← Chapters

အခန်း ၅၁၁

Vol. 43 Ch. 511

အခန်း ၅၁၁

Vol. 43 Ch. 511

အခန်း(၅၁၁)

မိုက်ကယ်နဲ့ မက်စ်ဟာ ဆိုဒါအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းအမှန်တွေကို လိုက်ရှာဖို့ မက်ထရိုပိုလစ်မြို့ထဲက တခြားကုမ္ပဏီအနည်းငယ်ဆီကို သွားခဲ့ကြတယ်။ ဗစ်ရှ်နာလိုပဲ လူတိုင်းက အံ့ဩတုန်လှုပ်တဲ့ ပုံစံမျိုးတွေချည်း ပြနေကြတာမို့ သူတို့တစ်နေ့ခင်းလုံး အချိန်ကုန်သွားခဲ့ရတယ်။ သူတို့ လိုက်ဝယ်နေတဲ့ ကုန်ကြမ်းပမာဏအမြောက်အမြားကို ဗန်ဒါဘစ်တို့မိသားစုအနေနဲ့ ဝယ်နိုင်စွမ်းမရှိဘူးလို့ပဲ အားလုံးက ထင်နေကြတာလေ။

ဒါပေမဲ့လည်း မိုက်ကယ်က ငွေကြိုရှင်းပေးလိုက်ရုံနဲ့တင် သူတို့ဟာ သဘောထားတွေ ချက်ချင်းပြောင်းလဲသွားပြီး အရောင်းအဝယ်ကိစ္စကို အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန်ကြီး ဆောင်ရွက်ပေးကြတယ်။

သူတို့ဟာ အစောပိုင်းက စော်ကားမိသလို ဖြစ်သွားတာကို ဘယ်လောက်တောင် အားနာသွားကြလဲဆိုရင် ကုန်ကြမ်းပစ္စည်းတွေကို မိုက်ကယ်ရဲ့ စက်ရုံအသစ်ထဲအထိ ဘာသယ်ယူပို့ဆောင်ခမှ မယူဘဲ အခမဲ့ လာပို့ပေးတဲ့အထိပါပဲ။

ဒီလိုနဲ့ပဲ ဆိုဒါထုတ်လုပ်မှုလုပ်ငန်းကြီးက နောက်ဆုံးတော့ လမ်းကြောင်းပေါ် ရောက်ရှိလို့လာခဲ့ပြီ။

ဒီအချိန်မှာတော့ တခြားဗန်ဒါဘစ်မိသားစုဝင်တွေဟာ စက်ကြီးတွေကို ထိန်းချုပ်မောင်းနှင်တဲ့နေရာမှာ စိတ်တိုင်းကျလောက်တဲ့အထိ ကျွမ်းကျင်နေကြပါပြီ။ ပါရမီရှင် အင်ဂျင်နီယာတွေက သုံးရလွယ်ကူအောင် ဒီဇိုင်းဆွဲပေးထားတာမို့ အလိုလိုသိစိတ်နဲ့တင် အလွယ်တကူ လေ့လာနိုင်ခဲ့ကြတာပါ။ သူတို့တွေအနေနဲ့ စက်ရုံကို နေ့စဉ်ရက်ဆက် ဘာပြဿနာမှမရှိဘဲ လည်ပတ်မောင်းနှင်သွားနိုင်ကြမှာ သေချာသလောက် ရှိနေတယ်။

"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါဗျာ"

မိုက်ကယ်က ဗန်ဒါဘစ် အလုပ်သမားအုပ်စုရဲ့ ရှေ့မှာရပ်ရင်း လှမ်းနှုတ်ဆက်လိုက်တယ်။

"ကျွန်တော့်နောက်ကွယ်မှာ မြင်နေရတဲ့အတိုင်း ဒါတွေက ခင်ဗျားတို့ အလုပ်လုပ်ရမယ့် ကုန်ကြမ်းပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အကယ်၍ ကုန်ကြမ်းစပ်တဲ့နေရာမှာ သကြားလိုမယ်ဆိုရင် ဟိုးဘက်က သေတ္တာကြီးထဲကနေ ယူနိုင်ပါတယ်"

သူက ဗစ်ရှ်နာ ပို့ပေးထားတဲ့ သကြားစည်ပိုင်းကြီးတွေဆီ လက်ညှိုးထိုးပြလိုက်တယ်။

"ဒီလောက်တောင် အများကြီးလား... ဒါတွေက အများကြီး အကုန်အကျခံထားရမှာ သေချာတယ်"

"ငါတို့ ဒီဖျော်ရည်အတွက် အကောင်းစား ကုန်ကြမ်းတွေကို သုံးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"

"တူမောင် မိုက်ကယ်... မင်း ဒါတွေအကုန်လုံးကို ဘယ်လိုလုပ်ပြီး တတ်နိုင်တာလဲ"

မိုက်ကယ်က ပုခုံးတွန့်ပြလိုက်တယ်။

"ကျွန်တော့်ကုမ္ပဏီက ကင်းစ်နယ်မြေမှာ အဆင်ပြေပြေ လည်ပတ်နေတာဆိုတော့ ဘတ်ဂျက်က သိပ်မကျပ်ပါဘူး"

သူတို့အားလုံးဟာ ကိုယ့်ဘာသာ ခေါင်းငြိမ့်လိုက်ကြပြီး ဒီလောက်အထိ အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ သူတို့အမျိုးအနွယ်ကလေးအတွက် ဂုဏ်ယူမဆုံး ဖြစ်နေကြတယ်။

တကယ်တော့ သူတို့က မိုက်ကယ်ရဲ့ သတ္တိကို ချီးကျူးနေကြတာပါ။ မက်ထရိုပိုလစ်မြို့မှာ စီးပွားရေးအသစ်တစ်ခု တည်ထောင်ဖို့အတွက် သူ့ရဲ့ စုဆောင်းထားသမျှတွေကို စွန့်စားအသုံးချရဲတယ်ဆိုကတည်းက သူဟာ မရေရာတဲ့အရာတွေကို မမှုဘဲ သံမဏိလို ခိုင်မာတဲ့ စိတ်ဓာတ်မျိုး ရှိနေလို့ပဲပေါ့။

"ကုန်ကြမ်းပစ္စည်း တစ်ခုတစ်လေတောင် အလဟဿမဖြစ်စေရဘူးလို့ ငါတို့ အာမခံပါတယ် မိုက်ကယ်"

"ဟုတ်တယ်... ငါတို့တွေ ဒီသံစက်ကြီးတွေကို ကောင်းကောင်းကြီး ကျွမ်းကျင်နေပြီဆိုတော့ ရာနှုန်းပြည့် ထိရောက်မှုရှိအောင် လုပ်ပြနိုင်တယ်"

"မင်း စီးပွားပျက်မသွားစေရဘူးလို့ ငါတို့ အာမခံတယ်"

သူတို့အားလုံးဟာ အားတက်သရော အော်ဟစ်လိုက်ကြပြီး အလုပ်ကြိုးစားချင်စိတ်တွေ ပိုပြီး ထက်သန်လာကြတယ်။

မိုက်ကယ်ကတော့ အလိုက်မသိသလိုနဲ့ သူ့မေးစေ့ကို ကုတ်လိုက်မိတယ်။

'သူတို့က ငါ တတ်နိုင်တာ ဒါအကုန်ပဲလို့ ထင်နေကြတာလား' လို့ သူ ကိုယ့်ဘာသာ တွေးနေမိတာ။

"ဟမ်း... ဘာပဲဖြစ်ဖြစ် အစောပိုင်း ပထမဆုံး သီတင်းပတ်အနည်းငယ်မှာတော့ တစ်လကို ပုလင်းရေ တစ်သောင်းအောက်ပဲ ထုတ်လုပ်သွားမှာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ထုတ်လုပ်မှုကို ပိုပြီး မြှင့်တင်သွားဖို့ ရှိပါတယ်။ စက်ရုံ တိုးချဲ့ဖို့အတွက်လည်း ကျွန်တော် စီစဉ်ထားပြီးသားပါ။ မကြာခင်ကာလမှာ တစ်ရက်ကို ပုလင်းရေ တစ်သိန်းလောက် ထုတ်လုပ်နိုင်သွားရင်လည်း အံ့ဩမသွားကြပါနဲ့ဦး"

လူတိုင်း ပါးစပ်အဟောင်းသားနဲ့ မှင်တက်သွားကြရတယ်။ တစ်လကို ပုလင်းရေ တစ်သိန်းတောင်လား။ ဒါဆိုရင် အခုရှိနေတာထက် ကုန်ကြမ်းပစ္စည်းတွေ အဆတစ်သောင်းမက ပိုလိုလိမ့်မယ်လေ။ အဲဒီကုန်ကြမ်းတွေအတွက် ကုန်ကျမယ့် ရာခိုင်နှုန်းကို သူတို့ စိတ်ကူးနဲ့တောင် ပုံဖော်လို့ မရနိုင်ကြတော့ဘူး။

ဒါတင်မကသေးဘဲ မိုက်ကယ်က ဒီတိုးချဲ့မှုက သေချာပေါက် ဖြစ်လာမှာလို့ ပြောနေပြန်တယ်။ ဆိုဒါက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူကတော့ ဆိုဒါထုတ်လုပ်မှုကို တိုးမြှင့်သွားမှာပဲတဲ့။

မိုက်ကယ်က သူ့ထုတ်ကုန်အပေါ် ဒီလောက်တောင် ယုံကြည်မှုလွန်ကဲနေတာလား၊ ဒါမှမဟုတ် သုံးပစ်ဖို့ ငွေတွေ အလျှံပယ် ရှိနေတာလားဆိုတာ သူတို့ မခွဲခြားတတ်တော့ဘူး။

"မင်း သေချာလို့လား... ငါတို့တွေ ပုလင်းရေ မတိုးခင်မှာ ခဏလောက် စောင့်ကြည့်ကြရင် မကောင်းဘူးလား"

"ဟုတ်တယ်... ရောင်းအားကောင်းတာ မြင်ရမှပဲ တဖြည်းဖြည်းချင်း တိုးထုတ်ကြတာပေါ့"

"မက်စ်... မင်းလည်း ငါတို့တူမောင်ကို ငွေတွေ အလဟဿမဖြစ်အောင် အကြံဉာဏ်လေး ဘာလေး ပေးပါဦး"

သူတို့အားလုံး မက်စ်ဘက်ကို လှည့်ကြည့်လိုက်ကြတယ်။ ပြောရရင်တော့ မက်စ်ရဲ့ စိတ်လောမှုကြောင့်ပဲ ဗန်ဒါဘစ်ရဲ့ စီးပွားရေးက နောက်ဆုံးမှာ ဒေဝါလီခံရလုနီးပါး ဖြစ်ခဲ့ရတာလေ။ မိုက်ကယ်ကိုလည်း အဲဒီလို အမှားမျိုး ထပ်မလုပ်စေချင်ကြဘူး။

ဒါပေမဲ့ မက်စ်ကတော့ လက်နှစ်ဖက်ကို အသာမြှောက်ပြရင်း ဝင်မစွက်ဖက်ဖို့ပဲ ရွေးချယ်လိုက်တယ်။

သူတို့လိုပဲ မက်စ်ကလည်း မိုက်ကယ်ကို စိတ်ကူးစိတ်သန်းတွေနဲ့ ထုတ်ကုန်အသစ်တွေ အများကြီးရှိတဲ့ အရည်အချင်းရှိတဲ့ လူငယ်စီးပွားရေးသမားလေးတစ်ယောက်လို့ပဲ ထင်ခဲ့တာပါ။

ဒါပေမဲ့ မိုက်ကယ်အကြောင်း ပိုသိလာရလေလေ၊ အမှန်တရားရဲ့ အစအနအချို့ကို သူ စတင်ဆက်စပ်မိလာလေလေပါပဲ။ မော်တော်ကားတွေ၊ ဒြပ်စင်ရှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ပါရမီ၊ ကုန်ဆုံးသွားမှာမဟုတ်တဲ့ ငွေကြေးအမြောက်အမြား၊ ပြီးတော့ အဓိကအကျဆုံးအနေနဲ့ ဘတ်နဲ့ လိုင်လီယာတို့ ပြောနေတာကို သူ ခိုးနာထောင်းခဲ့ရတဲ့ ရီနေးတားနိုင်ငံတော်အကြောင်း ကောလာဟလတွေပေါ့။

အကယ်၍ မိုက်ကယ်က ကင်းစ်နယ်မြေကနေ မက်ထရိုပိုလစ်မြို့အထိ တောက်လျှောက် လာခဲ့တာဆိုရင် ဒါဟာ သူ့ကုမ္ပဏီနဲ့ ကင်းစ်နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ပြီးသားဖြစ်နေလို့ပဲ ဆိုတာ သေချာသလောက်ရှိနေပြီ။ မိုက်ကယ်က သူ့ကို တည့်တည့်လင်းလင်းကြီး မပြောခဲ့ပါဘူး။ ပြောဖို့လည်း မလိုပါဘူးလေ။ သူ ငွေတွေကို စိတ်ကြိုက် သုံးဖြုန်းနေတဲ့ ဂရုမစိုက်တဲ့ပုံစံကတင် အရာအားလုံးကို သက်သေပြနေတာပဲ။

မိုက်ကယ်က တက်သစ်စကြယ်ပွင့်တစ်ပွင့် မဟုတ်တော့ဘူး။ သူက ကောင်းကင်ယံထက်မှာ တောက်ပပြီးသား ကြယ်တစ်ပွင့် ဖြစ်နေခဲ့ပြီ။ ဒါပေမဲ့ သူ့ရဲ့ အစောပိုင်းတောက်ပမှုတွေကို ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းမှာပဲ မြင်တွေ့ခဲ့ရတာမို့ မက်ထရိုပိုလစ်မြို့က လူအများစုဟာ မိုက်ကယ်အကြောင်း ဘာမှ မသိရှိခဲ့ကြတယ်။

ဒါပေမဲ့လည်း မက်ထရိုပိုလစ်မြို့ကြီး မိုက်ကယ်ရဲ့ တောက်ပမှုအောက်ကို ရောက်ရှိလာဖို့က အချိန်တစ်ခုပဲ လိုတော့တယ်ဆိုတာ မက်စ် ကောင်းကောင်းသိနေတယ်။

"လူတို့... မိုက်ကယ်ကိုပဲ ယုံကြည်လိုက်ကြစို့။ သူ ဘာလုပ်နေလဲဆိုတာ သူကိုယ်တိုင် ကောင်းကောင်းသိတယ်။ သူ ဆိုဒါပုလင်းတစ်သိန်းလောက် ဖြုန်းပစ်လိုက်ရင်တောင် သူ့အိတ်ကပ်ထဲက ပိုက်ဆံက မဆိုစလောက်လေးတောင် လျော့သွားမှာ မဟုတ်ဘူး"

တခြားဗန်ဒါဘစ်မိသားစုဝင်တွေဟာ ဆွံ့အသွားကြရတယ်။ သူတို့က ဘာစကားမှမပြောဘဲ ငြိမ်နေပြီး ဒီပြောဆိုချက်ကိုလည်း ငြင်းပယ်ခြင်းမရှိတဲ့ မိုက်ကယ်ကို လှည့်ကြည့်လိုက်ကြမိတယ်။

အဲဒီအချိန်ကျမှပဲ မိုက်ကယ်အကြောင်း သူတို့ မသိသေးတာတွေ ဘယ်လောက်တောင် များပြားနေလဲဆိုတာကို နောက်ဆုံးတော့ သဘောပေါက်သွားကြတယ်။

သူက ဘယ်လောက်တောင် ချမ်းသာနေတာပါလိမ့်။

* * * * * * * *

ဆိုဒါစက်ရုံကတော့ နောက်ဆုံးမှာ ထုတ်လုပ်မှုလုပ်ငန်းတွေကို စတင်လိုက်ပါပြီ။

သံထည်ပစ္စည်းအကြီးကြီးတွေ တစ်ခုနဲ့တစ်ခု ရိုက်ခတ်မိသံတွေက နံရံတွေကို ဖြတ်ကျော်ပြီး ဟိန်းထွက်နေသလို ဆိုဒါအမြှုပ်ထွက်သံတွေနဲ့အတူ ဆိုဒါနံ့သင်းသင်းလေးကလည်း လေထဲကနေတစ်ဆင့် လေဝင်လေထွက်ပေါက်တွေဆီ ပျံ့လွင့်ထွက်ခွာလို့နေတယ်။ အားလုံးထက် ပိုပြီး သဘောကျစရာကောင်းတာကတော့ ဖန်ပုလင်းတွေထဲကို အဖုံးတွေ တပ်ဆင်ပိတ်ပိတ့်လိုက်တဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ ‘ဖောက်’ ဆိုတဲ့ အသံကလေးပါပဲ။

ဗန်ဒါဘစ်မိသားစုဝင်တွေဟာ ဆိုဒါပုလင်းတွေကို သေတ္တာတွေထဲ အစီအရီ ထည့်သွင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ဆင့်တင်ထားလိုက်ကြတယ်။

နေ့တစ်နေ့ရဲ့ အဆုံးသတ်မှာတော့ စက်ရုံထဲမှာ ဆိုဒါပုလင်းပေါင်း တစ်ထောင်နီးပါး ထုတ်လုပ်ပြီးစီးသွားခဲ့ပြီ။ ဒါဟာ မနက်ဖြန် ဖွင့်ပွဲနေ့အတွက် လုံလောက်တဲ့ ပမာဏပါပဲ။

သူတို့အားလုံး အိမ်တော်ဆီ ပြန်မသွားကြခင်မှာ မိုက်ကယ်က ဗန်ဒါဘစ်မိသားစုဝင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်စကား ပြောလိုက်တယ်။

မိုက်ကယ်ကိုယ်တိုင်လည်း ပြန်ဖို့ ပြင်ဆင်နေတုန်းမှာပဲ လမ်းမတွေဆီကနေတစ်ဆင့် ကျောက်ပြားတွေပေါ် မြင်းခွာသံ တောက်တောက် တောက်တောက် ညံသွားတဲ့အသံကို သူ ကြားလိုက်ရတယ်။

သူ လမ်းထောင့်ဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ အဖြူရောင်နဲ့ ရွှေရောင်ဝတ်စုံကို ဆင်မြန်းထားတဲ့ မြင်းစီးသမားတစ်ယောက်ကို မြင်လိုက်ရတယ်။ လွန်ခဲ့တဲ့ရက်က မြို့စားကတော်ရဲ့ နန်းတော်ဆီ သူတို့ကို ခေါ်ဆောင်သွားခဲ့တဲ့ တော်ဝင်လူယုံတော်အဖြစ် သူ မှတ်မိလိုက်တယ်။

"နှုတ်ခွန်းဆက်သပါတယ် ဆာ မိုက်ကယ်"

အဲဒီလူက မြင်းပေါ်ကနေ ဆင်းပြီး မိုက်ကယ်ကို ဦးညွှတ်လိုက်တယ်။

ပြီးတော့ သူ့အိတ်ကပ်ထဲကနေ သဝဏ်လွှာလိပ်တစ်ခုကို ထုတ်ပြီး အသံကျယ်ကျယ်နဲ့ ဖတ်ပြလေရဲ့။

"တော်ဝင်မိသားစုကိုယ်စား ခင်ဗျားရဲ့ ခမ်းနားလှတဲ့ ဆိုဒါရည် အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်မှုအတွက် အလှိုက်လှဲဆုံး ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားအပ်ပါတယ်။ တော်ဝင်အမြွှာညီနောင်ကလည်း ခင်ဗျားရဲ့ ပထမဆုံး ဖောက်သည်အဖြစ် မနက်စောစောစီးစီးမှာ ခင်ဗျားရဲ့ အဆောက်အအုံဆီ လာရောက်လည်ပတ်လိမ့်မယ်ဆိုတာကို သိစေချင်နေပါတယ်။ သမုဒ္ဒရာတစ်ခုစာလောက် ပြည့်လျှံသွားမယ့် ဆိုဒါရည်အလုံအလောက်ကို ခင်ဗျား ပြင်ဆင်ထားနိုင်လိမ့်မယ်လို့လည်း သူတို့ မျှော်လင့်နေကြပါတယ်"

မိုက်ကယ်က အသာအယာ ရယ်မောလိုက်မိတယ်။

"သူတို့ရဲ့ ထောက်ပံ့ကူညီမှုတွေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောပေးပါဦးဗျာ။ ဆိုဒါရဲ့ အရသာက ခါတိုင်း သောက်နေကျတွေနဲ့ ကွဲပြားလိမ့်မယ်ဆိုပေမဲ့ သူတို့လည်း သဘောကျသွားလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်"

တော်ဝင်လူယုံတော်က ခေါင်းငြိမ့်ပြတယ်။

"ကောင်းပါပြီ... နောက်ဆုံး မေးခွန်းတစ်ခုပဲ ကျန်ပါတော့တယ်။ ဒါက မြို့စားကတော်ကိုယ်တိုင် မေးခွန်းထုတ်လိုက်တာပါ။ ခင်ဗျားရဲ့ ဆိုဒါထုတ်ကုန်ရဲ့ နာမည်က ဘာဖြစ်မလဲ"

မိုက်ကယ်က အကြာကြီး စဉ်းစားလိုက်တယ်။ နောက်ဆုံးမှာတော့ ရီနေးတားဆိုတဲ့ နာမည်အမှတ်တံဆိပ်နဲ့လည်း ကိုက်ညီပြီး ဖျော်ရည်အေးကလေးနဲ့လည်း ဆီလျော်မယ့် အမည်တစ်ခုကို သူ စဉ်းစားမိသွားတယ်။

"ရီနာတီရို့စ်"

* * * * * * * *

စာစဉ်(၄၃)

All Chapters