အခန်း ၅၁၄
Vol. 43 Ch. 514
အခန်း(၅၁၄)
မက်ထရိုပိုလစ်ရဲ့ သာမန်အရပ်သားတွေအတွက်တော့ ဒီနေ့ဟာ ထူးမခြားနားတဲ့ တခြားနေ့ရက်တွေလိုပါပဲ။ ဒါပေမဲ့ လေလံပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်မှန်းထားကြတဲ့ ကုမ္ပဏီတွေအတွက်တော့ သူတို့ရဲ့ ပြင်ဆင်မှုတွေကို အမြန်ဆုံး အချောသပ်နိုင်ဖို့ လက်ရှိမှာ အသည်းအသန် လုံးပန်းနေကြရတယ်။
အင်အားကြီးအဖွဲ့အစည်းတွေနဲ့ အင်အားနည်းအဖွဲ့အစည်း တချို့ဟာ တခြားသူတွေထက် သတင်းအချက်အလက်ကို ပိုပြီးမြန်မြန်ဆန်ဆန် ရရှိခဲ့ကြတယ်။ အဲဒီအတွက်ကြောင့်လည်း အချိန်တိုအတွင်း အကြောင်းကြားစာ ရရှိခဲ့တာတောင် လေလံပွဲအတွက် အချိန်မီ ပြင်ဆင်နိုင်ခဲ့ကြတယ်။ မနက်ခင်း ရောက်တဲ့အချိန်မှာတော့ သူတို့အားလုံးဟာ ရောက်ရှိလာမယ့် ညချမ်းအချိန်နဲ့ စတင်တော့မယ့် လေလံပွဲအတွက် အသင့်ဖြစ်နေကြပြီ။
မိုက်ကယ်ကလည်း သတင်းကို စောစောစီးစီး ရရှိထားတာမို့လို့ ဆိုဒါပုလင်းတွေကို လုံလုံလောက်လောက် ပြင်ဆင်ထားနိုင်ခဲ့တယ်။ သူက ဖတ်ချ်ကို ကျေးဇူးတင်ချင်ပေမဲ့ အဲဒီစလိုင်းမ်ကို မဆိုင်တဲ့နေရာတွေမှာ အမြဲတမ်း လိုက်ပြီး စပ်စုတတ်တဲ့ အကျင့်ကြီး ဖြစ်သွားမှာကိုတော့ မလိုလားဘူး။
ဘာပဲဖြစ်ဖြစ် သူက ရီနေးတားနိုင်ငံတော်က ပါရမီရှင် အရောင်းသမားတွေအကုန်လုံးကို စုစည်းပြီး ဒီသီးသန့်မစ်ရှင်တစ်ခုတည်းအတွက်နဲ့တင် မက်ထရိုပိုလစ်ဆီ ခေါ်ဆောင်လာခဲ့တယ်။ သူတို့သာမရှိရင် လူသိနည်းသေးတဲ့ ဒီဆိုဒါကို အများပြည်သူတွေကြားထဲ ပျံ့နှံ့သွားအောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူနိုင်ဘူးလေ။
သူက အဲဒီလူတွေနဲ့အတူ ရထားလုံးတွေ ဒါမှမဟုတ် မြင်းတွေ ပေးမဝင်တဲ့ ဖျော်ဖြေရေးနယ်မြေဆီကို အတူတူသွားခဲ့တယ်။ အဲဒီနေရာဟာ အလုံးအရင်းနဲ့ လာကြမယ့် လူအုပ်ကြီး ဖြတ်သန်းသွားလာနိုင်ဖို့သက်သက် သီးသန့်ဒီဇိုင်းဖော်ထားတဲ့ ကျယ်ဝန်းတဲ့ လမ်းမကြီးတစ်ခု ဖြစ်တယ်။
သူတို့ ဖျော်ဖြေရေးနယ်မြေထဲ ဝင်လိုက်တာနဲ့ စည်းချက်ကျကျ တီးမှုတ်နေတဲ့ တံပိုးမှုတ်သံတွေကို ချက်ချင်းပဲ ကြားလိုက်ရတယ်။ အသံလာရာကို သူ လှည့်ကြည့်လိုက်တော့ စားသောက်ဆိုင်တစ်ဆိုင်ထဲမှာ တိုက်ရိုက်တီးခတ်နေတဲ့ တီးဝိုင်းတစ်ခုဆီကနေ ထွက်ပေါ်လာတာကို တွေ့လိုက်ရတယ်။
တကယ်လို့သာ တီးဝိုင်းတစ်ခုတည်း တီးခတ်နေတာဆိုရင် နားထောင်လို့ တော်တော်လေး ကောင်းမွန်နေမှာ။ သို့ပေမဲ့ လမ်းမတစ်ခုလုံးမှာ ကိုယ်ပိုင်တီးဝိုင်းအသီးသီးနဲ့ တိုက်ရိုက်တီးမှုတ်ဖျော်ဖြေနေကြတဲ့ စားသောက်ဆိုင်တွေချည်းပဲ ပြည့်နှက်နေတာကြောင့် ထွက်ပေါ်လာတဲ့ အသံစုံတွေဟာ စည်းဝါးမကျဘဲ ဆူညံပွက်လောရိုက်နေတဲ့ ပရမ်းပတာကြီး ဖြစ်နေခဲ့တယ်။
ဘယ်ဘက်အခြမ်းမှာတော့ လက်လီဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေ၊ ဘားတွေနဲ့ တခြားသော အပန်းဖြေစရာ အဆောက်အအုံတွေ ရှိနေတယ်။
ဒီနေရာမှာရှိတဲ့ လူတွေအားလုံးဟာ အကြိုက်အနှစ်ကြီး ပျော်ပါးနေကြတာမို့လို့ ဖျော်ဖြေရေးနယ်မြေဆိုတဲ့ နာမည်နဲ့လည်း တကယ့်ကို လိုက်ဖက်လှပါတယ်။ အချိန်က မနက်စောစောစီးစီးပဲ ရှိသေးတာတောင် တချို့လူတွေဆို ရီဝေနေကြပြီး လမ်းမပေါ်မှာ ခြေလှမ်းတွေတောင် တိုင်ပတ်နေကြပြီ။
ဒါပေမဲ့ ညာဘက်အခြမ်းကတော့ လုံးဝဥဿုံ ဆန့်ကျင်ဘက်ပါပဲ။ ဒီဘက်က အဆောက်အအုံတန်းတွေကတော့ အထက်တန်းလွှာ ဖောက်သည်တွေအတွက် သီးသန့်ရည်ရွယ်ထားတဲ့ ပြဇာတ်ရုံတွေနဲ့ ဖျော်ဖြေပွဲတွေအတွက်ပဲ ဖြစ်တယ်။
တကယ်လို့ ဘယ်ဘက်အခြမ်းက သာမန်လူတွေနဲ့ ပြည့်နှက်နေပြီး ပျော်ပါးသောက်စားနေကြတာဆိုရင် ညာဘက်အခြမ်းကတော့ ဇာတ်လမ်းတွေကို လူကိုယ်တိုင် လာရောက်သရုပ်ဆောင်ပြတာကို ကြည့်ရှုပြီး သူတို့ရဲ့ စိတ်အာရုံနဲ့ ဝိညာဉ်ကို အဟာရကျွေးဖို့ လာကြတဲ့ ခန့်ခန့်ညားညား ဝတ်ဆင်ထားတဲ့ မာန်ကြီးလှတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ပြည့်နှက်နေတာ ဖြစ်တယ်။
"သခင်... ဂူစတိုရဲ့ စားသောက်ဆိုင်က ဟိုးအရှေ့တည့်တည့်မှာတင် ရှိတာပါ"
သူ့ခြေဖဝါးအောက်ကနေ ဖတ်ချ်ရဲ့ အသံက ဟိန်းထွက်လာပြီး လမ်းကြောင်းမှန်ကို ညွှန်ပြပေးခဲ့တယ်။
ဒါပေမဲ့ ဖတ်ချ်က သူ့ကို မပြောပြခဲ့ရင်တောင် ခန့်မှန်းရတာ လွယ်ကူပါတယ်။
ဖျော်ဖြေရေးနယ်မြေရဲ့ အဆုံးသတ်တည့်တည့်မှာ နေ့ခင်းကြောင်တောင်မှာတောင် တလက်လက် တောက်ပနေတဲ့ သုံးထပ်အမြင့်ရှိတဲ့ ကြီးမားခမ်းနားတဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင် ရှိနေတယ်။ သူတို့ကတော့ သူတို့ရဲ့ အဆောက်အအုံမှာ မီးတွေ အမြဲတမ်းလင်းနေအောင် မှော်ဆရာတွေကို ငှားရမ်းထားနိုင်တဲ့ တစ်ခုတည်းသော စားသောက်ဆိုင် ဖြစ်တယ်။
ဒါဟာ အကောင်းစား အစားအသောက်တွေကို မြည်းစမ်းချင်တဲ့ ဘယ်သူမဆိုအတွက် ပထမတန်းစား ရွေးချယ်မှုပါပဲ။ အော်ပရာပြဇာတ်ရုံကို ကြည့်ရှုပြီးစ အဲဒီအထက်တန်းလွှာလူတွေအားလုံးဟာ ဒီသီးသန့် စားသောက်ဆိုင်မှာပဲ စားသောက်ဖို့ ရွေးချယ်ကြမှာ ဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် ဒါက ပိရမစ်ဒစ် ကျူဇင်းရဲ့ အဓိက အခွဲတွေထဲက တစ်ခုလေ။ ဒါတင်မကဘဲ ရိုင်းဇင်းဆစ်ထဲမှာ အတော်ဆုံးလို့ ကြေညာထားတဲ့ နာမည်ကြီး ဂူစတို ကိုယ်တိုင်လည်း အဲဒီမှာ သီးသန့် နေထိုင်တာ ဖြစ်တယ်။ လူတိုင်းက သူ ချက်ပြုတ်တဲ့ အစားအသောက်တွေကို မြည်းစမ်းချင်ကြတယ်။ ဒါပေမဲ့လည်း ဘယ်သူမဆို လာပြီး နေရာဦးထားလို့ရတဲ့ ဆိုင်မျိုးတော့ လုံးဝမဟုတ်ဘူး။
မိုက်ကယ်နဲ့ တခြား ရီနေးတားနိုင်ငံသားတွေဟာ ဂူစတိုရဲ့ စားသောက်ဆိုင်နဲ့ လုံးဝဆန့်ကျင်ဘက် အခြမ်းမှာ နေရာယူလိုက်ကြတယ်။
ဒီနေရာက တကယ်တော့ စွန့်ပစ်ခံထားရတဲ့ နေရာပါ။ အင်အားနည်းအဖွဲ့အစည်းတွေထဲက တစ်ခုနဲ့ တည့်တည့်ရင်ဆိုင်ပြီး မပြိုင်ချင်ကြတာကြောင့် ဒီလမ်းထဲမှာ ဘယ်အိမ်ငှားမှ မရှိကြဘူး။
ဒါပေမဲ့ သေချာတာပေါ့... ဒါက မိုက်ကယ်အတွက်တော့ သူ့ရဲ့ဆိုင်ခန်းလေးကို တည်ဆောက်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခု ဖြစ်သွားခဲ့တယ်။
"ပုလင်းတွေကို အသင့်ပြင်ကြတော့" လို့ သူက ရီနေးတားနိုင်ငံသားတွေကို ပြောလိုက်တယ်။
ဒီအရောင်းသမားတွေဟာ ကျောပြင်မှာ ဆလင်ဒါပုံစံ သတ္တုကန်ကြီးတွေကို လွယ်ထားကြပြီး အဲဒီကန်ရဲ့ အောက်ခြေကနေ သူတို့ရဲ့ လက်ထဲဆီကို ပိုက်လိုင်းတစ်ခု ချိတ်ဆက်ထားတယ်။
ပြင်ဆင်မှုတွေ ပြီးဆုံးသွားတဲ့အခါမှာတော့ ရီနေးတားနိုင်ငံသား ခြောက်ယောက်ဟာ လမ်းမတွေထဲကို ထွက်ခွာသွားပြီး သူတို့ မြင်သမျှလူတိုင်းဆီကို စတင်ချဉ်းကပ်ကြတော့တယ်။
"မင်္ဂလာပါ လူကြီးမင်း... ခံစားချက်အသစ်အဆန်းတစ်ခုကို စမ်းကြည့်ချင်ပါသလား။ ဒါက ရီနာတီရို့စ် လို့ ခေါ်တဲ့ ဆိုဒါပါခင်ဗျာ" လို့ ရီနေးတားနိုင်ငံသားက လမ်းသွားလမ်းလာ သာမန်အမျိုးသားတစ်ယောက်ကို ဖန်ပုလင်းလေး ကမ်းပေးရင်း ပြောလိုက်တယ်။
အဲဒီလူက ထူးဆန်းတဲ့ ထည့်စရာပစ္စည်းနဲ့ ဘေးဘက်မှာ ကပ်ထားတဲ့ မျက်စိကျစရာ ဂရပ်ဖစ်ပုံရိပ်ကို ကြည့်ပြီး စိတ်ဝင်စားသွားတဲ့ပုံ ရပါတယ်။ သို့ပေမဲ့ သူက ဒီဖျော်ရည်နဲ့ လုံးဝ အကျွမ်းတဝင် မရှိဘူး ဖြစ်နေတယ်။
"အင်း... ငါလည်း မသိဘူး။ ဒါက သောက်လို့ကော ရရဲ့လား။ အညိုရင့်ရောင်ကြီး ဖြစ်နေတာကို"
ရီနေးတားနိုင်ငံသားက စိတ်ဓာတ်ကျမသွားပါဘူး။ သူက ပြုံးလိုက်ပြီး အဲဒီလူကို သစ်သားခွက်ကလေးတစ်ခွက် ကမ်းပေးလိုက်တယ်။ "လူကြီးမင်း မြည်းစမ်းကြည့်ချင်ပါသလား။ အလကား ပေးတာပါခင်ဗျာ"
သူက ပိုက်လိုင်းကို အသုံးပြုပြီး ဆိုဒါအနည်းငယ်ကို အဲဒီလူ မြင်သာအောင် သစ်သားခွက်ထဲ ထည့်ပေးလိုက်တယ်။
"အေးလေ... အကြာကြီး လမ်းလျှောက်လာရတော့ ငါလည်း နည်းနည်းတော့ ရေဆာသား။ ဒါပေမဲ့ ငါက အေးတာလေး သောက်ချင်တာ။ ဒါက အမြှုပ်တွေ ထနေတော့ ပူမယ့်ပုံပဲ"
ရီနေးတားနိုင်ငံသားက ပြုံးလိုက်ပြီး သစ်သားခွက်ကို သူ့ဆီ တိုးပေးလိုက်တယ်။ "မြည်းစမ်းကြည့်ပါ လူကြီးမင်း။ အေးအေးလေးပါ"
အဲဒီလူက နောက်ဆုံးတော့ အလကားပေးတဲ့ လက်ဆောင်ကို လက်ခံလိုက်တယ်။ ပြီးတော့ အရသာကို သိရုံလောက်တင် တစ်ငုံ သောက်ကြည့်လိုက်တယ်။
သူ့ရဲ့ ပါးစပ်ထဲမှာ အဲဒီလို တစီစီနဲ့ ပေါက်ကွဲသွားတဲ့ ခံစားမှုကို ရလိုက်တာနဲ့ တပြိုင်နက် အဲဒီလူဟာ ချက်ချင်းပဲ စွဲလန်းသွားခဲ့တယ်။
"ဒါ ဘာကြီးလဲ။ ငါ ဒီလို ခံစားချက်မျိုး တစ်ခါမှ မကြုံဖူးဘူး"
အဲဒီလူက အလကားပေးတဲ့ ဆိုဒါကို တစ်ကျိုက်တည်းနဲ့ ကုန်အောင် မော့ချလိုက်တယ်။ "အာ... ကောင်းလိုက်တာ။ ငါ နောက်ထပ် လိုချင်သေးတယ်"
အဲဒီအခါမှာ ရီနေးတားနိုင်ငံသားက ဖန်ပုလင်းကို ကမ်းပေးလိုက်တယ်။ "ရပါပြီ လူကြီးမင်း။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ"
အဲဒီလူရဲ့ အံ့ဩတုန်လှုပ်သွားတဲ့ အသံကြောင့် လမ်းသွားလမ်းလာ တချို့လည်း ဒီဖျော်ရည်အပေါ် စပ်စုချင်စိတ်တွေ ဖြစ်ပေါ်လာစေခဲ့တယ်။ သေချာတာပေါ့... ရီနေးတားနိုင်ငံသားတွေက သူတို့ကို မြည်းစမ်းဖို့ အလကား ပေးခဲ့ကြပြီး အရင်လူလိုပဲ သူတို့လည်း ပါးစပ်ထဲမှာ အဲဒီလို တစီစီ ခံစားချက်ကို ရရှိသွားတဲ့အခါမှာတော့ စွဲလန်းသွားကြပြန်တယ်။
မိနစ် ၂၀ လောက်အတွင်းမှာတင် အပုလင်း နှစ်ဆယ်လောက် ရောင်းချလိုက်ရဖို့အထိ သိပ်ပြီး မကြာလိုက်ပါဘူး။
ဒါက ကူးစက်တတ်တဲ့ အကျိုးသက်ရောက်မှုလိုပါပဲ။ ဆိုဒါကို စတင်ရောင်းချတဲ့ ပထမဆုံး မိနစ်အနည်းငယ်မှာတော့ တုံ့နှေးနေခဲ့သေးတယ်။ သို့ပေမဲ့ လူတွေ ပိုပြီး မြည်းစမ်းမိလာလေလေ၊ အရသာကို စွဲလန်းသွားကြပြီး သူတို့ကိုယ်တိုင်ပါ ဝယ်ယူချင်လာကြလေလေပါပဲ။
နောက်ဆုံးမှာတော့ ရီနေးတား အရောင်းသမားတွေရဲ့ ပတ်ပတ်လည်မှာ လူအုပ်ကြီး စုပြုံလာခဲ့ပြီး အားလုံးက အလကား မြည်းစမ်းခွင့် ရဖို့ တောင်းဆိုနေကြတော့တယ်။
အဲဒီလိုနဲ့ပဲ မိုက်ကယ်ရဲ့ စီးပွားရေးဟာ ဖျော်ဖြေရေးနယ်မြေထဲက စားသောက်ဆိုင်တွေထက် ပိုကောင်းမွန်မနေရင်တောင် အဆင့်အတန်းချင်း တန်းတူ ဖြစ်လာခဲ့တယ်။
ဒါပေမဲ့ ဒီလို ဖြစ်နေတာတောင် မိုက်ကယ်က အခုထိ မအောင်ပွဲခံသေးပါဘူး။ သူ့ရဲ့ တွက်ချက်မှုအရဆိုရင် အဆင့်မြှင့်တင်မှု ရယူနိုင်ဖို့အတွက် လိုအပ်တဲ့ သတ်မှတ်ချက်ကို ပြည့်မီနိုင်ဦးမှာ မဟုတ်သေးဘူး။ သူက စာရင်းတွေကို မှတ်သားထားတာဖြစ်ပြီး ဂူစတိုရဲ့ စားသောက်ဆိုင်ကတော့ မိနစ်တိုင်းမှာ သူ့ထက် ဖောက်သည်တွေ ပိုပြီး ရရှိနေတုန်းပဲ ဖြစ်တယ်။
ဒါက မကောင်းဘူး။ ဆိုဒါဖောက်သည်တွေရဲ့ တိုးတက်မှုနှုန်းက ကောင်းမွန်တယ်ဆိုပေမဲ့ ရိုင်းဇင်းဆစ်ထဲက အတော်ဆုံးလူကို အနိုင်ယူချင်တယ်ဆိုရင်တော့ ဒါက လုံလောက်မှု မရှိသေးဘူး။
သူ သတိထားမိတာက နယ်မြေရဲ့ ဘယ်ဘက်အခြမ်းဆီကနေ စိတ်ဝင်စားမှုတွေ အများကြီး ရရှိနေပေမဲ့ ညာဘက်အခြမ်းကနေတော့ သူ့ရဲ့ ဆိုဒါကို အနည်းဆုံး လာရောက် မြည်းစမ်းကြည့်ဖို့တောင် ဘယ်သူမှ လုံးဝ ရောက်မလာကြတာပဲ။
ဂုဏ်သရေရှိတဲ့ အထက်တန်းလွှာ ဖောက်သည်တွေက သူတို့ ဘာမှန်းမသိတဲ့အရာကို မြည်းစမ်းကြည့်ဖို့ ငြင်းဆန်နေကြတယ်။
"လူကြီးမင်း... နည်းနည်းလောက် မြည်းစမ်းကြည့်ချင်ပါသလားခင်ဗျာ" လို့ ရီနေးတားနိုင်ငံသားက မေးလိုက်တယ်။
"စိတ်မကောင်းပါဘူး... မသောက်တော့ဘူး။ ငါ့ရဲ့ ခံတွင်းကို အပျက်စီးမခံချင်ဘူး။ ငါ့ရဲ့ လျှာဖျား အရသာခံအာရုံကို ဂူစတိုရဲ့ မြေဖုတ်အသားနဲ့ ရွှံ့စေးဖျော်ရည်အတွက်ပဲ အသင့်ပြင်ထားချင်တာ"
သူ့ရဲ့ အောင်ပွဲအတွက် သော့ချက်က အဲဒီလူတွေပဲဆိုတာကို မိုက်ကယ် သဘောပေါက်သွားခဲ့တယ်။
ဂူစတိုရဲ့ စားသောက်ဆိုင်က အထက်တန်းလွှာ ဖောက်သည်တွေကိုပဲ လက်ခံတာ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဆိုဒါကတော့ သာမန် အလုပ်သမားလူတန်းစားတွေကိုပဲ ဆွဲဆောင်နိုင်သေးတာ။
တကယ်လို့ သူက ဂူစတိုကို အနိုင်ယူချင်တယ်ဆိုရင်တော့ ဖောက်သည် နှစ်ဖက်စလုံးကို ဆွဲဆောင်နိုင်ရမယ်။
အဲဒီအချိန်မှာပဲ မိုက်ကယ်ဟာ အဖြေက သူ့ရဲ့ မျက်စိရှေ့တည့်တည့်မှာ အစကတည်းက ရှိနေခဲ့တာကို သတိပြုမိသွားခဲ့တယ်။
'ငါ့ရဲ့ နေရာကို ပြောင်းလိုက်တယ်ဆိုတာ သူတို့ကို ပြောဖို့ မေ့သွားတာပဲ' လို့ မိုက်ကယ်က သူ့ဘာသာ ခပ်တိုးတိုး ရယ်မောရင်း တွေးလိုက်တယ်။
သူတို့တွေကပဲ သူ့အောင်ပွဲရဲ့ သော့ချက် ဖြစ်လာမှာပေါ့။
* * * * * * * *
စာစဉ်(၄၃)