ကျူးယင်နတ်ဘုရား နိုးထလာခြင်း
Vol. 13 Ch. 191
“ ခေါင်းဆောင်၊ အဆိပ်မိနေတယ် ”
ရွှီချင်းက ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။
“ ငါ အဆိပ်မမိပါဘူးကွ။ ငါက ဒီလောက်အစွမ်းထက်တာ ဘယ်လိုလုပ် အဆိပ်မိနိုင်မှာလဲ ”
ခေါင်းဆောင်က မျက်ခုံးနှစ်ဖက်ကို ပင့်၍ တအံ့တသြဆိုသည်။
“ ခေါင်းဆောင် တကယ် အဆိပ်မိနေတာနော် ”
ရွှီချင်းက မည်းနက်နေသော ပင်လယ်ရေနှင့် ဆင်တူသလို ရှိနေသည့် စိမ်းပုပ်ပုပ်ဖြစ်နေသော ခေါင်းဆောင်၏ မျက်နှာကို ကြည့်၍ အလေးအနက် ပြောလိုက်သည်။
ခေါင်းဆောင်၏မျက်နှာက လေးနက်တည်ကြည်သွားသည်။
“ လက်ထောက်ခေါင်းဆောင်ရွှီ၊ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့။ ကိုယ်ပြောတဲ့စကားက သက်သေရှိရတယ်။ အရသာရှိတဲ့ပင်လယ်သစ်သီးတစ်လုံး မြင်လို့ စားလိုက်တာ လေမိစ္ဆာဓာတ်တွေ ခန္ဓာကိုယ်ထဲ ဝင်သွားလို့ ဒီလိုဖြစ်သွားတာပဲ။ မင်းကိုကြည့်ရတာ ပင်လယ်သစ်သီးကို မစားဖူးဘူးထင်တယ် ”
ခေါင်းဆောင်က ပြောနေရင်း မျက်နှာတစ်ခုလုံး စပ်ဖျဉ်းဖျဉ်းဖြစ်နေသလို ခံစားလိုက်ရသည်။ သူ အဆိပ်ဖြေဆေးလက်တစ်ဆုပ်စာ ချက်ချင်း ထုတ်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်ကာ သကြားလုံး စားသကဲ့သို့ တဂျွတ်ဂျွတ်စားကာ မျိုချလိုက်သည်။
ရင်ထဲတွင်မူ သူ အတော်လေး စိတ်ဓာတ်ကျနေမိ၏။ အစောပိုင်းက အောက်သို့ ရောက်နေပြီးနောက် သူ ပုန်းကွယ်နေခဲ့ပြီး ရွှီချင်းကို ရှေ့မှသွားစေကာ နောက်မှလိုက်ခဲ့သည်။
အနှီကလေးက လမ်းတစ်လျှောက်တွင် အဆိပ်များ ပက်ထားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
ရွှီချင်းက ပြောရန်ပြင်လိုက်သည်ကို သူ မြင်သောအခါ ဘေးပတ်လည်ကို ခပ်သွက်သွက်ဝေ့ကြည့်လိုက်ပြီး အဝေးရှိ အလောင်းတစ်လောင်းဟန်ဆောင်နေသော ကျန်းစန်းကို ညွှန်ပြလိုက်သည်။
“ အာ … အဲဒါ ကျန်းစန်းမဟုတ်လား ”
ခေါင်းဆောင်က ရွှီချင်းကို ထားခဲ့ကာ ကျန်းစန်းထံ အမြန်ပြေးသွားသည်။ ကျန်းစန်းဘေးသို့ ရောက်သောအခါတွင် သူ ကျန်းစန်းကို ပိတ်ကန်လိုက်၏။ သို့သော်လည်း အလောင်းတစ်လောင်းအဖြစ် ဟန်ဆောင်နေသော ကျန်းစန်းက အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ သူက မြေပြင်ပေါ်တွင် လှဲနေရင်း ခေါင်းဆောင်နှင့် လျှောက်လာနေသော ရွှီချင်းကို မော့ကြည့်လိုက်သည်။
“ ခေါင်းဆောင်၊ အဆိပ်မိထားတာလား ”
ကျန်းစန်းက အစိမ်းပုပ်ရောင်ဖြစ်နေသော ခေါင်းဆောင်၏မျက်နှာကိုကြည့်၍ တအံ့တသြဖြင့် မေးလိုက်သည်။
“ မင်းပါးစပ် ပိတ်ထားစမ်း ”
ခေါင်းဆောင်က ချောင်းဟန့်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။
“ အရှက်ကွဲအောင်မလုပ်နဲ့။ မင်း ဒီမှာ အလောင်းလို ဟန်ဆောင်တာ ဘာကောင်းတာတွေရလို့တုံး။ ငါ့နောက်လိုက်ခဲ့။ ပစ္စည်းကောင်းလေးတွေ ဘယ်မှာ ရှိလဲ ငါ သိတယ် ”
ခေါင်းဆောင်က ဘေးပတ်လည်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပြီး တစ်နေရာသို့ ပြေးထွက်သွားသည်။
ကျန်းစန်းက တွန့်ဆုတ်မနေဘဲ မြေပြင်မှ ခုန်ထကာ ရွှီချင်းကို နှုတ်ဆက်လိုက်ပြီး ခေါင်းဆောင်နောက်သို့ ပြေးလိုက်သွားသည်။
“ လက်ထောက်ခေါင်းဆောင်ရွှီ၊ ငါ သွားမယ့်နေရာက မင်း လိုချင်တဲ့ အခြေတည်ဆေးလုံးရှိတဲ့နေရာပဲ။ မြန်မြန်လာခဲ့ ”
ခေါင်းဆောင်က ပြေးနေရင်း ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
ရွှီချင်းက ဘေးပတ်လည်ရှိ ရုန့်ရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲကို ကြည့်လိုက်ပြီးနောက် ခေါင်းဆောင်ထွက်သွားသည့်ဘက်သို့ ကြည့်လိုက်သည်။ ထိုနေရာသည် လင်းရှီမီးအိမ်ညွှန်ပြနေသည့်နေရာလည်း ဖြစ်သည်။ သူ တွေဝေတွန့်ဆုတ်မနေတော့ဘဲ ခေါင်းဆောင်နှင့် ကျန်းစန်းနောက်သို့ ချက်ချင်း လိုက်သွားသည်။
ထိုသို့ဖြင့် သူတို့သုံးယောက်သည် ရေသူမမျိုးနွယ်၏ ရေအောက်စစ်မြေပြင်မှ ထွက်လာကြသည်။ သူတို့က အစွမ်းထက်ကြသည်ဖြစ်၍ လမ်းတွင် ရှောင်လွှဲမရသည့် အတားအဆီးအနည်းအကျဉ်းကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ကြသည်။
ခေါင်းဆောင်က အလျဉ်လိုနေသည်မှာ သိသာပြီး လမ်းတွင် ပိတ်ဆို့နေသော ရေသူမမျိုးနွယ်ဝင်များကို မြင်သောအခါ လေအေးများ ချက်ချင်း ထုတ်လွှတ်ကာ ရေခဲရုပ်ထုများအဖြစ်သို့ ပြောင်းလဲပစ်လေသည်။
ကျန်းစန်း၏တိုက်ခိုက်ပုံက ခေါင်းဆောင်နှင့် ကွဲပြားသည်။ သူ့မှာ လက်ဝတ်ရတနာအမြောက်အမြား ရှိပြီး ထိုလက်ဝတ်ရတနာများက ပစ်မှတ်ကို ထိသည်နှင့် ပေါက်ကွဲသွားကြသည်ဖြစ်၍ အလွန်အန္တရာယ်များသည်။
သူတို့ ရှေ့ဆက်သွားနေရင်း ကျန်းစန်းက လက်ဝတ်ရတနာများကို အရပ်မျက်နှာအနှံ့သို့ ပစ်လွှတ်ကာ ချဉ်းကပ်လာသည့် ရေသူမများကို ဟန့်တားလေသည်။
သူ အများဆုံးအသုံးပြုသည်မှာ သာမန်မျက်စိဖြင့် မြင်ရန် ခက်ခဲသော အပ်ချည်ကြိုးဖြစ်သည်။ သူ့ခန္ဓာကိုယ် လှုပ်ရှားသွားသည်နှင့် စူးရှချွန်ထက်သော အပ်ချည်ကြိုးက ဘေးပတ်လည်သို့ ရွေ့လျားသွားပြီး ခေါင်းဆောင် ပြုလုပ်ထားသည့် ရေခဲရုပ်ထုများကို ပိုင်းဖြတ်လေသည်။
သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်သည်မှာ တစ်ကြိမ်ထက်မက ရှိနေပြီဖြစ်ပြီး တစ်ယောက်နည်းလမ်းများကို တခြားတစ်ယောက်က အလွန် ရင်းနှီးနေပြီးသား ဖြစ်နေသည်မှာ သိသာသည်။ ထို့ကြောင့် သူတို့၏ အမြန်နှုန်းက မြန်ဆန်သည်ထက် မြန်ဆန်လာသည်။
ကျန်းစန်းက ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို အပ်ချည်ကြိုးဖြင့် ချည်နှောင်နေသည်ကိုပင် ရွှီချင်း မြင်လိုက်ရသည်။ ထိုသို့ပြုလုပ်ခြင်းက ကျန်းစန်းကို မြန်ဆန်သွက်လက်စွာ လှုပ်ရှားရာတွင် လွယ်ကူစေသည်။
ရွှီချင်း၏တိုက်ကွက်များမှာမူ ကျန်းစန်း၊ ခေါင်းဆောင်တို့နှင့် ကွဲထွက်နေသည်။ တိတိကျကျ ဆိုရပါက သူက မတိုက်ခိုက်သလောက်ပင်။ ရေသူမမျိုးနွယ်အတွက် အထူးဖော်စပ်ထားသော အရောင်မဲ့အဆိပ်ကိုသာ သူ အသုံးပြုသည်။ ထိုအဆိပ်များက ရေထဲသို့ ရောက်သွားပြီး ဘေးပတ်လည်သို့ ပျံ့နှံ့သွား၏။
သူ ရှေ့ဆက်သွားလိုက်တိုင်း သူနှင့် အနီးတဝိုက်တွင်ရှိသည့် ရေသူမအားလုံး၏ ခန္ဓာကိုယ်များ အရည်ပျော်သွားသည်။ ထိုရေသူမများမှာ အလျင်အမြန် နောက်ဆုတ်ပါသော်လည်း သူတို့ခန္ဓာကိုယ်အား တိုက်စားလာသည်ကို မရပ်တန့်နိုင်ပေ။ သူတို့မှာ ထိတ်လန့်ကြောက်ရွံ့နေသည့် မျက်လုံးများဖြင့် စူးစူးအော်ဟစ်ကာ ရှောင်လွှဲမရနိုင်သော သေခြင်းတရားနှင့် ကြုံတွေ့သွားရသည်။
ကျန်းစန်းမှာ သိသိသာသာ မျက်နှာပျက်သွားပြီး အဆိပ်ဖြေဆေးအမြောက်အမြား ကပျာကယာ ထုတ်၍ မျိုချလိုက်သည်။ ထို့နောက် သူက ရှေ့သို့ တဟုန်ထိုး ပြေးသွားကာ ရွှီချင်းနှင့် ခပ်ခွာခွာနေလိုက်သည်။
ခေါင်းဆောင်မှာ အဆိပ်ဖြေဆေးများကို တစ်လုံးပြီးတစ်လုံး စားနေ၏။
ထိုသို့ဖြင့် သူတို့သုံးယောက်က ကြမ်းတမ်းစွာ သွားလာကာ စစ်မြေပြင်မှ တဖြည်းဖြည်း ထွက်ခွာလာသည်။ ခေါင်းဆောင် ဦးတည်သွားနေသည့်နေရာကိုလည်း ရွှီချင်း မြင်လိုက်ရသည်။ ထိုနေရာသည် နတ်ဆရာများ ထွက်ပေါ်လာသည့်နေရာဖြစ်သည်။ ယင်းကြောင့် သူ အတွေးနက်သွားရ၏။
တစ်နာရီကြာပြီးနောက် စစ်မြေပြင်မှ တဝုန်းဝုန်းမြည်သံများ တိုးညှင်းလာကာ သူတို့ရှေ့တွင် ထူးဆန်းစွာ ဆောက်လုပ်ထားသည့် အဆောက်အအုံအစုအဝေးကြီး ပေါ်လာသည်။
ထိုအဆောက်အအုံများကို သန္တာကျောက်များဖြင့် လုပ်ထားခြင်းဖြစ်ပါသော်လည်း မည်းနက်နေကာ မြင့်မားသော စက်ဝိုင်းပုံစံခန်းမကြီးများအသွင် ဖြစ်နေသည်။ ရတနာမုဆိုးစခန်းတွင် ရွှီချင်း မြင်ခဲ့ရသည့် ဘုရားကျောင်းအစုအဝေးနှင့် ဆင်တူသလိုရှိသည်။
“ ဘုရားကျောင်းလား ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ လင်းရှီမီးအိမ်မှ ညွှန်ပြချက်က ဤနေရာမှ လာခြင်း ဖြစ်ဟန်တူပါသော်လည်း သူ့အတွက် အတည်ပြုရန် မလွယ်ပေ။
“ ဒီနေရာပဲကွ ”
ရှေ့ဆုံးမှ ခေါင်းဆောင်၏ စိတ်လှုပ်ရှားသောအသံ ထွက်ပေါ်လာသည်။ သူက အရှိန်တင်လိုက်ပြီး ဘုရားကျောင်းထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
သူတို့ ရောက်လာခြင်းသည် ဘုရားကျောင်းထဲရှိ ရေသူမအစောင့်အရှောက်များကို သတိကြီးသွားစေပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့ကိုသတ်ရန် ထွက်လာကြသည်။ သို့သော်လည်း ထိုဘုရားကျောင်းထဲ၌ အစောင့်အရှောက်များစွာ မရှိပေ။
တခြားအချိန်တွင်သာဆိုပါက ဤနေရာ၌ အစောင့်များ ထူထပ်စွာ ရှိနေမည်ဖြစ်သည်။ ယခုတွင် ရေသူမမျိုးနွယ်က ကပ်ဘေးကြီးကို ရင်ဆိုင်နေရသည်ဖြစ်ပြီး ရေအောက်လောကရှိ နေရာအများစုတွင် တိုက်ပွဲအများအပြား ဖြစ်ပွားနေသည်ဖြစ်ရာ နတ်ဆရာအများစု ထွက်သွားသည့်အတွက် အစောင့်များ သိသိသာသာ နည်းပါးသွားရခြင်း ဖြစ်သည်။
ခေါင်းဆောင်၏ ခွန်အား၊ ကျန်းစန်း၏ လက်ဝတ်ရတနာများနှင့် ရွှီချင်း၏ အရောင်မဲ့အဆိပ်တို့ပေါင်းစပ်လိုက်သောအခါတွင် ဘုရားကျောင်းအစုအဝေးကြီး၏ အလယ်ဗဟိုသို့ သူတို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ထိုအတောအတွင်း ချီစုစည်းခြင်းအဆင့်အထွတ်အထိပ်သို့ ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံလိုက်ရသော အခြေတည်အဆင့်ကျင့်ကြံသူများ ပေါ်လာတတ်ပါသော်လည်း ခေါင်းဆောင် ဖြတ်သွားတိုင်း အရာအားလုံး အေးခဲသွားသည်။ မည်သည့်ကျင့်ကြံခြင်းအဆင့်တွင်ရှိသော ရန်သူပင်ဖြစ်ပါစေ အလားတူ ကြုံတွေ့လိုက်ရပြီး ရေခဲရုပ်ထုများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းက ရွှီချင်း၏နှလုံးသားကို တုန်ရီသွားစေသည်။ ခေါင်းဆောင်၏ တိုက်ရည်ခိုက်ရည်ကြောင့် သူ စိုးရိမ်ပူပန်သွားရသည်သာမက ဤနေရာသို့ ရောက်လာရခြင်းအတွက် ခေါင်းဆောင်မှာ ခိုင်မာသော ရည်ရွယ်ချက်တစ်ခု ရှိနေရမည်ကိုလည်း သေချာသွားသည်။
အစကတည်းက ဤနေရာသို့ သူ တန်းတန်းမတ်မတ်လာခဲ့ဟန်တူသည်။
“ ခေါင်းဆောင်မှာလည်း ငါ့လို ရည်ရွယ်ချက်ရှိနေတာလား ”
ရွှီချင်း သတိထားသွားသည်။ သူ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာရင်း ရင်ထဲတွင် ပို၍ သတိထားလာသည်။
ခဏအကြာ သူတို့သုံးယောက် ဘုရားကျောင်းအစုအဝေးကြီး၏ အလယ်ဗဟိုသို့ သတ်ဖြတ်ရင်း ရောက်လာသည်။ အပြာရောင်ဘုရားကျောင်းရှေ့၌ ခေါင်းဆောင်က ခပ်သွက်သွက် ပြောလိုက်သည်။
“ ကျန်းစန်း၊ ပတ်ပတ်လည်မှာ ထောင်ချောက်တွေထားလိုက်။ မင်းပစ္စည်းတွေအားလုံး သုံးလိုက်။ ပြန်ရောက်ရင် ငါ မင်းကို ပစ္စည်းဖိုး ပြန်ပေးမယ် ”
“ ရွှီချင်း၊ ဒီမှာ အဆိပ်တွေများများ ပက်လိုက်။ မနှေမျောနဲ့။ ပြန်ရောက်ရင် မင်းကိုလည်း ပြန်ပေးမယ် ”
ကျန်းစန်းက တစ်ချက်ထိမိလိုက်သည်နှင့် ပေါက်ကွဲစေနိုင်သော စက်ပစ္စည်းများကို ဘေးပတ်လည်တွင် ချက်ချင်း တပ်ဆင်လိုက်သည်။ ထို့ပြင် ထိုပစ္စည်းများကို ဖုံးအုပ်ကာ ရှုပ်ထွေးပြီး သတိမထားမိသည့်နေရာမျိုးတွင် ထားလိုက်သည်။
ဥပမာအနေဖြင့် သူက ကျဉ်းတစ်ကျဉ်းတူးကာ ပြန်ဖုံးအုပ်၍ ထောင်ချောက်ဆင်လိုက်သည်။ ထိုကျဉ်းက တခြားနေရာများထက် အနည်းငယ်သာ နက်ပြီး ခြေတစ်လှမ်း လှမ်းပြီးသွားသည်နှင့် ပေါက်ကွဲသွားတော့မည်ဖြစ်သည်။
“ ဒီကျဉ်းပေါ် အရင်ဆုံး လျှောက်တဲ့လူက ဘာမှဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒုတိယတစ်ယောက် လျှောက်ရင်တော့ ပေါက်ကွဲသွားမှာပဲ ”
ရွှီချင်း ကြည့်နေသည်ကို သတိထားမိ၍ ကျန်းစန်းက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ရွှီချင်း ငြိမ်ကျသွားပြီး လင်းရှီမီးအိမ်မှ ညွှန်ပြနေသည့် တည်နေရာကို ပြန်စဉ်းစားလိုက်သည်။ ထိုနေရာက ဤဘုရားကျောင်းထဲတွင် ရှိနေပါသော်လည်း ဤအလယ်ဗဟိုတွင် မဟုတ်ဘဲ ပို၍ နက်ရှိုင်းသောနေရာတွင် ရှိနေဟန်တူသည်။
သူ စိတ်သက်သာရာရစွာဖြင့် ကြိတ်၍ သက်ပြင်းချလိုက်သည်။ ကျန်းစန်း တပ်ဆင်ပြီးစီးသွားသောအခါ သူက အဆိပ်မှုန့်များစွာ ထုတ်ယူကာ ပက်လိုက်ရာ ဘုရားကျောင်းပတ်လည်က ပို၍ အန္တရာယ်များလာသည်။
ပြီးသည်နှင့် သူ ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင် အလွန် သဘောကျသွားပြီး ဘုရားကျောင်းတံခါးကို တွန်းဖွင့်၍ ရွှီချင်းနှင့် ကျန်းစန်းကို အထဲသို့ ခေါ်လိုက်သည်။
ဘုရားကျောင်းအတွင်းပိုင်းက ဟာလာဟင်းလင်းဖြစ်နေပြီး မည်သည့်ရတနာမျှ မရှိဟန်တူသည်။ ရုပ်ထုကြီးတစ်ခုသည်သာ ရှိနေ၏။
“ ခေါင်းဆောင်၊ ဒီတစ်ခေါက် ဘာတွေလုပ်နေတာတုံး။ ဒီမှာ ဘာမှမရှိဘူးဗျ။ ကျုပ် လိုချင်တာတွေလည်း ဒီမှာ မရှိဘူး ”
ဗလာကျင်းနေသော ဘေးပတ်လည်ကို ကြည့်ကာ ကျန်းစန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
ရွှီချင်းက တစ်ခွန်းမှမပြောဘဲ ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ မလောပါနဲ့ကွ ”
ခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။
“ ခဏလောက်စောင့်ဦး၊ ခဏလောက်နေရင် မင်းလိုချင်တာတွေ ရမယ်လို့ ငါ အာမခံတယ် ”
သူက ပြောရင်းဆိုရင်း ခြောက်ကပ်ကပ်မျက်လုံးတစ်လုံးကို ထုတ်လိုက်သည်။ ထိုမျက်လုံးက လူသားတစ်ယောက်၏ မျက်လုံးနှင့် မဆင်တူပေ။ ၎င်းကို ဘေးတွင် ထားလိုက်ပြီးနောက် သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်ကာ ညွှန်လိုက်သည်။
ရုတ်တရက် ခြောက်ကပ်နေသော မျက်လုံးက ပွင့်လာပြီး ၎င်း၏ မျက်လုံးအိမ်များထဲတွင် ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က ကျွန်း၏အပြင်ဘက်လောကမြင်ကွင်းဖြစ်ဟန်တူသည်။
“ အရင်ဆုံး ပွဲကြည့်ကြတာပေါ့ ”
ခေါင်းဆောင်၏ မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာသည်။
“ လင်းရှီမျက်လုံး၊ ဒါက သိပ်ဈေးကြီးတာ။ ဘယ်လိုလုပ်ရလာတာတုံး ”
ကျန်းစန်းက အသက်ဝဝရှူသွင်းကာ ကြည့်ရန် အနားတိုးကပ်သွားသည်။
ရွှီချင်းသည်လည်း ထိုမျက်လုံးကို ဂရုတစိုက်ဖြင့် ကြည့်လိုက်သည်။ ယင်းက အလွန် ထူးဆန်းသည်ဟု သူ ခံစားနေရသည်။ ထို့နောက် သူက ခေါင်းဆောင်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး အနည်းငယ် နောက်ဆုတ်ကာ ဘေးပတ်လည်ကို စစ်ဆေးကြည့်ရှုလိုက်သည်။
ဤနေရာတွင် ရုပ်ထုမှလွဲ၍ မည်သည့်အရာမှ မရှိချေ။
ရုပ်ထုကို သန္တာကျောက်များဖြင့်သာ လုပ်ထားပြီး မည်သည့်နတ်အငွေ့အသက်များ ရှိမနေသည့်တိုင်အောင် ရွှီချင်းမှာ စိတ်အေးလက်အေးမနေနိုင်ပေ။ ရတနာမုဆိုးစခန်းဘေးရှိ တားမြစ်နယ်မြေထဲရှိ ဘုရားကျောင်းမှ ဓားမော့ကိုင်ထားသော ကျောက်ရုပ်ထုကြီးသည်လည်း ထူးဆန်းသောပုံပန်းသွင်ပြင် မရှိခဲ့သည် မဟုတ်ပါလား။
သူက ဤနေရာတွင် ကြာကြာနေရန် စိတ်မကူးထားဘဲ ထွက်သွားနိုင်မည့်အခွင့်အရေးကို ရှာရန် ပြင်ဆင်ထား၏။
ရွှီချင်း လေ့လာနေစဉ် မြေပြင်မှာ တုန်ခါလာသည်။ အရပ်မျက်နှာအနှံ့မှ လေမုန်တိုင်းတစ်ခု တိုက်ခတ်နေသည့်အလား အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။
မြေပြင် တုန်ဟီးလာစဉ် အဝေးမှနေ၍ ရေအောက်လောကကြီးတစ်ခုလုံးကို ပျံ့နှံ့သွားကာ အတားအဆီးအားလုံးကို ထိုးဖောက်သွားစေနိုင်သည့်အလား ကျယ်လောင်စူးရှသောအသံတစ်သံ မြည်ဟည်းလာသည်။
ပေါက်ကွဲသံနှင့် ကျယ်လောင်စူးရှသောအသံ ထွက်ပေါ်လာခဲ့သည့်နေရာမှာ မကြာသေးခင်က ရွှီချင်းတို့အုပ်စု ထွက်လာခဲ့သည့် စစ်မြေပြင်မှ ဖြစ်ပေသည်။ ယခုအချိန်၌ အလောင်းများ နေရာအနှံ့ ပြန့်ကျဲသွားပြီဖြစ်ပြီး လူများစွာ သေကြေနေပြီဖြစ်သည်။ နတ်ဆရာဒါဇင်မှာလည်း ဒဏ်ရာများစွာ ရနေပြီဖြစ်သည်။
သူတို့၏ နတ်အတတ်များဖြင့် ဖန်ဆင်းထားသော ထူးဆန်းသည့်သားရဲအများစုသည်လည်း ဇီဝိန်ကြွေသွားပြီဖြစ်သည်။ သူတို့အားလုံးက ရူးသွပ်နေသည့်အလား စူးစူးဝါးဝါး အော်ဟစ်နေကြပြီး ထိုအသံ လွင့်ပျံသွားသည်နှင့် သူတို့ခန္ဓာကိုယ်များ အလျင်အမြန် လောင်ကျွမ်းလာသည်။
သူတို့က အသက်နှင့်ရင်း၍ လောင်ကျွမ်းစေကာ အစွမ်းထက်နတ်အတတ်ကို အသက်သွင်းနေဟန်တူသည်။
သူတို့၏ စူးရှသော အသံများ လွင့်ပျံသွားသည်နှင့် ရေအောက်လောကတွင် နတ်ဆရာများစွာ မရှိပါသော်ငြား စူးရှစွာ အော်ဟစ်လေရာ သူတို့ခန္ဓာကိုယ်များသည်လည်း လောင်ကျွမ်းလာသည်။
ထိုအသံများက တစ်သံနှင့်တစ်သံ ရောယှက်သွားပြီး ကျယ်လောင်သည်ထက် ကျယ်လောင်လာသည်။
ကျူးယင်ကျွန်းတစ်ကျွန်းလုံးပေါ်ရှိ နတ်ဆရာတစ်ရာခန့်မှာ တဟုန်းဟုန်း လောင်ကျွမ်းနေစဉ် စူးရှကျယ်လောင်သောအသံက ကျူးယင်ကျွန်းမှ လွင့်ပျံကာ မန္တန်အစီအရင်ကို ဖြတ်၍ နက်ရှိုင်းသော ပင်လယ်ကြမ်းခင်းသို့တိုင်အောင် ဆက်လက်ပျံ့လွင့်သွား၏။
ယင်းက ဆင့်ခေါ်နေသည့်အလားပင်။
မကြာခင် နက်ရှိုင်းသော ပင်လယ်ထဲမှ ဟိန်းသံကြီးတစ်သံ ပဲ့တင်ထပ်လျက် လွင့်ပျံလာသည်။
ထိုအသံက ကောင်းကင်နှင့်မြေပြင်၏ ဟိန်းသံအလား ဖော်ပြခြင်းငှာ မစွမ်းသာသော တန်ခိုးအရှိန်အဝါများ ယှက်သန်းနေ၏။
ထိုအသံ လွင့်ပျံလာသည်နှင့် ပင်လယ်ထဲမှ လှိုင်းလုံးကြီးများ တဝုန်းဝုန်း ထလာပြီး ကီလိုမီတာထောင်ပေါင်းများစွာအထိ ရိုက်ခတ်သွားသည်။ ကောင်းကင်ကြီးသည်လည်း အရောင်ပြောင်းကာ လေနှင့် မိုးသားတိမ်စိုင်များသည်လည်း တရွှီရွှီအော်မြည်နေ၏။
နက်ရှိုင်းသော ပင်လယ်ထဲ၌ ကြီးမားသော အရိပ်ကြီးတစ်ရိပ် ပေါ်ထွက်လာ၏။
ထိုအရိပ်က ပေတစ်သိန်းအထိ မြင့်မားပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ကြောက်ခမန်းလိလိ ကြီးမားသည်။
၎င်း၏ လှုပ်ရှားမှုတိုင်းက အားသွန်ခွန်စိုက် ကြိုးစားနေသယောင်ထင်ရပါသော်ငြား ခြေလှမ်းတိုင်းက ပင်လယ်ကြမ်းခင်းကို တုန်ခါသွားစေကာ ဆူနာမီလှိုင်းများ ဖြစ်သွားစေသည်။
ထိုအချိန်၌ ကြောက်မက်ဖွယ်ဖိအားတစ်ရပ် ဝုန်းခနဲ ထွက်ပေါ်လာ၏။
မည်သည့်ကျင့်ကြံခြင်းအဆင့်တွင်ရှိသော ပင်လယ်သားရဲများဖြစ်ပါစေ ထိုဖိအားအောက်တွင် တုန်ရီသွားသည်။ ပင်လယ်ကြမ်းပြင်မှ နတ်ဘုရားကဲ့သို့ အရိပ်ကြီး ရောက်ရှိလာခြင်းကြောင့် ချီရွှဲ့ထုံဂိုဏ်းသားအားလုံး၏ ဝိညာဉ်များ တုန်ရီသွားသည်။
တဝုန်းဝုန်းမြည်ဟည်းသံများ ဆက်လက်လွင့်ပျံလာ၏။ အထက်ကောင်းကင်ယံမှနေ၍ ပင်လယ်ထဲသို့ ဖောက်ကြည့်နိုင်မည်ဆိုပါက ငါးအရိုးများစွာဖြင့် ရက်လုပ်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် လက်များမရေမတွက်နိုင်အောင် ရှိနေသည့် အဘွားကြီးတစ်ဦးက ရေသူမကျွန်းသို့ တစ်လှမ်းချင်း လျှောက်လာနေသည်ကို မြင်ရမည်ဖြစ်သည်။
ထိုအဘွားကြီး၏မျက်နှာတွင် အရေးအကြောင်းများ ရှိနေပြီး တစ်ဝက်ကျော်က ပုပ်သိုးဆွေးမြေ့နေသည်။ ရွှေရောင်ဝင်းလက်နေသော မျက်လုံးများသည်သာ ခံစားချက်ကင်းမဲ့နေလျက် နက်နဲသောအကြည့်တစ်စ ပေါ်လာသည်။ သူမ၏အသက်ရှူသံများထဲတွင် ဓာတ်နှောများဖြင့် ပြည့်နှက်နေပြီး နတ်အစွမ်းများ ယှက်သန်းနေ၏။
သူမ၏ခန္ဓာကိုယ်ပေါ်ရှိ လက်များအားလုံးမှာလည်း မျက်လုံးများ ရှိနေပြီး ရွှေရောင်ဝင်းလက်နေသည်။ ယခုအချိန်၌ ၎င်းတို့ထဲမှ တစ်ဝက်က ပွင့်နေပြီး အဝေးရှိ ရေသူမကျွန်းကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။
အဘွားကြီး၏နောက်ရှိ တဖျပ်ဖျပ်လွင့်နေသော ငါးအရိုးဝတ်ရုံကြားမှနေ၍ ကြက်သွေးရောင်ဧရာမလျှာကြီး ရှည်ထွက်လာသည်။ ထိုလျှာကြီးထဲတွင် ဝိညာဉ်များ မရေမတွက်နိုင်အောင် ရှိနေသည်။
အနီးကပ်ကြည့်ပါက ထိုဝိညာဉ်များသည် ရေသူမမျိုးနွယ်၏ နတ်ဆရာများနှင့် ဆင်တူနေသည်ကို မြင်ရပေမည်။ ၎င်းတို့အားလုံးက စူးရှစွာ အော်ဟစ်နေပြီး ကျူးယင်နတ်ဘုရား၏အသံကို ကိုယ်စားပြုနေသည့်အလားပင်။
ထိုဖြစ်ရပ်က ရေသူမကျွန်းလေးကျွန်းပေါ်ရှိ မန္တန်အစီအရင်အငွေ့အသက်များကို အတန်ငယ် လွင့်ပါးသွားစေပြီး ဖောက်ထွင်းမြင်ရသွားစေရာ ကျွန်းပေါ်ရှိ ကျင့်ကြံသူများမှာ နောက်ဆုံးတွင် အပြင်ဘက်လောကကို မြင်ခွင့်ရသွားသည်။
ထိုအရိပ်မှာ ရေသူမမျိုးနွယ် သက်ဝင်ယုံကြည်သည့် ကျူးယင်နတ်ဘုရားမှလွဲ၍ တခြားမဟုတ်ချေ။