← Chapters

အခန်း (၃၃၈၁-၃၃၈၄)

Vol. 149 Ch. 3381-3384

အခန်း (၃၃၈၁-၃၃၈၄)

Vol. 149 Ch. 3381-3384

အပိုင်း (၃၃၈၁)

ဘာသာပြန်သူ_တိမ်တိုက်

လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးသည့်နောက် လီဝူရီပြန်ရောက်လာခဲ့သည်။

လီဝူရီနှင့်အတူ ရှုယဉ်သာမဟာဧကရာဇ်ပါ ပါလာခဲ့သည်။

ဤသည်မှာ ရန်ကိုင်မှ ရှုယဉ်သာမဟာဧကရာဇ်အား ပထမဦးဆုံးအကြိမ်အဖြစ် လူချင်းတွေ့ဖူးခြင်းဖြစ်သည်။ အပေါ်ယံရှပ်ကြည့်လိုက်မည်ဆိုလျှင် ရှုယဉ်သာမဟာဧကရာဇ်သည် သာမန်လူအိုကြီးတစ်ဦး ဖြစ်သည်ဟုသာ ထင်ရပေသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်မည်ဆိုလျှင်ပင် ရှုယဉ်သာမဟာဧကရာဇ်ဆီမှ မည်သည့်အရှိန်အဝါကိုမှ ခံစားမိလိမ့်မည်မဟုတ်သလို ရှုယဉ်သာမဟာဧကရာဇ် ကိုယ့်အနား၌ ရပ်နေမည်ဆိုလျှင် ရပ်နေလို့ရပ်နေမှန်းကိုလည်း သတိထားမိလိမ့်မည်မဟုတ်ပေ။

မဟာဧကရာဇ်တစ်ပါးချင်းစီတိုင်းသည် သက်ဆိုင်ရာပညာရပ်အသီးသီးတွင် ထူးချွန်ကြပေသည်။ ဥပမာဆိုရသော် မိုဟွမ်သည် သားရဲထိန်းကျောင်းရာတွင် ကျွမ်းကျင်ပြီး ရှုယဉ်သာမဟာဧကရာဇ်မှာမူ ဝိဉာဉ်နှင့်ပတ်သက်လာလျှင် ကြယ်တာရာအစုအဝေး၏ အကျွမ်းကျင်ဆုံးလူတစ်ဦး ဖြစ်ပေသည်။

ထျန်းယန်သည်လည်း ရှိနေပေသေးသည်။ သို့ပါသော်ငြား ထျန်းယန်မှာ သူ၏ရုပ်ခန္ဓာကိုယ်ကို တည်ဆောက်ပြီးသည့်နောက်တွင် သာမန်လူတစ်ဦးပမာ ဖြစ်သွားခဲ့ကာ အစမှစ၍ ပြန်လည်စတင်ကျင့်ကြံရလေသည်။ ထိုအကြောင်းကြောင့် ထျန်းယန်အနေဖြင့် မဟာဧကရာဇ်တစ်ပါး ပြန်ဖြစ်လာဖို့ရာ မည်မျှကြာမလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ပေ။

ရှုယဉ်သာမဟာဧကရာဇ်သည် ဝိဉာဉ်ကျင့်ကြံခြင်းတွင် ကျွမ်းကျင်သည့်အတွက်ကြောင့်သာလျှင် လောကတစ်သောင်းမဟာဧကရာဇ်မှာ ကြယ်ပျက်ပင်လယ်ထဲမှ ထွက်လာပြီးသည့်နောက် ရှုယဉ်သာမဟာဧကရာဇ်နှင့် သွားတွေ့ခဲ့ခြင်းဖြစ်သည်။ ဝူခွမ်း၏ဝိဉာဉ် သူ့ကိုယ်ထဲတွင် ဝင်နေသည့်ကိစ္စကို ရှုယဉ်သာမဟာဧကရာဇ်အား ဖြေရှင်းစေခိုင်းလိုပါသော်ငြား ရှုယဉ်သာမဟာဧကရာဇ်သည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ဘာမျှမတတ်နိုင်ခဲ့ပေ။

ရှုယဉ်သာမဟာဧကရာဇ်၏ တကယ့်နာမည်သည် ယောင်ကျွင်းဖြစ်သည်ဟူသော အချက်ကိုမူ မိုဟွမ်မှပြောခဲ့ကြောင်းကို ရန်ကိုင်မှတ်မိပေသည်။ သို့ပါသော်ငြား ရှုယဉ်သာမဟာဧကရာဇ်အား နာမည်တပ်၍ သွားမခေါ်ရဲပေ။

နှစ်ဦးသားတွေ့သည်နှင့် ယောင်ကျွင်းက ရန်ကိုင်အား မေးလိုက်လေသည်။ “ကောင်လေး… မင်းပြောတာတွေအကုန် အမှန်ပဲလား…” လီဝူရီ သူ့ဆီသို့ ရောက်လာပြီးသည့်နောက် အနောက်ဘက်နယ်မြေ၏ အခြေအနေအကြောင်းကို ပြောပြခဲ့သည်။ ထိုအကြောင်းကြောင့် အနောက်ဘက်နယ်မြေရှိပြဿနာမှာ မည်မျှကြီးမားကြောင်းကို သဘောပေါက်ထားလေ၏။

“စီနီယာ… ဒီဂျူနီယာကိုယ်တိုင် သေချာစစ်ဆေးကြည့်ထားတာပါ… ဒီဂျူနီယာပြောတဲ့စကား အကုန်မှန်တယ်ဆိုတာကို အာမခံရဲပါတယ်…” ရန်ကိုင်က ပြန်၍ပြောလိုက်သည်။

ယောင်ကျွင်း ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် မိုဟွမ်အား လှမ်းကြည့်လိုက်သည်။

မိုဟွမ်က ပြောလိုက်လေသည်။ “ငါတို့ နှောင့်နှေးနေလို့မဖြစ်တော့ဘူး… သွားကြရအောင်… ညအရိပ် ဘာတွေကြံနေလဲဆိုတာကို ငါလည်း သိချင်တယ်…”

ရန်ကိုင်သည် ချက်ချင်းပဲ လေဟာနယ်နိယာမများကို ထိန်းချုပ်၍ လင်းယွင်အာဆီ ပေးထားခဲ့သော လေဟာနယ်မှတ်တိုင်နှင့် ချိတ်ဆက်လိုက်သည်။ ထို့နောက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်တို့လေးဦးအဖွဲ့ ပျောက်ကွယ်သွားခဲ့လေသည်။

“မင်္ဂလာပါ စီနီယာတို့…” ရန်ကိုင်မှာ မဟာဧကရာဇ်နှစ်ဦးအား ဤမျှ လျင်လျင်မြန်မြန် ပြန်ခေါ်လာသည်ကိုမြင်သော် ကြယ်ဝိဉာဉ်နန်းတော်မှအဖွဲ့သားများ ဝမ်းသာအားရဖြစ်သွားကြပြီး အလျင်စလို ဦးညွှတ်နှုတ်ဆက်လိုက်ကြလေသည်။ ယခုမှသာလျှင် သူတို့ခမျာ အတော်လေး စိတ်အေးနိုင်တော့သည်။

အစောပိုင်းက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ရင်တထိတ်ထိတ် ဖြစ်နေခဲ့ရပါသော်ငြား ယခုမူ မဟာဧကရာဇ်နှစ်ပါး ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် အကုန်လုံး အတော်လေးကိုမှ စိတ်အေးနိုင်လေပြီ။

မိုဟွမ်နှင့်ယောင်ကျွမ်းမှာ အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည့်အခိုက် မျက်မှောင်ကျုံ့သွားကြလေသည်။ လက်ရှိအခြေအနေမှာ ရန်ကိုင်ပြောသွားသည်ထက်ကိုပင်လျှင် ပိုမိုဆိုးရွားနေကြောင်း တွေ့ရှိလိုက်ရသည်။ နတ်ဆိုးချီလွှမ်းခြုံနေသည့် နေရာအကျယ်အဝန်းမှာ ရန်ကိုင်ပြောပြစဉ်ကထက် နှစ်ဆမက ရှိနေလေ၏။

နတ်ဆိုးချီမှာ အလွန်လျင်မြန်စွာ ပျံ့နှံ့နေသည့်အတွက်ကြောင့် လူတိုင်းမှာလည်း တောက်လျှောက်ကို နောက်ဆုတ်နေခဲ့ရလေသည်။

သူမအဖေပေါ်လာသည်ကိုမြင်သော် ယောင်လင်မှာ ချုံးပွဲချငိုလျက် သူမအဖေရင်ခွင်ထဲသို့ ပြေးဝင်ရင်း သူမ မည်မျှထိတ်လန့်ကြောက်ရွံ့နေရကြောင်းကို အထွန့်တက်ကာ အော်ပြောပြတော့လေသည်။

ယောင်ကျွင်းမှာလည်း သူ့သမီးအား တောက်လျှောက်ကို နှစ်သိမ့်ပေးနေလေ၏။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် သူ့သမီးအပေါ် မည်မျှ အလိုလိုက်ထားကြောင်းကို မြင်တွေ့နိုင်ပေသည်။

“စီနီယာတို့… နတ်ဆိုးချီတွေ စိမ့်ထွက်နေတဲ့ သဲလိုဏ်ခေါင်းက ဂျူနီယာပြောပြခဲ့တဲ့ နေရာပါပဲ… အဲ့နေရာမှာ ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခု ရှိနေတာ… နတ်ဆိုးချီတွေက ဟင်းလင်းပြင်လိုဏ်ခေါင်းထဲကနေ တောက်လျှောက်ကို စိမ့်ထွက်နေတာ… အဲ့ဟင်းလင်းပြင်လိုဏ်ခေါင်းကို ဖျက်ဆီးလိုက်မယ်ဆိုရင် အခုပြဿနာကို ဖြေရှင်းလို့ရမယ်လို့ထင်တယ်…” ရန်ကိုင်က ပြောပြလိုက်သည်။

“အဲ့ဟင်းလင်းပြင်လိုဏ်ခေါင်းက သီးခြားကမ္ဘာတစ်ခုနဲ့ ဆက်နေတာမလား… အဲ့ဒါကို မင်းက အဲ့ထဲကနေ လွတ်အောင် ထွက်ပြေးလာနိုင်တယ်ပေါ့…” မိုဟွမ်က မေးလိုက်သည်။

“ဟုတ်ပါတယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

အကြောင်းစုံကို သိပြီးသွားသည့်နောက် မိုဟွမ် အတွေးနက်သွားခဲ့သည်။ ထို့နောက် ယောင်ကျွင်းအား ကြည့်ကာ ပြောလိုက်လေ၏။ “ငါတို့ သွားစစ်ဆေးကြမလား…”

ယောင်ကျွင်းသည် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက်တွင် ယောင်လင်ဘက်သို့လှည့်၍ “ဒီမှာငြိမ်ငြိမ်လေးစောင့်နေ… ဦးလေးမိုနဲ့နင့်အဖေ လုပ်စရာကိစ္စတွေရှိသေးတယ်…”

“မစောင့်ချင်ဘူး…” ယောင်လင်က ပြန်ပြောလိုက်သည်။ “အဖေ… သမီး အရှေ့ဘက်နယ်မြေဆီ ပြန်ချင်တယ်… ရှုယဉ်သာနန်းတော်ဆီပဲ ပြန်ချင်တော့တယ်… သမီးကို မြန်မြန် ပြန်ခေါ်သွားပေးပါနော်… သမီး နောက်တစ်ကြိမ် ထွက်မပြေးတော့ဘူးလို့ ကတိပေးပါတယ်…” ယခင်ကဆိုလျှင် ယောင်လင်မှာ ရလျှင်ရသလို ထွက်ပြေးတတ်ပေသည်။ သူမပြန်လာသည့်အခါ ယောင်ကျွင်း၏ဆူပူခြင်း ခံရလေ၏။ သို့ပင်ဖြစ်လင့်ကစား ယောင်လင်မှာ လုံးဝကို မမှတ်ပေ။ သူမ အခွင့်အရေးရတိုင်း အမြဲတစေ ထွက်ပြေးပေသည်။ သို့ပါသော်ငြား ယခုတစ်ကြိမ်အဖြစ်အပျက်များနှင့် ကြုံရပြီးသည့်နောက်တွင် ယောင်လင်မှာ သူမမိသားစုရှိရာ ရှုယဉ်သာနန်းတော်ဆီသို့သာ ပြန်သွားချင်တော့ပြီး ထိုနေရာမှ ခြေတစ်ဖဝါးပင် မခွာချင်တော့ပေ။ အပြင်လောကကြီးသည် အလွန်တရာကိုမှ အန္တရာယ်များလွန်းလှပေသည်။

“ပြဿနာမရှာနဲ့… အဖေ့မှာ အခု လုပ်စရာရှိသေးတယ်…” ယောင်ကျွင်းက ခက်ထန်သည့်အမူအယာဖြင့် ပြန်ပြောလေ၏။

ယောင်လင်ကမူ နားမထောင်ဘဲ အဆက်မပြတ်ကို ခေါင်းမာမာနှင့် အထွန့်တက်နေသည့်အတွက်ကြောင့် မတတ်သာတော့သည့်အဆုံးတွင် ယောင်ကျွင်းသည် ရန်ကိုင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။ “နင် နားမထောင်ဘူးဆိုရင် ငါ နင့်ကို သူနဲ့ထားခဲ့မှာနော်…”

ရန်ကိုင် မျက်နှာကြီး မဲ့သွားလေ၏။ သူပင်မသိလိုက်ဘဲ ယောင်ကျွင်းသည် သူတို့သားအဖပြဿနာကြားထဲ ရန်ကိုင်အား ဆွဲခေါ်ထည့်နေလေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ အလိုက်တသိဖြင့် ယောင်လင်အား ပြုံးဖြီးပြလိုက်လေ၏။

ယောင်လင်၏မျက်နှာ ချက်ချင်းဆိုသလို ဖြူလျော်သွားခဲ့ပြီး သူမလက်ကို ကမန်းကတမ်းဝှေ့ယမ်းရင်းမှ ပြန်ပြောလိုက်သည်။ “မလုပ်နဲ့… လင်အာ အဖေ့စကားကို နားထောင်ပါ့မယ်… အဖေ… မြန်မြန်သွားပြီးတော့ မြန်မြန်ပြန်လာနော်…”

ယောင်ကျွင်း ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် မိုဟွမ်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် နှစ်ဦးသား အဆုံးမဲ့နတ်ဆိုးချီထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။

နတ်ဆိုးချီမှာ တိုက်စားနိုင်စွမ်း ပြင်းထန်လှပါသော်ငြား ဧကရာဇ်ချီစွမ်းအင်ကိုသုံး၍ မိမိကိုယ်ကို ကာကွယ်ထားမည်ဆိုလျှင် အတိုင်းအတာတစ်ခုအထိ နတ်ဆိုးချီအား ကာကွယ်နိုင်ပေသည်။ မဟာဧကရာဇ်များမှာမူ နတ်ဆိုးချီအား လုံးဝကို လျစ်လျူရှုထားနိုင်လေ၏။

မဟာဧကရာဇ်နှစ်ပါး လှုပ်ရှားမည်ဖြစ်သည့်အတွက်ကြောင့် ကျန်သည့်လူများအနေဖြင် ဘာမှလုပ်စရာမလိုတော့ဘဲ အေးအေးဆေးဆေးဖြင့် ရပ်စောင့်နေရုံသာ ရှိပေတော့သည်။

ရန်ကိုင်သည် ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ယုရုမန်ရှိနေရာဆီသို့ လျှောက်သွားလိုက်သည်။ ယုရုမန်မှာ တစ်ချိန်လုံး သူမဒဏ်ရာကို ပြန်လည်ကုစားနေခြင်းဖြစ်ပြီး လန်ရွှင်းမှာလည်း သူမအား ဂရုစိုက်ပေးနေခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်၏လက်ဝါးချက်ကြောင့် ရထားသည့်ဒဏ်ရာမှာ အတော်လေးကိုမှ ပြင်းထန်သည့်အလား ယခုအချိန်ထိတိုင် သူမ၏မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသေး၏။

“သူအဆင်ပြေရဲ့လား…” ရန်ကိုင်က မေးလိုက်သည်။

လန်ရွှင်းက ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်လေ၏။ “သူ့ဒဏ်ရာက အဲ့လောက်ကြီးတော့မပြင်းဘူး… ရက်နည်းနည်းလောက် အနားယူလိုက်ရင် ပြန်ကောင်းသွားလိမ့်မယ်… စီနီယာအစ်မလီ ညအရိပ်မဟာဧကရာဇ်ကြောင့် ဒဏ်ရာရလာတာလား…”

ယုရုမန်သည် ရန်ကိုင်နှင့်အတူ ထွက်သွားခဲ့ပြီး ပြန်ရောက်လာသည့်အခါတွင် ယခုကဲ့သို့ ဖြစ်နေလေသည်။ ထို့အပြင် ပြန်ရောက်လာသည့်အခါ၌ ရန်ကိုင်သည် ဟင်းလင်းပြင်လိုဏ်ခေါင်းအား ညအရိပ်မဟာဧကရာဇ်မှ စောင့်ကြပ်နေသည့် သတင်းကိုပါ သယ်လာခဲ့သည်။ ထိုအကြောင်းကြောင့် လန်ရွှင်းအနေဖြင့် ယခုကဲ့သို့ ခန့်မှန်းလိုက်သည်မှာ အဆန်းတော့မဟုတ်ပေ။

ထိုမေးခွန်းကိုကြားလိုက်သည့်အခါ ရန်ကိုင်မှာ ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ပြီး မည်ကဲ့သို့ ရှင်းပြလို့ ရှင်းပြရမှန်း မသိခဲ့ပေ။ ထိုအကြောင်းကြောင့် ဝိုးတိုးဝါးတားသာ ပြန်၍ဖြေလိုက်လေသည်။ ယုရုမန်အား တိုက်ခိုက်လိုက်သည့်လူမှာ သူဖြစ်သည်ဟု ပြော၍မှမရလေပဲ။ ထိုသို့သာဆိုလျှင် ရှင်းပြရ ခက်သွားရပေလိမ့်မည်။

ကံကောင်းစွာဖြင့် လန်ရွှင်းမှာလည်း ထပ်၍မေးမနေခဲ့ပေ။

“ဂျူနီယာညီမလည်း ပင်ပန်းနေမှာပေါ့… သွားအနားယူလိုက်တော့လေ… ငါ သူ့ကို ဆက်ကြည့်ထားလိုက်မယ်…” ရန်ကိုင်သည် လန်ရွှင်းကို စိုးရိမ်တကြီးဖြင့်ကြည့်ရင်းမှ ပြောလိုက်သည်။ လမင်းမဟာဧကရာဇ်အကြောင်း ဘာဆိုဘာမှ သတင်းမရသည့်အတွက်ကြောင့် လန်ရွှင်းမှာ အနည်းငယ် စိတ်နှင့်လူမကပ် ဖြစ်နေလေသည်။ ထို့အပြင် သူမကြုံခဲ့ရသည့် အဖြစ်အပျက်များနှင့်ပါ ထပ်ပေါင်းလိုက်သော် လန်ရွှင်းမှာ အမှန်တကယ်ကို စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်နေခဲ့ရလေသည်။

ထိုစကားကိုကြားသော် လန်ရွှင်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “အဲ့ဒါဆို စီနီယာအစ်ကိုရန်ပဲ ခဏလောက် အပင်ပန်းခံလိုက်ဦးနော်…” ထိုသို့ပြောပြီးသည့်နောက် လန်ရွှင်းသည် ဘေးတစ်နေရာဆီသို့ လျှောက်သွား၍ တင်ပလင်ခွေထိုင်ကာ အနားယူ အားပြန်ဖြည့်လေသည်။

ရန်ကိုင်မှာ ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်လိုက်လေသည်။ အကုန်လုံးမှာ တင်ပလင်ခွေထိုင်ကာ ကျင့်ကြံလျှင်ကျင့်ကြံ မကျင့်ကြံလျှင် နတ်ဆိုးချီအား အာရုံစိုက်နေသည့်အကြောင်းကို သတိထားမိလိုက်သော် ယုရုမန်အား ကောင်းကင်စိတ်အာရုံဖြင့် မသိမသာလေး လှမ်းပြောလိုက်လေသည်။ “နင် ဘယ်လိုနေသေးလဲ…”

ယုရုမန်မှာ ရန်ကိုင်အား မျက်လုံးတစ်ချက်ဖွင့်ကာ ကြည့်လာပြီးသည့်နောက် မျက်လုံးပြန်ပိတ်သွားလေသည်။

“အဟမ်း…” ရန်ကိုင်မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေလေသည်။ ထို့နောက်တွင် လေသံကို အတတ်နိုင်ဆုံးပျော့အောင်ထားလျက် ပြောလိုက်လေ၏။ “နင် ဒေါသထွက်နေသေးတာလား…”

ယုရုမန်ဒေါသထွက်နေသည်မှာ အသိသာကြီးပင်။ ရန်ကိုင်သည်သာ သူမနေရာတွင်ဆိုပါကလည်း ဒေါသထွက်မိပေလိမ့်မည်။ သို့ပါသော်ငြား ထိုစဉ်က ရန်ကိုင်၌ ရွေးချယ်စရာမရှိခဲ့ပေ။ ရန်ကိုင်၏ဦးစားပေးမှာ ဟင်းလင်းပြင်လိုဏ်ခေါင်းအား မြန်နိုင်သမျှမြန်မြန် ဖျက်ဆီးပစ်ရန်သာဖြစ်ပေသည်။ သို့ပါသော်ငြား သူ့ဘက်မှ ဟင်းလင်းပြင်လိုဏ်ခေါင်းကို ဖျက်ဆီးရန် ကြိုးစားနေစဉ် ယုရုမန်သည် နှလုံးသားစည်းတံဆိပ်ပညာရပ်ကိုသုံး၍ ရန်ကိုင်အား လာရောက်နှောင့်ယှက်ခဲ့သည်။ ရန်ကိုင်မှာလည်း ဒေါသထွက်ထွက်ဖြင့် ထိုကဲ့သို့သောနည်းလမ်းကိုသာ အသုံးပြုလိုက်ရလေ၏။

“လုပ်မယ်ဆိုလည်း အစောကြီးတည်းက ကြိုပြီးတော့ ပြောထားလေ…” ရန်ကိုင်က ခေါင်းကိုကုတ်ရင်းမှ “နင်သာ ကြိုပြီးတော့ ရှင်းပြထားလို့ရှိရင် ငါ အဲ့လိုလုပ်မိလိုက်မှာမဟုတ်ဘူး…”

“နင် ဒေါသထွက်နေသေးတာလား… အဲ့ဒါဆို နင်ငါ့ကို ပြန်ရိုက်လို့ရတယ်… မဟုတ်သေးဘူး… နင် ငါ့ကို ဆယ်ချက်ပြန်ရိုက်… ဒေါသတော့မထွက်နဲ့နော်… နော်… အခြားသူတွေ သတိထားမိသွားရင်မကောင်းဘူး….”

“ဒါနဲ့ နင့်ကိုယ်နင် ပန်းအရိပ်မဟာဧကရာဇ်ကို ဘယ်လိုသွားရှင်းပြမှာလဲ… လီရှီချင်းက ပန်းအရိပ်မဟာဧကရာဇ်ရဲ့ တပည့်ပဲ… ဒီတော့ သူ့တပည့်အကြောင်း မမေးဘဲနဲ့တော့ နေမှာမဟုတ်ဘူး…. သူကိုယ်တိုင်က မဟာဧကရာဇ်တစ်ပါး… ပြီးရင် လီရှီချင်းရဲ့ဆရာ… နင် အခြားသူတွေကို လှည့်စားလို့ရတယ်ဆိုပေမယ့် သူ့ကိုတော့ အရူးလုပ်လို့ရမှာမဟုတ်ဘူး… နင် လီရှီချင်းအယောင်ဆောင်ထားတဲ့အကြောင်း ပေါ်သွားလို့ရှိရင် ဘယ်လိုလုပ်မှာလဲ…”

ရန်ကိုင်မှာ တောက်လျှောက်ကို စကားပြောနေပါသော်ငြား ယုရုမန်မှာ ရန်ကိုင်အား လုံးဝကို အရေးမစိုက်ဘဲ တောက်လျှောက်သာ တိတ်နေခဲ့သည်။

ရန်ကိုင်မှာလည်း အရူးတစ်ယောက်ပမာ တစ်ကိုယ်တည်း စကားပြောနေရသည့်အတွက်ကြောင့် အနည်းငယ် ဒေါသထွက်လာရလေ၏။ သို့ပါသော်ငြား အဆုံးတွင်မူ ယနေ့ကိစ္စ၌ မှားသည့်လူမှာ သူဖြစ်နေသည့်အတွက်ကြောင့် မတတ်သာတော့ဘဲ အံကိုကြိတ်၍သာ ဒေါသကိုမျိုသိပ်ရင်းမှ မျက်နှာကြီးဆူပုပ်ပုပ်ဖြင့် ပြန်ပြောလိုက်လေ၏။ “အဲ့ဒါဆို နင့်ဒဏ်ရာတွေကို ဂရုစိုက်ပေတော့… တစ်ခုခုလိုရင် ငါ့ကိုလှမ်းပြောလိုက်…”

ထိုသို့ပြောပြီးသည့်နောက် ထရပ်ကာ ထွက်သွားလေသည်။

“ဒီကိုပြန်လာခဲ့…” ယုရုမန်၏အသံကို ရန်ကိုင်နားထဲ ကြားလိုက်ရလေသည်။

ရန်ကိုင်က ရပ်၍ ပြန်မေးလိုက်လေသည်။ “နင်ပဲ ငါ့ကို လျစ်လျူရှုထားတာမဟုတ်ဘူးလား… အခုလိုပြန်ခေါ်ပြီး ဘာလုပ်မလို့လဲ…”

“နင်ပြန်လာခဲ့လို့ ငါပြောနေတယ်လေ…” ယုရုမန်က အံကြိတ်၍ ထပ်ပြောလေ၏။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “နင်ခေါ်ပြီး ငါ့ကို ဘာလုပ်မလဲဆိုတာကို အရင်ပြောလေ…”

“နင် ပြန်လာမှာလား ပြန်မလာဘူးလား…”

ရန်ကိုင်မှာ ယခုဆိုလျှင် အတော်လေးကိုမှ ဒေါသထွက်ချင်နေလေသည်။ (ခုနတုန်းက ငါတောက်လျှောက်ပြောနေတုန်းကတော့ ငါ့ကို လုံးဝမသိချင်ယောင်ဆောင်နေပြီးတော့ အခုကျမှတော့မှ ပြန်လာပြီးတော့ ဘာလုပ်ခိုင်းချင်နေတာလဲ… ဒီလောက်တောင်ရူးနေတာလားမသိဘူး… မိန်းကလေးတွေစိတ်ကောက်ရင် ဘာလို့ ကလေးတွေလို လုပ်ချင်နေရတာလဲမသိဘူး…) ဤကဲ့သို့သော စိတ်ကောက်တတ်လွန်းသည့် အမျိုးသမီးတစ်ဦးကို မတွေ့ဖူးသည့်အတွက်ကြောင့် သူ့ခမျာ ယုရုမန်၏လုပ်ရပ်အပေါ် သည်းခံဖို့ရာ အနည်းငယ် အခက်တွေ့နေရလေသည်။

“နင် ငါ့ကို ချစ်ချစ်မချစ်ချစ် ဒေါသထွက်ထွက်မထွက်ထွက် ငါပြောတာတွေကို နားထောင်ထောင်မထောင်ထောင် အဲ့ဒါ နင့်ကိစ္စ… ဒီကိစ္စပြီးသွားရင် နင်နဲ့ငါ ကိုယ့်လမ်းကိုယ် သွားကြမယ်… နောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် မပတ်သက်တော့ဘူး… တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ပြန်မတွေ့တော့ဘူး…” ရန်ကိုင်သည် စိတ်ကိုတင်းတင်းထားရင်းမှ ပြောချင်နေသည့်စကားကို ပြောချလိုက်သည်။ ထိုသို့ပြောပြီးသည့်နောက် သူ့စိတ်ထဲ အတော်လေးကိုမှ လွတ်လပ်ပေါ့ပါးသွားသလို ခံစားလိုက်ရလေ၏။

ယုရုမန်မှာတော့ ချက်ချင်းဆိုသလို ဒေါသူပုန်ထသွားခဲ့ပြီး ကတုန်ကယင်ဖြင့် ပြန်ပြောလေ၏။ “နင် ငါ့ကို အဲ့လိုပြောရဲတယ်ပေါ့ ဟုတ်လား… အရှက်မရှိ အကျင့်မကောင်းတဲ့ကောင်…”

ရန်ကိုင်က လှောင်ပြုံးပြုံး၍ ပြန်ပြောလိုက်လေ၏။ “ဟုတ်တယ်… ငါက အရှက်မရှိ အကျင့်မကောင်းတဲ့ကောင်… နင်နဲ့ငါ မတော်တဆလာတွေ့တာ… ဒါပေမယ့် တွေ့တွေ့ချင်းမှာပဲ ငါ့ကို ထူးဆန်းတဲ့ပညာရပ်သုံးပြီးတော့ နင့်ကိုပြန်ချစ်လာအောင်လုပ်တယ်… ဒါပေမယ့် နင်ဘယ်လိုနည်းလမ်းကိုပဲသုံးသုံး လူတစ်ယောက်ကို အတင်းအကြပ် ချစ်လာအောင် ဖိအားပေးလို့မရဘူး… နင်ငါ့ကို နားမလည်ဘူးမလား… ဒါက ငါ့ရဲ့တကယ့်ပုံစံပဲ… ဒီတော့ နင်သည်းမခံနိုင်လို့ရှိရင် နင်သုံးထားတဲ့ပညာရပ်ကို ပြန်ဖယ်ပေးလိုက်…”

“အိပ်မက်သာမက်နေလိုက်…” ယုရုမန်က လှောင်ပြုံးပြုံးလိုက်သည်။

“အဲ့ဒါဆိုရင်တော့ နင့်သဘောပဲ… ဒီကိစ္စပြီးတာနဲ့ ငါတို့ ကိုယ့်လမ်းကိုယ် သွားကြမယ်…”

“ကောင်းပြီလေ… အဲ့ဒါဆို ငါ သူတို့အားလုံးကို ငါက လီရှီချင်းအတု… တကယ့်လီရှီချင်းက ငါသတ်လိုက်လို့ သေသွားပြီဆိုပြီးတော့ သွားပြောမယ်… နောက်ဘာဆက်ဖြစ်မလဲဆိုတာကို ကြည့်ရသေးတာပေါ့…”

ထိုစကားကိုကြားသော် ရန်ကိုင်၏မျက်ခမ်းများ တဆတ်ဆတ် တုန်သွားခဲ့သည်။ ထို့နောက် ပြန်၍ပြောလိုက်လေ၏။ “အဲ့ဒါ နင့်ကိစ္စလေ… ငါနဲ့ဘာဆိုင်လို့လဲ…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်ပါသော်ငြား ယုရုမန်မှာ ဘာမှပြန်ပြောမလာခဲ့ပေ။

ရန်ကိုင်မှာ ယုရုမန်အား လှမ်းကြည့်လိုက်ရာ ယုရုမန်မှာ သူ့အား ကြေကွဲဝမ်းနည်းနေသည့်အမူအယာဖြင့် ကြည့်နေကြောင်းကို တွေ့လိုက်ရလေ၏။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် ကြိတ်ကာ လှောင်ပြုံးပြုံးလိုက်လေသည်။ (အဲ့လိုပုံစံမျိုးလုပ်ပြရုံနဲ့ ငါစိတ်ပျော့သွားမယ်လို့ ထင်နေတာလား… ဟမ့်… ရမယ် အားကြီး…)

သူ့စိတ်ထဲ ထိုသို့သာ တွေးနေလင့်ကစား သူ့ခြေထောက်မှာတော့ ယုရုမန်ဆီသို့ အလိုလို ပြန်လျှောက်သွားခဲ့ပြီး သူ့ဘေးနားတွင်လည်း ရပ်နေလိုက်လေသည်။ ထို့နောက် ရန်ကိုင်ကိုယ်တိုင်မှာလည်း ကောင်းကင်ပေါ်သို့မော့၍ မေးစေ့ကိုပွတ်ရင်း မသိချင်ယောင်ဆောင်နေလေသည်။

ယုရုမန်က ပြုံး၍ “ငါ့ဘေးနားမှာလာထိုင်…”

“တော်ပေတော့… တစ်ထွာပေးလို့ တစ်ကိုက်လိုချင်မနေနဲ့…” ရန်ကိုင်က မျက်စောင်းထိုးလိုက်လေ၏။

“ထိုင်…” ရန်ကိုင်သည် ယုရုမန်အား မျက်စိဖြင့် အချက်ပြလိုက်လေ၏။ “အခြားသူတွေရှိနေတာ အခုလို လုပ်လို့မကောင်းဘူးလေ…” ထိုစကားကိုကြားသော် ယုရုမန်သည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးသည့်နောက် ဘာမျှထပ်ပြောမနေတော့ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၈၂)

ဘာသာပြန်သူ_တိမ်တိုက်

ယုရုမန်နှင့် စကားပြောကြည့်ပြီးသည့်နောက်တွင် ယုရုမန်သည် အလွန်ကိုမှ ပြောရဆိုရ ခက်လှသူတစ်ဦးဖြစ်ကြောင်း ရန်ကိုင်သဘောပေါက်သွားခဲ့သည်။ သူမစိတ်မှာ အလွန်ကိုမှ အပြောင်းအလဲမြန်လွန်းလှသည်။ ရန်ကိုင်သည် သူမပြောသည်ကို သဘောမတူလျှင် ချက်ချင်းဆိုသလို လုံးဝကို မတူကွဲပြားသည့်လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွား၏။ သို့ပါသော်ငြား ထိုသို့ပင် စိတ်အပြောင်းအလဲမြန်လင့်ကစား အလွန်ကိုမှလည်း ချော့ရလွယ်ပေသည်။ ရန်ကိုင်မှ စကားချိုချိုလေးနည်းနည်းပါးပါးဖြင့် ချော့လိုက်ရုံဖြင့်ပင်လျှင် ယုရုမန် စိတ်ပြေသွားတတ်သည်။

ဘာမျှလုပ်စရာမရှိသည့်အတွက်ကြောင့် ရန်ကိုင်က မေးလိုက်လေ၏။ “နင် တကယ်ကြီး လီရှီချင်းကို သတ်လိုက်တာလား…”

ယုရုမန်က ပြန်ပြောလေ၏။ “မသတ်ပါဘူး… ငါ ဒီတိုင်းပဲ စိတ်ထဲပေါက်မိပေါက်ရာ ပြောလိုက်တာ…”

ထိုအခါမှသာလျှင် ရန်ကိုင် စိတ်အေးသွားနိုင်တော့သည်။ လီရှီချင်းသည်သာ တကယ်ကြီးအသတ်ခံလိုက်ရမည်ဆိုလျှင် ပန်းအရိပ်မဟာဧကရာဇ်အား ရှင်းပြရခက်သွားရပေလိမ့်မည်။ လက်ရှိအခြေအနေမှာ ပန်းအရိပ်မဟာဧကရာဇ်အား ရှင်းပြရမလွယ်သေးပါသော်ငြား လီရှီချင်းမှာ အသက်ရှင်နေသေးသည့်အတွက်ကြောင့် ပန်းအရိပ်မဟာဧကရာဇ်အနေဖြင့် ယုရုမန်အယောင်ဆောင်ထားသည်ကို မြင်သွားမည်ဆိုလျှင်ပင် ယုရုမန်အား ချက်ချင်းထိခိုက်သွားအောင် လုပ်လိမ့်မည်မဟုတ်။ ထို့အစား လီရှီချင်း၏တည်နေရာကို သိရလေအောင်သာ ယုရုမန်အား ဖိအားပေးပေလိမ့်မည်။

ရုတ်တရက် ယုရုမန်က ကောက်မေးလိုက်လေ၏။ “နင် ငါ့ရဲ့ တကယ့်မျက်နှာကို မြင်ချင်လား…”

သူမသည် လီရှီချင်းအယောင်ဆောင်ထားသည့်အတွက်ကြောင့် လီရှီချင်း၏ မျက်နှာပုံစံကိုသာ အသုံးပြုထားခဲ့လေသည်။

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “နင် ရုပ်ဆိုးဆိုးလှလှ ငါ့အတွက် ဘာမှမထူးဘူးလေ…”

ရန်ကိုင်ပြောကောင်းတိုင်းပြောနေခြင်းမဟုတ်ပေ။ နှလုံးသားချိတ်စည်းပညာရပ်အသုံးပြုထားခြင်း ခံရသည့်အတွက်ကြောင့် ယုရုမန်၏မျက်နှာ မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်အပေါ် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ပေ။

ယုရုမန်က ချိုသာစွာပြုံးလျက် “စိတ်မပူနဲ့… ငါ့တကယ့်ပုံစံက အခုပုံစံအောက် နည်းနည်းလေးမှမနိမ့်ဘူး…”

“အာရုံပြန့်မနေနဲ့… နင့်ဒဏ်ရာတွေကို ပြန်ကုတဲ့နေရာမှာပဲ အာရုံစိုက်ထားလိုက်… နောက်မှစကားပြောလို့ရတယ်…” ရန်ကိုင်မှ ထိုသို့ပြောပြီးသည့်နောက် တိတ်သွားခဲ့လေသည်။

ရန်ကိုင်မှာ သူ့လက်ရှိအခြေအနေအား ရှုယဉ်သာမဟာဧကရာဇ်အား စစ်ဆေးကြည့်ခိုင်းလျှင် ကောင်းမလားဟု စဉ်းစားနေခြင်းပင်ဖြစ်လေသည်။ ရှုယဉ်သာမဟာဧကရာဇ်မှ သူ့အသိစိတ်ပင်လယ်ထဲတွင် ခတ်နှိပ်ထားသော နှလုံးသားစည်းတံဆိပ်အား ဖယ်ရှားနိုင်မလားဆိုသည်ကို သိချင်မိပေသည်။ ထိုစည်းတံဆိပ်သာ ရှိနေမည်ဆိုလျှင်ပင် သူ့အနေဖြင့် ယုရုမန်ကြောင့် အမြဲလိုလို အခက်တွေ့နေရပေလိမ့်မည်။ လက်ရှိအခိုက်အတန့်တွင် ယုရုမန်အပေါ် ချစ်ခင်တွယ်တာလိုစိတ် ရှိနေရခြင်းမှာ နှလုံးသားစည်းတံဆိပ်ကြောင့်သာ ဖြစ်သည်။ သို့ပါသော်ငြား ထိုအတွေး သူ့ခေါင်းထဲပေါ်လာသည်နှင့် ချက်ချင်း ဖယ်ထုတ်ပစ်လိုက်လေ၏။ ထိုသို့လုပ်ရသည့်အကြောင်းအရင်းမှာတော့ ယုရုမန်မှာ သူမ၏ နှလုံးသားစည်းတံဆိပ်ကို မဟာဧကရာဇ်တစ်ပါးပင်လျှင် ဖယ်ရှားနိုင်လိမ့်မည်မဟုတ်ဟု ပြောခဲ့သည့်စကားကြောင့်မဟုတ်ပေ။ ယုရုမန်ပြောသွားသည့်စကားမှာ လျှာရိုးမရှိလျှောက်ပြောနေသည်ဟုသာ ရန်ကိုင်ထင်ပေသည်။ နှလုံးသားစည်းတံဆိပ်ပညာရပ်မှာ အမှန်တကယ်ကို ထူးဆန်းလှပါသော်ငြား ထိုအရာသည် ဝိဉာဉ်ပညာရပ်တစ်မျိုး ဖြစ်နေဆဲ။ ရှုယဉ်သာမဟာဧကရာဇ်မှာ ဝိဉာဉ်ပညာရပ်များအပေါ် အထူးတလည် ကျွမ်းကျင်လေရာ ဤနှလုံးသားစည်းတံဆိပ်ကို ဖယ်ရှားကောင်းဖယ်ရှားနိုင်လောက်ပေသည်။

ရန်ကိုင် ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်ရခြင်းမှာ သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းကြောင့်ပင် ဖြစ်လေသည်။ သူသည်သာ ရှုယဉ်သာမဟာဧကရာဇ်အား အကူအညီသွားတောင်းမည်ဆိုပါက ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ တည်ရှိမှုကို ဖုံးကွယ်နိုင်လိမ့်မည်မဟုတ်ပေ။ ရှုယဉ်သာမဟာဧကရာဇ်သည် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းအား မလိုချင်ပါဟု မည်သူမျှမပြောနိုင်။

ထိုအကြောင်းကြောင့် အခန့်မသင့်လျှင် အိမ်ထဲ ဝံပုလွေခေါ်သွင်းမိလိုက်သလို ဖြစ်သွားမည်စိုးသည့်အတွက်ကြောင့် ရန်ကိုင်မှာ ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

စီနီယာထျန်းယန်ဆီမှသာ အကူအညီသွားတောင်းလျှင် ပိုအဆင်ပြေမည်ဟုပင် ရန်ကိုင်တွေးလိုက်လေသည်။

ကံမကောင်းစွာဖြင့် လက်ရှိအချိန်၌ ထျန်းယန် မည်သည့်နေရာတွင်ရှိနေသလဲဆိုသည်ကို သူမသိပေ။

လူတိုင်းမှာ အေးအေးဆေးဆေးထိုင်စောင့်နေခဲ့ကြရာ အချိန်မှာ တရွေ့ရွေ့ကို ကုန်ဆုံးနေခဲ့လေ၏။ နတ်ဆိုးချီမှာလည်း အဆက်မပြတ်ကို ပျံ့နှံ့လာနေခဲ့ပြီး နတ်ဆိုးချီပျံ့နှံ့လာနေသည့်နှုန်းမှာ အနည်းငယ်မျှပင် လျော့ကျသွားခဲ့ခြင်းမရှိပေ။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကိုင်တို့အဖွဲ့မှာ အကြိမ်ပေါင်းများစွာ နောက်သို့ဆုတ်ခဲ့ရသည်။ ယခုနေ တစ်စုံတစ်ဦးသည် အပေါ်စီးမှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် မိုင်ထောင်ပေါင်းများစွာကျယ်ဝန်းသော အဆုံးမဲ့သဲကန္တာရကြီးသည် ယခုဆိုလျှင် နတ်ဆိုးချီများဖြင့် ပြည့်နှက်နေပြီဖြစ်ကြောင်းကို မြင်တွေ့နိုင်ပေလိမ့်မည်။

သို့ပင်ဖြစ်လင့်ကစား ယခုအချိန်ထိတိုင် မိုဟွမ်နှင့် ယောင်ကျွင်းတို့ဆီမှ မည်သည့်သတင်းမှ မကြားရသေးသည့်အတွက်ကြောင့် မဟာဧကရာဇ်များအပေါ် အလွန်ကိုမှ ယုံကြည်ချက်ရှိနေခဲ့သော ကြယ်ဝိဉာဉ်နန်းတော်မှလူများ စတင်၍ စိတ်ပူလာကြတော့သည်။

(ငါတို့သာ မဟာဧကရာဇ်နှစ်ပါးနဲ့ အဆက်အသွယ်ပြတ်သွားမယ်ဆိုရင် ကြယ်တာရာအစုအဝေးကတော့ လုံးဝကို သွားပြီပဲ…)

(ဒါပေမယ့် မဟာဧကရာဇ်တွေ တစ်ပါးပြီးတစ်ပါး ရန်သူလက်ထဲကို ရောက်သွားရလောက်အောင် ဘာတွေများဖြစ်နေတာလဲ…)

မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ်ဆယ်ရက် ကုန်ဆုံးသွားခဲ့သည်။ လွန်ခဲ့သည့်ရက်များအတွင်း နတ်ဆိုးချီမှာ မိုင်တစ်သိန်းနီးပါးခန့် ပျံ့နှံ့လာပြီးသွားခဲ့လေပြီ။ ယခုဆိုလျှင် လူတိုင်းမှာလည်း အမှန်တကယ်ကို စိတ်ပူနေလေပြီ။ လက်ရှိအခြေအနေကိုသာ အမြန်မတားပါက အနောက်ဘက်နယ်မြေတစ်ခုလုံး၊ ကြယ်တာရာအစုအဝေးတစ်ခုလုံးကိုပင်လျှင် နတ်ဆိုးချီများ ဖုံးလွှမ်းသွားနိုင်ပေသည်။ ထိုသို့သာဖြစ်သွားခဲ့မည်ဆိုလျှင် ကြယ်တာရာအစုအဝေးထဲရှိ မရေမတွက်နိုင်သော သန်းနှင့်ချီသောလူများ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားကုန်ကြပေလိမ့်မည်။

ထိုအခိုက်အတန့်မှာပင် အနောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများဆီမှ သွားရောက်အကူအညီတောင်းသောလူများ ပြန်ရောက်လာကြသည်။

ထွက်သွားသည့်လူမှာ တစ်ယောက်မကပါသော်ငြား ပြန်ရောက်လာသည့်အခါတွင်တော့ တစ်ယောက်သာ ပြန်ရောက်လာခဲ့သည်။ ထို့အပြင် ထိုပြန်ရောက်လာသည့်တစ်ယောက်မှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလေ၏။

ထိုအဖြစ်အပျက်ကြောင့် အကုန်လုံးမှာ အထိတ်ထိတ်အလန့်လန့်ဖြစ်သွားခဲ့ပြီး ထိုလူအား အမြန်ပြန်သက်သာအောင် သွားရောက်ကူညီပေးလိုက်ကြသည်။ ရန်ကိုင်သည်လည်း ဧကရာဇ်အဆင့်ဆေးလုံးကိုထုတ်၍ ထိုလူအားတိုက်ကာ ကုသပေးလိုက်လေ၏။

ထိုလူသည် မျိုးရိုးနာမည်ချူနှင့် ကြယ်ဝိဉာဉ်နန်းတော်၏ ကာကွယ်သူတစ်ဦးဖြစ်လေသည်။ ထိုလူ၏တကယ့်နာမည်ကိုတော့ ရန်ကိုင်မသိပေ။ အခြားသူများကမူ ထိုလူအား ကာကွယ်သူချူဟုသာ ခေါ်ကြသည်။

ထိုလူ၏ဒဏ်ရာများကို တည်ငြိမ်သွားအောင် လုပ်ပေးပြီးသည့်နောက်တွင် ကာကွယ်သူချူ မျက်လုံးပြန်ပွင့်လာခဲ့လေ၏။ သူမျက်လုံးပွင့်လာလာချင်း ပထမဦးဆုံးပြောလိုက်သည့်စကားကြောင့် လူတိုင်းမှာ ထိတ်လန့်သွားခဲ့ရသည်။ “ကြယ်ချွန်ဂိုဏ်းသားတွေအကုန်လုံး နတ်ဆိုးအသွင်ပြောင်းသွားပြီ…”

“ဘယ်လို…” ရွှယ့်ကျန်းမောင်မျက်နှာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့သည်။

ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးလည်းဖြစ်သလို ကြယ်တာရာအစုအဝေး၏ ထိပ်တန်းပညာရှင်တစ်ဦးလည်းဖြစ်သော ကာကွယ်သူချူ ယခုကဲ့သို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ပြန်လာသည့်အပေါ် လူတိုင်းမှာ ထူးဆန်းနေသည်ဟု ခံစားခဲ့ရသည်။ ကာကွယ်သူချူသည် သတင်းလေးသွားပို့ခြင်းသာ ဖြစ်ပေသည်။ ထို့အပြင် ကြယ်ဝိဉာဉ်နန်းတော်၏ ဝတ်ရုံကိုလည်း ဝတ်ဆင်ထားလေရာ အနောက်ဘက်နယ်မြေရှိမည်သူကများ သူ့အပေါ် ယခုကဲ့သို့ တိုက်ခိုက်ရဲရလေသနည်း။

သို့ပါသော်ငြား ကာကွယ်သူချူပြောလာသည့်စကားကို ကြားပြီးသည့်နောက် အကုန်လုံး ဘာကြောင့် ထိုကဲ့သို့ဖြစ်ရသလဲဆိုသည်ကို သဘောပေါက်သွားကုန်ကြလေသည်။

ကြယ်ချွန်ဂိုဏ်းသားအားလုံးမှာ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားသည့်အတွက်ကြောင့်ပင်။

ရှောင်ယုယန်က အလေးအနက်အမူအယာဖြင့် မေးလိုက်လေသည်။ “ကာကွယ်သူချူ… မင်းကိုယ်တိုင်မြင်ခဲ့တာလား… မင်း အမြင်မမှားခဲ့တာ သေချာပါတယ်နော်…”

ကာကွယ်သူချူက ခါးသက်သက်အမူအယာဖြင့် ပြုံးလျက် “ကျုပ်ကိုယ်တိုင် အခုလိုမျိုး ဒဏ်ရာရသွားတာ ကြယ်ချွန်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ယန်ကျန်းနဲ့ အဲ့ဂိုဏ်းက အကြီးအကဲတွေကြောင့်ပဲ… ဒီ‌တော့ အထင်မှားစရာအကြောင်း လုံးဝမရှိဘူး…”

ကြယ်ချွန်ဂိုဏ်းသည် အနောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ ထိုဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သူယန်ကျန်းမှာ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးဖြစ်ပေသည်။ ထို့အပြင် ဂိုဏ်းထဲ၌ ဧကရာဇ်အဆင့်ပညာရှင်အကြီးအကဲများလည်း ရှိနေကြပေသေးသည်။ ထိုအကြောင်း‌ကြောင့် ကာကွယ်သူချူ ယခုကဲ့သို့ ဆိုးဆိုးရွားရွားဒဏ်ရာရပြီး ပြန်ရောက်လာသည်မှာ အဆန်းတော့မဟုတ်ပေ။

ကာကွယ်သူချူပြောသည့်စကားကို ကြားပြီးသည့်နောက် အကုန်လုံး၏မျက်နှာများ အရုပ်ဆိုးသွားကုန်ကြလေသည်။

ထောင်နှင့်ချီသော ကြယ်ချွန်ဂိုဏ်းသားများအားလုံး နတ်ဆိုးဖြစ်သွားကုန်ကြလေပြီ။

ထိုအဖြစ်အပျက်မှာ အနည်းငယ်ရင်းနှီးနေသလို သူတို့စိတ်ထဲ ခံစားနေရလေ၏။ ကာကွယ်သူချူပြောသည့်စကားကို ကြားပြီးသည့်နောက် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က တောင်ဘက်နယ်မြေ၌ ဖြစ်သွားခဲ့သော ရှေးဟောင်းကျောင်းတော်ကိစ္စကို လူတိုင်း ပြန်အမှတ်ရသွားကြသည်။ ထိုစဉ်က ရှေးဟောင်းကျောင်းတော်မှ ထောင်နှင့်ချီသောအဖွဲ့သားများ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားခဲ့ကြပြီး ကျောင်းသခင်ဖြစ်သော လဲ့ကုသည်ပင်လျှင် ချွင်းချက်မဟုတ်ခဲ့ပေ။

လက်ရှိအခြေအနေကိုကြည့်ရသလောက် နတ်ဆိုးများမှာ တောင်ဘက်နယ်မြေတွင်သာ သောင်းကျန်းနေခြင်းမဟုတ်ဘဲ အနောက်ဘက်နယ်မြေတွင်လည်း ကြီးစိုးနေကြသည့်ပုံပင်။ ထိုအကြောင်းကို ယနေ့ ကာကွယ်သူချူ ပြန်ရောက်လာပြီး ပြောပြသည့်အခါမှသာလျှင် လူတိုင်းသိခဲ့ရခြင်းဖြစ်သည်။

ရန်ကိုင်က ပြန်၍ပြောလိုက်လေ၏။ “အခုမှပဲ ကျုပ် တစ်ခုခုကို ပြန်သတိရတော့တယ်…”

“ဘာကိုသတိရတာလဲ…” ရှောင်ယုယန်က ရန်ကိုင်ကိုကြည့်၍ မေးလိုက်၏။

“ကျုပ် လဲ့ကုကို လိုက်ဖမ်းနေတုန်းက သူ့ကြည့်ရတာ တောင်ပိုင်းနွံအိုင်ဆီ ပြေးနေတဲ့ပုံ… ဒါပေမယ့် အခုသေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တော့ သူသွားနေတာ အဲ့နေရာမဟုတ်ဘဲနဲ့ အနောက်ဘက်နယ်မြေ ပိုဖြစ်နိုင်လောက်တယ်… ကျုပ်မသေချာတာက သူထွက်မပြေးနိုင်ခင် အသတ်ခံလိုက်ရလို့ပဲ… ဒါပေမယ့် ကြည့်ရတာ သူသွားချင်တဲ့နေရာက အနောက်ဘက်နယ်မြေနဲ့တူတယ်…”

ရွှယ့်ကျန်းမောင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “မင်းပြောချင်တာက လဲ့ကုက အခြားနတ်ဆိုးဝိဉာဉ်တွေနဲ့အတူ ပြန်ပေါင်းချင်နေတာပေါ့…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အဲ့ဒါ သူကြံနေတာဖြစ်လောက်တယ်…”

“ငါ့လခွမ်း…” ရုတ်တရက် ရှောင်ယုယန်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး အခြားသောကြယ်ဝိဉာဉ်နန်းတော်မှ အကြီးအကဲများဘက်သို့ လှည့်၍ အော်ပြောလိုက်လေ၏။ “အခြားသူတွေဆီကို မြန်မြန်ဆက်သွယ်လိုက်ကြစမ်း…”

ထိုစကားကိုကြားသည့်အခါ ရွှယ့်ကျန်းမောင်နှင့်အခြားသူများ မျက်နှာပျက်သွားကုန်ကြလေသည်။ သူတို့သည်လည်း တစ်ခုခုအား စဉ်းစားမိသွားကြလေသည်။

ခဏအကြာတွင် ကြယ်ဝိဉာဉ်နန်းတော်မှ ဧကရာဇ်အဆင့်ပညာရှင်အချို့ ခေါင်းခါပြလိုက်ကြလေ၏။

“အနောက်ဘက်နယ်မြေကတော့ သွားပြီ… ငါတို့ရဲ့ကာကွယ်သူတွေကတော့… ဒါကတော့ မကောင်းတဲ့ သူတို့ရဲ့ကံတရားပဲပေါ့…” ရှောင်ယုယန်က သုန်သုန်မှုန်မှုန်အမူအယာဖြင့် ပြောလိုက်လေသည်။ ကာကွယ်သူချူမှာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ပါသော်ငြား အခြားသူများမှာမူ ကာကွယ်သူချူလောက် ကံမကောင်းခဲ့ပေ။ ယခု ကျန်လူများကို ဆက်သွယ်၍မရသည့်အတွက်ကြောင့် ထိုလူများ ဘာဖြစ်သွားသလဲဆိုသည်မှာ သေချာသလောက် ရှိသွားခဲ့လေပြီ။

ရန်ကိုင်က အထိတ်ထိတ်အလန့်လန့်အမူအယာဖြင့် ပြောလိုက်လေ၏။ “ဒီတော့ အကြီးအကဲရှောင်ပြောချင်တာက အနောက်ဘက်နယ်မြေတစ်ခုလုံး နတ်ဆိုးတွေဖြစ်သွားပြီ ဆိုပြီးတော့လား…”

ရှောင်ယုယန်က မဲ့ပြုံးပြုံးရင်းမှ ရှင်းပြလိုက်လေသည်။ “ရှေးဟောင်းကျောင်းတော်ကိစ္စကို သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်ကွာ… အဲ့တုန်းကသာ မင်း အဲ့မှာရှိမနေခဲ့ဘဲ အခြေအနေတွေကို မပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် တောင်ဘက်နယ်မြေ အခု ဘယ်လိုဖြစ်နေမယ်လို့ ထင်လဲ…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ကျောရိုးတစ်လျှောက်စိမ့်တက်သွားခဲ့ပြီး ခါးသက်သက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “နတ်ဆိုးတွေ နေရာတကာမှာ သောင်းကျန်းနေမှာပေါ့…”

ရှောင်ယုယန်က ပြန်ပြောလိုက်သည်။ “ရှေးဟောင်းကျောင်းတော်ကိစ္စမှာ မင်းရှိနေလို့ အဆင်ပြေသွားတာ… ဒါပေမယ့် ဒီလောကကြီးထဲမှာ မင်းလိုလူ ဘယ်နှစ်ယောက်များ ရှိမှာမို့လို့လဲ… ရှေးဟောင်းကျောင်းတော်ရဲ့အစီအစဉ်သာ အောင်မြင်သွားခဲ့မယ်ဆိုရင် ငါတို့ကြယ်ဝိဉာဉ်နန်းတော်တောင် ဘာမှ ပြန်လုပ်နိုင်မှာမဟုတ်ဘူး… ဒါပေမယ့် အနောက်ဘက်နယ်မြေကို စဉ်းစားကြည့်… တောင်ဘက်နယ်မြေမှာက ငါတို့ ပင်တိုင်ကြယ်ဝိဉာဉ်နန်းတော် ရှိနေသေးတယ်… အနောက်ဘက်နယ်မြေမှာ အရိပ်သတ်ဖြတ်သူနန်းတော်ကကို နတ်ဆိုးမျိုးနွယ်တွေနဲ့ ပူးပေါင်းနေတာ… ဒီတော့ အခြားဂိုဏ်းတွေက ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ပဲ နေတော့မှာလဲ…”

ညအရိပ်မဟာဧကရာဇ်မှာ ဟင်းလင်းပြင်လိုဏ်ခေါင်းအား ကာကွယ်ပေးနေသလို ကြယ်ချွန်ဂိုဏ်း၏ ထောင်နှင့်ချီသော အဖွဲ့သားများမှာလည်း နတ်ဆိုးများအသွင်သို့ ပြောင်းလဲသွားပြီ ဖြစ်သည့်အတွက်ကြောင့် အနောက်ဘက်နယ်မြေထဲရှိ အခြားသောဂိုဏ်းများ ဘာဖြစ်သွားပြီလဲဆိုသည်ကို မည်သူမဆို ခန့်မှန်းနိုင်ကြပေသည်။

ရန်ကိုင်သည်သာ ရှေးဟောင်းကျောင်း‌တော်အဖြစ်အပျက်အား အထက်အောက်ပြောင်းပြန် မလှန်ပစ်ခဲ့လိုက်ပါက လက်ရှိတောင်ဘက်နယ်မြေသည်လည်း အနောက်ဘက်နယ်မြေသည်လည်း အလားတူကံကြမ္မာကို ကြုံတွေ့နေရပေလိမ့်မည်။

ထိုအခိုက်အတန့်ဝယ် ရန်ကိုင်နှင့် လီဝူရီ၏အမူအယာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထို့နောက်တွင် သူတို့နှစ်ဦးစလုံး ရပ်နေရာမှ ပျောက်ကွယ်သွားကုန်ကြလေ၏။

ရန်ကိုင်တို့အဖွဲ့ ရှိနေရာမှ မိုင်အနည်းငယ်ခန့်အကွာတွင် ပုံရိပ်တစ်ခုသည် အမှောင်ထုထဲ ပုန်းအောင်းနေရင်းမှ တောင်ဘက်နယ်မြေမှ ကျင့်ကြံသူများ စုဝေးနေရာနေရာအား စိုက်ကြည့်နေလေ၏။

ရန်ကိုင်နှင့် လီဝူရီတို့ ရုတ်တရက် ပျောက်ကွယ်သွားသည်ကိုမြင်သည့်နောက် အခြေအနေမကောင်းတော့မှန်းသိလိုက်ကာ ထိုလူမှာ ချက်ချင်းပြန်ပြေးရန် ကြိုးစားတော့လေသည်။

သို့ပါသော်ငြား ပြေးရန်ကြံရင်းမှ ချက်ချင်းကောက်ရပ်လိုက်လေ၏။ အကြောင်းမှာ လူတစ်ဦးသည် သူ့အား စိုက်ကြည့်နေသည့်အတွက်ကြောင့်ပင်။

“လီဝူရီ…” ထိုလူ၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး လီဝူရီ၏နာမည်ကို ထအော်လေသည်။ လီဝူရီမည်သူဖြစ်သလဲဆိုသည်ကို ထိုလူ သေချာသိနေလေ၏။

မဟာဧကရာဇ်များပြီးလျှင် အားအကောင်းဆုံးပညာရှင်ဟု နာမည်ကျော်ကြားသည့်အတိုင်း လီဝူရီ သူ့နောက်သို့ လိုက်လာနေသည်ကိုမြင်သော် ထိုလူ အတော်လေးကိုမှ လန့်သွားခဲ့သည်။ လီဝူရီအား မတိုက်ခိုက်ရဲသည့်အတွက်ကြောင့် အခြားတစ်ဖက်သို့လှည့်ကာ ထွက်ပြေးရန် ကြိုးစားလေ၏။

“မင်းဘယ်ပြေးဖို့ ကြံနေတာလဲ…” ရန်ကိုင်သည် ထိုလူ၏လမ်းကို လှောင်ပြုံးပြုံးကာ ပိတ်ရပ်နေခဲ့လေသည်။ ထို့နောက်တွင် တစ်ဖက်လူအား အနည်းငယ်မျှပင် လှုပ်ရှားခွင့်မပေးဘဲ တစ်ဖက်လူတည့်တည့်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

“ဘေးဖယ်စမ်း…” ထိုလူဆီမှ အားကောင်းလှသည့် နတ်ဆိုးချီတို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့လေသည်။ ထို့နောက်တွင် ထိုလူ၏အရှိန်အဝါမှာ ရုတ်ချည်း ထောင်တက်သွားခဲ့ပြီး ရန်ကိုင်တည့်တည့်သို့ လက်သီးဖြင့် ထိုးချလိုက်လေ၏။

ထိုလူ၏ကျင့်ကြံခြင်းမှာ ဧကရာဇ်ဒုတိယအဆင့်ဖြစ်ပေသည်။ နတ်ဆိုးချီ၏ထောက်ပံ့မှုပါ ရရှိထားသည့်နောက်တွင် ထိုလူ၏လက်သီးချက်ကို ဧကရာဇ်တတိယအဆင့်ပညာရှင်များပင်လျှင် သတိထားရပေသည်။

သို့ပါသော်ငြား ရန်ကိုင်ကမူ အနည်းငယ်မျှပင် နောက်တွန့်သွားခဲ့ခြင်းမရှိဘဲ ထိုလူ၏လက်သီးချက်ကို သူ့လက်ဝါးဖြင့် ဆီးခံလိုက်သည်။

“ဘုန်း” ခနဲမြည်သံနှင့်အတူ နတ်ဆိုးချီများ လွင့်စင်ထွက်သွားခဲ့လေ၏။ သူနှင့် အဆင့်တူကျင့်ကြံခြင်းသူတစ်ဦးဖြစ်သော တစ်ဖက်လူ၏လက်ဝါးချက်သည် သူ့လက်သီးချက်အား ဤမျှ အလွယ်တကူ တားဆီးနိုင်လိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် ထိုလူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

ထိုလူမှာ မယုံကြည်နိုင်အထင်းသားဖြင့် ရန်ကိုင်လက်မှ ပြန်ကန်ထွက်လာသောတွန်းအားကို အသုံးပြု၍ နောက်သို့ အလျင်စလို ပြန်ဆုတ်လိုက်သည်။ ထို့နောက်တွင် မြေထဲသို့လျှိုဝင်ကာ ထွက်ပြေးရန် ကြိုးစားတော့လေ၏။ ကြည့်ရသလောက် ဤလူမှာ မြေလျှိုးသည့်ပညာရပ်ကို ကျင့်ကြံထားသည်မှာ လုံးဝကို သေချာပေသည်။

ထိုအချင်းအရာကိုမြင်လိုက်သော် အေးအေးဆေးဆေး မတ်တပ်ရပ်နေသော လီဝူရီဆီမှ လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီးသည့်နောက် အစောပိုင်းကလူထွက်ပြေးသွားသည့် မြေကြီးနေရာဆီသို့ သူ့လက်ကိုဆန့်ထုတ်၍ ဆုပ်ချလိုက်လေသည်။ ထို့နောက်တွင် သဲအတွင်းပိုင်းဆီမှ ခပ်အုတ်အုတ်အော်ငြီးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ထွက်လာခဲ့စမ်း…” ထို့နောက်တွင် ရန်ကိုင်သည် လက်သီးဆုပ်ထားသည့်သူ့လက်ကို အပေါ်သို့ မြှောက်ချလိုက်ရာ သဲများ ပေါက်ကွဲထွက်လာခဲ့ပြီး ထိုထဲမှ လူတစ်ဦး ပျံထွက်လာခဲ့လေသည်။

ထိုလူ ဘာဆိုဘာမှမလုပ်နိုင်သေးခင်မှာပင် ရန်ကိုင်သည် ထိုလူရှေ့သို့ အမြန်ပြေးသွားပြီး ထိုလူ၏ရင်ဘတ်တည့်တည့်ကို သူ့လက်ညှိုးဖြင့် ညွှန်လိုက်သည်။ ချက်ချင်းဆိုသလို လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး ထိုလူ၏ပြေးပေါက်အားလုံးကို ပိတ်ဆို့သွားလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၈၃)

ဘာသာပြန်သူ_တိမ်တိုက်

နောက်ဆုံးတွင် ထိုလူ၏ မျက်နှာကို ရန်ကိုင် သေသေချာချာ မြင်သွားခဲ့ရသည်။ ထိုလူ၏ မျက်နှာမှာ ရောဂါ စွဲကပ်နေသည့်အလား ဝါကျင့်ကျင့် ဖြစ်နေပြီး ခန္ဓာကိုယ်မှာလည်း ပိန်လှီနေခဲ့သည်။ ၎င်း၏ ကျင့်ကြံခြင်းသည် ဧကရာဇ်ဒုတိယအဆင့်သာလျှင် ဖြစ်နေလင့်ကစား ၎င်းဆီမှ ထွက်ပေါ်နေသော နတ်ဆိုးချီသည် နတ်ဆိုးလမ်းစဉ်ထဲသို့ ရောက်သွားပြီ ဖြစ်ကြောင်းကို မီးမောင်းထိုးပြနေခဲ့သည်။

ရန်ကိုင်၏ လေဟာနယ်နိယာမများကြောင့် ထွက်မပြေးနိုင်တော့သည့်အခါတွင်ပင် ထိုလူမှာ အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ခြင်း မရှိဘဲ ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် တစ်ချက် စိုက်ကြည့်လိုက်ပြီးသည့်နောက် စိတ်ပိုင်းဖြတ်လိုက်သည့် အမူအရာဖြင့် အော်ပြောလိုက်လေ၏။ "နတ်ဆိုးမျိုးနွယ်စု ဘယ်တော့မှ မကျရှုံးဘူးကွ"

ထိုစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူ ဘာလုပ်တော့မလဲဆိုသည်ကို သတိထားမိလိုက်သည့်အလား ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ ထိုလူ၏ ခွန်အားကို ချိတ်ပိတ်ပစ်ရန် ကြိုးစားလိုက်သည်။ သို့ပါသော်ငြား ခြေတစ်လှမ်း နောက်ကျသွားခဲ့လေ၏။ တစ်ခုခု ပျက်စီးသွားသည့် အသံနှင့်အတူ ထိုလူ၏ အသက်ဓာတ်တို့ လျင်မြန်စွာ လျော့ကျသွားခဲ့လေသည်။

ရန်ကိုင်မှာမူ ထိုမြင်ကွင်းအား မှုန်ကုပ်ကုပ် အမူအရာဖြင့် ရပ်ကြည့်နေလေ၏။

လီဝူရီသည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး ထိုလူကို ကြည့်ရင်းမှ မေးလိုက်လေ၏။ "သူ့ကိုယ်သူ သတ်သေလိုက်တာလား"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "သူ့ နှလုံးသွေးကြောကို သူ့ဘာသာသူ ဖြတ်ပစ်လိုက်တာ"

လီဝူရီက အံ့အားသင့်သွားဟန်ဖြင့်... "တကယ်ကို ပြတ်သားတာပဲ"

ပုံမှန်အားဖြင့် သေရသည်ထက် အသက်ရှင်ရသည်က ပို၍ ကောင်းပေသည်။ ရန်ကိုင်ရော လီဝူရီရောသာ ထိုကဲ့သို့သော နေရာမျိုးတွင်ဆိုလျှင် အသေခံမည့်အစား အသက်ရှင်အောင်သာ ကြိုးစားနေလိမ့်မည်။ သို့ပါသော်ငြား ထိုလူကမူ ဖမ်းမိခံရသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကြည့်ရသလောက် ထိုလူမှာ ရန်သူလက်ထဲသို့ ကျရောက်သွားပြီး သတင်း အစ်အောက်ရမည့် အဖြစ်မျိုးနှင့် မကြုံချင်သည့်ပုံပင်။ သို့ပင်ဖြစ်လင့်ကစား ထိုလူသည် လမ်းဘေးလမ်းကြားတွင် တွေ့ရသည့် မြက်ပင်များ မဟုတ်ဘဲ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။

ဤသည်မှာ လီဝူရီအဖို့ ယခုကဲ့သို့သော အဖြစ်မျိုးနှင့် ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ပါသော်ငြား ရန်ကိုင်အတွက်မူ ပထမဦးဆုံးအကြိမ် မဟုတ်တော့ပေ။

ရန်ကိုင်မှ လဲ့ကုအား လိုက်ဖမ်းစဉ်က အဆုံးတွင် လဲ့ကုအား ဖန်းဝူနှင့် အခြားသော နတ်အရှင်များနှင့်အတူ ချောင်ပိတ်ဖမ်းနိုင်ခဲ့သော်ငြား လဲ့ကုသည် မသေခင် ဤကဲ့သို့သော စကားမျိုးကို ပြောသွားခဲ့ပြီး သူ့ကိုယ်သူ ဖောက်ခွဲပစ်သွားခဲ့လေ၏။

[ပြောသွားတဲ့ စကားတွေက တကယ်ကို အတူတူပါပဲလား] နတ်ဆိုးမျိုးနွယ်စုဝင် တစ်ဦးချင်းစီတိုင်း မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်းကို ရန်ကိုင် မြင်တွေ့ပြီးသွားခဲ့လေပြီ။ ထိုလူများသည် ကိုယ့်အသက်ကိုယ် တန်ဖိုးမထားကြ။ သေရမည်မှန်း သိနေသည့်တိုင် သူတို့ကိုယ်သူတို့ သေရသည်ဟု မမှတ်ယူဘဲ ကြီးကျယ်ခမ်းနားသည့် အရာတစ်ခုခုကို လုပ်နေသည့်ပမာ ကိုယ့်ကိုယ်ကိုယ် သတ်သေနေကြသည်။

ထိုလူမှာ သေသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့ လိုချင်နေသည့် အကြောင်းအရာများကို သွားမေးနေ၍ မရတော့ပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်တို့ နှစ်ဦးသည် အလောင်းကို သယ်၍ ကြယ်ဝိညာဥ်နန်းတော်မှ အဖွဲ့သားများ စုဝေးနေရာဆီသို့ ပြန်လာခဲ့ကြသည်။ ထိုအလောင်းကို မြင်ပြီးသည့်နောက် ... က ပြောလိုက်လေ၏။ "ကျုပ် ဒီလူကို မှတ်မိတယ်၊ ဒီလူက ကြယ်ချွန်ဂိုဏ်းရဲ့ အကြီးအကဲပဲ၊ ကျုပ်ကို တိုက်ခိုက်တဲ့အထဲမှာ သူလည်းပါတယ်၊ ကျုပ်နောက်ကို အခုလိုမျိုး တောက်လျှောက်ကြီး လိုက်လာမယ်လို့ တကယ်ထင်မထားဘူး"

ရှောင်ယုယန်သည် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ရင်းမှ ပြန်ပြောလိုက်လေ၏။ "မင်းအနောက်ကို လိုက်လာတာ သူတစ်ယောက်တည်း မဟုတ်ဘူး"

အခြားသူများ၏ အရှိန်အဝါကို သူတို့အနေဖြင့် မခံစားမိပါသော်ငြား ကြယ်ချွန်ဂိုဏ်း၏ အကြီးအကဲတစ်ဦးသည်ပင်လျှင် ဤနေရာသို့ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် ကြယ်ချွန်ဂိုဏ်း၏ အခြားသော အဖွဲ့သားများသည်လည်း ဤအနီးအနား၌ ရှိနေရပေလိမ့်မည်။ ထိုမျှသာလျှင် မဟုတ်သေး။ အနောက်ဘက်နယ်မြေထဲရှိ နတ်ဆိုးအသွင်သို့ ပြောင်းသွားသည့် လူများသည်ပင်လျှင် ဤနေရာရှိ အခြေအနေကို ကြားသိရပြီးသည့်နောက် ဤနေရာသို့ လာနေကြပေလိမ့်မည်။

အနောက်ဘက်နယ်မြေမှာ အခြားသော နယ်မြေများနှင့် ယှဉ်လိုက်သော် ခေါင်သည့်တိုင် ၎င်းတို့၏ သိုင်းတာအိုမှာ အားနည်းနိမ့်ကျနေခြင်း မရှိပေ။ အနောက်ဘက်နယ်မြေတွင် ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင် အရေအတွက်မှာ အခြားသော နယ်မြေများနှင့် အတူတူလောက် ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် အနောက်ဘက်နယ်မြေ တစ်ခုလုံးသည်သာ နတ်ဆိုးများ၏ လွှမ်းမိုးမှုအောက်သို့ ကျရောက်သွားခဲ့မည်ဆိုလျှင် လက်ရှိအခြေအနေမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းသွားခဲ့လေပြီ။

ထိုအတွက်ကြောင့် လက်ရှိ သူတို့ အဖွဲ့ထဲ၌ လီဝူရီကဲ့သို့သော လူမျိုး ရှိနေသည့်တိုင် အကုန်လုံးမှာ လုံခြုံသည်ဟု မခံစားရပေ။ တကယ်တော့ သူတို့ဘက်တွင် မဟာဧကရာဇ်တစ်ပိုင်း ဖြစ်သော လီဝူရီ ရှိနေသလို ရန်သူဘက်တွင်လည်း မဟာဧကရာဇ်တစ်ပိုင်း ပညာရှင်များ ရှိမနေပါဟု မည်သူကများ ပြောနိုင်ပါမည်နည်း။ ယောင်လင်၊ လင်းယွင်းအာနှင့် အခြားသူများကို ဖမ်းဆီးသွားခဲ့သည့် လူများမှာ မဟာဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြသည်။ ယခုအချိန်ထိတိုင် ထိုလူများ ပေါ်မလာသေးပေ။

ထိုအကြောင်းကြောင့် လက်ရှိအခိုက်အတန့်တွင် အကုန်လုံးမှာ ဟင်းလင်းပြင်လိုဏ်ခေါင်းအား သွားရောက်စစ်ဆေးသည့် မဟာဧကရာဇ်များ မြန်မြန် ပြန်လာပါစေဟုသာ ကြိတ်ကာ ဆုတောင်းနေကြသည်။ မဟာဧကရာဇ်များ ရှိနေမှသာလျှင် သူတို့အနေဖြင့် အနည်းငယ် လုံခြုံသည်ဟု ခံစားရပေလိမ့်မည်။

အကုန်လုံး နိုးနိုးကြားကြား ဖြစ်နေစဉ် ရန်ကိုင်သည် ရုတ်တရက် သက်ပြင်းချ၍ နတ်ဆိုးချီ လွှမ်းခြုံထားရာ နေရာတစ်ခုဆီသို့ လှမ်း၍ ကြည့်လိုက်သည်။

"မင်းလည်း ခံစားမိတာလား" လီဝူရီသည်လည်း ထိုအရပ်ဆီသို့ လှမ်းကြည့်ရင်းမှ မေးလိုက်သည်။

ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်၏။ "စီနီယာ ခံစားမိတယ်ဆိုမှတော့ ကျုပ် အထင်မမှားဘူးဆိုတာ လုံးဝသေချာတယ်"

လီဝူရီက ခေါင်းညိတ်ပြလိုက်၏။ "နတ်ဆိုးချီ ဖြစ်လာနေတဲ့ နှုန်းက နှေးကျသွားပြီ"

ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေ၏။ "အဲဒါဆိုရင်တော့ လိုဏ်ခေါင်းထဲကနေ ထွက်လာနေတဲ့ နတ်ဆိုးချီက အကန့်အသတ်မဲ့ မဟုတ်တော့ဘူး" ထိုသို့သာဆိုလျှင် လက်ရှိအခြေအနေမှာ သူတို့ ထင်ထားသလောက် မဆိုးရွားတော့ပေ။ ရန်ကိုင် စိတ်ပူနေသည်မှာ အနောက်ဘက်နယ်မြေ တစ်ခုလုံးကို နတ်ဆိုးချီများမှ လွှမ်းခြုံသွားမည်ကိုပင်။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက အနောက်ဘက်နယ်မြေတစ်ခုလုံး သွားလေပြီ။ သို့ပါသော်ငြား လက်ရှိ အခြေအနေအရ နတ်ဆိုးချီများအဖို့ အနောက်ဘက်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံဖို့ရာ အတော်လေးကိုမှ ခက်ခဲသည့်ပုံပင်။ မီတာတစ်သိန်းဝန်းကျင်မှာ အတော်လေးကိုမှ ကျယ်ဝန်းလှပါသော်ငြား အနောက်ဘက်နယ်မြေတစ်ခုလုံးနှင့် ယှဉ်လိုက်သော် သမုဒ္ဒရာထဲရှိ ရေတစ်စက်မျှသာ ဖြစ်ပေသည်။

ရှောင်ယုယန်၊ ရွှယ်ကျွင်းမောင်နှင့် အခြားသူများသည်လည်း ထိုအချက်ကို သတိပြုမိသွားကြပြီး ဝမ်းသာအားရ ဖြစ်ကုန်ကြလေသည်။ နောက်ဆုံးတွင် ရက်ပေါင်းများစွာ စောင့်ဆိုင်းနေပြီးသည့်နောက် သတင်းကောင်းဟု ပြော၍ မရသည့် သတင်းကောင်းတစ်ခုကို လူတိုင်း ကြားလိုက်ရလေပြီ။

ထိုအခြေအနေကို စောင့်ကြည့်နေစဉ်မှာပင် နတ်ဆိုးချီ ပျံ့နှံ့လာနေသည့် နှုန်းမှာ အချိန်နှင့်အမျှ ပိုပို၍ နှေးကျလာနေကြောင်းကို အကုန်လုံး သတိထားမိသွားခဲ့ကြသည်။ သုံးရက်ခန့် ကြာပြီးသည့်နောက်တွင် နတ်ဆိုးချီမှာ လုံးဝကို ရပ်တန့်သွားတော့လေ၏။ ယခုဆိုလျှင် နတ်ဆိုးချီမှာ မိုင်တစ်သိန်း ဝန်းကျင်ခန့်ကို လွှမ်းခြုံထားပြီးနေလေပြီ။

ထိုအခိုက်အတန့်ဝယ် ပုံမှန် မဟုတ်သည့် လှုပ်ရှားမှုများကို နတ်ဆိုးချီ လွှမ်းခြုံထားရာ နေရာများဆီမှ လူတိုင်း ခံစားမိလိုက်ကြလေသည်။

ထွက်ပေါ်လာသည့် အသံဗလံများကို နားထောင်ရင်း အကုန်လုံး၏ အမူအရာ လေးနက်သွားကုန်ကြလေ၏။

တစ်ခဏအကြာ၌ ရွှယ်ကျွင်းမောင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ "ဘာဖြစ်လို့ အဲဒီဘက်ကနေ လူတွေ လာနေတယ်လို့ ခံစားနေရတာလဲ"

လီဝူရီက အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ခံစားနေရတာ မဟုတ်ဘူး၊ တကယ်ကြီး လာနေကြတာ"

ထိုစကားကို ကြားသည့်အခါ အကုန်လုံး နိုးနိုးကြားကြား ဖြစ်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သိချင်စိတ်လည်း ဖြစ်မိသွား၏။ မည်ကဲ့သို့သော လူများ ဖြစ်၍များ ဤကဲ့သို့သော ဆိုးရွားလာသည့် ပတ်ဝန်းကျင်ထဲ လွတ်လွတ်လပ်လပ် လှုပ်ရှားနေနိုင်ကြရလေသနည်း။ နတ်ဆိုးများ ဖြစ်နေလေမလား။

မကြာမီ မိုးခြိမ်းသံများပမာ မရေမတွက်နိုင်သော သားရဲပေါင်းများစွာ ဒုန်းစိုင်းပြေးလာသည့်အလား ခြေသံပေါင်းများစွာကို ကြားလိုက်ကြရလေသည်။

တစ်ခဏမျှ စောင့်နေပြီးသည့်နောက် နတ်ဆိုးချီထဲမှ ပုပုကွကွ ပုံရိပ်များ ထွက်ပေါ်လာသည်ကို လူတိုင်း မြင်လိုက်ကြရသည်။ ထိုအကောင် တစ်ကောင်ချင်းစီတိုင်းသည် အများဆုံးမှ တစ်မီတာခန့်သာ ရှိကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ဖရဲသီးပမာ လုံးဝန်းနေခဲ့ကြလေသည်။

ထူးဆန်းသည့် သတ္တဝါများသည် မျိုးစေ့တစ်ခုခု ဖြစ်သည့်ပုံပင်။ သို့ပါသော်ငြား တစ်ကောင်ချင်းစီတိုင်းသည် အတော်လေးကိုမှ ရုပ်ဆိုးလှသည်။ ထိုအပြင် တစ်ကောင်ချင်းစီတိုင်းမှာလည်း နတ်ဆိုးချီပမာ မည်းနက်နေလေသည်။

"အဲဒါ ဘာကောင်ကြီးတွေလဲ" လန်ရွှင်းမှာ ထိုထူးဆန်းသည့် အကောင်များအား အံ့သြတကြီးဖြင့် ကြည့်နေလေသည်။ ဤသည်မှာ သူမအဖို့ ထိုကဲ့သို့သော သက်ရှိမျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေ၏။

"နတ်ဆိုးမျိုးနွယ်စုတွေ" ရန်ကိုင်၏ မျက်လုံးများ မှေးစင်းသွားခဲ့သည်။

သူ့အရှေ့ရှိ နတ်ဆိုးများကို မြင်ပြီးသည့်နောက် သူ ပြန်သတိမရချင်သည့် အတိတ်က အကြောင်းအရာများကို ရန်ကိုင် ပြန်သတိရသွားခဲ့သည်။

သို့ပါသော်ငြား သူသိသည့် နတ်ဆိုးများမှာ ယခုကဲ့သို့ အနက်ရောင် မဟုတ်ဘဲ အနီရောင်နှင့် အစိမ်းရောင်များ ဖြစ်ကြသည်။

သို့ပင်ဖြစ်လင့်ကစား အနီရောင်ဖြစ်စေ အစိမ်းရောင်ဖြစ်စေ ထိုနတ်ဆိုးများ အားလုံးသည် နတ်ဆိုးနယ်မြေထဲ ပေါက်ကွဲနတ်ဆိုးများအဖြစ် လူသိများကြပေသည်။ အကြောင်းမှာ သူတို့၏ တိုက်ခိုက်ရေးနည်းလမ်းသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်သည့် နည်းလမ်းမျိုး ဖြစ်သည့်အတွက်ကြောင့်ပင်။ ထိုနတ်ဆိုးများ၏ ကျင့်ကြံခြင်းမှာ မြင့်မားခြင်း မရှိလှ။ သို့ပါသော်ငြား သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားသည့်အခါ မယုံကြည်နိုင်စရာ အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်ပေသည်။ အနီရောင်နတ်ဆိုးများသည် ပေါက်ကွဲထွက်သွားသည့်အခါ ပြင်းထန်လှသည့် အပူဓာတ်ကို ထုတ်လွှတ်ပြီး အစိမ်းရောင်နတ်ဆိုးများ ပေါက်ကွဲထွက်သွားသည့်အခါတွင်တော့ အလွန်ကိုမှ ပြင်းထန်လှသော အဆိပ်များကို ထုတ်လွှတ်ပေသည်။ အနီရောင်နတ်ဆိုးနှင့် အစိမ်းရောင်နတ်ဆိုးများ အားလုံး မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်နိုင်ကြလေရာ အနက်ရောင်နတ်ဆိုးများသည်လည်း ထိုနတ်ဆိုးများကဲ့သို့ လုပ်နိုင်မည်လား။

ရန်ကိုင်အနေဖြင့် ထိုအကြောင်းကို အချိန်ကုန်ခံ စဉ်းစားနေဖို့ရာ အချိန် မရှိပေ။ ထိုနတ်ဆိုးများ တိုက်ခိုက်သည့် နည်းလမ်းကို သိထားသည့်အလျောက် လျင်လျင်မြန်မြန် လှုပ်ရှားမှသာ ရပေလိမ့်မည်။

"အဲဒီအကောင်တွေက နတ်ဆိုးမျိုးနွယ်စုတွေလား" ရှောင်ယုယန်၏ အမူအရာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့လေသည်။ နတ်ဆိုးမျိုးနွယ်စုဝင်တိုင်းသာ ဤကဲ့သို့သော အကောင်မျိုးနှင့် ပြည့်နေမည်ဆိုလျှင် သူတစ်ဦးတည်းနှင့်ပင် နတ်ဆိုးနယ်မြေတစ်ခုလုံးကို ရှင်းပစ်လို့ရပေသည်။

ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ "နတ်ဆိုးနယ်မြေထဲမှာ ကလန်ပေါင်း ရာနဲ့ချီပြီး ရှိတယ်၊ ကလန်ချင်းစီတိုင်းကလည်း တူကြတာ မဟုတ်ဘူး၊ ဒီနတ်ဆိုးတွေက ပေါက်ကွဲနတ်ဆိုးလို့သိတဲ့ နတ်ဆိုးတွေပဲ၊ သူတို့ရဲ့ တိုက်ခိုက်တဲ့နည်းလမ်းက ဖောက်ခွဲတာပဲ"

"ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်တာလား" ရွှယ်ကျွင်းမောင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရန်ကိုင်မှ ထိုစကားကို ပြောလိုက်ချိန် ယုရုမန်သည် ရန်ကိုင်အား အံ့သြတကြီးဖြင့် လှမ်းကြည့်လိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။ သို့ပင်ဖြစ်လင့်ကစား ယုရုမန်သည် ချက်ချင်းပဲ သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တိုးတိုးတိတ်တိတ် ပြန်လည် တင်ပျဉ်ခွေထိုင်ကာ သူမ၏ ဒဏ်ရာများကို ကုစားနေလေ၏။

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်လေ၏။ "အကြီးအကဲရွှယ် အဲဒီပေါက်ကွဲနတ်ဆိုးတွေကို သွားပြီးတော့ အထင်မသေးနဲ့၊ သူတို့ ဒီမှာ ပေါ်လာပြီဆိုကတည်းက နတ်ဆိုးနယ်မြေက ကြယ်တာရာအစုအဝေးနဲ့ ဆက်သွားပြီလို့ ပြောလိုက်တာပဲ၊ အစောပိုင်းက ဝင်ပေါက်ပဲ ရှိသေးတဲ့ သဲလိုဏ်ခေါင်းက အခုဆိုရင် ကမ္ဘာကြီးနှစ်ခုကို ဆက်သွယ်ပေးထားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေပြီ၊ ဒီနတ်ဆိုးတွေက အသေခံနတ်ဆိုးတွေပဲ အဲဒီလမ်းကြောင်းကိုသာ မဖျက်ဆီးပစ်ဘူးဆိုရင် ပိုပြီးတော့များတဲ့ နတ်ဆိုးတွေ ပေါ်လာတော့မှာ"

ရွှယ်ကျွင်းမောင်၏ အမူအရာ လေးနက်သွားတော့လေ၏။ "အဲဒီလိုဆိုရင်တော့ စီနီယာတို့ လုံလုံခြုံခြုံ အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုတ်လာနိုင်ဖို့ပဲ မျှော်လင့်ရတော့မယ်"

ပြောနေရင်းမှ တဝုန်းဝုန်း မြည်သံများ အရှေ့ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။

အကုန်လုံး လှမ်း၍ ကြည့်လိုက်ရာ ရန်ကိုင် ပြောသလို ဖြစ်နေကြောင်းကို တွေ့လိုက်ရ၏။

ထိုအနက်ရောင်နတ်ဆိုးများသည် တစ်ကောင်ပြီးတစ်ကောင် စတင်၍ ပေါက်ကွဲတော့လေသည်။ သို့ပါသော်ငြား ၎င်းတို့၏ ပေါက်ကွဲအားမှာ သိပ်၍ မပြင်းထန်လှ။ ထိုအစား ထိုနတ်ဆိုးများ ပေါက်ကွဲပြီးသည့်နောက်တွင် မြောက်မြားလှစွာသော နတ်ဆိုးချီများ ပြန့်ထွက်လာကုန်ကြလေသည်။ ထိုသို့ဖြင့် ပျံ့နှံ့မှု ရပ်တန့်သွားသော နတ်ဆိုးချီတို့သည် နောက်တစ်ကြိမ် ထပ်မံ၍ ပျံ့နှံ့လာခဲ့ပြန်လေ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း လီဝူရီက အလေးအနက် အမူအရာဖြင့် ပြောလိုက်လေ၏။ "နတ်ဆိုးတွေက ဒီနည်းလမ်းကို သုံးပြီးတော့ ကြယ်တာရာအစုအဝေး တစ်ခုလုံးကို ဝါးမျိုပစ်ချင်နေတာလား"

အနက်ရောင်နတ်ဆိုးများ ပေါက်ကွဲသွားသည့် နေရာများသည် နတ်ဆိုးကုန်းမြေ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့လေသည်။ နတ်ဆိုးနယ်မြေသည် အနက်ရောင်နတ်ဆိုး အလုံအလောက်ကို စေလွှတ်ခဲ့မည်ဆိုလျှင် အခြားမည်သည့် ပညာရှင်ကိုမျှ စေလွှတ်စရာ မလိုဘဲ ကြယ်တာရာအစုအဝေး၏ အစိတ်အပိုင်းများကို အလွယ်တကူ သိမ်းပိုက်နိုင်ပေလိမ့်မည်။

မည်သို့ပင် ဖြစ်နေစေကာမူ အနက်ရောင်နတ်ဆိုးများသည် နတ်ဆိုးမျိုးနွယ်စုအတွက် အလွန်ကိုမှ အဆင့်အတန်းနိမ့်သည့် နတ်ဆိုးများပင် မဟုတ်လေလော။ ထိုအနက်ရောင်နတ်ဆိုးများ သေသေရှင်ရှင်ကို မည်သူမျှ ဂရုမစိုက်ကြပေ။ ထိုအနက်ရောင်နတ်ဆိုးများမှာ သူတို့၏ ခန္ဓာကိုယ်ကို ဖောက်ခွဲဖို့ရာအတွက် တည်ရှိနေကြခြင်းသာ ဖြစ်လေသည်။

သို့ပါသော်ငြား အနက်ရောင်နတ်ဆိုးများကို စေလွှတ်၍ ကြယ်တာရာအစုအဝေး တစ်ခုလုံးကို သိမ်းပိုက်ဖို့ရာလည်း မဖြစ်နိုင်။ အနက်ရောင်နတ်ဆိုး မည်မျှပင် များပြားနေစေကာမူ ၎င်းတို့၏ ပေါက်ကွဲမှုသည် ကြယ်တာရာအစုအဝေး တစ်ခုလုံးကို မလွှမ်းခြုံနိုင်ပေ။ နတ်ဆိုးနယ်မြေသည် အနက်ရောင်နတ်ဆိုးများကို သုံး၍ ပိုမိုကျယ်ပြန့်သည့် နယ်မြေတစ်ခုကို ခြေကုပ်ရယူရန် ကြိုးစားနေခြင်းသာ ဖြစ်ပြီး ခြေကုပ်ရယူပြီးမှသာလျှင် အခြားသော နည်းလမ်းများကို သုံး၍ ကြယ်တာရာအစုအဝေးကို ဆက်လက်သိမ်းပိုက်မည်ဟု ရန်ကိုင် ထင်နေမိလေသည်။

ပေါက်ကွဲသံများမှာ အဆုံးမရှိ ထွက်ပေါ်နေခဲ့သည့်အတွက်ကြောင့် အနက်ရောင်နတ်ဆိုး မည်မျှ ပေါက်ကွဲသွားသလဲဆိုသည်ကိုပင် ရေတွက်ဖို့ရာ မဖြစ်နိုင်ခဲ့ပေ။ အကုန်လုံး လှည့်ပတ်ကြည့်လိုက်သည့်အခါ ပို၍ များပြားလှသော အနက်ရောင်နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာနေကြောင်းကို တွေ့လိုက်ရလေသည်။ အနက်ရောင်နတ်ဆိုးများ ပေါက်ကွဲနေသည့်အလျောက် ကုန်းမြေ အရွယ်အစားများလည်း တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာခဲ့လေ၏။

ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ ပြောလိုက်လေ၏။ "အကုန်လုံး၊ ဒီနည်းလမ်းက သိပ်ပြီးတော့ အလုပ်မဖြစ်လောက်ဘူးဆိုပေမဲ့ ဒီအနက်ရောင်နတ်ဆိုးတွေကို သတ်ပစ်တာ ကောင်းလိမ့်မယ်နဲ့ တူတယ်၊ ဒီနည်းလမ်းက အနက်ရောင်နတ်ဆိုးတွေ လုပ်နေတဲ့ ကိစ္စကို လုံးဝ မရပ်တန့်နိုင်ဘူးဆိုပေမဲ့ နှေးအောင်တော့ လုပ်နိုင်လောက်တယ်"

အကုန်လုံး ခေါင်းညိတ်လိုက်လေသည်။

ရန်ကိုင်က ထပ်ပြောလိုက်သည်။ "အကုန်လုံး ကိုယ့်ကိုယ်ကိုယ် သေချာကာကွယ်ထားကြနော်၊ အဲဒီနတ်ဆိုးတွေ သွားထိတာ မခံရစေနဲ့၊ တစ်ခုခု အဆင်မပြေတော့ဘူးလို့ ခံစားရရင် ချက်ချင်း ပြန်ဆုတ်လာခဲ့"

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် အရှေ့မှ ပြေးထွက်သွားလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်သည် နတ်ဆိုးကုန်းမြေ အစွန်အဖျားနားသို့ ရောက်နေခဲ့လေပြီ။ ထိုနားသို့ ရောက်သည့်အခိုက်တွင် အနန္တဓားကို ထုတ်ယူ၍ ဧကရာဇ်ချီကို ထည့်သွင်းကာ ပိုင်းချလိုက်လေ၏။

ဧရာမဓားလှိုင်း တစ်လှိုင်း ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်နတ်ဆိုး အုပ်စုဆီသို့ တိုးဝင်သွားခဲ့ကာ ရာနှင့်ချီသော နတ်ဆိုးများ၏ အသက်ကို ခြွေယူသွားခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ထိုအနက်ရောင်နတ်ဆိုးများမှာ သေဆုံးသွားသည့်တိုင် ပေါက်ကွဲထွက်ကုန်ကြသဖြင့် ပိုပို၍ များပြားလှသော နတ်ဆိုးချီများ ထွက်ပေါ်လာရလေ၏။ ရန်ကိုင် ပြောသကဲ့သို့ပင် အနက်ရောင်နတ်ဆိုးများကို သတ်ပစ်လိုက်ခြင်းသည် အကျိုးသက်ရောက်မှု များများစားစား မရှိလှပေ။ အကြောင်းမှာ အနက်ရောင်နတ်ဆိုးများကို သတ်ပစ်လိုက်သည့်တိုင် နတ်ဆိုးချီ ပျံ့နှံ့လာနေသည်ကို မတားဆီးနိုင်သည့်အတွက်ကြောင့်ပင်။ သို့ပါသော်ငြား အနည်းဆုံး နတ်ဆိုးကုန်းမြေ ပျံ့နှံ့လာနေသည့် နှုန်းကိုတော့ နှေးကျသွားအောင် လုပ်နိုင်ပေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ ရွေးစရာ မရှိတော့ဘဲ ယခုကဲ့သို့ နည်းလမ်းကိုသာ အသုံးပြုလိုက်ရခြင်းပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၈၄)

ဘာသာပြန်သူ_တိမ်တိုက်

နတ်ဆိုးနယ်မြေထဲ ကလန်ပေါင်း တစ်ရာရှိပြီး ထိုကလန်များမှာ အဆင့်အမျိုးမျိုး ကွဲနေကြသည်။

ပေါက်ကွဲနတ်ဆိုးများသည် အဆင့်နိမ့်ဆုံး နတ်ဆိုးများ ဖြစ်ကြပေသည်။ သူတို့၏ အသိဉာဏ်ပင်လျှင် အလွန်ကိုမှ နိမ့်ကျ၏။ ထိုအကြောင်းကြောင့် အခြားသော နတ်ဆိုးကလန်များ၏ အသုံးချခံများ ဖြစ်ကြရလေ့ ရှိသည်။ သို့ပင်ဖြစ်လင့်ကစား ထိုနိမ့်ကျသော အသိဉာဏ်ကြောင့်ပင်လျှင် သေရမည်ကို မကြောက်ကြဘဲ ယခုကဲ့သို့ အကြောက်အရွံ့ ကင်းမဲ့စွာနှင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ကြရဲခြင်းလည်း ဖြစ်ပေသည်။

ရန်ကိုင်မှာ အနန္တဓားကို ဝှေ့ယမ်းရင်းမှ မရေမတွက်နိုင်သော ပေါက်ကွဲနတ်ဆိုးများကို သတ်ပစ်နေခဲ့ပါသော်ငြား ပေါက်ကွဲနတ်ဆိုးများအား အနည်းငယ်မျှပင် ကြောက်ရွံ့တုန်လှုပ်သွားအောင် လုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ပေါက်ကွဲနတ်ဆိုးများသည် နတ်ဆိုးချီထဲမှ အဆက်မပြတ်ကို ပြေးထွက်နေခဲ့ပြီး အစွန်အဖျားနားသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ကြလေသည်။ အခြားသူများသည်လည်း အလားတူ အခြေအနေနှင့် ကြုံနေရလေ၏။

ဤနေရာတွင် ရှိနေသည့် ဧကရာဇ်အဆင့် ပညာရှင်များအနက် ယောင်လင်မှ လွဲ၍ ကျန်လူအားလုံးမှာ ပေါက်ကွဲနတ်ဆိုးများကို သတ်ပစ်နေကြသည်။ သူတို့အဖို့ ပေါက်ကွဲနတ်ဆိုးများကို သတ်ပစ်ဖို့ရာ အလွန်ကိုမှ လွယ်ကူလှပေသည်။

တစ်ထောင်၊ တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း။

ရန်ကိုင်မှာ ပေါက်ကွဲနတ်ဆိုး မည်မျှကို သတ်ခဲ့မှန်းပင် မရေမတွက်နိုင်တော့ပေ။ ရန်ကိုင် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ပေါက်ကွဲနတ်ဆိုးများအားလုံး သေကြေရပြီး မြေပြင်တစ်ခုလုံး ပေါက်ကွဲနတ်ဆိုးများ၏ အသားစအသားနများဖြင့် ပြည့်သွားကြသည်။ သို့ပါသော်ငြား ပေါက်ကွဲနတ်ဆိုးများ၏ အလောင်းများမှ ထွက်လာသည်မှာ သွေးများ မဟုတ်ကြဘဲ နက်မှောင်နေသည့် အရည်များ ဖြစ်ကြလေသည်။ ထိုအရည်များသည် မြေကြီးထဲသို့ စိမ့်ဝင်သွားပြီးသည့်နောက် မြေပြင်အား ထိခိုက်ပျက်စီးသွားစေလေ၏။

ကျင့်ကြံသူများအကြားရှိ ကျင့်ကြံခြင်း ကွာဟချက်မှာလည်း စတင်၍ သိသာလာခဲ့သည်။ ဧကရာဇ်ပထမအဆင့် ပညာရှင်များသည် ပေါက်ကွဲနတ်ဆိုးများကို ဧကရာဇ်ဒုတိယအဆင့် ပညာရှင်များကဲ့သို့ လျင်မြန်စွာ သတ်ပစ်နိုင်ပါသော်ငြား သူတို့အဖို့ နတ်ဆိုးချီများဖြင့် ပြည့်နှက်နေသည့် နတ်ဆိုးကုန်းမြေထဲ သွားလာဖို့ရာ အတော်လေးကိုမှ ဝန်ပိလှပေသည်။ ထိုအပြင် နတ်ဆိုးချီ သူတို့ ကိုယ်ထဲ စိမ့်ဝင်ကျူးကျော်လာမည်ကိုလည်း အဆက်မပြတ် သတိထားနေရပေသေးသည်။

တိုက်ပွဲစပြီး နှစ်နာရီခန့် အကြာ၌ ဧကရာဇ်ပထမအဆင့်ပညာရှင်များ ပြန်ဆုတ်သွားကုန်ကြလေသည်။

နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ဧကရာဇ်ဒုတိယအဆင့်များ ပြန်ဆုတ်သွားကုန်ကြသည်။

နောက်ထပ် နေ့ဝက်ခန့်ကြာသော် ဧကရာဇ်တတိယအဆင့်များလည်း ပြန်ဆုတ်ကုန်လေ၏။

ဤအချိန်တွင် နတ်ဆိုးချီထဲ သွားလာနေသည့် လူဆို၍ ရန်ကိုင်နှင့် လီဝူရီတို့သာ ရှိတော့သည်။ လီဝူရီအနေဖြင့် နတ်ဆိုးချီထဲ ဤမျှ အချိန်ကြာအောင် နေနိုင်သည်မှာ အဆန်းတော့ မဟုတ်။ သူသည် မဟာဧကရာဇ်တစ်ပိုင်းပင် ဖြစ်သည်ကိုး။ သို့ပါသော်ငြား ရန်ကိုင်မှ နတ်ဆိုးချီထဲ ဤမျှကြာအောင် နေနိုင်သည့် အချက်သည် လူတိုင်းအား အံ့အားသင့်သွားစေခဲ့လေသည်။

ရန်ကိုင်မှာ နတ်ဆိုးချီအား လုံးဝ မကြောက်သည်ကိုတော့ မည်သူမျှ မသိကြပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ နတ်ဆိုးချီကို ခုခံရန်ပင် ကြိုးစားမနေဘဲ သူ့ခွန်အားကိုသာ အတတ်နိုင်ဆုံး ထိမ်ချန်ထားလေ၏။

ယုရုမန်မှာ ရန်ကိုင် အနောက်မှ တောက်လျှောက်ကို လိုက်လာခဲ့သည်။ သို့ပါသော်ငြား မည်သည့်နတ်ဆိုးကိုမျှ သတ်ပစ်ခဲ့ခြင်း မရှိပေ။ သို့ပါသော်ငြား ရန်ကိုင်နှင့်အတူ လိုက်လာနေရင်းမှ ရန်ကိုင် ပြောလိုက်သည့် စကားကြောင့် ယုရုမန်မှာ အမှန်တကယ်ကို ဒေါသူပုန်ထသွားကာ ရန်ကိုင်အား တိုက်ခိုက်ခါနီးပင် ဖြစ်သွားခဲ့သည်။

အနက်ရောင်နတ်ဆိုးများမှာ လုံးဝကို မကုန်ခန်းနိုင်လောက်အောင် များပြားလွန်းလှသည်။ တစ်ရက်နှင့်တစ်ည ကြာပြီးသည့်နောက်တွင် ရန်ကိုင် သူ့ဓားအား လွှဲယမ်းနေသည်ကို ရုတ်တရက် ရပ်လိုက်သည်။

ရန်ကိုင်မှာ သူ့ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး အလောင်းများဖြင့် တောင်နှယ် ပုံထပ်နေကြောင်း တွေ့လိုက်ရသည်။ လေထု တစ်ခုလုံးမှာလည်း ညှီစို့စို့ အနံ့များဖြင့် ပြည့်နေလေပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း လုံးဝကို တိတ်ဆိတ်နေခဲ့သည်။

အဆက်မပြတ် ပေါက်ကွဲသံများ ရပ်တန့်သွားပြီးသည့်နောက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့ရာ ဤတိတ်ဆိတ်မှုသည် လူတိုင်းအား စိတ်မသက်မသာ ဖြစ်သွားစေလေသည်။

ယခုဆိုလျှင် အနက်ရောင်နတ်ဆိုးများ အားလုံး ကုန်သွားပြီဟုပင် ပြော၍ ရလေသည်။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်၏ အမူအရာမှာတော့ လေးနက်တည်ကြည်နေပြီး နတ်ဆိုးကုန်းမြေအလယ်သို့ စိုက်ကြည့်ရင်းမှ အနန္တဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။

ရှပ်၊ ရှပ်၊ ရှပ်။

ထူးဆန်းသော အသံများ အရှေ့ဘက်ဆီမှ ထွက်လာနေခဲ့သည်။ ထိုအသံမှာ မြင်းခွာသံနှင့်ပင် တူပေသည်။ ထိုအပြင် အသံထွက်လာနေသည့် နှုန်းမှာလည်း မြန်ဆန်နေခြင်း မရှိဘဲ ဖြည်းဖြည်းလေးသာ ဖြစ်လေ၏။

"သတိထား" ယုရုမန်က ရုတ်တရက် သတိပေးလိုက်သည်။

ယုရုမန် သတိပေးနေစရာပင် မလို။ ရန်ကိုင်မှာ သူ့ကိုယ်သူ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ အားကောင်းသော အရှိန်အဝါတစ်ရပ် သူ့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ကို ရန်ကိုင် ခံစားမိနေလေသည်။

တစ်ခဏအကြာ၌ ရန်ကိုင်၏ မြင်ကွင်းထဲ အနီရောင် အလင်းစက်ကလေး တစ်စက် ပေါ်လာခဲ့သည်။ ထို့နောက်တွင် ကြီးမားလှသည့် ပုံရိပ်ကြီးတစ်ခု သူ့မြင်ကွင်းထဲ ထွက်ပေါ်လာတော့လေ၏။ ထိုပုံရိပ်မှာ အနည်းငယ် ဝေဝါးဝါး ဖြစ်နေဆဲ။ သို့ပါသော်ငြား အရိပ်၏ အမြင့်မှာ အနည်းဆုံး ဆယ်မီတာခန့် ရှိကြောင်းကိုမူ ရန်ကိုင် ပြောနိုင်ပေသည်။

ထိုပုံရိပ် သူနှင့် အတော်လေးကိုမှ နီးကပ်လာသည့်အခါမှသာလျှင် ရန်ကိုင်သည် သူ့ဆီသို့ ချဉ်းကပ်လာနေသည့် ရန်သူ၏ ပုံစံကို သေသေချာချာ မြင်ရတော့သည်။ သူ၏ ရန်သူမှာ အခြားမဟုတ်။ အပေါ်ပိုင်း အဝတ်ဗလာကျင်းနေသော ထွားထွားကြိုင်းကြိုင်း လူထွားကြီးတစ်ဦး ဖြစ်သည်။ ထိုလူထွားကြီးသည် သိပ်သည်းလှသည့် နတ်ဆိုးချီကို ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် မွန်းစတားသားရဲတစ်ကောင်ကို စီးနင်းထားလေသည်။ ထိုမွန်းစတားသားရဲမှာ ပုံမှန်အားဖြင့် မြင်းတစ်ကောင်နှင့် ဆင်တူပါသော်ငြား ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ဆူးချွန်များဖြင့် ပြည့်နေလေပြီး ကြောက်မက်ဖွယ်ရာ အသွင်အပြင်ကိုလည်း ပိုင်ဆိုင်ထားလေရာ နတ်ဆိုးသားရဲတစ်ကောင် ဖြစ်သည်မှာ မှားစရာ မရှိပေ။

ထိုနတ်ဆိုးသားရဲကို စီးနင်းထားသည့် လူကြီးမှာတော့ ဧကရာဇ်တတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်သည့် ကြောက်မက်ဖွယ်ရာ ဖိအားကို ထုတ်လွှတ်နေလေသည်။

"နတ်ဆိုးဘုရင်" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ပေါက်ကွဲနတ်ဆိုးများ ထွက်ပေါ်လာစဉ်ကတည်းက ကြယ်တာရာအစုအဝေးနှင့် နတ်ဆိုးနယ်မြေမှာ ချိတ်ဆက်သွားပြီမှန်း ရန်ကိုင် သိသွားခဲ့သည်။ ယခုဆိုလျှင် နတ်ဆိုးဘုရင် တစ်ပါးပင်လျှင် ပေါ်လာခဲ့လေရာ အခြေအနေမှာ ပိုမို၍ ဆိုးဝါးလာပြီမှန်း ရန်ကိုင် ထပ်မံသဘောပေါက်သွားခဲ့၏။

နတ်ဆိုးဘုရင်တစ်ပါး ပေါ်လာခြင်းသည် အခြားသော နတ်ဆိုးဘုရင်များ ပေါ်လာတော့မည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။ထိုအပြင် နတ်ဆိုးသူတော်စင်များပင်လျှင် အနှေးနှင့် အမြန်ဆိုသလို ပေါ်လာနိုင်ပေသည်။ ထိုနတ်ဆိုးသူတော်စင်များသည် မဟာဧကရာဇ်များနှင့် ယှဉ်ပြိုင်နိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။

နတ်ဆိုးဘုရင်မှာ သံပုဆိန်ကို မြေပြင်အထက် တောက်လျှောက်ကို ဆွဲလာခဲ့လေသည်။ ထိုအကြောင်းကြောင့်သာလျှင် နတ်ဆိုးဘုရင် လာနေစဉ် အတောအတွင်း တရှပ်ရှပ်မြည်သံများ ထွက်ပေါ်နေခြင်းလည်း ဖြစ်၏။

နတ်ဆိုးဘုရင်သည် ရန်ကိုင်အနားကို တဖြည်းဖြည်းချင်း ချဉ်းကပ်လာနေခဲ့ပြီး နောက်ဆုံး ရန်ကိုင်နှင့် ဆယ်မီတာခန့်အကွာတွင် ရပ်တန့်သွားခဲ့သည်။

အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့ပါသော်ငြား နတ်ဆိုးဘုရင်ကမူ ယဲ့ယဲ့လေး ပြုံးရင်းမှ ဝါးလုံးကွဲ အော်ရယ်မောလျက် သူ၏ သံပုဆိန်ဖြင့် ရန်ကိုင်အား ချိန်ရွယ်ကာ အော်ပြောလိုက်လေသည်။

"ဟားဟား လူသားတစ်ယောက်ပါလား" ကြည့်ရသလောက် စိတ်ဝင်စားစရာတစ်ခုအား ရှာတွေ့သွားသည့်အလား ရန်ကိုင်ကို သေသေချာချာ စိုက်ကြည့်နေလေ၏။

ရန်ကိုင်သည် ထိုနတ်ဆိုးအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ ပြန်မေးလိုက်သည်။ "ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ"

"ဒီဘုရင်ရဲ့ နာမည်က မန်စီပဲ၊ ပုရွက်ဆိတ်ကောင် မင်း ဒီဘုရင်ကို မြင်တာတောင် ဘာဖြစ်လို့ ဒူးမထောက်သေးတာလဲ"

နတ်ဆိုးဘုရင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ဘေးနားတွင် ရပ်နေသော ယုရုမန်၏ မျက်လုံးထဲ အေးစက်စက်အလင်း တစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။

မန်စီ မျက်မှောင်ကြုတ်သွားခဲ့ပြီး ယုရုမန်အား တွေးတွေးဆဆဖြင့် ကြည့်လိုက်သည်။ ထို့နောက် သင်္ကာမကင်းအမူအရာ သူ့မျက်နှာအထက် ဖြတ်ပြေးသွားလေ၏။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ပခုံးတွန့်၍ ပြန်ပြောလိုက်သည်။ "ထားလိုက်ပေတော့၊ ဒီဘုရင် နောက်နေတာ"

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ "ခင်ဗျားနောက်တာ မရယ်ရဘူးနော်"

မန်စီက ယဲ့ယဲ့‌လေး ပြုံးရင်းမှ ဆက်ပြောလိုက်သည်။ "ကောင်လေး မင်းပုံစံကို ကြည့်ရတာ မင်း ခွန်အားက အားနည်းမဲ့ပုံလည်း မပေါ်ဘူး၊ ဒီတော့ မင်းရဲ့အဆင့်အတန်းကလည်း နိမ့်လောက်မှာ မဟုတ်ဘူး၊ ဒီနေ့ ဒီဘုရင် စိတ်ကောင်းဝင်နေလို့ မင်းကို လွှတ်ပေးလိုက်မယ်၊ သွား၊ မင်းဘက်က လူတွေကို သွားပြန်ပြောလိုက်၊ ဒီဘုရင် ရောက်နေတာမလို့ ဒီဘုရင်ဆီ မြန်မြန်လာပြီးတော့ ဦးလာညွှတ်လို့၊ မဟုတ်ရင် ဒီဘုရင်ရဲ့ နတ်ဆိုးစစ်တပ်က မင်းတို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးကို စိစိညက်ညက် ကြေသွားအောင် လုပ်ပစ်မှာ၊ အဲဒီအခါကျမှ နောင်တရနေလို့ မရဘူးလို့"

"ကျုပ် ခင်ဗျားပြောတဲ့အတိုင်း သွားပြန်ပြောပေးလို့ရတယ်" ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ "ဒါပေမဲ့ ခင်ဗျား ကျုပ်ကို အရင်ဆုံး အနိုင်ယူမှရမှာ"

မန်စီသည် ခါးကို ကိုင်ရင်းမှ မမှိတ်မသုန် စိုက်ကြည့်လျက် ထူးထူးဆန်းဆန်း အမူအရာဖြင့် မေးလိုက်၏။ "မင်း ဒီဘုရင်ကို စိန်ခေါ်နေတာလား"

"ခင်ဗျားကသာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ" ရန်ကိုင်က ပြုံးဖြီးရင်းမှ သူ့လက်ထဲရှိ ဓားကို ဝှေ့ယမ်းချလိုက်သည်။

ရန်ကိုင် ရုတ်တရက်ကြီး သူ့အား တိုက်ခိုက်ရဲလာလိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် မန်စီမှာ အနည်းငယ် ကြောင်သွားခဲ့သည်။ သူ စစ်ဆေးကြည့်ရသလောက် ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ သူ့ထက် ပိုနိမ့်ပေသည်။ ထိုသို့ဖြစ်လေရာ ဤလူသားမှာ ဘာကြောင့်များ သူ့အား အနည်းငယ်မျှပင် မကြောက်ရလေသနည်း။

မန်စီ ဘာဆိုဘာမျှ မတွေးနိုင်သေးခင်မှာပင် သူပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက်ဆိုသလိုပဲ တောင့်တင်းသွားခဲ့ပြီး မမြင်နိုင်သည့် စွမ်းအားတစ်ရပ်မှာ သူ့အား လှုပ်မရအောင် ချုပ်နှောင်လာကြောင်း တွေ့ရှိလိုက်ရသည်။ တစ်ချိန်တည်း၌ပင် ပိန်းပိတ်နက်မှောင်သော လခြမ်းကွေးပုံစံ တိုက်ခိုက်မှု တစ်ခုသည် သူ့ဆီသို့ တိုးဝင်လာနေခဲ့လေ၏။

ထိုအချင်းအရာကို မြင်လိုက်သည့်အခိုက် မန်စီ၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ ရန်ကိုင်မှာ ခေါင်းမာသည့် လူသားတစ်ဦး ဖြစ်သည်ဟုသာ ထင်ခဲ့ပါသော်ငြား ရန်ကိုင်၏ တိုက်ကွက်ကို မြင်ပြီးသည့်နောက်တွင် ဤလူသားမှာ အတော်လေးကိုမှ အားကောင်းကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုလခြမ်းကွေးပုံစံ တိုက်ခိုက်မှုသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်နေခြင်း ဖြစ်လေသည်။ သူသည်သာ ထိုတိုက်ခိုက်မှု၏ ထိမှန်ခြင်း ခံလိုက်ရမည်ဆိုပါက လုံးဝကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ချက်ချင်းပဲ မန်စီသည် မာန်သွင်းအော်ဟစ်လိုက်ရင်းမှ သံပုဆိန်ကို အရှေ့တည့်တည့်သို့ ထိုးချလိုက်သည်။

ထို့နောက်တွင် ပိန်းပိန်းပိတ် အနက်ရောင်အလင်းနှင့် သံပုဆိန်တို့၏ ထိပ်ဖျား ထိပ်တိုက်တွေ့သွားခဲ့လေ၏။

ဘုန်းခနဲ မြည်သံနှင့်အတူ လခြမ်းကွေးဓားသွား ပျောက်ကွယ်သွားခဲ့ပြီး မန်စီမှာလည်း တုန်တုန်ယင်ယင် ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် မန်စီ စီးနင်းထားသော နတ်ဆိုးသားရဲမှာလည်း နာကျင်စွာ အော်ညည်းရင်းမှ နောက်သို့ ဆုတ်သွားခဲ့လေ၏။

ရန်သူ သတိလက်လွတ် ဖြစ်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်သည် အနန္တဓားကို မြှောက်ကာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။

မန်စီ၏ မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အံ့အားသင့်ရိပ်တို့ သူ့မျက်နှာအထက် ထွက်ပေါ်လာခဲ့လေသည်။ အစောပိုင်းက ရန်ကိုင်သည် သွေးနားထင် ရောက်နေသည့် လူတစ်ဦး ဖြစ်သည်ဟုသာ ထင်ခဲ့ပါသော်ငြား ယခုဆိုလျှင်တော့ သူ့ပြိုင်ဘက်အား အထင်သေးမိသွားပြီမှန်းကို သဘောပေါက်သွားခဲ့လေပြီ။

သူ့အား ပြေးမရအောင် ချုပ်နှောင်ထားသည့် မမြင်နိုင်သော စွမ်းအားတစ်ရပ်ကြောင့် မန်စီမှာ ကောင်းကောင်း မရှောင်နိုင်ခဲ့ရကာ မာန်သွင်းအော်ဟစ်၍သာ ခုခံရန် ကြိုးစားလိုက်တော့သည်။ ထိုအခိုက်အတန့်ဝယ် မန်စီ၏ ကြေးရောင် ခန္ဓာကိုယ်ကြီးမှာ အရောင်တလက်လက် တောက်ပလာပြီး သတ္တုရောင် တောက်လာခဲ့လေ၏။

ထန်။

မီးပွားတို့ နေရာအနှံ့ လွင့်စင်သွားခဲ့လေသည်။ ရန်ကိုင်၏ ဓားမှာ မန်စီ၏ လည်ပင်းကို သွားရောက်ထိမှန်ခဲ့ပါသော်ငြား မန်စီ၏ လည်ပင်းအား ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိဘဲ ခြစ်ရာလေးတစ်ခု ထင်ကျန်အောင်သာ လုပ်နိုင်ခဲ့သည်။

"ကျောက်တုံးနတ်ဆိုး" ယခုဆိုလျှင် မန်စီ မည်သည့်နတ်ဆိုးကလန်မှ လာသလဲဆိုသည်ကို ရန်ကိုင် သိသွားခဲ့လေပြီ။

[သူ ဒီလောက် မာနေတာ အထူးအဆန်း မဟုတ်တော့ပါဘူး၊ကျောက်တုံးနတ်ဆိုးကလန်က ဖြစ်နေတာကိုး]

ထိုတိုက်ခိုက်မှု ပြီးသွားသည့်နောက်တွင် မန်စီသည် သူ၏ သံပုဆိန်ကို ကောက်ကာငင်ကာ ဝှေ့ယမ်းချလိုက်လေသည်။

သို့ပါသော်ငြား ရန်ကိုင်သည် ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားခဲ့လေ၏။

ထိုအကြောင်းကြောင့် မန်စီ၏ တိုက်ခိုက်မှုမှာ ရန်ကိုင်အား ထိမှန်ခြင်းမရှိဘဲ လေကိုသာ ထိမှန်သွားခဲ့သည်။ သို့ပါသော်ငြား ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မန်စီသည် ဟင်းလင်းပြင် ချုပ်နှောင်မှုအောက်မှ ရုန်းထွက်ကာ ခပ်လှမ်းလှမ်းသို့ ဆုတ်သွားခဲ့သည်။ ထို့နောက် ခေါင်းကို ခါရင်းမှ အော်ပြောလိုက်လေ၏။ "မင်းက မဆိုးဘူးဘဲ"

"ခင်ဗျားလည်း မဆိုးပါဘူး" ရန်ကိုင်သည် အေးစက်စက်အမူအရာဖြင့် ပြန်၍ ပြောလိုက်သည်။ နတ်ဆိုးဘုရင်တစ်ပါးသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်ပေသည်။ မန်စီသည် နတ်ဆိုးနယ်မြေထဲ ရှားပါးသည့် တည်ရှိမှု တစ်ခု ကျိန်းသေ ဖြစ်ရပေလိမ့်မည်။ ရန်ကိုင်သည်သာ မန်စီအား ဤနေရာတွင် သတ်ပစ်နိုင်မည်ဆိုလျှင် နောက်ပိုင်း လူသားမျိုးနွယ်စုအတွက် အတော်လေးကိုမှ အကူအညီ ဖြစ်စေနိုင်ပေသည်။

ပုံမှန်အားဖြင့် ယခုကဲ့သို့သော ရန်သူမျိုးနှင့် မတွေ့ရလျှင် ကိစ္စမရှိပါသော်ငြား တွေ့နေရပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ တစ်ဖက်ရန်သူအား အလွယ်တကူ ပြန်ဆုတ်ခွင့် မပေးနိုင်ပေ။

စကားပြောနေစဉ် အတောအတွင်း ရန်ကိုင်မှာ ကျောက်တုံးကိုယ်ပွားအား အရေးကြီးလာလျှင် အပြင်သို့ ခေါ်ထုတ်ရန်အတွက် လောကဓာတ်လုံးထဲရှိ ကျောက်တုံးကိုယ်ပွားနှင့် တိုးတိုးတိတ်တိတ် ဆက်သွယ်နေခဲ့လေသည်။ မန်စီနှင့် တိုက်ခိုက်နေရင်းမှ ကျောက်တုံးကိုယ်ပွားကိုသာ အလစ်ငိုက် ခေါ်ထုတ်၍ တိုက်ခိုက်ခိုင်းလိုက်မည်ဆိုလျှင် မန်စီအား သတ်ဖြတ်ဖို့ရာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။

မန်စီကမူ ရယ်သွမ်းသွေးရင်းမှ ပြန်ပြောလိုက်သည်။ "ကောင်လေး၊ မင်းရဲ့ ခေါင်းဆောင်တွေကို မြန်မြန် သွားပြန်ပြောလိုက်၊ မင်း ငါ့ကို မသတ်နိုင်ဘူး"

"ကြည့်ရသေးတာပေါ့" ရန်ကိုင်သည် မိစ္ဆာဆန်ဆန် ပြုံးရင်းမှ အနန္တဓားကို ပြန်သိမ်းလိုက်ပြီး လက်ကွက်အချို့ကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။

ယခု ရန်ကိုင် ထုတ်သုံးလာမည့် တိုက်ကွက်သည် အတော်လေးကိုမှ အားကောင်းလှမည်ဟု ခံစားမိလိုက်သည့်အလား မန်စီ မျက်မှောင်ကြုတ်သွားခဲ့လေ၏။ သူ ဤနေရာသို့ လာခဲ့သည်မှာ သတင်းပါးရန်အတွက်သာ ဖြစ်သည့်အတွက်ကြောင့် ဤထူးဆန်းသည့် လူသားနှင့် ဆက်၍ အချိန်ကုန်ခံမနေလိုတော့ပေ။ ထိုအကြောင်းကြောင့် နှာခေါင်းရှုံ့၍သာ ပြောလိုက်လေ၏။ "ဒီဘုရင် မင်းကို မှတ်ထားမယ်၊ နောက်ကျရင် ပြန်တွေ့ကြတာပေါ့"

ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် မန်စီ၏ ခြေထောက်အောက်၌ ဝဲကတော့ တစ်ခု ရုတ်တရက် ပေါ်လာခဲ့ပြီး မန်စီမှာ မြေကြီးထဲသို့ လျှိုဝင်ပျောက်ကွယ်သွားခဲ့သည်။ မန်စီ စီးလာသည့် နတ်ဆိုးသားရဲသည်လည်း မန်စီနှင့်အတူ ပါသွားခဲ့လေ၏။

"သဲနတ်ဆိုးလား" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

သဲနတ်ဆိုးသည်သာ ယခုကဲ့သို့ဖြစ်အောင် လုပ်နိုင်ကြပေသည်။ သဲနတ်ဆိုးများသည် ဤနေရာရှိ မြေပြင်ထဲတွင် တစ်ချိန်လုံး ပုန်းအောင်းနေကြခြင်း ဖြစ်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် မန်စီအား အချိန်မီ ကယ်ထုတ်သွားနိုင်ခြင်းလည်း ဖြစ်၏။ မန်စီအား ပြေးမရအောင် မလုပ်နိုင်တော့သည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း သူ စုဆောင်းနေသည့် စွမ်းအားကို ခါးသက်သက် အမူအရာဖြင့်သာ ပယ်ဖျက်လိုက်ပြီး နတ်ဆိုးကုန်းမြေ အနက်ပိုင်း ရှိရာဆီသို့ စိုးရိမ်တကြီး အမူအရာဖြင့် လှမ်း၍ ကြည့်လိုက်လေ၏။

"နင် နတ်ဆိုးမျိုးနွယ်စုအကြောင်းကို ကောင်းကောင်းသိတာလား" ယုရုမန်က ရုတ်တရက် ကောက်မေးလိုက်သည်။

ရန်ကိုင်မှ ပေါက်ကွဲနတ်ဆိုးများ အကြောင်းကို ပြောစဉ်ကတည်းက ယုရုမန်မှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားခဲ့ရသည်။ ယခု ရန်ကိုင်မှ ကျောက်တုံးနတ်ဆိုးနှင့် သဲနတ်ဆိုးများအကြောင်းကိုပါ သိနေသည်ကို မြင်လိုက်သော် ယုရုမန်မှာ ထိုအချက်နှင့် ပတ်သက်၍ ပိုမိုထူးဆန်းသည်ဟု ခံစားလာရတော့လေသည်။

ရန်ကိုင်သည်သာ နတ်ဆိုးမျိုးနွယ်စုအကြောင်း မသိပါက ထိုနတ်ဆိုးများ၏ မျိုးနွယ်စုကို သိနေစရာ အကြောင်းမရှိပေ။

All Chapters