အခန်း ၅၁၈
Vol. 44 Ch. 518
အခန်း(၅၁၈)
ခရွန့်ခ်က အခုလေးတင် မြင်လိုက်ရတဲ့အရာကို မျက်လုံးထဲကနေ ဦးနှောက်ထဲအထိ အစာမကြေနိုင်သေးဘဲ သူ့စားပွဲခုံမှာ နောက်မှီထိုင်ရင်း သက်ပြင်းတစ်ချက် အားရပါးရ ချလိုက်တယ်။
ဒီအချိန်မှာပဲ သူ့မျက်လုံးထောင့်ကနေ တစ်စုံတစ်ခုကို လှမ်းမြင်လိုက်ရတာပါ။
ရီနာတီရို့စ်အချိုရည်ရဲ့ အရောင်းမှတ်တမ်းစာရွက်တွေဟာ သူ့စားပွဲခုံပေါ်မှာ စနစ်တကျမရှိဘဲ ဖရိုဖရဲ ပြန့်ကျဲနေတယ်။ အဲဒီထဲမှာ ဂဏန်းတွေချည်းပဲ သန့်သန့်ရေးထားတဲ့ စာမျက်နှာ ငါးမျက်နှာလောက် ရှိမှာပေါ့။
ဒါပေမဲ့ ဆန်းကြယ်တာတစ်ခုကတော့ နောက်ဆုံးအပိတ် စာမျက်နှာတစ်ရွက်ဟာ တခြားစာမျက်နှာတွေနဲ့ မတူဘဲ ကွဲထွက်နေတာပဲ။ အဲဒီစာမျက်နှာမှာ သူတို့ ရေးနေကျ သတင်းစာဆောင်းပါးတစ်ပုဒ်လိုမျိုး စာသားတွေ၊ ဝါကျတွေနဲ့ အစီအစဉ်တကျ ဖွဲ့စည်းထားတယ်။
သူလည်း အဲဒီစာရွက်ကို ချက်ချင်းကောက်ယူပြီး အသည်းအသန် ဖတ်ကြည့်လိုက်မိတယ်။
{မက်ထရိုပိုလစ်မြို့ဆီက ရီနေးတားကုမ္ပဏီ}
{ဂျင်မီ ရေးသားသည်}
ဒီတော့မှ ဒါဟာ တကယ်ပဲ သတင်းစာဆောင်းပါးတစ်ပုဒ် ဖြစ်နေမှန်း သူသဘောပေါက်သွားပြီး ရီနေးတားကုမ္ပဏီနဲ့ သူတို့ရဲ့ အောင်မြင်မှုတွေအကြောင်းကိုပဲ သီးသန့် ရေးဖွဲ့ထားတာပါ။
"ဒီအချိုရည်မှာ နောက်ထပ် လျှို့ဝှက်ချက်တွေ ရှိသေးတာလား" လို့ ခရွန့်ခ်က သူ့ဘာသာ ရေရွတ်လိုက်တယ်။
ဒီဆောင်းပါးထဲမှာ ရီနေးတားကုမ္ပဏီရဲ့ ခေါင်းဆောင် မိုက်ကယ်က မက်ထရိုပိုလစ်ထဲကို ခြေလှမ်းစလှမ်းပြီး သူတို့ရဲ့ နယ်မြေချဲ့ထွင်မှုကို ဘယ်လိုစတင်ခဲ့တယ်ဆိုတဲ့ အချိန်ကာလအပိုင်းအခြားကို အသေးစိတ် ဖော်ပြထားတယ်။
ဒီနေရာမှာပဲ မိုက်ကယ်ရဲ့ စံချိန်တင်လိုင်စင်စာမေးပွဲအကြောင်း သူ သိလိုက်ရတာပါ။ လက်ဂါစီ့စ်တွေတောင် မလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကို ဒီကောင်လေးက လုပ်ဆောင်သွားခဲ့တာပေါ့။
"ဒြပ်စင်လေးခုလုံးကို ကျွမ်းကျင်တာလား... သူက မှော်ပါရမီရှင် ကောင်လေးပဲ"
ဒါတင်မကသေးဘူး။ ဘာဆစ်လစ်အိုးစ်နဲ့ သူတို့ရဲ့ ကွန်ရက်ကြီး ပျက်စီးသွားရတဲ့နေရာမှာ မိုက်ကယ်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ။ စီးပွားရေးလမ်းမကြီးရဲ့ နေရာတစ်စိတ်တစ်ပိုင်းကို မတရားနည်းနဲ့ ဉာဏ်ဆင်လုယူဖို့ ကြိုးစားတဲ့ သူတို့ရဲ့ အစီအစဉ်ကို လက်ပူးလက်ကျပ် မိအောင် ဖော်ထုတ်ခဲ့တာလည်း သူပဲလေ။
"မြွေဟောက် ဟုတ်လား... မဖြစ်နိုင်တာ... သူက မိုက်ကယ်ရဲ့ လက်ချက်နဲ့ ရှုံးနိမ့်သွားတာပေါ့လေ"
မြွေဟောက် ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးထားတဲ့ လျှို့ဝှက်နယ်မြေ စိန်ခေါ်တိုက်ခိုက်ပွဲမှာ နာမည်ကြီး မြွေဟောက်ကို မိုက်ကယ်က တစ်ယောက်ချင်း ယှဉ်ပြိုင်ပြီး အနိုင်ယူခဲ့တာကို သိလိုက်ရတဲ့အချိန်မှာ ခရွန့်ခ်ရဲ့ မျက်လုံးတွေ အဝိုင်းသား ဖြစ်သွားရတယ်။
ဒါပေမဲ့ သူ့ရဲ့ အံ့ဩတုန်လှုပ်မှုတွေက ဒီတင်တင် ရပ်မသွားခဲ့ပါဘူး။
"နေပါဦး... ဗန်ဒါဘစ် ဟုတ်လား... သူက ဗန်ဒါဘစ် သွေးမျိုးဆက်တစ်ယောက်လား" လို့ သူ ထိတ်လန့်တုန်လှုပ်စွာနဲ့ သဘောပေါက်သွားတယ်။ ဒေးလီးမက်ထရို သတင်းစာရဲ့ အဓိက အယ်ဒီတာတစ်ယောက်အနေနဲ့ မက်ထရိုပိုလစ်မှာရှိတဲ့ ဗန်ဒါဘစ်တွေအကြောင်း သူ အကုန်သိတယ်လို့ ထင်ထားခဲ့တာ။
သူ ပြသနေတဲ့ ပါရမီတွေ၊ အစွမ်းအစတွေနဲ့ဆိုရင် မိုက်ကယ်ရဲ့ နာမည်ဟာ ကွင်းစ်နယ်မြေတစ်ခုလုံးမှာ ဟိုးဟိုးကျော်နေရမှာ မဟုတ်လား။
ဒီမှာတင် သူ လုံးဝ မယုံနိုင်စရာ အမှန်တရားတစ်ခုကို သိလိုက်ရပြန်တယ်။
တကယ်လို့သာ ဒီကောင်လေးကို အိုင်းဇ် ဗန်ဒါဘစ်က ပြုစုပျိုးထောင်ပြီး ကူညီပေးခဲ့တာဆိုရင် အခုအချိန်မှာ လူတိုင်း သူ့အကြောင်းကို သိနေကြရော့မယ်။ ဒါပေမဲ့ မိုက်ကယ်ရဲ့ နာမည်ကို တခြား ဗန်ဒါဘစ်တွေဆီကကော အိုင်းဇ်ဆီကပါ ဘယ်သူမှ ထုတ်မပြောကြဘူး။
"ဒါဆို သူက ဗန်ဒါဘစ်တွေရဲ့ အကူအညီမပါဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ဒါတွေအားလုံးကို လုပ်ခဲ့တာလား"
ဒီလိုတွေးမိသွားတဲ့ အသိက သူ့ကို လုံးဝ ဆွံ့အမှင်တက်သွားစေတယ်။ စိတ်ကို ခေတ္တအနားပေးဖို့ ဆောင်းပါးဖတ်တာကို ခဏရပ်လိုက်ရတဲ့အထိပါပဲ။
ဘာလို့လဲဆိုတော့ လက်ဂါစီ့စ်တွေဖြစ်တဲ့ အဲလ်ရစ်၊ အဲရစ်နဲ့ ဘော်ဘီတို့တောင်မှ သူတို့ရဲ့ အရင်းရှင်အသိုင်းအဝိုင်း အဆက်အသွယ်တွေ မပါဘဲနဲ့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက်အဝေးကြီးအထိ မြန်မြန်ဆန်ဆန် မရောက်နိုင်ကြဘူးလေ။ တခြား အခြေခံအဆင့် ကုမ္ပဏီအသစ်တွေထက် သာလွန်တဲ့ အခွင့်အရေးတွေ ရဖို့အတွက် အမွေဆက်ခံမှုတွေ၊ အဆက်အသွယ်တွေနဲ့ တခြားအရာတွေ အမြဲတမ်း ရှိနေခဲ့ကြတာ။
ဒါပေမဲ့ မိုက်ကယ်ကတော့ ဒါတွေအားလုံးကို သူ့အစွမ်းနဲ့သူ တစ်ယောက်တည်း လုပ်ဆောင်သွားခဲ့တာ ဖြစ်တယ်။
ဒီအကြောင်းကို သိလိုက်ရတာက ခရွန့်ခ်ရဲ့ သတင်းထောက်စိတ်ဓာတ်ကို မီးမွှေးပေးလိုက်သလို ဖြစ်သွားပြီး စူးစမ်းချင်စိတ်တွေ တဖွားဖွား ပေါ်လာတယ်။ ဒါဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ကြုံဖူးသမျှ သတင်းတွေထဲမှာ အကောင်းဆုံး သတင်းတစ်ပုဒ် ဖြစ်လာတော့မယ်ဆိုတာ သူ အတပ်သိလိုက်ပြီ။
သူ ဆောင်းပါးကို ဆက်ဖတ်ကြည့်တဲ့အခါမှာတော့ မြို့စားကတော်ရဲ့ ကိုယ်ရံတော်တွေက ရဲတိုက်ဆီကို လမ်းပြခေါ်ဆောင်သွားတဲ့ ဂုဏ်ပြုမှုကို မိုက်ကယ် ဘယ်လိုရရှိခဲ့လဲဆိုတာ ထပ်သိရပြန်တယ်။
ပြီးတော့ ဂျက်ရဲ့ လိမ်လည်လှည့်ဖြားမှုကို သိသွားပြီးတဲ့နောက် ဗန်ဒါဘစ်တွေ ဘယ်လို တရားမျှတမှု ပြန်ရခဲ့လဲဆိုတာကို ဆောင်းပါးမှာ ဆက်ပြောထားတယ်။
အဲဒီနောက်မှာတော့ မိုက်ကယ်က မက်ထရိုပိုလစ်မြို့ထဲမှာ သူ့ရဲ့ ကုန်ပစ္စည်းတွေကို ဖြန့်ချိဖို့ မြို့စားကတော်ရဲ့ ကိုယ်ပိုင်ခွင့်ပြုချက်ကို ဘယ်လိုရရှိခဲ့လဲဆိုတာ ဂျင်မီက ရေးသားထားတာပေါ့။
"အခြေခံအဆင့် ကုမ္ပဏီလေးတစ်ခုက မြို့စားကတော်ရဲ့ တရားဝင် ခွင့်ပြုချက်တံဆိပ်တုံးကို ရခဲ့တယ် ဟုတ်လား... အထင်ကြီးစရာပဲ... မိုက်ကယ်က ဘယ်လို ကုန်ပစ္စည်းမျိုးကို ရောင်းတာပါလိမ့်"
"ဪ... ရီနာတီရို့စ် အချိုရည်လား... ဒါကြောင့်မို့ တော်ဝင်အမြွှာတွေနဲ့ သူတို့ရဲ့ သားသမီးတွေ ဒီနေ့ သူ့ဆိုင်ခန်းဆီ လာလည်ကြတာကိုး"
"နေဦး... အချိုရည်အကြောင်း မဟုတ်ဘူးလား... ဒါဆို ဘာလဲ... မော်... မော်တော်ကား..."
ဒီ ‘မော်တော်ကား’ ရဲ့ ဖော်ပြချက်ကို ဖတ်လိုက်ရတဲ့အချိန်မှာတော့ ခရွန့်ခ်ဟာ အသံထွက်တဲ့အထိ အသက်ရှူမှားသွားရပြီး သူ့အတွင်းရေးမှူးမလေးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားတယ်။
"ဆရာ ခရွန့်ခ်... အဆင်ပြေရဲ့လားရှင့်"
အတွင်းရေးမှူးမလေးက သူတို့ရဲ့ အဓိက အယ်ဒီတာကြီးကို လှမ်းကြည့်လိုက်တဲ့အခါမှာ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်နေတာကို တွေ့လိုက်ရတယ်။ "ဘုရားသခင်... နှလုံးရပ်သွားတာတော့ မဟုတ်ပါဘူးနော်"
ခရွန့်ခ်က သူမကို လှမ်းကြည့်ပြီးမှ အောင့်ထားရတဲ့ အသက်ကို ဝဝရှူရင်း ပြန်ထုတ်လိုက်နိုင်တယ်။
"ဟူး... ဒါကြီးကို ဖတ်ပြီးတဲ့နောက်မှာ ငါ တကယ်ပဲ နှလုံးရပ်သွားမလို့ ဖြစ်သွားတာ..."
အမှန်တရားကတော့ မက်ထရိုပိုလစ်မြို့သူမြို့သား အကုန်လုံးကို တစ်စီးလောက်ရဖို့အတွက် အလုအယက် ဖြစ်စေခဲ့တဲ့ အဲဒီယာဉ်တွေကို ပိုင်ဆိုင်ပြီး ထုတ်လုပ်တဲ့သူက မိုက်ကယ် ဖြစ်နေလို့ပါပဲ။ သူ ကြားထားရသလောက်ဆိုရင် အဲဒီယာဉ်ဟာ ဒီညနေခင်း လေလံပွဲမှာ နောက်ဆုံးပိတ်ပစ္စည်းရဲ့ အရှေ့က ကပ်လျက်ပစ္စည်းဖြစ်ပြီး ဒါဟာ ပွဲရဲ့ အဓိက အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။
အဓိက အင်အားစုအဖွဲ့ကြီးတွေဟာ ဒါတွေကို ရရှိဖို့အတွက် သူတို့မှာရှိသမျှ အကုန်သုံးပြီး အလုအယက် လေလံဆွဲကြတော့မှာ သေချာတယ်။
ခရွန့်ခ်က သူ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပြီး ကိုက်ခဲနေတဲ့ သူ့ခေါင်းကို နှိပ်နယ်လိုက်တယ်။ ရီနေးတားအကြောင်း ကြားလိုက်ရတာက သူ့နှလုံးသားကို ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားစေတာပါ။
"သူတို့က မက်ထရိုပိုလစ်မှာ ဒီလောက်အထိ အောင်မြင်အောင် လုပ်နိုင်ခဲ့ကြတာဆိုရင် ကင်းစ်နယ်မြေမှာတုန်းက ဘာတွေအထိ တောက်လျှောက် လုပ်ခဲ့ကြလဲ မသိဘူး"
ဒီအချိန်မှာပဲ ခရွန့်ခ်က တစ်စုံတစ်ခုကို သတိရသွားတယ်။
ရီနေးတားကုမ္ပဏီနဲ့ ကင်းစ်နယ်မြေမှာ သူတို့ရဲ့ အောင်မြင်မှုတွေအကြောင်း ရေးထားတဲ့ ဆောင်းပါးတွေကို ဖတ်ပေးဖို့ ဂျင်မီက ထိုစဉ်တုန်းက သူ့ကို အသည်းအသန် တောင်းပန်ခဲ့ဖူးတာလေ။
သူကတော့ အဲဒီအကြောင်းအရာအချို့က ဖြစ်နိုင်ချေ သိပ်မရှိဘဲ ယုတ္တိမတန်သလို ထင်ရတာကြောင့် ဒါတွေဟာ လိမ်ညာချက်တွေပဲလို့ မှတ်ယူခဲ့တာ။ အကုန်လုံးကို ဆုံးအောင်တောင် မဖတ်ရသေးဘဲ ချက်ချင်း အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့မိတယ်။
ဒါကို သဘောပေါက်သွားပြီးတဲ့နောက်မှာတော့ ခရွန့်ခ်ဟာ သူ့ထိုင်ခုံကနေ ချက်ချင်းထပြီး ဂျင်မီရေးခဲ့တဲ့ အဲဒီဆောင်းပါးတွေကို ရှာဖို့ သူ့ရုံးခန်းတစ်ခုလုံးကို ဗြောင်းဆန်အောင် မွှေနှောက်ပါတော့တယ်။ စားပွဲခုံကို မှောက်လှန်၊ အံဆွဲတွေအားလုံးကို သွန်ချ၊ ပြီးတော့ အဲဒီစာရွက်တွေ ဘယ်ရောက်သွားလဲ သိရဖို့ ကြမ်းပြင်က ကော်ဇောကိုပါ ခွာထုတ်ပစ်တဲ့အထိပါပဲ။
တခြား သတင်းထောက်တွေက အပြင်ကနေ ဒါကို မြင်သွားကြပြီး သူတို့ရဲ့ အဓိက အယ်ဒီတာကြီး နောက်ဆုံးတော့ စိတ်ရူးပေါက်သွားပြီလို့ ထင်လိုက်ကြတယ်။
ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ နာရီအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ သူ့အတွင်းရေးမှူးမလေးရဲ့ အကူအညီနဲ့အတူ ဂျင်မီရေးပြီး လုံးခြေပစ်ထားခဲ့တဲ့ စာရွက်အစုတ်တွေကို ပြန်ရှာတွေ့ခဲ့ကြတယ်။
ခရွန့်ခ်က စိတ်ကို ပြင်ဆင်လိုက်ပြီး စီဂရက်တစ်လိပ်ကို ထပ်မံမီးညှိရင်း ရီနေးတားကုမ္ပဏီရဲ့ သမိုင်းကြောင်းတစ်ခုလုံးထဲကို စိတ်နှစ်ပြီး ဖတ်ရှုပါတော့တယ်။
တစ်နာရီအကြာမှာတော့ သူ့မေးရိုးတွေ တောင့်တင်းလာရတယ်။ ဆောင်းပါးရဲ့ အစကတည်းက သူ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့တာပါ။ သူ ဖတ်လိုက်ရသမျှ အရာအားလုံးက ဝတ္ထုပုံပြင်တွေလို ခံစားရတယ်။ ကယ်လို့သာ မက်ထရိုပိုလစ်မှာ ရီနေးတားရဲ့ မှော်ဆန်တဲ့ စွမ်းဆောင်ရည်တွေကို သူ ကိုယ်တိုင် မျက်ဝါးထင်ထင် မမြင်ခဲ့ရဘူးဆိုရင် ဒါတွေကို ကောလာဟလသက်သက်ပဲလို့ သတ်မှတ်ပြီး ပယ်ချမိမှာ အသေအချာပဲ။
ဒါပေမဲ့ အခုတော့ ခရွန့်ခ်က ဆောင်းပါးထဲက အရာအားလုံးဟာ အမှန်တရားတွေပဲလို့ ယုံကြည်သွားပါပြီ။
အဖြစ်အပျက်တွေက ဘယ်သူမှ မတွေးတောနိုင်လောက်အောင်ကို ချဲ့ကားထားသလို ဖြစ်နေတာကိုး။
ချက်ချင်းပဲ ခရွန့်ခ်က သူ့စားပွဲခုံကို ပြန်ပြင်ပြီး သူ့ရဲ့ ငှက်တောင်ကလောင်နဲ့ မှင်အိုးကို ထုတ်လိုက်တယ်။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် သူ ကိုယ်တိုင် သတင်းစာအတွက် ဆောင်းပါးတစ်ပုဒ်ကို ရေးသားတော့မှာပါ။ ပုံမှန်ဆိုရင် သူက သူ့ရဲ့ ဝန်ထမ်းတွေကိုပဲ ရေးခိုင်းပြီး ကိုယ်တိုင်ကတော့ အနီးကပ် ကြီးကြပ်ရုံပဲ လုပ်တာလေ။ ဒါပေမဲ့ ဒီသတင်းက သိပ်ကို အရေးကြီးလွန်းတာကြောင့် သူ ကိုယ်တိုင်ပဲ ရေးဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်။
သူဟာ တစ်နာရီလုံးလုံး စာရွက်ပေါ်မှာ အသည်းအသန် လက်သွက်သွက်နဲ့ ရေးသားရင်း မက်ထရိုပိုလစ်မြို့သူမြို့သားတွေ ဖတ်ရတာ သဘောကျစေမယ့် ကျစ်လျစ်သိပ်သည်းတဲ့ စာသားတစ်ခုထဲမှာ ရီနေးတားကုမ္ပဏီအပေါ် ထားရှိတဲ့ သူ့ရဲ့ အတွေးအမြင်တွေ၊ သဘောထားတွေကို အကုန် ထည့်သွင်း ရေးသားလိုက်တယ်။
နောက်ဆုံးမှာတော့ သူက သူ့ရဲ့ လက်ရာကို သဘောကျကျေနပ်သွားခဲ့တယ်။
ဒါကို ချက်ချင်း ထုတ်ဝေချင်ပြီး မျက်စိရှိတဲ့သူ၊ နားရှိတဲ့သူတိုင်းဆီကို ဒီသတင်း စိမ့်ဝင်ပျံ့နှံ့သွားစေချင်နေတာ။
ဒါပေမဲ့ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ နေက ဝင်သွားပြီဆိုတာ သူ သတိထားမိလိုက်တယ်။ သတင်းစာ ထုတ်ဝေရမယ့် အချိန်အပိုင်းအခြားက ကုန်ဆုံးသွားခဲ့ပြီလေ။
"ဆရာ ခရွန့်ခ်... ကျွန်မတို့ လေလံပွဲနဲ့ပတ်သက်တဲ့ သတင်းစာဆောင်းပါးကို ထုတ်ဝေပြီးသွားပါပြီရှင်" လို့ အတွင်းရေးမှူးမလေးက လာရောက် အစီရင်ခံတယ်။
ခရွန့်ခ်ကတော့ သူ့ရဲ့ ကံကြမ္မာကိုပဲ ကျိန်ဆဲနိုင်ပါတော့တယ်။ ကယ်လို့သာ အချိန်မီခဲ့ရင် ဒီဆောင်းပါးဟာ ဒီနေ့ရဲ့ မျက်နှာဖုံးသတင်း ဖြစ်လာနိုင်တာပေါ့။ ဒါရဲ့ အရေးပါမှုက လေလံပွဲနဲ့ ခရီးသွားဧည့်သည်တွေအကြောင်းထက်တောင် ပိုပြီး ကြီးမားနေသေးတာ။
"ဒါကိုတော့ လေလံပွဲ ပြီးဆုံးတဲ့အထိ စောင့်ရတော့မှာပေါ့" လို့ ခရွန့်ခ်က ဆုံးဖြတ်လိုက်တယ်။
ဆိုလိုတာကတော့ မက်ထရိုပိုလစ်မြို့ကြီးဟာ သူတို့ရဲ့ အရိပ်အောက်မှာ ပုန်းအောင်းနေတဲ့ ခြင်္သေ့တစ်ကောင်အကြောင်းကို အခုထိ မသိသေးဘဲ ရှိနေဦးမှာပဲ ဖြစ်တယ်။
"ငါ့ရဲ့ ပွဲတက်ဝတ်စုံကို ယူလာပေးပါ" လို့ သူက အတွင်းရေးမှူးမလေးကို ပြောလိုက်တယ်။ "ငါ လေလံပွဲကို သွားမလို့... အခြေအနေတွေက တော်တော်လေး ကြမ်းတမ်းလာတော့မယ်လို့ ငါ ခံစားနေရတယ်"
* * * * * * * *
စာစဉ်(၄၄)