← Chapters

အခန်း ၅၂၂

Vol. 44 Ch. 522

အခန်း ၅၂၂

Vol. 44 Ch. 522

အခန်း(၅၂၂)

ဒါကတော့ ရေလူသားတွေ ရှိနေမယ့်နေရာပဲ ဖြစ်ရမယ်လို့ မိုက်ကယ် ခန့်မှန်းလိုက်တယ်။ သူတို့က လေလံပွဲမှာ ပါဝင်ဆင်နွှဲမလို့လား ဒါမှမဟုတ် လာကြည့်ရုံသက်သက်ပဲလား။

သူတို့ကို လူကိုယ်တိုင် တွေ့ရတော့မယ်ဆိုတော့ သူ အတော်လေး စိတ်လှုပ်ရှားနေမိတယ်။ ပစ္စည်းတွေကို လုယူဖို့အတွက် လူတွေက တိုက်ခိုက်ရမှာဆိုတော့ ရေလူသားတွေသာ လေလံပွဲမှာ ပါဝင်ဆင်နွှဲချင်တယ်ဆိုရင် သူတို့ရဲ့ တန်ခိုးတွေကိုလည်း ထုတ်ပြရတော့မှာပေါ့။

ရေလူသားတွေက လူသားတွေ ဒါမှမဟုတ် လူတစ်ပိုင်းသတ္တဝါတွေလိုပဲ စွမ်းဆောင်နိုင်သလားဆိုတာ သူ မသိတာမို့ သူတို့ခန္ဓာကိုယ်ထဲမှာ ဘယ်လိုတန်ခိုးမျိုး ရှိနေမလဲဆိုတာကို သူ သိချင်နေမိတယ်။

စမ်းကြည့်ရမလား။

မိုက်ကယ်က မှန်ကို ဖောက်ထွင်းကြည့်ပြီး သူတို့ခန္ဓာကိုယ်ထဲက အလင်းမှော်စွမ်းအင် စီးဆင်းမှုပုံစံကို ကြည့်ဖို့အတွက် သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို သုံးဖို့ စဉ်းစားလိုက်တယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကိုသာ မြင်နိုင်မယ်ဆိုရင် ဘယ်အခန်းထဲမှာ ရှိနေသလဲဆိုတာကို သိဖို့က သူ့အတွက် လွယ်လွယ်လေးလေ။

သူ့ရဲ့ သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့တာနဲ့ သူက အဆင့်မြင့်စွမ်းရည်ကို အသက်သွင်းလိုက်ပြီး ကမ္ဘာကြီးကို မြင်ရတဲ့ ပုံစံကို ပြောင်းလဲလိုက်တယ်။

သူ မှော်စွမ်းအင်ကို အထင်းသား မြင်နေရပြီ။ ဒါက သူကိုယ်တိုင် မှော်စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဲဒီကမ္ဘာထဲကို ရောက်သွားသလိုမျိုးပဲ။

သူက အခန်းတွေကို လိုက်ကြည့်လိုက်တော့ ဆိုဖာတွေပေါ်မှာ ထိုင်စောင့်ရင်း မှန်အနက်ရောင်တွေကို ကျော်ဖြတ်ကြည့်နေကြတဲ့ လူမျိုးစုံကို တွေ့လိုက်ရတယ်။

နောက်ဆုံးတော့ သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းထဲမှာ သူ တစ်ခါမှ မမြင်ဖူးတဲ့ လုံးဝ ကွဲပြားခြားနားတဲ့ ခန္ဓာကိုယ်တစ်ခုကို တွေ့လိုက်ရပါတော့တယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ရေဒြပ်စင်မှော်စွမ်းအင်တွေနဲ့ အများဆုံး ဖွဲ့စည်းထားတာပဲ။ ကုန်းပေါ်မှာ သူတို့ အသက်ရှူနိုင်တာက ဒီလိုကိုး။ သူတို့က လေထုထဲမှာရှိတဲ့ ရေဒြပ်စင်မှော်စွမ်းအင်ကို အလိုအလျောက် ပြောင်းလဲပြီး အသက်ရှူနေကြတာ ဖြစ်တယ်။

အသေးစိတ်ကို သေသေချာချာ မမြင်ရပေမဲ့ သူတို့ရဲ့ မျက်နှာတွေက လူသားတွေနဲ့ အတော်လေး ဆင်တူတာကို သူ မြင်နေရတယ်။ ကွဲပြားခြားနားတဲ့ တစ်ခုတည်းသော အချက်ကတော့ သူတို့ မျက်နှာဘေးဘက်တွေမှာ ငါးအကြေးခွံတွေ ပေါ်နေတာပါပဲ။ ဒါတင်မကဘဲ သူတို့မှာ ဖားခြေဖဝါး၊ ဖားလက်ဝါးတွေလိုမျိုး အရေပြားချင်း ဆက်နေတဲ့ ခြေလက်တွေ ရှိနေပုံရတယ်။

ဒါပေမဲ့ အဲဒါကလွဲရင် သူတို့က သာမန်လူသားတွေနဲ့ပဲ တူပါတယ်။

သူ ကြိုသိထားသင့်တာပေါ့။ သူတို့က သူ့ရဲ့ အရင်ကမ္ဘာက အန်နီမေးတွေထဲမှာ မြင်ဖူးသလို ငါးခေါင်းကြီးတွေနဲ့၊ အသက်ရှင်ဖို့အတွက် ရေအပြည့်ထည့်ထားတဲ့ ငါးကန်ကြီးတွေကို ခေါင်းမှာ စွပ်ထားရတဲ့ ပုံစံမျိုး မဟုတ်တာတော့ အသေအချာပါပဲ။

လောလောဆယ်တော့ ဒီလောက်နဲ့ပဲ စူးစမ်းတာ တော်လောက်ပြီ။ ဟို မှော်မျှော်စင်က လူတွေ သတိထားမိသွားတာမျိုး ငါ မလိုချင်ဘူး။

ဘာပဲဖြစ်ဖြစ် သူ သိချင်တာတော့ သိလိုက်ရပြီ။

အဲဒီအချိန်မှာပဲ သူ့အခန်းတံခါး ပွင့်လာပြီး ရီနေးတားအဖွဲ့သားတွေ အံ့ဩမှင်တက်နေတဲ့ မျက်နှာတွေနဲ့ ရောက်လာတာကို သူ မြင်လိုက်ရတယ်။

"သခင်မိုက်ကယ်... ကျွန်တော်တို့ ရောက်ပါပြီ" လို့ ရှီနာက ဦးညွှတ်နှုတ်ဆက်လိုက်တယ်။

"ဟိုး အောက်မှာ လူတွေ အများကြီးပဲဟ" လို့ ဇိုင်ယွန်က မှန်ပြတင်းပေါက်ကနေ ငုံ့ကြည့်ရင်း ပြောလိုက်တယ်။

ဗီဗီ၊ ဂရီးဗ်နဲ့ ဖတ်ချ်တို့ကလည်း သူ့နောက်ကနေ လိုက်ကြည့်ကြတယ်။ သူတို့လေးယောက်က လေလံပွဲကျင်းပမယ့်နေရာကို အထင်းသား မြင်ရအောင် မှန်အနက်ရောင်မှာ သူတို့မျက်နှာတွေကို ကပ်ပြီး ကြည့်နေကြတာပါ။

"ဟိုဟိုဟိုး... ဒါမျိုး မမြင်ရတာ ဘယ်လောက်တောင် ကြာပြီလဲ မသိတော့ဘူး... အနည်းဆုံးတော့ အဲလို ထင်တာပဲ... ငါလည်း မသိဘူး... ငါ့မှာ မျက်လုံးမှ မရှိတာ ဟိုဟိုဟိုး"

"အရသာရှိမယ့် စိတ်ခံစားချက်တွေပဲ" လို့ ဗီဗီက တံတွေးတမြှားမြှားနဲ့ ပြောတယ်။ "လူတွေ ရိုလာကိုစတာ စီးဖို့ တန်းစီ စောင့်နေကြတဲ့ အချိန်က စိတ်လှုပ်ရှားမှုမျိုးနဲ့ အတော်လေး တူတယ်"

"မင်းတို့ကို တစ်ယောက်ယောက် မြင်သွားလိမ့်မယ်" လို့ မိုက်ကယ်က သူတို့ကို သတိပေးလိုက်တယ်။ "သူတို့ကို လန့်မသွားစေချင်ဘူး။ အခန်းတစ်ခန်းတည်းမှာ မသေမျိုး ကြယ်ကိုးပွင့်အဆင့် အရိုးစုစစ်သူကြီးတစ်ယောက်၊ ပစ်ဇီဘုရင်မတစ်ပါး၊ ဒရာဂွန်ဘွန်းတစ်ယောက်နဲ့ စလိုင်းမ်တစ်ကောင် ရှိနေတာကို မြင်ရင် သူတို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ငါ မသိဘူး"

ဒီအတောအတွင်းမှာ ဂျာကူကတော့ ဆိုဖာတစ်ခုပေါ်မှာ နေရာယူပြီး တစ်ရေးအိပ်နေပြီ။ ယူမီစုကတော့ မိုက်ကယ်ရဲ့ အမိန့်ကို စောင့်ရင်း ဘာသံမှမထွက်ဘဲ သူ့ဘေးမှာ ငြိမ်ငြိမ်ကလေး ထိုင်နေတယ်။

"ဝိုး... ဒါ... ဒါက ဗွီအိုင်ပီ အခန်းလား" လို့ မက်စ်က အကျယ်ကြီး မေးလိုက်တယ်။

"ဒါပေါ့... ငါ့သားနဲ့ဆို ဒါမျိုးက အနည်းဆုံးပဲ ဖြစ်ရမယ်" လို့ လိုင်လီယာက ကြွားလိုက်တယ်။

မိုက်ကယ်က ဗန်ဒါဘစ်အဖွဲ့က လူအချို့ကိုလည်း လေလံပွဲအတွက် ဖိတ်ခေါ်ထားသေးတယ်။ ဘာလို့လဲဆိုတော့ သူ ပြောလေ့ရှိသလိုပဲ လူများလေ ပျော်စရာကောင်းလေ မဟုတ်လား။

"ဒီမှာရှိတဲ့ အရေးကြီးပုဂ္ဂိုလ်တွေကို ကြည့်စမ်းပါဦး" လို့ ဖတ်ချ်က တိုးတိုးလေး ရေရွတ်လိုက်တယ်။ "ဒါက ငါ့ရဲ့ ကိုယ်ပွားတွေကို ဖြန့်ပြီး လူတိုင်းကို ထောက်လှမ်းဖို့ အကောင်းဆုံး အချိန်ပဲ"

"အိုး... တကယ်လို့ သန်မာတဲ့သူတစ်ယောက်ယောက်ကို တွေ့ရင် ငါ့ကို ပြောဦးနော်... ငါနဲ့ ယှဉ်ကြည့်ချင်လို့" လို့ ဇိုင်ယွန်က ပြောတယ်။

မိုက်ကယ်က သူတို့ကို ငြိမ်ငြိမ်ထိုင်ဖို့ ပြောတော့မယ့်အချိန်မှာပဲ နံရံတွေဆီကနေ ဧရာမ မောင်းထုသံကြီးတစ်ချက် ဟည်းထွက်သွားတာကို ကြားလိုက်ရတယ်။

ဒေါင်။

သူ အောက်ကို ငုံ့ကြည့်လိုက်တော့ စင်မြင့်အလယ်မှာ လူကောင်ကြီးကြီးနဲ့ ပေါ်လွင်နေတဲ့ ဝတ်စုံဖြူအပြည့် ဝတ်ဆင်ထားတဲ့ ဘာနာဘီကို တွေ့လိုက်ရတယ်။ သူ့ခြေထောက်အောက်မှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာတာကို မိုက်ကယ် မြင်လိုက်ပြီး ဒါက အသံချဲ့မန္တန် တစ်မျိုးဖြစ်မယ်လို့ သူ ခန့်မှန်းလိုက်တယ်။

"နှစ်ပတ်လည် ဘာနာဘီဘဏ္ဍာတိုက် လေလံပွဲကနေ လူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"

သူ့ရဲ့ ကျယ်လောင်လှတဲ့ ကြေညာသံကြောင့် အောက်ထပ်မှာ ထိုင်နေကြတဲ့ လူတွေဆီကနေ လက်ခုပ်သံတွေ တဖြုန်းဖြုန်း ထွက်ပေါ်လာတယ်။ သူတို့က ကမ္ဘာ့ချန်ပီယံ လက်ဝှေ့ပွဲစဉ်ကို ကြည့်တော့မယ့် ပရိသတ်တွေလိုပဲ အော်ဟစ်အားပေးနေကြတာပါ။ အခန်းထဲက စိတ်လှုပ်ရှားမှုတွေ အထွတ်အထိပ် ရောက်သွားတာကြောင့် ဗီဗီဆိုရင် ရူးသွပ်မတတ် ဖြစ်သွားရတယ်။

"ပထမဆုံးအနေနဲ့ အချိန်ဇယား ရုတ်တရက် ပြောင်းလဲသွားတဲ့အတွက် လူတိုင်းကို တောင်းပန်ချင်ပါတယ်။ အချို့သူတွေအတွက် ဒါက စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါက ကောင်းမွန်တဲ့ အကြောင်းပြချက်ကြောင့်ပါ။

အချို့သူတွေ မသိသေးတာမျိုး ရှိနိုင်လို့ပါ... ကမ္ဘာ့အခြားတစ်ဖက်ခြမ်းက ကျွန်တော်တို့ရဲ့ အလွန်ချစ်ခင်ရတဲ့ အိမ်နီးနားချင်းတစ်ဦးဖြစ်တဲ့ အတ္တလန်တစ်က ရေလူသားတွေဆီကနေ ကျွန်တော်တို့ဆီ လာရောက်လည်ပတ်တဲ့ အခွင့်အရေးကို ရရှိထားလို့ပဲ ဖြစ်ပါတယ်"

လူအုပ်ကြီးက ဗွီအိုင်ပီ အခန်းတွေကို မော့မကြည့်မိခင်မှာပဲ အံ့ဩတုန်လှုပ်သွားကြတယ်။

ဒါပေါ့... အဓိက အဖွဲ့အစည်းကြီးတွေကတော့ ဒါကို ကြိုသိထားကြလို့ သိပ်ပြီး အံ့ဩမနေကြဘူး။ ဒါပေမဲ့ အသေးစား အဖွဲ့အစည်းတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကတော့ ဒီသတင်းကြောင့် လုံးဝ ဥဿုံ အံ့အားသင့်သွားကြတယ်။

ဘာနာဘီက သူပေးလိုက်တဲ့ သတင်းအချက်အလက်တွေကို လူအုပ်ကြီး တွေးတောဆင်ခြင်နိုင်အောင် ခဏ ငြိမ်ပေးလိုက်တယ်။ မှန်အနက်ရောင်တွေရဲ့ နောက်ကွယ်မှာ ဆွေးနွေးမှုတွေ အများကြီး ဖြစ်လာလိမ့်မယ်ဆိုတာ သူ သိနေတာပေါ့... အထူးသဖြင့် ရေလူသားတွေ လေလံပွဲကို ရောက်လာလိမ့်မယ်လို့ လုံးဝ ပြင်ဆင်မထားတဲ့ ကုမ္ပဏီတွေအတွက်ပေါ့။

"အဟမ်း... လူကြီးမင်းတို့ခင်ဗျာ... ရေလူသားတွေအနေနဲ့ သူတို့ကြောင့် အနှောင့်အယှက်ဖြစ်သွားရတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်လို့ သိစေချင်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့က အားလုံး သဘောကျမယ့် အရာတစ်ခုကို လေလံပွဲအတွက် ပေးအပ်ဖို့ ဆန္ဒရှိနေပါတယ်..."

ဒီတစ်ကြိမ်မှာတော့ မိုက်ကယ် ဗွီအိုင်ပီ အခန်းတွေဆီကနေ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာကို ခံစားလိုက်ရတယ်။ ရေလူသားတွေဆီကနေ လက်ဆောင်ရှိမယ်ဆိုတာကို သူတို့တောင် ကြိုမသိထားကြတဲ့ ပုံပဲ။

"ဒီညရဲ့ နောက်ဆုံးပစ္စည်းက တခြားမဟုတ်ဘဲ ဝိညာဉ်ဆီပဲ ဖြစ်လိမ့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာကို ကျွန်တော် သိပါတယ်..."

ဘာနာဘီရဲ့ နောက်ထပ်ထွက်လာမယ့် စကားကို စောင့်ရင်း လူတိုင်းက တိတ်ဆိတ်သွားကြတယ်။

"ဒါနဲ့ပတ်သက်ပြီး ကျွန်တော် အတည်ပြုချင်တာကတော့... ဟုတ်ပါတယ်... ကျွန်တော်တို့ လေလံပွဲရဲ့ နောက်ဆုံးအပိုင်းမှာ ဝိညာဉ်ဆီ ငါးစက်ကို လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်"

ကုမ္ပဏီအားလုံးရဲ့ ရည်မှန်းချက်က ဒါပဲဆိုတာ မိုက်ကယ် သိနေတာပေါ့... အထူးသဖြင့် အဓိက အဖွဲ့အစည်းကြီးတွေအတွက်။

"ဒါပေမဲ့..."

ဘာနာဘီက စကားကို ခဏ ဖြတ်ထားလိုက်တယ်။ သူက လူအုပ်ကြီးရဲ့ အာရုံကို ဖမ်းစားတဲ့နေရာမှာ ဆရာတစ်ဆူပဲလေ။

"ရေလူသားတွေက သူတို့ကြောင့် အနှောင့်အယှက်ဖြစ်သွားရတဲ့အတွက် ကာမိစေဖို့ ရှေးဟောင်းဝိညာဉ်ဆီ တစ်ဆယ့်ငါးစက်ကို ပေးအပ်ဖို့ ဆန္ဒရှိကြောင်း ကြေညာချင်ပါတယ်

ဒါကြောင့် လေလံတင်မယ့် စုစုပေါင်း ဝိညာဉ်ဆီဟာ အစက်ပေါင်း နှစ်ဆယ် တိတိ ဖြစ်သွားပါပြီ"

လေလံပွဲကျင်းပရာနေရာ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့တယ်။ ကုမ္ပဏီတိုင်းက ဒီသတင်းကြောင့် စိတ်လှုပ်ရှားသွားကြပြီး ဝမ်းသာအားရ အော်ဟစ်သံတွေ၊ အံ့ဩသံတွေနဲ့ အော်ဟစ်ကြွေးကြော်သံတွေ ဟည်းထွက်သွားတယ်။

အဓိက အဖွဲ့အစည်းကြီးတွေတောင် အံ့အားသင့်သွားကြတယ်။ အဲလ်ရစ်၊ အဲရစ်နဲ့ အခြားခေါင်းဆောင်တွေက ချက်ချင်းပဲ အစီအစဉ်တစ်ခု ဆွဲနိုင်ဖို့အတွက် သူတို့အဖွဲ့ဝင်တွေနဲ့ အရေးပေါ် အစည်းအဝေးတစ်ခုကို ထိုင်ရာမထ ပြင်ဆင်လိုက်ကြတော့တယ်။

အံ့ဩသွားပုံမရတဲ့ တစ်ဦးတည်းသောသူကတော့ မြို့စားကတော်နဲ့ တော်ဝင်မိသားစုပဲ ဖြစ်တယ်။ သူမက ဘေးနားမှာ ရီနာတီရို့စ် အချိုရည်ပုလင်း တစ်ဝက်လောက်ကျန်တာကို ချထားပြီး ခုံပေါ်မှာ ငြိမ်ငြိမ်ကလေး ထိုင်နေတုန်းပဲ။

"အစက်နှစ်ဆယ်..." လို့ မိုက်ကယ်က ကိုယ့်ဘာသာ ရေရွတ်လိုက်တယ်။

ဒီလောက်အများကြီးနဲ့ဆိုရင် သူ ဘယ်လို အဆင့်မြှင့်တင်မှုတွေ ဝယ်လို့ရမလဲဆိုတာ သူ စိတ်ကူးကြည့်နေမိတယ်။

ဒီအဆင့်မြှင့်တင်မှုတွေနဲ့တင် သူ့ရဲ့ ဒရုန်းကို အနာဂတ် ကမ္ဘာပျက်ကပ်စစ်ပွဲသုံး ကိရိယာတစ်ခုအဖြစ် သူ ပြောင်းလဲပစ်နိုင်တာပေါ့။

* * * * * * * *

စာစဉ်(၄၄)

All Chapters