အခန်း (၃၃၉၇-၃၄၀၀)
Vol. 149 Ch. 3397-3400
အပိုင်း (၃၃၉၇)
ဘာသာပြန်သူ_တိမ်တိုက်
လက်ရှိအချိန်တွင် ကမ္ဘာနှစ်ခုကြားရှိ စစ်ပွဲမှာ အလွန်ကိုမှ အရေးကြီးသည့်ကိစ္စတစ်ရပ် ဖြစ်နေလေသည်။ ဤကဲ့သို့သောစစ်ပွဲမျိုးတွင် မှော်ပညာရပ်များမှာ အလွန်ကိုမှ အရေးပါလာခဲ့သည်။ အသက်ချိန်းကြိုးပညာရပ်တစ်ခုတည်းနှင့်ပင် ကြယ်တာရာအစုအဝေးဘက်မှ အကျအဆုံးများကို သိသိသာသာ လျှော့ချပေးနိုင်ပေသည်။
ရန်ကိုင်မှာ ကိစ္စရပ်အားလုံးကို သူတစ်ဦးတည်း မကိုင်တွယ်နိုင်ပေ။ ယခင်က ကျင့်ကြံသူတစ်သိန်းအား သူ၏ မှော်ဘုရင်အဆင့်ကျင့်ကြံခြင်းဖြင့် ဂရုစိုက်ပေးနိုင်ခဲ့ပါသော်ငြား ကျင့်ကြံသူအရေအတွက် များလာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်လည်း လူတိုင်းအား ကူညီပေးနိုင်တော့မည်မဟုတ်ပေ။
ထို့အတွက်ကြောင့် သူ၏မျှော်လင့်ချက်များကို ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာပေါ်တွင်သာ စုပုံထားရတော့သည်။ သူသည်သာ အခြားသူများအား မှော်စွမ်းအားကို ရရှိသွားအောင် ကူညီပေးနိုင်မည်ဆိုပါက ဤစစ်ပွဲအတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ သူ့ဂိုဏ်း၏ ဝှက်ဖဲများကိုလည်း ဖုံးကွယ်ထားရန် မစဉ်းစားတော့ပေ။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာမှာ ထက်ကောင်းကင်နန်းတော်၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်လေရာ ပုံမှန်အခြေအနေမျိုးတွင်သာဆိုပါက သူ့အနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို အခြားသူများအား မည်ကဲ့သို့များ အသုံးပြုခွင့် ပေးနိုင်ပါမည်နည်း။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ထပ်၍ပြောလိုက်လေသည်။ “ဒါပေမယ့် အဲ့ဒါကို တိုးတိုးတိတ်တိတ်သုံးရင်တော့ ပိုကောင်းလိမ့်မယ်… ပြီးတော့ တကယ်ယုံကြည်အားကိုးရလောက်မယ့် လူတွေကိုပဲ ပေးတာ ပိုကောင်းမယ်…”
သံမဏိသွေးက ခေါင်းညိတ်၍ပြောလိုက်သည်။ “ရတယ် ကိစ္စမရှိဘူး… လူတွေအတွက်ကတော့ စိတ်မပူနဲ့… ဆယ်ရက်အတွင်း ငါ မင်းကို စာရင်းတစ်ခုပေးလိုက်မယ်… အဲ့ကျရင် အဲ့လူတွေကို ထက်ကောင်းကင်နန်းတော်ဆီခေါ်သွားပြီးတော့ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲ ပို့ပေးလိုက်ပေါ့… ပို့လို့ရမယ့်လူတွေရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီးတော့ ကန့်သတ်ချက်တွေ ဘာတွေ ရှိသေးလား…”
ရန်ကိုင်က ပြန်၍ပြောလိုက်၏။ “ကျင့်ကြံခြင်းအဆင့်ကတော့ မြင့်လေ ပိုကောင်းလေပဲ… ဒါပေမယ့် ရှေးခေတ်တွေတုန်းက လူတိုင်းတောင် မှော်ပညာရပ်တွေကို သင်နိုင်ကြတာမဟုတ်ဘူး… ဒီတော့ အဲ့ထဲကို ဝင်သွားတဲ့လူတွေအကုန်လုံး မှော်စွမ်းအားကို ရလာမယ်လို့တော့ ကျုပ် အာမ မခံနိုင်ဘူး… ဆယ်ယောက်မှာ တစ်ယောက် ဒါမှမဟုတ်ရင် အယောက်တစ်ရာမှာ တစ်ယောက် အဲ့လိုမှမဟုတ်ရင် အယောက်တစ်ထောင်မှ တစ်ယောက်တောင် မှော်စွမ်းအားကို ရချင်မှရမှာ… သူတို့ မှော်စွမ်းအားကို ရလာမယ်ဆိုရင်တောင် အဲ့မှော်စွမ်းအားကို ဘယ်အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်မလဲဆိုတာက ပြောစရာရှိသေးတယ်…”
“ကြိုးစားနေမယ်ဆိုရင်တော့ နည်းလမ်းတစ်ခုခုကတော့ ရှိနေမှာပဲ… ဒီလိုအခွင့်အရေးမျိုးက ရှိနေပြီဆိုမှတော့ ဘယ်လိုလုပ်ပြီး ဒီအတိုင်း လက်လွတ်ခံလိုက်လို့ ဖြစ်ပါ့မလဲ…”
ရန်ကိုင်က ခေါင်းညိတ်၍ ထပ်ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့မျှော်လင့်ချက်အားလုံးကို ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာပေါ်မှာပဲ ပုံထားလို့မရဘူး…”
မှော်စွမ်းအားကို ကျင့်ကြံဖို့ရာ မည်မျှခက်ခဲကြောင်းကို အခြားမည်သူထက်မဆို ရန်ကိုင် ပို၍သိပေသည်။ ရှေးခေတ်အချိန်၌ မှော်ပညာရှင်များ နည်းပါးခဲ့ရခြင်းမှာ မှော်စွမ်းအားကိုကျင့်ကြံရာတွင် ကြုံရသည့် အခက်အခဲများကြောင့်ပင် ဖြစ်လေသည်။ မှော်စွမ်းအားကို ရရှိဖို့ရာမှာ ယနေ့ခေတ်ကျင့်ကြံသူများအဖို့ ကျင့်ကြံသူတစ်ဦး ဖြစ်လာဖို့ရာထက် အများကြီး ပို၍ခက်ခဲပေသည်။ ကျင့်ကြံသူတစ်ဦး ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲသို့ ဝင်သွားမည်ဆိုလျှင်ပင် မှော်ပညာရှင်အချို့သာ ပေါ်လာပေလိမ့်မည်။ ထိုကဲ့သို့သော ပေါ်လာသည့်မှော်ပညာရှင်များထဲ အဆင့်နိမ့်မှော်ပညာရှင်များဖြစ်ကြသည့် မှော်စစ်သည်တော်များနှင့် မှော်သခင်များသာလျှင် ရှိလျှင် ရှိနေတတ်လောက်သည်။ ထိုအကြောင်းကြောင့် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာပေါ်ချည်းတွင်သာ မျှော်လင့်ချက်အားလုံးကို စုပြုံထားဖို့ရာ သိပ်၍ အဆင်မပြေလှပေ။
“မင်းမှာ အခြားအစီအစဉ်ရှိသေးလို့လား…” မိုဟွမ်သည် ရန်ကိုင်ကိုကြည့်၍ မေးလိုက်၏။
ရန်ကိုင်က ရှင်းပြလိုက်လေသည်။ “မြောက်ဘက်နယ်မြေထဲက ရေခဲနယ်မြေထဲမှာ ဒွိလောကကမ္ဘာဆိုတဲ့ သီးခြားကမ္ဘာတစ်ခုရှိတယ်… အဲ့နေရာက အရင်တုန်းက ရှေးခေတ်လူရိုင်းမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်စုတွေ စစ်ဖြစ်ခဲ့တဲ့နေရာပဲ… အဲ့ထဲမှာ မှော်ဆရာတွေအများကြီးပဲ… အဲ့မှော်ဆရာတွေထဲမှာ မှော်ဘုရင်တွေ အတော်များများပါတယ်…”
“မှော်ဘုရင်… မင်းလိုမျိုးလား…” လူတိုင်း၏မျက်လုံးများ တောက်ပသွားကြသည်။
“မှော်ပညာရပ်တွေကို ကျွမ်းကျင်မှုအပိုင်းကို ပြောရမယ်ဆိုရင်တော့ သူတို့က ကျုပ်နဲ့ အဆင့်တူတူပဲ… သူတို့တွေသာ ကူညီပေးနိုင်မယ်ဆိုရင် ဒီစစ်ပွဲအတွက်က ပိုပြီးတော့ အဆင်ပြေသွားမှာ…”
ဟွာလင်းလုံက ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ “နင် သူတို့ကို သွားခေါ်လို့ရလား…”
“ဒီဂျူနီယာ ကြိုးစားကြည့်ပေးမယ်…” ရန်ကိုင်က ဤကဲ့သို့ အကြံပြုလာသည့်အတွက်ကြောင့် သူ့တွင် အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်သည့်အတွက်ကြောင့်သာ ဖြစ်ပေမည်။ ထိုဒွိလောကကမ္ဘာကြီးထဲ မှော်ဆရာများစွာ ရှိပေသည်။ ယခင်တစ်ကြိမ် ရန်ကိုင်သည် ရေခဲနယ်မြေထဲသို့ ကျုချင်းအား ရှာရန်အတွက် ဝင်သွားစဉ်က ဒွိလောကကမ္ဘာထဲသို့ မတော်တဆ ရောက်သွားခဲ့သည်။ ထိုနေရာမှ ပြန်ထွက်လာဖို့ရာ မလွယ်ကူခဲ့ပေ။
ထိုနေရာမှ တစ်ခါမှ ပြန်ထွက်လာနိုင်တော့လိမ့်မည်မဟုတ်ဟု ထင်ခဲ့ပါသော်ငြား အဆုံးတွင်တော့ ပြန်ထွက်လာနိုင်ခဲ့ပေသည်။
“ကောင်းတယ်…” မိုဟွမ် စိတ်အားတက်သွားလေသည်။ “မင်း သူတို့ကို ဖိတ်ခေါ်နိုင်မယ်ဆိုရင် မင်းက ကြယ်တာရာအစုအဝေးရဲ့ တကယ့်သူရဲကောင်းဖြစ်သွားပြီ…”
ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ဂျူနီယာ လုပ်နိုင်သလောက် ကူညီပေးနေတာပါ…”
သံမဏိသွေးက ထပ်၍ပြောလိုက်သည်။ “ဒီကိစ္စက အရမ်းအရေးကြီးတယ်… ငါ မင်းနဲ့လိုက်ခဲ့မယ်…”
ရန်ကိုင်မှာ ရယ်ချင်စိတ်ကိုအောင့်အည်းရင်းမှ ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “မလိုပါဘူး… ကျုပ် ဒွိလောကကမ္ဘာကြီးကို တစ်ခါရောက်ဖူးတယ်… အဲ့မှာ ဘယ်သူမှ ဂျူနီယာကို မခြိမ်းခြောက်နိုင်ဘူး… ဂျူနီယာ ကိုယ့်ဘာသာကိုယ် သွားလို့ အဆင်ပြေတယ်… စီနီယာသံမဏိသွေးကတော့ ဒီနေရာကအခြေအနကို တစ်ချက် စောင့်ကြည့်နေလိုက်တာပဲ ပိုကောင်းလိမ့်မယ်…”
ထိုစကားကိုကြားသော် ကျန်းဝူဟန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင်တော့ ဂရုစိုက်ပေါ့ကွာ…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ရွက်ဖျင်တဲထဲမှထွက်ကာ သူနားနေသည့်နေရာဆီသို့ ပြန်လာခဲ့လေသည်။
မဟာဧကရာဇ်များနှင့် ဆွေးနွေးချက်အရ ကြယ်တာရာအစုအဝေးသည် စစ်သည်သုံးသိန်းထဲမှ လူသုံးထောင်အား ထက်ကောင်းကင်နန်းတော်ဆီသို့ ရန်ကိုင်နှင့်အတူ စေလွှတ်ပေလိမ့်မည်။ ရန်ကိုင်သည် ထိုလူသုံးထောင်ကို ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲသို့ ကျင့်ကြံရန်အတွက် ခေါ်သွားပေးရပေလိမ့်မည်။ ထိုလူသုံးထောင်သည် ပထမဦးဆုံးသောအသုတ် ဖြစ်ပေသည်။ ပထမအသုတ်သည်သာ မှော်စွမ်းအားကို အောင်မြင်စွာ ကျင့်ကြံနိုင်ပါက နောက်ထပ်လူများကို ထပ်မံစေလွှတ်ပေလိမ့်မည်။
ထို့နောက်တွင် ရန်ကိုင်သည် ရေခဲနယ်မြေထဲသို့ သွားကာ ဒွိလောကကမ္ဘာဆီသို့ သွားပေလိမ့်မည်။
သုံးရက်ကြာပြီးသည့်နောက်တွင် လူသုံးထောင်အား ရွေးချယ်လို့ ပြီးသွားခဲ့လေပြီ။ ထိုလူသုံးထောင်အနက်မှာ အယောက်တစ်ရာကျော်မှာ ဧကရာဇ်အဆင့်ပညာရှင်များဖြစ်ကြပြီး ကျန်လူများမှာမူ တာအိုသခင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ ဖြစ်ကြသည်။
လူတိုင်းအနေဖြင့် ရန်ကိုင်ကဲ့သို့ မှော်ဘုရင်တစ်ပါးဖြစ်လာဖို့ရာ ဖြစ်နိုင်လိမ့်မည်မဟုတ်မှန်း မဟာဧကရာဇ်များ သိနေကြသည်။ သို့ပါသော်ငြား ထိုလူများအနေဖြင့် အဆင့်အနိမ့်ဆုံးဖြစ်သော မှော်စစ်သည်တော်များ ဖြစ်လာနိုင်မည်ဆိုလျှင်ပင် နောက်ပိုင်းစစ်ပွဲများအတွင်း ကူညီပေးနိုင်ပေသေးသည်။
ထိုလူသုံးထောင်အနက် သုံးယောက်လောက်သည်သာ မှော်ဆရာများ ဖြစ်လာကြမည်ဆိုလျှင် မဟာဧကရာဇ်များ၏ မျှော်လင့်ချက် ပြည့်မီသွားပြီဟု ပြော၍ရလေပြီ။
ရန်ကိုင်တွင် အနောက်ဘက်နယ်မြေစစ်မြေပြင်၌ ဘာမှလုပ်စရာရှိမနေပေ။ ဤနေရာကို မဟာဧကရာဇ်ခုနှစ်ပါးမှ စောင့်ကြည့်နေသည့်အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်စုအနေဖြင့် မဆင်မခြင် လှုပ်ရှားလိမ့်ဦးမည်မဟုတ်။
လတ်တလောအစီအစဉ်မှာ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲမှ လူသုံးထောင်ပြန်ရောက်လာမည့် အချိန်နှင့် ရန်ကိုင်မှ ဒွိလောကကမ္ဘာထဲမှ မှော်ဆရာများအား ဖိတ်ခေါ်လာမည့်အချိန်ကို စောင့်ဆိုင်းရုံသာ ဖြစ်လေသည်။ ထို့နောက်တွင်မူ နတ်ဆိုးမျိုးနွယ်စုနှင့် အကြီးကျယ်ဆုံးသောတိုက်ပွဲကို ဆင်နွှဲပေလိမ့်မည်။
ထိုလူသုံးထောင်သည် နယ်မြေကြီးသုံးခုလုံးမှာ ကျင့်ကြံသူများဖြစ်ကြသည်။ နယ်မြေတစ်ခုချင်းစီတိုင်းမှ လူတစ်ထောင်ကို ရွေးချယ်ထားပေသည်။ လတ်တလောအခြေအနေအရ ထိုလူများမှာ သူတို့ ဘာတွေလုပ်လို့ လုပ်နေရမှန်းမသိ။ သူတို့သိသည်မှာတော့ ရန်ကိုင်နှင့်အတူ မြောက်ဘက်နယ်မြေဆီသို့ လိုက်သွားရန်သာ ဖြစ်လေသည်။
မဟာဧကရာဇ်များမှ ထိုကဲ့သို့ အမိန့်ပေးထားသည့်အတွက်ကြောင့် မည်သူမျှ ငြင်းဆန်ရဲခြင်းမရှိသလို မေးခွန်းလည်း သွားမမေးရဲကြပေ။
ယုရုမန်ကမူ ရန်ကိုင်အား သူမမြင်ကွင်းအောက်မှ လုံးဝကို အပျောက်မခံခဲ့။ ရန်ကိုင်ကလည်း သူမအား သွားတားမနေခဲ့ပေ။
ဟင်းလင်းပြင်အစီအရင်ဆီသို့ ရောက်သော် ရန်ကိုင်သည် လူတိုင်းအား ထက်ကောင်းကင်နန်းတော်ဆီသို့ သွားနိုင်အောင် စီစဉ်ပေးလိုက်သည်။ နောက်ဆုံးကျမှသာလျှင် သူကိုယ်တိုင် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်လေ၏။
တစ်နာရီခန့်ကြာပြီးသည့်နောက် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာဝင်ပေါက်ရှေ့တွင် ရန်ကိုင်နှင့်အတူ ကျင့်ကြံသူသုံးထောင် ရပ်နေကြလေသည်။
ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာသည် သီးခြားကမ္ဘာတစ်ခုမဟုတ်ဘဲ မှော်ရတနာတစ်ခုသာဖြစ်လေသည်။ ထိုမှော်ရတနာမှာ မှော်ရတနာစိတ်ဝိဉာဉ်ကို ပိုင်ဆိုင်ထားခဲ့ပြီး ထိုမှော်ရတနာစိတ်ဝိဉာဉ်သည် ပုံရိပ်တစ်ထောင်လိပ်ပြာအသွင်ကို ယူထားပေသည်။ ထိုမှော်ရတနာထဲတွင် အမျိုးမျိုးသော မှတ်တမ်းမှတ်ရာများ ရှိနေကြပြီး ထိုအရာများမှာလည်း ပုံသေမရှိပေ။ ထိုထဲသို့ဝင်သွားသည့် လူများသည် ကိုယ်နှင့်သက်ဆိုင်ရာအခွင့်အရေးများကို ရကြပေလိမ့်မည်။
ရန်ကိုင်မှာ ပုံရိပ်တစ်ထောင်လိပ်ပြာ သဘောတူလာအောင် အချိန်အကြာကြီး ဖျောင်းဖျခဲ့ရသည်။ နောက်ဆုံးမှသာလျှင် သဘောတူညီချက်ကို ရရှိခဲ့ပြီးသည့်နောက် လူသုံးထောင်လုံးအား ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲသို့ ပို့လိုက်လေ၏။
ထိုလူသုံးထောင် မှော်ဆရာများ ဖြစ်လာနိုင် မဖြစ်လာနိုင်ဆိုသည်မှာမူ တစ်လကြာလျှင် သိလာရပေလိမ့်မည်။
ထိုကိစ္စပြီးသည့်နောက်တွင် ရန်ကိုင်သည် အသက်ပြင်းပြင်းရှူသွင်း၍ ယုရုမန်အား ပြောလိုက်လေ၏။ “သွားကြရအောင်…”
ယုရုမန်လည်း ခေါင်းညိတ်၍ ရန်ကိုင်နောက်မှ လိုက်သွားလေသည်။
ဟင်းလင်းပြင်အစီအရင်ရှေ့သို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် အစီအရင်ပေါ်၌ ယုရုမန်နှင့်အတူ ရပ်နေလိုက်သည်။ လေဟာနယ်နိယာမတို့ လှုပ်ခတ်လာပြီးသည့်နောက် မျက်စိကျိန်းမတတ် အလင်းတန်းတို့ ဖြာထွက်လာခဲ့လေ၏။ ထို့နောက်တွင် ယုရုမန်မှာ ပျောက်ကွယ်သွားခဲ့လေသည်။ သို့ပါသော်ငြား ရန်ကိုင်၏ပုံရိပ်မှာမူ တစ်ခဏမျှ တွန့်လိမ့်သွားပြီးသည့်နောက် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။ ရန်ကိုင်မျက်နှာထက်တွင်မူ အပြုံးရေးတေးတေးလေးတစ်ခု ရှိနေခဲ့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အစီအရင်ကို စောင့်ကြည့်နေသည့်တပည့်များ မင်သက်ကုန်ကြလေသည်။ သူတို့၏နန်းတော်သခင် ဘာတွေများ လုပ်နေသလဲဆိုသည်ကို မသိပါသော်ငြား သူတို့ ဘာမှ သွားမမေးရသေးခင်မှာပင် ရန်ကိုင်သည် ခန်းမထဲမှပြေးထွက်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။
စစ်တပ်များမှ ဝန်းရံထားသော အနောက်ဘက်နယ်မြေ၏ ဟင်းလင်းပြင်အစီအရင်ပေါ်တွင် ယုရုမန် ရုတ်တရက်ပေါ်လာခဲ့သည်။ ထို့နောက် ငေးကြောင်ကြောင်အမူအယာဖြင့် ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီးသည့်နောက် သူမ၏မျက်နှာကြီး မှုန်ကုပ်သွားတော့သည်။
ရန်ကိုင် သူမအား မလှိမ့်တပတ်လုပ်သွားသည်ကို ယုရုမန် မည်ကဲ့သို့များ မသိဘဲနေပါမည်နည်း။
(စိတ်ညစ်ဖို့ကောင်းလိုက်တာ…) ယုရုမန်၏မျက်နှာလေး သုန်မှုန်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် အံကိုတင်းတင်းကြိတ်မိလေသည်။ ရန်ကိုင်နှင့် နောက်တစ်ကြိမ်ပြန်တွေ့လျှင် ရန်ကိုင်အား ကောင်းကောင်းကို ဂရုစိုက်ပေးရမည်ဟု သူမစိတ်ထဲလည်း ကြိတ်ကာ ကြုံးဝါးလိုက်လေသည်။
သို့ပါသော်ငြား ရန်ကိုင် သူမတစ်ယောက်တည်းကို ဤနေရာသို့ ဘာကြောင့် ပို့လိုက်သလဲဆိုသည်ကို ယုရုမန် သဘောမပေါက်ခဲ့ပေ။ သူမ၏လုံခြုံရေးကို စိတ်ပူသည့် အတွက်ကြောင့်များလား။ ထိုသို့မဟုတ်ဘဲ အခြားအကြောင်းအရင်းများ ရှိနေလေသလော။
လေပြင်းများ တဖျတ်ဖျတ် တိုက်ခတ်နေခဲ့ပြီး မြေပြင်တစ်ခုလုံးမှာလည်း နှင်းများဖြင့် ဖုံးလွှမ်းနေခဲ့လေသည်။
မြောက်ဘက်နယ်မြေ၏ ရေခဲနယ်မြေသည် ကြယ်တာရာအစုအဝေးအနှံ့ ကျော်ကြားပေသည်။ ဤနေရာသည် မဟာဧကရာဇ်များသည်ပင်လျှင် အလျင်စလို ဝင်မလာရဲသည့် အလွန်ကိုမှ အန္တရာယ်များသည့် နေရာတစ်ခုဖြစ်သည်။ ယခင်က နဂါးကလန်သားတစ်ဦးသည် ဤနေရာတွင် သေဆုံးခဲ့ဖူးပေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ဤနေရာရှိပတ်ဝန်းကျင် မည်မျှဆိုးဝါးကြောင်းကို မြင်တွေ့နိုင်လေ၏။
ယခင်တစ်ကြိမ် ရန်ကိုင်၊ ကျုလဲ့နှင့် လီကျောက်တို့ ကျုချင်းအား ရှာရန်အတွက် ဤနေရာသို့ လာခဲ့စဉ်က အခက်အခဲများစွာနှင့် ကြုံခဲ့ရသည်။
ယခုတစ်ကြိမ်တွင်မူ ရန်ကိုင်အဖို့ ဤနေရာသို့ လာရသည်မှာ ယခင်ကထက် အများကြီး ပိုမိုလွယ်ကူနေခဲ့လေပြီ။
ထို့အပြင် ဒွိလောကကမ္ဘာဆီသို့ ဦးတည်နေသည့်ဝင်ပေါက်မှာ ရေခဲနယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ရှိနေခြင်း မဟုတ်သည့်အတွက်ကြောင့် အန္တရာယ်များများစားစား မရှိလှပေ။
ယခင်တစ်ကြိမ်က ရန်ကိုင်သည် ရေခဲလှိုင်း၏ ဝါးမျိုးခြင်း ခံရပြီးသည့်နောက် ဒွိလောကကမ္ဘာကြီးထဲ မတော်တဆ ရောက်ရှိသွားခဲ့ရသည်။ ရေခဲလှိုင်းမှာ ရေခဲနယ်မြေထဲတွင် တွေ့ရလေ့ရှိသည့် ထူးခြားသည့် သဘာဝဘေးအန္တရာယ်တစ်မျိုးဖြစ်ပြီး ကျုလဲ့ကဲ့သို့သော အဆင့်ရှစ်မီးနဂါးတစ်ကောင်သည်ပင်လျှင် ရေခဲလှိုင်း၏ အလွန်တရာကိုမှ အေးစက်လှသည့် အအေးဓာတ်ကို အချိန်အကြာကြီး ခုခံထားနိုင်ခြင်း မရှိပေ။
ယခုအချိန်တွင်မူ ရန်ကိုင်အနေဖြင့် ရေခဲလှိုင်းအား တွေ့ရလောက်သည်အထိ ကံကောင်းတော့လိမ့်မည်မဟုတ်။ သို့ပါသော်ငြား ရေခဲလှိုင်းမှတစ်ဆင့် ဒွိလောကကမ္ဘာကြီးထဲသို့ ရောက်သွားနိုင်သည့်အတွက်ကြောင့် ဒွိလောကကမ္ဘာဆီသို့ ဦးတည်နေသော ဝင်ပေါက်တစ်ခုကမူ ကျိန်းသေ ရှိနေရပေလိမ့်မည်။ ရန်ကိုင်သည်သာ ထိုဝင်ပေါက်အား ရှာနိုင်မည်ဆိုပါက လေဟာနယ်တာအိုအပေါ် ကျွမ်းကျင်မှုကို အသုံးချ၍ ထိုဝင်ပေါက်ကို အလွယ်တကူ ဖွင့်နိုင်ပေလိမ့်မည်။
ဝင်ပေါက်ကိုရှာရန် တစ်လလောက် ကြာသွားခဲ့သည်။ ရန်ကိုင်မှာ လက်လျှော့လိုက်လျှင် ကောင်းမလားဟုပင် အကြိမ်ပေါင်းများစွာ စဉ်းစားမိပေသေးသည်။ ဘယ်ဆီဘယ်ဝါမှန်းမသိရသော် ဝင်ပေါက်တစ်ခုအား ဤမျှအေးစက်လွန်းလှသည့် နေရာတွင် လိုက်ရှာနေရသည်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လွန်းလှသည်။
ဤအေးစက်လွန်းလှကာ သုဿန်တမျှ တိတ်ဆိတ်နေသော နေရာကြီးထဲတွင် ရန်ကိုင်တစ်ကိုယ်တည်း ရှိနေလေသည်။ ဤနေရာ၌ အခြား မည်သည့်အသံမှ ထွက်ပေါ်နေခြင်းမရှိဘဲ ရန်ကိုင်၏ခြေသံများသာ ပဲ့တင်ထွက်နေခဲ့သည်။
ရန်ကိုင်သည် ဧကရာဇ်ချီကိုသုံး၍ အအေးဓာတ်ကို အဆက်မပြတ် ခုခံနေခဲ့ရပေသေးသည်။ ယခုဆိုလျှင် ဤနေရာ၌ လျှောက်ပတ်သွားနေခဲ့သည်မှာ မည်မျှ ကြာလို့ကြာသွားမှန်းပင် သေချာမသိတော့ပေ။
အချိန်အတိုင်းအတာတစ်ခုအထိ ကြာသွားပြီးသည့်နောက် ရန်ကိုင်၏ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်ကိုယ်တိုင်သည်လည်း ပတ်ဝန်းကျင်ကို အာရုံခံနေသည့်အလား မျက်လုံးကို ပိတ်ချလိုက်သည်။
ဤနေရာနှင့်ပတ်သက်၍ တစ်ခုခုထူးခြားနေသည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။
အတန်ကြာသွားပြီးသည့်နောက် ရန်ကိုင် ရုတ်တရက် မျက်လုံးပြန်ပွင့်လာပြီး တစ်ခုသောအရပ်ဆီသို့ ပြေးထွက်သွားလေ၏။
အမွေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျယ်ပြန့်လှသော နှင်းပွင့်ပြင်ကြီးထဲသို့ ရောက်ရှိလာခဲ့သည်။ နှင်းပွင့်များမှာ နေရာအနှံ့ ကျဆင်းနေခဲ့လေသည်။ သို့ပါသော်ငြား ရန်ကိုင်နှင့် ဆယ်မီတာခန့် အကွာ၌ နှင်းများ၏ သက်ရောက်ခြင်း မခံရသော နေရာတစ်ခု ရှိနေခဲ့သည်။ ထိုနေရာသို့ကျသွားသည့် နှင်းအားလုံးမှာ ဘယ်ဆီဘယ်ဝါမှန်းမသိသည့် နေရာတစ်ခုသို့ ရောက်သွားသည့်အလား ဗြုန်းစားကြီး ပျောက်ကွယ်သွားခဲ့သည်။
ထိုနေရာမှာ အခြားမဟုတ် ဟင်းလင်းပြင်အက်ကြောင်းပင် ဖြစ်နေလေသည်။ ထိုနေရာဆီမှ လေဟာနယ်နိယာမလှိုင်းတို့ ဖြာထွက်လာသည်ကို ရန်ကိုင် အတိုင်းသား ခံစားမိနေလေသည်။
ရန်ကိုင်၏အမူအယာ ချက်ချင်းပဲ ဝင်းပသွားခဲ့ပြီး လေဟာနယ်နိယာမများကို ထုတ်သုံးလိုက်သည်။
ထိုဟင်းလင်းပြင်အက်ကြောင်းသည် ဒွိလောကကမ္ဘာကြီးထဲသို့ ဦးတည်နေသော ဝင်ပေါက်ဟုတ်မဟုတ်ဆိုသည်ကိုမူ စမ်းသပ်ပြီးမှသာ သိရပေလိမ့်မည်။
ခဏအကြာတွင် ဗလာကျင်းနေသော ဟင်းလင်းပြင်ထဲ ဝဲကတော့ကြီးတစ်ခုပမာ ထင်မှတ်ရသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာခဲ့လေသည်။ ရန်ကိုင်လည်း ထိုဟင်းလင်းပြင်အက်ကြောင်းထဲသို့ ချက်ချင်း ဒိုင်ဗင်ထိုးဝင်သွားခဲ့လေ၏။ ထို့နောက် ရန်ကိုင်ကိုယ်တိုင်သည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ရန်ကိုင် အသိပြန်ဝင်လာချိန် သူ့ကိုယ်သူ လေပေါ်မှ ပြုတ်ကျနေကြောင်း တွေ့လိုက်ရသည်။ ဧကရာဇ်ချီကိုအသုံးပြု၍ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီးသည့်နောက် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အုံ့ဆိုင်းမှုန်မှိုင်းနေပြီး နတ်ဆိုးချီများနှင့် ပြည့်နေကြောင်း တွေ့လိုက်ရသည်။ တိုးလျလျအော်သံများကိုလည်း ကြားနေရပေသေးသည်။
ပတ်ဝန်းကျင်ကိုမြင်ပြီးသည့်နောက် ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။ ဤနေရာသည် ဒွိလောကကမ္ဘာကြီးသာ ဖြစ်လေသည်။ ဤနေရာတွင် မတူကွဲပြားနှင့် လောကနိယာမနှစ်ခု အတူတကွ ရောယှက်တည်ရှိနေသော ရန်ကိုင်မြင်ခဲ့ဖူးသည့် အထူးဆန်းဆုံးသော သီးခြားကမ္ဘာတစ်ခုလည်း ဖြစ်ပေသည်။
လောကနိယာမတစ်ခုသည် ကြယ်တာရာအစုအဝေး၏ လောကနိယာမဖြစ်ပြီး ကျန်တစ်ခုမှာတော့ နတ်ဆိုးနယ်မြေ၏ လောကနိယာမဖြစ်ပေသည်။
ဤနေရာသို့ ပထမဦးဆုံးအကြိမ် ဝင်လာစဉ်က ဒွိလောကကြီးမှာ ကြယ်တာရာအစုအဝေးနှင့် နတ်ဆိုးနယ်မြေတို့ကြား ရှိနေသည့်အတွက်ကြောင့် ဤကဲ့သို့သော ထူးဆန်းသည့် အဖြစ်အပျက်မျိုးနှင့် ကြုံနေရသည်ဟု ခန့်မှန်းခဲ့သည်။
ရန်ကိုင်မှ လန်ရွှင်း၊ ယုရုမန်နှင့် အခြားသူများအား သွားရှာခဲ့သော သီးခြားကမ္ဘာသည်လည်း ယခုကဲ့သို့ ပုံစံမျိုးသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့်သာလျှင် ထိုသီးခြားကမ္ဘာ ပျက်စီးသွားပြီးသည့်နောက် နတ်ဆိုးနယ်မြေနှင့် ကြယ်တာရာအစုအဝေး ချိတ်ဆက်သွားရခြင်းပင်ဖြစ်လေသည်။ ထို့ပါသော်ငြား ထိုသီးခြားကမ္ဘာမှာ ဤဒွိလောကကမ္ဘာကြီးကဲ့သို့ ထူးဆန်းသည့် ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားခြင်းမရှိပေ။
မည်သို့ပင်ဖြစ်နေစေကာမူ နတ်ဆိုးနယ်မြေမှလူများ ဤနေရာ၌ ရှိနေသည့်အကြောင်းကို မည်သည့်နည်းနှင့်မျှ သိသွားစေ၍မဖြစ်။ ထိုသို့သာဖြစ်သွားပါက နတ်ဆိုးနယ်မြေသည် စစ်ကြောင်းတစ်ကြောင်းသုံး၍ ကြယ်တာရာအစုအဝေးအား ကျူးကျော်လာနိုင်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၉၈)
ဘာသာပြန်သူ_တိမ်တိုက်
ဒွိလောကကမ္ဘာကြီးမှာ ထိုမျှ မကြီးလှပါသော်ငြား သေးလည်း မသေးလှပေ။ ယခင်တစ်ကြိမ်က ရန်ကိုင်၊ ကျုချင်း၊ ကျုလဲ့နှင့် လီကျောက်တို့မှာ ဤဒွိလောကကမ္ဘာကြီးထဲ လပေါင်းများစွာကြာအောင် နေခဲ့လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ဤနေရာနှင့် သိပ်၍ ရင်းနှီးကျွမ်းဝင်မှု မရှိသည့်တိုင် လုံးဝအစိမ်းကြီးလည်း ဖြစ်မနေခဲ့ပေ။
ကောင်းကင်ထက်တွင် ဝဲနေရင်းမှ ဦးတည်ရာလမ်းကြောင်း ရှာပြီးသည့်နောက်တွင် ရန်ကိုင်သည် လူသားအင်ပါယာမြို့တော် ရှိမည့် အရပ်ဆီသို့ ထွက်ခွာလာခဲ့လေသည်။
နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် မှောက်ခုံလှန်ထားသည့် ပန်းကန်လုံးတစ်လုံးပမာ ထင်မှတ်ရသော အစိမ်းရောင်အလင်းစက်ကွင်းတစ်ခု ရန်ကိုင်၏မြင်ကွင်းထဲ ပေါ်လာခဲ့လေ၏။
ထိုအရာမှာ လူသားအင်ပါယာမြို့တော်ကို အကာအကွယ်ပေးထားသော အကာအကွယ်ဒိုင်းကာသာ ဖြစ်လေသည်။
ထိုအကာအကွယ်၏စွမ်းအားမှာ နတ်သစ်ပင်၏ စွမ်းအားများမှန်း ရန်ကိုင်သိနေပေသည်။
လက်ရှိအခိုက်အတန့်ဝယ် ဒွိလောကကမ္ဘာကြီးထဲ နတ်ဆိုးနယ်မြေ၏ နိယာမများမှာ လွှမ်းမိုးနေသည့်အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်စုအဖို့ သောင်းကျန်း၍ ရနေပေသည်။ သို့ပါသော်ငြား လူသားမျိုးနွယ်စုမှာမူ ထိုကဲ့သို့မလုပ်နိုင်ကြ။ ထိုအကြောင်းကြောင့် နတ်သစ်ပင်၏ကာကွယ်မှုအောက်တွင် နေနေကြရလေသည်။ ထိုသို့သာမဟုတ်ပါက အပြင်သို့ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏စိတ်အစုံမှာ နတ်ဆိုးချီ၏ လွှမ်းမိုးခြင်းခံရပြီး နတ်ဆိုးများအသွင်သို့ ပြောင်းလဲသွားကြရပေလိမ့်မည်။
ယခုကဲ့သို့ ဖြစ်သည့်အခါတိုင်း အပြင်ဘက်တွင်ရှိနေကြသော လူသားများသည် နတ်ဆိုးချီကူးစက်မှုမှ ရှောင်ရှားနိုင်ရန်အတွက် လူသားအင်ပါယာမြို့တော်ဆီသို့ ပြန်လာကြလေသည်။
ရန်ကိုင်သည် လူသားအင်ပါယာမြို့တော်နှင့် နတ်သစ်ပင်အကြောင်း သူသိထားသမျှ အကြောင်းအရာအားလုံးကို ပြန်စဉ်းစားကြည့်လိုက်ပြီးသည့်နောက် လူသားအင်ပါယာမြို့တော်ဆီသို့ ထွက်လာခဲ့သည်။ တစ်ခဏအကြာ၌ ဂိတ်ပေါက်အပြင်ဘက်သို့ ရောက်လာလေ၏။
သို့ပါသော်ငြား ရန်ကိုင် ထိုနေရာသို့ ရောက်ရောက်ချင်းမှာပင် မြို့နံရံပေါ်တွင်ရှိနေသော တာဝါတိုင်ဆီမှ အချက်ပေးခေါင်းလောင်းသံ ရုတ်တရက် မြည်ဟည်းထွက်လာခဲ့ပြီး တစ်စုံတစ်ဦးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လေ၏။ “နတ်ဆိုးမျိုးနွယ်စု တိုက်ခိုက်လာနေပြီ… နတ်ဆိုးမျိုးနွယ်စု တိုက်ခိုက်လာနေပြီ…” ထိုလူ၏ကျင့်ကြံခြင်းမှာ ထိုမျှ မြင့်မားခြင်းမရှိပါသော်ငြား တာအိုသခင်အဆင့်တော့ ရောက်နေပေသေးသည်။ ထိုအကြောင်းကြောင့် သူ့အသံမှာ လူသားအင်ပါယာမြို့တော်အနှံ့ ပျံ့လွင့်သွားလောက်သည်အထိ ကျယ်လှပေသည်။
ချက်ချင်းဆိုသလို လူသားအင်ပါယာမြို့တော်တစ်ခုလုံးမှာ ယာယီမျှ တိတ်ကျသွားခဲ့သည်။ ထို့နောက်တွင် မြို့တော်တစ်ခုလုံး ထိတ်လန့်တကြားအော်ဟစ်သံများဖြင့် ပြည့်နှက်လာတော့လေ၏။
ရန်ကိုင်မှာတော့ ယာယီမျှ မင်သက်နေခဲ့လေသည်။ (နတ်ဆိုးမျိုးနွယ်စု တိုက်ခိုက်လာနေပြီ… ဘယ်မှာလဲ နတ်ဆိုးမျိုးနွယ်စု…)
ရန်ကိုင်သည် သူ့ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ပါသော်ငြား မည်သည့်နတ်ဆိုးမျိုးနွယ်ကိုမှ မတွေ့ရပေ။ ထိုအကြောင်းကြောင့် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားတော့လေ၏။ (သူ ငါ့ကိုပြောနေတာတော့ မဟုတ်ပါဘူးနော်…)
ရန်ကိုင်သည် အချက်ပေးခေါင်းလောင်းကို တီးနေသော တာအိုသခင်အဆင့်ကျင့်ကြံသူအား လှမ်း၍ ငုံ့ကြည့်လိုက်ရာ ထိုကျင့်ကြံသူမှာ သူ့အား မုန်းတီးစက်ဆုပ်သည့်အမူအယာဖြင့် ပြန်ကြည့်နေကြောင်းကို တွေ့ရှိလိုက်ရသည်။
ထိုအချင်းအရာကိုမြင်လိုက်သော် ရန်ကိုင်၏မျက်နှာကြီး မဲ့သွားတော့လေ၏။ ထိုအရူး၏မျက်လုံးကို ဖောက်ထုတ်၍ သူ့အား သေသေချာချာ မကြည့်ရလေကောင်းဟု ပြစ်တင်ချင်စိတ်များပင် သူ့စိတ်ထဲ တဖွားဖွား ပေါက်လာရတော့လေသည်။
(ငါ့ပုံစံက ဘယ်လိုလုပ်ပြီး နတ်ဆိုးမျိုးနွယ်နဲ့ တူနေရတာလဲကွာ…)
သို့ပါသော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက် ထိုလူ ထိုကဲ့သို့တွေးသည်မှာလည်း အထူးအဆန်းမဟုတ်ကြောင်း သိသွားခဲ့ရသည်။ ယခုအချိန်သည် နတ်ဆိုးနယ်မြေ၏ နိယာမများ လွှမ်းမိုးနေသည့်အချိန် ဖြစ်လေရာ အပြင်ဘက်တွင် လွတ်လွတ်လပ်လပ် သွားလာနိုင်သူဆို၍ နတ်ဆိုးများသာ ရှိသည်မဟုတ်ပေလော။
ရန်ကိုင် ယခုကဲ့သို့ ပေါ်လာသည်မှာ အခြားသူများအဖို့ အထင်လွဲစရာ ဖြစ်သွားရပေတော့သည်။
ထိုကဲ့သို့တွေးပြီးသည့်နောက် ရန်ကိုင်က ပြန်၍အော်ပြောလိုက်လေ၏။ “ကျုပ်က နတ်ဆိုးမျိုးနွယ်စုဝင်မဟုတ်ဘူး… အကုန်လုံး ထိတ်လန့်နေစရာမလိုဘူး…”
တာအိုသခင်အဆင့်ကျင့်ကြံသူကမူ ရန်ကိုင်ပြောသည်ကို လျစ်လျူရှု၍ ခေါင်းလောင်းကိုသာ အဆက်မပြတ် တီးနေခဲ့သည်။
လူပေါင်းများစွာမူ ရင်တမမနှင့် ခက်ခဲလှသည့်ရန်သူတစ်ဦးကို ရင်ဆိုင်ရတော့မည့်ပမာ ဤနေရာဆီသို့ ပျံသန်းလာနေကြလေသည်။ ထိုလူများထဲ ဧကရာဇ်အဆင့်ပညာရှင်များစွာပင် ပါနေပေသေးသည်။
ထိုအချင်းအရာကိုမြင်လိုက်သည့်အခိုက် ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားတော့သည်။ လူသားအင်ပါယာမြို့တော်၏ လူအရေအတွက်မှာ များပြားခြင်းမရှိပါသော်ငြား ထူးခြားလှသည့်ပတ်ဝန်းကျင်ကြောင့် မြို့ထဲတွင်ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင်အရေအတွက်မှာ အတော်လေးကိုမှ များလှပေသည်။ ရန်ကိုင် ယခင်တစ်ကြိမ် ဤနေရာသို့ လာစဉ်က ဤနေရာ၌ ဧကရာဇ်တတိယအဆင့်ပညာရှင်များစွာကိုပင် တွေ့ခဲ့သည်။ သူသည်သာ ထိုလူများကို အပြင်သို့ ခေါ်ထုတ်သွားနိုင်မည်ဆိုပါက ကြယ်တာရာအစုအဝေး လက်ရှိကြုံနေရသည့်စစ်ပွဲတွင် အတော်လေးကို အကူအညီဖြစ်စေပေလိမ့်မည်။
ရန်ကိုင် ထိုကဲ့သို့တွေးနေစဉ် တစ်စုံတစ်ဦး၏ ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရလေသည်။ “ဘယ်သူလဲ…”
ရန်ကိုင်သည် အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ ဧကရာဇ်ဒုတိယအဆင့်လူအိုကြီးတစ်ဦးကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် ခေါင်းမော့၍ ပြန်ပြောလိုက်လေ၏။ “ကျုပ်က ရန်ကိုင်ပဲ… နတ်ဆိုးမျိုးနွယ်စုဝင်မဟုတ်ဘူး… ဒါကြောင့် ဒီအတားအဆီးလေးကို တစ်ချက်လောက် ဖွင့်ပေးပါလား… ကျုပ် အထဲလာပြီးတော့ လူသားဧကရာဇ်နဲ့ ဆွေးနွေးစရာလေးတွေရှိနေလို့…”
လူအိုကြီးကမူ ဒေါမာန်တကြီးဖြင့် ချက်ချင်းပြန်အော်ပြောလေသည်။ “မင်းလိုမျိုးနတ်ဆိုးတစ်ကောင်က မင်းရဲ့ ညစ်ပတ်နေတဲ့ပါးစပ်နဲ့ လူသားဧကရာဇ်နဲ့ ဘယ်လိုလုပ်ပြီး စကားပြောချင်နေရတာလဲ… မင်းမှာ ကိုယ်ပိုင်အသိစိတ်ရှိသေးရင် မြန်မြန်ထွက်သွားလိုက်ပေတော့… မဟုတ်ရင် မင်းရဲ့ခွေးအသက်ကို ဒီမှာတင် ထားခဲ့ရလိမ့်မယ်…”
ထိုစကားကိုကြားသော် ရန်ကိုင် မျက်ခုံးကြော တွန့်ကွေးသွားခဲ့သည်။ သို့ပါသော်ငြား ထပ်မံ၍ ရှင်းပြလိုက်ပေသေးသည်။ “လူအိုကြီး… ကျုပ်ကို သေသေချာချာကြည့်ပါဦး… ကျုပ်ပုံစံက နတ်ဆိုးပုံစံ ပေါက်နေလို့လား…”
လူအိုကြီးကမူ ပြန်၍သာ အော်ပြောလိုက်သည်။ “ဟေ့ကောင်… ငါ့ကို မလှိမ့်တပတ်နဲ့ လာလှည့်စားဖို့ လုပ်မနေနဲ့… ငါ မင်းကို အသက်သုံးရှိုက်စာပေးမယ်… အဲ့အချိန်ထိထွက်မသွားသေးဘူးဆိုရင် မင်းထိုက်နဲ့မင်းကံပဲ…”
ရန်ကိုင် သက်ပြင်းမောကြီး ချလိုက်ပြီးသည့်နောက် ကူကယ်ရာမဲ့နေဟန်ဖြင့် ထပ်မေးလိုက်လေသည်။ “ခင်ဗျား တကယ် ဒီအကာအရံကို မဖယ်ပေးချင်တာလား…”
“ထွက်သွားစမ်းကွာ…” လူအိုကြီးက ထပ်အော်လေသည်။
ထိုအခါ ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် သူ့လက်အား အစိမ်းရောင်အကာအကွယ်ဆီသို့ ဆန့်ထုတ်လိုက်ရင်းမှ ပြောလိုက်လေသည်။ “အဲ့လိုဆိုမှတော့ ကျုပ်ဘာသာကျုပ်ပဲ ဝင်လာရတော့မှာပေါ့…”
လူအိုကြီးကမူ ရန်ကိုင်အား မတားဘဲ ပြုံး၍သာ ကြည့်နေခဲ့သည်။ တကယ်တော့ နတ်သစ်ပင်၏စွမ်းအားသည် နတ်ဆိုးမျိုးနွယ်စုအား အတိုင်းအတာတစ်ခုအထိ ဖိနှိပ်နိုင်သည့်မဟုတ်ပေလော။ နတ်ဆိုးတစ်ကောင်သည်သာ ထိုအရှိန်အဝါနှင့် ထိတွေ့မိသွားမည်ဆိုပါက ကျိန်းသေ မသေလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားပြီးသည့်တိုက် လူသားအင်ပါယာမြို့တော်မှာ ယခုအချိန်အထိတိုင် အကောင်းအတိုင်း ရှိနေသေးလိမ့်ဦးမည်မဟုတ်ပေ။
ထိုအကြောင်းကြောင့် လူအိုကြီး၏အမြင်အရ နတ်သစ်ပင်၏ ကာကွယ်မှုအောက်တွင် ရှိနေသော ပိုင်နက်နယ်မြေထဲသို့ ကျူးကျော်ရန် ကြိုးစားနေသည့် ဤနတ်ဆိုး၏လုပ်ရပ်မှာ ရူးမိုက်ခြင်းသာ ဖြစ်ပေသည်။
သို့ပါသော်ငြား နောက်တစ်ခဏအတွင်း လူအိုကြီး၏မျက်နှာထက်ရှိအပြုံး တောင့်တောင့်ကြီးဖြစ်သွားခဲ့ပြီး လူအိုကြီးကိုယ်တိုင်မှာလည်း အလွန်ကိုမှ မယုံနိုင်ဖြစ်နေသည့်အလား လူအိုကြီး၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။
အကြောင်းမှာ ရန်ကိုင်မှ အစိမ်းရောင်အလင်းအကာအရံပေါ် သူ့လက်ကို တင်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်ကိုယ်တိုင်သည် ဘာဆိုဘာမျှ ဖြစ်မသွားသည့်အပြင် အစိမ်းရောင်အလင်းအကာအရံမှာ အချိန်မရွေး ပေါက်ထွက်သွားတော့မည့်အလား ၎င်း၏မျက်နှာပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာသည့်အတွက်ကြောင့်ပင်။
(ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးဖြစ်ရတာလဲ…)
ဤအစိမ်းရောင်အလင်းအကာအရံသည် နတ်သစ်ပင်၏စွမ်းအားဖြင့် ဖန်တီးထားသည့် အကာအရံတစ်ခုဖြစ်ပြီး လူသားအင်ပါယာမြို့တော်ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ကာကွယ်ပေးနေခဲ့ခြင်း ဖြစ်လေသည်။ သို့ပါသော်ငြား ယနေ့တွင်မူ ထိုအစိမ်းရောင်အလင်းအကာအရံသည် နတ်ဆိုးမျိုးနွယ်စုဝင်တစ်ဦးကို တကယ်ကြီး လက်ခံခဲ့သည်။
နတ်သစ်ပင်၏ အကာအကွယ်စွမ်းအားမှာ အလွန်တရာကိုမှ အားကောင်းလှသည်။ ထိုအကြောင်းကြောင့် နတ်ဆိုးမျိုးနွယ်စုမှ လူသားအင်ပါယာမြို့တော်အား တိုက်ခိုက်လာခဲ့မည်ဆိုလျှင်ပင် ဤအလင်းအကာအရံကို ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ပေ။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ ဤအလင်းအကာအရံကို ဖျက်ဆီးလိုခြင်းမဟုတ်။ ရန်ကိုင်မှာ ဤအလင်းအကာအရံကို ဖြတ်သွားလိုခြင်းသာ ဖြစ်ပေသည်။ တကယ်တော့ ဤနေရာတွင်ရှိနေသည့် အရာအားလုံးသည် သူ့အတွက် အမှန်တကယ်ကို အဖိုးတန်လှသည်မဟုတ်ပေလော။
ရန်ကိုင်သည် မှော်ဘုရင်တစ်ပါးဖြစ်လေသည်။ တစ်နည်းဆိုရသော် နတ်သစ်ပင်နှင့် ဆက်စပ်နေသည်ဟုလည်း ပြော၍ရသည်။ ထိုသို့ဖြစ်လေရာ သူ မြို့ထဲဝင်လိုသည်ကို နတ်သစ်ပင်မှာ မည်ကဲ့သို့များ တားပါမည်နည်း။
ယခင်ကမူ လူသားအင်ပါယာမြို့တော်တွင် နေထိုင်နေကြသူများအား စိုးရိမ်ပူပန်အောင် မလုပ်လိုသည့်အတွက်ကြောင့် ခွင့်ပြုချက်တောင်းပြီးမှ ဝင်လိုခဲ့ပါသော်ငြား ယခုအချိန်တွင်မူ ရွေးချယ်စရာမရှိတော့သည့်အတွက်ကြောင့် ဤနည်းလမ်းကိုသာ အသုံးပြုရတော့လေသည်။
အကာအရံမျက်နှာပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာပြီးသည့်နောက် ရန်ကိုင်၏လက်သည် အစိမ်းရောင်အလင်းအကာအရံအတွင်းသို့ တဖြည်းဖြည်းချင်း နစ်ဝင်သွားခဲ့လေသည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိမ်းရောင်အလင်းအကာအရံကို ဖောက်ထွက်သွားတော့လေ၏။
အသက်ဆယ်ရှိုက်စာအတွင်းမှာပင် ရန်ကိုင်သည် လူသားအင်ပါယာမြို့တော်ထဲသို့ ရောက်လာခဲ့လေသည်။
အောက်ဘက်တွင်ရှိနေသည့် လူသားအင်ပါယာမြို့တော်ထဲတွင် နေထိုင်နေကြသော မရေမတွက်နိုင်သည့် မြို့သူမြို့သားများမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း လုံးဝကို မင်သက်အံ့ဩနေကြလေသည်။
ဤနတ်ဆိုးသည်ပင်လျှင် နတ်သစ်ပင်၏အကာအကွယ်ကို အလွယ်တကူ ဖောက်ဝင်လာနိုင်ခဲ့လေရာ အခြားသောနတ်ဆိုးများသည်လည်း လူသားအင်ပါယာမြို့တော်ထဲသို့ ဝင်လာနိုင်ပေတော့မည်။ တစ်နည်းဆိုရသော် လူသားအင်ပါယာမြို့တော်မှာ လုံခြုံခြင်းမရှိတော့ပေ။ သို့ပါသော်ငြား ဤလောကကြီးထဲ လူသားအင်ပါယာမြို့တော် မရှိတော့လျှင် သူတို့အနေဖြင့် အခြားမည်သည့်နေရာတွင်များ သွားနေရပါမည်နည်း။ လူသားအင်ပါယာမြို့တော်နှင့် နတ်သစ်ပင်၏အကာအကွယ်အောက်မှ ထွက်သွားမည်ဆိုလျှင် အကုန်လုံးမှာ လမ်းဆုံးရောက်သွားပြီဟုပင် ပြော၍ရလေသည်။
ထိုအခါမှသာလျှင် တာဝါနားသို့ရောက်လာကြသော လူအုပ်ကြီးမှာ အသိပြန်ဝင်လာကြလေသည်။ လူအိုကြီးကိုယ်တိုင်ကလည်း ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေ၏။ “နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာနေပြီ… တိုက်ခိုက်ကြ…”
ထိုကဲ့သို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် လူအိုကြီးသည် ရန်ကိုင်ဆီသို့ ပထမဦးဆုံး ပြေးဝင်လာလေသည်။ ယခုအချိန်အထိတိုင် ရန်ကိုင်သည် နတ်ဆိုးတစ်ကောင်ဖြစ်သည်ဟု ယုံကြည်နေဆဲပင်။
ရန်ကိုင်ဆီသို့ ပြေးဝင်လာနေရင်းမှ လူအိုကြီးသည် ရန်ကိုင်တည့်တည့်သို့ လက်သီးတစ်ချက် ထိုးချလိုက်လေသည်။ တိုးလျလျကျားဟိန်းသံနှင့်အတူ အဖြူရောင်ကျားပုံရိပ် ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့လေ၏။
အခြားသူများသည်လည်း လူအိုကြီးလက်အောက်မှ အလျင်စလို ပြေးလိုက်လာရင်း ရန်ကိုင်အား တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်၏နဖူးထက် သွေးကြောကြီးများ ထောင်တက်လာခဲ့ပြီး သူ့လက်ဝါးကိုမြှောက်၍ ရိုက်ချလိုက်လေသည်။
ကျယ်လောင်သည့်နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လူသားဧကရာဇ်မြို့တော်တစ်ခုလုံး တုန်ခါသွားခဲ့လေသည်။ ထို့နောက် ဧရာမနဂါးပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီသို့ တိုးဝင်လာနေသည့် ကျားအား တစ်စစီ ကိုက်ချပစ်သွားခဲ့သည်။ ထို့နောက်တွင် နဂါးပုံရိပ်ကြီးသည် တိုးဝင်လာနေသော လူအုပ်ကြီးဆိသို့ ဆက်လက်တိုးဝင်သွားခဲ့ရာ ရန်ကိုင်ဆီသို့ ပြေးဝင်လာနေကြသည့် ကျင့်ကြံသူအားလုံးမှာ နဂါးပုံရိပ်ကြောင့် အလဲလဲအပြိုပြို ဖြစ်ကုန်ကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လူအိုကြီး ထိတ်လန့်သွားတော့သည်။ ရန်ကိုင်လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏ကျင့်ကြံခြင်းမှာ သူ့ကဲ့သို့ပင် ဧကရာဇ်ဒုတိယအဆင့်သာဖြစ်ကြောင်း တွေ့ရှိသွားလေ၏။
(ဧကရာဇ်ဒုတိယအဆင့်ချင်း အတူတူပဲဆိုပေမယ့် ငါ သူ့ပြိုင်ဘက်ဟုတ်မနေဘူး…)
လူအိုကြီး ထိုကဲ့သို့ တစ်ခဏမျှ သတိလက်လွတ်ဖြစ်နေစဉ် လူတစ်ဦး သူ့ရှေ့၌ ပေါ်လာခဲ့လေသည်။ လူအိုကြီးအသိပြန်ဝင်လာချိန်၌ အစောပိုင်းက သူတိုက်ခိုက်ခဲ့သောနတ်ဆိုးမှာ သူ့ရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရပြီး အထိတ်ထိတ်အလန့်အလန့်ဖြင့် အလျင်စလိုပြန်ဆုတ်ရန် ကြိုးစားလိုက်လေသည်။
သို့ပါသော်ငြား သူ့အနေဖြင့် မည်ကဲ့သို့များ ဤမျှအလွယ်တကူ ပြန်ဆုတ်နိုင်ပါမည်နည်း။ လူအိုကြီးသတိမထားမိလိုက်သေးခင်မှာပင် ရန်ကိုင်သည် လူအိုကြီးအား လည်တိုင်မှဆွဲကိုင်၍ လေပေါ်သို့ မြှောက်ထားနှင့်ပြီးနေလေပြီ။
(ငါ့အဆုံးသတ်တော့ ရောက်လာပြီ…) လူအိုကြီးသည် စိတ်ထဲမှနေ၍ ဝမ်းနည်းတကြီး အော်ဟစ်လိုက်သည်။ ထို့နောက်တွင် ရန်ကိုင်၏ ဒေါသတကြီးအော်ပြောသံကို ကြားလိုက်ရလေသည်။ “ကျုပ်ကိုကြည့်ပြီးတော့ပြော… ကျုပ်ပုံစံက နတ်ဆိုးနဲ့တူနေလို့လား… ခင်ဗျားရဲ့ခွေးမျက်လုံးကို သေသေချာချာဖွင့်ပြီးတော့ ကျုပ်ကို သေသေချာချာ ကြည့်ပြီးမှပြောစမ်း…”
လူအိုကြီးမှာ သေဘေးမှ ကပ်သီလေး လွတ်လာရသည့်ပမာ စိတ်နှင့်ကိုယ်နှင့်မကပ် ဖြစ်နေလေရာ ရန်ကိုင်အား မည်ကဲ့သို့များ သေသေချာချာကြည့်ချိန် ရှိပါမည်နည်း။
“အဲ့မှာရပ်လိုက်စမ်း…” ထိုစဉ် ဒေါသတကြီးအော်ဟစ်သံနှင့်အတူ လူပေါင်းများစွာသည် လူသားအင်ပါယာမြို့တော်အလယ်ဗဟိုဆီမှ ပျံသန်းလာကြလေသည်။ ရှေ့ဆုံးမှဦးဆောင်နေသည့်လူမှာ အလွန်ကိုမှ ရုပ်ရည်ချောမောလှပေ၏။ ထိုလူနှင့်အတူ ဧကရာဇ်အဆင့်ပညာရှင်များစွာလည်း လိုက်ပါလာကြသည်။ ထိုဧကရာဇ်အဆင့်ပညာရှင်များအနက် တစ်ဦးဆိုလျှင် ဧကရာဇ်တတိယအဆင့်သို့ပင် ရောက်နေပေသည်။ ထိုလူအုပ်ကြီးမှာ မြို့ထဲ၌ ရုတ်ရုတ်ရက်ရက် အသံများကို ကြားလိုက်ရသည့်အတွက်ကြောင့် စစ်ဆေးရန်အတွက် ရောက်ရှိလာကြခြင်းဖြစ်လေသည်။
ထိုအသံကိုကြားသည့်နောက် ရန်ကိုင်သည် ပြုံး၍ လှမ်းကြည့်လိုက်ရာ ရှေ့ဆုံးမှဦးဆောင်လာသည့်လူငယ်လေးကို မြင်သွားသည့်နောက် အော်ပြောလိုက်လေ၏။ “တတိယမင်းသားပါလား… မတွေ့ရတာကြာပြီနော်…”
ရှေ့ဆုံးမှဦးဆောင်လာသည့်လူသည် လူသားဧကရာဇ်၏ တတိယသားမှလွဲ၍ အခြားမဟုတ်ပေ။ ယခင်တစ်ကြိမ် ဤနေရာသို့ လာခဲ့စဉ်က တတိယမင်းသားကို ရန်ကိုင်မြင်ခဲ့ဖူးပေသည်။ သို့ပါသော်ငြား တတိယမင်းသားနှင့် အဆက်အသွယ်တော့မရှိပေ။
တတိယမင်းသားသည် ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်နေပြီးသည့်နောက် မယုံကြည်နိုင်ဟန်ဖြင့် ထအော်လေ၏။ “အသံကိုရင်းနှီးပါတယ် မှတ်နေတာ… လက်စသတ်တော့ စီနီယာရန်ဖြစ်နေတာကိုး…”
“ဟုတ်တယ်… ဒီရန်ပဲ…” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် လူအိုကြီးအား လွှတ်ပေးလိုက်လေသည်။ လူအိုကြီး၏အဝတ်ကိုပင်လျှင် သပ်ရပ်အောင် လုပ်ပေးလိုက်ပြီးသည့်နောက် မကျေနပ်သေးသည့်လေသံဖြင့် ထပ်မေးလိုက်လေ၏။ “လူအိုကြီး… ကျုပ်က နတ်ဆိုးမဟုတ်ပါဘူးလို့ ခင်ဗျားကိုပြောခဲ့တယ်မဟုတ်ဘူးလား… အခု ကျုပ်ကိုယုံပြီလား…”
လူအိုကြီးမှာတော့ မသိလိုက်မသိဘာသာဖြင့် ခေါင်းကို အလိုလို ညိတ်မိနေလေသည်။ တစ်ချိန်တည်းတွင်လည်း လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က ရန်ကိုင်ဟူသည့်နာမည်ကို ပြန်စဉ်းစားနေခဲ့လေသည်။
(လက်စသတ်တော့ ဒီလူက အဲ့တုန်းကလူ ဖြစ်နေတာကိုး…)
(ဒါပေမယ့် တတိယမင်းသားက ဘာလို့ သူ့ကို စီနီယာလို့ ခေါ်နေရတာလဲ… ဒီလူက တကယ်ကြီး လူသားဧကရာဇ်နဲ့ အဆင့်တူတဲ့လူတစ်ယောက်လား…)
“စီနီယာရန်ဆိုမှတော့ အကုန်လုံးက နားလည်မှုလွဲတာတွေ ဖြစ်သွားပြီပေါ့… အားလုံး…. ကျေးဇူးပြုပြီး ထွက်သွားလို့ရပြီ…” တတိယမင်းသားသည် သူ့လက်ကိုဝှေ့ယမ်း၍ပြောလိုက်ရာ အစောပိုင်းက ရန်ကိုင်ကို ရန်လိုနေကြသောလူများမှာလည်း အလျှိုလျှို ပြန်လည်ထွက်ခွာသွားကုန်ကြလေသည်။
“မတွေ့ရတာ နှစ်တွေကြာသွားတယ်ဆိုပေမယ့် တတိယမင်းသားကတော့ အရင်အတိုင်းပါပဲလား…” ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။
တတိယမင်းသားမှာမူ ရန်ကိုင်ကိုမြင်ပြီးသည့်နောက် သိပ်၍ အဆင်မပြေတော့ပေ။ သူသည် လူသားအင်ပါယာမြို့တော်၏ တတိယမင်းသားတစ်ဦးဖြစ်သလို လူသားဧကရာဇ်၏ အမွေအနှစ်ကိုဆက်ခံပြီး အထူးချွန်ဆုံးသော ရွေးချယ်ခံတစ်ဦးလည်း ဖြစ်ပါသော်ငြား ရန်ကိုင်ရှေ့တွင်တော့ မောက်မာဝံ့ကြွားစွာ မနေရဲခဲ့ပေ။ တကယ်တော့ နတ်သစ်ပင်သည် ရန်ကိုင်အပေါ် အထူးတလည်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည်မဟုတ်ပေလော။ လူသားဧကရာဇ်သည်ပင်လျှင် ရန်ကိုင်ရှေ့၌ မောက်မာဝံ့ကြွားရဲခြင်းမရှိလေရာ သူ့ကဲ့သို့မင်းသားတစ်ဦးသာဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ပေ။
အားတင်းပြုံးလိုက်ရင်းမှ တတိယမင်းသားက ပြန်၍ပြောလိုက်လေ၏။ “စီနီယာရန်ကို ကြိုဆိုပါတယ်… ဒီတစ်ကြိမ်ရော စီနီယာရန် လူသားဧကရာဇ်မြို့တော်ထဲမှာ ဘယ်လောက်ကြာအောင် နေဦးမှာလဲ…”
ရန်ကိုင်သည် ဒွိလောကကမ္ဘာကြီးထဲတွင်သာ တောက်လျှောက်ရှိနေခဲ့ပြီး ဤနေရာမှ တစ်ခါမှထွက်သွားခဲ့ခြင်းမရှိဟု တတိယမင်းသား ထင်နေခဲ့ခြင်းပင် ဖြစ်လေသည်။ တကယ်တော့ ရန်ကိုင်နှင့်ကျုချင်းတို့မှာ ထွက်ပေါက်ကိုရှာရန်အတွက် နတ်ဆိုးအမျက်မြို့တော်ဆီသို့ တိုက်ရိုက်တန်းသွားခဲ့သည်မဟုတ်ပေလော။ ထိုစဉ်က ထိုနေရာ၌ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သူမသိပေ။ ထိုအကြောင်းကြောင့် ရန်ကိုင် ဒွိလောကကမ္ဘာကြီးထဲမှ ထွက်မသွားသေးဟုသာ ထင်နေခဲ့လေသည်။
ရန်ကိုင်ကမူ တတိယမင်းသားကိုကြည့်၍ ပြန်ပြောလိုက်လေသည်။ “ကြည့်ရတာ တတိယမင်းသားက ကျုပ်ကို သိပ်မကြိုဆိုချင်တဲ့ပုံပဲနော်…”
တတိယမင်းသားက အလျင်စလို ပြန်၍ ငြင်းဆိုလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရမှာလဲ… စီနီယာရန်က ဖခမည်းတော်ရဲ့ ဂုဏ်သရေရှိဧည့်သည်တော်လေ… စီနီယာရန်သာ လူသားအင်ပါယာမြို့တော်ထဲမှာ နေချင်တယ်ဆိုရင် ကျုပ်တို့လူသားမျိုးနွယ်စုအတွက် သတင်းကောင်းပဲပေါ့… ဘာဖြစ်လို့ ဒီမင်းသားက စီနီယာကို မကြိုဆိုချင်ဘဲ နေရမှာလဲ…”
ရန်ကိုင်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ လေကုန်ခံမနေတော့ဘဲ ထူးမခြားနားဟန်ဖြင့်သာ ပြန်၍ပြောလိုက်လေ၏။ “အဲ့ဒါဆိုရင်တော့ တတိယမင်းသား စိတ်ပျက်ရတော့မှာပဲ… ဒီရန် ဒီနေ့ပဲ အပြင်ကနေ ရောက်လာခဲ့တာ… ဒါပေမယ့် လူသားဧကရာဇ်မြို့တော်ထဲမှာ ကြာကြာနေဖို့တော့ မစဉ်းစားထားပါဘူး… ရက်နည်းနည်းလောက်ကြာရင် ပြန်ထွက်သွားမှာ…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၉၉)
ဘာသာပြန်သူ_တိမ်တိုက်
ထိုစကားကို ကြားသည့်အခါမှသာလျှင် တတိယမင်းသား သက်ပြင်းချနိုင်တော့သည်။ သို့ပါသော်ငြား ချက်ချင်းပင် ရန်ကိုင်အား အထိတ်တလန့် အမူအရာဖြင့် ပြန်ကြည့်ရင်းမှ မေးလိုက်လေ၏။ "စီနီယာရန် ပြောချင်တာက စီနီယာရန်က ဒီလောကကြီးနဲ့ အပြင်လောကကြီးကို လွတ်လွတ်လပ်လပ် သွားနိုင်တာလား"
တတိယမင်းသားသာလျှင် မဟုတ်။ တတိယမင်းသားနှင့် အတူ ပါလာသည့် ဧကရာဇ်အဆင့် ပညာရှင်များသည်လည်း ရန်ကိုင်အား ကြောင်တောင်တောင် အမူအရာများဖြင့် ကြည့်နေကြလေသည်။
ဒုလောကကမ္ဘာကြီး၏ ပတ်ဝန်းကျင်မှာ အလွန်ကိုမှ ထူးခြားလှသည်။ ဤနေရာသို့ ပြင်ပမှ လူပေါင်းများစွာ ရောက်လာခဲ့ဖူးပါသော်ငြား မည်သူမျှ အပြင်သို့ ပြန်ထွက်သွားနိုင်ခဲ့ခြင်း မရှိပေ။ နတ်ဆိုးအမျက်မြို့တော်နားတွင် ထွက်ပေါက်တစ်ခု ရှိသည်ဟူသော ကောလာဟလများ ရှိပါသော်ငြား ထိုနေရာသည် လူသားများအဖို့ ဖြတ်သန်းသွားဖို့ရာ မဖြစ်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။
ထိုအကြောင်းကြောင့် ရန်ကိုင် ပြောလိုက်သည့် စကားကို ကြားပြီးသည့်နောက် တတိယမင်းသားနှင့် အခြားသူအားလုံး ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်လေသည်။
ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ "ဟုတ်တယ်"
ထိုစကားကို ကြားလိုက်သည့်အခါ တတိယမင်းသားမှာ ဘာတွေတွေးလို့ တွေးမှန်း မသိ။ သူ့မျက်နှာမှာ သုန်မှုန်သွားခဲ့သည်။ သို့ပါသော်ငြား ရုတ်တရက် ပြုံးကာ ပြန်မေးလိုက်လေသည်။ "ဒီတော့ စီနီယာရန် ဒီတစ်ကြိမ် လူသားဧကရာဇ်မြို့တော်ဆီ ဘာလို့ ရောက်လာတာလဲ သိလို့ရမလား"
ရန်ကိုင်ကမူ ယဲ့ယဲ့လေး ပြုံးရင်းမှ ပြန်ပြောလိုက်၏။ "ခင်ဗျားတို့အတွက် အခွင့်အလမ်းကောင်းလေးတစ်ခု ရှာလာပေးတာ"
ထိုစကားကို ကြားလိုက်သည့်အခိုက် တတိယမင်းသား၏ နဖူးကြောတို့ တွန့်ကွေးသွားခဲ့သည်။ ရန်ကိုင် ပြောသည်ကို သူလုံးဝ မယုံပေ။ သို့ပါသော်ငြား စိတ်ရှည်ရှည်ဖြင့် ပြန်၍ မေးလိုက်လေ၏။ "စီနီယာ ရှင်းပြပေးလို့ရမလား"
ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ "လူသားဧကရာဇ်နဲ့ တွေ့ရင် ရှင်းပြပေးမယ်၊ ဒီတော့ တတိယမင်းသား၊ ကျုပ်ကို လူသားဧကရာဇ်ဆီသာ ခေါ်သွားပေးပေတော့"
ထိုစကားကို ကြားသည့်အခါ တတိယမင်းသား သိပ်၍ မပျော်တော့ပေ။ ရန်ကိုင်မှာ တတိယမင်းသားသည် သူနှင့် ထိုလျှို့ဝှက်ချက်အကြောင်းကို ဆွေးနွေးရန်အတွက် အရည်အချင်း ပြည့်မီသည့် လူတစ်ဦး မဟုတ်ဟု သွယ်ဝိုက်ကာ ပြောလိုက်ခြင်း ဖြစ်သည့်အတွက်ကြောင့် တတိယမင်းသား မပျော်မရွှင် ဖြစ်သွားသည်မှာ အဆန်းတော့ မဟုတ်ပေ။ သို့ပါသော်ငြား မကျေနပ်ချက်တို့ကို မျက်နှာအထက် မပေါ်လွင်စေခဲ့ဘဲ ပြုံး၍သာ ပြန်ပြောလိုက်လေသည်။ "ဒါဆိုရင် ကျေးဇူးပြုပြီး စီနီယာရန် ကျုပ်နောက်လိုက်ခဲ့ပါနော်"
တတိယမင်းသားမှ အရှေ့မှ ဦးဆောင်ကာ ခေါ်သွားပေးနေသည့်အတွက်ကြောင့် သွားရာလမ်းခရီး တစ်လျှောက်လုံးမှာ လုံးဝကို ချောမွေ့နေခဲ့သည်။ မည်သူမျှ သူတို့အား လာရောက်ပြဿနာရှာခြင်း မရှိကြပေ။
လမ်းတစ်လျှောက်တွင် တတိယမင်းသားမှာ ရန်ကိုင်မှ ဤလောကကြီးထဲမှ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားနိုင်လေသလားဆိုသည်ကို မသိမသာလေး မေးမြန်းကြည့်သည်။ အစပိုင်းတွင်တော့ ရန်ကိုင်မှာ ထိုအကြောင်းကို သိပ်မပြောချင်ခဲ့။ သို့ပါသော်ငြား ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး အပြင်လောကကြီး မည်မျှလှကြောင်းကို လွတ်လွတ်လပ်လပ် ပြောဆိုတော့သည်။ တတိယမင်းသားမှာမူ စိတ်နှင့်ကိုယ် မကပ်သည့် ပုံစံမျိုးဖြင့် ပြုံးသာပြုံးနေခဲ့လေသည်။
မကြာမီ တော်ဝင်နန်းတော်ဆီသို့ လူတိုင်း ရောက်လာကြလေသည်။ ထို့နောက်တွင် အဓိကခန်းမထဲသို့ ဝင်လာပြီး လူသားဧကရာဇ်နှင့် လာတွေ့လေ၏။
လူသားဧကရာဇ်မှာမူ ရန်ကိုင် ယခင်တစ်ကြိမ် မြင်ခဲ့စဉ်က ပုံစံအတိုင်း ဝဝဖိုင့်ဖိုင့် ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော လူတစ်ဦးသာ ဖြစ်နေပေသေးသည်။ ထိုလူအိုကြီး၏ သွေးချီမှာ စတင်၍ ယုတ်လျော့နေသည့် အရိပ်အယောင်များ ပြနေပြီ ဖြစ်ပါသော်ငြား လူအိုကြီးမှာ သူ့ဘဝ၏ အခိုက်အတန့်ကို အပြည့်အဝ ပျော်မွေ့နေပေသေးသည်။ လူအိုကြီး၏ ဘေးနားတွင် သူ့အား ခစားနေသော ချောမောလှပလှသည့် အမျိုးသမီးများ ရှိနေကြပေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤလူအိုကြီးမှာ မိန်းမစကတ်အောက် သေရမည့် အခွင့်အရေးမှာ အတော်လေးကိုမှ များလှပေသည်။
အဓိကခန်းမထဲတွင် ရှိနေသည်မှာ လူသားဧကရာဇ် တစ်ဦးတည်းသာလျှင် မဟုတ်ပေ။ တော်ဝင်မိသားစုဝင် အများစု ရှိနေကြပေသည်။ အကုန်လုံးမှာ ရန်ကိုင် ရောက်နေပြီဆိုသည့် အကြောင်းကို တတိယမင်းသားမှ ကြိုတင်သတင်းပေးထားသည်ကို သိထားသည့်ပုံပင်။ ယခုဆိုလျှင် အကုန်လုံးမှာ ရှုပ်ထွေးသည့် အကြည့်များဖြင့် ရန်ကိုင်အား ကြည့်နေကြလေသည်။
လူသားဧကရာဇ်၏ မျက်လုံးထဲ မုန်းတီးစက်ဆုပ်သည့် အရိပ်အယောင် အချို့ကိုပင် ရန်ကိုင် သတိထားမိလိုက်သည်။
ဤလူအိုကြီး သူရောက်လာသည်ကို မကြိုက်မှန်း ရန်ကိုင် သိပေသည်။ သို့ပါသော်ငြား ဂရုတော့ စိုက်မနေခဲ့ပေ။
ခန်းမထဲသို့ ဝင်လာပြီးသည့်နောက် ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ "မင်္ဂလာပါ လူသားဧကရာဇ်"
ရန်ကိုင် ယခုကဲ့သို့ လုပ်နေရခြင်းမှာ လူသားဧကရာဇ်ကို ကြောက်သည့်အတွက်ကြောင့် မဟုတ်ဘဲ လူသားဧကရာဇ်ဆီမှ တစ်ခုခုကို လာရောက် တောင်းဆိုလိုသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူတောင်းဆိုသည်ကိုသာ ခွင့်ပြုပေးမည်ဆိုလျှင် သူ့အနေဖြင့် ကမ္ဘာနှစ်ခုအကြား စစ်ပွဲအတွင်း လူသားဧကရာဇ်တို့အပေါ် အတော်လေး အားကိုးရန် လိုပေသေးသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ မဆင်မခြင် မလှုပ်ရှားသေးခြင်း ဖြစ်ပေသည်။
ရန်ကိုင်၏ ပုံစံကို မြင်ပြီးသည့်နောက် လူသားဧကရာဇ်နှင့် တော်ဝင်မင်းသား မင်းသမီးတို့ အံ့အားသင့်သွားကုန်ကြလေသည်။ ယခင်တစ်ကြိမ် ရန်ကိုင် ဤနေရာသို့ ရောက်လာစဉ်က အလွန်ကိုမှ မောက်မာဝံ့ကြွားခဲ့ပြီး တော်ဝင်မိသားစုကိုလည်း အထင်သေးခဲ့သည်။ ပထမမင်းသား ဖုရှုဆိုလျှင် ရန်ကိုင်၏ ရိုက်နှက်ခြင်း ခံရပြီး ဒုတိယမင်းသား ဖုယုမှာလည်း ဆိုးဆိုးရွားရွား သင်ခန်းစာ ပေးခံခဲ့ရလေသည်။
သို့ပါသော်ငြား ရန်ကိုင်၏ ထိုကဲ့သို့ ပုံစံမျိုးကြောင့်သာလျှင် လူသားဧကရာဇ်၏ မျက်နှာမှာလည်း အနည်းငယ် ပြေလျော့သွားခဲ့လေသည်။ ထို့နောက်တွင် သူ့လက်ကို မြှောက်၍ ဖိတ်ခေါ်လိုက်လေ၏။ "စီနီယာရန် အခုလိုမျိုး ယဉ်ကျေးနေစရာ မလိုပါဘူး၊ လာထိုင်ပါဦး"
ချက်ချင်းပင် အစေခံမလေး တစ်ဦးသည် ထိုင်ခုံတစ်လုံးကို ထုတ်ယူလာလျက် ရန်ကိုင် အနောက်တွင် ချပေးလိုက်လေသည်။
ရန်ကိုင် ထိုင်ခုံအထက် ကောက်ထိုင်လိုက်စဉ် တတိယမင်းသားသည် လူသားဧကရာဇ်၏ အနားဆီသို့ လျှောက်သွားလိုက်ပြီး လူသားဧကရာဇ်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ တတိယမင်းသား ပြောသည့် စကားကို ကြားပြီးသည့်နောက် လူသားဧကရာဇ်၏ အမူအရာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ တစ်ခဏအကြာမှသာလျှင် ပြန်လည်တည်ငြိမ်သွားခဲ့လေ၏။ ထို့နောက်တွင် တတိယမင်းသားသည် သူထိုင်ရမည့် နေရာတွင် သွားထိုင်နေလိုက်ပြီးသည့်နောက် လူသားဧကရာဇ်သည် ရန်ကိုင်ကို ကြည့်၍ ပြောလိုက်လေ၏။ "စီနီယာရန်၊ ကျုပ်တတိယသား ပြောတာကြားတာတော့ စီနီယာရန် မကြာသေးခင်ကမှ အပြင်လောကကြီးကနေ လာခဲ့တာဆို၊ အဲဒါတကယ်ပဲလား"
"ဟုတ်တယ်" ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
လူသားဧကရာဇ်က ထပ်၍ မေးလိုက်လေသည်။ "ဒီတော့ စီနီယာရန်က ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက ဒီလောကကြီးကနေ ထွက်သွားခဲ့တာပေါ့"
ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "ခင်ဗျားတို့ ကူညီပေးခဲ့လို့ပဲ နတ်ဆိုးအမျက်မြို့တော်ဆီ သွားပြီးတော့ အဲဒီကနေမှတစ်ဆင့် ဒီဒုလောကကမ္ဘာကြီးထဲကနေ ထွက်သွားနိုင်ခဲ့တာ"
"စီနီယာရန်ရဲ့ နည်းလမ်းတွေက တကယ်ကို အံ့ဩစရာပါလား" လူသားဧကရာဇ်က ချီးကျူးလိုက်လေသည်။ "ထွက်ပေါက်ရှိတယ်ဆိုတာ ကောလာဟလတွေပဲ ရှိခဲ့တာ၊ တကယ် ထွက်ပေါက် ရှိမရှိကို ဘယ်သူမှ သေချာသိကြတာ မဟုတ်ဘူး၊ စီနီယာရန် အဲဒီကနေပြီးတော့ ထွက်ပေါက်ရှာပြီးတော့ ထွက်သွားနိုင်ခဲ့တယ်ဆိုတာ ဒီဒုလောကကမ္ဘာကြီး တည်ရှိလာတဲ့ သမိုင်းတစ်လျှောက် ဒါပထမဦးဆုံးအကြိမ် ဖြစ်ဖူးတာပဲ၊ အရင်က ဘယ်သူမှ ထွက်မသွားနိုင်ဖူးဘူး"
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးရင်းမှ..."အရင်တစ်ကြိမ် ထွက်သွားတုန်းကတော့ အလှည့်အပြောင်းတွေကတော့ အများကြီးပါပဲ၊ ပြောကြတဲ့အတိုင်းပဲလေ၊ ပထမဦးဆုံး ခြေလှမ်းက အခက်ခဲဆုံးပဲတဲ့၊ ဒါပေမဲ့ နောက်တော့လည်း လွယ်သွားတာပါပဲ၊ အစတုန်းကတော့ ခက်ခဲခဲ့တာပေါ့၊ ဒါပေမဲ့ အခုတော့ ဘာပြဿနာမှ မကြုံရတော့ဘူး၊ အကုန်လုံးက ချောချောမွေ့မွေ့ပဲ" ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လူတိုင်း၏ အမူအရာကို အကဲခတ်ကြည့်လိုက်သည်။ တော်ဝင်မင်းသား မင်းသမီးများ၏ ပုံမှန် မဟုတ်သည့် တုံ့ပြန်ပုံကို မြင်လိုက်သည့်နောက် ရန်ကိုင် ချက်ချင်းပင် စိတ်ပျက်သွားတော့သည်။
လူသားဧကရာဇ်မှာ ထိုအကြောင်းကို ဆက်၍ မပြောတော့။ပြုံး၍သာ ပြန်၍ မေးလိုက်လေ၏။ "တတိယမင်းသား ပြောတာ စီနီယာရန် ကျုပ်တို့ဆီကို အခွင့်အလမ်းကြီးတစ်ရပ် ယူလာပေးတာဆို၊ အဲဒါ ဘာများဖြစ်မလဲ"
ရန်ကိုင်သည် လူသားဧကရာဇ်အား မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်လျက် အဓိပ္ပာယ်ပါပါ လေသံဖြင့် ပြန်ပြောလိုက်လေသည်။ "ခင်ဗျားတို့ အားလုံးကို ပြင်ပလောကကြီးဆီ ခေါ်သွားပေးမဲ့ အခွင့်အရေးလေ"
လူသားဧကရာဇ်မှာ ယဲ့ယဲ့လေးသာ ပြုံးနေခဲ့ပြီး ဘာမျှ ပြန်မပြောခဲ့ပေ။ တော်ဝင်မင်းသား မင်းသမီးများမှာမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေကြသည်။ ရန်ကိုင် ဘာပြောနေသလဲဆိုသည်ကို နားမလည်သည့်ပမာ။ သို့ပါသော်ငြား တတိယမင်းသားမှာမူ စိုးရိမ်နေသည့် အရိပ်အယောင်ဖြင့် မျက်မှောင်ကြုတ်နေခဲ့လေ၏။
ရန်ကိုင်ကမူ ထိုလူများ၏ တုံ့ပြန်ပုံကို သတိမထားမိသည့်အလား ဆက်၍ ပြောလိုက်လေသည်။ "ခင်ဗျားတို့ အားလုံးက ဒီလောကနိယာမတွေ အဆက်မပြတ် ပြောင်းလဲနေတဲ့ ဒီနေရာကြီးမှာပဲ တောက်လျှောက် ကြီးပြင်းလာခဲ့ရတာ၊ ပြီးရင် နေ့နဲ့အမျှလည်း နတ်ဆိုးမျိုးနွယ်စု ဘယ်အချိန် လာတိုက်မလဲဆိုတာကိုလည်း စိတ်ပူနေရသေးတယ်၊ ဒီတော့ အပြင်လောကကြီး ဘယ်လောက်လှတယ်ဆိုတာကို ခင်ဗျားတို့ သိကြမှာ မဟုတ်ဘူး၊ အခု ကျုပ် ခင်ဗျားတို့ အားလုံးအတွက် အခွင့်အရေးတစ်ခုကို ယူလာပေးပြီ၊ ခင်ဗျားတို့အားလုံး အပြင်ဘက်ကို ထွက်မကြည့်ချင်ကြဘူးလား"
ဖုယုက လှောင်ပြုံးပြုံးရင်းမှ ပြန်မေးလိုက်လေသည်။ "အပြင်ဘက်က ဘာကောင်းတာမလို့လဲ"
ရန်ကိုင်သည် ဖုယုကို ကြည့်၍ ပြုံးကာ ပြောလိုက်လေသည်။ "ဒုတိယမင်းသမီး အခုလိုမျိုး ပြောတာက အပြင်လောကကြီးကို မမြင်ဖူးသေးလို့ပေါ့၊ မြင်သာမြင်ဖူးသွားမယ်ဆို အခုလိုမျိုး ပြောတော့မှာ မဟုတ်ဘူး"
ဖုယုကမူ ရန်ကိုင်အား သွား၍ အထွန့်တက်မနေရဲတော့ပေ။ ယခင်တစ်ကြိမ်က ရန်ကိုင် လက်စာ မိခဲ့ရသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် ယခု ရန်ကိုင် ပြောသည်ကို သဘောမတူလျှင်ပင် ကြိတ်မှိတ်မျိုသိပ်နေရုံသာ တတ်နိုင်ပေသည်။
လူသားဧကရာဇ်ကမူ ရယ်သွမ်းသွေးရင်းမှ ပြန်မေးလိုက်လေ၏။ "ဒါဆို ကျုပ်တို့ ဘာတန်ရာတန်ကြေး ပြန်ပေးရမလဲ သိလို့ရမလား၊ စီနီယာရန်အဖို့ အပြင်ရောက်သွားပြီးတော့မှ ဒီကိုပြန်လာတယ်ဆိုတော့ အခက်အခဲတွေ အတော်လေး ကြုံခဲ့ရမှာပဲ၊ ကျုပ်တို့ဆီကို အခုလိုမျိုး အခွင့်အလမ်းကြီးတစ်ခု ယူဆောင်လာပေးဖို့အတွက်ကတော့ စီနီယာရန် စိတ်ထဲမှာ အခြား ပြောစရာ တစ်ခုခုလည်း ရှိရင် ရှိနေဦးမှာပေါ့၊ ဟုတ်တယ်မလား"
ရန်ကိုင်၏ မျက်နှာအထက်ရှိ အပြုံး ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး နာကျင်နေသည့် အမူအရာဖြင့် ထရပ်၍ ပြောလိုက်လေသည်။ "အားလုံး အခုလိုမျိုး နတ်ဆိုးမျိုးနွယ်စုရဲ့ ရန်ကို အဆက်မပြတ် ကြောက်နေရပြီးတော့ ဒီဆိုးရွားလှတဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ နေနေရတာကို ကျုပ်တကယ် မကြည့်ရက်လို့၊ အဲဒါကြောင့်မလို့ လာခဲ့တာ၊ အခြား ဘာရည်ရွယ်ချက်မှ မရှိဘူး"
လူသားဧကရာဇ်ကမူ အံ့အားသင့်နေဟန်ဖြင့် ချီးကျူးလိုက်လေသည်။ "စီနီယာရန်က တကယ်ကို လေးစားဖြောင့်မတ်တဲ့ လူပါလား၊ ဒီဧကရာဇ် စီနီယာရန်ကို တကယ်လေးစားမိသွားပြီ"
ရန်ကိုင်ကမူ လက်မြှောက်၍ ပြန်ပြောလိုက်လေသည်။ "လူသားဧကရာဇ် တကယ်စိတ်ဝင်စားတယ်ဆိုရင် ကျုပ်တို့ နှောင့်နှေးနေလို့ မသင့်တော့ဘူး၊ ချက်ချင်း ထွက်ခွာလို့ရအောင် မြို့သူမြို့သားတွေကို ပြင်ဆင်ဖို့ ချက်ချင်း အမိန့်ပေးလိုက်ပေတော့"
ရန်ကိုင် ပါးစပ်မှ ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် လူသားဧကရာဇ် သွေးအန်လုမတတ် ဖြစ်သွားခဲ့လေသည်။ [ငါဘာမှ ကတိမပေးရသေးဘူးလေ၊ မင်းက ဘယ်လိုလုပ်ပြီး ထွက်မယ်လို့ ပြောနေရတာလဲ]
တစ်ချိန်တည်းတွင်လည်း သိချင်စိတ် ဖြစ်မိသွားခဲ့ပြီး ပြန်၍ မေးလိုက်လေ၏။ "ဒီတော့ စီနီယာရန် ပြောချင်တာက စီနီယာရန်က လူသားဧကရာဇ်မြို့တော်ထဲမှာ ရှိနေတဲ့ လူတွေ အကုန်လုံးကို စီနီယာရန်နဲ့အတူ ခေါ်သွားနိုင်တယ်ပေါ့"
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံး၍... "အဲဒီလောက်က ဘာမှ မပြောပလောက်ဘူးလေ"
ရန်ကိုင် ပြောသည်မှာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ လူသားဧကရာဇ်ကမူ ထိတ်လန့်သွားသည့် လေသံဖြင့် ပြန်၍ ပြောလိုက်လေ၏။ "စီနီယာရန်ရဲ့ နည်းလမ်းတွေက တကယ်ကို အံ့ဩစရာပါလား"
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ထပ်၍ ပြောလိုက်လေသည်။ "စီနီယာရန် အဝေးကြီးက လာခဲ့တာဆိုတော့ ပင်ပန်းနေမှာပေါ့၊ ဟုတ်တယ်မလား၊ ရက်နည်းနည်းလောက် အရင် အနားယူလိုက်ပါလား၊ စီနီယာရန် ပြောတာကိုတော့ ဒီဧကရာဇ် သေသေချာချာ စဉ်းစားလိုက်ပါမယ်"
ရန်ကိုင်သည် လူသားဧကရာဇ်ကို စိုက်ကြည့်ရင်းမှ... "ဘာစဉ်းစားနေစရာ လိုသေးလို့လဲ၊ ဒီလိုအခွင့်အရေးမျိုးက လက်လွတ်သွားရင် ပြန်ရဖို့ မရှိတော့ဘူးနော်"
လူသားဧကရာဇ်ကမူ သူ့စိတ်သူ အတတ်နိုင်ဆုံး ထိန်းချုပ်ရင်းမှ ရှင်းပြလိုက်လေ၏။ "ဒီကိစ္စက လူသားဧကရာဇ်မြို့တော် တစ်ခုလုံးရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတာလေ၊ လူတိုင်းကိုယ်စား ဒီဧကရာဇ်က ဆုံးဖြတ်ချက်ချပေးလို့မှ မရတာ၊ အချို့ မသွားချင်တဲ့လူတွေ ရှိရင် သူတို့ကို အတင်းခေါ်သွားလို့ မရဘူးလေ၊ ဟုတ်တယ်မလား" လူသားဧကရာဇ် ပြောသည်မှာ ယုတ္တိတန်နေသည့်အတွက်ကြောင့် ရန်ကိုင်လည်း ပြန်လည်ချေပဖို့ရာ အကြောင်းအရင်း ရှာမတွေ့သည့်အလျောက် သဘောတူလိုက်ရုံသာ တတ်နိုင်လေသည်။ "ထင်ထားတဲ့အတိုင်းပဲ၊ လူသားဧကရာဇ်က ဘယ်ဟာမှန်လဲ ဘယ်ဟာမှားလဲဆိုတာကို သေချာ စဉ်းစားသုံးသပ်တတ်တာပဲ၊ အဲဒီလိုဆိုမှတော့ ကျုပ်လည်း သတင်းကောင်းကို စောင့်နေရတာပေါ့"
"ကောင်းပါပြီ" လူသားဧကရာဇ်က ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် တတိယမင်းသားကို အချက်ပြလိုက်လေ၏။ "စီနီယာရန်ကို အနားယူဖို့ ခေါ်သွားပေးလိုက်၊ သေသေချာချာ ဂရုစိုက်ပေးနော်"
"ဟုတ်ကဲ့ပါ ဖခမည်းတော်" တတိယမင်းသားလည်း သဘောတူလိုက်ပြီးသည့်နောက် ရန်ကိုင်အား ဖိတ်ခေါ်လိုက်လေသည်။ "စီနီယာရန်၊ ကျေးဇူးပြုပြီး ကြွပါ"
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက်... "အင်း၊ တတိယမင်းသားကို အလုပ်ရှုပ်ခိုင်းရဦးမှာပေါ့"
လူသားဧကရာဇ်အား နှုတ်ဆက်စကား ဆိုပြီးသည့်နောက်တွင် ရန်ကိုင်သည် တတိယမင်းသား၏ လမ်းပြဦးဆောင်မှုနှင့်အတူ တော်ဝင်နန်းတော်၏ အတွင်းပိုင်းဆီသို့ ထွက်လာခဲ့လေသည်။
ရန်ကိုင် ထွက်သွားပြီးသည့်နောက် လူသားဧကရာဇ်၏ မျက်နှာ ရုတ်ချည်းဆိုသလို သုန်မှုန်သွားတော့သည်။ တော်ဝင်မင်းသား မင်းသမီးများလည်း မျက်နှာ မကောင်းကြ။ ပထမမင်းသားသည် ချက်ချင်း ထရပ်၍ ပြောလိုက်လေသည်။ "ဖခမည်းတော်၊ အဲဒီရန်ကိုင် ပြောတာကို ကျွန်တော်တို့ လုံးဝသဘောတူလိုက်လို့ မဖြစ်ဘူးနော်"
ဖုယုကလည်း ပြောလိုက်သည်။ "ဟုတ်တယ်နော် ဖခမည်းတော်၊ လူသားဧကရာဇ်မြို့တော်ဆိုတာ တော်ဝင်မိသားစု တစ်ခုလုံးရဲ့ အုတ်မြစ်ပဲ၊ အဲဒါကို ဘယ်လိုလုပ်ပြီး စွန့်ပစ်ခဲ့လို့ ဖြစ်ပါ့မလဲ၊ ကျွန်မတို့သာ သူနဲ့အတူ လိုက်သွားမယ်ဆိုရင် တော်ဝင်မိသားစုက ဘာဆိုဘာမှ ဟုတ်တော့မှာ မဟုတ်ဘူး"
"အခုလို အခြေအနေမျိုးမှာ ရက်စက်သင့်ရင် ရက်စက်ရတော့မှာပဲ၊ သူ့ကို သတ်ပစ်မယ်ဆိုရင်လည်း သတ်ပစ်ရမှာပဲ"
"ဖခမည်းတော် ကျွန်တော်တို့ကို အမိန့်သာ ပေးလိုက်ပါ"
တော်ဝင်မင်းသားနှင့် မင်းသမီးများမှာ တစ်ယောက်ပြီးတစ်ယောက် စတင်၍ အထွန့်တက်ကြတော့သည်။ မသိလျှင် ရန်ကိုင်နှင့် သူတို့အကြား ရန်ငြိုးရန်စ များစွာ ရှိသည့်အလား။ ရန်ကိုင်အား အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်ချင်စိတ်များ သူတို့စိတ်ထဲ တဖွားဖွား ထွက်ပေါ်လာနေကြ၏။
"မင်းတို့ ပါးစပ်တွေ ပိတ်ထားလိုက်ကြစမ်း" သူ့ကလေးများ တစ်ယောက်တစ်ပေါက် အော်ပြောနေသည့် အသံများကို ကြားလာရသည့်နောက် လူသားဧကရာဇ်မှာ သိပ်၍ စိတ်မရှည်တော့ဘဲ ထအော်လိုက်တော့လေသည်။ လက်ရှိ အခိုက်အတန့်ဝယ် အိုမင်းရင့်ရော်နေသော လူသားဧကရာဇ် မျက်လုံးများသည် ကြောက်မက်ဖွယ်ရာ အလင်းတို့ဖြင့် တလက်လက် တောက်ပနေလေ၏။ ထို့နောက်တွင် သူ့သားသမီးများကို ဝေ့ကြည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်လေ၏။ "ဒီဧကရာဇ် သူငယ်ပြန်နေပြီလို့ မင်းတို့ မှတ်နေကြတာလား"
မင်းသားနှင့် မင်းသမီးများက ကတုန်ကယင်ဖြင့် ပြန်၍ ပြောလိုက်လေ၏။ "သားတော်တို့ မထင်ပါဘူး"
လူသားဧကရာဇ်က နှာခေါင်းရှုံ့လျက်... "ငါတို့ တော်ဝင်မိသားစုရဲ့ အုတ်မြစ်က ဒီမှာ ရှိနေတယ်ဆိုတာကို ဒီဧကရာဇ် မသိဘူးများ ထင်နေတာလား၊ အပြင်ဘက်ကိုသာ ထွက်သွားလိုက်မယ်ဆိုရင် ငါတို့ တော်ဝင်မိသားစု အားကိုးစရာ ဘာမှရှိတော့မှာ မဟုတ်ဘူး၊ ဒီဧကရာဇ်ကရော သူ့ကို မသတ်ပစ်ချင်ဘူးလို့ မင်းတို့ ထင်နေတာလား၊ မသတ်ပစ်ချင်တာ မဟုတ်ဘူး၊ အဲဒီလို မသတ်နိုင်တာကွ၊ နတ်သစ်ပင်က ကာကွယ်ပေးနေသေးသရွေ့ လူသားဧကရာဇ်မြို့တော်ထဲမှာ ဘယ်သူမှ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး"
ထိုအကြောင်းကြောင့်သာ မဟုတ်လျှင် ယခင်တစ်ကြိမ်က ရန်ကိုင်အား ဘာကြောင့်များ မောက်မာဝံ့ကြွားခွင့် ပေးခဲ့ပါမည်နည်း။ လူသားဧကရာဇ်မြို့တော်ထဲ ရန်ကိုင်ထက် ကျင့်ကြံခြင်း ပိုမြင့်သည့်လူ မရှိတော့သည် မဟုတ်။ လူသားဧကရာဇ်မြို့တော်ထဲတွင် ဧကရာဇ်တတိယအဆင့်ပညာရှင် များစွာ ရှိပေသည်။ ထိုလူ အားလုံးသည်သာ အတူတကွ ပူးပေါင်းတိုက်ခိုက်မည်ဆိုပါက ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ အသက်ရှင်နိုင်ပါမည်နည်း။ သို့ပါသော်ငြား နတ်သစ်ပင်၏ ကောင်းချီး ရရှိထားသည့်အခါမျိုးတွင် ဧကရာဇ်တတိယအဆင့်ပညာရှင် မည်မျှ များများ ပူးပေါင်းနေစေကာမူ ရန်ကိုင်အား သတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ဖုရှုက ပြန်၍ ပြောလိုက်လေသည်။ "လူသားဧကရာဇ်မြို့တော်ထဲမှာ လုပ်စရာမှ မလိုတာ ဖခမည်းတော်ရဲ့၊ သူ့ကို အပြင်ဘက်ဆီ မျှားခေါ်သွားပြီးတော့ နတ်သစ်ပင်ကာကွယ်မှု မရတဲ့ အချိန်မျိုးမှာမှ တိုက်ခိုက်လိုက်ရင်လည်း ရနေတာပဲဟာကို"
လူသားဧကရာဇ်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ "ဒါကတော့ မဆိုးဘူး၊ ဒါပေမဲ့ သူ့ကို အပြင်ဘက်ကို ဘယ်လိုမျှား ခေါ်ကြမှာလဲ"
ဖုရှုမှာ စိတ်ထဲထင်ရာကို ကောက်ပြောလိုက်ခြင်းသာ ဖြစ်ပြီး လူသားဧကရာဇ်မှ အမှန်တကယ် မေးမြန်းလာချိန်တွင်တော့ သူ့တွင် သေချာရေရာသည့် အစီအစဉ်တစ်ခု ရှိမနေတော့ဘဲ ရှက်ရှက်ဖြင့်သာ ခေါင်းကို ကုတ်ရင်း ရပ်နေတော့လေသည်။
လေးယောက်မြောက်မင်းသားက ဝင်၍ ပြောလိုက်လေ၏။ "သူ့ကို နတ်ဆိုးဖြစ်အောင် လုပ်လိုက်ရင်ရော"
ဖုယု၏ မျက်လုံးများ တဖျတ်ဖျတ် တောက်သွားခဲ့ပြီး ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ "ဟုတ်တယ်၊ သူသာ နတ်ဆိုး ဖြစ်သွားမယ်ဆိုရင် နတ်သစ်ပင်က သူ့ကို ကာကွယ်ပေးတော့မှာ မဟုတ်ဘူး"
အခြားသူများသည်လည်း ထိုအကြံမှာ အမှန်တကယ်ကို ကောင်းမွန်သည့် အကြံတစ်ခု ဖြစ်သည့်ပမာ လူသားဧကရာဇ်အား စိတ်အားထက်သန်သည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။
လူသားဧကရာဇ်မှာ အတန်ကြာအောင် စဉ်းစားနေပြီးသည့်နောက်တွင် လေးယောက်မြောက်မင်းသားကို ကြည့်၍ ပြောလိုက်လေ၏။ "စတုတ္ထသားတော်၊ ဒီကိစ္စကို ငါမင်းဆီ အပ်ထားလိုက်မယ်၊ နည်းနည်းလေးမှ အမှားအယွင်း မရှိစေနဲ့နော်"
စတုတ္ထမြောက်မင်းသားသည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ "ဖခမည်းတော် စိတ်ချထားလိုက်ပါ၊ ဒီကိစ္စကို မအောင်မြင်သေးသရွေ့ ဖခမည်းတော် ဒီသားတော်ရဲ့ မျက်နှာကို မမြင်စေရပါဘူး"
လူသားဧကရာဇ်သည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် မျက်လုံးပြန်ပိတ်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက်တွင် တော်ဝင်မင်းသားနှင့် မင်းသမီးအားလုံး အလျှိုလျှို ထွက်သွားကုန်ကြလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၀၀)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်သည် နောက်သုံးရက်လုံးလုံး တော်ဝင်နန်းတော်တွင်သာ နေနေခဲ့သည်။ ထိုသုံးရက် အတောအတွင်း အပြင်သို့ ခြေတစ်ဖဝါးပင် မလှမ်းခဲ့ပေ။ လူသားဧကရာဇ်ကိုလည်း သွားရောက် ဖျောင်းဖျခဲ့ခြင်း မရှိ။ ထိုအကြောင်းကြောင့် ရန်ကိုင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသော လူသားဧကရာဇ်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရလေသည်။
ရန်ကိုင်သည်သာ စိတ်မရှည်လက်မရှည် ဖြစ်နေမည်ဆိုပါက သူ့အနေဖြင့် နားလည်ကောင်း နားလည်၍ ရသေးပါသော်ငြား ရန်ကိုင် တည်ငြိမ်နေသည့် ပုံစံမှာ လူသားဧကရာဇ်အား မယုံသင်္ကာ ဖြစ်စေခဲ့သည်။
ရန်ကိုင် ဘာတွေများ ကြံနေလေသလဲဆိုသည်ကို လူသားဧကရာဇ် မသိပေ။ သို့ပါသော်ငြား ရန်ကိုင် မည်သို့သော အကြံမျိုးကို ကြံနေပါစေ သူ့အနေဖြင့် ရန်ကိုင်နှင့်အတူ အပြင်ဘက်သို့ လုံးဝ လိုက်မသွားနိုင်ပေ။
လူသားဧကရာဇ်မြို့တော်ထဲတွင် တော်ဝင်မိသားစုသည် နတ်သစ်ပင်၏ ကောင်းချီးကို ရရှိထားသည့်အတွက်ကြောင့် အခြားသူများ၏ အထက်တွင် ရပ်တည်နိုင်ပေသည်။ လူသားဧကရာဇ်မှာ ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးပါသော်ငြား ဧကရာဇ်တတိယအဆင့် ပညာရှင်များအား လက်အောက်ခံအဖြစ် ထားနိုင်သည်ကို ကြည့်လျှင် မြင်နိုင်ပေသည်။
အပြင်လောကကြီး မည်ကဲ့သို့ ဖြစ်နေသလဲဆိုသည်ကို လူသားဧကရာဇ် မသိပါသော်ငြား ထိုနေရာသည် မည်ကဲ့သို့သော နေရာမျိုးပင် ဖြစ်နေစေကာမူ ခွန်အားသည်သာ လူတိုင်း၏ လေးစားရာမှန်းတော့ သိပေသည်။
တော်ဝင်မိသားစုသည် ဤနေရာတွင် နှစ်ပေါင်းသိန်းနှင့်ချီတိုင်အောင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေလာနိုင်ခဲ့လေရာ သူတို့ မသိသည့် နေရာတစ်ခုဆီသို့ ဤနေရာကို စွန့်ခွာကာ မည်ကဲ့သို့များ ထွက်သွားနိုင်ပါမည်နည်း။
ညအချိန်ဝယ် အရာအားလုံးမှာ တိတ်ဆိတ်နေခဲ့လေသည်။ ဧည့်ခန်းထဲတွင် ရှိနေသော ရန်ကိုင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ လာရောက်ခစားနေသော အခန်းထဲ၌ ရှိနေသည့် အစေခံမလေးနှစ်ဦးမှာ ဦးညွှတ်ကာ ပြန်ထွက်သွားကြလေသည်။ လူသားဧကရာဇ်မြို့တော်သည် ထိုမျှ မကြီးသလို မြို့နေလူဦးရေမှာ သန်းဆယ်ဂဏန်းလောက်သာ ရှိနေသည့်တိုင် ဤမြို့ထဲဝယ် မိန်းမချောလေး အတော်များများ ရှိကြပေသည်။ ဥပမာပြောရသော် ရန်ကိုင်အား လာရောက်ခစားနေသည့် အစေခံမလေး နှစ်ဦးကို တတိယမင်းသားမှ ရွေးချယ်ထားခြင်း ဖြစ်ပြီး ထိုအစေခံမလေးနှစ်ဦးမှာ ရုပ်ရည်အရဖြစ်စေ ကိုယ်လုံးကိုယ်ပေါက်အရဖြစ်စေ ထိပ်တန်းပင် ဖြစ်လေသည်။ ပို၍ ရှားပါးသည်မှာ အစေခံမလေး နှစ်ဦးစလုံးသည် အပျိုလေးများ ဖြစ်နေခြင်းပင်။
ထိုအစေခံမလေးနှစ်ဦး၏ အဓိက ရည်ရွယ်ချက်မှာတော့ ရန်ကိုင်နှင့်အတူ ပျော်ပါး၍ ရန်ကိုင် သတိလက်လွတ်ဖြစ်အောင် လုပ်ရန်သာ ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှာ အစေခံမလေးများနှင့်အတူ ရယ်ရယ်မောမော စကားပြောနေသည့်တိုင် အစေခံမလေးများအပေါ် လှုပ်ရှားမည့် အရိပ်အယောင် မပြပေ။
အစေခံမလေးနှစ်ဦး ပြန်ထွက်သွားပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ကောက်ဝတ်ကို လှုပ်ခါ၍ ပြတင်းပေါက်တံခါးကို ဖွင့်ကာ ပြောလိုက်လေသည်။ "ရောက်နေပြီဆိုမှတော့ ဘာဖြစ်လို့ ထွက်မလာတာလဲ"
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦးသည် ပြတင်းပေါက်မှတစ်ဆင့် အထဲသို့ ဝင်လာခဲ့လေသည်။ ထိုလူအိုကြီးမှာ အသက်ငါးဆယ်လောက် ရှိမည် ထင်ရပြီး အသားအရေမှာ နီကျင်ကျင် ဖြစ်၏။ ထိုလူဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှတစ်ဆင့် ထိုလူသည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးမှန်း ရန်ကိုင် ပြောနိုင်လေသည်။
ထိုလူ ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပဲ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။ "မင်္ဂလာပါ စီနီယာရန်"
ရန်ကိုင်က ပြုံး၍ လက်ဝှေ့ယမ်းပြလိုက်သည်။ တစ်ချိန်တည်းတွင် စားပွဲခုံပေါ်ရှိ ရေနွေးအိုးကို ကိုင်ကာ ရေနွေးကြမ်းနှစ်ခွက် ငှဲ့လိုက်လေသည်။
ရောက်လာသည့် လူသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ရန်ကိုင်နှင့် မျက်နှာချင်းဆိုင်၌ သွားထိုင်ကာ ရေနွေးကြမ်းခွက်ကို ကောက်ကိုင်၍ မော့ချလိုက်လေသည်။ ရေနွေးကြမ်းအရသာကို မြည်းစမ်းပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ "ဒီရေနွေးကြမ်းကို စီနီယာရန် အပြင်ဘက်ကနေ ယူလာတာလား"
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ "ကြည့်ရတာ ရောင်းရင်းက ရေနွေးကြမ်းကောင်းရဲ့ အရသာကို သေချာပြောနိုင်တာပဲ"
ထိုလူက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံး၍ ပြန်ပြောလိုက်သည်။ "လူတိုင်းမှာ ရည်ရွယ်ချက်ကိုယ်စီ ဝါသနာကိုယ်စီကတော့ ရှိကြစမြဲပဲ၊ အချို့ကတော့ စွမ်းအားနဲ့ အာဏာကို နှစ်ခြိုက်ကြတယ်၊ အချို့ကတော့ မိန်းမချောလေးတွေကို နှစ်ခြိုက်တယ်၊ ဒါပေမဲ့ သူတို့နဲ့ မတူတာက ဒီလူအိုကြီးက ရေနွေးကြမ်းတွေကို ကြိုက်တာပဲ၊ ဒါပေမဲ့ ဆိုးသွားတာကတော့ ဒီနေရာမှာ လက်ဖက်ရည် ကောင်းကောင်းကန်းကန်း မရှိတာ၊ ဒီမှာရှိနေတဲ့ လက်ဖက်ရည်တွေက စီနီယာရန် အပြင်ကနေယူလာတဲ့ လက်ဖက်ရည်တွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဆိုင်တော့ဘူး"
ရန်ကိုင်က လှောင်ပြုံးပြုံး၍... "ဒီလက်ဖက်ရည်က ဘာမှ မဟုတ်သေးဘူး၊ ရှင်းရှင်းပြောရရင် အပြင်လောကကြီးမှာ ဒီထက်ပိုကောင်းတဲ့ လက်ဖက်ရည်တွေမှ အများကြီးပဲ"
ထိုစကားကို ကြားသည့်အခါ လူအိုကြီး၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။
ရန်ကိုင်သည် ရေနွေးကြမ်းခွက်ကို ကိုင်ရင်းမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေးလိုက်လေသည်။ "ကျုပ် မှတ်မိတာ မှန်မယ်ဆိုရင် ခင်ဗျားက တတိယမင်းသားအနောက်ကို အဲဒီနေ့တုန်းက လိုက်နေခဲ့တဲ့ တစ်ယောက်မလား"
လွန်ခဲ့သော သုံးရက်ခန့်က ရန်ကိုင် လူသားဧကရာဇ်မြို့တော်သို့ ရောက်လာစဉ် တတိယမင်းသားသည် ဧကရာဇ်အဆင့်ပညာရှင်များစွာနှင့်အတူ အလျင်စလို ပြေးလာခဲ့လေသည်။ တတိယမင်းသားခေါ်လာသည့် ဧကရာဇ်အဆင့်ပညာရှင်များအနက် ဤလူအိုကြီးလည်း ပါဝင်နေပြီး ဤလူအိုကြီးသည် တတိယမင်းသား အဖွဲ့ထဲရှိ တစ်ဦးတည်းသော ဧကရာဇ်တတိယအဆင့်ပညာရှင် ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ဤလူအိုကြီးအား မမှတ်မိဘဲ နေပါမည်နည်း။
လူအိုကြီးက လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ "ဒီလူအိုကြီးရဲ့ နာမည်က ကျိုးယုချွမ်ပါ၊ အခုလောလောဆယ်တော့ တော်ဝင်မိသားစုရဲ့ တော်ဝင်အစောင့်ခေါင်းဆောင်အဖြစ် တာဝန်ယူနေပါတယ်"
"ဒီတော့ လူအိုကြီးကျိုးပေါ့၊ မလေးစားသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်" ရန်ကိုင်သည် ရေနွေးခွက်ကို ပြန်ချလိုက်ပြီးသည့်နောက် လက်သီးဆုပ်၍ ပြုံးကာ ဆက်ပြောလိုက်လေသည်။ "လူအိုကြီးကျိုး၊ ညသန်းခေါင်ကြီး ကျုပ်ဆီ ဘာလို့လာတွေ့လဲ သိလို့ရမလား"
ကျိုးယုချွမ်သည် တစ်ခဏမျှ တိတ်နေပြီးသည့်နောက်တွင် ရုတ်တရက် မျက်ခုံးပင့်၍ ရန်ကိုင်အား စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။ "အခုမှ နည်းနည်းပါးပါး စသိဖူးတဲ့ လူတစ်ယောက်နဲ့ တရင်းတနှီး စကားပြောတယ်ဆိုတာ ရူးမိုက်တယ်လို့တော့ ပြောကြတာပဲ၊ ဒါပေမဲ့ ဒီလူအိုကြီး စီနီယာရန်ကို မေးချင်တဲ့ မေးခွန်းတစ်ခု ရှိတယ်၊ စီနီယာရန် အမှန်အတိုင်း ဖြေပေးမယ်လို့ မျှော်လင့်ပါတယ်"
ရန်ကိုင်သည် ရေနွေးကြမ်းကို တစ်ငုံသောက်လိုက်ရင်းမှ ပြန်ပြောလိုက်သည်။ "ကျုပ် အပြင်ကနေ တကယ်ကြီးလာခဲ့တာ၊ ကျုပ် ခင်ဗျားကို ဒီကနေ ခေါ်ထုတ်သွားလို့ရတယ်"
ကျိုးယုချွမ်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး ထပ်၍ ပြောလိုက်လေသည်။ "ဒါဆို ဒီလူအိုကြီး ဘာလို့ရောက်လာလဲဆိုတာကို စီနီယာရန် သိတယ်ပေါ့"
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက်... "ကျုပ် ဒီကိုရောက်လာတုန်းက တတိယမင်းသားကို စကားနည်းနည်းပါးပါး ပြောခဲ့တယ်လေ၊ အဲဒီတုန်းကလည်း လူအိုကြီးကျိုးက တတိယမင်းသား ဘေးနားမှာ ရပ်နေတာမလား၊ ဒီတော့ လူအိုကြီးကျိုးကို ကျုပ် သတိမထားမိဘဲ ဘယ်နေပါ့မလဲ၊ တော်ဝင်မိသားစုက ကျုပ်ပြောတာကို စိတ်မဝင်စားလောက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက တော်ဝင်မိသားစုလေ၊ ဒီမှာ နတ်သစ်ပင်ရဲ့ ကောင်းချီးရနေတာဆိုတော့ လူတိုင်းရဲ့အထက်မှာ ရပ်တည်နိုင်တယ်၊ အပြင်ဘက်ကိုသာ ရောက်သွားမယ်ဆိုရင် သူတို့ အခုလိုမျိုး အဆင့်အတန်းမြင့်မြင့်နဲ့ နေနိုင်တော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ တော်ဝင်မိသားစုက မဟုတ်တဲ့ လူတွေ၊ ဥပမာ လူအိုကြီးကျိုးလို လူမျိုးတွေကတော့ သူတို့နဲ့ တူပါ့မလား၊ လူအိုကြီးကျိုးက အခု တော်ဝင်မိသားစုလောက် အဆင့်မြင့်တာ မဟုတ်ဘူးလေ၊ ဒီမှာဆို သူများအစေခံ လုပ်နေရပေမဲ့ အပြင်ဘက်မှာဆိုရင် အဲဒီလိုမျိုး ဖြစ်ချင်မှ ဖြစ်ချင်တော့မှာ၊ ဒီတော့ ခင်ဗျားတို့ရဲ့ အတွေးတွေက သူတို့နဲ့ မတူတာ ဘယ်ဆန်းပါ့မလဲ"
ထိုစကားကို ကြားသော် ကျိုးယုချွမ်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ "စီနီယာရန် ပြောတာ အမှန်ပဲ၊ တော်ဝင်မိသားစုက အခုကိစ္စကို လုံးဝစိတ်မဝင်စားဘူး၊ စိတ်မဝင်စားရုံတင် မဟုတ်သေးဘူး၊ စီနီယာရန် ပြောလိုက်တဲ့ စကားတွေက သူတို့ကို အတော်လေး စိတ်ပျက်သွားစေမယ်လို့တောင် ကျုပ်ထင်တယ်"
ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ "ကျုပ် ဒီကိုလည်း ရောက်နေပြီ၊ အဲဒီလိုစကားတွေကိုလည်း ပြောပြီးသွားပြီဆိုမှတော့ သူတို့ ဘယ်လိုတုံ့ပြန်လာမလဲ ကျုပ်သိလို့ပေါ့၊ ဒါပေမဲ့ အဲဒါက အရေးကြီးလို့လား"
ကျိုးယုချွမ်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်လေသည်။ "စီနီယာရန် ဒီကိစ္စကို အကြမ်းနည်းသုံးပြီး ဖြေရှင်းချင်နေတာလား"
"သူတို့သာ ဉာဏ်ရှိရှိနဲ့ ရွေးချယ်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့၊ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ကျုပ်စိတ်ပျက်အောင် လုပ်မယ်ဆိုရင်တော့ သူတို့ ဘယ်လိုခံစားနေရလဲဆိုတာကို ကျုပ်က ဘာဖြစ်လို့ ထည့်ပြီး စဉ်းစားနေရဦးမှာလဲ"
ကျိုးယုချွမ်ကမူ ချက်ချင်း မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်လေသည်။ "ဒီလူအိုကြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်မိရင် နည်းနည်းခွင့်လွှတ်ပေးနော်၊ စီနီယာရန်ကို နတ်သစ်ပင်က ကောင်းချီးပေးထားတယ်ဆိုပေမဲ့ တော်ဝင်မိသားစုက လိုလိုလားလားနဲ့ မပူးပေါင်းလာဘူးဆိုရင် စီနီယာရန်လည်း သူတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးနော်"
"လိုလျှင်ကြံဆ နည်းလမ်းရတဲ့" ရန်ကိုင်က ရယ်သွမ်းသွေး၍ ခေါင်းစဉ်ပြောင်းကာ ပြောလိုက်လေသည်။ "တကယ်တော့ ကျုပ် သိချင်နေတာက ဒီမှာ ခင်ဗျားလို လူမျိုးတွေ ဘယ်နှယောက်ရှိလဲဆိုတာပဲ"
ကျိုးယုချွမ်က ပြန်ပြောလိုက်သည်။ "ကျုပ်ရဲ့ ရောင်းရင်းညီအစ်ကိုတွေ အကုန်လုံးနီးပါးကတော့ ကျုပ်နဲ့အတူတူပဲ၊ ဒီနေရာကနေ ထွက်သွားချင်နေတာ၊ အခြားဧကရာဇ်အဆင့်ပညာရှင်တွေလည်း ဒီကနေ ထွက်သွားဖို့ကို မျှော်လင့်နေမယ်လို့ ကျုပ်ထင်တယ်၊ ဧကရာဇ်အဆင့်ပညာရှင်တွေတင် မဟုတ်ဘူး၊ ဒီမှာရှိနေတဲ့ လူဦးရေ စုစုပေါင်းရဲ့ ရှစ်ဆယ် ကိုးဆယ်ရာခိုင်နှုန်းလောက်က စီနီယာရန်နဲ့အတူ အပြင်ဘက်ကို ထွက်သွားချင်နေတာ၊ စီနီယာရန် ဒီမှာ အကြာကြီးမနေဖူးတော့ ဒီနေရာ ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလဲဆိုတာကို သိမှာ မဟုတ်ဘူး"
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက်... "တော်ဝင်မိသားစုက လူတိုင်းရဲ့ ဆန္ဒကို ဆန့်ကျင်နေမှာလား၊ သူတို့သာ လူတိုင်းရဲ့ ဆန္ဒအတိုင်း ဒီကနေ ထွက်သွားလိုက်မယ်ဆိုရင်တော့ အကုန်လုံး အဆင်ပြေပြေပဲပေါ့၊ ဒါပေမဲ့ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ကျုပ်ကလည်း သူတို့ ရိုကျိုးလာအောင် လုပ်နေဖို့ ဝန်လေးနေမှာ မဟုတ်ဘူး"
ကျိုးယုချွမ်က ချက်ချင်းပဲ အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "စီနီယာရန် တော်ဝင်မိသားစုကို တိုက်ခိုက်မယ်ဆိုရင် ဒီလူအိုကြီး အေးအေးဆေးဆေး ရပ်နေလို့ရမှာ မဟုတ်ဘူး၊ ဒီလူအိုကြီးက ဒီကနေ ထွက်သွားချင်တယ်ဆိုပေမဲ့ တော်ဝင်မိသားစုအပေါ်လည်း အကြွေးတင်နေသေးတယ်၊ ကျုပ်တင် မဟုတ်သေးဘူး၊ ကျုပ်ရဲ့ ညီအစ်ကိုတွေလည်း အတူတူပဲ"
ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "အဲဒီအချိန်ရောက်ရင်တော့ ကျုပ် ခင်ဗျားတို့အပေါ် သက်သက်ညှာညာလေး လုပ်ပေးမှာပါ"
ကျိုးယုချွမ်မှာ တစ်ခုခု ထပ်ပြောချင်နေသေးပါသော်ငြား ရန်ကိုင်ကမူ ရုတ်တရက် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်ရင်းမှ ယဲ့ယဲ့လေး ပြုံးကာ ပြောလိုက်လေ၏။ "ကျုပ်မှာ ဧည့်သည်တွေ ရောက်နေပြီ၊ လူအိုကြီးကျိုး ခင်ဗျား အခုလောလောဆယ် ပြန်သွားလိုက်တော့ရင် ကောင်းလိမ့်မယ်"
ထိုစကားကို ကြားသော် ကျိုးယုချွမ် အံ့အားသင့်သွားခဲ့သည်။ အကြောင်းမှာ ယခုအချိန်ထိတိုင် သူဘာကိုမျှ သတိမထားမိသည့်အတွက်ကြောင့်ပင်။ သို့သော်ငြား ရန်ကိုင်၏ ယုံကြည်ချက် အပြည့်ရှိသည့် လေသံကို ကြားလိုက်သော် လူအိုကြီးကျိုးမှာလည်း ဤနေရာတွင် ဆက်မနေရဲတော့ဘဲ ချက်ချင်းပဲ လက်သီးဆုပ်ကာ နှုတ်ဆက်စကား ဆိုလိုက်လေ၏။ "ဒါဆို ဒီလူအိုကြီး အရင်သွားလိုက်ပါဦးမယ်"
ထိုသို့ပြောပြီးသည့်နောက် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ပြန်ထွက်သွားခဲ့လေသည်။
ရန်ကိုင်သည် ရေနွေးကြမ်းခွက်ကို ချ၍ တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်နေလေ၏။
တစ်ခဏအကြာ၌ အနီးနားရှိ တံခါးနှင့် ပြတင်းပေါက်မှာ ရုတ်တရက် ပွင့်သွားခဲ့ပြီး လူခုနစ်ဦး ရှစ်ဦးခန့် အထဲသို့ ဝင်လာကြလေသည်။ ထိုလူခုနစ်ဦး ရှစ်ဦး အခန်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် လေပြင်းများ တဖြူးဖြူး တိုက်ခတ်လာခဲ့ရာ ဖယောင်းတိုင်မီးများ ငြိမ်းသေလုမတတ်ပင် ဖြစ်သွားခဲ့သည်။
ဖယောင်းတိုင်မီး ပြန်ငြိမ်သွားပြီးသည့်နောက် အခန်းထဲ၌ ကြောက်မက်ဖွယ်ရာ နတ်ဆိုးချီကို ထုတ်လွှတ်နေသော လူရှစ်ဦး ရှိနေကြောင်းကို တွေ့ရှိလိုက်ရသည်။
"နတ်ဆိုးမျိုးနွယ်လား" ထိုလူများကို မြင်ပြီးသည့်နောက် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ တစ်ချိန်တည်း၌ စိတ်ထဲမှ ကြိတ်ကာ အော်ရယ်မောနေမိလေ၏။
[ဒီတော့ ငါ့ကိုယ်ထဲ နတ်ဆိုးချီ ထည့်ပြီးတော့ ငါ့ကို နတ်ဆိုးအသွင် ပြောင်းပစ်ချင်တယ်ပေါ့၊ ဘယ်ကောင် ဒီအကြံကို စဉ်းစားမိတာလဲတော့ မသိဘူး၊ ဒါပေမဲ့ တော်တော်လေးမဆိုးတဲ့ အကြံပါပဲ၊ ငါသာ နတ်ဆိုးဖြစ်သွားခဲ့ရင် နတ်သစ်ပင်က ငါ့ကို ကာကွယ်ပေးနေတော့မှာ မဟုတ်ဘူး၊ အဲဒီအခါကျရင် တော်ဝင်မိသားစုလည်း ငါ့ကို ကြောက်နေစရာ မလိုတော့ဘူး]
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူပြောခဲ့သည့် စကားသည် တော်ဝင်မိသားစုအား မကျေမနပ် ဖြစ်သွားစေလိမ့်မည်မှန်း ရန်ကိုင် သိနေပေသည်။ ထိုအကြောင်းကြောင့် တော်ဝင်မိသားစုမှာ လျှို့ဝှက်နည်းလမ်းများကို သုံး၍ ရန်ကိုင်အား အကွက်ချ ကြံစည်လာခဲ့ခြင်း ဖြစ်ပေသည်။ သို့ပါသော်ငြား လက်ရှိအခြေအနေမှာ ရန်ကိုင် မျှော်လင့်ထားသကဲ့သို့ မဟုတ်ပေ။
ထိုနတ်ဆိုးများကို တစ်စုံတစ်ဦးမှ ဤအထဲသို့ ပစ်ထည့်ခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခြင်း ခံရလေသည်။ နတ်ဆိုးများအနက် တစ်ကောင်မှာ ဧကရာဇ်ပထမအဆင့်နှင့် ယှဉ်နိုင်သော နတ်ဆိုးဘုရင် ဖြစ်ပြီး ကျန်နတ်ဆိုးများမှာမူ နတ်ဆိုးဗိုလ်ချုပ်မှူးများ ဖြစ်ကြပေသည်။ ဤနတ်ဆိုးများကို ဤနေရာသို့ လာပို့ဖို့ရာ တော်ဝင်မိသားစုအနေဖြင့် အတော်လေးကိုမှ အားစိုက်ခဲ့ရပေလိမ့်မည်။
နတ်ဆိုးများ တော်ဝင်မိသားစု၌ အကျဉ်းသားများ ဖြစ်နေသည်မှာ အဆန်းတော့ မဟုတ်ပေ။ တကယ်တော့ မျိုးနွယ်စု နှစ်ခုသည် ဤနေရာ၌ နှစ်ပေါင်းတစ်သိန်းကျော်မက တိုက်ခိုက်ခဲ့ကြသည် မဟုတ်ပေလော။ ထို့ကြောင့် နတ်ဆိုးဘက်တွင် လူသားများအား အကျဉ်းသားများအဖြစ် ဖမ်းဆီးထားကြသလို လူသားများဘက်တွင်လည်း နတ်ဆိုးများအား အကျဉ်းသားများအဖြစ် ဖမ်းဆီးထားကြသည်မှာ သဘာဝသာ ဖြစ်ကြလေသည်။
အခန်းထဲဝယ် နတ်ဆိုးအရှိန်အဝါမှာ ရုတ်တရက်ဆိုသလို ထောင်တက်လာခဲ့လေသည်။ လိမ့်ကျနေရာမှ ပြန်ကုန်းရုံးထလာပြီးသည့်နောက် နတ်ဆိုးများ၏ အကြည့်မှာ ချက်ချင်းဆိုသလို ရန်ကိုင်ဆီသို့ ရောက်ရှိလာကြသည်။ သူတို့အား ဘာကြောင့် လွှတ်ပေးလိုက်သလဲဆိုသည်ကို နားမလည်ပါသော်ငြား လက်ရှိအခိုက်အတန့်တွင် သူတို့ အရှေ့၌ လူသားတစ်ဦး ရှိနေသည့်အတွက်ကြောင့် သူတို့၏ ပထမဦးဆုံးသော ရွေးချယ်မှုမှာ ထိုလူသားကို သတ်ပစ်ရန်သာ ဖြစ်ပေသည်။
နတ်ဆိုးချီတို့ ဖြာထွက်လာခဲ့ပြီးသည့်နောက် နတ်ဆိုးဘုရင်နှင့် နတ်ဆိုးဗိုလ်ချုပ်မှူးများမှာ ရန်ကိုင်ဆီသို့ အတူတကွ ခုန်ဝင်လာကြလေသည်။ အခန်းတစ်ခုလုံး နတ်ဆိုးချီများဖြင့် ပြည့်နှက်သွားတော့လေ၏။
သို့ပါသော်ငြား ရန်ကိုင်က မျက်တောင်တစ်ချက်ပင် မခတ်ဘဲ အေးအေးဆေးဆေးသာ ထိုင်နေရင်းမှ သူ့လက်ကို ဝှေ့ယမ်း၍ ခွေးပေါက်လေး တစ်ကောင်ကို ထုတ်ယူလိုက်လေသည်။
ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်သွားစဉ်က ရန်ကိုင်သည် မရဏသားရဲကိုပါ သူနှင့်အတူ ခေါ်လာခဲ့သည်။ ယခုကဲ့သို့သော အချိန်မျိုးသည် မရဏသားရဲ၏ ခွန်အားကို ပြသရန်အတွက် အကောင်းဆုံးသော အခိုက်အတန့် ဖြစ်ပေသည်။
အားဝမ်မှာတော့ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိသေးပေ။ သို့ပါသော်ငြား သိပ်သည်းလှသည့် နတ်ဆိုးချီများကို ခံစားမိလိုက်သည့်နောက် ချက်ချင်းပဲ သူမ၏ ပါးစပ်ကို ကျယ်ကျယ်ဟကာ တစ်ကိုက် ကိုက်ချလိုက်ရာ အခန်းတစ်ဝက်လောက် ပါသွားခဲ့လေ၏။ ထိုတစ်ကိုက်တည်းနှင့်ပင်လျှင် အခန်းတစ်ခုလုံးမှာ လုံးဝကို ပြောင်ရှင်းသွားခဲ့လေသည်။ နတ်ဆိုးဘုရင် ဖြစ်စေကာမူ နတ်ဆိုးဗိုလ်ချုပ်မှူးများ ဖြစ်စေကာမူ
အားလုံး ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေ၏။
ထို့နောက်တွင် အားဝမ်၏ ပါးစပ်မှာ မူလအရွယ်အစားသို့ ပြန်ပြောင်းသွားခဲ့လေသည်။ အားဝမ်မှာမူ မကျေနပ်သေးသည့် အမူအရာဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ထို့နောက်တွင် ရန်ကိုင်ဘက်သို့ လှည့်လာ၍ 'ငါတော်တယ်မလား၊ ငါတော်တယ်မလား'ဟု ပြောနေသယောင် ပုံစံမျိုးဖြင့် ရန်ကိုင်အား ကြည့်ကာ ဟောင်ပြလိုက်သည်။
ရန်ကိုင်ကမူ လက်ကျန် ရေနွေးကြမ်းခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီးသည့်နောက် ခွက်ကို စားပွဲခုံပေါ်တွင် ချကာ အားဝမ်၏ ခေါင်းလေးကို ပွတ်ပေးလိုက်လေသည်။ ထို့နောက် မတ်တပ်ရပ်၍ အေးစက်စက် အမူအရာဖြင့် ပြုံးရင်းမှ တစ်ခုသောအရပ်သို့ ကြည့်ကာ ပြောလိုက်လေ၏။ "အရူးတွေပါလား"
ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ပုံရိပ် အခန်းထဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
အခန်းအပြင်ဘက်တွင်မူ စတုတ္ထမြောက်မင်းသားသည် အခြားဧကရာဇ်အဆင့် ပညာရှင်များနှင့်အတူ အခန်းထဲရှိ အခြေအနေကို စောင့်ကြည့်နေခဲ့လေသည်။ သို့ပါသော်ငြား မည်သည့် တိုက်ပွဲသံကိုမျှ မကြားရဘဲ ခွေးဟောင်သံကိုသာ ကြားလိုက်ရလေသည်။
အကုန်လုံးမှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိသည့်အလျောက် ဇဝေဇဝါ အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြောင်ကြည့်နေကြလေ၏။
ထိုအပြင် ထိုခွေးဟောင်သံသည် မည်သည့်နေရာမှ ထွက်လာလေသနည်း။ တော်ဝင်နန်းတော်ထဲ မည်သည့် အချိန်ကတည်းကများ ခွေးတစ်ကောင် ရောက်နေရလေသနည်း။
သူတို့အားလုံး ခေါင်းခြောက်မတတ် စဉ်းစားနေစဉ်မှာပင် သူတို့၏ ပါးပြင်အား လေပြင်းများ ဖြတ်တိုက်သွားခဲ့ပြီး လူတစ်ဦး သူတို့ အရှေ့၌ ပေါ်လာခဲ့လေသည်။
သူတို့ အရှေ့ရှိ လူကို မြင်ပြီးသည့်နောက် လူတိုင်း၏ မျက်နှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူရော်သွားခဲ့ကြသည်။ စတုတ္ထမြောက်မင်းသားဆိုလျှင် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရာ ဖင်ထိုင်လျက် လဲကျလုမတတ်ပင် ဖြစ်သွားခဲ့လေသည်။
ရန်ကိုင်သည် စတုတ္ထမြောက်မင်းသားအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်လေ၏။ "လူသားဧကရာဇ်က ကျုပ်ကို အခက်တွေ့အောင် လုပ်ချင်နေမှတော့ ကျုပ်ကလည်း သူ့ကိုယ်စား ဆုံးဖြတ်ပေးရသေးတာပေါ့"
စတုတ္ထမင်းသားက အထိတ်တလန့် အမူအရာဖြင့် ပြန်၍ မေးလိုက်လေသည်။ "ခင်ဗျား၊ ခင်ဗျား ဘာလုပ်ချင်နေတာလဲ"
"ကျုပ် ခင်ဗျားတို့အားလုံးကို ဒီလောကကြီးထဲကနေ ခေါ်ထုတ်သွားပေးမလို့လေ၊ ကျုပ်ကို လာပြီး ကျေးဇူးတင်နေစရာ မလိုဘူးနော်၊ အခြားသူတွေကို ကူညီပေးဖို့က ကျုပ်ရဲ့ တာဝန်ပဲ" ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုသော အရပ်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလေ၏။
ရန်ကိုင် ပြောသွားသည့် စကားကို နားမလည်သည့်အတွက်ကြောင့် စတုတ္ထမင်းသားမှာ ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင် ထွက်သွားသည့် အရပ်ဆီသို့ စိုက်ကြည့်နေပြီးသည့်နောက် စတုတ္ထမင်းသားမှာ အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်း ကမန်းကတန်း ထအော်တော့လေ၏။ "မကောင်းတော့ဘူး၊ မြန်မြန် တော်ဝင်ဖခမည်းတော်ကို အကြောင်းကြားလိုက်တော့၊ ရန်ကိုင် နတ်သစ်ပင်ဆီ သွားနေပြီလို့”