← Chapters

အခန်း (၃၃၈၉-၃၃၉၂)

Vol. 149 Ch. 3389-3392

အခန်း (၃၃၈၉-၃၃၉၂)

Vol. 149 Ch. 3389-3392

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၈၉)

ဘာသာပြန်သူ_တိမ်တိုက်

ယုရုမန်သည် အလွန်ကိုမှ စိတ်အပြောင်းအလဲမြန်သည့် အမျိုးသမီးတစ်ဦးဖြစ်ကာ သူမအား ဆဲရေးတိုင်းထွာသည်ကိုလည်း နည်းနည်းလေးမှမကြိုက်ပေ။ ယခု ရန်ကိုင်၏ နူးညံ့သိမ်မွေ့ နုရွလှသည့် အထိအတွေ့များကြောင့် သူမ၏စိတ်အခြေအနေမှာ လုံးဝကို ပြိုကျပျက်စီးနေလေသည်။ ထိုကဲ့သို့သော အခိုက်အတန့်မျိုးတွင် ရန်ကိုင်သည် သူမအား ရက်ရက်စက်စက်ကို ဆဲရေးတိုင်းထွာလာခဲ့သည်။ ထိုကဲ့သို့သောအဖြစ်အပျက်မျိုးကို ယုရုမန်မှာ မည်ကဲ့သို့များ လက်ခံနိုင်ပါမည်နည်း။

ယခုတစ်ကြိမ် ရန်ကိုင်ပြောလိုက်သည့်စကားသည် ယခင်တစ်ကြိမ် ရန်ကိုင်မှ သူမအား တိုက်ခိုက်လိုက်သည်ထက်ပင် ပို၍ကို သူမအတွက် နာကျင်စရာကောင်းနေခဲ့သည်။ အနည်းဆုံးတော့ ယခင်တစ်ကြိမ် ရန်ကိုင်တွင် သူမအား တိုက်ခိုက်ရသည့် အကြောင်းပြချက် ရှိနေပေသေးသည်။ သို့ပါသော်ငြား ယခုတစ်ကြိမ်တွင်မူ ရန်ကိုင်သည် သူမအား စိတ်ကြိုက် ဆော့ကစားသွားပြီးသည့်နောက် မိန်းမပျက်မဟု ခေါ်လာသည့်အခါတွင် ယုရုမန်မှာ ဆော့ကစားခံလိုက်ရသည့် မိန်းကလေးတစ်ဦးနှယ် ရင်ကွဲသွားရလေရာ မည်ကဲ့သို့များ ဒေါသမထွက်ဘဲ နေပါတော့မည်နည်း။

ရန်ကိုင်ကမူ သူအမှားမလုပ်ထားသည့်အလား ယုရုမန်ကိုသာ ပြုံး၍ ကြည့်နေခဲ့သည်။

ရန်ကိုင်၏ပမာမခန့်ပုံစံကိုမြင်သော် ယုရုမန်မှာ ပို၍ကို ဒေါသူပုန်ထလာခဲ့သည်။ ထို့နောက် အေးစက်စက်အမူအယာဖြင့် ပြုံးရင်းမှ ပြောလိုက်လေ၏။ “နင် တောင်းပန်ရင် ငါ နင့်ကို ခွင့်လွှတ်ပေးမယ်…”

ရန်ကိုင်ကမူ ပြုံးမြဲပြုံးလျက် ခေါင်းခါပြလိုက်သည်။

“နင် တကယ်သေချာလား…” ယုရုမန်၏အကြည့်မှာ ပိုပို၍ အေးစက်လာခဲ့သည်။

ရန်ကိုင်က ပြန်၍ပြောလိုက်၏။ “စကားဆိုတာ မြားတွေလိုပဲ… ပြောပြီးသွားတာနဲ့ ပြန်ဆယ်လို့မရတော့ဘူး… ဒီတော့ ငါသေသွားရင်တောင် တောင်းပန်ဖို့မဖြစ်နိုင်ဘူး…”

“အဲ့လိုမျိုးလား…” ယုရုမန်သည် ရန်ကိုင်ရှေ့တွင် ရုတ်တရက် တင်ပလင်ခွေထိုင်ချလိုက်သည်။ သူမ၏မျက်လုံးထဲ အေးစက်စက်အကြည့်တစ်ချက် ဖြတ်ပြေးသွားပြီးသည့်နောက် ချက်ချင်းဆိုသလို သူမ၏မျက်နှာ ဖြူလျော်သွားခဲ့လေ၏။

တစ်ချိန်တည်းတွင် ရန်ကိုင်ကိုယ်တိုင်မှာလည်း သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မတတ် ခံစားလိုက်ရသည်။

(နင် ဒီလိုလုပ်မယ်မှန်း ငါသိသားပဲ…) ရန်ကိုင်မှာ အလွန်ကိုမှ နာကျင်နေရပါသော်ငြား ကြိတ်၍လည်း ဝမ်းသာနေခဲ့သည်။ ယုရုမန်သာ ယခုကဲ့သို့ မလုပ်လာခဲ့လျှင် သူကြိုးစားထားသမျှအရာအားလုံး အချည်းအနှီးဖြစ်သွားခဲ့ရပေလိမ့်မည်။

လက်ရှိအခိုက်အတန့်တွင် သူ့ဝိဉာဉ်အား ထောင်နှင့်ချီသောဓါးများမှ ထိုးစိုက်နေသည့်အလား ရန်ကိုင်မှာ လူသားတစ်ဦးတောင့်ခံနိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေသော အလွန်ကိုမှ ပြင်းထန်လွန်းလှသည့် နာကျင်မှုကို ခံစားနေရသည်။ တစ်ခဏအကြာတွင် ရန်ကိုင်တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီလာခဲ့ပြီး သူ့မျက်နှာမှာလည်း စက္ကူဖြူတစ်ရွက်ပမာ ဖြူလျော်လာခဲ့သည်။ ထိုမျှသာလျှင်မဟုတ်သေး ပုတီးစေ့တမျှ ကြီးမားလှသော ချွေးသီးချွေးပေါက်တို့မှာလည်း သူ့နဖူးထက်မှ မြေပြင်ပေါ်သို့ တတောက်တောက် ကျနေလေ၏။

ယုရုမန်မှာလည်း အခြေအနေမဟန်လှပေ။ သူမ၏ နှလုံးသားစည်းတံဆိပ်ပညာရပ်မှာ အလွန်ကိုမှ နက်နဲဆန်းကြယ်လှပါသော်ငြား တန်ပြန်ဘေးထွက်ဆိုးကျိုးများမှာလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။ ယုရုမန်သည် မိမိခံရလျှင်ခံရပါစေ တစ်ဖက်ရန်သူကိုပါ မိမိနှင့်အတူ ဆွဲခေါ်သွားမည့် လူစားမျိုး ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် သူမကိုယ်တိုင်လည်း အလွန်တရာကိုမှ နာကျင်နေရသည့်တိုင် သူမဒေါသကို ဖြေဖျောက်နိုင်ရန်အတွက် ဤနည်းလမ်းကိုသုံးကာ ရန်ကိုင်အား နှိပ်စက်ရန်အတွက် ရွေးချယ်ခဲ့သည်။

တစ်ခဏအကြာတွင် ယုရုမန်မှာ ရေထဲမှခုန်ထွက်လာသည့် ငါးတစ်ကောင်ပမာ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား အသံတစ်ချက်ပင်မထွက်ဘဲ အံကိုတင်းတင်းကြိတ်၍ ရန်ကိုင်မတောင်းပန်မချင်း မရပ်မည့်မျက်နှာထားမျိုးဖြင့် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

ရန်ကိုင်မှာ အားတင်း၍ ပြုံးနေစဉ် ယုရုမန်၏မျက်နှာမှာတော့ ပိုပို၍ အေးစက်လာနေခဲ့သည်။

ကျင့်ကြံခြင်းအခန်းထဲဝယ် အမျိုးသားနှင့် အမျိုးသမီးတစ်ဦးမှာ အဆက်မပြတ် တုန်ရီနေရင်းမှ ဖြူဖတ်ဖြူလျော်အမူအယာများဖြင့် တစ်ဦးကိုတစ်ဦး မမှိတ်မသုန် စိုက်ကြည့်နေကြလေသည်။ မည်သူ့ဘက်ကမှ အားနည်းသည့်အရိပ်အယောင်မျိုး ထုတ်ပြနေခြင်းမရှိပေ။

ဤကဲ့သို့သော မခံမရပ်နိုင်သော ပြင်းထန်လွန်းလှသည့် နာကျင်မှုမျိုးကို ခံစားနေရချိန်တွင် အခိုက်အတန့်တစ်ခုချင်းစီတိုင်းသည် အလွန်တရာကိုမှ ကြာညောင်းလွန်းလှပေသည်။

ရန်ကိုင်မှာ တစ်ရက်ဟူသောကာလအား တစ်နှစ်ပမာ ခံစားနေရခြင်း ဖြစ်လေသည်။ သို့ပါသော်ငြား သူ၏အသိစိတ်ပင်လယ်ကိုမှ စစ်ဆေးကြည့်လိုက်ချိန် မည်သည့် ပုံမှန်မဟုတ်သည့်အရာကိုမှ ရှာမတွေ့ခဲ့ချေ။ (ဒီလောက်နဲ့တင် မလုံလောက်သေးဘူး…)

ယုရုမန်က ရုတ်တရက် ထပြောလာခဲ့သည်။ “နင်မခံနိုင်ရင်ပြော… ငါစိတ်ပြေသွားရင် နင့်ကိုလွှတ်ပေးမယ်…”

ရန်ကိုင်ကမူ လုံးဝကို အလျှော့မပေးမည့်ပုံစံမျိုးဖြင့် ပြုံးလျက် ပြန်ပြောလိုက်သည်။ “ဒါမျိုးမှကောင်းတာ…”

ယုရုမန်က အော်ရယ်မောရင်းမှ တုန်တုန်ရီရီဖြင့် ပြောလိုက်လေ၏။ “နင်ပိုပြီးတော့ကောင်းချင်တယ်ပေါ့ ဟုတ်လား…”

ရန်ကိုင်ကမူ ခေါင်းပြန်ညိတ်ပြလိုက်သည်။

ထိုအခါ ယုရုမန်က သွေးရူးသွေးတမ်းအမူအယာမျိုးဖြင့် ထအော်လေ၏။ “ကောင်းတယ်… နင့်တစ်ဘဝလုံးမှာ ဒီထက်ပိုကောင်းတဲ့ခံစားမှုမျိုး မခံစားရအောင်ကို ငါလုပ်ပေးမယ်…”

ထိုကဲ့သို့ပြောပြီးသည့်နောက် ရန်ကိုင်ခံစားနေရသည့် နာကျင်မှုမှာ အဆပေါင်းများစွာ ပိုမိုပြင်းထန်လာခဲ့သည်။ သူ၏အသိစိတ်ပင်လယ်မှာလည်း နှစ်ပိုင်းကွဲထွက်လုမတတ် ဖြစ်လာခဲ့ပြီး ပင်လယ်ရေများမှာလည်း ဆူနာမီလှိုင်းလုံး ရိုက်ခတ်လာသည့်အလား တဝုန်းဝုန်းကို ဖြစ်နေတော့သည်။

အလွန်ပြင်းထန်သည့်နာကျင်မှုကြောင့် ရန်ကိုင်၏မြင်ကွင်းမှာ စတင်၍ ဝေဝါးလာခဲ့ရသည်။ ယုရုမန်၏ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ရီနေရင်းမှ ကြမ်းပြင်ထက် လဲကျခါနီးဖြစ်နေခဲ့သည်။ သို့ပါသော်ငြား နှစ်ဦးစလုံးမှာ သာမန်လူများ မဟုတ်ကြပေ။ နှစ်ဦးစလုံး၏ဝိဉာဉ်များမှာ အလွန်တရာကိုမှ အားကောင်းလှသည့်အတွက်ကြောင့် ယခုကဲ့သို့သော နာကျင်မှုမျိုးကို ခံစားနေရသည့်တိုင် ဆက်လက်၍ တောင့်ခံနေနိုင်ပေသေးသည်။ နှစ်ဦးစလုံးမှာ တစ်ဖက်မှ အလျှော့မပေးမချင်း လုံးဝကို လက်မလျှော့မည့်ပုံစံမျိုးဖြင့် ဆက်လက်၍ကို တင်းခံနေကြသည်။

ယုရုမန်၏စိတ်ထဲတွင်မူ သူမသည်သာ ယခုတစ်ကြိမ် ရန်ကိုင်အား သင်ခန်းစာကောင်းကောင်းမပေးပါက နောက်နောင် ရန်ကိုင်ရှေ့၌ ခေါင်းမော့ရင်ကော့ကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရပ်နိုင်တော့လိမ့်မည်မဟုတ်ပေ။

ရန်ကိုင်အတွက်မူလည်း သူသည်သာ ယခုတစ်ကြိမ် မတောင့်ခံနိုင်ခဲ့လျှင် နှလုံးသားစည်းတံဆိပ်ကို ဖယ်ရှားနိုင်တော့လိမ့်မည်မဟုတ်ပေ။

တစ်ယောက်ချင်းဆီတွင် ကိုယ်ပိုင်အကြံအစည်နှင့် ရည်မှန်းချက်များ ရှိနေကြသည်။ ထိုအကြောင်းကြောင့် မည်သူမျှ လုံးဝကို လက်မလျှော့ခဲ့ကြပေ။

နှစ်ဦးသား၏စိတ်ထဲ အလွန်တရာကိုမှ ကြာညောင်းနေပြီဟု ခံစားနေရပါသော်ငြား တကယ့်တကယ်တွင်မူ တဒင်္ဂလေးသာ ကုန်ဆုံးပေသေးသည်။ ယုရုမန်၏အရှိန်အဝါမှာ တဖြည်းဖြည်းနှင့် အားနည်းလာခဲ့သည်။ သူမ၏ဝိဉာဉ်မှာ အလွန်တရာကိုမှ အားကောင်းလှပါသော်ငြား ဤကဲ့သို့သောနာကျင်မှုအောက်ဝယ် သူမအတွက် တောင့်ခံဖို့ရာ အတော်လေးကိုမှ ခက်ခဲလှပေသည်။

ဝိဉာဉ်စွမ်းအားနှင့် ပတ်သက်လာသော် ရန်ကိုင်မှာ ယုရုမန်၏ပြိုင်ဘက်မဟုတ်ပေ။ ထိုသို့သာမဟုတ်ပါက သူမ၏ နှလုံးသားစည်းတံဆိပ်ကို မည်ကဲ့သို့များ ရှာမတွေ့ဘဲ နေပါမည်နည်း။ ထိုအကြောင်းကြောင့် ယေဘုယျကျကျပြောရသော် ယခုကဲ့သို့သောအခြေအနေမျိုးတွင် ရန်ကိုင်သည်သာ အရင်ဆုံး ရှုံးနိမ့်သွားရသူ ဖြစ်သင့်ပေသည်။ သို့ပါသော်ငြား ကံတရားက မျက်နှာသာပေးထားသည်မှာ ရန်ကိုင်တွင် ဝိဉာဉ်ကြာပန်း ရှိနေခြင်းပင်။

ဝိဉာဉ်ကြာပန်းမှာ ခုနှစ်ရောင်စဉ်အလင်းတန်းကို ထုတ်လွှတ်ရင်းမှ ရန်ကိုင်၏ဝိဉာဉ်အား အဆက်မပြတ် အားဖြည့်ပေးနေသည့်အတွက်ကြောင့် စိတ်ဝိဉာဉ်စွမ်းအားချင်း ယှဉ်ပြိုင်လာသော် ရန်ကိုင်မှာ ပို၍ကို အသာရနေခဲ့သည်။ ထိုသို့ဖြစ်လေရာ ယုရုမန်မှာ ရန်ကိုင်အား မည်ကဲ့သို့များ ကျော်နိုင်တော့ပါမည်နည်း။

ယုရုမန်၏ဝိဉာဉ်မှာ ရန်ကိုင်ထက်ပို၍ အားကောင်းနေသည့်တိုင် ရန်ကိုင်၏အခြေအနေမှာ ယုရုမန်ထက် ပို၍အဆင်ပြေနေခဲ့သည်။

ယုရုမန်သည်လည်း ထိုထူးဆန်းသည့်အချက်ကို သတိထားမိပေသည်။ ထိုအကြောင်းကြောင့် ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူမသည်သာ အရင်ဆုံး လဲကျသွားသည့်လူ ဖြစ်မည်မှန်းလည်း သိနေခဲ့သည်။

နောက်ဆုံးတွင် ယုရုမန်မှာ တွေဝေတုံ့ဆိုင်းနေသည့်အမူအယာဖြင့် ရန်ကိုင်အား ပြောလာခဲ့လေ၏။ “ရန်ကိုင်… ဒါ နင့်ရဲ့နောက်ဆုံးအခွင့်အရေးပဲ… ငါ နင်တောင်းပန်တာကိုမလိုဘူး… ငါ့ကို ကတိပဲပေး… နောက်နောင် အခုလိုမျိုး ငါ့ကို ထပ်ပြီးတော့ လာမဆဲတော့ပါဘူးလို့… အဲ့ဒါဆို ငါ ဒီမှာတင် ရပ်ပေးလိုက်မယ်…” ယုရုမန်မှာ အမှန်တကယ်ကို အလျှော့ပေးနေခြင်း ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက လက်ရှိ သူမဒေါသထွက်နေပုံနှင့် ရန်ကိုင်သာ ရိုးရိုးသားသား မတောင်းပန်လာသရွေ့ ယခုကိစ္စကို မည်သည့်နည်းနှင့်မျှ ကြေအေးပေးလိမ့်မည်မဟုတ်ပေ။

ရန်ကိုင်ကမူ ခေါင်းသာခါပြနေခဲ့သည်။

“နင်တကယ် ငါနဲ့အတူတူ သေချင်နေတာလား…” ယုရုမန်၏မျက်လုံးထဲ ဇဝေဇဝါအရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။

“နင်ရော သေချင်လို့လား…” ရန်ကိုင်က ပြန်မေးလိုက်သည်။

ရန်ကိုင်မှ သူမမေးခွန်းကို သူမအား ပြန်မေးလာလိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် ယုရုမန် အံ့အားသင့်သွားခဲ့သည်။ သို့ပါသော်ငြား သူမ၏မျက်လုံးကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီးသည့်နောက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ “ငါမသေချင်ဘူး… ဒါပေမယ့် နင်အပါအဝင် ဘယ်သူမှ ငါ့ကိုလာဆဲလို့မရဘူး…”

ထို့နောက် သူမ၏မျက်လုံးလေးများ ရုတ်ချည်း ပြူးကျယ်သွားခဲ့ပြီး နှလုံးသားစည်းတံဆိပ်ပညာရပ်ကို အဆုံးစွန်အထိ အသက်သွင်းချလိုက်လေသည်။

ထိုသို့လုပ်လိုက်သည့်အခါ ယုရုမန်၏ ဒွါရခုနှစ်ပေါက်မှ သွေးများ စီးကျလာလေ၏။ ယုရုမန်သည်လည်း အလွန်ပြင်းထန်သည့်နာကျင်မှုကို မတောင့်ခံနိုင်တော့သည့်အလား နာကျင်စွာ အော်ဟစ်ရင်းမှ အားနည်းဖျော့တော့သည့်အမူအယာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း ဝမ်းနည်းစွာ အော်ရယ်မောနေရင်းမှ ရန်ကိုင်အား စိုက်ကြည့်နေလေသည်။

ရန်ကိုင်ကမူ ထိုအခိုက်အတန့်ဝယ် လုံးဝကို မျက်လုံးစုံပိတ်ထားခဲ့သည်။ ဤအခိုက်အတန့်ကို သူစောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်း‌ကြောင့် ယုရုမန်မှ နှလုံးသားစည်းတံဆိပ်ပညာရပ်ကို အဆုံးစွန်အထိ အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏နာမ်ဝိဉာဉ်ကို အသိစိတ်ပင်လယ်ထဲသို့ ချက်ချင်း ပို့လွှတ်လိုက်လေ၏။

လက်ရှိအခိုက်အတန့်တွင် ရန်ကိုင်၏ အသိစိတ်ပင်လယ်မှာ ပေါက်ကွဲထွက်တော့မည့်အလား လုံးဝကို ဝရုန်းသုန်းကား ဖြစ်နေခဲ့သည်။

ရုတ်တရက်ဆိုသလို အမျိုးသမီးတစ်ဦး၏ပုံရိပ် သူ့အသိစိတ်ပင်လယ်ထဲ ပေါ်လာခဲ့လေသည်။ ထိုအမျိုးသမီး၏ပုံရိပ်မှာ လုံးဝကို ဝိုးတိုးဝါးတား ဖြစ်နေခဲ့လေသည်။ သေချာသာမကြည့်လျှင် လုံးဝကို မမြင်ရမည့် ပုံစံမျိုးဖြစ်၏။

(တွေ့ပြီ…)

ထိုအခိုက်အတန့်မှာပင် ရန်ကိုင်၏နာမ်ဝိဉာဉ်မှာ တဆတ်ဆတ် တုန်ခါလာခဲ့ပြီး ပျက်စီးခါနီး ဖြစ်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် ထိုအခိုက်အတန့်မှာပင် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းသည် ၎င်း၏ရောင်စဉ်ဖြင့် ရန်ကိုင်၏နာမ်ဝိဉာဉ်ကို လွှမ်းခြုံ၍ တစ်ဖန်ပြန်လည်တည်ငြိမ်သွားအောင် လုပ်ပေးလိုက်သည်။

သူ၏နာမ်ဝိဉာဉ် တည်ငြိမ်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခဏလေးပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းအား သူ၏အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသည့် အမျိုးသမီးပုံရိပ်ဆီသို့ တွန်းပို့လိုက်လေသည်။ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းဆီမှ ခုနှစ်ရောင်ခြယ်အလင်းတန်းတို့ ဖြာထွက်လာခဲ့ပြီး ထိုအမျိုးသမီးပုံရိပ်ကို ကြာပန်းထဲသို့ ဆွဲယူလိုက်လေသည်။

ထို့နောက်တွင် ထိုအမျိုးသမီး၏ပုံရိပ် ပျောက်ကွယ်သွားခဲ့ပြီး ကသောင်းကနင်းဖြစ်နေသော ရန်ကိုင်၏အသိစိတ်ပင်လယ်မှာလည်း တဖြည်းဖြည်း ငြိမ်ကျသွားခဲ့သည်။ တစ်ချိန်တည်း၌ ရန်ကိုင်ခံစားနေရသော အလွန်ကိုမှ ပြင်းထန်လွန်းလှသည့် နာကျင်မှုမှာလည်း ပျောက်ကွယ်သွားလေ၏။

ရန်ကိုင်မှာ သူ့ကိုယ်သူ အသစ်တဖန် ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရသည်။

ထို့နောက် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းဆီသို့ ပျံသန်းသွားပြီး သေသေချာချာစစ်ဆေးကြည့်လိုက်ပါသော်ငြား မည်သည့်သဲလွန်စကိုမှ မတွေ့လိုက်ရသလို အစောပိုင်းကအမျိုးသမီး၏ပုံရိပ်ကိုလည်း မတွေ့လိုက်ရပေ။

တစ်ခဏလေးသာမြင်လိုက်ခြင်းဖြစ်ပါသော်ငြား ထိုအမျိုးသမီးပုံရိပ်မှာ ယုရုမန်၏တကယ့်ပုံစံမှန်း ရန်ကိုင်ပြောနိုင်ပေသည်။ အကြောင်းအရင်းမှာ ထိုအမျိုးသမီးနှင့် ယုရုမန်၏ပုံစံမှာ ဆင်တူပါသော်ငြား တကယ့်မျက်နှာသွင်ပြင်မှာ မတူညီသည့်အတွက်ကြောင့်ပင်။

လက်ရှိ ရန်ကိုင်ရှေ့တွင်ရှိနေသော ယုရုမန်မှာ လီရှီချင်းအယောင်ဆောင်ထားသည့် ယုရုမန်သာ ဖြစ်လေသည်။

သူမ၏တကယ့်ပုံစံသည် လီရှီချင်းအောက် အနည်းငယ်မျှပင် နိမ့်ကျခြင်းမရှိဟု ယုရုမန်မှပြောခဲ့သည်။ ယခုအခြေအနေကို ကြည့်ရသလောက် သူမ အမှန်ကိုပြောနေသည့်ပုံပင်။

သူမ၏အလှတရားသည် ရန်ကိုင်ကိုပင်လျှင် အံ့ဩသွားစေခဲ့သည်။

(ဒါပေမယ့်…)

(အခု ဘယ်လိုတွေဖြစ်နေပြီလဲ…)

ရန်ကိုင်မှ ယုရုမန်အား မိန်းမပျက်မဟု ပြောလိုက်ရခြင်းမှာ ယုရုမန်အား နှလုံးသားစည်းတံဆိပ်ကို အသက်သွင်းလာအောင် လုပ်လိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ထိုအခါမှသာလျှင် နှလုံးသားစည်းတံဆိပ်ပညာရပ်ထဲ ချို့ယွင်းချက်တို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်မှာ ထိုနှလုံးသားစည်းတံဆိပ်ကို ရှာဖွေနိုင်မည်ဖြစ်သည့်အတွက်ကြောင့်ပင်။ လက်ရှိအခြေအနေကိုကြည့်ရသလောက် ရန်ကိုင်မှာ သူ့ရည်မှန်းချက်ကို ပြည့်မြောက်အောင် လုပ်နိုင်ခဲ့သည်။ နောက်ဆုံးအခိုက်အတန့်အရောက်တွင် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းကိုသုံး၍ ယုရုမန် ရန်ကိုင်အသိစိတ်ပင်လယ်ထဲ၌ ခတ်နှိပ်ထားသော နှလုံးသားစည်းတံဆိပ်ကို ဖယ်ရှားလိုက်နိုင်ခဲ့သည်။

သို့ပါသော်ငြား ပြဿနာမှာမူကား ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းမှ ထိုနှလုံးသားစည်းတံဆိပ်အား ယူသာယူသွားနိုင်ပြီး မဖယ်ရှားပစ်နိုင်သေးခြင်းပင်။

(ငါအောင်မြင်သွားတာလား… ဒါမှမဟုတ်မအောင်မြင်သွားဘူးလား…) ယခုအချိန်ထိတိုင် သူ့အသိစိတ်ပင်လယ်ထဲသို့ ကျူးကျော်လာသည့် နှလုံးသားစည်းတံဆိပ်အား ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းမှ ဘာကြောင့် မတုံ့ပြန်ရသလဲဆိုသည်ကို ရန်ကိုင် နားမလည်သေးပေ။

ယေဘုယျကျကျပြောရသော် ရန်ကိုင်အား ထိခိုက်အောင် လုပ်လိုသည့် ရည်ရွယ်ချက်ဖြင့် တစ်စုံတစ်ခုသည် ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲသို့ ကျူးကျော်လာခဲ့မည်ဆိုလျှင် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းမှာ ရန်ကိုင်အား ချက်ချင်းကာကွယ်ရန် ကြိုးစားသင့်သည်။ သို့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ ထိုကဲ့သို့မဖြစ်ခဲ့ပေ။

(နှလုံးသားစည်းတံဆိပ်က ငါ့ကိုမထိခိုက်စေလို့လား… ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်ရင်လည်း ဟုတ်တော့လည်းဟုတ်သား… ယုရုမန်က အဲ့ပညာရပ်ကိုသုံးပြီးတော့ ငါတို့နှစ်ယောက်ကို နီးစပ်အောင်လုပ်လိုက်တာ… ဒီတော့ အဲ့ပညာရပ်က တိုက်ခိုက်ရေးပညာရပ်လို့ ပြောလို့မရဘူး…)

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်သည် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းပေါ်သို့ ပျံတက်သွားခဲ့ပြီး စစ်ဆေးကြည့်လိုက်ပါသော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့ပေ။

ထိုအကြောင်း‌ကြောင့် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏စွမ်းအားကို အသက်သွင်းကြည့်လိုက်ရာ ထိုအခါမှသာလျှင် ကြာပန်းပေါ်၌ အမျိုးသမီးတစ်ဦး၏ပုံရိပ် ပေါ်လာကြောင်းကို တွေ့လိုက်ရသည်။

သူသာဆန္ဒရှိလျှင် ထိုအမျိုးသမီးပုံရိပ်ကို ဖျက်ဆီးပစ်နိုင်သည်ဟု ရန်ကိုင်စိတ်ထဲ ခံစားနေရလေသည်။ ထိုသို့သာလုပ်လိုက်မည်ဆိုလျှင် သူနှင့် ယုရုမန်ကြားရှိ ဆက်သွယ်ချက်ကို ဖြတ်တောက်ပစ်နိုင်ပေလိမ့်မည်။ သို့သော်ငြား တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ထိုကဲ့သို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ယုရုမန်သည် ရန်ကိုင်နှင့်မလှမ်းမကမ်းတွင် လဲနေခဲ့သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ချွေးများဖြင့် စိုရွှဲနေခဲ့လေရာ သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းအလှတရားများကို အထင်းသား မြင်တွေ့နေရလေသည်။ သို့ပါသော်ငြား သူမ၏မျက်နှာမှာမူ စက္ကူဖြူတစ်ရွက်ပမာ ဖြူလျော်နေခဲ့ပြီး သူမ၏အသက်ရှူနှုန်းမှာလည်း မတည်မငြိမ်ဖြစ်နေလေသည်။

နောက်ဆုံးတစ်ကြိမ်တိုက်ခိုက်မှုသည် သူမကိုလည်း အကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။

ရန်ကိုင်မှာ ယုရုမန်အား ရှုပ်ထွေးသည့်အမူအယာဖြင့် ကြည့်လိုက်သည်။ ယခုမှသာလျှင် ယုရုမန် ယခုကဲ့သို့ဖြစ်နေသည်ကို မြင်သည့်တိုင် သူသည် ယခင်ကကဲ့သို့ အလွန်အမင်းစိတ်ဓာတ်နေခြင်းမရှိကြောင်း တွေ့လိုက်ရသည်။

သူ့အနေဖြင့် ယုရုမန်အပေါ် ယခုကဲ့သို့ လုပ်ခဲ့ကောင်း လုပ်ခဲ့လိမ့်မည်ဖြစ်ပါသော်ငြား ထိုသို့လုပ်ရန်အတွက် သူ့စိတ်ကို အတော်လေးကိုမှ တင်းထားခဲ့ရသည်။ ယခင်ကဆိုလျှင် ယုရုမန် ယခုကဲ့သို့ဖြစ်သွားသည်ကို မြင်ပြီးသည့်နောက် သူ့စိတ်ထဲ အလွန်ကိုမှ ကြေကွဲမိနေပေလိမ့်မည်။ သို့ပါသော်ငြား ယခုတွင်မူ သိပ်၍မကြည့်ရက်သလိုသာ ခံစားနေရလေသည်။

နှလုံးသားစည်းတံဆိပ်၏ အာနိသင်မှာ သိသိသာသာကို လျော့ကျသွားခဲ့လေပြီ။

ထိုအချက်ကို တွေ့ရှိလိုက်သော် ရန်ကိုင်မှာ ဝမ်းသာသွားခဲ့လေ၏။ သူ၏ကြိုးစားအားထုတ်မှုမှာ လုံးဝကို အချည်းအနှီးဖြစ်မသွားခဲ့ပေ။

ယုရုမန်ဆီသို့ လျှောက်သွားလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ယုရုမန်အား ချီမကာ သူ့ပေါင်ပေါ်တွင် တင်လိုက်သည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် ယုရုမန်၏နောက်ခံ မည်ကဲ့သို့ဖြစ်သလဲ၊ ယုရုမန် ဘာကြောင့် သူ့အား ချဉ်းကပ်လာရသလဲဆိုသည်ကို စစ်ဆေးကြည့်ချင်နေမိလေ၏။

သူ့စိတ်ထဲ ခန့်မှန်းမိပြီးသားအချို့ ရှိပါသော်ငြား သူ၏ခန့်မှန်းချက် တကယ်ဟုတ်မဟုတ်ကိုမူ အတည်ပြုရပေလိမ့်ဦးမည်။

လက်ရှိအခိုက်အတန့်တွင် ယုရုမန်မှာ သတိလစ်နေခဲ့သည်။ ထိုအကြောင်းကြောင့် လက်ရှိအခိုက်အတန့်သည် သူမ၏အသိစိတ်ပင်လယ်ထဲသို့ ဝင်၍ သူမ၏လျှို့ဝှက်ချက်များကို စစ်ဆေးကြည့်ဖို့ရာ အကောင်းဆုံးသောအခိုက်အတန့်ဖြစ်ပေသည်။

ထိုကဲ့သို့တွေးလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ခေါင်းငုံ့၍ ယုရုမန်၏နဖူးနှင့် သူ့နဖူးကို တေ့ကာ သူ၏ကောင်းကင်စိတ်အာရုံကို သူမ၏အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်လိုက်လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၉၀)

ဘာသာပြန်သူ_တိမ်တိုက်

တစ်ခဏအကြာ၌ ရန်ကိုင် ကူကယ်ရာမဲ့စွာ မော့ကြည့်လာခဲ့သည်။

ယုရုမန်၏ အသိစိတ်ပင်လယ်အတားအဆီးမှာ အလွန်တရာကိုမှ အားကောင်းလွန်းလှသည်။ သူမ သတိလစ်မေ့မြောနေသည့်အခါတွင်ပင် ရန်ကိုင်မှာ သူမ၏အသိစိတ်ပင်လယ်အတားအဆီးအား ချိုးဖြတ်နိုင်ခဲ့ခြင်းမရှိပေ။ အတင်းအကြပ်သာ ချိုးဖြတ်ဝင်လိုက်မည်ဆိုလျှင် ယုရုမန် နိုးလာလောက်ပေလိမ့်မည်။ ထိုအကြောင်း‌ကြောင့် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် လက်လျှော့ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ရန်ကိုင်မှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ နားမလည်နိုင် ဖြစ်နေရသည်။ ယုရုမန်မှာ ဧကရာဇ်ဒုတိယအဆင့်သာ ဖြစ်လေရာ သူမ၏စိတ်စွမ်းအင်မှာ ဘာကြောင့်များ ဤမျှ အားကောင်းနေရသလေသနည်း။ သူမ၏အသိစိတ်ပင်လယ်အတားအဆီးများကို ကြည့်ရသလောက် သူမ၏စိတ်စွမ်းအင်မှာ ဧကရာဇ်တတိယအဆင့်ပညာရှင်များထက်ပင် ပို၍ အားကောင်းနေပေသေးသည်။

ရန်ကိုင်မှာလည်း ရွေးချယ်စရာမရှိတော့ဘဲ လတ်တလော ထိုကိစ္စကို ဘေးသာဖယ်ထားလိုက်ရတော့သည်။ ထို့နောက် ဆေးလုံးအချို့ကိုထုတ်၍ ယုရုမန်၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီးသည့်နောက် သူကိုယ်တိုင်လည်းသောက်ကာ စတင်၍ ဒဏ်ရာများကို ကုသတော့သည်။

အချိန်မှာ တဖြည်းဖြည်းနှင့် ကုန်ဆုံးနေလေ၏။ တစ်ရက်နှင့်တစ်ည ကြာပြီးသည့်နောက် ယုရုမန် တစ်ချက်ငြီးလာခဲ့သည်။ မျက်မှောင်လေးများ ကျုံ့နေပြီးသည့်နောက် မျက်တောင်လေးများ တဖျတ်ဖျတ် လှုပ်ခါလာခဲ့သည်။ ထို့နောက် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာလေ၏။

သူမမျက်လုံးပွင့်လာချိန် ပထမဆုံးမြင်လိုက်ရသည့်အရာမှာ သူမအား ပြုံးပြနေသော ရန်ကိုင်ဖြစ်လေသည်။ ယုရုမန်မှာ သူမအား ပြုံးပြနေသော ရန်ကိုင်အားကြည့်ရင်း ဇဝေဇဝါအမူအယာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

ထို့နောက် မကြာမီတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများအား ပြန်သတိရသွားခဲ့ပြီးသည့်နောက် သူမ၏မျက်နှာမှာ ရုတ်ချည်းဆိုသလို အေးစက်သွားတော့လေ၏။ ထို့နောက် ရန်ကိုင်အား တွန်းဖယ်ကာ ရန်ကိုင်ပေါင်ပေါ်မှ ခုန်ထရန် ကြိုးစားလိုက်သည်။

အစောပိုင်းက ရန်ကိုင်၏လုပ်ရပ်များသည် သူမအား အမှန်တကယ်ကို ဝမ်းနည်းနာကြည်းသွားစေခဲ့သည်။

ရန်ကိုင်ကမူ ယဲ့ယဲ့လေးပြုံးရင်းမှ ယုရုမန်အား ပြန်လှဲချလိုက်သည်။

ယုရုမန်မှာ အကြိမ်အနည်းငယ်ခန့် ရုန်းကန်နေပြီးသည့်နောက် ရန်ကိုင်လက်မှ ရုန်းမထွက်နိုင်မှန်း သိလိုက်သော် ဒေါသတကြီးဖြင့် ထအော်လေ၏။ “ငါ့ကိုလွှတ်…”

“ထားလိုက်တော့…” ရန်ကိုင်က ယုရုမန်အား နှစ်သိမ့်ပေးလိုက်လေသည်။ “အရမ်းကြီးလုပ်မနေနဲ့… နင်ပြန်ကောင်းသေးတာမဟုတ်ဘူး…”

“ငါ့ကိုလွှတ်လို့ ပြောနေတယ်နော်…” ယုရုမန်က အေးစက်စက်အမူအယာဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်ရင်းမှ ပြောလိုက်သည်။

ရန်ကိုင်ကမူ ခေါင်းကိုကုတ်ရင်းမှ ပြန်၍ တောင်းပန်လိုက်လေသည်။ “ရုမန်… ငါတကယ်တောင်းပန်ပါတယ်နော်… ငါမှားသွားတာပါ… နော်… ဒါကြောင့် ဒေါသထွက်မနေတော့နဲ့… နော်… ဟုတ်ပြီလား…”

ရန်ကိုင်မှ ရုတ်တရက် တောင်းပန်လာသည့်အတွက်ကြောင့် ယုရုမန်မှာ အလစ်အငိုက်မိသွားခဲ့ပြီး သူမ၏ဒေါသမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ သူမစိတ်ထဲ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားရပါသော်ငြား တစ်ခဏမျှ မျက်မှောင်ကျုံ့နေပြီးသည့်နောက် နားမလည်နိုင်ဟန်ဖြင့် ပြန်၍မေးလိုက်လေ၏။ “နင်ဘာပြောချင်နေတာလဲ…”

ယခုဆိုလျှင် ရန်ကိုင်မှာ ခေါင်းမကောင်းတော့ဟုပင် ယုရုမန် စတင်ခံစားလာရနေလေပြီ။

ရန်ကိုင်ကမူ ယုရုမန်အား ကြင်နာစွာဖြင့် ကြည့်နေလိုက်ပြီးသည့်နောက် ရုတ်တရက် သူမအား မပြောမဆိုဖြင့် ကောက်နမ်းလိုက်လေသည်။

ဤသည်မှာ သူလုပ်ပေးနိုင်သည့် အထိရောက်ဆုံးသော နည်းလမ်းတစ်မျိုးဖြစ်ပေသည်။

ရုတ်တရက်ဆိုသလို ယုရုမန်၏ ခန္ဓာကိုယ်လေးမှာလည်း အားမရှိတော့သည့်ပမာ ပျော့ခွေကျသွားလေသည်။

အတန်ကြာသည့်အခါမှသာလျှင် ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးရင်းမှ ယုရုမန်အား လွှတ်ပေးလိုက်တော့သည်။

ယုရုမန်သည် သူမ၏နှုတ်ခမ်းကို ထိရင်းမှ ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေ၏။ “နင် အရမ်းအနိုင်ကျင့်လွန်းတယ်…”

ယုရုမန်၏ပုံစံကိုကြည့်ရင်း ရန်ကိုင်မှာ အော်ရယ်မောလျက် “အဲ့ဒါဆိုရင်တော့လည်း အပြစ်တင်မယ့်အပြစ်တင် နင့်ကိုယ်နင်ပဲ အပြစ်တင်ပေါ့… ငါ့ကိုယ်ထဲမှာ နှလုံးသားစည်းတံဆိပ်ကို လာထည့်ထားဖို့ နင့်ကို ဘယ်သူကပြောလို့လဲ… ပြီးတော့ နင့်ဘာသာနင် အေးအေးဆေးဆေး နေနေမယ်ဆိုရင် နင် ယုရုမန်ဆိုတာကိုလည်း ငါသိမှာမဟုတ်ဘူး…”

ယုရုမန်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။ “နင် ငါ့ကိုရလိုက်တာကိုပဲ ကျေးဇူးတင်နေရမှာ… နောက်ပိုင်းကျမှ ကိုယ့်ကိုယ်ကို ဒီလောက်တောင် ကံကောင်းလှပါလား ဆိုပြီးတော့ ကလိထိုးပြီး ထိုင်ရယ်မနေနဲ့…”

“နင်ဘာပြောချင်တာလဲ…” ရန်ကိုင် မျက်ခုံးပင့်သွား၏။

ယုရုမန်ကမူ အောင်နိုင်သူအပြုံးဖြင့် ယဲ့ယဲ့လေးပြုံးရင်းမှ ပြန်ပြောလိုက်သည်။ “အချိန်တန်ရင်သိလိမ့်မယ်… အခုလောလောဆယ်တော့ ထပ်လာမမေးတော့နဲ့…” ထိုသို့ပြောပြီးသည့်နောက် အေးစက်စက်လေသံဖြင့် ထပ်၍ပြောလိုက်၏။ “နောက်ပိုင်း ငါ့ကို အခုလိုမျိုးလည်းလာမဆဲနဲ့… ငါမကြိုက်ဘူး…”

ရန်ကိုင်က ခေါင်းညိတ်၍ “ကောင်းပြီ… ငါ အဲ့လိုမျိုး ထပ်မဆဲတော့ဘူး…”

သူ၏ရည်ရွယ်ချက် ပြီးမြောက်သွားပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် အလကားသက်သက် ဆက်၍ ပြဿနာရှာနေစရာအကြောင်း မရှိတော့ပေ။

ရန်ကိုင်စကားကို ကြားပြီးသည့်နောက်မှသာလျှင် ယုရုမန်မှာ ကျေနပ်သွားသည့်အမူအယာဖြင့် ရန်ကိုင်၏ရင်ခွင်ထဲ အေးအေးဆေးဆေး နေနေလိုက်တော့သည်။ တစ်ခဏမျှ တိတ်နေပြီးသည့်နောက် ရုတ်တရက် ရန်ကိုင်၏ဘေးဘက်ဆီသို့ ဇဝေဇဝါအမူအယာဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏မျက်နှာထက်ရှိအပြုံး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့လေသည်။

“ဘာဖြစ်လို့လဲ…” ရန်ကိုင်က ခေါင်းမော့၍မေးလိုက်သည်။

ယုရုမန်သည် ရန်ကိုင်၏ပါးလေးကို လှမ်းပွတ်လိုက်ရင်းမှ ပြောလိုက်လေသည်။ “ဘာလို့လဲတော့မသိဘူး… နင်နဲ့ငါ အရမ်းဝေးနေတယ်လို့ ခံစားနေရတယ်…”

ရန်ကိုင်သည် ယုရုမန်အား ပြုံးကာကြည့်ရင်းမှ “ငါ ဒီမှာပဲရှိနေတာလေ…”

ယုရုမန်က ခေါင်းခါပြလိုက်သည်။ ထိုခံစားချက်မှာ သိပ်၍မရှင်းလင်းပေ။ သူမသည် ရန်ကိုင်၏ရင်ခွင်ထဲတွင် ရှိနေပါသော်ငြား ရန်ကိုင်မှာ အကြောင်းအရင်းအချို့ကြောင့် သူမနှင့် အလွန်ဝေးကွာနေသည်ဟု ခံစားနေရသည်။

ညအချိန်သို့ ရောက်လာပြီးသည့်နောက် နတ်အရှင်သုံးပါး၊ မွန်းစတားဘုရင်နှစ်ဆယ်ကျော်နှင့် ကျောက်တုံးကလန်မှ ကျောက်တုံးဝိဉာဉ်ကိုးဦးတို့ ရောက်ရှိလာကြလေသည်။ မြောက်ဘက်နယ်မြေမှ အသီးသီးသောဂိုဏ်းများမှ ကျင့်ကြံသူများသည်လည်း ထက်ကောင်းကင်နန်းတော်၌ စတင်၍ စုဝေးလာနေကြလေပြီ။

ထက်ကောင်းကင်နန်းတော်၏ ခန်းမထဲ ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များ စုဝေးနေကြလေရာ ခန်းမတစ်ခုလုံးမှာ ကျွတ်ကျွတ်ကို ညံနေလေ၏။

ယခုဆိုလျှင် ဤနေရာရှိ ပညာရှင်အားလုံး အနောက်ဘက်နယ်မြေထဲ၌ နတ်ဆိုးချီများ ပေါ်လာပြီး ကြယ်တာရာအစုအဝေးနှင့် နတ်ဆိုးနယ်မြေကို ချိတ်ဆက်ထားသော လမ်းကြောင်းတစ်ခုသည်လည်း ထိုနေရာ၌ ပေါ်လာကြောင်းကို သိပြီးကြလေပြီ။ ယခုတစ်ကြိမ်ကိစ္စတွင် မဟာဧကရာဇ်များပင်လျှင် ရှေ့ထွက်လာကြရကြောင်းကိုလည်း သိထားကြ၏။ ထိုအကြောင်း‌ကြောင့် အနောက်ဘက်နယ်မြေမှ အလွန်ဝေးကွာနေရာသည့်နေရာတွင် ရှိနေသည့်တိုင် သူတို့အနေဖြင့် ယခုကိစ္စမှ ခေါင်းရှောင်နေ၍မရပေ။ ထို့အပြင် ထက်ကောင်းကင်နန်းတော်ကလည်း ဆင့်ခေါ်ထားသည့်အတွက်ကြောင့် သူတို့အနေဖြင့် မသိချင်ယောင်ဆောင်မနေရဲခဲ့။ လူတိုင်းမှာ တတ်စွမ်းသမျှလူအင်အားများကို စုစည်းရင်းမှ ထက်ကောင်းကင်နန်းတော်၌ လာရောက်စုဝေးနေကြလေ၏။

သို့ပါသော်ငြား ဤလောကကြီးထဲရှိ ကျင့်ကြံသူအများစုမှာ နတ်ဆိုးမျိုးနွယ်စုအကြောင်း သိပ်၍ မသိကြသေးပေ။ လူပေါင်းများစွာမှာ နတ်ဆိုးမျိုးနွယ်စုအကြောင်းကို ကြားပင်မကြားဖူးကြပေ။ မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာတော့ အနည်းငယ်အဆင်ပြေသေးသည်ဟု ပြော၍ရသည်။ သူတို့သည် ရန်ကိုင်နှင့်အတူ တောင်ဘက်နယ်မြေရှေးဟောင်းကျောင်းတော်အဖြစ်အပျက်တွင် ဝင်ရောက်ဆင်နွှဲခဲ့ဖူးသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် နတ်ဆိုးမျိုးနွယ်စုများနှင့် ရင်ဆိုင်ကြုံခဲ့ဖူးကြ၏။ သို့ပါသော်ငြား သူတို့ကြုံခဲ့ရသည့်နတ်ဆိုးများနှင့် ယခုပေါ်လာသော တကယ့်နတ်ဆိုးများမှာ မတူကြသည်ကိုတော့ သူတို့ မသိကြသေးပေ။

ထို့နောက်တွင် လွမ်ဖုန်း၊ ဖန်းဝူ၊ ချန်ကွော့တို့ ဦးဆောင်သော မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးအဖွဲ့သည် ခန်းမထဲသို့ ဝင်ရောက်လာခဲ့ကြလေသည်။ ထိုအခါမှသာလျှင် ခန်းမတစ်ခုလုံး တိတ်ကျသွားတော့၏။

ထိုအင်အားစုမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအဖွဲ့ထဲတွင် နတ်အရှင်သုံးပါးရှိနေကြပြီး မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးမှာလည်း ဧကရာဇ်တတိယအဆင့်ပညာရှင်များနှင့် ယှဉ်နိုင်ကြသည့်လူများ ဖြစ်ကြပြီး ထိုကဲ့သို့သောလူအင်အားစုမျိုးကို မည်သူမျှ လျစ်လျူရှု၍ မရပေ။ မြောက်ဘက်နယ်မြေထဲတွင် ရှိနေကြသည့် ဧကရာဇ်အဆင့်ပညာရှင်အများစုမှာ ပထမ၊ ဒုတိယအဆင့်များသာ ဖြစ်ကြပြီး ဧကရာဇ်တတိယအဆင့်ပညာရှင်များမှာ ရှားပါးလှသည်။ ထိုအကြောင်းကြောင့် မွန်းစတားမျိုးနွယ်စုဝင်အဖွဲ့ကြီး ခန်းမထဲဝင်လာသည့်အခါ အကုန်လုံးမှာ ဖိအားဝင်သွားကြကာ တိတ်သွားကုန်ကြလေသည်။

ခန်းမမှာ လူပေါင်းရာနှင့်ချီ ဝင်ဆံ့လောက်သည်အထိ ကျယ်ဝန်းလှပါသော်ငြား ထိုင်ခုံများမှာတော့ များများစားစား ရှိမနေခဲ့ပေ။ လွမ်ဖုန်းနှင့် သူမတို့အဖွဲ့ ရောက်လာသည့်အခါတွင် လုံးဝကို တစ်ချက်ကလေးမှ မရပ်ခဲ့ဘဲ ရှေ့သို့သာ တောက်လျှောက်ဆက်သွားခဲ့သည်။ သူမလမ်းတွင် ပိတ်ရပ်နေသည့်လူများမှာလည်း အလျင်စလို ဘေးဖယ်ပေးလိုက်ကြလေ၏။ ထိုင်ခုံနေရာယူထားပြီးကြသည့်လူများသည်ပင်လျှင် ထိုင်နေရာမှ ချက်ချင်းထရပ်၍ ဘေးတွင် သွားရပ်နေကြသည်။

မကြာမီ ရှေးဟောင်းတောအုပ်ကြီးမှ မွန်းစတားမျိုးနွယ်စုဝင်များမှာ ဆိုင်ရာနေရာတစ်ခုကို တွေ့သွားခဲ့ပြီး ထိုနေရာတွင် သွားထိုင်နေလေသည်။

လွမ်ဖုန်းသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ဟွာချင်းစီဘက်သို့လှည့်ကာ မေးလိုက်လေ၏။ “ရန်ကိုင်ဘယ်မှာလဲ…”

ဟွာချင်းစီက ခါးသက်သက်အမူအယာဖြင့် ပြုံးကာ ပြန်ပြောလိုက်သည်။ “နန်းတော်သခင်က သူ မကြာခင်ရောက်မယ်လို့တော့ ပြောထားတယ်…”

လွမ်ဖုန်း ခေါင်းညိတ်ပြလိုက်ပြီး အခြား ဘာမှ ထပ်မပြောတော့ပေ။

တစ်ခဏအကြာ၌ ခန်းမဝင်ပေါက်ဝ၌ လူတစ်ဦး ပေါ်လာခဲ့သည်။ လူတိုင်း အသိပြန်ဝင်လာချိန်တွင်တော့ ထိုလူမှာ သူတို့ရှေ့သို့ ရောက်နေခဲ့လေပြီ။ အကုန်လုံးမော့ကြည့်လိုက်ရာ ထိုလူမှာ ရန်ကိုင်မှလွဲ၍ အခြားမဟုတ်ကြောင်း တွေ့လိုက်ရ၏။

ရန်ကိုင်မှာ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ သူရင်းနှီးနေသောလူအားလုံးကို မြင်တွေ့လိုက်ရလေသည်။ အခြားသော သူမသိသည့်လူပေါင်းများစွာကိုလည်း တွေ့လိုက်ရသေး၏။ ထိုအခါ ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “ကျုပ် ဒီနေ့ ဘာဖြစ်လို့ ခင်ဗျားတို့ကို အခုလိုမျိုး‌ ခေါ်လိုက်ရလဲဆိုတာကို ခင်ဗျားတို့အားလုံး သိပြီးကြပြီလို့ ထင်တယ်… ခင်ဗျားတို့မှာ မေးစရာရှိတယ်ဆိုရင် အခု မေးကြပေတော့… ဒီနန်းတော်သခင်သိထားသလောက် အတတ်နိုင်ဆုံး ကြိုးစားပြီး ပြန်ဖြေပေးမယ်… ကျုပ်တို့ အနောက်ဘက်နယ်မြေကို ရောက်သွားပြီဆိုရင်တော့ ခင်ဗျားတို့ အခုလိုမျိုး မေးခွင့်ရတော့မှာမဟုတ်ဘူး… ဒီတော့ အခု မေးနိုင်တုန်းမေးထားကြ…”

လွမ်ဖုန်းက ပထမဦးဆုံးမေးလိုက်လေသည်။ “နတ်ဆိုးနယ်မြေကို ဦးတည်နေတဲ့ဝင်‌ပေါက်က တကယ်ကြီးပွင့်သွားတာလား…”

ထိုကိစ္စမှာ လူတိုင်းအစိုးရိမ်ရဆုံး ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။ ဟွာချင်းစီမှာ ထိုအကြောင်းကို လူတိုင်းအား အကြောင်းကြားထားပြီး ဖြစ်ပါသော်ငြား အခြားသူများအား ယုံကြည်စေဖို့ရာ ခက်ခဲနေခဲ့သည်။ ကမ္ဘာနှစ်ခုကြားမှ လမ်းကြောင်းကို ဖွင့်ဖို့ရာမှာ ထိုမျှလွယ်ကူမည်လား။ ထိုမျှလွယ်ကူမည်ဆိုလျှင် နတ်ဆိုးမျိုးနွယ်စုသည် အစောကြီးတည်းက ဘာကြောင့်များ သူတို့နယ်မြေအား မကျူးကျော်ခဲ့ရလေသနည်း။ ဘာကြောင့်များ ယနေ့အချိန်ထိ ထိုင်စောင့်နေခဲ့ရလေသနည်း။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေ၏။ “ဟုတ်တယ်… ထို့‌နောက် သူ့ကိုယ်သူလက်ညှိုးထိုး၍ ထပ်ပြောလိုက်သည်။ “အဲ့ဟင်းလင်းပြင်လိုဏ်ခေါင်းကို ကျုပ်ကိုယ်တိုင်မြင်ခဲ့တာ… ကျုပ်တင်မဟုတ်သေးဘူး… အဲ့မှာ သံမဏိသွေး၊ ရှုယဉ်သာနဲ့ သားရဲသခင်မဟာဧကရာဇ်တို့လည်း ရှိနေသေးတယ်… အခုချိန်ထိတောင် သားရဲသခင်မဟာဧကရာဇ်က တစ်ခုခုဖြစ်လာခဲ့ရင် ကာကွယ်ဖို့ဆိုပြီးတော့ အဲ့မှာကျန်ရစ်ခဲ့တယ်…”

ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ခန်းမထဲတွင်ရှိနေသော လူများ၏ အမူအယာများ အပြောင်းလဲကြီး ပြောင်းလဲသွားကြတော့သည်။

ဤနေရာသို့ရောက်လာစဉ်က ထိုကိစ္စမှာ နားလည်မှုလွဲသည့်ကိစ္စရပ်တစ်ခု ဖြစ်ပါစေဟုသာ သူတို့စိတ်ထဲ မျှော်လင့်နေမိပေသည်။ သို့ပါသော်ငြား မဟာဧကရာဇ်သုံးပါးသည်ပင်လျှင် ထိုနေရာ၌ ရှိနေခဲ့သည့်အတွက်ကြောင့် သူတို့၏မျှော်လင့်ချက်ယဲ့ယဲ့လေးများ ကြေကွဲပျောက်ကွယ်သွားရတော့သည်။

ရန်ကိုင်အနေဖြင့် ထိုအရာအား ဟင်းလင်းပြင်လိုဏ်ခေါင်းဟု အထင်မှားခဲ့မည်ဆိုလျှင်ပင် မဟာဧကရာဇ်သုံးပါးမှာ ထိုကဲ့သို့ အထင်အမြင်လွဲမှားစရာရှိမည်လား။

“နတ်ဆိုးမျိုးနွယ်စုရဲ့ခွန်အားက ဘယ်လိုနေလဲ…” ဖန်းဝူက မေးလိုက်သည်။

ရန်ကိုင်သည် တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ပြန်၍ပြောလိုက်၏။ “ကံမကောင်းစွာနဲ့ ကျုပ်လည်း သေချာမသိသေးဘူး… ကျုပ်သိတာကတော့ နတ်ဆိုးမျိုးနွယ်စုထဲမှာ မဟာဧကရာဇ်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ နတ်ဆိုးတွေ ရှိတယ်ဆိုတာပဲ… အဲ့ပညာရှင်တွေကိုတော့ နတ်ဆိုးသူတော်စင်တွေလို့ ခေါ်တယ်… ဒါပေမယ့် နတ်ဆိုးသူတော်စင်တွေ ဘယ်လောက်ရှိလဲဆိုတာကိုတော့ ကျုပ်မသိဘူး… နတ်ဆိုးသူတော်စင်တွေအောက်မှာ နတ်ဆိုးဘုရင်တွေရှိတယ်… အဲ့နတ်ဆိုးဘုရင်တွေက ဧကရာဇ်အဆင့်ပညာရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့နတ်ဆိုးတွေ… နတ်ဆိုးဘုရင်တွေရဲ့လက်အောက်မှာတော့ နတ်ဆိုးဗိုလ်ချုပ်မှူးတွေ… အဲ့နတ်ဆိုးဗိုလ်ချုပ်မှူးတွေရဲ့အောက်မှာ နတ်ဆိုးဗိုလ်ချုပ်တွေနဲ့ အဆင့်ဆင့် ဆက်ပြီးရှိသွားတယ်… အဲ့အဆင့်တွေက ကျုပ်တို့ရဲ့ တာအိုသခင်အဆင့် တန်ခိုးရှင်ဘုရင်အဆင့်တွေနဲ့ အတူတူလောက်ပဲ… နတ်ဆိုးမှော်ရတနာတွေ၊ နတ်ဆိုးမျိုးနွယ်တွေသုံးတဲ့နည်းလမ်းတွေကတော့ ကျုပ် ခင်ဗျားတို့ကို သေသေချာချာ ပြောပြလို့တော့မရဘူး…”

ထိုစဉ် လီကျောက်က ဝင်မေးလိုက်လေသည်။ “နန်းတော်သခင်ရန်… နတ်ဆိုးချီက အရမ်းတိုက်စားလွန်းတာ… ဧကရာဇ်အဆင့်ပညာရှင်တွေတောင် အဲ့နတ်ဆိုးချီထဲကို အလွယ်တကူ ဝင်မသွားရဲကြဘူး… ကျုပ်တို့သာ နတ်ဆိုးမျိုးနွယ်စုနဲ့ စစ်ခင်းရမယ်ဆိုရင် ကျုပ်တို့ကိုယ်ကျုပ်တို့ ဘယ်လိုကာကွယ်ရမှာလဲ…”

လီကျောက်မှ ထိုမေးခွန်းကို မေးလိုက်ချိန် လူတိုင်း အာရုံစိုက်လာခဲ့လေသည်။ ယခင်တစ်ကြိမ် တောင်ဘက်နယ်မြေ ရှေးဟောင်းကျောင်းတော်ဆီသို့ သွားစဉ်က ကျင့်ကြံသူပေါင်းများစွာ နတ်ဆိုးချီကူးစက်ခြင်းခံရပြီး နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားသည့် မြင်ကွင်းကို တွေ့ခဲ့ရသည်။ ထိုအကြောင်းကို ပြန်တွေးလိုက်တိုင်း သူတို့စိတ်ထဲ အကြောက်မပျယ်သေးပေ။

ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။ “နတ်ဆိုးချီက အရမ်းကြောက်ဖို့ကောင်းတယ်ဆိုပေမယ့် လုံးဝကြီး ပြိုင်ဘက်ကင်းနေတာတော့မဟုတ်ဘူး… တကယ်ဆိုရင် ခင်ဗျားတို့မှာ လုံလောက်တဲ့အသက်ဓာတ်စွမ်းအင်ရှိနေသရွေ့ နတ်ဆိုးချီကိုခုခံဖို့က လွယ်လွယ်လေးပဲ… ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်ဓာတ်စွမ်းအင် ပိုပြီးအားကောင်းလေ နတ်ဆိုးချီကို ပိုပြီး ခုခံနိုင်စွမ်း မြင့်မားလေပဲ… ဒီတော့ ကျုပ်တို့ နောက်ပိုင်း နတ်ဆိုးမျိုးနွယ်စုနဲ့ ရင်ဆိုင်တဲ့အခါကျရင် ခင်ဗျားတို့ အဲ့အချက်ကို သေချာ စိတ်ထဲမှတ်ထားကြ…”

မကြာမီ ရန်ကိုင်က ထပ်၍ပြောလိုက်သည်။ “ပြီးတော့ နတ်ဆိုးမျိုးနွယ်စုထဲမှာ ကလန်ပေါင်းတစ်ရာ ရှိတယ်လို့လည်း‌ ပြောကြတယ်… ကလန်တစ်ခုချင်းစီတိုင်းမှာ သူတို့နဲ့ သက်ဆိုင်ရာ မွေးရာပါစွမ်းရည်တွေကို ပိုင်ဆိုင်ထားကြပြီးသား… ဥပမာပြောရရင် သဲနတ်ဆိုးကလန်က သဲနတ်ဆိုးတွေက မြေလျှိုးတဲ့နေရာမှာ ကျွမ်းကျင်တယ်… ဒီတော့ သူတို့က သူတို့ရဲ့မွေးရာပါစွမ်းရည်ကို အသုံးချပြီးတော့ သူတို့ရန်သူတွေရဲ့ ခြေထောက်အောက်ကိုလာတယ်… ပြီးရင် ရန်သူတွေကို အလစ်အငိုက်ချောင်းပြီး တိုက်ခိုက်တတ်တယ်… ပြီးတော့ အရိပ်နတ်ဆိုးကလန်ဆိုတာလည်း ရှိသေးတယ်… အဲ့အရိပ်နတ်ဆိုးကလန်က ပုန်းကွယ်ပြီးတော့ လုပ်ကြံချောင်းမြောင်းသတ်ဖြတ်တဲ့နေရာမှာ ဆရာတစ်ဆူပဲ…”

ရန်ကိုင်မှာ ဆက်၍ကို ရှင်းပြနေခဲ့လေသည်။ လူတိုင်းမှာလည်း ရန်ကိုင်ပြောပြနေသည်ကို သေသေချာချာ နားစိုက်ထောင်နေရသည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ရန်ကိုင် ယနေ့ပြောပြသွားခဲ့သည့် အကြောင်းအရာများသည် သူတို့၏အသက်ကယ်ဝှက်ဖဲများ ဖြစ်လာနိုင်ကြပေသည်။

လွမ်ဖုန်းနှင့် အခြားသောနတ်အရှင်များမှာတော့ ရန်ကိုင်ပြောပြသည်ကို နားထောင်ရင်း အံ့ဩတကြီးဖြစ်နေကြသည်။ သူမ၊ ဖန်းဝူနှင့် ချန်ကွော့တို့မှာ အမြုတေများမှတစ်ဆင့် ဘိုးဘေးများ၏ မှတ်ဉာဏ်အချို့ကို အမွေအနှစ်ရရှိထားသည့်အတွက်ကြောင့် အခြားသောလူများထက် နတ်ဆိုးမျိုးနွယ်စုအကြောင်း ပို၍သိကြပေသည်။ သို့ပါသော်ငြား သူမတို့သိထားသည့် အကြောင်းအရာများသည် ရန်ကိုင်လောက် ကျယ်ပြန့်နေခြင်းမရှိပေ။

နတ်ဆိုးမျိုးနွယ်စုအပေါ် ရန်ကိုင်၏ဗဟုသုတများသည် ရန်ကိုင်ကိုယ်တိုင် နတ်ဆိုးမျိုးနွယ်စုနှင့် နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့သည့်အလား ကျယ်ပြောလွန်းလှသည်။ ထိုအကြောင်းကြောင့် လွမ်ဖုန်းနှင့် အခြားသောနတ်အရှင်များမှာလည်း ရန်ကိုင် နတ်ဆိုးမျိုးနွယ်စုအကြောင်းကို မည်ကဲ့သို့များ ဤမျှ သိနေရသလဲဆိုသည်ကို တွေးရင်း ဇဝေဇဝါဖြစ်နေကြရသည်။

ရန်ကိုင်သည် ခန်းမရှေ့တွင်ရပ်ရင်းမှ နတ်ဆိုးမျိုးနွယ်စုအကြောင်းကို တောက်လျှောက်ပြောပြနေခဲ့လေရာ အချိန်မှာ တအိအိနှင့် ကုန်ဆုံးနေခဲ့လေသည်။ ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များမှာလည်း ရန်ကိုင်ပြောပြသည်ကို သေသေချာချာ တစိုက်မတ်မတ်နှင့် နားထောင်နေကြလေ၏။

နှစ်နာရီတင်းတင်းခန့် ကြာသွားပြီးသည့်နောက် ရန်ကိုင် ရပ်လိုက်တော့သည်။ ထို့နောက်တွင် အလေးအနက်အမူအယာဖြင့် ထပ်၍ပြောလိုက်လေ၏။ “ကျုပ် ခင်ဗျားတို့ကို ကြိုပြီးတော့ သတိပေးထားစရာရှိသေးတယ်… အခုဆိုရင် ကမ္ဘာနှစ်ခုကြားက လမ်းကြောင်းတင် ပွင့်သွားတာမဟုတ်သေးဘူး… နတ်ဆိုးမျိုးနွယ်စုတွေက ကြယ်တာရာအစုအဝေးထဲကိုတောင် စပြီးတော့ ကျူးကျော်လာနေပြီ… ဒီတော့ အခုချိန်လောက်ဆိုရင် အနောက်ဘက်နယ်မြေတစ်ခုလုံး လုံးဝကို ကသောင်းကနင်းဖြစ်နေတော့မှာ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၉၁)

ဘာသာပြန်သူ_တိမ်တိုက်

“နင်ဘာပြောလိုက်တာ…” လွမ်ဖုန်းသည် ရန်ကိုင်အား မျက်မှောင်ကျုံ့၍ ကြည့်လိုက်သည်။

ရန်ကိုင်က ပြန်၍ရှင်းပြလိုက်၏။ “နတ်ဆိုးချီတွေပေါ်လာတာကို သတိထားမိလိုက်တုန်းက ကြယ်ဝိဉာဉ်နန်းတော်က သူတို့ရဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေကို အနောက်ဘက်နယ်မြေထဲမှာရှိတဲ့ ထိပ်တန်းဂိုဏ်းတွေကို အသိပေးဖို့ စေလွှတ်လိုက်တယ်… ဒါပေမယ့် လွှတ်လိုက်တဲ့လူတွေထဲက တစ်ယောက်ပဲ အသက်ရှင်လျက် ပြန်ရောက်လာတယ်… ပြန်ရောက်လာတဲ့လူကလည်း ကြယ်ချွန်ဂိုဏ်းကလူတွေအကုန်လုံး နတ်ဆိုးအသွင် ပြောင်းသွားပြီဆိုပြီးတော့ ပြန်ပြောတယ်…”

သက်ပြင်းရှိုက်သံများ ခန်းမနေရာအနှံ့အပြားဆီမှ ထွက်ပေါ်လာခဲ့ကြပြီး အကုန်လုံးမှာ ရန်ကိုင်အား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ကြည့်လာကြလေသည်။

ဤနေရာတွင် ရှိနေသည့်လူများအနက် အနည်းငယ်သည်သာ အနောက်ဘက်နယ်မြေဆီသို့ ရောက်ဖူးကြပါသော်ငြား သူတို့အနေဖြင့် အနောက်ဘက်နယ်မြေရှိ ကြယ်ချွန်ဂိုဏ်းအား မသိသည်တော့မဟုတ်ပေ။ တကယ်တော့ ကြယ်ချွန်ဂိုဏ်းသည် အနောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းပင် မဟုတ်လေလော။ သို့ပါသော်ငြား ယခုအချိန်တွင် ကြယ်ချွန်ဂိုဏ်းသားအားလုံး နတ်ဆိုးချီကူးစက်ခြင်းခံရပြီး နတ်ဆိုးများအသွင်သို့ ပြောင်းကုန်ကြလေပြီ။

အစောပိုင်းက ရန်ကိုင်ပြောသွားခဲ့သော စကားနှင့် ထပ်ပေါင်းလာသော် လူတိုင်းမှာ ရန်ကိုင် ဘာအား ပြောချင်နေသလဲဆိုသည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။

ဖန်းဝူသည် မျက်နှာကြီးမှုန်ကုပ်လျက် မေးလိုက်လေသည်။ “ဒီတော့ အနောက်ဘက်နယ်မြေက ဂိုဏ်းတွေအကုန်လုံး နတ်ဆိုးမျိုးနွယ်စုရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားတာပေါ့…”

ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “အဲ့ဒါကို သေချာအတည်မပြုရသေးဘူးဆိုပေမယ့် ကျုပ်တို့သိထားသလောက်ဆိုရင်တော့ ရှစ်ဆယ်ရာခိုင်နှုန်းကနေ ကိုးဆယ်ရာခိုင်နှုန်းအထိ သေချာတယ်… ခင်ဗျားတို့လည်း တောင်ဘက်နယ်မြေက ရှေးဟောင်းကျောင်းတော်ကိစ္စမှာ ဝင်ပါဖူးတာပဲ… အဲ့တုန်းကသာ ကျုပ်တို့ မသွားခဲ့ဖူးဆိုရင် အခုချိန် တောင်ဘက်နယ်မြေ ဘာဖြစ်နေမလဲဆိုတာကို စဉ်းစားကြည့်လို့ရမှာပေါ့… တောင်ဘက်နယ်မြေလည်း အနောက်ဘက်နယ်မြေလမ်းစဉ်အတိုင်း ဖြစ်သွားမှာ… ဒါပေမယ့် ကျုပ်တို့ သွားကူညီခဲ့လို့ တောင်ဘက်နယ်မြေက အဲ့လိုအဖြစ်ဆိုးမျိုးနဲ့ မကြုံခဲ့ရဘူး… အနောက်ဘက်နယ်မြေကတော့ တောင်ဘက်နယ်မြေလောက် ကံမကောင်းခဲ့ဘူးလို့ပဲ ပြောရမှာပေါ့…”

“ဒါဆို ငါတို့က အတွင်းရေးပြဿနာကိုရော အပြင်ပြဿနာကိုရော ရှင်းရမှာပေါ့…” ဖန်းဝူက ခါးသက်သက်အမူအယာဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ “ဒါကတော့ လတ်တလောအခြေအနေပဲ… ကျုပ် ခင်ဗျားတို့ကို အခုလိုမျိုးပြောထားတာ နတ်ဆိုးမျိုးနွယ်စုကို ကြောက်ဖို့လည်းမဟုတ်ဘူး… သူတို့ရဲ့အစီအစဉ်တွေကို လန့်နေဖို့လည်းမဟုတ်ဘူး… နတ်ဆိုးမျိုးနွယ်စုက ကျုပ်တို့ကြယ်တာရာအစုအဝေးကို ကျူးကျော်လာတယ်ဆိုပေမယ့် ကျုပ်တို့ကြယ်တာရာအစုအဝေးကို မဟာဧကရာဇ်တွေက စောင့်ကြပ်နေတာ… အခု ကျုပ်တို့စကားပြောနေတဲ့အချိန်မှာတောင် အခြားနယ်မြေက ကျင့်ကြံသူတွေက အနောက်ဘက်နယ်မြေဆီသွားဖို့ ဦးတည်နေကြပြီ… ဒီတော့ ကျုပ်တို့အကုန်လုံးသာ အတူတူပူးပေါင်းပြီး စည်းလုံးညီညွှတ်နေမယ်ဆိုရင် အဲ့နတ်ဆိုးမျိုးနွယ်စုလောက်ကို ကြောက်နေစရာလိုမှာလား… ဒီနေ့က ခင်ဗျားတို့နာမည်ကို သမိုင်းမှတ်တမ်းထဲမှာ မှတ်ကျောက်တင်ရမယ့်နေ့ပဲ… ဒီတော့ ဒီလိုအခွင့်အရေးမျိုးကို လုံးဝ လက်လွတ်ခံလို့မဖြစ်ဘူး…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်လျက် “ခင်ဗျားတို့ ထပ်မေးချင်တာတွေ ရှိသေးလား…”

ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့သည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် လက်ဝှေ့ယမ်းကာ ပြောလိုက်လေ၏။ “ကဲ… အဲ့ဒါဆိုလို့ရှိရင်တော့ ခင်ဗျားတို့ဂိုဏ်းအသီးသီးက တပည့်တွေအကုန်လုံးကို ဟင်းလင်းပြင်အစီအရင်နားမှာ စုဝေးဖို့ ပြောလိုက်ကြပါဦး… ကျုပ် မကြာခင် ခင်ဗျားတို့အားလုံးကို အနောက်ဘက်နယ်မြေဆီ ပို့ပေးမယ်…”

ထိုသို့ဖြင့် ခန်းမထဲရှိလူအုပ်ကြီးမှာ အသီးသီး ခွဲထွက်သွားကြပြီး ဟင်းလင်းပြင်အစီအရင်နားသို့ ဦးတည်သွားကုန်ကြလေသည်။

မကြာမီ ဟင်းလင်းပြင်အစီအရင်နား၌ လူအုပ်ကြီး ဖြစ်လာခဲ့သည်။ အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့်နှင့်အထက် ကျင့်ကြံသူအယောက်တစ်သိန်းခန့် ဟင်းလင်းပြင်အစီအရင်နားတွင် စုဝေးနေကြလေသည်။ သို့ပါသော်ငြား ဤလူတစ်သိန်းဟူသော ပမာဏမှာ မြောက်ဘက်နယ်မြေထဲရှိ တန်ခိုးရှင်ဘုရင်အဆင့်နှင့်အထက် ကျင့်ကြံသူအားလုံးကို မဆိုလိုပေ။ ဤသည်မှာ မြောက်ဘက်နယ်မြေမှ စေလွှတ်နိုင်သည့် လူအင်အားပမာဏနှင့် အများကြီး ကွာနေပေသေးသည်။ သို့ပါသော်ငြား အမျိုးမျိုးသောဂိုဏ်းများနှင့် မိသားစုများအဖို့ ၎င်းတို့၏ အဖွဲ့ဝင်အားလုံးကို စေလွှတ်ဖို့ရာ မဖြစ်နိုင်ပေ။ လူအင်အားအတန်အသင့်ကို ချန်၍ သူတို့၏ဂိုဏ်းများကိုလည်း ကာကွယ်ထားရပေဦးမည်။

ဤလူတစ်သိန်းဟူသော ပမာဏသည် ရှေ့ပြေးကင်းထောက်စစ်တပ်တစ်ခုသာ ဖြစ်လေသည်။ တကယ်တော့ နတ်ဆိုးမျိုးနွယ်စု မည်မျှအားကောင်းသလဲဆိုသည်ကို မည်သူမျှ မသိရသေးပေ။ အခြေအနေသည် သူတို့ထင်ထားသည်ထက် ပိုမိုဆိုးရွားနေမှသာလျှင် နောက်ထပ်လူများ ထပ်စေလွှတ်၍လည်း ကိစ္စမရှိသေးပေ။ မည်သို့ပင်ဖြစ်နေစေကာမူ မြောက်ဘက်နယ်မြေအနှံ့ ရန်ကိုင်ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်များ ရှိနေကြသည်မဟုတ်ပေလော။ ထို့ကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလာဖို့ရာ အတော်လေးကိုမှ အဆင်ပြေသည့်အတွက်ကြောင့် လူထပ်လိုပါကလည်း သူတို့အနေဖြင့် ဟင်းလင်းပြင်အစီအရင်များမှတစ်ဆင့် သူတို့၏လူများကို အနောက်ဘက်နယ်မြေဆီသို့ ထပ်မံစေလွှတ်နိုင်ပေသည်။

ထက်ကောင်းကင်နန်းတော်ကိုယ်တိုင်ကမူ တပည့်တစ်သောင်းကို စေလွှတ်နိုင်ပါသော်ငြား လက်ရှိအချိန်တွင်တော့ ငါးထောင်ကိုသာ စေလွှတ်ထားပေသည်။ သို့ပါသော်ငြား ဤပမာဏသည် အင်အားစုတစ်ခုတည်းမှ စေလွှတ်နိုင်သည့် မည်သည့်လူအင်အားအရေအတွက်ထက်မဆို ပိုမိုသာလွန်နေပေသည်။

ရန်ကိုင်သည် လေဟာနယ်နိယာမကို အသက်သွင်းရင်းမှ ကျင့်ကြံသူများအား အနောက်ဘက်နယ်မြေဆီသို့ တစ်သုတ်ပြီးတစ်သုတ် စေလွှတ်နေခဲ့လေသည်။ အကုန်လုံးမှာ အစီတကျသွားနေခဲ့သည်။ မည်သူမျှ အထွန့်မတက်သလို ပြဿနာလည်းမရှာပေ။ ရန်ကိုင်မှာ ဤဟင်းလင်းပြင်အစီအရင်အား အကြီးကြီးဖန်တီးထားခဲ့သည်မှာ ကံကောင်းသွားခဲ့သည်။ ထိုအကြောင်းကြောင့် တစ်ခါပို့ဆောင်လျှင် လူအယောက်တစ်ရာခန့် ပို့ဆောင်နိုင်ပေသည်။

သို့ပင်ဖြစ်လင့်ကစား လူတစ်သိန်းလုံးကို ပို့ဆောင်ဖို့ရာ ရန်ကိုင်အနေဖြင့် ဤဟင်းလင်းပြင်အစီအရင်ကို အကြိမ်တစ်ထောင်ခန့် အသက်သွင်းရန် လိုအပ်ပေသေးသည်။

တစ်ရက်နှင့် နှစ်ရက်ကြား ကြာပြီးသည့်နောက်မှသာလျှင် ရန်ကိုင်မှာ လူတစ်သိန်းလုံးအား အနောက်ဘက်နယ်မြေဆီသို့ ပို့ဆောင်လို့ ပြီးသွားခဲ့သည်။ ထိုသို့ပို့ဆောင်လို့ပြီးသွားချိန်တွင် သူကိုယ်တိုင်မှာလည်း အလွန်ကိုမှ ပင်ပန်းနွမ်းနွယ်သွားတော့လေသည်။ ယခု အနားယူချိန် ရလာပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ဆေးလုံးအချို့ကိုထုတ်ကာ တင်ပလင်ခွေထိုင်၍ အနားယူအားပြန်ဖြည့်လေသည်။

ယုရုမန်ကမူ ရန်ကိုင်ဘေးနားတွင် ရပ်နေလေသည်။

တစ်ခဏအကြာ၌ ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့ပြီး ဟွာချင်းစီဘက်သို့လှည့်၍ “အစ်မဟွာ… ဂိုဏ်းကို အစ်မဟွာလက်ထဲ အပ်ထားခဲ့မယ်နော်…”

ဟွာချင်းစီက ခေါင်းညိတ်ပြလိုက်၏။ “ကိစ္စမရှိဘူး… ငါ့လက်ထဲသာ ထားခဲ့လိုက်….”

ထို့နောက်တွင် ရန်ကိုင်သည် ယုရုမန်နှင့်အတူ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်လေ၏။

အလင်းတဖျတ်ဖျတ် လက်သွားပြီးသည့်နောက် ရန်ကိုင်တို့နှစ်ဦး အနောက်ဘက်နယ်မြေ၌ ပြန်ပေါ်လာကြလေသည်။

သူတို့ပြန်ပေါ်လာသည့်နေရာသည် မြောက်ဘက်နယ်မြေမှ လူပေါင်းတစ်သိန်းဖြင့် ပြည့်နှက်နေခဲ့လေသည်။ အချို့လူများဆိုလျှင် လေပေါ်တွင်ဝဲ၍ အဝေးတစ်နေရာဆီသို့ အလေးအနက်အမူအယာများဖြင့် စိုက်ကြည့်နေကြလေ၏။

ဘေးပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဤနေရာ၌ မြောက်ဘက်နယ်မြေနှင့် ရှေးဟောင်းတောအုပ်ကြီးမှ ကျင့်ကြံသူများသာ ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ တောင်ဘက်နယ်မြေနှင့် အရှေ့ဘက်နယ်မြေမှ ကျင့်ကြံသူများကို မည်သည့်နေရာတွင်မှ မတွေ့ရသေးပေ။

ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့မဟုတ်။ တောင်ဘက်နယ်မြေနှင့် အရှေ့ဘက်နယ်မြေတွင် ကြယ်ဝိဉာဉ်နန်းတော်နှင့် ရှုယဉ်သာနန်းတော်တို့ ရှိနေကြပါသော်ငြား သူတို့တွင် ဟင်းလင်းပြင်အစီအရင်များများစားစား မရှိနေပေ။ မြောက်ဘက်နယ်မြေတွင်မူ ရန်ကိုင်ကိုယ်တိုင် ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်ပေါင်းများစွာ ရှိနေသည့်အတွက်ကြောင့် ကျင့်ကြံသူများအဖို့ သွားလာဖို့ရာ ပိုမိုလွယ်ကူပေသည်။

သို့ပါသော်ငြား အခြားသောနယ်မြေကြီးနှစ်ခုမှ ကျင့်ကြံသူများ ဤနေရာသို့ ရောက်လာဖို့ရာ အချိန်အကြာကြီး မလိုလောက်ပေ။

ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည့်နောက် လူအုပ်ကြီးရှေ့တွင် မိုဟွမ်ကို သွားတွေ့လေသည်။ ထိုအခါ မိုဟွမ်ဆီသို့ ချက်ချင်းပျံသန်းသွား၍ နှုတ်ဆက်လိုက်လေ၏။ “မင်္ဂလာပါ စီနီယာ…”

“ပြန်ရောက်လာပြီလား…” မိုဟွမ်က ခေါင်းညိတ်ပြလိုက်သည်။

ရန်ကိုင်သည် အဝေးသို့ လှမ်းကြည့်ရင်းမှ မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။ “အခု အခြေအနေ ဘယ်လိုရှိလဲ…”

မိုဟွမ်က ပြန်၍ပြောလိုက်သည်။ “နတ်ဆိုးချီက ဆက်ပြီးတော့ ပြန့်မလာနေတော့ဘူး… ဒါပေမယ့် နတ်ဆိုးတွေက စပြီးတော့ ပြင်ဆင်နေကြပြီ… ငါစစ်ဆေးကြည့်ရသလောက်တော့ ဟင်းလင်းပြင်လိုဏ်ခေါင်းထဲကနေ ထွက်လာတဲ့နတ်ဆိုးတွေ အနည်းဆုံး တစ်သန်းလောက်ရှိတယ်…”

“တစ်သန်း…” ရန်ကိုင် ထိတ်လန့်သွားတော့သည်။

မူလကမူ တစ်ခဏလေးအတွင်း လူတစ်သိန်းကို စုစည်းနိုင်ခဲ့သည့်အတွက်ကြောင့် အနောက်ဘက်နယ်မြေရှိ ကိစ္စကို အတန်အသင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ဤကဲ့သို့သော သတင်းဆိုးမှ သူ့အား စောင့်ကြိုနေလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။

လူတစ်သိန်းနှင့် တစ်သန်း…။ ဤအရာသည် ဆယ်ဆတစ်ဆ ဖြစ်လေသည်။

မိုဟွမ်သည် ရန်ကိုင်ကိုကြည့်၍ ရှင်းပြလိုက်လေ၏။ “နတ်ဆိုးမျိုးနွယ်စုအရေအတွက်က အတော်လေးများတယ်ဆိုပေမယ့် အဲ့ကောင်တွေရဲ့ခွန်အားက ဘာမှဒီလောက်မဟုတ်ဘူး… ငါတို့ဘက်မှာ အခုလောလောဆယ် လူတစ်သိန်းလောက်ပဲ ရှိသေးဦးမယ်ဆိုပေမယ့် အဲ့တစ်သိန်းရဲ့ကျင့်ကြံခြင်းက အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့်ရောက်ပြီးသားလေ… ဒီတော့ နှစ်ဖက်အဖွဲ့သာ တကယ်ကြီးတိုက်ခိုက်ကြမယ်ဆိုရင် နတ်ဆိုးမျိုးနွယ်စု ငါတို့ရဲ့ပြိုင်ဘက် မဖြစ်နိုင်လောက်ဘူး…”

ထိုစကားကိုကြားသည့်အခါမှသာလျှင် ရန်ကိုင် စိတ်သက်သာရာ ရသွားတော့သည်။

တစ်နည်းဆိုရသော် သန်းဂဏန်းချီသည့် နတ်ဆိုးစစ်တပ်မှာ ကြောက်မက်ဖွယ်ကောင်းသယောင် ထင်ရပါသော်ငြား တကယ့်တကယ်တွင်တော့ ထိုနတ်ဆိုးများမှာ အားနည်းလှသည့်နတ်ဆိုးများသာ ဖြစ်ကြပေသည်။ နတ်ဆိုးမျိုးနွယ်စု၏ တကယ့်စစ်တပ်မှာ ပြင်ဆင်နေဆဲသာ ရှိပေသေးသည်။

မိုဟွမ်က ထပ်၍ပြောလိုက်သည်။ “ဒါပေမယ့် ငါတို့ အဲ့နတ်ဆိုးတွေကို ပေါ့သေးသေးတော့ တွက်လို့မရဘူး… တစ်ခဏလေးအတွင်းမှာတောင် ဒီလောက်အများကြီး လူစုနိုင်တယ်ဆိုတော့ နောက်ထပ်နတ်ဆိုးတွေက မကြာခင် ထပ်ပြီးတော့ ရောက်လာဦးမှာပဲ…”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။

တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ… အရင်ပဲ စောင့်ကြည့်မလား… ဒါမှမဟုတ် ဦးအောင်တိုက်ခိုက်မှာလား…”

တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် မိုဟွမ်က ပြန်၍ပြောလိုက်၏။ “အခုလောလောဆယ်တော့ ခုပဲ ခုခံထားပြီးတော့ အခြေအနေကို စောင့်ကြည့်ဦးမလားလို့… အခုလိုအခြေအနေမျိုးမှာ အချိန်ဆွဲလေဆွဲလေ ငါတို့အတွက် ပိုကောင်းလေပဲ… အဲ့ဒါမှပဲ တောင်ဘက်နယ်မြေနဲ့ အရှေ့ဘက်နယ်မြေက ကျင့်ကြံသူတွေ ရောက်လာနိုင်မှာ… ဒါကြောင့် အခုလောလောဆယ် ငါတို့ရဲ့ဦးစားပေးက ဟင်းလင်းပြင်အစီအရင်ကို ကာကွယ်ထားဖို့ပဲ… အခြားနယ်မြေနှစ်ခုက စစ်ကူတွေ ရောက်လာတော့မှပဲ တိုက်ခိုက်လို့လည်း နောက်မကျသေးဘူး…”

ရန်ကိုင်လည်း ခေါင်းညိတ်သဘောတူလိုက်လေသည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် မိုဟွမ်က ဆက်၍ပြောလိုက်၏။ “ညအရိပ်က နတ်ဆိုးမျိုးနွယ်စုရဲ့ မျိုးဆက်တစ်ယောက်ပဲ…”

“ဘယ်လို…” ရန်ကိုင် လုံးဝကို ထိတ်လန့်သွားတော့သည်။ ကြယ်တာရာအစုအဝေး၏ ထိပ်ဆုံးတွင် ရပ်တည်နေသော ညအရိပ်မဟာဧကရာဇ်မှာ မည်သည့်အကြောင်းကြောင့်များ နတ်ဆိုးမျိုးနွယ်စုနှင့် ပူးပေါင်းရသလဲဆိုသည်ကို ရန်ကိုင် မတွေးတတ်နိုင်အောင် ဖြစ်ခဲ့ရသည်။ နတ်ဆိုးမျိုးနွယ်စုသည် သူ့အား မည်ကဲ့သို့သော အကျိုးအမြတ်မျိုးကို ပေး၍များ ကြယ်တာရာအစုအဝေးကို သစ္စာဖောက်၍ နတ်ဆိုးမျိုးနွယ်စုနှင့် ပူးပေါင်းသွားရလေသနည်း။

ယခု မိုဟွမ်ပြောပြသည်ကို ကြားသည့်အခါမှသာလျှင် ရန်ကိုင်နားလည်သွားရတော့သည်။

နတ်ဆိုးမျိုးနွယ်စုမှ ညအရိပ်အား မည်သည့်အကျိုးအမြတ်မှ ပေးထားခြင်းမဟုတ်ဘဲ ညအရိပ်ကိုယ်တိုင်ကကို နတ်ဆိုးမျိုးနွယ်စုဝင်တစ်ဦး ဖြစ်နေခြင်းပင်။

“အရိပ်နတ်ဆိုးလား…” ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့သည်။

မိုဟွမ်သည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်၍ မေးလိုက်လေ၏။ “မင်း အရိပ်နတ်ဆိုးကလန်အကြောင်း တကယ်ကြီးသိတာလား…”

ရန်ကိုင်က ခေါင်းညိတ်၍ ရှင်းပြလိုက်လေသည်။ “ဂျူနီယာ ဟိုးအရင်တစ်ခါတုန်းက သီးခြားကမ္ဘာတစ်ခုထဲမှာ နတ်ဆိုးမျိုးနွယ်စုနဲ့ တိုက်ခိုက်ဖူးပါတယ်…”

ထိုစကားကိုကြားသည့်အခါ မိုဟွမ်မှာ ပို၍ကို ထိတ်လန့်သွားခဲ့ရလေသည်။ မည်ကဲ့သို့သောသီးခြားကမ္ဘာသည် နတ်ဆိုးမျိုးနွယ်စုများအား ခိုလှုံခွင့်ပေးထားသလဲဆိုသည်ကို သူလုံးဝနားမလည်ခဲ့ပေ။ သို့ပါသော်ငြား ထိုအကြောင်းများကို သွားမေးမနေခဲ့ဘဲ ပြန်၍သာ ပြောလိုက်လေ၏။ “မင်းသိထားတာ ကိစ္စမရှိဘူး… အခြားသူတွေကိုတော့ လျှောက်မပြောနဲ့…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဂျူနီယာမှတ်ထားပါမယ်…”

(မဟာဧကရာဇ်သုံးပါး နတ်ဆိုးနယ်မြေကပြန်လာတုန်းက ညအရိပ်အကြောင်းမပြောချင်တာ ဒါကြောင့်ကိုး… ညအရိပ်ကိုယ်တိုင်က နတ်ဆိုးမျိုးနွယ်စုဝင်တစ်ဦး ဖြစ်နေတာကိုး… ကြယ်တာရာအစုအဝေးက ကျင့်ကြံသူတွေသာ မဟာဧကရာဇ်ဆယ်ပါးထဲက တစ်ပါးက နတ်ဆိုးမျိုးနွယ်စုဝင်တစ်ဦး ဖြစ်နေတယ်ဆိုတာကို သိသွားလို့ရှိရင်တော့ သူတို့ရဲ့ယုံကြည်ချက်တွေ လုံးဝ ယိုင်နဲ့သွားမှာပဲ…)

မဟာဧကရာဇ်များသည် ကြယ်တာရာအစုအဝေးထဲရှိ သိုင်းတာအို၏ အထွဋ်အထိပ်ကို ကိုယ်စားပြုပေသည်။ ဘီလျံနှင့်ချီသော ကျင့်ကြံသူများ၏ ယုံကြည်ကိုးစားရာလည်းဖြစ်သည်။ ထိုသို့ဖြစ်လေရာ ထိုကဲ့သို့သော ယုံကြည်ကိုးစားထိုက်သည့်လူတစ်ဦးမှာ နတ်ဆိုးမျိုးနွယ်စုဝင်တစ်ဦး ဖြစ်နေသည်ကို သိသွားခဲ့လျှင် အခြားသူများ မည်ကဲ့သို့ ဖြစ်သွားပါမည်နည်း။

အခြားသောဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဦးသာ မေးလာခဲ့မည်ဆိုလျှင် မိုဟွမ်အနေဖြင့် ထိုအကြောင်းကို ပြောပြခဲ့လိမ့်မည်မဟုတ်ပါသော်ငြား ရန်ကိုင်မှာ သာမန်ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး မဟုတ်သည့်အတွက်ကြောင့် ထိုကဲ့သို့သော လျှို့ဝှက်ချက်မျိုးကို ရန်ကိုင်အနေဖြင့် သိဖို့ရာ ထိုက်တန်သည်ဟု မိုဟွမ်ယူဆလိုက်ခြင်းပင် ဖြစ်လေသည်။

မိုဟွမ်က သက်ပြင်းချ၍ ပြန်ပြောလိုက်လေသည်။ “ညအရိပ် အရင်တုန်းက အခြားဘယ်သူတွေနဲ့မှ သိပ်ပြီးတော့ အဆက်အဆံမလုပ်တာလည်း အဲ့ဒါကြောင့်ပဲ…”

ညအရိပ်မဟာဧကရာဇ်သည် နတ်ဆိုးမျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူသည်သာ အခြားသောမဟာဧကရာဇ်များနှင့် မကြာခဏ အဆက်အဆံလုပ်နေမည်ဆိုပါက အခြားသောမဟာဧကရာဇ်များသည် သူနှင့်ပတ်သက်၍ တစ်ခုခုထူးဆန်းနေသည်ကို သတိထားမိသွားပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် ညအရိပ်မှာ သူ့ဘာသာသူ အမြဲတမ်း တစ်ကိုယ်တည်းနေနေခြင်းပင် ဖြစ်လေသည်။

“သူဘယ်အချိန်ကများ နတ်ဆိုးနယ်မြေနဲ့ အဆက်အသွယ်ရသွားပြီးတော့ အခုလိုမျိုး အစီအစဉ်တွေ ဆွဲခဲ့လဲဆိုတာကိုတော့ ငါတော့မသိဘူး… သူလုပ်ခဲ့တာကတော့ သံမဏိသွေးနဲ့ လမင်းကို မျှားခေါ်ပြီးတော့ သူတို့နှစ်ဦးရဲ့စွမ်းအားကို သုံးပြီး အဲ့ကသီးခြားကမ္ဘာကို ဖျက်ဆီးပစ်လိုက်တာပဲ… ဒီတော့ ကမ္ဘာနှစ်ခုကြားက အတားအဆီးက ယိုင်နဲ့သွားပြီးတော့ ကမ္ဘာနှစ်ခုကြားမှာ ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခု ဖြစ်ပေါ်လာရော…” မိုဟွမ်က ခါးသက်သက်အမူအယာဖြင့် ပြုံးလျက် “အဲ့သီးခြားကမ္ဘာကလည်း နတ်ဆိုးနယ်မြေနဲ့ ကြယ်တာရာအစုအဝေးကြားထဲမှာမှ သွားပြီးတော့ ရှိနေတာ… အဲ့သီးခြားကမ္ဘာသာ ရှိနေသေးရင် ကိစ္စမရှိဘူးဆိုပေမယ့် အခုက ပျက်စီးသွားပြီဆိုတော့ ကမ္ဘာနှစ်ခုကြားထဲမှာ လုံးဝကို ခိုင်ခံ့တဲ့ ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခုက ဖြစ်ပေါ်သွားရော…”

ရန်ကိုင်က ထူးထူးဆန်းဆန်းအမူအယာဖြင့် “ဒီတော့ ညအရိပ်မဟာဧကရာဇ်က သံမဏိသွေးနဲ့ လမင်းမဟာဧကရာဇ်တို့ကို အသုံးချသွားတာပေါ့…”

မိုဟွမ်က ရန်ကိုင်အား ချက်ချင်းပဲ သတိပေးလိုက်လေသည်။ “အဲ့အကြောင်းကို သူတို့ရှေ့မှာ သွားမပြောနဲ့နော်… တော်ကြာ မင်း နုတ်နုတ်စင်းခံနေရလိမ့်မယ်…”

ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “အဲ့ဒါဆို ဂျူနီယာ မမေးဘူးလို့ပဲ သဘောထားလိုက်ပါ…”

မိုဟွမ်က ထပ်၍ ပြောလိုက်လေ၏။ “အဲ့နောက်ပိုင်း ရှုယဉ်သာနဲ့ငါ နတ်ဆိုးနယ်မြေထဲကို ကမ္ဘာနှစ်ခုကြားမှာ ဖြစ်ပေါ်နေတဲ့ လမ်းကြောင်းကနေတစ်ဆင့် ဝင်သွားတယ်… အဲ့မှာ သံမဏိသွေးနဲ့ လမင်းတို့ တိုက်ခိုက်နေတာကို တွေ့တော့ ချက်ချင်းသွားကူပေးတာ… ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မင်းသိတဲ့အတိုင်းပေါ့… လမင်း အဲ့မှာကျန်ခဲ့ပြီးတော့ ငါတို့တွေက ရှက်ရှက်နဲ့ ပြန်ပေးလာရတယ်…”

ရန်ကိုင်က ပြန်၍မေးလိုက်လေသည်။ “မဟာဧကရာဇ်လေးပါးတောင် သူတို့ရဲ့ပြိုင်ဘက် မဟုတ်ဘူးပေါ့…”

မိုဟွမ်က ရှင်းပြလိုက်လေသည်။ “တစ်ဖက်အဖွဲ့က လုံးဝကို ပြင်ဆင်ထားတာလေ… အဲ့မှာ နတ်ဆိုးသူတော်စင်ခြောက်ယောင်တောင် ရှိနေတာ… နတ်ဆိုးသူတော်စင်တွေက ငါတို့ ဒီဘက်က မဟာဧကရာဇ်တွေနဲ့ ယှဉ်လို့ရတယ်…” ရန်ကိုင် နတ်ဆိုးသူတော်စင်များအကြောင်းကို မသိဟု ထင်လျက် မိုဟွမ်မှာ သေသေချာချာကို ရှင်းပြနေခဲ့သည်။

“ခြောက်ပါး…” ရန်ကိုင် သက်ပြင်းရှိုက်သွားခဲ့လေသည်။

သို့ပါသော်ငြား ထိုကဲ့သို့ပြောနေရသည့်တိုင် လေးယောက်ခြောက်ယောက် တိုက်ခိုက်ပြီး မဟာဧကရာဇ်သုံးပါး လုံလုံခြုံခြုံနှင့် တစ်ဖက်လူ၏နယ်မြေထဲမှ ပြန်ထွက်လာနိုင်ခဲ့သည်မှာ မဟာဧကရာဇ်များ၏ခွန်အားကို ကိုယ်စားပြုနေပေသည်။ သို့ပါသော်ငြား ထိုကဲ့သို့ အောင်အောင်မြင်မြင် ထွက်ပြေးလာနိုင်ဖို့ရာအတွက် လမင်းမဟာဧကရာဇ်မှာ နတ်ဆိုးနယ်မြေထဲ စတေးခံအဖြစ် ကျန်ခဲ့ရသည်။

ထိုအချက်ကိုစဉ်းစားမိလိုက်သော် ရန်ကိုင်စိတ်ထဲ လေးလည်းလေးစားမိသလို အံ့ဩတကြီးလည်း ဖြစ်သွားခဲ့ပြီးသည့်နောက် စိုးရိမ်တကြီးလည်း ပြန်၍မေးလိုက်လေ၏။ “စီနီယာလမင်း နတ်ဆိုးနယ်မြေထဲမှာ ကျန်ခဲ့တာ သူ ဘာမှတော့မဖြစ်လောက်ပါဘူးနော်… ဟုတ်တယ်မလား…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၉၂)

ဘာသာပြန်သူ_တိမ်တိုက်

“အခုလောလောဆယ်တော့ မဟုတ်သေးဘူး… သူ လွတ်ရင် လွတ်လာလောက်သေးတယ်…”

ရန်ကိုင်က ပြန်၍မေးလိုက်လေသည်။ “စီနီယာ ဘာဖြစ်လို့ အခုလိုမျိုး တပ်အပ်ပြောနိုင်ရတာလဲ…”

လမင်းမဟာဧကရာဇ်မှာ မိုဟွမ်နှင့် အခြားသူများ ထွက်ပြေးနိုင်ရန်အတွက် တစ်ယောက်တည်းကျန်ရစ်ကာ ခြောက်ယောက်တစ်ယောက် ထိန်းထားခဲ့ရလေသည်။ ထိုသို့ဖြစ်လေရာ လမင်းမဟာဧကရာဇ်မှာ မည်ကဲ့သို့များ ထွက်ပြေးလွတ်မြောက်နိုင်ပါမည်နည်း။ လမင်းမဟာဧကရာဇ် သေသွားသည်မှာ ဖြစ်နိုင်ချေအများဆုံး ရလဒ်တစ်ခု ဖြစ်ပေသည်။

မိုဟွမ်ကမူ ပြုံး၍သာ ပြန်ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် လမင်းကလည်း မဟာဧကရာဇ်တစ်ပါးပဲလေ… ဒီတော့ သူ့ကိုဖမ်းဖို့က ဒီလောက်လွယ်တာမဟုတ်ဘူး… ပြီးတော့ သူသာသေသွားမယ်ဆိုရင် ငါ အာရုံခံမိလိမ့်မယ်…”

မည်ကဲ့သို့အာရုံခံမိမလဲဆိုသည်ကိုတော့ မိုဟွမ်မှာ ရှင်းမပြခဲ့ပေ။ သို့ပါသော်ငြား ထိုကိစ္စမှာ ကြယ်တာရာအစုအဝေးနှင့် ပတ်သက်နေလိမ့်မည်မှန်းတော့ ရန်ကိုင် ခန့်မှန်းမိပေသည်။ မဟာဧကရာဇ်ဆယ်ပါးလုံးသည် ကြယ်တာရာအစုအဝေးမှ အသိအမှတ်ပြုထားကြသူများ ဖြစ်ကြလေရာ မဟာဧကရာဇ်တစ်ပါးပါးသာ ကျဆုံးသွားခဲ့မည်ဆိုလျှင် ကြီးကျယ်ခမ်းနားသည့် အဖြစ်အပျက်ကြီးတစ်ရပ် ဖြစ်လာပေလိမ့်မည်။

ရန်ကိုင်တို့နှစ်ဦး စကားပြောနေစဉ် မိုဟွမ်သည် ရုတ်တရက် မျက်ခုံးပင့်၍ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ရင်းမှ သုန်သုန်မှုန်မှုန်လေသံဖြင့် ပြောလိုက်လေသည်။ “ဟိုဘက်မှာ စနေပြီနဲ့တူတယ်…”

ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့ပြီး လှမ်း၍ကြည့်လိုက်လေသည်။ ထို့နောက် မိုဟွမ်ပြောသည့်အတိုင်း မရေမတွက်နိုင်သော နတ်ဆိုးများသည် နတ်ဆိုးချီထုအတွင်းပိုင်းမှနေ၍ အပြင်ဘက်ဆီသို့ တဖြည်းဖြည်းနှင့် ချီတက်လာနေကြောင်းကို တွေ့လိုက်ရသည်။ ကြည့်ရသလောက် နတ်ဆိုးများမှာ စတင်တိုက်ခိုက်ကြတော့မည့်ပုံပင်။

မိုဟွမ် မျက်နှာပျက်သွားတော့သည်။ “ဟင်းလင်းပြင်အစီအရင်ကို ရှာတွေ့သွားပြီးတော့ စစ်ကူတွေရောက်မလာခင် ဟင်းလင်းပြင်အစီအရင်ကို ဖျက်ဆီးပစ်ချင်နေကြတာနဲ့တူတယ်…”

တကယ်တော့ လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဤနေရာ၌ ပညာရှင်အနည်းငယ်သာ ရှိခဲ့သည်မဟုတ်ပေလော။ သို့ပါသော်ငြား ယနေ့တွင်မူ အားကောင်းလှသည့် ကျင့်ကြံသူတစ်သိန်း ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။ နတ်ဆိုးမျိုးနွယ်စုမှာ မျက်ကန်းများမဟုတ်ကြလေရာ ထိုအချက်အား သတိမထားမိစရာအကြောင်း မရှိပေ။ စဉ်းစားတတ်သည့်မည်သူမဆို ဤနေရာတွင်ရှိနေသော ဟင်းလင်းပြင်အစီအရင်အား ဖျက်ဆီးရန် ကျိန်းသေ ကြိုးစားကြပေလိမ့်မည်။

နတ်ဆိုးမျိုးနွယ်စု၏ သန်းနှင့်ချီသော စစ်တပ်ကြီးမှာ စည်းချက်ညီညီ ချီတက်လာနေခဲ့လေရာ သံပြိုင်ခြေသံများမှာ ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်လာခဲ့လေသည်။ မြေပြင်တစ်ခုလုံးမှာလည်း နတ်ဆိုးစစ်သည်များ၏ သံပြိုင်ခြေသံများကြောင့် စတင်၍ တုန်ခါလာတော့လေ၏။

ထိုအချက်ကို မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများ မည်ကဲ့သို့များ သတိမထားမိဘဲ နေပါမည်နည်း။ အကုန်လုံးမှာ ကြောက်မက်ဖွယ်ရာလူတစ်ဦးအား ရင်ဆိုင်ရတော့မည့်အလား ကယောက်ကယက် ဖြစ်ကုန်လေသည်။

မိုဟွမ်သည် အနောက်ဘက်သို့လှည့်ကြည့်ရင်းမှ အော်ပြောလိုက်လေ၏။ “မင်းတို့မြောက်ဘက်နယ်မြေက ကျင့်ကြံသူတွေမလား… သူတို့ကို သွားထိန်းချုပ်လိုက်… ဇဝေဇဝါတွေ မဖြစ်စေနဲ့…”

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီးသည့်နောက် မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများ ရှိနေရာဆီသို့ ပျံသန်းသွားကာ အော်ပြောလိုက်လေသည်။ “အကုန်လုံး… တိုက်ခိုက်ဖို့ပြင်ကြမယ်…”

ချက်ချင်းဆိုသလို လူတစ်ဦးသည် ရန်ကိုင်အား လာရောက်နှုတ်ဆက်ပြီးသည့်‌နောက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… နတ်ဆိုးမျိုးနွယ်စု ချီတက်လာနေပြီလား…”

ထိုလူသည် ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အသက်ငါးဆယ်အရွယ်လောက် ရှိမည်ထင်ရသည်။ ရန်ကိုင်မှာ ထိုလူအား ရင်းနှီးနေသလို ခံစားနေရပါသော်ငြား ထိုလူ မည်သည့်ဂိုဏ်းမှ လာသလဲဆိုသည်ကိုတော့ မမှတ်မိတော့ပေ။ သူသိသလောက် ဤလူသည် သူနှင့်အတူ တပည့်သုံးရာကို အတူခေါ်လာခဲ့သော ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည်ဟူသော အချက်သာ ရှိပေသည်။

လက်ရှိအချိန်တွင်မူ ထိုလူမှာ အနည်းငယ် အထိတ်ထိတ် အလန့်လန့် ဖြစ်နေလေ၏။

ကြယ်တာရာအစုအဝေးထဲရှိ ကျင့်ကြံသူများသည် တစ်ယောက်ချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ တိုက်ခိုက်ဖူးကြပေသည်။ ဧကရာဇ်အဆင့်သို့ ရောက်လာသည့် မည်သူမျှ သွေးခင်းလမ်းအား မလျှောက်ဖူးသူ မရှိသလောက်ပင်။

သို့ပါသော်ငြား ဤနေရာ၌ ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်အများစုအတွက်ပင်လျှင် ဤသည်မှာ သူတို့အဖို့ စစ်တပ်တစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပထမဦးဆုံးအကြိမ် တိုက်ခိုက်ဖူးကြခြင်းဖြစ်သည်။ သူတို့ဘက်တွင် လူတစ်သိန်းခန့် ရှိနေပါသော်ငြား သေသေချာချာ ဦးဆောင်အမိန့်ပေးမည့်လူ ရှိမနေပေ။ ထိုအကြောင်းကြောင့် အခြေအနမှာ အစီအစဉ်မကျ ဖြစ်ကုန်ခြင်း ဖြစ်လေ၏။

နတ်ဆိုးမျိုးနွယ်စု သူတို့ဆီသို့ ချီတက်လာနေသည်ကိုမြင်သော် လူတိုင်း၏ ပထမဦးဆုံးသောတုံ့ပြန်မှုမှာ ပြန်ဆုတ်ရန်သာ ဖြစ်လေသည်။ သူတို့ခွန်အားဖြင့် တစ်ဖက်လူအား ယှဉ်နိုင်လိမ့်မည်မဟုတ်မှန်း သိနေကြသည်။ သူတို့ဘက်တွင်ရှိနေသည့် လူအရေအတွက်မှာ တစ်ဖက်ရန်သူနှင့်ယှဉ်လိုက်သော် အရေအတွက် ပိုမိုနည်းပါးနေလေ၏။ ထိုသို့ဖြစ်လေရာ ဤကဲ့သို့သောတိုက်ပွဲမျိုးကို မည်ကဲ့သို့များ တိုက်ခိုက်နိုင်ပါမည်နည်း။

ဧကရာဇ်အဆင့်ပညာရှင်များသည်ပင်လျှင် ထိုကဲ့သို့ တွေးနေလေရာ တာအိုသခင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ မိုဟွမ်ကိုယ်တိုင် လက်ရှိအခြေအနေအား ဦးစီးဦးဆောင် စောင့်ကြပ်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် လူတိုင်းမှာ ခြေဦးတည့်ရာ ထွက်ပြေးကုန်လေပြီ။

ရန်ကိုင်သည် အကုန်လုံးအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက်တွင် သူ့အား လာရောက်မေးမြန်းသော ဧကရာဇ်အဆင့်ပညာရှင်အား ကြည့်၍ ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ “ကျုပ်လည်းသိတယ်… နတ်ဆိုးစစ်တပ် ချီတက်လာတာကို မြင်တယ်… အဲ့ဒါကြောင့်ပဲ ခင်ဗျားတို့ကို တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ပြောတာ…”

ချက်ချင်းပဲ အခြားတစ်ဦးက ဝင်၍မေးလေ၏။ “နန်းတော်သခင်ရန်… နတ်ဆိုးမျိုးနွယ်စုဘက်မှာ အင်အားဘယ်လောက်ရှိလဲဆိုတာကို သိလား…”

ရန်ကိုင်က ပြန်၍ပြောလိုက်၏။ “စီနီယာသားရဲသခင်ပြောတာတော့ တစ်သန်းလောက်ရှိတယ်ဆိုပဲ…”

“တစ်သန်း…” အကုန်လုံး ကြောင်သွားကုန်ကြလေသည်။ နတ်ဆိုးစစ်တပ်သည် သူတို့ထက် လူအင်အားပိုများနေမှန်း သိထားကြပါသော်ငြား ဤမျှများနေမှန်းတော့မသိပေ။ သို့ပါသော်ငြား ယခု ရန်ကိုင်ပြောပြသွားသည့် ပမာဏကို ကြားပြီးသည့်နောက် အကုန်လုံးမှာ ကြောက်ရွံ့မှုကြောင့် တုန်တုန်ရီရီဖြစ်သွားကုန်ကြသည်။

“ခင်ဗျားတို့ ကြောက်နေကြတာလား…” ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။

မည်သူမျှ ပြန်မဖြေပါသော်ငြား ထိတ်လန့်တုန်လှုပ်မှုတို့ကို သူတို့၏မျက်နှာထက် အထင်းသား မြင်တွေ့နေရလေသည်။

“တစ်သိန်းရှိတော့ရော ဘာအရေးလဲ…” ရန်ကိုင်က အော်ပြောလိုက်သည်။ “အခုလာမယ့်နတ်ဆိုးစစ်သည်တွေက အသေခံစစ်သားတွေပဲ… သူတို့မှာ အရေအတွက်ပဲရှိတာ… အရည်အသွေး ဘာမှရှိတာမဟုတ်ဘူး… ဒီမှာရှိနေတဲ့ ကျင့်ကြံသူတစ်သိန်းထဲမှာ အကုန်လုံးက အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့်တွေ… ဒီတော့ ဘာဖြစ်လို့ သူတို့ကို ကြောက်နေရမှာလဲ… စီနီယာသားရဲသခင်ပြောတာတော့ ရန်သူတွေက ဟင်းလင်းပြင်အစီအရင်ကို ရှာတွေ့သွားလို့ ဖျက်ဆီးချင်လို့ အခုလိုမျိုးတိုက်ခိုက်လာတာပဲ… ဒါပေမယ့် ဒီဟင်းလင်းပြင်အစီအရင်က အရမ်းကို အရေးကြီးတယ်… အခြားနယ်မြေတွေက စစ်ကူတွေကို ခေါ်မယ်ဆိုရင် ဒီဟင်းလင်းပြင်အစီအရင်က မရှိမဖြစ်လိုအပ်တယ်… ဒါကြောင့်မို့ ဒီဟင်းလင်းပြင်အစီအရင်ကို လုံးဝ ဆုံးရှုံးလိုက်လို့မဖြစ်ဘူး… အခု ခင်ဗျားတို့ရဲ့ပန်းတိုင်က တစ်ခုတည်းပဲ… နတ်ဆိုးမျိုးနွယ်စုကို တွန်းလှန်ပြီးတော့ ဒီဟင်းလင်းပြင်အစီအရင်ကို ကာကွယ်ဖို့ပဲ…”

အကုန်လုံးမှာ တိတ်နေကြလေသည်။ သူတို့အကုန်လုံးသည် မြောက်ဘက်နယ်မြေမှဖြစ်ကာ ထိုနေရာတွင် ထက်ကောင်းကင်နန်းတော်သည် ဦးစီးဦးဆောင်လုပ်နေသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ရန်ကိုင်မှ သားရဲသခင်မဟာဧကရာဇ်၏ အမိန့်ကိုပါ ယူဆောင်လာသည့်အခါတွင်တော့ အကုန်လုံးမှာ ကြောက်နေသည့်တိုင် မည်သူမျှ အထွန့်မတက်ရဲကြတော့ပေ။ သို့ပါသော်ငြား သူတို့စိတ်ထဲတွင်တော့ တွေးပူနေမိလေသည်။ နောက်နှစ် ယနေ့အချိန်သည် သူတို့၏ နှစ်ပတ်လည်နေ့များ ဖြစ်နေလေမလား။

(တကယ်ကို ကြောက်နေကြတာပဲ…) လူအုပ်ကြီး၏ အခြေအနေကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ အရှေ့ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေမှ ကျင့်ကြံသူများ ရောက်မလာကြသေးသည်မှာ ကံကောင်းသွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက ယခုကဲ့သို့သော မြင်ကွင်းကိုသာ ထိုဘက်မှကျင့်ကြံသူများ မြင်သွားခဲ့မည်ဆိုလျှင် သူအမှန်တကယ်ကို မျက်နှာပျက်ရပေလိမ့်မည်။

ရန်ကိုင်သည် လူအုပ်ကြီးအား တစ်ခဏမျှ ဝေ့ကြည့်နေပြီးသည့်နောက် ဆက်၍ပြောလိုက်လေ၏။ “ဒါ ကြယ်တာရာအစုအဝေးနဲ့ နတ်ဆိုးနယ်မြေကြားက ပထမဦးဆုံးတိုက်ပွဲပဲ… ဒါကြောင့် ဒီတိုက်ပွဲက အရမ်းကိုအရေးကြီးတယ်… ကျုပ်တို့သာ ဒီတိုက်ပွဲကို ရှုံးသွားမယ်ဆိုရင် နောက်ပိုင်း နတ်ဆိုးမျိုးနွယ်စုကို ဘယ်လိုရင်ဆိုင်တော့မှာလဲ… နတ်ဆိုးမျိုးနွယ်စုက ရက်စက်ကြမ်းကြုတ်တဲ့လူတွေ… ဒီတော့ သူတို့သာ ကြယ်တာရာအစုအဝေးကို သိမ်းပိုက်သွားနိုင်မယ်ဆိုရင် ခင်ဗျားတို့ရဲ့အိုးအိမ်တွေကို ဖျက်ဆီးပြီးတော့ သားသမီးတွေ မိန်းမတွေအကုန်လုံးကို သတ်ပစ်မှာ… ခင်ဗျားတို့ရဲ့မျိုးဆက်တွေလည်း တစ်ယောက်မှ အသက်ရှင်လျက် ကျန်တော့မှာမဟုတ်ဘူး… အဲ့အခါကျရင် ခင်ဗျားတို့ရဲ့ဘိုးဘေးကို ဘယ်လိုမျက်နှာသွားပြမှာလဲ… အဲ့လိုဖြစ်သွားတော့မှ အော်ငိုနေလို့လည်း ဘာမှထူးတော့မှာမဟုတ်ဘူး…”

ရန်ကိုင်၏စကားသည် မိုးခြိမ်းသံပမာ လူတိုင်း၏နားထဲ ပဲ့တင်ထပ်သွားခဲ့လေသည်။ ရန်ကိုင်ပြောလိုက်သည့်စကားမှာ ကြားရအဆင်မပြေလှပါသော်ငြား လူတိုင်း၏မျက်လုံးများကို ဒေါသအမျက်တရားတို့ဖြင့် ရဲတက်သွားစေခဲ့လေသည်။ ရန်ကိုင်ပြောလိုက်သည့်အဖြစ်အပျက်မျိုး ဖြစ်ပျက်လာမည်ကို မည်သူမျှ မမြင်ချင်ကြပေ။ နတ်ဆိုးမျိုးနွယ်စုသည်သာ ကြယ်တာရာအစုအဝေးအား သိမ်းပိုက်သွားခဲ့မည်ဆိုလျှင် ထိုကဲ့သို့သောအဖြစ်အပျက်များမှာ ကျိန်းသေ ဖြစ်ပျက်လာပေလိမ့်မည်။

“ကျုပ်တို့ ဒီတိုက်ပွဲကို နိုင်ဖို့လိုတယ်…” ရန်ကိုင်က အော်ပြောလိုက်သည်။ “ပြီးတော့ လုံးဝကို တစ်ဖက်သတ်နိုင်မှရမှာ… ဒီနေ့တိုက်ပွဲကို ကြယ်တာရာအစုအဝေးက မရေမတွက်နိုင်တဲ့လူတွေအကုန်လုံး ကျိန်းသေ မှတ်မိနေကြလိမ့်မယ်… သူတို့ ခင်ဗျားတို့ ကြိုးစားအားထုတ်ခဲ့ရသမျှ အရာတွေအကုန်လုံးကိုလည်း မှတ်မိနေကြလိမ့်မယ်… အခုလိုကျက်သရေမျိုးဆိုတာ ကျုပ်တို့မြောက်ဘက်နယ်မြေက ကျင့်ကြံသူတွေပဲ ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးမျိုး…”

“ပြီးတော့…” ရန်ကိုင်သည် မိုဟွမ်ရှိနေရာဆီသို့ လှမ်းကြည့်လိုက်ရင်းမှ “စီနီယာသားရဲသခင် ဒီမှာရှိနေတာကို ကျုပ်တို့က ဘာကိုကြောက်နေရဦးမှာလဲ…”

လီကျောက်မှာ ထိုအချိန်တွင်ပင် အချိန်ကိုက်ဝင်၍ ပြောလိုက်လေသည်။ “ဒီလီနဲ့ မီးနဂါးနန်းတော်က နန်းတော်သခင်ရန်နဲ့အတူ ပူးပေါင်းပြီးတော့ နတ်ဆိုးစစ်တပ်ကို ချေမှုန်းဖို့ ဆန္ဒရှိပါတယ်…”

မီချီမှာလည်း အလျင်စလို လက်သီးဆုပ်၍ ဝင်ပြောလိုက်လေသည်။ “ဒီမီနဲ့ အာကာယံကောင်းကင်ဂိုဏ်းကလည်း နန်းတော်သခင်ရန်နဲ့အတူ လက်တွဲပြီးတော့ နတ်ဆိုးမျိုးနွယ်စုကို ဖျက်ဆီးပစ်ချင်ပါတယ်…”

ပင်းယွင်ကလည်း ယဲ့ယဲ့လေးပြုံးရင်းမှ အော်ပြောလိုက်သည်။ “ကျွန်မတို့ရေခဲနှလုံးသားတောင်ကြားက မိန်းမသားတွေချည်းပဲဆိုပေမယ့် ကျွန်မတို့ကလည်း ဘယ်ယောကျ်ားသားအောက်မှ မနိမ့်ကျဘူး…”

မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများအားလုံး ပူးပေါင်းသဘောတူခဲ့ကြပြီဖြစ်သလို ရေခဲနှလုံးသားတောင်ကြားသည်ပင်လျှင် တိုက်ခိုက်ရန်အတွက် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပြီဖြစ်လေရာ အခြားသောဂိုဏ်းများအနေဖြင့် မည်ကဲ့သို့များ တုံ့ဆိုင်းနေ၍ ရပါတော့မည်နည်း။ သူတို့ဆန္ဒရှိရှိမရှိရှိ အကုန်လုံးမှာ အော်ဟစ်ကာ ဟစ်ကြွေးလိုက်ကြလေသည်။

“အောင်ရမယ်…” လီကျောက်သည် လက်သီးလက်မောင်းတန်းရင်းမှ ရှေ့မှ ဦးဆောင်အော်ပြောလိုက်သည်။ ထို့နောက်တွင် မီးနဂါးနန်းတော်၏ တပည့်များမှာ ချက်ချင်းဆိုသလို လိုက်လံအော်ပြောကြလေ၏။

တစ်ခဏကြာပြီးသည့်နောက် သိန်းနှင့်ချီသည့် ကျင့်ကြံသူများ၏ အော်ဟစ်သံမှာ လှိုင်းလုံးပမာ ပဲ့တင်ထပ်လာခဲ့လေသည်။

“တိုက်ပွဲအတွက် အသင့်ပြင်ကြ…” ရန်ကိုင်က နောက်တစ်ကြိမ် ထပ်အော်ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ ဂိုဏ်းအသီးသီးနှင့် မိသားစုများမှ ဂိုဏ်းချုပ်များသည် သက်ဆိုင်ရာတပည့်များနှင့် မျိုးဆက်များကို ဦးစီးဦးဆောင်ပြု၍ ပုံစံကွက်ခွဲကာ စစ်ပွဲအတွက် ပြင်ဆင်ကြတော့လေသည်။

ထိုအခါမှသာလျှင် ရန်ကိုင်မှာ အနည်းငယ် စိတ်အေးသွားနိုင်တော့သည်။ သူ့ဘက်မှ အတတ်နိုင်ဆုံး ကြိုးစားထားပါသော်ငြား ဤသည်မှာ သူ့လူများ၏စိတ်ဓာတ်ကို တက်ကြွလာအောင် သူ့ဘက်မှ လုပ်ပေးနိုင်သည့် အကန့်အသတ်ဖြစ်ပေသည်။ ယခုဆိုလျှင် နောက်ဆက်တွဲရလဒ်များသည် တိုက်ပွဲရလဒ်အပေါ် မူတည်သွားခဲ့လေပြီ။ သူတို့သည်သာ ဤတိုက်ပွဲတွင် နတ်ဆိုးမျိုးနွယ်စုအား စိစိညက်ညက် ချေမှုန်းလိုက်နိုင်မည်ဆိုပါက လူတိုင်း၏စိတ်ဓာတ်မှာ လုံးဝကို တက်ကြွလာပေလိမ့်မည်။ ထိုသို့သာမဟုတ်ဘဲ မြောက်ဘက်နယ်မြေ၏ အင်အားစုများသည်သာ နတ်ဆိုးမျိုးနွယ်နှင့် ပထမဦးဆုံးသောတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့မည်ဆိုလျှင်တော့ ရန်ကိုင်ဘက်မှ မည်ကဲ့သို့ပင် စကားကို လှအောင်ပြောနေပါစေ လူတိုင်း၏စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်တော့လိမ့်မည်မဟုတ်ပေ။

သို့ပါသော်ငြား လက်ရှိအခြေအနေတွင် သူတို့မြောက်ဘက်နယ်မြေမှ လူအင်အားစုမှာ ပို၍အသာရနေသည်ဟု ရန်ကိုင်ယုံကြည်နေပေသည်။ နှစ်ဖက်အဖွဲ့အင်အားစုများ၏ အရည်အသွေးကွာခြားချက်ကို ထည့်မပြောလျှင်ပင် ရှေးဟောင်းတောအုပ်ကြီးမှ ပညာရှင်များသည်လည်း ဤနေရာ၌ ရှိနေလေရာ သူတို့သည်သာ နတ်ဆိုးမျိုးနွယ်စု၏ အသေခံစစ်တပ်များကို ဤလူအင်အားဖြင့် ရှုံးသွားရမည်ဆိုလျှင် လုံးဝကို ရယ်စရာကောင်းနေပေလိမ့်မည်။

“ဒုန်း ဒုန်း ဒုန်း ဒုန်း…”

ထောင်နှင့်ချီသော မြင်းများ၊ စစ်သည်တော်များ၏ ချီတက်လာနေသည့် ခြေလှမ်းများ ပဲ့တင်ထွက်လာခဲ့သည်။ ရန်ကိုင်မှာမူ စစ်သည်တော်တစ်သိန်းကို ဦးဆောင်ရင်း ချီတက်လာနေသည့် နတ်ဆိုးမျိုးနွယ်စုများကို ရပ်စောင့်နေလေ၏။

တဖြည်းဖြည်းနှင့် လူတိုင်းမှာ နတ်ဆိုးမျိုးနွယ်များ၏ အရုပ်ဆိုးဆိုးမျက်နှာများကို မြင်လာရတော့လေသည်။ ရှေ့ဆုံးမှချီတက်လာသော နတ်ဆိုးမျိုးနွယ်စုဝင်များမှာ အနီရောင်နတ်ဆိုးများနှင့် အစိမ်းရောင်နတ်ဆိုးများ ဖြစ်ကြသည်။ ထိုနတ်ဆိုးများသာ လူတစ်ရပ်စာလောက်သာ ရှိကြပေသည်။ နတ်ဆိုးမျိုးနွယ်စုအကြောင်းကို မသိထားသူများသာဆိုလျှင် ၎င်းတို့၏ သက်ဆိုင်ရာစစ်တပ်များကို ထိုနတ်ဆိုးများအား ချေမှုန်းပစ်ရန် အမိန့်ပေးမိပေလိမ့်မည်။ ထိုသို့သာလုပ်လိုက်မည်ဆိုလျှင်တော့ တိုက်ပွဲရလဒ်မှာ လုံးဝကို သိသာသွားရပေလိမ့်မည်။

သို့ပါသော်ငြား ရန်ကိုင်ကမူ ထိုမြင်ကွင်းကိုကြည့်ရင်း လှောင်ပြုံးသာ ပြုံးနေခဲ့သည်။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲ နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ဖူးသည့်အတွက်ကြောင့် အနီရောင်နတ်ဆိုးများနှင့် အစိမ်းရောင်နတ်ဆိုးများ မည်သည့်အရာကို ကိုယ်စားပြုသလဲဆိုသည်ကို သိနေလေသည်။ ထိုသို့ဖြစ်လေရာ နတ်ဆိုးများ၏ထောင်ချောက်ထဲသို့ သူ့အနေဖြင့် မည်ကဲ့သို့များ အလွယ်တကူ ကျခံနိုင်ပါမည်နည်း။

မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများသည် ရန်ကိုင်ဆီမှတစ်ဆင့် နတ်ဆိုးမျိုးနွယ်စု၏ ကလန်များအကြောင်းနှင့် ထိုကလန်များနှင့်သက်ဆိုင်သော စွမ်းရည်များအကြောင်းကို သိခဲ့ကြရသည်။ ထိုအကြောင်းကြောင့် ရှေ့ဆုံးမှ ချီတက်လာနေသော အစိမ်းရောင်နှင့် အနီရောင်နတ်ဆိုးများကို မြင်သည့်အခါ ထိုနတ်ဆိုးများသည် ပေါက်ကွဲနတ်ဆိုးများမှန်း တန်းသိလိုက်ကြလေသည်။

အနီရောင်နတ်ဆိုးသည် အလွန်ပြင်းထန်သည့်ပေါက်ကွဲမှုကို ဖြစ်စေနိုင်ပြီး အစိမ်းရောင်နတ်ဆိုးများကမူ ပေါက်ကွဲသည့်အခါ ပြင်းထန်လှသည့် အဆိပ်ငွေ့များကို ထုတ်လွှတ်ကြပေသည်။ ထိုအကြောင်းကြောင့် ထိုကဲ့သို့သောနတ်ဆိုးများနှင့် ရင်ဆိုင်ရသည့်အခါတွင် အထိရောက်ဆုံးသောနည်းလမ်းသည် ထိုနတ်ဆိုးများကို မိမိအနားသို့ အကပ်မခံစေခြင်းပင် ဖြစ်လေသည်။

အနီရောင်နတ်ဆိုးနှင့် အစိမ်းရောင်နတ်ဆိုးအရေအတွက်မှာ တစ်သိန်းခန့်ရှိပေသည်။ လက်ရှိအချိန်တွင် ထိုနတ်ဆိုးများမှာ ကစဉ့်ကျလျားပုံစံမျိုးဖြင့် ရှေ့သို့ အပြေးအလွှား ချီတက်လာနေကြလေ၏။

ရန်ကိုင်သည် မြောက်ဘက်နယ်မြေ၏ ကျင့်ကြံသူတစ်သိန်းကို ဦးဆောင်ရင်း မျဉ်းကြောင်းသဏ္ဍာန်ပုံစံဖွဲ့ကာ ရန်သူများနီးကပ်လာမည်ကို ရပ်စောင့်နေခဲ့ကြလေသည်။

“ဘုန်း… ဘုန်း… ဘုန်း…”

နတ်ဆိုးများနှင့် ရန်ကိုင်တို့ကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်းချင်း နီးကပ်လာနေခဲ့သည်။ သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်မှာ လုံးဝကို မလှုပ်ရှားသေးပေ။ သူ့နောက်ဘက်ဆီမှမူ တံတွေးမျိုချသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာနေခဲ့သည်။

(လိုသေးတယ်… နည်းနည်းပဲလိုတော့တယ်…)

ရုတ်တရက်ဆိုသလို ရန်သူသည် သက်ဆိုင်ရာအကွာအဝေးအတွင်းသို့ ရောက်လာပြီမှန်း ဆုံးဖြတ်လိုက်ပြီးသည့်နောက် ရန်ကိုင်က အော်ဟစ်ပြောလိုက်သည်။ “တိုက်ခိုက်ကြတော့…”

ထိုအခါတွင် မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများသည် ၎င်းတို့၏ မှော်ရတနာများ၊ သိုင်းပညာရပ်များကို အသုံးပြု၍ အဝေးပစ်တိုက်ခိုက်မှုများကို ထုတ်လွှတ်ကာ တိုက်ခိုက်ကြတော့လေသည်။

ထိုရုတ်တရက်ပေါက်ကွဲထွက်လာသော စွမ်းအင်လှိုင်းများသည် အနီးအနားပတ်လည်တွင် ရှိနေသော မိုးမြေစွမ်းအင်များကိုပင်လျှင် ကသောင်းကနင်း ဖြစ်သွားစေခဲ့သည်။

ရန်ကိုင်မှာလည်း ငြိမ်မနေခဲ့ဘဲ အနန္တဓါးထဲသို့ ဧကရာဇ်ချီကို ထည့်သွင်း၍ ဓါးလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ပစ်လွှတ်နေခဲ့သည်။

“ဘုန်း… ဘုန်း… ဘုန်း…”

အနီရောင်နှင့် အစိမ်းရောင်နတ်ဆိုးများ ပေါက်ကွဲထွက်ကုန်ကြလေသည်။ အနီရောင်နတ်ဆိုးများ ပေါက်ကွဲထွက်သွားသည့်အခါ ပြင်းထန်လှသည့်ပေါက်ကွဲမှုများ ထွက်ပေါ်လာကုန်ကြပြီး မြေပြင်တစ်ခုလုံးမှာ တသိမ့်သိမ့်တုန်ခါရလေသည်။ အစိမ်းရောင်နတ်ဆိုးများ ပေါက်ကွဲထွက်လာသည့်အခါတွင်တော့ အစိမ်းရောင်တိမ်တိုက်များ၊ မြူခိုးများ ဖြစ်ပေါ်လာကုန်ကြပြီး မိုင်ရာပေါင်းများစွာကို လွှမ်းခြုံသွားခဲ့လေသည်။

ထို့နောက်တွင် ပုံသဏ္ဍာန်၊ အရောင်အစင်း မျိုးစုံရှိသော အလင်းတန်းများမှာ နတ်ဆိုးစစ်တပ်အုပ်ဆီသို့ တဖွဲဖွဲ ရွာကျနေသည့် မိုးစက်မိုးပေါက်များပမာ ကြွေဆင်းကျလာခဲ့သည်။

မြောက်ဘက်နယ်မြေဘက်တွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်း ရာနှင့်ချီကာရှိကြပြီး ကျန်လူများမှာ တန်ခိုးရှင်ဘုရင်အဆင့်နှင့် တာအိုသခင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုအကြောင်းကြောင့် ထိုစုပေါင်းလူအင်အား၏ တိုက်ခိုက်မှုမှာ အလွန်တရာကိုမှ အားကောင်းလွန်းလှပေသည်။

အဝေးမှ လှမ်းမျှော်ကြည့်လိုက်မည်ဆိုလျှင် မြောက်ဘက်နယ်မြေဆီမှ ရောင်စုံအလင်းတန်းများသည် နတ်ဆိုးစစ်တပ်များဆီသို့ အဆက်မပြတ် ပစ်လွှတ်နေကြောင်းကို မြင်တွေ့နိုင်ပေလိမ့်မည်။ နားပင်းမတတ် ပေါက်ကွဲသံများမှာလည်း ညံမစဲအောင်ကို ထွက်ပေါ်နေခဲ့လေသည်။

All Chapters