← Chapters

အခန်း ၄၆၈

Vol. 47 Ch. 468

အခန်း ၄၆၈

Vol. 47 Ch. 468

အခန်း (၄၆၈) - ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ ခရီးနှင်ခြင်း

စိမ်းမြသော တောင်တန်းများနှင့် ဖြူလွလွ တိမ်လိပ်များသည် နောက်ကွယ်တွင် တရိပ်ရိပ် ဝေးကွာကျန်ရစ်ခဲ့သည်။

လှေပျံငယ်တစ်စင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော တောင်တန်းကြီးများကို ဖြတ်ကျော်သွားခဲ့လေပြီ။

လော့ချန်သည် လှေပျံပေါ်တွင် မတ်တတ်ရပ်ရင်း ဝေးကွာလှသော နေရာရှိ အဆုံးမဲ့ကျယ်ပြောလှသည့် ဝါးတောကြီးကို လှမ်းမျှော်ကြည့်နေသည်။ သူ၏ နားထဲတွင်မူ ဂိုဏ်းသို့ ပြန်ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားမြူးတူးနေသော ထောင်ရိရှန်း၏ စကားသံများ ပဲ့တင်ထပ်နေခဲ့သည်။

"ဒီကနေ ဆေးလုံးစိမ်းချိုင့်ဝှမ်းကို မိုင်ပေါင်းသောင်းချီ ဝေးကွာပါတယ်.... ဒါပေမဲ့ ကျုပ်တို့ လှေပျံရဲ့ အမြင့်ဆုံးအရှိန်နဲ့ဆိုရင်တော့ နာရီအနည်းငယ်ပဲ ကြာမှာပါ"

လော့ချန်က ပြုံးလျက်

"ဒီလောက်အထိ အလျင်စလို သွားဖို့ လိုအပ်လို့လား"

ထောင်ရိရှန်းက သူ၏ ခေါင်းကို ကုတ်လိုက်ရင်း ဟီးဟီးဟားဟား ရယ်မောလိုက်သည်။

"စောစောပြန်သွားနိုင်ရင် မိတ်ဆွေလော့ ကျုပ်အစ်မကို ပိုပြီး ကူညီပေးနိုင်တာပေါ့"

"ခင်ဗျားတို့ မောင်နှမနှစ်ယောက်ကတော့ ပိုကိုပိုလွန်းပါတယ်ဗျာ”

လော့ချန် သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။ သူ သတိထားမိခဲ့သည်မှာ ထောင်ဝမ်နှင့် ထောင်ရိရှန်း မောင်နှမနှစ်ဦးသည် အတူတူရှိနေချိန်တွင် မသင့်မြတ်သကဲ့သို့ ရှိတတ်သော်လည်း အမှန်တကယ်၌မူ အချင်းချင်းအပေါ် ထားရှိသော သံယောဇဉ်က အလွန်ပင် နက်ရှိုင်းလှပေသည်။ ထောင်ရိရှန်းနှင့် ပထမဆုံး ဆုံတွေ့စဉ်ကပင် ထိုသူက မိမိအား ဤမျှလောက် ဆွဲဆောင်စည်းရုံးပြီး မိတ်ဆွေဖွဲ့ခဲ့ခြင်းမှာ ယခုတစ်ကြိမ် ဂိုဏ်းမျိုးဆက်ပြိုင်ပွဲအတွက် ဖြစ်ပေလိမ့်မည်။ သူ လုပ်ဆောင်ခဲ့သည်မှာ သူ့အစ်မအတွက် အားကိုးရမည့် အကူအညီတစ်ခု ရှာဖွေပေးချင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထောင်ဝမ်မှာလည်း ကြည့်ရသည်မှာ အေးစက်ခက်ထန်ပုံရသော်လည်း အမှန်တကယ်၌ မောင်ဖြစ်သူအပေါ် အတော်ချစ်ရှာသည်။ မောင်ဖြစ်သူအား ယွမ်ကျောက်နိုင်ငံသို့ စေလွှတ်ခဲ့ခြင်းဖြစ်စေ၊ ထျန်းလန်နတ်ဘုရားမြို့တော်တွင် ဇွတ်မှိတ်ထားခဲ့ခြင်းဖြစ်စေ အားလုံးမှာ မောင်ဖြစ်သူအား ဂိုဏ်းအတွင်းရှိ မငြိမ်မသက်မှုများမှ အကာအကွယ်ပေးရန် ဖြစ်သည်။ ထို့ထက်မက ထျန်းလန်တောင်ပေါ်ရှိ အဆင့်မြင့်ဂူဗိမာန်နှင့် အလျှံပယ်ရှိသော ကျင့်ကြံခြင်းအရင်းအမြစ်များကိုပါ ထောင်ရိရှန်းအတွက် ကြိုတင်ပြင်ဆင်ပေးထားခဲ့သေးသည်။

ဤကဲ့သို့ တစ်ဦးအပေါ်တစ်ဦး အကျိုးအမြတ်မတွက်ဘဲ ကိုယ်ကျိုးစွန့်ပြီး သံယောဇဉ်ကြီးမားလှသော မောင်နှမကို ပိုင်ဆိုင်ရခြင်းက ရှားပါးလှသော ကောင်းချီးတစ်ခုပင်။

ခြေဖဝါးအောက်ရှိ မိုင်ပေါင်းများစွာ ကျယ်ပြောလှသော ဝါးတောကြီးကို ကြည့်ရင်း လော့ချန် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ဒီနေရာက အရင်းအမြစ်တွေက ဒီလောက် ကြွယ်ဝလှတာကို.... ဘာဖြစ်လို့ ဒီနှစ်တွေအတွင်းမှာ ဘယ်အင်အားစုကမှ ဒီနေရာကို ငှားရမ်းတာမျိုး မရှိကြတာလဲ"

ထောင်ရိရှန်းက အနည်းငယ် လှည့်ကြည့်လိုက်ရင်း ပြုံးလိုက်သည်။

"ဒါကိုတော့ မိတ်ဆွေလော့ မသိသေးဘူး ထင်တယ်"

"ဒီနေရာက နာမည်အရ ထျန်းလန်နတ်ဘုရားမြို့တော်ရဲ့ အောက်မှာ ရှိနေပေမဲ့ အရင်တုန်းက ကျုပ်တို့ ဆေးလုံးစိမ်းချိုင့်ဝှမ်း ကျောက််စိမ်းအိုးနယ်မြေမှာ အခြေစိုက်ခါစအချိန်က ဒီနေရာကို ခဏ စီမံခန့်ခွဲခဲ့ဖူးတယ်.... ဒါပေမဲ့ နောက်ပိုင်းမှာ ကြီးမားတဲ့ စစ်ပွဲတစ်ခုကြောင့် ကျုပ်တို့ ဒီဝါးတောကြီးကို ခေတ္တ စွန့်လွှတ်ခဲ့ရတာ"

"နောက်ပိုင်း နတ်ဘုရားမြို့တော်ကို တည်ဆောက်ပြီး ဒီဝါးတောကြီးကို မြို့တော်ရဲ့ စီရင်ပိုင်ခွင့်ထဲ ထည့်သွင်းလိုက်တဲ့အချိန်တုန်းက အဲဒီအချိန်က ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းချုပ်က သဘောတူခဲ့တယ်.... ဒါပေမဲ့ နောက်ပိုင်းမှာ ကျုပ်တို့ ထောင်မျိုးနွယ်စုရဲ့ ဘိုးဘေးကြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းကို လွှမ်းမိုးချုပ်ကိုင်တဲ့အချိန်ကျတော့ ဂိုဏ်းခြောက်ခုရဲ့ လက်ထဲကနေ ဒီနေရာကို ပြန်ရွေးယူဖို့ ကြိုးစားခဲ့ပြန်ရော"

"အဲဒီလိုနဲ့ပဲ အပြန်အလှန် ဖြစ်ပျက်ရင်း ဒီဝါးတောကြီးက အငြင်းပွားဖွယ် နေရာတစ်ခု ဖြစ်လာခဲ့တာ.... ဒါကြောင့်မို့လို့ သာမန် ကျင့်ကြံသူ အင်အားစုတွေက ဘယ်လို သတ္တိမျိုးရှိလို့ ဒီနေရာကို ငှားရမ်းဝံ့ပါ့မလဲ"

လော့ချန် တစ်ခဏအတွင်းမှာပင် သဘောပေါက်သွားခဲ့ရသည်။ သူ ထျန်းလန်နတ်ဘုရားမြို့တော်သို့ ပထမဆုံး ရောက်ရှိခါစအချိန်က ရှီလန်သည် သူ့အတွက် ကောင်းမွန်လှသော နေရာအတော်များများကို မိတ်ဆက်ပေးခဲ့ဖူးသည်။ ၎င်းတို့အထဲတွင် ဤမိုင်ပေါင်းများစွာ ကျယ်ပြောလှသော ဝါးတောကြီးလည်း ပါဝင်နေခဲ့သည်။ ငှားရမ်းခဈေးနှုန်းမှာ မြင့်မားလှသော်လည်း တန်ဖိုးနှင့် လုံးဝ မကိုက်ညီလောက်အောင် သက်သာနေခဲ့သည်။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ငှားရမ်းခြင်း မပြုခဲ့ကြချေ။ ယခုကြည့်ရသည်မှာ ၎င်း၏ နောက်ကွယ်တွင် ဤကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

လော့ချန်က ခေါင်းခါယမ်းလိုက်ရင်း

"နှမြောစရာကောင်းလိုက်တာ.... ဒီဝါးတောကြီးရဲ့ အရင်းအမြစ်တွေက အလကား သဲထဲရေသွန် ဖြစ်ကုန်တာပေါ့"

ထောင်ရိရှန်းက အေးစက်စွာ ရယ်မောလိုက်ရင်း

“အလကားဖြစ်တော့ ဘာဖြစ်လဲ၊ အလွတ်အတိုင်း ထားပစ်ရင်ထားပစ်မယ်.... သူတစ်ပါးကိုတော့ ပေးလို့မရဘူး.... ဒါက မူလကတည်းက ကျုပ်တို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ပိုင်နက်ပဲ"

သာမန်အချိန်များတွင် ထောင်ရိရှန်းသည် ရိုးသားဖြူစင်ကာ သူတစ်ပါးအပေါ် သဘောကောင်းတတ်သူဖြစ်သည်။ သို့သော်လည်း တစ်ခါတစ်ရံတွင်မူ ယခုကဲ့သို့ ဂိုဏ်းတပည့်တစ်ဦး၏ ထောင်လွှားမှုကိုလည်း ပြသတတ်ပေသည်။

လော့ချန်လည်း ထိုအရာကို စိတ်ထဲမထားချေ။ တစ်ဖက်လူတွင် ထောင်လွှားဝံ့သော နောက်ခံကြီး ရှိနေသည် မဟုတ်ပါလော။ မိမိကဲ့သို့ အောက်ခြေမှ တက်လှမ်းလာခဲ့ရသူနှင့် မတူချေ။ မိမိတို့ကဲ့သို့ လူမျိုးမှာမူ အရာရာကို သုံးကြိမ်တိုင်တိုင် စဉ်းစားဆင်ခြင်ပြီးမှသာ လုပ်ဆောင်ရဲကြခြင်း ဖြစ်သည်။ သို့သော်လည်း အောက်ဘက်ရှိ အဆုံးမဲ့ကျယ်ပြောလှသော ဝါးတောကြီးကို ကြည့်ရင်း အကယ်၍ လော့ထျန်းအဖွဲ့သာ ဤနေရာကို ငှားရမ်းနိုင်ခဲ့မည်ဆိုပါက နှစ်စဉ် မည်မျှလောက်များပြားသော ဝိညာဉ်ကျောက်တုံးများကို ရရှိနိုင်မည်နည်းဟု တွေးတောမိသွားသည်။ အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်မှ စတင်ပေလိမ့်မည်။ ထို့ထက်မက ပို၍ များပြားနိုင်ပေသည်။

ထောင်မျိုးနွယ်စု၏ ဘိုးဘေးကြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းကို လွှမ်းမိုးချုပ်ကိုင်စဉ်က အဘယ်ကြောင့် ဤဝါးတောကြီးကို အဓမ္မ ပြန်လည် သိမ်းပိုက်ရန် ကြိုးစားခဲ့သည်မှာ မဆန်းတော့ချေ။ လော့ချန် သွားရည်ကျမိသွားသော်လည်း ဤကဲ့သို့သော နေရာကောင်းကို လက်ရှိ လော့ထျန်းအဖွဲ့၏ အင်အားဖြင့် အရယူရန် မဖြစ်နိုင်သေးသည်ကို သိရှိပေသည်။

သူ ဤကဲ့သို့သော ကိစ္စရပ်များကို ဆက်လက် မတွေးတောတော့ချေ။

လှေပျံသည် ဒန်ရှားတောင်နှင့် ပိုမိုဝေးကွာလာသည်နှင့်အမျှ သူ၏ အတွေးအာရုံများသည်လည်း တဖြည်းဖြည်းနှင့် ပျံ့လွင့်လာခဲ့ရသည်။ ထို့နောက် အသေးအဖွဲ အကျိုးအမြတ်များအတွက် စိတ်ပူပင်မနေတော့ဘဲ ထောင်ရိရှန်းနှင့်အတူ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ယခုတစ်ကြိမ် ဂိုဏ်းမျိုးဆက်ပြိုင်ပွဲအကြောင်းကို စတင် ဆွေးနွေးလိုက်တော့သည်။

"ဂိုဏ်းမျိုးဆက်ပြိုင်ပွဲက သိပ်ပြီးတော့ ရှုပ်ထွေးတာမျိုး မဟုတ်ပါဘူး…. ဆေးလုံးစိမ်းချိုင့်ဝှမ်းက တပည့်တွေထဲက အခြေတည်နှောင်းပိုင်းအဆင့်ကို ရောက်ရှိထားပြီး အသက် ၁၅၀ အောက် ရှိတဲ့သူမှန်သမျှ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်”

ပထမဆုံးသော ကန့်သတ်ချက် အခြေအနေကို ကြားလိုက်ရသည့်အခါ လော့ချန် အတော်လေး ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ သို့သော် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူဦးရေမှာ အနည်းဆုံး လူတစ်ရာကျော် ရှိပေသည်။ အကယ်၍ သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသော အဘိုးကြီးတစ်ဦးက ဂိုဏ်းမျိုးဆက်နေရာကို လုယူသွားခဲ့ပြီး နောက်တစ်နှစ်တွင် သေဆုံးသွားခဲ့မည် ဆိုပါက ရယ်စရာကြီး ဖြစ်သွားနိုင်သည် မဟုတ်လော။ ယခုကြည့်ရသည်မှာ "အသက် ၁၅၀ အောက်" ဟူသော ဤအခြေအနေက ထိုကဲ့သို့သော ဖြစ်နိုင်ခြေများကို ကွက်တိ ကန့်သတ်ပေးထားခြင်း ဖြစ်ပေသည်။

သို့သော်လည်း အသက် ၁၅၀ မပြည့်သေးဘဲ အခြေတည်နှောင်းပိုင်းသို့ ရောက်ရှိထားသော သူများမှာမူ ပါရမီရှင် ပုဂ္ဂိုလ်ကြီးများ ဖြစ်ပေလိမ့်မည်။ အကြမ်းဖျင်းအားဖြင့် ဂိုဏ်းကြီးများမှသာလျှင် ဤကဲ့သို့သော စည်းမျဉ်းကို ချမှတ်ဝံ့ကြခြင်း ဖြစ်ပေသည်။

ထို့ထက်မက ကျောက််စိမ်းအိုးနယ်မြေတစ်ခုလုံး၏ ဂိုဏ်းကြီးခုနစ်ခုအတွင်း၌ပင် အဓိက အရှင်သခင် ကျောက််စိမ်းအိုးဓားဂိုဏ်းနှင့် ဆေးဖော်စပ်ခြင်းတွင် ကျွမ်းကျင်လှသော ဆေးလုံးစိမ်းချိုင့်ဝှမ်းတို့သာလျှင် ဤကဲ့သို့ လုပ်ဆောင်ရန် ဝံ့ရဲကြခြင်း ဖြစ်သည်။

"လက်ရှိအချိန်မှာ ဒီအခြေအနေနဲ့ ကိုက်ညီတဲ့လူက ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းထဲမှာ အယောက်သုံးဆယ်လောက် ရှိတယ်.... သူတို့ထဲက ခုနစ်ပုံတစ်ပုံလောက်ကတော့ ပါဝင် ယှဉ်ပြိုင်လာကြဖို့ ရှိပါတယ်.... ကျုပ်အစ်မရဲ့ အဓိက ပြိုင်ဘက်တွေကတော့ ရှန်ကွမ်းယန်၊ ဟယ်ယွမ်ချင်း၊ ဖူလီ...."

ထောင်ရိရှန်း ရွတ်ဆိုလိုက်သော နာမည်များစွာမှာ ဆယ်ဂဏန်းမက ရှိနေသဖြင့် လော့ချန်၏ မျက်ခုံးများပင် ပင့်တက်သွားခဲ့ရသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ကြွယ်ဝချမ်းသာလှသည်ဟု ဆိုသော်လည်း အဆုံးတွင်မူ ကျောက််စိမ်းအိုးဓားဂိုဏ်းခုနစ်ခုအနက်မှ ရွှေအမြုတေအဆင့်ရှိ ဂိုဏ်းကြီးတစ်ခုသာ ဖြစ်ပေသည်။ အတွင်းပိုင်း အားပြိုင်မှုများက ဤမျှလောက်အထိ ပြင်းထန်လိမ့်မည်ဟု လော့ချန် မမျှော်လင့်ထားခဲ့ချေ။

နောက်ဆုံးတွင် ထောင်ရိရှန်း၏ လေသံက ရုတ်တရက်ပင် လေးနက်တည်ကြည်သွားခဲ့ရသည်။

"နောက်ဆုံးအနေနဲ့ အစ်ကိုကြီးတန်ရန်ဇီလည်း ရှိသေးတယ်"

ဤစကားကို ကြားလိုက်ရသည့်အခါ လော့ချန် မသိမသာ မှင်တက်သွားခဲ့ရသည်။

"သူက ဂိုဏ်းမျိုးဆက်နေရာကနေ ဖယ်ရှားခံထားရတာ မဟုတ်ဘူးလား.... ဘာဖြစ်လို့ အခုတစ်ကြိမ် ပြိုင်ပွဲမှာ ထပ်ပြီး ပါဝင်နိုင်ရတာလဲ"

ထောင်ရိရှန်းက ခေါင်းခါယမ်းလိုက်ရင်း

“အထက်လူကြီးတွေရဲ့ စိတ်ကို ကျုပ် ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်ပါ့မလဲ.... ကြားသိရသလောက်တော့ အစ်ကိုကြီးတန်ရန်ဇီက အမှားကြီးကြီးတစ်ခုကို ကျူးလွန်ခဲ့မိလို့ ဂိုဏ်းမျိုးဆက်နေရာကနေ ဖယ်ရှားခံခဲ့ရတာ.... ဒါပေမဲ့ အဲဒီအမှားက ခွင့်မလွှတ်နိုင်စရာ အမှားမျိုးတော့ မဟုတ်ဘူး.... ပြီးတော့ အခုအချိန်မှာ ကျောက််စိမ်းအိုးနယ်မြေကလည်း အရေးကြီးတဲ့ အချိန်ကို ရောက်နေတာဆိုတော့ နောက်မျိုးဆက်တွေထဲကနေ အစွမ်းထက်တဲ့ ခေါင်းဆောင်တစ်ယောက် တကယ်ကို လိုအပ်နေတာ…. အစ်ကိုကြီးတန်ရန်ဇီက တကယ်ကို အစွမ်းထက်လွန်းပါတယ်"

လော့ချန် နားမလည်နိုင်သေးဘဲ

"ကျွန်တော်သိရသလောက်တော့ သူက ဂိုဏ်းမျိုးဆက်နေရာမှာ ဆယ်စုနှစ်တစ်ခုကျော် ထိုင်ခဲ့တာဆိုတော့ အဆက်အသွယ်တွေနဲ့ အင်အားစုတွေက အခိုင်အမာ ရှိနေခဲ့ပြီ.... တကယ်လို့ သူသာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် ခင်ဗျားအစ်မအတွက် အခွင့်အရေး ရှိပါဦးမလား"

ဤနေရာသို့ ရောက်ရှိလာသည့်အခါတွင်မူ ထောင်ရိရှန်း၏ အမူအရာမှာ အတော်လေး ပေါ့ပါးသွားခဲ့ရသည်။ သူ ပေါ့ပါးလှသော လေသံဖြင့် ပြောဆိုလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အမှားလုပ်ခဲ့ဖူးတဲ့သူဆိုတော့ အခုတစ်ကြိမ် ပြိုင်ပွဲမှာ အစ်ကိုကြီးက ကန့်သတ်ချက်အချို့ ချခံထားရတယ်.... ပွဲစဉ်တစ်ခုလုံး အစကနေ အဆုံးအထိ သူက သူ့ဘာသာ အပြီးသတ်ရမှာဖြစ်ပြီး ဘယ်စစ်ကူကိုမှ ဖိတ်ခေါ်ခွင့် မရှိပါဘူး"

"ပထမအဆင့်ကနေ တတိယအဆင့်အထိ စစ်ကူ ခေါ်ခွင့် မရှိဘူးလား"

"ဟုတ်တယ်"

ဤကဲ့သို့ ပြောဆိုလိုက်သည့်အခါ လော့ချန်၏ မျက်နှာမှာလည်း အတော်လေး ပေါ့ပါးသွားခဲ့ရသည်။ သူသည် ဤနှစ်နှစ်တာအတွင်း၌ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းမျိုးဆက်နေရာ လုယူသည့် အသေးစိတ် အချက်အလက်များကို အတော်များများ စုံစမ်းထားခဲ့ဖူးသည်။ ပြောနိုင်သည်မှာ ကူညီသူ မရှိသည့် အခြေအနေအောက်တွင် ဂိုဏ်းမျိုးဆက်နေရာကို လုယူရန်အတွက် အလွန်အမင်း ခက်ခဲလှပေသည်။ အကယ်၍ အမှန်တကယ်ပင် အောင်မြင်သွားခဲ့မည်ဆိုပါက ၎င်းက ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ နှစ်ပေါင်းတစ်ထောင်အတွင်း ထွက်ပေါ်လာခဲ့ဖူးခြင်းမရှိသည့် ထူးခြားဆန်းပြားသော ပါရမီရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။ မည်သူမဆို ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြပေလိမ့်မည်။

အခြေအနေများ ပေါ့ပါးသွားပြီးနောက် ဆွေးနွေးကြသော အကြောင်းအရာများမှာလည်း အတော်လေး ပေါ့ပါးလာခဲ့သည်။

လော့ချန် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့ ခင်ဗျားက တခြားလူတွေကိုကျတော့ နာမည်တိုက်ရိုက် ခေါ်ပြီး အဲ့အစ်ကိုကြီးကိုကျတော့မှ ဘွဲ့အမည်နဲ့ ခေါ်ရတာလဲ"

"ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ပွဲဝင်မယ့် ဂိုဏ်းတူအစ်ကိုတွေ၊ အစ်မတွေ အတော်များများမှာ ဘွဲ့အမည် မရှိကြလို့လေ"

ထောင်ရိရှန်း သဘာဝကျကျပင် ပြန်လည် ဖြေကြားလိုက်သည်။

လော့ချန် ဇဝေဇဝါ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ အသေးစိတ် ရှင်းလင်းပြသခဲ့သည်။

မူလက ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွင်း၌ ဆေးဖော်ပညာတွင် ထူးချွန်ထက်မြက်လှသော လူများကိုသာ ဘွဲ့အမည်များ ပေးအပ်လေ့ရှိခြင်း ဖြစ်သည်။ ထိုသူ၏ ကျင့်ကြံခြင်းအဆင့်က နောက်ကျနေခဲ့လျှင်ပင် ဂိုဏ်းတစ်ခုလုံး၏ လေးစားမှုကို ရရှိနိုင်ကြပေသည်။ ဤအချက်မှာ အခြားသော ဂိုဏ်းကြီးများနှင့် လုံးဝ ခြားနားလှသော အချက် ဖြစ်ပေသည်။

လက်ရှိဆေးလုံးစိမ်းပါရမီရှင်ခုနှစ်ဦးတွင် တစ်ဦးချင်းစီတိုင်းက အလွန်အမင်း ထူးချွန်လှသော ဒုတိယအဆင့် ဆေးဖော်ဆရာများ ဖြစ်ကြသည်။ တန်ရန်ဇီမှာမူ ဆေးလုံးနှင့် ဓားသိုင်း နှစ်မျိုးစလုံးတွင် ပြိုင်ဘက်ကင်းသူဟု ကျော်ကြားလှပေသည်။ သူ၏ တိုက်ခိုက်ရေး နည်းလမ်းများက ထူးချွန်လှရုံသာမက ဆေးဖော်စပ်ခြင်း အတတ်ပညာတွင်လည်း ဆေးလုံးစိမ်းပါရမီရှင်ခုနှစ်ဦး၏ ထိပ်ဆုံးတွင် တည်ရှိနေခဲ့သည်။

ထို့အပြင် အသက်အရွယ် ကြီးရင့်လှသော ဟွမ်ဟယ်ဇီ၊ ရွှမ်ယွမ်ဇီ တို့ကဲ့သို့သော ကျင့်ကြံသူများမှာမူ ကျင့်ကြံခြင်းအဆင့်က အခြေတည်အစောပိုင်းအဆင့်တွင်သာ ရှိနေကြသော်လည်း အလားတူပင် ထူးခြားလှသော ဆေးဖော်စပ်ခြင်း အတတ်ပညာကို အခြေခံပြီး ပါရမီရှင်ခုနစ်ဦးအဖွဲ့အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကြကာ အားလုံး၏ လေးစားမှုကို ရရှိထားကြခြင်း ဖြစ်သည်။

ဤအချက်နှင့် ပတ်သက်၍ လော့ချန် သက်ပြင်းတစ်ချက်သာ ချနိုင်တော့သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းဟူသော ဆေးဖော်စပ်ခြင်းဖြင့် ထွန်းတောက်လာခဲ့သည့် ဂိုဏ်းကြီးသည် ဆေးဖော်ပါရမီရှင်များအပေါ် အလွန်အမင်း အလေးထားလှပေသည်။

ဖြစ်နိုင်သည်မှာ ဤအချက်ကြောင့်ပင် ကျောက််စိမ်းအိုးဓားဂိုဏ်းခုနစ်ခုအနက်၊ အရှင်သခင် ကျောက််စိမ်းအိုးဓားဂိုဏ်းမှလွဲ၍ ဆေးလုံးစိမ်းချိုင့်ဝှမ်းတစ်ခုတည်းသာ အခြေတည်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ အရေအတွက် အများဆုံးကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေလိမ့်မည်။ သူတို့က မိမိတို့၏ အခြေခံအုတ်မြစ်ကို မေ့လျော့ခြင်း မရှိကြချေ။ တစ်ချိန်တည်းမှာပင် ဆေးဖော်ဆရာများကို ပျိုးထောင်ခြင်းအပေါ်၌လည်း အလွန် အလေးထားကြသည်။ အရင်းအမြစ်များ ထောက်ပံ့ပေးရုံသာမက ဂုဏ်သတင်းနှင့် ရာထူးအဆင့်အတန်းများတွင်ပါ အထူး အခွင့်အရေးများကို ပေးအပ်ထားကြသည်။

နှစ်ဦးသား စကားတပြောပြော ရှိနေစဉ်မှာပင် လှေပျံသည် ဖြူလွလွတိမ်တိုက်များကို အဆက်မပြတ် ဖြတ်ကျော်သွားခဲ့ပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် ပိုမို နီးကပ်လာခဲ့တော့သည်။

....

တိမ်တိုက်များက ဝါကျင်ကျင် အရောင်သို့ ပြောင်းလဲလာခဲ့ပြီး ငှက်ငယ်လေးများသည်လည်း မိမိတို့၏ အသိုက်အမြုံများဆီသို့ ပြန်လာနေကြပြီ ဖြစ်သည်။ လှေပျံတစ်စင်းသည် အနောက်ဘက်မှ လာခဲ့ပြီး ကောင်းကင်ယံကို ဖြတ်သန်း မောင်းနှင်နေခဲ့သည်။

လှေပျံပေါ်တွင် ထောင်ရိရှန်းသည် လော့ချန်အား ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အခြေအနေများကို အခါအားလျော်စွာ မိတ်ဆက်ပေးနေဆဲ ဖြစ်သည်။ အထူးသဖြင့် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ သူသည် အောက်ဘက်ရှိ အချို့သော တောင်တန်းများနှင့် အချို့သော မြို့လေးများကို လက်ညှိုးထိုးပြသရင်း ၎င်းတို့မှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ မည်သည့် ရွှေအမြုတေအဆင့်ရှိ ပုဂ္ဂိုလ်ကြီးများ၏ သားသမီးမြေးမြစ်များ နေထိုင်ရာ နေရာဖြစ်ကြောင်း ပြောပြနေခဲ့သည်။

လော့ချန်သည်လည်း အလွန်အမင်း စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့ရသည်။ သူသည် မူလက ဂိုဏ်းကြီးများမှတပည့်များမှာ အားလုံး တစ်နေရာတည်းတွင် စုဝေးနေကြမည်ဟု ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ အချို့သော လူများကို ဂိုဏ်း၏ တံခါးဝပြင်ပတွင် ဖြန့်ကြက် နေထိုင်ခိုင်းထားဆဲ ဖြစ်ပေသည်။ သို့သော်လည်း ၎င်းမှာ ဂိုဏ်း၏ ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိနေခြင်းမျိုး လုံးဝ မဟုတ်ပေ။ ဤပိုင်နက်တစ်ခုလုံးကို စုပေါင်းပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ထောင်ရိရှန်း ပြောဆိုခဲ့သကဲ့သို့ "အဆုံးမဲ့ကျယ်ပြောသော မြေကမ္ဘာ၊ မတ်စောက်လှသော တောင်ငါးဆယ်" ဆိုသည်မှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း အစစ်အမှန် ဖြစ်ပေသည်။ ဤမိုင်ပေါင်းများစွာ ကျယ်ပြောလှသော မြေကမ္ဘာမှာ အကြမ်းဖျင်း ဖော်ပြချက်သာ ဖြစ်သော်လည်း ထိုတောင်ငါးဆယ်မှာမူ အကြီးအသေး အမျိုးမျိုးဖြင့် ဤပိုင်နက်ပေါ်တွင် ဖြန့်ကြက် တည်ရှိနေကြသည်။

လှပလှသော တောင်ကြီးတစ်လုံးကို ကွေ့ပတ်ကျော်ဖြတ်ပြီးသည့်အခါ ထောင်ရိရှန်းက လှေပျံ၏ အရှိန်ကို လျှော့ချလိုက်သည်။

"ဒါကတော့ စိမ်းပြာတောင် ဖြစ်ပြီး ကျုပ်တို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက လူငယ်လေးတွေရဲ့ ပညာသင်ကြားတဲ့ နေရာပေါ့.... အဓိကကတော့ ဂိုဏ်းထဲက ရွှေအမြုတေကျင့်ကြံသူကြီးတွေရဲ့ သားသမီးမြေးမြစ်တွေအတွက် ရည်ရွယ်တာပါ.... တစ်ခါတစ်လေမှာတော့ ပြင်ပက ပါရမီ ထူးချွန်လှတဲ့ တပည့်တချို့ကိုလည်း လက်ခံလေ့ရှိပါတယ်.... အမှန်အတိုင်း ပြောရရင် မကြာသေးခင် အချိန်ကအထိ ကျုပ်ကိုယ်တိုင်လည်း ဒီထဲမှာ ရုန်းကန်နေခဲ့ရတာပါ"

နားထဲတွင် ထောင်ရိရှန်း၏ စကားများကို ကြားနေရသော်လည်း လော့ချန်သည် ထိုချီစွမ်းအင်များ ထူထပ်သိပ်သည်းလှသော စိမ်းပြာတောင်ကို ကြည့်ရင်း မျက်လုံးများအတွင်း၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုနေရာ၏ ချီစွမ်းအင် သိပ်သည်းဆမှာ ဒုတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဒန်ရှားတောင်ထက် များစွာ ပိုမို သာလွန်လှပေသည်။

ဤမျှလောက်အထိ အစွမ်းထက်လှသော နေရာက ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပြင်ပဝင်းတစ်ခုမျှသာ ရှိသေးသည်။ သူ ခေါင်းခါယမ်းလိုက်မိသည်။ မည်သို့ပင်ဆိုစေ ကြွယ်ဝချမ်းသာသော ဂိုဏ်းကြီးတစ်ခု ဖြစ်ပေသည်။

စကားပြောဆိုနေကြစဉ်အတွင်း သူသည် ဝေးကွာလှသော နေရာရှိ တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်နေသော၊ ခန့်ညားထည်ဝါပြီး ကြီးမားလှသော တောင်ကြီးတစ်လုံးကို လှမ်းမြင်လိုက်ရသည်။ ၎င်းက အတားအဆီးကြီးတစ်ခုကဲ့သို့ ကမ္ဘာမြေ၏ ရှေ့မှောက်တွင် ပိတ်ဆို့ထားသကဲ့သို့ ရှိနေခဲ့သည်။

"ယွမ်ဟွာတောင်ထဲကို ဝင်လိုက်ရင် အဲဒါကမှ ဆေးလုံးစိမ်းချိုင့်ဝှမ်း အစစ်အမှန်ပဲ"

ထောင်ရိရှန်းက ထိုတောင်ကြီးကို လက်ညှိုးထိုးပြသလိုက်ပြီးနောက် လှေပျံကို လမ်းကြောင်းပြောင်းကာ ဘေးနားရှိ အတော်လေး နိမ့်ပါးလှသော တောင်ငယ်လေးတစ်လုံးဆီသို့ ဦးတည် ပျံသန်းသွားခဲ့တော့သည်။

လော့ချန် နားမလည်နိုင်ဘဲ

"ကျွန်တော်တို့ ဂိုဏ်းထဲကို မဝင်ဘူးလား"

ထောင်ရိရှန်းက ပြုံးလိုက်ရင်း

"ကျုပ်ကတော့ ဂိုဏ်းထဲကို ဝင်လို့ရပေမဲ့ မိတ်ဆွေမှာတော့ အခုအချိန်အထိ ဘာသက်သေအထောက်အထားမှ မရှိသေးဘူး၊ ဒါကြောင့်မို့လို့ တစ်ရက်လောက် စောင့်ဆိုင်းရမှာပါ"

‘သက်သေအထောက်အထားလား’

လော့ချန် တစ်ခဏအတွင်းမှာပင် သဘောပေါက်သွားခဲ့ရသည်။

"ထောင်မျိုးနွယ်စုရဲ့ အထူးဧည့်သည်တော် သက်သေအထောက်အထားကို ပြောတာမလား"

"အင်း အဲဒီလိုပါပဲ"

ယခုတစ်ကြိမ်တွင်မူ လော့ချန်၌ မည်သည့် သံသယမှ မရှိတော့ချေ။ သူသည် ထောင်ဝမ်အတွက် ကူညီတိုက်ခိုက်ပေးရမည် ဖြစ်သဖြင့် တရားဝင် ရာထူးသက်သေတစ်ခု လိုအပ်ပေသည်။ မည်သို့ပင်ဆိုစေ ဤအရာမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အတွင်းပိုင်း အားပြိုင်မှု ဖြစ်ပေသည်။ လက်ရှိ သူ၏ အင်အားဖြင့် ဆိုပါက ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တရားဝင် အထူးဧည့်သည်တော် ဖြစ်လာရန် မလုံလောက်သေးချေ။ သို့သော်လည်း အကယ်၍ ထောင်မျိုးနွယ်စု၏ အခြေတည် အထူးဧည့်သည်တော် ဖြစ်လာမည်ဆိုပါကမူ ၎င်းက သဘာဝကျကျပင် အဆင်ပြေသွားပေလိမ့်မည်။

နောက်သို့ လှည့်ကြည့်လိုက်ရင်း ထိုကြီးမားမြင့်မားလှသော ယွမ်ဟွာတောင်ကို စိုက်ကြည့်ကာ လော့ချန်၏ စိတ်ထဲတွင် အနည်းငယ် မျှော်လင့်တောင့်တမှုများ ဖြစ်ပေါ်လာခဲ့ရသည်။ သူ ခံစားမိသည်မှာ ထိုတံခါးဝကြီးကဲ့သို့သော တောင်ကြီးပေါ်တွင် စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသော ထူထပ်သိပ်သည်းသည့် ချီစွမ်းအင်များ ရှိနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုနေရာတွင် ကျင့်ကြံခွင့် ရရှိမည်ဆိုပါက တစ်ရက်ကျင့်ကြံခြင်းက သူ၏ ဆယ်ရက်တာ အားထုတ်မှုနှင့် ညီမျှပေလိမ့်မည်။

ဤကဲ့သို့သော ကောင်းမွန်လှသည့် ကျင့်ကြံခြင်း ပတ်ဝန်းကျင် ရှိနေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွင်း၌ အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူ အရေအတွက်က ဤမျှလောက်အထိ များပြားနေရခြင်း ဖြစ်ပြီး ထို့ထက်မက အသက်အရွယ်များကလည်း ကြီးမားလှခြင်း မရှိကြချေ။ ၎င်းနှင့် နှိုင်းယှဉ်ကြည့်လျှင် သာမန် ကျင့်ကြံသူများ ဖြတ်သန်းနေရသော ဘဝများမှာ သူဖုန်းစားဘဝနှင့် မခြားတော့ပေ။

မကြာမီတွင် လှေပျံသည် ရွှေဝါရောင်များဖြင့် ပြည့်နှက်နေသော တောင်တစ်ခုပေါ်သို့ ဆင်းသက်လိုက်တော့သည်။

"ဒါကတော့ ကျုပ်တို့ ထောင်မျိုးနွယ်စုရဲ့နယ်မြေ ရှောင်နန်တောင်ပါ"

‘ရှောင်နန်တောင်’

ယခင်နှစ်များက ထောင်မျိုးနွယ်စု၏ ဘိုးဘေးကြီး နန်ရှန်းစီရင်စုသခင် ကျင့်ကြံအောင်မြင်ခဲ့သော နေရာဖြစ်ပေသည်။ အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် သူသည် ၎င်းကိုပင် ဘွဲ့အမည်အဖြစ် အသုံးပြုခဲ့ပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းကို နှစ်ပေါင်းတစ်ရာကျော်တိုင်တိုင် လွှမ်းမိုးချုပ်ကိုင်ခဲ့ဖူးသည်။ ယခုအခါတွင်မူ အချိန်နှင့် အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း ထောင်မျိုးနွယ်စု၏ နောက်ခံအခြေခံကမူ တည်ရှိနေဆဲ ဖြစ်သည်။ ရွှေအမြုတေအဆင့်ရှိ ပုဂ္ဂိုလ်ကြီး နောက်ထပ်တစ်ဦး ထွက်ပေါ်လာခြင်း မရှိခဲ့လျှင်ပင် နှစ်ပေါင်းနှစ်ရာကျော်တိုင်တိုင် ဤရှောင်နန်တောင်ဟူသော နယ်မြေကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပေသည်။

ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် ချီသန့်စင်အဆင့် ကျင့်ကြံသူ သုံးဦး ပျံသန်း ရောက်ရှိလာခဲ့ကြသည်။

"အစ်ကိုကြီးရိရှန်း ပြန်လာပြီလား"

"ဒီနေ့ ဘာဖြစ်လို့ မင်းတို့တွေ တောင်စောင့်တဲ့အလှည့် ဖြစ်နေရတာလဲ"

ထောင်ရိရှန်းက လှေပျံကို သိမ်းဆည်းလိုက်ရင်း ပင်ပန်းနွမ်းနယ်စွာ မေးလိုက်သည်။

သူတို့ထဲမှ နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် ချောမောလှသော လူငယ်လေးတစ်ဦးက ပြောလိုက်သည်။

"မျိုးနွယ်စု အကြီးအကဲတွေအားလုံး ကတောက်ကဆ ဖြစ်နေကြတာ ကြာပြီ.... မကြာသေးခင်ကစပြီး သုံးရက်ငါးရက်တစ်ခါလောက် အစည်းအဝေး လုပ်နေကြတာ"

"ကတောက်ကဆဖြစ်နေကြတာ ဟုတ်လား"

ထောင်ရိရှန်းက မျက်မှောင်ကြုတ်လိုက်ရင်း မသိမသာဖြင့် လော့ချန်ကို လှည့်ကြည့်လိုက်မိသည်။ ထိုလူငယ်လေးသည်လည်း စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လာခဲ့သည်။

ထောင်ရိရှန်း၏ မျက်နှာက လေးနက်သွားခဲ့ရသည်။

"ဒီပုဂ္ဂိုလ်ကတော့ တန်ချန်ဇီ တဲ့.... ဆေးဖော်ဆရာကြီးတစ်ဦးဖြစ်သလို ထောင်မျိုးနွယ်စု အထူးဧည့်သည်တော်လည်း ဖြစ်တယ်.... မင်းတို့တွေ အကြီးအကဲကို နှုတ်မဆက်ကြသေးဘူးလား"

ထိုမျိုးဆက်သစ် သုံးဦးမှာ အံ့အားသင့်စွာဖြင့် လော့ချန်ကို ကြည့်လိုက်မိကြသည်။ ထို့နောက်တွင်မူ လိမ္မာယဉ်ကျေးစွာဖြင့် လော့ချန်အား ဦးညွှတ် အလေးပြုလိုက်ကြတော့သည်။ လော့ချန် မသိမသာ ပြုံးပြလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။

ထောင်ရိရှန်းက လူငယ်တစ်ဦးကို ဆွဲခေါ်လိုက်ပြီး ဘေးနားသို့ သွားကာ အသေးစိတ် မေးမြန်းစုံစမ်းလိုက်သည်။ ထို့နောက်မှသာ ပြန်လည် လမ်းလျှောက်လာခဲ့သည်။

"တောင်းပန်ပါတယ် မိတ်ဆွေကို အကြာကြီး စောင့်ဆိုင်းစေမိပြီ"

"ဘာမှမဖြစ်ပါဘူး"

လော့ချန် ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုရင်း လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ဂူဗိမာန်ကို စီစဉ်ပေးပြီးပါပြီ.... ကျုပ်နဲ့အတူ လိုက်ခဲ့ပါ"

ထောင်ရိရှန်းက လက်ကို ဝှေ့ယမ်းလိုက်ရင်း ထိုလူငယ် သုံးဦးကို ပြန်လွှတ်လိုက်ကာ လော့ချန်အား ခေါ်ဆောင်ပြီး ရှောင်နန်တောင်ပေါ်သို့ ပျံသန်းသွားခဲ့တော့သည်။

သို့သော်လည်း ပျံသန်းနေစဉ်အတွင်း၌ သူ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများမှာမူ အလွန်ပင် ထင်ရှားလှပေသည်။ လော့ချန်၏ နှုတ်ခမ်းထောင့်များ မသိမသာ ပင့်တက်သွားခဲ့ရသည်။ သူ၏ စိတ်ဝိညာဉ်ဖြင့် စောနက ထောင်ရိရှန်း၏ စကားဝိုင်းကို သူ အလွယ်တကူပင် ခိုးနားထောင်နိုင်ခဲ့သည်။ ၎င်း၏ အကြောင်းအရာမှာ ထောင်မျိုးနွယ်စု၏ အကြီးအကဲများ အဘယ်ကြောင့် ကတောက်ကဆဖြစ်နေကြသလဲ ဆိုသည်ပင်။ ကတောက်ကဆဖြစ်ရသည့် အကြောင်းရင်းမှာမူ မိမိကိုယ်တိုင်ကြောင့် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ဂိုဏ်းမျိုးဆက်ပြိုင်ပွဲမှာ နီးကပ်နေပြီ ဖြစ်သဖြင့် အခြားသော တပည့်များမှာမူ၊ ပါဝင် ယှဉ်ပြိုင်မည့်သူများကို ကြိုတင် ရွေးချယ် ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်သည်။ ထောင်ဝမ်တစ်ဦးတည်းသာလျှင် ဆေးဖော်ဆရာပိုင်းတွင် အမြဲ လစ်လပ်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းက ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အခြားသော ကျင့်ကြံသူများကို သူမ ယခုတစ်ကြိမ် ဂိုဏ်းမျိုးဆက်ပြိုင်ပွဲကို စွန့်လွှတ်လိုက်ပြီဟု ထင်မှတ်မှားစေခဲ့သည်။

ထောင်မျိုးနွယ်စု၏ အကြီးအကဲများမှာမူ သဘာဝကျကျပင် အတွင်းရေးကို သိရှိထားကြသော်လည်း လော့ချန်၏ ဆေးဖော်ပညာအပေါ်၌မူ လုံးဝ စိတ်မချနိုင်ကြချေ။ အထူးသဖြင့် လော့ချန်က မသေးငယ်လှသော အခြေအနေ အတော်များများကိုပါ တောင်းဆိုထားခဲ့သည် မဟုတ်ပါလော။ ၎င်းက ထောင်မျိုးနွယ်စု၏ အကြီးအကဲများကို ပိုမို လက်ခံရခက်ခဲစေခဲ့သည်။

သာမန် ကျင့်ကြံသူ ဆေးဖော်ဆရာတစ်ဦးမျှသာ ဖြစ်သော်လည်း ဤမျှလောက် ကြီးမားလှသော တောင်းဆိုမှုများ ရှိနေသည်။ နန်ရှန်းစီရင်စုသခင် ယခင်က စုဆောင်း ရှာဖွေထားခဲ့သော ဆေးနည်းအမျိုးမျိုး ဖြစ်စေ၊ သို့မဟုတ် သူ၏ အမြုတေဖွဲ့စည်းခြင်းဆိုင်ရာ အတွေ့အကြုံမှတ်တမ်းများ ဖြစ်စေ ၎င်းတို့အားလုံးမှာ ထောင်မျိုးနွယ်စု၏ နောက်ခံအခြေခံများ ဖြစ်ကြသည်။ ထောင်ဝမ်က ၎င်းတို့ကို လော့ချန်အား ပေးချင်သော်လည်း ထိုအရာမှာ ထင်သလောက် လွယ်ကူလှသည် မဟုတ်ချေ။

ကျင့်ကြံခြင်းလောကတွင် အင်အားကသာ အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း ဖြစ်ပေသည်။ သူမ အမှန်တကယ်ပင် အလွန် အစွမ်းထက်လှပေသည်။ သို့သော်လည်း မျိုးနွယ်စုအတွင်းပိုင်း၌မူ မျိုးရိုးစဉ်လာ၊ အဆင့်အတန်းနှင့် ကျင့်ဝတ်များ စသည့် မရေမတွက်နိုင်သော ပြဿနာရပ်များကို ထည့်သွင်း စဉ်းစားရပေလိမ့်မည်။

ထောင်ဝမ်သည် အခြေတည်အဆင့် (၉) ဟူသော အစွမ်းထက်လှသည့် ကျင့်ကြံခြင်းအဆင့် ရှိနေခဲ့လျှင်ပင် မျိုးနွယ်စုအတွင်းပိုင်းတွင်မူ တားဆီးမှုများစွာဖြင့် ရုန်းကန်နေရဆဲ ဖြစ်ပေသည်။

‘ထောင်ဝမ်က ပြင်ပကိစ္စတွေကိုတော့ အားလုံး သေသေချာချာ စီမံနိုင်ခဲ့ပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဒီထောင်မျိုးနွယ်စုရဲ့ အတွင်းပိုင်းကတော့ အခုအချိန်အထိ ရှုပ်ထွေးပွေလီနေဆဲပါလား’

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters