← Chapters

အခန်း ၅၀၇

Vol. 43 Ch. 507

အခန်း ၅၀၇

Vol. 43 Ch. 507

အခန်း(၅၀၇)

မိုက်ကယ်ဟာ သူတို့ရဲ့ ဆိုဒါလုပ်ငန်းအကြောင်း ပိုပြီးဆွေးနွေးဖို့အတွက် သူ့ဦးလေး မက်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူက ပိုက်ဆံချွေတာတဲ့အနေနဲ့ သူတို့ရဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို မက်ထရိုပိုလစ်မှာပဲ ရှာဖွေစုဆောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အခု ပြဿနာက အဲဒီပစ္စည်းတွေကို ဘယ်သူ့ဆီကနေ ရအောင်ယူမလဲဆိုတာပါပဲ။

သူ့ဦးလေး မက်စ်က မက်ထရိုပိုလစ်မှာ နေလာတာ ကြာပြီဖြစ်တဲ့အတွက် ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အဆက်အသွယ်တွေနဲ့ ရင်းမြစ်တွေ အများကြီးရှိလိမ့်မယ်လို့ မိုက်ကယ်က တွေးမိတယ်။

"မင်းလိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်မယ့် ကုမ္ပဏီတွေ အများကြီး ငါသိပါတယ်။ မင်းက ဘယ်လိုမျိုး လိုချင်တာလဲ"

ဆိုဒါလုပ်ဖို့အတွက် မိုက်ကယ်ဟာ အမြှုပ်တစီစီထွက်အောင် ကာဗွန်နိတ်ရေ၊ အချိုဓာတ်အတွက် သကြား၊ ခပ်ရှိန်ရှိန်လေးဖြစ်သွားအောင် ကဖင်း၊ ခါးသက်သက်အရသာလေးနဲ့ အရသာကို မျှတသွားစေဖို့ ဖော့စဖိုရစ်အက်ဆစ်၊ ပြီးတော့ ကိုလာရဲ့ အမှတ်သညာအရသာကို ရရှိဖို့အတွက် တခြား သဘာဝအနံ့အရသာတွေ လိုအပ်ပါတယ်။

ဖန်ပုလင်းတွေအတွက်တော့ မိုက်ကယ်က သံသတ္တုအဖုံးလုပ်ဖို့ ဖန်နဲ့ သတ္တုပဲ လိုတာပါ။

ဒါပေမဲ့ ဒီပါဝင်ပစ္စည်းအချို့ဟာ ဒီကမ္ဘာနဲ့ မက်ထရိုပိုလစ်တစ်ခုလုံးမှာ လူသိပ်မသိကြသေးတာကို သူ ကောင်းကောင်းသိပါတယ်။ ဒါကြောင့်မလို့ပဲ သူက အဲဒီပါဝင်ပစ္စည်းတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ အခြေခံအစိတ်အပိုင်းတွေကို နိုဗာဆီကနေ တောင်းဆိုထားခဲ့တာပါ။

"ကျွန်တော် ပထမဆုံးနဲ့ အဓိကအနေနဲ့ သကြား လိုအပ်တယ်"

မက်စ်က အဲဒီစကားကို ကြားကြားချင်းပဲ မျက်နှာကြီး ဝင်းပသွားတော့တယ်။

"သိပ်ကောင်းတယ်။ သကြားနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးရောင်းတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ကို ငါသိတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဗန်ဒါဘစ်လုပ်ငန်း အထွတ်အထိပ်ရောက်နေတဲ့အချိန်တုန်းက ငါ သူတို့နဲ့ စီးပွားဖက်လုပ်ခဲ့ဖူးတာ။ လာ၊ ငါ မင်းကို အဲဒီကို ခေါ်သွားမယ်"

မက်စ်နဲ့ မိုက်ကယ်ဟာ မက်ထရိုပိုလစ်ရဲ့ လမ်းမတွေထက် ဖြတ်သန်းသွားလာခဲ့ကြပြီး နောက်ဆုံးမှာတော့ လုံးဝကွဲပြားခြားနားတဲ့ နယ်မြေတစ်ခုဆီကို ရောက်ရှိသွားခဲ့ပါတယ်။

အဆောက်အအုံအများစုရဲ့ ဗိသုကာလက်ရာတွေက ကျေးလက်တောရွာက စပါးကျီတွေနဲ့ ဆင်တူနေတာကို မိုက်ကယ် သတိထားမိတယ်။ ဂျုံနဲ့ ဟင်းခတ်အမွှေးအကြိုင်နံ့တွေက အရမ်းကို စူးရှနေတာပဲ။ ဆေးဘက်ဝင်အပင်တွေနဲ့ တခြား သဘာဝပါဝင်ပစ္စည်းတွေကို သိုလှောင်ဖို့ သီးသန့်ဆောက်ထားတဲ့ အဆောက်အအုံတွေ အများကြီးရှိနေလို့ ဖြစ်လိမ့်မယ်။

"ဒီကမ္ဘာ့ကုမ္ပဏီကို စပိုက်စ်ဗိုက်စ်လို့ ခေါ်တယ်။ အဲဒီပိုင်ရှင်နဲ့ ငါနဲ့က ရင်းနှီးလာတာ ကြာပြီ။ သူ့အကြောင်း ငါသိတာပေါ့၊ သူက ငါတို့ကို သကြားအတွက် လျှော့ဈေးတောင် ပေးဦးမှာ" လို့ မက်စ်က မိုက်ကယ်ကို ဟင်းခတ်အမွှေးအကြိုင်တွေ ပုံလိုက်နေတဲ့ ဆိုင်ခန်းတွေအကြားက ကျဉ်းမြောင်းတဲ့ လမ်းကြားလေးတစ်ခုထဲ ခေါ်သွားရင်း ပြောလိုက်တယ်။

လမ်းက ကျဉ်းကျဉ်းလေးဆိုပေမဲ့ ဆိုင်ခန်းတွေမှာ လူတွေက တိုးဝှေ့စည်ကားနေတာပဲ။ သူတို့က ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ ဈေးနှုန်းကို ရောင်းသူတွေနဲ့ ဈေးဆစ်နေကြပြီး ဈေးမလျှော့ပေးရင် တခြားနေရာကို သွားတော့မယ်ဆိုပြီး ခြိမ်းခြောက်နေကြတယ်။

'ဒီနေရာက အရှေ့အလယ်ပိုင်းဒေသလို ခံစားချက်မျိုး ပေးတယ်' လို့ မိုက်ကယ်က သူ့ဘာသာ တွေးလိုက်မိတယ်။ ဒီကလူအများစုက အသားညိုညိုတွေဖြစ်နေတာက ပိုပြီးတော့တောင် ရင်းနှီးကျွမ်းဝင်သလို ခံစားရစေတယ်။

"သူတို့က ဒီနယ်မြေတစ်ခုလုံးကို နီးပါး ထိန်းချုပ်ထားတာ" လို့ မက်စ်က သူ့သူငယ်ချင်းအတွက် ဂုဏ်ယူနေတဲ့ပုံစံနဲ့ ကြွားဝါတဲ့လေသံလေးနဲ့ ပြောတယ်။ "မင်းလည်း သူတို့ကို သိမှာပါ။ သူတို့က အပ်ပါးဝုဒ်နယ်မြေမှာ အခွဲတစ်ခု ရှိသေးတယ်"

စပိုက်စ်ဗိုက်စ်ဟာ ပွဲတော်အတွင်းမှာ အကြီးမားဆုံး ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ခဲ့တာကို မိုက်ကယ် မှတ်မိသွားပါတယ်။ သူတို့က ကွန့်ချ်ကုမ္ပဏီနဲ့ ပိရမစ်ဒစ် ကျူဇင်းတို့ ပါဝင်တဲ့ စာရင်းထဲက ထိပ်တန်း ၁၀ ခုအထဲမှာ ရှိနေခဲ့တာကို သူ ပြန်သတိရလိုက်တယ်။

"ဒီဘက်မှာ" လို့ မက်စ်က ပြောလိုက်ပြီး နောက်ဆုံးမှာတော့ သူတို့ဟာ ဟင်းခတ်အမွှေးအကြိုင်တွေ တင်ဆောင်ထားတဲ့ ခြင်းတောင်းတွေကို သယ်ဆောင်လာတဲ့ ကုလားအုတ်လို သတ္တဝါတွေ လမ်းဖြတ်ကူးနိုင်လောက်အောင် ကျယ်ဝန်းပြီး စည်ကားနေတဲ့ ဟင်းခတ်အမွှေးအကြိုင်ဆိုင်တွေရှိရာ ကွင်းပြင်ကျယ်တစ်ခုထဲကို ဝင်ရောက်လာခဲ့ကြတယ်။

မက်စ်က သူ့ကို ထုံးကျောက်တွေနဲ့ ပြုလုပ်ထားပြီး တခြားနယ်မြေတွေနဲ့ အုတ်တံတိုင်းခြားထားတဲ့ ဧရာမ နန်းတော်ကြီးတစ်ခုဆီ ခေါ်သွားခဲ့တယ်။

သူတို့ဟာ မုခ်ဦးဝမှာ စပိုက်စ်ဗိုက်စ် ဆိုတဲ့ နာမည်ကို ထုဆစ်ထားတဲ့ တံခါးဝဆီကို ချဉ်းကပ်သွားခဲ့ကြတယ်။

ဒီနေရာကို လာလည်ကြတာ သူတို့တစ်ယောက်တည်း မဟုတ်ပုံပဲ။ အစောင့်တွေကို တံခါးဖွင့်ပေးဖို့နဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို နားထောင်ပေးဖို့ အော်ဟစ်တောင်းဆိုနေကြတဲ့ လူတွေ အများကြီးရှိနေလို့ပါ။

"ကျွန်တော်တို့ တန်းစီစောင့်ရမယ့်ပုံပဲ" မိုက်ကယ်က တိုးတိုးရေရွတ်လိုက်တယ်။

"ဖျတ်" မက်စ်က နှာခေါင်းရှုံ့လိုက်ရင်း "ဒါလေးကိုပဲ စောင့်ကြည့်နေလိုက်" လို့ ဆိုတယ်။

မက်စ်က သူ့လက်ညှိုးလက်ခလယ်နှစ်ချောင်းကို ပါးစပ်ထဲထည့်ပြီး လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်လောက်မယ့် စည်းချက်ကျကျ စူးရှတဲ့ လေချွန်သံတစ်ချက် မှုတ်ထုတ်လိုက်တယ်။

တံတိုင်းအပေါ်က ချောင်ချောင်ချိချိ ဝတ်ဆင်ထားတဲ့ အဖြူရောင် ဝတ်စုံနဲ့ အစောင့်က မျက်မှောင်ကုတ်ရင်း သူတို့ရှိရာဘက်ကို ငုံ့ကြည့်လာတယ်။

မက်စ်က ရယ်မောရင်း လက်လှမ်းပြလိုက်တယ်။

အစောင့်တွေက သူ့ကို မြင်လိုက်ရတာနဲ့ ပြုံးရွှင်သွားကြပြီး လူချင်းကွဲနေတဲ့ သူငယ်ချင်းဟောင်းကြီးတွေလိုမျိုး သူ့ကို လက်ညှိုးထိုးပြကြတော့တယ်။

အစောင့်တွေ ချဉ်းကပ်လာတဲ့အခါ လူအုပ်ကြီးက သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြတယ်။

"အစ်ကိုကြီး မက်စ်။ အစ်ကို လာမလည်တာ ကြာပြီပဲ။ ကျွန်တော့်ကို စိတ်မကောင်းအောင် လုပ်ရက်တယ်ဗျာ" လို့ အစောင့်က ပြောရင်း မက်စ်ကို တင်းတင်းကျပ်ကျပ် ဖက်လဲတကဲ နှုတ်ဆက်ရှာတယ်။

"ဟာဟားဟား" မက်စ်က ဘာမှပြန်မပြောဘဲ ရယ်မောလိုက်တယ်။ သူက ပိုက်ဆံမရှိလို့ မလာနိုင်တာကိုတော့ မပြောချင်ဘူးလေ။ "ဗစ်ရှ်နာ ရှိလား။ ငါ သူနဲ့ စကားပြောချင်လို့"

အစောင့်က ခေါင်းငြိမ့်ပြတယ်။ "ရှိတယ်ဗျ။ သူ အခု တစ်ချို့ကိစ္စတွေကို ဖြေရှင်းနေရလို့ နည်းနည်းအလုပ်ရှုပ်နေတယ်၊ ဒါပေမဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ စကားပြောဖို့ဆိုရင်တော့ သူ လိုလိုလားလား ရှိမှာ သေချာပါတယ်။ လာပါ"

ထုံးကျောက်တွေနဲ့ ဆောက်လုပ်ထားတဲ့ ဧရာမ နန်းတော်ကြီးထဲကို အစောင့်က ဝင်ခွင့်ပြုလိုက်တဲ့အခါ မိုက်ကယ်က မက်စ်နဲ့ အစောင့်ရဲ့နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့တယ်။

သူတို့ အတွင်းထဲကို လှည့်လည်သွားလာနေရင်း မက်စ်က သူ့သူငယ်ချင်းဟောင်းတွေနဲ့ ဆက်လက်ဆုံတွေ့နေပြီး မိုက်ကယ်ကိုလည်း မိတ်ဆက်ပေးခဲ့တယ်။ သူတို့က မိုက်ကယ်ဟာ မက်စ်ရဲ့ တူဖြစ်မှန်း သိသွားကြတဲ့အခါ မက်စ်ကို ဆက်ဆံသလိုမျိုးပဲ နွေးနွေးထွေးထွေးနဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြတယ်။

နောက်ဆုံးမှာတော့ သူတို့ဟာ ဘေးတစ်ဖက်တစ်ချက်စီမှာ ဒိုင်းနဲ့ လှံတွေကို ကိုင်ဆောင်ထားပြီး ချောင်ချောင်ချိချိ အဖြူရောင်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လူတွေ စောင့်ကြပ်နေတဲ့ အဓိကအခန်းဆီကို ရောက်ရှိသွားခဲ့ပါတယ်။

သူတို့ရဲ့ လမ်းပြက တံခါးကို မဖွင့်ခင် ခေါက်လိုက်တယ်။

"ဆရာ ဗစ်ရှ်နာ၊ မက်စ် ဗန်ဒါဘစ် ရောက်နေပါတယ်"

မိုက်ကယ်က အရှေ့ကို ကြည့်လိုက်တဲ့အခါ သံလွင်ရောင် အသားအရေနဲ့ ထူထဲတဲ့ မုတ်ဆိတ်မွှေးအမည်းရောင် ရှိတဲ့ အသက်လတ်ပိုင်း လူတစ်ယောက်ကို တွေ့လိုက်ရတယ်။

"မက်စ်။ မင်း သေသွားပြီလို့ ငါ ထင်နေတာ၊ ဒီကောင်စုတ်ကြီး"

သူ့ရဲ့ ကြမ်းတမ်းတဲ့ စကားလုံးတွေရှိပေမဲ့ ဗစ်ရှ်နာက သူ့လက်တွေကို အကျယ်ကြီး ဆန့်တန်းပြီး မက်စ်ကို ညီအစ်ကိုတစ်ယောက်လို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။

"အံ့ဩစရာ ကံကောင်းမှုတစ်ခုကြောင့် ငါ ဒီမှာ ရှိနေသေးတာပါ" မက်စ်က ဗစ်ရှ်နာနဲ့ လက်ဆွဲနှုတ်ဆက်ရင်း ပြုံးလျက် ပြောလိုက်တယ်။

"ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ"

မက်စ်က မိုက်ကယ်ကို အနားတိုးလာဖို့ လက်ဟန်ပြလိုက်တယ်။ "ဒါက ငါ့တူ မိုက်ကယ် ဗန်ဒါဘစ်။ မိုက်ကယ်၊ ဒါက ဗစ်ရှ်နာ။ ငါ လိမ်လည်ခံရပြီးခါစတုန်းက ငါ့လုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်အောင် ကူညီပေးခဲ့တဲ့လူက သူပဲ"

ချက်ချင်းဆိုသလိုပဲ မိုက်ကယ်ရဲ့ စပိုက်စ်ဗိုက်စ်အပေါ် ထားရှိတဲ့ အမြင်က ကောင်းကင်ယံအထိ မြင့်တက်သွားခဲ့တယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ရဲ့ အဆိုးရွားဆုံး ကျဆင်းနေတဲ့အချိန်တွေမှာ ကူညီပေးဖို့ လိုလိုလားလားရှိတယ်ဆိုရင် အဲဒီလူအကြောင်း အများကြီး ပြောပြနေစရာ မလိုတော့ပါဘူး။ ဗစ်ရှ်နာက အဲဒီလိုလူမျိုးရဲ့ ပြယုဂ်တစ်ခု ဖြစ်နေပုံရတယ်။

"မင်းကို ပြန်တွေ့ရတာ တကယ်ဝမ်းသာပါတယ် သူငယ်ချင်း…"

အဲဒီအချိန်မှာပဲ ဖန်ခွက်တွေ ကွဲကြေသွားတဲ့အသံက နန်းတော်တစ်ခုလုံးမှာ ဟိန်းထွက်သွားခဲ့ပြီး အဲဒီနောက်မှာ ဆင်တစ်ကောင် အစွမ်းကုန် အော်ဟစ်လိုက်တဲ့အသံလိုမျိုး ကြားလိုက်ရတယ်။

ဗစ်ရှ်နာက ချက်ချင်းပဲ သူ့ပြတင်းပေါက်တွေကို ဖွင့်ပြီး အောက်က လမ်းမတွေကို ငုံ့ကြည့်လိုက်တယ်။

အဲဒီမှာ လူတိုင်းဟာ တစ်စုံတစ်ခုကြောင့် လန့်ဖျပ်သွားတဲ့ပုံစံမျိုးနဲ့ သူ့ရဲ့ နောက်ခြေထောက်တွေပေါ် မတ်တပ်ရပ်နေတဲ့ အစွယ်အရှည်ကြီးနဲ့ ဆင်တစ်ကောင်ကို မြင်လိုက်ရတယ်။

သူ့ရဲ့ပိုင်ရှင်၊ ကြိုးကိုင်ထားတဲ့လူက သူ့ရဲ့စီးတော်ယာဉ်ကို ငြိမ်သက်သွားအောင် ကြိုးစားနေရှာတယ်။ ဒါပေမဲ့ သူ ဘာပဲလုပ်လုပ် ဆင်ကို ပိုပြီးတော့တောင် ထိတ်လန့်သွားစေပုံရပြီး ဆင်က သူ့ရဲ့ ဧရာမ အစွယ်ကြီးတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်ဆိုင်တွေကို ဖျက်ဆီးရင်း ခေါင်းကို ရမ်းခါပစ်တဲ့အထိ ဖြစ်လာခဲ့တယ်။

ဆင်ရဲ့အနီးအနားက လူတွေက ဒီသားရဲကြီးရဲ့ နင်းခြေခြင်းကို ခံရမှာ ကြောက်လို့ ကူညီကြဖို့ အော်ဟစ်နေကြတယ်။ လူတိုင်းက အဲဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးဖို့ ကြိုးစားနေကြပေမဲ့ ဒါက လူအုပ်ကြီးကြောင့် လမ်းမတွေပေါ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေခဲ့တယ်။

"ဒါက အန္တရာယ်ရှိတယ်" ဗစ်ရှ်နာက တိုးတိုးရေရွတ်လိုက်တယ်။ "အဲဒီ ချိုပါတဲ့ဆင်က ပျက်စီးဆုံးရှုံးမှု အများကြီး ဖြစ်စေနိုင်တဲ့ ကြယ်ခြောက်ပွင့် မိစ္ဆာတစ်ကောင်ပဲ။ သူတို့က ပုံမှန်ဆိုရင် အရမ်းယဉ်ပါးကြပါတယ်၊ ဒါပေမဲ့ တစ်ခါလောက် စိတ်ဆိုးသွားပြီဆိုရင်တော့ တားလို့ မရတော့ဘူး"

မိုက်ကယ်က သူ တစ်ခုခုလုပ်ရမယ်ဆိုတာ သိလိုက်တယ်။ သူ့ရဲ့ ခြေဖဝါးအောက်မှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာတာနဲ့အမျှ သူ့ခြေထောက်တွေက တောက်ပလာခဲ့တယ်။

ဒါပေမဲ့ သူ မလှုပ်ရှားခင်မှာပဲ တခြားတစ်ယောက်က အဲဒီနေရာကို အရင်ရောက်သွားခဲ့ပါတယ်။

သူတို့ဟာ အပေါ်က ခေါင်မိုးတွေပေါ်ကနေ ခုန်ချလာပြီး လေထဲမှာ ဂျွမ်းပြန်ကာ ဆင်ရဲ့ကျောပေါ်ကို အတိအကျ ဆင်းသက်လိုက်တဲ့ လူရိပ်တစ်ခုကို မြင်လိုက်ကြရတယ်။

* * * * * * * *

စာစဉ်(၄၃)

All Chapters