← Chapters

အခန်း ၄၆၁

Vol. 47 Ch. 461

အခန်း ၄၆၁

Vol. 47 Ch. 461

အခန်း (၄၆၁) - ဓားပျံကို စီးနင်းကာ မိုင်ပေါင်းထောင်ချီ ခရီးနှင်ခြင်း

လော့ချန်သည် ကျင့်ကြံခြင်း စတင်ခဲ့သည့် အချိန်ကတည်းက တိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရန် ဖြစ်နိုင်ခြေရှိသော နည်းလမ်းတိုင်းကို ရှာဖွေစမ်းသပ်ခဲ့ဖူးသည်။ ခန္ဓာကိုယ်အတွင်းပိုင်း၊ အပြင်ပိုင်း၊ အရင်းအမြစ်ပိုင်း စသဖြင့် နည်းလမ်းပေါင်းစုံကို သူ စမ်းသပ်ခဲ့ပြီးဖြစ်သည်။

အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် ထူးခြားသောအချက်တစ်ချက်ကို သူ တွေ့ရှိခဲ့သည်။ ၎င်းမှာ အခြားမဟုတ်ချေ။ ဝိညာဉ်ကြောများက ကျင့်ကြံခြင်းအပေါ် ပံ့ပိုးပေးနိုင်သည့် ထိရောက်မှုမှာ သာမန် အဆင့်နိမ့် ဆေးလုံးများထက် ကျော်လွန်နေခြင်းပင်။ ဥပမာ အဆင့်နိမ့် နဂါးပျံဆေးလုံးတစ်လုံးက ချီစွမ်းအား တစ်ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်သည်ဆိုပါက ဒုတိယအဆင့် အဆင့်မြင့် ဂူဗိမာန်အတွင်း၌ တစ်ရက်တာ ကျင့်ကြံခြင်းက ချီစွမ်းအား လေး၊ ငါးရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ခြင်းဖြစ်သည်။ ဤကဲ့သို့သော ကွာဟချက်မှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ထို့ကြောင့် တိမ်ပြိုဂိုဏ်းသည် အင်အားကွာဟချက်ကို ဂရုမစိုက်ဘဲ ကျောက်စိမ်းအိုးဓားဂိုဏ်းကို ရည်ရွယ်ချက်ရှိရှိဖြင့် သွားရောက် စိန်ခေါ်ဝံ့ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ စတုတ္ထအဆင့် ဝိညာဉ်ကြောဟူသည် ကျောက်စိမ်းအိုးနယ်မြေတွင်သာ ရှိသည် မဟုတ်လော။ တိမ်ပြိုဂိုဏ်း၏ အကြီးအကဲများအနေဖြင့် လမ်းစဉ်ကြီးပေါ်တွင် ဆက်လက် အထွတ်အထိပ်သို့ တက်လှမ်းချင်သေးပါက သာမန် တတိယအဆင့် ဝိညာဉ်ကြောတစ်ခုတည်းနှင့် အဘယ်မှာ တင်းတိမ်နိုင်ပါမည်နည်း။

လော့ချန်တစ်ယောက် အဆင့်မြင့် ဂူဗိမာန်အတွင်း၌ တစ်ရက်လျှင် ငါးရာခိုင်နှုန်းရှိသော ချီစွမ်းအားများကို စုပ်ယူနိုင်ခြင်းမှာ အခြားလူများလည်း ထိုသို့ လုပ်ဆောင်နိုင်သည်ဟု မဆိုလိုချေ။ သူ၏ အခြေခံအုတ်မြစ်မှာ အလွန်ပင် ထူးကဲလွန်းလှသည်။ ပထမဦးစွာ သူသည် ထိပ်သီးဂိုဏ်းကြီး၏ အဓိကကျင့်စဉ်ကို ပိုင်ဆိုင်ထားပြီး သူ၏ ချီစွမ်းအားမှာလည်း ချီကျင့်ကြံခြင်းထက် များစွာသာလွန်ကာ ခန္ဓာကိုယ်မှာလည်း သန်မာလှသော ခန္ဓာကိုယ် ဖြစ်သည်။ ထို့အပြင် နတ်ဘုရားမီးလျှံ၊ ရေခဲကျောက်စိမ်း၊ နှင်းပိုးဖျာ စသည့် အမျိုးမျိုးသော ပြင်ပပစ္စည်းများ၏ အကူအညီများလည်း ရှိနေသေးသည်။

သူ အဆင့်မြင့် ဆေးလုံးများကို လိုချင်တောင့်တနေခြင်းမှာ အခြားသော လမ်းကြောင်းတစ်ခုပေါ်ရှိ ကျင့်ကြံခြင်းမြန်နှုန်းကို မြှင့်တင်ချင်ရုံမျှသာ ဖြစ်သည်။ သို့သော် ယခုအခါ အခြေခံအကျဆုံးသော ပင်မလမ်းစဉ်ပေါ်တွင်ပါ အရှိန်အဟုန် ထပ်မံမြှင့်တင်နိုင်မည့် အခွင့်အရေးထူးကို သူ ဆုပ်ကိုင်မိသွားခဲ့ပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်း၌ အဆင့်မြင့် သွေးမိစ္ဆာဆေးလုံးသည် ရုတ်တရက်ဆိုသလို အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသော ဆေးစွမ်းအာနိသင်ကို ပေါက်ကွဲစေခဲ့ပြီ ဖြစ်သည်။ ထိုဆေးစွမ်းမှာ အသက်နှင့်သေခြင်း နှစ်မျိုးစလုံး သယ်ဆောင်ထားသည့်နှယ် ဖန်တီးခြင်းနိယာမလမ်းစဉ်ဆီသို့ တိုက်ရိုက်ဦးတည်နေသကဲ့သို့ပင်။ ၎င်းသည် သူ ကိုးဆယ်ကိုးရာခိုင်နှုန်းခန့်အထိ ဖွင့်လှစ်ပြီးသားဖြစ်သော သွေးကြောများအတွင်း၌ ဆက်တိုက်ဆိုသလို ပေါက်ကွဲသောင်းကျန်းနေတော့သည်။

ဤဖြစ်စဉ်မှာ နဂါးတစ်ကောင်သည် နဂါးအစစ်အဖြစ် ပြောင်းလဲချင်သဖြင့် တောင်တန်းများကို ဖြတ်ကျော်ကာ ပင်လယ်လေးခုသို့ ဦးတည်နေသကဲ့သို့ပင်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ရေလမ်းကြောင်းများ ရှုပ်ထွေးသွားခဲ့ပြီး ပင်လယ်ပြင်ကြီးပင် ခမ်းခြောက်သွားရမည့်အလား မူလကတည်းက ကျယ်ပြန့်ပြီးသား သွေးကြောများမှာ ယခုအခါ ပိုမို၍ ကျယ်ပြန့်လာခဲ့သည်။

ဤတစ်နှစ်ကျော် ကာလအတွင်း လော့ချန်သည် ဤကဲ့သို့သော နာကျင်ထိခိုက်မှုမျိုးကို ကျင့်သားရနေခဲ့ပြီးဖြစ်ကာ တစ်ဖက်မှလည်း ဆက်တိုက်ဆိုသလို ပြန်လည်ကုသပေးနေခဲ့သဖြင့် သူ့သွေးကြောများ၏ ခံနိုင်ရည်မှာလည်း သာမန်ထက် အလွန်အမင်း ကျော်လွန်နေခဲ့သည်။ သို့မဟုတ်ပါက နဂါးတစ်ကောင် ဖြတ်သန်းသွားသကဲ့သို့ ဖြစ်ပေါ်လာသည့် ထိုကြောက်မက်ဖွယ်ကောင်းလှသော ဆေးစွမ်းကို သူ မည်သို့မျှ တောင့်ခံနိုင်မည်မဟုတ်ချေ။

လော့ချန် ချက်ချင်းပင် နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်ကို လည်ပတ်လိုက်သည်။ ထို့နောက် သောင်းကျန်းနေသော ဆေးစွမ်းများကို ထိန်းချုပ်လိုက်ပြီး လမ်းတလျှောက်လုံးတွင် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ထိုနောက်ဆုံးသော သေးငယ်လှသည့် သွေးကြောဆီသို့ ဦးတည် တိုက်ခိုက်လိုက်တော့သည်။

ဘုန်းးး....

သူ၏ ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်ယံကိုပင် တုန်ဟည်းသွားစေနိုင်မည့် ကြီးမားလှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"အားး...."

လော့ချန် ညည်းတွားလိုက်မိရင်း နှုတ်ခမ်းထောင့်မှ သွေးစအချို့ မသိမသာ စီးကျလာခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင်မူ သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသော သွေးနီရောင်အလင်းတန်းများမှာ ရုတ်တရက် ပြန်လည်ကျုံ့ဝင်သွားတော့သည်။ ထို့နောက် တစ်ကိုယ်လုံးရှိ ရေတွက်မရနိုင်သော သွေးချီစွမ်းအင်များမှာ ရုတ်တရက် အုန်းအုန်းကျွက်ကျွက် ပေါက်ကွဲထွက်လာခဲ့ပြီ ဖြစ်သည်။ ဆေးစွမ်းအာနိသင်၏ ဦးဆောင်မှုအောက်တွင် သွေးချီစွမ်းအင်များသည် ဖွင့်လှစ်ပြီးသားဖြစ်သော သွေးကြောများအားလုံးဆီသို့ တဟုန်ထိုး စီးဆင်းသွားကာ လမ်းတလျှောက်ရှိ အပြည့်အစုံ မပွင့်ရသေးသော သွေးကြောငယ်များကိုပါ အကြွင်းမဲ့ ဖွင့်လှစ်ပစ်လိုက်တော့သည်။ ဤမြင်ကွင်းမှာ ကြီးမားကျယ်ပြန့်လှသော မြစ်ချောင်းကွန်ရက်ကြီးတစ်ခု အလုံးစုံ ပွင့်သွားခဲ့သလိုမျိုးပင်။

မကြာမီ သွေးချီစွမ်းအင်များမှာ သွေးသားနှင့် အရိုးအဆစ်များအတွင်းသို့ ပြန်လည်စိမ့်ဝင်သွားသည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများမှာမူ သွေးနီရောင်အလင်းများဖြင့် တောက်ပနေခဲ့ပြီး မည်သည့်အတားအဆီး၊ အဟန့်အတားမျှ မရှိတော့ချေ။ ၎င်းမှာ မြစ်ချောင်းကွန်ရက်တစ်ခုနှင့် တူသလို၊ သွေးနီရောင် ပင့်ကူအိမ်ကြီးတစ်ခုနှင့်လည်း ဆင်တူလှပေသည်။

သွေးကြောဖွင့်ခြင်းအဆင့် အောင်မြင်စွာ ပြီးမြောက်သွားလေပြီ။

လော့ချန် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရင်း ကောင်းကင်ယံကို ကြည့်ကာ အားရပါးရ အော်ဟစ်လိုက်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူ စိတ်ခံစားချက်များကို အတင်းအကျပ် ထိန်းချုပ်ကာ စနစ် မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်သည်။

‘သွေးမြစ်အဆင့် ၄၅/၁၀၀’

မှန်ပေသည်။ သွေးကြောဖွင့်ခြင်း ပြီးဆုံးသွားပြီးနောက် သူ၏ ခန္ဓာကိုယ် ကျင့်ကြံခြင်း အဆင့်မှာလည်း တိုက်ရိုက်ပင် အဆင့်ငယ်တစ်ခုကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ဤအရာမှာ သူ အလေးအနက်ထားဆုံး အရာ မဟုတ်ချေ။ စင်ကြယ်လှသော သစ်ဓာတ် ချီစွမ်းအားမှာ အထွတ်အထိပ်အဆင့်ရှိ ကုသခြင်းမှော်အတတ်၏ လည်ပတ်မှုအောက်တွင် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။ မူလက သေးငယ်လှသော ဒဏ်ရာများ ရှိနေခဲ့သည့် နေရာများမှာလည်း တဖြည်းဖြည်းနှင့် ပြန်လည် ကောင်းမွန်လာခဲ့သည်။

ခန္ဓာကိုယ် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည့်အခါတွင်မူ သူ မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။

၎င်းမှာ ပြီးပြည့်စုံအဆင့်ရှိ နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ် မဟုတ်တော့ချေ။ ယခုအခါတွင်မူ ပါရမီရှင်အဆင့်ရှိ နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ် ဖြစ်သွားခဲ့လေပြီ။ သွေးကြောဖွင့်ခြင်း ပြီးဆုံးသွားသည်နှင့်အမျှ ဤဂိုဏ်းကြီး၏ အခြေတည် အဓိက ကျင့်စဉ်မှာလည်း တိုက်ရိုက်ပင် ပါရမီရှင်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ ဤအရာမှာ အမှန်ပင် မင်္ဂလာအဖြာဖြာ ဆိုက်ရောက်လာခြင်းပင် ဖြစ်ပေသည်။

လော့ချန်တစ်ယောက် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ရင်း တည်ငြိမ်စွာဖြင့် အဓိက ကျင့်စဉ် ဖြစ်သော နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်ကို လည်ပတ်လိုက်သည်။ ချီစွမ်းအားများမှာ မသိမသာဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာခဲ့ကြသည်။ သူ၏ ကျယ်ပြန့်သော ချီစွမ်းအားမှာ အပြင်ဘက်သို့ ပြန့်ကားသွားပြီး မမြင်နိုင်သော ဝိညာဉ်အသိစိတ်လှိုင်းများအဖြစ် ပေါ်ထွက်လာသည်။ ထိုလှိုင်းများသည် မရပ်မနား လှုပ်ရှားကာ ချီစွမ်းအင် အမျှင်လေးတိုင်းကို ဖမ်းယူပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းနေသည်။

နည်းလမ်းနှစ်ခုစလုံးကို တစ်ပြိုင်နက် အသုံးပြုလိုက်သောအခါ မူလက ခံနိုင်ရည် မရှိတော့သလို ဖြစ်နေခဲ့သော သွေးကြောများမှာ ယခုအခါတွင်မူ မည်သည့် ဝန်ထုပ်ဝန်ပိုးမျိုးမျှ မရှိတော့ချေ။ ထို့ထက်မက မသိမသာဖြင့် ဆာလောင်မွတ်သိပ်နေသည့် ခံစားချက်မျိုးပင် ရှိနေသေးသည်။ ၎င်းမှာ ကျယ်ပြန့်လှသော ရေလမ်းကြောင်းတစ်ခုအတွင်းသို့ သေးငယ်လှသော ရေစီးကြောင်းလေးတစ်ခုသာ စီးဝင်လာခဲ့သလိုမျိုး ဖြစ်ပေသည်။

"မလုံလောက်သေးဘူး…."

"မလုံလောက်သေးဘူး…."

"အဝေးကြီး လိုသေးတယ်…."

လော့ချန်တစ်ယောက် လေထုထဲရှိ ချီစွမ်းအားများကို အရူးအမူး ဖမ်းယူနေခဲ့သည်။ သူ၏ ချီပင်လယ်အတွင်း၌ ချီစွမ်းအား တိမ်တိုက်ကြီးတစ်ခုမှာ လျင်မြန်စွာဖြင့် ပုံဖော်လာခဲ့သည်။

တောက်....

စင်ကြယ်လှသော ဝိညာဉ်အရည်တစ်စက်မှာ ရုတ်တရက် စီးကျလာခဲ့တော့သည်။

နှစ်နာရီခွဲခန့် အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ လော့ချန် မျက်လုံးများကို ရုတ်တရက် ဖွင့်ဟလိုက်ရင်း သူ၏ မျက်ဝန်းများအတွင်း၌ အတင်းအကျပ် ထိန်းချုပ်ထားရသော ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ဒီကျင့်ကြံခြင်း မြန်နှုန်းက မမျှော်လင့်ထားဘူးပဲ"

သူ ခံစားလိုက်ရသည်မှာ ကျင့်စဉ်ကို တစ်ကြိမ် လည်ပတ်လိုက်တိုင်း သယ်ဆောင်လာသည့် ချီစွမ်းအားမှာ ယခင်ကထက် အလွန်အမင်း သာလွန်နေခဲ့သည်။ အပြည့်အဝ နှစ်ဆခန့် ပိုမိုများပြားလှသည်။ အကယ်၍ နောက်ပိုင်းတွင် သန့်စင်ရန်အတွက် ကုန်ဆုံးရမည့် အချိန်ကို ထည့်မတွက်ပါက ဤကဲ့သို့သော မြန်နှုန်းမှာ ဒုံးပျံစီးနေသကဲ့သို့ပင် ဖြစ်ပေသည်။

ချီပင်လယ်ဟူသော ဤ ရေကန်ငယ်လေးသည် ပြင်ပကမ္ဘာရှိ ချီစွမ်းအား ပင်လယ်ကြီးထဲမှ ရုတ်တရက် နှစ်ဆခန့်ရှိသော ချီစွမ်းအားများကို စုပ်ယူလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြည့်ဝမှုကို ခံစားရင်း လော့ချန် နောက်ဆုံးတွင်မူ သည်းမခံနိုင်တော့ချေ။ အထွတ်အထိပ်အဆင့်ရှိ အသံလုံအတားအဆီးတစ်ခုကို ထုတ်ဖော်လိုက်ရင်း

"အား"

သူ အော်ဟစ်လိုက်ပြီ ဖြစ်သည်။ အခြေခံတည်အဆင့်လတ်သို့ တက်လှမ်းပြီးနောက် ထိုလိပ်တစ်ကောင်လို နှေးကွေးလှသော ကျင့်ကြံနှုန်းမှာ နောက်ဆုံး သူ့ထံမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူ၏ တွက်ချက်မှုအရ အခြေခံတည်အဆင့် (၅) သို့ တက်လှမ်းရန် လေးငါးနှစ်အထိ ကြာမြင့်ရန် မလိုတော့ချေ။ ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးများ၏ အကူအညီနှင့် ဆိုပါက အများဆုံး နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် အချိန်အတွင်းမှာပင် အဆင့်တက်နိုင်လိမ့်မည် ဖြစ်သည်။

ဤကဲ့သို့သော ဝမ်းမြောက်စရာ ကိစ္စမျိုးကို အဘယ်မှာ မအော်ဟစ်ဘဲ နေနိုင်ပါမည်နည်း။

စိတ်လှုပ်ရှားမှုများ ပြေလျော့သွားသောအခါ သူသည် ခန္ဓာကိုယ်အတွင်းရှိ အခြေအနေကို ခံစားလိုက်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ တွက်ချက်မှုအရ ယခုအခါ အသစ်ဖြစ်ပေါ်လာသော ကျင့်ကြံခြင်း မြန်နှုန်းမှာ နှစ်ပေါင်း နှစ်ရာ၊ သုံးရာအတွင်းမှာပင် အခြေခံတည်အဆင့်အထွတ်အထိပ်သို့ ရောက်ရှိရန်အတွက် လုံလောက်လှပေသည်။

ယခင်က သူ၏ ခန့်မှန်းချက်မှာ နှစ်ပေါင်းနှစ်ထောင်ခန့် ဖြစ်ခဲ့သည်။ ယခုမူ ထိုထက် များစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့သော ပြောင်းလဲမှုမျိုးမှာ မည်မျှလောက်အထိ ဂုဏ်ယူစရာ ကောင်းလှပြီး မည်မျှလောက်အထိ မလွယ်ကူခဲ့လေသနည်း။ သူတစ်ဦးတည်းသာလျှင် သူ၏ ကျင့်ကြံခြင်းအတွက် အသုံးပြုခဲ့သော အချိန်များ၊ သူ၏ ကြိုးပမ်းမှုများကို သိပေလိမ့်မည်။ ယခုမူ သူ နောက်တစ်ဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက်ကို မြင်တွေ့နိုင်ခဲ့ပြီ ဖြစ်သည်။

သူ ဆက်လက်၍ မကျင့်ကြံတော့ချေ။ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများ ပေါက်ကွဲထွက်နေသည့် ထိုခံစားချက်မျိုးမှာ အလွန် ကောင်းမွန်လှသည်။ သို့သော် ချီပင်လယ်အပေါ်တွင် ရှိနေသော ဖိအား၊ ဝိညာဉ်အုတ်မြစ်ကို အလွန်အမင်း အသုံးပြုမှု တို့က လူကို ပင်ပန်းနွမ်းနယ်စေဆဲ ဖြစ်သည်။ ထို့အပြင် သွေးကြောရာပေါင်းများစွာ ပွင့်သွားခဲ့ကာ ခန္ဓာကိုယ်အတွင်း၌ များစွာ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သော်လည်း မသိသာသော ဒဏ်ရာဟောင်းများ ရှိနေနိုင်သေးသည်။

လော့ချန် အခန်းတွင်းမှ ထွက်ခွာလာခဲ့သည်။ သူသည် ထိပ်တန်းအဆင့်ရှိ ရွှေကျောက်စိမ်းရည်နှင့် အနှစ်သာရမွေးမြူရည်တို့ ပေါင်းစပ်ထားသော ဒဏ်ရာကုသ ဝိညာဉ်ချိုးကန်ကို ပြင်ဆင်လိုက်ပြီးနောက် အတွင်းသို့ ဝင်ရောက်စိမ်လိုက်သည်။ မျက်လုံးများကို ညင်သာစွာ ပိတ်လိုက်ရင်း သူ၏ မျက်နှာမှာ အေးချမ်းနေခဲ့သည်။ မသိမသာ ပြုံးနေသော နှုတ်ခမ်းလေးကမူ သူ လက်ရှိ မည်မျှလောက်အထိ ပျော်ရွှင်နေကြောင်းကို ပြသနေခဲ့သည်။

နောက်တစ်နေ့ နံနက်ခင်း၌ လော့ချန်သည် အေးစက်နေပြီ ဖြစ်သော ရေချိုးကန်အတွင်းမှ နိုးထလာခဲ့သည်။ မူလက နို့နှစ်ရောင် ရှိနေခဲ့သော ရေချိုးရည်မှာ ယခုအခါ ကြည်လင်တောက်ပနေခဲ့ပြီ ဖြစ်သည်။ ၎င်းအတွင်းရှိ ဆေးဖက်ဝင် အာနိသင်များကိုမူ သူ လုံးဝ ဥဿုံ စုပ်ယူပြီး ဖြစ်သည်။

လက်ရှိအချိန်၌ သူ ခံစားလိုက်ရသည်မှာ သူ၏ တစ်ကိုယ်လုံးတွင် အသုံးပြု၍ မကုန်နိုင်သော ခွန်အားများ ရှိနေသည်ကိုပင်။ အာရုံတစ်ချက် ပြုလိုက်သည်နှင့် စင်ကြယ်လှသော ချီစွမ်းအားများမှာ ချီပင်လယ်အတွင်းမှ စီးထွက်လာခဲ့ပြီး ကျယ်ပြန့်လှသော သွေးကြောများအတွင်း၌ စီးဆင်းနေခဲ့ကြသည်။

"သေချာတာပေါ့…. အစ်ကိုဝမ် ငါ့ကို မလိမ်ခဲ့ဘူး"

"သွေးကြောရာချီ ပွင့်သွားတော့ ကျင့်ကြံခြင်းအပေါ်မှာ အကျိုးကျေးဇူး ရှိစေရုံတင်မကဘဲ ချီစွမ်းအားကို ထုတ်လွှတ်ပြီး တိုက်ခိုက်တဲ့ နေရာမှာလည်း အကျိုးကျေးဇူးတွေ ရှိပြီ"

ချက်ချင်း ထုတ်လွှတ်နိုင်သော ချီစွမ်းအားပမာဏမှာ ပိုမိုများပြားလာခဲ့ပြီ ဖြစ်သည်။ ထုတ်လွှတ်သည့် မြန်နှုန်းမှာလည်း ပိုမို လျင်မြန်လာခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့သော ပြောင်းလဲမှုများက သယ်ဆောင်လာသည့် နက်နဲလှသော ပြောင်းလဲမှုမှာ တိုက်ကွက်ကို ပိုမို လျင်မြန်စွာ ထုတ်လွှတ်နိုင်ပြီး စွမ်းအားကိုလည်း ပိုမို ကြီးမားလာစေသည်။ သာမန် မှော်ရတနာများကို အသုံးပြုသည့် တိုက်ကွက်မျိုး ဖြစ်လျှင်ပင် ဖျက်ဆီးနိုင်စွမ်းမှာ အဆင့်တူများထက် အလွန်အမင်း ကျော်လွန်နေပေလိမ့်မည်။

"ဒီလိုမျိုး ပြောင်းလဲမှုက ငါ့ရဲ့ အင်အားအပေါ်မှာ နည်းနည်း လှုပ်ခတ်မှု ဖြစ်ပေါ်စေတယ်"

"လေ့ကျင့်ရေးကွင်းတစ်ခု သွားငှားပြီး လက်ရှိ အခြေအနေကို ကျင့်သားရအောင် လုပ်ရမယ်"

ထောင်ရိရှန်း တံခါးပိတ် ကျင့်ကြံတော့မည် ဖြစ်ရာ ဤအပိုဆောင်း ထွက်ပေါ်လာသော အချိန်အတွင်း၌ လော့ချန် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည်။ သူ တွေဝေခြင်း မရှိဘဲ အသံလွှင့်စက္ကူကြိုးကြာတစ်ကောင်ကို ထုတ်လွှတ်လိုက်ပြီး ဝမ်ယွမ်ထံ အကြောင်းကြားပြီးနောက် တစ်ဦးတည်း အဆုံးအဖြတ်စင်မြင့်ဆီသို့ ထွက်ခွာသွားခဲ့တော့သည်။

....

ထျန်းလန်နတ်ဘုရားမြို့တော်၏ အပြင်ဘက်၌ လူရိပ်တစ်ခုသည် ဓားပျံကို စီးနင်းရင်း လျင်မြန်စွာ ပျံသန်းနေခဲ့သည်။

ရံဖန်ရံခါတွင် ဆုံတွေ့ရသော အခြေတည် ကျင့်ကြံသူများသည်လည်း အလျင်အမြန်ဖြင့် လမ်းဖယ်ပေးခဲ့ကြသည်။ အခြားကြောင့် မဟုတ်ချေ။ ထိုအလင်းတန်းပေါ်ရှိ ကျင့်ကြံသူ ဝတ်ဆင်ထားသော အဝတ်အစားများပေါ်၌ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အမှတ်အသား ရှိနေခြင်းကြောင့် ဖြစ်ပေသည်။ ဤအရာမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တပည့်ရင်း ဖြစ်သဖြင့် သွားရောက် ရန်မစရဲကြချေ။ အလင်းတန်းမှာ အလွန် လျင်မြန်လှပြီး မိုင်ပေါင်းထောင်ချီရှိသော ဝါးတောကြီးကို ဖြတ်ကျော်ကာ ပိုမို ဝေးကွာသော နေရာဆီသို့ ပျံသန်းသွားခဲ့သည်။

အကယ်၍ လော့ချန် ဤနေရာတွင် ရှိနေခဲ့မည် ဆိုပါက တစ်ဖက်လူမှာ ယခုအချိန် တံခါးပိတ် ကျင့်ကြံနေရမည့် ထောင်ရိရှန်း ဖြစ်ကြောင်း သေချာပေါက် ပြောနိုင်ပေလိမ့်မည်။ ထောင်ရိရှန်း၏ ဟန်ပန်မှာ အလျင်စလိုဖြစ်နေသော်လည်း စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။ ဤတစ်ခေါက် ဂိုဏ်းသို့ ပြန်ခြင်းမှာ မုချပင် ကြီးမားလှသော ကိစ္စရပ်တစ်ခုခု ရှိနေ၍ ဖြစ်ပေလိမ့်မည်။

….

‘ဆေးလုံးစိမ်းချိုင့်ဝှမ်း....’

မူလက တည်ငြိမ်အေးချမ်းနေခဲ့ပြီး အချင်းချင်း အားပြိုင်မှုများ ရှိလျှင်ပင် အမြဲတမ်း ပြုံးရွှင်မှုများဖြင့် ဖုံးကွယ်ထားလေ့ရှိသော ဂိုဏ်းတွင်း အခြေအနေမှာ ဂိုဏ်းမျိုးဆက်လုပွဲ နီးကပ်လာသည်နှင့်အမျှ ပိုမို၍ လှုပ်ခတ်လာခဲ့သည်။ ၎င်းမှာ မီးတောင်တစ်ခု မပေါက်ကွဲခင် အခြေအနေမျိုးနှင့် ဆင်တူလှပေသည်။

အခြေတည်နှောင်းပိုင်းအဆင့်ရှိသော ကျင့်ကြံသူကြီး အမြောက်အမြားမှာ အရပ်မျက်နှာအနှံ့သို့ ကူလူးသွားလာနေခဲ့ကြသည်။ အထူးသဖြင့် အခြေတည်အဆင့် (၉) ရှိသူများမှာလည်း တံခါးပိတ် ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်ကြပြီး အစွမ်းထက်ကျင့်ကြံသူများကို ဆွဲဆောင်ရန်အတွက် ထွက်လာခဲ့ကြသည်။ အချို့မှာ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားရှိသူများ ဖြစ်ကြပြီး အချို့မှာ ကျွမ်းကျင်သော ဆေးဖော်ဆရာများ ဖြစ်ကြသည်။ ထို့ထက်မက အခြားသောဂိုဏ်းသား အမြောက်အမြားမှာလည်း ဒေသတစ်ဝိုက် ဟိုပြေးသည်ပြေး လှုပ်ရှားနေခဲ့ကြသည်။

ထိုရုန်းရင်းဆန်ခတ်များကြား ထောင်ဝမ်ဘက်မှာမူ အတော်လေး တည်ငြိမ်နေပုံပေါက်သည်။ သို့သော် ၎င်းမှာ အထင်သာ ဖြစ်ပေသည်။ လက်ရှိအချိန်၌ သူမ၏ လက်အောက်တွင် စုစည်းထားသော ဂိုဏ်းတွင်း အခြေတည်အဆင့်ကျင့်ကြံသူများမှာ လုံးဝ မနည်းလှချေ။ ထိုအထဲတွင် ဒုတိယအဆင့် ဆေးဖော်ဆရာ သုံးဦးပင် ပါဝင်သေးသည်။ ၎င်းတို့ထဲမှ ဆံပင်ဖြူပြီး ကလေးမျက်နှာရှိသော သက်ကြီးရွယ်အို တစ်ဦးသည် အခြေတည် အစောပိုင်းအဆင့်ဖြင့် ဆေးလုံးစိမ်းပါရမီရှင်ခုနှစ်ဦး စာရင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ သူ အားကိုးခဲ့သောအရာမှာ အလွန် ကျွမ်းကျင်လှသော ဆေးဖော်ပညာပင် ဖြစ်သည်။ ထို့အပြင် သူသည် ထောင်ဝမ်တစ်ယောက် ယခုအကြိမ် ဂိုဏ်းမျိုးဆက်လုပွဲအတွင်း၌ အယုံကြည်ရဆုံးနှင့် အားကိုးရဆုံးသော သူတစ်ဦး ဖြစ်သည်။

အချိန်ရှိခိုက် ထောင်ဝမ်သည် မိမိဘက်တော်သားများကို အချိန်ယူ စုစည်းခဲ့ပြီးနောက် နောက်ထပ် နှစ်နှစ်ကြာပြီးနောက် ဖြစ်ပေါ်လာမည့် ဂိုဏ်းမျိုးဆက် လုပွဲကို ဆွေးနွေးတော့သည်။

"အစ်မကြီးထောင်…. ဒီတစ်ခါတော့ ဒီရာထူးက အစ်မကြီးအတွက် သေချာနေပါပြီ.... စိုးရိမ်စရာ ဘာမှမရှိပါဘူး"

"မှန်ပါတယ်…. အစ်ကိုကြီးချီက အစ်မထောင်ကို ကူညီပေးမှာမို့ ကျန်တဲ့လူတွေက အစ်မရဲ့ မျက်စိရှေ့ကိုတောင် ရောက်လာနိုင်မှာ မဟုတ်ပါဘူး"

"ဆေးဖော်ပညာနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ အစ်ကိုကြီးဟွမ်ဟယ်ဇီ ရှိနေတာမို့ စိတ်အရမ်းမပူပါနဲ့…. သူက ဂိုဏ်းတွင်းမှာ ယှဉ်ပြိုင်နိုင်တဲ့သူ မရှိသလောက်ပါပဲ"

"အစ်မ…. ကျွန်တော် ကြည့်ရသလောက်တော့ အစ်မ အနေနဲ့ နောက်ဆုံး ပွဲစဉ်ကိုပဲ စဉ်းစားဖို့ လိုပါတယ်"

ခန်းမဆောင်အတွင်း၌ လူတိုင်း အမျိုးမျိုး ဆွေးနွေးနေခဲ့ကြသည်။ အထက်တွင် ထိုင်နေသော ထောင်ဝမ်ကမူ ယခင်အတိုင်းပင် မောက်မာမှု အ့ပြည့် ရှိနေဆဲပင်။ ယုံကြည်ချက်အပြည့် ရှိနေကြသော သူမ လူများကို ကြည့်ရင်း နှလုံးသားထဲတွင်မူ ထိုမျှလောက်အထိ ယုံကြည်ချက် ရှိမနေချေ။

သူမ ဖြည်းညှင်းစွာ ဆိုလိုက်သည်။

“ငါ သတင်းရထားတာကတော့ အစ်ကိုကြီးတန်ရန်ဇီလည်း ဒီတစ်ခေါက် ဂိုဏ်းမျိုးဆက်လုပွဲမှာ ဝင်ပြိုင်လို့ရတယ်တဲ့.... ဒီလိုဆိုရင်ကော မင်းတို့ ယုံကြည်ချက် ရှိကြသေးလား"

ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်အမျှ ခန်းမဆောင်အတွင်းရှိ အပူတပြင်း ဆွေးနွေးနေကြသော စကားဝိုင်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရတော့သည်။ ဆေးလုံးစိမ်းပါရမီရှင်ခုနှစ်ဦးထဲမှ တစ်ဦးဖြစ်သော ဟွမ်ဟယ်ဇီသည်လည်း ယခုအခါ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။

"သူက ဂိုဏ်းမျိုးဆက် နေရာက ဖယ်ရှားခံခဲ့ရတာ မဟုတ်ဘူးလား"

"ငါတို့ဂိုဏ်းက အထက်လူကြီးတွေရဲ့ စိတ်ကူးကို ငါတို့ ဘယ်လိုမျိုး ခန့်မှန်းနိုင်ပါ့မလဲ.... အခုက ရှုပ်ထွေးလှတဲ့ အချိန် ဖြစ်တာမို့ အစ်ကိုကြီးတန်ရန်ဇီ အမှားတစ်ခု လုပ်ခဲ့ရင်တောင်မှ သူ့ရဲ့ အရည်အချင်းနဲ့ ဂုဏ်သတင်းက ရှိနေဆဲ ဖြစ်တာကြောင့် သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးတာကလည်း သဘာဝကျလှပါတယ်"

ထောင်ဝမ် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

သို့သော် တန်ရန်ဇီဟူသော ဤအမည်နာမကြောင့် အလွန်အမင်း ထိတ်လန့်သွားကြသော သူမ ဘက်တော်သားများကို ကြည့်ရင်း သူမ ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။

ထောင်မျိုးနွယ်စုသည် မူလက ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အင်အားကြီးမျိုးနွယ်စုတစ်ခု ဖြစ်ခဲ့ဖူးသည်။ သို့သော် မျိုးနွယ်စု၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ကွယ်လွန်သွားပြီးနောက် နှစ်ပေါင်းနှစ်ရာအတွင်း တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့သည်။ သူမကိုယ်တိုင် အခြေတည်အဆင့် (၉) သို့ ရောက်ရှိခဲ့သော်လည်း မျိုးနွယ်စု၏ အရှိန်အဝါကို ပြန်လည်မထူထောင်နိုင်ခဲ့ပေ။ ၎င်းမှာ မျိုးနွယ်စုအတွင်း ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးမျှ မရှိတော့ခြင်းကြောင့် ဖြစ်သလို၊ သူမကိုယ်တိုင်ကလည်း ကျင့်စဉ်အဆင့် တိုးတက်ရန်အတွက်သာ စိတ်အာရုံနှစ်မြှုပ်ထားပြီး အခြားအဆက်အသွယ်၊ အင်အားစုများ စုစည်းရန် အချိန်မပေးနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ယခုအခါတွင် အခွင့်အရေးတစ်ခု ခဲခဲယဉ်းယဉ်း ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သော်လည်း လက်ရှိသူမ၌ ရှိနေသော လူအင်အားမျှဖြင့် ဂိုဏ်းမျိုးဆက်လုပွဲတွင် အမှန်တကယ် အောင်နိုင်ပါ့မည်လော။

သူမ ဝမ်းနည်းစိတ်ပျက်နေသည့် အချိန်မှာပင် အလင်းတန်းတစ်ခုသည် ခန်းမဆောင်အပြင်ဘက်သို့ ဆင်းသက်လာခဲ့သည်။ ထိုသူ၏ ခြေလှမ်းများ မရပ်တန့်မီမှာပင် ရင်းနှီးလှသော အသံတစ်သံက နားထဲသို့ စီးဝင်လာခဲ့သည်။

"အစ်မ…. တန်ချန်ဇီက တကယ့်ကို ပါရမီအကြီးကြီး ရှိတာဗျာ.... သူက အစ်မကို ဂိုဏ်းမျိုးဆက်နေရာ လုယူနိုင်အောင် သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်"

စကားသံက ခန်းမဆောင်ကြီးအတွင်းသို့ ပျံ့နှံ့လာခဲ့ရာ ထောင်ဝမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရပြီး ခန်းမဆောင်အတွင်းရှိ လူများကို အလိုလို ကြည့်မိလိုက်သည်။ မျှော်လင့်ထားခဲ့သည့်အတိုင်း ဟွမ်ဟယ်ဇီ အပါအဝင် ဒုတိယအဆင့် ဆေးဖော်ဆရာ သုံးဦးစလုံး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရတော့သည်။

တန်ချန်ဇီ ဟူသော ဘွဲ့အမည်ကို အသုံးပြုထားသောလူ မည်သူမှန်း များစွာ စဉ်းစားနေရန် မလိုချေ။ သေချာပေါက် ဆေးဖော်ဆရာ တစ်ဦး ဖြစ်ပေလိမ့်မည်။ မိမိတို့ဘက်တွင် ဆေးဖော်ဆရာ သုံးဦး၏ ထောက်ခံမှု ရရှိထားပြီး ဖြစ်သော်လည်း အပြင်တွင် လူသွားရှာနေသေးသည် ဆိုကတည်းက ဤအရာက မည်သည့်အရာကို ဆိုလိုနေပါသနည်း။

ထောင်ဝမ်သည် ထိုစူးစိုက်ကြည့်နေကြသော အကြည့်များကို ရင်ဆိုင်ရင်း ခန်းမဆောင်အတွင်းသို့ လှမ်းဝင်လာခါစ ဖြစ်သော ထောင်ရိရှန်းကို ကြည့်ကာ ငေါက်လိုက်သည်။

"ကောင်စုတ်လေး.... မင်းကို ဘယ်သူက ပြန်လာခိုင်းလို့လဲ…. ထျန်းလန်ကို ချက်ချင်း ပြန်သွားစမ်း"

ထောင်ရိရှန်း တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရသည်။ မူလက စိတ်လှုပ်ရှားနေခဲ့သော မျက်နှာအမူအရာမှာလည်း ရေခဲရေဖြင့် လောင်းချခံလိုက်ရသလို ဖြစ်သွားခဲ့ရတော့သည်။

….

ထောင်ဝမ်သည် သူမ၏ ဘက်တော်သား အခြေတည်အဆင့်ကျင့်ကြံသူများကို ပြန်ချော့လိုက်ပြီးနောက် အလျင်စလိုဖြင့် နေအိမ်သို့ ပြန်လာခဲ့သည်။

တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် သူမသည် တံခါးဝတွင် ရပ်တန့်နေခဲ့ပြီး စိတ်မကောင်း ဖြစ်နေသော ထောင်ရိရှန်းကို မြင်လိုက်ရသည်။ သူမ ဒေါသများကို ထိန်းချုပ်လိုက်ရင်း အေးစက်စွာ ဆိုသည်။

"ထျန်းလန်ဘက်မှာ ငါ မင်းအတွက် အဆင့်မြင့် ဂူဗိမာန်ကို ငှားပေးထားပြီးသား.... ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကိုလည်း လိုလေသေးမရှိအောင် လုပ်ပေးထားတယ်လေ.... ဘာဖြစ်လို့ ပြန်လာတာလဲ"

ထောင်ရိရှန်း စကားမပြောဘဲ နေမြဲနေခဲ့သည်။ သူ နှုတ်ခမ်းကို သပ်လိုက်ရင်း မျက်နှာတစ်ခုလုံးတွင် မကျေမနပ်မှူများဖြင့် ပြည့်နှက်နေသည်။

ထောင်ဝမ်သည် သူမ၏ နားထင်ကို နှိပ်ရင်း ကျောက်စားပွဲတွင် ဝင်ထိုင်လိုက်ကာ အေးစက်နေပြီ ဖြစ်သော ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့လိုက်သည်။ သူမ ထောင်ရိရှန်းကို ကြည့်ပင်မကြည့်ဘဲ ဆိုသည်။

"ထောင်မျိုးနွယ်စုကို ပြန်ပြီး မြှင့်တင်ဖို့၊ ဂိုဏ်းမျိုးဆက် နေရာကို လုယူဖို့ နောက်ပိုင်းကျရင် ရွှေအမြုတေအဆင့်ကို တက်လှမ်းပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းကို အုပ်ချုပ်ဖို့ ဆိုတာ ငါ အမြဲတမ်း လုပ်ဆောင်ချင်ခဲ့တဲ့ အရာတွေ…. ဒါပေမဲ့ ဒီလမ်းကြောင်းက မင်းထင်တာထက် ပိုအန္တရာယ်များတယ်.... မင်း မရှိမှပဲ ငါ ဘာစိုးရိမ်စိတ်မှ မရှိဘဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်မှာ.... အဲဒါကြောင့်ပဲ မင်းအခြေတည်အဆင့်ကို ရောက်ပြီးတာနဲ့ ယွမ်ကျောက်ကို လွှတ်ခဲ့ပြီး အစောင့်တာဝန်ပြီးတာတောင် ဒီပြန်မလာခိုင်းဘဲ ထျန်းလန်ကို လွှတ်ခဲ့တာ.... အခု မင်းက ငါ့စကားကို နားမထောင်ဘဲ ပြန်လာရုံတင်မကဘူး၊ အရေးမပါတာတွေ လျှောက်ပြောပြီး အာရုံများအောင်ပါ လုပ်သေးတယ်၊ ရိရှန်း.... မင်း ကလေးမဟုတ်တော့ဘူး.... နည်းနည်းလောက် ရင့်ကျက်ပါဦးလား"

ထောင်ရိရှန်း အစ်မဖြစ်သူကို လှည့်ကြည့်လိုက်သည်။ သူ့ မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ပြီး မျက်ဝန်းများမှာလည်း နီမြန်းနေခဲ့သည်။

"ဒီမောင်လေးက အဲ့ဒီလောက်အထိ အစ်မအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာလား"

"ငါ အဲ့ဒီသဘောနဲ့ ပြောတာ မဟုတ်ဘူး…."

ထောင်ဝမ် သူ့အား ကြည့်လိုက်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒါပေမဲ့ မင်း ဒီနေ့ လုပ်ခဲ့တာက တကယ့်ကို အဆင်အခြင်မဲ့လွန်းတယ်.... ဟွမ်ဟယ်ဇီဆိုတာ ငါ ခက်ခက်ခဲခဲနဲ့ ငါ့ဘက်ပါအောင် လုပ်ထားခဲ့ရတဲ့ ဆေးဖော်ဆရာလေ.... အခု မင်းရဲ့စကားတစ်ခွန်းကြောင့် သူစိတ်ခုသွားပြီ.... မင်း သိရဲ့လား"

"ဟွန်း…. တန်ချန်ဇီရှေ့ရောက်ရင် သူ့ကိုယ်သူ ဆေးဖော်ဆရာလို့တောင် ခေါ်ရဲပါဦးမလား…."

"ပါးစပ်ပိတ်စမ်း"

"ကျွန်တော် မပိတ်ဘူး…. အစ်မက ကျွန်တော့်ကို တျန်းလန်မှာနေပြီး လော့ချန်ရဲ့ အရည်အချင်းကို စစ်ဆေးခိုင်းတာ.... အခု ကျွန်တော် အဖြေရှာပြီး ပြန်လာတော့ အစ်မက နားမထောင်ချင်ဘူးပေါ့.... အဲ့လိုဆို ဘာလို့ ကျွန်တော့်ကို အဲ့တာဝန်ပေးခဲ့တာလဲ"

မောင်ဖြစ်သူ၏ တုံ့ပြန်မှုကြောင့် ထောင်ဝမ်၏ မျက်နှာအမူအရာမှာ ပို၍ပင် အေးစက်သွားရသည်။

"သာမန် ကျင့်ကြံသူ ဆေးဖော်ဆရာ တစ်ယောက်က တစ်သက်တာလုံးကို ဆေးဖော်လမ်းစဉ်အတွက် ပေးဆပ်ထားခဲ့တဲ့ ဟွမ်ဟယ်ဇီလိုမျိုး ဆရာကြီးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါမလဲ…."

သူမ၏ စကားများမှာ နှလုံးသားထဲမှ လာခြင်း ဖြစ်ပေသည်။ ထန်ထိုက်ကျင်း လမ်းညွှန်ပေးခဲ့သော လော့ချန်နှင့် ပတ်သက်၍မူ သူမ အစကတည်းက သဘောမကျခဲ့ချေ။ မောင်ဖြစ်သူအား လော့ချန်၏ အရည်အချင်းကို စမ်းသပ်ခိုင်းသည့် တာဝန်ကို ပေးခဲ့ရခြင်းမှာလည်း မောင်ဖြစ်သူ အလုပ်ရှုပ်နေစေရန်အတွက်သာ ဖြစ်သည်။

လော့ချန်ဟူသော မည်သည့် နေရာမှ ထွက်ပေါ်လာမှန်း မသိရသည့် အညတည ဆေးဖော်ဆရာနှင့် နှိုင်းယှဉ်ပါက ဟွမ်ဟယ်ဇီကမူ လုံးဝ ဥဿုံ ကွဲပြားခြားနားလှပေသည်။ သူသည် ငယ်စဉ်ကတည်းက ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် မွေးဖွားကြီးပြင်းခဲ့ပြီး အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံခြင်းကိုပင် ဂရုမစိုက်နိုင်ဘဲ နေ့ညမပြတ် ဆေးဖော်ပညာကို လေ့လာခဲ့သည်။ ယခုအခါတွင်မူ ဒုတိယအဆင့် အဆင့်လတ်ဆေးလုံးများကို ကျွမ်းကျင်စွာ ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုမျှမက အဆင့်မြင့်ဆေးလုံးများတွင်လည်း အတော်လေး တည်ငြိမ်လှသော ဆေးလုံးထွက်နှုန်း ရှိနေသေးသည်။ ဤအရာအတွက် ကျင့်ကြံခြင်းအဆင့်ကိုပင် နှောင့်နှေးစေခဲ့သဖြင့် အခြေတည်အဆင့် (၃) တွင်သာ ရှိနေသေးခြင်း ဖြစ်သည်။ ထိုလော့ချန်က မည်သည့်အရာနှင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။

အစ်မဖြစ်သူ၏ ထိုဂရုမစိုက်လှသော ပုံစံကို ကြည့်ရင်း ထောင်ရိရှန်း သက်ပြင်းချလိုက်မိသည်။ သူမသည် ယခင်အတိုင်း ယုံကြည်ချက်ရှိနေဆဲ၊ ယခင်အတိုင်း မာနကြီးနေဆဲ ဖြစ်ပေသည်။ ထောင်ရိရှန်း သေချာပေါက် ကျင့်သားရနေခဲ့လေပြီ။ ငယ်စဉ်ကတည်းက ယခုအချိန်အထိ အစ်မဖြစ်သူမှာ ဤကဲ့သို့သော ပုံစံမျိုး ဖြစ်ခဲ့သည်။ မိမိအပေါ် ကောင်းမွန်သည်မှာမူ အတိုင်းထက်အလွန် ကောင်းမွန်လှသည်။ သို့သော် သူမ ဆုံးဖြတ်ပြီးသား ကိစ္စရပ်များကိုမူ လုံးဝ ပြောင်းလဲခဲလှပေသည်။ သို့သော် ယခုအကြိမ်တွင်မူ သူမ အမှန်ပင် အကဲခတ် မှားယွင်းသွားခဲ့ပြီ ဖြစ်သည်။

ထောင်ရိရှန်း အံကို ကြိတ်လိုက်ရင်း

"အစ်မ မောင်လေးကို တစ်ခါလောက်ပဲ ယုံကြည်ပေးပါဗျာ.... မိတ်ဆွေလော့ရဲ့ ဆေးဖော်ပညာက တကယ့်ကို အစွမ်းထက်လှပါတယ်…. အဲ့လိုမှမဟုတ်ရင် အစ်မထန်ထိုက်က သူ့ကို ဘယ်လိုလုပ် မိတ်ဆက်ပေးမှာလဲ…. အစ်မ ပြန်စဉ်းစားကြည့်ပါဦး…. ကရုဏာမဲ့နတ်သမီးတောင်မှ သူ့ကို အဲ့ဒီလောက်အထိ အလေးထားတာဆို သေချာပေါက် သူ့မှာ ထူးခြားလှတဲ့ အချက်တွေ ရှိနေလို့ပေါ့"

ထောင်ဝမ် မျက်မှောင်ကြုတ်သွားခဲ့ရသည်။ ဤဆယ်စုနှစ်အနည်းငယ်အတွင်း မောင်ဖြစ်သူသည် သူမ၏ ဆန္ဒကို တစ်ခါမှ မဆန့်ကျင်ခဲ့ဖူးချေ။ သို့သော် အပြင်လူတစ်ဦးကြောင့် ယခုအကြိမ်တွင်မူ ဤမျှလောက်အထိ ဇွတ်တရွတ် ဆန်နေခဲ့သည်။

သူမ နှုတ်ခမ်းကို သပ်လိုက်ရင်း

"ကောင်းပြီ…. ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်…. မင်း သိသမျှ အားလုံးကို သေသေချာချာ ပြောပြ.... ငါလည်း သိချင်ပါသေးတယ်.... ဘယ်လိုမျိုး လူသားတွေထဲက နဂါးတစ်ကောင် ဖြစ်နေလို့ ငါ့မောင် ဒီလောက်အထိ အထင်ကြီးနေတာလဲဆိုတာ…."

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters