အခန်း ၅၂၈
Vol. 44 Ch. 528
အခန်း(၅၂၈)
လေလံပွဲကတော့ ဆက်သွားနေပေမဲ့ မိုက်ကယ်ကတော့ သူ့စိတ်ထဲ သဘောကျမိတဲ့ ပစ္စည်းတစ်ခုမှ ရှာမတွေ့သေးဘူး။ အဲဒီပစ္စည်းတွေက သူ့အတွက် လုံးဝ အသုံးမဝင်တဲ့အရာတွေ ဖြစ်နေရင်ဖြစ်၊ မဟုတ်ရင်လည်း သူတော်တော်များများ ပိုင်ဆိုင်ထားပြီးသား အရာတွေပဲ ဖြစ်နေလို့ပါ။
မိုက်ကယ်ကတော့ အချိန်ကုန်မှန်းသိသာအောင် တခြားသူတွေနဲ့အတူ အူနိုဖဲ ဆက်ကစားနေခဲ့တယ်။
"ကျွန်တော်တို့ရဲ့ နောက်ထပ်ပစ္စည်းကတော့ ခင်ဗျားတို့အားလုံး သဘောကျနှစ်ခြိုက်ကြမယ့် အရာတစ်ခုဖြစ်တာ သေချာပါတယ်ဗျာ။ ကျွန်တော်တို့ လေလံတင်ပေးမှာကတော့ ဘဲရွန်းစ် ရပ်ကွက်၊ ၄၂ လမ်းမှာရှိတဲ့ နေရာကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်"
မက်စ်က အဲဒီစကားကို ကြားလိုက်ရချင်းမှာပဲ ချက်ချင်း တောင့်ခဲသွားခဲ့တယ်။ သူက သူ့ဇနီးဖြစ်သူ ထရေစီကို လှည့်ကြည့်လိုက်တော့ ထရေစီကလည်း စိတ်မကောင်းဖြစ်ရတဲ့ မျက်နှာပေးမျိုးနဲ့ သူ့ကို ကြည့်နေတာ တွေ့လိုက်ရတယ်။ ဒီစကားတွေကို ထပ်ကြားလိုက်ရတာက သူ့နှလုံးသားကို တံကျင်နဲ့ တည့်တည့် ထိုးစိုက်လိုက်သလိုမျိုး ခံစားလိုက်ရတာပေါ့။
မိုက်ကယ်က ဒါကို ချက်ချင်း သတိထားမိသွားတယ်။ "ဘာဖြစ်လို့လဲ"
"အဲဒါက အရင်တုန်းက ငါတို့ပိုင်နက်တွေထဲက တစ်ခုလေ" မက်စ်က နောင်တရစွာ သက်ပြင်းချရင်း ဖွင့်ဟဝန်ခံလိုက်တယ်။ "ငါတို့က အဲဒီမြေကွက်မှာ ငါတို့မိသားစုအိမ်လေး ဆောက်ဖို့ လုပ်ခဲ့ကြတာ၊ ဒါပေမဲ့ နောက်ဆုံးတော့ အကြွေးတွေဆပ်ဖို့အတွက် ရောင်းလိုက်ရတာပေါ့"
မက်စ်ရဲ့ မျက်နှာအမူအရာနဲ့ ဆန့်ကျင်ဘက်အနေနဲ့ မိုက်ကယ်ကတော့ မျှော်လင့်ချက်တွေ ရှိနေခဲ့တယ်။ "ဒါဆို ဘာလို့ စိတ်ညှိုးငယ်နေတာလဲ။ ဒါက ခင်ဗျားတို့ အဲဒါကို ပြန်ဝယ်ဖို့ အခွင့်အရေးပဲဥစ္စာ။ မြို့စားကတော်က ခင်ဗျားတို့ကို ပိုက်ဆံတွေ ပေးထားတာပဲ မဟုတ်ဘူးလား"
မက်စ်က သူ့စိတ်ကို တင်းထားလိုက်တယ်။ သူက ဝမ်းနည်းပူဆွေးမှုတွေထဲမှာ အချိန်အကြာကြီး နစ်မြုပ်နေခဲ့မိတာကြောင့် မိုက်ကယ်ကြောင့် သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီဆိုတာကို လုံးဝ မေ့လျော့နေခဲ့တာ။ သူတို့က အောက်ခြေရဲ့ အောက်ခြေအဆင့်မှာ ရှိနေခဲ့တဲ့ ဗန်ဒါဘစ်တွေ မဟုတ်တော့ဘူးလေ။
"မင်းပြောတာ မှန်တယ် မိုက်ကယ်။ ငါတို့ ဒါကို လေလံဆွဲလို့ ရတာပဲ" မက်စ်က ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ပြောလိုက်တယ်။
မိုက်ကယ်က မှန်ဆီကို လျှောက်သွားပြီး လေလံပွဲစကတည်းက ပထမဆုံးအကြိမ်အဖြစ် မှန်ကို ခေါက်လိုက်တယ်။
ဘာနာဘီက မော့ကြည့်လိုက်ပြီး လေလံဆွဲတဲ့အသံက မိုက်ကယ်ရဲ့ ဗီအိုင်ပီအခန်းကနေ တိုက်ရိုက်လာတာဆိုတာ ရိပ်မိသွားခဲ့တယ်။ သူ့မျက်လုံးတွေက တောက်ပသွားတော့တာပဲ။ ဖျက်မြင်းကြီးက နောက်ဆုံးတော့ စစ်ပွဲထဲကို ဝင်ရောက်လာခဲ့ပြီပေါ့။ သူကတော့ မိုက်ကယ်ရဲ့ အတိုင်းအထက်အလွန် ပါရမီတွေနဲ့ ဒီလေလံပွဲကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဘယ်လို ပြောင်းလဲပစ်မလဲဆိုတာကို မြင်တွေ့ရဖို့ မစောင့်နိုင်အောင် ဖြစ်နေခဲ့ပြီ။
"ကျွန်တော်တို့ဆီမှာ ပထမဆုံး လေလံဈေးအဖြစ် ရီနေးတားကုမ္ပဏီရဲ့ စေတနာပံ့ပိုးမှုနဲ့အတူ ရွှေဒင်္ဂါး ၄ သန်း ရရှိထားပါတယ်ဗျာ" ဘာနာဘီက တက်ကြွလှုပ်ရှားတဲ့ အသံနဲ့ ကြေညာလိုက်တယ်။
စက္ကန့်အနည်းငယ် ကြာသွားပြီးတဲ့နောက်မှာတော့ အောက်ဘက် အခန်းတွေထဲက တစ်ခုဆီကနေ နောက်ထပ် မှန်ခေါက်သံတစ်ချက် ထွက်ပေါ်လာပြန်တယ်။
"နောက်ထပ် ကမ်းလှမ်းချက်က ၄ ဒသမ ၀၁ သန်းပါဗျာ။ အဲဒါထက် ပိုပေးမယ့်သူ ရှိသေးလား"
အရင်အတိုင်းပဲ စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ လေလံပွဲထဲမှာ နောက်ထပ် မှန်ခေါက်သံတစ်ချက် ဟိန်းထွက်သွားပြန်တယ်။
"ကဲ ၄ ဒသမ ၀၅ သန်း။ ဆက်ပြီး ကမ်းလှမ်းပေးကြပါဦး"
ဘာနာဘီက အားပေးစကားတွေ ပြောနေပေမဲ့လည်း ဒီပစ္စည်းအတွက် လေလံဆွဲတဲ့သူက တော်တော်လေးကို နည်းပါးလွန်းလှပါတယ်။ ဈေးနှုန်းကလည်း လိပ်ပြာသွားသလိုမျိုး တရွေ့ရွေ့နဲ့ ဖြည်းဖြည်းချင်းပဲ တက်နေခဲ့တာ။
မိုက်ကယ်က အံ့ဩသွားခဲ့တယ်။ မက်ထရိုပိုလစ်မှာ ရှိတဲ့ အိမ်ခြံမြေ တစ်ကွက်ကို လူတွေအများကြီးက အလုအယက် လိုချင်ကြလိမ့်မယ်လို့ သူ ထင်ထားခဲ့တာလေ။
"ဘာလို့ လူတွေ လေလံမဆွဲကြတာလဲ" မိုက်ကယ်က မက်စ်ကို မေးလိုက်တယ်။
"အဲဒါက စီးပွားရေးလုပ်ဖို့ တကယ်မကောင်းတဲ့ နေရာမို့လို့လေ။ အခြား အဆောက်အအုံတွေ ဝိုင်းနေတော့ ဝယ်သူတွေမျက်စိထဲမှာ တော်တော်လေး ကွယ်နေတာ။ ဒါပေမဲ့ လူနေအိမ် ဆောက်ဖို့အတွက်ဆိုရင်တော့ တကယ်ကို ကောင်းမွန်တဲ့နေရာပေါ့၊ အဲဒါကြောင့် ငါတို့ အဲဒီကို ပြောင်းချင်ခဲ့တာ။
တစ်ယောက်ကတော့ အဲဒီမှာ ဆိုင်လာဖွင့်ဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ဒေဝါလီခံသွားရတာပဲ။ အဲဒါကြောင့်ပဲ အခု ဒီလေလံပွဲထဲ ရောက်လာတာ ဖြစ်လိမ့်မယ်။ တကယ်လို့ နေရာကောင်းသာ ဖြစ်နေရင် ဒါက ဘယ်လိုမှ ရောင်းထွက်လာမှာ မဟုတ်ဘူး"
ဒီလေလံပွဲကို တက်ရောက်လာတဲ့ လူတွေက စီးပွားရေးသမားတွေ ဖြစ်ကြတာပေါ့။ သူတို့ကတော့ အမြတ်အစွန်း တစ်ခုတည်းကိုပဲ တွေးတောနေကြမှာကတော့ အသေအချာပဲ။
သူတို့က ဒီမြေကွက်ရဲ့ တန်ဖိုးက ၄ သန်းထက် မပိုနိုင်ဘူးလို့ တွက်ချက်ထားကြတာ ဖြစ်ရမယ်၊ အဲဒါကြောင့်လည်း လေလံဈေးက အဲဒီမှတ်တိုင်မှာတင် လုံးဝ ရပ်တန့်လုနီးပါး ဖြစ်သွားရတာ။
ဒါပေမဲ့လည်း တစ်ယောက်အတွက် အမှိုက်က တခြားတစ်ယောက်အတွက်တော့ ရတနာ ဖြစ်နိုင်တာပေါ့။
မိုက်ကယ်က မက်ထရိုပိုလစ်မှာ အိမ်ခြံမြေ အလွန်အမင်း လိုအပ်နေတာ။ အခုလောလောဆယ် အမြတ်မထွက်ရင်တောင်မှ သူ့ရဲ့ စွမ်းရည်တွေ၊ ပြီးတော့ တခြားကုမ္ပဏီတွေအပေါ်မှာ ရှိနေတဲ့ သူ့ရဲ့ အသာစီးရမှုတွေနဲ့ဆိုရင် သူက ဒီပိုင်နက်တစ်ခုလုံးကို အနာဂတ်မှာ သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ အိမ်ခြံမြေအဖြစ် ပြောင်းလဲပစ်နိုင်တယ်လေ။
"ဒါက ကောင်းတာပဲ" မက်စ်က ဝမ်းသာအားရ ဖြစ်သွားတယ်။ "ငါ့မှာ အသုံးစရိတ်က ဒင်္ဂါး ၅ သန်းဝန်းကျင်ပဲ ရှိတာ၊ ဆိုလိုတာက ငါ့မြေကွက်ကို ငါ ပြန်ရနိုင်ပြီပေါ့"
ဒါပေမဲ့လည်း သူ့ရဲ့စကားတွေက ကံဆိုးမှုတွေကို သယ်ဆောင်လာသလိုမျိုး အပေါ်ခန်းတွေထဲက တစ်ခုက မှန်အမည်းကို ခေါက်ပြီး သူတို့ရဲ့ လေလံဈေးကို တင်သွင်းလိုက်တယ်။
"တကယ်ကို အံ့ဩစရာကောင်းတဲ့ လေလံဈေးပါပဲဗျာ။ ပိရမစ်ဒစ် ကျူဇင်း ကနေ တိုက်ရိုက်ကမ်းလှမ်းလိုက်တဲ့ ရွှေဒင်္ဂါး ၆ သန်း ဖြစ်ပါတယ်"
မက်စ်ရဲ့ မျှော်လင့်ချက်တွေကတော့ လေလံပွဲထဲမှာ အဲဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ နာမည် ထွက်ပေါ်လာတာကို ကြားလိုက်ရချင်းမှာပဲ ချက်ချင်း ကြေမွပျက်စီးသွားခဲ့ရတယ်။ အဲဒါက သူ့ရဲ့ တတ်နိုင်တဲ့ ဈေးနှုန်းအတိုင်းအတာထက် အဝေးကြီးကို ကျော်လွန်နေပြီလေ။
သူတို့ရဲ့ လေလံဈေးက လူတိုင်းကို သတိပေးချက် ထုတ်ပြန်လိုက်တဲ့ တူတစ်ချက်လိုမျိုးပါပဲ။
ချက်ချင်းဆိုသလိုပဲ လူတိုင်းက လေလံဆွဲတာကို ရပ်တန့်လိုက်ကြတယ်။ ခန်းမထဲမှာ ပျံ့လွင့်နေခဲ့တဲ့ မှန်ခေါက်သံတွေကလည်း တိတ်ဆိတ်ငြိမ်သက်ခြင်းအဖြစ် ပြောင်းလဲသွားခဲ့ရတာပေါ့။
အနည်းဆုံးတော့ အရင်တုန်းက လေလံဈေးတွေက နှေးကွေးပေမဲ့ သေချာပေါက် တက်နေခဲ့သေးတယ်။ အခုအချိန်မှာတော့ တခြား ဘာလေလံဈေးမှ ရှိမနေတော့ဘူး။ အမြတ်မထွက်တဲ့ မြေကွက်တစ်ခုအတွက် အဲဒီလောက် ပိုက်ဆံအများကြီးကို သူတို့ မသုံးစွဲချင်ကြဘူးလေ။
မိုက်ကယ်က ပိရမစ်ဒစ် ကျူဇင်း ရဲ့ အခန်းဆီကို ငုံ့ကြည့်လိုက်ပြီး သူတို့ရဲ့ စီးပွားရေးအမျိုးအစားနဲ့ လုံးဝ မကိုက်ညီတဲ့ မြေကွက်တစ်ခုအတွက် ဘာဖြစ်လို့ ဒီလောက် ပိုက်ဆံအများကြီး ပေးပြီး လေလံဆွဲရတာလဲဆိုတာကို တွေးတောနေမိတယ်။
သူတို့က စားသောက်ဆိုင်တွေနဲ့ အကောင်းစား စားသောက်ဖွယ်ရာ ကဏ္ဍတွေမှာ လုပ်ကိုင်နေကြတာ။ သူတို့အတွက်ကတော့ လူတွေ မြင်သာတဲ့နေရာမျိုးမှာ စီးပွားရေး ထူထောင်ဖို့က မရှိမဖြစ် လိုအပ်တာပေါ့။
ဒီပိုင်နက်ကတော့ အဲဒါနဲ့ လုံးဝ ဥဿုံ ဆန့်ကျင်ဘက်ပဲ။
မိုက်ကယ်ကတော့ သူတို့ ဒီမြေကွက်ကို ဝယ်ရမယ့် အကြောင်းရင်းကို လုံးဝ ရှာမတွေ့ခဲ့ဘူး။
"ဘာဖြစ်လို့လဲ" သူက မှန်ကို ဖြတ်ကျော်ကြည့်ရှုရင်း အထဲမှာရှိတဲ့ လူတိုင်းရဲ့ လင်းမှော်စွမ်းအင် လက္ခဏာတွေကို အကဲခတ်ကာ ကိုယ့်ဘာသာ ပြန်မေးနေမိတယ်။
အသေးငယ်ဆုံး အတိုင်းအတာတစ်ခုကနေတစ်ဆင့် သူက ကုလားထိုင်ပေါ်မှာ ထိုင်နေပြီး စကားပြောနေသလိုမျိုး ပါးစပ်ကို အပေါ်အောက် လှုပ်ရှားနေတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရတယ်။
"နိုဗာ... မင်း နှုတ်ခမ်းဖတ်တတ်လား"
[သေချာတာပေါ့ဗျာ... အခုပဲ မင်းအတွက် စာတန်းထိုး ဖန်တီးပေးနေပါတယ်...]
အဲဒီလိုနဲ့ပဲ ရုပ်မြင်သံကြား မျက်နှာပြင်ပေါ်မှာ ရုပ်ရှင်ကြည့်နေရသလိုမျိုး စာတန်းထိုးတွေက သူ့ရဲ့ အမြင်အာရုံ အောက်ခြေမှာ ပေါ်ထွက်လာခဲ့တယ်။
[မစ်ဘိုး... ငါတို့က ဒီမြေကွက်ကို ဘာလို့ ဝယ်နေတာလဲဟင်။ ဒါက ငါတို့အတွက် ဘာမှ အသုံးမဝင်ဘူးလေ] ကုလားထိုင်ပေါ်က အမျိုးသမီးရဲ့ ဘေးမှာရှိတဲ့ အခြွေအရံတွေထဲက တစ်ယောက်က ပြောလိုက်တယ်။
[ဘာလို့လဲ ဟုတ်လား။ ဘာလို့လဲဆိုတော့ ငါတို့ ဝယ်နိုင်လို့ပေါ့။ အိမ်ခြံမြေကတော့ အိမ်ခြံမြေပဲလေ။ တစ်ယောက်အတွက် အမှိုက်က တခြားတစ်ယောက်အတွက်တော့ ရတနာ ဖြစ်နိုင်တာပဲ။ ငါ့မှာ ဘာပဲဖြစ်ဖြစ် ပိုနေတဲ့ ဒင်္ဂါးသန်းအနည်းငယ် ရှိနေတာဆိုတော့ ငါတို့ရဲ့ ကုန်ပစ္စည်းတွေ သိုလှောင်ဖို့ မြေကွက်တစ်ကွက် ယူထားလိုက်တာပေါ့]
ပိရမစ်ဒစ် ကျူဇင်း က ဒီပိုင်နက်ကို လိုချင်ရတဲ့ အကြောင်းရင်းက သက်သက်မဲ့ စိတ်ကူးပေါက်လို့ သက်သက်ပဲ ဖြစ်နေတာ။
သူတို့က ဒါကို မလိုအပ်ဘူး။ သူတို့က တတ်နိုင်လွန်းလို့ ဝယ်တာ သက်သက်ပဲ။
ဒါကို ကြားလိုက်ရတာက မိုက်ကယ်ရဲ့ မျက်လုံးထဲမှာ ဒေါသမီးတွေကို တောက်လောင်စေခဲ့တယ်။ သူက မှန်အမည်းဆီကို လျှောက်သွားပြီး ခေါက်လိုက်တယ်။
"အို... ကျွန်တော်တို့ဆီမှာ ရီနေးတားကုမ္ပဏီကနေ နောက်ထပ် လေလံဈေးတစ်ခု ရရှိပြန်ပါပြီဗျာ၊ အဲဒါကတော့ ထုထည်ကြီးမားလှတဲ့ ရွှေဒင်္ဂါး ၇ သန်း ဖြစ်ပါတယ်" ဘာနာဘီက ပြုံးရင်း ပြောလိုက်တယ်။ ဒီလေလံဈေးကို ဘယ်သူ ပေးလိုက်တာလဲဆိုတာ သူ အတိအကျ သိနေတာပေါ့။
ပရိသတ်တွေကတော့ ဒီအမည်မသိတဲ့ ရီနေးတားကုမ္ပဏီအကြောင်းကို စတင်ပြီး ဝေခွဲမရ ဖြစ်လာကြတယ်။ သူတို့ ဒါကို တစ်ခါမှ မကြားဖူးကြပေမဲ့ ရွှေဒင်္ဂါး ၇ သန်းကို သုံးစွဲနိုင်လောက်အောင် သိသိသာသာ အင်အားကြီးမားနေတာကတော့ အမှန်ပဲလေ။
"သူတို့က ဘယ်သူတွေလဲ။ အသေးစား အဖွဲ့အစည်းတွေထဲမှာ သူတို့ ပါဝင်နေတာမျိုး ငါ မမှတ်မိပါဘူး"
"သူတို့က အဲဒီလောက် တတ်နိုင်တယ်ဆိုရင် အဆင့်မြင့်တန်းတွေထဲမှာ ရှိနေရမှာ... ဒါပေမဲ့ စာရင်းထဲမှာ သူတို့ကို ဘယ်နေရာမှာမှ မတွေ့မိပါဘူး"
"ဒါတွေကို ထားလိုက်ပါဦး၊ သူတို့က ပိရမစ်ဒစ် ကျူဇင်း ကို တကယ်ပဲ ထိပ်တိုက်ရင်ဆိုင်တော့မှာလား"
ဘိုးက သူမရဲ့ ထိုင်ခုံမှာ ထိုင်ရင်း အတွေးနက်နေစဉ်မှာ သူမရဲ့ ရွှေရောင် ဆံပင်ကောက်ကောက်တွေကို လက်နဲ့ လိမ်ကျစ်နေခဲ့တယ်။ တခြားသူတွေလိုပဲ သူမလည်း ဒီရီနေးတားကုမ္ပဏီအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ဘူး။
ပြန်လည်စဉ်းစားသုံးသပ်ပြီးတဲ့နောက်မှာတော့ သူမက တံခါးကိုခေါက်ပြီး လေလံဈေးတစ်ခု တင်သွင်းလိုက်ပြန်တယ်။
"ပိရမစ်ဒစ် ကျူဇင်း ကနေ ပြန်လည်ကမ်းလှမ်းတဲ့ ဈေးနှုန်းကတော့.."
ဒါပေမဲ့ ဘာနာဘီက သူ့ရဲ့ ဝါကျကိုတောင် ဆုံးအောင် မပြောရသေးခင်မှာပဲ မိုက်ကယ်က မှန်နံရံကို နောက်ထပ်တစ်ကြိမ် ခေါက်လိုက်ပြန်တယ်။
"အို... ဘုရားရေ။ လူကြီးမင်းတို့ခင်ဗျာ၊ ရီနေးတားကုမ္ပဏီက အခု ဒီမြေကွက်အတွက် ရွှေဒင်္ဂါး ၈ သန်း ကမ်းလှမ်းလိုက်ပြန်ပါပြီဗျာ"
ပရိသတ်တွေကြားထဲမှာ အံ့ဩတုန်လှုပ်သွားတဲ့ အသံတွေနဲ့ အမူအရာတွေ ပျံ့နှံ့သွားခဲ့ရတယ်။ ရီနေးတားကုမ္ပဏီက လေလံပွဲထဲမှာ ဒီလောက်အထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးမြှင့်လိုက်လိမ့်မယ်လို့ သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြဘူးလေ။
ရီနေးတားကုမ္ပဏီအပေါ် သူတို့ရဲ့ အမြင်ကတော့ သူတို့ရဲ့ ယုံကြည်မှုအပေါ်မှာ အနည်းငယ် သဘောကျမိရုံတင်မကဘဲ သူတို့ရဲ့ ရဲရင့်ပြတ်သားမှုအပေါ်မှာပါ ရိုးရိုးရှင်းရှင်းလေးနဲ့တင် အံ့ဩချီးကျူးမိသွားကြတာ။
*ခေါက်*
"ပိရမစ်ဒစ် ကျူဇင်း က…"
ဘာနာဘီက သူ့ရဲ့ ဝါကျကို ထပ်ပြီး ဆုံးအောင်မပြောနိုင်ခင်မှာပဲ မိုက်ကယ်က သူ့ရဲ့ မှန်အမည်းနံရံကို ထပ်ခေါက်လိုက်ပြန်တယ်။
"ရွှေဒင်္ဂါး ၁၀ သန်းပါဗျာ" ဘာနာဘီက အော်ဟစ်ကြေညာလိုက်တော့တယ်။
* * * * * * * *