အခန်း ၅၀၅
Vol. 43 Ch. 505
အခန်း(၅၀၅)
လေလံပွဲမှာ ယှဉ်ပြိုင်ဖို့အတွက် သူတို့ရဲ့တန်ခိုးတွေကို မြှင့်တင်ဖို့ ပြင်ဆင်နေတာက မှော်မျှော်စင်တစ်ခုတည်း မဟုတ်ပါဘူး။
မြို့စားကတော်ရဲ့ နန်းတော်ဘေးက စစ်သည်တော်များရုံးတော်မှာတော့ စစ်သည်တော်အဆင့်လောင်းတွေနဲ့ စစ်သည်တော်တွေဟာ လေလံပွဲမှာ ဖြစ်လာနိုင်တဲ့ တိုက်ပွဲအတွက် အပြင်းအထန် လေ့ကျင့်နေကြတယ်။
သူတို့ရဲ့ နယ်မြေမှာ ထပ်တူဗဟိုပြု စက်ဝိုင်းပုံစံ ဗိသုကာလက်ရာ နှစ်ခုရှိနေတာပါ။
အပြင်ဘက် စက်ဝိုင်းအကြီးကတော့ စစ်သည်တော်အဆင့်လောင်းတွေနဲ့ လေ့ကျင့်နေတဲ့ စစ်သည်တော်တွေအတွက် လုပ်ပေးထားတာ ဖြစ်တယ်။ အဲဒီစက်ဝိုင်းရဲ့ ဧရိယာတစ်ခုလုံးကို ဆယ်ပိုင်း အညီအမျှ ခွဲထားပြီး ဒါဟာ စစ်သည်တော်တစ်ယောက် သူတို့ရဲ့ ကျင့်စဉ်မှာ လျှောက်လှမ်းနိုင်တဲ့ လမ်းစဉ် ၁၀ မျိုးနဲ့ ညီမျှပါတယ်။
စစ်သည်တော်များရုံးတော်ရဲ့ လမ်းစဉ်တိုင်းက တန်းတူပဲဖြစ်ရမယ် ဆိုပေမဲ့ မက်ထရိုပိုလစ်မှာရှိတဲ့ ဒီရုံးတော်ခွဲကတော့ လမ်းစဉ်တစ်ခုက တခြားလမ်းစဉ်တွေထက် ပိုပြီး အင်အားတောင့်တင်းနေတာကို မတတ်နိုင်ဘဲ ဖြစ်နေခဲ့တယ်။
ဒါကတော့ တခြားမဟုတ်ပါဘူး၊ ပုဆိန်လမ်းစဉ်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ မက်ထရိုပိုလစ်မှာရှိတဲ့ ရုံးတော်ခွဲရဲ့ တခြားလမ်းစဉ်တွေထက် လူအင်အားရော တန်ခိုးပါ သာလွန်နေတာပါ။
ဒါဟာ တစ်ဦးတည်းသော လူတစ်ယောက်ကြောင့် ဖြစ်ပါတယ်။
သူကတော့ ခရူဂါ ပါပဲ။
သူကတော့ အဖွဲ့အစည်းရဲ့ ကောင်းကင်ဘုံစစ်သည်တော် ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဒါဟာ သူက ကျင့်စဉ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိထားလို့ ပုဆိန်လမ်းစဉ်မှာ သူ့ကို ယှဉ်နိုင်မယ့်သူ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ သူ့ရဲ့ ရှိနေရုံမျှနဲ့တင် ပုဆိန်ကို လေ့ကျင့်တဲ့ တခြားစစ်သည်တော်တွေနဲ့ စစ်သည်တော်အဆင့်လောင်းတွေကို အရင်ကထက် အများကြီး ပိုပြီး တော်လာစေပါတယ်။ သူ့ရဲ့ တည်ရှိမှုသက်သက်ကတင် ပုဆိန်ရဲ့ အနှစ်သာရတွေကို စိမ့်ထွက်နေစေတာပါ။
ပြီးတော့ သူက ကောင်းကင်ဘုံစစ်သည်တော်တစ်ယောက် ဖြစ်တာမို့ စစ်သည်တော်များရုံးတော်ရဲ့ အတွင်းဘက်စက်ဝိုင်းကို သူ့အပြင် သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တပည့်တွေအတွက်ပဲ သီးသန့် ဖယ်န်ထားတာ ဖြစ်တယ်။
သံမဏိချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ စစ်သည်တော်တစ်ယောက်ဟာ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး ပုဆိန်ဆရာသခင်ရဲ့ တံခါးကို ခေါက်လိုက်တယ်။
"ဆရာ ခရူဂါ...ကျွန်တော့်မှာ ဆရာ့ကို အစီရင်ခံစရာ ရှိလို့ပါဗျာ"
"ဝင်ခဲ့" ခရူဂါက ပြန်ဖြေလိုက်တယ်။
စစ်သည်တော်က တံခါးကိုဖွင့်ပြီး ကောင်းကင်ဘုံစစ်သည်တော်ရဲ့ နေအိမ်ထဲ ဝင်လာခဲ့တယ်။ အဲဒီမှာ၊ အခန်းထောင့်တစ်နေရာမှာ သူ့ကို မြင်လိုက်ရတာပါ။
အောက်မေးရိုးကနေ အစွယ်တွေ ထွက်နေပြီး သူ့ရဲ့ ကိုယ်ပိုင်မျက်နှာဖုံးလိုမျိုး အပြင်ဘက်ကို ကွေးထွက်နေတဲ့ အော့ခ်တစ်ကောင်ပေါ့။ သူ့ရဲ့ အစိမ်းရောင် အရေပြားပေါ်မှာတော့ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ဘွဲ့ထူးကို ဘယ်လိုရယူခဲ့လဲဆိုတဲ့ သမိုင်းကြောင်းကို ပြသနေတဲ့ တိုက်ပွဲဒဏ်ရာ အမာရွတ်တွေ အပြည့်ရှိနေတယ်။
"ဘာကိစ္စလဲ" ခရူဂါက ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း ရင်ဘတ်ပေါ် လက်ပိုက်ပြီး မေးလိုက်တယ်။
"အဲဒီ မော်တော်ယာဉ်တွေအကြောင်းပါ သခင်ကြီး။ အဲဒါတွေကို ဘာနာဘီဘဏ္ဍာတိုက်ရဲ့ လေလံပွဲမှာ ရောင်းချတော့မယ်ဆိုတာ ကျွန်တော်တို့ စုံစမ်းသိရှိရပါတယ်"
ခရူဂါက စစ်ဆေးရေးရုံးတော်ဘက်ကို မျက်နှာမူထားတဲ့ ပြတင်းပေါက်ဆီကို တွေးတွေးဆဆ စိုက်ကြည့်နေမိတယ်။ သူ့စိတ်ထဲမှာတော့ အနာဂတ်အတွက် အတွေးတွေ လည်ပတ်နေတာပါ။ ကောင်းကင်ဘုံစစ်သည်တော်တစ်ယောက် ဖြစ်လာတယ်ဆိုတာ ကြွက်သားပဲရှိတဲ့ လူတွေအတွက် ထိုက်တန်တဲ့ ဘွဲ့ထူးတစ်ခု မဟုတ်ပါဘူး။ အဲဒီလို ဖြစ်လာဖို့ ဦးနှောက်လည်း ရှိရမှာပဲလေ။
အဲဒီယာဉ်တွေရဲ့ တန်ဖိုးက မက်ထရိုပိုလစ် တစ်ခုလုံးကို ပြင်းထန်တဲ့ လေလံပွဲစစ်ပွဲကြီးထဲ ဆွဲသွင်းလိမ့်မယ်လို့ သူက မှန်ကန်စွာ တွေးဆမိထားတယ်။
သူဟာ စစ်သည်တော်များရုံးတော်ရဲ့ လက်ရှိအခြေအနေကို စတင်စဉ်းစားပြီး သူတို့အနေနဲ့ လေလံပွဲရဲ့ နောက်ဆုံးအနိုင်ရသူ ဖြစ်လာဖို့ လုံလောက်တဲ့ အရည်အချင်း ရှိ၊ မရှိ ခန့်မှန်းကြည့်လိုက်တယ်။
"လက်ဂါစီ့စ်တွေ အစွမ်းကုန် ကြိုးစားကြလိမ့်မယ်။ သူတို့က တခြား အဓိကအဖွဲ့အစည်းတွေအားလုံးထဲမှာ အကျိုးအမြတ်အများဆုံး ရနိုင်ခြေရှိတာပဲ" ခရူဂါက သူ့ဘာသာ ရေရွတ်လိုက်တယ်။ "မြို့စားကတော်က လေလံပွဲထဲတင်မကဘဲ အပြင်ဘက်မှာပါ ကြောက်စရာကောင်းတဲ့ ရန်သူဖြစ်လာလိမ့်မယ်။ မှော်မျှော်စင်ကတော့ မှော်ပညာရှင်အစည်းအရုံးဆီကနေ အကူအညီတောင်းရလိမ့်မယ်"
သူက မျှော်စင်သခင်ရဲ့ အကွက်တွေကို အလွယ်တကူ ခန့်မှန်းမိတာပါ။ ဘာပဲဖြစ်ဖြစ် အဖွဲ့အစည်းနဲ့ မှော်ပညာရှင်အစည်းအရုံးကြားမှာ အမြဲတမ်း ခင်မင်ရင်းနှီးတဲ့ ပြိုင်ဆိုင်မှုတစ်ခု ရှိနေခဲ့တာလေ။ အကယ်၍ သူသာ အစွမ်းကုန် ကြိုးစားဖို့ တွေးနေရင် မျှော်စင်သခင်လည်း အဲဒီလိုပဲ တွေးနေမှာ အသေအချာပဲ။
အခု သူက ကောင်းကင်ဘုံစစ်သည်တော်တစ်ယောက် ဖြစ်ပေမဲ့ ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်လာရင် သူ့အတွက် တားမြစ်ချက်တချို့ ရှိနေပါတယ်။
သူက လေလံပွဲမှာ ပါဝင်ဆင်နွှဲဖို့အတွက် အင်အား အရမ်းကြီးလွန်းပါတယ်။ ဒါက မတရားသလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့လည်း ကုန်တင်ကားတွေရဲ့ အရေးပါမှုက သူ ဘာမှမလုပ်ဘဲ ဒီအတိုင်း နေနေဖို့အတွက် အလွန်ကြီးမားလွန်းနေပြန်တယ်။
သူ လှုပ်ရှားရတော့မယ်ဆိုတာ သူသိတယ်။ သူကိုယ်တိုင် မဟုတ်ရင်တောင် သူကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ တစ်ယောက်ယောက်ပေါ့။
"ဆရာ ခရူဂါ...ဆရာ့ရဲ့ တပည့်တွေက လေလံပွဲအတွက် သူတို့ထဲက ဘယ်သူ့ကို စေလွှတ်မလဲဆိုတာ မေးနေကြပါတယ်ဗျာ" စစ်သည်တော်က မေးလိုက်တယ်။
ခရူဂါက သူ့မေးစေ့ကို ကုတ်လိုက်ရင်း "ပေါ့တ်ဘိုးလ်ကို သူ့ပုဆိန်ကို သွေးထားဖို့ ပြောလိုက်။ ဒါက သူ့အတွက် ဓားနှလုံးသားကို ပိုပြီး အားကောင်းအောင် လုပ်ဖို့ အခွင့်အရေးကောင်းပဲ"
ခရူဂါရဲ့ အမြင်မှာတော့ ပေါ့တ်ဘိုးလ်ဟာ ဒီအလုပ်အတွက် စေလွှတ်ဖို့ အကောင်းဆုံးလူ ဖြစ်ပါတယ်။ သူဟာ သူသင်ကြားပေးနေတဲ့ တပည့်တွေထဲမှာ ပါရမီအရှိဆုံး မဟုတ်ရင်တောင် အရှိဆုံးထဲက တစ်ယောက် ဖြစ်နေလို့ပဲ။ ကောင်လေးက ငယ်ရွယ်နိုင်သေးပေမဲ့ သူ့ထက် အသက်အများကြီးကြီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အလွယ်တကူ လိုက်မှီနိုင်ခဲ့တယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ ပေါ့တ်ဘိုးလ်ဟာ သူ့ကလွဲရင် မက်ထရိုပိုလစ် တစ်ခုလုံးမှာ အစွမ်းအထက်ဆုံး စစ်သည်တော် ဖြစ်လာလိမ့်မယ်ဆိုတာ ခရူဂါ မြင်နေရတယ်။
သူက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ ကြိုးစားနေတာပါ။ သူဟာ အဲဒီကုန်တင်ကားတွေကို ရဖို့ ပိုကောင်းတဲ့ အခွင့်အရေး ရှိလာမှာ ဖြစ်သလို သူ့တပည့်ကလည်း သူ့ရဲ့ ဓားနှလုံးသားကို သန်မာအောင် လုပ်နိုင်ပြီး ပုံမှန်ထက် အများကြီး ပိုမြန်မြန် တိုးတက်လာနိုင်လိမ့်မယ်။
ဒီလေလံပွဲဟာ ပါရမီရှင်တွေနဲ့ ထူးချွန်သူတွေ အတူတူ ဆုံတွေ့မယ့်နေရာ ဖြစ်လာပါလိမ့်မယ်။ ဘာတွေဖြစ်လာမလဲဆိုတာကို သူ မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေမိတယ်။
* * * * * * * *
ကုန်တင်ကားတွေရဲ့ မမျှော်လင့်ဘဲ ပေါ်ထွက်လာမှုကြောင့် မက်ထရိုပိုလစ်ရဲ့ အစွမ်းအထက်ဆုံးလူ သုံးယောက်ဟာ သူတို့ရဲ့ အစီအစဉ်တွေကို ဆွေးနွေးဖို့ တစ်နေရာတည်းမှာ စုံစည်းခဲ့ကြတယ်။
သူတို့အားလုံး စက်ဝိုင်းပုံ စားပွဲတစ်ခုမှာ စုံရုံးထိုင်နေကြတာပါ။
ထိပ်ဆုံးမှာတော့ အဲလ်ရစ် ဂိုးလ်မန်း ရှိနေတယ်။ ပခုံးအထိ ရှိနေတဲ့ သူ့ရဲ့ လှိုင်းတွန့်ဆံပင်တွေကို အခုတော့ ထုံးထားလိုက်ပြီ။ ဒါကြောင့်မို့လို့ သူ့ရဲ့ ရွှေနားကပ်တွေဟာ သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဘော်ဘီနဲ့ အဲရစ်တို့ဆီ ထင်းထင်းကြီး မြင်နေရတာပါ။
"ဝိုး...ဒီအစည်းအဝေးအတွက် ရှင် အဆင်သင့် မဖြစ်သေးတာ ကျွန်မ မြင်နေရတယ်နော်" အဲရစ်က စနောက်လိုက်တယ်။
"ဘယ်သူက အဆင်သင့် ဖြစ်နေလို့လဲ" အဲလ်ရစ်က ပြန်ဖြေလိုက်တယ်။
"ဒီမော်တော်ယာဉ်ရဲ့ လေလံပွဲက စစ်ရေးပြအခမ်းအနားအတွက် ကျွန်တော့်ရဲ့ ပြင်ဆင်မှုတွေကို ရပ်တန့်ပစ်ဖို့ လောက်တဲ့အထိ အရေးကြီးနေတာ"
အဲရစ်က ရယ်မောလိုက်ပြီး သူမရဲ့ ပန်းရောင် မြင်းမြီးကျစ်ဆံမြီးက ဘေးဘယ်ညာ လှုပ်ခါသွားတယ်။ "ခစ် ခစ်...ရှင် အလိုရှိရင် အဲဒါကို ကျွန်မ လွှဲပြောင်းယူပေးလို့ ရတယ်နော်"
"ကျွန်တော် အရင်" ဘော်ဘီက လက်ထောင်လိုက်တယ်။
"စနောက်တာတွေ ဖယ်ထားပြီး။ အဲဒီမော်တော်ကားအပေါ် မင်းတို့ရဲ့ သဘောထားက ဘာလဲ" အဲလ်ရစ်က မေးလိုက်တယ်။ "ကျွန်တော်တို့ထဲက အနည်းဆုံး တစ်ယောက်ကတော့ အဲဒါကို ရဖို့ တကယ်ကို အရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်"
"အဲဒါကိုတော့ ငါ မင်းနဲ့ သဘောတူတယ်" ဘော်ဘီက ပြောလိုက်တယ်။
"တစ်ကြိမ်တည်းနဲ့ သံမဏိ ကီလိုဂရမ် တစ်ထောင်ကို သယ်ယူပို့ဆောင်နိုင်တယ်ဆိုတာ ငါ့ရဲ့ လုပ်ငန်းအတွက် သိပ်ကို အရေးကြီးတာ"
"ကျွန်မအတွက်ကတော့ ကျွန်မလုပ်ငန်းက သယ်ယူပို့ဆောင်ရေးနဲ့ မသက်ဆိုင်ပေမဲ့ ဒီလောက်ကြီးမားတဲ့ ကုန်တင်ပမာဏကို ရရှိတာကနေ အကျိုးအမြတ် အများကြီး ရရှိမှာပါ" အဲရစ်က ပြန်ဖြေလိုက်တယ်။
အဲလ်ရစ်က ခေါင်းညိတ်လိုက်ရင်း "ဒါက ကျွန်တော်တို့ သုံးယောက်လုံးအတွက် အရေးကြီးတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ နောက်ထပ် မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့ဖို့ ကျွန်တော် အဆိုပြုတယ်"
"ဟင်...မဟာမိတ်အဖွဲ့ ဟုတ်လား။ အကယ်၍ ငါက မဖွဲ့ချင်ရင်ကော။ ငါ့ဘာသာ တစ်ယောက်တည်း ရအောင်ယူဖို့ လုံလောက်တဲ့ အင်အား ရှိတယ်" ဘော်ဘီက ဒဲ့ပဲ ပြောချပစ်လိုက်တယ်။ သူက ကြွားဝါနေတာ မဟုတ်ဘဲ အမှန်တရားကိုပဲ ပြောနေတာပါ။
"ဟုတ်ပါတယ်၊ ငါတို့ အားလုံးမှာ ကိုယ့်ဘာသာ တိုက်ခိုက်ပြီး ယူနိုင်တဲ့ အရည်အချင်း ရှိကြတယ်။ ဒါပေမဲ့ တခြား အဖွဲ့အစည်း သုံးခုကလည်း ဒီယာဉ်တွေကို ရဖို့ တိုက်ခိုက်နေကြတယ်ဆိုတာ မင်းတို့ကို သတိပေးပါရစေ။
မှော်မျှော်စင်နဲ့ စစ်သည်တော်များရုံးတော် နှစ်ခုလုံးက သူတို့ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းကြောင့် ပိုပြီး နက်ရှိုင်းတဲ့ တန်ခိုးမြစ်ဖျားခံရာ ရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြတယ်။ ပြီးတော့ မြို့စားကတော်က မက်ထရိုပိုလစ်မှာပဲ တန်ခိုးရှိတာ ဆိုပေမဲ့ ပေါ့ဆလို့ရမယ့်သူ မဟုတ်ဘူး။
အဲဒီယာဉ်တွေကို ရဖို့အတွက် သူတို့အားလုံးက ရှိသမျှအကွက်တွေ အကုန်ထုတ်သုံးကြလိမ့်မယ်ဆိုတာ အသေအချာပဲ။
အကယ်၍ ကျွန်တော်တို့က တစ်ယောက်ချင်းစီ တိုက်ခိုက်ရင် ကျွန်တော်တို့ရဲ့ အခွင့်အရေးက ၁၆.၆၇ ရာခိုင်နှုန်းပဲ ရှိလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ အုပ်စုဖွဲ့လိုက်ရင်တော့ ကျွန်တော်တို့ရဲ့ အနိုင်ရနိုင်ခြေက ၅၀ ရာခိုင်နှုန်းအထိ တက်သွားလိမ့်မယ်။
မြို့စားကတော်၊ မှော်မျှော်စင်နဲ့ စစ်သည်တော်များရုံးတော်တို့က အခြေခိုင်ပြီးသားတွေ။ သူတို့က ဒီယာဉ်တွေကို မလိုအပ်ဘူး။ ကျွန်တော်တို့ပဲ လိုအပ်တာ။
အဲဒီစက်ပစ္စည်းတွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ ရွှေလမ်းမကြီးတွေ ဘယ်လောက်တောင် ပိုကောင်းလာမလဲဆိုတာ မြင်ယောင်ကြည့်လိုက်စမ်းပါ"
* * * * * * * *
စာစဉ်(၄၃)