အခန်း ၅၀၈
Vol. 43 Ch. 508
အခန်း(၅၀၈)
ဒီလူ ပေါ်လာတာနဲ့တင် လေထုထဲက မှော်စွမ်းအင်တွေ လှုပ်ခတ်သွားတာကို မိုက်ကယ် ခံစားလိုက်ရတယ်။
လေထုထဲက မှော်စွမ်းအင်တွေက အဲဒီလူ့ကိုယ်ပေါ်မှာ ဘယ်လောက်တောင် အားကောင်းမောင်းသန် ရစ်ပတ်နှောင်ဖွဲ့နေလဲဆိုတာကို ကြည့်ပြီး သူဟာ အနည်းဆုံးတော့ ကြယ်ခြောက်ပွင့် မှော်ဆရာတစ်ယောက် ဖြစ်ရမယ်ဆိုတာ ရိပ်မိသွားတဲ့အခါ မိုက်ကယ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရတော့တယ်။
ကျောပေါ်မှာ တစ်စုံတစ်ယောက် ရှိနေတာကို သိသွားတဲ့ ချိုပါတဲ့ဆင်က ပိုပြီးတော့တောင် သောင်းကျန်းလာပါတော့တယ်။ သူ့ရဲ့ ပြင်းထန်တဲ့ မြေနင်းသံတွေကြောင့် မြေပြင်ကြီးတစ်ခုလုံး တုန်ဟည်းသွားပြီး ဆိုင်ခန်းတွေထဲက ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ သစ်သီးဝလံတွေဟာ လမ်းမပေါ်ဆီ လိမ့်ဆင်းကျကုန်တော့တယ်။
ဒါပေမဲ့လည်း တစ်ကိုယ်လုံး အစိမ်းရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး ခေါင်းတစ်ခုလုံးကိုလည်း အစိမ်းရောင် ပုဝါနဲ့ ရစ်ပတ်ထားတဲ့ အဲဒီလူကတော့ ချိုပါတဲ့ဆင်ကြီးရဲ့ ကျောပေါ်မှာ ဟန်ချက်ကို အပီအပြင် ထိန်းထားနိုင်ဆဲပါပဲ။
ချိုပါတဲ့ဆင်ကြီးရဲ့ ကိုယ်ထည်တစ်ခုလုံးဟာ သူ့ရဲ့ အားအကောင်းဆုံး တိုက်ကွက်တစ်ခုကို သုံးဖို့ ပြင်ဆင်နေတဲ့အလား အနီရောင်အလင်းတန်းတွေ ဖျန်းခနဲ တောက်ပလာတယ်။
သူက ဟိန်းဟောက်လိုက်တာကြောင့် သာမန်လူတွေဆို နားစည်ကွဲလုမတတ် ပြင်းထန်တဲ့ တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ စွမ်းအင်တွေကို အပြည့်အဝ မထုတ်လွှတ်နိုင်ခင်မှာတင် ဝတ်ရုံခြုံထားတဲ့ အဲဒီလူက ချိုပါတဲ့ဆင်ကြီးရဲ့ ခေါင်းပေါ်ဆီ ပြေးတက်သွားပြီး နှာမောင်းဆီ လျှောတိုက် ဆင်းသွားကာ ရရှိလာတဲ့ အရှိန်ကို သုံးပြီးတော့ မြေပြင်ပေါ်ဆီ အားပြင်းပြင်းနဲ့ ဆောင့်ချလိုက်တာကြောင့် ချိုပါတဲ့ဆင်ကြီးရဲ့ တိုက်ကွက် ပျက်စီးသွားရတယ်။
"ဝူး"
ချိုပါတဲ့ဆင်ကြီးရဲ့ အစွယ်ဟာ သူ့ရဲ့ ပင်ကိုယ်မှော်စွမ်းအားကြောင့် ပန်းပဲဆရာတစ်ယောက်ရဲ့ ဓားထက်မညံ့အောင် ပိုပြီးတော့ ချွန်ထက်တောက်ပလာခဲ့တယ်။ ကြယ်ခြောက်ပွင့် အဆင့်ရှိတဲ့ ခွန်အားမျိုး မရှိတဲ့ ဘယ်သူမဆို ဒီအစွယ်တွေနဲ့ တစ်ချက်လေး ထိမိရုံနဲ့တင် အပိုင်းပိုင်း အပြတ်ပြတ် ပြတ်သွားနိုင်လောက်တဲ့ အခြေအနေမျိုးပါ။
ဝတ်ရုံခြုံထားတဲ့ အဲဒီလူကတော့ လေထဲကို ခုန်တက်ပြီး နှာမောင်းရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တယ်။ ဒါပေမဲ့ မိစ္ဆာတွေထက် သာလွန်တဲ့ ဉာဏ်ရည်ရှိကြောင်း ပြသတဲ့အနေနဲ့ ချိုပါတဲ့ဆင်ကြီးက လေထဲက ဝတ်ရုံနဲ့လူကို အမိအရ ထိုးစိုက်ဖို့ သူ့ခေါင်းကို အကွက်ကျကျ လှည့်လိုက်ပြန်တယ်။
ဒီမှာတင် အဲဒီလူက သူ့ကျောပြင်ကနေ ကွေးညွတ်နေတဲ့ ဓားမြှောင်နှစ်စင်းကို ထုတ်ယူပြီး ချိုပါတဲ့ဆင်ကြီးရဲ့ အစွယ်ကို ခုခံလိုက်ပါတော့တယ်။ သူ့ရဲ့ လက်ကောက်ဝတ်တွေဆီမှာ မှော်ကွင်းတစ်ခု ပေါ်လာပြီး ဒီချိုပါတဲ့ဆင်ကြီးရဲ့ ခွန်အားမျိုးကို ယှဉ်နိုင်လောက်တဲ့ အင်အားနဲ့ တန်ခိုးတွေကို ပံ့ပိုးပေးလိုက်တာပါ။
ဒါကို မခံချင်တဲ့ ချိုပါတဲ့ဆင်ကြီးက သူ့ရဲ့ နှာမောင်းကို မြှောက်ပြီး ရှေ့မှာ ရှိသမျှ အရာအားလုံးကို ဝါးမြိုမတတ် စုပ်ယူပါတော့တယ်။ အရှိန်အဟုန်ပြင်းတဲ့ ဖုန်စုပ်စက်ကြီးအတိုင်း နှာမောင်း ဦးတည်ရာမှာ ရှိသမျှ အရာရာကို စုပ်ယူနေတာ ဖြစ်ပါတယ်။
ဒီလို စုပ်ယူမှုကြောင့် ဝတ်ရုံခြုံထားတဲ့လူဟာ သံလိုက်တစ်ခုလို ချိုပါတဲ့ဆင်ကြီးဆီကို အရှိန်အဟုန်နဲ့ လွင့်စင်ကျသွားရတယ်။
ချိုပါတဲ့ဆင်ကြီးက ဝတ်ရုံနဲ့လူကို ဖမ်းမိသွားပြီး သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဒီလူစိမ်းကို ချေမှုန်းပစ်ဖို့ရာ နှာမောင်းနဲ့ ရစ်ပတ် ညှစ်ခြေပါတော့တယ်။
ဒါကို မြင်လိုက်ရတဲ့ လူအုပ်ကြီးဟာ ထိတ်လန့်တုန်လှုပ်စွာနဲ့ အော်ဟစ်လိုက်ကြတယ်။ ဒီရဲရင့်တဲ့ ဝတ်ရုံနဲ့လူစိမ်းဟာ သောင်းကျန်းနေတဲ့ ချိုပါတဲ့ဆင်ကြီးရန်ကနေ သူတို့ကို ကယ်တင်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူးပေါ့။
"ငါတို့ ဆင်းပြီး ကူညီသင့်လား" လို့ မက်စ်က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ ဒီသတ္တဝါက ကြယ်ခြောက်ပွင့်အဆင့် ချိုပါတဲ့ဆင်ကြီး ဖြစ်နေလို့ပါ။ အခုသာ မကူညီရင် လူပေါင်းရာနဲ့ချီပြီး သေကျေပျက်စီးကုန်နိုင်ပါတယ်။
တိုက်ပွဲကို အသေအချာ စောင့်ကြည့်နေတဲ့ မိုက်ကယ်ကတော့ သာမန်လူတွေ သတိမထားမိတဲ့ အရာတစ်ခုကို သတိပြုမိလိုက်တယ်။
ချိုပါတဲ့ဆင်ကြီးရဲ့ ဖမ်းဆီးခြင်းကို ခံထားရပေမဲ့လည်း အဲဒီ ဝတ်ရုံနဲ့လူဟာ နာကျင် ခံစားရတဲ့ အရိပ်အယောင်မျိုး လုံးဝ မပြတာကို သူ မြင်လိုက်ရတာပါ။ ချိုပါတဲ့ဆင်ကြီးရဲ့ နှာမောင်းနဲ့ ရစ်ပတ်ညှစ်ခြေထားတဲ့ အားကို ခံနိုင်ရည်ရှိစေမယ့် အကာအကွယ်မန္တန်တစ်ခုကို သူတို့ ဖန်တီးထားနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
'ဒါ ထူးဆန်းတယ်။ သူတို့မှာ ဒီလိုမှော်သားရဲမျိုးကို အနိုင်ယူနိုင်တဲ့ တန်ခိုးနဲ့ မှော်စွမ်းအားတွေ အလုံအလောက် ရှိနေသင့်တာ' လို့ မိုက်ကယ်က တွေးတောနေမိတယ်။
ဝတ်ရုံနဲ့လူမှာ ဒီချိုပါတဲ့ဆင်ကြီးကို အခုတင် အနိုင်ယူနိုင်တဲ့ အရည်အချင်း ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ မလုပ်ခဲ့ဘူး။
အတိအကျ ကြည့်လိုက်တဲ့အခါမှာတော့ ချိုပါတဲ့ဆင်ကြီးရဲ့ သွားတွေနားမှာ စိုက်ဝင်နေတဲ့ သတ္တုတံစို့ သေးသေးလေးတစ်ခု ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒါဟာ ဒီချိုပါတဲ့ဆင်ကြီးကို အစပိုင်းမှာ သောင်းကျန်းအောင် လုပ်ခဲ့တဲ့ အဓိက အကြောင်းရင်း ဖြစ်ဖို့ များပါတယ်။
ဝတ်ရုံနဲ့လူက ဘာဖြစ်လို့ ချိုပါတဲ့ဆင်ကြီးကို မတိုက်ခိုက်ရသလဲဆိုတာကို သူ အခုမှ သဘောပေါက်သွားတော့တယ်။ သူတို့က ချိုပါတဲ့ဆင်ကြီးကို ကယ်တင်ဖို့ ကြိုးစားနေတာပါ။
နောက်ဆုံးမှာတော့ ဝတ်ရုံနဲ့လူဟာ စွမ်းအင်တွေကို ဖောက်ခွဲပစ်လိုက်ပြီး ချိုပါတဲ့ဆင်ကြီး ရစ်ပတ်ထားတဲ့ နှာမောင်းကြားထဲကနေ ရုန်းထွက်လိုက်ပါတယ်။
ချိုပါတဲ့ဆင်ကြီးက နောက်ဆုတ်သွားပြီး နာကျင်စွာနဲ့ အော်ဟစ်လိုက်တယ်။ အဲဒီအချိန်မှာတင် ဝတ်ရုံနဲ့လူက ချိုပါတဲ့ဆင်ကြီးရဲ့ ပါးစပ်ဆီကို လျှပ်စီးလို ပြေးဝင်သွားပြီး သူ့ကို နာကျင်စေတဲ့ သတ္တုတံစို့ကို ဆွဲနှုတ်လိုက်ပါတော့တယ်။
သူတို့ အဲဒီလို လုပ်လိုက်တာနဲ့တင် ချိုပါတဲ့ဆင်ကြီးက တစ်ပြိုင်နက်တည်း ငြိမ်ကျသွားပြီး သူ့ရဲ့ မျက်လုံးတွေကလည်း ပုံမှန်အတိုင်း ပြန်လည် ကြည်လင်လာခဲ့တယ်။
ချိုပါတဲ့ဆင်ကြီးကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။
ဗစ်ရှ်နာက ချီးကျူးတဲ့အနေနဲ့ လက်ခုပ်တီးလိုက်တယ်။ "တော်တယ် တော်တယ် သမီးရေ"
နောက်ဆုံးမှာတော့ ဝတ်ရုံနဲ့လူ.
က သူမရဲ့ မျက်နှာကို ဖုံးအုပ်ထားတဲ့ အစိမ်းရောင်ပုဝါကို ဖယ်ရှားလိုက်ပြီး မိုက်ကယ်ထက် အသက် နှစ်နှစ်လောက်ပဲ ကြီးဦးမယ့် မိန်းမပျိုလေးတစ်ယောက် ဖြစ်ကြောင်း ပြသလိုက်တယ်။
သူမမှာ ဗစ်ရှ်နာလိုပဲ အညိုရောင်အသားအရေ ရှိပြီး မျက်လုံးတွေကတော့ မြွေဟောက်တစ်ကောင်လို သေးသွယ်ကျဉ်းမြောင်းပါတယ်။
လမ်းမပေါ်က လူအုပ်ကြီးက သူမရဲ့ မျက်နှာကို မြင်လိုက်ရတာနဲ့တစ်ပြိုင်နက် အားပေးကြွေးကြော်ပြီး သူမရဲ့ နာမည်ကို အော်ဟစ်ကြပါတော့တယ်။
"ရိန်နာပါလား။ သူ ငါတို့ကို ကယ်လိုက်ပြီ"
"သူ ငါတို့ကို ကယ်နိုင်မယ်ဆိုတာ ငါ သိသားပဲ။ ရိုင်းဇင်းဆစ်ဆိုတော့လည်း ထုံးစံအတိုင်းပေါ့"
"မေမေ။ သမီးလည်း သူ့လို ဖြစ်ချင်တယ်"
ဗစ်ရှ်နာက သူ့သမီးကို ဝိုင်းအုံနေတဲ့ လူအုပ်ကြီးကို ငုံ့ကြည့်ရင်း သဘောကျစွာနဲ့ အားရပါးရ ရယ်မောလိုက်တယ်။
"ဟားဟားဟား။ ခါတိုင်းလိုပဲ ကရုဏာကြီးမားလှတဲ့ ငါ့သမီးလေး။ သူ ချိုပါတဲ့ဆင်ကြီးကို မနာကျင်စေချင်တာ မင်း မြင်တယ်မလား။ သူသာ အလိုရှိရင် အဲဒါကို အလွယ်တလေး သတ်ပစ်နိုင်တာပေါ့"
မက်စ်ကတော့ မယုံနိုင်လောက်တဲ့ပုံစံနဲ့ ခေါင်းကို ခါယမ်းလိုက်တယ်။ "အဲဒါ ရိန်နာ ဟုတ်လား။ သူ အခု အများကြီး ကြီးပြင်းလာပြီပဲ"
"မှန်တာပေါ့" လို့ ဗစ်ရှ်နာက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလိုက်တယ်။ "ငါ့သမီးလေးက ငါ့ထက်တောင် ပိုပြီး တော်လာခဲ့ပြီ။ သူက ရိုင်းဇင်းဆစ်ထဲက တစ်ယောက် ဖြစ်နေပြီဆိုတာ မင်း သိလား"
ဒီတစ်ကြိမ်မှာတော့ မက်စ်တစ်ယောက် အံ့ဩလွန်းလို့ အော်ပင် အော်မိလိုက်တယ်။ "မဖြစ်နိုင်တာ။ ရိုင်းဇင်းဆစ် ဟုတ်လား။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အဲဒီလို အဆင့်အတန်းမျိုးကို သူ ရောက်နေပြီပေါ့လေ"
ဘာမှမသိသေးတဲ့ မိုက်ကယ်ကတော့ ဒီ 'ရိုင်းဇင်းဆစ်' ဆိုတာက ဘာလဲဆိုတာကို သိချင်စိတ်နဲ့ မက်စ်ကို မေးမြန်းလိုက်တယ်။ "အဲဒါက ဘာလဲဟင်"
"ရိုင်းဇင်းဆစ် ဆိုတာက မက်ထရိုပိုလစ်မှာ ရှိတဲ့ အဓိက အစုအဖွဲ့ကြီးတွေရဲ့ အစိတ်အပိုင်း ဖြစ်လာနိုင်တဲ့ အလားအလာနဲ့ အရှိန်အဟုန် ရှိတဲ့ လူငယ်ပါရမီရှင်တွေအတွက် ထွန်းသစ်စ ခြောက်ဦးလို့ သီးသန့် ပေးထားတဲ့ ဘွဲ့ထူးတစ်ခုပဲ"
ဒါက မိုက်ကယ်အတွက်တော့ ရှင်းလင်းမသွားပါဘူး။ မက်ထရိုပိုလစ်မှာ အဓိက အစုအဖွဲ့ကြီးတွေ ရှိနေတယ်ဆိုတာကိုတောင် သူက မသိသေးတာကိုး။
ကံကောင်းထောက်မစွာနဲ့ မက်စ်က မိုက်ကယ်ရဲ့ ဝေခွဲမရဖြစ်နေတဲ့ ပုံစံကို မြင်ပြီး ရှင်းပြပေးခဲ့ပါတယ်။
"အဓိက အစုအဖွဲ့ကြီး ခြောက်ခု ရှိတယ်။ အဲလ်ရစ် ဦးဆောင်တဲ့ ဂီလ်ဒါရန် ကုမ္ပဏီရယ်၊ ဘော်ဘီ ပိုင်ဆိုင်တဲ့ ကွန့်ချ် ကုမ္ပဏီရယ်၊ ပြီးတော့ အဲရစ် စီမံခန့်ခွဲတဲ့ ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစု ရဲ့ အခွဲရယ်ပေါ့။ အဲဒီ အမွေခံသုံးယောက်ရဲ့လုပ်ငန်းသုံးခုစလုံးကို လက်ဂါစီ့စ် လို့ ခေါ်ပြီး အဓိက အစုအဖွဲ့ကြီးတွေရဲ့ ပထမဆုံး အစိတ်အပိုင်း ဖြစ်တယ်။
အဓိက အစုအဖွဲ့ကြီးတွေရဲ့ ဒုတိယ အစိတ်အပိုင်းက မှော်ပညာရှင်အစည်းအရုံး၊ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ နဲ့ မြို့စားကတော်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့လို အဖွဲ့အစည်းတွေ ပါဝင်နေကြတာ။
ဒီ ခြောက်ခုလုံးက အဓိက အစုအဖွဲ့ကြီးတွေ ဖြစ်ကြပြီး မက်ထရိုပိုလစ်မှာ တည်ရှိတဲ့ ထိပ်တန်း ကုမ္ပဏီတွေနဲ့ အုပ်စုတွေပဲ။ သူတို့က စျေးကွက်ရဲ့ ထိပ်သီး ခေါင်းဆောင်တွေ၊ အထွတ်အထိပ် သတ္တဝါကြီးတွေပေါ့။
သူတို့ရဲ့ အောက်မှာတော့ အသေးစား အစုအဖွဲ့တွေ ရှိတယ်။ သူတို့က မက်ထရိုပိုလစ်မှာ ကြီးမားပြီး အောင်မြင်တဲ့ ကုမ္ပဏီတွေ ဖြစ်ကြပေမဲ့ အဓိက အစုအဖွဲ့ကြီးတွေရဲ့ အဆင့်ကိုတော့ မမီသေးဘူး။ အဲဒါတွေကတော့ ပိရမစ်ဒစ် ကျူဇင်း၊ ခရိုကိုဒိုင်းလယ်သာ ကုမ္ပဏီနဲ့ အခြား အများကြီးပေါ့။
အသေးစား အစုအဖွဲ့တွေထဲမှာ ကုမ္ပဏီတွေ အများကြီး ရှိတယ်၊ အခု လောလောဆယ် အကုန်လုံးကို အသေးစိတ် မပြောတော့ဘူး။ ဒါပေမဲ့ ဗစ်ရှ်နာရဲ့ စပိုက်စ်ဗိုက်စ် က အသေးစား အစုအဖွဲ့တွေထဲမှာ ထိပ်တန်း ပြိုင်ဘက်တွေထဲက တစ်ခု ဖြစ်တယ်ဆိုတာကိုတော့ မင်း သိထားရမယ်။
ဒါကြောင့်မို့လို့ပဲ ကုမ္ပဏီတော်တော်များများက အသေးစား အစုအဖွဲ့တွေထဲကနေ ရုန်းထွက်ပြီး အဓိက အစုအဖွဲ့ကြီးတွေဆီကို တက်လှမ်းချင်ကြတယ်။
ဒီအတွက်ကြောင့် ငါတို့ဆီမှာ ရိုင်းဇင်းဆစ် ဆိုတာ ရှိလာတာ။ သူတို့က ကိုယ့်ရဲ့ ကုမ္ပဏီကို အဓိက အစုအဖွဲ့ကြီးတွေရဲ့ အဆင့်အထိ တက်လှမ်းအောင် ဆောင်ရွက်နိုင်မယ့် အလားအလာ ရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ မျိုးဆက်သစ် လူငယ်ပါရမီရှင် ခြောက်ယောက် ဖြစ်တယ်"
မက်စ်တစ်ယောက် ဗစ်ရှ်နာရဲ့ သမီးအပေါ် အံ့ဩတုန်လှုပ်သွားတာကလည်း အကြောင်းရင်း ခိုင်ခိုင်လုံလုံ ရှိပါတယ်။ နောက်ထပ် ဆယ်နှစ်လောက်အတွင်းမှာ စပိုက်စ်ဗိုက်စ် ဟာ အဲလ်ရစ် နဲ့ အခြား လက်ဂါစီ့စ် တွေလိုပဲ အဆင့်တူ ပြောဆိုရလောက်တဲ့ အလားအလာကောင်းတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။
"ငါ့သမီးအတွက် ငါ တကယ် ဂုဏ်ယူပါတယ်။ ဘာနာဘီဘဏ္ဍာတိုက် ရဲ့ နောက်လာမယ့် လေလံပွဲမှာ သူမအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ လိုအပ်တဲ့ အရာတွေကို ရရှိနိုင်လိမ့်မယ်လို့ ငါ အသေအချာ ယုံကြည်တယ်"
* * * * * * * *
စာစဉ်(၄၃)