အခန်း ၄၆၂
Vol. 47 Ch. 462
အခန်း (၄၆၂) - ငါပဲ အရမ်း သတ္တိနည်းနေခဲ့တာလား
"ထူးဆန်းလိုက်တာ"
“နှစ်လတောင် ရှိနေပြီ.... ထောင်ရိရှန်းက ဘာဖြစ်လို့ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်မလာသေးတာလဲ"
လော့ချန်တစ်ယောက် ထောင်ရိရှန်း၏ ဂူဗိမာန်ရှိရာ အရပ်မျက်နှာဆီသို့ လှမ်းမျှော်ကြည့်လိုက်ကာ စိတ်ထဲတွင် အတွေးများနေခဲ့သည်။ သို့သော် မည်မျှပင် အတွေးများနေပါစေ၊ တစ်ဖက်လူကို ကိုယ်တိုင် သွားရောက် ရှာဖွေရန် ရည်ရွယ်ချက် မရှိပေ။
‘အလှမ်းဝေးမှ တန်ဖိုးထားတတ်သည်’ ဟူသော နည်းဗျူဟာကို ကျင့်သုံးရန် ဆုံးဖြတ်ပြီးဖြစ်၍ သူ နောက်ဆုံးအထိ တင်းခံထားမည်ဖြစ်သည်။ သို့မဟုတ်ဘဲ ယခု အားပျော့သွားပါက နောင်တွင် ဖြစ်ပေါ်လာမည့် ညှိနှိုင်းမှုများတွင် သူ အသာစီးမရဘဲ ဖြစ်သွားနိုင်သည်။ လက်ရှိအချိန်တွင် အလျင်စလို မဖြစ်ဘဲ နေခြင်းကသာ ဆန့်ကျင်ဘက်အနေဖြင့် အသာစီးရယူနိုင်မည့် အခွင့်အရေး ရှိပေလိမ့်မည်။
ထို့အပြင် သူ ဤမျှလောက်အထိ တည်ငြိမ်နေရသည့် အကြောင်းရင်းမှာ သွေးကြောရာပေါင်းများစွာ ပွင့်သွားပြီးနောက် ဖြစ်ပေါ်လာသည့် ကျင့်ကြံခြင်း အမြန်နှုန်း နှစ်ဆတိုးလာခြင်းကြောင့်ပင်။ သူသည် သက်တမ်း မကုန်ဆုံးခင်မှာပင် အခြေတည်အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေး ရှိကြောင်း တွက်ချက်ထားပြီးဖြစ်သည်။
ယခုအခါ လော့ချန်သည် အသက် လေးဆယ်ကျော်မျှသာ ရှိသေးသည်။ ဂိုဏ်းကြီးများ၏ စံနှုန်းနှင့်ဆိုလျှင် ပါရမီရှင်များ၏ ကျင့်ကြံခြင်း မြန်နှုန်းကို မှီသွားခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းတွင် နှစ်ပေါင်း နှစ်ရာကျော် သက်တမ်း ရှိနေသေးသဖြင့် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အဆင့်မြင့် ဆေးလုံးများ မရှိလျှင်ပင် မိမိဘာသာ အခြား လမ်းကြောင်း ရှာဖွေနိုင်ပြီး ကျင့်ကြံခြင်း မြန်နှုန်းကို ထပ်မံ မြှင့်တင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အဘယ်ကြောင့် အလျင်စလို ဖြစ်နေရန် လိုအပ်ပါမည်နည်း။
ထိုမျှမက အခြားလုပ်စရာများလည်း တောင်လိုပုံနေသေးသည်။ အခြားအရာများကို အသာထား၊ သွေးမိစ္ဆာဆေးလုံးနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံး ဟူသော ဒုတိယအဆင့်ဆေးလုံး နှစ်မျိုးကို သူ အဆင့်မြှင့်တင်ရန် အချိန်လိုအပ်နေလေပြီ။ ထိုဆေးလုံးများကိုသာ သူ အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားပါက အချိန်များစွာ ပိုထွက်လာပေလိမ့်မည်။
လော့ချန် အရင်ဆုံး သွေးမိစ္ဆာဆေးလုံးကို အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်သည်။ အခြားကြောင့် မဟုတ်ချေ။ ဤဆေးအတွက် လိုအပ်မည့် အခြေခံကုန်ကြမ်းများ သိပ်မကျန်ရှိတော့ခြင်းကြောင့် ဖြစ်ပေသည်။ အကုန် ဖော်စပ်မည် ဆိုပါက လဝက်ခန့်သာ ကြာမြင့်ပေလိမ့်မည်။ သူနှင့် ဝမ်ယွမ်တို့ နှစ်ဦးစလုံးသည် သွေးကြောရာပေါင်းများစွာ ပွင့်သွားခဲ့ပြီ ဖြစ်သဖြင့် သွေးမိစ္ဆာဆေးလုံးကို အသုံးပြုပြီး သွေးကြောဖွင့်ရန် မလိုတော့ချေ။ သို့သော် ဤဆေးလုံးမှာ ဝမ်ယွမ်၏ ခန္ဓာကိုယ် ကျင့်ကြံခြင်းအတွက် ကြီးမားလှသော အကျိုးကျေးဇူး ရှိနေဆဲ ဖြစ်သလို လော့ချန် ကိုယ်တိုင်လည်း အောင်မြင်မှု အမှတ်ကို ရရှိနိုင်သေးသဖြင့် ကုန်ကြမ်းများကို ချန်ထားပြီး ဖြုန်းတီးပစ်ရန် အကြောင်းပြချက် မရှိချေ။
နောက်ပိုင်းရက်များတွင်မူ သူ အချိန်ကို ညှိလိုက်ပြီး သွေးမိစ္ဆာဆေးဖော်စပ်ရာတွင်သာ အာရုံစိုက်ခဲ့သည်။
….
လဝက်ခန့် ကြာပြီးနောက်....။
လော့ချန်သည် လုံးဝ ဥဿုံ ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သော အနက်ရောင် သစ်သားသေတ္တာကို ကြည့်ရင်း နှမြောတသစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ ယင်သားရဲချီမှာ လုံးဝ ဥဿုံ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ သွေးမိစ္ဆာဆေးလုံး၏ ကျွမ်းကျင်မှုကို အထွတ်အထိပ်အဆင့်အထိ ရောက်ရှိသွားစေရန်အတွက်သာ လုံလောက်ခဲ့သည်။
ဤအရာအတွက် သူသည် အစမှ အဆုံးအထိ အောင်မြင်မှု အမှတ် ငါးမှတ်ကို ရရှိခဲ့သလို သွေးကြောရာပေါင်းများစွာလည်း ပွင့်သွားခဲ့ကာ လက်ထဲတွင်လည်း အပိုဆောင်း ထွက်ပေါ်လာသော သွေးမိစ္ဆာဆေးလုံး နှစ်ထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းတို့ထဲတွင် အဆင့်မြင့်ဆေးလုံးများက အများစု ဖြစ်သော်လည်း အဆင့်နိမ့်နှင့် အဆင့်လတ်များလည်း မနည်းလှချေ။ ထို့ထက်မက ထိပ်တန်း သွေးမိစ္ဆာဆေးလုံးပေါင်း ဆယ်ဂဏန်းခန့်ပင် ရှိသေးသည်။
ဤဆေးလုံးများကိုမူ လော့ချန်သည် အချို့ကိုသာ အရန်အဖြစ် ချန်ထားရန် စီစဉ်ထားပြီး ကျန်ရှိသောအရာ အားလုံးကို ဝမ်ယွမ်အား ပေးရန် စီစဉ်လိုက်သည်။ အမှန်စင်စစ် သွေးမိစ္ဆာဆေးလုံး၏ ကုန်ကြမ်း အားလုံးမှာ ဝမ်ယွမ် ဤနှစ်များအတွင်း ခက်ခဲစွာဖြင့် စုဆောင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူ၏ စုဆောင်းငွေ အားလုံးကို လုံးဝ ခမ်းခြောက်သွားစေခဲ့ပြီ ဖြစ်သည်။ မကြာသေးမီကပင် လော့ထျန်းအဖွဲ့၏ လစာကို အားကိုးပြီးမှ နေ့ရက်များကို ဖြတ်သန်းနေရခြင်း ဖြစ်သည်။ သူသည် လက်ရှိ လော့ထျန်းအဖွဲ့၏ အခြေတည်အဆင့်ကျင့်ကြံသူများကြား အဆင်းရဲဆုံး ဖြတ်သန်းနေရသူ ဖြစ်ပေသည်။
သို့သော် ယခုအခါ ဤအဆင့်မြင့် သွေးမိစ္ဆာဆေးလုံး အမြောက်အမြား ရှိနေခဲ့ပြီ ဖြစ်သဖြင့် ဝမ်ယွမ်လည်း အချိန်အတော်ကြာ အရင်းအမြစ်များအတွက် စိုးရိမ်နေရန် မလိုတော့ချေ။
"တကယ်လို့ ငါ့မှာလည်း ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် သင့်တော်တဲ့ ဆေးနည်း ရှိနေခဲ့မယ်ဆို သိပ် ကောင်းမှာပဲ"
လော့ချန်၏ ဝမ်းမြောက်မှုထဲတွင် စိတ်မကျေနပ်မှု အနည်းငယ် ပါဝင်နေသည်။ သူ့တွင်သာ ထိုဖော်စပ်နည်း ရှိပါက ထောင်မျိုးနွယ်စုကို မှီခိုနေစရာ မလိုတော့ပေ။ သူ့အနေဖြင့် လော့ထျန်ဂိုဏ်းကို အားဖြည့်ရန်၊ အရင်းအမြစ်များ ရှာဖွေရန်နှင့် သူကိုယ်တိုင် ဆေးလုံးများ ဖော်စပ်ရန်အတွက် ပစ္စည်းများ ဝယ်ယူရန်သာ အာရုံစိုက်တော့မည် ဖြစ်သည်။
ရုတ်တရက် လော့ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ရေခဲခံတပ်ဆီက မရနိုင်ရင်တောင် ငါ ထောင်မျိုးနွယ်စုဆီကနေ ဆေးနည်းကို တောင်းဆိုကြည့်ရင်ရော.... ထောင်မျိုးနွယ်စုရဲ့ ဘိုးဘေးက တစ်ခေတ်တစ်ခါက ဆေးဖော်ရာမှာ တကယ့်ထိပ်ခေါင်ကျတဲ့ စီရင်စုသခင် နန်ရှန်း ပဲလေ"
ရေရွတ်နေရင်းနှင့်ပင် သူ ဆေးဖော်ခန်းကို သန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ထျန်းလန်တောင်မှ ထွက်ခွာလာခဲ့သည်။ လော့ထျန်းအဖွဲ့သို့ မရောက်ဖြစ်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ရံဖန်ရံခါတွင်လည်း မျက်နှာပြပြီး မိမိ အသက်ရှိနေသေးကြောင်း ပြရပေဦးမည်။
ကျင့်စဉ်သင်ကြားရေး ခန်းမဆောင်၏ အပြင်ဘက်၌….။
ကျောက်စိမ်းဖြူရင်ပြင်ပေါ်တွင် လူအနည်းငယ်မျှသာ ရှိပြီး လူငယ်လေး တစ်ဦးတည်းသာလျှင် ပြင်းထန်လှသော နေရောင်ခြည်အောက်တွင် လက်သီးချက် တစ်ချက်ချင်းစီကို အားသွန်ခွန်စိုက် လေ့ကျင့်နေခဲ့သည်။
လော့ချန်သည် တိမ်တိုက်ကို ရုပ်သိမ်းလိုက်ပြီးနောက် အောက်သို့ ဆင်းသက်လိုက်သည်။
"ရှောင်လုံ"
ထိုလူငယ်လေးသည် လော့ချန်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ မျက်ဝန်းများ ရုတ်တရက် တောက်ပသွားခဲ့သည်။
"ဦးလေးလော့…."
သူ အပြေးလာချင်နေခဲ့သော်လည်း ကျောက်ခဲလေးတစ်ခုသည် ကောင်းကင်ယံမှ ပျံသန်းလာခဲ့ပြီး သူ၏ ကျောပြင်ပေါ်သို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် သူသည် ကြီးမားလှသော ရိုက်ခတ်မှုကို ခံလိုက်ရသလိုမျိုး ဖြစ်သွားခဲ့ရသည်။
"ဒီ ဓာတ်ကြီးငါးပါးလက်သီးသိုင်းကို အရင်ဆုံး ပြီးအောင် လေ့ကျင့်စမ်း…."
အေးစက်လှသော အသံတစ်သံ ခန်းမဆောင်ကြီးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
ကျန်းယီလုံ၏ မျက်ဝန်းများအတွင်း၌ မျက်ရည်များ ဝဲတက်လာခဲ့ပြီး မကျေမနပ်ဖြင့် လော့ချန်ကို လှမ်းကြည့်လိုက်သည်။
"မင်းရဲ့ ဆရာ ပြောတာကို နားထောင်လိုက်ပါ"
လော့ချန် ခေါင်းခါယမ်းကာ ပြုံးလိုက်ရင်း ခန်းမဆောင်ကြီးဆီသို့ လှမ်းလျှောက်သွားခဲ့သည်။ ထိုလူငယ်လေး၏ ဘေးမှ ဖြတ်သန်းသွားသည့် အချိန်တွင်မူ သူ၏ သေးငယ်လှသော ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း နူးညံ့စွာ ပြောလိုက်သည်။
"ခဏနေ ဦးလေးဆီ လာလည်ဦး.... မင်းအတွက် လက်ဆောင် ရှိတယ်"
ကျန်းယီလုံ၏ မျက်ဝန်းများ တောက်ပသွားခဲ့ပြီး ဆက်တိုက်ဆိုသလို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လက်သီးချက်များကို ပြန်လည် လေ့ကျင့်တော့သည်။ ကြည့်ရသည်မှာ အနည်းငယ် ပုံမကျသေးသော်လည်း လက်မောင်းနှင့် ခြေထောက်များကို အတတ်နိုင်ဆုံး ဆန့်ထုတ်နေခဲ့ပြီး ပတ်ဝန်းကျင်တွင် လွင့်မျောနေသော ချီစွမ်းအားများသည်လည်း သေးငယ်လှသော အလွှာများအဖြစ် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေပုံရသည်။
လော့ချန် အတွေးနက်သွားခဲ့သည်။ ဤလက်သီးချက်မှာ ခန္ဓာကိုယ် ကျင့်ကြံခြင်းနှင့် ချီစွမ်းအား ကျင့်ကြံခြင်း နှစ်မျိုးလုံးကို ပေါင်းစပ်ထားပုံရသည်။ သို့သော် ချီစွမ်းအား စုပ်ယူမှု မြန်နှုန်းကို ကြည့်ရသည်မှာ အနည်းငယ် နှေးကွေးနေပုံရသည်။ ၎င်းမှာ ဝမ်ယွမ် အသစ် ရှာဖွေစမ်းသပ်ထားသော ပညာရပ်များ ဖြစ်နေမည်လော။
လော့ချန် ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လိုက်သည်။
ဝမ်ယွမ်က သူ့ကို စိုက်ကြည့်လိုက်ရင်း
"ရောက်လာပြီလား"
"အင်း…. ကျွန်တော် ရောက်ပြီ"
လော့ချန် ပြန်ထူးလိုက်ရင်း အပြင်ဘက်တွင် လက်သီးချက် လေ့ကျင့်နေသော ကျန်းယီလုံကို ညွှန်ပြကာ မေးလိုက်သည်။
"အစ်ကိုဝမ်…. အဲ့ဒါက ဘာသိုင်းလဲ"
"မင်း ကြားတဲ့အတိုင်း…. ဓာတ်ကြီးငါးပါးလက်သီးသိုင်းလေ"
လော့ချန် စိတ်ပျက်သွားဟန်ဖြင့်
"ကျွန်တော် မေးတာက အဲ့ အဓိပ္ပာယ် မဟုတ်မှန်း အစ်ကိုဝမ် သိပါတယ်"
ဝမ်ယွမ် လက်ထဲက စာအုပ်ကို ချလိုက်ရင်း
"ငါ ကိုယ်တိုင် ဒုတိယအဆင့်ကျင့်စဉ်ကို မဖန်တီးနိုင်သေးပေမဲ့ ဒီနှစ်တွေအတွင်း စုဆောင်းခဲ့တဲ့ အရာတွေက ပထမအဆင့်ကျင့်စဉ်တစ်ခု ရရှိလာဖို့ လုံလောက်ပါတယ်"
"ခန္ဓာကိုယ် ကျင့်ကြံတာနဲ့ ချီစွမ်းအား ကျင့်ကြံတာ နှစ်ခုလုံးကို ပေါင်းစပ်ထားတာလား"
လော့ချန် မေးမြန်းလိုက်သည်။
"အင်း"
ဝမ်ယွမ်က ခေါင်းညိတ်ပြလိုက်ရင်း မျက်နှာတွင် ခဲယဉ်းစွာဖြင့် ဂုဏ်ယူသည့် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒီ ဓာတ်ကြီးငါးပါးလက်သီးသိုင်းက နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းခြင်း၊ ခန္ဓာချီ စုစည်းခြင်း၊ ကိုယ်တွင်းအင်္ဂါငါးပါး ပြုစုပျိုးထောင်ခြင်းလက်ဝါးအတတ် ဆိုတဲ့ ပညာရပ်တွေကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတာ.... တစ်ဖက်က ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်သလို တစ်ဖက်ကလည်း ချီစွမ်းအားတွေကို စုပ်ယူနိုင်တယ်…. ခန္ဓာကိုယ်နဲ့ ချီစွမ်းအားကို အတူတူ လေ့ကျင့်တာ ဖြစ်လို့ အဆင့်နိမ့်တုန်းမှာ အုတ်မြစ်ကောင်းကောင်း တည်ဆောက်နိုင်လိမ့်မယ်"
လော့ချန်သည် ဝေးကွာလှသော နေရာမှ ချွေးဒလဟော ထွက်အောင် လက်သီးချက် လေ့ကျင့်နေသော လူငယ်လေးကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် အတွေးနက်နေသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤလက်သီးချက်မှာ ဝမ်ယွမ် ပြောဆိုခဲ့သော ထိုကျင့်စဉ်များထဲမှ အားသာချက် အချို့ကို ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း သိသာလှပြီး တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်း အရှိန်အဝါ၊ ဝိညာဉ်အာရုံ စသည့် ကန့်သတ်ချက် ရှိနေသော အခြေအနေများကို စွန့်ပစ်ထားခဲ့သည်။ အစောပိုင်း အခြေခံတည်ဆောက်သည့် အဆင့်တွင်မူ တကယ့်ကို အကျိုးသက်ရောက်မှု ရှိလှပေသည်။
"ကျင့်ကြံနှုန်းက နည်းနည်းလောက် နှေးနေသလိုပဲ"
ဝမ်ယွမ် ခေါင်းညိတ်ပြလိုက်ရင်း
"ဟုတ်တယ်…. ဒါကလည်း ဒီကျင့်စဉ်ရဲ့ အားနည်းချက်လေ.... ဒါပေမဲ့ ရှောင်လုံက မွေးရာပါ ပါရမီရှိတဲ့ ကလေး ဖြစ်တာမို့ ကျင့်ကြံနှုန်း နည်းနည်းလောက် နှေးတာနဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်နဲ့ လဲတာက သေချာပေါက် အကျိုးရှိပြီး အန္တရာယ် မရှိပါဘူး"
"ဒါကို လော့ထျန်းအဖွဲ့ရဲ့ တခြား အဆင့်နိမ့် ကျင့်ကြံသူတွေ အပေါ်မှာပါ သုံးလို့ ရမလား"
လော့ချန် သူ အသိလိုဆုံးသော မေးခွန်းကို မေးမြန်းလိုက်သည်။
ဤမေးခွန်းနှင့် ရင်ဆိုင်လိုက်ရသည့် အခါတွင်မူ ဝမ်ယွမ် မျက်မှောင်ကြုတ်သွားခဲ့ရသည်။ သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မရေမရာ ပြောလိုက်သည်။
"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.... ဒါပေမဲ့ ပိုရိုးရှင်းတဲ့ အရာတစ်ခုကို ဖန်တီးရလိမ့်မယ် ထင်တယ်"
"ဗျာ…. ဒါက ဘာဖြစ်လို့လဲ"
"လက်ရှိ ဓာတ်ကြီးငါးပါးလက်သီးသိုင်းက နှစ်ခုလုံးကို အတူတူ လေ့ကျင့်ရတာ ဖြစ်လို့ မွေးရာပါ ပါရမီရှိဖို့ လိုသလို ပြင်ပအထောက်အကူပြု အရင်းအမြစ်တွေလည်း လိုတယ်.... သာမန်လူတွေကတော့ ဒီလိုမျိုး လေ့ကျင့်ဖို့ တတ်နိုင်မှာမဟုတ်ဘူး"
လော့ချန် နားလည်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းယီလုံမှာ သေချာပေါက် သာမန်လူ မဟုတ်ချေ။ ဖခင်ဖြစ်သူ ကျန်းဝမ်က သားဖြစ်သူအတွက် အဆက်အသွယ်များစွာ ချန်ထားခဲ့သည်။ မိခင်ဖြစ်သူ ရှို့ကုသည်လည်း လော့ထျန်းအဖွဲ့အတွင်း၌ အရေးကြီးသော ရာထူးကို တာဝန်ယူထားဆဲ ဖြစ်သည်။ ထို့အပြင် ဝမ်ယွမ်ဟူသော ဤဆရာ ရှိနေသေးသဖြင့် သူ၏ အစောပိုင်း ကျင့်ကြံခြင်း အရင်းအမြစ်များမှာ သေချာပေါက် မပြတ်တောက်နိုင်ချေ။ သို့သော် အခြားလူများသာဆိုပါက သေချာပေါက် အဆင်ပြေမည် မဟုတ်ချေ။ ထိုမျှသာမက မွေးရာပါ ပါရမီဟူသော အခြေအနေလည်း ရှိသေးသည်။
"ငါ နောက်ပိုင်းကျရင် ထပ်ပြီး လေ့လာကြည့်ဦးမယ်…. ပိုပြီး ရိုးရှင်းတဲ့ အရာတစ်ခု ဖန်တီးနိုင်မလား ဆိုတာကိုပေါ့"
ဝမ်ယွမ် ဂရုမစိုက်ဟန်ဖြင့် ပြောဆိုလိုက်သည်။
ကျင့်စဉ်များကို လေ့လာစမ်းသပ်ခြင်းမှာ သူ အနှစ်သက်ဆုံးသော ကိစ္စရပ် ဖြစ်ခဲ့သည်။ မဟုတ်လျှင်လည်း ကျင့်စဉ်သင်ကြားရေးနန်းဆောင်၏ နန်းဆောင်သခင်ရာထူးကို ဝမ်းမြောက်စွာဖြင့် လက်ခံခဲ့မည် မဟုတ်ချေ။ သူ လော့ချန်ကို ကြည့်လိုက်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ပုံမှန်ဆို မင်း ဒန်ရှားတောင်ကို လာရင် စီမာဟွေ့နန်ဆီ အရင်ဆုံး သွားတာပါ…. ဘာဖြစ်လို့ ဒီနေ့ ငါ့ဆီကို အရင် ရောက်လာတာလဲ"
"အစ်ကိုဝမ်ဖို့ ပစ္စည်းတချို့ ယူလာပေးတာပါ"
လော့ချန် အပြင်ဘက်ရှိ ကျန်းယီလုံကို စိုက်ကြည့်နေခဲ့သော်လည်း လက်ကမူ ဝမ်ယွမ်ထံသို့ သိုလှောင်အိတ်တစ်ခုကို အလိုက်သင့် ကမ်းပေးလိုက်သည်။
ဝမ်ယွမ် ဝိညာဉ်အာရုံကို ပြင်ပသို့ ထုတ်လွှတ်လိုက်ပြီး ထိုအိတ်ထဲသို့ စူးစမ်းလိုက်သည်။ ချက်ချင်းပင် သူ ကြောင်အသွားခဲ့ရတော့သည်။
အစီအရီ ရှိနေသော သွေးမိစ္ဆာဆေးလုံးများကို သူတွေ့လိုက်ရသည်။
“အဆင့်မြင့် သွေးမိစ္ဆာဆေးလုံးတွေပဲ…. ဒါက…. ထိပ်တန်းအဆင့်…."
ဝမ်ယွမ် တံတွေးတစ်ချက် မျိုချရင်း ရေရွတ်လိုက်သည်။
"ဒါတွေ အားလုံးက မင်း ဖော်စပ်ထားတာလား"
"ကျွန်တော်ကလွဲလို့ တခြား ဘယ်သူရှိမှာလဲ"
လော့ချန် ပြန်မေးလိုက်သည်။
ဝမ်ယွမ် အပြင်းအထန် ခေါင်းခါယမ်းလိုက်ရင်း
"မဟုတ်ဘူး… ငါ ဆေးဖော်လမ်းစဉ်ကို အများကြီး နားမလည်ပေမဲ့ မင်း သွေးမိစ္ဆာဆေးလုံးကို ဖော်စပ်တာ ဘယ်နှနှစ်ပဲ ရှိသေးလို့လဲ…. ဘယ်လိုလုပ်ပြီး အဆင့်မြင့်နဲ့ ထိပ်တန်းအဆင့်တွေကို ဒီလောက်အများကြီး ဖော်စပ်နိုင်ရတာလဲ…. ဒါက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတာပဲ"
လော့ချန် သေချာပေါက် သိပေသည်။ သူ ဆေးလုံးတစ်မျိုးကို ထိပ်တန်းအဆင့်အထိ ဖော်စပ်ပြလိုက်ခြင်းက အခြားလူများကို မည်မျှလောက်အထိ တုန်လှုပ်သွားစေနိုင်ကြောင်းကို ဖြစ်သည်။ သို့သော် အချို့သော ကိစ္စရပ်များကိုမူ အားလုံးကို ဖွင့်ပြောပြလိုက်ခြင်းက မကောင်းချေ။ သူ မသိမသာ ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ဆေးဖော်တဲ့ အချိန်က တိုတောင်းပေမဲ့ ဒီဆေးနည်းကို ကျွန်တော် လေ့လာခဲ့တဲ့ အချိန်ကတော့ လုံလောက်အောင် ရှည်လျားလှပါတယ်ဗျာ.... အစ်ကိုဝမ်က ကုန်ကြမ်းတွေကို အကုန် စုဆောင်းပေးထားခဲ့တာ ဆိုတော့ ကျွန်တော် လက်စွမ်းပြရတာက သေချာပေါက် လွယ်ကူတာပေါ့"
သူ ပြောဆိုသည်မှာ အလွန် ပေါ့ပါးလှပေသည်။ သို့သော် ဝမ်ယွမ် ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ဤမျှလောက် လွယ်ကူစွာဖြင့် အဆင့်မြင့်၊ ထို့ထက်မက ထိပ်တန်းအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည် ဆိုပါလား။ ဤကဲ့သို့သော တည်ရှိမှုမျိုးမှာ ကျင့်ကြံခြင်းလောကတွင် အလွန် ကျော်ကြားလှသော ဆေးဖော်ဆရာကြီးအဆင့်မျိုး ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။ ဤအရာမှာ မည်သည့် ရိုးရှင်းလှသော ပထမအဆင့် ဆေးလုံးမျိုးမျှ မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဒုတိယအဆင့် ဆေးလုံး ဖြစ်ပေသည်။
အေးဆေးတည်ငြိမ်နေပြီး အလွန်အမင်း နှိမ့်ချနေသော လော့ချန်ကို ကြည့်ရင်း သူ ရုတ်တရက် သတိပြုမိလိုက်သည်မှာ တစ်ဖက်လူက အချို့သောအရာများကို ဖုံးကွယ်ထားချင်နေပုံရသည်။ ဤသို့ဆိုလျှင် သူလည်း ထပ်မံ၍ မမေးမြန်းတော့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ သက်ပြင်းချလိုက်ရင်း
"ဒီလိုမျိုး အရည်အသွေးမြင့်တဲ့ သွေးမိစ္ဆာဆေးလုံးတွေ ရှိနေခဲ့ပြီ ဆိုရင်တော့ ငါ သွေးမြစ်အဆင့်မှာ ကျင့်ကြံတာက တကယ့်ကို တစ်နေ့တည်းနဲ့ မိုင်ပေါင်းထောင်ချီ ခရီးပေါက်တော့မှာပဲ"
"ဒါဆိုရင်တော့ အစ်ကိုဝမ်အတွက် ကြိုပြီး ဂုဏ်ယူပါတယ်ဗျာ"
လော့ချန် ရယ်မောလိုက်သည်။
ဝမ်ယွမ်က ခေါင်းခါယမ်းလိုက်ရင်း ထိုပေါ့ပါးလှသော်လည်း အလွန်အမင်း လေးလံလှသော သိုလှောင်အိတ်ကို ယူလိုက်သည်။
"မင်း ငါ့ကို ဒီလောက် ကူညီပေးခဲ့တယ်ဆိုတော့ ငါ ဘာပြန်လုပ်ပေး…."
"မလိုပါဘူး"
လော့ချန် လက်ကို ဆန့်ထုတ်လိုက်ရင်း ဝမ်ယွမ်၏ နောက်ထပ် စကားလုံးများကို တားဆီးလိုက်သည်။
"ကျွန်တော်တို့ ညီအစ်ကိုတွေကြားထဲမှာ ဒါမျိုးတွေ လိုလို့လား"
ဝမ်ယွမ် ရုတ်တရက် ရယ်မောလိုက်ရင်း
"ငါပဲ အတွေးလွန်သွားတာပါ"
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။ ပစ္စည်းများကို ပေးပြီး ဖြစ်သဖြင့် ဆက်လက်၍ နေထိုင်ရန် အကြောင်း မရှိတော့ချေ။ သူ ဝမ်ယွမ်ထံမှ ဓာတ်ကြီးငါးပါးလက်သီးသိုင်း၏ အပိုကျမ်းစာတစ်စောင်ကို တောင်းလိုက်ပြီး ကျင့်စဉ်သင်ကြားရေးနန်းဆောင်မှ ထွက်ခွာလာခဲ့သည်။
သူ ဟွေ့ရှင်းခန်းမဆောင်သို့ ရောက်ရှိသည့် အခါတွင်မူ ထိုနေရာ၌ အစည်းအဝေး ပြုလုပ်နေခဲ့သည်။ အစည်းအဝေး တက်ရောက်သူ အရေအတွက်မှာ မများလှချေ။ စီမာဟွေ့နန်၊ ကူချိုင်ယီနှင့် ချင်လျန်ချန်းတို့ ဖြစ်ကြသည်။
လော့ချန်သည် အပြင်ဘက်တွင် ရပ်နေခဲ့ပြီး အစွမ်းထက်လှသော ဝိညာဉ်အာရုံကို အသုံးပြုကာ အစည်းအဝေး အကြောင်းအရာများကို ခိုးနားထောင်နေခဲ့သည်။ အကြမ်းဖျင်းအားဖြင့် စီးပွားရေးကို မည်သို့ ချဲ့ထွင်ရမည်၊ ရွှေနန်းဆောင်နှင့် ရောင်နီနန်းဆောင်တို့၏ လူအင်အားကို မည်သို့ စီမံခန့်ခွဲရမည် စသည့်တို့ ဖြစ်ပေသည်။ ထို့အပြင် လော့ထျန်းအဖွဲ့က ထျန်းယီဈေးမြို့တော်နှင့် လော့ရှားဈေးမြို့တော်တို့တွင် ဆိုင်ခန်းများ ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် အစီအစဉ်များကိုလည်း ကြားလိုက်ရသည်။ အသေးစိတ် အချက်အလက်များမှာ အနည်းငယ် ရှုပ်ထွေးလှပေသည်။ သို့သော် နန်းဆောင်အတွင်းရှိ လူသုံးဦး၏ ဆွေးနွေးမှုအောက်တွင်မူ ကြားရသည်မှာ အလွန်ပီတိ ဖြစ်ဖွယ်ကောင်းလှသည်။
အချိန်များသည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ခန်းမဆောင်အတွင်းရှိ အစည်းအဝေးမှာ ပြီးဆုံးတော့မည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"နန်းဆောင်သခင်ချင် နောက်လကျရင် ရှင် အခြေတည်အဆင့်ကို တက်လှမ်းဖို့ စီစဉ်ထားတာမို့ ရောင်နီနန်းဆောင်ရဲ့ ကိစ္စရပ်တွေကို သေသေချာချာ လွှဲပြောင်းပေးဖို့ မမေ့ပါနဲ့ဦး"
စီမာဟွေ့နန်၏ အသံ ထွက်ပေါ်လာခဲ့သည်။
ချင်လျန်ချန်း အနည်းငယ် မျှော်လင့်နေသလို အနည်းငယ်လည်း စိုးရိမ်နေခဲ့ပုံရသော်လည်း မျက်နှာထားကမူ ယခင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သည်။
"စိတ်ချပါ…. အဖွဲ့တွင်းက ကိစ္စရပ်တွေကို ဘယ်တော့မှ နှောင့်နှေးစေမှာ မဟုတ်ပါဘူး"
ထို့နောက် အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ခန်းမဆောင်အတွင်းမှ လူနှစ်ဦး ထွက်လာသည့် ခြေသံများ ထွက်ပေါ်လာခဲ့သည်။
ခန်းမဆောင် အပြင်ဘက်သို့ ရောက်သည်နှင့် ချင်လျန်ချန်းသည် အပြင်ဘက်တွင် ပျင်းရိစွာဖြင့် တိုင်ကိုမှီနေသော လော့ချန်ကို တွေ့လိုက်သည်။ ရောက်ရှိနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပုံရသည်။
"အဖွဲ့ချုပ်ခေါင်းဆောင် ဘယ်တုန်းက ရောက်တာလဲ"
"ဦးလေးတို့ ပထမဆုံးအသုတ် ပယင်းပိုးချည် စီးပွားရေးအကြောင်း ပြောနေကြတဲ့ အချိန်တုန်းကပေါ့"
လော့ချန် ရယ်မောလိုက်သည်။
“ဪ….”
"ဟုတ်သားပဲ ဒါ ဦးလေးကို ပေးတာ.... အဆင့်မြင့် အနှစ်သာရမွေးမြူရည်ပဲ.... အခြေတည်အဆင့် တက်လှမ်းတဲ့ အချိန်ကျရင် ဒါကို သုံးဖို့ မမေ့နဲ့ဦး…. အသက်ဘေးကနေ ကာကွယ်နိုင်စွမ်းက အဆင့်နိမ့်တွေထက် အဆပေါင်းများစွာ သာလွန်တယ်ဗျ"
လော့ချန် ပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်ပြီးနောက် ကြောင်အနေသော ချင်လျန်ချန်းထံ ကမ်းပေးလိုက်သည်။
ထို့နောက် သူ ချင်လျန်ချန်း၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
"ဦးလေးချင်…. အဆင့်တက်ဖို့ကြိုးပမ်းတဲ့အချိန်ကျ လက်ကိစ္စကို စိတ်ထဲ အရမ်း မထည့်ပါနဲ့…. အနည်းဆုံးတော့ ဦးလေးမှာ အသက်အန္တရာယ် ရှိမှာ မဟုတ်ပါဘူး"
ဤကာလအတွင်း စိတ်ထဲတွင် ဖိနှိပ်ထားခဲ့သော အရာများကို အပြောခံလိုက်ရသဖြင့် ချင်လျန်ချန်း မသိမသာ ရှက်ရွံ့သွားခဲ့ရသည်။ သို့သော် ထိုကျောက်စိမ်းပုလင်းကို ဆုပ်ကိုင်လိုက်ရင်း သူ နောက်ဆုံးတွင်မူ သက်ပြင်းတစ်ချက် ချနိုင်ခဲ့တော့သည်။ လော့ချန်၏ ဤလက်ဆောင်မှာ အမှန်ပင် သူ၏ နှလုံးသားထဲသို့ ရောက်ရှိသွားခြင်း ဖြစ်ပေသည်။
သူ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အေးအေး…. ကျေးဇူးပဲ လော့ချန်ရာ"
လော့ချန် ပြုံးလိုက်ရင်း ထိုကျေးဇူးတင်စကားကို လက်ခံလိုက်သည်။ ထို့နောက် ဘေးတွင် ရပ်တန့်နေခဲ့ပြီး တစ်ချိန်လုံး စကားမပြောသော ကူချိုင်ယီကို ကြည့်လိုက်သည်။
သူမ အစောပိုင်းကတည်းက လော့ချန်ကို စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ယခု လော့ချန် လှမ်းကြည့်လိုက်သည့် အခါတွင်မူ သူမ အကြည့်များကို အခြား အရပ်မျက်နှာဆီသို့ အလိုလို လွှဲပြောင်းလိုက်သည်။ သို့သော် ထိုစဉ်မှာပင် သူမ၏ နှလုံးသားထဲတွင် မရေရာလှသော ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
‘ငါ ဘာဖြစ်လို့ ရှောင်လွှဲနေရတာလဲ’
သူမ မျက်နှာကို အတင်းအကျပ် ပြန်လွှဲလိုက်ရင်း လော့ချန်အား ပြန်ကြည့်လိုက်သည်။ နားထဲတွင်မူ သူ၏ ချီးမွမ်းစကားများက ပဲ့တင်ထပ်နေသည်။
"မဆိုးဘူး.... ချီစွမ်းအားက အရင်ကထက် အများကြီး ပိုထူထဲလာခဲ့ပြီ.... နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် ဆိုရင်တော့ ချီသန့်စင်အထွတ်အထိပ်ကို ရောက်ပြီ…. အခြေတည်အဆင့်တက်လှမ်းဖို့ နီးပြီပဲ…."
ယခင်အတိုင်းပင် ဤရိုးရှင်းလှသော စကားလုံးများ ဖြစ်ပေသည်။
ကူချိုင်ယီ သူမ၏ နီမြန်းနေသော နှုတ်ခမ်းကို ကိုက်လိုက်ရင်း ဘေးရှိ ချင်လျန်ချန်းကို အံ့အားသင့်သွားစေမည့် စကားလုံးများကို ပြောလိုက်သည်။
"ရှင့်မှာ ကျွန်မကို ပြောစရာ တခြားစကား မရှိတော့ဘူးလား…."
လော့ချန် ကြောင်အသွားခဲ့ရပြီးနောက် ချက်ချင်းပင် နားလည်သွားခဲ့သည်။ ကူချိုင်ယီ၏ မျှော်လင့်ချက်များအောက်တွင် သူ ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်ပြီးနောက် သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"အရင်အတိုင်း တစ်လကို တစ်လုံးပဲနော်.... ငါ မင်းကို ပေးထားခဲ့တဲ့ နည်းလမ်းကို သုံးပြီး ဆေးအာနိသင်တွေကို သေသေချာချာ ချေဖျက်ဖို့ မမေ့နဲ့ဦး…."
ပြောပြီးနောက် သူ လူနှစ်ဦးကို ခေါင်းညိတ်ပြလိုက်ပြီး ဟွေ့ရှင်းခန်းမဆောင်သို့ လှမ်းဝင်သွားခဲ့တော့သည်။
ထိုခဏ၌ ကူချိုင်ယီ၏ နှလုံးသားထဲဝယ် တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူမ လက်ထဲရှိ အဆင့်နိမ့် ကျောက်စိမ်းနှင်းစက်ဆေးလုံးများ ထည့်ထားသော ဆေးပုလင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ရင်း မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့သည်။
ချင်လျန်ချန်းသည် လူကြမ်းကြီးတစ်ဦး ဖြစ်သော်လည်း အရိပ်အကဲ မသိသူတော့ မဟုတ်ချေ။ အပြင်လူတစ်ယောက်အနေဖြင့် ကူချိုင်ယီ၏ ခံစားချက်များကို မည်သူထက်မဆို သူ ပို၍ ရှင်းလင်းစွာ မြင်နေရသည်။ သူမ၏ စိတ်ထဲတွင် မည်သည့်အရာကို တွေးတောနေကြောင်း ချင်လျန်ချန်း ခန့်မှန်းမိလိုက်သည်။
သူ ခေါင်းခါယမ်းကာ အိမ်သို့ ပြန်ရန် ခြေလှမ်းပြင်ရင်း ပြောလိုက်သည်။
"လူဆိုတာ တစ်ခါတလေကျရင် နည်းနည်းလောက် သတ္တိရှိဖို့ လိုတယ် ငါ့ညီမရဲ့…."
"ငါ အခြေတည်အဆင့်ကို တက်လှမ်းဖို့ ကြိုးပမ်းတဲ့ အချိန်ကျ တွေဝေနေမှာ မဟုတ်သလို နောက်ဆုတ်နေမှာလည်း မဟုတ်ဘူး.... အဲ့လိုမှသာ သူ့ရဲ့ စေတနာတွေ အလဟဿ ဖြစ်မသွားမှာပေါ့"
ကူချိုင်ယီ ကြောင်အသွားခဲ့ရပြီး ခေါင်းမော့ကြည့်လိုက်ရာ ချင်လျန်ချန်းမှာ ဝေးကွာလှသော နေရာသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူမ နောက်သို့ လှည့်ကြည့်လိုက်ရင်း ဟွေ့ရှင်းခန်းမဆောင်ကို တစ်ချက် ကြည့်ကာ နောက်ဆုံးတွင် အကြည့်များကို လက်ထဲရှိ ကျောက်စိမ်းပုလင်းပေါ်သို့ ပို့လိုက်သည်။
"ငါပဲ အရမ်း သတ္တိနည်းနေခဲ့တာလား"
"ဟုတ်တယ်.... ငါက အရင်ဆုံး ဖြစ်ခဲ့တာလေ.... သူနဲ့ သိခဲ့တာ ဖြစ်ဖြစ်၊ ခြံဝင်းတစ်ခုတည်းမှာ အတူတူ နေခဲ့တာပဲ ဖြစ်ဖြစ်.... အခု ဘာဖြစ်လို့ တခြားတစ်ယောက်က လက်ဦးသွားခဲ့ရတာလဲ"
"အရင်က ငါ ဒီလိုမျိုး မဟုတ်ခဲ့ပါဘူး"
"ဒါဆိုရင် ဘယ်အချိန်ကတည်းကစပြီး ငါ သူ့ရဲ့ ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေ ဖြစ်လာခဲ့ရတာလဲ"
အတွေးများသည် သူမ စိတ်ထဲဝယ် ဒီရေကဲ့သို့ လှိုင်းထနေခဲ့သည်။ အလားတူပင် လှမ်းထွက်လိုက်သော ခြေလှမ်းများမှာလည်း အလွန် လေးလံလို့နေခဲ့သည်။
....
ဟွေ့ရှင်းခန်းမဆောင်အတွင်း၌....။
စီမာဟွေ့နန် ပြုံးစစဖြင့် လော့ချန်ကို ကြည့်လိုက်သည်။
"ကျောက်စိမ်းနှင်းစက်ဆေးလုံး ပေးလိုက်တာလား"
လော့ချန် ဂရုမစိုက်ဟန်ဖြင့်
"ဘာလဲ သဝန်တိုနေတာလား"
"ကျွန်မမှာ သဝန်တိုဖို့ ဘယ်မှာ အချိန်ရှိမှာလဲ…. ပြီးတော့ သဝန်လည်း မတိုဝံ့ပါဘူး"
လော့ချန် နှုတ်ခမ်းကို သပ်လိုက်ရင်း
"ကျောက်စိမ်းနှင်းစက်ဆေးလုံး ပေးလိုက်တာ မှန်ပါတယ်.... ဒါပေမဲ့ အဆင့်နိမ့်တွေချည်းပဲ.... ချိုင်ယီက အခု ကျင့်ကြံခြင်းအဆင့် မလုံလောက်သေးတာမို့ အဆင့်မြင့်တာတွေကို သူမ မချေဖျက်နိုင်သေးဘူးလေ.... အဆင့်နိမ့် ကျောက်စိမ်းနှင်းစက်ဆေးလုံး ဆိုရင်တောင်မှ တစ်လုံးကို ချေဖျက်ဖို့ အချိန်အတော်ကြာမှာ…."
စီမာဟွေ့နန် သက်ပြင်းချလိုက်သည်။ လော့ချန်နှင့် ကူချိုင်ယီတို့၏ ဆက်ဆံရေးကို သူမ ကောင်းကောင်း သိသည်။ လခြမ်းတောင်ကြားတွင် စီမံခန့်ခွဲရေးမှူးအဖြစ် သူမ စတင် တာဝန်ယူစဉ်ကတည်းက ကူချိုင်ယီသည် လော့ချန်အတွက် ဖရုံစေ့အခွံများကို နွှာပေးရင်း အချင်းချင်း ကျင့်ကြံခြင်း အတွေ့အကြုံများ ဖလှယ်ကြသည်ကို သူမ မကြာခဏ မြင်တွေ့ခဲ့ရသည်။ ထိုကဲ့သို့ အလွန်ရင်းနှီးလှသည့် မြင်ကွင်းမျိုးက နှစ်ဦးသား ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း ဖော်ပြနေခဲ့သည်။
"တကယ်တော့ ကျွန်မကို ရှင်းပြနေဖို့ မလိုပါဘူး.... ကျွန်မလည်း အဲ့တာတွေ ဂရုမစိုက်ပါဘူး"
"ဒါဆိုရင် မင်းက ဘာကို ဂရုစိုက်တာလဲ"
လော့ချန် သူမကို စိုက်ကြည့်လိုက်သည်။
"မင်းရဲ့ အစ်ကိုကြီးက အခြေတည်အဆင့် တက်လှမ်းတာ ကျရှုံးခဲ့ပြီးတော့ အသက်အန္တရာယ် စိုးရိမ်နေရတယ်ဆိုတာ ဘာဖြစ်လို့ ငါ့ကို မပြောခဲ့တာလဲ"
စီမာဟွေ့နန်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မှေးမှိန်သွားခဲ့ရတော့သည်။ လော့ချန်၏ စိုးရိမ်နေသော မျက်နှာထားကို ကြည့်ရင်း သူမ ရေရွတ်လိုက်သည်။
"လူတိုင်းမှာ ကိုယ်စီ အကြောင်းတရားတွေ ရှိကြတာပဲလေ.... ရှင် ပေးထားခဲ့တာတွေက လုံလောက်အောင် များပြားလှပါပြီ.... ဒီလိုမျိုး ကိစ္စရပ်လေးကြောင့် ရှင့်ကို ထပ်ပြီး ဒုက္ခပေးလို့ ဘယ်ဖြစ်ပါ့မလဲ"
လော့ချန် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း
"မင်း ဘာတွေ တွေးနေတယ်ဆိုတာ ငါ သိပါတယ်.... ဒါပေမဲ့ စီမာရှန့်က မင်းရဲ့ အစ်ကိုကြီးဖြစ်သလို ငါတို့ လော့ထျန်းအဖွဲ့ တိုက်ခိုက်ရေးနန်းဆောင်ရဲ့ နန်းဆောင်သခင်လည်း ဖြစ်တယ်.... သွားမယ်.... သူ့ဆီ သွားကြည့်ရအောင်"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ