← Chapters

အခန်း (၃၃၈၅-၃၃၈၈)

Vol. 149 Ch. 3385-3388

အခန်း (၃၃၈၅-၃၃၈၈)

Vol. 149 Ch. 3385-3388

အပိုင်း (၃၃၈၅)

ဘာသာပြန်သူ_တိမ်တိုက်

နတ်ဆိုးမျိုးနွယ်စုအကြောင်းကို ရန်ကိုင်မသိဘဲ ဘယ်နေပါမည်နည်း။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ရန်ကိုင်သည် မျိုးနွယ်စုနှစ်ခုကြားတိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့ခြင်း ဖြစ်ပေသည်။ ထိုအကြောင်း‌ကြောင့် ကြယ်တာရာအစုအဝေးတစ်ခုလုံး၌ နတ်ဆိုးမျိုးနွယ်စုအကြောင်းကို ရန်ကိုင်ထက် ပိုသိသည့်လူဟူ၍ မရှိဟုပင် ပြောနိုင်ပေသည်။

ကြယ်ဝိဉာဉ်နန်းတော်ကဲ့သို့သော အင်အားစုမျိုးတွင် နတ်ဆိုးမျိုးနွယ်စုများနှင့် ပတ်သက်သည့် မှတ်တမ်းများ ရှိနေလိမ့်မည်ဖြစ်ပါသော်ငြား ထိုမှတ်တမ်းများသည် ရန်ကိုင်ကိုယ်တိုင်ကြုံခဲ့ရသော အတွေ့အကြုံများအား မည်ကဲ့သို့များ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

“နည်းနည်းလောက်ပဲသိတာပါ…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။

ယုရုမန်၏မျက်လုံးထဲ ထူးဆန်းသည့်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သို့ပါသော်ငြား ဘာမှထပ်၍တော့ မမေးခဲ့ပေ။

“ပြန်ကြရအောင်…” နတ်ဆိုးဘုရင်တစ်ပါးပင် ပေါ်လာသည့်အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်စု၏ စစ်တပ်ကြီးမှာ အနှေးနှင့်အမြန်ဆိုသလို ဤနေရာသို့ ရောက်ရှိလာပေတော့မည်။ ဤအကြောင်းကို လီဝူရီအား အမြန်ပြန်ပြောရပေလိမ့်မည်။ ယခုကိစ္စသည် ကြယ်တာရာအစုအဝေးတစ်ခုလုံး၏ သေရေးရှင်ရေးနှင့် ပတ်သက်နေသလို လူတစ်ဦးတစ်ယောက်တည်းမှ ကိုင်တွယ်နိုင်သည့်ဘောင်ကိုလည်း ကျော်လွန်နေခဲ့လေပြီ။

မကြာမီ ရန်ကိုင်နှင့်ယုရုမန်တို့ အခြားသူများဆီသို့ ပြန်ရောက်လာခဲ့သည်။ လီဝူရီမှာတော့ ထိုနေရာသို့ ရန်ကိုင်ထက်စော၍ ရောက်နေခဲ့လေသည်။

ရန်ကိုင်က ချက်ချင်းပဲ ပြောလိုက်လေသည်။ “ကျုပ် နတ်ဆိုးဘုရင်တစ်ပါးနဲ့ တွေ့ခဲ့တယ်…”

“နတ်ဆိုးဘုရင်…” ထိုစကားကိုကြားသည့်အခါ လီဝူရီ အကြီးအကျယ် ထိတ်လန့်သွားခဲ့ပြီး ရွှယ့်ကျန်းမောင်နှင့် အခြားသူများ၏ မျက်နှာများတော့ သွေးမရှိတော့သည့်ပမာ ဖြူလျော်သွားကုန်ကြလေသည်။

လန်ရွှင်းက မျက်မှောင်ကျုံ့၍ ဝင်ပြောလိုက်၏။ “ကျွန်မ ရှေးဟောင်းမှတ်တမ်းအချို့ ဖတ်ဖူးတယ်… အဲ့ထဲမှာပြောထားတာကတော့ နတ်ဆိုးနယ်မြေရဲ့ နတ်ဆိုးဘုရင်တစ်ပါးက ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်နဲ့ ယှဉ်နိုင်တယ်တဲ့…”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်… ကျုပ်တွေ့တဲ့နတ်ဆိုးဘုရင်ကတော့ တော်တော်လေးကို အားကောင်းတယ်… သူ့ခွန်အားက ဧကရာဇ်တတိယအဆင့်လောက် ရှိတယ်… ပြီးတော့ သူကိုယ်တိုင်က ကျောက်တုံးနတ်ဆိုးကလန်ကဆိုတော့ တော်တော်လေးကို မာတယ်လို့လည်း ပြောလို့ရတယ်… ကျုပ် သူ့ကို သတ်ဖို့တော့ လုပ်လိုက်ပါသေးတယ်… ဒါပေမယ့် မအောင်မြင်လိုက်ဘူး…”

လီဝူရီက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “အရင်ဆုံး အနက်ရောင်နတ်ဆိုးတွေ အများကြီးပေါ်လာတယ်… အခု နတ်ဆိုးဘုရင်တစ်ပါးတောင် ပေါ်လာပြီဆိုတော့ နတ်ဆိုးနယ်မြေနဲ့ ကြယ်တာရာအစုအဝေးက တကယ်ကြီး ဆက်သွားတာလား…”

ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ဆက်သွားတာတော့ လုံးဝ သေချာသွားပြီ… နတ်ဆိုးဘုရင်ကိုယ်တိုင်ကလည်း သူတို့နတ်ဆိုးမျိုးနွယ်စုစစ်တပ်က ကြယ်တာရာအစုအဝေးထဲကို မကြာခင် ချီတက်လာတော့မယ်လို့ ပြောသွားတယ်… ကမ္ဘာနှစ်ခုသာ ဆက်မနေလို့ရှိရင် သူ အဲ့လိုမျိုး ယုံကြည်ချက်အပြည့်နဲ့ ပြောရဲမှာမဟုတ်ဘူး… ဘယ်လိုပဲဖြစ်ဖြစ် ရောင်းရင်းကောင်းပြောခဲ့သလိုပဲလေ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ကောင်းကျန်းကိုကြည့်၍ “ကပ်ဘေးတစ်ခုကတော့ လာတော့မှာ…”

လီဝူရီက အလေးအနက်လေသံဖြင့် “အဲ့လိုဆိုရင်တော့ အခုကိစ္စက ငါတို့ကိုင်တွယ်နိုင်တဲ့ဘောင်ကို ကျော်သွားပြီ… ဒီကိစ္စကို ကြယ်တာရာအစုအဝေးတစ်ခုလုံးသိအောင် အကြောင်းကြားပြီး‌တော့ အခြားနယ်မြေကြီးသုံးခုက ပညာရှင်တွေကို ဆင့်ခေါ်ပြီးတော့ နတ်ဆိုးမျိုးနွယ်စုကို ခုခံဖို့ကိုပဲ ကြိုးစားရတော့မှာ…”

“ဟုတ်တယ်… မျိုးနွယ်စုနှစ်ခုကြားက စစ်ပွဲဆိုတာ ပေါ့သေးသေးမဟုတ်ဘူး… ဒီတော့ ဒီလိုကိစ္စမျိုးမှာ ဘယ်သူမှ ခေါင်းရှောင်နေလို့မရဘူး…”

ရွှယ့်ကျန်းမောင်ကလည်း ထပ်ပြောလိုက်သည်။ “ဒါပေမယ့် မဟာဧကရာဇ်တွေက ပြန်မလာသေးဘူး… ပြီးတော့ အဲ့အထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ငါတို့သိရသေးတာမဟုတ်ဘူး… မဟာဧကရာဇ်တွေသာ ကမ္ဘာနှစ်ခုကြားကလမ်းကြောင်းကို ဖျက်ဆီးပစ်နိုင်ခဲ့မယ်ဆိုရင်…”

ရန်ကိုင်က ပြန်၍ပြောလိုက်၏။ “အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့… ဒါပေမယ့် သူတို့ဆီက ဘာသတင်းမှမကြားရတာ ရက်နဲ့ချီနေပြီလေ… ဒီတော့ အဆိုးဆုံးအတွက်ပဲ ကြိုတင်ပြင်ဆင်ထားရတော့မှာပေါ့…”

ရွှယ့်ကျန်းမောင် ခေါင်းညိတ်ပြလိုက်သည်။ ရန်ကိုင်ပြောသည်မှာ ယုတ္တိရှိသည်ဟုလည်း သူခံစားရပေသည်။

“အရမ်းကြီးတော့ နောက်မကျလောက်သေးဘူးလို့…” လီဝူရီ သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် တစ်ခုခုအား ခံစားမိလိုက်ပြီး နတ်ဆိုးကုန်းမြေအလယ်ဗဟိုဆီသို့ လှမ်း၍ ကြည့်လိုက်သည်။

ချက်ချင်းဆိုသလို အလွန်ကိုမှ အားကောင်းလွန်းလှသည့် အရှိန်အဝါတို့ အဆုံးမဲ့နတ်ဆိုးချီထဲမှ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်တို့ဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့လေ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လူသုံးဦး ရန်ကိုင်တို့ရှေ့၌ ပေါ်လာကြသည်။ ထိုလူသုံးဦးကိုမြင်သည့်အခါ လူတိုင်း၏အမူအယာ ဝင်းပသွားခဲ့ကြလေ၏။ လီဝူရီကလည်း ဝမ်းသာအားရအမူအယာဖြင့် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ စီနီယာတို့…”

ယခုပေါ်လာသည့်လူသုံးဦးမှာ ရှုယဉ်သာ၊ သံမဏိသွေးနှင့် သားရဲသခင်တို့မှလွဲ၍ အခြားမဟုတ်ကြပေ။

သို့ပါသော်ငြား လမင်းမဟာဧကရာဇ်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။ သူမအဖေကို မမြင်သည့်အခါတွင် လန်ရွှင်း၏မျက်နှာ ရုတ်ချည်းဆိုသလို ဖြူလျော်သွားတော့လေသည်။

မဟာဧကရာဇ်သုံးပါး၏ အခြေအနေမှာ ကောင်းမွန်ခြင်း မရှိသည့်အတွက်ကြောင့် ရန်ကိုင်၏အမူအယာမှာလည်း လေးနက်တည်ကြည်သွားခဲ့သည်။ နတ်ဆိုးချီများမှာ မဟာဧကရာဇ်များ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေကြသည်ကို ကြည့်လျှင် မဟာဧကရာဇ်များ နတ်ဆိုးချီများ၏ ကူးစက်ခြင်း ခံလိုက်ရသည်မှာ သိသာလှပေသည်။ ထို့အပြင် သုံးယောက်စလုံးမှာ တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲထားရသည့်အလား ၎င်းတို့၏အရှိန်အဝါများမှာ အနည်းငယ် မတည်မငြိမ်ဖြစ်နေကြသည်။

သို့ပါသော်ငြား မဟာဧကရာဇ်များကဲ့သို့သော ပညာရှင်များအတွက်မူ နတ်ဆိုးချီနည်းနည်းပါးပါးလောက်သည် ဘာမှမှုစရာမဟုတ်ပေ။ သူတို့အနေဖြင့် အနည်းငယ် အနားယူအားပြန်ဖြည့်လိုက်ရုံဖြင့် ထိုနတ်ဆိုးချီကို ဖယ်ရှားပစ်နိုင်ပေသည်။

ရန်ကိုင်အား ထိတ်လန့်သွားစေသည့်အချက်မှာ သားရဲသခင်မဟာဧကရာဇ်၏ ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျထားသည့် အရိပ်အယောင်အချို့ကို တွေ့ရှိလိုက်ရခြင်းပင်။ ကြည့်ရသလောက် သားရဲသခင် ဒဏ်ရာရထားသည့်ပုံပင်။

မိုဟွမ်ကဲ့သို့ မဟာဧကရာဇ်တစ်ပါး ဒဏ်ရာရလာသည်ကိုကြည့်ရင်း ရန်ကိုင်မှာ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။ မဟာဧကရာဇ်များအား ဒဏ်ရာရအောင် လုပ်နိုင်သည့်လူဆို၍ မဟာဧကရာဇ်များသာ ရှိကြပေသည်။ သားရဲသခင်မဟာဧကရာဇ်ကို ယခုကဲ့သို့ ဒဏ်ရာရအောင် လုပ်လိုက်သည်မှာ ညအရိပ်များ ဖြစ်နေလေမည်လော။ သို့ပါသော်ငြား ထိုအချက်မှာ ယုတ္တိမရှိလှပေ။ ညအရိပ်မဟာဧကရာဇ်သည် တစ်ဦးတည်းဖြစ်ပြီး သူတို့ဘက်တွင် မဟာဧကရာဇ်လေးပါး ရှိနေလေသည်။ လေးယောက်တစ်ယောက် ယှဉ်ချရလေရာ ညအရိပ်မဟာဧကရာဇ်မှာ သားရဲသခင်မဟာဧကရာဇ်အား မည်ကဲ့သို့များ ဒဏ်ရာရအောင် လုပ်နိုင်ပါမည်နည်း။

မဟာဧကရာဇ်သုံးဦး ပေါ်လာပြီးသည့်နောက်တွင် မဟာဧကရာဇ်သုံးဦးလုံးမှာ ဘာမျှများများစားစား မပြောခဲ့ပေ။ သံမဏိသွေးသည် လင်းယွင်အာအား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် အလွန်ကိုမှ ဖိအားများနေသည့်လေသံမျိုးဖြင့် ပြောလိုက်လေ၏။ “အရင်ဆုံး ဒီနေရာကနေ ထွက်သွားကြရအောင်…”

ထိုသို့ပြောပြီးသည့်နောက်တွင် အကုန်လုံးအား ဧကရာဇ်ချီဖြင့်လွှမ်းခြုံ၍ အဝေးတစ်နေရာဆီသို့ ပျံသန်းထွက်သွားလေသည်။

လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးသည့်နောက် ရန်ကိုင်တို့အဖွဲ့သည် မိုင်ပေါင်း သောင်းဂဏန်းခန့်အကွာတွင် ရှိနေသော တောင်စောင်းတစ်ခုပေါ်၌ ဆင်းလိုက်ကြသည်။

ထိုနေရာသို့ ရောက်ပြီးသည့်နောက် အကုန်လုံးမှာ မဟာဧကရာဇ်သုံးပါးစလုံးအား ကြည့်လိုက်ကြလေသည်။ မဟာဧကရာဇ်သုံးပါး ဘာတွေဖြစ်လာသလဲဆိုသည်ကို သူတို့စိတ်ထဲ သိချင်နေမိကြလေသည်။

လန်ရွှင်း၏ မေးမြန်းလိုသည့်အကြည့်ကို သတိထားမိလိုက်သော် သံမဏိသွေးသည် လန်ရွှင်းအား ကြည့်ရင်းမှ အပြစ်မကင်းသည့်အမူအယာဖြင့် ပြောလိုက်လေ၏။ “နင့်အဖေက ငါတို့ နတ်ဆိုးနယ်မြေထဲကနေ ပြန်ဆုတ်လာလို့ရအောင် ကျန်နေရစ်ခဲ့တယ်…”

ထိုစကားကိုကြားသည်အခါ လန်ရွှင်း၏ခန္ဓာကိုယ် တုန်တုန်ရီရီဖြစ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် လင်းယွင်အာသည် သူမဘေးနား၌ရှိနေပြီး သူမအား လဲကျမသွားအောင် ထူမပေးထားခဲ့၏။

ရန်ကိုင်မှာလည်း မယုံကြည်နိုင် ဖြစ်သွားခဲ့လေသည်။ သံမဏိသွေးသည် စကားတိုတိုတုတ်တုတ်သာ ပြောသွားခဲ့ပါသော်ငြား သူပြောသွားသည့်စကားထဲ အရေးကြီးသည့် အချက်အလက်နှစ်ခု ပါနေခဲ့သည်။

ပထမတစ်ချက်မှာတော့ ကြယ်တာရာအစုအဝေးနှင့် နတ်ဆိုးနယ်မြေကြားရှိ လမ်းကြောင်းမှာ လုံးဝကို ပွင့်သွားခဲ့လေပြီ။

ထို့အပြင် မဟာဧကရာဇ်လေးပါးသည် နတ်ဆိုးနယ်မြေထဲသို့ ရောက်သွားခဲ့သည်။ ကြည့်ရသလောက် မဟာဧကရာဇ်လေးပါးမှာ နတ်ဆိုးနယ်မြေထဲရှိ ပညာရှင်များနှင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ကြသည့်ပုံပင်။ ထိုအကြောင်းကြောင့်သာလျှင် ရက်အတန်ကြာမှ ပြန်လာခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် မိုဟွမ်သည်လည်း ဒဏ်ရာအချို့ ရလာခဲ့သည်။ မဟာဧကရာဇ်များ၏ကိုယ်ထက်တွင် နတ်ဆိုးချီများ ရစ်သိုင်းနေသည်မှာ အဆန်းတော့မဟုတ်ပေ။ နတ်ဆိုးချီသည် မဟာဧကရာဇ်များ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပါသော်ငြား နတ်ဆိုးသူတော်စင်တစ်ပါးသည်သာ မဟာဧကရာဇ်များကို တိုက်ခိုက်လာခဲ့မည်ဆိုလျှင် မဟာဧကရာဇ်သည်ပင်လျှင် ထိုနတ်ဆိုးသူတော်စင်အသုံးပြုလာသော နတ်ဆိုးချီကို အလွယ်တကူ ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။

ရှုယဉ်သာမဟာဧကရာဇ်က ပြောလိုက်လေ၏။ “စိတ်မပူနဲ့… နင့်အဖေကလည်း မဟာဧကရာဇ်ပဲဆိုတော့ အဲ့မှာကျန်နေခဲ့ရင်တောင် အသက်အန္တရာယ်တော့ စိတ်ပူစရာမလိုဘူး… ဒါပေမယ့် ဒီကိုပြန်လာဖို့ကတော့ ခက်လိမ့်မယ်… ငါတို့လည်း သူ့ကို အတတ်နိုင်ဆုံး ကယ်ဖို့ ကြိုးစားပေးမယ်… အခုလောလောဆယ်တော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ အခုဖြစ်နေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ အရင်စဉ်းစားကြတာပေါ့…”

လန်ရွှင်းမှာ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားခဲ့ပြီး ဘာမျှပြန်မပြောခဲ့ပေ။ ခေါင်းသာ ညိတ်ပြလိုက်လေ၏။ လမင်းမဟာဧကရာဇ်သည် မဟာဧကရာဇ်များ နတ်ဆိုးနယ်မြေထဲမှ ပြန်ဆုတ်လာနိုင်အောင် ထိုနေရာ၌ ကျန်ရစ်ခဲ့ရန် ရွေးချယ်ခဲ့သည့်အတွက်ကြောင့် သူမစိတ်ပူနေသည်မှာ ဆန်းတော့မဆန်းပေ။ ရှုယဉ်သာမဟာဧကရာဇ် သူမအား နှစ်သိမ့်ပေးနေခြင်းဖြစ်ကြောင်းကို သိထားပါသော်ငြား ယခုကဲ့သို့သော သတင်းဆိုးကို ကြားလိုက်ရပြီးသည့်နောက် လန်ရွှင်းမှာ သူမစိတ်အခြေအနေကို တည်ငြိမ်အောင် ပြန်လုပ်ဖို့ရာ မလွယ်ကူခဲ့ပေ။

ထိုစဉ် လီဝူရီသည် မိုဟွမ်ကိုကြည့်ရင်းမှ မေးလိုက်လေ၏။ “ဆရာ… ကမ္ဘာနှစ်ခုကြားကလမ်းကြောင်းက တကယ်ကြီးပွင့်သွားတာလား…”

မိုဟွမ်က ခေါင်းညိတ်ပြလိုက်သည်။ “ငါတို့ တကယ်ကို ဘာမှမသိခဲ့တာ… နတ်ဆိုးနယ်မြေက ဒီကိစ္စအတွက် နှစ်ပေါင်း မရေမတွက်နိုင်အောင်ကို ကြိုတင်ပြီးတော့ ပြင်ဆင်ထားခဲ့တာ… ကြည့်ရသလောက်တော့ ကြယ်တာရာအစုအဝေးအတွက်ကတော့ သိပ်ပြီးတော့ အခြေအနေမကောင်းဘူး…”

“ညအရိပ်မဟာဧကရာဇ်ကရော…” လီဝူရီက ထပ်မေးလိုက်သည်။

မိုဟွမ်သည် ခေါင်းသာ ခါလိုက်သည်။ ကြည့်ရသလောက် ထိုအကြောင်းကို မပြောချင်သည့်ပုံပင်။ မဟာဧကရာဇ်တစ်ပါးဖြစ်သော ညအရိပ်မဟာဧကရာဇ်၏လုပ်ရပ်သည် သူတို့မဟာဧကရာဇ်များအတွက် အလွန်ကိုမှ ရှက်စရာကောင်းနေသည်မဟုတ်ပေလော။ ထိုအချင်းအရာကိုမြင်သည့်အခါ လီဝူရီလည်း ဘာမှထပ်မမေးတော့ပေ။ ညအရိပ်မဟာဧကရာဇ်မှာ နတ်ဆိုးနယ်မြေနှင့် ပူးပေါင်းနေကြောင်းကို တစ်ချိန်တည်းသဘောပေါက်သွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက အနောက်ဘက်နယ်မြေတစ်ခုလုံး ယခုကဲ့သို့ ဖြစ်နေစရာအကြောင်း မရှိပေ။

သံမဏိသွေးမဟာဧကရာဇ်က ဝင်ပြောလိုက်လေ၏။ “သူတို့စကားပြောနေတဲ့အချိန်မှာ နတ်ဆိုးနယ်မြေက ငါတို့ကြယ်တာရာအစုအဝေးကို ကျူးကျော်ဖို့ သူတို့ရဲ့ဓါးကို သွေးနေကြတာ… ဒီတော့ ငါတို့ကြယ်တာရာအစုအဝေးထဲ ကျူးကျော်လာတဲ့နတ်ဆိုးစစ်တပ်တွေကို ခုခံဖို့ သေသေချာချာပြင်ဆင်ဖို့ လိုနေပြီ… မဟုတ်ရင် အနောက်ဘက်နယ်မြေတစ်ခုလုံးက တစ်ခဏလေးအတွင်း နတ်ဆိုးနယ်မြေလက်အောက်ထဲကို ကျသွားမှာ…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်သည်။ “စီနီယာတို့မသိလို့… အနောက်ဘက်နယ်မြေတစ်ခုလုံး နတ်ဆိုးနယ်မြေလက်အောက်ကို ရောက်သွားပြီ…”

သံမဏိသွေးသည် ရန်ကိုင်ကိုကြည့်၍ မျက်မှောင်ကျုံ့ကာ ပြောလိုက်လေ၏။ “မင်း ဘယ်လိုလုပ်ပြီး အဲ့လိုပြောနိုင်ရတာလဲ…”

ရန်ကိုင်မှာ သက်ပြင်းချလိုက်ပြီးသည့်နောက် မဟာဧကရာဇ်များမရောက်ခင် ဖြစ်ပျက်ခဲ့သည့်အကြောင်းစုံကို အကျဉ်းချုံး ပြန်ပြောပြလိုက်လေသည်။ ထို့နောက်တွင် မှတ်ချက်ပေးလိုက်လေ၏။ “အခုဆိုရင် ကြယ်ချွန်ဂိုဏ်းကအဖွဲ့သားတွေအကုန်လုံး နတ်ဆိုးတွေ ဖြစ်နေကုန်ကြပြီ… ကြယ်ဝိဉာဉ်နန်းတော်က စေလွှတ်လိုက်တဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေအကုန်လုံးနီးပါး အဆက်အသွယ်ပြတ်သွားပြီးတော့ တစ်ယောက်ပဲ ပြန်ရောက်လာတယ်… အဲ့အချက်တွေအကုန်လုံးက အနောက်ဘက်နယ်မြေတစ်ခုလုံး နတ်ဆိုးနယ်မြေလက်အောက်ကို ရောက်သွားပြီလို့ ညွှန်ပြနေတာပဲ… ကျုပ်တို့ကပဲ အဲ့အချက်ကိုမသိဘဲနေခဲ့တာ…”

ထိုစကားကိုကြားသည့်အခါ သံမဏိသွေး၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ “အခြေအနေက တော်တော်လေးကို ဆိုးနေတာပဲ…”

မိုဟွမ်က ဝင်၍ပြောလိုက်လေသည်။ “ညအရိပ်က နတ်ဆိုးတွေနဲ့ ပူးပေါင်းနေတာဆိုတော့ အနောက်ဘက်နယ်မြေတစ်ခုလုံး အခုလိုမျိုးဖြစ်သွားတာ အဆန်းတော့မဟုတ်ဘူး… ဒါပေမယ့် အနောက်ဘက်နယ်မြေမှာ ရှိနေတဲ့လူတိုင်း နတ်ဆိုးဖြစ်သွားတယ်ဆိုတာကတော့ မဖြစ်နိုင်သေးဘူး… နတ်ဆိုးမျိုးနွယ်စုသာ ကြယ်တာရာအစုအဝေးတစ်ခုလုံးကို ဝါးမျိုချင်တယ်ဆိုရင် သူတို့ရဲ့ဦးစားပေးက ငါတို့နောက်မှာရှိနေတဲ့ နတ်ဆိုးကုန်းမြေကို ကျယ်ပြန့်လာအောင်လုပ်ဖို့ပဲ… ဒီတော့ အခု ငါတို့ရဲ့ဦးစားပေးပစ်မှတ်က ဒီနေရာကိုအာရုံစိုက်ပြီးတော့ သူတို့ရဲ့လှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံး ကန့်သတ်ပစ်ဖို့ပဲ…”

သံမဏိသွေးနှင့် ရှုယဉ်သာတို့ ခေါင်းညိတ်လိုက်ကြသည်။

မိုဟွမ်က ဆက်၍ပြောလိုက်လေ၏။ “အခုကတော့ အရမ်းကြီးနောက်မကျသေးဘူး… ဒါပေမယ့် ငါတို့စသင့်နေပြီ… ငါ ဒီမှာနေပြီးတော့ အခြေအနေကို စောင့်ကြည့်ထားလိုက်မယ်…”

ရှုယဉ်သာက ခေါင်းညိတ်ပြလိုက်သည်။ “ဒါဆိုရင်တော့ ငါ အရှေ့ဘက်နယ်မြေဆီပြန်ပြီးတော့ အဲ့ကပညာရှင်တွေကို ခေါ်လာခဲ့မယ်…” ထို့နောက် ရွှယ့်ကျန်းမောင်ကိုကြည့်၍ ပြောလိုက်လေ၏။ “လမင်း ဒီမှာရှိမနေဘူးပေမယ့် တောင်ဘက်နယ်မြေက ကြယ်ဝိဉာဉ်နန်းတော်ကို ခေါင်းဆောင်အဖြစ် လေးစားနေတုန်းပဲ… ဒီတော့ မင်း တောင်ဘက်နယ်မြေဆီပြန်ပြီးတော့ စတင်ပြင်ဆင်သင့်ပြီ…”

“ဟုတ်ကဲ့…” ရွှယ့်ကျန်းမောင်က အလေးအနက်အမူအယာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သံမဏိသွေးက ပြောလိုက်လေ၏။ “ဒါဆိုရင်တော့ ငါ ဟိုသက်ကြားအိုကြီးတွေကို သွားတွေ့ရသေးတာပေါ့… အခုကိစ္စကနေ သူတို့ ဘယ်သူမှ ခေါင်းရှောင်နေလို့မရဘူး…”

သူပြောသည့်သက်ကြားအိုကြီးများမှာ အခြားသောမဟာဧကရာဇ်များကို ဆိုလိုခြင်းသာ ဖြစ်ပေသည်။

မိုဟွမ်သည် ရန်ကိုင်ကိုကြည့်လိုက်ပြီးသည့်နောက် လီဝူရီကိုကြည့်ကာ ပြောလိုက်လေ၏။ “ဒီတစ်ကြိမ်တော့ ငါတို့ မင်းတို့နှစ်ယောက်ကို အားကိုးနေမယ်နော်… အခုတလော မင်းတို့နှစ်ယောက် တော်တော်အလုပ်ရှုပ်ရတော့မှာ… မင်းတို့မှာ ရှင်းစရာကိုယ်ရေးကိုယ်တာကိစ္စတွေ ရှိလို့ရှိရင်တော့ အခု မြန်မြန်ရှင်းထားလိုက်ပေတော့… နောက်လာမယ့်ကိစ္စတွေထဲမှာ ဝင်မရှုပ်စေနဲ့…”

ရန်ကိုင်နှင့် လီဝူရီတို့ နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးသည့်နောက် လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ဟုတ်ကဲ့…”

ရန်ကိုင်ကျွမ်းကျင်ထားသော လေဟာနယ်တာအိုသည် နယ်မြေကြီးသုံးခုမှပညာရှင်အား စုဝေးရာတွင် မရှိမဖြစ်အရေးပါသည့် အရာတစ်ခု ဖြစ်ပေသည်။ အထူးသဖြင့် ရန်ကိုင်ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်များပင်။ ထိုဟင်းလင်းပြင်အစီအရင်များသည် စစ်ပွဲ၏အခြေအနေကို ပြောင်းလဲပေးနိုင်သော အရာများဖြစ်ကြသည်။

ဆွေးနွေးတိုင်ပင်ပြီးသည့်နောက်တွင် ရန်ကိုင်နှင့်လီဝူရီမှာ အနီးအနားတစ်နေရာ၌ ဧရာမဟင်းလင်းပြင်အစီအရင်ကြီးတစ်ခုကို စတင်ခင်းကျင်းတော့လေသည်။ ထို့နောက်တွင် နှစ်ဦးသားအတူ လေဟာနယ်ဓာတ်လုံးများစွာကို ဖန်တီး၍ ထိုဓာတ်လုံးများအား လူတိုင်းအား ဝေပေးလိုက်လေသည်။

နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင်ပုံပေါ်လာခဲ့ပြီး လူတိုင်းမှာ ဆွေးနွေးထားသည့်အတိုင်း စတင်လှုပ်ရှားကြတော့သည်။ လီဝူရီသည် ရှုယဉ်သာမဟာဧကရာဇ်အား အရှေ့ဘက်နယ်မြေဆီသို့ ပြန်ခေါ်သွားပြီး ကြယ်ဝိဉာဉ်နန်းတော်မှ အဖွဲ့သားများသည် တောက်ဘက်နယ်မြေသို့ ပြန်သွားကာ ရန်ကိုင်ကမူ မြောက်ဘက်နယ်မြေဆီသို့ ပြန်လာခဲ့လေသည်။

ရန်ကိုင်အံ့အားသင့်သွားရသည့်အချက်မှာ သံမဏိသွေးမဟာဧကရာဇ်ကျန်းဝူဟန်နှင့် လင်းယွင်အာတို့ပါ သူနှင့်အတူ ပူးပေါင်းလာခြင်းပင်။

လင်းယွင်အာ ရန်ကိုင်နောက်သို့ လိုက်လာသည်မှာ အဆန်းတော့မဟုတ်။ တကယ်တော့ လင်းယွင်အာသည် အစတည်းက ကြယ်စီရင်စုမှ သူမ၏မိတ်ဆွေဟောင်းများကို တွေ့ချင်နေသည်မဟုတ်ပေလော။ သို့ပါသော်ငြား ယခင်တစ်ကြိမ်က သူမ၏ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့ခြင်းမရှိပေ။ ယခုတစ်ကြိမ်တွင်မူ အခွင့်အရေးမှာ သူမရှေ့သို့ ဆိုက်ဆိုက်မြောက်မြောက် ရောက်နေပြီဖြစ်လေရာ ထိုအခွင့်အရေးကို မလွဲချော်ချင်တော့ပေ။

သို့ပါသော်ငြား သံမဏိသွေး သူ့နောက်သို့ လိုက်လာသည့်ကိစ္စကမူ ရန်ကိုင်အား ဇဝေဇဝါဖြစ်စေလေသည်။

(အခြားမဟာဧကရာဇ်တွေကို သွားရှာဖို့လုပ်နေတာမဟုတ်ဘူးလား… ဘာဖြစ်လို့ မြောက်ဘက်နယ်မြေကိုလာတာလဲ… လင်းယွင်အာကို စိတ်ပူလို့လား… ဒါပေမယ့် အဲ့လောက်ကြီးစိတ်ပူတာက အရမ်းအလိုလိုက်လွန်းရာ ကျသွားပြီ…)

ယုရုမန်မှာလည်း သူနှင့်လိုက်မည်တကဲကဲ ပြောနေသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း လိုက်ခွင့်ပေးလိုက်ရသည်။ ယုရုမန်မှာ အခြားသူတစ်ဦးအယောင်ဆောင်နေပါသော်ငြား သူမလုပ်ပုံမှာ အလွန်ကိုမှ မဆင်မခြင်နိုင်လှသည်။ မဟာဧကရာဇ်သုံးပါး၏ ရင်ဆိုင်နေရသည့် အခါမျိုးတွင်ပင် မျက်တောင်တစ်ချက်မခတ်ပေ။ သို့ပါသော်ငြား ရန်ကိုင်ထူးဆန်းသွားသည့်အချက်မှာ မိုဟွမ်နှင့်အခြားသူများသည် ယုရုမန်နှင့်ပတ်သက်၍ တစ်ခုခုထူးဆန်းနေသည်ကို လုံးဝ သတိမထားမိကြခြင်းပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၈၆)

ဘာသာပြန်သူ_တိမ်တိုက်

ယုရုမန်၏ လှည့်ကွက်များကို သူ အမှန်တကယ်ကြီး အထင်သေးမိလိုက်သည်ဟု ရန်ကိုင် ခံစားနေရသည်။

ရန်ကိုင်သည် ကျန်သုံးဦးကို ဟင်းလင်းပြင်အစီအရင်မှ တစ်ဆင့် ခေါ်ဆောင်သွားခဲ့လေသည်။ မျက်စိကျိန်းမတတ် အလင်းတန်းတို့ တလက်လက် ဖြာထွက်လာခဲ့ပြီးသည့်နောက် ရန်ကိုင်တို့ သုံးဦးစလုံး ပျောက်ကွယ်သွားခဲ့ကြပြီး သူတို့၏ အမြင်အာရုံကို ပြန်လည် ရရှိလိုက်ချိန် မြောက်ဘက်နယ်မြေထဲရှိ ထက်ကောင်းကင်နန်းတော်သို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။

ဟင်းလင်းပြင်အစီအရင်အား စောင့်ကြပ်နေသည့် တပည့်များ ထိုအချင်းအရာကို မြင်သည့်အခါ ချက်ချင်းပဲ အရှေ့သို့ တက်၍ တလေးတစားဖြင့် ဦးညွှတ်လိုက်ကြသည်။ ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ ထိုသို့ မလုပ်ရန် တားလိုက်ပြီးသည့်နောက် ကျန်းဝူဟန်ဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်လေသည်။ "စီနီယာ၊ ဒါ ကျုပ်ရဲ့ ထက်ကောင်းကင်နန်းတော်ပဲ၊ စီနီယာ နောက်ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ"

ကျန်းဝူဟန်က ပြန်ပြောလိုက်လေသည်။ "ဆေးလုံးတောင်ကြားနဲ့ ကောင်းကင်နယ်စပ်ဆီ သွားမယ်"

ဆေးလုံးတောင်ကြားသည် မဟာဆေးဧကရာဇ် နေသည့် နေရာ ဖြစ်သည့်အတွက်ကြောင့် ကျန်းဝူဟန်အနေဖြင့် ဆေးလုံးတောင်ကြားဆီသို့ သွားကာ မဟာဆေးဧကရာဇ်အား အနောက်ဘက်နယ်မြေတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ပြောပြလိုပေသည်။ ကောင်းကင်နယ်စပ်ကိုမူ မသိသည့်အတွက်ကြောင့် ရန်ကိုင်က ပြန်၍ မေးလိုက်လေ၏။

"ကောင်းကင်နယ်စပ်က ဘယ်နေရာကြီးလဲ"

ကျန်းဝူဟန်သည် ရန်ကိုင်ကို ကြည့်၍ ပြန်ပြောလိုက်သည်။ "ရေခဲငှက်မွေး နေတဲ့နေရာ"

ရေခဲငှက်မွေး မဟာဧကရာဇ်ပင်။

ရန်ကိုင် ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ယခုဆိုလျှင် ကြယ်တာရာအစုအဝေးထဲရှိ မဟာဧကရာဇ် ဆယ်ပါးစလုံးကို သူ သိသွားခဲ့လေပြီ။ ရှုယာဉ်သာလမင်း၊ ကောင်းကင်ကံကြမ္မာ၊ ဆေးဧကရာဇ်၊ သံမဏိသွေး၊ လောကနတ်သား၊ သားရဲသခင်၊ ပန်းအရိပ်၊ ရေခဲငှက်မွေးနှင့် ညအရိပ်တို့ ဖြစ်ကြပေသည်။ ထိုဆယ်ပါးသည် ကြယ်တာရာအစုအဝေး တစ်ခုလုံး၏ အားအကောင်းဆုံးသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ သို့ပါသော်ငြား ထိုလူများထဲမှ အချို့သည်သာ ကိုယ်ပိုင်ဂိုဏ်းများကို ထူထောင်ထားကြပြီး အခြားသူများမှာမူ ကြယ်တာရာအစုအဝေး၏ သက်ဆိုင်ရာ နေရာများတွင် တစ်ကိုယ်တည်း ကျင့်ကြံနေကြပေသည်။ သာမန်လူများမှာ ထိုဧကရာဇ်များ မည်သည့်နေရာတွင် နေသလဲဆိုသည်ကိုပင်လျှင် မသိကြပေ။

ယခုမှသာလျှင် ရေခဲငှက်မွေးမှာ မြောက်ဘက်နယ်မြေထဲတွင် ရှိနေကြောင်းကို ရန်ကိုင် ပထမဦးဆုံးအကြိမ် သိခဲ့ရခြင်း ဖြစ်လေသည်။ သို့ပါသော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ထိုကိစ္စမှာ အထူးအဆန်း မဟုတ်ကြောင်း သိနိုင်ပေလိမ့်မည်။

ထိုမဟာဧကရာဇ်၏ ဂုဏ်ပုဒ်မှာ ရေခဲငှက်မွေး ဖြစ်သည့်အတွက်ကြောင့် ရေခဲနိယာမများကို ကျင့်ကြံသည်မှာ သိသာလှသည်။ ကြယ်တာရာအစုအဝေး တစ်ခုလုံးတွင် အအေးဆုံး နေရာသည် မြောက်ဘက်နယ်မြေသာ ဖြစ်ပေသည်။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ "စီနီယာ မသိလို့ မဟာဆေးဧကရာဇ်ရဲ့ ငါးယောက်မြောက် တပည့်က ကျုပ် ထက်ကောင်းကင်နန်းတော်ရဲ့ ဆေးပညာရှင်မှူးပဲ၊ ဒီတော့ သူကနေတစ်ဆင့် မဟာဆေးဧကရာဇ်ကို အကြောင်းကြားပေးလို့ရတယ်၊ အဲဒါဆို အချိန်ကုန်သက်သာတာပေါ့"

ထိုစကားကို ကြားသည့်အခါ ကျန်းဝူဟန် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်၍... "မဟာဆေးဧကရာဇ်ရဲ့ ငါးယောက်မြောက် တပည့်က မင်းအတွက် အလုပ်လုပ်ပေးနေတာလား" ကျန်းဝူဟန် တကယ်ကို အံ့အားသင့်မိနေလေသည်။ မဟာဆေးဧကရာဇ်တွင် တပည့် များများစားစား မရှိလှ။ သို့ပါသော်ငြား ရှိသည့် တစ်ဦးချင်းစီတိုင်းသည် ဧကရာဇ်အဆင့် ဆေးပညာရှင်များ ဖြစ်ကြသည်။ ထိုသို့ဖြစ်လေရာ ထိုကဲ့သို့သော ဆေးပညာရှင်တစ်ဦးသည် ရန်ကိုင်အတွက် မည်ကဲ့သို့များ အလုပ်လုပ်ပေးနေရလေသနည်း။

သို့ပင်ဖြစ်လင့်ကစား ထိုသို့သာဆိုလျှင်တော့ သူ့အတွက် အချိန်ကုန်သက်သာသွားလေပြီ။ အနည်းဆုံး ဆေးလုံးတောင်ကြားဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားစရာ မလိုတော့။ ရန်ကိုင်မှတစ်ဆင့် ဆေးလုံးတောင်ကြားအား လှမ်းအကြောင်းကြားလိုက်၍ ရပြီ ဖြစ်သည့်အတွက်ကြောင့် ကောင်းကင်နယ်စပ်ဆီသို့ သွားရန်သာ လိုအပ်တော့သည်။

ကျန်းဝူဟန်က ခေါင်းညိတ်လိုက်လေသည်။ "အဲဒါဆိုရင်တော့ ဆေးလုံးတောင်ကြားကို မင်းပဲ လှမ်းအကြောင်းကြားလိုက်ပေတော့၊ ပြီးတော့ မြောက်ဘက်နယ်မြေက ပညာရှင်တွေကိုလည်း စုဝေးပြီးတော့ အနောက်ဘက်နယ်မြေဆီ မြန်မြန်ပို့ဖို့လုပ်"

"ဟုတ်ကဲ့" ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ကျန်းဝူဟန်သည် လင်းယွင်အာကို ကြည့်ရင်း သူမ၏ ခေါင်းလေးကို ပုတ်ပေးလိုက်ရင်းမှ ပြုံးကာ ပြောလိုက်လေ၏။ "ယွင်အာ၊ ဒီမှာ ခဏလောက် စောင့်နေဦးနော်၊ ဆရာ မကြာခင် ပြန်လာခဲ့မယ်"

လင်းယွင်အာက ခေါင်းညိတ်လိုက်၏။ "ဟုတ်ကဲ့ပါ ဆရာ၊ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့နော်"

ကျန်းဝူဟန်က ပြုံး၍ လျှောက်ထွက်သွားလေ၏။ သို့ပါသော်ငြား ခြေလှမ်းအနည်းငယ် လျှောက်ပြီးသည့်နောက် ရုတ်တရက် ဗြုန်းစားကြီး ကောက်မေးလိုက်လေသည်။ "ကောင်လေး၊ ဒီဘုရင်မှာ မိတ်ဆွေကောင်းတစ်ယောက် ရှိဖူးတယ်၊ သူ့နာမည်က မိုးပြာကြာပန်းပဲ၊ မင်း သူ့ကို သိလား"

ရန်ကိုင်သည် မိုးပြာကြာပန်း မဟာဧကရာဇ်အကြောင်းကို ကြားဖူးပေသည်။ သို့ပါသော်ငြား မိုးပြာကြာပန်းမဟာဧကရာဇ်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သော မဟာဧကရာဇ်များအကြား တိုက်ပွဲအတွင်း ဝူခွမ်း လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည်။ သူ၏ ဧကရာဇ်အဆင့်မှော်ရတနာ ဖြစ်သော မိုးပြာကြာပန်းမှာလည်း ကျယ်ပြန့်ပင်လယ်ထဲ ပျောက်ဆုံးသွားခဲ့ပြီးသည့်နောက် အဆုံးတွင် အခြားသော ကျင့်ကြံသူတစ်ဦးမှ ရရှိသွားခဲ့လေ၏။

ယနေ့တွင် အရှေ့ဘက်နယ်မြေထဲဝယ် မိုးပြာကြာပန်းမှော်ရတနာကို ရရှိသွားသော ကျင့်ကြံသူမှ တည်ထောင်ထားသည့် နန်းတော်ဖြစ်သော မိုးပြာကြာပန်း နန်းတော်တစ်ခု ရှိပေသည်။ သို့ပါသော်ငြား မိုးပြာကြာပန်းနန်းတော်သည် မိုးပြာကြာပန်းမဟာဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့ခြင်း မရှိပေ။ အကြောင်းမှာ မိုးပြာကြာပန်းနန်းတော်၏ ခွန်အားသည် အရှေ့ဘက်နယ်မြေထဲရှိ ကောင်းကင်ဝံပလွေတောင်ကြားလောက်သာ ရှိသည့်အတွက်ကြောင့်ပင်။

ကျန်းဝူဟန်သည် ထိုအကြောင်းကို မပြောမဆိုနှင့် ဗြုန်းစားကြီး ရုတ်တရက် ကောက်ပြောလာသည့်အတွက်ကြောင့် ရန်ကိုင်မှာ ကျန်းဝူဟန် ဘာပြောချင်လို့ ပြောချင်နေမှန်း မသိပေ။ ထိုအကြောင်းကြောင့် ခေါင်းညိတ်၍သာ ပြန်ပြောလိုက်ရ၏။ "ဂျူနီယာ ကြားဖူးပါတယ်"

ကျန်းဝူဟန်က ပြန်ပြောလေ၏။ "မိုးပြာကြာပန်းကို ဝူခွမ်း သတ်သွားတာ၊ အစကတော့ သူ့အတွက် လက်စားပြန်ချေပြီးပြီလို့ ထင်နေပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဝူခွမ်းက အသက်ပြန်ရှင်လာတယ်" ရုတ်တရက်ဆိုသလို ကျန်းဝူဟန်သည် ရန်ကိုင်အား စိုက်ကြည့်၍ စကားလုံး တစ်လုံးချင်းစီတိုင်းကို လေသံမာမာဖြင့် ဖိကာ ပြောလိုက်လေသည်။ "ဝူခွမ်းက ဒီဘုရင်ရဲ့ ကမ္ဘာမကျေရန်သူပဲ၊ တစ်နေ့နေ့ကျ သူသေရင်သေ မသေရင် ငါသေရမှာ"

ရန်ကိုင်မှာ လုံးဝကို ဇဝေဇဝါ ဖြစ်နေလေသည်။ ထိုအတွက်ကြောင့် လက်သီးဆုပ်၍သာ ပြန်ပြောလိုက်၏။ "အဲဒါဆိုရင်တော့ စီနီယာရဲ့ဆန္ဒ ပြည့်ဝပါစေလို့ ဒီဂျူနီယာ ဆုတောင်းပါတယ်"

ကျန်းဝူဟန်သည် ခေါင်းညိတ်ပြီးသည့်နောက် ကောင်းကင်ပေါ်သို့ ပျံတက်ကာ ထွက်သွားလေ၏။

ကျန်းဝူဟန် ထွက်သွားပြီးသည့်နောက် ရန်ကိုင်သည် ကျန်းဝူဟန် ထွက်သွားသည့် အရပ်ဆီသို့ ကြည့်ရင်း မျက်မှောင်ကြုတ်နေလေသည်။ [ငါ့ကို ဒါတွေပြောသွားတာ ဘာအတွက်လဲ] ကျန်းဝူဟန်၏ စိတ်ရှုပ်စရာ စကားများသည် ရန်ကိုင်အား ဇဝေဇဝါဖြင့် ကျန်ရစ်စေခဲ့သည်။ သို့ပါသော်ငြား တစ်ခဏမျှ စဉ်းစားကြည့်ပြီးသည့်နောက် ရန်ကိုင် ရင်တဒိန်းဒိန်း ခုန်သွားခဲ့သည်။ ကျန်းဝူဟန် ပြောသွားသည့် စကားများသည် သူ့အား သတိပေးနေသည့် ပုံစံမျိုး ပေါက်နေလေသည်။ မသိလျှင် ကျန်းဝူဟန်မှာ သူသည် ဝူခွမ်းနှင့် ပတ်သက်နေသည်ဟု အတိအကျ ယုံကြည်နေသည့်အလား။

ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့လေသည်။ [ငါက ဝူခွမ်းနဲ့ ပတ်သက်မှာမလို့လဲ၊ ငါတို့ တွေ့ဖူးတာမှ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ ရှိတာ၊ တွေ့တဲ့အချိန်မှာလည်း မေးခွန်းလေး နည်းနည်းပါးပါး မေးရုံပဲရှိတယ်၊ ပတ်သက်စရာရှိတာက သူက တွမ့်ဟုန်ချန်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးထားလို့ ငါ သူ့ကို မသတ်နိုင်တာပဲ ရှိတာ]

[နေပါဦး]

ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး သူ့အမူအရာ လေးနက်တည်ကြည်သွားခဲ့လေသည်။ [ငါ ဝူခွမ်းနဲ့ တကယ်ကြီး ပတ်သက်နေလောက်တယ်၊ အနည်းဆုံး ငါ့ကျောက်တုံးကိုယ်ပွားက ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားတာ၊ အဲဒီပညာရပ်က ကြယ်တာရာအစုအဝေးက ဘယ်သူမှ လက်ခံနိုင်တဲ့ ပညာရပ်မျိုး မဟုတ်ဘူး]

ယခင်ကဆိုလျှင် ရန်ကိုင်မှာ ကျောက်တုံးကိုယ်ပွားမှ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားသည့် အကြောင်းကို မည်သူမျှ သိသွားစေ၍ မဖြစ်ဟု သူ့ကိုယ်သူ အမြဲတစေ သတိပေးခဲ့သည်။ ထိုသို့သာ မဟုတ်ပါက သံမဏိသွေးမှာ သူ့အား လုံးဝကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

သံမဏိသွေးသည် ဝူခွမ်းအား သူ၏ ကမ္ဘာမကျေ ရန်သူအဖြစ် မှတ်ယူထားသည့်အတွက်ကြောင့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ တည်ရှိနေသည်ကို မည်ကဲ့သို့များ လက်ခံနိုင်ပါမည်နည်း။

ကျန်းဝူဟန်သည် ကျောက်တုံးကိုယ်ပွားအကြောင်း သိနေသလော။ သို့ပါသော်ငြား မည်ကဲ့သို့များ သိနေလေသနည်း။ ထိုအကြောင်းကို စဉ်းစားနေရင်းမှ လူတစ်ဦးကို ရန်ကိုင် ရုတ်တရက် သတိရသွားခဲ့သည်။

ချန်းမိုပင်။ အဆင့်နိမ့် ကြယ်စီရင်စုကြီးထဲ ရှိစဉ်က ချန်းမိုသည် ရန်ကိုင်၏ ကျောက်တုံးကိုယ်ပွားကို မြင်ခဲ့ဖူးသည်။ အရှေ့ဘက်နယ်မြေတွင်လည်း ရန်ကိုင်တို့ နှစ်ဦးမှာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။ ထိုစဉ်က ကျောက်တုံးကိုယ်ပွားသည် ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းကို ထုတ်သုံးခဲ့၏။

ချန်းမိုသည် မဟာဧကရာဇ်တစ်ပိုင်း ဖြစ်လေရာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို တစ်ခါမျှ မမြင်ဖူးလျှင်ပင် သဲလွန်စများမှတစ်ဆင့် ကောက်ချက်ချနိုင်ပေသည်။ ထိုအပြင် ချန်းမိုသည် ကြယ်တာရာရုံးတော် အဖွဲ့သားတစ်ဦး ဖြစ်သလို သံမဏိသွေးမဟာဧကရာဇ်၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုအကြောင်းကို သံမဏိသွေးမဟာဧကရာဇ်အား ပြောပြခဲ့လောက်ပေသည်။

[အဲဒီခွေးသူတောင်းစားကတော့] ရန်ကိုင် စိတ်ထဲမှ ကြိတ်ကာ အော်ဆဲတော့လေ၏။ ကျန်းဝူဟန် ထွက်မသွားခင် ထိုစကားများကို သူ့အား မမှိတ်မသုန် စိုက်ကြည့်ရင်း လေသံမာမာဖြင့် ပြောသွားခဲ့သည်မှာ အဆန်းတော့ မဟုတ်။ သံမဏိသွေးမဟာဧကရာဇ်မှ ကျောက်တုံးကိုယ်ပွားမှ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ကျင့်ကြံထားသည်ကို သိနေသည့် အတွက်ကြောင့်ပင်ကိုး။

[အခုလို ဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် အဲဒီချန်းမိုကို တစ်ခါတည်း ရှင်းပစ်လိုက်ပါတယ်] သို့ပါသော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက် ထိုစဉ်က သူ့အနေဖြင့် လုံးဝကို ကူကယ်ရာမဲ့နေခဲ့ရကြောင်း ပြန်သတိရသွားခဲ့သည်။ မဟာဧကရာဇ်တစ်ပိုင်းအား သတ်ဖို့ရာမှာ မည်ကဲ့သို့များ ဤမျှ လွယ်ကူပါမည်နည်း။

သို့ပါသော်ငြား ကျန်းဝူဟန်သည် ထိုအကြောင်းကို သူ့အား ပြောလာသည့်အတွက်ကြောင့် ယခုကဲ့သို့သော အရေးကြီးသည့် အခိုက်အတန့်မျိုးတွင် သူ့အား မတိုက်ခိုက်ချင်နေသည်မှာ သိသာလှသည်။ ထိုသို့သာမဟုတ်ပါက သံမဏိသွေးသည် သူ့အား တိုက်ခိုက်၍ ကျောက်တုံးကိုယ်ပွားကို ပေးရန် ပြောနေလောက်ပေပြီ။

"နင် ဘာတွေ တွေးနေတာလဲ" ရန်ကိုင်မှာ အတွေးနက်နေရင်းမှ သူ့အမူအရာ အဆက်မပြတ် ပြောင်းလဲနေသည်ကို မြင်သော် ယုရုမန်က စိတ်ဝင်တစားဖြင့် လာမေးလေ၏။

ရန်ကိုင်သည် ယုရုမန်အား ကြည့်၍ ပြန်ပြောလိုက်သည်။ "ဘာမှမဟုတ်ဘူး" ထို့နောက် လင်းယွင်အာကို ကြည့်ကာ ပြောလိုက်လေ၏။ "ငါ အခု နင့်ကို အစ်မဝမ်နဲ့ အခြားသူတွေနဲ့ တွေ့လို့ရအောင် ခေါ်သွားပေးမယ်"

"အင်း" လင်းယွင်အာက အလျင်စလို ခေါင်းညိတ်လိုက်သည်။ "ဒေါ်လေးဝမ် ဘယ်လိုနေလဲ"

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်၏။ "သူ အဆင်ပြေတယ်၊ ဒါပေမဲ့ နင့်ကို အရမ်းလွမ်းနေတာ" ယခင်က လင်းယွင်အာ၏ မိဘများ သေဆုံးသွားပြီးသည့်နောက် ဝမ်ကျိရှန်းသည် လင်းယွင်အာအား မွေးစားခဲ့လေသည်။ သူတို့နှစ်ဦးမှာ အမေနှင့် သမီးအရင်းများပမာ ဖြစ်ကြသည်။ နောက်ပိုင်းတွင် လင်းယွင်အာကို ယန်ယန်မှ ကြယ်တာရာအစုအဝေးသို့ ခေါ်ဆောင်သွားပြီးသည့်နောက် သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် မတွေ့ကြရတော့ချေ။

"သမီးလည်း ဒေါ်လေးဝမ်ကို အရမ်းလွမ်းနေတာ၊ ဒေါ်လေးရိနဲ့ အခြားသူတွေကိုလည်း အတူတူပဲ"

ကြယ်စီရင်စုကြီး၏ ထက်ကောင်းကင်ဂိုဏ်းမှ လာသည့် လူအများစုသည် တောင်တစ်လုံးပေါ်တွင် အတူတူ နေနေကြပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ လင်းယွင်အာကို ထိုနေရာဆီသို့ ပို့လိုက်လေ၏။ လင်းယွင်အာနှင့် ပြန်ဆုံသည့်အခါ လူတိုင်းမှာ အတော်လေးကိုမှ စိတ်လှုပ်ရှားသွားကြသည်။ အထူးသဖြင့် ဝမ်ကျိရှန်းဆိုလျှင် ဝမ်းသာလွန်းသဖြင့် ငိုပင်ငိုနေလေ၏။

လင်းယွင်အာ ကြယ်စီရင်စုကြီးထဲမှ ထွက်သွားစဉ်က ကလေးပေါက်ကလေးသာ ရှိပေသေးသည်။ သို့ပါသော်ငြား ယခုအချိန်တွင် အပျိုဖားဖား ကောင်မလေးတစ်ဦး ဖြစ်နေခဲ့လေပြီ။ ထိုအကြောင်းကြောင့် သူမ ပုံစံမှာ ယခင်ပုံစံနှင့် လားလားမျှ မတူတော့။ သို့ပါသော်ငြား လင်းယွင်အာမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီး သူမ၏ ဆရာမှာ မဟာဧကရာဇ်တစ်ပါးဖြစ်ကြောင်း ကြားသိလိုက်ရပြီးနောက် ဝမ်ကျိရှန်းနှင့် အခြားသူများ ဝမ်းသာသွားကုန်ကြလေသည်။

ရန်ကိုင်သည် ထိုနေရာတွင် အကြာကြီး မနေလိုပေ။ ထိုအကြောင်းကြောင့် လင်းယွင်အာအား ထိုနေရာသို့ ခေါ်လာပြီးသည့်နောက် ချက်ချင်းပဲ ဆေးလုံးတောင်ဆီသို့ ထွက်လာခဲ့သည်။

အနောက်ဘက်နယ်မြေ၏ ကိစ္စမှာ အလွန်ကိုမှ အရေးကြီးသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ထိုအကြောင်းကို မြန်နိုင်သမျှ မြန်မြန် သတင်းဖြန့်ရပေလိမ့်မည်။ ယခုအချိန်တွင် မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများသာလျှင် မဟုတ်။ ထက်ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများသည်လည်း အနောက်ဘက်နယ်မြေဆီသို့ သွားရန် လိုအပ်ပေသည်။

ဆေးလုံးတောင်သို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်မှာ ကျိယင် ဒေါသထွက်မည် မထွက်မည်ကိုပင်လျှင် ဂရုစိုက်မနေတော့ဘဲ ဆေးဖော်စပ်ခန်းဆီသို့ ချက်ချင်း ပြေးဝင်သွားလေ၏။

ရန်ကိုင်၏ ဗြုန်းစားကြီး ဝင်လာမှုကြောင့် ကျိယင်မှာ အနည်းငယ် မှင်တက်နေခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင် ပြောပြသည်ကို နားထောင်ပြီးသည့်နောက် ထိုကိစ္စမှာ မည်မျှအရေးကြီးကြောင်း သဘောပေါက်သွားခဲ့ပြီး မဟာဆေးဧကရာဇ်ကို အကြောင်းကြားရန်အတွက် ဆေးလုံးတောင်ကြားဆီသို့ ချက်ချင်း ထွက်သွားလေသည်။

ကျိယင်အား လိုက်ပို့ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ ဟွာချင်းစီအား သူနှင့် ထက်ကောင်းကင်တောင်တွင် လာတွေ့ရန် ပြောလိုက်လေသည်။

သတိပြုမိစရာမှာမူ စီနီယာမမလေး ရှနင်းချန်နှင့် ယုရုမန်တို့မှာ တစ်ဦးကိုတစ်ဦး ဇဝေဇဝါ အမူအရာများဖြင့် ကြည့်နေကြခြင်းပင်။ နှစ်ဦးစလုံးမှာ အလှပဂေးများ ဖြစ်ကြသလို မျက်နှာလွှာစများကိုလည်း အသီးသီး ဝတ်ဆင်ထားကြပေသည်။

ရှနင်းချန်မှ တစ်ခုခုအား သတိပြုမိသွားခဲ့ပြီး ယုရုမန်အား အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ယုရုမန်ကမူ တစ်ဖက်လူအား အထင်အမြင်တသေး ပုံစံမျိုးဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။

"နင် ဘာလုပ်နေတာလဲ" ရန်ကိုင်က စိုက်ကြည့်လိုက်လေသည်။

"ဘာမှမဟုတ်ဘူး" ယုရုမန်မှာမူ မသိချင်ယောင်သာ ဆောင်နေလေသည်။

ရန်ကိုင်မှာ ယုရုမန်နှင့် လေကုန်ခံ ငြင်းနေရန် အချိန်မရှိသည့်အတွက်ကြောင့် ရှနင်းချန်ဆီသို့ သွား၍ သူမ၏ လက်ကလေးကို ကိုင်ကာ ပုတ်ပေးလိုက်ရင်းမှ ပြောလိုက်လေ၏။ "ငါ လုပ်စရာရှိသေးလို့၊ အခု လုပ်လက်စကိစ္စကိုပဲ လုပ်ထားနှင့်၊ နောက်ကျမှ လာပြီးတော့ အဖော်ပြုပေးတော့မယ်"

ရှနင်းချန်က ခေါင်းညိတ်ပြလိုက်သည်။ "အင်း၊ သတိထားဦးနော်"

ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ရှနင်းချန်၏ ခေါင်းကို ပွတ်ပေးပြီးသည့်နောက် ပြန်ထွက်သွားလေ၏။

ယုရုမန်မှာမူ ရန်ကိုင် အနောက်သို့ ထပ်ကြပ်မကွာ လိုက်လာပြီးသည့်နောက် ရန်ကိုင် အနားသို့ ရောက်သော် ရန်ကိုင်၏ လက်ကို ကိုင်၍ သူမ ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။

"နင် ဘာလုပ်နေတာလဲ" ရန်ကိုင်သည် ယုရုမန်အား စိုက်ကြည့်လိုက်သည်။

"သူက နင့်မိန်းမလား" ယုရုမန်က မပျော်မရွှင် အမူအရာဖြင့် မေးလိုက်လေ၏။

"ဟုတ်တယ်" ရန်ကိုင်က ချက်ချင်းပဲ ဝန်ခံလိုက်သည်။

ချက်ချင်းဆိုသလို ယုရုမန် အံကြိတ်နေသည့် အသံကို ရန်ကိုင် ကြားလိုက်ရသည်။

ရန်ကိုင်သည် ယုရုမန်ကို ကြည့်ရင်းမှ ပြုံးဖြီးဖြီးဖြင့်... "ဘယ်လိုလဲ၊ နင် မပျော်တော့ဘူးလား"

ယုရုမန်၏ အံကြိတ်သံမှာ ပို၍ ကျယ်လောင်လာခဲ့သည်။

ရန်ကိုင်က အော်ရယ်မောရင်းမှ ပြန်ပြောလိုက်လေ၏။ "ငါ နင့်ကို ပြောသားပဲ၊ ငါ့မှာ မိန်းမ တစ်ယောက်တည်း ရှိတာမဟုတ်ဘူး"

"ဘယ်လောက်ရှိတာလဲ" ယုရုမန်၏ အကြည့် အေးစက်သွားခဲ့လေသည်။

ရန်ကိုင်က သူ့မေးစေ့ကို ပွတ်ရင်းမှ ပြန်ပြောလိုက်သည်။ "အယောက် ခုနစ်ဆယ်လောက် ရှိလိမ့်မယ်"

"နင်ငါ့ကို ဒေါသထွက်အောင် လုပ်နေတာလား" ယုရုမန်သည် ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်လေသည်။

"ငါ အမှန်ကို ပြောနေတာ၊ ပြီးတော့ နင်ကပဲ ငါ့ကို လာမေးတာလေ" ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလျက်... "နင် မကျေနပ်ဘူးဆိုရင် နင့်ရဲ့ နှလုံးသားချိတ်စည်းကို ဖြေလိုက်၊ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်တောင် ဝန်ပိအောင် လုပ်နေရတာလဲ"

"အိပ်မက်သာ မက်နေလိုက်" ယုရုမန်က လှောင်ပြုံးပြုံးလိုက်သည်။ "နောက်ပိုင်း နင့်မိန်းမတွေကို နင်သေချာဂရုစိုက်ထား"

ရန်ကိုင်က မျက်မှောင်ကြုတ်လျက်..."ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး" ယုရုမန်က အေးစက်စက် လေသံဖြင့်... "ငါပြောချင်တာကတော့ တစ်နေ့နေ့ ငါ မကျေနပ်ရင် ငါ သူတို့ကို သတ်မိလိမ့်မယ်လို့"

ယုရုမန်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ရုတ်တရက် ကောက်ရပ်၍ ယုရုမန်အား ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

ယုရုမန်ကမူ အနည်းငယ်မျှပင် အောက်ကျို့သည့် အမူအရာမျိုး လုပ်မပြဘဲ ရန်ကိုင်ကို ပြန်၍ စိုက်ကြည့်လိုက်လေ၏။

အချိန်အတန်ကြာသွားသည့်နောက်တွင် ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ "အခုတစ်ကြိမ်တော့ ငါ ဘာမှ မကြားလိုက်ဘူးလို့ဘဲ သဘောထားလိုက်မယ်၊ ဒါပေမဲ့ ဒါမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေနဲ့" ထို့နောက်တွင် သူ့လက်အား ယုရုမန် လက်ထဲမှ ရုန်းထွက်၍ ပြန်ထွက်သွားလေရာ ယုရုမန်မှာ ဒေါမာန်တကြီးဖြင့် ခြေဆောင့်၍သာ ကျန်နေရစ်ခဲ့ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၈၇)

ဘာသာပြန်သူ_တိမ်တိုက်

ထက်ကောင်းကင်တောင်၏ ခန်းမထဲ၌ နတ်ဆိုးနယ်မြေနှင့် ကြယ်တာရာအစုအဝေးတို့ ချိတ်ဆက်သွားပြီ ဖြစ်ကြောင်း ကြားသိလိုက်ရချိန် ဟွာချင်းစီမှာ အကြီးအကျယ်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူမ၏ ဟန်အမူအရာကို အမြန် ပြန်ထိန်းလိုက်ပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ကာ အမျိုးမျိုးသော မိသားစုများနှင့် ဂိုဏ်းများကို အကြောင်းကြားလိုက်တော့လေ၏။

လက်ရှိအချိန်တွင် ထက်ကောင်းကင်နန်းတော်၏ အဆင့်နိမ့်ကြယ်စီရင်စုမှ ရောက်ရှိလာကြသော သိန်းနှင့် ချီသည့် အဖွဲ့သားများထဲတွင် အတော်များများမှာ တာအိုသခင်အဆင့်သို့ ရောက်ရှိနေကြလေပြီ။ အနည်းဆုံး တာအိုသခင်အဆင့်သို့ ရောက်နေသည့် လူအရေအတွက်မှာ ရာနှင့်ချီပေသည်။ အများစုမှာ တာအိုသခင် ပထမအဆင့်များသာ ဖြစ်ကြပါသော်ငြား ထိုသို့ ဖြစ်ရခြင်းမှာ သူတို့တွင် အချိန် မရှိသည့်အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။ လုံလောက်သည့် အချိန်သာ ရမည်ဆိုလျှင် တာအိုသခင်အဆင့် အရေအတွက်မှာ ကျိန်းသေ ပိုမို များပြားလာပေလိမ့်မည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှာမူ အလွန်တရာကို များပြားလှပေသည်။

အကြမ်းဖျင်း တွက်ကြည့်ရသလောက် ထက်ကောင်းကင်နန်းတော်သည် တန်ခိုးရှင်ဘုရင်အဆင့်နှင့် အထက် ကျင့်ကြံသူပေါင်း အယောက်တစ်သောင်းကို စစ်ပွဲသို့ စေလွှတ်ပေးနိုင်ပေသည်။

ရှင်းရှင်းပြောရသော် နေမင်းပြာကျောင်းတော်ကဲ့သို့သော ထိပ်တန်းဂိုဏ်း တစ်ဂိုဏ်းသည်ပင်လျှင် ထောင်ဂဏန်းလောက်သာ စေလွှတ်နိုင်လေ၏။ ထက်ကောင်းကင်နန်းတော်ကဲ့သို့သော အင်အားစုမှ လွဲ၍ ကြယ်တာရာအစုအဝေးထဲရှိ မည်သည့် အင်အားစုမျှ ထိုမျှ များပြားလှသော ကျင့်ကြံသူများကို စေလွှတ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ အချို့သော ဂိုဏ်းအများစုဆိုလျှင် ဂိုဏ်းသား အရေအတွက်မှာ တစ်သောင်းပင် မပြည့်ကြပေ။ ထိုအကြောင်းကြောင့် စစ်မြေပြင်သို့ ကျင့်ကြံသူ အယောက်တစ်သောင်း စေလွှတ်ဖို့ရာဆိုလျှင်တော့ ဝေလာဝေးစွပင်။

လက်ရှိ ထက်ကောင်းကင်နန်းတော်၏ အင်အားစုသည် ကမ္ဘာ နှစ်ခုအကြား စစ်ပွဲတွင် တစ်ဖက်ရန်သူများကို သုတ်သင်ပစ်မည့် ထက်ရှသော ဓားတစ်လက် ဖြစ်လာနိုင်ပေသည်။

ဟွာချင်းစီ အလုပ်များနေစဉ် ရန်ကိုင်လည်း အေးအေးဆေးဆေး နေမနေခဲ့ပေ။ ယင်ဖေးကို ဆင့်ခေါ်၍ ရှေးဟောင်းတောအုပ်ကြီးဆီသို့ သွားကာ နတ်အရှင်သုံးပါးအား အနောက်ဘက်နယ်မြေ အကြောင်းကို ပြောပြခိုင်းရန် စေလွှတ်လိုက်သည်။ ရန်ကိုင်မှာ ရှေးဟောင်းတောအုပ်ကြီးဆီသို့ ထပ်တလဲလဲ သွားပြီး လွမ်ဖုန်းနှင့် အခြားသူများကို ပြဿနာပေးကာ ယခင်တစ်ကြိမ် ရှေးဟောင်းကျောင်းတော် ကိစ္စတွင်ပင်လျှင် နတ်အရှင်များကို မရရအောင် ဆွဲခေါ်လာခဲ့ပါသော်ငြား ယခုတစ်ကြိမ် အဖြစ်အပျက်သည် ပေါ့သေးသေးကိစ္စ မဟုတ်ပေ။ ထိုအကြောင်းကြောင့် အကြောင်းစုံကို သိပြီးသည့်နောက်တွင် လွမ်ဖုန်းနှင့် အခြားသူများ အေးအေးဆေးဆေး နေနိုင်လိမ့်မည်ဟု ရန်ကိုင် မယုံပေ။

ယခုတစ်ကြိမ် စစ်ပွဲတွင် မဟာဧကရာဇ်များပင်လျှင် ပါဝင်နေကြရလေရာ သူတို့အနေဖြင့် မည်ကဲ့သို့များ ခေါင်းရှောင်နေနိုင်ပါမည်နည်း။ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ပုန်းနေ၍ လတ်တလောအနေဖြင့် လုံခြုံနေလိမ့်ဦးမည် ဖြစ်ပါသော်ငြား ကြယ်တာရာအစုအဝေးကိုသာ နတ်ဆိုးမျိုးနွယ်စုမှ သိမ်းပိုက်သွားခဲ့မည်ဆိုလျှင် နတ်ဆိုးမျိုးနွယ်စုမှာ သူတို့အား အလွတ်ပေးမည်လား။

လွမ်ဖုန်းနှင့် အခြားသူများမှာ လက်ရှိ ပြဿနာကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာတတ်ပြီး မှန်ကန်သည့် ရွေးချယ်မှုကို လုပ်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေပေသည်။ ထိုအတွက်ကြောင့် ကိုယ်တိုင် သွားမနေတော့ပေ။

တောအုပ်ကြီးထဲတွင် ရှိနေသော မွန်းစတားမျိုးနွယ်စုဝင်များသည် ယခုတစ်ကြိမ် စစ်ပွဲတွင် အမှန်တကယ်ကို အကူအညီ ပေးနိုင်ပေသည်။ နတ်အရှင်သုံးပါး ဖြစ်ပါစေ မွန်းစတားဘုရင်များ ဖြစ်ပါစေ အကုန်လုံးမှာ ဤလောကကြီး၏ ထိပ်တန်းပညာရှင်များ ဖြစ်ကြပေသည်။ ထိုအပြင် ရှေးဟောင်းတောအုပ်ကြီးထဲတွင် တစ်နှစ်ပတ်လုံး နေနေသည့်အတွက်ကြောင့် နတ်ဆိုးချီအပေါ် ခုခံနိုင်စွမ်း မြင့်မားလှသည်။ နတ်ဆိုးချီမှာ သူတို့အပေါ် သက်ရောက်မှုပင် ရှိပါလေမလားဟု ရန်ကိုင် သံသယဝင်မိလေသည်။

ထိုမွန်းစတားမျိုးနွယ်စုဝင်များ၏ အကူအညီကိုသာ ရလိုက်မည်ဆိုလျှင် သူတို့အဖို့ ပိုမို အဆင်ပြေသွားနိုင်ပေသည်။

နဂါးကလန်အတွက်မူ။

တစ်ခဏမျှ စဉ်းစားကြည့်ပါသော်ငြား နဂါးကလန်အား သွားမရှုပ်ရန်သာ ဆုံးဖြတ်ထားလိုက်သည်။ နဂါးကလန်အား စစ်ပွဲထဲသို့ ဖိတ်ခေါ်ရန် လိုအပ်လာမည်ဆိုလျှင် မဟာဧကရာဇ်များသည် နဂါးကလန်အား သွားရောက် သတင်းပေးပေလိမ့်မည်။ ရန်ကိုင်အနေဖြင့် ကိုယ်တိုင် သွားရောက် သတင်းပေးနေစရာ မလို။ မဟာဧကရာဇ်များက ထိုအကြောင်းကို မပြောသေးသည့်အတွက်ကြောင့် နဂါးကလန် ဝင်ပါရန် မလိုအပ်သေးသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

နဂါးကလန်သည် ဤစစ်ပွဲ၏ ဝှက်ဖဲတစ်ခုသည်ပင်လျှင် ဖြစ်လာနိုင်ပေသည်။

သူ့ဘာသာသူ အတန်ကြာအောင် အလုပ်ရှုပ်နေပြီးသည့်နောက် ရန်ကိုင်မှာ တစ်ခုခု ပျောက်နေသလို ရုတ်တရက် ခံစားလိုက်ရသည်။ သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက် တစ်ခုခုအား သဘောပေါက်သွားခဲ့ပြီး ဟွာချင်းစီဘက်သို့ လှည့်ကာ မေးလိုက်လေ၏။ "လျို့ယန်ရော"

ယခုအချိန်မှသာလျှင် တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိသွားတော့သည်။ ပြန်ရောက်စဉ်ကတည်းက ရန်ကိုင်မှာ လျို့ယန်ကို လုံးဝ မတွေ့ရပေ။ ရန်ကိုင် ပြန်ရောက်လာတိုင်း လျို့ယန်မှာ သူ့ဆီသို့ ချက်ချင်း အပြေးလာတတ်သည်။ သို့ပါသော်ငြား သူ ပြန်ရောက်သည်မှာ တစ်နာရီကျော် ကြာနေပြီ ဖြစ်သည့်တိုင် လျို့ယန်အား မည်သည့်နေရာတွင်မျှ မတွေ့ရသေးပေ။

ရန်ကိုင်၏ အမေးကို ကြားသော် ဟွာချင်းစီက ပြန်၍ ပြောလိုက်လေ၏။ "နန်းတော်သခင်ကို ပြောဖို့ မေ့နေလို့၊ လျို့ယန် ထွက်သွားပြီ"

"ဘာထွက်သွားတာလဲ၊ ဘယ်ကို ထွက်သွားတာလဲ" ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားလေ၏။

ဟွာချင်းစီက မှုန်ကုပ်ကုပ် အမူအရာဖြင့်... "လျို့ယန်တင် မဟုတ်ဘူး၊ အရင်တစ်ခါတုန်းက နန်းတော်သခင်နဲ့အတူ ပြန်ရောက်လာတဲ့ ချုန်းချီပါ ပျောက်နေတာ" တစ်ချက်မျှ ရပ်ပြီးသည့်နောက် ဟွာချင်းစီက ဆက်၍ ပြောလိုက်လေ၏။ "ပြီးတော့ ရန်ရှောင်နဲ့ ရန်ရွှယ့်တို့လည်း ပျောက်နေတယ်"

"ဘယ်လို" ရန်ကိုင် လုံးဝကို ထိတ်လန့်သွားတော့သည်။ လျို့ယန်နှင့် ချုန်းချီတို့သာ ပျောက်နေမည်ဆိုလျှင် ရန်ကိုင် ထိုမျှ စိတ်မပူ။ နှစ်ဦးစလုံးမှာ နတ်သားရဲများ ဖြစ်ကြသည့်အတွက်ကြောင့် လောကကြီးထဲ သူတို့အား အန္တရာယ်ပေးနိုင်သည့် လူဆို၍ အနည်းငယ်လောက်သာ ရှိပေသည်။ သို့ပါသော်ငြား ရန်ရှောင်နှင့် ရန်ရွှယ့်တို့ပါ ပျောက်နေသည့် ကိစ္စမှာမူ ရန်ကိုင် စိတ်ပူစရာ ဖြစ်သွားရလေပြီ။

ထိုအကြောင်းကို ကြားပြီးသည့်နောက် လန်ရွှင်းနှင့် အခြားသူများ ပြန်ပေးဆွဲခံရသည့် ကိစ္စ ရန်ကိုင်၏ ခေါင်းထဲ ချက်ချင်း ပေါ်လာခဲ့သည်။ သို့ပါသော်ငြား ထိုသို့မဖြစ်နိုင်ဟု ချက်ချင်း တွေးလိုက်မိလေသည်။

ဟွာချင်းစီက အလျင်စလို ပြန်၍ပြောလိုက်လေ၏။ "လျို့ယန် ထွက်မသွားခင် နန်းတော်သခင်အတွက် သတင်းစကားတစ်ခု ချန်ခဲ့တယ်" ထိုသို့ ပြောပြီးသည့်နောက်တွင် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်၍ ရန်ကိုင်အား ပေးလိုက်လေသည်။

ရန်ကိုင်သည် ကျောက်စိမ်းပြားအား အလေးအနက် အမူအရာဖြင့် သေချာ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ကျောက်စိမ်းပြားထဲ ရေးထွင်းထားသည့် စကားလုံးများကို မြင်လိုက်ရသည်။

"ဥတုလေးမျိုးနယ်မြေ"

ထိုစကားလုံးကို မြင်ပြီးသည့်နောက် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး အနည်းငယ်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။ ဥတုလေးမျိုးနယ်မြေသည် အချိန်မြစ်မဟာဧကရာဇ် နားနေခဲ့ဖူးသည့် နေရာ ဖြစ်ပေသည်။ ဥတုလေးမျိုးနယ်မြေ ပွင့်သွားခဲ့သည့် အတွက်ကြောင့်သာလျှင် ရန်ကိုင်မှာ အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်ကို ရရှိခဲ့ပြီး အချိန်တာအိုကို တစ်စွန်းတစ်စ နားလည်နိုင်ခဲ့ခြင်း ဖြစ်သည်။ ချုန်းချီသည်လည်း ထိုအချိန်က ဥတုလေးမျိုးနယ်မြေထဲမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့ပါသော်ငြား ဥတုလေးမျိုးနယ်မြေ နောက်တစ်ကြိမ် ပြန်ပွင့်ဖို့ရာ နှစ်ပေါင်းများစွာ လိုပေသေးသည်။ ထိုသို့ဖြစ်လေရာ သူတို့မှာ ဘာကြောင့်များ ထိုနေရာသို့ သွားရလေသနည်း။ ချုန်းချီသည် ဥတုလေးမျိုးနယ်မြေ၏ ဝင်ပေါက်ကို သူ့စိတ်ကြိုက် ဖွင့်နိုင်လေသလော။ ထိုသို့သာ မဟုတ်လျှင် ဘာကြောင့်များ ထိုနေရာသို့ သွားပါမည်နည်း။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် ချုန်းချီမှ ဥတုလေးမျိုးနယ်မြေအား ဖွင့်နိုင်သည်မှာ ဖြစ်နိုင်ခြေများသည်ဟု တွေးမိသွားခဲ့လေသည်။ တကယ်တော့ လူအိုကြီးချုန်းသည် ဥတုလေးမျိုးနယ်မြေ၏ သခင်တစ်ပါးပင် ဖြစ်သည်ဟု ပြော၍ ရသည် မဟုတ်ပေလော။

[ဒါ ဟိုကောင် ရန်ရှောင်နဲ့ ပတ်သက်နေရလိမ့်မယ်၊ အဲဒီပြဿနာကောင်ကတော့ကွာ] ချုန်းချီ၏ လုပ်ပုံလုပ်နည်းနှင့် ပတ်သက်၍ ရန်ကိုင် သေသေချာချာ မသိသေးပေ။ သို့ပါသော်ငြား လျို့ယန်ပါ အတူလိုက်သွားသည့်အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ်တော့ စိတ်သက်သာရာ ရနိုင်ပေသည်။ တကယ်တော့ ရန်ကိုင်အနေဖြင့် လျို့ယန်အပေါ် ယုံကြည်နိုင်သည် မဟုတ်ပေလော။

[ဒါပေမဲ့ ရန်ရွှယ့်က]

[အဲဒီကောင်မလေးကို ဟိုကောင် အတင်းဆွဲခေါ်သွားတာ ဖြစ်ရလိမ့်မယ်၊ အဖေနဲ့အမေတော့ စိတ်ပူနေတော့မှာပဲ] ထိုအကြောင်းကို တွေးရင်း ရန်ကိုင်မှာ စတင်၍ ခေါင်းကိုက်လာရတော့သည်။

ကံစမ်း၍ ရလို့ရငြား ရန်ကိုင်မှာ လေဟာနယ်မှတ်တိုင်ကို အသက်သွင်းကြည့်လိုက်ပါသော်ငြား မည်သည့် တုံ့ပြန်မှုကိုမျှ မရသည့်အတွက်ကြောင့် သက်ပြင်းသာ ချလိုက်ရတော့သည်။

ယခင်တစ်ကြိမ် ပြန်ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် ရန်ရှောင်နှင့် လျို့ယန်တို့အတွက် လေဟာနယ်မှတ်တိုင် တစ်ခုစီ ဖန်တီးပေးခဲ့သည်။ ထိုအကြောင်းကြောင့် သူတို့ နှစ်ဦးသည်သာ ကြယ်တာရာအစုအဝေးထဲ၌ ရှိနေသရွေ့ ရန်ကိုင်အနေဖြင့် ထိုနှစ်ဦးဆီသို့ တည်နေရာ ခုန်ကူးသွားနိုင်ပေလိမ့်မည်။ သို့ပါသော်ငြား လေဟာနယ်မှတ်တိုင်ကို အသက်သွင်းလိုက်သည့်တိုင် မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့သည့်အတွက်ကြောင့် နှစ်ဦးစလုံးမှာ ကြယ်တာရာအစုအဝေးထဲ၌ ရှိမနေတော့ဟု ပြောလာခဲ့ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။

သူတို့သည်သာ ကြယ်တာရာအစုအဝေးထဲ၌ ရှိမနေပါက ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်သွားပြီဟု ပြောလိုက်ခြင်းသာ ဖြစ်လေသည်။

"နန်းတော်သခင်၊ ညီမလျို့ယန်နှင့် အခြားသူတွေ ဘယ်ကိုသွားတာလဲ၊ ဟင်းလင်းပြင်အစီအရင်ကို စောင့်နေတဲ့ တပည့်တွေကိုလည်း မေးကြည့်သေးတယ်၊ သူတို့ ပြောတာတော့ အဲဒီလေးဦး တောင်ဘက်နယ်မြေက ရှေးဟောင်းကျောင်းတော်ဆီ သွားတာတဲ့၊ အဲဒီနောက်ပိုင်းတော့ သူတို့ ဘယ်သွားလဲဆိုတာကို ဘယ်သူမှ မသိတော့ဘူးတဲ့" ဟွာချင်းစီက စိုးရိမ်တကြီး အမူအရာဖြင့် မေးလိုက်သည်။ သူမသည် လျို့ယန် ပေးခဲ့သည့် ကျောက်စိမ်းပြားကို ဖတ်မကြည့်ခဲ့ပေ။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဒေါင်စုကျုမှာ ထိုကိစ္စနှင့် ပတ်သက်၍ သူမအား အမြဲကို နားပူနားဆာ လုပ်နေလေသည်။

ရန်ကိုင်က အလျင်အမြန် ပြန်၍ ပြောလာ၏။ "ဥတုလေးမျိုးနယ်မြေဆီ သွားတာ"

"ဥတုလေးမျိုးနယ်မြေ" ဟွာချင်းစီ ကြောင်သွားလေသည်။ "ဥတုလေးမျိုးနယ်မြေက ပိတ်နေတာကို သူတို့က အဲဒီကို ဘာသွားလုပ်တာလဲ"

"လူအိုကြီးချုန်း အဲဒီနေရာကို ဖွင့်လို့ရလောက်တယ်နဲ့ တူတယ်၊ ကျုပ်ထင်တာ မှန်မယ်ဆိုရင်တော့ သူတို့အတွက် အခွင့်အရေးတစ်ခု ရှိနေလိမ့်မယ်"

ရန်ကိုင် ပြောသည့် အခွင့်အရေးဆိုသည်မှာ အချိန်မြစ်မဟာဧကရာဇ်၏ တကယ့်အမွေအနှစ် ဖြစ်ပေသည်။

ယခင်က ချုန်းချီသည် ဤကမ်းလှမ်းချက်ကို ရန်ကိုင်အား ပြောပြခဲ့လေသည်။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်မှာ ချုန်းချီအား လက်ခံပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်မှာ ချုန်းချီအား ဘာကြောင့်များ ဂရုစိုက်နေရပါမည်နည်း။ ရန်ကိုင် သိရသလောက်ဆိုလျှင် ချုန်းချီအနေဖြင့် စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ သွား၍လည်း ဘာပြဿနာမျှ ရှိလိမ့်မည် မဟုတ်။ စိတ်ဝိညာဉ်သားရဲကျွန်းပေါ်တွင်လည်း အခြားနတ်သားရဲများ ရှိနေသေးသည် မဟုတ်ပေလော။ ထိုအတွက်ကြောင့် ချုန်းချီကဲ့သို့ နတ်သားရဲတစ်ဦး စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ ရောက်သွားသည်မှာ ဘာမျှ ရှက်စရာမရှိ။

မူလကမူ လုပ်စရာကိစ္စအချို့ ပြီးသွားသည့်နောက် ချုန်းချီကို သူ့အား ဥတုလေးမျိုးနယ်မြေဆီသို့ ခေါ်သွားပေးရန် ပြောဖို့ရာ စီစဉ်ထားခဲ့သည်။

သို့ပါသော်ငြား ကြည့်ရသလောက် ရန်ရှောင် သူ့အခွင့်အရေးအား ယူသွားသည့်ပုံပင်။ ရန်ကိုင်၏ အခွင့်အလမ်း လုယူခံသွားရသည်ဟုတော့ ပြော၍တော့ မရပေ။ ထိုကဲ့သို့သော အခွင့်အလမ်းမှာ သင့်တော်သူများသာ ရနိုင်သည် မဟုတ်ပေလော။ လူအိုကြီးချုန်းမှာ ရန်ရှောင်သည် ထိုအခွင့်အရေးကို ဆက်ခံဖို့ရာ ပိုမိုသင့်တော်သည်ဟု ထင်သည့်အတွက်ကြောင့် ရန်ရှောင်အား ခေါ်သွားခြင်း ဖြစ်လောက်ပေသည်။ တကယ်တော့ ရန်ကိုင်မှ ရန်ရှောင်အား ရိုက်ရန် လုပ်စဉ် ရန်ရှောင်သည် အချိန်တာအိုကို သုံး၍ ရန်ကိုင်လက်မှ ထွက်ပြေးသွားခဲ့သည် မဟုတ်ပေလော။

[အဖေရရ သားရရ ကိစ္စမရှိပါဘူး] ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။ ယခုဆိုလျှင် အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်ကို ရရှိပြီးသည့်နောက် ရန်ရှောင် မည်ကဲ့သို့ ပြောင်းလဲသွားမလဲဆိုသည်ကို ရန်ကိုင် သိချင်နေမိလေပြီ။

ဟွာချင်းစီသည် ရုတ်တရက် ခေါင်းမော့၍ သနားစဖွယ် အမူအရာလေးဖြင့် ရန်ကိုင်အား ကြည့်လာလျက် ပြောလိုက်လေ၏။ "နန်းတော်သခင်၊ နန်းတော်သခင်အမေ ကျွန်မကို ခေါ်နေပြန်ပြီ"

"ဘာလို့လဲ" ရန်ကိုင် ပြန်မေးလိုက်၏။ သို့ပါသော်ငြား ထိုကဲ့သို့ မေးပြီးပြီးချင်းမှာပင် သူ့အမေ ဟွာချင်းစီအား ဘာကြောင့် ခေါ်နေရသလဲဆိုသည်ကို သဘောပေါက်သွားပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ "စိတ်ပူမနေနဲ့၊ ငါကိုယ်တိုင် သွားရှင်းပြလိုက်မယ်"

ဟွာချင်းစီနှင့် နည်းနည်းပါးပါး ဆက်ဆွေးနွေးပြီး ဟွာချင်းစီအား မြောက်ဘက်နယ်မြေရှိ အင်အားစုများကို ထက်ကောင်းကင်နန်းတော်၌ မြန်နိုင်သမျှ မြန်အောင် စုဝေးခိုင်းထားရန် ပြောပြီးသည့်နောက်တွင် သူ့မိဘများ နေသည့် တောင်ဆီသို့ ထွက်လာခဲ့သည်။

လက်ဖက်ရည် တစ်ခွက်စာခန့် ကြာပြီးသည့်နောက် ဝရန်တာတွင် ရပ်နေသော သူ့အဖေကို မြင်ရလေ၏။ သူ့အဖေ မျက်နှာကို ကြည့်ရသည်မှာ အတော်လေးကိုမှ ညှိုးညှိုးငယ်ငယ် ဖြစ်နေလေသည်။ အဖေနှင့်သား ဆုံသွားသည့်နောက် ရန်ကိုင်က တလေးတစားဖြင့် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ "အဖေ"

ရန်ယင်ဖုန်းကမူ ဘာမျှ ပြန်မပြောနေခဲ့ဘဲ လုံးဝ ပင်ပန်းနွမ်းနယ်နေသည့် အမူအရာမျိုးဖြင့် သူ့လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။ ကြည့်ရသလောက် ရန်ယင်ဖုန်းအဖို့ လွန်ခဲ့သည့် ရက်များမှာ အတော်လေးကိုမှ နေရထိုင်ရ ခက်ခဲခဲ့သည့်ပုံပင်။ ယခုဆိုလျှင် လုံးဝကို အေးအေးဆေးဆေးသာ နေချင်နေတော့ပြီး စကားပင်လျှင် မပြောချင်တော့ပေ။

ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ အဝတ်အစားများကို သပ်ရပ်အောင်လုပ်၍ အထဲသို့ လျှောက်ဝင်သွားလိုက်လေ၏။

တစ်ခဏအကြာ၌ အိမ်ထဲမှ ဒေါင်စုကျု၏ အော်ငိုသံများ အထွန့်တက်သံများ ထွက်ပေါ်လာခဲ့လေရာ ဝရန်တာတွင် ရပ်နေသော ရန်ယင်ဖုန်း၏ မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။

ရန်ကိုင်မှာမူ ကသိကအောက် အမူအရာဖြင့် မြေပြင်ပေါ်၌ ဝမ်းနည်းတကြီး ထိုင်နေသော ဒေါင်စုကျုကို ကြည့်ရင်း ရပ်နေခဲ့လေသည်။ လက်ရှိအခြေအနေမှာ သူထင်ထားသည်ထက်ကို ပို၍ ပြဿနာများနေခဲ့သည်။

"ငါ ဂရုမစိုက်ဘူး၊ ငါ ဂရုမစိုက်ဘူး၊ ရွှယ့်အာကို ငါ့ဆီ ပြန်ခေါ်လာပေး၊ သူ ငါ့ဘေးနားကနေ တစ်ခါမှ ထွက်သွားဖူးတာ မဟုတ်ဘူး၊ သူ့ဘာသာသူ အပြင်မှာ ဘယ်လိုလုပ်ပြီး တစ်ယောက်တည်း အသက်ရှင်နိုင်မှာလဲ၊ နင်သူ့ကို မြန်မြန်သွားရှာလာခဲ့၊ နန်းတော်က တပည့်တွေကို စေလွှတ်ပြီးတော့ ရှာရမယ်ဆိုရင်တောင် သွားရှာခိုင်း၊ သူ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် နင့်အမေ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး"

ရန်ကိုင်က ဆက်၍ ‌ဖျောင်းဖျပေးလိုက်သည်။ "အမေ လျို့ယန်နဲ့ လူအိုကြီးချုန်းက သူနဲ့အတူ ရှိနေတာလေ၊ ဒီတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး၊ အမေ ဘာမှ စိတ်ပူမနေနဲ့၊ ရက်နည်းနည်းလောက်ကြာရင် သူတို့ ပြန်လာလိမ့်မယ်၊ ပြီးတော့ ရွှယ့်အာကလည်း တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတော့မှာ၊ သူ အမေ့အနားမှာပဲ တစ်ချိန်လုံး နေနေလို့ မဖြစ်နိုင်ဘူးလေ၊ သူ့ဘာသာ အပြင်ထွက်ပြီးတော့ ဒီလောကကြီးအကြောင်းကို နည်းနည်းပါးပါး လိုက်ကြည့်ပါစေပေါ့"

ထိုစကားကို ကြားသည့်အခါ ဒေါင်စုကျုသည် မြေပြင်အထက် ထိုင်နေရာမှ ချက်ချင်း ကောက်ရပ်လာခဲ့ပြီး ရန်ကိုင်၏ ရင်ဘတ်ကို သူမ လက်ညှိုးဖြင့် တောက်လျှောက်ထိုးရင်းမှ အော်ပြောလိုက်လေသည်။ "နင်က အားတိုင်းယားတိုင်း အပြင်ပဲ လျှောက်သွားနေတာ၊ နင့်မိဘတွေကို လုံးဝ သတိရတော့တာ မဟုတ်ဘူး၊ ငါတို့မှာ နင့်ကို တစ်နှစ်မှ တစ်ခါတလေလောက်ပဲ တွေ့ရတယ်၊ အခု နင့်အမေမှာ ရွှယ့်အာလေး ရှိနေတဲ့ဟာကို နင်က ရွှယ့်အာကိုပါ နင့်လိုမျိုး ဖြစ်စေချင်တယ်ပေါ့ ဟုတ်လား"

ဒေါင်စုကျုမှာ ထိုကဲ့သို့ ပြောရင်းမှ ရန်ကိုင်၏ ရင်ဘတ်ကို လက်ညှိုးဖြင့် တောက်လျှောက် ထိုးနေခဲ့လေရာ ရန်ကိုင်မှာ အဆက်မပြတ်ကို နောက်ဆုတ်နေရသဖြင့် အဆုံးတွင် ဖင်ထိုင်လျက် လဲကျခါနီးပင် ဖြစ်သွားခဲ့ရသည်။

ရန်ကိုင်က တောင်းတောင်းပန်ပန် အမူအရာဖြင့် ပြုံး၍ ပြန်ပြောလိုက်၏။ "သား အဲဒီလိုမျိုး ပြောချင်တာ မဟုတ်ပါဘူး"

ဒေါင်စုကျုက အံကြိတ်၍ ပြန်ပြောလိုက်၏။ "ရွှယ့်အာကို သွားရှာပြီး ပြန်ခေါ်လာခဲ့၊ ဒါမှမဟုတ် နင်ငါ့ကို သူ့ဆီ ခေါ်သွားပေး"

ရန်ကိုင်က ခါးသက်သက် အမူအရာဖြင့် ပြုံး၍ ရှင်းပြလိုက်လေသည်။ "သူတို့က အခုလောလောဆယ် သီးခြားကမ္ဘာတစ်ခုထဲကို ရောက်နေတာ၊ အဲဒီအထဲကို ဘယ်သူမှ ဝင်လို့မရဘူး၊ လူအိုကြီးချုန်းပဲ အဲဒီ သီးခြားကမ္ဘာဝင်ပေါက်ကို ဖွင့်လို့ရတာ၊ အမေ ရက်နည်းနည်းလောက် စောင့်လိုက်လေ၊ အဲဒီအချိန်ကျရင် သူတို့ဘာသာသူတို့ ပြန်လာလိမ့်မယ်"

ထိုစကားကို ကြားသည့်အခါ ဒေါင်စုကျု၏ အမူအရာလေး ညှိုးကျသွားခဲ့ပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ထိုင်ချလိုက်ရင်းမှ စတင်၍ အထွန့်တက် ညည်းသွားတော့လေ၏။ "အဲဒါ နင် ဟိုကောင် ရန်ရှောင်ကို ပြန်ခေါ်လာလို့ပဲ၊ ရွှယ့်အာက သူ့ဆီကနေ အတတ်ကောင်းတွေ တတ်နေတာ၊ အဲဒါ နင့်အပြစ်"

ရန်ကိုင်က ခေါင်းညိတ်ရင်းမှ ပြန်ပြောလိုက်သည်။ "ဟုတ်ပါတယ်၊ သားအပြစ်ပါ၊ နောက်တစ်ခါ အဲဒီကောင်ကို တွေ့တာနဲ့ အဲဒီကောင် ဖင်တစ်ခုလုံး နီရဲသွားအောင် သား သူ့ကို ကောင်းကောင်း ဆုံးမပေးလိုက်မယ်"

ထိုအခါ ဒေါင်စုကျုသည် ရန်ကိုင်အား မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကြည့်လာရင်းမှ ခေါင်းလေးကို ငုံ့၍ ပြန်ပြောလိုက်သည်။ "အရမ်းကြီး မရိုက်နဲ့၊ ဒီအတိုင်းပဲ သင်ခန်းစာလေးပဲ ပေးလိုက်"

ရန်ကိုင်ကမူ ဆုံးဖြတ်ထားသည့် အမူအရာဖြင့်... "စိတ်မပူနဲ့ အမေ၊ အဲဒီကောင်ရဲ့ ခန္ဓာကိုယ်က သာမန်လူတွေလိုမျိုး မဟုတ်ဘူး၊ အရမ်းမာတယ်၊ ဒီတော့ သားက ဘယ်လောက်ပဲရိုက်ရိုက် သူ အေးအေးဆေးဆေး ပြန်ကောင်းသွားမှာ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၈၈)

ဘာသာပြန်သူ_တိမ်တိုက်

နောက်ဆုံးတွင် သူ့အမေအား နှစ်သိမ့်ပေးပြီးသည့်နောက် ရန်ကိုင်မှာ ပင်ပန်းနွမ်းနယ်နေသည့်အမူအယာဖြင့် ပြန်ထွက်လာခဲ့သည်။ ထို့နောက်တွင် ထက်ကောင်းကင်နန်းတော်တစ်ဝိုက် လိုက်လံရှာဖွေတော့လေ၏။

တစ်ခဏအကြာ၌ လူတစ်ဦး သူ့ရှေ့၌ ပေါ်လာပြီး ရန်ကိုင်အား ကြည့်ရင်းမှ “နန်းတော်သခင် ဘာတွေကို ခိုးကြောင်ခိုးဝှက်နဲ့ လိုက်ရှာနေတာလဲ…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ (ငါက နန်းတော်သခင်ဟဲ့… ငါက ဒီမှာ ဘာတွေခိုးကြောင်ခိုးဝှက် လုပ်စရာလိုမှာလဲ…) ထိုသို့တွေးပြီးသည့်နောက် သူ့ရှေ့တည့်တည့်သို့ မော့ကြည့်လိုက်ရာ သူ့အား ဒေါသထွက်နေသည့်တိုင် ပြုံးပြနေသော မျက်နှာလေးတစ်ခုကို မြင်လိုက်ရသည်။ ထိုမျက်နှာလေးကို မြင်လိုက်သည့်အခိုက် ရန်ကိုင်မှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အော်ရယ်မော၍ ပြောလိုက်လေ၏။ “သခင်မလေးချူပါလား… မတွေ့ရတာတောင် ကြာပြီနော်…”

ချူယီမန်က ပြုံးကာ ပြန်ပြောလိုက်သည်။ “နန်းတော်သခင်… ကျေးဇူးပြုပြီး ကျွန်မကို သခင်မလေးလို့ မခေါ်ပါနဲ့လား… ကျွန်မ အဲ့လိုဂုဏ်ပုဒ်မျိုးကို လက်မခံရဲဘူး… အခု ကျွန်မက ထက်ကောင်းကင်နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်နေပြီလေ…”

ရန်ကိုင်ကပြုံး၍ “အာ… အဲ့လိုခေါ်ရတာပဲ အသားကျနေပြီ… ထားလိုက်ပေတော့…” ထို့နောက် ရုတ်တရက် အံ့အားသင့်သွားဟန်ဖြင့် “တာအိုသခင်အဆင့်ကိုတောင် ရောက်နေပြီလား… ဂုဏ်ယူပါတယ် သခင်မလေးချူ…”

ချူယီမန်က ပြုံး၍ “ဒါ နန်းတော်သခင်ကြောင့်ပဲလေ… နန်းတော်သခင်သာ ကျွန်မတို့ကို ဒီနေရာဆီ ခေါ်လာပြီးတော့ အခုလိုမျိုး အရင်းအမြစ်တွေအများကြီး မပေးခဲ့ဘူးဆိုရင် ကျွန်မအနေနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်ပါ့မလဲ… ဒါပေမယ့် ဘယ်လိုပဲဖြစ်နေဖြစ်နေ တာအိုသခင်အဆင့်က နန်းတော်သခင်လိုလူမျိုးရှေ့မှာတော့ ဘာမှမဟုတ်ပါဘူး…”

ရန်ကိုင်က ခေါင်းခါ၍ “မတူဘူးလေ… ကျုပ်က ခင်ဗျားတို့ထက်စောပြီးတော့ ကြယ်တာရာအစုအဝေးကို ရောက်လာခဲ့တာ… ဒီတော့ ကျုပ်ရဲ့ကျင့်ကြံခြင်းအဆင့်က ပိုမြင့်နေတာ ဘာဆန်းလို့လဲ…”

ချူယီမန်ကမူ ယဲ့ယဲ့လေးပြုံးရင်းမှ “ကျွန်မကို လာပြီးတော့ နှစ်သိမ့်ပေးနေစရာမလိုပါဘူး… ကိုယ်ဘယ်လောက်ပဲအားကောင်းကောင်း ဒီလောကကြီးမှာ ကိုယ့်ထက်ပိုအားကောင်းတဲ့လူ ရှိနေတယ်ဆိုတာကို ကျွန်မ လက်ခံပြီးသွားပြီ… ဒါနဲ့ နန်းတော်သခင် ဘာကိုလိုက်ရှာနေတာလဲ… ကျွန်မ တစ်ခုခု ကူညီပေးနိုင်တာများ ရှိလား…”

“ကျုပ်ခွေးကို ခင်ဗျားတွေ့မိလား…” ရန်ကိုင်က မေးလိုက်သည်။

“ခွေး…” ချူယီမန်ကြောင်သွားသည်။ ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားပြီး ပြန်၍မေးလိုက်လေ၏။ “အနက်ရောင်ခွေးပေါက်လေးလား…”

“ဟုတ်တယ် ဟုတ်တယ်… အဲ့ကောင်…”

“အင်း… မနေ့တုန်းကတောင် တွေ့လိုက်သေးတယ်…” ချူယီမန်က ခေါင်းညိတ်လိုက်သည်။

“ဘယ်မှာတွေ့တာလဲ…” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ကျွန်မနောက်လိုက်ခဲ့…” ချူယီမန်က ပြုံး၍ ရှေ့မှဦးဆောင်ထွက်သွားလေ၏။

မကြာမီ ရန်ကိုင်နှင့် ချူယီမန်မှာ မရဏသားရဲအား ယမန်နေ့ကတွေခဲ့သော နေရာဆီသို့ ရောက်လာခဲ့သည်။ သို့ပါသော်ငြား တစ်ရက်ကြာပြီးသည့်နောက်တွင် မရဏသားရဲအား ထိုနေရာ၌ မတွေ့ရတော့ပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ချူယီမန်နှင့်အတူ မရဏသားရဲအား ဆက်၍ လိုက်ရှာရတော့သည်။

နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် မရဏသားရဲအား တစ်ခုသောတောင်ကြားထဲ၌ နေပူစာလှုံနေသည်ကို သွားတွေ့လိုက်ရသည်။

ရန်ကိုင်ကိုမြင်ပြီးသည့်နောက် မရဏသားရဲမှာ ရန်ကိုင်ဆီသို့ ဝမ်းသာအားရဖြင့် အသည်းအသန် ပြေးလာပြီးသည့်နောက် ရန်ကိုင်အား ဝိုင်းကြီးပတ်ပတ်လှည့်ကာ အမြီးလေးအား တောက်လျှောက်နှံ့နေလေသည်။

ရန်ကိုင်သည် မရဏသားရဲအား လည်ကုတ်မှဆွဲကိုင်၍ လောကဓာတ်လုံးထဲသို့ ထည့်လိုက်သည်။ နတ်ဆိုးမျိုးနွယ်စု‌ ပေါ်လာပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် မရဏသားရဲကို မည်ကဲ့သို့များ မေ့ထား၍ ရပါတော့မည်နည်း။ မရဏသားရဲမှာ နတ်ဆိုးမျိုးနွယ်စု၏ အိပ်မက်ဆိုးဖြစ်လေရာ ရန်ကိုင်အနေဖြင့် အားဝမ်အား သူ့ဘေးနားတွင်သာ ထားထားချင်ပေသည်။ နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် တိုက်ခိုက်ရာတွင် အားဝမ်သည် ပြဇာတ်ဆန်ဆန်ဖြစ်ရပ်တစ်ခုကိုပင်လျှင် ဖန်တီးကောင်း ဖန်တီးနိုင်လောက်၏။

ချူယီမန်မှာ ထိုမြင်ကွင်းကိုကြည့်ရင်းမှ ထိုအနက်ရောင်ခွေးပေါက်လေးအကြောင်းကို မေးမြန်းရန် လုပ်လိုက်လေသည်။ သို့ပါသော်ငြား ထိုကဲ့သို့မေးတော့မည့်အခိုက် ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့ပြီး တုန်တုန်ရီရီဖြစ်သွားကာ ဘေးပတ်ဝန်းကျင်သို့ သတိထားကာ လှည့်ပတ်ကြည့်လိုက်ရင်းမှ ပြောလိုက်လေ၏။ “ရန်ကိုင်… နည်းနည်းအေးလာတယ်လို့ မထင်ဘူးလား…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားပြီး ခေါင်းခါပြလိုက်၏။

ချူယီမန်၏မျက်နှာလေးမှာ အနည်းငယ်ဖြူလျော်သွားလေသည်။ “ထူးဆန်းလိုက်တာ… ငါ ဘာဖြစ်လို့ ရုတ်တရက် အေးလာတယ်လို့ ခံစားနေရတာလဲ…”

ရန်ကိုင်က ပြန်၍မေးလိုက်လေ၏။ “နင့်ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီးတော့ ပြဿနာရှိနေလို့လား…”

“ပြဿနာတော့ မရှိလောက်ပါဘူး…” ချူယီမန်က မျက်မှောင်ကျုံ့ရင်းမှ တွေးတွေးဆဆအမူအယာဖြင့် ပြောလာသည်။

“အဲ့လိုအရာမျိုးတွေကို သတိထားတာ ကောင်းတယ်နော်… နင် လုံးဝ ပေါ့လျော့နေလို့မရဘူး…”

ချူယီမန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်… နင်ပြောတာအမှန်ပဲ… ငါ တစ်ချက် ပြန်ပြီးတော့ ငါ့ကျင့်ကြံခြင်းကို နည်းနည်းတည်ငြိမ်သွားအောင် သွားပြန်လုပ်လိုက်ဦးမယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ချူယီမန်သည် သူမနေသည့်နေရာဆီသို့ လှည့်ထွက်သွားလေသည်။ ချူယီမန်ထွက်သွားပြီးသည့်နောက် ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်ထဲရှိ တစ်နေရာဆီသို့ လှမ်းကြည့်၍ နှာခေါင်းရှုံ့လိုက်လေ၏။ ထို့နောက်တွင် ထိုအရပ်ဆီသို့ ပျံသန်းသွားလေသည်။

မကြာမီ ရန်ကိုင်မှာ ထက်ကောင်းကင်နန်းတော်၏ အဓိကခန်းမဆီသို့ ပြန်လာခဲ့သည်။

ထိုခန်းမဝင်ပေါက်ရှေ့တွင် ယုရုမန်မှာ လက်ပိုက်ထားရင်းမှ တံခါးစောင်းကိုမှီ၍ ပြုံးကာ ရပ်နေလေသည်။ ရန်ကိုင်ပြန်ရောက်လာသည်ကို မြင်သည့်အခါ မေးလိုက်လေ၏။ “အဲ့မိန်းမက နင်ပြောတဲ့ အယောက်ခုနှစ်ဆယ်ထဲက တစ်ယောက်လား…”

ရန်ကိုင်သည် ယုရုမန်ကို စိုက်ကြည့်ရင်းမှ ပြန်မေးလိုက်လေသည်။ “နင် ဘာလို့ သူ့ကို ခြောက်လိုက်တာလဲ…”

ယုရုမန်ကမူ သူမ ဘာအမှားမှ လုပ်မထားသည့် ပုံစံမျိုးလေးဖြင့် “ငါ သူ့ကိုခြောက်လိုက်တယ်ဆိုတာ ဘာကိုပြောတာလဲ…”

ရန်ကိုင်က ပြန်၍ပြောလိုက်၏။ “ငါဘာပြောနေလဲဆိုတာ နင်သိပြီးသား… မသိချင်ယောင်ဆောင်မနေနဲ့…”

ယုရုမန်သည် ရန်ကိုင်အား ခေါင်းလေးစောင်းကာ ကြည့်လိုက်ရင်းမှ ပြုံး၍ မေးလိုက်လေ၏။ “နင် ဒေါသထွက်နေတာလား…”

“သွားစမ်းပါ…” ရန်ကိုင်သည် ယုရုမန်အား တွန်းဖယ်လိုက်ပြီးသည့်နောက် နန်းတော်ထဲသို့ ဝင်သွားလေသည်။

ယုရုမန်မှာ ရန်ကိုင်နောက်သို့ အမြန်ပြေးလိုက်သွားခဲ့ပြီး လက်နောက်ပစ်ရင်းမှ ရန်ကိုင်ရှေ့၌ ပိတ်ရပ်၍ မေးလိုက်လေ၏။ “အဲ့ခွေးပေါက်လေးက…”

ရန်ကိုင်က မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။ “ဘာခွေးပေါက်လေးလဲ… နင် ဘာပြောနေလဲ ငါမသိဘူး…”

ယုရုမန်ကမူ အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ သူမအနေဖြင့် သေသေချာချာမမြင်လိုက်ရပါသော်ငြား ထိုခွေးပေါက်လေးမှာ ပုံမှန်မဟုတ်ဟု ခံစားလိုက်ရသည်။ ကံမကောင်းစွာဖြင့် ခွေးပေါက်လေးမှာ ပေါ်လာလာပြီးချင်း ပျောက်ကွယ်သွားသည့်အတွက်ကြောင့် မည်သည့်သဲလွန်စကိုမှ သူမ ရှာမတွေ့လိုက်ရပေ။

ယုရုမန်မှာ မေးခွန်းအချို့ ထပ်မေးချင်ပါသော်ငြား ရန်ကိုင်မှ သူမအား ထိုကဲ့သို့ အခွင့်အရေးမျိုး ပေးမနေခဲ့ပေ။ ချက်ချင်းပဲ ကျင့်ကြံရေးအခန်းထဲသို့ ဝင်သွားပြီး အခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အစီအရင်ကို အသက်သွင်းလိုက်လေသည်။

ထိုအကြောင်း‌ကြောင့် ယုရုမန်မှာ အပြင်ဘက်တွင် ခြေဆောင့်ရင်း အံတကြိတ်ကြိတ်ဖြင့် တစ်ယောက်တည်း ကျန်ခဲ့ရလေသည်။

အခန်းထဲသို့ရောက်သော် ရန်ကိုင် တင်ပလင်ခွေထိုင်ချလိုက်သည်။

မြောက်ဘက်နယ်မြေရှိ ကျင့်ကြံသူများနှင့် ထက်ကောင်းကင်နန်းတော်နှင့် ရှေးဟောင်းကျောင်းတော်အခွဲတွင် ရှိနေသော ထက်ကောင်းကင်နန်းတော်၏ တပည့်အားလုံးကို စုဝေးဖို့ရာ အချိန်လိုပေလိမ့်မည်။ ရန်ကိုင်တွက်ချက်ကြည့်ရသလောက် အနည်းဆုံး ငါးရက်လောက် ကြာပေလိမ့်မည်။ ထိုအချိန်အတောအတွင်း သူ့အသိစိတ်ပင်လယ်ထဲရှိ နှလုံးသားစည်းတံဆိပ်ကို ရှာကြည့်ရန် ဆုံးဖြတ်လိုက်လေ၏။

ရန်ကိုင်သာ ထိုနှလုံးသားစည်းတံဆိပ်ကိုသာ ဖယ်ရှားလိုက်နိုင်မည်ဆိုပါ ယုရုမန်၏ လွှမ်းမိုးမှုကို ဖယ်ရှားကာ သူမကိုပင်လျှင် ပြန်လည်အသုံးချကောင်း အသုံးချနိုင်လောက်သည်။

သို့ပါသော်ငြား ထိုနှလုံးသားစည်းတံဆိပ်ကို ဖယ်ရှားဖို့ရာမှာ မလွယ်ကူလှပေ။ လွန်ခဲ့သောရက်ပိုင်းက ရန်ကိုင်မှာ သူ့အသိစိတ်ပင်လယ်ကို လှန်လှောစစ်ဆေးခဲ့ကြည့်ပါသော်ငြား ဘာကိုမှ သတိမထားမိခဲ့ပေ။ ထိုအကြောင်းကြောင့် နှလုံးသားစည်းတံဆိပ်အား ဖယ်ရှားနိုင်ရေးနှင့် ပတ်သက်လာသော် ရန်ကိုင်မှာ သိပ်၍ ယုံကြည်ချက်မရှိ ဖြစ်နေရသည်။ သို့ပင်ဖြစ်လင့်ကစား အနည်းဆုံးတော့ ကြိုးစားကြည့်ရပေလိမ့်မည်။

အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့စိတ်အာရုံကို သေချာစုစည်းလိုက်၏။ ထို့နောက် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ သူ၏အသိစိတ်ပင်လယ်တစ်ခုလုံးအား သေသေချာချာ စစ်ဆေးကြည့်တော့သည်။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်၏မျက်နှာမှာတော့ အချိန်နှင့်အမျှ ပိုပို၍ လေးနက်တည်ကြည်လာနေခဲ့သည်။ သူ၏ အသိစိတ်ပင်လယ်တစ်ခုလုံးကို နေရာအနှံ့ လိုက်လံစစ်ဆေးကြည့်နေသည့်တိုင် ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမှ ရှာတွေ့ခဲ့ခြင်း မရှိပေ။ မသိလျှင် နှလုံးသားစည်းတံဆိပ်မှာ သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိမနေသည့်အလား။

သို့ပါသော်ငြား နှလုံးသားစည်းတံဆိပ် သူ့အသိစိတ်ပင်လယ်ထဲ၌ မရှိနေစရာအကြောင်း မရှိပေ။ ထိုနှလုံးသားစည်းတံဆိပ်မှာ သူ့အသိစိတ်ပင်လယ်ထဲ၌ ကျိန်းသေကို ရှိနေလေ၏။ ယုရုမန်အပေါ် ရန်ကိုင်၏ခံစားချက်များမှာ အကောင်းဆုံးသက်သေဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက သူ တစ်ခါမှမတွေ့ဖူးသော သူစိမ်းတစ်ဦးအပေါ် မည်ကဲ့သို့များ ဤကဲ့သို့ နက်ရှိုင်းသည့်ခံစားချက်များ ဖြစ်ပေါ်နေရပါမည်နည်း။

ရန်ကိုင်မှာ လက်မလျှော့သေးဘဲ ဆက်၍ကြိုးစားနေခဲ့သည်။ ယခုတစ်ကြိမ်ဆိုလျှင် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ စွမ်းအားကိုပင်လျှင် အသုံးပြုကြည့်ခဲ့ပါသော်ငြား အဆုံးတွင်တော့ စိတ်ပျက်မှုနှင့်သာ ကြုံခဲ့ရသည်။

တစ်ရက်ကြာပြီးသည့်နောက် ရန်ကိုင်မှာ မှုန်ကုပ်ကုပ်အမူအယာဖြင့် မျက်လုံးပြန်ဖွင့်လာခဲ့သည်။

(ယုရုမန်ပြောသလိုပဲ ဒီနှလုံးသားစည်းတံဆိပ်ကို လုံးဝဖယ်လို့မရတာလား… ဖယ်လို့မရတာတော့ မဟုတ်လောက်ဘူး… ဖယ်လို့ရမယ့်နည်းလမ်းကို ရှာမတွေ့သေးတာပဲ ဖြစ်ရလိမ့်မယ်…)

ထို့နောက် ရန်ကိုင် အတွေးနက်သွားတော့လေ၏။ တစ်ခဏအကြာ၌ ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။

ထို့နောက်တွင် သူ့လက်ကိုမြှောက်၍ အခန်းပတ်ပတ်လည်၌ ရှိနေသော အစီအရင်များကို ပိတ်ကာ အော်ပြောလိုက်လေသည်။ “ရုမန်…”

ယုရုမန်မှာ ထွက်မသွားသေးဘဲ တံခါးအပြင်ဘက်၌ ရှိနေလေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်၏ခေါ်သံကိုကြားသည့်အခါ ဒေါမာန်တကြီးဖြင့် ရန်ကိုင်အား စိုက်ကြည့်၍ ပြန်မေးလိုက်လေ၏။ “ဘာလဲ…”

“ဝင်လာခဲ့…” ရန်ကိုင်က လှမ်းခေါ်လိုက်သည်။

ယုရုမန်မှာ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် အခန်းထဲသို့ ဝင်လာလေ၏။

ရန်ကိုင်သည် သူ့ရှေ့တည့်တည့်ကို လက်ညှိုးထိုး၍ ပြောလိုက်လေသည်။ “ထိုင်…”

ယုရုမန်သည် ရန်ကိုင်အား ချက်ချင်းပဲ မျက်စောင်းထိုးလာခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ပြောသည့်အတိုင်း ရန်ကိုင်ရှေ့၌ ထိုင်ချလိုက်လေ၏။

ထို့နောက်တွင် ရန်ကိုင်မှာ သူ့လက်အား ဝှေ့ယမ်း၍ အခန်းပတ်လည်တွင် ရှိနေသော အစီအရင်များကို တစ်ဖန် ပြန်လည်အသက်သွင်းလိုက်သည်။ ထိုသို့လုပ်ပြီးသည့်နောက်တွင် ယုရုမန်အား ပြုံးကာ ကြည့်လိုက်လေ၏။

ယုရုမန်မှာ ရုတ်တရက် စိတ်ဂနာမငြိမ်ဖြစ်လာပြီး ရန်ကိုင်အား မေးလိုက်လေ၏။ “နင်… နင်ဘာလုပ်ချင်နေတာလဲ…”

အမျိုးသားနှင့် အမျိုးသမီးတစ်ဦးမှာ ပိတ်ထားသည့် အခန်းတစ်ခန်းထဲ၌ အတူတူရှိနေလေသည်။ ထိုအကြောင်းကြောင့် ယုရုမန် စိတ်ကူးမမှားဖို့ရာမှာ ခက်ခဲလွန်းလှ၏။ ရန်ကိုင်အား ကြည့်နေရင်းမှ စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။ “ငါ… ငါ အဆင်သင့်မဖြစ်သေးဘူး… ငါ နင့်ကို ကြိုသတိပေးထားလိုက်မယ်… မဟုတ်တရုတ်တွေ လာမလုပ်နဲ့နော်… မဟုတ်ရင် ငါ ယဉ်ကျေးနေမှာမဟုတ်ဘူး…”

ရန်ကိုင် အံ့အားသင့်သွားတော့သည်။ “နင့်ကို အဝတ်ဝတ်ပေးဖို့ပြောတုန်းက နင် အခုလိုဖြစ်လာမယ်လို့ နင် မမျှော်လင့်ထားဘူးလား…”

“အဲ့ကိစ္စနဲ့ ဒီကိစ္စကို လာမရောနဲ့လေ…” ယုရုမန်သည် သူမ၏အဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့သည်။

“စိတ်ဝင်စားစရာပဲ…” ရန်ကိုင်သည် သူ့မေးစေ့ကိုပွတ်၍ ယုရုမန်အား သေသေချာချာကို စူးစမ်းစစ်ဆေးကြည့်လေ၏။

မူလကမူ ယုရုမန်မှာ သူ့အား တွေ့တွေ့ချင်း အဝတ်ဗလာဖြင့် ဖျားယောင်းရန် ကြိုးစားခဲ့သည့်အတွက်ကြောင့် ယုရုမန်သည် မိန်းမပျက်တစ်ဦး ဖြစ်ရလိမ့်မည်ဟု ထင်ခဲ့သည်။ သို့ပါသော်ငြား ယုရုမန်၏ တကယ့်ပုံစံသည် ယခုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။

ရန်ကိုင်၏ စူးရှသည့်အကြည့်သည် ယုရုမန်အား နေမထိထိုင်မထိ ဖြစ်လာစေသည့်နောက်တွင် ယုရုမန်သည် ချက်ချင်းထ၍ ပြောလိုက်လေ၏။ “ဘာမှမရှိတော့ရင် ငါသွားတော့မယ်…”

“နင် ဒီအတိုင်း ထွက်သွားချင်နေတာလား…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့၍ ယုရုမန်၏လက်ကို လှမ်းဆွဲချလိုက်လေသည်။

ယုရုမန်မှာလည်း အလန့်တကြားအော်ဟစ်ရင်း ရန်ကိုင်ကိုယ်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်မှာ ယုရုမန်အား ပြုံးကာ စိုက်ကြည့်လိုက်ပါသော်ငြား ယုရုမန်မှာမူ ရန်ကိုင်နှင့် အကြည့်ချင်း မဆုံရဲသလို ဖြစ်နေခဲ့သည်။

ရန်ကိုင်၏ကိုယ်နံ့ သူမနှာခေါင်းဝတစ်လျှောက် ပွတ်သပ်ကျီစယ်လာသည့်နောက်တွင် ယုရုမန်၏ရင်ခုန်သံမှာ မြန်ဆန်လာခဲ့ရလေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ယုရုမန်၏ လည်ပင်းလေးကို အသာအယာလေး ပွတ်သပ်ပေးလိုက်ရာ ယုရုမန်တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် ယုရုမန်၏လည်တိုင်မှတစ်ဆင့် နားသီးလေးများ၊ ပါးလေးများကို လိုက်လံပွတ်သပ်ပေးလေ၏။

တဖြည်းဖြည်းနှင့် ယုရုမန်၏မျက်လုံးများ ရီဝေလာခဲ့ပြီး ပါးပြင်များမှာလည်း နီရဲလာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင် ယဲ့ယဲ့လေးပြုံးသွားခဲ့ပြီး ခေါင်းငုံ့ကာ ယုရုမန်အား ကောက်နမ်းချလိုက်သည်။

ယုရုမန်မှာ ကျောက်ရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား သူမတစ်ကိုယ်လုံး တောင့်တောင့်ကြီးဖြစ်နေခဲ့သည်။ တစ်ခဏအကြာ၌ သူမကိုယ်ထဲရှိ အရိုးများအားလုံး အရည်ပျော်ကျသွားကုန်သည့်အလား ယုရုမန်တစ်ကိုယ်လုံးမှာ အားမရှိတော့သည့်ပမာ ရန်ကိုင်၏ကိုယ်ထဲသို့ လုံးဝကို ပျော့ဆင်းသွားခဲ့လေသည်။ သူမ၏မျက်လုံးများမှာလည်း အစပိုင်းတွင် ပြူးကျယ်နေခဲ့ပါသော်ငြား နောက်ဆုံးတွင်တော့ ဖြည်းဖြည်းချင်း ပိတ်ချလိုက်သည်။ ထို့နောက်တွင် မသိလိုက်မသိဘာသာဖြင့် ရန်ကိုင်ကို သူမလက်ဖြင့် ပြန်ဖက်၍ အားတက်သရော ပြန်လည်နမ်းရှိုက်လေသည်။

အတန်ကြာပြီးသည့်နောက်မှသာ နှုတ်ခမ်းချင်း ခွာလိုက်ကြသည်။

ယုရုမန်မှာ အမောတကော အသက်ရှူနေသေးပါသော်ငြား မကျေနပ်သေးသည့်အလား သူမ၏မျက်နှာထက် လိုချင်တောင့်တနေသည့် အရိပ်အယောင်တို့ ရှိနေခဲ့သည်။ သူမ၏ရင်အစုံမှာလည်း ဖားဖိုကြီးပမာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေ၏။

ရန်ကိုင်သည် ယုရုမန်၏မျက်လုံးတည့်တည့်သို့ စိုက်ကြည့်လိုက်သည်။ ယုရုမန်မှာလည်း ရန်ကိုင်အား ပြန်လည်စိုက်ကြည့်လာခဲ့လေသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် ယုရုမန်၏မျက်နှာထက် ရှက်ကိုးရှက်ကန်းအရိပ်အယောင်လေးများ ဖြတ်ပြေးသွားခဲ့ပါသော်ငြား သူမ၏နှုတ်ခမ်းထက်တွင်မူ အပြုံးတစ်ခု ဟီးလေးတွဲခိုနေခဲ့လေသည်။

ရန်ကိုင်သည် သူ့စိတ်ထဲရှိ လွန်ဆဲနေမှုကို ကြိတ်၍ တင်းခံရင်းမှ သက်ပြင်းချ၍ ယုရုမန်နားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်လေသည်။ “မိန်းမပျက်မ…”

အခန်းထဲရှိအခြေအနေမှာ ရုတ်ချည်းဆိုသလို တင်းမာသွားခဲ့လေသည်။

ယုရုမန်၏ခန္ဓာကိုယ်မှာလည်း လုံးဝကို တောင့်တောင့်ကြီးဖြစ်သွားခဲ့ပြီး သူမမျက်နှာထက်ရှိ ချိုသာသည့်အပြုံးမှာလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ ရီဝေနေသည့်မျက်လုံးများမှာ ရေခဲတမျှ အေးစက်လာပြီးသည့်နောက်တွင် ရန်ကိုင်အား စိုက်ကြည့်ရင်းမှ ပြောလိုက်လေ၏။ “နင် ဘာပြောလိုက်တာလဲ… ငါသေချာမကြားလိုက်လို့…”

ရန်ကိုင်သည် ယုရုမန်ကို ဖက်ရင်းမှ တိုးတိုးလေးထပ်ပြောလိုက်သည်။ “မိန်း မ ပျက် မ…”

“ရန်ကိုင်…” ယုရုမန်သည် ချက်ချင်းပဲ ရန်ကိုင်ကိုယ်ပေါ်မှ ထရပ်၍ ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်ရင်း အသံကုန်အော်ဟစ်လိုက်လေသည်။

All Chapters