အခန်း ၄၆၆
Vol. 47 Ch. 466
အခန်း (၄၆၆) - ရွှေအမြုတေအဆင့်ကျင့်ကြံသူပင် မရိပ်မိနိုင်သော ချီဖုံးကွယ်မှော်အတတ်
မျက်စိတစ်မှိတ်အတွင်း တစ်နှစ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယခင်အတိုင်း ထိုကျင့်ကြံအခန်း၊ ထိုလူသားပင် ဖြစ်သည်။ အချိန်များ ကုန်လွန်သွားခဲ့သော်လည်း ရုပ်ရည်မှာမူ မည်သည့် ပြောင်းလဲမှုမျိုးမျှ မရှိချေ။ မျက်ခုံးထူထူနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများ ရှိသည့် မျက်နှာပေါ်တွင် တည်ငြိမ်လှသော အမူအရာတစ်ခု ရှိနေခဲ့ပြီး မျက်တောင်များ မသိမသာ တုန်ခါနေခဲ့ကာ နိုးထလာတော့မည့် အရိပ်အယောင်များ ရှိနေခဲ့သည်။
နောက်ထပ် အခိုက်အတန့်၌ ပုံသဏ္ဍာန် မရှိသော ချီစွမ်းအင် လှိုင်းတစ်ခုမှာ တဖြည်းဖြည်းနှင့် ပြင်ပသို့ ပြန့်နှံ့သွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက်ပင် အစွမ်းထက်လှသော အရှိန်အဝါတစ်ခု တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့တော့သည်။ ဖိအား၏ ပြင်းထန်မှုမှာမူ အခြေတည် အဆင့် (၅) သာ ဖြစ်သော်လည်း သာမန် အခြေတည်အဆင့် (၆) ကျင့်ကြံသူများကို လုံးဝ ကျော်လွန်နေခဲ့သည်။ ထို့ထက်မက မရေမရာဖြင့် အခြေတည် နှောင်းပိုင်းကျင့်ကြံသူကြီးများ၏ ခံစားချက်မျိုးကိုပင် ထိတွေ့လုနီးပါး ဖြစ်နေခဲ့ရသည်။
လော့ချန် ရုတ်တရက် မျက်ဝန်းများကို ဖွင့်လိုက်သည်။ အမူအရာက ဝမ်းနည်းခြင်း သို့မဟုတ် ဝမ်းသာခြင်း မရှိဘဲ မျက်ဝန်းများအတွင်း၌ တည်ငြိမ်မှုများသာ ရှိနေခဲ့သည်။
"အခြေတည် အဆင့် (၅) ကို ရောက်သွားခဲ့ပြီ"
"ငါ ခန့်မှန်းထားတဲ့ အချိန်ထက် အနည်းဆုံး သုံး၊လေးလလောက် စောသွားခဲ့တာပဲ"
မူလက သူ ခန့်မှန်းထားသော အချိန်မှာ အကြမ်းဖျင်းအားဖြင့် နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ဖြစ်ပေသည်။ ထောင်ဝမ် မလာခင်ကပင် တစ်နှစ်နီးပါး ကုန်လွန်သွားခဲ့ပြီး ယခုအခါတွင်မူ ထပ်မံ၍ တစ်နှစ် ကုန်လွန်သွားခဲ့ပြန်သည်။ လက်ရှိအချိန်၌ နှစ်နှစ်ပင် မပြည့်သေးသော်လည်း သဘာဝကျကျ အဆင့်တက်နိုင်ခဲ့ခြင်း ဖြစ်ကာ ထိုထဲတွင် ထောင်ဝမ် ချန်ထားခဲ့သော ဆေးလုံးများမှာ ကြီးမားလှသော အကျိုးကျေးဇူးများကို စိုက်ထုတ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
လော့ချန် စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်ရာ အစွမ်းထက်လှသော ဝိညာဉ်အာရုံမှာ အရာအားလုံးကို တိတ်တဆိတ် ထိုးဖောက်ပြီး အပြင်သို့ ထွက်ပေါ်လာခဲ့သည်။
သူ မြင်တွေ့လိုက်ရသည်မှာ ဂူဗိမာန်အတွင်း၌ ဝိညာဉ်သန့်စင်အလံကို ကိုင်တွယ်နေသော ပိုင်မေလင်းဖြစ်ပြီး အပြင်သို့ လွှတ်ထားခြင်း ခံရသော ရှောင်ဟေးမှာမူ သွားတဖြဲဖြဲရှိနေသော်လည်း ပိုင်မေလင်း၏ ရှေ့တွင်မူ သာမန်အချိန်များထက် ရိုကျိုးနေသည်။ ထို့အပြင် ထိုဒုတိယအဆင့် ဝိညာဉ်စိုက်ခင်းအတွင်း၌လည်း အမျိုးမျိုးသော ဝိညာဉ်အပင်များမှာ စိမ်းလန်းကြီးထွားနေကြပြီး မည်သည့် ပိုးမွှား သို့မဟုတ် ပေါင်းမြက်များမှ မရှိချေ။ ၎င်းကို ကြည့်ခြင်းဖြင့် ယွမ်တုန်းရှန်း မကြာခဏ လာရောက်ပြီး သေသေချာချာ ပြုစုပျိုးထောင်ပေးနေကြောင်း သိနိုင်ပေသည်။ ထို့ထက်မက ပိုမို၍ မြင်တွေ့လိုက်ရသည်မှာ ဝေးကွာလှသော နေရာမှ အလောတကြီး ပြေးလွှားလာနေသော ထောင်ရိရှန်း ဖြစ်ပြီး သူသည် လော့ချန်၏ စူးစိုက်ကြည့်ရှုမှုကို လုံးဝ သတိမထားမိချေ။
လော့ချန် ဝိညာဉ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ သူ စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ ယခုအခါတွင်မူ ချီစွမ်းအင် အခြေခံမှာ ကျင့်ကြံခြင်း အဆင့်အတန်း တက်လှမ်းပြီးနောက် ထပ်မံ၍ အနည်းငယ် တိုးတက်လာခဲ့ပြန်သည်။ သူ၏ လက်ရှိ ချီစွမ်းအင်ဖြင့် ဆိုပါက သေချာပေါက် အခြေတည် အဆင့် (၈) ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။
၎င်းမှာ ကျင့်ကြံခြင်းအဆင့် တိုးတက်လာခြင်းကြောင့်သာမက သူ ရံဖန်ရံခါ သုံးစွဲလေ့ရှိသော ထိပ်တန်းအဆင့် ချီလမ်းကြောင်းဆေးလုံးများကြောင့်လည်း ဖြစ်သည်။ ပထမအဆင့် ဆေးလုံးများသာ ဖြစ်သော်လည်း အရေအတွက် ကြီးမားလှသလို၊ အရည်အသွေးလည်း မြင့်မားလှပေသည်။ ဖြစ်နိုင်သည်မှာ ဆေးလုံး တစ်လုံး သို့မဟုတ် နှစ်လုံးဖြင့် ထိရောက်မှုကို မမြင်တွေ့နိုင်သော်လည်း ရေရှည် သုံးစွဲမှုအောက်၌မူ အမှန်တကယ်ပင် သူ၏ ချီစွမ်းအင် အခြေခံကို တိုးတက်စေပေသည်။
ခန္ဓာကိုယ်၏ အခြေအနေကို စစ်ဆေးပြီးနောက် လော့ချန် ကျင့်ကြံခန်းအပြင်ဘက်မှ အလောတကြီး ရောက်ရှိလာသော ထောင်ရိရှန်းကို ဂရုမစိုက်တော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ မဆိုင်းမတွဘဲ အခြေအနေပြကြေးမုံပြင်ကို ဖွင့်လှစ်လိုက်တော့သည်။ ဝင်းပလှသော လမင်းကြီးပမာ အလင်းမျက်နှာပြင်တစ်ခု သူ့ရှေ့တွင် ပွင့်လင်းလာခဲ့သည်။
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း - ၄၅ / ၂၂၀
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)
အဆင့် - အခြေခံတည်ဆောက်ခြင်း အဆင့် ၅ (၁/၁၀၀)၊ သွေးမြစ်အဆင့် (၅၀/၁၀၀)
အောင်မြင်မှုအမှတ် - ၄၈
[ကျင့်စဉ်များ]
ထာဝရနုပျိုစိမ်းလန်းကျင့်စဉ် - ပါရမီရှင်အဆင့် (၅၃၇/၁၀၀၀)
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် - အထွတ်အထိပ်အဆင့်
ဝိညာဉ်သားရဲတစ်သောင်းကျင့်စဥ် - အခြေခံအဆင့် (၁၀/၁၀၀)
[မှော်အတတ်များ]
တတိယအဆင့်
သက်စောင့်လက်ညှိုး - အခြေခံအဆင့် (၁/၁၀၀)
ဒုတိယအဆင့်
မြေပြိုခြင်း - ပါရမီရှင်အဆင့် (၇၀၀/၁၀၀)
ဖန်သားနတ်ဘုံအကာအရံ - ပါရမီရှင်အဆင့် (၇၆၀/၁၀၀၀)
လိပ်ဝိညာဉ်ချပ်ဝတ်တန်ဆာ - ပြီးပြည့်စုံအဆင့် (၃၁၅/၅၀၀)
နေမီးလျှံအတတ် - ပါရမီရှင်အဆင့် (၆၇၀/၁၀၀၀)
ပထမအဆင့်
အသံလုံအတားအဆီး မှော်အတတ် - အထွတ်အထိပ်အဆင့်
စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၀၀/၅၀၀)
အထွတ်အထိပ်အဆင့် မှော်အတတ်များ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)
[ဆေးဖော်စပ်ခြင်း]
ကျောက်စိမ်းကွဲခြင်း - အထွတ်အထိပ်အဆင့်
သစ္စာနှလုံးသား - အထွတ်အထိပ်အဆင့်
ရေတံခွန်စိမ့်စမ်း - အထွတ်အထိပ်အဆင့်
တိမ်တိုက်အသွင်ပြောင်းခြင်း - အထွတ်အထိပ်အဆင့်
ချင်းယွမ်အဆိပ်ဖြေနည်း - ပါရမီရှင်အဆင့် (၇၀၀/ ၁၀၀၀)
ဖေယွမ်လက်ကွက် - တတ်မြောက်အဆင့် (၁၂၅/၂၀၀)
လင်းကျွမ်းလက်ကွက် - အခြေခံအဆင့် (၅/၁၀၀)
[ကိုယ်ခံပညာ]
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - အထွတ်အထိပ်အဆင့်
ကောင်းကင်နတ်သမီးပန်းကြဲခြင်း - ပါရမီရှင်အဆင့် (၅၀၁/၁၀၀၀)
ဝမ်မျိုးနွယ်စု လက်စွဲကျမ်း - ပြီးပြည့်စုံအဆင့် (၃၈၀/၅၀၀)
[အတတ်ပညာများ]
ဒုတိယအဆင့် ဆေးဖော်ဆရာ
ဒုတိယအဆင့် ဆေးလုံးများ
သွေးမိစ္ဆာဆေးလုံး - အထွတ်အထိပ်အဆင့်
ကျောက်စိမ်းနှင်းစက်ဆေးလုံး - အထွတ်အထိပ်အဆင့်
နတ်ဒေဝါပျားရည် - အခြေခံအဆင့် (၉/၁၀၀)
ပထမအဆင့်ဆေးလုံးများ
မှော်အာဟာရဆေးလုံး - အထွတ်အထိပ်အဆင့်
အံ့ဖွယ်တစ်သောင်းဆေးလုံး - အထွတ်အထိပ်အဆင့်
ကျောက်စိမ်းအမြုတေဆေးလုံး - အထွတ်အထိပ်အဆင့်
ချီလမ်းကြောင်းဆေးလုံး - အထွတ်အထိပ်အဆင့်
သွေးအဆီအနှစ်ဆေးလုံး - ကျွမ်းကျင်အဆင့် (၂၀၄/၃၀၀)
သိပ်သည်းလှသော စနစ်မျက်နှာပြင်ပေါ်တွင် အချက်အလက်များမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြန့်ကျက်သွားခဲ့သည်။ စာသားတစ်ခုပြီးတစ်ခု စီတန်းနေပြီး အဆုံးမရှိနိုင်တော့ဟု ထင်ရသည်။ ၎င်းမှာ သူ အထွတ်အထိပ် ရောက်ရှိထားပြီးဖြစ်သော ပထမအဆင့် မှော်အတတ်များစွာကို ဝှက်ထားခဲ့ပြီးသည့်တိုင် ကျန်ရှိနေသေးသော အရေအတွက် ဖြစ်သည်။ သို့သော်လည်း လော့ချန် ဤအရာအပေါ် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု ရှိမှသာလျှင် ဤမျှလောက်များပြားလှသော အမှတ်အသားများ ရှိလာနိုင်ခြင်း ဖြစ်ပေသည်။
"မသိမသာနဲ့ နောက်ထပ် လေးနှစ် ကုန်လွန်သွားခဲ့ပြန်ပြီ"
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ချင်းဟွာမြစ်၏ ထိုတိုက်ပွဲကြီးမှာ မျက်စိရှေ့တွင် ရှိနေဆဲ ဖြစ်ပုံရသလို မီးနဂါးကိုးဆင့်အစီအရင်ကြီးမှာလည်း ရှေ့တွင် ရှိနေခဲ့ပုံရသည်။ ထိုအချိန်မှစ၍ လေးနှစ်ဟူသော အချိန်က ထပ်မံ၍ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူမသိလိုက်ဘဲ သူ၏သက်တမ်းမှာ နှစ်ပေါင်း နှစ်ရာ့နှစ်ဆယ်အထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။ ဤသက်တမ်းတိုးလာခြင်းမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားလာခြင်းကြောင့်သာမက သူ၏ သွေးကြောအားလုံး ပွင့်သွားပြီးနောက် ခန္ဓာကိုယ် ကြံ့ခိုင်လာခြင်းကြောင့်လည်း ဖြစ်သည်။ သွေးမြစ်အဆင့်၏ တိုးတက်မှု မျဉ်းကြောင်းပေါ်တွင်လည်း (၅၀/၁၀၀) သို့ ရောက်ရှိနေသည်။
လော့ချန် ခေါင်းခါယမ်းလိုက်ရင်း လောလောဆယ် သက်တမ်း ကိစ္စကို မတွေးတောတော့ချေ။ သူသည် အလွန် ငယ်ရွယ်နေဆဲ ဖြစ်သည်။ ကျင့်စဉ်ကို ကြည့်ရှုလိုက်သည့် အခါတွင်မူ တစ်ခုတည်းသော အံ့အားသင့်စရာ ကိစ္စရပ်မှာ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ်ဟူသော ဤထူးခြားလှသော ကျင့်စဉ် အထွတ်အထိပ်ရောက်သွားခြင်း ဖြစ်ပေသည်။ အခြေတည် အဆင့် (၄) သို့ ရောက်ရှိပြီးနောက် သူသည် မိစ္ဆာချီများကို အသုံးပြု၍ ခန္ဓာကိုယ်ကို သန့်စင်ခြင်း သိပ်မလုပ်ဖြစ်တော့ပေ။ ဤကျင့်စဉ် ပြည့်စုံနိုင်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ သူ သွေးမိစ္ဆာဆေးလုံးများကို အသုံးပြုပြီး သွေးကြောများကို ဖွင့်လှစ်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ဤလုပ်ငန်းစဉ်အတွင်း၌ အဆက်မပြတ် ထိုကြောက်မက်ဖွယ်ကောင်းသော ဆေးစွမ်းအင်များကို ချေဖျက်ခဲ့ရပြီး ၎င်းထဲတွင် ယင်မိစ္ဆာချီ၏ အဆိပ်အတောက်များ ပါဝင်နေခဲ့သဖြင့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်က သူ့အတွက် ယူဆောင်လာပေးသော ပြောင်းလဲမှုမှာ အနည်းငယ် ထူးခြားလှပေသည်။ ၎င်းက သူ့အား အာရုံခွဲနိုင်စွမ်းကို ပေးစွမ်းခဲ့သည်။ ၎င်းမှာ သွေးကြောများကို ဖွင့်စဉ်အတွင်း မိစ္ဆာချီများကို သေးငယ်လှသော သွေးကြောမျှင်များအတွင်းသို့ လမ်းညွှန်ထိန်းချုပ်ခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။ လော့ချန်ကိုယ်တိုင်ပင် ဤအရာမှာ သူ လေ့ကျင့်ယူခဲ့သော စွမ်းဆောင်ရည်လော၊ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်ကြောင့် ထွက်ပေါ်လာသော စွမ်းဆောင်ရည် ဖြစ်သည်လော ဆိုသည်ကိုပင် အတိအကျ မပြောနိုင်ချေ။
ယခုအခါတွင်မူ လော့ချန်သည် စိတ်အာရုံတစ်ခုတည်းဖြင့် အလုပ်သုံးခုကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။ ဆေးဖော်စပ်သည့် အချိန်၌ တစ်ဖက်တွင် ကုန်ကြမ်းများကို ကိုင်တွယ်နိုင်သလို၊ တစ်ဖက်တွင်လည်း မီးကို ထိန်းချုပ်နိုင်ကာ၊ ထို့ထက်မက ဆေးအိုးအတွင်းရှိ ဆေးဘက်ဝင်အပင်များ၏ ပြောင်းလဲမှုများကိုပါ အချိန်မရွေး ဂရုစိုက်နိုင်ပေသည်။ အကယ်၍ တိုက်ပွဲတစ်ခုတွင် ဆိုပါက တစ်ပြိုင်နက်တည်း မှော်ရတနာ သုံးခုကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိပေလိမ့်မည်။
"ငါ ခန့်မှန်းထားတဲ့အထဲမှာ မပါပေမဲ့လည်း တကယ့်ကို အသုံးဝင်လှတဲ့ အစွမ်းပဲ"
လော့ချန် ဤအရာအပေါ် အလွန် စိတ်ကျေနပ်မှု ရှိပေသည်။
သူ မျက်ဝန်းများကို အောက်သို့ ရွှေ့လိုက်ရင်း မှော်အတတ်ကဏ္ဍပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။ ပထမဆုံး နေရာတွင် ရှိနေခဲ့သည်မှာ တတိယအဆင့် သက်စောင့်လက်ညှိုးဟူသည့် မှော်အတတ်တစ်ခု ဖြစ်သည်။ ထိုသက်စောင့်လက်ညှိုးမှာ လီကျင်ဟွမ်ထံမှ ရရှိလာခြင်း ဖြစ်သည်။ အခြေခံအဆင့်သို့ ရောက်ရှိပြီးနောက် ကျွမ်းကျင်မှု အမှတ်အသားမှာမူ မည်သည့် ပြောင်းလဲမှုမျှ မရှိချေ။ အခြားသော အကြောင်းရင်းများ မရှိချေ။ မည်သူမျှ လီကျင်ဟွမ်ကဲ့သို့ လော့ချန်နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဤမှော်အတတ်ကို အသုံးမပြုနိုင်ခြင်းကြောင့် ဖြစ်ပေသည်။ လော့ချန်သည်လည်း မိစ္ဆာကျင့်ကြံသူများကဲ့သို့ သာမန်လူများကို ရှာဖွေပြီး ဤမှော်အတတ်ကို အသုံးမပြုချေ။ ထို့ကြောင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ ၎င်းကို ထိုနေရာတွင် ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။
တတိယအဆင့်ပြီးနောက်တွင်မူ ပထမအဆင့်နှင့် ဒုတိယအဆင့် မှော်အတတ်များစွာ ရှိနေခဲ့သည်။ ပတ်ဝန်းကျင်၏ ကန့်သတ်ချက်များကြောင့် မြေပြိုခြင်း၊ နေမီးလျှံ စသော အကြီးစား ဒုတိယအဆင့် မှော်အတတ်များမှာ ပါရမီရှင်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် တိုးတက်မှု နှုန်းထားမှာ အလွန် နှေးကွေးသွားခဲ့ရသည်။ သူ့အနေဖြင့် ထျန်းလန်တောင်ပေါ်၌ မည်သည့် စိုးရိမ်ပူပန်မှုမျှမရှိဘဲ ဤကဲ့သို့သော မှော်အတတ်များကို အင်အားအပြည့်ဖြင့် လေ့ကျင့်ရန် မဖြစ်နိုင်ပေ။
ဤကဲ့သို့ ဖြစ်လာခဲ့မည် ဆိုပါက ကျွမ်းကျင်မှု အမှတ်အသားမှာလည်း သဘာဝကျကျ နှေးကွေးစွာ တိုးတက်မည် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဖန်သားနတ်ဘုံအကာအရံ၊ လိပ်ဝိညာဉ်ချပ်ဝတ်တန်ဆာ၊ အသံလုံအတားအဆီး စသော ကျယ်ပြန့်လှသော ပတ်ဝန်းကျင်ကို မလိုအပ်သည့် မှော်အတတ်များမှာမူ နေ့စဉ် ပုံမှန်လေ့ကျင့်မှုများကြောင့် သိသိသာသာ တိုးတက်လာခဲ့သည်။
ကြီးမားလှသော အောင်မြင်မှုများကို ရရှိခဲ့ကြသည်မှာ ဤမှော်အတတ်များသာ မဟုတ်ချေ။ ပြောရမည်ဆိုလျှင် ဤလေးနှစ်တာ ကာလအတွင်း၌ လော့ချန်၏ အကြီးမားဆုံးသော အောင်မြင်မှုမှာ ဆေးဖော်စပ်ခြင်းနှင့် သက်ဆိုင်သော အရာအားလုံးမှ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ဆေးဖော်ပညာပိုင်းတွင် ကျောက်စိမ်းကွဲလက်ကွက်၊ သစ္စာနှလုံးသားလက်ကွက်၊ ရေတံခွန်စိမ့်စမ်းလက်ကွက်၊ တိမ်တိုက်အသွင်ပြောင်းလက်ကွက် ဟူသော အခြေခံ လက်ကွက်ကြီး လေးခုစလုံးမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဖေယွမ်လက်ကွက်၊ လင်းကျွမ်းလက်ကွက်တို့ကလည်း ဆက်တိုက်ဆိုသလို အခြေခံအဆင့်သို့ ရောက်ရှိလာခဲ့ကြသည်။ အဆိပ်ဖြေနည်း ဖြစ်သော ချင်းယွမ်ဆေးအဆိပ်ဖြေနည်းမှာလည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် မဝေးတော့ချေ။ အများဆုံး နောက်ထပ် နှစ်အနည်းငယ်မျှသာ လိုအပ်ပေတော့မည်။
ထို့အပြင် သွေးမိစ္ဆာဆေးလုံးနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးတို့မှာလည်း သူ၏ နှစ်နှစ်တာ အင်အားစိုက်ထုတ်မှုအောက်၌ ဆက်တိုက်ဆိုသလို အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ကြသည်။ ယခုအခါ သူသည် စစ်မှန်သော ဆေးဖော်ဆရာကြီးတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ အခြေခံအုတ်မြစ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခိုင်မာလှသဖြင့် ထောင်ရိရှန်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခု၏ တပည့်ပင် သက်ပြင်းချပြီး ကိုးကွယ်အားကျရသော အခြေအနေမျိုး ရောက်နေသည်။
ပထမအဆင့် ထိပ်တန်း အရည်အသွေးရှိ ဆေးလုံးများကို သူ အလွယ်တကူ ဖော်စပ်နိုင်သည်။ ယခုအခါ ဒုတိယအဆင့် ထိပ်တန်း အရည်အသွေးရှိ ဆေးလုံးများကိုပင် အလွယ်တကူ ဖော်စပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ဤကဲ့သို့သော စွမ်းရည်မျိုးမှာ သာမန် ဒုတိယအဆင့် ဆေးဖော်ဆရာများ မည်သို့မျှ စိတ်ကူးပင် မယဉ်နိုင်သော အရာဖြစ်သည်။ အပြင်လောကရှိ လူသားများ၏ နှုတ်ဖျား၌ ရှိနေသော ဆေးဖော်ဆရာကြီးများပင် သူ့အား ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။ အမှန်စင်စစ် ဤအချက်ကြောင့်သာ လော့ချန် ထောင်ဝမ်နှင့် ဈေးနှုန်း ညှိနှိုင်းရဲခြင်း ဖြစ်သည်။ ထောင်ဝမ် နောက်ဆုံးတွင် ဂိုဏ်းမျိုးဆက်နေရာကို လုယူနိုင်မည်ဖြစ်စေ၊ မနိုင်မည်ဖြစ်စေ သူ မသိချေ။ သို့သော်လည်း သူသည် တစ်ဖက်လူကို ဒုတိယပွဲစဉ်ဖြစ်သော ဆေးဖော်ပြိုင်ပွဲတွင် သေချာပေါက် အနိုင်ရရှိအောင် လုပ်ပေးနိုင်သည်။ အကယ်၍ နောက်ဆုံး ထောင်ဝမ် ရှုံးနိမ့်သွားခဲ့မည် ဆိုပါကလည်း သူသည် တစ်ဖက်လူထံမှ ဒုတိယအဆင့် ကျင့်ကြံခြင်း ဆေးနည်းများနှင့် ရွှေအမြုတေမှတ်တမ်း ဟူသော အရာများကို ရရှိနိုင်မည် ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ သူ့ဘက်မှ အရှုံးမရှိချေ။
နောက်ဆုံး အခြေအနေပြကြေးမုံပြင်ကို ကြည့်ရှုပြီးနောက် လော့ချန် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။ စုစုပေါင်း ၄၈ မှတ်ရှိနေသော အောင်မြင်မှုမှတ်များကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ သူ၏ နှုတ်ခမ်းထောင့်များ မသိမသာ ကွေးညွတ်သွားခဲ့ရသည်။ ဖြစ်နိုင်သည်မှာ အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် သူသည် ကျောက်စိမ်းနှင်းစက်ဆေးလုံးပေါ်၌သာ အောင်မြင်မှုမှတ် ၁၀ မှတ်ကို ကုန်ဆုံးခဲ့ခြင်း ဖြစ်ပုံရသည်။ နှစ်ပေါင်းများစွာ စုဆောင်းမှုအောက်၌ လက်ရှိအချိန်၌ ဤမျှလောက် များပြားလာခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ ထောင်မျိုးနွယ်စုဘက်မှ သက်ဆိုင်ရာ ကျင့်ကြံခြင်းဆိုင်ရာ ဆေးနည်းများကို ရရှိနိုင်ခဲ့မည် ဆိုပါက သူ တိုက်ရိုက်ပင် အခြေခံအဆင့်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ထို့နောက် ကျွမ်းကျင်မှု အမှတ်အသားများကို အရူးအမူး တိုးတက်စေရင်း ၎င်းကို ထိပ်တန်းအရည်အသွေးရှိ အဆင့်သို့ ဖော်စပ်နိုင်မည် ဖြစ်သည်။ ဤကဲ့သို့ ဖြစ်လာခဲ့မည် ဆိုပါက သူသည် နောင်တွင် ကျင့်ကြံခြင်းဆိုင်ရာ အဆင့်မြင့်ဆေးလုံး ရှားပါးမှုအတွက် ဘယ်သောအခါမှ စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ချေ။
“အရာရာက ငါ့ရဲ့ အစီအစဉ်အတိုင်း ဖြစ်လာနေပြီ.... ကဲ.... အခုတော့ ငါနဲ့ ထိုက်တန်တဲ့ ဆေးနည်းတွေကို သွားပြီး သိမ်းပိုက်ရမယ့် အချိန်ပဲ”
လော့ချန် စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်ပြီး အထွတ်အထိပ်အဆင့်ရှိ ချီဖုံးကွယ်မှော်အတတ်ကို ရုတ်တရက် ဖြန့်ကျက်လိုက်ရင်း သူ ယခုလေးတင် ဖောက်ထွက်ထားခဲ့သော အခြေတည်အဆင့် (၅) ၏ ချီစွမ်းအင်လှိုင်းများကို ဖုံးကွယ်လိုက်တော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ ထပ်မံ၍ လိပ်ဝိညာဉ်ချပ်ဝတ်တန်ဆာ၏ လိပ်အသက်ရှူပညာကိုပါ ပူးတွဲအသုံးပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါမှာ မရှိသလောက်ပင် ဖြစ်သွားခဲ့ရသည်။ ဖြစ်နိုင်သည်မှာ နက်ရှိုင်းလှသော အိပ်စက်ခြင်းအတွင်းသို့ ကျရောက်သွားသော လိပ်ကြီးတစ်ကောင်ကဲ့သို့ပင်။
ဤနှစ်ခုလုံး ထပ်တူကျသွားပြီးနောက်တွင်မူ လော့ချန်၏ ကျင့်ကြံအဆင့်မှာ လုံးဝ ဥဿုံ ဖုံးကွယ်ခြင်း ခံလိုက်ရတော့သည်။ လော့ချန် လက်ရှိအချိန်၌ ယုံကြည်မှု ရှိနေခဲ့သည်မှာ ရွှေအမြုတ အထက်လူကြီးများ ထွက်ပေါ်မလာသရွေ့ မည်သူမျှ သူ၏ ကျင့်ကြံခြင်း အဆင့်ကို ထိုးဖောက်မြင်နိုင်မည် မဟုတ်ချေ။ ရွှေအမြုတေအထက်လူကြီးများ ရောက်လာသည့်တိုင် တစ်ဖက်လူက အာရုံအပြည့် မစိုက်ထားခဲ့ဘူး ဆိုလျှင် ဖုံးကွယ်နိုင်စွမ်း ရှိကြောင်း သူ ယုံကြည်ပေသည်။
သူ၏ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအားမှာ သာမန် အခြေတည်အဆင့် (၅) ကျင့်ကြံသူများထက် များစွာ သာလွန်နေသဖြင့် ၎င်းကို လောလောဆယ် ဖုံးကွယ်ထားခြင်းကသာ အကောင်းဆုံး ဖြစ်သည်။
အရာအားလုံးကို ပြင်ဆင်ပြီးနောက် သူ ကျင့်ကြံအခန်းအတွင်းမှ ထွက်လာခဲ့သည်။
"ရှောင်လင်း.... တံခါးဖွင့်ပြီး ဧည့်သည်ကို ကြိုဆိုလိုက်"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ