← Chapters

အခန်း ၅၃၁

Vol. 45 Ch. 531

အခန်း ၅၃၁

Vol. 45 Ch. 531

အခန်း(၅၃၁)

မိုက်ကယ်တစ်ယောက် သူ့ရဲ့ မဆင်မခြင် သုံးဖြုန်းမှုကြောင့် ဆူညံပွက်လောရိုက်သွားပြီးတဲ့နောက်မှာတော့ လေလံပွဲကြီးက ပုံမှန်အတိုင်း ပြန်လည်လည်ပတ်သွားပါတယ်။ ပစ္စည်းအတော်များများကို ထပ်မံပြသခဲ့ပေမဲ့ ကုမ္ပဏီကြီးတွေရဲ့ အာရုံစိုက်မှုကိုတော့ သိပ်မရခဲ့ကြပါဘူး။

ဒီအချိန်အထိ ထိပ်တန်းအဖွဲ့အစည်းတွေထဲက တစ်ဖွဲ့မှ လေလံဆွဲဖို့ စာရင်းမသွင်းကြသေးသလို မီသရယ်မှော်ဝင်ပစ္စည်းတွေ ဒါမှမဟုတ် ကျင့်စဉ်ဆေးလုံးတွေလိုမျိုး အရေးကြီးပြီး ရှားပါးတဲ့ ပစ္စည်းတွေအတွက်တောင် သူတို့ရဲ့ အမည်းရောင်မှန်နံရံတွေကို တစ်ချက်မှ လာမခေါက်ခဲ့ကြပါဘူး။

ဒါပေမဲ့လည်း ထိပ်တန်းအဖွဲ့အစည်းတွေရဲ့ အဆင့်အတန်းက သာမန်ကုမ္ပဏီအများစုထက် လုံးဝကို သာလွန်နေတာကို လူတိုင်း သိထားကြတာပေါ့။ သာမန်လူတွေအတွက် ရှားပါးတဲ့ ပစ္စည်းတွေက သူတို့အတွက်တော့ ရိုးရိုးပစ္စည်းလေးတွေပဲ ဖြစ်နေနိုင်တာလေ။

"ကဲ... ကျွန်တော်တို့ နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ အားလုံးနီးပါး မမြင်ဖူးသေးတဲ့ အရာတစ်ခုပါပဲ" လို့ စင်မြင့်ပေါ်ကနေ ပလက်ဖောင်းတစ်ခု မြင့်တက်လာအောင် အမိန့်ပေးရင်း ဘာနာဘီက ပြောလိုက်ပါတယ်။

ဒီတစ်ခါ ပြသတဲ့ ပစ္စည်းကတော့ ခဲတံအိတ်အရွယ်အစားရှိတဲ့ အမည်းရောင် စေးကပ်ကပ်သေတ္တာလေးထဲမှာ ထည့်ထားတာပါ။

"ဒါကတော့ လူကြီးမင်းတို့ခင်ဗျာ... သဘာဝလွန် မှော်ဆန်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျက်စိနဲ့ ခဲခဲယဉ်းယဉ်း မြင်တွေ့ရတတ်ပြီး စိတ်ခံစားချက်တွေ ပြင်းထန်တဲ့နေရာမျိုးမှာ အမြဲတမ်း ရှိနေတတ်တဲ့ သတ္တဝါတွေဆီကနေ ရရှိထားတာပါ"

ဘာနာဘီက အမည်းရောင်သေတ္တာနားကို ချဉ်းကပ်သွားပြီး စတင်ဖွင့်လှစ်လိုက်ပါတယ်။

တစ်ဖက်မှာလည်း မိုက်ကယ်က ပစ္စည်းရဲ့ ဖော်ပြချက်ကို ကြားလိုက်ရတဲ့အခါ ဒါဟာ ရိုးရိုးကြီး ရင်းနှီးနေသလိုမျိုး စိတ်ထဲမှာ မခံစားရဘဲ မနေနိုင် ဖြစ်သွားမိတယ်။

'သူမအကြောင်းတော့ မဟုတ်လောက်ပါဘူးနော်'

"ကျွန်တော် လူကြီးမင်းတို့ကို ပစ်ဇီမှုန့်ပုလင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ" လို့ ဘာနာဘီက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်ပါတယ်။ "ဒီပစ်ဇီမှုန့်က လူကြီးမင်းတို့ကို ဖမ်းဆုပ်ရခက်တဲ့ နတ်သူငယ်တွေရဲ့ အာရုံစိုက်မှုကို ရရှိစေမှာပါ။ အကယ်၍ သူတို့ရဲ့ တည်ရှိမှုကို အနီးကပ် ခံစားချင်တယ်ဆိုရင်တော့ ဒီပစ္စည်းကို လိုအပ်ပါလိမ့်မယ်"

မိုက်ကယ်က အချိန်ဖြုန်းဖို့ ဂိမ်းဆော့နေကြတုန်းဖြစ်တဲ့ သူ့လူစုဆီ ချက်ချင်း လှည့်ကြည့်လိုက်တယ်။

"ဟိဟိဟိ... အူနို... ငါနိုင်ပြီ" လို့ ဗီဗီက တောင်ပံခတ် ပျံသန်းရင်း လူတိုင်းရဲ့ မျက်နှာရှေ့မှာ သူမနိုင်တာကို ကြွားလုံးထုတ်ကာ အော်ဟစ်လိုက်ပါတယ်။

ဒရာဂွန်ဘွန်းတွေကတော့ ခေါင်းတွေကိုသာ ရမ်းနေကြတော့တယ်။ သူတို့ အူနိုတောင် ဆက်မဆော့ကြတော့ပါဘူး။

မိုက်ကယ်က ဗီဗီရဲ့ အာရုံကို ဆွဲဆောင်ဖို့ အချက်ပြပြီး သူမကို လှမ်းခေါ်လိုက်တယ်။

သူ့ကိုယ်သူ ပစ်ဇီဘုရင်မလို့ ကြေညာထားတဲ့ ဗီဗီက သူမရဲ့ တောင်ပံတွေကို ခတ်ပြီး မိုက်ကယ်ရဲ့ လက်ဖဝါးပေါ်ကို အလိုက်တသိ ဆင်းသက်လာခဲ့ပါတယ်။ "ဘာလဲ ရီနေးတားကြီးရဲ့"

သူမက ဘယ်တော့မှ အောက်ခြေကို မထိဘဲ လွင့်မျောနေတဲ့ ရွှေရောင်မှုန်တွေပါတဲ့ ပုလင်းလေးကို ပြသနေတဲ့ စင်မြင့်ပေါ်က ဘာနာဘီဆီကို ညွှန်ပြလိုက်တယ်။

"အော်... ဒါက ပစ်ဇီမှုန့်ပဲဥစ္စာ" လို့ ဗီဗီက ဂရုမစိုက်တဲ့ လေယူလေသိမ်းနဲ့ ပြောလိုက်ပါတယ်။

"သူတို့ ဒါကို လေလံတင်နေတာကို မင်းက ဘာမှမဖြစ်ဘူးလား" လို့ မိုက်ကယ်က မေးလိုက်တယ်။ နတ်သူငယ်တွေက သူတို့ရဲ့ ပစ်ဇီမှုန့်ကို ကိုယ်ပိုင်ခန္ဓာကိုယ်လို သတ်မှတ်ထားကြတာမို့ သူမ နည်းနည်း စိတ်ဆိုးမယ်လို့ သူ ထင်ထားခဲ့တာပါ။

"အို... မိုက်ကယ်ရယ်... ရှင်က ရှင့်ရဲ့ စွန့်ပစ်ပစ္စည်းတွေကို ဂရုစိုက်လို့လား" လို့ ဗီဗီက ပုခုံးတွန့်ပြလိုက်တယ်။

မိုက်ကယ်တစ်ယောက် ဆွံ့အသွားရတယ်။ သူ့အတွက်တော့ သူမရဲ့ နှိုင်းယှဉ်ချက်က ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူးလေ။ ပစ်ဇီမှုန့်မှာ ဘယ်အရာကိုမဆို ငှက်မွှေးလို ပေါ့ပါးသွားစေနိုင်တဲ့ မှော်စွမ်းအား ရှိတာပဲဥစ္စာ။ ဒါကို လူသားတွေရဲ့ စွန့်ပစ်ပစ္စည်းနဲ့တော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။

"ကဲပါ... အရင်တုန်းကဆိုရင်တော့ ကျွန်မတို့ရဲ့ ပစ်ဇီမှုန့်အပေါ် ပိုပြီး တွန့်တိုမိမှာပေါ့လေ။ အဓိကကတော့ ဒါကို ဆက်ထုတ်လုပ်နိုင်ဖို့ အာဟာရတွေ လိုအပ်တာကိုး။ ဒါပေမဲ့ အခုတော့ ရှင့်ရဲ့ ရိုလာကိုစတာ ရှိနေပြီဆိုတော့ ကျွန်မတို့ လိုချင်သလောက် စိတ်ခံစားချက်တွေကို ရနိုင်ပြီလေ။ ပစ်ဇီမှုန့် ထုတ်လုပ်ဖို့ မလောက်ငှမှာကို စိတ်ပူစရာ မလိုတော့ဘူးပေါ့"

အခုမှပဲ မိုက်ကယ်လည်း ဗီဗီ ဘာကြောင့် အဲဒီလို နှိုင်းယှဉ်ခဲ့လဲဆိုတာ နားလည်သွားတော့တယ်။ ပစ်ဇီမှုန့်က တကယ်ပဲ နတ်သူငယ်တစ်ယောက်ရဲ့ စွန့်ပစ်ပစ္စည်း သက်သက်ပါပဲလား။

'နေပါဦး... လူအုပ်ကြားထဲ လျှောက်သွားရင်း လေလည်တာများလား'

မိုက်ကယ်က ခေါင်းထဲက အဓိပ္ပာယ်မရှိတဲ့ အတွေးတွေကို မောင်းထုတ်လိုက်ပြီး လေလံပွဲဆီ ပြန်အာရုံစိုက်လိုက်ပါတယ်။ ကုမ္ပဏီအနည်းငယ်လောက်သာ လေလံဆွဲနေကြတာကို သူ သတိထားမိလိုက်တယ်။

"ဒင်္ဂါးပြား တစ်သိန်း... တစ်သိန်းတစ်သောင်း ပေးမယ့်သူ ရှိပါသလား ခင်ဗျာ" လို့ ကုမ္ပဏီတွေ ပိုပြီး လေလံဆွဲလာအောင် ဘာနာဘီက တောင်းဆိုလိုက်ပါတယ်။

ဒါကတော့ လေလံပွဲအတွင်းမှာ အနည်းဆုံး ပမာဏနဲ့ လေလံဆွဲတာလည်း ဖြစ်နိုင်ပါတယ်။ ကျောက်တုံးကြီးတစ်တုံးကိုတောင် အလေးချိန်မရှိအောင် မလုပ်နိုင်တဲ့ ပမာဏအနည်းငယ်မျှသာ ဖြစ်တာမို့ သိပ်တော့ မအံ့ဩစရာပါပဲ။

ပစ်ဇီမှုန့်ကို အလှပြဖို့သက်သက်ပဲ လိုချင်ကြတဲ့ ပစ္စည်းစုဆောင်းသူတွေသာ လေလံဆွဲနေကြတာပါ။

"ဒင်္ဂါးပြား တစ်သိန်းနှစ်သောင်းသုံးထောင်... တစ်ကြိမ်... နှစ်ကြိမ်.."

ဘာနာဘီက နောက်ဆုံးလေလံအဖြစ် ကြေညာတော့မယ့် အချိန်မှာပဲ လေလံပွဲတစ်ခုလုံးရဲ့ အပေါ်ဆုံး ဗီအိုင်ပီ အခန်းတွေထဲက တစ်ခန်းဆီကနေ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာပါတယ်။

ဘာနာဘီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ ပျာပျာသလဲ ဖြစ်သွားရတယ်။ ဒီတစ်ခါတော့ လေလံပမာဏက သိပ်မြင့်မားလွန်းလို့ မဟုတ်ပါဘူး။

သူတို့ လေလံဆွဲလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်မထားခဲ့လို့ပါပဲ။

"ဒင်္ဂါးပြား တစ်သိန်းငါးသောင်း... အတ္တလန်တစ်က ရေလူသားတွေဆီကပါ ခင်ဗျာ" လို့ ဘာနာဘီက သူ့အသံထဲမှာ မယုံကြည်နိုင်မှုတွေ စွန်းထင်နေတုန်းပဲ အော်ဟစ်လိုက်ပါတယ်။

သူ အဲဒီလို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လေလံပွဲတစ်ခုလုံးက ဆွေးနွေးသံတွေ၊ တီးတိုးပြောသံတွေနဲ့အတူ နောက်တစ်ကြိမ် ပြန်လည် ဆူညံပွက်လောရိုက်သွားပြန်တယ်။

သူတို့ရဲ့ နာမည်ကို ကြားလိုက်ရရုံနဲ့တင် ပရိသတ်ထဲက ကြည့်ရှုနေသူအချို့ကို အံ့ဩမှင်တက်သွားစေပါတယ်။ ပင်လယ်ဧကရာဇ်ရဲ့ ဖန်ဆင်းခံတွေဖြစ်တဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရေလူသားတွေဟာ ဒီညမှာ ပထမဆုံးအကြိမ်အဖြစ် ဒီလေလံဆွဲမှုကနေတစ်ဆင့် သူတို့ရဲ့ တည်ရှိမှုကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

ပမာဏကတော့ သိပ်မများလှပါဘူး။ ဒါပေမဲ့ သူတို့ လေလံဆွဲလိုက်တယ်ဆိုတဲ့ အချက်ကတင် လူအများစုအတွက် အံ့ဩစရာ အချက်တစ်ခု ဖြစ်နေခဲ့တယ်။ အချို့လူတွေဆိုရင် ရေလူသားတွေ လေလံဆွဲလိမ့်မယ်လို့တောင် မထင်ထားကြဘဲ တန်ဖိုးမရှိသလောက်ဖြစ်တဲ့ ပစ္စည်းတစ်ခုအတွက် လေလံဆွဲလိမ့်မယ်လို့ ပိုလို့တောင် မတွေးရဲခဲ့ကြပါဘူး။

"သူတို့က ဒါကို လေလံဆွဲတယ် ဟုတ်လား... ဒါက ပစ်ဇီမှုန့် သက်သက်ပဲဥစ္စာ..."

"သူတို့ လူပုတွေရဲ့ ချပ်ဝတ်တန်ဆာ ဒါမှမဟုတ် မီသရယ်မှော်ဝင်ပစ္စည်းတွေကိုတောင် မလိုချင်ခဲ့ကြဘူး။ ဘာဖြစ်လို့ ပစ်ဇီမှုန့်ကို လိုချင်ရတာလဲ"

ပြီးတော့ သူတို့ရဲ့ ပါဝင်လာမှုကြောင့် ခေါက်သံတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတော့တယ်။

ဒေါက်

ဒေါက်

ဒေါက်

ကုမ္ပဏီတွေက ပစ်ဇီမှုန့်အတွက် သူတို့ရဲ့ လေလံတွေကို စတင်တင်သွင်းလာကြတယ်။ ရေလူသားတွေက ဒါကို တန်ဖိုးရှိတဲ့အရာလို့ သတ်မှတ်တယ်ဆိုတဲ့ အချက်ကတင် သူတို့အတွက်လည်း တန်ဖိုးရှိတယ်လို့ ယူဆလိုက်ကြတာပေါ့။

မကြာခင်မှာပဲ လေလံဈေးနှုန်းက မူလတန်ဖိုးရဲ့ ငါးဆဖြစ်တဲ့ ရွှေဒင်္ဂါးပြား ငါးသိန်းအထိ မြင့်တက်သွားပါတယ်။

"ငါးသိန်းတစ်သောင်း ရှိပါသလား... အဲဒီထက် ပိုပေးချင်တဲ့သူ ရှိပါသလား ခင်ဗျာ" လို့ ဘာနာဘီက မေးလိုက်တယ်။

နောက်ထပ် ခေါက်သံတစ်ခု ထွက်လာပြန်တယ်။ ဒီလေလံကလည်း ရေလူသားတွေရဲ့ ဗီအိုင်ပီ အခန်းဆီကနေပဲ လာတာပါ။

"ရွှေဒင်္ဂါးပြား တစ်သန်း... ရေလူသားတွေက ဦးဆောင်နေပါတယ်" လို့ ဘာနာဘီက အော်ဟစ်လိုက်ပါတယ်။

ဒီတစ်ခါတော့ အခြားကုမ္ပဏီတွေလည်း ဒါကို တကယ်ပဲ အလေးအနက်ထား စဉ်းစားလာကြပြီ။ အစပိုင်းမှာတော့ သူတို့က ရေလူသားတွေဟာ ပစ်ဇီမှုန့်ကို အချည်းနှီး အလှအပအတွက်ပဲ လိုချင်တာလို့ ထင်ခဲ့ကြတာလေ။

ဒါပေမဲ့ သူတို့က တစ်သန်းအထိ ပေးဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ အချက်က ဒါကို သူတို့ကိုယ်တိုင် ဝယ်ယူဖို့အတွက် အသည်းအသန် ဖြစ်နေတာထက် ပိုနေပြီဆိုတာကို ပြသနေတာပါ။

ဒါက ကုမ္ပဏီအတော်များများကို စဉ်းစားစရာ ဖြစ်သွားစေတယ်။ သူတို့ ပစ်ဇီမှုန့်နဲ့ပတ်သက်ပြီး တစ်ခုခု လွဲချော်သွားတာ ရှိနေမလား။

မိုက်ကယ်တောင်မှ ဗီဗီကို သံသယဝင်လာမိတယ်။ "ဒါက အရာဝတ္ထုတွေကို ပျံတက်စေတာကလွဲလို့ တခြား အစွမ်းသတ္တိမရှိတာ သေချာရဲ့လား။ ရေလူသားတွေက ဘာဖြစ်လို့ ပစ်ဇီမှုန့်ကို လိုချင်ရတာလဲ"

ဗီဗီလည်း ဘာမှမသိသလို ဖြစ်နေခဲ့တယ်။ "ကျွန်မလည်း မသိဘူး။ ကျွန်မကို မမေးနဲ့။ ပစ်ဇီမှုန့်က တစ်သန်း လုံးဝမတန်ဘူးဆိုတာပဲ ကျွန်မ သိတယ်"

မိုက်ကယ်ကတော့ ဗီဗီဟာ တကယ်ပဲ ပစ်ဇီဘုရင်မ ဟုတ်မဟုတ်ကို အလေးအနက် တွေးတောမိပါတော့တယ်။ သူမက မိမိရဲ့ ကိုယ်ပိုင်ပစ်ဇီမှုန့် တန်ဖိုးကို ဘယ်လိုဖြစ်လို့ မသိရတာလဲ။

ဒါမှမဟုတ် နေပါဦး... သူတို့ လိုချင်တာက ပစ်ဇီမှုန့် မဟုတ်ရင်ကော။

[ နိုဗာ... ဘာနာဘီ ဒီပစ္စည်းကို ဖော်ပြတုန်းက ပြောခဲ့တဲ့ စကားလုံး အတိအကျကို ပြန်မှတ်မိနိုင်မလား ]

[ နားလည်ပါပြီ... အခု အသံဖိုင်ကို ပြင်ဆင်နေပါတယ် ]

[ ကျွန်တော် လူကြီးမင်းတို့ကို ပစ်ဇီမှုန့်ပုလင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီပစ်ဇီမှုန့်က လူကြီးမင်းတို့ကို ဖမ်းဆုပ်ရခက်တဲ့ နတ်သူငယ်တွေရဲ့ အာရုံစိုက်မှုကို ရရှိစေမှာပါ။ အကယ်၍ သူတို့ရဲ့ တည်ရှိမှုကို အနီးကပ် ခံစားချင်တယ်ဆိုရင်တော့ ဒီပစ္စည်းကို လိုအပ်ပါလိမ့်မယ် ]

မိုက်ကယ်က အသံဖိုင်ကို နားထောင်ပြီး တစ်ခုခုကို သဘောပေါက်သွားတယ်။

'ရေလူသားတွေက နတ်သူငယ်တွေကို ရှာဖွေဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်'

ပြီးတော့ အဲဒီအချက်ကို သတိထားမိတာ သူတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။

သီးသန့်အခန်းတွေရဲ့ ဒုတိယအလွှာမှာတော့ ရိုင်းဇင်းဆစ်အဖွဲ့ဝင်တွေအားလုံးက အချင်းချင်း စကားပြောဆိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ စုပေါင်း ဆုံးဖြတ်လိုက်ကြတယ်။

ဘာနာဘီရဲ့ လေလံပွဲသီးသန့်အခန်းတွေရဲ့ ထူးခြားချက်တစ်ခုကတော့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ အခန်းတွေကို မှော်ကမ္ဘာငယ်လေးတွေကတစ်ဆင့် ချိတ်ဆက်ပြီး အခြားကုမ္ပဏီတွေနဲ့ စကားပြောဖို့ ရွေးချယ်နိုင်တာပဲ ဖြစ်ပါတယ်။

ဘိုး၊ ရိန်နာနဲ့ အခြား ရိုင်းဇင်းဆစ်အဖွဲ့ဝင်တွေဟာ သူတို့အခန်းရဲ့ မှော်ကမ္ဘာငယ်လေးထဲကို လှမ်းဝင်လိုက်ကြပြီး အလယ်မှာ စိုင်းဝိုင်းတဲ့ စားပွဲတစ်လုံးရှိတဲ့ မှိန်ပျပျ အခန်းတစ်ခန်းထဲကို ရောက်ရှိသွားကြပါတယ်။

သူတို့အားလုံးဟာ မိမိတို့ရဲ့ သက်ဆိုင်ရာ ထိုင်ခုံတွေမှာ ထိုင်လိုက်ကြပြီး အချင်းချင်း တန်းတူရည်တူ မျက်နှာချင်းဆိုင်လိုက်ကြပါတော့တယ်။

* * * * * * * *

စာစဉ်(၄၅)

All Chapters