← Chapters

အခန်း ၄၆၃

Vol. 47 Ch. 463

အခန်း ၄၆၃

Vol. 47 Ch. 463

အခန်း (၄၆၃) - လော့ချန်အား တလေးတစား ဖိတ်ခေါ်ခြင်း

ဒန်ရှားတောင်ရှိ ဂူဗိမာန်တစ်ခု၏ အပြင်ဘက်၌….။

မတ်စောက်လှသော ကမ်းပါးယံထက်မှ မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ လော့ချန် ဂူဗိမာန်အတွင်းမှ ဖြည်းညှင်းစွာ လှမ်းထွက်လာပြီးနောက် စီမာဟွေ့နန်ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

"သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး.... သွေးကြောမကြီး ရှစ်သွယ်ကို ချီစွမ်းအား စီးဆင်းနေတဲ့ အချိန်မှာ စိတ်လောပြီး ထိန်းချုပ်မှုလွတ်သွားလို့ အတွင်းကလီစာတွေ ဒဏ်ရာရသွားတာ.... ဒဏ်ရာက ပြင်းတယ်ဆိုပေမဲ့ ကုသလို့မရတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး.... ငါ ဒဏ်ရာတွေကို သေသေချာချာ ကုသပေးထားတယ်.... နောက်ပိုင်း သွေးကြောပြင်ဆင်ဆေးရည်ကို ပုံမှန် သောက်သုံးပေးပြီး နှစ်အနည်းငယ်လောက် အချိန်ယူလိုက်ရင် ပြန်ကောင်းလာနိုင်ပါတယ်"

သူ ပြောလိုက်သည်မှာ အလွန် ပေါ့ပါးလှပေသည်။ သို့သော် အမှန်စင်စစ် စီမာရှန့်၏ ဒဏ်ရာမှာမူ ထိုမျှလောက်အထိ မရိုးရှင်းချေ။ လူတိုင်းသည် လော့ချန်ကဲ့သို့ ချီသန့်စင်အဆင့်လတ်မှာပင် သွေးကြောကြီး ၁၂ သွယ်နှင့် ထူးဆန်းသော သွေးကြောရာပေါင်းများစွာကို ဖွင့်လှစ်နိုင်စွမ်း မရှိကြချေ။ ထို့ကြောင့် အခြေခံတည်အဆင့် တက်လှမ်းသည့် အချိန်တွင်မူ စိတ်ကို အမျိုးမျိုး ခွဲခြားထားရလေ့ ရှိသည်။ ဤအချက်က ကျင့်ကြံသူအများစုအတွက် အခြေတည်အဆင့်သို့ တက်လှမ်းရန် ခက်ခဲရသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် စီမာရှန့်သည် နတ်ဒေဝါပျားရည်ကို အသုံးပြုပြီး အဆင့်တက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ဆေးစွမ်းမှာ အတော်အတန် နူးညံ့ညင်သာသည်။ အကယ်၍ သူသာ သာမန် အခြေတည်ဆေးလုံးကို အသုံးပြုခဲ့မည်ဆိုပါက အသက်ရှင်ရန်ပင် လမ်းစရှိတော့မည် မဟုတ်ချေ။

စီမာဟွေ့နန်သည် လော့ချန်နှင့်အတူ ဂူဗိမာန်များအကြားမှ ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။ သူမ သက်ပြင်းတစ်ချက် ချလိုက်ရင်း ဆိုသည်။

"ဒါတွေ အားလုံးကို ကျွန်မ အစောကတည်းက ခန့်မှန်းထားပြီးသားပါ.... ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အစ်ကိုကြီးက အသက် ၆၀ ကျော်နေပြီဆိုတော့ အခြေတည်အဆင့်တက်လှမ်းဖို့ အကောင်းဆုံးအချိန်ကို ကျော်လွန်သွားခဲ့ပြီလေ"

လော့ချန်လည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ဒေါ်လေးမုရုံလည်း တစ်ကြိမ် ကျရှုံးခဲ့တယ်.... ဘီယန်ကျန်းလည်း ကျရှုံးခဲ့တယ်.... အခု မင်းရဲ့အစ်ကိုပါ ထပ်ပြီး ကျရှုံးခဲ့ပြန်ပြီ.... အားလုံးက အကောင်းဆုံး ပြင်ဆင်ခဲ့ကြတာတောင်မှ.... ကြည့်ရတာ ကံတရားက ငါတို့ဘက်မှာ ရှိနေပုံမရဘူး"

စီမာဟွေ့နန် အတင်းအကျပ် ပြုံးလိုက်ရင်း

"အဖွဲ့ချုပ်ခေါင်းဆောင် ဘာဖြစ်လို့ ဒီလောက်အထိ စိတ်ဓာတ်ကျနေရတာလဲ.... ကျွန်မတို့လိုမျိုး တစ်ကိုယ်တော် ကျင့်ကြံသူတွေက အစတည်းက ဂိုဏ်းကြီးတွေ မျက်စိမကျတဲ့ ပါရမီမမြင့်တဲ့သူတွေလေ.... အခြေတည်အဆင့်မှာ ကျရှုံးတယ်ဆိုတာက ပုံမှန်ပါပဲ"

"ဒါပေမဲ့ လက်ခံဖို့ ခက်တာကတော့ အမှန်ပဲ"

လော့ချန် နှုတ်ခမ်းကို သပ်ရင်း တိုးတိုးလေး ဆိုလိုက်သည်။ သူ ယခုအခါတွင်မူ ချင်လျန်ချန်းကိုသာ အောင်အောင်မြင်မြင် အဆင့်တက်နိုင်ရန် မျှော်လင့်နေမိတော့သည်။ မဟုတ်လျှင် လော့ထျန်းအဖွဲ့သည် လေးကြိမ်မြောက် ကျရှုံးမှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ဤသို့ဆိုလျှင် ချင်လျန်ချန်း ကိုယ်တိုင်အတွက် ဖြစ်စေ၊ လူရင်းများအတွက် ဖြစ်စေ ထို့ထက်မက လော့ထျန်းအဖွဲ့အတွက် ဖြစ်စေ ကြီးမားလှသော စိတ်ဒဏ်ရာတစ်ခု ဖြစ်လာပေလိမ့်မည်။

တောင်ပေါ်လေပြေသည် ရုတ်တရက် ပိုမိုအေးစက်လာသည်။ လော့ချန် ရုတ်တရက် မေးလိုက်သည်။

"ဟုတ်သားပဲ.... ငါတို့ရဲ့ ဆက်ဆံရေးကို မင်းရဲ့ အစ်ကိုကြီးနဲ့ မောင်လေးကို ပြောပြီးပြီလား"

စီမာဟွေ့နန်သည် နားရွက်နောက်သို့ ဆံစများကို သပ်လိုက်ရင်း

"မပြောရသေးပါဘူး.... ဒါပေမဲ့ သူတို့ ခန့်မှန်းမိလောက်မှာပါ"

လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီလိုမျိုးက မင်းအတွက် အရမ်း ဝမ်းနည်းစရာ ကောင်းမနေဘူးလား"

"ဝမ်းနည်းစရာလား"

စီမာဟွေ့နန် ခေါင်းကို စောင်းလိုက်ရင်း ပြုံးလျက် လော့ချန်ကို လှမ်းကြည့်လိုက်သည်။

"ကျွန်မကတော့ အဆင်ပြေတယ်လို့ ထင်ပါတယ်"

"ဒါပေမဲ့ မင်းကို တရားဝင်...."

"ကျွန်မရရှိခဲ့တဲ့ အခြေတည်ဂုဏ်ပြုပွဲလောက် ခမ်းနားထည်ဝါတဲ့ ပွဲမျိုးကို ဘယ်ကျင့်ကြံသူကများ ရဖူးလို့လဲ"

စီမာဟွေ့နန်က လော့ချန်၏ စကားကို ဖြတ်ပြောလိုက်သည်။ သူမအတွက်မူ ၎င်းမှာ ခမ်းနားလှသော မင်္ဂလာပွဲတစ်ခုထက် ပိုမို ပျော်ရွှင်စရာ ကောင်းလှပေသည်။

ထို့နောက် သူမ တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်အနေနဲ့ ဒီလို အသေးအဖွဲ ကိစ္စတွေမှာ စိတ်ရှုပ်မခံဘဲ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်သင့်ပါတယ်.... ကျွန်မတို့ လော့ထျန်းအဖွဲ့အတွက် တကယ်လိုအပ်တာက အဖွဲ့ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် အခြေတည်နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်ပါ"

"ဟော.... အခုတော့ မင်း ငါ့ကို ပြန်ပြီး ဆုံးမတဲ့ အချိန်ရောက်ပြီပေါ့"

"ကျွန်မက အဖွဲ့ခေါင်းဆောင်ကို ဘယ်လိုလုပ်ပြီး ဆုံးမရဲပါ့မလဲ"

"ငါကတော့ မင်း ငါ့ကို ယောက်ျားလို့ ခေါ်တဲ့ အချိန်ကို ပိုပြီး သဘောကျတယ်"

လော့ချန် စနောက်လိုက်သော်လည်း ခဏအကြာတွင် သူ၏လေသံမှာ တည်တံ့သွားသည်။

"ဒီနေ့ လာရတဲ့ အကြောင်းအရင်းက မကြာခင်မှာ ငါ ခရီးဝေး ထွက်ရလိမ့်မယ် ဆိုတာကို ပြောချင်လို့ပဲ.... အဲဒီအချိန်ကျရင် မင်း ငါ့အတွက် လော့ထျန်းအဖွဲ့ကို သေသေချာချာ စောင့်ရှောက်ပေးပါ"

စီမာဟွေ့နန် ချက်ချင်း ပြန်ဖြေလိုက်သည်။

“လော့ထျန်းအဖွဲ့ကို စီမံခန့်ခွဲရတာက ကျွန်မရဲ့ တာဝန်ပဲလေ…. အဖွဲ့ချုပ်ခေါင်းဆောင် မမှာခဲ့ရင်တောင် ကျွန်မ သေသေချာချာ လုပ်ဆောင်မှာပါ.... ဒါပေမဲ့ ခရီးထွက်မယ် ဟုတ်လား.... ဘယ်နေရာကိုလဲ”

လော့ချန် ဖြည်းညှင်းစွာဖြင့် စကားလုံး သုံးလုံးကို ရေရွတ်လိုက်သည်။

"ဆေးလုံးစိမ်းချိုင့်ဝှမ်းကို"

….

ထောင်ရိရှန်း ပျောက်ခြင်းမလှ ပျောက်နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး မည်သည့်သဲလွန်စမျှ ချန်ထားခဲ့ခြင်း မရှိပေ။ ဤမျှအထိ ကြာမြင့်နေခြင်းမှာ သာမန်တံခါးပိတ်ကျင့်ကြံခြင်းမျိုး မဟုတ်နိုင်ပေ။ အမှန်စင်စစ် သူ ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ ပြန်သွားခဲ့ပြီ ဖြစ်နိုင်သည်။

ဤသို့ဆိုလျှင် သူ့အဖို့ ထောင်ဝမ်နှင့် ဆုံတွေ့နိုင်မည့် အခွင့်အရေးမှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ လော့ချန်၏ ကောက်ချက် ဖြစ်ပေသည်။ သို့သော် သူ အလျင်စလို မဖြစ်ချေ။ ယခင်အတိုင်းပင် ဂူဗိမာန်အတွင်း၌ နေ့စဉ်ရက်ဆက် ဆေးလုံးများ ဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ကိုသာ အာရုံစိုက် လုပ်ဆောင်နေခဲ့သည်။ သူ၏ မပြတ်တမ်း ဖော်စပ်မှုကြောင့် အဆင့်လတ်နှင့် အဆင့်မြင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးများမှာ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး ကျွမ်းကျင်မှုမှာလည်း မြန်ဆန်စွာဖြင့် မြင့်တက်လာခဲ့သည်။ အထွတ်အထိပ်သို့ ရောက်ရှိရန် အချိန်မှာလည်း ပိုမို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

သူ ဤမျှလောက်အထိ ဆေးလုံးများကို အလုံးအရင်းနှင့် ဖော်စပ်နေရသည့် အကြောင်းရင်းမှာလည်း အလွန် ရိုးရှင်းလှပေသည်။ အကယ်၍ ထောင်ဝမ်က သူ့အား အမှန်ပင် လာရောက် ရှာဖွေခဲ့မည် ဆိုပါက သူ သေချာပေါက် ဝေးကွာလှသော နေရာသို့ ခရီးတစ်ခု ထွက်ရပေလိမ့်မည်။ အချိန်အပိုင်းအခြားကိုမူ ခန့်မှန်းရန် ခက်ခဲလှသည်။ ထို့ကြောင့် သူ ထန်ထိုက်ကျင်းအတွက် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ကြိုတင်၍ ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဤဆေးလုံးများသည် ရေခဲခံတပ်နှင့် သူ၏ ဆက်ဆံရေးကို ထိန်းသိမ်းပေးမည့် အရာ ဖြစ်လေရာ တစ်ကြိမ်တစ်ခါမျှ ပျက်ကွက်၍ မဖြစ်ပေ။

ထို့ထက်မက လော့ချန်သည် လာမည့်နှစ်အတွက် ပေးသွင်းရမည့် ဆေးလုံးများကိုပါ ပိုပေးရန် စီစဉ်ထားခဲ့သည်။ ဤသို့ဆိုလျှင် သူ ခရီးဝေး ထွက်ခွာခြင်းအတွက် ရေခဲခံတပ် ဘက်ကလည်း ပို၍ အလေးထားလာပေလိမ့်မည်။ အနည်းဆုံး သူ ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ သွားရောက်သည့် အချိန်တွင် မည်သည့် မတော်တဆမှုမျိုးကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ချေ။

လော့ချန် စိတ်အေးလက်အေးဖြင့် ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ကို လုပ်ဆောင်နေသည့် အချိန်တွင် မိုင်ပေါင်း သောင်းချီ ဝေးကွာလှသော ဆေးလုံးစိမ်းချိုင့်ဝှမ်းရှိ ထောင်ဝမ်၏ ဂူဗိမာန်အတွင်း၌မူ တင်းမာမှုများ လွှမ်းမိုးနေခဲ့သည်။

"သေချာပြီလား"

"သေချာပါတယ် အစ်မကြီး.... ရှန်ကွမ်းယန်က သူ့ကို တော်တော်များပြားတဲ့ အရင်းအမြစ်တွေ ပေးခဲ့တာပါ…. အသက်ရှည်စေတဲ့ ဝိညာဉ်သစ်သီးကိုတောင် ထုတ်ပေးခဲ့တာ.... ဟွမ်ဟယ်ဇီ သူ့ဘက်ကို ကူးပြောင်းသွားတာ သေချာပါတယ်”

"ရှန်ကွမ်းယန်.... ဒီအောက်တန်းစားကောင်"

ထောင်ဝမ် ထိုနာမည်ကို ရွတ်ဆိုလိုက်စဉ် သူမ၏မျက်နှာမှာ ဒေါသနှင့် စိုးရိမ်မှုတို့ကြောင့် ပိုမိုမှောင်မှောင်မည်းမည်း ဖြစ်သွားခဲ့သည်။

ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် ရုတ်တရက် ချမ်းသာလာသော ဂိုဏ်းငယ်လေး မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိသော ဂိုဏ်းကြီး ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း လေးရာခန့်ကမှ ကျောက်စိမ်းအိုးနယ်မြေသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ ဤမျှလောက်များပြားလှသော ရာစုနှစ်များစွာအတွင်း ရွှေအမြုတေကျင့်ကြံသူများမှာ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး လက်ရှိအချိန်မှာပင် ၁၅ ယောက်ခန့် ရှိနေပြီ ဖြစ်သည်။ ၎င်းကြောင့် ဂိုဏ်းအတွင်း၌ အုပ်စုအမျိုးမျိုး ကွဲနေပြီး အင်အားကြီး မျိုးနွယ်စုကြီးများမှာလည်း မနည်းလှချေ။

ထောင်မျိုးနွယ်စုမှာ တစ်ချိန်က ဂိုဏ်းအတွင်း၌ အရှိန်အဝါ အကြီးမားဆုံးသော မျိုးနွယ်စုများထဲတွင် ပါဝင်ခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က သူတို့၏ မျိုးနွယ်စုခေါင်းဆောင် ကွယ်လွန်သွားပြီးနောက်ပိုင်းတွင် သူတို့၏ အရှိန်အဝါမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရသည်။ အင်အားတစ်ခု ကျဆင်းသွားလျှင် အခြားအင်အားတစ်ခုက အစားထိုး တက်လာစမြဲပင်။ ရှန်ကွမ်းမျိုးနွယ်စုသည် ဤအပြောင်းအလဲတွင် အကျိုးအမြတ် အများဆုံး ရရှိခဲ့ကြသည်။ ရှန်ကွမ်းယန်ဆိုသူမှာ ထောင်ဝမ်နှင့် သက်တူရွယ်တူဖြစ်သလို သူမနှင့် အမြဲတစေ ဆန့်ကျင်ဘက် ဖြစ်ခဲ့သူပင်။ သို့သော်လည်း ထောင်ဝမ်အနေဖြင့် ရှန်ကွမ်းယန်က ဤမျှအထိ အောက်တန်းကျကျ လုပ်ဆောင်ကာ ဂိုဏ်းမျိုးဆက်သစ်ပြိုင်ပွဲ မတိုင်မီတွင် သူမ၏လူများကို လာရောက်စည်းရုံးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ဒီနေ့ အစည်းအဝေးမှာ ဟွမ်ဟယ်ဇီတစ်ယောက် ဘာလို့ ပျောက်နေလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်"

သူမ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် လုပ်လိုက်သည်။

အောက်ဘက်ရှိ ခန့်ညားလှသော အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"ဒီလို ဆိုရင်တော့ ပြိုင်ပွဲစတဲ့ အချိန်ကျရင် ဝမ်ဝမ်ရဲ့ အဆင့်က အောက်ဆုံးကို ထိုးကျသွားနိုင်တယ်နော်"

ထောင်ဝမ်သည် အခြားလူများက သူမကို ဤမျှလောက်အထိ ရင်းနှီးစွာ ခေါ်ဆိုသည်ကို မနှစ်သက်ချေ။ သို့သော် ချီလင်းယွင်သည် လောလောဆယ်တွင် သူမ အားကိုးရဆုံးသော ဘက်တော်သား ဖြစ်နေသည်။ အစောပိုင်းပွဲစဉ်များကို ဖြတ်ကျော်နိုင်ရန်အတွက် သူ့အကူအညီ လိုအပ်နေသဖြင့် သူမ မကျေနပ်မှုများကို မြိုသိပ်ထားလိုက်ရသည်။

"အဆင့် ကျတာကို ငါ ဂရုမစိုက်ပါဘူး…. အဆိုးဆုံးဖြစ်လာရင် တိုက်ခိုက်ပြီး အဆင့်ပြန်တက်ရုံပဲ…. ငါ အကြောက်ဆုံးကတော့ ကိုးယောက် စာရင်းထဲ မဝင်မှာကိုပဲ"

ချီလင်းယွင် မသိမသာ ပြုံးလိုက်ရင်း

"ဝမ်ဝမ်က အဝေးကြီး တွေးနေပြန်ပြီ.... ဆေးဖော်အဆင့်ကို မဖြတ်ကျော်နိုင်ရင်တောင်မှ ကျွန်တော့်ဘက်ကိုတော့ ဝမ်ဝမ် သေချာပေါက် စိတ်အေးအေးထားလို့ ရပါတယ်"

တစ်ဖက်လူက အခြေတည် အဆင့် (၈) ဖြစ်သဖြင့် အင်အား အလွန် ကြီးမားလှသည်။ ယုံကြည်ချက်များမှာလည်း မျက်နှာပေါ်တွင် အထင်အရှား ရှိနေခဲ့သည်။ ထောင်ဝမ် ခေါင်းညိတ်ပြလိုက်ရင်း သဘောတူလိုက်ဟန် ပြုလိုက်သည်။ သို့သော် အားလုံး ထွက်ခွာသွားပြီးနောက်တွင်မူ သူမ ပြတ်သားစွာဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။

"ရိရှန်း.... မနက်ဖြန်ကျရင် ငါတို့ ဂိုဏ်းအပြင်ကို ထွက်မယ်.... ထျန်းလန်မြို့တော်ကို သွားကြမယ်"

ဂူဗိမာန်၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သော ထောင်ရိရှန်း အံ့အားသင့်စွာဖြင့် အပြေးအလွှား ဝင်ရောက်လာခဲ့သည်။

"အစ်မ.... နောက်ဆုံးတော့ အမြင်မှန်ရသွားပြီပေါ့"

"အမြင်မှန်ရတာ မရတာနဲ့ မဆိုင်ပါဘူး.... ငါက အစတည်းက မင်းကို လော့ချန်ဆီ သွားဖိတ်ခိုင်းပြီး သူ့ အရည်အချင်းကို စမ်းသပ်ဖို့ စီစဉ်ထားပြီးသားပါ"

ထောင်ဝမ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ဒါပေမဲ့ အခု ဟွမ်ဟယ်ဇီက သစ္စာဖောက်သွားခဲ့ပြီ ဆိုတော့ ငါ့လက်အောက်မှာ အားကိုးရမယ့် ဆေးဖော်ဆရာ တစ်ယောက်မှ မရှိတော့ဘူး.... ဒီ ဒုတိယအဆင့် ဆေးဖော်ဆရာဆိုတဲ့ နှစ်ယောက်ကလည်း နာမည်ပဲရှိပြီး တကယ့် အရည်အချင်းမရှိတဲ့ လူတွေပဲ.... သူတို့ကိုဆိုရင် မင်းတောင် ပြန်ပြီး ပညာသင်ပေးလို့ ရသေးတယ်…. အခြေအနေက ဒီလိုဖြစ်နေမှတော့ ငါကိုယ်တိုင် သွားပြီး လော့ချန်ကို လေးစားမှုပြတာက ပိုကောင်းပါတယ်”

ထောင်ရိရှန်း ဆက်တိုက်ဆိုသလို ခေါင်းညိတ်ပြလိုက်သည်။

"လော့ချန်ရဲ့ အရည်အချင်းက သေချာပေါက် ဟွမ်ဟယ်ဇီထက် မနိမ့်ပါဘူး.... သူ့ကို လေးလေးစားစား ဆက်ဆံပေးနော် အစ်မ"

"မင်း သူ့ကို ဒီလောက်တောင် ယုံကြည်တယ်ပေါ့"

ထောင်ဝမ် မေးမြန်းလိုက်မိသည်။ သူမသည် မိမိ၏ မောင်လေးက ဤမျှလောက်အထိ လူတစ်ယောက်ကို လေးစားအားကျနေသည်ကို တစ်ခါမျှ မမြင်ဖူးချေ။

ထောင်ရိရှန်း ရင်ဘတ်ကို ပုတ်လိုက်ရင်း

"ကျွန်တော် အခု တကယ့် ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ယောက် ဖြစ်လာတာဟာ အားလုံးက သူ့ လမ်းညွှန်မှုကြောင့်ပါ.... ဂိုဏ်းထဲက တတိယအဆင့် ဆေးဖော်ဆရာကြီး အနည်းငယ်ကလွဲရင် ကျွန်တော် အယုံကြည်ရဆုံးလူက သူပဲ.... လော့ချန်မှာ ထူးခြားဆန်းပြားတဲ့ အရည်အချင်းတွေ ရှိတယ် အစ်မ"

ထောင်ဝမ်၏ မျက်ဝန်းများ ဝင်းပသွားခဲ့သည်။ အစပိုင်းတွင် မျှော်လင့်ချက်မဲ့စွာ လောင်းကြေးထပ်ခဲ့ရသော ကိစ္စတစ်ခုမှာ ယခုအခါတွင်မူ သူမ၏ရင်ထဲ၌ မျှော်လင့်ချက်ရောင်ခြည်သစ်ကို ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။

....

ဆေးဖော်ခန်းအတွင်း၌....။

ဆေးမီးခိုးများ တလိပ်လိပ် ထွက်ပေါ်နေပြီး ဆေးရနံ့များမှာ လေထုထဲတွင် ပျံ့လွင့်နေသည်။ နှင်းဧကရာဇ်ဆေးအိုးအတွင်းမှ ဆန်းကြယ်လှသော အအေးဓာတ် အရှိန်အဝါများမှာ ရေလှိုင်းပမာ တိုးဝှေ့ထွက်ပေါ်လာခဲ့သည်။

လော့ချန် စိတ်အာရုံကို တစ်ချက်လှုပ်ရှားလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ နှင်းပွင့်ကဲ့သို့ ဖြူစင်ဝင်းပနေသော ဆေးလုံးပေါင်းများစွာသည် အအေးခံထားသော ကျောက်စိမ်းလင်ဗန်းထက်သို့ တဒေါက်ဒေါက်နှင့် ကျရောက်လာခဲ့သည်။ သူ သေသေချာချာ စစ်ဆေးပြီးနောက် ၎င်းတို့ကို အဆင့်လတ်နှင့် အဆင့်မြင့် အုပ်စုနှစ်စု ခွဲလိုက်သည်။

ဤသည်မှာ လော့ချန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးနောက် လော့ချန်သည် သူဖော်စပ်လိုက်သော ဆေးလုံးများ၏ အရည်အသွေးကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် ရေခဲခံတပ်နှင့် သူ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးများဖြင့်သာ ကန့်သတ်ထားဆဲ ဖြစ်ပြီး ထိုမျှအဆင့်ရှိသော အရည်အချင်းသည်ပင် ချန်ချင်အနွယ်၏ အထူးအာရုံစိုက်မှုကို ရရှိရန် လုံလောက်နေပြီ ဖြစ်သည်။ မိမိ၏ အရည်အချင်းအစစ်အမှန်ကို စောစီးစွာ ထုတ်ပြခြင်းက မလိုလားအပ်သော ဒုက္ခများကိုသာ ဖိတ်ခေါ်ရာ ရောက်လိမ့်မည်။

ရံဖန်ရံခါတွင်မူ လော့ချန်သည် အဆင့်မြင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးအချို့ကို ဖော်စပ်လေ့ရှိသည်။ တစ်ချက်မှာ သူ၏ကျွမ်းကျင်မှုကို ပိုမိုထက်မြက်အောင် ပြုလုပ်ခြင်းဖြစ်ပြီး ပိုမိုအရေးကြီးသောအချက်မှာ စီမာဟွေ့နန် ကျင့်ကြံရာတွင် အသုံးပြုနိုင်ရန် အရည်အသွေးမြင့်မားသော ဆေးလုံးများကို ပြင်ဆင်ပေးခြင်း ဖြစ်သည်။ သာမန် အခြေတည်အဆင့်ကျင့်ကြံသူများအတွက်မူ ဆေးလုံးများအပေါ်တွင် လိုအပ်ချက် ရှိသော်လည်း ထိုမျှလောက်အထိ ကြီးမားလှသော လိုအပ်ချက်မျိုး မဟုတ်ချေ။ ဝိညာဉ်ကြောက ပိုမို၍ အရေးကြီးလှပေသည်။ ဆေးလုံးများကမူ ဆေးအဆိပ်များကို ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာ အဆိပ်ဖြေနည်းကို တတ်မြောက်မထားသော အခြေအနေမျိုးတွင်မူ အတတ်နိုင်ဆုံး လျှော့ချပြီး သောက်သုံးခြင်းကသာ ပိုမို ကောင်းမွန်လှပေသည်။

လော့ချန်ကဲ့သို့ နေ့စဉ် ကျင့်ကြံဆေးလုံးတစ်လုံးကို မပြတ်မတောက် သောက်သုံးနေသူမျိုးက ရှားပါးလှသည်။ ပုံမှန် အခြေတည်အဆင့်ကျင့်ကြံသူဆိုလျှင် ဖြစ်နိုင်သည်မှာ သုံးရက် သို့မဟုတ် ငါးရက်မှသာ တစ်လုံးကို အသုံးပြုကြပေလိမ့်မည်။ စီမာဟွေ့နန်မှာမူ လော့ထျန်းအဖွဲ့၏ လုပ်ငန်းများဖြင့် အလုပ်ရှုပ်နေသဖြင့် ကျင့်ကြံခြင်း အချိန်က ပိုမို၍ နည်းပါးလှသည်။ သူမ သုံးစွဲနိုင်သော အရေအတွက် နည်းပါးခြင်းကြောင့် လော့ချန်က အရေအတွက်ထက် အရည်အသွေးဖြင့် ဖြည့်ဆည်းပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် ငါ ရွေးချယ်ပြီးခဲ့ပြီပဲ.... ကျင့်ကြံခြင်းမှာ သူမကို နောက်ကျကျန်စေလို့ မဖြစ်ဘူး"

မိတ်ဆွေများအပေါ်တွင်ပင် အမြဲ ရက်ရောလေ့ ရှိသော သူ့အနေဖြင့် သူရွေးချယ်ထားသော အမျိုးသမီးအပေါ်တွင် ကပ်စေးနည်းနေရန် အကြောင်းပြချက် မရှိချေ။ ပိုင်ဆိုင်သမျှ အားလုံးကို ထုတ်မပေးနိုင်လျှင်ပင် သူ၏ စွမ်းဆောင်ရည် အတိုင်းအတာအတွင်း၌ အကောင်းဆုံးအရာကို ပေးသွားမည် ဖြစ်သည်။

လော့ချန် ဆေးလုံးများကို သေသေချာချာ ခွဲခြားလိုက်ပြီး တစ်ချိန်တည်းမှာပင် ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ ကျွမ်းကျင်မှုများကို အထွတ်အထိပ်အဆင့်အထိ ရောက်ရှိစေရန်အတွက် အချိန် မည်မျှလောက် ထပ်မံ လိုအပ်ဦးမည်ကို ခန့်မှန်းလိုက်သည်။

“ငါသာ အစွမ်းကုန် ဖော်စပ်မယ်ဆိုရင် သုံးလ ဒါမှမဟုတ် လေးလပဲ.... ဒါပေမဲ့ အဆင့်လတ် ဆေးလုံးတွေကိုပါ မျှပြီး ဖော်စပ်နေရတာဆိုတော့ အချိန်က နှစ်ဆပိုကြာသွားလိမ့်မယ်.... ကိစ္စမရှိပါဘူး.... ဒါက ပြဿနာမဟုတ်ပါဘူး”

လက်ရှိအချိန်တွင် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးဖော်စပ်ခြင်း တစ်ခုတည်းနှင့်တင် အရင်း နှုတ်ပြီးနောက် တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး လေးသောင်းခန့်ကို အလွယ်တကူ ရှာဖွေနိုင်နေပြီ ဖြစ်သည်။ စီမာဟွေ့နန်အတွက် အသုံးစရိတ် အချို့ ရှိနေလျှင်ပင် နှစ်သောင်း သို့မဟုတ် သုံးသောင်းခန့် ကျန်ရှိနေဆဲ ဖြစ်သည်။ ယခင်က ဝင်ငွေနှင့် ထွက်ငွေ မမျှတဘဲ အရှုံးခံပြီး ကျောက်စိမ်းနှင်းစက်ဆေးလုံး ရောင်းချခဲ့ရသော အခြေအနေနှင့် နှိုင်းယှဉ်မည် ဆိုပါက ဤအခြေအနေမှာ သူ့အား ကျေနပ်စေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ ဤအကျိုးအမြတ် ပမာဏကား မများလှချေ။ သို့သော် ဤစီးပွားရေးလုပ်ငန်းကြောင့် ရရှိလာသော နောက်ကွယ်မှ အကျိုးကျေးဇူးများမှာမူ တန်ဖိုးဖြတ်မရနိုင်ပေ။

ယခုအခါ လော့ထျန်းအဖွဲ့သည် ရေခဲခံတပ်၏ လက်အောက်ခံအဖွဲ့အစည်းအဖြစ် ရပ်တည်နေခြင်းကြောင့် အခြေအနေများမှာ များစွာ သာယာချောမွေ့နေခဲ့သည်။ အနည်းဆုံးတော့ သူတို့၏ စီးပွားရေးလုပ်ငန်းအားလုံးမှာ မည်သည့်နှောင့်ယှက်မှုမျှမရှိဘဲ ချောမွေ့စွာ လည်ပတ်နေနိုင်သည်။ ဂိုဏ်းငယ်လေးများစွာထဲတွင် ဤကဲ့သို့ အခွင့်အရေးမျိုး ရရှိသူမှာ ရှားလှသည်။ အဖွဲ့အစည်းတိုင်းက ရေခဲခံတပ်၏ လက်အောက်ခံအဖြစ် အမှုထမ်းရန် အရည်အချင်းမပြည့်မီကြပေ။

လော့ချန် ဆေးဖော်ခန်းအတွင်းမှ ထွက်ခွာလာခဲ့သည်။ ပိုင်မေလင်းသည် အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး သူမ၏လက်ထဲ၌ အသံလွှင့်စာလွှာကို ကိုင်ဆောင်ထားသည်။

"သခင်.... ဒါက အခုတင်ပဲ ဂူဗိမာန်ထဲကို ရောက်လာတာ"

လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း လက်ကို ဆန့်ထုတ်ကာ အသံလွှင့်စာလွှာကို လှမ်းယူလိုက်ပြီး ချီစွမ်းအားဖြင့် လှုံ့ဆော်လိုက်ရာ အသံလွှင့်စာလွှာမှာ လေမတိုက်ဘဲ လောင်ကျွမ်းသွားခဲ့သည်။

ထို့နောက် ထောင်ရိရှန်း၏ နွေးထွေးလှသော အသံ နားထဲသို့ တိုးဝင်လာခဲ့သည်။

"မတွေ့ရတာ ကြာပါပြီ အစ်ကိုကြီးလော့.... အားမလား မသ်ိဘူး ခင်ဗျာ၊ မိတ်ဆွေရဲ့ ဂူဗိမာန်ကို လာပေးနိုင်မလား.... မိတ်ဆွေထောင်ရိရှန်း အနေနဲ့ ခရီးဦးကြိုပြုဖို့ အသင့်စောင့်နေပါ့မယ်"

လော့ချန်၏ နှုတ်ခမ်းထောင့်များ မသိမသာ ကွေးညွတ်သွားခဲ့ရသည်။

‘နောက်ဆုံးတော့လည်း အောင့်အီးမထားနိုင်တော့ဘူးပဲ’

သို့သော်လည်း သူ ချက်ချင်း သွားရောက်ခြင်း မပြုခဲ့ပေ။ ထို့အစား ရေမိုးချိုး သန့်စင်ပြီးနောက် ကျင့်ကြံခန်းအတွင်းသို့ ဝင်ရောက်ကာ စိတ်အေးချမ်းသာစွာဖြင့် ကျင့်ကြံခြင်းကိုသာ စတင်လိုက်တော့သည်။ သွေးကြောရာပေါင်းများစွာ ပွင့်သွားခဲ့ပြီးနောက် လက်ရှိ ကျင့်ကြံခြင်းမှာ ယခင်ကထက် ပိုမို၍ မောပန်းလှသော်လည်း ကျင့်ကြံခြင်း တစ်ကြိမ် ပြီးဆုံးသွားတိုင်း ရရှိလာသော စိတ်ကျေနပ်မှုမှာမူ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

‘ဪ…. တစ်ခါတလေကျရင်…. ကျင့်ကြံခြင်းက တကယ်ပဲ လူကို စွဲလမ်းသွားစေနိုင်တာပဲကိုး’

ထောင်မောင်နှမနှစ်ဦးနှင့် ပက်သက်၍မူ သူတို့ထံတွင် တောင်းဆိုစရာ ရှိနေသည်ကို လော့ချန် သိသည်။ ဤသို့ဆိုလျှင် သူ့အနေဖြင့် အဖိုးတန်ပစ္စည်းတစ်ခုကဲ့သို့ တန်ဖိုးမြှင့်ထားရမည် ဖြစ်ပြီး အတတ်နိုင်ဆုံး အသာစီးရနိုင်သမျှ ရအောင် လုပ်ဆောင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters