အခန်း ၅၂၄
Vol. 44 Ch. 524
အခန်း(၅၂၄)
"နောက်ထပ် စကားများမနေတော့ဘဲ လေလံပွဲကို စလိုက်ကြရအောင်" လို့ ဘာနာဘီက ကွင်းလုံးဟည်းသွားအောင် အော်ဟစ်လိုက်တယ်။
ပွဲကြည့်ပရိသတ်တွေကြားထဲက စိတ်လှုပ်ရှားမှုဟာ မျှော်လင့်ချက်တွေနဲ့အတူ ပိုပြီး အရှိန်အဟုန် ပြင်းထန်လာတယ်။
တစ်ဖက်မှာလည်း ကုမ္ပဏီတွေက ဘာနာဘီ ပထမဆုံးပစ္စည်းကို ထုတ်ပြမှာကိုပဲ စောင့်နေကြပြီး အဲဒီပစ္စည်းကို ဝယ်မလား၊ မဝယ်ဘူးလားဆိုတာ ဆုံးဖြတ်ဖို့ အသင့်ပြင်နေကြတာပါ။
"ကျွန်တော်တို့ရဲ့ ပထမဆုံးပစ္စည်းအတွက်တော့ သိပ်ကို ထူးခြားတဲ့အရာတစ်ခုကို အဆင်သင့် ပြင်ထားပါတယ်"
ဘာနာဘီက လမ်းဖယ်ပေးတဲ့အနေနဲ့ စင်မြင့်အလယ်ကနေ ဘေးကို ဖယ်ပေးလိုက်တယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ မြေကြီးထဲကနေ စင်တစ်ခုဟာ လေထဲကို ပျံတက်လာပြီး လူတစ်ယောက်စာ အရွယ်အစားရှိတဲ့ စတုဂံပုံ သေတ္တာတစ်လုံး ပေါ်လာတယ်။
အဲဒီပစ္စည်းကိုတော့ ၎င်းရဲ့ ပုံစံအမှန်ကို အနည်းငယ် ဖုံးကွယ်ထားတဲ့ အနီရောင် ကတ္တီပါအစနဲ့ အုပ်ထားတယ်။ ဒါပေမဲ့လည်း အဲဒီအရာရဲ့ ရင်းနှီးနေတဲ့ ပုံသဏ္ဌာန်နဲ့ အနားသတ်တွေကြောင့် ဘာပစ္စည်းလဲဆိုတာကို အလွယ်တကူပဲ ခန့်မှန်းနိုင်ကြပါတယ်။
"လူကြီးမင်းတို့ခင်ဗျာ... ကျွန်တော် မိတ်ဆက်ပေးပါရစေ"
ဘာနာဘီက အနီရောင် ကော်ဇောစကို ဆွဲချလိုက်တယ်။
"လူပုတွေရဲ့လက်ရာသံချပ်အင်္ကျီ၊ ဓားနဲ့ ဒိုင်း အပြည့်အစုံပါပဲ"
လူတိုင်းဟာ သပ်ရပ်လှပလွန်းတဲ့ သတ္တုလက်ရာမွန်ကြီးကို ဝိုင်းပြီး ငေးမောကြည့်လိုက်ကြတယ်။ အဝေးကနေ ကြည့်ရင်တောင်မှ တောက်ပပြောင်လက်ပြီး အနာအဆာမရှိတဲ့ သတ္တုမျက်နှာပြင်ကြောင့် သံချပ်အင်္ကျီတစ်ခုလုံးဟာ ကောင်းကင်ဘုံကနေ တိုက်ရိုက်ကျလာတဲ့အတိုင်း ထင်မှတ်ရတယ်။
"ဒါဟာ တစ်စုံတည်း မဟုတ်ပါဘူး... နှစ်စုံတည်းလည်း မဟုတ်ပါဘူး... သုံးစုံတည်းလည်း မဟုတ်ပါဘူး... သင်နဲ့ သင့်အဖွဲ့သားတွေအတွက် ဆယ်စုံတိတိ ဖြစ်ပါတယ်... ကုမ္ပဏီအသီးသီးက လူကြီးမင်းတို့ခင်ဗျာ... ရွှေဒင်္ဂါး တစ်သိန်းကနေ စပြီး လေလံဆွဲပေးကြပါ"
ဘာနာဘီက အဲဒီလို နှုတ်ထွက်စကား ပြောလိုက်တာနဲ့ ချက်ချင်းပဲ ကုမ္ပဏီတွေဟာ လေလံဆွဲဖို့အတွက် သူတို့ရဲ့ မှန်အမည်းရောင် ပြတင်းပေါက်တွေကို လာပြီး ခေါက်ကြတော့တယ်။
ခေါက်သံတွေရဲ့ အခြေအနေအရ ကြည့်ရရင်တော့ အသေးစား ဂိုဏ်းခွဲတွေက ကုမ္ပဏီတိုင်းဟာ ချက်ချင်းပဲ လေလံဝင်ဆွဲကြတဲ့ ပုံပါပဲ။
ဘာပဲဖြစ်ဖြစ် လူပုတွေရဲ့လက်ရာသံချပ်အင်္ကျီ တစ်စုံတည်းဆိုရင်တောင် ကောင်းလှပြီ။ နှစ်စုံဆိုရင် ပိုလို့တောင် အဆင်ပြေဦးမယ်။ အခုက ဆယ်စုံတောင်လေ။ ဒါဟာ အခြေအနေကို အလုံးစုံ ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။ သူတို့ရဲ့ အဓိက အရာရှိတွေကို သပ်ရပ်လှပလွန်းတဲ့ သတ္တုသံချပ်အင်္ကျီတွေ ဆင်မြန်းပေးထားနိုင်တာဟာ ရေရှည်အတွက်တင်မကဘဲ ရေတိုဖြစ်တဲ့ ဒီလေလံပွဲအတွက်ပါ အများကြီး အထောက်အကူ ဖြစ်စေမှာပါ။
ဘာနာဘီကတော့ တစ်ဖုန်းဖုန်းနဲ့ ခေါက်နေတဲ့ ဆူညံသံတွေကြားထဲကနေ ဘယ်သူက ပထမဆုံး လေလံဆွဲလဲဆိုတာကို အတိအကျ သိနေတယ်။
"တဲလန်စပိခ် ကနေ တစ်သိန်းတစ်သောင်း"
အဲဒီနောက် နောက်ထပ် မှန်ခေါက်သံတစ်ချက် ထွက်လာပြန်တယ်။
"တစ်သိန်းနှစ်သောင်း"
မှန်ခေါက်သံတွေက ဆက်တိုက် ထွက်ပေါ်နေတာကြောင့် ဘာနာဘီမှာ လေလံဈေးနှုန်းတွေကို လိုက်အော်ဖို့တောင် အချိန်မရချင်ဘူး။
ဒေါက်
ဘာနာဘီက စိတ်လှုပ်ရှားစွာနဲ့ လေလံပွဲခန်းမရဲ့ အပေါ်ဆုံးအခန်းတွေထဲက တစ်ခန်းကို လက်ညှိုးထိုးပြလိုက်တယ်။ "စပိုက်စ်ဗိုက်စ် ကနေ တစ်သန်းနဲ့ လေလံဆွဲလိုက်ပါပြီ"
ဒီအဆင့် ရောက်လာတဲ့အခါမှာတော့ အခြားအသေးစား ဂိုဏ်းခွဲတွေက နောက်ဆုတ်သွားကြပြီး လေလံဈေး ထပ်မတိုးတော့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လေလံပွဲခန်းမကို ဆူညံစေခဲ့တဲ့ မှန်ခေါက်သံတွေဟာလည်း တိတ်ဆိတ်သွားတော့တယ်။ လူပုတွေရဲ့ သတ္တုဝတ်စုံက ကောင်းတာတော့ မှန်ပေမဲ့ အဲဒီလောက်အထိတော့ တန်ဖိုးမရှိပါဘူး။ သူတို့ရဲ့ ငွေတွေကို ဒီထက်ပိုပြီး အကျိုးရှိမယ့်နေရာတွေမှာ သုံးစရာ ရှိသေးတာကိုး။
"တစ်သန်း လေလံဈေး ရထားပါတယ်။ ဒီထက် ပိုပေးနိုင်မယ့်သူ ရှိသေးလား"
ဘာနာဘီရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တဲ့အတိုင်း စပိုက်စ်ဗိုက်စ် အခန်းရဲ့ ဘေးကပ်လျက်အခန်းကနေ ချက်ချင်းပဲ မှန်ခေါက်သံတစ်ချက် ထွက်ပေါ်လာတယ်။
"ခရိုကိုဒိုင်းလယ်သာကုမ္ပဏီ ကနေ တစ်သန်း နှစ်သိန်း ရထားပါတယ်" လို့ ဘာနာဘီက အော်ပြောလိုက်တယ်။
ဒါပေမဲ့ မကြာခင်မှာပဲ နောက်ထပ် မှန်ခေါက်သံတစ်ချက် ခန်းမထဲမှာ ထပ်ပြီး ဟည်းသွားပြန်တယ်။
"အို... အများကြီး ခုန်တက်သွားပြီ... အမြင့်ဆုံး လေလံဈေး တစ်သန်း ငါးသိန်းကိုတော့ အယ်လီဂေတာကလပ် ကနေ တိုက်ရိုက် ပေးလိုက်တာပဲ ဖြစ်ပါတယ်"
အောက်ထပ်က ပွဲကြည့်ပရိသတ်တွေဟာ လေလံဈေး အပြိုင်အဆိုင် ပေးနေကြတဲ့ ကုမ္ပဏီ သုံးခုကို အံ့ဩတကြီး မော့ကြည့်နေကြတယ်။ သူတို့ ဒါကို မျှော်လင့်ထားပြီးသားပါ။ ဘာပဲဖြစ်ဖြစ် အဲဒီကုမ္ပဏီတွေက ရိုင်းဇင်းဆစ် ထဲက အဖွဲ့တွေ ဖြစ်နေကြတာကိုး။
"ဟား... ရိုင်းဇင်းဆစ် က အဖွဲ့တွေက လူပုတွေရဲ့ သံချပ်အင်္ကျီအစုံတွေအတွက် ဒီလောက်အထိ အများကြီး သုံးကြမှာလား"
"ဒါက သံချပ်အင်္ကျီ သက်သက်တင် မဟုတ်ဘူးဗျ။ အဲဒီ သံချပ်အင်္ကျီတွေထဲမှာ မြှုပ်နှံထားတဲ့ ပညာရပ်တွေကြောင့်လေ"
"ဩော်... သဘောပေါက်ပြီ... ဒါဆို သူတို့က လူပုတွေလို ကောင်းမွန်တဲ့ သံချပ်အင်္ကျီမျိုး ဘယ်လိုလုပ်ရမလဲဆိုတဲ့ ပညာရပ်ကို လေ့လာခွင့်ရဖို့ အပြိုင်အဆိုင် လေလံဆွဲနေကြတာပေါ့"
နောက်ထပ် မှန်ခေါက်သံတစ်ချက် ခန်းမထဲမှာ ပဲ့တင်ထပ်သွားပြန်တယ်။
"နောက်ထပ် ပြိုင်ဘက်တစ်ယောက် ထွက်လာပြန်ပါပြီ... ကောင်းကင်ဘုံလက်ရာ ကနေ တစ်သန်း ခြောက်သိန်းနဲ့ လေလံဆွဲလိုက်ပါပြီ"
အဲဒီနောက် မကြာခင်မှာပဲ ရိုင်းဇင်းဆစ် ထဲက နောက်ထပ်တစ်ယောက်ဆီကနေ လေလံဈေး ထပ်ထွက်လာတယ်။
"တစ်သန်း ခုနစ်သိန်း... မောင်တိန်မူးဗားစ် ကနေ ပေးလိုက်တာပါ" လို့ ဘာနာဘီက အော်ဟစ်လိုက်တယ်။
"စပိုက်စ်ဗိုက်စ် က နောက်ထပ် ဈေးတစ်ခု ထပ်ပေးပြန်ပြီ... တစ်သန်း ရှစ်သိန်း"
"တစ်သန်း ကိုးသိန်း"
"နှစ်သန်း"
ရိုင်းဇင်းဆစ် အဖွဲ့တွေဟာ တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးဘဲ လေလံဈေးတွေကို အပြန်အလှန် အပြိုင်အဆိုင် တိုးပေးနေကြတယ်။
တစ်ဖက်မှာလည်း အပြင်းအထန် အရှိန်တက်နေတဲ့ လေလံပွဲကြီး ဖြစ်ပျက်နေစဉ်အတွင်း မိုက်ကယ် နဲ့ အခြား ရီနေးတား တွေဟာ မှန်ကနေတစ်ဆင့် အောက်ကို ငုံ့ကြည့်ပြီး မြင်တွေ့နေရတဲ့ အခြေအနေကို စိတ်ပျက်မဆုံး ဖြစ်နေကြတယ်။
"ဒီလောက်ပဲလား" လို့ ဇိုင်ယွန် က နှာခေါင်းရှုံ့လိုက်တယ်။ "သူတို့က သာမန် သံချပ်အင်္ကျီအစုံတွေအတွက် ဒီလောက်အထိ အများကြီး ပေးနေကြတာလား"
"ဒါက လူပုတွေရဲ့ အရည်အသွေးမျိုး တောင် မမီဘူးလို့ ငါ ထင်တယ်" လို့ ဂျာကူ က မျက်စိတစ်ဖက်ကို ဖွင့်ပြီး ကျန်တစ်ဖက်ကို မှိတ်လျက် သာမန်ကာလျှံကာ မှတ်ချက်ချလိုက်တယ်။
"သူတို့ တိုင်းပြည်ကနေ ခိုးထွက်သွားတဲ့ သံချပ်အင်္ကျီက အောက်တန်းစား အရည်အသွေးပဲ ရှိတယ်ဆိုတာ သိရင် လူပုဘုရင်ကြီးကတော့ သိပ်ကို သဘောကျနေမှာပဲ" လို့ ရှီနာ က ပြုံးရင်း ပြောလိုက်တယ်။
ဒရာဂွန်ဘွန်း တွေ ပြောနေတာကို ကြားရတဲ့အခါ အခြား ဗန်ဒါဘစ် မိသားစုဝင်တွေမှာတော့ ဆွံ့အလို့ သွားကြတယ်။ လူပု သံချပ်အင်္ကျီက မကောင်းဘူးတဲ့လား။
အကယ်၍ မက်စ် ဒါမှမဟုတ် အခြား ဗန်ဒါဘစ် မိသားစုဝင်တွေသာ အဲဒီ သံချပ်အင်္ကျီအစုံတွေထဲက တစ်စုံကို ရခဲ့မယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန် ရတနာတစ်ခုလို သဘောထားပြီး မျိုးဆက်တစ်ခုကနေ တစ်ခုကို အမွေအဖြစ် လက်ဆင့်ကမ်းပေးကြမှာ သေချာပါတယ်။
ဒါပေမဲ့ ဒီ ရီနေးတား တွေအတွက်တော့ အဲဒီအရာဟာ အောင်မှတ်ပေးဖို့တောင် မတန်ဘူးလို့ သတ်မှတ်ထားကြတာလား။
သူတို့သာ အဲဒီလို တွေးနေကြတယ်ဆိုရင် သူတို့ရဲ့ နယ်မြေမှာ ဘယ်လို သံချပ်အင်္ကျီမျိုးတွေကို ပုံမှန် သုံးနေကြလို့လဲ။
အမှန်တော့ မိုက်ကယ် နဲ့ အခြား ရီနေးတား တွေဟာ အကောင်းတကာ့ အကောင်းဆုံး အဆင့်မြင့် လူပု သတ္တုပစ္စည်းတွေကို သုံးစွဲရတာ အဆင်ပြေလွန်းနေတာကြောင့် သူတို့ရဲ့ ကောင်းမွန်ခြင်းဆိုင်ရာ စံနှုန်းတွေက အလုံးစုံ လွဲမှားနေတာ ဖြစ်ပါတယ်။
အဲဒီ သံချပ်အင်္ကျီအစုံက ပုံမှန်အတိုင်းဆိုရင် အပြစ်ပြောစရာမရှိဘဲ ပြည့်စုံလှပါတယ်။ ဒါပေမဲ့ သူတို့အတွက်တော့ ဒါဟာ သူတို့ မြင်ဖူးသမျှထဲမှာ အညံ့ဆုံး အရည်အသွေးရှိတဲ့ လူပု ပန်းပဲလက်ရာတွေထဲက တစ်ခု ဖြစ်နေလို့ပါပဲ။
"မိုက်ကယ်... မင်း တကယ်ပဲ လေလံမဆွဲချင်ဘူးလား" လို့ မက်စ် က မေးလိုက်တယ်။
မိုက်ကယ်က သူ့ကို ပြန်ကြည့်လိုက်ပြီး "ဘာလဲ... ဦးလေးက တစ်စုံ လိုချင်လို့လား"
မက်စ်က ချက်ချင်းပဲ လက်ခါပြီး ငြင်းလိုက်တယ်။ "မဟုတ်တာ... မဟုတ်တာ... ဒါက ငါ့အတွက်တော့ ဈေးကြီးလွန်းပါတယ်... ဒါပေမဲ့ မင်း ဒါမှမဟုတ် မင်းရဲ့ သူငယ်ချင်းတွေအတွက် တစ်ခုခု မဝယ်ချင်ဘူးလားလို့ပါ"
"ဟိဟိ" လိုင်လီယာ က ရယ်မောလိုက်တယ်။ "ခဲအိုကြီးရယ်... အဲဒီလို သတ္တုညံ့ညံ့တွေက ကျွန်မရဲ့ သားနဲ့ မတန်ပါဘူး"
အဲဒီနောက် မိုက်ကယ်ဟာ ပုံပြင်ထဲကလို မျက်လုံးလေးတွေ တောက်ပပြီး လူပု သံချပ်အင်္ကျီကို ငေးကြည့်နေတဲ့ ဝီလျံ သေးသေးလေးကို သတိထားမိသွားတယ်။ ကောင်လေးကတော့ ဒါကို တကယ် လိုချင်နေတဲ့ ပုံပါပဲ။
သူက ကောင်လေးနားကို ချဉ်းကပ်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်တယ်။ "မင်း ဒါကို လိုချင်လို့လား"
ကောင်လေးက မိုက်ကယ်ကို ကြောက်ရွံ့ရိုသေသလို ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။
မိုက်ကယ်က ပြုံးလိုက်ပြီး ရှီနာ့ကို လှမ်းကြည့်လိုက်တယ်။ ရှီနာကတော့ သူ ဘာမှမပြောရသေးခင်မှာပဲ ဘာလုပ်ရမလဲဆိုတာကို အတိအကျ သဘောပေါက်သွားပါတယ်။
သူမက သူမရဲ့ ခြေဖဝါးအောက်မှာ ခိုအောင်းနေတဲ့ အရိပ်အော့ခ်ကို ဆက်သွယ်ပြီး ညွှန်ကြားချက် အချို့ ပေးလိုက်တယ်။ မကြာခင်မှာပဲ အော့ခ်ဟာ အသစ်စက်စက် တောက်ပနေတဲ့ သံချပ်အင်္ကျီတစ်စုံကို လက်ထဲမှာ ကိုင်လျက် လူစုရှေ့မှာ ပေါ်လာတော့တယ်။
"ရော့... တော် မတော် တစ်ချက်လောက် ဝတ်ကြည့်လိုက်" လို့ ရှီနာက ဝီလျံဆီ သံချပ်အင်္ကျီ ကမ်းပေးလိုက်စဉ်မှာ မိုက်ကယ်က ပြောလိုက်တယ်။
သူ့သားဖြစ်သူက သံချပ်အင်္ကျီအသစ်ကို စိတ်လှုပ်ရှားစွာနဲ့ ဝတ်ဆင်နေစဉ်မှာ မက်စ်ဟာ အဲဒီအရာကို ပြုလုပ်ထားတဲ့ သတ္တုရဲ့ အလွန်အမင်း လှပဆန်းကြယ်တဲ့ အရည်အသွေးကို သတိပြုမိသွားပြီး အံ့ဩတကြီးနဲ့ အသက်ရှူမှားမတတ် ဖြစ်သွားရတယ်။
"မိုက်ကယ်... ဒါ... ဒါက ဘာကြီးလဲ"
သူက ပခုံးတွန့်ပြလိုက်တယ်။ "အော်... စိတ်မပူပါနဲ့... ဒါက ရီနေးတား ရဲ့ ဂိုဒေါင်ထဲမှာ ရှိနေတဲ့ သာမန် သံချပ်အင်္ကျီတစ်စုံ ပါပဲ"
မက်စ်က တံတွေးမြိုချလိုက်တယ်။ သူ အဲဒီ သံချပ်အင်္ကျီကို အနီးကပ် ကြည့်လိုက်တဲ့အခါ အောက်ထပ်မှာ လေလံဆွဲနေတဲ့ အရာနဲ့ ပုံသဏ္ဌာန်ချင်း ဆင်တူနေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ ဒီအရာနဲ့ နှိုင်းယှဉ်ရင်တော့ အောက်ထပ်ကပစ္စည်းဟာ အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက် ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့ အပေါစား အတုအပတစ်ခုလို ဖြစ်နေတော့တယ်။
"ဒါက... လူပုတွေ လုပ်ထားတာတော့ မဟုတ်ပါဘူးနော်... ဟုတ်တယ်မလား"
"ဆိုလိုတာကတော့... လူပုတွေ လုပ်ထားတာကတော့ ဟုတ်တာပေါ့... ဒါပေမဲ့ စိတ်မပူပါနဲ့... အဲဒါက အဲဒီလောက်အထိ တန်ဖိုးမရှိပါဘူး... ကျွန်တော်တို့ဆီမှာ သူတို့ရဲ့ လက်ရာတွေကို လေ့ကျင့်နေကြတဲ့ လူပု အလုပ်သင်တွေ အများကြီး ရှိတယ်လေ... ဒါက အဲဒီထဲက တစ်ခုပါပဲ"
မက်စ်တစ်ယောက် ဆိုဖာပေါ်ကို ခွေခေါက်လဲကျလုနီးပါး ဖြစ်သွားရတယ်။
အခြား ဗန်ဒါဘစ် မိသားစုဝင်တွေလည်း အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ အောက်မေးရိုးတွေ မြေခမတတ် မှင်တက်ကျန်ရစ်ခဲ့ကြတော့တယ်။
* * * * * * * *
စာစဉ်(၄၄)