အခန်း ၅၃၃
Vol. 45 Ch. 533
အခန်း(၅၃၃)
ဒီအတောအတွင်း လေလံပွဲဘက်မှာတော့ ဘာနာဘီက ပစ်ဇီမှုန့်ပုလင်းကို လေထဲမြှောက်ပြရင်း ဈေးနှုန်းအသစ်ကို ကြေညာလိုက်ပါတယ်။
“ရွှေဒင်္ဂါး တစ်သန်း။ ရေလူသားတွေရဲ့ ပေးဈေးကို ကျော်ပြီး ခေါ်မယ့်သူ ရှိသေးလား"
ဒေါက်
အဲဒီခေါက်သံက လေလံပွဲရဲ့ ဗီအိုင်ပီသီးသန့်ခန်းတွေထဲက တစ်ခန်းဆီကနေ တိုက်ရိုက်ထွက်ပေါ်လာတာဖြစ်ပြီး သူတို့ဟာ အင်အားကြီးအဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တယ်ဆိုတာကို ပြသနေတာပါ။
“ဂီလ်ဒါရန်ကုမ္ပဏီက ရွှေဒင်္ဂါး တစ်သန်းခွဲ ပေးချင်ပါတယ်တဲ့" လို့ ဘာနာဘီက ကြေညာလိုက်တယ်။
ဒီလိုလည်း ကြားရော ကုမ္ပဏီတော်တော်များများက ပစ်ဇီမှုန့်ကို လေလံဆွဲဖို့ အလေးအနက် စဉ်းစားလာကြတော့တယ်။ အင်အားကြီးအဖွဲ့အစည်းတွေထဲက တစ်ခုကတောင် ဒီပစ်ဇီမှုန့်မှာ တန်ဖိုးရှိတာတစ်ခုခု ရှိတယ်လို့ ယူဆရင် ဒါဟာ တကယ်ကို ကောင်းတဲ့အရာ ဖြစ်နေရမယ်လေ။
“ဒါက အဲလ်ရစ်ရဲ့ ပထမဆုံး ဈေးခေါ်ချက်ပဲ။ ဘယ်သူမှ သူ့ကို ယှဉ်ပြီး ဈေးခေါ်ရဲမှာ မဟုတ်ဘူး"
“ငါတော့မသိဘူး။ တကယ်လို့ မှော်မျှော်စင် ဒါမှမဟုတ် တော်ဝင်မိသားစုကသာ ဝင်ပြိုင်ရင်တော့ သူ ရှုံးသွားမယ် ထင်တာပဲ"
“တောက်။ ငါကတော့ ပစ်ဇီမှုန့်ဆိုတာ တန်ဖိုးမရှိတဲ့ ပစ္စည်းတစ်ခုပဲ မှတ်နေတာ။ ငါ့ကလေးတွေအတွက် ကစားစရာအဖြစ် ဝယ်ပေးဖို့တောင် စဉ်းစားမိသေးတယ်။ အခုတော့ အင်အားကြီးအဖွဲ့အစည်းတွေက စိတ်ဝင်စားမှု ပြလိုက်ပြီဆိုတော့ ဒီပစ္စည်းက ငါတို့နဲ့ မတန်တော့ဘူး"
အခြား ဘယ်အဖွဲ့အစည်းကမှ ဒီပွဲမှာ အဲလ်ရစ်ကို ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ကုမ္ပဏီတော်တော်များများက ထင်နေကြတာပါ။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ လေလံပွဲခန်းမထဲမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတဲ့ ခေါက်သံခြောက်ချက်ကြောင့် ဘာနာဘီတစ်ယောက် ဇဝေဇဝါ ဖြစ်သွားရတယ်။
သူ့ရဲ့ ဝန်ထမ်းတစ်ယောက် စင်ပေါ်တက်လာပြီး သူ့နားနား ကပ်ပြောလိုက်မှပဲ ဘာတွေဖြစ်နေလဲဆိုတာကို သူ အပြည့်အဝ နားလည်သွားတော့တယ်။
“လူကြီးမင်းတို့ခင်ဗျာ။ ကျွန်တော်တို့ဆီမှာ တစ်ခါမှမရှိဖူးသေးတဲ့ ဈေးခေါ်မှုတစ်ခု ရောက်ရှိလို့လာပါပြီ။ ရိုင်းဇင်းဆစ်အဖွဲ့က ပစ်ဇီမှုန့်အတွက် ရွှေဒင်္ဂါး သုံးသန်းနဲ့ လေလံဆွဲဖို့ ဆန္ဒပြုလာပါတယ်ဗျာ"
ဒီသတင်းကြောင့် လူတိုင်း အံ့ဩမှင်တက်ကုန်ကြတယ်။ ရိုင်းဇင်းဆစ်အဖွဲ့ဝင်တွေဟာ လေလံပွဲမှာ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ဈေးခေါ်ကြလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမဲ့ အခုလိုမျိုး ပူးပေါင်းလိမ့်မယ်လို့တော့ မထင်ထားခဲ့ကြဘူးလေ။
“သူတို့ အဲဒီလို လုပ်လို့ရမှန်းတောင် ငါမသိဘူး"
“ဒါကို ရဖို့ သူတို့ တကယ်ကို အသည်းအသန် ဖြစ်နေကြတာ နေမှာ"
“ဒါပေါ့။ ရေလူသားတွေလေ။ တကယ်လို့ ရိုင်းဇင်းဆစ်သာ ဒီအခွင့်အရေးကို ရသွားရင် သူတို့ရဲ့ အဆင့်အတန်း တက်လှမ်းဖို့ အခွင့်အရေး ရသွားလိမ့်မယ်။ ဒါပေမဲ့ အင်အားကြီးအဖွဲ့အစည်းတွေက ရသွားရင်တော့ ကွာဟချက်က ပိုပြီး ကျယ်ပြန့်သွားရုံပဲ ရှိမှာ"
ဒေါက်
“အခြေအနေတွေကတော့ အရှိန်တက်လာပြီဗျို့။ ကွန့်ချ်ကုမ္ပဏီက ရွှေဒင်္ဂါး ငါးသန်းနဲ့ လေလံဈေး တင်သွင်းလိုက်ပါပြီ"
အဲဒီနောက် မကြာခင်မှာပဲ နောက်ထပ် ခေါက်သံတစ်ချက် ထွက်ပေါ်လာပြန်တယ်၊ ဒီတစ်ကြိမ်မှာလည်း ဗီအိုင်ပီအခန်းဆီကနေပဲ ဖြစ်ပါတယ်။
“ရွှေဒင်္ဂါး ဆယ်သန်း၊ ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုဆီက ဖြစ်ပါတယ်ဗျာ"
“ဂီလ်ဒါရန်ကုမ္ပဏီက သန်းနှစ်ဆယ်နဲ့ ပြန်လည်တုံ့ပြန်လိုက်ပါပြီ"
“မှော်မျှော်စင်ကလည်း သန်းသုံးဆယ်နဲ့ စစ်ပွဲထဲ ဝင်ရောက်လာခဲ့ပါပြီ"
အင်အားကြီးအဖွဲ့အစည်းတွေ ပါဝင်လာတာနဲ့အမျှ ကိန်းဂဏန်းတွေကတော့ အကန့်အသတ်မရှိဘဲ တစ်ရှိန်ထိုး မြင့်တက်လာနေတော့တယ်။ ဒီအခြေအနေမှာ အခြားဘယ်ကုမ္ပဏီမှ လေလံပွဲထဲ ဝင်ဖို့ မကြိုးစားရဲတော့ပါဘူး။ လက်ရှိခေါ်ဈေးကို မှီအောင်လိုက်ဖို့ဆိုရင် သူတို့ပိုင်ဆိုင်သမျှ အားလုံးကို ရောင်းချပြီး လူမွဲခံရမယ့် အခြေအနေ ဖြစ်နေလို့ပါ။ ပြီးတော့ လေလံဈေးက ဒီတင် တန့်သွားမယ့်ပုံလည်း မပေါ်သေးဘူးလေ။
“အဲလ်ရစ်က သန်းလေးဆယ် ပေးလိုက်ပါပြီ။ ဒါကို ယှဉ်ပြိုင်ချင်တဲ့သူ ရှိသေးလား" လို့ ဘာနာဘီက သူ့မျက်နှာပေါ်မှာ အပြုံးကြီးကြီးတစ်ခု ဆင်မြန်းရင်း မေးလိုက်တယ်။ ဒီလို မျှော်လင့်မထားတဲ့ ကံကောင်းမှုကြီးက သူ့အတွက်တော့ တကယ်ကို ဝမ်းသာစရာပဲ ဖြစ်ပါတယ်။
ဒုတိယထပ်ကနေ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတဲ့ ခေါက်သံ ခြောက်ချက် ထပ်မံထွက်ပေါ်လာပြန်တယ်။
“ရိုင်းဇင်းဆစ်က သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံး ပေါင်းစည်းပြီး သန်းငါးဆယ် ကမ်းလှမ်းလိုက်ပါပြီဗျာ" လို့ ဘာနာဘီက အော်ဟစ်လိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ ရိုင်းဇင်းဆစ်အဖွဲ့က အင်အားကြီးအဖွဲ့အစည်းတွေကို ရင်ပေါင်တန်း လိုက်နိုင်တဲ့အတွက် ပရိသတ်တွေ အံ့အားသင့်သွားကြရတယ်။
“သူတို့ဆိုတော့လည်း ဟုတ်တာပေါ့။ သူတို့ပဲ အဲဒီလို ဧရာမအဖွဲ့အစည်းကြီးတွေကို ယှဉ်နိုင်မှာ"
“ဒါက သဘာဝကျပါတယ်။ သူတို့က ပိုပြီး အသည်းအသန်ဖြစ်နေသလို ဒီပစ္စည်းကို ရဖို့ ပိုပြီး ဆာလောင်နေကြတာကိုး"
“ရိုင်းဇင်းဆစ်တို့ ရေ... တက်လိုက်စမ်း"
* * * * * * *
ဒီအတောအတွင်း၊ ဒီလိုအခြေအနေတွေ ဖြစ်ပျက်နေတဲ့အချိန်မှာ မိုက်ကယ်ဟာ သူ့ရဲ့ ဘယ်ဘက်နံရံဆီကနေ တစ်စုံတစ်ခု ခေါက်နေသလိုမျိုး ရုတ်တရက် ခံစားလိုက်ရတယ်။
သူ လှည့်ကြည့်လိုက်တဲ့အခါ မာကျောတဲ့ ကျောက်နံရံကနေ ပေါ်တယ်တစ်ခု ထွက်ပေါ်လာပြီး လုံးဝအသစ်စက်စက် ဖြစ်တဲ့ မှော်ကမ္ဘာငယ်လေးတစ်ခုဆီ ဦးတည်နေတာကို မြင်လိုက်ရတယ်။
သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို အသုံးပြုပြီး ပေါ်တယ်ရဲ့ တစ်ဖက်မှာ ဘယ်သူ ဒါမှမဟုတ် ဘာရှိနေလဲဆိုတာကို သူ ကြည့်ဖို့ ကြိုးစားလိုက်တယ်။
ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရတာကြောင့် သူ့မျက်လုံးတွေ ပြူးကျယ်သွားရတယ်။
သူက ပေါ်တယ်ဆီ လျှောက်လှမ်းသွားပြီး တံခါးတစ်ခုကို ဖြတ်လျှောက်သွားသလိုမျိုးပဲ အခြားတစ်ဖက်ဆီကို အလွယ်တကူ ဖြတ်ကျော်ဝင်ရောက်သွားလိုက်တယ်။
ဒီမှော်ကမ္ဘာငယ်လေးဟာ မှော်အလင်းတန်းလေးတစ်ခုနဲ့ လင်းထိန်နေတဲ့ အခန်းကျဉ်းလေးတစ်ခု ဖြစ်ပါတယ်။ အလယ်မှာတော့ သောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ရေနွေးနွေး လက်ဖက်ရည် နှစ်ခွက် တင်ထားတဲ့ ရိုးရှင်းတဲ့ သစ်သားစားပွဲတစ်လုံးနဲ့ မျက်နှာချင်းဆိုင် ကုလားထိုင် နှစ်လုံးပဲ ရှိပါတယ်။ သူ့ရဲ့ မျက်နှာချင်းဆိုင်က ကုလားထိုင်ပေါ်မှာတော့ ဆံပင်ဖြူဖြူတွေနဲ့ အသက်ကြီးပေမဲ့ ဖျတ်လတ်တက်ကြွတဲ့ ပုံစံရှိတဲ့ အမျိုးသမီးကြီးတစ်ဦး ထိုင်နေနှင့်ပြီးသား ဖြစ်နေတယ်။
“မြို့စားကတော်။ ကျွန်တော်တို့ အခြားလေလံဆွဲသူတွေနဲ့ ဆက်သွယ်လို့ရမယ်လို့ မထင်ထားခဲ့ဘူး" လို့ သူက နှုတ်ဆက်လိုက်တယ်။
မြို့စားကတော်က ရယ်မောလိုက်ပြီး မိုက်ကယ်ကို သူ့ကုလားထိုင်မှာ ထိုင်ဖို့ လက်ဟန်ခြေဟန် ပြလိုက်တယ်။
“ဘာနာဘီရဲ့ လေလံပွဲမှာ လေလံဆွဲသူတွေအနေနဲ့ အခြားသူတွေနဲ့ ဆက်သွယ်ဖို့ မှော်ကမ္ဘာငယ်လေးတစ်ခု တောင်းဆိုခွင့်ပြုထားတယ်လေ။ ထိုင်ပါ" လို့ သူမက ပြန်လည်ဖြေကြားခဲ့တယ်။
မိုက်ကယ် ထိုင်လိုက်ပြီး မြို့စားကတော်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်တယ်။
“မင်း လေလံပွဲကို အချိန်မီ ရောက်လာတာ ဝမ်းသာပါတယ်။ ရုတ်တရက် အစီအစဉ် ပြောင်းလဲသွားတာကြောင့် မင်း ဝင်ခွင့်မရမှာကို စိုးရိမ်နေခဲ့တာ။ ငါ ကြိုတင်ပြီး သတိပေးခဲ့လို့ တော်သေးတာပေါ့" လို့ သူမရဲ့ လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ပြောလိုက်တယ်။
“မင်း ဖတ်ချ်ကို ချောင်းနားထောင်ခွင့် ပေးခဲ့တာကိုး" လို့ သူက သဘောပေါက်သွားတယ်။
“ဟုတ်တယ်။ မင်းရဲ့ အဲဒီစလိုင်းမ်လေးက သိပ်ကို ထူးဆန်းပေမဲ့ တစ်မျိုးလေး ချစ်ဖို့ကောင်းသား။ သူ ဟိုခုန်ဒီခုန် လုပ်ရင်း ငါ့မြေးတွေကို နင်ဂျာဖြစ်လာစေမယ့် အတတ်ပညာတွေ သင်ပေးနေတာကို ငါ မြင်ခဲ့ရတယ်" လို့ မြို့စားကတော်က တခိခိ ရယ်မောလိုက်တယ်။
“ကျွန်တော့်ကို သတိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ဆိုဒါတွေ ပိုပြီး ပြင်ဆင်နိုင်ခဲ့တာ"
မြို့စားကတော်က နွေးထွေးစွာ ပြုံးပြလိုက်တယ်။ “ရပါတယ်။ ငါက မင်းကို အားပေးနေတဲ့သူဆိုတာ မင်းသိပါတယ်နော်။ အမှန်တော့ အခု မင်းကို စကားပြောဖို့ ဒီကို ရောက်နေရတာကလည်း မင်းကို အကြံဉာဏ်ပေးချင်လို့ပါ"
သူမ ဘာအကြောင်း ပြောနေလဲဆိုတာကို သူ ရိပ်မိသလို ခံစားလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ဒီမှော်ကမ္ဘာငယ်လေးထဲမှာ တောင်မှ ပစ်ဇီမှုန့်ရဲ့ ဈေးနှုန်းတွေ တရိပ်ရိပ် တက်နေတာနဲ့အမျှ ဘာနာဘီရဲ့ အော်ဟစ်သံတွေက နံရံတွေကို ဖြတ်ပြီး ပဲ့တင်ထပ်နေလို့ ဖြစ်ပါတယ်။
“ရေလူသားတွေ အကြောင်းလား" လို့ သူက တိုက်ရိုက်ပဲ မေးလိုက်တယ်။
“မှန်တယ်။ ငါ မင်းနဲ့ မတွေ့ခင်တုန်းက ငါ မက်ထရိုပိုလစ်ရဲ့ အပြင်ဘက်ကို ရောက်နေခဲ့တာ မင်းမှတ်မိလား။ အဲဒီတုန်းက ငါ ရေလူသားတွေနဲ့ စကားပြောနေခဲ့တာ။ ပြီးတော့ သူတို့ ငါ့ကို ဆွေးနွေးခဲ့တဲ့ အရာတွေထဲက တစ်ခုကတော့ ပစ်ဇီဘုရင်မ၊ နတ်သူငယ်တွေနဲ့ တွေ့ဆုံစကားပြောချင်တဲ့ သူတို့ရဲ့ ဆန္ဒပဲ"
ဒါက သူ့ရဲ့ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ “သူတို့က ပစ်ဇီဘုရင်မကိုပဲ တွေ့ချင်တာလား၊ ဒါမှမဟုတ် နတ်သူငယ်တွေကိုပါ တွေ့ချင်တာလား"
“သူတို့က နတ်သူငယ်တွေကိုယ်တိုင်ကို လိုချင်နေကြတာ။ သူတို့ တော်ဝင်တိုက်ကြီးမှာ ရှာဖွေနေတဲ့ အရာအတွက် နတ်သူငယ်တွေက သော့ချက်ပဲလို့ ပြောကြတယ်။ သူတို့က ပစ်ဇီဘုရင်မကို ရှာဖွေပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် သဘောတူညီချက်တစ်ခု ပြုလုပ်နိုင်ဖို့ မျှော်လင့်နေကြတာ" လို့ သူမက ဖွင့်ဟလိုက်တယ်။
မိုက်ကယ်က တွေးတောရင်း သူ့ရဲ့ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်တယ်။ သူက ရေလူသားတွေရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ သူတို့အကြောင်းကို လုံလုံလောက်လောက် မသိသေးဘူးလေ။ တကယ်လို့ သိချင်တယ်ဆိုရင်တော့ သူတို့နဲ့ အရင်ဆုံး စကားပြောကြည့်ရမှာ အသေအချာပါပဲ။
“ရေလူသားတွေက တော်ဝင်တိုက်ကြီးမှာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ မင်း သိပြီးသား ဖြစ်မှာပါ"
သူက ခေါင်းခါလိုက်တယ်။ “သူတို့က ဘာလို့ အရေးပါတာလဲ။ ဝိညာဉ်ဆီက သူတို့ရဲ့ နေရပ်ကနေ လာလို့ဆိုတဲ့ အချက်တစ်ခုတည်းကြောင့်ပဲလား"
“ဟုတ်တယ်၊ အဲဒါကလည်း အစိတ်အပိုင်းတစ်ခုပေါ့။ ဒါပေမဲ့ အရေးကြီးဆုံး အကြောင်းရင်းကတော့ ရေလူသားတွေရဲ့ အသုံးပြုတဲ့ ငွေကြေးက ဒီကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး အရာတွေထဲက တစ်ခု ဖြစ်နေလို့ပဲ။ အဲဒါကို သဲဒင်္ဂါး လို့ ခေါ်ပြီး ပုံမှန်အားဖြင့် ငွေနဲ့ ဝယ်လို့မရတဲ့ အရာတော်တော်များများအတွက် အဲဒါနဲ့ ပေးချေနိုင်တယ်။ ဥပမာ... နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေနဲ့ ရှေးဟောင်းဝိညာဉ်တွေပေါ့။ သဲဒင်္ဂါးသာ အလုံအလောက်ရှိရင် မင်းလိုချင်သလောက် ရနိုင်တယ်"
ဒီစကားကြောင့် မိုက်ကယ်တစ်ယောက် ကိုယ်ကို မတ်လိုက်မိတော့တယ်။ အဲဒီအရာနှစ်ခုက လက်ရှိအချိန်မှာ သူ အသည်းအသန် လိုအပ်နေတဲ့ အရာတွေ ဖြစ်နေလို့ပါ။ တကယ်လို့ မြို့စားကတော်က သူ့ကို စိတ်အားထက်သန်လာအောင် လုပ်ချင်တာဆိုရင်တော့ သူမ တကယ်ကို အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
* * * * * * * *
စာစဉ်(၄၅)