အခန်း ၅၁၃
Vol. 43 Ch. 513
အခန်း(၅၁၃)
နေမထွက်ခင် မနက်စောစောစီးစီးမှာတင် မိုက်ကယ်ဟာ ဂျင်မီနဲ့ သူ့ရဲ့အဖွဲ့သားတွေကို အခုလက်ရှိ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေကို ဆွေးနွေးဖို့ သူ့အခန်းထဲ ခေါ်လိုက်ပါတယ်။
သူတို့ ဘယ်လောက်တောင် အကျပ်ရိုက်နေတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာကိုလည်း မိုက်ကယ်က သူတို့ကို အရှိအတိုင်း အကုန်ပြောပြလိုက်တယ်။
"လေလံပွဲမှာ ပါဝင်ခွင့်ရဖို့ဆိုရင် ငါတို့က အဆင့်ဘယ်လောက်မှာ ရှိနေရမှာလဲ"
ဂျင်မီက သမ်းဝေလိုက်တာကို အောင့်အီးမျိုသိပ်ရင်း "အနည်းဆုံးတော့ ထိပ်တန်း အဆင့် ၄၀၀ ထဲမှာ ရှိနေရမယ်" လို့ တိုးတိုးရေရွတ်ပါတယ်။
အခု ဂျင်မီ့အမြင်အရဆိုရင် ရီနေးတားကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ အဆင့် ၄၀၀ ထဲကို ရောက်နေနှင့်နေပါပြီ။ ဒါပေမဲ့လည်း အဲဒီအဆင့်သတ်မှတ်ချက်ကို အဆုံးအဖြတ်ပေးတဲ့ ဒေးလီးမက်ထရို သတင်းစာကုမ္ပဏီက ကင်းစ်နယ်မြေထဲမှာ ရီနေးတားကုမ္ပဏီရဲ့ စွမ်းဆောင်ခဲ့တဲ့ အောင်မြင်မှုတွေအကြောင်း သူရေးထားတဲ့ ဆောင်းပါးတွေကို လက်ခံဖို့ ငြင်းဆန်နေခဲ့တာပါ။
"ကျွန်တော် ဟိုဟိုဒီဒီ စုံစမ်းကြည့်တော့ အဆင့် ၄၀၀ မှာရှိတဲ့ ကုမ္ပဏီက တစ်ရက်ကို အရောင်းပမာဏ ၅၀၀၀ လောက် ရှိတယ်ဆိုတာ သိခဲ့ရတယ်။ အဲဒီအရောင်းပမာဏကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်သရွေ့တော့ ကျွန်တော်တို့လည်း အဆင့် ၄၀၀ နေရာနဲ့ ထိုက်တန်ပါတယ်ဆိုတာကို ဒေးလီးမက်ထရိုဆီ သက်သေပြနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်"
ကက်စတယ်လာက သူမရဲ့ ဖိုင်တွဲထဲက စာရွက်စာတမ်းတွေကို ကြည့်ရင်း ဝင်ပြောပါတယ်။
"တစ်ရက်ကို အရောင်းပမာဏ ၅၀၀၀ ဆိုတာမျိုးပဲဆိုရင်တော့ ကျွန်မတို့ ဒါကို အောင်မြင်ပြီးသားလေ။ ပွဲတော်ကြောင့် အပ်ပါးဝုဒ်နယ်မြေမှာ ရီနေးတားကုမ္ပဏီက အခုထိ လူကြိုက်များနေတုန်းပဲ။ ကျွန်မတို့ ပြန်ဖွင့်ပြီလို့ သူတို့ကို ကြေညာလိုက်တာနဲ့ တစ်ဝက်စာအချိန်အတွင်းမှာတင် အဲဒီပမာဏရဲ့ နှစ်ဆလောက်အထိ ရောင်းရဖို့ မျှော်လင့်လို့ရတယ်"
ဂျင်မီက ခေါင်းခါလိုက်ပြီး "အဲဒါက အဆင်ပြေမှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်မိတယ်။ ကျွန်တော်တို့မှာ အဲဒီအဆင့်ရဖို့ တစ်ရက်ပဲ အချိန်ရှိတာ၊ မဟုတ်သေးပါဘူး၊ အချိန်အားဖြင့် ၁၈ နာရီလောက်ပဲ ရှိတာ။ ကျွန်တော်တို့ကို အချိန်အလုံအလောက်သာ ပေးထားမယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ ကိုက်ညီတဲ့ အဆင့်တစ်ခုပေးဖို့ ဒေးလီးမက်ထရိုကို ကျွန်တော် အလွယ်တကူ နားချနိုင်ပါတယ်။
ဒါပေမဲ့ နာရီပိုင်းအနည်းငယ်အတွင်းမှာ ကျွန်တော်တို့ရဲ့ အဆင့်ကို ပြောင်းလဲပေးဖို့ တောင်းဆိုမယ်ဆိုရင်တော့ ကျွန်တော်တို့က အဲဒီနေရာနဲ့ တကယ်ထိုက်တန်ကြောင်းကို ဘယ်လိုမှ ငြင်းကွယ်လို့မရတဲ့အထိ သူတို့ကို ပြတ်ပြတ်သားသား သက်သေပြရလိမ့်မယ်။ ကျွန်တော်တို့က ပုံမှန်အဆင့်လောက်လေးပဲ လုပ်ပြရင် သူတို့ လက်ခံမှာမဟုတ်ဘူး။ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေမယ့် အရာတစ်ခုခု လုပ်ပြဖို့လိုတယ်။ ပြိုင်ဘက်တွေကို အမှုန့်ခြေပစ်နိုင်လောက်တဲ့အထိ လုပ်ပြရမယ်၊ ဒါမှသာ သူတို့လည်း ကျွန်တော်တို့ကို အဲဒီအဆင့် ပေးရုံကလွဲလို့ အခြားမရှိ ဖြစ်သွားမှာ" လို့ ဆိုပါတယ်။
မိုက်ကယ်အနေနဲ့ အဲဒီပန်းတိုင်ကို ရောက်ဖို့ တစ်ရက်တည်းသာ အချိန်ရှိပါတော့တယ်။
တကယ်လို့သာ ဒါကိုလုပ်ဖို့ တစ်ပတ်လောက် အချိန်ရမယ်ဆိုရင် သူ တော်တော်လေး ယုံကြည်မှု ရှိနေမှာပါ။ သုံးရက်ဆိုရင်တောင် တော်တော်လေး ဖြစ်နိုင်ခြေ ရှိပါသေးတယ်။ ဒါပေမဲ့ တစ်ရက်တည်းနဲ့ လုပ်ရမယ်ဆိုတာကတော့ ဖြစ်နိုင်ခြေရဲ့ အကန့်အသတ် အစွန်းဆုံးကို ရောက်နေသလိုပါပဲ။
ပြဿနာက ထုတ်ကုန်တွေကြောင့် မဟုတ်ပါဘူး။ လူတွေက တစ်ခါလောက် မြည်းစမ်းကြည့်ပြီးတာနဲ့ နောက်ထပ် ထပ်ဝယ်ဖို့ အမြဲတမ်း ဆန္ဒရှိကြတယ်ဆိုတာ အကြိမ်ကြိမ် သက်သေပြပြီးသား ဖြစ်လို့ပါ။
အဓိက ပြဿနာက ရီနေးတားကုမ္ပဏီကို လူတွေ သိပ်မသိကြသေးတဲ့ အချက်ပဲ ဖြစ်နေတယ်။
"သခင်မိုက်ကယ်၊ ရိုင်းချင်ရိုင်းပါလိမ့်မယ်၊ ဒါပေမဲ့ ဝယ်ယူသူတွေ ကျွန်မတို့ထုတ်ကုန်တွေကို လာမြည်းစမ်းကြည့်ချင်လာအောင် အရိပ်ဝံပုလွေတွေကို သုံးပြီး လှုံ့ဆော်တဲ့နည်းကို သုံးလို့ရပါတယ်။ အဲဒါဆိုရင် ကျွန်မတို့ပြဿနာတွေကို သိပ်ကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မယ်" လို့ ရှီနာက အကြံပြုပါတယ်။
အဲဒါက မိုက်ကယ်ရဲ့ စိတ်ထဲမှာလည်း ပထမဆုံး ပေါ်လာတဲ့ အတွေးပါပဲ။ ဒါပေမဲ့ ဒါက အတွေးသက်သက်သာ ဖြစ်တယ်။ ကိုယ်ကျင့်တရားပိုင်းအရ မမှန်ကန်တဲ့အတွက် သူ တကယ် လုပ်မှာတော့ မဟုတ်ပါဘူး။
ကံကောင်းစွာနဲ့ပဲ ဂျင်မီရဲ့ စကားတွေက သူ့ကို အိုင်ဒီယာတစ်ခု ရစေခဲ့ပါတယ်။
"ဂျင်မီ၊ မင်း ရိုင်းစင်းဆစ်ခ်စ် အကြောင်း သိလား"
ရီနေးတားရဲ့ သတင်းထောက်အသစ်ကလေးက ခေါင်းကို အသည်းအသန် ငြိမ့်ပြပြီး "သိတာပေါ့၊ ကျွန်တော် သူတို့ကို သိတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတင် သူတို့အကြောင်းက တစ်မြို့လုံးမှာ အပြောများဆုံး ဖြစ်နေတာ။ သူတို့အားလုံးက လှုပ်ရှားမှုတွေ လုပ်ပြီး လေလံပွဲအတွက် ပြင်ဆင်နေကြတာနဲ့ အလုပ်ရှုပ်နေကြတယ်" လို့ ဖြေပါတယ်။
"သူတို့က လူကြိုက်များတယ် မဟုတ်လား" မိုက်ကယ်က သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာရင်း မေးလိုက်တယ်၊ "အရောင်းပမာဏမှာ သူတို့ကို အပြတ်အသတ် အနိုင်ယူလိုက်မယ်ဆိုရင် ငါတို့ အဲဒီအဆင့် ရနိုင်လောက်အောင် အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေမယ့် အရာတစ်ခု ဖြစ်လာမယ်လို့ မင်း ထင်လား"
မိုက်ကယ် အကြံပြုလိုက်တဲ့အရာကြောင့် ဂျင်မီက လန့်ဖျပ်သွားပြီး နေရာကနေ ထရပ်လိုက်ကာ "ဆရာ ဘာလုပ်ဖို့ ကြံစည်နေတာလဲ" လို့ မေးပါတယ်။
"ငါတို့ အရောင်းတိုက်ပွဲမှာ သူတို့ထဲက တစ်ယောက်ယောက်နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ကြမယ်။ အရောင်းပမာဏမှာ ငါတို့က သူတို့ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတဲ့ သက်သေရှိသွားတာနဲ့ ဒေးလီးမက်ထရိုကလည်း ငါတို့ကို အဲဒီအဆင့် ပေးရုံကလွဲလို့ မရှိတော့ဘူး၊ ဟုတ်တယ်မလား"
"ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့..." ဂျင်မီတစ်ယောက် ဆွံ့အသွားရရှာတယ်။
"ဆရာဂျင်မီ၊ ရိုင်းစင်းဆစ်ခ်စ် ထဲမှာ ဘယ်သူက အားအနည်းဆုံးလဲ" ကက်စတယ်လာက မေးပါတယ်၊ "သခင်လေး၊ ကျွန်မတို့ အဆင့်ကို သက်သေပြဖို့အတွက် အားအနည်းဆုံးလူကိုပဲ ပစ်မှတ်ထားသင့်တယ်လို့ ထင်ပါတယ်"
ဂျင်မီက စိတ်ပျက်လက်ပျက်နဲ့ သူ့နက်ကတိုင်ကို လျှော့လိုက်ရင်း "သူတို့အားလုံးက စွမ်းအားချင်း တော်တော်လေး တူတူပါပဲ။ ဒါပေမဲ့ စီးပွားရေးအရ ပြောရမယ်ဆိုရင် အားအနည်းဆုံးတစ်ယောက်ကို ရွေးရမယ်ဆိုရင်တော့ စပိုက်စ်ဗိုက်စ်ဌာနက ရိန်နာလို့ပဲ ကျွန်တော်ထင်တယ်။ သို့သော်လည်း သူက မကြာသေးခင်ကတင် သူ့ရဲ့ အဆင့်တွေကို မြှင့်တင်နိုင်ကြောင်း ပြသထားနိုင်ခဲ့တယ်" လို့ ပြောပါတယ်။
"ဘယ်သူက အသန်မာဆုံးလဲ" မိုက်ကယ်က မေးပါတယ်။
"အခုလောလောဆယ်တော့ ပိရမစ်ဒစ် ကျူဇင်း က ဘိုးရီဂိုးပဲ။ သူက သိပ်ကို တော်တဲ့၊ ပြီးတော့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ကျွမ်းကျင်မှု အပြည့်ရှိတဲ့ စားဖိုမှူးတစ်ယောက်ပေါ့။ သူ့ရဲ့ အဖျော်ယမကာအသစ်တွေနဲ့ အစားအသောက်တွေအကုန်လုံးက အမြဲတမ်း ရောင်းကုန်တာချည်းပဲ"
မိုက်ကယ်က ခပ်ဖွဖွ ရယ်မောမတတ် ပြုံးလိုက်ပြီး "သူက အဖျော်ယမကာတွေ ရောင်းတာလား၊ အဲဒီလိုဆိုရင်တော့ ဆုံးဖြတ်လိုက်ပြီ။ ငါတို့ သူ့ကိုပဲ ပစ်မှတ်ထားပြီး ယှဉ်ပြိုင်မယ်" လို့ ဆိုပါတယ်။
မိုက်ကယ် ပြောနေတဲ့အရာကို ဂျင်မီတစ်ယောက် မယုံနိုင်လောက်အောင် ဖြစ်သွားရတယ်။ မိုက်ကယ်က အဆင့်သတ်မှတ်ချက်ထဲ မဝင်ချင်တော့တဲ့အတိုင်း ဖြစ်နေလို့ပဲ။
"တကယ်ကြီးလား၊ တကယ်လို့ ကျွန်တော်တို့က သူ့ကို ပစ်မှတ်ထားမယ်ဆိုရင် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပိုပြီး ခက်ခဲအောင် လုပ်လိုက်သလိုပဲ ဖြစ်မှာပေါ့" ဂျင်မီက အော်ပြောလိုက်မိပြီး မိုက်ကယ်ကို ပြန်စဉ်းစားဖို့ တောင်းပန်တိုးလျှိုးသလိုမျိုး ဖြစ်နေခဲ့တယ်။
"မင်းကိုယ်တိုင်ပဲ ပြောခဲ့တယ်လေ။ ငါတို့ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေမယ့်အရာတစ်ခု လုပ်ဖို့လိုတယ်ဆိုတာ။ ရိုင်းစင်းဆစ်ခ်စ် ထဲက အဆင့် ၁ နေရာမှာရှိတဲ့လူကို အနိုင်ယူတာထက် ပိုပြီး ဟိုးလေးတကျော် ဖြစ်သွားစေမယ့်အရာ ဘာရှိဦးမှာလဲ"
မိုက်ကယ်က ဒီလို အစီအစဉ်မျိုးကို စဉ်းစားမိလိမ့်မယ်လို့ ဂျင်မီ တစ်ခါမှ မတွေးဖူးခဲ့ပါဘူး။ ဒါက တကယ် ရူးသွပ်လွန်းတဲ့အရာပါ၊ ဘာလို့လဲဆိုတော့ ရိုင်းစင်းဆစ်ခ်စ် ဆိုတာ ဒီမျိုးဆက်ရဲ့ အကောင်းဆုံး ပါရမီရှင်အသစ်တွေလို့ သတ်မှတ်ခံထားရသူတွေ ဖြစ်လို့ပဲ။ မက်ထရိုပိုလစ်မှာ သူတို့ရဲ့ နာမည်တွေက အခိုင်အမာ ရှိနေပြီးသားမို့လို့ သူတို့မှာ အခြေခံ အရောင်းပမာဏက အစကတည်းက မြင့်မားနေပြီးသား ဖြစ်ပါတယ်။ ဘိုးရီဂိုး အတွက်ဆိုရင် ပိုလို့တောင် ဟုတ်တယ်။
ဒါပေမဲ့ မိုက်ကယ်အတွက်ကတော့ ဒါက သူတို့ပြဿနာရဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းဆိုတာကို သိနေခဲ့တယ်။
သူ့ရဲ့ ဆိုဒါအချိုရည်က ဘိုး ရေးဆွဲဖန်တီးထားတဲ့ ဘယ်လို ဖျော်ရည် ဒါမှမဟုတ် အစားအစာမျိုးကိုမဆို အနိုင်ယူနိုင်လိမ့်မယ်ဆိုတာ သူ ကောင်းကောင်း သိနေပါတယ်။ ဆန်းသစ်ဆန်းပြားတဲ့ အချက်လေးတစ်ခုတည်းနဲ့တင် ရီနေးတားကို တစ်ရက်တည်းအတွက်ပဲ ဖြစ်ဖြစ် သူတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးကို ရောက်သွားစေနိုင်မှာပါ။
ပြီးတော့ သူက ရိုင်းစင်းဆစ်ခ်စ် နဲ့ အနှေးနဲ့အမြန် ထိပ်တိုက်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါက ထိပ်တိုက်တွေ့ဖို့ အချိန်ကိုက် အကောင်းဆုံး အခွင့်အရေးပါပဲ။
"ကောင်းပြီလေ" ဂျင်မီက လက်နှစ်ဖက် မြှောက်ပြရင်း "ဆရာနဲ့ လက်တွဲလာတာ ကြာပြီဖြစ်တဲ့အတွက် ဆရာ့ကိုတော့ မလောင်းကြေးထပ်ရဲဘူး" လို့ ပြောလိုက်ပါတယ်။
"ကျေးဇူးပဲ"
"ဆရာရရှိမယ့် အရောင်းပမာဏအားလုံးကို ကျွန်တော် စာရင်းလုပ်ထားပေးမယ်၊ ပြီးတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ မှတ်တိုင်ကို ရောက်တာနဲ့ ဒေးလီးမက်ထရိုဆီ တန်းပြေးပြီး အဆင့်ပြောင်းလဲပေးဖို့ လျှောက်ထားပေးမယ်" လို့ ဂျင်မီက ကတိပေးပါတယ်။
ရှီနာက နေရာကနေ ထရပ်လိုက်ပြီး "သခင်မိုက်ကယ်၊ ကျွန်မတို့ဆီမှာ ရှိတဲ့ ဆိုဒါလက်ကျန်က ပုလင်းပေါင်း တစ်ထောင်ပဲ ရှိပါသေးတယ်။ နောက်ထပ် အများကြီး ထပ်ထုတ်ဖို့ စီစဉ်ပေးရမလား" လို့ မေးပါတယ်။
ရှီနာ့ထုံးစံအတိုင်းပါပဲ၊ သူ ဘာမှမပြောရသေးခင်မှာတင် ဘာလုပ်ရမလဲဆိုတာကို သူမက အကွက်စေ့စေ့ သိနေခဲ့တာ ဖြစ်ပါတယ်။
"ဟုတ်တယ်၊ လိုအပ်ရင် ငါကိုယ်တိုင်ပဲ လုပ်လိုက်မယ်"
ရှီနာက အပြောင်းအလဲကို စက်ရုံဆီ အကြောင်းကြားဖို့ အခန်းထဲကနေ ချက်ချင်း ပြေးထွက်သွားပါတယ်။ တစ်ဖက်မှာလည်း သူမက ဘိုးနဲ့ သူမရဲ့ ကုမ္ပဏီအကြောင်း ပိုပြီးသိရအောင် ဂျင်မီနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
"သခင်လေး၊ သူတို့က အော်ပရာပြဇာတ်ရုံရဲ့ ဘေးနားတင်ရှိတဲ့ ဖျော်ဖြေရေးနယ်မြေမှာ လုပ်ကိုင်နေကြတာလို့ သိရပါတယ်" သူမက အစီရင်ခံပါတယ်၊ "သူက အခုလောလောဆယ်မှာ သူ့ရဲ့ ကိုယ်ပိုင် အမှတ်အသား အစားအစာ ဖြစ်တဲ့ မြေစေးအိုးအသားနဲ့ ရွှံ့စေးဖျော်ရည်ကို တည်ခင်းရောင်းချနေပါတယ်"
မိုက်ကယ်က ဒါကို လုပ်ဖို့ နည်းလမ်းတစ်ခုကို စဉ်းစားပြီးသား ဖြစ်နေခဲ့ပြီ။ "ငါတို့ လူတွေကို လမ်းပေါ်မှာ ရပ်ခိုင်းပြီး သူတို့ကို ဆိုဒါ လိုက်ကမ်းခိုင်းမယ်။ ဖျော်ဖြေရေးနယ်မြေမှာ လမ်းလျှောက်နေတဲ့လူတွေ အများကြီးရှိတော့ သူတို့ အလွယ်တကူ ရေငတ်ကြလိမ့်မယ်"
သူက အော်ပရာပြဇာတ်ရုံနဲ့ အခြား ဖျော်ဖြေရေးပွဲတွေက လာတဲ့ ဧည့်သည်တွေအနေနဲ့ အခု ဆိုဒါလိုမျိုး ဆန်းသစ်တဲ့အရာတစ်ခုခုကို မြည်းစမ်းကြည့်ဖို့ ပိုပြီး ဆန္ဒရှိကြလိမ့်မယ်ဆိုတဲ့ အချက်ကိုလည်း အားကိုးထားတယ်။
* * * * * * * *
နာရီပိုင်းအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ နေမင်းက ကောင်းကင်ယံကို ထိုးဖောက်ထွက်ပေါ်လာပြီး တစ်နေ့တာက စတင်လို့ သွားခဲ့ပါပြီ။ ဖန်ပုလင်းတွေ ပိုပြီး ထုတ်လုပ်ဖို့အတွက် အချိန်အနည်းငယ် ပိုပေးလိုက်ရပေမဲ့ မိုက်ကယ်ရဲ့ မှော်စွမ်းအင်နဲ့ဆိုတော့ ပုံမှန်ထက် ပိုပြီး အချိန်မီ အမြန်ဆုံး ပြီးစီးအောင် လုပ်နိုင်ခဲ့ကြပါတယ်။
* * * * * * * *
စာစဉ်(၄၃)