အခန်း ၅၁၇
Vol. 44 Ch. 517
အခန်း(၅၁၇)
ဒေးလီးမက်ထရို သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ်တစ်ယောက်ဟာ သူ့စားပွဲခုံမှာ ထိုင်ရင်း ထိပ်ပြောင် ဖြစ်မယ့်အရေးကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ဦးခေါင်းက ဆံပင်တိုတိုတွေကို လက်နဲ့ အတင်းဆွဲဖွနေမိတော့တယ်။ အသက် လေးဆယ်မပြည့်ခင် ပြောင်သွားချင်လို့လား ထင်ရလောက်အောင်ပါပဲ။
ဒီနေ့မှာ သူတို့ ရင်ဆိုင်နေရတဲ့ ရူးသွပ်ချင်စရာကောင်းတဲ့ အလုပ်ဇယားတွေကို အမီလိုက်နိုင်ဖို့ ကြိုးစားနေရတာမို့ သူ့ခေါင်းထဲမှာ အတွေးပေါင်းစုံ၊ သတိပေးသံတွေနဲ့ အော်ဟစ်သံတွေက ဆူညံပွက်လောရိုက်လို့ နေပါတယ်။
ဒေါက် ဒေါက် ဒေါက်
သူက တံခါးဝဆီကို မျက်ထောင့်နီကြီးနဲ့ လှည့်ကြည့်လိုက်တယ်။ အခန်းထဲ ရောက်သွားရင် သူ့ကို လာမနှောင့်ယှက်ဖို့ လူတွေကို သေသေချာချာ မှာထားခဲ့တာလေ။
“ဘာကိစ္စလဲ” လို့ သူက စိတ်တိုတိုနဲ့ မေးလိုက်တယ်။
သူ့အတွင်းရေးမှူးမလေးက တံခါးနားကနေ ချောင်းကြည့်ပြီး ခပ်ရို့ရို့လေး ပြုံးပြရှာတယ်။
“ဟို... ဆရာခရွန့်ခ်၊ ဒီမှာ ဂျင်မီ ဆိုတဲ့သူက ကုမ္ပဏီအဆင့် တိုးမြှင့်တဲ့ကိစ္စအတွက် လာတွေ့တာပါ...”
သူမ စကားတောင် မဆုံးသေးခင်မှာပဲ ခရွန့်ခ်က လက်ခါပြပြီး မောင်းထုတ်လိုက်ပြီ။ အခုလို အချိန်မျိုးမှာ ကုမ္ပဏီအဆင့်တိုးဖို့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို လိုက်လုပ်နေဖို့ သူ့မှာ အချိန်မရှိဘူးလေ။
ဘာလို့လဲဆိုတော့ ဒေးလီးမက်ထရို သတင်းစာတိုက်ဟာ အသက်ရှင်ဖို့အတွက် သတင်းစာတွေကို အမြန်ဆုံး ရိုက်နှိပ်ထုတ်ဝေရမလို ဖြစ်နေပြီး အသည်းအသန် လောနေရတဲ့ အခြေအနေလို့ ပြောရင်တောင် လျှော့ပြောရာ ရောက်နေဦးမယ်။
ဒီနေ့က သူတို့ အမီလိုက်နိုင်ဖို့ တကယ်ကို ဖြစ်ပျက်မှုတွေ များပြားလွန်းတဲ့ နေ့တစ်နေ့ပါပဲ။
မနက်အစောကြီးကတည်းက မြို့စားကတော်ကြီးဟာ အရေးကြီးကိစ္စတစ်ခုမှာ ပတ်သက်နေတယ်ဆိုပြီး သူ့ရဲ့ သတင်းပေးတစ်ယောက်က လာနှိုးခဲ့တာ။ သတင်းထောက်တစ်ယောက်၊ သတင်းစာကုမ္ပဏီရဲ့ အယ်ဒီတာတစ်ယောက် အနေနဲ့ ဒီသတင်းကို သူများထက်ဦးအောင် အရင်ဆုံး ဖော်ပြချင်တာပေါ့။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မြို့စားကတော်ရဲ့ လုံခြုံရေးက သိပ်တင်းကျပ်လွန်းတာမို့ ဘာသတင်းအချက်အလက်မှ စုံစမ်းလို့မရခဲ့ဘူး။ ဒါကြောင့် ခရွန့်ခ်ဟာ မနက်အစောကြီးကတည်းက နိုးနေပြီး သတင်းထပ်ရနိုးနိုးနဲ့ တစ်နာရီမှတောင် မအိပ်ရဘဲ စောင့်နေခဲ့ရတာ။
သို့ပေမဲ့ နေရောင်ခြည်က တိမ်တိုက်တွေကြားထဲကနေ ထွက်ပြူလာပြီး တစ်နေ့တာလုံးလုံး စတင်နေပြီဖြစ်တဲ့ အချိန်ကျမှပဲ အဲဒီသတင်းက ထွက်ပေါ်လာခဲ့တယ်။
နေ့သစ်စတင်ပြီးတဲ့နောက်မှာ မြို့စားကတော်ဟာ သူမရဲ့ ရဲတိုက်ကို ဖုံးအုပ်ထားတဲ့ ပုံရိပ်ယောင်မန္တန်ကို ဖယ်ရှားလိုက်ပြီး ဒေးလီးမက်ထရိုက သတင်းထောက်တွေကို လေလံပွဲအစီအစဉ် ရုတ်တရက် ပြောင်းလဲသွားတဲ့အကြောင်း သိခွင့်ပေးလိုက်ပါတယ်။
ဒီသတင်းကို အိပ်ရာကနိုးနိုးချင်း ကြားလိုက်ရတဲ့ တခြားကုမ္ပဏီတွေလိုပါပဲ၊ သူနဲ့ ဒေးလီးမက်ထရို သတင်းစာတိုက်တစ်ခုလုံးဟာ ဆောင်းပါးတစ်စောင်ကို အမြန်ဆုံး ထွက်လာအောင် ကပြာကယာ လုပ်ဆောင်ကြတော့တယ်။
အိပ်ရေးပျက်ထားပြီး အချိန်ကလည်း အကန့်အသတ် ရှိနေတာကြောင့် ခရွန့်ခ်ဟာ သူ့ရဲ့ သတင်းထောက်တွေကို ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ တသီတတန်းကြီး ရေးခိုင်းတော့တယ်။ မက်ထရိုပိုလစ် တစ်မြို့လုံးဆီ ဖြန့်ဝေမယ့် မျက်နှာဖုံးသတင်းကို မရေးခင်မှာ အရာအားလုံးကို အသေးစိတ် သိချင်နေတာလေ။
အားလုံးက ကတိုက်ကရိုက် ဖြစ်ခဲ့ပေမဲ့လည်း တစ်နည်းနည်းနဲ့တော့ ဒီနေ့အတွက် တော်တော်လေး ကောင်းမွန်တဲ့ သတင်းစာဆောင်းပါးတစ်စောင်ကို သူတို့ ဖန်တီးနိုင်ခဲ့ကြတယ်။
ဒါပေမဲ့ ခရွန့်ခ်တစ်ယောက် အားလုံးပြီးသွားပြီလို့ အောက်မေ့နေတဲ့ အချိန်မှာပဲ ဖျော်ဖြေရေးနယ်မြေဘက်မှာ ထူးခြားတဲ့ ဖြစ်စဉ်အသစ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းဝင်လာပြန်ရော။
မကြာခင် ကျင်းပတော့မယ့် လေလံပွဲ၊ ခရီးသွားဧည့်သည်တွေနဲ့ အခြား ရှုပ်ထွေးမှုတွေ ကြားထဲမှာတင် တော်ဝင်အမြွှာတွေနဲ့ သူတို့ရဲ့ သားသမီးတွေဟာ ရဲတိုက်ထဲကနေ ထွက်လာပြီး ဝေးလံတဲ့ နယ်မြေတစ်ခုက လူမသိသူမသိ ဆိုင်လေးတစ်ဆိုင်ဆီ သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဒါတင်တင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ သူတို့ဟာ ဘာမှန်းမသိတဲ့ ဖျော်ရည်တစ်မျိုးကို သောက်ပြီး အကျယ်ကြီး လေတက်ခဲ့ကြတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တယ်။ အချို့ကတော့ ဒါဟာ သူတို့လို အဆင့်အတန်းမျိုးနဲ့ မလျော်ညီဘူးလို့ ပြောကြပေမဲ့ သူသိရသလောက်တော့ လူတွေက သဘောကျပြီး အကောင်းမြင်တဲ့ တုံ့ပြန်မှုတွေပဲ ရှိခဲ့တာပါ။
ဒါဟာ မျက်နှာဖုံးသတင်း အဖြစ် ဖော်ပြဖို့ တကယ်ကို ထိုက်တန်နေပြီ။
ခရွန့်ခ်ကတော့ လူတွေမသိသေးတဲ့ လျှို့ဝှက်ချက်တွေ ဒီသတင်းနောက်ကွယ်မှာ ရှိနေဦးမယ်ဆိုတာ ရိပ်မိနေတယ်။ တော်ဝင်အမြွှာတွေဟာ ရီနာတီရို့စ် ဆိုဒါလို့ခေါ်တဲ့ အရာကို အမှတ်မထင် တွေ့ရှိသွားခဲ့တာ မဟုတ်ဘူး။ အဲဒါက ဖျော်ဖြေရေးနယ်မြေကို လာရတဲ့ သူတို့ရဲ့ တစ်ဦးတည်းသော ရည်ရွယ်ချက်ပဲ။ သူတို့ဟာ အဲဒီဖျော်ရည်ကို သောက်ပြီးတာနဲ့ ရဲတိုက်ကို ချက်ချင်း ပြန်သွားခဲ့ကြတယ်ဆိုတဲ့ အချက်က အဲဒါကို သက်သေပြနေတာပဲလေ။
ဒါက အဲဒီဆိုဒါကို ပိုင်ဆိုင်တဲ့သူဟာ တော်ဝင်မိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားပြီးသားလို့ အဓိပ္ပာယ်ရနေတယ်။
ဒါပေမဲ့ သူတို့က ဒီအကြောင်းကို ပိုပြီး စုံစမ်းဖို့ ကြိုးစားတဲ့အခါမှာတော့ အဲဒီဆိုဒါအတွက် ခွင့်ပြုချက်လိုင်စင် ထုတ်ထားတာကို လုံးဝ ရှာမတွေ့ခဲ့ကြဘူး။
ဒါကလည်း အဲဒီ မော်တော်ယာဉ်တွေတုန်းကလို အလိုအလျောက် ခွင့်ပြုချက်ပေးလိုက်တဲ့ အမှုတွဲမျိုး ဖြစ်နေမလားလို့ ခရွန့်ခ်က တွေးနေမိတယ်။ တကယ်တော့ နှစ်ခုစလုံးက ကုမ္ပဏီတစ်ခုတည်းက လာတာဆိုတာကို သူ မသိရှာပါဘူး။
“ဆရာ… အဲဒီလူက ဆရာ့ကို မရရအောင် တွေ့ရမယ်လို့ ဇွတ်ပြောနေပါတယ်” လို့ သူ့အတွင်းရေးမှူးမလေးက အခန်းထဲကို ခေါင်းပြန်ပြူပြီး ပြောလာတယ်။
“သူ့ကို စိတ်မကောင်းပါဘူးလို့ပဲ ပြောလိုက်ပါ၊ ဒါပေမဲ့ အဲဒီဆိုဒါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုခု မရှိရင်တော့ ငါ့မှာ စကားပြောဖို့ အချိန်မပေးနိုင်ဘူးလို့ ပြောလိုက်”
အတွင်းရေးမှူးမလေးက တံခါးကို ဖွင့်လိုက်တာကြောင့် အပြင်မှာ ထိုင်နေတဲ့ ဂျင်မီကို ခရွန့်ခ် မြင်လိုက်ရတယ်။ “ဆရာ.. သူက အဲဒီဆိုဒါအကြောင်း အကုန်သိတယ်လို့ ပြောနေပါတယ်”
ခရွန့်ခ် ချက်ချင်း မတ်တတ်ထရပ်လိုက်တာကြောင့် လက်ထဲက ဆေးပေါ့လိပ်တောင် ကြမ်းပြင်ပေါ် လွတ်ကျသွားခဲ့တယ်။ “သူ့ကို အထဲလွှတ်လိုက်”
ဂျင်မီက လက်ထဲမှာ ကျူစက္ကူလိပ်တွေကို ပိုက်ပြီး အထဲကို ချက်ချင်း လျှောက်ဝင်လာခဲ့တယ်။
“မင်းက ဒီ ရီနာတီရို့စ် ဆိုဒါ အကြောင်း သိတယ်ပေါ့လေ” ခရွန့်ခ်က သူ့ရဲ့ ငှက်မွေးကလောင်တံနဲ့ မင်အိုးကို အသင့်ပြင်ရင်း မေးလိုက်တယ်။
ဂျင်မီက အနားကို ရောက်လာတော့မှ ခရွန့်ခ်က ဒီလူကို အရင်က မြင်ဖူးသလိုလို သတိရသွားတယ်။
“နေဦး၊ မင်းက ကင်းစ်နယ်မြေက လူမသိတဲ့ ကုမ္ပဏီတစ်ခုအတွက် ကုမ္ပဏီအဆင့်မြှင့်တင်ဖို့ လာလျှောက်တဲ့လူ မဟုတ်လား”
သူ ရေးထားတဲ့ အဲဒီ ရီနေးတားကုမ္ပဏီအကြောင်း ဆောင်းပါးတွေက ဖြစ်နိုင်ခြေ သိပ်မရှိဘဲ လွန်လွန်းနေတယ်လို့ ထင်ရတာကြောင့် ဂျင်မီကို ငြင်းလွှတ်ခဲ့တာကို သူ မှတ်မိသွားတာပါ။ ဒါတင်မကဘဲ သူ့အမြင်အရတော့ ကင်းစ်နယ်မြေမှာ အောင်မြင်တာက အရာမဝင်ဘူးလေ။
“ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ” ဂျင်မီက ခေါင်းညိတ်ပြတယ်။ “အဲဒါကြောင့်ပဲ ကျွန်တော် ဆရာနဲ့ စကားပြောချင်နေတာပါ။ ရီနေးတား ကုမ္ပဏီဟာ သူတို့ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် သတ်မှတ်ချက် အားလုံးနဲ့ ကိုက်ညီနေပြီဆိုတာ လာပြီး အစီရင်ခံတာပါ။ ဒါက သက်သေတွေပါ”
ဂျင်မီက အရောင်းမှတ်တမ်း သက်သေတွေကို ခရွန့်ခ်ရဲ့ စားပွဲခုံပေါ်ကို လျှောတိုက် တွန်းပေးလိုက်တယ်။
ဆံပင်ညှပ်ကတုံးလူကြီးက နောက်ထပ် ဆေးပေါ့လိပ်တစ်ခုကို မီးညှိလိုက်ပြီး စာရွက်တွေကို ခပ်သွက်သွက် ဖတ်ကြည့်တော့တယ်။
သူ မြင်လိုက်ရတဲ့အရာကြောင့် သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့ရတယ်။
“ရီနေးတား ကုမ္ပဏီက ရီနာတီရို့စ် ဆိုဒါ ကို ပိုင်တာ ဟုတ်လား”
ခရွန့်ခ်ဟာ အဖြေကိုတောင် မစောင့်နိုင်တော့ဘဲ စာမျက်နှာကို ဆက်ဖတ်သွားပြီး နောက်ဆုံး အောက်ခြေနားကို ရောက်သွားတယ်။
သူ့ပါးစပ်ကြီး အံ့ဩတသပွင့်အာသွားပြီး ခုလေးတင်မီးညှိထားတဲ့ ဆေးပေါ့လိပ်အသစ်က ကြမ်းပြင်ပေါ်ကို ထပ်ပြီး လွတ်ကျသွားပြန်တယ်။
“တစ်... တစ်သောင်းကျော် ရောင်းရတယ် ဟုတ်လား” ခရွန့်ခ် တစ်ယောက် ထစ်ထစ်အအနဲ့ ရေရွတ်မိသွားတယ်။ ဂဏန်းတွေကြားထဲမှာ သုညတွေ ပိုမြင်နေရတာလားလို့တောင် သူ ထင်မိသွားတာ။
ဒါပေမဲ့ ဒါက အစစ်အမှန်ကြီး ဖြစ်နေခဲ့တယ်။
ခရွန့်ခ်ဟာ သူ့ရုံးခန်းထဲကနေ ချက်ချင်း ပြေးထွက်သွားပြီး အတွင်းရေးမှူးမလေးကို လှမ်းခေါ်လိုက်တယ်။ “ပိရမစ်ဒစ် ကျူဇင်း ဆိုင်က ဒီနေ့ တစ်နေ့လုံး အရောင်းပမာဏ ဘယ်လောက်ရှိလဲဆိုတာ သွားစုံစမ်းစမ်း”
ဂျင်မီက ကုလားထိုင်ပေါ်မှာ ထိုင်နေရင်းကနေ ကိုယ်ကိုလှည့်ပြီး အရေအတွက်ကို လှမ်းပြောလိုက်တယ်။
“၈,၂၃၁ ပါ”
အတွင်းရေးမှူးမလေးက စာရွက်တွေကို လှန်လှောကြည့်ရှုပြီးနောက် အံ့ဩတုန်လှုပ်စွာနဲ့ ဂျင်မီကို ပြန်ကြည့်လိုက်တယ်။ “ဟုတ်ပါတယ် ဆရာ။ ၈,၂၃၁ စောင် ရောင်းရတာပါ။ သူ ပြောတာ မှန်ပါတယ်”
ခရွန့်ခ်ဟာ သူ့ရုံးခန်းထဲကို ပြန်ဝင်လာပြီး ကုလားထိုင်ပေါ်မှာ ပြန်ထိုင်လိုက်တယ်၊ လုံးဝကို မှင်တက် အံ့ဩသွားရတာပေါ့။
နာမည်မရှိတဲ့ ကုမ္ပဏီတစ်ခုက ထိပ်တန်းခြောက်ခုထဲက စားသောက်ဆိုင်တစ်ဆိုင်ကို အနိုင်ယူလိုက်တာပဲ။ သာမန်လူလည်း မဟုတ်ဘူး။ အစွမ်းအစရော ဉာဏ်ပညာပါ ရှိပြီး နောက်ဆုံးမှာ ပိရမစ်ဒစ် ကျူဇင်း ကို အဓိက အုပ်စုကြီးတွေထဲ ပါဝင်လာအောင် ဦးဆောင်နိုင်မယ့် ဘို ရဲ့ ဆိုင်ကို အနိုင်ယူသွားတာ။
“ဒါဆို... အခု ကုမ္ပဏီအဆင့် သတ်မှတ်ချက်ကို အတည်ပြုပေးလို့ ရပြီလား” လို့ ဂျင်မီက မေးလိုက်တယ်။
ခရွန့်ခ်ကတော့ ဒီသတင်းအချက်အလက်ကို ခေါင်းထဲထည့်ပြီး အသည်းအသန် စဉ်းစားနေရတုန်းပဲ၊ ဒါပေမဲ့ ဂျင်မီမှာတော့ စောင့်နေဖို့ အချိန်မရှိဘူး။ လေလံပွဲက နောက်ထပ် တစ်နာရီအတွင်းမှာ ကျင်းပတော့မှာလေ။
“ရတာပေါ့၊ ရတာပေါ့” ခရွန့်ခ်က ပြောပြောဆိုဆိုနဲ့ ရှုပ်ပွနေတဲ့ စားပွဲခုံပေါ်မှာ တစ်ခုခုကို အသည်းအသန် ရှာဖွေတော့တယ်။ နောက်ဆုံးတော့ သူ လိုအပ်နေတဲ့ အထူးမှော်မင်အိုးကို ရှာတွေ့သွားခဲ့တယ်။
ဒီမှော်မင်ကို အသုံးပြုပြီး စာရွက်ပေါ်မှာ စာသားအချို့ကို ရေးသားလိုက်ကာ သူ့ရဲ့ မင်နဲ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။
“ရပြီ။ ဂုဏ်ယူပါတယ်ဗျာ။ အခုဆိုရင် ရီနေးတား ကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်း မှာ အဆင့် ၃၉၉ ရှိသွားပြီ ဖြစ်တယ်”
ဂျင်မီက စာရွက်ကို လက်ခံရရှိတဲ့အခါ ပြုံးလိုက်မိတယ်။ သူ အောင်ပွဲခံချင်နေပေမဲ့ ဒီစာရွက်ကို မိုက်ကယ် ဆီ အမြန်ဆုံး သွားပေးရမယ်ဆိုတာ သိနေတယ်။ ဒါက လေလံပွဲထဲကို ဝင်ခွင့်ရဖို့ သူ လိုအပ်နေတဲ့ သက်သေအထောက်အထားပဲလေ။
ဂျင်မီ တံခါးဝကနေ ထွက်မသွားခင်လေးမှာတင် ခရွန့်ခ်က လှမ်းခေါ်လိုက်တယ်။
“နေဦး။ ရီနေးတား ကုမ္ပဏီက လေလံပွဲကို တက်ရောက်မှာလား” လို့ သူက မေးလိုက်တယ်။
ဂျင်မီက ခေါင်းညိတ်ပြပြီး ဒေးလီးမက်ထရို သတင်းစာတိုက်ထဲကနေ မိုက်ကယ် ရှိရာဆီကို ကမန်းကတန်း ပြေးထွက်သွားပါတော့တယ်။
* * * * * * * *
စာစဉ်(၄၄)