အခန်း (၃၃၉၃-၃၃၉၆)
Vol. 149 Ch. 3393-3396
အပိုင်း (၃၃၉၃)
ဘာသာပြန်သူ_တိမ်တိုက်
မျက်စိကျိန်းမတတ် အလင်းတန်းတို့ ပျောက်ကွယ်သွားချိန် နတ်ဆိုးမျိုးနွယ်စု၏ အရှေ့ဘက်၌ ကျန်ရစ်ခဲ့သည့် အရာဆို၍ ကျင်းပေါက်များနှင့် အရွယ်အစား အမျိုးမျိုး ရှိကြသော အစိမ်းရောင် အဆိပ်ငွေ့ထုကြီးများသာ ဖြစ်ကြတော့သည်။
အနီရောင်နှင့် အစိမ်းရောင် နတ်ဆိုးတစ်သိန်း အနက်တွင် အနည်းဆုံး သုံးသောင်းမှာ အသက်ပျောက်ခဲ့ကြရလေသည်။
"အားနည်းလိုက်တာ" ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ အသံမှာ မကျယ်ပါသော်ငြား ဧကရာဇ်ချီကို သုံး၍ အသံလှိုင်းအား တောက်လျှောက် ပဲ့တင်ထပ်သွားစေခဲ့သည့်အတွက်ကြောင့် ရန်ကိုင်၏ အသံအား မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူ တစ်သိန်းစလုံး ကြားရလေသည်။
မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာ ချက်ချင်းဆိုသလို စိတ်ဓာတ် တက်ကြွလာကြတော့သည်။ သူတို့ ကြားနေရသည့် အရာမှာ မှားချင်မှားနေလိမ့်မည် ဖြစ်ပါသော်ငြား မြင်နေရသည့် အရာကိုတော့ ကျိန်းသေ ယုံကြည်နိုင်ပေသည်။ ယခင်က နတ်ဆိုးဘက်က စစ်သည်တစ်သန်း ရှိနေမည်ဆိုလျှင်ပင် စိတ်ပူစရာ မလိုဟု ရန်ကိုင်မှ ပြောခဲ့ပါသော်ငြား ရန်ကိုင်အား အများစုက မယုံကြည်ခဲ့ကြပေ။ ယခု သူတို့ ကိုယ်တိုင်ကိုယ်ကျ သူတို့၏ တိုက်ခိုက်မှု၌ နတ်ဆိုးများ အတုံးတုံးအရုံးရုံး လဲပြိုကုန်ကြသည်ကို မြင်သော် သူတို့ ရင်ထဲ ခံစားနေရသည့် ကြောက်ရွံ့တုန်လှုပ်မှုတို့မှာ အကြီးအကျယ် လျော့ကျသွားခဲ့ရသည်။
နတ်ဆိုးစစ်တပ် တစ်ခုလုံးသည်သာ ဤကဲ့သို့ အားနည်းနေမည်ဆိုလျှင် သူတို့အနေဖြင့် ဤစစ်ပွဲအား အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။
ယုံကြည်ချက် ပိုရှိလာသည့်အလျောက် လူတိုင်း၏ တိုက်ခိုက်မှုများမှာ ပို၍ ခက်ထန်ကြမ်းကြုတ်လာခဲ့သည်။ ပထမဦးဆုံးတစ်ကြိမ် တိုက်ခိုက်မှု ပြီးသွားပြီးသည့်နောက် အသက်သုံးရှိုက်စာခန့် ငြိမ်သက်သွားခဲ့ကြသည်။ ထို့နောက်တွင် မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများသည် တဖြည်းဖြည်းချင်း ချီတက်လာနေသော အစိမ်းရောင်နှင့် အနီရောင် နတ်ဆိုးများကို နောက်တစ်ကြိမ် ထပ်မံ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြပေသည်။
သုံးလေးကြိမ်ခန့် ထိုကဲ့သို့ တိုက်ခိုက်ပြီးသည့်နောက် အရှေ့ဆုံးမှ စစ်ချီတက်လာနေသော အစိမ်းရောင်နှင့် အနီရောင် နတ်ဆိုးအားလုံး သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရလေ၏။
ယခုဆိုလျှင် နတ်ဆိုးစစ်တပ်၏ ရှေ့ပြေး စစ်မျက်နှာစာသည် အစိမ်းရောင်မြူခိုးများနှင့် လွှမ်းခြုံနေသည့်အတွက်ကြောင့် အနောက်ဘက်တွင် မည်သည့်အရာများ ရှိနေသလဲဆိုသည်ကို မြင်ရဖို့ရာ ခက်သွားတော့သည်။ ထိုအကြောင်းကြောင့် လူတိုင်းမှာ အစိမ်းရောင်မြူခိုးအား မမှိတ်မသုန် စိုက်ကြည့်ရင်းမှ တဒုန်းဒုန်းနှင့် ထွက်ပေါ်လာနေသော ခြေသံများကို နားစိုက်ထောင်နေရုံသာ တတ်နိုင်ခဲ့လေသည်။
ရန်ကိုင်သည် အနန္တဓားကို မြှောက်၍ အသံကျယ်ကျယ်ဖြင့် အော်၍ အမိန့်ပေးလိုက်လေသည်။ "ဘေးဘက်တွေကို ကာကွယ်ထားကြပေတော့"
ရန်ကိုင်မှ သတိပေးလိုက်သည့် နောက်တွင် လူတိုင်းမှာ သူတို့ အရှေ့တည့်တည့်ကိုသာ အာရုံစိုက်မနေတော့ဘဲ ဘယ်ဘက်ညာဘက်များကို အာရုံစိုက်လာခဲ့ကြသည်။
ထိုအခိုက်အတန့်မှာပင်လျှင် နတ်ဆိုးသားရဲ စစ်တပ်အဖွဲ့ နှစ်ဖွဲ့သည် အစိမ်းရောင်မြူခိုးထုထဲမှ ရပ်တန့်မရသည့် ဒီရေလှိုင်းလုံးပမာ ချီတက်လာကြလေသည်။
အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ကြသော မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများသည် ရန်ကိုင်မှပင် အမိန့်ပေးနေစရာ မလိုဘဲ ပြေးဝင်လာနေသည့် နတ်ဆိုးသားရဲစစ်တပ်များအား အဝေးပစ် တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်လိုက်ကြလေ၏။
ပြိုးပြိုးပြက်ပြက် အလင်းရောင်များနှင့်အတူ ချီတက်လာနေကြသော နတ်ဆိုးသားရဲ စစ်တပ်များမှာ ၎င်းတို့ စီးနင်းလာသော သားရဲများပေါ်မှ ပြုတ်ကျကုန်ကြလေသည်။ အနက်ရောင်နှင့် အနီရောင်သွေးတို့မှာလည်း မြေပြင်တစ်ခွင် ရဲရဲစဥ်ထွက်ကုန်လေ၏။ သို့ပါသော်ငြား ထိုနတ်ဆိုးသားရဲစစ်တပ်သည် အစောပိုင်းက နတ်ဆိုးစစ်တပ်ကဲ့သို့ အသေခံစစ်တပ်တစ်ခု မဟုတ်သည်မှာ သေချာလှပေသည်။ နတ်ဆိုးသားရဲ စစ်တပ်ဘက်၌ အကျအဆုံးများစွာ ရှိခဲ့ပါသော်ငြား လွတ်လပ်သွားသော နေရာများတွင် အခြားသော နတ်ဆိုးသားရဲများမှ ပြန်လည်အစားထိုး ဝင်ရောက်လာခဲ့ကြလေသည်။ အစောပိုင်းက လုံးဝကို ပရမ်းပတာ ဖြစ်နေခဲ့သော အစိမ်းရောင်နှင့် အနီရောင် နတ်ဆိုးများနှင့် ယှဉ်လိုက်သော် ယခု နတ်ဆိုးသားရဲစစ်တပ်မှာ လုံးဝကို ကွာခြားပေ၏။
အရှေ့သို့ ချီတက်လာနေရင်းမှ နတ်ဆိုးသားရဲ စစ်တပ်များမှာ စတင်၍ တန်ပြန်တိုက်ခိုက်ကြတော့သည်။ နတ်ဆိုးသားရဲများပေါ်၌ စီးနင်းလာကြသော နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင်များသည် အနက်ရောင် ဘောလုံးကဲ့သို့သော စွမ်းအင်လုံးများကို တရစပ်ပြုလုပ်ရင်းမှ စတင်၍ တိုက်ခိုက်ကြတော့သည်။
ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် လွမ်ဖုန်းနှင့် အခြားသူများဘက်သို့ လှည့်လိုက်လေသည်။
လွမ်ဖုန်းမှာ ရန်ကိုင်၏ ဆိုလိုရင်းကို သဘောပေါက်သွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်လိုက်သည်။ ထို့နောက်တွင် ရှေးဟောင်းတောအုပ်ကြီး၏ နတ်အရှင်သုံးပါးနှင့် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးတို့သည် အရှေ့သို့ တစ်ပြိုင်တည်း ချီတက်သွားလျက် သက်ဆိုင်ရာ ပညာရပ်အသီးသီးကို သုံးကာ နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုများကို တားဆီးတော့လေသည်။
ဘုန်း၊ ဘုန်း၊ ဘုန်း။
စွမ်းအင်လုံး တစ်လုံးချင်းစီတိုင်းမှာ လေထဲတွင်ပင် ကြားဖြတ်တားဆီးခြင်း ခံရပြီး မြောက်ဘက်နယ်မြေ စစ်တပ်ဆီသို့ ရောက်ရှိသွားနိုင်ခြင်း မရှိခဲ့ချေ။
ရှေးဟောင်းတောအုပ်ကြီးမှ ပညာရှင်များမှာ ကာကွယ်ပေးနေလေရာ နတ်ဆိုးများမှာ မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများ ရှိနေရာဆီသို့ မထိုးဖောက်နိုင် ဖြစ်နေရသည်။ သူတို့၏ တိုက်ခိုက်မှုများမှာ ရှေးဟောင်းတောအုပ်ကြီးမှ ပညာရှင်များ၏ ခုခံကာကွယ်မှုအောက်မှ လွတ်ထွက်သွားခဲ့မည်ဆိုလျှင်ပင် မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာ ပြုတိုင်းခံနေရမည့် ဟင်းသီးဟင်းရွက်များ မဟုတ်သည့်အတွက်ကြောင့် သူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်ကြပေလိမ့်မည်။
နတ်ဆိုးမျိုးနွယ်စုဝင် စစ်တပ်များသည် သေဆုံးသွားကြသော သူတို့၏ ကလန်သားများ၏ အလောင်းများအပေါ် နင်းခြေရင်းမှ အရှေ့သို့ တောက်လျှောက် ချီတက်လာနေခဲ့ကြလေသည်။ တဒင်္ဂချင်းစီတိုင်းတွင် ရာနှင့်ချီသော နတ်ဆိုးများ သေဆုံးနေခဲ့ကြသည်။ တဖြည်းဖြည်းနှင့် အလောင်းများ တောင်နှယ် ပုံထပ်လာလင့်ကစား နတ်ဆိုးများမှာ လုံးဝကို ကြောက်ရွံ့သွားခဲ့ခြင်း မရှိ။ ထိုအစား သူတို့ အပေါင်းအပါများ၏ သေဆုံးမှုသည် သူတို့၏ ရက်စက်ကြမ်းကြုတ်မှုကို ပို၍ပင် ခက်ထန်လာစေခဲ့သည်။
လက်ဖက်ရည်ခွက် တစ်ခွက်စာခန့် ကြာပြီးသည့်နောက် စစ်တပ်နှစ်တပ် ထိပ်တိုက်တွေ့တော့လေသည်။
မြောက်ဘက်နယ်မြေ စစ်တပ်မှာ ယခုအချိန်ထိတိုင် အကောင်းအတိုင်းသာ ရှိနေပေသေးရာ ရန်သူများကို ရင်ဆိုင်ဖို့ရာ အဆင်သင့် ဖြစ်နေလေသည်။ မြောက်ဘက်နယ်မြေ စစ်တပ်အနေဖြင့် လူတစ်ဦးတစ်ယောက်ကိုမျှ ဆုံးရှုံးလိုက်ရခြင်း မရှိဘဲ နတ်ဆိုးပေါင်း နှစ်သိန်းကျော်ကို သတ်ဖြတ်ပစ်နိုင်ခဲ့သည်။ ထိုနတ်ဆိုး နှစ်သိန်းကျော်အနက် တစ်ဝက်လောက်မှာ အသေခံများသာ ဖြစ်ကြပါသော်ငြား ထိုကဲ့သို့သော စွမ်းဆောင်ရည်သည် အံ့အားသင့်ဖွယ် ကောင်းနေပေသေးသည်။
ထိုအပြင် ဤကဲ့သို့သော ရလဒ်မျိုးသည် မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများ၏ စိတ်ဓာတ်ကို တက်ကြွသွားစေခဲ့လေသည်။
ယခင်က သူတို့ ရင်ထဲ ခိုအောင်းနေခဲ့သော ကြောက်ရွံ့မှု ထိတ်လန့်တုန်လှုပ်မှုတို့မှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး မာန်သွင်းအော်ဟစ်သံများ ပေါက်ကွဲသံများမှာ သူတို့၏ သွေးကို ဆူပွက်လာစေခဲ့လေသည်။ လက်ရှိအချိန်၌ မည်သူမဆို နတ်ဆိုးမျိုးနွယ်စုဝင်များဆီသို့ ပြေးဝင်သွား၍ သူသေကိုယ်သေ တိုက်ခိုက်ချင်နေကြသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် သေဆုံးရမည်ဆိုလျှင်ပင် သူတို့အတွက် နောင်တရစရာ မရှိသည့်အလား။
ထိုအခိုက်အတန့်ဝယ် ရန်ကိုင်၏ အရှိန်အဝါမှာ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ရှေးကျသည့် အရှိန်အဝါ တစ်ရပ်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။
ယုရုမန်မှာ ရန်ကိုင်အား အံ့သြတကြီးဖြင့် ကြည့်နေခဲ့လေသည်။ သို့ပါသော်ငြား ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိရသေးခင်မှာပင် ကောင်းကင်အထက်ဝယ် ပုံမှန် မဟုတ်သည့် မန္တန်တစ်ခု ပျံ့လွင့်လာခဲ့သည်။
ထိုအသံကို ကြားလိုက်သည့်အခိုက် ယုရုမန်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်လာတော့လေ၏။ ရန်ကိုင်၏ လျှို့ဝှက်ချက်များကို အကုန်အစင် ထိုးဖောက် သိမြင်ချင်နေသည့်အလား။
ရုတ်တရက်ဆိုသလို ရန်ကိုင်ဆီမှ အလင်းစက်ကွင်းတစ်ခု ပြန့်ထွက်သွားခဲ့ပြီး မြောက်ဘက်နယ်မြေ စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။
ထိုအလင်းစက်ကွင်း လွှမ်းခြုံခြင်း ခံလိုက်ရသည့်အခိုက် ရန်ကိုင်ထက် ကျင့်ကြံခြင်း ပိုမြင့်သည့် လူများမှအပ ကျန်လူအားလုံး၏ သွေးများမှာ ရုတ်တရက် ဆူပွက်လာခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း အနီရောင် တလက်လက် တောက်ပလာတော့သည်။ ထိုသို့ ဖြစ်လာသည့်အခိုက်တွင် လူတိုင်း၏ တိုက်ခိုက်လိုစိတ်မှာ ရုတ်တရက်ဆိုသလို မိုးထိမတတ် မြင့်မားသွားခဲ့ရပြီး သူတို့၏ အသက်ရှူနှုန်းမှာလည်း မြန်ဆန်လာခဲ့တော့လေသည်။
လူတော်တော်များများသည် သူတို့၏ လက်ဝါးကို ဖြန့်ကြည့်ရင်းမှ ကိုယ့်ကိုယ်ကိုယ် ပြန်လည်စစ်ဆေးနေကြသည်။ သို့ပါသော်ငြား သူတို့၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ မည်သည့်ပြဿနာမျှ ရှိမနေပေ။ ထိုသို့ပင် ဖြစ်နေလင့်ကစား သူတို့ကိုယ်သူတို့ ရုတ်တရက်ကြီး အဆပေါင်းများစွာ ပိုမိုသန်မာလာသည်ဟု ခံစားနေကြရလေသည်။
"သွေးစတေးခြင်းပညာရပ်" ယုရုမန်၏ မျက်လုံးလေးများ မှေးစင်းသွားတော့သည်။
ရန်ကိုင်သည် ယဲ့ယဲ့လေး ပြုံးရင်းမှ ယုရုမန်အား လှည့်ကြည့်လာခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်၏ မန္တန်မှာ အသစ်တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီးသည့်နောက် သူ့လက်ကို မြှောက်လိုက်လေသည်။ ထို့နောက်တွင် သူ့လက်ဝါးဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထောင်နှင့်ချီသော လူအုပ်ကြီးကို လွှမ်းခြုံသွားခဲ့သည်။ ရန်ကိုင်မှာ သူ့လက်ကို တရစပ် မြှောက်နေရင်းမှ အလင်းတန်းများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်ကာ ထောင်နှင့်ချီသော လူအုပ်များကို လွှမ်းခြုံနေစေခဲ့သည်။
အလင်းတန်းများ၏ လွှမ်းခြုံခြင်း ခံလိုက်ရသည့် လူများမှာ အလွန်ကိုမှ ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ကြရသည်။ သူတို့ကိုယ်သူတို့ သူတို့ အနီးပတ်လည်တွင် ရှိနေသော လူများနှင့် ဆက်နွှယ်နေသလို ခံစားလိုက်ကြရလေသည်။ မသိလျှင် သူတို့၏ အသက်အားလုံးမှာ အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆက်သွယ်နေကြသည့်ပမာ။
"အသက်ချိတ်ကြိုး" ယုရုမန်၏ မျက်လုံးလေးများ ပြူးကျယ်သွားတော့သည်။
သွေးစတေးခြင်းပညာရပ်ကို သူမအနေဖြင့် အထင်မှားမိကောင်း မှားနိုင်ပါသော်ငြား အသက်ချိတ်ကြိုးပညာရပ်ကိုမူ အထင်မှားစရာအကြောင်း မရှိပေ။
[သွေးစတေးခြင်းပညာရပ်နဲ့ အသက်ချိတ်ကြိုးပညာရပ်တွေက ရှေးခေတ်မှော်ဆရာတွေပဲ အသုံးပြုနိုင်တဲ့ ရှေးခေတ်မှော်ပညာရပ်တွေ၊ အခုလိုမျိုး လောကနိယာမတွေ မတူတဲ့ ခေတ်ကာလကြီးမှာ အဲဒီပညာရပ်ကို ဘယ်လိုလုပ်ပြီး အသုံးပြုနိုင်ရသေးတာလဲ]
[ပြီးတော့ အဲဒီပညာရပ်တွေကို အလွယ်တကူ ထုတ်သုံးသွားတဲ့ ပုံစံကို ကြည့်ရသလောက် ဒီရန်ကိုင်က မှော်စွမ်းအားကို အသုံးချတဲ့နေရာမှာ အရမ်းကို ကျွမ်းကျင်တဲ့ပုံပဲ၊ သူ့အဆင့်က အနည်းဆုံး မှော်ဘုရင်အဆင့်ပဲ]
ရန်ကိုင် အကြောင်းကို သိသင့်သလောက် သိနေပြီဟု ထင်နေသော ယုရုမန်မှာ အခုမှသာလျှင် ရန်ကိုင်အကြောင်း အပေါ်ယံလောက်သာ သိထားသေးကြောင်းကို သဘောပေါက်သွားတော့သည်။ ရန်ကိုင်တွင် သူမ မသိသေးသည့် လျှို့ဝှက်ချက်များ ရှိနေပေသေးသည်။
ယနေ့ တိုက်ပွဲသည် ကမ္ဘာနှစ်ခုအကြားမှ စစ်တပ်နှစ်ခု၏ ထိပ်တိုက်တွေ့ဆုံသည့် တိုက်ပွဲ ဖြစ်ပေသည်။ ရန်ကိုင် ပြောသကဲ့သို့ပင် ယနေ့တိုက်ပွဲမှာ အလွန်ကိုမှ အရေးကြီးလှသည်။ ယနေ့တိုက်ပွဲကို လုံးဝ ရှုံး၍ မရပေ။ လက်ရှိ ရန်ကိုင်တို့ စစ်တပ်မှာ အလွန်ကိုမှ အားကောင်းလှပြီး ထိုစစ်တပ်ထဲ မရေမတွက်နိုင်သော ပညာရှင်များ ရှိနေကြပါသော်ငြား ရန်ကိုင်မှာမူ မည်သည့်အမှားအယွင်းမျှ မရှိစေရန်အတွက် စစ်တပ်တစ်ခုလုံးကို မှော်ပညာရပ် နှစ်ခုဖြင့် အားဖြည့်ပေးခဲ့လေသည်။
မူလက ထိုပညာရပ် နှစ်ခုသည် ရှေးခေတ် လူသားမျိုးနွယ်စုမှ နတ်ဆိုးမျိုးနွယ်စုများကို ရင်ဆိုင်ရာတွင် အသုံးပြုသည့် အဓိကမှော်ပညာရပ်ကြီး နှစ်ခု ဖြစ်ပေသည်။
ရှေးခေတ် လူသားမျိုးနွယ်စုဝင်များသည် ခန္ဓာကိုယ်ကိုသာ အဓိကထား ကျင့်ကြံကြသည့်အတွက်ကြောင့် အားကောင်းလှသည့် အသက်ဓာတ်ကို ပိုင်ဆိုင်ထားလေရာ သွေးစတေးခြင်းပညာရပ်နှင့် ပေါင်းလိုက်သော် နတ်ဆိုးချီထုထဲ အတန်ကြာအောင် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ကြပေသည်။ ယနေ့ ကြယ်တာရာအစုအဝေးထဲရှိ ကျင့်ကြံသူများသည် ပြောင်းလဲသွားသော လောကနိယာမများကြောင့် ခန္ဓာကိုယ်အား ကျင့်ကြံခြင်း မရှိကြတော့ပါသော်ငြား ဤနေရာတွင် ရှိနေသည့် လူတိုင်းသည် အနည်းဆုံးတော့ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေကြသည့် လူများ ဖြစ်ကြသည်။ ထိုအကြောင်းကြောင့် သူတို့၏ ခန္ဓာကိုယ်အား အဓိကထား မကျင့်ကြံလျှင်ပင် သူတို့၏ အသက်စွမ်းအင်မှာ အလွန်ကိုမှ မြင့်မားနေပြီဟု ပြော၍ ရလေသည်။ ရှင်းရှင်းပြောရသော် ဤနေရာတွင် ရှိနေသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည် ရှေးခေတ်လူရိုင်းများအောက် နိမ့်ကျခြင်း မရှိပေ။
ထိုအကြောင်းကြောင့် လူရိုင်းမျိုးနွယ်စု လုပ်နိုင်ခဲ့သော အရာကို ကြယ်တာရာအစုအဝေး၏ ကျင့်ကြံသူများလည်း လုပ်နိုင်ပေသည်။
သွေးစတေးခြင်းပညာရပ်သည် တစ်စုံတစ်ဦး၏ သွေးချီကို လှုံ့ဆော်ကာ ထိုလူအား ပို၍ သတ္တိရှိလာပြီး အကြောက်အရွံ့ ကင်းမဲ့အောင် လုပ်ပေးပေသည်။ အသက်ချိတ်ကြိုးပညာရပ်မှာမူ ရာနှင့် ထောင်နှင့်ချီသော လူများ၏ အသက်ဓာတ်ကို အတူတကွ ချိတ်ဆက်ပေးနိုင်ပေ၏။ ထိုနှစ်ဦးသည်သာ သေလောက်အောင် ပြင်းထန်သည့် ဒဏ်ရာအား မရထားပါက ဆိုးဆိုးရွားရွား ထိခိုက်သွားရလိမ့်မည် မဟုတ်ပေ။
ပြေးဝင်လာနေသည့် နတ်ဆိုးသားရဲစစ်တပ်ကို ကြည့်ရင်းမှ ရန်ကိုင်သည် သူ့ဓားကို ဝှေ့ယမ်း၍ အော်ဟစ်ပြောလိုက်လေ၏။ "ချီတက်"
ရန်ကိုင် ကိုယ်တိုင်သည်လည်း အနန္တ ဓားလှိုင်းများကို တစ်လှိုင်းပြီးတစ်လှိုင်း ပစ်လွှတ်ရင်းမှ နတ်ဆိုးမျိုးနွယ်စုဝင် စစ်တပ်ထဲဆီသို့ ပြေးဝင်သွားခဲ့လေသည်။
ရန်ကိုင်၏ အနောက်တွင်မူ မြောက်ဘက်နယ်မြေမှ တစ်သိန်းသော ကျင့်ကြံသူများ ရှိနေကြသည်။ ထိုကျင့်ကြံသူ တစ်ဦးချင်းစီတိုင်းသည် အလွန်ကိုမှ သွေးဆူနေသည့်အလား မာန်သွင်းအော်ဟစ်ရင်းမှ အားကောင်းဆုံးသော ပညာရပ်များကို အသုံးပြု၍ စတင်တိုက်ခိုက်ကြတော့သည်။ ထိုအကြောင်းကြောင့် ထိုကျင့်ကြံသူများ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးမျိုးနွယ်စုများမှာ သေလျှင်သေ မသေလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရကုန်ကြလေသည်။
အပေါ်စီးမှ ငုံ့ကြည့်လိုက်မည်ဆိုပါက တစ်သိန်းသော မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများသည် ထက်ရှသည့် ဓားတစ်ချောင်းပမာ နတ်ဆိုးမျိုးနွယ်စုဝင်များအား ထိုးဖောက်သွားနေကြောင်းကို မြင်တွေ့ရပေလိမ့်မည်။
နတ်ဆိုးမျိုးနွယ်စစ်တပ် အရေအတွက်သည် အဆပေါင်းများစွာ ပိုမိုများပြားလှပါသော်ငြား မှော်ပညာရပ် နှစ်ခု၏ အားဖြည့်ထားခြင်း ခံရသော မြောက်ဘက်နယ်မြေ၏ လက်ရွေးစင်စစ်တပ်နှင့် မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။ တိုက်ပွဲအချိန် ကြာမြင့်လာသည်နှင့်အမျှ မြောက်ဘက်နယ်မြေ၏ စစ်တပ်မှာ ပိုပို၍ ခက်ထန်ကြမ်းကြုတ်လာခဲ့လေသည်။ နတ်ဆိုးမျိုးနွယ်စုဝင်များသည် သူတို့အား ဘက်ပေါင်းစုံမှ ဝန်းရံထားသည့်တိုင် မြောက်ဘက်နယ်မြေစစ်တပ်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့သည့် အရိပ်အယောင် မပြခဲ့ပေ။
အောင်မြင်မှုသည် မြောက်ဘက်နယ်မြေ စစ်တပ်ဆီသို့ တဖြည်းဖြည်းနှင့် ဦးတည်လာနေခဲ့လေ၏။
ထိုသို့ပင်ဖြစ်လင့်ကစား နတ်ဆိုးမျိုးနွယ်စုဝင်များမှာလည်း ပြန်ဆုတ်မည့် အရိပ်အယောင် မပြပေ။ နတ်ဆိုးမျိုးနွယ်စုဝင် တစ်ဦးချင်းစီတိုင်းသည် သေရမည်ကို အနည်းငယ်မျှပင် မကြောက်ရွံ့သည့်အလား။
ကြီးမားကျယ်ပြန့်လှသော စစ်မြေပြင်ကြီးမှာ အသားကြိတ်စက်တစ်ခုအသွင်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး နတ်ဆိုးများအား ကြိတ်ခြေပစ်နေတော့လေသည်။
မိုဟွမ်မှာ လေထဲတွင် ဝဲ၍ ထိုမြင်ကွင်းအား ထူးမခြားနားဟန်ဖြင့် ကြည့်နေခဲ့သည်။ မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူအချို့ သေဆုံးသွားမည်ဆိုလျှင်ပင် မိုဟွမ်မှာ ဝင်၍ မကူညီခဲ့ပေ။ ထိုအစား နတ်ဆိုးကုန်းမြေ၏ အလယ်ဗဟို နေရာဆီသို့သာ သေချာစိုက်ကြည့်နေခဲ့သည်။ ထိုနေရာတွင် သူ့အောက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိသော နတ်ဆိုးတစ်ကောင်မှာ သူ့အား တောက်လျှောက်ကို စောင့်ကြည့်နေကြောင်း မိုဟွမ် သတိထားမိပေသည်။
သူ့ဘက်မှ လှုပ်ရှားလိုက်မည်ဆိုလျှင် ရန်သူလည်း ကျိန်းသေ လှုပ်ရှားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ နတ်ဆိုးမျိုးနွယ်စစ်တပ် မြောက်ဘက်နယ်မြေ စစ်တပ်တို့မှာ အရေးပါတော့လိမ့်မည် မဟုတ်။ ထိုအကြောင်းကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် ဘာကြောင့်များ ဤအတိုင်း ရပ်ကြည့်နေပါမည်နည်း သူ့ခွန်အားအရ ထိုနတ်ဆိုးစစ်တပ် တစ်ခုလုံးကို ခြေမွပစ်ဖို့ရာ အလွယ်လေးပင်။
နှစ်ဦးနှစ်ဖက်သားမှာ မျက်နှာချင်းဆိုင်၍ စကားပြောနေခြင်း မရှိပါသော်ငြား ကြိုတင်သဘောတူညီချက် ရထားသည့်အလား တိုက်ပွဲတွင် လုံးဝကို ဝင်မပါခဲ့ဘဲ နောက်ဆုံးအခိုက်အတန့်သို့ ရောက်မှသာ လှုပ်ရှားရန် ဆုံးဖြတ်ထားကြသည့်ပုံပင်။
ထိုအချိန်အတောအတွင်း စစ်မြေပြင်ထဲရှိ ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်မှာတော့ မိုးထိမတတ် မြင့်မားနေခဲ့လေသည်။ ရန်ကိုင်မှာ သူ နတ်ဆိုး မည်မျှကို သတ်ပစ်ခဲ့လို့ သတ်ပစ်ခဲ့မှန်း မမှတ်မိတော့ပေ။ သို့ပါသော်ငြား သူ့ပတ်ပတ်လည်ရှိ ရန်သူ အရေအတွက်မှာ အနည်းငယ်မျှပင် လျော့ကျသွားခဲ့ခြင်း မရှိ။ မိုးဦးပေါက်၌ ဗုံးပေါလအော ပေါက်လာသည့် မှိုများပမာ သူ့ဘေးပတ်ပတ်လည်၌ ဝိုင်းအုံ ပြည့်ကျပ်နေခဲ့လေသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် အရေအတွက် များပြားလွန်းလှသည့် နတ်ဆိုးစစ်တပ်၏ အားသာချက်မှာ သိသိသာသာကို ပေါ်လွင်လာတော့သည်။
"သတိထား" ထိုအခိုက်အတန့်တွင် ယုရုမန်၏ သတိပေးသံကို ကြားလိုက်ရသည်။
ခေါင်းပင် မော့ကြည့် မနေခဲ့ဘဲ သူ့လက်ကို ဆန့်ထုတ်၍ သူ့ အနောက်ဘက်ရှိ ဟင်းလင်းပြင်ကို ဖမ်းကိုင်လိုက်သည်။
ရွှစ်။
ရန်ကိုင်၏ လက်မှာ တုန်ခါနေသော မြားတစ်ချောင်းကို ဖမ်းမိသွားခဲ့လေသည်။ ထိုမြားအား မည်သည့် ပစ္စည်းဖြင့် လုပ်ထားလို့ လုပ်ထားမှန်း မသိရ။ သို့ပါသော်ငြား မြားအသားမှာ အတော်လေးကိုမှ မာကျောလွန်းလှလေရာ ရန်ကိုင်သည်ပင်လျှင် ထိုမြားအား ချက်ချင်း ခြေမွပစ်နိုင်ခဲ့ခြင်း မရှိပေ။
ထို့နောက် လှမ်း၍ ကြည့်လိုက်ရာ အတောင်ပံများကို တဖျပ်ဖျပ် ခတ်ရင်း မပေါ်တပေါ် အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးအား မီတာတစ်ထောင်ခန့် အကွာ၌ တွေ့လိုက်ရလေသည်။ ထိုအခိုက်အတန့်တွင် ထိုအမျိုးသမီးမှာ သူ့အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေ၏။
"ငှက်မွေးနတ်ဆိုး" ထိုအပြင် ထိုငှက်မွေးနတ်ဆိုးသည် နတ်ဆိုးဘုရင်အဆင့်ရှိ ငှက်မွေးနတ်ဆိုးတစ်ကောင် ဖြစ်နေခဲ့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၉၄)
ဘာသာပြန်သူ_တိမ်တိုက်
ငှက်မွေးနတ်ဆိုးများမှာ နတ်ဆိုးနယ်မြေထဲ အတော်လေးကိုမှ ရှားပါးလှသည်။ ထိုအကြောင်းကြောင့် နတ်ဆိုးဘုရင် ဖြစ်လာနိုင်သည့် ငှက်မွေးနတ်ဆိုးဆိုလျှင် ပိုလို့ပင် ရှားပေသေးသည်။ ထိုအကြောင်းအရာများကို ရန်ကိုင်မှာ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲ၌ သိခဲ့ရခြင်း ဖြစ်သည့်အတွက်ကြောင့် သူသိထားသည့် အကြောင်းအရာများမှာ လက်ရှိ နတ်ဆိုးနယ်မြေအတွက် မှန်မမှန်ဆိုသည်ကိုမူ တပ်အပ် မပြောနိုင်တော့ပေ။
သို့ပါသော်ငြား နတ်ဆိုးနယ်မြေ၏ ကလန်များထဲတွင် ငှက်မွေးနတ်ဆိုးများသည် မြားပစ်ရာတွင် အထူး ကျွမ်းကျင်လှပေသည်။ ငှက်မွေးနတ်ဆိုး ဘုရင်တစ်ပါးမှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းသည် အမာကျောဆုံးသော အကာအကွယ်များကိုပင်လျှင် ထိုးဖောက်နိုင်စွမ်း ရှိ၏။
ရန်ကိုင်မှ စစ်မြေပြင်ထဲ လူးလွန့်သောင်းကျန်းနေမှုသည် နတ်ဆိုးဘုရင်များ၏ အာရုံစိုက်မှုကို ခံသွားရသည့်ပုံပင်။ ထိုအကြောင်းကြောင့် နတ်ဆိုးစစ်တပ်သည် ရန်ကိုင်နှင့် ရင်ဆိုင်ရန်အတွက် ငှက်မွေးနတ်ဆိုး ဘုရင်တစ်ပါးကို စေလွှတ်လိုက်ခြင်း ဖြစ်ရပေလိမ့်မည်။
အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်မှာ ငှက်မွေးနတ်ဆိုးအား ပြုံးဖြီးပြလိုက်သည်။ ရန်ကိုင်၏ အပြုံးသည် တစ်ဖက်လူအား ရင်တဒုန်းဒုန်း ခုန်သွားစေခဲ့လေ၏။
ငှက်မွေးနတ်ဆိုးမှာလည်း အလွန်တရာကိုမှ ပြတ်သားလှပေသည်။ ထိုအကြောင်းကြောင့် တစ်ခုခု မှားယွင်းနေပြီမှန်း သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။
သို့ပါသော်ငြား ရန်ကိုင်မှာ ငှက်မွေးနတ်ဆိုးအား မည်ကဲ့သို့များ အလွတ်ပေးနိုင်ပါမည်နည်း။ ငှက်မွေးနတ်ဆိုး ပြန်ဆုတ်ရန် ကြိုးစားနေစဉ်မှာပင် ရန်ကိုင်သည် ငှက်မွေးနတ်ဆိုးဆီသို့ သူ၏ လက်ကို လှမ်း၍ ဆုပ်ကိုင်လိုက်သည်။
"ဟဲဟဲဟဲ" ထိုအခိုက်အတန့်မှာပင် အေးစက်စက် ရယ်မောသံ တစ်သံကို ရန်ကိုင် ကြားလိုက်ရလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏ ဘေးဘက် ထောင့်စွန်း တစ်နေရာဆီမှ သတ္တုရောင်တစ်ချက် လက်သွားခဲ့ပြီးသည့်နောက် အနက်ရောင် ဓားမြှောင်တစ်ချောင်းသည် ရန်ကိုင်၏ လည်တိုင်ဆီသို့ တိုးဝင်လာခဲ့လေ၏။
ရန်ကိုင်၏ အနောက်ဘက်တွင် ဝိုးတိုးဝါးတား အနက်ရောင် ပုံရိပ်တစ်ခု ရှိနေသည်ကို မည်သူမျှ သတိမထားမိခဲ့ပေ။
အရိပ်နတ်ဆိုးပင်။
အရိပ်နတ်ဆိုးများသည် လုပ်ကြံသတ်ဖြတ်ရာတွင် အထူးကျွမ်းကျင်လှသည်။ အရိပ်နတ်ဆိုးများမှာ တစ်ခါတစ်ခါ လှုပ်ရှားဖို့ကိုလည်း အချိန်ယူပေသည်။ သို့ပါသော်ငြား အရိပ်နတ်ဆိုးများ လှုပ်ရှားလိုက်သည်နှင့် ပစ်မှတ်မှာ အသက်ရှင်လျက် လွတ်မြောက်ဖို့ရာ မလွယ်ကူတော့ပေ။
ရန်ကိုင်သည် သူ့အနောက်ဘက်တွင် ပေါ်လာသည့် အရိပ်နတ်ဆိုးကို လုံးဝ လျစ်လျူရှုထားလျက် ငှက်မွေးနတ်ဆိုး ရှိရာဆီသို့သာ သူ့လက်ကို ဆန့်တန်းထားရင်းမှ ဆုပ်ကိုင်လျက် အော်ပြောလိုက်လေ၏။ "ဒီကိုလာခဲ့စမ်း"
ရန်ကိုင် စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ပြန်ဆုတ်ရန် ကြိုးစားနေသော ငှက်မွေးနတ်ဆိုး၏ မျက်နှာလေး ဖြူရော်သွားခဲ့သည်။ အကြောင်းမှာ သူမ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် မမြင်နိုင်သည့် လက်ကြီး တစ်ဖက်ပမာ သူမအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာသည့်အတွက်ကြောင့်ပင်။ ထို့နောက်တွင် သူမ ခန္ဓာကိုယ်ကို သူမ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်ဆီသို့ အလိုလို ပျံသန်းသွားခဲ့လေသည်။
ငှက်မွေးနတ်ဆိုး၏ ခွန်အားမှာ သူမတို့၏ မြားပစ်ပညာရပ်တွင် အထူးမှီခိုနေသည်။ ထိုအကြောင်းကြောင့် ငှက်မွေးနတ်ဆိုးမှာ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပါသော်ငြား သူမ၏ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်မှာတော့ အတော်လေးကိုမှ နိမ့်ကျလှပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်၏ ဖမ်းဆီးခြင်း ခံရပြီး ရန်ကိုင်ဆီသို့ ဆွဲခေါ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်နှာ သွေးစုပ်ဖြူရော်သွားခဲ့သည်။ အထိတ်တလန့် အမူအရာဖြင့် အသည်းအသန် ရုန်းကန်နေခဲ့ပါသော်ငြား ထိုထူးဆန်းသည့် ရစ်ပတ်ချုပ်နှောင်မှုအောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိပေ။
ချက်ချင်းဆိုသလို ရန်ကိုင်မှာ သူမ တည့်တည့်အား ထိုးချလိုက်လေ၏။
ဘုန်းခနဲ မြည်သံနှင့်အတူ ဖရဲသီးတစ်လုံး ပေါက်ကွဲထွက်သွားသည့်ပမာ ငှက်မွေးနတ်ဆိုး၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ ထို့နောက်တွင် ခေါင်းမရှိတော့သည့် အလောင်းတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။ ရန်ကိုင်မှာမူ ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ အလောင်းကိုပါ စိစိညက်ညက် ကြေသွားအောင် ခြေထောက်ဖြင့် နင်းခြေပစ်လိုက်၏။
နတ်ဆိုးများမှာ အလွန်ကိုမှ အသက်ဓာတ်ပြင်းလှသည်။ နတ်ဆိုးနှလုံးသား ရှိနေသေးသရွေ့ နတ်ဆိုးများ ဘယ်တော့မှ မသေနိုင်ကြပေ။ ထိုအပြင် နတ်ဆိုးဘုရင်တစ်ပါးသည် ၎င်း၏ နတ်ဆိုးနှလုံးသားကို မည်သည့်နေရာတွင် ဖွက်ထားလေသလဲ။ ထိုနတ်ဆိုးဘုရင်တွင် နတ်ဆိုးနှလုံးသား မည်မျှ ရှိသလဲဆိုသည်ကို သိဖို့ရာလည်း မဖြစ်နိုင်ကြပေ။ အလောင်းတစ်ခုလုံးကို ဗလာနတ္ထိ ဖြစ်သွားအောင် ဖျက်ဆီးပစ်မှသာလျှင် ထိုနတ်ဆိုးအား သတ်နိုင်မည်ဟု ယုံကြည်နိုင်ပေသည်။
ထိုအခိုက်အတန့်တွင် အရိပ်နတ်ဆိုး၏ ဓားမြှောင်သည် ရန်ကိုင်၏ လည်တိုင်ဆီသို့ တိုးဝင်လာခဲ့လေသည်။
သို့ပါသော်ငြား ဓားသွားမှ ရန်ကိုင်၏ အသားအား ထိလိုက်သည်နှင့် တစ်ပြိုင်နက် လက်သွယ်သွယ်လေး တစ်ချောင်းပေါ်လာပြီး ဓားမြှောင်အား ရုတ်တရက် ဖမ်းကိုင်လိုက်သည်။ ထိုလက်သွယ်သွယ်လေးမှာ အလွန်ကိုမှ အားနည်းသယောင် ထင်ရပါသော်ငြား ဓားမြှောင်မှာမူ ထိုလက်သွယ်သွယ်လေး၏ ဖမ်းကိုင်ထားမှုအောက်တွင် အရှေ့သို့ အနည်းငယ်လေးပင် ဆက်တိုးနိုင်ခြင်း မရှိတော့ပေ။
အရိပ်နတ်ဆိုး၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ လက်ပိုင်ရှင်ကို မြင်လိုက်ရသည်။
ယုရုမန်မှာမူ အရိပ်နတ်ဆိုးအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေလေ၏။ သူမ ပုံစံမှာ နတ်ဘုရားတစ်ပါးမှ သေမျိုးတစ်ပါးကို ငုံ့ကြည့်နေသည့်ပမာ။
အကြည့်ချင်းဆုံသွားသည့်အခိုက် အရိပ်နတ်ဆိုး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့သည်။ သို့ပါသော်ငြား အရိပ်နတ်ဆိုး မတုံ့ပြန်နိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့ဓားအား အနောက်သို့ ဝှေ့ယမ်းချလိုက်ရာ အရိပ်နတ်ဆိုးမှာလည်း ဓားချက်မိ၍ နှစ်ပိုင်း ပြတ်ထွက်သွားခဲ့ရလေ၏။
ဓားရောင် တလက်လက် လက်သွားခဲ့ပြီးသည့်နောက် အရိပ်နတ်ဆိုးမှာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။
နောက်ဆုံးတွင် ရန်ကိုင်သည် ယုရုမန်ဘက်သို့ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လာခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူ့လည်ပင်း အနောက်ကို လှမ်းကုတ်လိုက်ရာ ခြစ်ရာလေးတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။
ယုရုမန် ဝင်မရှုပ်လျှင်ပင် ရန်ကိုင်အနေဖြင့် ဘာဆိုဘာမျှ ဖြစ်လိမ့်မည် မဟုတ်ပေ။ ရန်ကိုင်၏ မီတာသုံးရာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်း ခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းမှာ အလွန်တရာကိုမှ မြင့်မားလှသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်မှာ အရိပ်နတ်ဆိုးဘုရင်၏ အလစ်ချောင်းတိုက်ခိုက်မှုကို လုံးဝ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။
သို့ပါသော်ငြား ယုရုမန်၏ ပုံစံမှာ အနည်းငယ် ထူးဆန်းနေလေသည်။ ရန်ကိုင် နတ်ဆိုးစစ်တပ်ထဲသို့ ဝင်ရောက်လာပြီးသည့် အချိန်မှ စ၍ ယုရုမန်မှာ ရန်ကိုင်အနားမှ ခြေတစ်ဖဝါးပင် မခွာခဲ့ပေ။ သို့ပါသော်ငြား ရန်ကိုင် အနောက်သို့ တောက်လျှောက်လိုက်နေသည့်တိုင် တစ်ချက်ကလေးမျှလည်း တိုက်ခိုက်ခဲ့ခြင်း မရှိ။ ရန်ကိုင် အန္တရာယ်နှင့် ကြုံရသည့်အခါမှသာလျှင် ဝင်ပါလာခဲ့ခြင်း ဖြစ်သည်။
"ငါ့မျက်နှာပေါ်မှာ ပန်းပွင့်နေလို့လား" ယုရုမန်က ယဲ့ယဲ့လေး ပြုံးရင်းမှ မေးလိုက်သည်။ ရန်ကိုင်မှ သူမအား ယခုကဲ့သို့ စိုက်ကြည့်နေသည့်အပေါ် ယုရုမန်မှာ အနည်းငယ် မသက်မသာ ခံစားနေရလေသည်။
ရန်ကိုင်က ရုတ်တရက် ရယ်မောရင်း..."နင်က ဒီလောကကြီးထဲမှာ အလှဆုံး ပန်းတစ်ပွင့်ပဲ"
ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် နတ်ဆိုးစစ်တပ်ထဲသို့ တစ်ဖန် ပြေးဝင်သွားခဲ့လေသည်။ ယုရုမန်မှာမူ မျက်မှောင်ကြုတ်ရင်းမှ ရန်ကိုင် အနောက်မှ လိုက်သွားခဲ့လေ၏။
ဟင်းလင်းပြင်အစီအရင် အနားတွင် လူတစ်ဖွဲ့ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုလူများမှာ အရေအတွက် များများစားစား မဟုတ်လှ။ တစ်ရာစွန်းစွန်းလောက်သာ ရှိပေသည်။ သို့ပါသော်ငြား အကုန်လုံးမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပြီး အချို့ဆိုလျှင် ဧကရာဇ်တတိယအဆင့်သို့ပင် ရောက်နေကြ၏။
သို့ပါသော်ငြား ထိုလူအားလုံး၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်ဆိုးချီများ ရစ်သိုင်းနေကြသည်ကို ကြည့်ပါက ထိုလူများသည် နတ်ဆိုးအသွင် ပြောင်းသွားသည့် လူများ ဖြစ်သည်ဆိုသည်ကို မည်သူမဆို ပြောနိုင်ကြပေလိမ့်မည်။
ထိုနေရာ၌ ပေါ်လာပြီးသည့်နောက်တွင် ထိုလူအုပ်ကြီးသည် စကားတစ်ခွန်းပင် ပြောမနေခဲ့ဘဲ ဟင်းလင်းပြင်အစီအရင်အား စတင်၍ တိုက်ခိုက်လိုက်ကြသည်။
"ရန်ကိုင်က တကယ်ကို အမြင်ကျယ်တာပဲ၊ နင်တို့ လာမယ်ဆိုတာကို သူ ကြိုပြီးသိနေတယ်" အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ အမျိုးသမီးခုနစ်ဦး ဘေးဘက်ဆီမှ ပေါ်လာခဲ့သည်။ ထိုအမျိုးသမီး ခုနစ်ဦးစလုံးမှာ တူညီသော ဝတ်စုံကို ဝတ်ဆင်ထားကြပြီး အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေကြလေသည်။ ထိုအပြင် ခုနစ်ဦးစလုံးမှာ ဧကရာဇ်အဆင့်ပညာရှင်များလည်း ဖြစ်ကြ၏။
မြောက်ဘက်နယ်မြေထဲဝယ် ရေခဲနှလုံးသားတောင်ကြားသည်သာ ဤကဲ့သို့သော အမျိုးသမီးများကို ပိုင်ဆိုင်ထားကြပေသည်။
အစောပိုင်းက စကားပြောလိုက်သည့် လူမှာ ရေခဲနှလုံးသားတောင်ကြား၏ တည်ထောင်သူ ပင်းယင် ဖြစ်ပြီး သူမနှင့်အတူ ပါလာသည်မှာတော့ သူမ၏ တပည့်များ ဖြစ်ကြသည့် အန်းလျို့ယင်၊ စွန်းယင်တု၊ ကျိယောင်၊ ချန်းစွန်းရွှင်နှင့် အခြားသူများ ဖြစ်ကြပေသည်။
နတ်ဆိုးမျိုးနွယ်စုသည် ဟင်းလင်းပြင်အစီအရင်အား လာရောက်ဖျက်ဆီးလိမ့်မည်ဟု သားရဲသခင်မဟာဧကရာဇ်မှ သတိပေးထားလေရာ ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ ကြိုတင်ပြင်ဆင်မှုများ မလုပ်ထားဘဲ နေရပါမည်နည်း။ ယခု မြောက်ဘက်နယ်မြေမှ စစ်သည်တစ်သိန်းလုံးမှာ နတ်ဆိုးစစ်တပ်နှင့် သွားရောက်ရင်ဆိုင်နေလေရာ ဟင်းလင်းပြင်အစီအရင်အား ကာကွယ်ရန်အတွက် တစ်စုံတစ်ဦးမှာ ကျိန်းသေ ကျန်ခဲ့ရပေလိမ့်မည်။
မြောက်ဘက်နယ်မြေ တစ်ခုလုံး နတ်ဆိုးများ၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားပြီဟူသော အချက်ကိုလည်း ရန်ကိုင် လုံးဝ မေ့မထားခဲ့ပေ။ ယခုဆိုလျှင် မြောက်ဘက်နယ်မြေမှ စစ်သည်တစ်သိန်းသည် နတ်ဆိုးများနှင့် သွားရောက်တိုက်ခိုက်နေကြလေရာ အနောက်ဘက်နယ်မြေထဲရှိ နတ်ဆိုးအသွင်သို့ ပြောင်းသွားသော လူများမှာ ကျိန်းသေ အေးအေးဆေးဆေး နေနေကြလိမ့်မည် မဟုတ်ပေ။
ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့်ပညာရှင် အဖွဲ့သည် ရန်ကိုင် ချန်ရစ်ထားခဲ့သော အဖွဲ့ ဖြစ်ပေသည်။
လူခုနစ်ဦးနှင့် အယောက်တစ်ရာဟူသည့်အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြားမှာ လုံးဝကို အောက်စီးသို့ ရောက်နေရလေသည်။ ပင်းယင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်တိုင် လက်ရှိအခြေအနေကို သူမ ခွန်အားဖြင့် ပြောင်းလဲပစ်ဖို့ရာ မလွယ်ကူလှပေ။ သို့ပါသော်ငြား သူမတို့တွင် အစီအရင်တစ်မျိုး ရှိနေသည့်အတွက်ကြောင့် အခြေအနေမှာ ထင်ထားသလောက် မဆိုးရွားနေခဲ့ပေ။
ပင်းယင်တို့ အဖွဲ့သည် ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် အစီအရင်ကွက်ပုံစံအတိုင်း နေရာယူလိုက်ကြသည်။ ပင်းယင်တို့၏ အရှိန်အဝါမှာ တစ်ဦးနှင့်တစ်ဦး ပဲ့တင်ထပ်သွားခဲ့ပြီးသည့်နောက် ဧရာမ လိပ်နက်ပုံရိပ်ကြီးသည် ပင်းယင်တို့ ပတ်ပတ်လည်တွင် ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်အစီအရင်ကို လွှမ်းခြုံသွားခဲ့လေသည်။
ဤသည်မှာ တောင်ခုနစ်သွယ် လိပ်နက်အစီအရင်ပင် ဖြစ်ပေသည်။
တောင်ခုနစ်သွယ် လိပ်နက်အစီအရင်သည် အရှေ့ဘက်နယ်မြေထဲရှိ လိပ်နက်ဂိုဏ်း၏ ပင်မ အမွေအနှစ်တစ်ခု ဖြစ်ကာ ကြယ်တာရာအစုအဝေးအနက် အတော်လေးကိုမှ နာမည်ကျော်ကြားပေသည်။ ရေခဲနှလုံးသားတောင်ကြားကို ရမ္မက်လျှာဂိုဏ်းမှ တိုက်ခိုက်လာခဲ့စဉ် ရေခဲနှလုံးသားတောင်ကြားမှာ အောက်စီးသို့ ရောက်ခဲ့ရသည်။ ထိုစဉ်က ရန်ကိုင်သည် တောင်ခုနစ်သွယ် လိပ်နက်အစီအရင်ကို ရေခဲနှလုံးသားတောင်ကြားဆီသို့ ပေး၍ ရေခဲနှလုံးသားတောင်ကြားကို အကျအဆုံးများစွာနှင့် ကြုံရမည့် ဘေးမှ ကယ်တင်ပေးနိုင်ခဲ့လေသည်။ ထိုအကြောင်းကြောင့် ရေခဲနှလုံးသားတောင်ကြား၏ တပည့် အားလုံးနီးပါးသည် ဤတောင်ခုနစ်သွယ် လိပ်နက်အစီအရင်ကို ကျွမ်းကျင်ထားကြပေသည်။ ယခုဆိုလျှင် ဤအစီအရင်ကို ပင်းယင်နှင့် အခြားသော ဧကရာဇ်အဆင့်ပညာရှင်များမှ အတူတကွ အသုံးပြုနေလေရာ အစီအရင်၏ ခွန်အားမှာ သိသိသာသာကို တိုးတက်လာရတော့သည်။
မဟာဧကရာဇ်တစ်ပိုင်း ရောက်လာမည်ဆိုလျှင်ပင် သူတို့အနေဖြင့် အတန်ကြာအောင် ပြန်လည် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။ ထိုအပြင် တစ်ဖက်အဖွဲ့တွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်း ရာနှင့်ချီကာ ရှိနေကြပါသော်ငြား ထိုရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင် အားလုံးမှာ နတ်ဆိုးအသွင်သို့ ပြောင်းနေကုန်ကြလေပြီ။ ထိုနတ်ဆိုးများထဲ အနည်းငယ်လောက်သည်သာ နတ်ဆိုးဝိညာဉ် ဝင်စီးထားခြင်း ခံရသော ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပြီး ကျန်လူအားလုံးမှာ နတ်ဆိုးချီ ကူးစက်ထားခြင်း ခံရပြီး ကိုယ်ပိုင်အသိစိတ် မရှိတော့သည့် ရုပ်သေးရုပ်များသာ ဖြစ်ကြလေသည်။ ထိုကဲ့သို့သော နတ်ဆိုးများသည် အမိန့်ကိုသာ နာခံရမည်မှန်း သိထားကြသည့်အတွက်ကြောင့် သူတို့၏ ခွန်အားမှာ မူလ အသက်ရှင်စဉ်က ခွန်အားနှင့် ယှဉ်လိုက်သော် သိသိသာသာကို လျော့ကျနေတော့သည်။
တဝုန်းဝုန်းမြည်သံများ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် လိပ်နက်ပုံရိပ်မှာ အကောင်းအတိုင်းသာ ကျန်ရစ်နေခဲ့ပြီး ၎င်း၏ မျက်နှာပြင်အထက် လှိုင်းတွန့်လေးများ တွန့်ရုံသာ ရှိနေခဲ့သည်။ ပင်းယင်နှင့် အခြားသူများမှာ တစ်ချက် ညည်းလိုက်ရပါသော်ငြား အစီအရင်မှာ မပျက်စီးသွားခဲ့သလို မည်သူမျှလည်း ဆိုးဆိုးရွားရွား ဒဏ်ရာ ရမသွားခဲ့ပေ။
"ရေခဲနှလုံးသားတောင်ကြားက ပင်းယင်လား" နတ်ဆိုးအုပ်ထဲမှ ဆံပင်အဖြူရောင်နှင့် လူအိုကြီးသည် ပင်းယင်ကို ကြည့်ရင်းမှ ပြောလိုက်လေသည်။ "ငါ နင့်အကြောင်း ကြားဖူးနေတာ ကြာပြီ"
ပင်းယင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ "ဒီဘုရင်မ ရှင့်ကို လန်ကျန်းလို့ ခေါ်ရမလား၊ ဒါမှမဟုတ် အခြားနာမည်တစ်ခုနဲ့ ခေါ်ရမှာလား"
ထိုလူအိုကြီးသည် ကြယ်ချွန်ဂိုဏ်း၏ ဂိုဏ်းချုပ် လန်ကျန်းမှ လွဲ၍ အခြားမဟုတ်ပေ။ သို့ပါသော်ငြား လက်ရှိအချိန်တွင်မူ သူ့ခန္ဓာကိုယ်ကို နတ်ဆိုးဝိညာဉ်တစ်ပါးမှ ဝင်စီးထားခဲ့ပြီး တကယ့် လန်ကျန်းမှာ သေဆုံးသွားခဲ့လေပြီ။
လန်ကျန်းက ပြုံး၍... "နာမည်တစ်ခုပဲဟာကို၊ ဒီအတိုင်း ကြိုက်သလို ခေါ်လို့ရတယ်၊ ဘာပဲဖြစ်ဖြစ် ရေခဲနှလုံးသားတောင်ကြားက မြောက်ဘက်နယ်မြေနဲ့ အဝေးကြီးမလား၊ ဘာဖြစ်လို့ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို လာဝင်ရှုပ်နေရတာလဲ၊ နင်တို့ အားလုံး ဒီကနေ မြန်မြန်ထွက်သွားလိုက်ရင် ကောင်းလိမ့်မယ်နော်၊ မဟုတ်ရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး"
ပင်းယင်က နှာခေါင်းရှုံ့လျက် ပြန်၍ ပြောလိုက်၏။ "အဆုံးသတ် မကောင်းမှာက ရှင်တို့တွေပဲ"
လန်ကျန်းက လှောင်ပြုံးပြုံးလျက်..."နင်တို့ဘက်မှာ ခုနစ်ယောက်ပဲ ရှိတာ၊ ဒီအစီအရင်က အားကောင်းတယ်ဆိုရင်တောင် နင်တို့ ခုနစ်ယောက်တည်းနဲ့ ငါတို့ ရာနဲ့ချီတဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေကို တားနိုင်မှာလား၊ ငါနင်တို့အပေါ် မရက်စက်ချင်လို့ အခုလိုမျိုး ပြောနေတာနော်၊ အကောင်းပြောနေတုန်း သွားလိုက်တော့"
ပင်းယင်ကမူ ထိုလူအိုကြီးအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေရင်းမှ ပြန်ပြောလိုက်လေ၏။ "ရန်ကိုင်က ရှင်တို့ လာမယ်မှန်း ကြိုသိထားပြီးသား၊ ဒီတော့ ကျွန်မတို့ ခုနစ်ယောက်ကိုပဲ ဒီမှာချန်ထားရစ်ခဲ့မယ် ထင်နေတာလား"
ပင်းယင်မှ ထိုကဲ့သို့ ပြောလာသည့်အခိုက် လန်ကျန်း၏ အမူအရာ ချက်ချင်းပြောင်းလဲသွားတော့သည်။ သို့ပါသော်ငြား တကယ့်အကြောင်းရင်းကို အဖြေမရှာရသေးခင်မှာပင် ဧရာမ လက်ဝါးကြီးများသည် မြေကြီးထဲမှ ပေါက်ထွက်လာခဲ့ပြီးသည့်နောက် သူတို့အား အရှိန်အဟုန်ပြင်းစွာဖြင့် ဖမ်းဆုပ်လာခဲ့လေသည်။
ထိုလက်ဝါးကြီးများမှာ သာမန်လူသားများ၏ လက်ဝါးများ မဟုတ်ကြဘဲ ကျောက်တုံးဖြင့် ဖွဲ့စည်းထားသော ကျောက်လက်ဝါးကြီးများ ဖြစ်နေကြလေသည်။
မြောက်ဘက်နယ်မြေမှ နတ်ဆိုးအုပ်မှာ အလစ်ငိုက်မိသွားခဲ့ပြီးသည့်နောက် အလျင်စလို ပြန်ဆုတ်ရန် ကြိုးစားကြသည်။ ကံမကောင်းစွာဖြင့် အများစုမှာ ပြန်ဆုတ်နိုင်ခဲ့ခြင်း မရှိဘဲ လက်ဝါးကြီးများ၏ ဖျစ်ညှစ်ခြင်းခံရကာ သွေးမြူများဖြင့် ပေါက်ကွဲထွက်ကုန်ကြလေသည်။
ဘုန်း၊ ဘုန်း။
မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာခဲ့ပြီး ဧရာမပုံရိပ်ကြီးများ မြေကြီးထဲမှ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြလေသည်။
လန်ကျန်းနှင့် သူ့အဖွဲ့သားများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေကြလေသည်။
အကြောင်းမှာ ထိုမြေကြီးထဲမှ ပေါ်လာသည့် အကောင်များသည် ကျောက်လူသားများ ဖြစ်နေကြသည့်အတွက်ကြောင့်ပင်။ ၎င်းတို့၏ ခန္ဓာကိုယ်ကြီးများမှာလည်း သာမန်လူများနှင့် မတူ။ အတော်လေးကိုမှ ကြီးမားလှသည်။ ထိုကျောက်လူသားများထဲမှ တစ်ဦးဆိုလျှင် အတော်လေးကိုမှ အသက်ကြီးပုံ ပေါက်နေပါသော်ငြား ထိုလူဆီမှ အလွန်ကိုမှ အားကောင်းသည့် အရှိန်အဝါကိုလည်း ခံစားနေရသည်။ ထိုအပြင် ကျောက်လူသားများအနက် တစ်ဦးဆိုလျှင် တစ်ကိုယ်လုံး ဆူးချွန်များနှင့် ပြည့်နေပြီး မီးတောက်များသည်လည်း ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားနေခဲ့သည်။
"ရှီဟွော့လား" ဆူးချွန်များနှင့် လွှမ်းခြုံနေသည့် ကျောက်လူသားကို ကြည့်ရင်း လန်ကျန်း၏ မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ ယခုမှသာလျှင် သူတို့ ရင်ဆိုင်နေရသည့် အခြေအနေ မည်မျှ ပြဿနာများလှကြောင်းကို သဘောပေါက်သွားရတော့သည်။
ရေခဲနှလုံးသားတောင်ကြားမှ အဖွဲ့သားခုနစ်ဦးသာဆိုလျှင် ကိစ္စမရှိပေ။ တောင်ခုနစ်သွယ် လိပ်နက်အစီအရင် ရှိနေမည်ဆိုလျှင်ပင် ရေခဲနှလုံးသားတောင်ကြားမှ အဖွဲ့သား ခုနစ်ယောက်စလုံးကို သတ်ပစ်၍ ဟင်းလင်းပြင်အစီအရင်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု လန်ကျန်း ယုံကြည်ချက် ရှိပေသေးသည်။
သို့ပါသော်ငြား တစ်ဖက်အဖွဲ့တွင် ရုတ်တရက် စစ်ကူများ ရောက်ရှိလာခဲ့ပြီး ထိုစစ်ကူများထဲ နတ်သားရဲတစ်ဦးပင် ပါနေပေသေးလေရာ အခြေအနေမှာ လုံးဝကို ပြောင်းပြန် ဖြစ်သွားတော့သည်။
"ပြန်ဆုတ်ကြ" လန်ကျန်း ချက်ချင်း ဆုံးဖြတ်လိုက်တော့လေသည်။ အခြေအနေမှာ သူတို့ဘက် အလေးမသာမှန်း သိလိုက်သည့်နောက် ပြန်ဆုတ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ဤနေရာသို့ လာဖို့ရာ လွယ်ကူလှပါသော်ငြား ပြန်ဆုတ်ဖို့ရာမှာတော့ ထိုမျှ မလွယ်ကူတော့ပေ။
ကျောက်တုံးကိုယ်ပွားနှင့်တကွ ကျောက်တုံးဝိညာဉ်ကလန်သား ကိုးဦးနှင့် ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့်ပညာရှင် ခုနစ်ဦးသည် ရန်ကိုင်မှ တစ်ဖက်ရန်သူကို မျှားခေါ်၍ အပြီးတိုင် ဖျက်ဆီးပစ်ရန်အတွက် ဆင်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်လေသည်။ ယခု ထောင်ချောက်ထဲသို့ တစ်ဖက်ရန်သူများ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာပြီ ဖြစ်လေရာ သူတို့အနေဖြင့် ရန်သူအား မည်ကဲ့သို့များ အလွယ်တကူ လွှတ်ပေးလိုက်နိုင်ပါမည်နည်း။
ကျောက်တုံးကိုယ်ပွား၏ ဧရာမလက်ကြီးသည် ရုတ်ချည်းဆိုသလို ဟင်းလင်းပြင်ကို ထိုးဖောက်၍ ဖြတ်ကျော်လာသည့်အလား လန်ကျန်းအား ဖမ်းဆုပ်လာခဲ့သည်။
လန်ကျန်းမှာ ကောင်းကင်တစ်ခုလုံး သူ့အပေါ် လွှမ်းခြုံလာသည့်ပမာ ခံစားလိုက်ရလေသည်။ တိုက်ပင် မတိုက်ရသေးပါသော်ငြား သူ့အနေဖြင့် ရှီဟွော့၏ ပြိုင်ဘက် မဟုတ်နိုင်မှန်း လန်ကျန်း သိလိုက်သည်။ တကယ်တော့ ရှီဟွော့သည် နတ်သားရဲတစ်ကောင် ဖြစ်ပြီး သူသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်သည် မဟုတ်ပေလော။ သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ ကြီးမားလွန်းလှပေသည်။
လန်ကျန်းမှာ ဒိုင်းကာမှော်တနာ တစ်ခုကို ထုတ်၍ သူ့ကိုယ်သူ အလျင်စလို ကာကွယ်လိုက်သည်။
ကျောက်တုံးကိုယ်ပွားမှ ဖမ်းဆုပ်လိုက်သည့်အခိုက် လန်ကျန်း ထုတ်ယူလိုက်သည့် ဒိုင်းကာမှာ တစ်စစီ ပျက်စီးသွားခဲ့လေရာ လန်ကျန်းမှာ ဇောချွေးပြန်သွားခဲ့ရလေ၏။ ကံကောင်းစွာဖြင့် ထိုတဒင်္ဂမျှသာသော နှောင့်နှေးမှုလေးကြောင့် လန်ကျန်းမှာ ထွက်ပြေးခွင့် ရသွားခဲ့လေသည်။ ထွက်ပြေးခွင့်ရသည်နှင့် တစ်ပြိုင်နက် လန်ကျန်းသည် သွေးအဆီအနှစ်ကို လောင်ကျွမ်းရင်းမှ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အမြီးကုပ်ကာ မြန်နိုင်သမျှ မြန်အောင် ထွက်ပြေးတော့သည်။
သူတို့၏ ခေါင်းဆောင်ပင်လျှင် ခွေးပြေးဝက်ပြေး ထွက်ပြေးနေသည်ကို ကြည့်ရင်း အခြားသော နတ်ဆိုးများလည်း ဆက်၍ မနေရဲတော့ဘဲ ချက်ချင်း ဘက်ပေါင်းစုံသို့ ထွက်ပြေးကုန်ကြလေသည်။
ကျောက်တုံးဝိညာဉ် ကလန်သားများမှာ ထွက်ပြေးသွားသော နတ်ဆိုးများအား လိုက်လံ ဖမ်းဆီးတိုက်ခိုက်ကြတော့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၉၅)
ဘာသာပြန်သူ_တိမ်တိုက်
သို့ပါသော်ငြား ရန်သူ၏ထောင်ချောက်ထဲသို့ ပြန်ကျသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အရမ်းကြီးတော့ လိုက်မသွားခဲ့ပေ။ ကျောက်တုံးကလန်နှင့် ရေခဲနှလုံးသားတောင်ကြားအဖွဲ့၏ အဓိကတာဝန်သည် ဟင်းလင်းပြင်အစီအရင်ကို ကာကွယ်ရန် ဖြစ်ပေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား လာရောက်တိုက်ခိုက်သော အနောက်ဘက်နယ်မြေမှ ကျင့်ကြံသူများအဖို့ ထွက်ပြေးလွတ်မြောက်ရန်အလို့ငှာ အဖွဲ့ဝင်သုံးဆယ်ကျော်ကို စတေးပစ်ခဲ့ရလေသည်။
စစ်မြေပြင်တွင်တော့ နှစ်ဖက်စလုံး၌ အကျအဆုံးများ ရှိနေခဲ့သည်။ ဤကဲ့သို့သောတိုက်ပွဲမျိုးတွင် မြောက်ဘက်နယ်မြေ၏ လူအင်အားမှာ အတော်ကိုမှ တောင့်တင်းလှသလို ရန်ကိုင်မှာ မှော်ပညာရပ်နှစ်ခုဖြင့် စစ်တပ်တစ်ခုလုံးကို အားဖြည့်ပေးထားခဲ့ပါသော်ငြား အကျအဆုံးမရှိဖို့ရာတော့ မဖြစ်နိုင်ပေ။ သို့ပါသော်ငြား နတ်ဆိုးမျိုးနွယ်၏ အကျအဆုံးများနှင့်ယှဉ်လိုက်သော် လူသားမျိုးနွယ်စုဘက်မှ အကျအဆုံးမှာ လုံးဝကို မပြောပလောက်တော့ပေ။
သွေးများ နေရာအနှံ့ စီးဆင်းနေပြီး အလောင်းများ တောင်နှယ် ပုံထပ်နေခဲ့လေသည်။ ရန်ကိုင်မှာလည်း နတ်ဆိုးများအား တောက်လျှောက်ကို သတ်ဖြတ်နေခဲ့ရာ သူ နတ်ဆိုးမည်မျှကို သတ်ခဲ့လို့ သတ်ခဲ့မှန်းပင် မမှတ်မိတော့ပေ။ ရန်ကိုင်လက်ချက်ကြောင့် နတ်ဆိုးဘုရင် ခုနှစ်ပါးမှ ရှစ်ပါးအထိ အနည်းဆုံး သေဆုံးခဲ့ကြရသည်။ ဤသည်မှာ ရန်ကိုင်တစ်ဦးတည်း၏ စွမ်းဆောင်ရည်သာ ရှိပေသေးပြီး လွမ်ဖုန်းနှင့် အခြားသောထိပ်တန်းပညာရှင်များ၏ စွမ်းဆောင်ရည်မှာလည်း ကျန်ရစ်နေပေသေးသည်။ ထိုပညာရှင်များ၏ စွမ်းဆောင်ရည်မှာလည်း ရန်ကိုင်အောက် အနည်းငယ်မျှပင် နိမ့်ကျနေလိမ့်မည်မဟုတ်။
နောက်ဆုံး၌ အချိန်တစ်ခုသို့ရောက်သော် နတ်ဆိုးကုန်းမြေဆီမှ စစ်ခရာသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုခရာသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးမျိုးနွယ်စုဝင်များမှာ ချက်ချင်းကို ပြန်ဆုတ်ကြတော့လေသည်။ သို့ပါသော်ငြား ပြန်ဆုတ်နေသည့်အချိန်တွင်ပင် ကမန်းကတန်း ပြန်ဆုတ်နေခြင်းမရှိဘဲ အစီအစဉ်တကျ ပြန်ဆုတ်သွားခဲ့လေသည်။
မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာမူ နတ်ဆိုးများအား လိုက်လံတိုက်ခိုက်ကြလေ၏။
လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးသည့်နောက်တွင် နတ်ဆိုးမျိုးနွယ်တစ်ခုလုံး နတ်ဆိုးကုန်းမြေထဲသို့ ပြန်ရောက်သွားခဲ့ကြသည်။ ထိုအခါ ရန်ကိုင်လည်း ရပ်လိုက်ပြီး သူ့ဓါးကိုမြှောက်၍ အော်ပြောလိုက်လေ၏။ “ဆက်မလိုက်ကြတော့နဲ့…”
သွေးဆာနေသော မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာ ထိုအခါမှသာလျှင် ရပ်လိုက်ကြလေသည်။ တစ်ခဏကြာမျှ တိတ်နေပြီးသည့်နောက် အကုန်လုံး ဝမ်းသာအားရ ထ၍ အော်ဟစ်ကြတော့သည်။
ယခုအချိန်မတိုင်ခင်က သူတို့အနေဖြင့် ဤစစ်သည်တစ်သိန်းလေးဖြင့် သန်းနှင့်ချီသော နတ်ဆိုးစစ်တပ်ကြီးကို ဤမျှ အလွယ်တကူ အနိုင်ယူနိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့ပါသော်ငြား ယနေ့တိုက်ပွဲပြီးသွားသည့်နောက်တွင် နတ်ဆိုးမျိုးနွယ်စုမှာ ဤမျှလောက်သာဖြစ်ကြောင်းကို သဘောပေါက်သွားကြတော့သည်။
နတ်ဆိုးများသည်လည်း သက်ရှိများဖြစ်သည့်အလျောက် သတ်၍ရပေသည်။ သူတို့တွင် ဖျက်ဆီးမရသည့် ခန္ဓာကိုယ်များနှင့် ခေါင်းသုံးလုံးလက်ခြောက်ဖက် ရှိနေခြင်းမဟုတ်။ နတ်ဆိုးများသည်လည်း သူတို့ကဲ့သို့ အသွေးအသားနှင့် သတ္တဝါများသာ ဖြစ်ကြသည်။
ကြယ်တာရာအစုအဝေးနှင့် နတ်ဆိုးနယ်မြေကြားရှိ ပထမဦးဆုံးသောတိုက်ပွဲသည် ကြယ်တာရာအစုအဝေးမှ အပြတ်အသတ်ကို အနိုင်ရခဲ့လေသည်။
အော်ဟစ်သံများမှာ လှိုင်းလုံးပမာ အဘက်ဘက်သို့ ပဲ့တင်ထပ်သွားခဲ့သည်။ လူသားမျိုးနွယ်ဘက်မှ ထိုမျှပျော်နေချိန် နတ်ဆိုးမျိုးနွယ်ဘက်တွင်မူ လုံးဝကို တိတ်ဆိတ်နေခဲ့သည်။
ဧကရာဇ်အဆင့်ပညာရှင်များမှာ ရန်ကိုင်ဆီသို့ ပျံသန်းလာကြပြီး နတ်ဆိုးမျိုးနွယ်စုအား လိုက်လံတိုက်ခိုက်ဖို့ရာ တောင်းဆိုလာကြသည်။ သူတို့အနေဖြင့် ထွက်ပြေးသွားသော နတ်ဆိုးစစ်တပ်ကြီးကို အမြစ်ဖြတ် ရှင်းလင်းပစ်ချင်ပေသည်။
သို့ပါသော်ငြား ရန်ကိုင်ကမူ သဘောမတူခဲ့ပေ။
နတ်ဆိုးကုန်းမြေထဲရှိ အခြေအနေကို မသိရသေးသည့်အချက်မှာ ထည့်မတွက်လျှင် သွေးစတေးခြင်းပညာရပ်နှင့် အသက်ချိန်းကြိုးပညာရပ်တို့မှာ ပြိုင်ဘက်ကင်းသည့် ပညာရပ်များ မဟုတ်ကြချေ။ မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာ သွေးစတေးခြင်းပညာရပ် အသက်ဝင်နေစဉ် အကြောက်အရွံ့ကင်းမဲ့ကာ ရဲစွမ်းသတ္တိအပြည့် ဖြစ်နေလိမ့်မည်ဖြစ်ပါသော်ငြား သွေးစတေးခြင်းညာရပ်၏အာနိသင် ပျေက်ကွယ်သွားပြီးသည့်နောက် သူတို့၏ခန္ဓာကိုယ်များမှာ အားနည်းလာရပေလိမ့်မည်။
ရန်ကိုင်ကဲ့သို့သော မှော်ဘုရင်တစ်ပါး၏ သွေးစတေးခြင်းပညာရပ်၏ ဘေးထွက်ဆိုးကျိုးများမှာ ထိုမျှဆိုးရွားခြင်း မရှိလျှင်ပင် အနည်းဆုံး မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများ၏ တိုက်ပွဲစွမ်းရည်ကို သိသိသာသာ လျော့ကျသွားစေပေလိမ့်မည်။
ထိုအကြောင်းကြောင့် လက်ရှိအခိုက်အတန့်တွင် အကောင်းဆုံးသောဆုံးဖြတ်ချက်မှာ ပြန်လည်အနားယူအားဖြည့်၍ တောင်ဘက်နယ်မြေနှင့် အရှေ့ဘက်နယ်မြေမှ ကျင့်ကြံသူများ ရောက်လာမည်ကို စောင့်ဆိုင်းခြင်းသာဖြစ်လေသည်။
မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများသည် ရန်ကိုင်နှင့်အတူ ဝမ်းသာအားရဖြင့် ပြန်လာကြလေသည်။ ပြန်လာရာလမ်းတစ်လျှောက်တွင် လူပေါင်းများစွာသည် သူတို့ နတ်ဆိုးမည်မျှကို သတ်ခဲ့ကြောင်း သူတို့ မည်ကဲ့သို့ တိုက်ခိုက်ခဲ့ကြောင်းကို တစ်ဦးနှင့်တစ်ဦး စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုနေကြလေသည်။
နောက်ဆုံးမှသာလျှင် ရန်ကိုင်မှာ စုယန်နှင့် အခြားသူများကို စစ်ဆေးခွင့်ရတော့သည်။
မိန်းမလေးဦးအနက် တိုက်ခိုက်ရာတွင် မကျွမ်းကျင်သော ရှနင်းချန်မှလွဲ၍ စုယန်၊ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့အားလုံး ဤနေရာသို့ ရောက်နေကြလေသည်။ တကယ်တော့ သူတို့အားလုံးသည် တာအိုသခင်အဆင့် ပညာရှင်များပင် မဟုတ်ကြလေလော။ စုယန်ဆိုလျှင် တာအိုသခင် တတိယအဆင့် အထွဋ်အထိပ်သို့ပင် ရောက်နေလေသည်။ ထိုအကြောင်းကြောင့် သူတို့အားလုံးသည် တန်ခိုးရှင်ဘုရင်အဆင့်များပင်လျှင် တိုက်ခိုက်နေကြသော ဤကဲ့သို့သောစစ်ပွဲမျိုးတွင် ပါဝင်ဆင်နွှဲနိုင်ကြပေသည်။
သို့ပါသော်ငြား တိုက်ခိုက်နေစဉ်အတောအတွင်း ရန်ကိုင်မှာ သူ့မိန်းမများအား ဂရုစိုက်ပေးရန် အချိန်မရှိခဲ့ပေ။
အကုန်လုံးမှာလည်း ကံကောင်းစွာဖြင့် အဆင်ပြေနေခဲ့လေသည်။ ရှေးဟောင်းတောအုပ်ကြီးမှ မွန်းစတားဘုရင်များမှာ ရန်ကိုင့်မိန်းမသုံးဦးအကြောင်းကို သိထားသည့်အတွက်ကြောင့် ရံဖန်ရံခါ သူမတို့သုံးဦးအား ဂရုစိုက်ကာကွယ်ပေးကြပေသည်။ မွန်းစတားဘုရင်သုံးပါးမှ ကာကွယ်ပေးနေလေရာ နတ်ဆိုးမျိုးနွယ်စုမှ သူမတို့အား မည်ကဲ့သို့များ ထိခိုက်အောင် လုပ်နိုင်ပါဦးမည်နည်း။
အသစ်စက်စက်ဆောက်လုပ်ထားသော ရွက်ဖျင်တဲထဲဝယ် ရန်ကိုင်မှာ သူ့မိန်းမသုံးဦး၏ အကူအညီဖြင့် အဝတ်အစားလဲကာ ထွက်လာခဲ့သည်။
ကောင်းကင်ထက်တွင် ဝဲနေသော မိုဟွမ်သည် ရန်ကိုင်အား ကြည့်လာပြီး ခေါင်းညိတ်ပြလိုက်လေသည်။
ရန်ကိုင်လည်း မိုဟွမ်အား ပြန်၍ခေါင်းညိတ်ပြလိုက်ပါသော်ငြား မိုဟွမ်ဆီသို့သွား၍ စကားမပြောခဲ့။ ထို့အစား လီကျောက်သည် ရန်ကိုင်ဆီသို့ ဝမ်းသာအားရအမူအယာဖြင့် ပြေးလာခဲ့လေ၏။
ရန်ကိုင်သည် လီကျောက်ကိုကြည့်၍ မေးလိုက်လေသည်။ “အကျအဆုံးဘယ်လောက်ရှိလဲ…”
လီကျောက်၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သွေးများဖြင့် နီရဲနေခဲ့လေရာ သူ့အနေဖြင့် အဝတ်အစားလဲကာ မသန့်စင်ရသေးကြောင်း သိသာလှသည်။ သို့ပါသော်ငြား စိတ်လှုပ်ရှားစွာဖြင့် ပြန်၍ပြောလိုက်ပေသေးသည်။ “ငါးထောင်မရှိတတ်ရှိတတ်လောက်သေပြီးတော့ နှစ်သောင်းလောက် ဒဏ်ရာရထားတယ်… ဒါပေမယ့် အများစုကတော့ ခြစ်ရာရှရာလောက်ပဲ ရတာပါ… ကျန်တဲ့လူတွေကတော့ အကုန်အဆင်ပြေတယ်…”
တိုက်ပွဲတစ်ပွဲအတွင်း၌ လူငါးထောင်သေဆုံးသွားခဲ့ပြီး နှစ်သောင်းဒဏ်ရာရသည်ဆိုသည်မှာ အတော်လေးကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့ပါသော်ငြား ရန်သူဘက်တွင် စစ်သည်တော်တစ်သန်း ရှိနေသည့်အချက်ကို ပြန်စဉ်းစားလိုက်မည်ဆိုပါက ထိုအရာမှာ မယုံကြည်နိုင်စရာ အောင်မြင်မှုတစ်ရပ် ဖြစ်သွားပြီဟု ပြော၍ရပေသည်။
ယခုကဲ့သို့သောတိုက်ပွဲမျိုးတွင် နတ်ဆိုးမျိုးနွယ်စုသည် အကျအဆုံး သုံးသိန်းခန့် ကြုံခဲ့ရသည်။ ထိုပမာဏသည် အသေခံအဖြစ် အသုံးပြုခဲ့သော အနီရောင်နှင့် အစိမ်းရောင်နတ်ဆိုးများကို ထည့်မတွက်ထားသေးပေ။ စစ်မြေပြင်၌ ကျန်ရစ်နေသော အလောင်းများမှာ အကောင်းဆုံးသော သက်သေဖြစ်ပေသည်။ နတ်ဆိုးများမှာ ထိုမျှများပြားလှသော အကျအဆုံးများနှင့် ကြုံနေရချိန် မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာမူ အသေအဆုံး ငါးထောင်နှင့် နှစ်သောင်းသာ ဒဏ်ရာရခဲ့ကြသည်။ ဤသည်မှာ လုံးဝကို မယုံကြည်နိုင်စရာအဖြစ်အပျက်တစ်ခု ဖြစ်ပေသည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာ သူမျှော်မှန်းထားသည့် ဘောင်အတွင်းတွင်သာ ရှိနေပေသေးသည်။
လီကျောက်က ထပ်ပြောလိုက်သည်။ “ဒါပေမယ့် အခုလောလောဆယ် အကုန်လုံးက နည်းနည်းလေး အားနည်းနေသလို ခံစားနေရတယ်… ကြည့်ရတာ ရက်နည်းနည်းလောက် အနားယူပြီးတော့မှ ပြန်အဆင်ပြေသွားမယ်နဲ့တူတယ်…”
ဤသည်မှာ သွေးစတေးခြင်းပညာရပ်၏ ဘေးထွက်ဆိုးကျိုးဖြစ်ပေသည်။ သူတို့အနေဖြင့် ဤမျှလောက်သာ အားနည်းနေရခြင်းမှာ ရန်ကိုင်ကဲ့သို့သော မှော်ဘုရင်တစ်ပါးမှ အသုံးပြုထားသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ရန်ကိုင်ထက် အဆင့်နိမ့်သည့် မှော်ဆရာတစ်ပါးပါးမှ အသုံးပြုလာခဲ့မည်ဆိုလျှင်တော့ သူတို့အနေဖြင့် လဝက် သို့မဟုတ် တစ်လခန့် အနားယူပြီးမှသာ ပြန်လည်ကောင်းမွန်လာနိုင်ပေလိမ့်မည်။
လီကျောက်က စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။ “နတ်ဆိုးမျိုးနွယ်က ဒီအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာခဲ့ရင်…”
ရန်ကိုင်က လီကျောက်ကိုပုခုံးပုတ်၍ ပြောလိုက်လေ၏။ “စီနီယာသားရဲသခင်ရှိနေသေးတာပဲ… သူ ဂရုစိုက်ပေးမှာပေါ့…”
ရန်ကိုင်မှ နတ်ဆိုးကုန်းမြေထဲသို့ သူ့လူများအား စိတ်ကြိုက်မခေါ်သွားရဲသလို နတ်ဆိုးမျိုးနွယ်စုသည် သူတို့အား စိတ်ကြိုက်လာမတိုက်ခိုက်ရဲပေ။ မြောက်ဘက်နယ်မြေစစ်တပ်သည်သာ ဆက်၍တောင့်မခံနိုင်ထားပါက မိုဟွမ် ကျိန်းသေ လှုပ်ရှားပေလိမ့်မည်။
ထိုစကားကိုကြားသည့်အခါ လီကျောက် စိတ်အားတက်ကြွသွားခဲ့ပြီး စိတ်သက်သာရာလည်း ရသွားခဲ့သည်။
ဤရက်များအတွင်း နတ်ဆိုးနယ်မြေဘက်တွင်တော့ လုံးဝကို တိတ်နေခဲ့သည်။ နောက်တစ်ကြိမ် ပြန်လည်စစ်ခင်းရန်အတွက် လူအင်အားများ စုဆောင်းနေသလား။ ထိုသို့မဟုတ်ဘဲ အကြံအစည်တစ်ခုခု ကြံနေသလားဆိုသည်ကို မသိရသေးပါသော်ငြား အရှေ့ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာမူ ထိုအချိန်အတောအတွင်း အဆက်မပြတ်ကို ရောက်ရှိလာနေကြသည်။
အရှေ့ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေထဲတွင် ရန်ကိုင်မှ ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်များ ရှိကြသည်။ ယခုအချိန်၌ လီဝူရီကိုယ်တိုင်သည်လည်း ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းနိုင်ပေသည်။ ထိုအကြောင်းကြောင့် ရက်အနည်းငယ်ကြာပြီးမှ ရောက်လာကြသည့်တိုင် အကူအညီများ ပေးနိုင်ပေသေး၏။
နယ်မြေကြီးတစ်ခုချင်းစီတိုင်းသည် ကျင့်ကြံသူတစ်သိန်းခန့် ခေါ်လာကြလေသည်။ ထိုကျင့်ကြံသူများ၏ခွန်အားမှာ မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများနှင့် အတူတူလောက်သာ ရှိကြသည်။
အသစ်ရောက်လာသည့် ကျင့်ကြံသူများမှာ နတ်ဆိုးမျိုးနွယ်စုကို ကြောက်နေကြပေသည်။ သို့ပါသော်ငြား မြောက်ဘက်နယ်မြေသည် တစ်သန်းခန့်ရှိသော နတ်ဆိုးစစ်တပ်ကြီးအား တစ်သိန်းလောက်ဖြင့် အနိုင်ယူခဲ့သည့်အကြောင်းကို ကြားလိုက်ရသည့်အခါတွင်မူ ထိုကျင့်ကြံသူအားလုံး ထိတ်လန့်သွားကုန်ကြလေသည်။ အကုန်လုံးမှာ စစ်ပွဲအကြောင်းကို သိရရန်အလို့ငှာ မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများကို သွားရောက်မေးမြန်းကြလေ၏။
မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာမူ သူတို့ နတ်ဆိုးများအား မည်ကဲ့သို့ တိုက်ခိုက်ခဲ့ကြောင်းကို အာပေါင်အာရင်းသန်သန်ဖြင့် ရှင်းပြကြလေသည်။
အခြားသောနယ်မြေနှစ်ခုမှ ကျင့်ကြံသူများမှာမူ မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများပြောသည်ကို အပြည့်အဝ မယုံကြပေ။ သို့ပါသော်ငြား ပြန့်ကျဲနေသော နတ်ဆိုးမျိုးနွယ်စုများ၏ သိန်းနှင့်ချီသောအလောင်းများမှာ အကောင်းဆုံးသော သက်သေအထောက်အထားတစ်ရပ် ဖြစ်နေလေ၏။
အခြားသောနယ်မြေနှစ်ခုမှ ကျင့်ကြံသူများ ရောက်မလာသေးခင်မှာပင် မြောက်ဘက်နယ်မြေသည် နတ်ဆိုးမျိုးနွယ်စုနှင့် တိုက်ခိုက်ခဲ့ပြီး သိန်းနှင့်ချီသော နတ်ဆိုးများကို သတ်ပစ်နိုင်ခဲ့သည်။
လက်ရှိအခိုက်အတန့်တွင် အတော်များများမှာ နတ်ဆိုးမျိုးနွယ်စုအား ယခင်ကလောက် ကြောက်ရွံ့နေခြင်း မရှိကြတော့ဘဲ အချို့မှာ နောက်လာမည့်တိုက်ပွဲကိုပင်လျှင် မျှော်လင့်နေကြတော့လေသည်။ သူရဲကောင်းများသည် ပြဿနာအခက်အခဲများကြားတွင် ပေါ်လာလေ့ရှိပေသည်။ ကမ္ဘာနှစ်ခုကြားမှတိုက်ပွဲသည် အလွန်တရာကိုမှ ရှည်ညောင်းလှသည့် တိုက်ပွဲတစ်ပွဲဖြစ်ပြီး ယခုကဲ့သို့သောအခိုက်အတန့်မျိုးတွင် သူရဲကောင်းများ ပေါ်လာလေ့ရှိသည်မှာ သဘာဝသာဖြစ်သည်။ ဤသည်မှာ လူတိုင်းအတွက် မှတ်ကျောက်တင်နိုင်မည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပေသည်။
မဟာဧကရာဇ်များသည်လည်း တစ်ပါးပြီးတစ်ပါး ရောက်ရှိလာကြသည်။
မဟာဧကရာဇ်များ မည်မျှ ရောက်လို့ရောက်လာမှန်း ရန်ကိုင်သေချာမသိ။ သို့ပါသော်ငြား သူတွက်ကြည့်ရသလောက် အနည်းဆုံး ခြောက်ယောက်မှ ခုနှစ်ယောက်ခန့်အထိ ရောက်လာခဲ့လေပြီ။ ထိုမဟာဧကရာဇ်များအနက် တစ်ပါးမှာ ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
သူမသည် မဟာဧကရာဇ်များကြား နာမည်ကျော်ကြားသော ပန်းအရိပ်မဟာဧကရာဇ် ဟွာလင်းလုံ ဖြစ်ရမည်မှန်း ရန်ကိုင်သိလိုက်သည်။
ရန်ကိုင်ထင်သည်မှာလည်း တကယ်ကိုမှန်ပေသည်။ ပန်းအရိပ်မဟာဧကရာဇ်သည် ရောက်သည်နှင့် ယုရုမန်ကို လှမ်းခေါ်ခဲ့သည်။ တကယ်တော့ ယုရုမန်သည် လီရှီချင်းအယောင်ဆောင်ထားသည့် လူတစ်ဦးပင် မဟုတ်လေလော။
(ယုရုမန်တော့ သွားတော့မှာပဲ…) ရန်ကိုင် စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။ ယုရုမန် မည်သူမည်ဝါ ဖြစ်နေစေကာမူ သူမ၏ ပုံရိပ်ယောင်ပညာရပ် မည်မျှပင် ကောင်းမွန်နေစေကာမူ သူမအနေဖြင့် အခြားသူများကို အရူးလုပ်ချင်လုပ်လို့ ရလိမ့်မည်ဖြစ်ပါသော်ငြား ပန်းအရိပ်မဟာဧကရာဇ်ကိုမူ အရူးလုပ်လို့ ရလိမ့်မည်မဟုတ်ပေ။ တကယ်တော့ သူတို့နှစ်ဦးသည် ဆရာတပည့်ပင် မဟုတ်လော။ ဟွာလင်းလုံအနေဖြင့် ယုရုမန်အယောင်ဆောင်ထားသည်ကို မည်ကဲ့သို့များ မမြင်နိုင်ပါမည်နည်း။
တစ်ခုသော ရွက်ဖျင်တဲအပြင်ဘက်ဝယ် ဧကရာဇ်ဒုတိယ တတိယအဆင့်သို့ ရောက်နေသော ပညာရှင်များမှာ ရန်ကိုင်အနီးတစ်ဝိုက်တွင် စုဝေးနေကြလေသည်။
ထိုလူများအနက် အချို့မှာ ရန်ကိုင်၏အသိအကျွမ်းများ ဖြစ်ကြပြီး အခြားသူများမှာမူ ရန်ကိုင်နှင့် ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်လေသည်။ ထိုလူများမှာ တောင်ဘက်နယ်မြေနှင့် အရှေ့ဘက်နယ်မြေမှ ပညာရှင်များ ဖြစ်ကြလေ၏။
ရန်ကိုင်သည် နတ်ဆိုးမျိုးနွယ်စုအကြောင်း အတော်လေးကိုမှ သိထားသည့်အကြောင်းကို ထိုပညာရှင်များ ကြားသိခဲ့ရသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်ဆီမှ လာရောက် အကူအညီတောင်းခံ မေးမြန်းကြခြင်း ဖြစ်လေသည်။
ရန်ကိုင်သည်လည်း ဘာကိုမှ မဖုံးကွယ်ထားခဲ့ဘဲ သူသိထားသည့် အကြောင်းအရာများအားလုံးကို ရှင်းပြလိုက်လေ၏။
ဧကရာဇ်အဆင့်ပညာရှင်များမှာမူ ရန်ကိုင်ရှင်းပြနေသည့် အကြောင်းအရာများကို သေသေချာချာ နားစိုက်ထောင်နေကြပြီး နားမလည်သည်များရှိလျှင် ပြန်ပြန်၍ မေးတတ်ပေသည်။ ရန်ကိုင်သည်လည်း စိတ်ရှည်ရှည်ဖြင့် မေးခွန်းတစ်ခုချင်းစီတိုင်း သေသေချာချာ ပြန်လည်ရှင်းပြဖြေပေးလေ၏။ နတ်ဆိုးမျိုးနွယ်စုအကြောင်းကို ရန်ကိုင် မည်ကဲ့သို့များ သိလာသလဲဆိုသည်ကို မည်သူမျှ မသိကြပေ။ သို့ပါသော်ငြား ရန်ကိုင်ပြောပြသည့် အကြောင်းအရာများသည် ယခုကဲ့သို့သောစစ်ပွဲမျိုးအတွက် အလွန်ကိုမှ အဖိုးတန်လှပေသည်။ ရန်ကိုင်သာမရှိပါက သူတို့အနေဖြင့် ယခုကဲ့သို့သော သတင်းအချက်အလက်များကို ရရှိရန်အတွက် သိန်းနှင့်သောင်းနှင့်ချီသော ကျင့်ကြံသူများကို စတေးပစ်ရပေလိမ့်မည်။
နေ့ဝက်ခန့် ကြာပြီးသည့်နောက် ဧကရာဇ်အဆင့်ပညာရှင်များ ပြန်လည်ထွက်ခွာသွားကြသည်။ အဖိုးတန်သည့် သတင်းအချက်အလက်များကို ရလိုက်ပြီး ဖြစ်သည့်အတွက်ကြောင့် ထိုအကြောင်းအရာများကို သူတို့တပည့်များအား ပြန်လည်ပြောပြရပေလိမ့်မည်။
“ရောင်းရင်းရန်… ဒီမှာ ငါတို့သဘောတူထားတဲ့ဟာ… ကျောင်းသခင်က ဒါကို မင်းဆီပေးခိုင်းလိုက်တယ်…” အားဟန်ကျောင်းတော်မှချီကွေ့သည် အကုန်လုံးထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်ဆီသို့ ရောက်လာပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို လာပေးလေသည်။
ရန်ကိုင်လည်း သိုလှောင်လက်စွပ်ကိုယူ၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် မျက်ခုံးပင့်ကာ ခေါင်းညိတ်ပြလိုက်လေ၏။ “ကျောင်းသခင်ချန်က တကယ်ကို တွေးတတ်တာပဲ…”
သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည်မှာ အခြားမဟုတ်ဘဲ အရင်းအမြစ်ကျောက်များ၊ ဆေးလုံးများ၊ သိုင်းပညာရပ်များနှင့် မှော်ရတနာများ ဖြစ်ကြပေသည်။ ဤအရာများမှာ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်း၏ ရတနာဂိုထောင်ထဲမှ အဖိုးတန်ရတနာများ ဖြစ်ကြသည်။
အထဲတွင် ရှိနေသည်မှာ အရှေ့ဘက်နယ်မြေ၏ မရဏဂိုဏ်းနှင့် ဗြဟ္မာ့ကုန်းမြေတို့၏ ရတနာဂိုထောင်ထဲမှ အဖိုးတန်ရတနာများ၏ တစ်ဝက်တိတိဖြစ်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၉၆)
ဘာသာပြန်သူ_တိမ်တိုက်
ယခင်က ရန်ကိုင်သည် မရဏဂိုဏ်းနှင့် ဗြဟ္မာ့ကုန်းမြေမှ ထိပ်တန်းပညာရှင်များကို ကောင်းကင်ဝံပုလွေတောင်ကြားအပြင်ဘက်၌ သတ်ဖြတ်ပစ်ခဲ့သည်။ ထိုစဉ်က ချီကွေ့အား ဂိုဏ်းနှစ်ဂိုဏ်းပိုင်ဆိုင်ထားသော အရာမှန်သမျှ၏ တစ်ဝက်ကို လိုချင်သည်ဟု ပြောခဲ့လေသည်။ မရဏဂိုဏ်းနှင့် ဗြဟ္မာ့ကုန်းမြေမှ ထိပ်တန်းပညာရှင်များ အသတ်ခံလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် ထိုဂိုဏ်းနှစ်ဂိုဏ်း၏ ဌာနချုပ်များမှာ အကာအကွယ်မရှိတော့မှန်း ရန်ကိုင်သိနေပေသည်။ အားဟန်ကျောင်းတော်အနေဖြင့် ကျိန်းသေ လှုပ်ရှားပေလိမ့်မည်။
ထိုစဉ်က အားဟန်ကျောင်းတော်သည် အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းအနက် ကျန်ရစ်ခဲ့သော တစ်ဂိုဏ်းတည်းသောဂိုဏ်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အနေဖြင့် တစ်ဝက်လောက်တောင်းသည်မှာ အလွန်အကျူးမဟုတ်။
သို့ပါသော်ငြား နောက်ပိုင်းတွင် နဂါးကျွန်းဆီသို့သွား၍ ထိုမှတစ်ဆင့် စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ သွားခဲ့သည်။ ထို့နောက် မြောက်ဘက်နယ်မြေဆီသို့ တန်းပြန်လာခဲ့လေ၏။ ထိုအကြောင်းကြောင့် အားဟန်ကျောင်းတော်ဆီသို့ သွားရန် အချိန်ရှိမနေခဲ့ပေ။
ယခု ချီကွေ့သည် ထိုစဉ်က သူတောင်းဆိုထားခဲ့သော အရာများကို ကိုယ်တိုင်လာပေးခဲ့သည်။
ရှင်းရှင်းပြောရသော် နတ်ဆိုးမျိုးနွယ်စုအကြောင်းကို ရန်ကိုင်အား လာရောက်မေးမြန်းနေသည့် ဧကရာဇ်အဆင့်ပညာရှင်အုပ်ကြီးထဲတွင် အားဟန်ကျောင်းတော်၏ ကျောင်းသခင်လည်း ရှိပေသည်။ အားဟန်ကျောင်းတော် ကျောင်းသခင်၏ နာမည်ကိုမူ ရန်ကိုင်မသိ။ အခြားသူများကမူ ထိုကျောင်းသခင်အား ကျောင်းသခင်ချန်ဟု ခေါ်သည်ကို ကြားခဲ့သည်။
ကျောင်းသခင်ချန်မှာ ကိုယ်တိုင်ကိုယ်ကျ လာမပေးခဲ့ပေ။ ထိုကဲ့သို့သော အဖိုးတန်ရတနာများကို ရန်ကိုင်အား ကိုယ်တိုင်လာပေးရမည်ကို ရှက်ရွံ့နေသည့်အလား။ တကယ်တော့ ထိုအရာများသည် အားဟန်ကျောင်းတော် စစ်ပွဲ၌ ရလာသည့် အကျိုးအမြတ်များ ဖြစ်ပေသည်။ ရန်ကိုင်က ထိုထဲမှ တစ်ဝက်တိတိကို တောင်းဆိုခဲ့သည်။ ကျောင်းသခင်ချန်ကိုယ်တိုင်အား ထိုအရာများကို လာပေးလိုက်မည်ဆိုလျှင် ရန်ကိုင်အား ကြောက်နေသည့်ပုံစံမျိုး ဖြစ်သွားပေလိမ့်မည်။
သို့ပါသော်ငြား လက်ရှိအချိန်တွင် ကမ္ဘာနှစ်ခုမှာ စစ်ဖြစ်နေလေရာ သူ့အနေဖြင့် နောက်နောင်တွင် ရန်ကိုင်၏အကူအညီကို လိုအပ်ကောင်း လိုအပ်လာနိုင်ပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အား အလွယ်တကူရန်စမိလိုက်၍ မဖြစ်ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ကျောင်းသခင်ချန်သည် ရန်ကိုင်နှင့် ယခင်က စကားပြောဆိုဆက်ဆံခဲ့ဖူးသော ချီကွေ့အား သူ့ကိုယ်စား လာရောက်ပေးခိုင်းလိုက်ခြင်း ဖြစ်လေသည်။
ချီကွေ့က ယဲ့ယဲ့လေးပြုံးရင်းမှ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “ကျောင်းသခင်က ပြောခိုင်းလိုက်တယ်… နောက်ပိုင်း စစ်ပွဲတွေရှိလို့ရှိရင် ရောင်းရန်အနေနဲ့ အားဟန်ကျောင်းတော်ကို နည်းနည်းလောက် ကြည့်ပေးပါဦးတဲ့…”
ရန်ကိုင်သည် ချီကွေ့အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။ “အားဟန်ကျောင်းတော်က ထိပ်တန်းပညာရှင်တွေအကုန်လုံးကို ခေါ်လာတာလေ… ပြီးတော့ ကျောင်းသခင်ချန်ကိုယ်တိုင်လည်း ရှိနေတာကို… အဲ့ဒါတွေအပြင်ကိုမှ အားဟန်ကျောင်းတော်က ရှုယဉ်သာနန်းတော်ရဲ့ လက်အောက်မှာ ရှိနေတာ… ကျုပ်က ဘယ်လိုလုပ်ပြီး စောင့်ရှောက်ပေးလို့ရမှာလဲ…”
ချီကွေ့က ယဲ့ယဲ့လေးရယ်သွမ်းသွေးရင်းမှ ပြန်ပြောလိုက်လေ၏။ “ကျုပ်ကြားတာတော့ စစ်ပွဲတုန်းက ရောင်းရင်းရန်က လျှို့ဝှက်နည်းစနစ်တွေသုံးပြီးတော့ လူတိုင်းရဲ့သွေးချီကို လှုံ့ဆော်ပြီး နတ်ဆိုးချီကို ခုခံနိုင်အောင် လုပ်ပေးခဲ့တယ်ဆို… ပြီးတော့ အကုန်လုံးရဲ့အသက်ဓာတ်ကို စုဝေးပြီးတော့ လူတိုင်း လွယ်လွယ်နဲ့မသေအောင်လို့လည်း ကူညီပေးခဲ့သေးတယ်တဲ့…”
(ဒီတော့ သူက အဲ့အကြောင်းကို ပြောနေတာပေါ့…) ရန်ကိုင်ကမူ မျက်နှာသေဖြင့်သာ ပြန်ပြောလိုက်သည်။ “အတတ်နိုင်ဆုံး ကြိုးစားပေးမယ်…” ရန်ကိုင်မှာ ဘာကိုမျှ ကတိမပေးခဲ့ပေ။ သူ့အနေဖြင့် သူ့လူများကို စောင့်ရှောက်ချင်သည့်အတွက်ကြောင့်မဟုတ်ဘဲ အလွန်ကိုမှ စွမ်းအင်ကုန်ဆုံးလွန်းသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
သူသည် မှော်ဘုရင်တစ်ပါးဖြစ်ပါသော်ငြား လူတစ်သိန်းအား သွေးစတေးခြင်းပညာရပ်နှင့် အသက်ထိန်းချုပ်ပညာရပ်တို့ဖြင့် အားဖြည့်ပေးရသည်မှာ သူ့အကန့်အသတ်သို့ ရောက်နေလေပြီ။ အခြားသူများ မည်သို့ပင် တောင်းဆိုနေစေကာမူ သူ့အနေဖြင့် ဘာမျှ ထပ်လုပ်မပေးနိုင်တော့ပေ။ လက်ရှိအခိုက်အတန့်တွင် လူအင်အားအရေအတွက်မှာ သုံးသိန်းနီးပါးခန့် ရှိနေသည်။ ထိုလူအကုန်လုံးကိုသာ စစ်ပွဲထဲ၌ နေရာချပေးလိုက်မည်ဆိုလျှင် ရန်ကိုင်တစ်ဦးတည်းဖြင့် ထိုလူအားလုံးကို ကူညီပေးနိုင်လိမ့်မည်မဟုတ်ပေ။
“အဲ့ဒါဆို ကြိုပြီးတော့ ကျေးဇူးတင်ထားလိုက်ပါမယ်…” ချီကွေ့သည် လက်သီးဆုပ်ပြပြီးသည့်နောက် ပြန်ထွက်သွားလေသည်။
ရန်ကိုင်ကမူ နေရာတွင် ရပ်ကျန်နေခဲ့ရင်းမှ တစ်ခဏမျှကြာအောင် ထိုင်စဉ်းစားနေခဲ့သည်။ ထို့နောက် တစ်ခုခုအား စဉ်းစားမိသွားလေ၏။ ထိုအရာကိုစဉ်းစားလေ စဉ်းစားလေ ပို၍ဖြစ်နိုင်လေဟု ခံစားလာရလေပင်။ ယခင်ကမူ နတ်ဆိုးနယ်မြေမှ ကျူးကျော်ခြင်း မရှိသည့်အတွက်ကြောင့် ထိုအချက်ကို လုံးဝ စဉ်းစားခြင်းမရှိခဲ့။ သို့ပါသော်ငြား လက်ရှိအခြေအနေအရ သူ့အနေဖြင့် ရနိုင်သမျှ လူအင်အားအကုန်အစင်ကို အသုံးချရပေလိမ့်မည်။
သူ့စိတ်ထဲ ထိုအကြောင်းကို တွေးနေစဉ်မှာပင် သင်းပျံ့သည့် မွှေးရနံ့လေးနှင့်အတူ မျက်နှာလွှားဇာကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး သူ့ရှေ့၌ ပေါ်လာခဲ့လေသည်။ “နင် ဘာတွေစဉ်းစားနေတာလဲ…”
ရန်ကိုင်က အံ့အားသင့်သွားလေ၏။ (သူ ဘာမှမဖြစ်ဘူးလား…)
(သူ့ကို ဟွာလင်းလုံ ခေါ်တွေ့နေတာမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ရတာလဲ…) ယုရုမန်အယောင်ဆောင်ထားသည်ကို ဟွာလင်းလုံ မြင်တွေ့သွားလိမ့်မည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်လေသည်။ သို့ပါသော်ငြား ယခု ယုရုမန် သူ့ရှေ့၌ အကောင်းအတိုင်းပေါ်လာသည်ကို ကြည့်ရသလောက် ဘာဆိုဘာမျှ ဖြစ်မသွားသည့်ပုံပင်။
“နင်အဆင်ပြေရဲ့လား…” ရန်ကိုင်သည် သူ့ဟန်အမူအယာကို ပြန်ထိန်းလိုက်ရင်းမှ စိုးရိမ်နေသည့်ပုံစံမျိုးဖြင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မေးလိုက်လေသည်။
ယုရုမန်၏နှုတ်ခမ်း ယဲ့ယဲ့လေး ကွေးတက်သွားခဲ့ပြီးသည့်နောက် ပြန်မေးလိုက်လေသည်။ “နင် ငါ့ကို စိတ်ပူနေတာလား…”
ရန်ကိုင်သည် မျက်စောင်းသာ ထိုးလိုက်သည်။ ထို့နောက် အလေးအနက်အမူအယာဖြင့် “အပိုတွေပြောမနေနဲ့… ငါ နင့်ကို စိတ်ပူတာပေါ့… သူ နင့်ကို ဘာမှမလုပ်လိုက်ဘူးမလား…”
ယုရုမန်ကပြုံးလျက် “ငါ တစ်ခုခုဖြစ်သွားမယ်ဆိုရင် အခုလိုမျိုး နင့်ရှေ့မှာ အကောင်းအတိုင်း ရပ်နေနိုင်ဦးမှာလား…”
“အင်း… ဟုတ်တာပဲနော်…” ရန်ကိုင်သည် စိတ်သက်သာရာ ရသွားသည့်ပုံစံမျိုး လုပ်ပြလိုက်လေသည်။ သို့ပါသော်ငြား သူ့စိတ်ထဲတွင် အတော်လေးကိုမှ ဇဝေဇဝါဖြစ်နေခဲ့သည်။ (ဘာတွေဖြစ်သွားတာလဲ… ဟွာလင်းလုံက သူအယောင်ဆောင်ထားတာကို မမြင်တာလား… ဒါမှမဟုတ် မြင်ရဲ့သားနဲ့ အခြားအကြံတစ်ခုခု ရှိနေသေးလို့ ဒီတိုင်းပဲ ထားလိုက်တာလား…)
“ငါ အဆင်ပြေတယ်… နင် ငါ့ကို စိတ်ပူနေစရာမလိုဘူး…” ယုရုမန်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။
(ဘယ်သူက နင့်ကို စိတ်ပူနေလို့လဲ…) ရန်ကိုင် စိတ်ထဲမှနေ၍ ကြိတ်ကာ ပြန်ပြောလိုက်သည်။ နှလုံးသားစည်းတံဆိပ်မှာ ဝိဉာဉ်ကြာပန်းထဲသို့ ရောက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ နှလုံးသားစည်းတံဆိပ်၏ သက်ရောက်ခြင်း မခံရတော့ပေ။ သို့ပါသော်ငြား ယုရုမန်မှာတော့ ထိုကဲ့သို့မဟုတ်သည့်ပုံပင်။ ရန်ကိုင်အပေါ် သူမ၏သဘောထားမှာ ယခင်အတိုင်းသာ ရှိနေပေသေးသည်။ သို့ပါသော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်မည်ဆိုပါက ထိုကဲ့သို့ဖြစ်သည်မှာ အထူးအဆန်းမဟုတ်ကြောင်း သိနိုင်ပေလိမ့်မည်။
နှလုံးသားစည်းတံဆိပ်ကို ဝိဉာဉ်ကြာပန်းမှ ဖုံးအုပ်ထားခဲ့ပါသော်ငြား ထိုအရာသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင်သာ ရှိနေပေသေးသည်။ ထိုအကြောင်းကြောင့် နှလုံးသားစည်းတံဆိပ်သည်သာ ပျက်စီးသွားခြင်းမရှိသေးသရွေ့ ယုရုမန်အပေါ် ဆက်လက်၍ သက်ရောက်နေပေလိမ့်မည်။
“သွား… အထဲသွားပေတော့… မဟာဧကရာဇ်တွေ နင့်ကိုစောင့်နေတယ်…” ယုရုမန်က ရုတ်တရက်ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “ဒါဆို ငါပြန်လာခဲ့မယ်… အရမ်းကြီး လျှောက်သွားမနေနဲ့နော်…”
ယုရုမန်က ပြန်ပြောလိုက်သည်။ “အင်း…”
ထို့နောက်တွင် ရန်ကိုင်သည် အဓိကရွက်ဖျင်တဲထဲသို့ ဝင်သွားလိုက်လေသည်။
ရွက်ဖျင်တဲထဲဝယ် ကြယ်တာရာအစုအဝေး၏ ထိပ်ဆုံးတွင် ရပ်တည်နေသော ပညာရှင်များ စုဝေးနေကြသည်။ စုစုပေါင်း လူခုနှစ်ဦးခန့် ရှိနေပေသည်။
ထိုလူခုနှစ်ဦးအနက် ရန်ကိုင်မှာ သုံးဦးကိုသာ သိပေသည်။ ရှုယဉ်သာ၊ သားရဲသခင်နှင့် သံမဏိသွေးတို့ပင်။ ကျန်သည့်လေးဦးကိုမူ တစ်ခါမှ မတွေ့ဖူးပေ။ ထိုလေးဦးအနက် တစ်ဦးမှာ ချောမောလှပလှသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး မည်သူမဆို ပန်းအရိပ်မဟာဧကရာဇ်မှန်း သိနိုင်ပေလိမ့်မည်။ အခြားသောတစ်ဦးမှာတော့ သိပ်အသက်ကြီးသေးသည့်ပုံမပေါ်ဘဲ အသက်သုံးဆယ်လောက်သာ ရှိမည်ထင်ရသည်။ သူ၏ဆံပင်မှာ နှင်းသားပမာ ဖြူဖွေးဆွတ်နေခဲ့ပြီး သူဝတ်ဆင်ထားသည့်ဝတ်ရုံမှာလည်း ရေခဲသားဖြင့် ထွင်းထုထားသည့်ပမာ ထင်မှတ်ရသည်။ ထိုလူသည် ရေခဲငှက်မွေးမဟာဧကရာဇ် ဖြစ်ရလိမ့်မည်မှန်း ရန်ကိုင်တန်းသိလိုက်သည်။
ကြင်နာဖော်ရွေသည့် မျက်နှာထားမျိုးဖြင့် ပြုံးပြနေသော လူအိုကြီးတစ်ဦးလည်း ရှိနေလေသည်။
ထိုလူအိုကြီးမှာ ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သာ ဖြစ်လေ၏။
နောက်ဆုံးတစ်ဦးမှာတော့ မုတ်ဆိတ်မွေး ရင်ဘတ်ထိရောက်နေပြီး မျက်နှာနီကျင့်ကျင့်နှင့် လူအိုကြီးတစ်ဦး ဖြစ်လေသည်။ ထိုလူအိုကြီးဆီမှ အားကောင်းလှသည့် ဆေးရနံ့တို့ ဖြာထွက်နေလေ၏။ ထိုအချက်ကို ကြည့်လိုက်ရုံဖြင့်ပင်လျှင် ထိုလူမှာ မဟာဆေးဧကရာဇ်မှန်း သိနိုင်ပေလိမ့်မည်။
မဟာဧကရာဇ်ဆယ်ပါးအနက် မူလကုန်းမြေထဲသို့ ရောက်နေသော လောကတစ်သောင်းမဟာဧကရာဇ်နှင့် နတ်ဆိုးမျိုးနွယ်နှင့် ပူးပေါင်းသွားသော ညအရိပ်မဟာဧကရာဇ်၊ နတ်ဆိုးနယ်မြေထဲ ပိတ်မိနေသော လမင်းမဟာဧကရာဇ်တို့မှလွဲ၍ ကျန်သည့်မဟာဧကရာဇ်အားလုံး ဤနေရာ၌ စုဝေးနေကြလေသည်။
ပုံမှန်အားဖြင့် လူရှေ့သူရှေ့ ထွက်ပေါ်လာလေ့မရှိသော မဟာဧကရာဇ်များမှာ ယနေ့တွင်တော့ လူလုံးထွက်ပြလာကြလေပြီ။ နတ်ဆိုးမျိုးနွယ်စု၏ ကျူးကျော်မှုကြောင့်သာမဟုတ်လျှင် သူတို့အနေဖြင့် ဤကဲ့သို့သောနေရာမျိုးတွင် ပေါ်လာစရာအကြောင်း မရှိပေ။
ရန်ကိုင်က လက်သီးဆုပ်၍ အလေးအနက်အမူအယာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်လေ၏။ “မင်္ဂလာပါ စီနီယာတို့…”
ထိုခုနှစ်ဦးသည် ကြယ်တာရာအစုအဝေးထဲရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ ရိုသေလေးစား အားကျရသည့် ပညာရှင်များ ဖြစ်ကြသည်။ ရန်ကိုင်သည်ပင်လျှင် ထိုပညာရှင်များရှေ့မှောက်၌ နမော်နမဲ့ မနေရဲပေ။ ထိုလူခုနှစ်ဦးသည် ၎င်းတို့၏အရှိန်အဝါကို ထုတ်လွှတ်နေခြင်း မရှိလျှင်ပင် ရန်ကိုင်မှာတော့ ထိုလူများရှေ့၌ ရပ်နေရရုံဖြင့်ပင်လျှင် ဖိအားဝင်နေရသည်။
မဟာဆေးဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် ရှနင်းချန်နှင့် ဆက်နွယ်နေသည့်အတွက်ကြောင့် ရန်ကိုင်အပေါ် အမြင်တစ်မျိုးနှင့် ကြည့်သည်မှာ အထူးအဆန်းတော့မဟုတ်ပေ။
ပန်းအရိပ်မဟာဧကရာဇ်ကမူ ရန်ကိုင်အား ကြည့်ရင်းမှ နှစ်လိုဖွယ်ကောင်းသည့်လေသံလေးဖြင့် မေးလိုက်လေသည်။ “နင်က ရန်ကိုင်လား…”
သူမ၏လေသံလေးမှာ အသာအယာ စီးဆင်းနေသည့် စမ်းရေပမာ ပျော့ပျောင်းလွန်းလှကာ ကြားလိုက်ရသည့်လူတိုင်းကို သက်တောင့်သက်သာ ဖြစ်သွားစေနိုင်ပေသည်။
ရန်ကိုင်က ပြန်၍ပြောလိုက်၏။ “ဟုတ်ပါတယ်…”
ထိုအခါ ဟွာလင်းလုံက ပြုံး၍ ပြန်မေးလိုက်လေ၏။ “ဒီရက်ပိုင်း ချင်းအာ နင့်နောက်ကို တကောက်ကောက်ကို လိုက်နေတာ နင် သူ့ကို ဘယ်လိုပီယဆေးတွေ တိုက်လိုက်တာလဲ…”
သူမမှာ ကန်းလည်းကန်းမနေသလို နားလည်းပင်းမနေခဲ့ပေ။ ထိုကြောင့် ထိုအကြောင်းများကို သိနေလေသည်။ သူမ၏လေသံကို ကြည့်ရသလောက် ဟွာလင်းလုံမှာ လုံးဝ ဒေါသထွက်သည့်ပုံမပေါ်။ သူမနေရာတွင်သာ အခြားမဟာဧကရာဇ်တစ်ဦးသာဆိုပါက ရန်ကိုင်အား တွေ့သည်နှင့် ယခုကဲ့သို့ အော်ငေါက်ပေလိမ့်မည်။ “မင်း ငါ့တပည့်ကို ဖျားယောင်းရဲတယ်ပေါ့ ဟုတ်လား… ကောင်လေး… မင်းသေချင်နေတာလား…”
ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ဟွာလင်းလုံကိုယ်တိုင်မှာ အတော်လေးကိုမှ သိမ်မွေ့ကြင်နာသည့်လူတစ်ဦးမှန်း ပြောနိုင်ပေသည်။
ထိုကဲ့သို့သောလူတစ်ဦးမှ တောက်လျှောက်ကို အမဲလိုက်ရလေအောင် လီဝူရီ ဘာတွေများလုပ်ခဲ့သလဲဆိုသည်ကိုပင် ရန်ကိုင်တွေးမိသွားလေသည်။
ရန်ကိုင်သည် ချက်ချင်း ကျောကိုမတ်၍ ပြန်၍ပြောလိုက်လေသည်။ “ချင်းအာနဲ့ကျုပ်က တစ်ယောက်နဲ့တစ်ယောက် ကြိုက်နေကြတာပါ… မြင်မြင်ချင်းချစ်သွားကြတာပါ…”
ထိုစကားကိုကြားသော် မိုဟွမ်၏မျက်နှာကြီး သုန်မှုန်သွားခဲ့လေသည်။ သူ၏အဖိုးတန်သမီးလေးအကြောင်းလည်း သူသိပေသည်။ မိုရှောင်ချီမှာ ရန်ကိုင်အပေါ် ခံစားချက်အချို့ ရှိနေလေသည်။ သို့ပါသော်ငြား ရန်ကိုင်တွင် မိန်းမများစွာ ရှိနေလေပြီ။ ယခုဆိုလျှင် ရန်ကိုင်သည် ဟွာလင်းလုံ၏တပည့်နှင့်ပင် ချစ်ကြိုးသွယ်နေလေပြန်သည်။ ရှောင်ချီသာ ထိုအကြောင်းကို သိသွားပါက သူမ မည်ကဲ့သို့များ ခံစားရလေမည်နည်း။ တစ်ခါတစ်ရံတွင် မိုဟွမ်မှာ ရန်ကိုင်အား ရိုက်သတ်ပစ်ချင်စိတ်များပင် ပေါက်လာရသည်။
ဟွာလင်းလုံမှာမူ တခစ်ခစ်ရယ်သွမ်းသွေးရင်းမှ ပြောလိုက်သည်။ “နင်က တော်တော်ကို သတ္တိရှိတာပဲ…”
ရန်ကိုင်က အလေးအနက်လေသံဖြင့် “အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ချစ်ကြိုက်သွားတဲ့အခါကျရင် အကုန်လုံးက မသင့်တော်တာတွေ ဘာတွေ ဘာမှမရှိတော့ဘူး… စီနီယာ ကျုပ်တို့ကို တားချင်လို့ အခုလိုမျိုး လာမေးနေတာလား…”
ဟွာလင်းလုံကမူ ခေါင်းခါ၍ “မဟုတ်ပါဘူး… နားလည်မှုလွဲမနေနဲ့… ချင်းအာက ကလေးတစ်ယောက်မဟုတ်တော့ဘူး… ဒီတော့ သူလုပ်ချင်သလို လုပ်လို့ရတယ်… ဒါပေမယ့် သူ့ဆရာဖြစ်တဲ့ငါကတော့ ဒီအကြောင်းကိုမေးတာ ဘာဆန်းလို့လဲ… ဟုတ်တယ်မလား…”
(သူက လီရှီချင်းမဟုတ်ဘူး… ယုရုမန်ဟ…) ရန်ကိုင်မှာ ဟွာလင်းလုံ၏ မျက်လုံးများကိုပင်လျှင် ဆွဲထုတ်၍ သူမမျက်လုံးများ ကန်းနေသလားဆိုသည်ကို သေသေချာချာ ကြည့်ချင်စိတ်များ တဖွားဖွား ဖြစ်လာရသည်။
ဟွာလင်းလုံကမူ ပြန်၍ပြောလိုက်လေသည်။ “သူက နင့်ကို ရွေးတယ်ဆိုမှတော့ သူ့ကိုစိတ်မပျက်စေနဲ့…”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ “ဂျူနီယာ စိတ်ထဲ မှတ်ထားလိုက်ပါမယ်…”
“ကောင်းပြီ… အပိုစကားတွေ ပြောမနေကြတော့နဲ့…” မိုဟွမ်သည် ကြားဖြတ်ဝင်ပြောလိုက်ပြီးသည့်နောက် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေ၏။ “ကောင်လေး… ဒီတစ်ကြိမ် ငါတို့ မင်းကိုခေါ်လိုက်ရတာ တိုက်ပွဲတုန်းက မင်းသုံးသွားတဲ့ပညာရပ်တွေအကြောင်း မေးချင်လို့ပဲ…”
ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ဂျူနီယာလည်း အဲ့အကြောင်းကို စီနီယာတို့ဆီ ပြောပြချင်နေတာပါ…”
“အို…” မိုဟွမ် မျက်ခုံးပင့်သွားခဲ့လေသည်။ “မင်း ဘာပြောပြချင်နေတာလဲ…”
ရန်ကိုင်က ပြန်၍ပြောလိုက်၏။ “စီနီယာသားရဲသခင်က အဲ့နေ့တုန်းက ကျုပ်သုံးသွားတဲ့ ပညာရပ်တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတာဆိုတော့ အဲ့အကြောင်းကိုမေးချင်တာ သဘာဝပါပဲ…”
မိုဟွမ်က ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်… မင်းသုံးသွားတဲ့ပညာရပ်တွေထဲမှာ သွေးချီကိုလှုံ့ဆော်တဲ့ပညာရပ်က ဒီလောက်မဟုတ်ဘူး… ဂိုဏ်းတော်တော်များများမှာလည်း အဲ့လိုပညာရပ်တွေ ရှိပြီးသား… ဒါပေမယ့် ကျင့်ကြံသူတစ်သိန်းလုံးရဲ့ စွမ်းအင်တွေကို ချိတ်ဆက်ပေးတဲ့ ပညာရပ်ကတော့ တကယ်ကို မယုံကြည်နိုင်စရာပဲ… လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ငါ အဲ့အကြောင်းကို ထိုင်စဉ်းစားနေတာ… ဒါပေမယ့် ဘယ်လိုစဉ်းစားစဉ်းစား မင်းသုံးသွားတဲ့ပညာရပ်က ဘယ်လိုပညာရပ်လဲဆိုတာကို လုံးဝ စဉ်းစားလို့မရဘူး… ဒါပေမယ့် အခြားသူတွေနဲ့ ဆွေးနွေးကြည့်ပြီးလည်း ကြည့်ပြီးရော မင်းသုံးသွားတဲ့ပညာရပ်က ငါတို့သိတဲ့ ဒဏ္ဍာရီလာ ရှေးခေတ်မှော်ပညာရပ်တစ်ခုနဲ့ သွားဆင်နေတာကို တွေ့လိုက်ရတယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “စီနီယာက တကယ်ကို ဗဟုသုတကြွယ်ဝတာပဲ… ဟုတ်ပါတယ်… အဲ့ဒါက ရှေးခေတ်မှော်ပညာရပ်တစ်ခုဖြစ်တဲ့ အသက်ချိန်းကြိုးပညာရပ်ပါ…”
မဟာဧကရာဇ်အားလုံး အံ့အားသင့်သွားကုန်ကြလေသည်။
သံမဏိသွေးက မျက်မှောင်ကျုံ့၍ မေးလိုက်လေ၏။ “မင်းက ရှေးခေတ်မှော်ပညာရပ်တွေကို သုံးနိုင်တယ်ပေါ့…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံး၍ သူ့ခန္ဓာကိုယ်အရှိန်အဝါကို ပြောင်းလဲပြလိုက်သည်။ ချက်ချင်းဆိုသလို ရန်ကိုင်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ရှေးကျသလို ဖြစ်သွားတော့လေ၏။ ထို့နောက်တွင် မဟာဧကရာဇ်များကိုကြည့်၍ ပြောလိုက်လေ၏။ “အခုပုံစံနဲ့ဆိုရင် ဂျူနီယာက မှော်ဘုရင်တစ်ယောက်လို့ ပြောလို့ရတယ်…”
ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သည် သူ၏မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်းမှ မေးလိုက်လေသည်။ “မှော်ဘုရင်တွေက ရှေးခေတ်အချိန်တုန်းက ငါတို့ အခုလက်ရှိ ဧကရာဇ်အဆင့်ပညာရှင်တွေနဲ့ ယှဉ်နိုင်တဲ့ ထိပ်တန်းအဆင့်ပညာရှင်တွေပဲ… ဒါပေမယ့် လောကနိယာမတွေက တူတော့တာမှမဟုတ်တာ… မင်းက ဘယ်လိုလုပ်ပြီး မှော်ပညာရပ်တွေကို သုံးနိုင်နေရသေးတာလဲ…”
ရန်ကိုင်က ပြန်၍ ရှင်းပြလိုက်လေသည်။ “စီနီယာ့မေးခွန်းနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဟိုးတစ်ခေါက်တုန်းက ဂျူနီယာ သီးခြားကမ္ဘာလေးတစ်ခုထဲကို ဝင်သွားမိပါတယ်… အဲ့သီးခြားကမ္ဘာလေးရဲ့ အချိန်ကုန်ဆုံးနှုန်းက အပြင်လောကကြီးနဲ့ လုံးဝမတူပါဘူး… အဲ့ထဲမှာ နှစ်တွေအများကြီးကုန်သွားပေမယ့် အပြင်မှာတော့ သုံးလေးရက်လောက်ပဲ ကုန်ပါတယ်… အဲ့သီးခြားကမ္ဘာထဲမှာ ဂျူနီယာ အခုလိုမျိုး ရှေးခေတ်မှော်ပညာရပ်တွေကို ကျင့်ကြံဖို့ အခွင့်အရေးရခဲ့တာပါ…”
ထိုစကားကိုကြားသော် ကောင်းကင်ကံကြမ္မာမဟာဧကရာဇ် ထိတ်လန့်သွားခဲ့လေသည်။ “ဒီတော့ မင်းပြောချင်တာက အဲ့သီးခြားကမ္ဘာထဲမှာ ရှေးခေတ်တုန်းက ပတ်ဝန်းကျင်ကြီး ရှိနေတယ်ပေါ့…”
“ဟုတ်ပါတယ်…”
ထိုစကားကိုကြားသော် မဟာဧကရာဇ်များ ဝမ်းသာသွားခဲ့ကြပြီး သံမဏိသွေးမဟာဧကရာဇ်က ချက်ချင်းမေးလိုက်လေသည်။ “အဲ့သီးခြားကမ္ဘာက ဘယ်မှာလဲ… အဲ့သီးခြားကမ္ဘာကို ထပ်ဖွင့်လို့ရလား…”
ထိုစကားကိုကြားသော် ရန်ကိုင်က ပြုံး၍ ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်လေသည်။ “အဲ့သီးခြားကမ္ဘာက အခုလောလောဆယ် ကျုပ်ရဲ့ ထက်ကောင်းကင်နန်းတော်မှာ ရှိနေပါတယ်… ဖွင့်မယ်ဆိုရင် အချိန်မရွေး သွားဖွင့်လို့ရပါတယ်…”
“ကောင်းတယ်…” သံမဏိသွေးမဟာဧကရာဇ်က ဝါးလုံးကွဲရယ်မောရင်းမှ သူ့လက်နှစ်ဖက်ကိုပွတ်၍ ရန်ကိုင်အား ကြည့်ကာ ပြောလိုက်လေသည်။ “အဲ့လိုဆိုရင်တော့ မင်း လူတစ်အုပ်လောက်ကို ခေါ်သွားပြီးတော့ အဲ့သီးခြားကမ္ယာထဲမှာ သွားပြီးကျင့်ကြံကွာ… အဲ့မှော်ပညာရပ်တွေကိုပါ သင်ခိုင်းလိုက်…. အဲ့လိုမျိုးရတယ်မလား…”
“ဂျူနီယာလည်း အဲ့လိုလုပ်ဖို့ အကြံပေးမလို့ပါပဲ…” ရန်ကိုင်ကလည်း ခေါင်းညိတ်ပြလိုက်လေသည်။