့မလားဟုပင် ရန်ကိုင်စိတ်ထဲ အတွေးဝင်မိသွားလေသည်။
ပုံရိပ်တစ်ထောင်နယ်မြေထဲဝယ် ရန်ကိုင်သည် နတ်ဆိုးနယ်မြေကျူးကျော်မှုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသည်။ သူကြုံတွေ့ခဲ့ရသည်မှာ အိပ်မက်တစ်ခုသာ ဖြစ်ပါသော်ငြား ရှောင်ထယ်ပြောပုံအရ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲရှိ အရာများသည် တကယ့်အဖြစ်အပျက်အပေါ် အခြေခံထားခြင်း ဖြစ်လေသည်။ တစ်နည်းဆိုရသော် နတ်ဆိုးများနှင့် လူသားများမှာ ရှေးခေတ်အချိန်ကာလတွင် အမှန်တကယ်ကို တိုက်ခိုက်ခဲ့ကြသည်။
ထိုရှေးခေတ်ကာလတွင် ရန်ကိုင်ရှိမနေခဲ့ပေ။ ရန်ကိုင်သည် ထိုရှေးခေတ်ကာလအပေါ် အခြေတည်၍ ဖန်တီးထားသော ပုံရိပ်ယောင်အိပ်မက်ထဲတွင် ဝင်ရောက်ဆင်နွှဲခဲ့ခြင်းသာ ဖြစ်လေသည်။
ထိုတိုက်ပွဲအတွင်း နတ်ဆိုးမျိုးနွယ်စုမှာ ရှုံးနိမ့်သွားခဲ့ပါသော်ငြား အမြစ်ပြတ်သွားခဲ့ခြင်းတော့ မရှိပေ။ နှစ်ပေါင်းမရေမတွက်နိုင်အောင် အနားယူအားဖြည့်နေခဲ့ပြီးသည့်နောက်တွင် နတ်ဆိုးမျိုးနွယ်သည် တစ်ကျော့ပြန်လည်ဦးမော့လာရန် ကြိုးစားနေခဲ့သည်။ ယခုတစ်ကြိမ် နတ်ဆိုးမျိုးနွယ်သည် အနောက်ဘက်နယ်မြေမှနေ၍ ကြယ်တာရာအစုအဝေးအား ကျူးကျော်ရန် ပြင်ဆင်နေခြင်းပေလော။
ထိုသို့သာဆိုလျှင် တောင်ဘက်နယ်မြေထဲတွင် ကြုံခဲ့ရသည့် နတ်ဆိုးများ၏ သောင်းကျန်းမှုမှာ ယုတ္တိရှိသွားပြီဟု ပြော၍ရပေသည်။ တောင်ဘက်နယ်မြေထဲရှိ နတ်ဆိုးများ၏ ကျူးကျော်မှုသည် နတ်ဆိုးမျိုးနွယ်စုမှ ဤလောကကြီးအား ကျူးကျော်ရန်အတွက် ပြင်ဆင်ထားသော စဦးပြင်ဆင်မှုတစ်ခုသာ ဖြစ်လေသည်။ သူတို့၏အစီအစဉ်သည်သာ အောင်မြင်သွားခဲ့မည်ဆိုလျှင် မရေမတွက်နိုင်အောင် များပြားသော နတ်ဆိုးများနှင့် နတ်ဆိုးအသွင်ပြောင်းသွားသော လူသားများသည် တောင်ဘက်နယ်မြေထဲရှိ ဂိုဏ်းအသီးသီးအနှံ့တွင် ရှိနေကြပေလိမ့်မည်။ ထို့နောက် အနောက်ဘက်နယ်မြေမှနေ၍ နတ်ဆိုးမျိုးနွယ်စုမှ ကျူးကျော်လာချိန် တောင်ဘက်နယ်မြေထဲမှ နတ်ဆိုးများကသာ ထကြွသောင်းကျန်းမည်ဆိုပါက လူသားမျိုးနွယ်စုသည် နယ်မြေကြီးနှစ်ခုကို တစ်ခဏလေးအတွင်း လက်လွတ်ဆုံးရှုံးသွားရနိုင်ပေသည်။ နယ်မြေကြီးနှစ်ခုတွင် ခြေကုပ်ရယူသွားပြီးသည့်နောက်တွင် ကြယ်တာရာအစုအဝေးတစ်ခုလုံးကို သိမ်းယူဖို့ရာမှာ နတ်ဆိုးမျိုးနွယ်စုအတွက် ပိုမိုလွယ်ကူသွားခဲ့လေပြီ။
ထိုအကြောင်းကို စဉ်းစားမိလိုက်ရုံဖြင့် ရန်ကိုင်မှာ တုန်တုန်ရီရီဖြစ်သွား၏။
ထိုအခိုက်အတန့်ဝယ် ရန်ကိုင်သည် ယုရုမန်ဘက်သို့ ချက်ချင်းလှည့်၍ ကြည့်လိုက်လေ၏။
(ယုရုမန်က ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိထားပြီသားဖြစ်လောက်တယ်… မဟုတ်လို့ရှိရင် အခုလိုမျိုး အံ့အားမသင့်ဘဲ နေမှာမဟုတ်ဘူး…)
(ဒါဆို သူက ဘယ်သူလဲ…)
(လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့လူတွေက နောက်ပိုင်းမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်လာမယ်လို့ ပြောသွားသေးတယ်…)
ထိုအကြောင်းများကို စဉ်းစားရင်းမှ ရန်ကိုင်မှာ ရုတ်တရက် တစ်ခုခုအား သဘောပေါက်သွားသည့် ပုံစံမျိုး ဖြစ်သွားခဲ့သည်။
“နတ်ဆိုးချီတွေအများကြီး ဘာလို့ ဒီလောက်တောင် ထွက်လာနေရတာလဲ…” ရွှယ့်ကျန်းမောင်သည် သူ့ရှေ့တည့်တည့်ရှိမြင်ကွင်းအား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ကြည့်ရင်းမှ သူ့မေးစေ့အား စိုးရိမ်တကြီးဖြင့် ပွတ်၍ ပြောလိုက်လေသည်။ “ကပ်ဘေးဆိုက်က်တာပဲ… တကယ်ကို ကပ်ဘေးဆိုက်တာပဲ…”
ယခင်တစ်ကြိမ် နတ်ဆိုးများ၏ ထကြွသောင်းကျန်းမှုကြောင့် တောင်ဘက်နယ်မြေမှာ အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး ရှေးဟောင်းကျောင်းတော်ကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းသည်ပင်လျှင် အပြီးတိုင် ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ယခု အနောက်ဘက်နယ်မြေရှိ အခြေအနေမှာ တောင်ဘက်နယ်မြေထက် အဆပေါင်းများစွာပိုဆိုးလေရာ နောက်ဆက်တွဲအကျိုးဆက်များမှာ မည်ကဲ့သို့များ ဖြစ်လာတော့ပါမည်နည်း။
ကောင်းကျန်း၏ ကျီးကန်းပါးစပ်မှာ အမှန်တရားကို ထပ်မံပြောသွားခဲ့ပြန်လေသည်။ သို့ပါသော်ငြား သူပြောသွားသည့်အရာ ဖြစ်လာသည့်နှုန်းမှာ အလွန်ကိုမှ မြန်ဆန်လွန်းလှသည့် အတွက်ကြောင့် လူတိုင်းမှာ အလစ်အငိုက် မိသွားခဲ့ရသည်။
“စီနီယာတွေရော…” တစ်ယောက်ယောက်က မေးလိုက်သည်။
မည်သူမျှ ပြန်မဖြေနိုင်ကြပေ။ မဟာဧကရာဇ်သုံးဦးသည် သီးခြားကမ္ဘာထဲတွင် တိုက်ခိုက်နေရင်းမှ ၎င်းတို့၏တိုက်ခိုက်မှုဒဏ်ကို တောင့်မခံနိုင်တော့ဘဲ သီးခြားကမ္ဘာမှာ တစ်စစီ ပျက်စီးသွားခဲ့ရသည်။ ယခု မဟာဧကရာဇ်များ ဘာဖြစ်နေကြပြီလဲဆိုသည်ကို မည်သူမျှ မသိကြတော့ပေ။
လန်ရွှင်းနှင့် လင်းယွင်အာတို့မှာတော့ စိတ်ပူနေခဲ့လေသည်။ လမင်းမဟာဧကရာဇ်နှင့် သံမဏိသွေးမဟာဧကရာဇ်တို့သည် အမြင့်ဆုံးသောကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြပါသော်ငြား သူတို့သည်သာ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ကျသွားမည်ဆိုလျှင် ပြန်လည်လွတ်မြောက်ဖို့ရာ အတော်လေးကိုမှ ခက်ခဲပေလိမ့်မည်။
“အနောက်ဘက်နယ်မြေက ထိပ်တန်းဂိုဏ်းတွေက ဘယ်ဂိုဏ်းတွေလဲ…” ရန်ကိုင်က လှည့်၍ မေးလိုက်သည်။
ရွှယ့်ကျန်းမောင်သည် တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ဂိုဏ်းသုံးဂိုဏ်းတော့ ရှိတယ်… ကြယ်ချွန်ဂိုဏ်းရယ်… လူရိုင်းတစ်ရာတောင်ရယ်… လေတိမ်တိုက်စံအိမ်ရယ်…”
ယခုကဲ့သို့အခြေအနေမျိုးတွင် လေတိမ်တိုက်စံအိမ်အား သွားအားကိုး၍မရပေ။ ရန်ကိုင် ယခင်တစ်ကြိမ် အနောက်ဘက်နယ်မြေသို့ရောက်စဉ်က ရန်ကိုင်နှင့်လင်းယွင်အာသည် လေတိမ်တိုက်စံအိမ်သို့သွားကာ ပြဿနာအကြီးကြီး ရှာခဲ့လေ၏။ တိုက်ပွဲတွင် လေတိမ်တိုက်စံအိမ်မှ ထိပ်တန်းပညာရှင်အားလုံးနီးပါး သေဆုံးသွားခဲ့လေရာ လေတိမ်တိုက်စံအိမ်မှာ ယခုအချိန်ထိတိုင် နာလန်ပြန်ထူနိုင်လိမ့်ဦးမည်မဟုတ်ပေ။
“မင်း ဘာလို့မေးတာလဲ…” ရွှယ့်ကျန်းမောင်သည် ရန်ကိုင်အား ကြည့်၍မေးလိုက်သည်။
ရန်ကိုင်က ပြန်၍ပြောလိုက်လေ၏။ “ဒီကိစ္စကို အနောက်ဘက်နယ်မြေမှာရှိနေတဲ့ အဓိကဂိုဏ်းတွေကို သွားပြီးတော့ အကြောင်းကြားရမယ်လေ… အဲ့ဒါမှပဲ သူတို့ဂိုဏ်းတွေကနေ ပညာရှင်တွေ စေလွှတ်ပြီးတော့ ကျုပ်တို့နဲ့အတူ ပူးပေါင်းပြီး လက်ရှိအခြေအနေကို ထိန်းထားလို့ရမှာ… မဟုတ်လို့ရှိရင် နတ်ဆိုးချီမှာ ဒီတိုင်း ဆက်ပြီး ပြန့်လာလို့ရှိရင် အနောက်ဘက်နယ်မြေတစ်ခုလုံး ဒုက္ခရောက်သွားလိမ့်မယ်…” တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်၍ပြောလိုက်သည်။ “ဒီကိစ္စက အနောက်ဘက်နယ်မြေနဲ့တင် ဆိုင်တာမဟုတ်ဘူး… အနောက်ဘက်နယ်မြေတစ်ခုလုံး နတ်ဆိုးချီလွှမ်းမိုးတာ ခံလိုက်ရပြီဆိုရင် ကျန်တဲ့နယ်မြေတွေလည်း ဒုက္ခရောက်ကုန်မှာ… ဒီတော့ ကျန်တဲ့နယ်မြေတွေက ပညာရှင်တွေကိုပါ ခေါ်ဖို့လိုတယ်… ကျုပ် အဲ့ပညာရှင်တွေကို ခေါ်လို့ရအောင် ကျုပ် ဟင်းလင်းပြင်အစီအရင်တွေ ခင်းကျင်းပေးမယ်… ဒါပေမယ့် အခုလောလောဆယ်တော့ အနောက်ဘက်နယ်မြေက ပညာရှင်တွေအကုန်လုံးကို သွားခေါ်ရမယ်…”
ထိုစကားကိုကြားသော် ရွှယ့်ကျန်းမောင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “မင်းပြောတာဟုတ်တယ်နော်…”
ရုတ်တရက်ထွက်ပေါ်လာသည့် နတ်ဆိုးချီများကြောင့် ရွှယ့်ကျန်းမောင်မှာ အစပိုင်း၌ ကြောင်တောင်တောင်ဖြစ်သွားခဲ့ရသည်။ ယခု ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် သေချာစဉ်းစားမိသွားခဲ့လေပြီ။ ထိုအကြောင်းကြောင့် ကြယ်ဝိဉာဉ်နန်းတော်၏ ဧကရာဇ်အဆင့်ပညာရှင်များကို အနောက်ဘက်နယ်မြေထဲရှိ သက်ဆိုင်ရာထိပ်တန်းဂိုဏ်းအသီးသီးအား လက်ရှိအခြေအနေအကြောင်း အကြောင်းကြားရန် စေလွှတ်လိုက်လေသည်။
မကြာမီ လူပေါင်းများစွာ ပျံသန်းထွက်သွားကြလေ၏။
သူတို့နှစ်ဦးစကားပြောနေစဉ်အတောအတွင်း နတ်ဆိုးချီများမှာ မိုင်ပေါင်းများစွာအကွာသို့ ပြန့်နှံ့လာနေခဲ့လေပြီ။ ထို့အပြင် နတ်ဆိုးချီများ ပြန့်နှံ့လာနေသည့်နှုန်းမှာ အနည်းငယ်မျှပင် လျော့ကျသွားခဲ့ခြင်းမရှိပေ။
ထိုမြင်ကွင်းအား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေ၏။ “ကျုပ် အဲ့လိုဏ်ခေါင်းကို ဖျက်ဆီးဖို့ ဖြစ်နိုင်မလား တစ်ချက်သွားကြည့်ကြည့်လိုက်ဦးမယ်… ကျုပ်ထင်တာသာမှန်မယ်ဆိုရင် ဒီမှာ ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခု ရှိနေတာဖြစ်လောက်တယ်… ပြီးတော့ အဲ့ဟင်းလင်းပြင်လိုဏ်ခေါင်းက နတ်ဆိုးနယ်မြေနဲ့ ဆက်သွယ်နေတာ ဖြစ်လောက်မယ်…”
“နတ်ဆိုးနယ်မြေ…” ရွှယ့်ကျန်းမောင်နှင့် အခြားသူများ၏အမူအယာများ ရုတ်ချည်းဖြူလျော်သွားခဲ့သည်။ သူတို့သည်လည်း နတ်ဆိုးနယ်မြေ မည်ကဲ့သို့သောနေရာဖြစ်သလဲဆိုသည်ကို သိသည့်ပုံပင်။ သူတို့အားလုံးမှာ နတ်ဆိုးများနှင့် လူသားများကြားရှိ ရှေးဟောင်းတိုက်ပွဲအား မကြုံဖူးပါသော်ငြား ကြယ်ဝိဉာဉ်နန်းတော်သည် အလွန်တရာကိုမှ သက်တမ်းရှည်လျားလွန်းသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့်အတွက်ကြောင့် အမျိုးမျိုးသော ရှေးဟောင်းမှတ်တမ်းများကို ပိုင်ဆိုင်ထားရပေလိမ့်မည်။
မူလကမူ ယခုပြဿနာသည် တောင်ဘက်နယ်မြေထဲတွင် ကြုံခဲ့ရသည့် ပြဿနာကဲ့သို့သာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြပါသော်ငြား ရန်ကိုင်ပြောပြသည်ကို ကြားပြီးသည့်နောက် လက်ရှိပြဿနာမှာ သူတို့ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသည့် ပြဿနာတစ်ခုဖြစ်မှန်း သဘောပေါက်သွားကြတော့သည်။
သဲလိုဏ်ခေါင်း၏အောက်ခြေတွင် နတ်ဆိုးနယ်မြေနှင့် ချိတ်ဆက်နေသော ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခုသာ ရှိနေခဲ့မည်ဆိုလျှင် လက်ရှိအခြေအနေသည် သူတို့ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသွားလေပြီ။
“နတ်ဆိုးချီက အရမ်းတိုက်စားနိုင်စွမ်း ပြင်းတယ်နော်… မင်း နတ်ဆိုးချီထဲကို ပြေးဝင်သွားမယ်ဆိုရင် မင်းပုံမှန်အသိစိတ်ကို ဘယ်လောက်ကြာအောင် ထိန်းထားနိုင်မှာမို့လို့လဲ…” ရှောင်ယုယန်က ပြောလိုက်သည်။ ရန်ကိုင်ပြောသွားသည်မှာ လက်ရှိပြဿနာအတွက် အကောင်းဆုံးသောအဖြေတစ်ခု ဖြစ်ပေသည်။ သဲလိုဏ်ခေါင်း၏အောက်ခြေတွင် နတ်ဆိုးနယ်မြေနှင့် ဆက်သွယ်နေသော ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခု ရှိနေမည်ဆိုပါက လက်ရှိပြဿနာကိုဖြေရှင်းရန်အတွက် အမြန်ဆုံးသောနည်းလမ်းသည် ထိုဟင်းလင်းပြင်လိုဏ်ခေါင်းအား ပိတ်ချလိုက်ခြင်းသာ ဖြစ်ပေသည်။
သို့ပါသော်ငြား ထိုဟင်းလင်းပြင်လိုဏ်ခေါင်းသည် နတ်ဆိုးချီများ၏ အလယ်ဗဟိုတွင် ရှိနေခြင်းဖြစ်လေရာ ရန်ကိုင်သည်သာ ထိုကဲ့သို့သောနေရာဆီသို့ သွားလိုက်မည်ဆိုပါက အသိစိတ်လွတ်ကာ နတ်ဆိုးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားနိုင်ပေသည်။
လူတိုင်း ဘာမှပြန်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် နတ်ဆိုးချီရှိရာဆီသို့ ပြေးထွက်သွားလေ၏။
တစ်ခဏအကြာ၌ ရန်ကိုင်သည် နတ်ဆိုးချီများ လွှမ်းခြုံနေသည့် နေရာဆီသို့ ရောက်လာခဲ့ပြီးနောက် နတ်ဆိုးချီထဲသို့ တိုးဝင်သွားခဲ့သည်။
သို့ပါသော်ငြား နတ်ဆိုးချီသည် ရန်ကိုင်အပေါ် သက်ရောက်မှုမရှိပေ။ တကယ်တော့ လက်ရှိရန်ကိုင်သည် မီတာသုံးရာခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အပြင် သူ၏ဒန်တျန်ထဲ၌ သန့်စင်လှသော ရှေးဟောင်းနတ်ဆိုးချီများကို ချိတ်ပိတ်ထားသည်မဟုတ်ပေလော။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ဤကဲ့သို့သော နတ်ဆိုးချီများ လွှမ်းခြုံနေသည့် ပတ်ဝန်းကျင်ထဲ သွားလာရသည်ကို မကြိုက်နှစ်သက်သည့်တိုင် နတ်ဆိုးချီသည် သူ့အပေါ် သက်ရောက်ခြင်းမရှိပေ။
ရန်ကိုင်သည် ဦးတည်ရာကို အတည်ပြုပြီးသည့်နောက် သဲလိုဏ်ခေါင်းရှိရာဆီသို့ ဆက်လက်ပျံသန်းသွားလေ၏။
သို့ပါသော်ငြား တစ်ခဏလေးပျံသန်းပြီးသွားချိန်မှာပင် ရန်ကိုင်သည် ရုတ်တရက် နောက်သို့ လှည့်ကြည့်ကာ အော်မေးလိုက်လေသည်။ “ဘယ်သူလဲ…”
အဝတ်တဖျတ်ဖျတ် လှုပ်ခတ်သံများ ရန်ကိုင်၏နောက်ဘက်ဆီမှ ထွက်ပေါ်လာနေခဲ့လေသည်။
မကြာမီ မွှေးပျံ့သည့် လေပြေလေညင်းတို့ ရန်ကိုင်မျက်နှာအား တိုက်ခတ်သွားပြီးသည့်နောက် သွယ်လျသည့်ပုံရိပ်တစ်ခု ရန်ကိုင်၏မြင်ကွင်းထဲ ပေါ်လာခဲ့သည်။ ထိုလူမှာ ယုရုမန်မှလွဲ၍ အခြားမဟုတ်ပေ။ လက်ရှိအချိန်တွင် ယုရုမန်သည် ရန်ကိုင်နှင့် လက်တစ်ကမ်းစာအကွာတွင် ရပ်နေရင်းမှ ရန်ကိုင်အား ပြုံးပြကာ ကြည့်နေလေသည်။
“နင်ဘာလို့ ဒီကိုလာတာလဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားသည်။ “မြန်မြန်ထွက်သွားပေတော့…”
ယုရုမန်က ပြုံးလျက် “ငါပြောပြီးသွားပြီမဟုတ်ဘူးလား… အခုချိန်ကနေစပြီးတော့ ငါ နင်နဲ့ အမြဲတမ်းရှိနေမယ်ဆိုပြီးတော့လေ…”
ရန်ကိုင်က ဒေါမာန်တကြီးဖြင့် ပြန်၍ပြောလိုက်လေသည်။ “အခုနဲ့အရင်က တူတာမဟုတ်ဘူး… ငါတို့ အခု ဘယ်ရောက်နေလဲဆိုတာကို နင်မသိတာလား… နင် ဒီမှာ တကယ်ကြီး အဆင်ပြေမယ်ထင်တာလား… ဟမ်… နင် ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ရတာလဲ…” ရန်ကိုင် ရုတ်တရက် မျက်လုံးပြူးသွားခဲ့သည်။
(ငါ ဘာမှမဖြစ်ရတဲ့အကြောင်းအရင်းက ငါ့ရဲ့ အားကောင်းတဲ့ခန္ဓာကိုယ်နဲ့ ငါ့ခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ထားတဲ့ ရှေးဟောင်းနတ်ဆိုးချီတွေကြောင့်ပဲ… ဒါပေမယ့် ယုရုမန်က ဘာဖြစ်လို့ ဘာမှမဖြစ်ရတာလဲ…) ယုရုမန် နတ်ဆိုးချီအား ခုခံရန်အတွက် သိုင်းပညာရပ်တစ်ခုခုအား ထုတ်သုံးထားသည်ကိုလည်း ရန်ကိုင်မတွေ့ရပေ။ သို့ပင်ဖြစ်လင့်ကစား ယုရုမန်မှာ နတ်ဆိုးချီထဲ ပန်းခြံထဲလမ်းလျှောက်ထွက်နေသည့်ပမာ အေးအေးဆေးဆေး လျှောက်သွားနေနိုင်လေ၏။
ယုရုမန်က ပြုံးရင်းမှ ပြန်ပြောလိုက်သည်။ “ဒီဘာမဟုတ်တဲ့နတ်ဆိုးချီတွေက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ… ငါ့မှာ ငါ့ကိုယ်ပိုင်ဝှက်ဖဲရှိပြီးသား… နင် ငါ့ကို စိတ်ပူနေစရာမလိုဘူး…”
“တစ္ဆေသရဲတွေပဲ နင့်ကိုစိတ်ပူမှာ…” ရန်ကိုင်က ပြန်အော်ပြောလိုက်သည်။ ထို့နောက် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ဆက်၍ပြောလိုက်လေ၏။ “ငါ့နောက်လိုက်ချင်လိုက်လို့ရတယ်… ငါ့ကိုတော့ လာမရှုပ်နဲ့…”
အခုအချိန်သည် ယုရုမန်နှင့် တိုက်ခိုက်နေရမည့် အချိန်မဟုတ်သေးပေ။ ရန်ကိုင်မှာ ဟင်းလင်းပြင်လိုဏ်ခေါင်းအား ဖျက်ဆီးနိုင်မလား မဖျက်ဆီးနိုင်ဘူးလားဆိုသည်ကို အရင်ဦးစွာ စစ်ဆေးကြည့်ချင်ပေသေးသည်။
ယုရုမန်က ခေါင်းညိတ်လိုက်သည်။ “ငါ နင့်ကို မနှောင့်ယှက်ဘူး…”
ရန်ကိုင်သည် ယုရုမန်အား မယုံသင်္ကာအမူအယာဖြင့် တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် အရှေ့သို့ ဆက်သွားလေ၏။
တစ်ခဏအကြာ၌ ရန်ကိုင်တို့နှစ်ဦးသည် သဲလိုဏ်ဂူရှိရာဆီသို့ ရောက်လာခဲ့သည်။ အောက်သို့ငုံ့ကြည့်လိုက်သည့်အခိုက်တွင် သူထင်ထားသည့်အတိုင်း ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခု ရှိနေပြီး နတ်ဆိုးများမှာ ထိုဟင်းလင်းပြင်လိုဏ်ခေါင်းမှ စိမ့်ထွက်လာနေခြင်းဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။ ရန်ကိုင် ရုတ်တရက် ဇဝေဇဝါဖြစ်သွားခဲ့လေသည်။
မူလက ဤသဲလိုဏ်ခေါင်းကြီးသည် သီးခြားကမ္ဘာဆီသို့ ဦးတည်နေသော ဝင်ပေါက်တစ်ခု ဖြစ်ခဲ့သည်။ သို့ပါသော်ငြား သီးခြားကမ္ဘာထဲ မည်သည့်နတ်ဆိုးချီကိုမှ ရန်ကိုင်မတွေ့ခဲ့ရပေ။ ထို့အပြင် သီးခြားကမ္ဘာမှာ ပြိုကျပျက်ဆီးသွားခဲ့ပြီဖြစ်လေရာ ဤနတ်ဆိုးချီများသည် မည်သည့်နေရာမှ ထွက်လာနေသနည်း။
(ဒီသီးခြားကမ္ဘာက နတ်ဆိုးနယ်မြေနဲ့ ကြယ်တာရာအစုအဝေးကြားမှာ ရှိနေတာများ ဖြစ်နေမလား… ဒီတော့ သီးခြားကမ္ဘာ ပြိုကျလည်း ပြိုကျသွားရော နတ်ဆိုးနယ်မြေနဲ့ ကြယ်တာရာအစုအဝေးက ချိတ်ဆက်သွားရော…) ထိုသို့စဉ်းစားမိလိုက်သည့်အခိုက်တွင် ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားတော့သည်။ (ဒါဆိုရင်တော့ သံမဏိသွေးမဟာဧကရာဇ်နဲ့ လမင်းမဟာဧကရာဇ်တို့ အမှားအကြီးကြီး လုပ်မိသွားပြီ…)
ရန်ကိုင်သည် သူ့လက်အား ဟင်းလင်းပြင်လိုဏ်ခေါင်းရှိရာဆီသို့ ဆန့်ထုတ်၍ ကောင်းကင်စိတ်အာရုံနှင့် လေဟာနယ်နိယာမတို့ကို ထိန်းချုပ်လိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် သူ့အသိစိတ်ပင်လယ်မှာ တဆစ်ဆစ်ကို နာကျင်ကိုက်ခဲလာသည့်အတွက်ကြောင့် ရန်ကိုင်မှာ လုပ်လက်စအလုပ်ကို ချက်ချင်း ရပ်တန့်လိုက်ရလေ၏။ ထို့နောက်တွင် ယုရုမန်ဘက်သို့လှည့်၍ အော်မေးလိုက်လေ၏။ “နင် ဘာလုပ်နေတာလဲ…”
ရန်ကိုင်ဘေးနားတွင်ရှိနေသော ယုရုမန်မှာမူ တုန်တုန်ရီရီဖြင့် နာကျင်မှုကိုတောင့်ခံရင်းမှ ပြန်ပြောလိုက်သည်။ “ဘာ… ဘာ… ဘာမှမလုပ်ဘူး…”
“ငါ နင့်ကို မသတ်ဘူးလို့ ထင်နေတာလား…” ရန်ကိုင်သည် ယုရုမန်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။
ယုရုမန်မှာမူ ဘာမျှပြန်မပြောခဲ့ဘဲ ပြုံး၍သာ ကြည့်နေခဲ့သည်။
“ငါ နင့်ကို ရပ်ဖို့ အသက်သုံးရှိုက်စာအချိန်ပေးမယ်… မဟုတ်လို့ရှိရင်တော့ နောက်ဖြစ်လာတဲ့ကိစ္စကို နင် တာဝန်ခံရမှာနော်…” ရန်ကိုင်သည် ယုရုမန်အား စိုက်ကြည့်ရင်းမှ ရေခဲတမျှအေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။
ယုရုမန်ကမူ ဖြည်းဖြည်းချင်းသာ ခေါင်းခါပြနေခဲ့သည်။
အသက်သုံးရှိုက်စာပြည့်သွားပြီးသည့်နောက် ရန်ကိုင်က စိတ်ဆုံးဖြတ်လိုက်သည့်အမူအယာဖြင့် အော်ပြောလိုက်လေ၏။ “နင်သေချင်နေတာပဲ…”
ထိုသို့ပြောပြီးသည့်နောက် ယုရုမန်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
အားကောင်းလှသည့် နဂါးဖိအားတို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်၏လက်သည် နဂါးလက်သည်းတစ်ခုအသွင်သို့ ပြောင်းကာ ယုရုမန်၏ရင်ဘတ်အား သွားရောက်ထိမှန်လေသည်။
အရိုးကျိုးသံများနှင့်အတူ ယုရုမန်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး သွေးတစ်ပွက်ထိုးအန်လိုက်လေ၏။ တစ်ချိန်တည်းတွင်လည်း သူမ၏ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသည့်စွန်တစ်စင်းပမာ လွင့်စင်ထွက်သွားခဲ့လေသည်။
အစောပိုင်းက ရန်ကိုင်ခံစားနေခဲ့ရသော သူ့ဝိဉာဉ်နာကျင်မှုမှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ သို့ပါသော်ငြား ထိုနာကျင်မှုနေရာတွင် လုံးဝကို ဟာလာဟင်းလင်းဖြစ်သွားသည့် ခံစားချက်တစ်ခုက အစားထိုးဝင်ရောက်လာလေ၏။ တစ်ချိန်တည်း၌ သူ့ရင်ထဲ အလွန်ကိုမှ နာကျင်သွားရတော့လေသည်။ နာကျင်လွန်းလှသည့်အတွက်ကြောင့် အသက်ပင် ကောင်းကောင်းမရှူနိုင် ဖြစ်လာခဲ့ရသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၈၀)
ဘာသာပြန်သူ_တိမ်တိုက်
ယုရုမန်၏ နှလုံးသားချိတ်စည်းပညာရပ်မှာ အလွန်တရာကိုမှ အားကောင်းလှသည်။ ဤပညာရပ်အသုံးပြုခြင်း မခံထားရသည့်လူများမှာမူ ဤပညာရပ်အသုံးပြုခြင်း ခံထားရသည့်လူများ နှလုံးသားချိတ်စည်းကြောင့် ဖြစ်ပေါ်လာသော ခံစားချက်များနှင့်ပတ်သက်၍ မည်မျှကူကယ်ရာမဲ့ရကြောင်းကို သိရလိမ့်မည်မဟုတ်ပေ။
လက်ရှိအခိုက်အတန့်ဝယ် ရန်ကိုင်စိတ်ထဲ သူတိုက်ခိုက်လိုက်သည့်လူမှာ ယုရုမန်မဟုတ်ဘဲ သူနှင့် အလွန်ရင်းနှီးသော စုယန်၊ ရှနင်းချန်တို့ ဖြစ်နေသလို ခံစားနေခဲ့ရသည်။
ယုရုမန်အား သွားစစ်ဆေးကြည့်ချင်စိတ်များကို အောင့်အည်းထားလိုက်ရင်းမှ ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံနှင့် လေဟာနယ်နိယာမတို့ကို ထိန်းချုပ်၍ လိုဏ်ခေါင်းထဲရှိအခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ထိုအခိုက်အတန့်ဝယ် သူ့နောက်ဘက်ဆီမှ လေတိုးသံများ ထွက်လာခဲ့သည်။ ရန်ကိုင်မှာ လှည့်ကြည့်စရာမလိုဘဲနှင့်ပင် သူ့နောက်တွင်ရှိနေသောလူမှာ ယုရုမန်မှန်း ပြောနိုင်ပေသည်။ ရန်ကိုင်၏တိုက်ခိုက်မှုမှာ အားကောင်းလှပါသော်ငြား ယုရုမန်အား သတ်နိုင်လောက်သည်အထိတော့ မဟုတ်သေးပေ။ ရန်ကိုင်မှာ ယုရုမန် သူ့အား မနှောင့်ယှက်နိုင်စေရန်အတွက် သူမအား ဒဏ်ရာရအောင် လုပ်ရုံသာ ရည်ရွယ်ထားသည့်အတွက်ကြောင့်ပင် ဖြစ်၏။
“ငါ နင်ထိခိုက်မှာကိုမမြင်ချင်လို့…” ယုရုမန်၏အသံ ထွက်လာခဲ့သည်။
ယုရုမန်ဘာပြောချင်သလဲဆိုသည်ကို ရန်ကိုင်နားမလည်နိုင်သေးခင်မှာပင် သူ့အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ရန်ကိုင်သည် မျက်လုံးအပြူးသားဖြင့် အောက်ဘက်ရှိ လိုဏ်ခေါင်းကို စိုက်ကြည့်နေရင်းမှ သူ့ကောင်းကင်စိတ်အာရုံကို အလျင်စလို ပြန်ရုတ်သိမ်းလိုက်လေ၏။
သို့ပါသော်ငြား ယခုနေမှ ရုတ်သိမ်းလိုက်သည်မှာ နောက်ကျသွားခဲ့လေပြီ။ ရန်ကိုင်ဖြန့်ကျက်ထားသော ကောင်းကင်စိတ်အာရုံမှာ ဖြတ်တောက်ခြင်း ခံလိုက်ရပြီး ရန်ကိုင်ကိုယ်တိုင်မှာလည်း နာကျင်စွာ အော်ဟစ်ငြီးတွားမိလိုက်သည်။
ကောင်းကင်စိတ်အာရုံထိခိုက်သွားခြင်းသည် အလွန်ကိုမှ ပြင်းထန်လှသည့် ဒဏ်ရာတစ်ခုဖြစ်ကာ အလွယ်တကူ ပြန်လည်သက်သာအောင် လုပ်နိုင်သည့် ဒဏ်ရာမျိုးမဟုတ်ပေ။ ထိုကဲ့သို့သောဒဏ်ရာမျိုးကို လုပ်ရန်အတွက် အလွန်ကိုမှ အချိန်ယူရကာ ဒဏ်ရာများကိုကုသရန်အတွက် လိုအပ်သည့်ဆေးများမှာလည်း အတော့်ကိုမှ ရှားပါးလှသည်။
သို့ပါသော်ငြား ရန်ကိုင်တွင် ဝိဉာဉ်ကြာပန်းရှိနေလေသည်။ ထိုအကြောင်းကြောင့် ထိုကဲ့သို့သောဒဏ်ရာမျိုးကို စိတ်ပူစရာမလို။ ဝိဉာဉ်ကြာပန်း၏ အားဖြည့်မှုနှင့်သာဆိုပါက ထိုကဲ့သို့သောဒဏ်ရာမျိုးသည် အနှေးနှင့်အမြန်ဆိုသလို ပြန်လည်ပျောက်ကင်းသွားပေလိမ့်မည်။
ရန်ကိုင်အား ထိတ်လန့်ကြောက်ရွံ့သွားစေသည့်အချက်မှာ ဟင်းလင်းပြင်လိုဏ်ခေါင်းအနားတွင် ထိုအရာကို စောင့်ကြပ်နေသည့်လူတစ်ဦး ရှိနေသည့်အချက်ပင်။ ထိုလူမှာလည်း ရန်ကိုင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းပေသည်။ ထိုလူသည် ရန်ကိုင်၏ကောင်းကင်စိတ်အာရုံကို သတိထားမိသွားခဲ့ပြီး ထိုကောင်းကင်စိတ်အာရုံကို ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်ပေသည်။
ထိုမျှသာလျှင်မဟုတ်သေး ရန်ကိုင်မှာ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ဆွဲယူနေစဉ်အတောအတွင်း သတ်ဖြတ်လိုစိတ်တစ်စွန်းတစ်စကိုလည်း ခံစားမိလိုက်လေသည်။
ထိုသို့ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ထိုနေရာ၌ မည်ကဲ့သို့များ ဆက်နေရဲပါတော့မည်နည်း။ ချက်ချင်းပဲ ယုရုမန်ကို ခါးမှကိုင်၍ လေဟာနယ်နိယာမကို အသက်သွင်းကာ နတ်ဆိုးချီထဲမှ အလျင်စလို ပြန်ဆုတ်လာခဲ့သည်။
ယခုမှသာလျှင် ယုရုမန် ဘာကိုပြောချင်သလဲဆိုသည်ကို သဘောပေါက်သွားတော့သည်။
ယခုကဲ့သို့ဖြစ်လာမည်မှန်း ယုရုမန် ကြိုသိထားသည့်ပုံပင်။
ရန်ကိုင်သည် နတ်ဆိုးချီထဲမှတစ်ဆင့် ကြယ်ဝိဉာဉ်နန်းတော်မှလူများ စောင့်နေသည့်နေရာဆီသို့ တောက်လျှောက် ပြန်ဆုတ်လာခဲ့လေသည်။
သွားနေရင်းမှတစ်ဆင့် ယုရုမန်၏မျက်နှာကို ငုံ့ကြည့်လိုက်ရာ သူမ၏မျက်နှာလေးမှာ လုံးဝကို ဖြူလျော်နေပြီး သူမဝတ်ဆင်ထားသော မျက်နှာလွှားဇာမှာလည်း သွေးများဖြင့်နီရဲနေကြောင်း တွေ့လိုက်ရသည်။ လက်ရှိယုရုမန်မှာ အသက်အန္တရာယ်မရှိပါသော်ငြား သူမပုံစံမှာ အတော်လေးကိုမှ စိတ်ဓာတ်ကျနေသည့်ပုံပင်။ ထိုသို့ဖြစ်ရသည်မှာ ရန်ကိုင်၏လက်ဝါးချက်ကြောင့် ရသွားသည့် ဒဏ်ရာကြောင့်ပဲလား၊ ထိုသို့မဟုတ်ဘဲ ရန်ကိုင်တိုက်ခိုက်ခြင်းခံလိုက်ရသည့်အပေါ် ဝမ်းနည်းကြေကွဲသွားသည့်အတွက်ကြောင့်ပဲလား မသိရပါသော်ငြား ရန်ကိုင်ကြောင့် ဝမ်းနည်းသွား၍ ထိုကဲ့သို့ဖြစ်နေသည်မှာတော့ ပို၍ဖြစ်နိုင်ခြေများပေသည်။
ရန်ကိုင်မှာ တစ်ခုခုပြောရန် လုပ်လိုက်ပါသော်ငြား နောက်ဆုံးတွင် ဘာမျှမပြောနိုင်ခဲ့ပဲ ကူကယ်ရာမဲ့စွာဖြင့်သာ ဆေးလုံးအချို့ကိုထုတ်၍ ယုရုမန်အား ပေးလိုက်လေ၏။ “ရော့ သောက်…”
ယုရုမန်ကမူ ရန်ကိုင်ပြောသည်ကို မကြားသည့်အလား ထူးမခြားနားဟန်ဖြင့်သာ ရှိနေလေသည်။
မတတ်နိုင်တော့သည့်အဆုံး ရန်ကိုင်လည်း သူမ၏မျက်နှာလွှားဇာကိုဖယ်၍ သူမ၏ပါးလေးကိုညှစ်ကာ ပါးစပ်ထဲသို့ ဆေးလုံးများကို ထည့်ပေးလိုက်ရသည်။
“ထွီ…” ယုရုမန်ကမူ ထိုဆေးလုံးများကို ထွေးထုတ်ပစ်လိုက်လေ၏။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့ပြီး ခါးသက်သက်အမူအယာဖြင့် “နင် မသောက်ချင်ဘူးဆိုရင်လည်း ထားလိုက်တော့…”
“ဟမ့်…” ယုရုမန်သည် ရန်ကိုင်အား တစ်ချက် စောင်းကြည့်လိုက်ပြီးသည့်နောက် သူမ၏နှုတ်ခမ်းထက် ထူးဆန်းသည့်အပြုံးတစ်ပွင့် ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် အခြားတစ်ဖက်သို့ ခေါင်းလှည့်သွားလေ၏။
ရန်ကိုင်တို့နှစ်ဦးမှာ မကြာမီ ရွှယ့်ကျန်းမောင်နှင့် အခြားသူများရှိနေရာဆီသို့ ရောက်လာခဲ့လေသည်။ အကုန်လုံးမှာ ရန်ကိုင်ဆီသို့ရောက်လာပြီး အခြေအနေကို လာရောက်မေးမြန်းကြသည်။
ရန်ကိုင်သည် ယုရုမန်အား လန်ရွှင်းလက်ထဲသို့ ထည့်ပေးလိုက်ပြီး သူမအား ဂရုစိုက်ပေးရန် ပြောပြီးသည့်နောက်တွင် ခေါင်းခါ၍ ပြန်ပြောလိုက်၏။ “တစ်ယောက်ယောက်က အဲ့ဟင်းလင်းပြင်လိုဏ်ခေါင်းကို စောင့်နေတယ်… ပြီးတော့ စောင့်နေတဲ့လူက ညအရိပ်မဟာဧကရာဇ်ဖြစ်မယ့်ပုံပဲ…”
အစောပိုင်းက ရန်ကိုင် သတိထားမိလိုက်သည့်အရှိန်အဝါမှာ ညအရိပ်မဟာဧကရာဇ်၏ အရှိန်အဝါသာ ဖြစ်ပေသည်။
“ဘယ်လို…” ရွှယ့်ကျန်းမောင်နှင့် အခြားသူများအားလုံး မျက်လုံးပြူးသွားကုန်ကြလေသည်။
တစ်ခဏမျှတိတ်နေပြီးသည့်နောက် ရှောင်ယုယန်က ပြန်မေးလိုက်သည်။ “ညအရိပ်မဟာဧကရာဇ်က နတ်ဆိုးနယ်မြေနဲ့ ပူးပေါင်းနေတာလား…”
“အဲ့ဒါတော့ ကျုပ်မပြောတတ်ဘူး…” ရန်ကိုင် ခေါင်းခါပြလိုက်သည်။
“အဲ့ဒါဖြစ်နိုင်တယ်…” ရွှယ့်ကျန်းမောင်ကမူ အတွေးနက်နေသည့်အမူအယာဖြင့် ပြောလိုက်သည်။
“ဘာဖြစ်လို့ အဲ့လိုမျိုးပြောတာလဲ…” ရန်ကိုင်က ပြန်၍မေးလိုက်၏။
ရွှယ့်ကျန်းမောင်သည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် သူထင်နေသည့်အရာကို ပြောပြလိုက်သည်။ “ရန်ကိုင်… လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ရှေးဟောင်းကျောင်းတော်မှာ ဖြစ်သွားတဲ့ကိစ္စတွေကို မှတ်မိသေးလား…”
“မှတ်မိတယ်လေ…” ထိုကိစ္စနှင့် လက်ရှိကိစ္စ နှစ်ခုစလုံးသည် နတ်ဆိုးနယ်မြေနှင့် ပတ်သက်နေပေသည်။ သို့ပါသော်ငြား မေးစရာရှိသည်မှာ ထိုကိစ္စသည် ညအရိပ်မဟာဧကရာဇ်နှင့် မည်ကဲ့သို့များ ပတ်သက်နေပါလေသနည်း။
“အဲ့တုန်းက တစ်ယောက်ယောက်က မင်းကို ရှေးဟောင်းကျောင်းတော်ထဲကနေ မျှားခေါ်သွားပြီးတော့ အလစ်အငိုက်ချောင်းပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတယ်လို့ ပြောတယ်မလား… အဲ့တုန်းက မင်းကို လာပြီးတိုက်ခိုက်တဲ့လူကို မင်း လုံးဝသတိမထားမိလိုက်လို့ အဲ့လူလက်ချက်ကြောင့် သေခါနီးဖြစ်သွားတယ်လို့တောင် ပြောသေးတယ်လေ…”
“ဟုတ်တယ်…” ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ ရန်ကိုင်မှာ သူ့အား တိုက်ခိုက်သည့်လူ မည်သူဖြစ်မလဲဆိုသည်ကို သိလိုက်သည့်အတွက်ကြောင့် ထိုအကြောင်းကို လူပေါင်းများစွာအား ပြောပြခဲ့ပါသော်ငြား မည်သူမျှ သူ့အား သေချာရေရာသည့်အဖြေကို မပေးနိုင်ခဲ့ပေ။ ထိုအကြောင်းကို ပြန်တွေးလိုက်တိုင်း ရန်ကိုင်မှာ တုန်တုန်ရီရီ ဖြစ်ရစမြဲပင်။ သူ့အားတိုက်ခိုက်ခဲ့သည့်လူသည် အမှောင်ထု၏အကာအကွယ်ကို ယူ၍ ပိပိရိရိကို ပုန်းနေခဲ့သည်။ ရန်ကိုင်၏ အားကောင်းလှသော ရုပ်ခန္ဓာကြောင့်သာမဟုတ်လျှင် ထိုလူ၏အလစ်ချောင်းတိုက်ခိုက်မှုကြောင့် ရန်ကိုင်မှာ အမှန်တကယ်ကို သေသွားလောက်ပေပြီ။ သို့ပါသော်ငြား ရန်ကိုင်၏အသက်ကို မယူနိုင်သည်နှင့်တစ်ပြိုင်နက် ထိုလူမှာ ချက်ချင်းထွက်ပြေးရန် ကြိုးစားတော့သည်။
ရန်ကိုင်က ချက်ချင်းပဲ ပြန်၍မေးလိုက်လေ၏။ “အဲ့လူက အရိပ်သတ်ဖြတ်သူနန်းတော်ကလား…”
ရွှယ့်ကျန်းမောင်က ခေါင်းညိတ်ပြလိုက်သည်။ “မင်းကိုတိုက်ခိုက်သွားတဲ့လူက မင်းပြောတဲ့အတိုင်းသာဆိုရင်တော့ အရိပ်သတ်ဖြတ်သူနန်းတော်ကပဲ အဲ့လိုလူမျိုးတွေကို လေ့ကျင့်ပေးနိုင်တာ… ဒါပေမယ့် ဒီကိစ္စကတော့ ငါ့ရဲ့ အထင်သက်သက်ပဲ… ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကိစ္စမျိုးက မဟာဧကရာဇ်တစ်ပါးနဲ့ ပတ်သက်နေတာဆိုတော့ ငါတို့ထင်ရာမြင်ရာ လျှောက်ပြီးတော့ ကောက်ချက်ချလို့တော့ အဆင်မပြေဘူး… ဒါပေမယ့် အခုအခြေအနေကို ကြည့်ရသလောက်တော့ ညအရိပ်မဟာဧကရာဇ်နဲ့ အရိပ်သတ်ဖြတ်သူနန်းတော်က နတ်ဆိုးနယ်မြေနဲ့ ပူးပေါင်းသွားတာ အတော်လေး ဖြစ်နိုင်ချေများတယ်…”
တောင်ဘက်နယ်မြေတွင် ဖြစ်ပျက်သွားသည့် နတ်ဆိုးများအုံကြွသည့်ကိစ္စတွင် အရိပ်သတ်ဖြတ်သူနန်းတော်၏စနက် မကင်းပေ။ အနောက်ဘက်နယ်မြေတွင်မူ ညအရိပ်မဟာဧကရာဇ်မှာ နတ်ဆိုးနယ်မြေဘက်မှ ကိုယ်တိုင်ကိုယ်ကျ ဝင်ကူညီပေးနေခြင်း ဖြစ်လေသည်။
“ဒါပေမယ့် ဘာဖြစ်လို့ ကျုပ်မှလဲ…” ရန်ကိုင် ဇဝေဇဝါဖြစ်နေလေသည်။
ရွှယ့်ကျန်းမောင်က ပြောလိုက်သည်။ “နတ်ဆိုးနယ်မြေ ကြယ်တာရာအစုအဝေးကို ကျူးကျော်မယ်ဆိုရင် စစ်ပွဲအကြီးကြီးကတော့ ဖြစ်မှာပဲ… အဲ့အချိန်ကျရင် မင်းလိုမျိုး လေဟာနယ်တာအိုကို ကျွမ်းကျင်ပြီးတော့ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တွေကို ခင်းကျင်းပေးနိုင်တဲ့လူက အခရာကျလာမှာလေ… ဒီတော့ မင်းကို အရင်ဆုံးရှင်းပစ်ဖို့ကြိုးစားတာ ဘာဆန်းလို့လဲ…”
(ဒီစကားကို ငါ နည်းနည်း ရင်းနှီးနေသလိုပဲ…) ရန်ကိုင်သည် ခပ်လှမ်းလှမ်းတွင် တင်ပလင်ခွေထိုင်နေသော ယုရုမန်အား တွေးတွေးဆဆဖြင့် လှမ်း၍ကြည့်လိုက်သည်။
“ဥပမာပြောရမယ်ဆိုရင် အခု မင်း ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းပြီးတော့ အခြားနယ်မြေကပညာရှင်တွေကို ဒီနေရာဆီ ချက်ချင်း ရောက်လာအောင် လုပ်ပေးလို့ရတယ်လေ…”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။
ရွှယ့်ကျန်းမောင်က သက်ပြင်းချ၍ ဆက်ပြောလိုက်လေသည်။ “ဒါကတော့ ငါ့အထင်သက်သက်ပဲ ရှိသေးတယ်… ငါတို့အထဲက ဘယ်သူမှမှ တကယ့်အမှန်ကို မသိသေးတာ…”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ပြန်၍ပြောလိုက်၏။ “ဒါဆိုရင်တော့ နှောင့်နှေးနေလို့ မဖြစ်တော့ဘူး… ဒီအကြောင်းကို သတင်းဖြန့်ပြီး လူတွေအကုန်လုံးကို ခေါ်ပြီးတော့မှပဲ ဆက်၍ပြောကြတာပေါ့…”
ဟင်းလင်းပြင်လိုဏ်ခေါင်းအား ညအရိပ်မဟာဧကရာဇ်မှ စောင့်ကြပ်နေသည့်အတွက်ကြောင့် ထိုကိစ္စသည် ရန်ကိုင်တစ်ကိုယ်တည်း ဖြေရှင်းနိုင်သည့်ကိစ္စတစ်ရပ် မဟုတ်တော့ပေ။ ညအရိပ်မဟာဧကရာဇ်နှင့် သံမဏိသွေးမဟာဧကရာဇ်တို့မှာ လက်ရှိအချိန်၌ ပျောက်နေကြသည်။ ရန်ကိုင်သည် ညအရိပ်မဟာဧကရာဇ်အား ဖိနှိပ်လိုပါက အခြားသောမဟာဧကရာဇ်တစ်ပါးဆီမှ သွားအကူအညီတောင်းမှသာ ရပေလိမ့်မည်။
ကံကောင်းစွာဖြင့် ရန်ကိုင်သည် လီဝူရီနှင့် လေဟာနယ်မှတ်တိုင်များကို လဲလှယ်ထားခဲ့သည့်အတွက်ကြောင့် လိုအပ်လျှင် စိတ်ဝိဉာဉ်သားရဲကျွန်းဆီမှ ချက်ချင်း သွားရောက်အကူအညီတောင်းနိုင်ပေသည်။ ထိုသို့သာမဟုတ်ပါက လတ်တလောအတွင်း ရန်ကိုင်အနေဖြင့် ဘာဆိုဘာမျှ လုပ်နိုင်တော့လိမ့်မည်မဟုတ်ပေ။
ဤနေရာမှ သုံးရက်ခန့်ကြာအောင် သွားရသည့် သဲကန္တာရထဲရှိ အိုအေစစ်ထဲတွင် ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းထားခဲ့သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် နောက်ထပ်ဟင်းလင်းပြင်အစီအရင်တစ်ခုအား ခင်းကျင်းနေစရာမလိုပေ။ ထို့အပြင် နယ်မြေတစ်ခုမှ တစ်ခုဆီသို့ သွားလာဖို့ရာ ရန်ကိုင်တွင် အခြားသောနည်းလမ်းများ ရှိနေပေသေးသည်။
အချိန်ခဏယူ၍ လက်ကောက်တစ်ခုနှင့်ဆင်တူသော လေဟာနယ်မှတ်တိုင်တစ်ခုအား ဖန်တီးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လင်းယွင်အာကို လှမ်းခေါ်လိုက်သည်။ ထို့နောက် လင်းယွင်အာအား ထိုလက်ကောက်ကိုပေး၍ ပြောလိုက်လေ၏။ “ဒါကို နင့်လက်မှာဝတ်ထား… သိုလှောင်လက်စွပ်ထဲ လုံးဝမထည့်နဲ့နော်…”
“အင်း…” လင်းယွင်အာသည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် လက်ကောက်အား သူမလက်တွင် ကောက်ဝတ်လိုက်သည်။
ထို့နောက်တွင် ရန်ကိုင်သည် အနီးအနား၌ အနားယူအားဖြည့်နေသော ယုရုမန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် လေဟာနယ်နိယာမကိုထိန်းချုပ်၍ လီဝူရီ၏ လေဟာနယ်မှတ်တိုင်ကို အသက်သွင်းလိုက်သည်။
တစ်ခဏအကြာ၌ လေဟာနယ်စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့ပြီးသည့်နောက် ရန်ကိုင်သည် အားလုံး၏မြင်ကွင်းမှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးသည့်နောက် ရန်ကိုင်သည် လီဝူရီနှင့်အတူ သားရဲသခင်မဟာဧကရာဇ်မိုဟွမ်နှင့် သွားတွေ့လေသည်။
မိုဟွမ်သည် ထူးထူးဆန်းဆန်းအမူအယာဖြင့် “ကောင်လေး… မင်း ဘာလို့ ထပ်ရောက်လာတာလဲ…”
(ဒီကောင်ထွက်သွားတာ နှစ်နည်းနည်းပဲရှိသေးတယ်… အခု နောက်တစ်ကြိမ် ထပ်ရောက်လာပြန်ပြီ…) မိုဟွမ်မှာ သူ၏ အချစ်တော်သမီးလေးအား ဤသားရဲကောင်လက်မှ မည်မျှကြာအောင် ဖွက်ထားနိုင်မလဲဆိုသည်ကို တွေးရင်း အမှန်တကယ်ကို စိတ်ပူနေမိတော့သည်။
“ဆရာ… သတင်းဆိုးပါလာတယ်…” လီဝူရီက အလေးအနက်အမူအယာဖြင့် ပြောလိုက်သည်။
“ဘာကိစ္စလဲ…” မိုဟွမ် မျက်မှောင်ကျုံ့သွားခဲ့သည်။
ယခင်တစ်ကြိမ် လီဝူရီ ထိုကဲ့သို့သောစကားမျိုးကို ပြောစဉ်က ယောင်လင် ပြန်ပေးဆွဲခံလိုက်ရသည့်အချိန်တွင် ဖြစ်ပေသည်။ ယခု သူ့အမူအယာကို ကြည့်ရသလောက် ထိုထက်ပို၍ ဆိုးရွားသည့်ကိစ္စတစ်ခုခု ဖြစ်သွားသည့်ပုံပင်။
လီဝူရီမှာမူ ရန်ကိုင်အား လှမ်း၍ အချက်ပြလိုက်သည်။
ရန်ကိုင်လည်း အချိန်ဖြုန်းမနေဘဲ အကျဉ်းချုံး ရှင်းပြလိုက်လေ၏။
ရန်ကိုင်ရှင်းပြသည်ကို ကြားပြီးသည့်နောက် မိုဟွမ် ထိတ်လန့်သွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “ညအရိပ်မဟာဧကရာဇ်က နတ်ဆိုးနယ်မြေနဲ့ ပူးပေါင်းနေတာလား…”
ရန်ကိုင်က ရှင်းပြလိုက်လေ၏။ “အဲ့ဒါကတော့ ကျုပ်တို့ခန့်မှန်းချက်သက်သက်ပဲရှိသေးတယ်… သက်သေပြလို့တော့မရသေးဘူး… ဒါပေမယ့် ဒီဂျူနီယာသေချာတာကတော့ အဲ့ကဟင်းလင်းပြင်လိုဏ်ခေါင်းကို မဟာဧကရာဇ်တစ်ပါးက စောင့်ကြပ်နေတယ်ဆိုတာပဲ… အဲ့မဟာဧကရာဇ်ရဲ့အရှိန်အဝါကလည်း ညအရိပ်မဟာဧကရာဇ်နဲ့ ဆင်တူတယ်… အခုလောလောဆယ်တော့ စီနီယာလမင်းနဲ့ စီနီယာသံမဏိသွေးတို့ ပျောက်နေတယ်… နတ်ဆိုးချီကလည်း တောက်လျှောက်ကို ထွက်လာနေတာ… ဒီတော့ သေသေချာချာစဉ်းစားပြီးတော့ စီနီယာဆီကပဲ လာပြီးအကူအညီတောင်းမယ်ဆိုပြီး ဒီကိုလာခဲ့တာ… အခုအခြေအနေက နည်းနည်းလေးမှ နှောင့်နှေးနေလို့မရတော့ဘူး… ဆက်ပြီးတော့နှောင့်နှေးနေရင် ပြဿနာတွေ ပိုတက်လာနိုင်တယ်… ဒါကြောင့်ပဲ စီနီယာအဆင်ပြေလို့ရှိရင် ချက်ချင်းသွားလို့ အဆင်ပြေမလား… ကျုပ်တို့နှောင့်နှေးနေလို့ရှိရင် အနောက်ဘက်နယ်မြေတစ်ခုလုံး ထိန်းချုပ်မရဖြစ်သွားလိမ့်မယ်…”
မိုဟွမ်က ချက်ချင်းထရပ်၍ ပြောလိုက်လေ၏။ “မင်းပြောတဲ့အတိုင်းသာဆိုရင်တော့ ဒီကိစ္စက လုံးဝ နှောင့်နှေးနေလို့မရတော့ဘူး… ပြီးတော့ အဲ့ကိစ္စက အနောက်ဘက်နယ်မြေတစ်ခုတည်းနဲ့ပဲ သက်ဆိုင်နေတဲ့ကိစ္စလည်း မဟုတ်ဘူး…” တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် မိုဟွမ်သည် လီဝူရီကိုကြည့်၍ ပြောလိုက်လေသည်။ “ရှုယဉ်သာနန်းတော်ဆီကိုသွားပြီးတော့ ရှုယဉ်သာကိုပါခေါ်လာခဲ့… သူ့သမီးလည်း အဲ့မှာရှိနေတာဆိုတော့ သူကိုယ်တိုင်ကလည်း ဒီကိစ္စကနေ ဘေးထွက်နေလို့မရဘူး… သူလည်းလိုက်မှဖြစ်မယ်…”
“ဟုတ်ကဲ့…” အမိန့်ရပြီးသည့်နောက် လီဝူရီ ချက်ချင်းထွက်သွားလိုက်သည်။
ရှုယဉ်သာနန်းတော်အတွင်း လီဝူရီမှ ဖန်တီးပေးထားသော လေဟာနယ်မှတ်တိုင်တစ်ခု ရှိပေသည်။ ထိုအရာကိုသုံးခြင်းအားဖြင့် လီဝူရီမှာ စိတ်ဝိဉာဉ်သားရဲကျွန်းမှတစ်ဆင့် ရှုယဉ်သာနန်းတော်ဆီသို့ မျက်တောင်တစ်ခတ်အတွင်း သွားလာနိုင်ပေသည်။
ယခုကဲ့သို့ဖြစ်လာမည်ဟုလည်း ရန်ကိုင် မထင်ထားခဲ့ပေ။ ရန်ကိုင်သည် မိုဟွမ်ဆီမှ အကူအညီတောင်းလိုသည့်အတွက်ကြောင့်သာ စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ ရောက်လာခြင်းဖြစ်ပြီး မိုဟွမ်နှင့်အတူ ရှုယဉ်သာမဟာဧကရာဇ်ကိုပါ ခေါ်လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သွားနေစဉ်အတောအတွင်း မိုဟွမ်သည် အနောက်ဘက်နယ်မြေ၏အခြေအနေကို အသေးစိတ်မေးကြည့်သည်။ ရန်ကိုင်လည်း သူသိထားသမျှ အကြောင်းအရာများကို မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောပြလိုက်လေသည်။
ရန်ကိုင်ပြောပြသည်ကို ကြားပြီးသည့်နောက် မိုဟွမ်က အလေးအနက်အမူအယာဖြင့် ပြန်၍ပြောလိုက်သည်။ “ကြည့်ရသလောက်တော့ နတ်ဆိုးနယ်မြေက ကြယ်တာရာအစုအဝေးကို တကယ်ကြီးကျူးကျော်ချင်တာနဲ့တူတယ်… ဒါပေမယ့် ညအရိပ်မဟာဧကရာဇ်က ဘာဖြစ်လို့ သူတို့နဲ့ ပူးပေါင်းရတာလဲ… နတ်ဆိုးနယ်မြေက သူ့ကို ဘယ်လိုအကျိုးကျေးဇူးတွေပေးမယ်လို့ ကမ်းလှမ်းထားလို့လဲ…”
ရန်ကိုင်သည် မိုဟွမ်ကိုကြည့်ရင်းမှ ပြန်၍မေးလိုက်သည်။ “စီနီယာမသိဘူးလား…”
မိုဟွမ်က ခေါင်းခါလိုက်သည်။ “ငါတို့ဆယ်ယောက်ထဲမှာ ညအရိပ်က အဆန်းကြယ်ဆုံးပဲ… အခြားသူတွေနဲ့လည်း ဒီလောက်ကြီး အဆက်အသွယ်မရှိဘူး… ငါကိုယ်တိုင်တောင် သူနဲ့ နည်းနည်းပါးပါးပဲ တွေ့ဖူးတယ်… စကားတောင် ဒီလောက်မပြောဖြစ်ဘူး… အဲ့ဒါကြောင့် သူဘယ်လိုလူစားမျိုးလဲ သူဘာတွေလုပ်နေလဲဆိုတာကိုလည်း ငါမသိဘူး…”
ရန်ကိုင်က ထူးထူးဆန်းဆန်းအမူအယာဖြင့် “ကောလဟာလတွေပြောတာတော့ စီနီယာတို့တောင် ညအရိပ်မဟာဧကရာဇ်က ယောက်ျားလားမိန်းမလားဆိုတာကို မသိဘူး… အဲ့ဒါအမှန်ပဲလား…”
မိုဟွမ်က အော်ရယ်မောလျက် လက်ဝှေ့ယမ်းရင်းမှ “ညအရိပ်မဟာဧကရာဇ်က ယောက်ျားကွ… ဘယ်လိုလုပ်ပြီး အဲ့လိုကောလဟာလမျိုး ရှိနေရတာလဲ…” ပြောနေရင်းမှ မိုဟွမ် အရယ်ရပ်သွားခဲ့ပြီး မျက်မှောင်ကြီးကျုံ့လျက် ပြောလိုက်လေသည်။ “ငါ့လခွမ်း… မင်းပြောတာမှန်လောက်တယ်ဟ… ငါ သူ့မျက်နှာကို တစ်ခါမှမမြင်ဖူးဘူး…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် မင်သက်သွားခဲ့လေသည်။ (ဒါဆို ကောလဟာလတွေက တကယ်ကြီးဖြစ်နေတာပေါ့…)
(မိုဟွမ်နဲ့ အခြားသူတွေက ညအရိပ်မဟာဧကရာဇ်က ယောက်ျားလားမိန်းမလားဆိုတာကို မသိဘူး… ဒါပေမယ့် အဲ့မသိတာက ဘာမှကိစ္စမရှိဘူး… ညအရိပ်မဟာဧကရာဇ်က မဟာဧကရာဇ်တစ်ပါးဖြစ်နေတာဆိုတော့ သူ့ဘာသူ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဒီလောကကြီးရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ပဲ… အခုပြဿနာက နတ်ဆိုးနယ်မြေက သူ့ကို ဘယ်လိုအကျိုးအမြတ်တွေ ကမ်းလှမ်းထားလို့ နတ်ဆိုးနယ်မြေနဲ့ ပူးပေါင်းသွားရတာလဲ…)