← Chapters

အခန်း ၄၆၇

Vol. 47 Ch. 467

အခန်း ၄၆၇

Vol. 47 Ch. 467

အခန်း (၄၆၇) - စတုတ္ထအဆင့် နှစ်တစ်သောင်းရေခဲကျောက်စိမ်းတုံး

ထောင်ရိရှန်း ရောက်ရှိလာခြင်းမှာ လော့ချန်အတွက် အံ့ဩစရာ မဟုတ်ချေ။ အချိန်ကို တွက်ချက်ကြည့်လျှင် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲ ကျင်းပရန် လအနည်းငယ်မျှသာ လိုအပ်တော့သည်။ ဤကဲ့သို့သော ပွဲကြီးပွဲကောင်းတွင် ပါဝင်ရန်အတွက် အချိန်ကို ကွက်တိကပ်ပြီး သွား၍ မရချေ။ သူရဲကောင်းမှာ အမြဲ နောက်ဆုံးအချိန်မှ ထွက်ပေါ်လာတတ်သည်ဟု ဆိုကြသော်လည်း ယခုတစ်ကြိမ် ဂိုဏ်းမျိုးဆက်ပြိုင်ပွဲတွင် လော့ချန်သည် အဓိကဇာတ်ဆောင် မဟုတ်ကြောင်း ထင်ရှားလှပေသည်။

ထောင်ရိရှန်းကို အနည်းငယ် အားပေးစကားဆိုပြီးနောက် ထွက်ခွာမည့်ရက်ကို အတိအကျ သတ်မှတ်လိုက်သည်။ ထို့နောက်တွင်မူ ခရီးဝေးတစ်ခု ဖြစ်သောကြောင့် မထွက်ခွာမီ သေသေချာချာ ပြင်ဆင်ရန်လိုအပ်သော အသေးအဖွဲ ကိစ္စရပ်များကိုသာ အာရုံစိုက် လုပ်ဆောင်ခဲ့တော့သည်။

ပထမဆုံး ကိစ္စမှာ ထန်ထိုက်ကျင်းထံသို့ သွားရောက်လည်ပတ်ခြင်း ဖြစ်ပေသည်။ ယခင်က စီမာဟွေ့နန် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ခဲ့ရခြင်းမှာ အဘွားရှီပေါ်ရင်းကြောင့်ဖြစ်သည်။ တစ်ဖက်လူက ဤကဲ့သို့သော ဂိုဏ်းအတွင်းရှိ လျှို့ဝှက်ချက်များကို ပြောပြရန် ဆန္ဒရှိခဲ့ခြင်းမှာ လော့ချန်၏ မကြာခဏ လာဘ်ထိုးမှုများကြောင့်သာ မဟုတ်ချေ။ ၎င်း၏ နောက်ကွယ်တွင် ထန်ထိုက်ကျင်း၏ ညွှန်ကြားချက်များ ရှိနေခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

"ဒီတစ်ကြိမ် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးတွေက ဒီလောက်တောင် များတာလား…."

လော့ချန် မထွက်ခွာမီ ထုတ်ယူလိုက်သော ဆေးလုံး အရေအတွက်ကို ကြည့်ရင်း ထန်ထိုက်ကျင်း အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

လော့ချန် မသိမသာ ပြုံးလိုက်ရင်း

"ဆေးဖော် အရည်အချင်း နည်းနည်း တိုးတက်လာလို့ပါဗျာ…. ဒီလောက် ထွက်လာတာက သဘာဝကျပါတယ်"

ထန်ထိုက်ကျင်း တစ်စုံတစ်ခုကို တွေးတောနေပုံရသည်။ သူမ လော့ချန်ကို ကြည့်ရင်း ယခင်ကကဲ့သို့ ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးခြင်း မပြုချေ။ သူမ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျောက်စိမ်းတုံးတစ်ခုကို ထုတ်ယူလိုက်သည်။

လော့ချန် စူးစမ်းလိုစိတ်ဖြင့်

"ဒါက….. စတုတ္ထအဆင့် နှစ်တစ်သောင်းရေခဲကျောက်စိမ်း"

"ဟုတ်တယ်"

ထန်ထိုက်ကျင်း ခေါင်းညိတ်လိုက်သည်။

လော့ချန် မျက်မှောင်ကြုတ်လိုက်ရင်း

"ဒါကို ဝိညာဉ်ကျောက်တုံးတွေအစား ပေးမလို့လား.... ဒါပေမဲ့ ကျွန်တော်မှ ဒါကို မလိုအပ်…."

သူ၏ စကားမဆုံးသေးချေ။ ထန်ထိုက်ကျင်းသည် ဝိညာဉ်အာရုံတစ်ခုကို လက်ဝါးအရွယ်အစားရှိ ထိုရေခဲကျောက်စိမ်းတုံးပေါ်သို့ ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းပြီး သေစေနိုင်လောက်သော စွမ်းအင်လှိုင်းတစ်ခုသည် အပြင်ဘက်သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

လော့ချန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့တော့သည်။

ဝှစ်….

ထန်ထိုက်ကျင်း လက်ကို ဝှေ့ယမ်းလိုက်သည့် အခါတွင်မူ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းမှာ နှစ်သောင်းချီ ရေခဲကျောက်စိမ်းအတွင်းသို့ ပြန်ရောက်သွားရသည်။ သူမ လော့ချန်ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီထဲမှာ ငါ့ဆရာရဲ့ အားအပြည့်နဲ့ တိုက်ခိုက်မှုတစ်ခု ပါဝင်နေတယ်…. တကယ်လို့ မင်း ရင်ဆိုင်လို့မရတဲ့ ရန်သူနဲ့ ကြုံတွေ့ရမယ်ဆိုရင် ဒါကို လှုံ့ဆော်လိုက်ရုံပဲ"

"ဒါ…. ကျွန်တော့်ကို ပေးတာလား"

လော့ချန် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

ထန်ထိုက်ကျင်း ခေါင်းညိတ်လိုက်ရင်း ထိုရေခဲကျောက်စိမ်းကို လော့ချန်ထံသို့ အလွယ်တကူ ပစ်ပေးလိုက်သည်။ လော့ချန် သေသေချာချာ ဖမ်းယူလိုက်ရင်း လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ မသိမသာဖြင့် အလွန်အမင်း အေးစက်လှသော စွမ်းအင်တစ်ခုမှာ အသွေးနှင့်အသားများကို ထိုးဖောက်သွားခဲ့ရသည်။

"တကယ်လို့ အဲဒီ တိုက်ခိုက်မှုကို လှုံ့ဆော်လိုက်ပြီးတာတောင်မှ ရန်သူကို မသတ်နိုင်ဘူး ဆိုရင်တော့ မင်း ဒီရေခဲကျောက်စိမ်းတုံးကို ဖျက်ဆီးလိုက်ပါ.... ဒါက ရေခဲပိတ်ဆို့ခြင်း မှော်အတတ်ကို ဖန်တီးပေးပြီး မင်းကို ကာကွယ်ပေးလိမ့်မယ်.... အာရုံခံစားမိတာနဲ့ ငါ့ရဲ့ ဆရာသခင် ကိုယ်တိုင် လာရောက်ပြီး မင်းကို ကယ်တင်ပေးလိမ့်မယ်"

‘တိုက်စစ်ရော ခံစစ်ပါ ပါတဲ့ ရတနာလား’

လော့ချန် ခေတ္တမျှ မှင်တက်သွားခဲ့ရသည်။ သူ ပါးစပ်ကို ဟစိဟစိ လုပ်ရင်း လည်ချောင်း ခြောက်ကပ်စွာဖြင့် ပြောဆိုလိုက်သည်။

"မိတ်ဆွေထန်ထိုက်ကို ကျေးဇူးတင်ပါတယ်…. ကရုဏာမဲ့နတ်သမီးကိုလည်း ကျေးဇူးတင်ပါတယ်"

မည်သည့် ငြင်းပယ်မှုမျိုးမျှ မရှိချေ။ လော့ချန်ဘက်ကလည်း ငြင်းပယ်ရန် မဖြစ်နိုင်ချေ။ ဤကဲ့သို့သော ရတနာမျိုးကို လူမိုက်မှသာ တွန်းထုတ်ပေလိမ့်မည်။

"ပြန်လာရင် ငါ့ကို ပြန်ပေးဖို့ မမေ့နဲ့ဦး"

ထန်ထိုက်ကျင်း တည်ငြိမ်စွာ ဆိုလိုက်သည်။

လော့ချန်၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး အနည်းငယ် တုံ့ပြန်မှု မရှိနိုင်ဘဲ ဖြစ်သွားခဲ့ရသည်။

‘ပြန်ပေးရဦးမှာလား’

သူ ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ လျင်မြန်စွာပင် နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။

လော့ချန်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ထန်ထိုက်ကျင်း မရေမရာဖြင့် နှမြောတသ ဖြစ်သွားခဲ့ရသည်။ ဤရေခဲကျောက်စိမ်းတုံးမှာ သူမ၏ ဆရာသခင်က လော့ချန်ကို ပေးရန် ညွှန်ကြားခဲ့ခြင်း မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ အခြေတည်အဆင့်သို့ ရောက်ရှိခါစ အချိန်၌ သူမ၏ ဆရာသခင်ကိုယ်တိုင် ပေးအပ်ခဲ့သော အသက်စောင့်ရတနာ ဖြစ်ပေသည်။ သာမန် အခြေအနေများအောက်၌မူ သူမ ၎င်းကို အပြင်လူများထံ ထုတ်ပြခြင်းပင် မပြုချေ။ ယခုတစ်ကြိမ်တွင်မူ ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့ရပြီး ၎င်းကို လော့ချန်ထံသို့ ငှားရမ်းပေးလိုက်ခြင်း ဖြစ်သည်။

"အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ရင် ကောင်းမှာပဲ"

သူမ အလွန် ရှင်းလင်းစွာ သိရှိထားသည်မှာ လော့ချန်၏ ဆေးဖော်အဆင့်အတန်းမှာ ထူးခြားလှပြီး ကျောက်စိမ်းနှင်းစက်ဆေးလုံးများသည်လည်း အမျိုးသမီးကျင့်ကြံသူများအတွက် အလွန်အမင်း အရေးပါလှသည်။ အကယ်၍ သူတို့ကြားတွင် တရားဝင် သဘောတူညီချက်သာ မရှိခဲ့လျှင် လော့ချန်သည် ထိုဆေးလုံးများကို အသုံးပြု၍ ထောင်ဝမ်ထံမှ အခြားသော အဆင့်မြင့် အရင်းအမြစ်များကို လွယ်လွယ်ကူကူ လဲလှယ်နိုင်မည် ဖြစ်သည်။

လက်ရှိအချိန်၌ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကြောင့် ကန့်သတ်ခံထားရသော်လည်း သဘောတူညီချက်မှာ အနှစ်တစ်ရာအတွင်းသာ ကန့်သတ်ထားခြင်း ဖြစ်သည်။ အကယ်၍ အနှစ်တစ်ရာ ကြာပြီးနောက် လော့ချန်သာ အဆင့်မြင့် ဆေးလုံးများအတွက် ဆေးလုံးစိမ်းချိုင့်ဝှမ်းဘက်သို့ ယိမ်းယိုင်သွားခဲ့မည် ဆိုပါက သူမတို့ ချန်ချင်အနွယ်အတွက် ကြီးမားလှသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။

"ထောင်မြင် ရာစွန့် ရမှာပဲလေ.... လော့ချန် ငါ့ရဲ့ ကောင်းကွက်တွေကို သတိရနိုင်ဖို့ မျှော်လင့်ပါတယ်"

....

ထျန်းလန်တောင်မှ ထွက်ခွာပြီးနောက် လော့ချန် မြို့ပြင်ရှိ ဒန်ရှားတောင်သို့ တိုက်ရိုက် ဦးတည်လိုက်တော့သည်။

လော့ထျန်းခန်းမဆောင်ကြီးအတွင်း၌ စီမာဟွေ့နန်က အစောဆုံး ရောက်ရှိနေခဲ့သည်။

"နန်းဆောင်သခင် ချင်လျန်ချန်း အခြေတည် ရှုံးနိမ့်သွားတဲ့ ကိစ္စကို အဖွဲ့ချုပ်ခေါင်းဆောင် သိပြီးပြီမလား"

စီမာဟွေ့နန်၏ မျက်နှာထားမှာ အနည်းငယ် ပျက်ယွင်းနေသည်။ ဤကိစ္စကို ပြောဆိုလိုက်သည့်အခါတွင် သူမ၏ မျက်နှာပေါ်၌ အရိပ်မည်းတစ်ခု ဖုံးလွှမ်းသွားခဲ့ပုံရသည်။

လော့ချန် သဘာဝကျကျပင် အစောကြီးကတည်းက သိရှိထားခဲ့ပြီး ဖြစ်သည်။ ထို့ထက်မက သူ အချိန်ဖယ်ကာ ချင်လျန်ချန်းကိုပင် သွားရောက် ကြည့်ရှုခဲ့ပြီးဖြစ်သည်။ အခြေတည် ရှုံးနိမ့်သွားခဲ့သော်လည်း လူကမူ ဘာမှမဖြစ်ချေ။ ပထမအချက်အနေဖြင့် နတ်ဒေဝါပျားရည်၏ ဆေးစွမ်းအင်မှာ အတော်လေး တည်ငြိမ်လှပြီး ဒုတိယအချက်အနေဖြင့် လော့ချန် ပေးထားခဲ့သော အဆင့်မြင့် အနှစ်သာရမွေးမြူရည် ရှိနေခဲ့သဖြင့် သူ အခြေတည် ရှုံးနိမ့်ပြီးနောက် ပေါက်ကွဲထွက်ပေါ်လာသော ချီစွမ်းအင်များကို သေသေချာချာ ပြုပြင်ရန် အချိန်အလုံအလောက် ရှိခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း လအနည်းငယ်ခန့် အနားယူလိုက်ပါက ပြန်လည် ကောင်းမွန်လာနိုင်သည်။ သို့သော်လည်း သူ၏ အခြေအနေဖြင့် ဆိုပါက ဤဘဝတွင် နောက်ထပ်တစ်ကြိမ် အခြေတည်အဆင့်ကို ထပ်မံ ကြိုးပမ်းရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။

စိတ်ခံစားချက် မကောင်းလှသော စီမာဟွေ့နန်ကို ကြည့်ရင်း လော့ချန် သူမကို နှစ်သိမ့်ပေးလိုက်သည်။

"ရှုံးနိမ့်တယ်ဆိုတာ အထူးအဆန်း မဟုတ်ပါဘူး.... လူ ဘာမှမဖြစ်ရင်ပဲ တော်ပါပြီ"

စီမာဟွေ့နန် သက်ပြင်းတစ်ချက် ချလိုက်ရင်း

"တွမ်ဖုန်း၊ မင်လုံယွီနဲ့ တခြားလူတွေ ဆက်တိုက် အောင်မြင်ပြီးတဲ့နောက် လော့ထျန်းအဖွဲ့ရဲ့ ကံတရားကတော့ ကုန်ဆုံးသွားခဲ့ပြီ ထင်ပါတယ်"

အမှန်တကယ် ထိုကဲ့သို့ ဖြစ်ပေသည်။ တစ်ချိန်က လော့ထျန်းအဖွဲ့သည် အခြေတည် ကျင့်ကြံသူများ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး အရပ်လေးမျက်နှာ တိုက်ပွဲများတွင် အနိုင်ရရှိခဲ့သဖြင့် အရှိန်အဝါက အတုမဲ့ ဖြစ်နေခဲ့သည်။ ယခုအခါတွင်လည်း လော့ထျန်းအဖွဲ့သည် တစ်ဟုန်ထိုး တိုးတက်နေခဲ့ပြီး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေခဲ့သည်။ သို့သော်လည်း အဖွဲ့ဝင်များ၏ အခြေတည် ခြေလှမ်းမှာမူ ရုတ်တရက်ပင် ရပ်တန့်သွားခဲ့ရသည်။

မုရုံချင်းလျန်၊ ဘီယန်ကျန်း၊ စီမာရှန့်၊ ချင်လျန်ချန်း လေးဦးစလုံး ဆက်တိုက် အခြေတည် ရှုံးနိမ့်သွားခဲ့ရသည်။ ဤကဲ့သို့သော အခြေအနေမျိုးမှာ အာဏာပိုင်တစ်ဦး ဖြစ်သော စီမာဟွေ့နန်အတွက်မူ အလွန်အမင်း စိတ်ဓာတ်ကျစေသည်။

လော့ချန် ခေတ္တမျှ သူမကို မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိတော့ချေ။ ပြောရမည်ဆိုလျှင် အခြေတည်အဆင့်သို့ ကံကောင်းစွာဖြင့် အောင်မြင်ခဲ့သော စီမာဟွေ့နန်မှလွဲ၍ လော့ထျန်းအဖွဲ့အတွင်း အောင်မြင်ခဲ့ကြသူများ အားလုံးမှာ ခိုင်မာလှသော အခြေခံအုတ်မြစ် ရှိကြသူများ ဖြစ်သည်။

တွမ်ဖုန်းမှာ မူလကတည်းက တွမ်မျိုးနွယ်စု၏ ပါရမီရှင်တစ်ဦး ဖြစ်ပြီး တွမ်ရွှေ မတိုင်ခင်ကပင် အလေးထားပြီး ပျိုးထောင်ခြင်း ခံခဲ့ရကာ နောက်ပိုင်းမှသာ စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်သည်။ မင်လုံယွီမှာလည်း မင်မျိုးနွယ်စု၏ သွေးမျိုးဆက် ဖြစ်ပြီး မင်မျိုးနွယ်စုတစ်ခုလုံး၏ အမွေအနှစ်များကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။ လော့ချန်နှင့် ဝမ်ယွမ်တို့မှာမူ ဆန့်ကျင်ဘက်အနေဖြင့် အခြေတည် ရှုံးနိမ့်မှု အတွေ့အကြုံ အတော်များများ ရှိခဲ့ဖူးသည်။ ကြီးမားလှသော ပင်ပန်းဆင်းရဲမှုများကို ဖြတ်သန်းပြီးမှသာ နောက်ဆုံး၌ အောင်မြင်မှု လမ်းစကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ပေသည်။

၎င်းနှင့် နှိုင်းယှဉ်ကြည့်လျှင် စီမာရှန့်၊ ချင်လျန်ချန်းနှင့် အခြားလူများမှာ အသက်အရွယ် အတော်လေး ကြီးလှပြီးဖြစ်သလို ပါရမီလည်း မကောင်းလှချေ။ သာမန် ကျင့်ကြံသူများကြား၌မူ ထူးချွန်သူများဟု ခေါ်ဆိုနိုင်သော်လည်း ဂိုဏ်းဝင်တပည့်များပင် မကြာခဏ ရှုံးနိမ့်တတ်သော အခြေတည်အတားအဆီးကြီး၏ ရှေ့မှောက်တွင်မူ သူတို့သည်လည်း ထူးခြားသူများ မဟုတ်ကြပေ။ ပြောနိုင်သည်မှာ အောင်မြင်မှုကို မျှော်လင့်သော်လည်း ရှုံးနိမ့်မှုကိုလည်း လက်ခံနိုင်သည်။

လော့ချန် စကားတစ်ခွန်းသာ ပြောဆိုနိုင်တော့သည်။

“ငါတို့ လော့ထျန်းအဖွဲ့မှာ အဆိုးတွေပြီးရင် အကောင်းတွေ ရောက်လာမှာပါ"

စီမာဟွေ့နန်လည်း သူမ၏ စိတ်ဓာတ်ကျနေမှုကို လော့ချန်အား ပြမိသွားကြောင်း သတိပြုမိသွားကာ အတင်းအကျပ် ပြုံးလိုက်ရင်း

"ရှင့်ကို စိတ်ပူစေမိပြီ"

"ဘာမှမဖြစ်ပါဘူး"

လော့ချန် ခေါင်းခါယမ်းလိုက်ရင်း

"မင်းက လော့ထျန်းအဖွဲ့အတွက် တွေးပေးနေတာပဲလေ.... ငါ နားလည်ပါတယ်"

သူတို့နှစ်ဦး စကားပြောဆိုနေကြစဉ်အတွင်း လော့ထျန်းခန်းမဆောင်ကြီး၏ ပြင်ပမှ ခြေသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ မကြာမီတွင် ဝမ်ယွမ်သည် ပထမဆုံးအဖြစ် လော့ထျန်းခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။ သူ နေရာတစ်ခုကို ရှာဖွေလိုက်ပြီး အလွယ်တကူ ဝင်ထိုင်လိုက်တော့သည်။

ထို့နောက်တွင်မူ တွမ်ဖုန်း၊ မင်လုံယွီတို့ ရောက်လာသည်။ နောက်ဆုံး၌ သားရဲနန်းဆောင်သခင် ရွှီဟွမ်ကျန်းလည်း တည်ငြိမ်စွာဖြင့် လမ်းလျှောက် ဝင်လာခဲ့သည်။ လော့ချန်ကို နှုတ်ဆက်လိုက်ပြီးနောက် သူလည်း သက်တောင့်သက်သာဖြင့် ဝင်ထိုင်လိုက်တော့သည်။

လော့ချန်သည် မြင့်မားလှသော နေရာတွင် ထိုင်နေခဲ့သည်။ သူသည် အောက်ဘက်တွင် ရှိနေကြသော အခြေတည် ကျင့်ကြံသူကြီး ငါးဦးကို ကြည့်ရင်း ယခင်က ဘီယန်ကျန်းနှင့် အခြားလူ လေးဦး ဆက်တိုက် အခြေတည် ရှုံးနိမ့်ခဲ့မှုကြောင့် ဖြစ်ပေါ်နေခဲ့သော စိတ်မကောင်းစရာ ခံစားချက်များမှာလည်း အတော်လေး ပြန်လည် သက်သာလာခဲ့ရသည်။ အနည်းဆုံးတော့ ဤသူများ ရှိနေသရွေ့ လော့ထျန်းအဖွဲ့သည် လောလောဆယ်တွင် ထိုအစွမ်းထက်လှသော လော့ထျန်းအဖွဲ့အဖြစ် တည်ရှိနေဦးမည် ဖြစ်ပေသည်။

"ဒီနေ့ ပြောမယ့် ကိစ္စက ရိုးရိုးလေးပါ.... ကျွန်တော် ခရီးဝေးသွားစရာလေး ရှိလို့ လအနည်းငယ်ကနေ တစ်နှစ်အထိ ကြာမြင့်နိုင်ပါတယ်.... ဒီကြားထဲမှာ အဖွဲ့ကို ခင်ဗျားတို့လက်ထဲပဲ ထည့်ထားခဲ့ရပါလိမ့်မယ်

သူ၏ ရုတ်တရက် ကြေညာချက်ကြောင့် စီမာဟွေ့နန်မှလွဲ၍ ကျန်ရှိနေသောသူများ အားလုံးမှာ သိသိသာသာ အံ့ဩသွားခဲ့ကြသည်။

သူတို့၏ အမူအရာများကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ လော့ချန် မိမိ မထွက်ခွာမီ ဤကဲ့သို့ လာရောက် ပြောဆိုခြင်းမှာ မှန်ကန်ကြောင်း သိလိုက်ရသည်။ ဤမျှလောက်များပြားလှသော နှစ်များအတွင်း၌ လူတိုင်းက သူ အမြဲရှိနေခြင်းအပေါ် ယဉ်ပါးနေခဲ့ကြပြီ ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် အဖွဲ့ကို ရှေ့တန်းမှရော နောက်ကွယ်မှပါ အရာရာကို လမ်းညွှန်ပေးခဲ့သည်။ အကယ်၍ သူ မရှိတော့သည့် အချိန်တွင် ပြဿနာတစ်ခုခု ကြုံလာရပါက သူတို့အဖို့ ခေါင်းဆောင်မဲ့ကာ ပျာယာခတ်သွားကြမည်ဆိုလျှင် ၎င်းမှာ ဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။ ဤမျှအထိ ကြီးမားလှသော အဖွဲ့အစည်းကြီးတစ်ခုသည် လူတစ်ယောက် မရှိရုံမျှဖြင့် ပြိုကွဲသွားမည် ဆိုပါက ၎င်းမှာ ပျက်စီးခြင်းသာ ဖြစ်လိမ့်မည်။

လော့ချန်လည်း အချိန်ဆွဲခြင်း မပြုဘဲ နောက်ပိုင်း လုပ်ဆောင်ရမည့် ကိစ္စရပ်များကို စတင် ဆွေးနွေးလိုက်တော့သည်။ မည်သည့် ကြီးမားလှသော ဆုံးဖြတ်ချက်မျိုးမျှ မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် မူလ အစီအစဉ်အတိုင်းသာ ကိစ္စရပ်များကို လုပ်ဆောင်ရန် မှာကြားလိုက်ခြင်း ဖြစ်သည်။

နှစ်နာရီခန့် ကြာပြီးနောက် ဝမ်ယွမ်နှင့် အခြားလူများ ဆက်တိုက် ထွက်ခွာသွားခဲ့ကြသည်။ လော့ထျန်းခန်းမဆောင်အတွင်း၌ ထပ်မံ၍ လော့ချန်နှင့် စီမာဟွေ့နန် နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။

"တခြား ကိစ္စ ရှိသေးလို့လား အဖွဲ့ချုပ်ခေါင်းဆောင်"

အမျိုးသမီးက စူးစိုက်၍ လော့ချန်ကို ကြည့်ကာ မေးလိုက်သည်။ တစ်ဖက်လူက သူမတစ်ဦးတည်းကိုသာ နေခဲ့စေခြင်း ဖြစ်သည်။

"ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး.... ဒါပေမဲ့ လင်ရှီးပိုးကောင်ကိုတော့ အသုံးပြုလို့ ရပါပြီ"

စီမာဟွေ့နန်၏ အံ့အားသင့်မှုများအကြား၌ လော့ချန် ယခင်က ချူခွေး သူမအတွက် ပေးခဲ့သော အခြေတည် ဂုဏ်ပြုလက်ဆောင်ကို ထုတ်ယူလိုက်သည်။ ထိုအချိန်က လက်ခံရရှိပြီးနောက် ၎င်းက လော့ချန်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ဤမျှလောက်များပြားလှသော နှစ်များအတွင်း သေချာစူးစမ်းမှုများ ပြုလုပ်ကြည့်ပြီးနောက် မည်သည့် ပြဿနာမျှ မရှိကြောင်း သေချာသွားခဲ့သည်။ ထို့အပြင် ယခုတစ်ကြိမ် ခရီးဝေးထွက်ရမည် ဖြစ်သဖြင့် လော့ချန် ရုတ်တရက် သတိရသွားခဲ့ပြီး ၎င်းကို အသုံးပြုရန် တွေးတောလိုက်ခြင်း ဖြစ်ပေသည်။

စီမာဟွေ့နန် မထိန်းနိုင်ဘဲ ရယ်မောလိုက်ရင်း

"ရှင့်ရဲ့ ဒီနေ့ လုပ်ရပ်တွေက တကယ့်ကို သေတမ်းစာ ရေးနေသလိုမျိုးပဲ…."

လော့ချန်လည်း ရယ်မောလိုက်မိသည်။ စိတ်ထဲတွင် တစ်ဦးတည်း ခရီးဝေးထွက်ရမည် ဖြစ်သောကြောင့် ဖြစ်ပေါ်နေခဲ့သည့် ထိုစိုးရိမ်ပူပန်မှုများမှာလည်း ဤရယ်မောခြင်းအကြား၌ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့ရသည်။ ကမ္ဘာကူးပြောင်းလာခဲ့ပြီးကတည်းက သူ အမှန်တကယ်ပင် တစ်ဦးတည်း ခရီးဝေး တစ်ခါမျှ မထွက်ခဲ့ဖူးပေ။

ရယ်မောပြီးနောက် သူ အနီရောင်ဖယောင်းအလွှာကို ခွာလိုက်ပြီး ထိုထဲတွင် အပြန်အလှန် မှီတွယ်နေကြသော နို့နှစ်ရောင် ပိုးကောင်ငယ်လေး နှစ်ကောင်ကို ထုတ်လိုက်သည်။

"မင်းနဲ့ငါ အနှစ်သာရ သွေးတစ်စက်ကို ထုတ်ယူပြီး သခင်အဖြစ် အသိအမှတ်ပြုခိုင်းရမယ်.... အဲဒီနောက် ခန္ဓာကိုယ်ထဲကို သွတ်သွင်းလိုက်ရုံပါပဲ"

ဤအရာများမှာ ပိုးကောင်ငယ်လေးများသာဖြစ်သဖြင့် အလွန်အမင်း အစွမ်းထက်လှသော ထိန်းချုပ်မှု နည်းလမ်းများကို မလိုအပ်ချေ။ သူတို့နှစ်ဦး စည်းမျဉ်းအတိုင်း လုပ်ဆောင်လိုက်ကြသည်။ မကြာမီတွင် အခြေတည် အနှစ်သာရ သွေးများကို ဝါးမြိုလိုက်သော လင်ရှီးပိုးကောင်များမှာ အရည်ပျော်လာသည်။ အရည်ပျော်သွားသော ပိုးကောင်များထံမှ ထွက်ပေါ်လာသည့် ဖြူဖွေးလှသော မြူခိုးများသည် သူတို့၏ စိတ်အာရုံကြောင့် ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားခဲ့ပြီး လက်မောင်းများတစ်လျှောက် စီးဆင်းသွားခဲ့ကာ နောက်ဆုံးတွင် ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်း၌ စက်ဝိုင်းပုံစံ အမှတ်အသားတစ်ခုအဖြစ် အခြေချသွားခဲ့တော့သည်။

လင်ရှီးပိုးကောင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့် အခါတွင်မူ စီမာဟွေ့နန် အနည်းငယ် အံ့အားသင့်စွာဖြင့် လော့ချန်ကို ကြည့်လိုက်မိသည်။

"တစ်ခုခုကို ခံစားနေရသလိုပဲ"

လော့ချန် ခေါင်းညိတ်လိုက်ရင်း

"စိတ်ချင်းဆက်နွှယ်တဲ့ အဆင့်အထိ ရောက်ချင်တယ် ဆိုရင်တော့ အနည်းဆုံးတော့ အချင်းချင်းရဲ့ အရှိန်အဝါတွေနဲ့ ဆယ်စုနှစ်ချီပြီး ထိန်းသိမ်းရမှာ ဖြစ်သလို တတိယအဆင့် ပိုးကောင်အထိ မြှင့်တင်ရမှာ.... အခုအချိန်မှာတော့ မင်းနဲ့ငါ အချင်းချင်းရဲ့ အကြမ်းဖျင်း တည်နေရာကိုပဲ သိနိုင်ဦးမယ်....”

“အခု ကိစ္စတွေ ပြီးသွားပြီဆိုတော့ ငါလည်း စိတ်အေးလက်အေးနဲ့ ခရီးထွက်လို့ ရပါပြီ"

ပြောပြီးနောက် လော့ချန် မတ်တတ်ရပ်လိုက်သည်။ သူ ထွက်ခွာရန် ပြင်ဆင်လိုက်ခြင်း ဖြစ်ပေသည်။ သို့သော်လည်း စီမာဟွေ့နန် သူ၏ ဝတ်စုံလက်အင်္ကျီကို လှမ်းဆွဲလိုက်သည်။

"မိုးချုပ်နေပြီ.... ရှင် အိပ်သွားမလား"

လော့ချန် ခေတ္တမျှ မှင်တက်သွားခဲ့ရသည်။ သူ ယခင်က ဤကဲ့သို့သော စကားလုံးမျိုးကို ပြောဆိုခဲ့ဖူးပုံရသည်။ ထိုအချိန်က စီမာဟွေ့နန် ငြင်းပယ်ခဲ့ခြင်း မရှိချေ။ ယခုအချိန်၌လည်း သူ ငြင်းပယ်မည် မဟုတ်ချေ။

....

နောက်တစ်နေ့ နံနက်အစောပိုင်း၌….။

လှေပျံတစ်စင်းမှာ ဒန်ရှားတောင်၏ လှေဆိပ်တွင် ဆိုက်ကပ်ထားခဲ့သည်။ အစိမ်းရောင် အလင်းတန်းတစ်ခု ဒန်ရှားတောင်အတွင်းမှ ပျံသန်းထွက်ပေါ်လာပြီးမှသာ လှေပျံမှာ တဖြည်းဖြည်းနှင့် စတင် လည်ပတ်ခဲ့ပြီး ကောင်းကင်ယံထက်သို့ ပျံတက်သွားခဲ့တော့သည်။ နောက်ဆုံး၌ ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဝေးကွာလှသော ကောင်းကင်ပြာကြီးအတွင်းသို့ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။

ဒန်ရှားတောင်ပေါ်မှနေ၍ စီမာဟွေ့နန် ဤမြင်ကွင်းကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့ပြီး စိတ်ထဲတွင် အနည်းငယ် ဟာတာတာ ဖြစ်သွားခဲ့ရသည်။ သူမသည် ထိုအလင်းတန်းကလေး သေးငယ်သွားပြီး လုံးဝ ကွယ်ပျောက်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။ ထိုအခါမှသာ သူမ သက်ပြင်းတစ်ချက် ချလိုက်ရင်း ကျောခိုင်း လှည့်လိုက်တော့သည်။

"ဟင်…."

မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိဘဲ ကူချိုင်ယီမှာ သူမ၏ နောက်တွင် ရပ်နေခဲ့ပြီ ဖြစ်သည်။

"ဘယ်အချိန်က ရောက်နေတာလဲ"

ကူချိုင်ယီ၏ မျက်နှာတွင် အေးစက်လှသော အမူအရာတစ်ခု ပေါ်လွင်နေခဲ့ပြီး

"ဪ.... အခြေတည်ကျင့်ကြံသူကြီးရဲ့ ဝိညာဉ်အာရုံနဲ့တောင်မှ ကျွန်မကို သတိမထားမိဘူးဆိုတော့ ကြည့်ရတာ စီမံခန့်ခွဲ့ရေးမှူးရဲ့ စိတ်နှလုံးသားတစ်ခုလုံး သူ့နောက်ပါသွားပြီ ထင်တယ်”

ဤစကားလုံးများမှာ အနည်းငယ် လှောင်ပြောင် သရော်မှုများ ပါဝင်နေခဲ့သည်။ စီမာဟွေ့နန် မျက်မှောင်ကြုတ်လိုက်မိသော်လည်း သူမနှင့် အငြင်းပွားရန် ဆန္ဒမရှိချေ။ တစ်ဖက်လူတွင် မည်ကဲ့သို့သော စိတ်ခံစားချက်မျိုး ရှိနေကြောင်း သူမ အကြမ်းဖျင်း နားလည်သောကြောင့် ဖြစ်သည်။

စီမာဟွေ့နန် လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ကူချိုင်ယီ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း သူမကို လှမ်းခေါ်လိုက်သည်။

"လော့ထျန်းအဖွဲ့ ရွှေနန်းဆောင်သခင် ကူချိုင်ယီ ချီသန့်စင်အထွတ်အထိပ်ကို ရောက်ပြီးပါပြီ.... ကုသိုလ်အမှတ်တွေလည်း ရှိပြီးသားဖြစ်လို့ အခြေတည်ဆေးလုံး တောင်းဆိုပါတယ်”

စီမာဟွေ့နန် ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်မိသည်။ ထိုချောက်ကမ်းပါး၏ ရှေ့တွင် မိုးမခပင်ကဲ့သို့ နုနယ်လှသော အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်၌ ကြီးမားလှသော ချီစွမ်းအင်လှိုင်းများမှာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ မြင့်တက်နေခဲ့တော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters