← Chapters

အခန်း ၅၂၀

Vol. 44 Ch. 520

အခန်း ၅၂၀

Vol. 44 Ch. 520

အခန်း(၅၂၀)

အဝင်ဝနားမှာတော့ အရပ်သားတွေ၊ ပရိသတ်တွေနဲ့ သတင်းစာဂျာနယ်လစ်တချို့ အပါအဝင် လူအုပ်ကြီးက တော်တော်လေး စည်ကားနေပြီ ဖြစ်နေတယ်။

ဧည့်သည်တွေက တစ်ယောက်ပြီးတစ်ယောက် အဝင်ဝကို ဝင်လာကြပြီး သူတို့ရဲ့ ပုလဲဖြူလည်ဆွဲတွေ၊ ရှားပါးချည်မျှင်တွေနဲ့ ချုပ်လုပ်ထားတဲ့ ဂါဝန်တွေနဲ့ သားမွေးကုတ်အင်္ကျီတွေကို ကြွားဝါပြသနေကြသလို လမ်းမကြီးတစ်ခုလုံးလည်း ဇိမ်ခံရထားလုံးတွေနဲ့ ပြည့်နှက်နေတာပေါ့။

လေလံပွဲရဲ့ ထုံးစံအတိုင်း ဒါက လူတွေအတွက် သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းကို အခြေခံပြီး ကြွားလုံးထုတ်ရုံ သက်သက်ပါပဲ။

အစောင့်က ဧည့်သည်တွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထားကို စစ်ဆေးပြီး အတွင်းထဲ ဝင်ခွင့်ရှိ၊ မရှိ ကြည့်နေစဉ်မှာ မိုက်ကယ်က အဝင်ဝမှာ တန်းစီပြီး စောင့်နေတယ်။

"ဟိုမှာကြည့်ဦး၊ အဲဒါ ဘလက်ခ်တိုင်မ်ကုမ္ပဏီ ရဲ့ ပိုင်ရှင်နဲ့ သူ့ဇနီးပဲ။ သူတို့ လေလံပွဲကို ဖိတ်ကြားခံရတာ ဒါနဲ့ဆို ငါးကြိမ်မြောက်ရှိပြီ... ဝေါင်း..."

"ဒါက သိပ်တော့ အထင်ကြီးစရာ မရှိသေးပါဘူး။ ဂျန်တယ်တူးလ်ကုမ္ပဏီကိုကော ဘယ်လိုမြင်လဲ။ သူတို့ ရှစ်နှစ်လုံးလုံး ကြိုးစားခဲ့ပြီးမှ နောက်ဆုံးတော့ လေလံပွဲကို ဖိတ်ကြားခံရတာလေ"

အဲဒီအချိန်မှာပဲ မိုက်ကယ် အတွင်းထဲကို ဝင်ဖို့ အလှည့်ရောက်လာခဲ့တယ်။

"ဟေး... အဲဒီကလေးက ဘယ်သူလဲ"

"သူ့ကို ကြည့်ရတာ ဘာလို့ ရင်နှီးနေသလို ဖြစ်နေရတာလဲ"

"ငါ့အထင်တော့ သူ လမ်းပျောက်နေတာ ထင်တယ်"

ပုံမှန်ဆိုရင်တော့ ကုမ္ပဏီအများစုက ခမ်းခမ်းနားနားနဲ့ စတိုင်ကျကျ ဝင်လာလေ့ရှိကြတာပါ။ သူတို့က ရတနာတွေ စီခြယ်ထားတဲ့ ရထားလုံးတွေ၊ ရှားပါး မြင်းရိုင်းတွေနဲ့ သူတို့ရဲ့ အတိုင်းအဆမရှိ ချမ်းသာမှုကို ကြွားဝါတတ်ကြတယ်။ ဒါပေမဲ့ မိုက်ကယ်ကတော့ ထူးခြားနေတယ်။ သူက ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိဘဲ ဘာနာဘီဘဏ္ဍာတိုက်ကို ပုံမှန် စားသောက်ဆိုင်တစ်ခုလိုမျိုး သဘောထားပြီး တန်းစီနေတာလေ။

"မင်္ဂလာနံနက်ခင်းပါ ဆရာ…."

အစောင့်က သူ့ရှေ့မှာ မိုက်ကယ်ကို မြင်လိုက်ရတဲ့အခါ စကားစပင် ပြတ်သွားပြီး ခြေလှမ်းတွေ တုန့်ခနဲ ဖြစ်သွားတယ်။ "အဲ... ဆရာ့ရဲ့ နာမည်က ဘယ်သူပါလိမ့်။ အတွင်းထဲမှာ မိဘတွေ ရှိနေတာလား"

မိုက်ကယ်က ခေါင်းခါပြလိုက်တယ်။ "ကျွန်တော်က ကိုယ့်ဘာသာကိုယ် လာတာပါ။ ကျွန်တော့်ကုမ္ပဏီကိုယ်စား လာတာ ဖြစ်ပြီး နာမည်က မိုက်ကယ်ပါ"

ထိုလူက စက္ကူပေါ်က ဧည့်သည်စာရင်းကို လှန်လှောကြည့်ရင်း မျက်နှာပျက်မသွားအောင် အစွမ်းကုန် ထိန်းထားရတယ်။ သူ သံသယဝင်ခဲ့တဲ့အတိုင်းပဲ စာရင်းထဲမှာ မိုက်ကယ်အကြောင်း ဘာမှ ရှိမနေခဲ့ဘူး

ဒါပေမဲ့ မိုက်ကယ်ကို ယဉ်ယဉ်ကျေးကျေးနဲ့ ထွက်သွားဖို့ မပြောခင်မှာပဲ ဘာနာဘီ သူ့ကို ပေးထားခဲ့တဲ့ တခြားစာရင်းတစ်ခု ရှိသေးတာကို ရုတ်တရက် သတိရသွားမိတယ်။ သူက သူ့စားပွဲခုံပေါ်က မတူညီတဲ့ ကျူစက္ကူချပ်တွေကို ရှာဖွေကြည့်လိုက်ရာ တစ်ခုလုံး အနီရောင် ဆိုးထားတဲ့ စက္ကူတစ်ရွက်ကို တွေ့လိုက်ရတယ်။

ဒါကတော့ ဗီအိုင်ပီတွေအတွက် ဧည့်သည်စာရင်း ဖြစ်နေတာပေါ့။ ဒီစာရင်းထဲမှာ ပါတဲ့ နာမည်တွေထဲမှာ အဲလ်ရစ် ဂိုးလ်မန်းနဲ့ မက်ထရိုပိုလစ်ရဲ့ မြို့စားကတော် ရီဂျီနာတို့လို လူတွေ ပါဝင်နေတယ်။

သူ ဘာလို့ ဒီစာရင်းကို လှန်ကြည့်နေမိလဲဆိုတာ သူ့ကိုယ်သူတောင် မသိပေမဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်အရ အသေအချာ စစ်ဆေးရမယ်ဆိုတာ သိနေတယ်။ မဟုတ်ရင် မပြစ်မှားမိသင့်တဲ့သူကို ပြစ်မှားမိပြီး ဒုက္ခရောက်ကုန်မယ်လေ။

သူ တိုတောင်းလှတဲ့ စာရင်းရဲ့ အောက်ခြေအထိ ကြည့်လိုက်တဲ့အခါမှာတော့ တွေ့လိုက်ရပါပြီ။

မိုက်ကယ် ဗန်ဒါဘစ်။ သူက စာရင်းထဲမှာ ပါနေရုံတင်မကဘဲ သူ့ရဲ့ အရေးပါမှုကို အလေးပေးတဲ့အနေနဲ့ ဘာနာဘီကိုယ်တိုင်က သူ့နာမည်ကို ဝိုင်းပြထားတာ အကြိမ်ကြိမ်ပဲ။ ဒီကလေးကို မက်ထရိုပိုလစ်ရဲ့ မြို့စားကတော်ကို ဆက်ဆံသလိုမျိုး အကြွင်းမဲ့ ရိုသေလေးစားမှုနဲ့ ဆက်ဆံဖို့ သူတို့အားလုံး ညွှန်ကြားခံထားရတယ်။ သူ ရောက်လာရင် ဘာနာဘီကိုယ်တိုင် လူချင်းတွေ့ပြီး ကြိုဆိုနိုင်ဖို့အတွက် ချက်ချင်း အကြောင်းကြားဖို့တောင် မှာထားသေးတယ်။

အစောင့်က သူလုနီးပါး မှားမိတော့မယ့် အမှားကြီးကို သိသွားတဲ့အခါ မျက်လုံးတွေ ပြူးကျယ်သွားရတယ်။

သူက ချက်ချင်းပဲ သစ်သားတုတ်တစ်ချောင်းလို မတ်မတ်ရပ်လိုက်ပြီး မိုက်ကယ်ကို ကိုးဆယ်ဒီဂရီနီးပါး ကုန်းပြီး အရိုအသေပေးလိုက်တယ်။

"ကြို... ကြို... ကြိုဆိုပါတယ် ဆရာမိုက်ကယ် ဗန်ဒါဘစ်။ ရှုပ်ထွေးသွားတဲ့အတွက် တောင်းပန်ပါတယ်။ ခဏလောက် စောင့်ပေးပါဦး၊ ဆရာဘာနာဘီက ကိုယ်တိုင် လာရောက်ကြိုဆိုမှာမို့လို့ပါ"

မိုက်ကယ်က ဒါက အလွန်အကျွံ ဖြစ်နေလို့ မလိုပါဘူးလို့ ပြောတော့မယ့်အချိန်မှာပဲ တံခါးက ဂျိမ်းခနဲ ပွင့်သွားပြီး ဘာနာဘီက နွေးထွေးတဲ့ အပြုံးကြီးနဲ့ အပြင်ကို အပြေးအလွှား ထွက်လာခဲ့တယ်။

"မိုက်ကယ်။ မင်း ရောက်လာတာ ဝမ်းသာလိုက်တာ" ဘာနာဘီက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး မိုက်ကယ်ကို နှုတ်ဆက်လိုက်တယ်။

ဒီလူ ဘယ်လောက်တောင် မြန်လဲဆိုတာ ငါ မေ့နေခဲ့တယ်လို့ မိုက်ကယ် စိတ်ထဲက မှတ်မိသွားတယ်။

"ဟေး ဘာနာဘီ။ ကျွန်တော် လိုအပ်တဲ့ အဆင့်ကို ရခဲ့ပြီ။ ဒီမှာ ပါမစ်" သူက သူ့ရဲ့ ပစ္စည်းသိုလှောင်ခန်းထဲကနေ စက္ကူကို ထုတ်ဖို့ လုပ်ရင်း ပြောလိုက်တယ်။

"အခု အဲဒါ မလိုတော့ပါဘူး" ဘာနာဘီက ချက်ချင်း ဖြတ်ပြောလိုက်တယ်။ "မင်းတို့ကုမ္ပဏီရဲ့ အဆင့်အသစ် သတင်းတွေကို စောင့်ကြည့်ဖို့ ဒေးလီးမက်ထရိုမှာ ငါ့လူတွေကို လွှတ်ထားခဲ့တာလေ။ ပြောရရင် မင်းမပါရင် ဒီလေလံပွဲက ငါဖြစ်စေချင်တဲ့ ခမ်းနားမှုရဲ့ တစ်ဝက်လောက်ပဲ ရှိမှာပေါ့"

တစ်ဖက်မှာလည်း အပြင်မှာ စောင့်နေတဲ့ ကျန်တဲ့လူတွေက ဘာနာဘီက မိုက်ကယ်ကို ဗီအိုင်ပီတစ်ယောက်လို ဆက်ဆံနှုတ်ဆက်နေတာကို မြင်ပြီး အံ့အားသင့် ထိတ်လန့်တုန်လှုပ်စွာနဲ့ ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ကြဘူး။ အဲလ်ရစ် ဒါမှမဟုတ် တခြား လက်ဂါစီ့စ်တွေ ဝင်လာတုန်းကတောင် ဘာနာဘီက ဒီလို မလုပ်ခဲ့ဘူးလေ။

"သူက ဘာနာဘီနဲ့ လူချင်း သိနေတာလား။ ဒီကလေးက ဘယ်သူလဲ"

"သူ့ကို သိတဲ့လူ ရှိလား။ ဒီကောင်လေးက ဗီအိုင်ပီ ဆက်ဆံမှုမျိုး ရနေတာဆိုတော့ သူက ဘယ်သူလဲဆိုတာ တစ်ယောက်ယောက်တော့ သိရမယ်"

တကယ်လို့ ခရွန့်ခ်သာ ဒါကို မြင်ရင် နာကျင်မှုကြောင့် အန်တောင် အန်မိမှာပဲ။ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ သူက လူတွေကို နောက်ဆုံးရသတင်းတွေကို အမြန်ဆုံး သိစေချင်ခဲ့တာပေါ့။ ဒါပေမဲ့ မိုက်ကယ်နဲ့ ရီနေးတားကုမ္ပဏီအကြောင်းကို သူ သိတာ နောက်ကျသွားတဲ့အတွက် ကျန်တဲ့ မက်ထရိုပိုလစ်က လူတွေလည်း မိုက်ကယ်က တကယ်တော့ ဘယ်သူလဲဆိုတာကို သိဖို့အတွက် ခဏလောက် ထပ်စောင့်ရဦးမှာပဲ။

"ဘာပဲဖြစ်ဖြစ် မိုက်ကယ်။ ထူးခြားတဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ မင်းက ဒီနေ့ အရောင်းအဝယ်ပိုင်းမှာ ဘိုးရဲ့ စားသောက်ဆိုင်ကို နိုင်သွားတယ်လို့ တစ်ယောက်ယောက်ဆီက ကြားလိုက်တယ်။ ဒါက တကယ် အထင်ကြီးစရာပဲ"

မိုက်ကယ်က အမွှမ်းတင်စကားကို အပြုံးနဲ့ လက်ခံလိုက်တယ်။ "ကျေးဇူးပါ။ ဒါနဲ့ ကျွန်တော့်ကုမ္ပဏီလည်း ဒီလေလံပွဲမှာ ပါဝင်လို့ ရမလား"

ဘာနာဘီက ခေါင်းညိတ်ပြတယ်။ "ရတာပေါ့။ လေလံခန်းမထဲမှာ မင်းနဲ့ မင်းရဲ့အဖွဲ့သားတွေအတွက် သီးသန့်အခန်းတစ်ခု ပြင်ဆင်ပေးထားပြီးသား။ မင်း အကောင်းဆုံး မြင်ကွင်းကို ရမှာပါ"

ဒါက မိုက်ကယ် တခြားလူတွေထက် စောပြီး လေလံပွဲကို လာခဲ့ရတဲ့ အကြောင်းရင်းပဲ။ သူတို့လည်း အတွင်းထဲ ဝင်ခွင့်ရှိ၊ မရှိ သူ မသေချာခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ ဘာနာဘီက လူတိုင်းအတွက် လုံလောက်တဲ့ အခန်းကျယ်ကြီးတစ်ခု ပေးဖို့ ရက်ရောခဲ့တယ်။

သူက သူ့ရဲ့ အရိပ်စွမ်းရည်ကို သုံးပြီး ကျန်တဲ့လူတွေကို လေလံပွဲဆီ အမြန်လာခဲ့ကြဖို့ တိတ်တဆိတ် သတင်းပို့လိုက်တယ်။

"အတွင်းထဲ ဝင်ရအောင်။ လေလံပွဲအကြောင်း ဆွေးနွေးကြမယ်"

ဘာနာဘီက မိုက်ကယ်ကို တခြားလူတွေနဲ့ ဝေးရာ လေလံပွဲရဲ့ ကန့်သတ်နယ်မြေထဲကို ခေါ်ဆောင်သွားခဲ့တယ်။ ဒါက ဗီအိုင်ပီဖြစ်ခြင်းရဲ့ အခွင့်အရေးတွေထဲက တစ်ခုပဲ ဖြစ်တယ်။

"လေလံပွဲအတွက် မော်တော်ကားတွေ အဆင်သင့်ဖြစ်ပြီလား" ဘာနာဘီက စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။

မိုက်ကယ်က ခေါင်းညိတ်ပြတယ်။ "ရတာပေါ့။ ကျွန်တော်တို့ ကားအစီး ၂၀ နဲ့ ထရပ်ကား ၁၀ စီးကို ဖြန့်ကျက်ဖို့ အဆင်သင့် ပြင်ထားတယ်။ တစ်ခွန်းပဲပြောလိုက်၊ ကျွန်တော့်လူတွေကို မိနစ်ပိုင်းအတွင်း မော်တော်ကားတွေကို ဒီဆီ မောင်းလာခိုင်းလိုက်မယ်"

ဘာနာဘီက လက်သီးကို လေထဲမြှောက်လိုက်တယ်။ "သိပ်ကောင်းတာပဲ။ ဒါပေမဲ့ အကုန်လုံးကို တစ်ပြိုင်နက်တည်း မထုတ်လိုက်နဲ့ဦး။ လေလံပြပွဲအတွက် အမျိုးအစားတစ်ခုစီက တစ်စီးပဲ လိုလိမ့်မယ်"

မိုက်ကယ်က ဘာနာဘီ တောင်းဆိုတဲ့အတိုင်း လုပ်ဖို့ ရှီနာ့ကို တိတ်တဆိတ် ဆက်သွယ်လိုက်တယ်။

"ဟူး... ဒါက ငါ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသလိုပဲ။ ဒီနေ့ ငါ ဘယ်လိုနေ့မျိုးကို ဖြတ်သန်းခဲ့ရလဲဆိုတာ မင်း ယုံမှာတောင် မဟုတ်ဘူး" ဘာနာဘီက သက်ပြင်းချရင်း ပြောလိုက်တယ်။ "လေလံပွဲကို သီတင်းပတ်အနည်းငယ် စောပြီး လုပ်ရလို့ ငါ့ကိုယ်အလေးချိန်တွေ အကုန်ကျသွားတော့မလို့ပဲ။ ကြည့်ဦး။ ငါ အခု ပိန်သွားပြီ"

မိုက်ကယ်ကတော့ ဘာမှ ထူးမခြားနားတာကို မြင်နေရတယ်။

ဒါပေမဲ့ သူက စိတ်အနှောင့်အယှက် မဖြစ်စေဖို့အတွက် ဘာမှမပြောဘဲ နှုတ်ဆိတ်နေလိုက်တာပေါ့။

"လေလံပွဲကို အလျင်စလို လုပ်ခဲ့ရတာက ခရီးသွားဧည့်သည်တွေကြောင့်လို့ ကြားတယ်" မိုက်ကယ်က သတင်းအချက်အလက်ကို သိမ်သိမ်မွေ့မွေ့ စုံစမ်းရင်း ပြောလိုက်တယ်။

"ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်။ မင်း သူတို့ကို လေလံပွဲမှာ မကြာခင် မြင်ရလိမ့်မယ်။ အဲဒီ ရေလူသားတွေက သတ်မှတ်ထားတဲ့ အချိန်ထက် အများကြီး စောရောက်လာကြတာ။ လေလံပွဲပြီးမှ လာကြလိမ့်မယ်လို့ ငါတို့ ထင်ထားခဲ့တာလေ"

"ဒါဆို စီတန်းလှည့်လည်ပွဲကော ရှိတော့မှာ မဟုတ်ဘူးလား"

ဘာနာဘီက ခေါင်းခါပြတယ်။ "မဟုတ်ဘူး၊ အဲဒါက ရှိဦးမှာပါ။ ဒီ ရေလူသားတွေပဲ စောစောရောက်လာကြတာ။ ပြီးတော့ သူတို့ရဲ့ အဆင့်အတန်းကြောင့် မြို့စားကတော်နဲ့ ငါက သူတို့ရဲ့ စောစောစီးစီး လာရောက်လည်ပတ်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ရတာပေါ့"

ရေလူသားတွေလား... မိုက်ကယ်က စိတ်ဝင်တစားနဲ့ စိတ်ထဲကနေ တွေးလိုက်မိတယ်။ တကယ်လို့ သူတို့က မက်ထရိုပိုလစ်မှာ လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်အောင် လုပ်ခဲ့တာဆိုရင် သူတို့က အထက်တန်းလွှာပုဂ္ဂိုလ်တွေ ဖြစ်နေလောက်တယ်။

သူက ရေလူသားတစ်ယောက်ကို လူကိုယ်တိုင် မြင်ဖူးဖို့ စိတ်လှုပ်ရှားနေမိတယ်။ သူတို့ ကုန်းပေါ်မှာ ဘယ်လို အသက်ရှူလဲဆိုတာကိုတောင် သူ မသိပေမဲ့ သူတို့ကိုယ်သူတို့ စိုစွတ်နေအောင် ထိန်းထားဖို့ မှော်ပညာတစ်ခုခုကို သုံးနေကြတာ ဖြစ်မယ်လို့ သူ ခန့်မှန်းလိုက်တယ်။

သူတို့က ငါးကန်လို ခေါင်းဆောင်းကြီးတွေတော့ ဆောင်းမလာကြဘူးမလား။

* * * * * * * *

စာစဉ်(၄၄)

All Chapters