← Chapters

အခန်း ၄၆၄

Vol. 47 Ch. 464

အခန်း ၄၆၄

Vol. 47 Ch. 464

အခန်း (၄၆၄) - ကောင်းကင်ပေါ်ရှိ လကိုပါ တောင်းဆိုရဲသူ

ရက်အနည်းငယ် ကြာပြီးနောက် လော့ချန်၏ ဂူဗိမာန်အတွင်းသို့ ထောင်ရိရှန်း ကိုယ်တိုင် လာရောက် လည်ပတ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ အသံလွှင့်စာလွှာတစ်ခု ပေးပို့ရုံမျှလောက် မရိုးရှင်းတော့ဘဲ အပြင်ဘက်တွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံးတွင်မူ လော့ချန်ကို မြင်တွေ့လိုက်ရတော့သည်။

"စိတ်မကောင်းပါဘူး.... မိတ်ဆွေထောင်ကို အကြာကြီး စောင့်ခိုင်းမိသွားပြီ"

သူ့ထံမှ သိပ်သည်းလှသော ဆေးရနံ့များ ထွက်ပေါ်နေခဲ့ပြီး မျက်ဝန်းများကမူ တောက်ပလို့နေခဲ့သည်။ ဝတ်ရုံနီကို တစ်ချက်ခါလိုက်ရင်း ထောင်ရိရှန်း၏ မျက်နှာချင်းဆိုင်တွင် သူ ဝင်ထိုင်လိုက်သည်။

ထောင်ရိရှန်း မအောင့်နိုင်တော့ချေ။

“အခုတလော ဘာတွေ အလုပ်များနေတာလဲ မိတ်ဆွေလော့ရာ…. ကျုပ်နဲ့ တွေ့ဖို့တောင် ဒီလောက်အထိ ခက်ခဲနေရတာ"

လော့ချန် မသိမသာ ပြုံးလိုက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဆေးလုံးဖော်စပ်တဲ့နေရာမှာ အောင်မြင်မှု တချို့ ရှိလာခဲ့လို့ပါ…. လောလောဆယ် ပထမအဆင့်နဲ့ ဒုတိယအဆင့်ထက် ကျော်လွန်တဲ့ အဆင့်မြင့်ဆေးလုံးတွေကို ဖော်စပ်ဖို့ ကြိုးစားနေတာ"

သူ မည်သည့်ဆေးလုံးအမျိုးအစားဖြစ်ကြောင်း တိတိပပ မပြောခဲ့သော်လည်း သူ့ထံမှ ထွက်ပေါ်နေသော ဆေးစွမ်းအင်များက အားလုံးကို သက်သေပြနေသည်။ အနည်းဆုံးတော့ ဤမျှ ပြင်းထန်သော အရှိန်အဝါမျိုး ရှိနေစေရန်အတွက် အဆင့်မြင့်ဆေးလုံး အမြောက်အမြား ဖော်စပ်ခဲ့ရမည်မှာ သေချာသည်။

ထောင်ရိရှန်း၏ မျက်ဝန်းများ တောက်ပသွားခဲ့ရပြီး စိတ်ထဲတွင် မျှော်လင့်ချက်များ ပိုရှိလာခဲ့သည်။ သူ မစောင့်ဆိုင်းနိုင်တော့ဘဲ အလောတကြီး ပြောဆိုလိုက်သည်။

"မိတ်ဆွေလော့…. အရင်တုန်းက ကျုပ်တို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ အဆင့်မြင့် ဆေးလုံးတွေအကြောင်း သိချင်နေခဲ့တာ မဟုတ်လား"

‘နောက်ဆုံးတော့ ပြောချင်ပြီပေါ့’

လော့ချန်၏ နှုတ်ခမ်းထောင့်စွန်းများ မသိမသာ ကွေးညွတ်သွားခဲ့ပြီး သူ့စကားအတိုင်း မေးမြန်းလိုက်သည်။

"မိတ်ဆွေထောင် သတင်း ရလာပြီလား"

"အခုမှ သိတာတော့ မဟုတ်ပါဘူး.... အရင်တုန်းက မသေချာသေးလို့ ကြွားဝါပြီး မပြောချင်ခဲ့တာပါ"

ထောင်ရိရှန်း ခေါင်းခါယမ်းလိုက်ရင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ကျုပ်တို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာတော့ အတွင်းဂိုဏ်းတပည့်တွေပဲဖြစ်ဖြစ် တပည့်ရင်းတွေပဲ ဖြစ်ဖြစ် နှစ်စဉ် ရနိုင်တဲ့ အဆင့်မြင့် ဆေးလုံး အရေအတွက်က ကန့်သတ်ချက် ရှိပါတယ်.... အရင်တုန်းက မိတ်ဆွေ ဝယ်ယူချင်နေခဲ့ပေမဲ့ ကျုပ်တို့ ပေးချင်ရင်တောင်မှ ထောက်ပံ့ပေးဖို့ နည်းလမ်း မရှိခဲ့ပါဘူး.... ဒါပေမဲ့ အခုတော့ အခွင့်အရေးတစ်ခု ရှိလာခဲ့ပါပြီ"

လော့ချန် စိတ်ဓာတ် တက်ကြွသွားခဲ့ရသည်။

"အသေးစိတ်ကို နားထောင်ပါရစေ"

"ကျုပ်တို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ရွှေအမြုတေ ဂိုဏ်းမျိုးဆက် ပြိုင်ပွဲအကြောင်း မိတ်ဆွေ ကြားဖူးလား"

"နည်းနည်းတော့ သိထားပါတယ်"

"အမှန်အတိုင်း ပြောရရင်တော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းထဲမှာ ရွှေအမြုတေ အထက်လူကြီးတွေအပြင် ကျုပ်တို့ ဂိုဏ်းရဲ့ ဂိုဏ်းမျိုးဆက်တွေပဲ အဆင့်မြင့် ဆေးလုံး အမြောက်အမြားကို ရရှိနိုင်တာပါ"

လော့ချန်သည် ထောင်ရိရှန်း၏ စကားများကို နားထောင်ရင်း အံ့ဩသွားဟန် ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ‘ငါ ထင်ထားတဲ့အတိုင်းပါပဲလား’ ဟု တွေးနေခဲ့သည်။

ဤနှစ်များတစ်လျှောက် လော့ထျန်းအဖွဲ့၏ သတင်းအချက်အလက် စုဆောင်းမှုမှာ အလဟဿ ဖြစ်မသွားခဲ့ချေ။ ထိုသတင်းအချက်အလက်များကို အားကိုးပြီး ထောင်မောင်နှမနှစ်ဦး ရင်ဆိုင်နေရသော အခြေအနေကို သူ စောစောစီးစီးကတည်းက ခွဲခြမ်းစိတ်ဖြာထားခဲ့ပြီး ဖြစ်သည်။

ဂိုဏ်းမျိုးဆက် နေရာကို လုယူနိုင်မှသာလျှင် ဂိုဏ်းတစ်ခုလုံး၏ ကြီးမားလှသော အရင်းအမြစ်များမှာ သူမလက်ထဲသို့ ရောက်ရှိလာမည် ဖြစ်သည်။ ထိုထဲတွင် ကျင့်ကြံခြင်း အရင်းအမြစ်များ အဆမတန် တိုးပွားလာခြင်းလည်း အပါအဝင်ဖြစ်သည်။ လုံလောက်လှသော ကျင့်ကြံခြင်း အရင်းအမြစ်များ ရှိမှသာလျှင် လျင်မြန်စွာ အဆင့်တက်နိုင်မည် ဖြစ်သလို သစ္စာရှိလှသော လက်အောက်ခံ အလုံအလောက် လက်သတ်မွေးနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ ဖြစ်လာခဲ့မည် ဆိုပါက ဂိုဏ်းမျိုးဆက်အဖို့ ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် မိမိ စေခိုင်းနိုင်မည့် အစွမ်းထက်လှသော လက်အောက်ခံ အုပ်စုကြီးတစ်ခုကို ပိုင်ဆိုင်ထားပြီး ဖြစ်နေပေလိမ့်မည်။

ကျင့်ကြံခြင်း အဆင့်အတန်းမှာလည်း ကျဆင်းသွားမည် မဟုတ်ချေ။ အဆက်အသွယ်များ ရှားပါးသွားမည် မဟုတ်သလို ဂိုဏ်းကို စီမံခန့်ခွဲရာတွင်လည်း အခက်အခဲရှိမည် မဟုတ်ချေ။ အမှန်စင်စစ် ဤကဲ့သို့သော ပုံစံမျိုးမှာ ဂိုဏ်းကြီးများအတွင်း၌ မကြာခဏ မြင်တွေ့ရလေ့ ရှိသည်။ တပည့်များကို ဤအတိုင်း လွှတ်ထားမည့်အစား ပါရမီရှင်အချို့ကို ရွေးချယ်ပြီး အဓိကထား လတ်သတ်မွေးခြင်းက ပိုမို ကောင်းမွန်လှပေသည်။ သို့မှသာ မျိုးဆက်တစ်ခုတွင် ပါရမီရှင် ရှားပါးနေသည့်တိုင် ဂိုဏ်း၏ အမွေအနှစ် မပြတ်တောက်ဘဲ ဆက်လက် တည်တံ့နိုင်မည် ဖြစ်သည်။

အထူးသဖြင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် ဤကိစ္စရပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြသည်။ နှစ်ပေါင်းတစ်ရာပြည့်တိုင်း ဂိုဏ်းမျိုးဆက်တစ်ယောက်ကို ရွေးချယ်လေ့ ရှိကြသည်။ ဆိုလိုသည်မှာ နှစ်ပေါင်း တစ်ရာစီ ကုန်လွန်သွားတိုင်း ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် ရွှေအမြုတေ ကျင့်ကြံသူ တစ်ဦးကို တည်ငြိမ်စွာဖြင့် မွေးထုတ်ပေးနိုင်ရန် အခွင့်အရေး များများ ရှိနေခြင်း ဖြစ်ပေသည်။

ဤသို့ဖြင့် ဂိုဏ်း၏ ဆက်ခံမှုကို မပြတ်တောက်အောင် ကာကွယ်နိုင်ခြင်း ဖြစ်ပေသည်။ အခြားသော ဂိုဏ်းများမှာ ဤကဲ့သို့ လုပ်ဆောင်ကြသော်လည်း ဆေးလုံးစိမ်းချိုင့်ဝှမ်းလောက် မချမ်းသာကြသဖြင့် အချို့သော အချိန်များတွင် ဂိုဏ်းမျိုးဆက်များ ပျိုးထောင်ပုံမှာ အနည်းငယ် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် နှစ်ပေါင်း ရာချီ ကြာမြင့်ပြီးနောက် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ရွှေအမြုတေ ကျင့်ကြံသူ အရေအတွက်မှာ အခြားသော ဂိုဏ်းများကို အဆပေါင်းများစွာ ကျော်လွန်နေခဲ့သော အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်ပေသည်။

ထောင်ရိရှန်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရင်း

"အခုလက်ရှိမှာ ကျုပ်အစ်မ ထောင်ဝမ်က ဂိုဏ်းမျိုးဆက် နေရာအတွက် ပြိုင်ဆိုင်နေပါတယ်.... တကယ်လို့ အောင်မြင်သွားခဲ့မယ် ဆိုရင်တော့ ဂိုဏ်းရဲ့ ကြီးမားတဲ့ ပံ့ပိုးမှုတွေကို ရရှိနိုင်မှာပါ.... အဆင့်မြင့် ဆေးလုံးတွေကလည်း အဲ့ထဲမှာ ပါပါတယ်.... အဲဒီအချိန်ကျရင် မိတ်ဆွေလိုချင်တဲ့ ဆေးလုံးပမာဏဆိုတာ သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်ပဲ ရှိတော့မှာပါ"

လော့ချန် နားလည်သဘောပေါက်သွားဟန်ဖြင့်

"ဒါဆိုရင်တော့ အစ်မထောင်ဝမ် တစ်ယောက် ဂိုဏ်းမျိုးဆက် ရာထူးကို အောင်မြင်စွာ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

သူ ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သော်လည်း ထောင်ရိရှန်း၏ မျက်နှာမှာမူ အနည်းငယ် အောင့်သက်သက် ဖြစ်သွားခဲ့သည်။

“အဲလိုဖြစ်ဖို့က ထင်သလောက် မလွယ်ကူဘူး ဖြစ်နေလို့ပါ”

"အို"

လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း

"ဘာ အခက်အခဲတွေ ရှိနေတာလဲ အသေးစိတ် ပြောပြလို့ ရမလား.... တကယ်လို့ ကျွန်တော့်ဘက်က ကူညီပေးနိုင်တာ ရှိရင်တော့ တိုက်ရိုက် ပြောနိုင်ပါတယ်"

ယခုတစ်ကြိမ်တွင်မူ ထောင်ရိရှန်း ထပ်မံ၍ ဖုံးကွယ်ထားခြင်း မပြုတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ သိရှိထားသမျှ အရာအားလုံးကို အမှန်အတိုင်း ပြောပြလိုက်တော့သည်။ ဥပမာအားဖြင့် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းမျိုးဆက် ပြိုင်ပွဲက အမှန်တကယ် မည်သို့ ပြိုင်ဆိုင်ကြခြင်း ဖြစ်ကြောင်း အသေအချာ ရှင်းပြခဲ့သည်။

ပြိုင်ပွဲအား အဆင့်သုံးဆင့် ခွဲခြားထားသည်။ ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် ပထမပွဲစဉ်တွင် ရွေးချယ်ခံမျိုးဆက်ကိုးဦးထဲမှ တစ်ဦးအဖြစ် အရွေးချယ်ခံရရန် လိုအပ်သည်။ ထို အဆင့်အတန်းကို ရရှိမှသာလျှင် နောက်ထပ် ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ခွင့် ရှိမည် ဖြစ်သည်။

ဒုတိယ ပွဲစဉ်မှာမူ ဆေးဖော်ပြိုင်ပွဲ ဖြစ်သည်။ များစွာသော စောင့်ကြည့်စစ်ဆေးမှုများအောက်တွင် ဆေးလုံးများကို ဖော်စပ်ရမည် ဖြစ်သည်။ ထိုပထမပွဲစဉ်နှင့် ဒုတိယပွဲစဉ်မှ ရလဒ်များအပေါ် မူတည်၍ ရွေးချယ်ခံမျိုးဆက်ကိုးဦးကို အဆင့်သတ်မှတ်ချက်များ သတ်မှတ်မည် ဖြစ်သည်။ ဤအချိန်သို့ ရောက်ရှိမှသာလျှင် တတိယပွဲစဉ်သို့ ရောက်ရှိလာမည် ဖြစ်သည်။ ရွေးချယ်ခံမျိုးဆက်ကိုးဦးသည် အချင်းချင်း အလှည့်ကျ တိုက်ခိုက်ကြရမည်ဖြစ်ပြီး နောက်ဆုံး ကျန်ရစ်သူတစ်ဦးတည်းသာ ဂိုဏ်းမျိုးဆက် ရာထူးကို ရရှိမည် ဖြစ်သည်။

အစောပိုင်းပွဲစဉ်နှစ်ခုအတွင်း၌ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲတွင် ပါဝင်နေကြသော ရွေးချယ်ခံမျိုးဆက်ကိုးဦးသည် တတ်နိုင်သရွေ့ တိုက်ခိုက်ခြင်း ပြုမည်မဟုတ်ချေ။ မိမိ၏ အခြေခံ စွမ်းအင်များ ကုန်ဆုံးသွားမည်ကို စိုးရိမ်သလို ကိုယ်ပိုင် နည်းလမ်းများ လူသိရှင်ကြား ဖြစ်သွားမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ပေသည်။ သူတို့သည် စွမ်းအင်များကို တတ်နိုင်သရွေ့ တတိယပွဲစဉ်အထိ ထိန်းသိမ်းထားလိမ့်မည် ဖြစ်သည်။

ထို့အပြင် သတ်မှတ်ထားသော ရွေးချယ်ခံမျိုးဆက်ကိုးဦး၏ အဆင့်သတ်မှတ်ချက်မှာ တိုက်ခိုက်ရမည့် အစဉ်လိုက်နှင့် သက်ဆိုင်နေခဲ့သည်။ အဆင့်နိမ့်ပါးသောသူ ဖြစ်လေလေ ပိုနစ်နာလေလေ ဖြစ်သည်။ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် တိုက်ခိုက်သွားရမည် ဖြစ်သည်။ ထို့ထက်မက အချိန်မှာလည်း အလွန်အမင်း တင်းကျပ်လှသဖြင့် အနားယူရန်ပင် အချိန် ရမည် မဟုတ်။ ထို့ကြောင့် ရွေးချယ်ခံမျိုးဆက်ကိုးဦး၏ အဆင့်သတ်မှတ်ချက်မှာ အလွန်အမင်း အရေးကြီးသည်။ အကယ်၍ အဆင့် (၉) သို့ ရောက်ရှိသွားခဲ့မည် ဆိုပါက တွေးကြည့်ရုံမျှဖြင့် သိနိုင်သည်။ ဂိုဏ်းမျိုးဆက်နေရာကို ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။ အကြောင်းမှာ ၎င်းက အဆင့်တူ ပြိုင်ဘက် ရှစ်ယောက်ကို ဆက်တိုက် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။

ထောင်ဝမ်သည် ပထမအဆင့်အတွက် ဂိုဏ်းတွင်းနှင့် ဂိုဏ်းပြင်ပမှ ကျွမ်းကျင်သူများစွာကို စုဆောင်းကာ သေသေချာချာ ပြင်ဆင်ထားခဲ့သည်။ ဒုတိယအဆင့်အတွက်မူ သူမ ဒုတိယအဆင့် ဆေးဖော်ဆရာ သုံးဦးကို ကြိုတင်ပြင်ဆင်ထားခဲ့ဖူးသည်။ သို့သော်လည်း အရေးအကြီးဆုံးဖြစ်သော ဟွမ်ဟယ်ဇီက ပြိုင်ပွဲအမှီ သစ္စာဖောက်သွားခဲ့သဖြင့် သူမ အကျပ်ရိုက်သွားခဲ့ရသည်။ ထို့ကြောင့်လည်း သူမ မိုင်ပေါင်း ထောင်ချီ ဝေးကွာလှသော နေရာကို ဂရုမစိုက်ဘဲ လော့ချန်အား ကိုယ်တိုင် လာရောက် ဖိတ်ခေါ်ခြင်း ဖြစ်ပေသည်။

ဤအသေးစိတ် ရှင်းပြချက်များကို နားထောင်ပြီးနောက်တွင်မူ လော့ချန် သူ ပါဝင် ဆောင်ရွက်ရမည့် အခန်းကဏ္ဍကို နားလည်သွားခဲ့ရသည်။

"ဒုတိယပွဲစဉ်လား"

"ဟုတ်ပါတယ်.... မိတ်ဆွေရဲ့ ဆေးဖော်ပါရမီနဲ့ ဆိုရင်တော့ ဒုတိယအဆင့် ဆေးဖော်ဆရာတွေ ကြားထဲမှာ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်ပါတယ်"

ထောင်ရိရှန်းသည် ရိုသေလေးစားစွာဖြင့် လော့ချန်ကို စိုက်ကြည့်လိုက်ရင်း

"တကယ်လို့ မိတ်ဆွေ ပါဝင်ပေးမယ်ဆိုရင်တော့ ကျုပ်အစ်မ အဆင့်ကောင်းကောင်းတစ်ခု ရမှာ သေချာပါတယ်"

"မိတ်ဆွေထောင် ကျွန်တော့်ကို တော်တော် ယုံကြည်နေတာပဲ"

လော့ချန် ပြုံးလျက် ပြောလိုက်သည်။

“ဖြစ်သင့်တာပါ"

ထောင်ရိရှန်း တည်ငြိမ်စွာဖြင့် ဆိုသည်။

လော့ချန် နှုတ်ခမ်းကို မသိမသာ စေ့လိုက်ရင်း

"ဒီလိုဆိုရင်တော့ ကျွန်တော် ကူညီပေးလို့ ရပါတယ်…. ဒါပေမဲ့ အဲ့မတိုင်ခင်မှာ ကျွန်တော် မိတ်ဆွေထောင်ရဲ့ အစ်မနဲ့ အရင်ဆုံး တွေ့ဆုံချင်ပါတယ်"

"ကျုပ်အစ်မက မြို့ထဲမှာပါ.... မနက်ဖြန်ကျ တွေ့လို့ ရပါတယ်"

"ကောင်းပါပြီ…. ဒါဆိုရင်လည်း မနက်ဖြန်ပေါ့"

ထပ်မံ၍ အပိုစကားများ ပြောနေရန် မလိုအပ်တော့ချေ။ ကိစ္စရပ်များကို ပြောသင့်သလောက် ပြောဆိုပြီး ဖြစ်သည်။ နောက်ထပ် အဆင့်မှာမူ ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်သည်။ လူတိုင်းက ဝမ်ယွမ် မဟုတ်ကြချေ။ ဝမ်ယွမ်က လော့ချန်အား ဆေးလုံးများ အလိုရှိသလို ဖော်စပ်ခိုင်းနိုင်သော်လည်း ထောင်ဝမ်အနေဖြင့် ထိုသို့လုပ်၍မရနိုင်ပေ။ ထိုထောင်ဝမ်သည် ဂိုဏ်းမျိုးဆက် ရာထူးအတွက် ထိုမျှလောက် စိတ်အားထက်သန်နေခဲ့သဖြင့် သေချာပေါက် တန်ဖိုးကြီးမားသော အရာအချို့ကို ထုတ်ပေးရမည် ဖြစ်သည်။ မဟုတ်လျှင် ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦးကို ထိုမျှလောက်အထိ ဖိတ်ခေါ်ရန် မလွယ်ကူချေ။

....

"အဆင်ပြေသွားပြီလား"

"ဟုတ်အစ်မ.... မနက်ဖြန်ကျ သူ ကျွန်တော်တို့နဲ့ လာတွေ့လိမ့်မယ်"

မောင်လေးထံမှ အဖြေကို ကြားလိုက်ရသည့် အခါတွင်မူ ထန်ထိုက်ကျင်း၏ ဂူဗိမာန်မှ ပြန်လည် ရောက်ရှိလာခါစ ဖြစ်သော ထောင်ဝမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။

ထောင်ရိရှန်း သက်ပြင်းတစ်ချက် ချလိုက်ရင်း

"မတွေ့ရတဲ့ လပိုင်းမှာ လော့ချန်ရဲ့ ဆေးဖော်ပညာက ပိုပြီးတောင် တိုးတက်လာပုံရတယ်"

ထောင်ရိရှန်း လော့ချန်ကို ထပ်မံ၍ ချီးကျူးစကား ပြောဆိုလိုက်မိပြန်သည်။

"အစ်မ…. လော့ချန်ရဲ့ ဆေးဖော်ပညာက နည်းနည်း ထူးခြားပြီး စနစ်တကျ မရှိပုံရပေမဲ့ သူ့ရဲ့ အခြေခံကတော့ တော်တော်ကို ခိုင်မာပါတယ်.... သူက ဆေးဖော်နည်းမျိုးစုံကို ထုံးလိုချေ ရေလိုနှောက် တရေးနိုးထဖော်ရင်တောင် ဖော်နိုင်နေတာပါ.... အဲလိုလူမျိုးက အစ်မအတွက် အဆင့်ကောင်းတစ််ခုရအောင် သေချာပေါက် ကူညီပေးနိုင်မှာပါ"

ထောင်ဝမ်ထံမှ ‘အင်း’ တစ်ချက်သာ ထွက်ပေါ်လာခဲ့ပြီး စကား ဆက်မပြောတော့ချေ။ ဤကဲ့သို့သော ချီးကျူး စကားမျိုးကို သူမ နားနှင့်မဆံ့အောင် ကြားခဲ့ပြီး ဖြစ်သည်။ မောင်ဖြစ်သူ၏ စေတနာကို သူမ နားလည်သည်။ သူကိုယ်တိုင် အစ်မဖြစ်သူကို မကူညီနိုင်သည့်အတွက် သူငယ်ချင်းဖြစ်သူကို မိတ်ဆက်ပေးခြင်းဖြင့် အစွမ်းကုန် ကူညီပေးလိုသော စိတ်ရင်းမှန်သာ ဖြစ်သည်။ အကယ်၍ ယခင်ကသာဆိုပါက သူမ သေချာပေါက် ဂရုစိုက်မည် မဟုတ်ချေ။ သို့သော်လည်း ထန်ထိုက်ကျင်းနှင့် တွေ့ဆုံပြီးနောက်တွင်မူ တစ်ဖက်လူ၏ စကားလုံးတိုင်းမှာ သူမအား လော့ချန်အပေါ် ရိုသေလေးစားရန် ပြောဆိုနေခဲ့သည်။ ယခုမူ သူမ၏ လော့ချန်အပေါ် ထားရှိသော အမြင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"ဒီလောက်အကြာကြီး ဟန်ဆောင်နေခဲ့တာ မင်းမှာ ဘယ်လောက် ကြီးမားတဲ့ အလိုဆန္ဒ ရှိနေလဲဆိုတာ ကြည့်ရသေးတာပေါ့”

ထောင်ဝမ်တစ်ယောက် မျက်လုံးများ မသိမသာ မှေးလိုက်ရင်း ယခင်က လော့ချန်နှင့် တွေ့ဆုံခဲ့သော မြင်ကွင်း နှစ်ခုကို မရေမရာဖြင့် ပြန်လည် တွေးတောလိုက်မိသည်။

....

နောက်တစ်နေ့ နံနက်အစောပိုင်း၊ ယီ - (၅) ဂူဗိမာန်အတွင်း၌....။

ဘေးလူများကို အပြင်ထွက်ခိုင်းလိုက်ပြီးနောက် ဂူဗိမာန်အတွင်းဝယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသာ ကျန်ရှိတော့သည်။

တည်ငြိမ်လှသော မျက်နှာထားဖြင့် အမျိုးသားကို ကြည့်ရင်း ထောင်ဝမ် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကကဲ့သို့ မျက်နှာ ဖြူဖျော့နေခြင်း သို့မဟုတ် စိုးရိမ်ပူပန်နေခြင်းမျိုး မရှိတော့ချေ။ ထို့အတူ ဒုတိယအကြိမ် ရေခဲလှိုင်းနန်းတော်တွင် တွေ့စဉ်ကကဲ့သို့ စိတ်အားထက်သန်နေသော အမျိုးသားမျိုးလည်း မဟုတ်တော့ချေ။ လက်ရှိ လော့ချန်မှာ ပေါ့ပါးတည်ငြိမ်နေပုံရသော်လည်း တည်ငြိမ်ရင့်ကျက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုကဲ့သို့သော တည်ငြိမ်မှုမျိုးမှာ ယုံကြည်မှုမှ ထွက်ပေါ်လာခြင်း ဖြစ်သလို စွမ်းအားမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သော အရှိန်အဝါမျိုးမှာ သာမန် ကျင့်ကြံသူတစ်ဦး၏ ကိုယ်ပေါ်တွင် မထွက်ပေါ်သင့်ချေ။ သာမန် ကျင့်ကြံသူ အများစုမှာ အရင်းအမြစ်များအတွက် အမြဲ ပင်ပန်းဆင်းရဲစွာ လှုပ်ရှားနေကြရသဖြင့် တစ်သက်လုံး ပင်ပန်းဆင်းရဲမှုများဖြင့်သာ ပြည့်နှက်နေလေ့ ရှိကြသည်။ ဂိုဏ်းများမှ ပါရမီရှင်များသာလျှင် ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် စိုးရိမ်စရာ မရှိသော အခြေအနေမျိုးအောက်၌ ဤကဲ့သို့သော အရှိန်အဝါမျိုး ရှိနိုင်ခြင်း ဖြစ်ပေသည်။

သူ၏ တည်ငြိမ်လှသော ပုံစံမှာ ဆေးဖော်ဆရာကြီးတစ်ဦး၏ ပုံစံမျိုး ရှိနေခဲ့သည်။ ထောင်ဝမ် စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ ပုံစံကမူ အတော်လေး ဟိတ်ဟန်ရှိလှသည်။ သို့သော် မည်သည့် ဈေးနှုန်းမျိုး ဖြစ်မည်ကိုမူ မသိရသေးချေ။ သူမ အပို စကားများ ပြောခြင်း မပြုဘဲ ချက်ချင်းပင် အဓိက အကြောင်းအရာကို ဦးတည်လိုက်တော့သည်။

"မိတ်ဆွေလော့…. ငါ ရွှေအမြုတေ ဂိုဏ်းမျိုးဆက်နေရာကို ရဖို့အတွက် မင်းရဲ့ အကူအညီ လိုနေပါတယ်.... အပြန်အလှန်အနေနဲ့ မင်းရဲ့ တောင်းဆိုချက်က ဘာများလဲ"

လော့ချန်၏ မျက်ဝန်းများ တောက်ပသွားခဲ့ရသည်။ သူ ချီးကျူး စကား ဆိုလိုက်သည်။

"အစ်မထောင်က တကယ့်ကို ပွင့်လင်းလွန်းလှပါတယ်.... နန်ရှန်းစီရင်စုသခင်ရဲ့ မျိုးဆက်ဖြစ်ရုံတင်မကဘဲ သူ့အရှိန်အဝါလည်း ရှိနေတာပဲ"

နန်ရှန်းစီရင်စုသခင်မှာ ထောင်မျိုးနွယ်စု၏ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ရွှေအမြုတေ ကျင့်ကြံသူ ဖြစ်ပြီး ဤသတင်းအချက်အလက်များမှာ လော့ထျန်းအဖွဲ့က စုဆောင်းလာခဲ့ခြင်း ဖြစ်ပေသည်။ လော့ချန် တစ်ဖက်လူကို အနည်းငယ် ချီးကျူး စကား ဆိုလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ၏ ကြီးမားလှသော လိုအပ်ချက်များကို တောင်းဆိုလိုက်တော့သည်။

"ဒီလိုဆိုရင်တော့ ကျွန်တော့်ဘက်ကလည်း အားနာမနေတော့ပါဘူး၊ ကျွန်တော့်မှာ တောင်းဆိုချက် သုံးခု ရှိပါတယ်.... အစ်မထောင်ဘက်က ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

‘သုံးခု’

ထောင်ဝမ်၏ မျက်ခုံးများ မသိမသာ တွန့်သွားခဲ့ရသည်။

“အင်း…. မင်း ပြောကြည့်ပါ"

"ပထမဆုံးအနေနဲ့ ကျွန်တော် အဆင့်မြင့် နဂါးပျံဆေးလုံး လိုချင်ပါတယ်.... နှစ်စဉ် ပုလင်း ၃၀ ဖြစ်ရပါမယ်"

လော့ချန် အားနာခြင်း မရှိဘဲ တောင်းဆိုလိုက်သည်။

ထောင်ဝမ်သည် စောစောစီးစီးကတည်းက ခန့်မှန်းထားခဲ့သော်လည်း နှုတ်ကမူ

“အဆင့်မြင့်ဆေးလုံးတွေက ဂိုဏ်းကြီးတွေရဲ့ လက်ထဲကနေ အပြင်ကို ထွက်လာခဲတယ်ဆိုတာ မိတ်ဆွေလော့ သိမှာပါ”

လော့ချန် ခေါင်းခါယမ်းလိုက်ရင်း

"ဒါကတော့ မရှိသလောက်ပဲလေ.... ဒါပေမယ့် အစ်မထောင်တို့ တစ်ခါတစ်လေ ဆေးလုံးတချို့ အပြင်ကို ထုတ်ပေးလေ့ရှိတာ ကျွန်တော်သိပါတယ်.... ကျွန်တော်လည်း အလကား မယူပါဘူး…. ဘယ်လို ဈေးနှုန်း ရှိလဲ၊ အဲဒီ ဈေးနှုန်းအတိုင်းပဲ ကျွန်တော် ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်ယူမှာပါ"

အဆင့်မြင့် နဂါးပျံဆေးလုံး၏ ဈေးနှုန်းမှာမူ နည်းပါးခြင်း လုံးဝ မရှိချေ။ တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ခန့်အထိ ရောင်းချနိုင်ပေသည်။ ပုလင်း သုံးဆယ် ဆိုပါက နှစ်စဉ် ဝိညာဉ်ကျောက်တုံး ခြောက်သောင်းခန့် ကုန်ကျမည် ဖြစ်သည်။ ဤသည်မှာ အဆင့်မြင့် ဂူဗိမာန်တစ်ခု၏ ငှားရမ်းခထက်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ တွေးကြည့်လျှင် လော့ချန်ကိုယ်တိုင်ပင် ထျန်းလန်တောင်၏ အဆင့်မြင့် ဂူဗိမာန်တစ်ခုကို ငှားရမ်းထားခဲ့ပြီး ဖြစ်ကာ နှစ်စဉ် ဝိညာဉ်ကျောက်တုံး လေးသောင်းရှစ်ထောင်ခန့်ကို ကုန်ကျနေခဲ့ရခြင်း ဖြစ်သည်။ ဤလော့ချန်၏ လက်အောက်ရှိ လော့ထျန်းအဖွဲ့၏ ငွေရှာနိုင်စွမ်းမှာ အနည်းငယ် ကြောက်စရာ ကောင်းလှပေသည်။ ထန်ထိုက်ကျင်းနှင့် ချန်ချင်အနွယ်တစ်ခုလုံး လော့ထျန်းအဖွဲ့အား ထိုမျှလောက်အထိ အလေးအနက် ထားရှိကြခြင်းမှာ မဆန်းတော့ချေ။

ထောင်ဝမ်သည် လော့ချန်အား စူးစိုက်ကြည့်လိုက်ရင်း

"ဒီတောင်းဆိုချက်ကိုတော့ ငါ စဉ်းစားပေးလို့ ရပါတယ်…. ဒါပေမဲ့ ငါ ဂိုဏ်းမျိုးဆက် နေရာကို ရမှပဲ အကောင်အထည်ဖော်နိုင်မှာပါ.... တကယ်လို့ ရှုံးနိမ့်သွားခဲ့မယ် ဆိုရင်တော့"

လော့ချန် နားလည်လိုက်သည်။ အကယ်၍ ရှုံးနိမ့်သွားခဲ့မည် ဆိုပါက ထောင်ဝမ် သေချာပေါက် ထိုမျှလောက် များပြားလှသော အဆင့်မြင့် နဂါးပျံဆေးလုံးများကို ထုတ်ပေးနိုင်မည် မဟုတ်ချေ။ သူမကိုယ်တိုင်လည်း မည်သည့် အစွမ်းထက်လှသော ဆေးဖော်ဆရာမျိုးမှ မဟုတ်ခြင်းကြောင့် ဖြစ်ပေသည်။

"ဒုတိယ တောင်းဆိုချက် အနေနဲ့ ကျွန်တော် ဆေးနည်းတွေကို လိုချင်ပါတယ်…. ဒုတိယအဆင့် ကျင့်ကြံဆေးလုံးတွေရဲ့ ဆေးနည်းတွေပါ"

ထန်ထိုက်ကျင်း၏ ရှေ့တွင် မတောင်းဆိုခဲ့သော သတ်မှတ်ချက်ကို ယခုတစ်ကြိမ်တွင်မူ လော့ချန် မဆိုင်းမတွဘဲ တောင်းဆိုလိုက်တော့သည်။ ထောင်ဝမ်၏ တုံ့ပြန်မှုမှာလည်း သူ တွက်ချက်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။

"မဖြစ်နိုင်တာ.... ငါတို့ ဂိုဏ်းမှာတော့ ကျင့်ကြံဆေးနည်းတွေကို ပြင်ပကို ပေါက်ကြားခွင့် မရှိဘူးလို့ တားမြစ်ချက် ရှိပြီးသားပါ"

လော့ချန် စဉ်းစားတွေးတောခြင်း မပြုဘဲ ပြောဆိုလိုက်သည်။

"ကျွန်တော် ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဆေးနည်းတွေကို မလိုချင်ပါဘူး.... ကျွန်တော် အစ်မထောင်တို့ ထောင်မျိုးနွယ်စုရဲ့ ဆေးနည်းတွေကို လိုချင်တာပါ"

"ဟမ်…."

"အစ်မထောင်တို့ ထောင်မျိုးနွယ်စုရဲ့ ဘိုးဘေးကြီး နန်ရှန်းစီရင်စုသခင်က ကျော်ကြားလှတဲ့ တတိယအဆင့် ဆေးဖော်ဆရာတစ်ဦး ဖြစ်ခဲ့တာမို့ သေချာပေါက် ကျင့်ကြံဆေးနည်းတွေကို စုဆောင်းထားခဲ့ဖူးသလို တီထွင်ထားခဲ့ဖူးမှာပါ.... ဒီလို ဆေးနည်းတွေကိုတော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက အစ်မတို့ကို တားဆီးလို့ မရပါဘူး.... ကျွန်တော် အဲ့ဒါကို လိုချင်တာပါ"

ထောင်ဝမ်၏ စိတ်ထဲတွင် ချီတုံချတုံ ဖြစ်သွားခဲ့ရသည်။ သူမ သိလိုက်ရသည်မှာ လော့ချန်သည် ကြိုတင်ပြင်ဆင်မှုများဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သတ်မှတ်ချက်တိုင်းမှာ သူမ၏ စွမ်းဆောင်ရည် အတိုင်းအတာအတွင်း၌ ရှိနေပုံရသည်။

သေချာပေါက် လော့ချန်တွင် ကြိုတင်ပြင်ဆင်မှုများ ရှိသလို ပိုမို၍ ယုံကြည်မှုလည်း ရှိနေခဲ့သည်။ လော့ထျန်းအဖွဲ့က စုဆောင်းလာခဲ့သော သတင်းအချက်အလက်များသာမကဘဲ ထောင်ရိရှန်းနှင့် သူ ဆေးလုံးအကြောင်း ဆွေးနွေးနေခဲ့သည့် အချိန်တွင်လည်း မသိမသာဖြင့် ဆေးနည်းအချို့ကို ပေါက်ကြားခဲ့ဖူးခြင်းကြောင့် ဖြစ်ပေသည်။ ဥပမာအားဖြင့် ထိုဟွမ်းယန်ဆေးရည်မှာ ဆေးဘုရင်ဂိုဏ်း၏ အထူးထုတ်ကုန် ဖြစ်ပေသည်။ သို့သော် ထောင်ရိရှန်းက ထိုဆေးရည်ထဲတွင် ပါဝင်သော ဆေးဘက်ဝင် အပင်များ၏ အချိုးအစားကို သိရှိနေခဲ့သဖြင့် ထောင်မျိုးနွယ်စုတွင် စုဆောင်းထားသော ဆေးနည်း များစွာ ရှိနေလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။

လော့ချန်၏ ဤမေးခွန်းကြောင့် ထောင်ဝမ် ရွေးချယ်ရ ခက်ခဲနေခဲ့သည်။

"မင်းရဲ့ တတိယ တောင်းဆိုချက်ကိုလည်း ပြောကြည့်ပါဦး"

လော့ချန် စိတ်ထဲတွင် အနည်းငယ် ဝမ်းသာသွားခဲ့ရသည်။ ထောင်ဝမ်၏ တုံ့ပြန်မှုက ဤတောင်းဆိုချက်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေ ရှိကြောင်း ပြသနေခြင်းကြောင့်ပင်။ သူ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ရင်း တည်ငြိမ်စွာဖြင့် တတိယ တောင်းဆိုချက်ကို ပြောဆိုလိုက်တော့သည်။

"ရွှေအမြုတေဖွဲ့စည်းနည်းပါ"

"ဒါကတော့ မဖြစ်နိုင်ပါဘူး"

ထောင်ဝမ် ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။

"ထန်ထိုက်က မင်းကို ရွှေအမြုတေဖွဲ့စည်းနည်းတစ်ခု ပေးခဲ့ပြီးပြီ မဟုတ်ဘူးလား…. ဘာလို့ ဒီလောက်အထိ အလိုရမ္မက် ကြီးနေရတာလဲကွယ်"

လော့ချန် အေးစက်စွာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း

"အဲဒီ လျှို့ဝှက်နည်းက ဘယ်လို အဆင့်မျိုး ရှိလဲဆိုတာ အစ်မထောင်က ကျွန်တော့်ထက် ပိုပြီးတော့ သေသေချာချာ သိမှာပါ"

ထောင်ဝမ် နှုတ်ခမ်းနီနီကို မသိမသာ စေ့လိုက်မိပြီး မျက်ခုံးများ တင်းကျပ်စွာ တွန့်သွားခဲ့ရသည်။ နောက်ဆုံးတွင်မူ သူမ ခေါင်းကို တည်ငြိမ်စွာဖြင့် ခါယမ်းလိုက်သည်။

"ဒီတစ်ချက်ကိုတော့ ငါ သဘောမတူနိုင်ဘူးနော်.... မဟုတ်ရင် ဂိုဏ်းမျိုးဆက်နေရာမှာ ငါ မြဲမှာ မဟုတ်ဘူး"

လော့ချန်၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။

"အစ်မထောင် တကယ့်ကို စေတနာ မရှိဘူးပဲ"

ထောင်ဝမ် နှုတ်ခမ်းကို အနည်းငယ် ဟလိုက်မိသော်လည်း ခေတ္တမျှ စကားပြန်မပြောနိုင် ဖြစ်သွားခဲ့ရသည်။ တောင်းဆိုချက် သုံးခုအနက် တစ်ခုက မရေမရာ ဖြစ်နေပြီး တစ်ခုက အဖြေမပေးသေးချေ။ ထို့အပြင် တစ်ခုကမူ ပြတ်ပြတ်သားသား ငြင်းပယ်ခြင်း ခံလိုက်ရသည်။ မည်သူမဆို လော့ချန်နေရာတွင်ဆိုပါက သူမတွင် စေတနာ မရှိဟု ထင်မြင်ကြပေလိမ့်မည်။

သို့သော်လည်း ဤတောင်းဆိုချက် တစ်ခုစီတိုင်းမှာ သူမကို အလွန်အမင်း အခက်အခဲ ဖြစ်စေလှသဖြင့် အမှန်တကယ်ပင် လွယ်ကူစွာဖြင့် သဘောမတူနိုင်ခြင်း ဖြစ်ပေသည်။ ညှိနှိုင်းမှုမှာ ရုတ်တရက် တန့်သွားခဲ့ရတော့သည်။ ဂူဗိမာန်အတွင်းရှိ လေထုမှာလည်း လူနှစ်ဦး၏ တိတ်ဆိတ်မှုအကြား၌ ပိုမို၍ လေးလံလာခဲ့ရပုံရသည်။

အချိန်အတော်ကြာပြီးမှ ထောင်ဝမ် ခါးသက်စွာဖြင့် ပြုံးလိုက်မိသည်။

"မင်းရဲ့ နောက်ထပ် တောင်းဆိုချက် နှစ်ခုကတော့ ငါ့ကို တကယ့်ကို အခက်အခဲ ဖြစ်စေပါတယ်၊ အထူးသဖြင့် နောက်ဆုံးတစ်ခုပေါ့…. ငါ ပေးနိုင်တာကို ပြောပါရစေ"

လော့ချန် သူမကို စူးစိုက်ကြည့်လိုက်ရင်း နောက်ထပ် စကားများကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

"ပထမဆုံး တစ်ချက်ကတော့ မပြောင်းလဲပါဘူး.... ဂိုဏ်းမျိုးဆက် နေရာကို ယူနိုင်ခဲ့ရင်တော့ မင်းတောင်းဆိုတဲ့အတိုင်း ရစေရပါမယ်"

"ဒုတိယ တစ်ချက်ကတော့ ငါ မျိုးနွယ်စုဆီကို တစ်ခေါက် ပြန်သွားဖို့ လိုတယ်၊ မျိုးနွယ်စု အကြီးအကဲတွေနဲ့ တိုင်ပင်ပြီးမှပဲ မင်းကို အဖြေပေးနိုင်မှာပါ"

"ဒါပေမဲ့ တတိယ တောင်းဆိုချက် ဖြစ်တဲ့ ရွှေအမြုတေဖွဲ့စည်းနည်းကိုတော့ ငါ တကယ်ပဲ ထုတ်ပေးဖို့ မဖြစ်နိုင်ပါဘူး၊ ဒီကိစ္စနဲ့ပက်သက်ပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိပြီးသားပါ"

"သေချာတာပေါ့ မင်းဘက်က နစ်နာအောင် ငါ မလုပ်ပါဘူး"

ထောင်ဝမ် လော့ချန်ကို စူးစိုက်ကြည့်လိုက်ရင်း

"မင်း ချန်ချင်အနွယ်ရဲ့ နဂါးဖီးနစ်နည်းကို ရထားတာ မဟုတ်လား.... ငါ မင်းကို နဂါးအသွင်ပြောင်းဆေးလုံးနဲ့ နှင်းဖီးနစ်ဆေးလုံးကို ပေးနိုင်ပါတယ်…. မင်း အပြင်မှာ လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့"

လော့ချန်၏ မျက်ခုံးများ မသိမသာ တွန့်သွားခဲ့ရသည်။

"အစ်မထောင် သိထားသင့်တာက ဒီဆေးလုံးနှစ်မျိုးလုံးကို ကျွန်တော်သာ တကယ်လိုချင်ရင် ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့လည်း ရအောင်ရှာနိုင်တယ်ဆိုတာပါပဲ"

ထိုနှစ်က ထျန်းလန် လေလံပွဲတွင် ဤဆေးလုံး နှစ်လုံးကို ဝိညာဉ်ကျောက်တုံး တစ်သိန်းခန့်အထိ မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။ ၎င်းက တတိယအဆင့် ဆေးလုံး နှစ်လုံး၏ တန်ဖိုးပေါ်တွင် မူတည်နေခြင်း မဟုတ်ချေ။ အဖိုးတန်လှသော အရာမှာမူ နဂါးဖီးနစ်လျှို့ဝှက်နည်းလမ်း ဖြစ်သည်။ လော့ချန်ကိုယ်တိုင်ပင် လက်ရှိအချိန်၌ သက်ဆိုင်ရာ လျှို့ဝှက်နည်းကို ရှိထားပြီး ဖြစ်သဖြင့် ဆေးလုံး နှစ်မျိုးလုံးကို စုဆောင်းရန်မှာ ထိုမျှလောက်အထိ မခက်ခဲချေ။ အခြားအရာများကို မဆိုထားနှင့်၊ ရေခဲခံတပ်ဘက်တွင် လမ်းကြောင်း ရှိနေခဲ့ပြီး ဖြစ်သည်။

ထောင်ဝမ် ခေါင်းညိတ်လိုက်မိသည်။ သူမ သေချာပေါက် ဤအရာများကို သိရှိထားပေသည်။

"အဲဒီအစား.... ငါ မင်းကို ငါတို့ နန်ရှန်းစီရင်သခင်ဘိုးဘေးကြီးရဲ့ ရွှေအမြုတေမှတ်တမ်းကို ပေးနိုင်တယ်…. ဘယ်လိုသဘောရလဲ"

သူမ၏ ကမ်းလှမ်းချက်ကို နားထောင်ရင်း လော့ချန် အတွေးနက်သွားခဲ့ရသည်။ နဂါးဖီးနစ်နည်းအတွက် သင့်တော်သော တတိယအဆင့် ဆေးလုံးနှစ်လုံးနှင့် ရွှေအမြုတေကိုယ်တွေ့မှတ်တမ်းတစ်ခု ဟူသည်မှာ အမှန်ပင် ရက်ရောလှသော ကမ်းလှမ်းမှု ဖြစ်သည်။ အကယ်၍ ဤသတင်းသာ ပြင်ပသို့ ပေါက်ကြားသွားပါက လူများစွာက ဝိညာဉ်ကျောက်တုံး သိန်းချီပေး၍ ဝယ်ယူကြလိမ့်မည် ဖြစ်သည်။ အခြားသူများ တုံ့ဆိုင်းနေလျှင်ပင် ချူခွေးမှာမူ သေချာပေါက် မြင့်မားလှသော ဈေးနှုန်းကို ပေးဆောင်ပြီး ဝယ်ယူမည်မှာ သေချာသည်။

သူမဘက်မှ ဤမျှအထိ လိုက်လျောပေးရန် ဆန္ဒ ရှိနေခဲ့သဖြင့် သူကိုယ်တိုင်လည်း လွန်လွန်ကဲကဲ တောင်းဆိုနေ၍ မဖြစ်ချေ။ ပြောရမည်ဆိုလျှင် တစ်ဖက်လူက မိမိကို အကူအညီ တောင်းခံနေခြင်း ဖြစ်သော်လည်း စွမ်းအားဖြစ်စေ၊ နောက်ခံဖြစ်စေ မိမိထက် အဆပေါင်းများစွာ သာလွန်နေဆဲ ဖြစ်သည်။ အချို့သော အချိန်များတွင်မူ အချင်းချင်း မျက်နှာကို ထောက်ထားရန် လိုအပ်ပေသည်။

လော့ချန် ထပ်မံ၍ လွန်လွန်ကဲကဲ တောင်းဆိုခြင်း မပြုတော့ဘဲ ဤညှိနှိုင်းမှုကို သဘောတူလိုက်တော့သည်။

ယခုမှသာ ထောင်ဝမ် သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။ လော့ချန်နှင့် ဆက်ဆံရသည်မှာ မည်မျှအထိ ခက်ခဲကြောင်း သူမ သဘောပေါက်လိုက်သည်။ ထိုလူမှာ အားနည်းချက်တစ်ခု တွေ့သည်နှင့် ကောင်းကင်ပေါ်ရှိ လကိုပါ တောင်းဆိုရဲသူ ဖြစ်သည်။

‘ထန်ထိုင်တစ်ယောက် နေ့တိုင်း ဒီကောင်လေးနဲ့ ဘယ်လိုများ ဆက်ဆံပါလိမ့်’

"ဂိုဏ်းမျိုးဆက် ပြိုင်ပွဲ စဖို့ နောက်ထပ် တစ်နှစ် အချိန် ရှိပါသေးတယ်…. မိတ်ဆွေလေးက ငါနဲ့အတူ ဆေးလုံးစိမ်းချိုင့်ဝှမ်းကို ချက်ချင်း လိုက်ခဲ့ချင်လား ဒါမှမဟုတ် ထျန်းလန်ဘက်မှာပဲ နေခဲ့မလား"

ကိစ္စရပ်များကို ဆွေးနွေးပြီးသွားခဲ့ပြီ ဖြစ်သဖြင့် အချင်းချင်း၏ မျက်နှာတွင် အပြုံးများ ရှိနေခဲ့ကြပြီ ဖြစ်သည်။

လော့ချန် ပြုံးလျက် ခေါင်းခါယမ်းလိုက်ရင်း

"ကျွန်တော် မလိုက်သေးပါဘူးဗျာ.... အဲဒီဘက်မှာ လူများသလို ပါဝင်ပတ်သက်နေတဲ့ အကျိုးအမြတ်တွေကလည်း ကြီးမားလှပါတယ်…. ဖြစ်နိုင်တာကတော့ လက်ရှိ ရေဝဲကြီးတစ်ခုရဲ့ ဗဟိုချက် ဖြစ်နေပုံပါပဲ"

"အင်း…. မင်း ပြောတာလည်း မှန်ပါတယ်"

ထောင်ဝမ် ခေတ္တမျှ တွေးတောလိုက်ပြီးနောက်

"လောလောဆယ် ဒီဘက်မှာ နေခဲ့တာက သူတို့ကို မင်းရဲ့ အခြေအနေကို မရေမရာ ဖြစ်နေစေတာမို့ ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ"

လော့ချန် မသိမသာဖြင့် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"တစ်နှစ်အတွင်း တကယ်လို့ ကျွန်တော့်ရဲ့ ကျင့်ကြံအဆင့် နည်းနည်း တိုးတက်လာခဲ့မယ် ဆိုရင် အစ်မထောင်အတွက် ပိုပြီးတော့ ကြီးမားတဲ့ အကူအညီတွေကို ပေးနိုင်မှာပေါ့နော်.... အစ်မထောင်ရဲ့ လက်ထဲမှာ အဆင့်လတ် ဒါမှမဟုတ် အဆင့်မြင့် နဂါးပျံဆေးလုံး နည်းနည်းတော့ ရှိတယ်မလားဗျာ"

အမျိုးသမီး၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် အေးခဲသွားခဲ့ရတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters