အခန်း ၅၂၇
Vol. 44 Ch. 527
အခန်း(၅၂၇)
"ဒါကြောင့်မို့လို့ ဘိုး က ထိပ်ဆုံးမှာ ရောက်နေတာပေါ့။ သူ့ရဲ့ အရာရှိတွေကလည်း ထိပ်သီးတွေချည်းပဲလေ။ သူက သူ့အရာရှိအားလုံးကို မီသရယ် မှော်ဝင်ပစ္စည်းတွေတောင် တပ်ဆင်ပေးနိုင်တာပဲဥစ္စာ"
"ဘယ်သူမှ အဲဒီအသင်းကို နိုင်မှာမဟုတ်ပါဘူး။ သူတို့လက်ထဲ ရွှေဒင်္ဂါးပြား ရောက်သွားကတည်းက ဘယ်သူမှ လုနိုင်တော့မှာမဟုတ်ဘူးဆိုတာ ငါ သိနေပြီးသား"
"ဒါပေမဲ့ ကျန်တဲ့ ရိုင်းဇင်းဆစ် အဖွဲ့ဝင်တွေကိုလည်း အသိအမှတ်ပြုရမယ်။ သူတို့အရာရှိတွေကလည်း နောက်ပြောင်နေတာ မဟုတ်ဘူးနော်။ ဒင်္ဂါးပြားက စားဖိုမှူးတွေလက်ထဲ ရောက်သွားတာကတော့ အားလုံးရဲ့ ကံဆိုးမှုပဲပေါ့"
ရွှေဒင်္ဂါးပြားဂိမ်းမှာ ရိုင်းဇင်းဆစ် ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို လူတိုင်းက အားပါးတရ ချီးကျူးနေကြတယ်။ တိုက်ပွဲတွေကလည်း ရင်တဖိုဖိုနဲ့ ကြည့်ရတာ တော်တော်လေး အသည်းယားဖို့ကောင်းတာ။ ကျောက်တုံးကြီးတွေ ကြေမွပျက်စီးသွားပြီး တောအုပ်တွေ ကတုံးတုံးကုန်ကြသလို တိုက်ခိုက်ရေးသမားတွေရဲ့ ပြင်းထန်တဲ့မှော်စွမ်းအားတွေကြောင့် ကောင်းကင်ကြီးတောင်မှ တုန်လှုပ်ချောက်ချားသွားရတယ်။
ဒါကို မြင်တွေ့လိုက်ရတဲ့ အသေးစားဂိုဏ်းကုမ္ပဏီတော်တော်များများကတော့ သက်ပြင်းချနိုင်သွားကြပြီပေါ့။
"ငါတို့သာ အဲဒီလူတွေနဲ့ ပြိုင်ရမှာဆိုရင် လေလံဆွဲတာကို ရှေ့မဆက်ခဲ့တာ တကယ် ကံကောင်းတယ်လို့ ပြောရမယ်"
"သူတို့ သန်မာမှန်းတော့ ငါ သိပါတယ်၊ ဒါပေမဲ့ ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားမိဘူး။ အထူးသဖြင့် အဲဒီစားဖိုမှူးတွေရဲ့ သားလှီးဓားစွမ်းရည်က တကယ့်ကို ထူးချွန်လွန်းတယ်"
"ဒါက ငါ့ကို စိတ်ဓာတ်ကျစေနိုင်ပေမဲ့ တကယ်တော့ ကောင်းပါတယ်။ အနည်းဆုံးတော့ အခု သူတို့ နည်းနည်း ပင်ပန်းသွားကြပြီလေ။ ဒါကြောင့်မို့လို့ ငါတို့အနေနဲ့ တခြားပစ္စည်းတွေအတွက် အခွင့်အရေး ရနိုင်တာပေါ့"
ဒီဂိမ်းမှာ ရိုင်းဇင်းဆစ် ရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်မှ ဝင်မတိုက်ခဲ့ပေမဲ့လည်း တိုက်ခိုက်ရေးသမားတွေ ပြသသွားတဲ့ ခွန်အားနဲ့ တန်ခိုးကတော့ အချို့သော ကုမ္ပဏီတွေ လုပ်နိုင်တဲ့ အဆင့်အတန်းထက် လုံးဝကို အသာစီးရနေခဲ့တာပါ။
တကယ်ကို လူတိုင်းနီးပါးက တိုက်ခိုက်ရေးသမားတွေကို ကြည့်ပြီး အံ့ဩမှင်တက်နေကြတယ်။
မအံ့ဩဘဲ နေနိုင်တာဆိုလို့ ရီနေးတား အဖွဲ့သားတွေပဲ ရှိတယ်။ သူတို့က ပျင်းတောင် ပျင်းနေတဲ့ပုံစံပေါ့။
"မင်းတို့က ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိကြတာလဲ" လို့ သူက သူတို့ကို မေးလိုက်တယ်။ "အကယ်၍ မင်းတို့က လေလံပွဲမှာ ပြိုင်ပွဲဝင်တော့မယ်ဆိုရင် နောက်ပိုင်းမှာ သူတို့နဲ့ မလွဲမသွေ ပြိုင်ဆိုင်ကြရမှာလေ။ ဒါက သူတို့ရဲ့ လှုပ်ရှားမှုတွေကို လေ့လာပြီး အသာစီးရအောင် လုပ်နိုင်မယ့် အခွင့်အရေးပဲဥစ္စာ"
မိုက်ကယ် ကို လေလံပွဲမှာ နိုင်စေချင်တဲ့အတွက် မက်စ် က အားသွန်ခွန်စိုက် အကြံပေးနေတာပါ။ ရိုင်းဇင်းဆစ် ရဲ့ ခေါင်းဆောင်တွေကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက် ဆိုပေမဲ့ သူတို့ရဲ့အရာရှိတွေကိုတော့ သေချာ စနစ်တကျ စီမံကိန်းချရင် ဖြိုလဲလို့ ရနိုင်ပါတယ်။ တရားမျှတတဲ့ပွဲစဉ်တစ်ခုမှာ သူတို့ကို အနိုင်ယူနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ဒါပဲလို့ သူ တွေးထားတာလေ။
"ဘာကို ကြည့်နေရမှာလဲ" လို့ ဂျာကူ က ဆိုဖာပေါ်မှာ မျက်လုံးမှိတ် လှဲလျောင်းနေရင်း လှမ်းမေးတယ်။ "ဟင်း...အိပ်တောင် အိပ်လိုက်ချင်သေးတယ်"
"ဟင်...အိပ်မယ် ဟုတ်လား"
"ဟုတ်တယ်လေ" ဇိုင်ယွန် က ကြားဖြတ်ဝင်ပြောတယ်။ "ငါကတော့ အနိုင်ရအောင် လက်သီးနဲ့ပဲ ထိုးခွဲပစ်မှာ။ စီမံကိန်းတွေ ဘာတွေ စိတ်ပူနေစရာ မလိုပါဘူး"
မက်စ် တစ်ယောက် သူကြားလိုက်ရတဲ့ စကားကြောင့် ကိုယ့်နားကိုယ်တောင် မယုံနိုင် ဖြစ်သွားရတယ်။ သူတို့က ရိုင်းဇင်းဆစ် အဖွဲ့သားတွေကို လမ်းဘေးမှာ အလွယ်တကူ တွေ့နိုင်တဲ့ ရိုးရိုးပုံမှန် တိုက်ခိုက်ရေးသမားတွေလိုမျိုး ပြောနေကြတာကိုး။
ဒါပေမဲ့ အမှန်တရားကတော့ လုံးဝဥဿုံ ဆန့်ကျင်ဘက်ပါပဲ။ အဲဒီလူတွေက အတော်ဆုံးတွေထဲက အတော်ဆုံး ဖြစ်အောင် သေချာ စိစစ်ရွေးချယ်ထားခံရသူတွေလေ။ သူတို့ထဲက တချို့ဆိုရင် သူတို့ဘာသာသူတို့ ကုမ္ပဏီကြီးတစ်ခုတောင် တည်ထောင်နိုင်တဲ့ စွမ်းရည်ရှိကြတာ။
"ဆာ မက်စ်...ကျွန်မ အစ်ကိုတွေရဲ့ စကားကို သဘောမတူချင်ပေမဲ့ သူတို့ပြောတာ မှန်ပါတယ်။ ကြိုတင်ပြီး စီမံကိန်းချနေစရာ မလိုပါဘူး။ သန်မာသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ လိုအပ်ရင်တော့ ငါတို့ သူတို့ကို အနိုင်တိုက်မှာပဲ" လို့ ရှီနာ က ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်တယ်။
သူတို့ရဲ့ လုံးဝဥဿုံ ယုံကြည်ချက်တွေကြောင့် မက်စ် တစ်ယောက် တွေဝေသွားရတယ်။ ပြီးတော့ သူက ရယ်မောရင်း ခေါင်းညိတ်ပြနေတဲ့ မိုက်ကယ် ကို လှည့်ကြည့်လိုက်တယ်။ "စိတ်မပူပါနဲ့ ဦးလေးရယ်။ သူတို့ ဘာလုပ်ရမလဲဆိုတာ သူတို့ သိပါတယ်"
ဒီနေရာမှာတင် မက်စ် တစ်ယောက် စတင်ပြီး သံသယဝင်လာမိတော့တယ်။ ဒီလူတွေက ဘယ်သူတွေလဲ။ ဒီလို လူတစ်ပိုင်းသတ္တဝါ မျိုးနွယ်စုကို သူ တစ်ခါမှ မမြင်ဖူးပါဘူး။ သူတို့ပုံစံက ပုတ်သင်ညိုနဲ့ ဖွတ်နဂါးလူသား ရောစပ်ထားတဲ့ ပုံစံမျိုးဆိုတော့ သူတို့ရဲ့ ပင်ကိုယ်ခွန်အားကို သူ ခန့်မှန်းလို့ မရဘူးဖြစ်နေတယ်။
နောက်ပြီး လူတစ်ပိုင်းသတ္တဝါ အများစုက ပင်ကိုယ်ကတည်းက မှော်အတတ်မှာ အားနည်းကြတာကလည်း တစ်ကြောင်းပေါ့။
ဒါကြောင့်မို့လို့ သူတို့က လက်နက်သုံး တိုက်ခိုက်ရေးသမားတွေ ဖြစ်လိမ့်မယ်လို့ သူ ထင်ထားတာ။ ဒါပေမဲ့ သူတို့လက်ထဲမှာ လက်နက်လည်း တစ်ခုမှ ရှိမနေဘူးလေ။
ဒီအတောအတွင်း လေလံပွဲကျင်းပတဲ့ အောက်ဘက်မှာတော့ စင်မြင့်က ပွဲကြည့်စင်အောက်ကနေ ဖြည်းဖြည်းချင်း တိုးထွက်လာပြီး မှော်ကမ္ဘာငယ်လေး ရဲ့ အပေါက်ကို ပိတ်ဆို့ကာ စင်မြင့်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားပါတယ်။
"ဟားဟားဟား...သူတို့ ချန်ထားခဲ့တဲ့ ရှုပ်ပွနေတာတွေကို ရှင်းလင်းဖို့ ငါ ပိုက်ဆံအများကြီး ပေးရမယ့်ပုံပဲ" လို့ ဘာနာဘီ က နောက်ပြောင်လိုက်တယ်။ "ဒါပေမဲ့ နောက်ပြောင်တာကို ခဏထားပြီး အနိုင်ရရှိသွားသူကို ဂုဏ်ပြုပါတယ်။ ပစ္စည်းလွှဲပြောင်းယူတာကိုတော့ လေလံပွဲပြီးမှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အခုတော့ ဒုတိယမြောက် ရယူနိုင်မယ့် ပစ္စည်းအတွက် အချိန်ရောက်ပါပြီ"
ကျန်ရှိနေတဲ့ လေလံပစ္စည်းတွေကတော့ ပထမတစ်ခုလောက် ကြီးကျယ်ခမ်းနားတာ ဒါမှမဟုတ် စိတ်လှုပ်ရှားဖို့ကောင်းတာမျိုး မရှိတော့ပါဘူး။
ရိုင်းဇင်းဆစ် နဲ့ အဓိကဂိုဏ်းကြီးတွေထဲက ဘယ်သူမှလည်း ဒီပစ္စည်းတွေအတွက် ဝင်မပြိုင်ကြဘူး။ အဲဒီပစ္စည်းအများစုက ပြင်ပစျေးကွက်မှာ တွေ့ရခဲတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ဖြစ်ပေမဲ့ တခြားသူတွေနဲ့ ယှဉ်ရင် အောင်မြင်ကြီးမားတဲ့ ကုမ္ပဏီကြီးတွေမှာတော့ ဒါမျိုးတွေက အများကြီး ရှိပြီးသား ဖြစ်နေလို့ပါ။
ဥပမာအားဖြင့် လေလံတင်တဲ့ ပစ္စည်းတွေထဲက တစ်ခုက အခြေအနေ တော်တော်လေးကောင်းမွန်ပြီး ပွန်းပဲ့ရုံလောက်ပဲ ရှိတဲ့ မီသရယ် မှော်ဝင်ပစ္စည်း တစ်ခု ဖြစ်ပါတယ်။ အဲဒါက လက်ကောက်ဝတ်နားမှာပဲ သံချေးအနည်းငယ် တက်နေတဲ့ လက်အိတ်တစ်စုံဖြစ်ပြီး အသုံးပြုတဲ့အခါ ထွက်ပေါ်လာမယ့် စွမ်းအားကိုတော့ ထိခိုက်မှုမရှိစေပါဘူး။
မက်စ် က ဒါကို မြင်မြင်ချင်းပဲ မိုက်ကယ် ကို ချက်ချင်း လေလံဆွဲဖို့ တိုက်တွန်းပါတော့တယ်။
"မင်း ဒါကို ယူသင့်တယ် မိုက်ကယ်။ ရိုင်းဇင်းဆစ် ကတော့ ဒါကို လုံးဝ လှည့်ကြည့်မှာ မဟုတ်ဘူး။ သူတို့အတွက် မလိုဘူးလေ။ ဒါပေမဲ့ မင်းနဲ့ မင်းအဖွဲ့သားတွေအတွက်တော့ ဒါမျိုးက တကယ် အသုံးဝင်မှာ"
ဒါပေမဲ့ သူ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ မိုက်ကယ် နဲ့ တခြား ရီနေးတား အဖွဲ့သားတွေက သူတို့ဘာသာသူတို့ ဂိမ်းတစ်ခုခုကို အလုပ်ရှုပ်ပွန်စွာ ကစားနေကြတာကို တွေ့လိုက်ရတယ်။
"အူနို" လို့ ရှီနာ က သူမရဲ့ နောက်ဆုံးလက်ကျန် ဒုတိယမြောက်ကတ်ကို ပုံထဲ ထည့်ရင်း အော်ပြောလိုက်တယ်။
"အရောင်ပြောင်းလိုက်။ သူ့ကို ပေးနိုင်လို့ မဖြစ်ဘူး" လို့ ဇိုင်ယွန် က ဆိုတယ်။
လေလံပွဲမှာ မှော်ကမ္ဘာငယ်လေး ထဲက ဂိမ်းတစ်ခု ပါဝင်နေတဲ့အတွက် ပစ္စည်းတစ်ခုနဲ့တစ်ခုကြား ကြားခံအချိန်က တော်တော်လေး ကြာမြင့်ပါတယ်။ တချို့ဆိုရင် နာရီပေါင်းများစွာတောင် ကြာနိုင်တာပေါ့။
သူတို့က ဒီနေရာမှာ ငါးနာရီလောက် စောင့်ဆိုင်းနေခဲ့ရတာဆိုတော့ မိုက်ကယ် နဲ့ ကျန်တဲ့လူတွေက အချိန်ကုန်သက်သာအောင် ဘုတ်ဂိမ်းအချို့ကိုပဲ ကစားဖို့ ဆုံးဖြတ်လိုက်ကြတာလေ။
မက်စ် ရဲ့ သားဖြစ်သူ ဝီလျံ တောင်မှ သူတို့နဲ့အတူ အားတက်သရော ပါဝင်နေတာ။
"မင်းတို့ လေလံမဆွဲကြဘူးလား" လို့ မက်စ် က အလောတကြီး မေးလိုက်တယ်။
သူက အောက်ဘက်က တခြားကုမ္ပဏီတွေရဲ့ တံခါးခေါက်သံတွေကို ကြားနေရပြီလေ။ မီသရယ် မှော်ဝင်ပစ္စည်း ရဲ့ စျေးနှုန်းက ရွှေဒင်္ဂါးပြား ၁ ဒသမ ၁ သန်းဝန်းကျင်အထိ အမြင့်ဆုံး ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဘာနာဘီ ကလည်း ဘယ်သူတွေ ဂိမ်းမှာ ပါဝင်မလဲဆိုတာ သိရအောင် တခြားကုမ္ပဏီတွေကို တူညီတဲ့ လေလံစျေးနှုန်းတွေ ပေးဖို့ တောင်းဆိုနေပြီ။
သူတို့ လေလံဆွဲရမယ့် အချိန်ပြတင်းပေါက်က မကြာခင် ပိတ်တော့မှာ ဖြစ်ပေမဲ့ မိုက်ကယ် ကတော့ လေလံပွဲကို အာရုံမစိုက်သေးပါဘူး။
မက်စ် က မိုက်ကယ် အစား တံခါးကို ဝင်ခေါက်ပေးလိုက်ချင်စိတ် တားမရဆွဲမရ ဖြစ်နေမိတယ်။ သူ့အမြင်အရတော့ ဒါက တခြား ရိုင်းဇင်းဆစ် တွေကို အသာစီးရဖို့အတွက် သူတို့ လိုအပ်နေတဲ့အရာပဲလေ။
ဒါပေမဲ့ ဒါကို သူတစ်ယောက်တည်းပဲ တွေးနေမိပုံရပြီး မိုက်ကယ် နဲ့ ကျန်တဲ့လူတွေကတော့ လေလံပွဲ ပြီးဆုံးသွားသည်အထိ လွှတ်ထားလိုက်ကြတယ်။
မက်စ် တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ သူတို့ဆီ လျှောက်သွားလိုက်တယ်။
"မင်းတို့ ဘာလို့ လေလံမဆွဲခဲ့ကြတာလဲ။ မင်းတို့အတွက် မီသရယ် မှော်ဝင်ပစ္စည်းတွေ မလိုချင်ကြဘူးလား"
မိုက်ကယ် က နောက်ဆုံးတော့ မက်စ် ကို လှည့်ကြည့်လာတယ်။ "ဪ...အဲဒါလား။ ကျွန်တော်တို့ဆီမှာ အဲဒါထက် ပိုကောင်းတာ ရှိပြီးသားပါ"
ဒရာဂွန်ဘွန်း တွေက သူတို့ရဲ့ အရိပ်တွေထဲကို လက်လှမ်းနှိုက်လိုက်ပြီး သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို အပြင်ဘက်ကို ထုတ်ပြလိုက်ကြတယ်။
သူတို့ရဲ့ လက်နက်တစ်ခုချင်းစီက ထွက်ပေါ်လာတဲ့ စွမ်းအားအလင်းရောင်ဟာ မက်စ် တစ်သက်မှာ တစ်ခါမှ မမြင်ဖူးတဲ့ လက်နက်တွေထက် ပိုမို တောက်ပနေခဲ့တာပါ။ သူက ရိုင်းဇင်းဆစ် နဲ့ လက်ဂါစီ့စ် တို့ရဲ့ လက်နက်တွေကို မြင်ဖူးထားတာလေ။ ဒါပေမဲ့ အဲဒါတွေထဲက တစ်ခုမှ ဒီလောက်အထိ မတောက်ပကြဘူး။
"ဒါ...ဒါတွေက မီသရယ် မှော်ဝင်ပစ္စည်းတွေလား"
"မီသရယ် မှော်ဝင်ပစ္စည်း အစစ်အမှန်တွေလေ။ သံချေးတက်တာတွေ၊ ပျက်စီးယိုယွင်းတာတွေ မရှိတဲ့ မူလဗားရှင်း အစစ်တွေပေါ့"
မက်စ် တစ်ယောက် ခေါင်းငုံ့သွားပြီး ရယ်မောပါတော့တယ်။
"ဟား...ဟားဟား...ဟားဟားဟားဟားဟား"
ရီနေးတား ရဲ့ ထူးဆန်းထွေလာ အပြုအမူတွေကို ရင်ဆိုင်ရတာက မက်စ် ရဲ့ လက်တွေ့ဘဝ အသိစိတ်ကို နောက်ဆုံးတော့ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီ ထင်ပါရဲ့။
အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ဆီဘက်စတီယန် အတွက် နောက်ဆုံးတော့ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်တစ်ယောက် ရသွားတာပေါ့။
* * * * * * * *
စာစဉ်(၄၄)