အခန်း ၅၁၂
Vol. 43 Ch. 512
အခန်း(၅၁၂)
သန်းခေါင်ယံအချိန်ရဲ့ အမှောင်ထုက ပိုပြီးနက်ရှိုင်းလာခဲ့ပြီ။ မိုက်ကယ် တစ်ယောက် ရီနာတီရို့စ်လို့ အမည်ပြောင်းထားတဲ့ သူ့ရဲ့ အချိုရည်လုပ်ငန်းကို မဖွင့်လှစ်နိုင်ခင် နာရီပိုင်းအလိုလေးမှာတင် မြို့စားကတော်ရဲ့ ရဲတိုက်ကြီးထဲမှာတော့ တစ်စုံတစ်ခု လှုပ်ခတ်သက်ဝင်လို့ နေပါတယ်။
ပုံမှန်ဆို တိတ်ဆိတ်အေးချမ်းလှတဲ့ မက်ထရိုပိုလစ်ရဲ့ ညချမ်းအချိန်ခါဟာ အခုတော့ အစောင့်တပ်သားတွေရဲ့ ကယောင်ကတမ်း ပြေးလွှားသံတွေ၊ အော်ဟစ်အမိန့်ပေးသံတွေနဲ့ အစားထိုးလို့ သွားခဲ့ပြီ။ မြင်းတွေတောင် အိပ်မောကျရမယ့် အချိန်ဖြစ်နေတာတောင်မှ ရဲတိုက် ကုန်းမြင့်ဆီကို မြင်းရထားတွေဟာ တစ်စီးပြီးတစ်စီး အဝင်အထွက် ပြုလုပ်နေကြတာ နန်းတော်ထဲမှာ တစ်ခုခု အကြီးအကျယ် ဖြစ်ပျက်နေသလိုပါပဲ။
မြို့စားကတော်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဟာ ဆူညံသံတွေကို အတတ်နိုင်ဆုံး တိုးတိတ်သွားအောင် အစွမ်းကုန် ကြိုးစားနေကြရတယ်။ သူတို့ဟာ ရဲတိုက်နံရံတွေရဲ့ အတွင်းဘက်မှာ ဘယ်သူမှ ချောင်းမြောင်း မကြည့်ရှုနိုင်အောင် ကာကွယ်တဲ့အနေနဲ့ မန္တန်အမျိုးမျိုးကို အသုံးပြုပြီး ဖုံးကွယ်ထားကြတယ်။ တစ်ဖက်မှာလည်း ညဉ့်နက်သန်းခေါင်မှာ စစ်သည်တော်တွေ ချီတက်နေတဲ့ အသံတွေကြောင့် လန့်နိုးလာရတဲ့ အပြစ်မဲ့ ပြည်သူလူထုကိုတော့ ဒါဟာ စစ်ရေးလေ့ကျင့်မှု သက်သက်သာ ဖြစ်တယ်ဆိုပြီး ဆင်ခြေပေးကာ ဖျောင်းဖျထားလိုက်ကြတယ်။
ဒါပေမဲ့လည်း မက်ထရိုပိုလစ်မြို့ထဲက မျက်စိရှင်တဲ့ လူအချို့ကတော့ တော်ဝင်နန်းတော်တံတိုင်းကြီးတွေထဲမှာ တစ်ခုခု အကြီးအကျယ် ဖြစ်ပျက်နေတယ်ဆိုတာကို ခပ်လှမ်းလှမ်းကနေ လှမ်းမြင်နေကြရတယ်။
အဲလ်ရစ်က ပြတင်းပေါက်ကနေတစ်ဆင့် အဝေးမှာရှိတဲ့ ရဲတိုက်ကြီးဆီကို လှမ်းမျှော်ကြည့်နေမိတယ်။ သူ့ရဲ့ မျက်လုံးတွေက တစ်ခုခုကို စူးစူးစိုက်စိုက် ကြည့်နေပေမဲ့လည်း နူးညံ့ပျော့ပျောင်းနေပြီး စိတ်ရှုပ်ထွေးနေပုံရပေမဲ့လည်း တစ်ခုခုကို ရိပ်မိနားလည်နေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တယ်။
"ဒါက ဘာကို ဆိုလိုတာလို့ ထင်လဲ"
အခန်းထောင့်ကနေ ပါးဆီးယပ်စ်က လှမ်းမေးလိုက်တယ်။ အဲလ်ရစ်ရဲ့ လက်ရုံးတစ်ဦးပီပီ သူကတော့ ဖြစ်ပျက်နေတဲ့ အခြေအနေကို ချက်ချင်း သတိပြုမိနေတာပါ။
"စစ်သည်တော်တွေပါ လှုပ်ရှားနေကြပြီ။ မြို့စားကတော်များ တိုက်ခိုက်ခံရလို့လား မသိဘူး"
အဲလ်ရစ်က ခေါင်းယမ်းလိုက်ပြီး
"မဟုတ်နိုင်ဘူး။ မြို့စားကတော်ရဲ့ အသက်အန္တရာယ်သာ စိုးရိမ်ရမယ်ဆိုရင် ခေါင်းလောင်းတွေ ထိုးဆော်နေလောက်ပြီ။ ပြီးတော့ တော်ဝင်မိသားစုက တခြား အင်အားကြီးဂိုဏ်းတွေဆီကနေ အကူအညီ တောင်းခံမှာပေါ့။ အခုဟာက... ဒါက မတူဘူး။ သူတို့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရုတ်တရက် အခြေအနေတစ်ခုနဲ့ တိုးလို့ အမီလိုက်နိုင်အောင် ကမန်းကတန်း ကြိုးစားနေရတဲ့ ပုံစံမျိုးပဲ။ အလောတကြီး ဖြစ်နေကြတယ်။ ဘာကိစ္စလဲဆိုတာတော့ ငါလည်း မသိဘူး"
ပါးဆီးယပ်စ်က ခေါင်းငြိမ့်ပြရင်း
"ကျွန်တော်တို့ရဲ့ သတင်းပေးတွေကို အတတ်နိုင်ဆုံး စုံစမ်းခိုင်းလိုက်ပါ့မယ်" လို့ ပြောလိုက်တယ်။
* * * * * * * *
တစ်ချိန်တည်းမှာပဲ မှော်မျှော်စင်ရဲ့ အတွင်းဘက် အပေါ်ဆုံးထပ်မှာတော့ မှော်ပညာရှင်အစည်းအရုံးက မှော်ဆရာတွေဟာ အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ဖို့ ထပ်မံ စုဝေးရောက်ရှိနေကြပြန်တယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ထူးဆန်းအံ့ဩစရာတွေနဲ့ ပြည့်နှက်နေတဲ့ ပါရမီရှင်ကောင်လေးတစ်ယောက်အကြောင်း မဟုတ်တော့ပါဘူး။ ဒီတစ်ခါ သူတို့ ဆွေးနွေးနေကြတာက မြို့စားကတော်ရဲ့ ရဲတိုက်ထဲက ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေအကြောင်း ဖြစ်နေလို့ပဲ။
ရဲတိုက်တံတိုင်းတွေ ပတ်ပတ်လည်မှာ အသုံးပြုထားတဲ့ အဲဒီလို ဧရာမ ပုံရိပ်ယောင်လှည့်စားမှု မန္တန်ကြီးကိုတော့ ဒီလို ဝါရင့်စီနီယာ မှော်ဆရာကြီးတွေအဖို့ အလွယ်တကူပဲ ရိပ်မိသိရှိနိုင်တယ်။
"မျှော်စင်သခင်... တော်ဝင်မိသားစုဆီကို ကျွန်တော်တို့ဘက်က ကိုယ်စားလှယ်တစ်ယောက် စေလွှတ်လိုက်ရမလား။ အမှန်တရားကို စုံစမ်းသိရှိဖို့ ကျွန်တော်တို့မှာ သင့်တော်တဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိသင့်ပါတယ်"
မျှော်စင်သခင်က ခေါင်းယမ်းလိုက်ပြီး
"သူတို့က ကျွန်တော်တို့ကို အဲဒီမှာ ရှိနေစေချင်ရင် အရင်ဆုံး လှမ်းခေါ်မှာပေါ့။ အကယ်၍ သူတို့က လုံးဝဥဿုံ လျှို့ဝှက်ထားချင်တယ်ဆိုရင်တော့ အဲဒီပုံရိပ်ယောင်မန္တန်ကို ဖန်တီးပေးဖို့ ကျွန်တော့်ကို အကူအညီ တောင်းပါလိမ့်မယ်။ ကျွန်တော်သာ လုပ်ပေးခဲ့ရင် အခုလို ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အကြောင်းကို ကျွန်တော်တို့ ဆွေးနွေးနေကြရမှာတောင် မဟုတ်ဘူး။ အခုလို ကျွန်တော့်ကို အကူအညီမတောင်းဘူးဆိုကတည်းက ဒီကိစ္စက ကျွန်တော်တောင် ဝင်ရောက်စွက်ဖက်လို့မရတဲ့ အလွန်အမင်း အရေးကြီးတဲ့ လျှို့ဝှက်ချက် ဖြစ်နေလို့ပဲ"
အခြား မှော်ဆရာတွေအားလုံး တိတ်ဆိတ်သွားကြတယ်။
သူတို့ရဲ့ မှော်စွမ်းအင်ကို အသုံးပြုပြီး အတင်းအဓမ္မ ဖောက်ထွင်းကြည့်ရှုကာ အမှန်တရားကို စုံစမ်းလို့ ရနိုင်ပေမဲ့လည်း အဲဒါက မြို့စားကတော်နဲ့ သူတို့ကြားက ဆက်ဆံရေးကို ပျက်ပြားသွားစေနိုင်တယ်။ အဲဒီလို လုပ်ရလောက်အောင်လည်း မတန်ဘူးလေ။
"မကြာခင်မှာပဲ ကျွန်တော်တို့ အဲဒီအကြောင်းကို သိရတော့မှာပါလို့ ကျွန်တော် ခံစားမိနေတယ်"
မျှော်စင်သခင်က မျက်လုံးတွေကို မှိတ်ရင်း ပြောလိုက်တယ်။
အဲဒီအချိန်မှာတင် သူတို့အခန်းရဲ့ တံခါးကြီးက ‘ဝုန်း’ခနဲ ပွင့်ထွက်သွားပြီး မှော်ဆရာအုပ်စုထဲက အခြား ဝါရင့်စီနီယာ အဖွဲ့ဝင်တစ်ယောက်ဟာ အလောတကြီး အတွင်းထဲကို ပြေးဝင်လာခဲ့တယ်။
"ထူးခြားမှု ရှိပါတယ် မျှော်စင်သခင်။ မက်ထရိုပိုလစ် တစ်မြို့လုံးကို ဖြန့်ကျက်ထားတဲ့ ခင်ဗျားရဲ့ မန္တန်က အလုပ်လုပ်သွားပြီ။ တခြား ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်"
"ပြီးတော့ကော"
မောဟိုက်နေတဲ့ မှော်ဆရာက တံတွေးတစ်ချက် မျိုချလိုက်ရင်း
"မြို့စားကတော်က ဘာနာဘီစတင်ဆင် ကို ဒီအချိန်ကြီးမှာ သူ့ရဲ့ ရဲတိုက်ဆီ လာရောက်ဖို့ ကိုယ်တိုင် ဖိတ်ကြားခဲ့ပုံရတယ်။ အခုပဲ သူက မြို့စားကတော်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရဲ့ စောင့်ရှောက်မှုနဲ့ အဲဒီကို သွားနေပါပြီ"
မျှော်စင်သခင်က စားပွဲခုံကို မှီလိုက်ပြီး လက်နှစ်ဖက်ကို ပူးကပ်ကာ စဉ်းစားခန်း ဝင်လိုက်တယ်။
"ဒါက လေလံပွဲအကြောင်းပဲ ဖြစ်ရမယ်" လို့ သူက ရိပ်မိသွားခဲ့တယ်။
မြို့စားကတော်က ဒီလှုပ်ရှားမှုကို လျှို့ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားနေတာကြောင့် မှော်မျှော်စင်ကိုတောင် ဘာသတင်းအချက်အလက်မှ မပေးခဲ့ဘူး။ ဒါပေမဲ့ ဘာနာဘီကိုကျတော့ အတွင်းထဲကို ဖိတ်ခေါ်ခဲ့တယ်။ လေလံပွဲကျင်းပဖို့ ရက်သတ္တပတ် အနည်းငယ်သာ လိုတော့တဲ့ အချိန်မျိုးမှာ ဒါဟာ တိုက်ဆိုင်မှုတစ်ခုတော့ လုံးဝ မဟုတ်နိုင်ဘူး။
* * * * * * * *
ရဲတိုက်ရဲ့ အခြားတစ်ဖက်မှာရှိတဲ့ စစ်သည်တော်များရုံးတော် မှာလည်း မှော်မျှော်စင်လိုပဲ လှုပ်လှုပ်ရှားရှား ဖြစ်ပျက်သွားခဲ့တယ်။
ဝါရင့် စစ်သည်တော်ကြီးတွေဟာ ညဉ့်နက်သန်းခေါင်မှာ စစ်သည်တွေ ချီတက်နေတဲ့ အသံကြောင့် ချက်ချင်း သတိပြုမိသွားကြတယ်။ သူတို့ နိုးလာကြပြီး သူတို့ရဲ့ အထက်လူကြီး ရှိရာဆီ ချက်ချင်း သတင်းပို့ကြတယ်။ အကယ်၍ ဖြစ်ပျက်နေတာတွေကို သိနိုင်မယ့်သူ ရှိတယ်ဆိုရင် အဲဒါဟာ ကောင်းကင်ဘုံစစ်သည်တော် ခရူဂါ ပဲ ဖြစ်လိမ့်မယ်။
ဒါပေမဲ့လည်း သူ့ရဲ့ တံခါးကို ဘယ်နှစ်ကြိမ်ပဲ ခေါက်ခေါက် ဘယ်သူမှ ပြန်မထူးခဲ့ဘူး။
နောက်ဆုံးတော့ သူတို့ တံခါးကို အတင်းတွန်းဖွင့်ပြီး ဝင်သွားကြတဲ့အခါမှာတော့ အထဲမှာ ဘယ်သူမှ ရှိမနေတာကို တွေ့လိုက်ရတယ်။ ခရူဂါ တစ်ယောက် မရှိတော့ဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ခရူဂါက ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ကိုယ်တိုင် သွားရောက် စုံစမ်းနေပြီဆိုတာ သူတို့ ချက်ချင်း သိလိုက်ကြတယ်။
နာရီဝက်လောက် ကြာသွားတဲ့အထိ စစ်သည်တော်တွေဟာ ကောင်းကင်ဘုံစစ်သည်တော်ရဲ့ စိတ်ချရတဲ့ အရှိန်အဝါကို သူ့ရဲ့ နေရာဆီ ပြန်လည် ခံစားလိုက်ရတဲ့အချိန်အထိ စောင့်ဆိုင်းနေခဲ့ရတယ်။
သူတို့က သူ့ရဲ့ နေအိမ်ထဲကို ဝင်သွားကြတဲ့အခါမှာတော့ သူက ပြတင်းပေါက်နားမှာ မတ်တတ်ရပ်နေတာကို တွေ့လိုက်ရတယ်။
"ဆရာ ခရူဂါ။ ကျွန်တော်တို့ရဲ့ စစ်သည်တော်တွေနဲ့ နောက်လိုက်တွေဟာ ဒီလှုပ်ရှားမှုအကြောင်း သတင်းအချက်အလက်တွေ ပိုမိုရရှိဖို့ အပူတပြင်း စုံစမ်းနေကြပါတယ်။ ကျွန်တော်တို့ကို လမ်းညွှန်ပေးပါဦး"
ခရူဂါက ခေါင်းငြိမ့်ပြရင်း
"မစိုးရိမ်ကြပါနဲ့။ တော်ဝင်တိုက်ကြီးပေါ်ကို သူတို့ ရောက်ရှိလာတဲ့ အရှိန်အဝါကို ငါ ခံစားလိုက်ရလို့ ခဏ သွားကြည့်တာပါ"
"သူတို့ဆိုတာ ဘယ်သူလဲ အရှင်"
"ခရီးသွားဧည့်သည် တွေပေါ့"
ခရူဂါက ရှင်းပြလိုက်တယ်။
"တောင်ပံနဂါးသားရဲ တွေရဲ့ အတောင်ပံခတ်သံတွေ ငါတို့ မြေပြင်ပေါ်ကို ဆင်းသက်လာတာကို ငါ ခံစားလိုက်ရတယ်။ သူတို့ ရောက်လာကြပြီ"
* * * * * * * *
တစ်ချိန်တည်းမှာပဲ မိန်စထရိက သူတို့ရဲ့ ဌာနချုပ်ဆီ ပြန်ရောက်နေတဲ့ မိုက်ကယ်ဟာ အေးအေးလူလူ အိပ်မောကျနေတုန်း ရုတ်တရက် သူ့ရဲ့ ရင်ဘတ်ပေါ်ကို လေးလံတဲ့ အရာတစ်ခုက ခုန်တက်လာခဲ့တယ်။
"သခင်ကြီး... သခင်ကြီး"
သူ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ နင်ဂျာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဖတ်ချ်က သူ့ရင်ဘတ်ပေါ်မှာ ခုန်ပေါက်ရင်း သူ့ကို အတင်း နှိုးနေတာကို တွေ့လိုက်ရတယ်။ ဖတ်ချ်က သူ့ကို တစ်ခုခု ပြောပြချင်လွန်းလို့ အသက်ပင် ထွက်တော့မယ့် ပုံစံမျိုး ဖြစ်နေခဲ့တယ်။
"ဘာဖြစ်လို့လဲ"
"သခင်ကြီး... ကျွန်တော် အတော်လေး ဆိုးဝါးတဲ့ သတင်းဆိုးတစ်ခုကို သိခဲ့ရတယ်"
မိုက်ကယ်က ထထိုင်လိုက်ပြီး
"ဘာကိစ္စလဲ"
"ကျွန်တော်က မက်ထရိုပိုလစ်မြို့ကို ပတ်ပြီး စစ်ဆေးနေတဲ့ ကျွန်တော့်အလုပ်ကို လုပ်နေတုန်းမှာ ရုတ်တရက် မြို့စားကတော်ရဲ့ ရဲတိုက်ထဲမှာ စစ်သည်တွေနဲ့ အစောင့်တွေ ချီတက်နေတဲ့ အသံကို ကြားလိုက်ရတယ်"
"သခင်ကြီး... ကျွန်တော် သူတို့ကို ချောင်းမြောင်း မကြည့်ရဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ စိတ်ကို မထိန်းနိုင်ဘဲ ကြည့်မိသွားတာ။ အဲဒီမှာ ဘာနာဘီကိုလည်း တွေ့လိုက်ရတာနဲ့ သူ့ရဲ့ အရိပ်ထဲကို ဝင်ပြီး သူတို့ စကားပြောနေတာကို ခိုးနားထောင်ခဲ့မိတယ်"
မိုက်ကယ်က သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ကို အသုံးပြုပြီး ရဲတိုက်ကြီးပေါ်မှာ လွှမ်းခြုံထားတဲ့ ဧရာမ ပုံရိပ်ယောင်မန္တန်ကြီးကို လှမ်းမြင်လိုက်ရတယ်။ ဒါဟာ တကယ်တော့ လူအများစုကို လှည့်စားနိုင်မယ့် ကြယ်ရှစ်ပွင့်မန္တန်ကြီး ဖြစ်နေခဲ့တာ။
မြို့စားကတော်က ဒီလောက်အထိ အစွမ်းကုန် ဖုံးကွယ်ထားတဲ့ ကြားက ဖတ်ချ်အနေနဲ့ မြို့စားကတော်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို ကျော်ဖြတ်ပြီး သူတို့စကားတွေကို အဖမ်းမခံရဘဲ ခိုးနားထောင်နိုင်ခဲ့တာကို သူ တကယ်ပဲ အံ့ဩမိသွားတယ်။
"သူတို့ ဘာတွေ ပြောကြလဲ"
"မြို့စားကတော်က ခရီးသွားဧည့်သည်အချို့ သတ်မှတ်ထားတဲ့ အချိန်ထက် စောပြီး ရောက်လာကြတယ်လို့ ပြောတယ်။ ပြီးတော့ သူတို့က ဘာနာဘီရဲ့ လေလံပွဲမှာ ပါဝင်ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်ကြတယ်တဲ့။ အဲဒါကြောင့် ဘာနာဘီဟာ မြို့စားကတော်ရဲ့ ဖိအားပေးမှုကြောင့် လေလံပွဲကို မျှော်လင့်ထားတာထက် စောပြီး ကျင်းပရတော့မယ်"
မိုက်ကယ် မျက်မှောင်ကုတ်သွားခဲ့တယ်။ လေလံပွဲကို ဝင်ရောက်ဖို့ လိုအပ်တဲ့ အဆင့် သတ်မှတ်ချက်ကို သူ မရရှိသေးတာကြောင့် ဒါဟာ မကောင်းတဲ့ လက္ခဏာပဲ။
'ရပါတယ်' မိုက်ကယ်က သူ့ကိုယ်သူ ပြန်လည် နှစ်သိမ့်လိုက်တယ်။ 'ငါတို့ရဲ့ အရောင်းကိန်းဂဏန်း ခန့်မှန်းချက်တွေအရ ဆိုရင်တော့ အဆင့်တက်ဖို့ လုံလောက်တဲ့ အရောင်းပမာဏကို ရရှိမှာပါ'
အကောင်းဆုံး အခြေအနေကတော့ လေလံပွဲကို အခုကစပြီး တစ်ပတ်အကြာမှာ ကျင်းပဖို့ပါပဲ။ သူ့ရဲ့ အချိုရည်က အများပြည်သူကြားထဲမှာ ရေပန်းစားလာမယ်ဆိုတာကို သူ ယုံကြည်ချက် ရှိနေလို့လေ။
အဆိုးဆုံး အခြေအနေကိုတော့ သူ မတွေးဝံ့သေးဘူး။ သူ့စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တစ်ခုကို ခံစားနေရလို့ပဲ။
"ဘယ်အချိန်လဲ"
ဖတ်ချ်က သူ့ရဲ့ ခေါင်းပေါ်ကို ခုန်တက်လိုက်ရင်း
"မြို့စားကတော်ရဲ့ ဧည့်သည်တွေ ရောက်လာမယ့် အချိန်နဲ့ တစ်ပြိုင်တည်းပဲ။ ဒီညပေါ့"
* * * * * * * *
စာစဉ်(၄၃)