အခန်း ၄၆၅
Vol. 47 Ch. 465
အခန်း (၄၆၅) - ထောင်ဝမ် ချန်ထားခဲ့သော အဖိုးတန်လက်ဆောင်
ထောင်ဝမ် ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။ မပြန်မီတွင် လော့ချန်အတွက် အဆင့်လတ် နဂါးပျံဆေးလုံး ၁၀ ပုလင်းနှင့် အဆင့်မြင့် နဂါးပျံဆေးလုံး နှစ်ပုလင်းကို ချန်ထားခဲ့သည်။
သေချာသည်မှာ အလကား ပေးခဲ့ခြင်း မဟုတ်ချေ။ လော့ချန် ဝိညာဉ်ကျောက်တုံး နှစ်သောင်း ကုန်ကျခဲ့ရရုံတင်မက တာဝန်တစ်ခုကိုပါ လက်ခံခဲ့ရသည်။ ထိုတာဝန်မှာ အခြားမဟုတ်၊ ထောင်ရိရှန်း၏ ဆေးဖော်အတတ်ပညာကို လမ်းညွှန်ပြသပေးရန် ဖြစ်ပေသည်။ ဤတာဝန်ကိုမူ သူ ဝမ်းမြောက်စွာဖြင့် လက်ခံခဲ့သည်။
ဤအရာမှာ ထောင်ဝမ်ဘက်က များစွာအလျှော့ပေးနောက် ပြန်လည် ဖြည့်ဆည်းယူခြင်း ဖြစ်ကြောင်း လော့ချန် ကောင်းစွာ နားလည်သည်။ အကယ်၍ ထောင်ရိရှန်းသာ စစ်မှန်သော ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦးအဖြစ် တိုးတက်လာခဲ့မည်ဆိုပါက ထောင်ဝမ်အနေဖြင့် ဂိုဏ်းမျိုးဆက် ရာထူးကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ထောင်မျိုးနွယ်စုအတွက် အကျိုးရှိမည် ဖြစ်သည်။
သေချာသည်မှာ သူမဘက်မှ ပြန်လည် ဖြည့်ဆည်းယူချင်သလို၊ လော့ချန်ဘက်ကလည်း အရှုံးခံမည် မဟုတ်ချေ။ ထောင်ရိရှန်းက သူ့အား မိတ်ဆွေဟု တစ်ဖွဖွ ခေါ်ဆိုနေခဲ့သော်လည်း ပြောရလျှင် သူတို့နှစ်ဦးမှာ ဆရာနှင့်တပည့် ဆက်ဆံရေးမျိုး မဟုတ်ချေ။ ထို့ကြောင့် လော့ချန် အလွန် လိမ္မာပါးနပ်သော နည်းလမ်းတစ်ခုကို ရှာဖွေလိုက်သည်။
"မိတ်ဆွေထောင် ခင်ဗျား သိလား၊ ကျွန်တော့်ရဲ့ ဒီလိုမျိုး ပြောင်မြောက်လှတဲ့ ဆေးဖော်အတတ်ပညာက ဘယ်ကနေ ရောက်လာလဲဆိုတာ.... ဒါက နေ့တိုင်း စာအုပ်ဖတ်နေရုံနဲ့ ရလာတာ မဟုတ်ပါဘူး.... ဆန့်ကျင်ဘက်အနေနဲ့ များပြားတဲ့ လက်တွေ့ လုပ်ဆောင်မှုတွေကနေ အတင်းအကျပ် တည်ဆောက်ယူခဲ့ရတာ.... ကျွန်တော် သိပါတယ် ခင်ဗျားတို့ ဂိုဏ်းကြီးတွေမှာ တပည့်တွေက အရမ်းများပြားလှသလို ပါရမီရှင်တွေကလည်း အဆက်မပြတ် ထွက်ပေါ်နေကြတာပါ.... ဂိုဏ်းထဲမှာ အရင်းအမြစ်တွေ အများကြီး ရှိနေပေမဲ့လည်း လူတိုင်းကို ဂရုစိုက်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး.... ခင်ဗျားတို့ ကိုယ်တိုင် ဆေးလုံးဖော်စပ်ခွင့် ရမယ့် အကြိမ်အရေအတွက်ကလည်း တော်တော်နည်းပါးမှာ သေချာပါတယ်.... ကျုပ်မှာ နည်းလမ်းတစ်ခု ရှိတယ်.... အဲ့ဒါက ခင်ဗျားကို စာတွေ့နဲ့ လက်တွေ့ကို ပေါင်းစပ်နိုင်ပြီး တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ ဒုတိယအဆင့်ဆေးဖော်ဆရာတစ်ဦး ဖြစ်လာစေဖို့ သေချာပေါက် ကူညီပေးနိုင်မှာပါ"
လော့ချန်၏ စကားများနှင့် ပတ်သက်ပြီး အထူးသဖြင့် ဆေးဖော်စပ်မှုနှင့်ပက်သက်ပြီး ပြောပြချက်များအပေါ် ထောင်ရိရှန်း အထူး ဂရုစိုက်နားထောင်ခဲ့သည်။ ထို့ကြောင့် သူသည် လော့ချန်၏ စေခိုင်းမှုဖြင့် ဒန်ရှားတောင်ရှိ လော့ထျန်းအဖွဲ့၏ ဆေးဖော်နန်းဆောင်သို့ ရောက်ရှိသွားခဲ့သည်။
လော့ချန်သည် ဆန်းပြားလှသော အမိန့်များ သို့မဟုတ် ရှုပ်ထွေးလှသော ညွှန်ကြားချက်များ မရှိခဲ့ဘဲ တစ်ခုတည်းသော အမိန့်ကိုသာ ပေးခဲ့သည်။
“ဖော်စပ်ပါ.... ဆေးလုံးတွေကို အင်တိုက်အားတိုက် ဖော်စပ်.... ဘာကို ကျွမ်းကျင်လဲ၊ အဲ့ကျွမ်းကျင်တာကို ဖော်စပ်ပါ.... လိုအပ်တဲ့ ကုန်ကြမ်းတွေကိုတော့ ကျွန်တော်တို့ လော့ထျန်းအဖွဲ့က ခင်ဗျားအတွက် ဝယ်ပေးမှာ ဖြစ်သလို အားလုံးကို ပြင်ဆင်ပေးမှာပါ၊ ပြီးတော့ ဆေးလုံးဖော်စပ်ဖို့ လိုအပ်တဲ့ မီးထိန်းတွေ၊ တပည့်တွေကိုပါ အကုန် အပြည့်အစုံ စီစဉ်ပေးမယ်ဗျာ.... အခြေခံကို ခိုင်မာအောင် လုပ်ပြီး စာတွေ့နဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင်တော့ ဒုတိယအဆင့် ဆေးဖော်ဆရာ ဖြစ်လာဖို့ဆိုတာ ခြေတစ်လှမ်းပါပဲ
ထောင်ရိရှန်း ဤအရာအပေါ် တစ်ဝက် ယုံကြည်ပြီး တစ်ဝက် သံသယ ရှိနေခဲ့သည်။ သို့သော်လည်း လော့ထျန်းအဖွဲ့၏ ဆေးဖော်နန်းဆောင်သို့ အမှန်တကယ် ရောက်ရှိသွားပြီးနောက် ပထမအဆင့် ဆေးလုံးများကို အမြောက်အမြား စတင် ဖော်စပ်လိုက်သည့် အခါတွင်မူ သူ စတင် သင်ယူခါစ ဖြစ်သော အမျိုးမျိုးသော ဆေးနည်းလမ်းများကို အမှန်တကယ်ပင် သိသိသာသာ နှုန်းထားဖြင့် ကျွမ်းကျင်လာခဲ့ရသည်။
တိုးတက်မှု နှုန်းထားမှာ လော့ချန်ကဲ့သို့ ကြောက်မက်ဖွယ် မကောင်းသော်လည်း အမှန်တကယ်ပင် တိုးတက်မှုများ ရှိနေခဲ့သည်။ နောက်ပိုင်းတွင်မူ လော့ချန် တိုက်တွန်းသည်ကိုပင် မစောင့်တော့ဘဲ သူကိုယ်တိုင် နေ့စဉ်ရက်စက် ဆေးဖော်နန်းဆောင်သို့ ပျော်ရွှင်စွာဖြင့် အပြေးအလွှား သွားချေတော့သည်။
ဤအတောအတွင်း လော့ချန်သည် ချွီလင်ကျွင်း၊ မာရှို့ဖူ စသော လူများကို တိတ်တဆိတ် ညွှန်ကြားချက် ပေးထားခဲ့ပြီး တစ်ဖက်လူကို တတ်နိုင်သမျှ မြှောက်ပင့် ပြောဆိုခိုင်းထားခဲ့သည်။ ထောင်ရိရှန်း၏ အားလပ်ချိန်များတွင် သူတို့၏ စာတွေ့ဆိုင်ရာ အရာများကို လမ်းညွှန်ပြသပေးစေရန် တတ်နိုင်သမျှ လုပ်ဆောင်စေခြင်း ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ တစ်ဖက်လူမှာ ဂိုဏ်းကြီးတစ်ခုမှ လာသူ ဖြစ်ပေသည်။ လက်တွေ့ လုပ်ဆောင်မှု မလုံလောက်သော်လည်း အမျိုးမျိုးသော စာတွေ့များမှာမူ အခြေခံ ဖြစ်စေ၊ အဆင့်မြင့် ဖြစ်စေ အားလုံးက စနစ်ကျကာ ပြည့်စုံလှသည်။ ထိုထဲမှ လက်သည်းခွံလောက်လေး ရခဲ့လျှင်ပင် သူတို့ကဲ့သို့ သာမန် နည်းလမ်းများဖြင့် ကြီးပြင်းလာခဲ့ရသော ဆေးဖော်ဆရာများအတွက်မူ အကျိုးကျေးဇူးများစွာ ရှိပေသည်။ ဤကဲ့သို့ဖြင့် ချွီလင်ကျွင်းနှင့် အခြားလူများ၏ စာတွေ့ပိုင်းဆိုင်ရာ လိုအပ်ချက်များမှာလည်း တဖြည်းဖြည်း ပြည့်စုံလာခဲ့ပြီး နေ့စဉ်နှင့်အမျှ တိုးတက်လာခဲ့ရသည်။
သေချာသည်မှာ ထောင်ရိရှန်း ဖော်စပ်လိုက်သော ထို များပြားလှသည့် ပထမအဆင့် ဆေးလုံးများမှာမူ လော့ထျန်းအဖွဲ့၏ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့ရသည်။ မည်သို့ပင်ဆိုစေ၊ ကုန်ကြမ်းများကို လော့ထျန်းအဖွဲ့က ထုတ်ပေးခြင်း ဖြစ်သလို အကူအညီပေးသော ကျင့်ကြံသူများကိုလည်း လော့ထျန်းအဖွဲ့က ထုတ်ပေးခြင်း ဖြစ်ပေသည်။ ထောင်ရိရှန်းက ဆေးဖော်အတတ်ပညာကို ရရှိခဲ့ပြီး လော့ထျန်းအဖွဲ့က ဆေးလုံးများကို ရရှိခဲ့ကာ အချို့သော ပထမအဆင့် ဆေးဖော်ဆရာများ၏ တိုးတက်မှုကိုပါ ရရှိခဲ့သဖြင့် မည်သူမျှ မနစ်နာချေ။
....
"အသက်အရွယ်က မငယ်တော့ပေမဲ့ စိတ်ထားကတော့ တကယ့်ကို ရိုးရှင်းလှပါပေတယ်.... အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ထိန်းချုပ်တာကို လွယ်လွယ်လေး ခံလိုက်ရတယ်ဆိုတော့…."
စီမာဟွေ့နန်သည် သစ်သားတိုင်ကို မှီထားရင်း သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်နေခဲ့သည်။
လော့ချန် ခေါင်းခါယမ်းလိုက်ရင်း
"ငါ သူ့ကို ထိန်းချုပ်တာ မဟုတ်ပါဘူး.... ဒီလို ငြီးငွေ့စရာကောင်းပြီး ထပ်တလဲလဲ လုပ်ဆောင်ရတဲ့ အလုပ်တွေက ဘယ်လိုပဲဖြစ်ဖြစ် ကျွမ်းကျင်တဲ့ ဆေးဖော်ဆရာတစ်ယောက် ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်ပဲလေ.... ပါရမီ ဘယ်လောက်ပဲ ကြီးမားပါစေ.... ကြိုးစားအားထုတ်မှု မရှိရင် အရည်အချင်းရှိတဲ့သူ ဖြစ်မလာနိုင်ပါဘူး”
ထိုစကားကို ကြားလိုက်ရသောအခါ စီမာဟွေ့နန် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ သူမသည် စီမံခန့်ခွဲမှုပိုင်းတွင် ကျွမ်းကျွင်သူ ဖြစ်သော်လည်း ထိုကဲ့သို့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးတော့ မဟုတ်ချေ။ ယခု လော့ချန်၏ စကားများကို ကြားမှသာ သူမ သေချာ နားလည်သွားတော့သည်။
အခြားအရာများကို မဆိုထားနှင့်၊ လော့ချန် တစ်ဦးတည်းကို ကြည့်လျှင် ဤမျှလောက်များပြားလှသော နှစ်များအတွင်း ကိစ္စကြီးများနှင့် မကြုံတွေ့ရသရွေ့ နေ့စဉ် ဆေးဖော်စပ်ခြင်းကို ဘယ်သောအခါမှ ရပ်တန့်ခဲ့ဖူးခြင်း မရှိချေ။ အစောပိုင်း နှစ်များအတွင်း၌မူ သူသည် ကိုယ်ပိုင်အင်အားတစ်ခုတည်းကို အားကိုးပြီး လော့ထျန်းအဖွဲ့၏ ဘဏ္ဍာရေးဖိအားကို တောင့်ခံပေးခဲ့ခြင်း ဖြစ်သည်။ ဤအရာမှာ ထိုဂိုဏ်းကြီးများမှ သက်တောင့်သက်သာ နေထိုင်ကြသော ဒုတိယအဆင့် ဆေးဖော်ဆရာများ ယှဉ်ပြိုင်နိုင်သော အရာမဟုတ်ချေ။
ဤကဲ့သို့ဖြင့် နေ့စဉ်နှင့်အမျှ ဆေးဖော်စပ်ခြင်း အလုပ်များအကြား၌ သူသည် မိမိ၏ ပြောင်မြောက်လှသော ဆေးဖော်စပ်ခြင်း အတတ်ပညာကို အားကိုးပြီး ရေခဲခံတပ်၏ ရွှေအမြုတေကျင့်ကြံသူကြီး၏ အာရုံစိုက်ခြင်းကို ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ဆေးဖော်စပ်ခြင်းကို မူလကတည်းက ကျွမ်းကျင်လှသော ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တပည့်ရင်းကပင် ကိုယ်တိုင် လာရောက် ရှာဖွေခဲ့ရသည်။
"မင်း ဒီနေ့ လာတာက ထောင်ရိရှန်းရဲ့ ကိစ္စလေးအကြောင်း ပြောဖို့သက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်"
လော့ချန် ဟွေ့နန်၏ ဆံနွယ်များကို သပ်ရင်း မေးမြန်းလိုက်သည်။ ဆံနွယ်များ၏ သင်းပျံ့လှသော ရနံ့မှာ လူကို စိတ်ချမ်းမြေ့စေလှသည်။
စီမာဟွေ့နန် သူ၏ ရှေ့တွင်ပင် သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါကတော့ ဒီနှစ် လော့ထျန်းအဖွဲ့ရဲ့ အကျိုးအမြတ်တွေပါ…. ကျွန်မ တချို့ကို အဖွဲ့ရဲ့ ဘဏ္ဍာတိုက်ထဲမှာ ချန်ထားခဲ့ပါတယ်…. ကျန်တဲ့ အရာအားလုံးကတော့ ဒီထဲမှာ ရှိပါတယ်"
လော့ချန် အံ့အားသင့်စွာဖြင့် ဝိညာဉ်အာရုံကို ၎င်းထဲသို့ ပို့လွှတ်ကြည့်လိုက်သည်။ အရေအတွက်က မများပြားလှဘဲ ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းမျှသာ ရှိပေသည်။
"အခုကတည်းက အကျိုးအမြတ်တွေ စရနေပြီလား"
စစ်ပွဲကြီး ပြီးဆုံးသွားခဲ့သည်မှာ သုံးနှစ်နီးပါးခန့် ရှိခဲ့ပြီ ဖြစ်သည်။ လက်ထဲသို့ ရောက်ရှိလာခဲ့သော အမျိုးမျိုးသော လုပ်ငန်း အရင်းအမြစ်များကို ကောင်းစွာလည်ပတ်ရန် အချိန်အတော်ကြာ လိုအပ်မည်ဟု လော့ချန် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ထင်မှတ်မထားဘဲ ဤမျှလောက် မြန်ဆန်စွာဖြင့် အကျိုးအမြတ်များ ထွက်ပေါ်လာခဲ့ရသည်။ ဤသုံးနှစ်အတွင်း သူ ကျောက်စိမ်းအမြုတေဆေးလုံးကို ဖော်စပ်ခဲ့သော အကြိမ်အရေအတွက်မှာ မများပြားလှချေ။ ဆိုလိုသည်မှာ ဤအကျိုးအမြတ် အများစုမှာ လော့ထျန်းအဖွဲ့ကိုယ်တိုင် ရှာဖွေထားခြင်း ဖြစ်ပေသည်။
စီမာဟွေ့နန် သက်ပြင်းတစ်ချက် ချလိုက်ရင်း
"ဒါတွေအားလုံးက လော့ထျန်း နန်းဆောင် ၉ ခုကို တည်ထောင်ခဲ့လို့ပါပဲ.... ထုတ်လုပ်နိုင်စွမ်းက လုံးဝ မြင့်တက်သွားခဲ့ပါတယ်.... ဒါကြောင့်လည်း ဒီလိုမျိုး အမြတ်တွေ ရလာခဲ့တာ ဖြစ်ပါတယ်"
မသိမသာဖြင့် စီမာဟွေ့နန်၏ စကားပြောဆိုပုံမှာ လော့ချန်နှင့် ပိုတူလာခဲ့သည်။ သူမ၏ စကားလုံးရွေးချယ်မှုများမှာပင် ပြတ်သားပြီး လက်တွေ့ကျလာခဲ့သည်။
"အခုအချိန်မှာ လော့ထျန်းအဖွဲ့ရဲ့ လက်နက်နန်းဆောင်ကလည်း သီးသန့်ရပ်တည်နိုင်နေပါပြီ.... ဝင်ငွေ အများဆုံးကတော့ စိုက်ပျိုးရေးနန်းဆောင်၊ သားရဲနန်းဆောင်၊ ဆေးဖော်နန်းဆောင် ပြီးတော့ ဆေးဝါးနန်းဆောင်တွေကနေ လာတာပါ.... ပြီးတော့ ချင်းဟွာမြစ် လီမျိုးနွယ်စုဆီကရတဲ့ အမြတ်အစွန်းတွေလည်း အများကြီးပါပါတယ်"
သူမ စကားများကို ပြောရင်း တစ်ဖက်မှလည်း လော့ချန်ကို လေးစားသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။ လော့ချန် ဤကိစ္စအချို့တွင် အင်အား အများကြီး စိုက်ထုတ်ခဲ့ကြောင်း သူမ သိထားသည်။ ယွမ်တုန်းရှန်းကို ရာထူးတိုးမြှင့်ပေးခြင်း၊ ရွှီဟွမ်ကျန်းကို ငှားရမ်းခြင်း ထို့အပြင် ချင်းဟွာမြစ် လီမျိုးနွယ်စုအတွက် ဆိုပါက တိုက်ပွဲကြီးတစ်ခုကိုပင် ဆင်နွှဲရန်ပင် ဝန်မလေးခဲ့ချေ။
ယခုအခါတွင်မူ နောက်ဆုံး၌ အကျိုးအမြတ်များကို မြင်တွေ့လိုက်ရပြီ ဖြစ်ကာ ကုန်ကျစရိတ်များကို နှုတ်ပြီးနောက် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းမျှသာ ကျန်ရှိတော့သော်လည်း သူ၏ယခင် ဆုံးဖြတ်ချက်မှာ လုံးဝ မှားယွင်းခြင်း မရှိကြောင်း မြင်တွေ့နိုင်ပေသည်။
"ကျွန်မကို အချိန်နည်းနည်း ထပ်ပေးပါဦး.... လော့ထျန်းအဖွဲ့ကို အခုထက် ပိုပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာပေးနိုင်အောင် လုပ်ဆောင်ပေးပါ့မယ်.... အဲဒီအချိန်ကျရင် အဖွဲ့ချုပ်ခေါင်းဆောင်အတွက် သုံးစွဲဖို့ ဝိညာဉ်ကျောက်တုံးတွေ ရှားပါးတော့မှာ မဟုတ်ပါဘူး"
"မင်းက တကယ့်ကို လူတော်တစ်ယောက်ပဲ"
လော့ချန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး နေရင်းနှင့်ပင် ဝိညာဉ်ကျောက်တုံးများကို အလုံးအရင်းနှင့် ရရှိနေရသော ခံစားချက်မှာ တကယ့်ကို ကျေနပ်စရာ ကောင်းလှသည်။ ယခင်က သာမန် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့စဉ်ကမူ သူ ဤကဲ့သို့သောအရာမျိုးကို အိမ်မက်ပင် မမက်ရဲခဲ့ပေ။
ခေတ္တမျှ ထပ်မံ စကားပြောဆိုပြီးနောက် စီမာဟွေ့နန် နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ လော့ချန် သူမကို ညအိပ်ရန် မပြောတော့ချေ။ သူမအား အဆင့်မြင့် ကျောက်စိမ်းနှင်းစက်ဆေးလုံး ၁၀ ပုလင်း ပေးခဲ့ပြီး သတင်းမပေါက်ကြားစေရန် မှာကြားခဲ့သည်။ စီမာဟွေ့နန်လည်း သူ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
သူမ ထွက်ခွာသွားပြီးနောက်တွင်မူ လော့ချန် ဝတ်စုံလက်အင်္ကျီကို မသိမသာ ဝှေ့ယမ်းလိုက်ရင်း ကျင့်ကြံအခန်းအတွင်းသို့ ဝင်ရောက်လိုက်တော့သည်။ လတ်တလော ပျင်းရိနေ၍ မဖြစ်ချေ။
ထောင်ဝမ် ချန်ထားခဲ့သော ဆေးလုံးများနှင့် သူကိုယ်တိုင် ပိုင်ဆိုင်ထားသော ဆေးလုံးအချို့ ပေါင်းစပ်လိုက်ပါက တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အသုံးခံနိုင်မည် ဖြစ်သည်။ ဤအချိန်မှာ ကွက်တိပင် ဖြစ်ပေသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ မျိုးဆက်သစ်ပြိုင်ပွဲ မစတင်မီ ကြားကာလနှင့် ကွက်တိဖြစ်ပြီး သူကိုယ်တိုင် အခြေတည်အဆင့် (၅) သို့ တက်လှမ်းရန် တွက်ချက်ထားသော အချိန်နှင့်လည်း အံဝင်ခွင်ကျ ဖြစ်နေခဲ့သည်။
"အဆင့်မြင့် နဂါးပျံဆေးလုံးက ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်"
ကျင့်ကြံအခန်းအတွင်း၌ လော့ချန် မျှော်လင့်ချက်ကြီးစွာဖြင့် ထိုအဆင့်မြင့် နဂါးပျံဆေးလုံး တစ်ပုလင်းကို ထုတ်ယူလိုက်သည်။
ဆေးလုံးကို မျိုချလိုက်ပြီးနောက် ကြီးမားလှသော ဆေးစွမ်းအင်များမှာ အဆက်မပြတ် ချေဖျက်ခြင်းအကြား၌ ပြင်းထန်စွာဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ သာမန် ချီသန့်စင်ဆေးလုံးများနှင့် ယှဉ်လျှင် နဂါးပျံဆေးလုံးမှာ အမြဲ ပြင်းထန်လှသော ဆေးစွမ်းအင်များကြောင့် ကျော်ကြားလှပြီး အားသာချက်မှာမူ ဆေးစွမ်းအင် ပိုမိုများပြားခြင်း ဖြစ်ပေသည်။ အကယ်၍ ကျင့်စဉ်သာ မနက်ရှိုင်းခဲ့ပါက ဤအဆင့်မြင့် ဆေးလုံးတစ်လုံးတည်းကို ကုန်ဆုံးစေရန်အတွက်ပင် ရက်ပေါင်းများစွာ အချိန် လိုအပ်ပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်မှာ ပါရမီရှင်အဆင့်သို့ ရောက်ရှိထားခဲ့ပြီး ဖြစ်သည်။ တစ်ကြိမ် လည်ပတ်လိုက်ရုံမျှဖြင့် ၎င်းကို ချေဖျက်နိုင်ပြီး ချီပင်လယ်အတွင်းသို့ သွတ်သွင်းနိုင်ပေသည်။
သူ အခြေတည် အဆင့် (၄) သို့ တက်လှမ်းခဲ့သည်မှာ သုံးနှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ သူ၏ မနားမနေ ကြိုးစားအားထုတ်မှုကြောင့် ကျင့်ကြံခြင်း အရှိန်မှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ဒီဆေးလုံးတွေနဲ့ဆိုရင်.... ငါ တစ်ချက်တည်းနဲ့ အဆင့် (၅) ကို သေချာပေါက် တက်လှမ်းနိုင်လိမ့်မယ်”
လော့ချန်နှင့် သူ၏စွန့်စားခန်းများ