← Chapters

အခန်း ၅၃၀

Vol. 45 Ch. 530

အခန်း ၅၃၀

Vol. 45 Ch. 530

အခန်း(၅၃၀)

"သန်းနှစ်ဆယ်။ မိုက်ကယ်... မင်း ဘာလို့ အဲဒီလောက်အများကြီး ပေးလိုက်ရတာလဲ"

မက်စ်က သူ့ဆံပင်သူ ဆွဲနှုတ်မတတ် ဖြစ်ပြီး အော်လိုက်မိတယ်။

ဗန်ဒါဘစ် မိသားစုထဲက တခြားသူတွေလည်း မိုက်ကယ်တစ်ယောက် ရွှေဒင်္ဂါးသန်းပေါင်းများစွာကို အကြွေစေ့လေးတွေလို သဘောထားပြီး လှမ်းအော်နေတာကို ကြည့်ပြီး ရူးချင်စိတ်ပေါက်နေကြပြီလေ။ သူ တစ်ဆယ့်ငါးသန်းလို့ ပြောတုန်းကတည်းက သူတို့တွေ ချွေးပြန်နေကြတာပါ။ ဒါကို အခုကျတော့ ပိရမစ်ဒစ် ကျူဇင်း ဘက်က ဘာမှတောင် ထပ်မတိုးသေးဘဲနဲ့ သူ့ဘာသာသူ အလိုအလျောက် သန်းနှစ်ဆယ်အထိ တိုးပြီး အော်လိုက်ပြန်ပြီ။

"ငါတို့ ဒါကို ပြန်ရုပ်သိမ်းလို့ မရဘူးလား။ မြေကွက်တစ်ကွက်အတွက် ဒီလောက် ငွေအများကြီး သုံးပစ်ရတာ မတန်ပါဘူးကွာ"

"အဲဒီငွေတွေကို တခြားပစ္စည်းတွေမှာ ရင်းနှီးမြှုပ်နှံလိုက်တာ ပိုကောင်းမယ်လို့ ငါထင်တယ်"

"ဟုတ်ပဗျာ၊ ဝိညာဉ်ဆီ အတွက်ဆိုရင်ကော။ မင်းသာ လိုချင်တယ်ဆိုရင် အဲဒါကို ဝယ်ဖို့ ငွေအများကြီး လိုလိမ့်မယ်။ အဲဒီအတွက်ပဲ မင်းငွေကို ချန်ထားသင့်တာပေါ့"

သူတို့တွေ ဘယ်လောက်ပဲ တောင်းပန်တိုးလျှိုးနေပါစေ မိုက်ကယ်ကတော့ အေးဆေးတည်ငြိမ်နေတုန်းပဲ။

"သန်းနှစ်ဆယ်ပဲဟာကို၊ စိတ်လျှော့ကြစမ်းပါ။ ငါ့အတွက်တော့ ငွေရှိနေတာထက် မြေကွက်ရှိဖို့က ပိုအရေးကြီးတယ်"

မက်စ်နဲ့ ဗန်ဒါဘစ် မိသားစုဝင်တွေဟာ သူတို့ရဲ့ခေါင်းဆောင်က သန်းနှစ်ဆယ်ကို သုံးပစ်လိုက်တာတောင် ရီနေးတား အဖွဲ့သားတွေဘက်က ဘာတုံ့ပြန်မှုမှမပြဘဲ ငြိမ်နေကြတာကို မြင်ပြီး နောက်တစ်ကြိမ် ဆွံ့အသွားရပြန်တယ်။ သူတို့တွေ ဘယ်လောက်တောင် ကြွယ်ဝချမ်းသာနေကြလို့လဲ။

* * * * * * *

ဘယ်သူမှ မယုံနိုင်ကြဘူး။ ရီနေးတား ကုမ္ပဏီက နှစ်ကြိမ်ဆက်တိုက် ဈေးထပ်ခေါက်လိုက်တာပဲ။ သူတို့ ခုနတင် သန်းတစ်ဆယ်ငါးသန်း ပေးထားတာလေ၊ ဘယ်သူမှလည်း လုပြီး ဈေးမပြိုင်ဘဲနဲ့ကို သူတို့ဘာသာ သန်းနှစ်ဆယ်ဆိုတဲ့ ဈေးအသစ်တစ်ခုကို ထပ်ပြီး ဖန်တီးလိုက်ကြပြန်တယ်။

လူအများစုက ဒါမျိုး ဖြစ်နိုင်လိမ့်မယ်လို့ တောင် မတွေးရဲခဲ့ကြဘူး။ လေလံပွဲအတွေ့အကြုံများတဲ့ ဘာနာဘီ တောင်မှ သူ့လေလံပွဲမှာ ဘာဆက်လုပ်ရမှန်း မသိဖြစ်သွားရရှာတယ်။ ဒါဟာ မက်ထရိုပိုလစ် သမိုင်းမှာတင်မကဘဲ တစ်ခုလုံးသော တော်ဝင်တိုက်ကြီး ရဲ့ သမိုင်းမှာပါ တစ်ခါမှ မရှိဖူးသေးတဲ့ အဖြစ်အပျက်ပဲ။

သာမန်လူတွေအတွက်တော့ ဒါက တုံးအလွန်းတဲ့ လုပ်ရပ်လို့ ထင်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရီနေးတား ကုမ္ပဏီသာ ဒီမြေကွက်ကို တကယ်လိုချင်ရင် အခုပေးတဲ့ဈေးထက် အများကြီး သက်သာတဲ့ဈေးနဲ့ ရနိုင်တာပဲလေ။

ဒါပေမဲ့ ဘာနာဘီ က ကန့်သတ်ချက်အချိန်ကို စပြီး ရေတွက်လိုက်တဲ့အခါမှာတော့ ရီနေးတား ကုမ္ပဏီက ဘာဖြစ်လို့ ဒီလောက် ဈေးအမြင့်ကြီး ပေးခဲ့ရလဲဆိုတဲ့ အစစ်အမှန်အကြောင်းပြချက်ကို အားလုံး သဘောပေါက်သွားကြပါတော့တယ်။

"ရွှေဒင်္ဂါး သန်းနှစ်ဆယ်... တစ်ကြိမ်... နှစ်ကြိမ်... အတည်ပြုပါတယ်"

မှင်တက်နေတဲ့ လူအုပ်ကြီးကို သူ အော်ပြောလိုက်တယ်။

အဲဒီနောက် မကြာခင်မှာပဲ သူက လေလံဆွဲခြင်းရဲ့ ဒုတိယပိုင်းကို စတင်လိုက်တယ်။

"ရီနေးတား ကုမ္ပဏီရဲ့ ဈေးနှုန်းကို လိုက်ဖက်ပြိုင်ဆိုင်ချင်တဲ့သူ ရှိပါသေးသလား"

တိတ်ဆိတ်သွားတယ်။

လေလံပွဲရဲ့ ဘယ်နေရာကမှ လက်ခုပ်တီးသံဖြစ်ဖြစ်၊ တူထုသံဖြစ်ဖြစ် ထွက်မလာခဲ့ဘူး။

ဒီအချက်ကို ရောက်တော့မှပဲ လူတွေက ပိရမစ်ဒစ် ကျူဇင်း ဟာ လေလံပြိုင်ပွဲကနေ နောက်ဆုတ်သွားပြီဆိုတာကို ရိပ်မိလိုက်ကြတယ်။

ဒီမြေကွက်ရဲ့ ဈေးနှုန်းက ဘယ်လောက်တောင် မြင့်တက်သွားလဲဆိုရင် ရိုင်းဇင်းဆစ် ထဲက ထိပ်သီးကုမ္ပဏီတစ်ခုတောင်မှ တတ်နိုင်စွမ်း မရှိတော့တဲ့အထိပါပဲ။

ပြီးတော့ ဘယ်သူမှ သူ့ဈေးကို လိုက်မပြိုင်တော့တဲ့အတွက် မှော်ကမ္ဘာငယ်လေး ရဲ့ ဂိမ်းထဲမှာ ရီနေးတား ကုမ္ပဏီအနေနဲ့ ဘယ်ပြိုင်ဘက်နဲ့မှ ရင်ဆိုင်ရတော့မှာ မဟုတ်ဘဲ ဘာစည်းကမ်းချက်မှမလိုဘဲ အလိုအလျောက် အနိုင်ရရှိသွားတော့မှာ ဖြစ်တယ်။

သူတို့ဟာ သြဇာကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုတစ်ခုတည်းနဲ့တင် အနိုင်ပိုင်းသွားခဲ့တာပါ။

"ဘုရားရေ... အဲဒါကြောင့်မို့လို့ သူတို့က ဈေးကို ဒီလောက်အမြင့်ကြီး ပေးခဲ့တာကိုး"

"သူတို့တွေ ဘိုး နဲ့ သူ့ရဲ့ ပါရမီရှင် အရာရှိတွေကို ဘယ်လိုမျိုး အနိုင်ယူမလဲလို့ ငါတွေးနေမိတာ။ တကယ်တော့ အဖြေက သူတို့ ဝင်တောင် မပြိုင်နိုင်အောင် ငွေတွေနဲ့ပဲ ပေါက်ထည့်လိုက်တာကိုး။ တကယ့်ကို မတရား ချမ်းသာတဲ့သူတွေပဲ"

"သူတို့က ဘာစီးပွားရေးလုပ်တာလဲ။ အဲဒီငွေတွေအကုန်လုံး ဘယ်က ရလာတာလဲ။ ဒီလောက် ငွေအင်အားအပြည့်ရှိနေရင်တော့ သူတို့က အသေးစားဂိုဏ်းစုတွေကြားထဲမှာ ဒီထက်မက ပိုပြီး နာမည်ကြီးသင့်တာပေါ့..."

* * * * * * *

"ဟားဟားဟားဟားဟား"

မြို့စားကတော် ရဲ့ ရယ်သံကြီးက သူ့အခန်းထဲမှာ ပဲ့တင်ထပ်သွားတယ်။ သူက ရယ်လို့ကို မဆုံးနိုင် ဖြစ်နေတာကြောင့် သူ့ရဲ့ ကိုယ်ပိုင်ဆရာဝန်တွေတောင် သူ့ကျန်းမာရေးအတွက် စိုးရိမ်လာရတယ်။ သူ ကုလားထိုင်ပေါ်ကနေ တောင် လိမ့်ကျမတတ် ဖြစ်သွားတာပါ။

"ဟားဟား၊ ငါအဆင်ပြေပါတယ်"

သူက သူ့အလုပ်အကျွေးပြုတွေကို ပြောလိုက်တယ်။

"ငါ အခုလေးတင် မြင်လိုက်ရတဲ့အရာကို သိပ် သဘောကျသွားလို့ပါ"

အန်ဂျလာ မောင့်ဂိုမာရီ က သူ့ရဲ့ မျက်မှန်ပါးပါးလေးကို ပင့်တင်လိုက်ပြီး လေလံပွဲကို ငုံ့ကြည့်ရင်း ပြောတယ်။

"မြို့စားကတော်၊ ကျွန်မတော့ ရီနေးတား ကုမ္ပဏီက ဘာတန်ဖိုးမှမရှိတဲ့ မြေကွက်တစ်ကွက်အတွက် သန်းနှစ်ဆယ် ပေးလိုက်တာကို ဘာက အဲဒီလောက် ရယ်စရာကောင်းနေလဲ မမြင်မိဘူး၊ စော်ကားသလိုတော့ မမှတ်ပါနဲ့ရှင်"

မြို့စားကတော် က ခေါင်းခါလိုက်တယ်။

"အဲဒီကောင်လေးရဲ့ ထိုးထွင်းဉာဏ်နဲ့ စီးပွားရေးအမြင်မျိုးနဲ့ဆိုရင် အဲဒီတန်ဖိုးမရှိတဲ့ မြေကွက်ကို နောင်တစ်ချိန်မှာ အကောင်းဆုံး မြေနေရာတစ်ခုဖြစ်အောင် သူ ပြောင်းလဲပစ်နိုင်မှာ သေချာတယ်။ ဒါပေမဲ့ ငါရယ်နေတာက အဲဒါကြောင့် မဟုတ်ဘူး။ ငါက လေလံပွဲထဲက လူတွေအားလုံးရဲ့ မျက်နှာတွေကို မြင်ယောင်ကြည့်နေတာ။ လက်ဂါစီ့စ် နဲ့ တခြား ရိုင်းဇင်းဆစ် တွေဆိုရင် ရီနေးတား ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်တွေကို နားလည်အောင် သူတို့ဦးနှောက်တွေကို အစွမ်းကုန် သုံးပြီး စဉ်းစားနေကြမှာ သေချာတယ်"

ရီနေးတား ကုမ္ပဏီက ပိရမစ်ဒစ် ကျူဇင်း ကို ဆန့်ကျင်ပြီး လေလံဆွဲလိုက်တဲ့ အချက်ကတင် ကုမ္ပဏီအများအပြားကို သူတို့အပေါ် စိတ်ဝင်စားသွားစေခဲ့တာပါ။

အကယ်၍ သူတို့သာ ရိုင်းဇင်းဆစ် ထဲက တစ်ခုကို ယှဉ်ပြိုင်ဖို့ ဝံ့ရဲတယ်ဆိုရင် သူတို့ကို ဒီလောက် ယုံကြည်မှုရှိစေတဲ့ တန်ခိုးဖြစ်ဖြစ်၊ စွမ်းဆောင်ရည်မျိုးဖြစ်ဖြစ် တစ်ခုခုတော့ ရှိကိုရှိရမယ်။ ဖြစ်နိုင်တာက သူတို့မှာ အစွမ်းထက်တဲ့ အရာရှိတွေ၊ လျှို့ဝှက်တန်ခိုးတွေနဲ့ အဲဒီလို အရာမျိုးစုံ ရှိနေနိုင်တာပေါ့။

ရီနေးတား ဘက်က ဒီလောက် မြင့်မားတဲ့ ဂဏန်းတစ်ခုကို အော်လိုက်တာ မြင်တဲ့အခါ သူတို့ တွေးတောလို့ရနိုင်မယ့် တစ်ခုတည်းသော ယုတ္တိတန်တဲ့ ကောက်ချက်က ဒါပဲ ရှိတာလေ။

"သူတို့တွေ မိုက်ကယ် ရဲ့ အရာရှိတွေက ပိရမစ်ဒစ် ကျူဇင်း ရဲ့ အရာရှိတွေလောက် အစွမ်းထက်ရဲ့လားဆိုတာကို အပတ်တကုတ် စုံစမ်းနေကြလောက်ပြီ။ ဘယ်သူက နိုင်မလဲဆိုတာကိုလည်း ငြင်းခုံဆွေးနွေးမှုတွေ ရှိခဲ့မှာ သေချာတယ်။ ဒါကြောင့်မို့လို့ သူတို့အားလုံးက သူတို့ကြားက ကစားပွဲကို စောင့်မျှော်နေကြတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ မိုက်ကယ် က မှော်ကမ္ဘာငယ်လေး ထဲမှာ ဝင်တိုက်ဖို့ကို စိတ်ကူးတောင် မရှိခဲ့ဘူး။ သူတို့ မျက်နှာကြီးတွေကို မြင်ယောင်ကြည့်စမ်းပါ၊ ဟားဟားဟားဟားဟား"

ဒါကို တွေးမိတာက မြို့စားကတော် ကို အကြီးအကျယ် ပျော်ရွှင်စေပါတယ်။ အခုဆိုရင် လူတွေဟာ ရီနေးတား ကုမ္ပဏီက ဘယ်လောက်တောင် ချမ်းသာလဲဆိုတာကို စပြီး သဘောပေါက်လာကြပြီလေ။

အန်ဂျလာ က သူ့လည်ချောင်းသူ ရှင်းလိုက်တယ်။

"ကျွန်မလည်း ဝန်ခံရပါမယ်၊ ရီနေးတား ကုမ္ပဏီက ပိရမစ်ဒစ် ကျူဇင်း ကို ယှဉ်ပြီး လေလံဆွဲတုန်းက ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေရတာလဲဆိုတာ ကျွန်မလည်း တွေးနေမိတာ။ အခုတော့ ပိုပြီး သဘာဝကျသွားပြီပေါ့၊ သူတို့က ဘိုး နဲ့ စားဖိုမှူးတွေနဲ့ တိုက်ခိုက်ရမှာကို ရှောင်ရှားဖို့ သူတို့ရဲ့ ဧရာမ ငွေအင်အားကို သုံးလိုက်တာကိုး။ အကယ်၍သာ အဲဒီအတိုင်း ဖြစ်ခွင့်ပေးလိုက်ရင် ရလဒ်က အများကြီး ကွဲပြားသွားနိုင်တာ"

မြို့စားကတော် က နောက်တစ်ကြိမ် ခေါင်းခါပြပြန်ရာ အန်ဂျလာ က သတိပြုမိသွားတယ်။

"မြို့စားကတော်က အဲလို မထင်ဘူးလား။ ကျွန်မသိသလောက်တော့ မိုက်ကယ် က သိပ်အစွမ်းထက်ပေမယ့် ဂိမ်းတွေကို တစ်ယောက်တည်းနဲ့တော့ မနိုင်နိုင်ပါဘူး။ ဒါက အဖွဲ့လိုက် ကြိုးပမ်းမှု လိုအပ်တာပါ၊ အဲဒီအလုပ်မှာတော့ ပိရမစ်ဒစ် စားဖိုမှူးတွေက အကောင်းဆုံးပဲလေ"

"မင်း မိုက်ကယ် ရဲ့ အဖော်တွေကို အထင်မသေးသင့်ဘူး"

မြို့စားကတော် က အကြံပေးလိုက်တယ်။

သူက သူတို့ထဲက တစ်ယောက်ကို သူ့မျက်စိနဲ့ တပ်အပ် မြင်ဖူးထားတာပါ။ အဲဒါက ခရမ်းရောင် စလိုင်းမ် လေးတစ်ကောင်ဖြစ်ပြီး ကြောင်ပေါက်လေးတစ်ကောင်လို အန္တရာယ်မရှိပုံပေါ်ပေမယ့် ခြင်္သေ့တစ်ကောင်လို အစွမ်းထက်လှတယ်။

အဲဒီ 'နင်ဂျာ' အကောင်ပေါက်လေးဟာ သူ့ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အစောင့်အကြပ်အချို့ တောင် သတိမထားမိဘဲ သူ့ရဲတိုက်ထဲမှာ လှည့်ပတ်ပြီး ပုန်းလျှိုးသွားလာနိုင်ခဲ့တယ်။

ပြီးတော့ ဂျက် ရဲ့ ရာဇဝတ်မှုအားလုံးကို ပြစ်ဒဏ်ချမှတ်နိုင်ဖို့ သက်သေအထောက်အထား ရှာဖွေတဲ့နေရာမှာ အဲဒီစလိုင်းမ်က အဓိကအခန်းကဏ္ဍကနေ ကူညီပေးခဲ့တယ်ဆိုတာကိုလည်း နောက်ဆုံးမှာ သူ သိရှိခဲ့ရတယ်။ အဲဒီကောင်လေးသာ မရှိရင် အဲဒီလူက ကမ္ဘာပေါ်မှာ လွတ်လပ်စွာ ကျင်လည်နေတုန်းပဲ ဖြစ်လိမ့်မယ်။

အကယ်၍ မိုက်ကယ် က ကမ္ဘာပေါ်မှာ အားအနည်းဆုံး မိစ္ဆာ တွေထဲက တစ်ခုလို့ သတ်မှတ်ခံထားရတဲ့ စလိုင်းမ်ကိုတောင် သူ့ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး မျက်စိတွေကနေ လွတ်မြောက်နိုင်တဲ့အထိ လုပ်ပေးနိုင်တယ်ဆိုရင် သူ့ဘေးပတ်ပတ်လည်မှာ အစွမ်းထက်ပြီး ပါရမီရှိတဲ့ လူအများကြီးကို သူ စုဆောင်းထားနိုင်တယ်ဆိုတာ သူမ ယုံကြည်ရဲပါတယ်။

ဒါက မိုက်ကယ် တစ်ယောက်တည်းကိုတင်မကဘဲ ရီနေးတား ကုမ္ပဏီကိုပါ သူမ ယုံကြည်လာစေတဲ့ အကြောင်းရင်းပဲ။ သူက သူတို့ကို အားပေးနေခဲ့တာပါ။

ဒါကြောင့်မို့လို့လည်း စလိုင်းမ်ကို နန်းတော်တစ်ခုလုံးမှာ သူ့ရဲ့ အရိပ်ခွဲတွေကို ထားရှိခွင့်ပေးခဲ့ပြီး မိုက်ကယ် ကို လေလံပွဲအချိန်ဇယား အပြောင်းအလဲအကြောင်း ကြိုတင်သတိပေးနိုင်ခဲ့တာပေါ့။

သူတို့တွေ သင့်တော်တဲ့ ပြင်ဆင်ချိန် ရနိုင်အောင်လို့ ဘာနာဘီ နဲ့ ပြောဆိုသမျှ စကားတွေကို စလိုင်းမ်ကို ချောင်းနားထောင်ခွင့် ပေးခဲ့တာ ဖြစ်တယ်။

ပြီးတော့ သူတို့ကလည်း သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ကြဘူး။

ဒါက သူ အတိအကျ လိုချင်နေခဲ့တဲ့ အရာမျိုးပဲ။ မိုက်ကယ် က ကုမ္ပဏီတိုင်းကို လုံးဝ အခြေအနေ ပြောင်းပြန်လှန်ပစ်နေတာ။ သူတို့က ရိုင်းဇင်းဆစ် ကပဲဖြစ်ဖြစ်၊ အဓိကဂိုဏ်းစုတွေကပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ အားလုံးဟာ မိုက်ကယ် ရဲ့ မယုံနိုင်စရာ ပါရမီတွေကြောင့် အငိုက်မိသွားကြရမှာချည်းပါပဲ။

* * * * * * *

"တစ်ကြိမ်... နှစ်ကြိမ်... ရောင်းချလိုက်ပါပြီ။ ရီနေးတား ကုမ္ပဏီက သမိုင်းဝင်ဖြစ်ရပ်မျိုးနဲ့ မြေကွက်ကို ရွှေဒင်္ဂါး သန်းနှစ်ဆယ်နဲ့ ရရှိသွားပါတယ်"

ဘာနာဘီ က ကြေညာလိုက်တော့တယ်။

* * * * * * * *

စာစဉ်(၄၅)

All Chapters