အခန်း ၄၆၉
Vol. 47 Ch. 469
အခန်း (၄၆၉) - မော့ဟယ်ခြံဝင်းမှ အဆင့်မြင့် ဧည့်ဝတ်ပြုမှု
ထောင်မျိုးနွယ်စုမှ ကျင့်ကြံသူများသည် လော့ချန်အပေါ် မည်သို့သောအမြင်မျိုး ရှိကြသည်ဖြစ်စေ တည်းခိုနေထိုင်ရေးကို စီစဉ်ပေးရာတွင်မူ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ အထူးဧည့်သည်တော်တစ်ဦး ရရှိသင့်သည့် အကောင်းဆုံး ဧည့်ဝတ်ကျေပွန်မှုကို ပေးအပ်ခဲ့ကြသည်။
၎င်းမှာ ဒုတိယအဆင့် အဆင့်လတ် ဂူဗိမာန်၏ ချီစွမ်းအင် သိပ်သည်းဆနှင့် ညီမျှသော သီးသန့်ခြံဝင်းငယ်တစ်ခု ဖြစ်သည်။ နေ့စဉ် ကျွေးမွေးသော သုံးနပ်စလုံးမှာ ချီစွမ်းအင်များ ကြွယ်ဝလှသော ဝိညာဉ်အစားအစာများ ဖြစ်ကြသည်။ ထို့အပြင် ပြုစုစောင့်ရှောက်ရန်အတွက် လှပနုပျိုသော အစေခံမိန်းကလေးနှစ်ဦးနှင့် သူ အလွယ်တကူ စေခိုင်းနိုင်ရန်အတွက် ချီသန့်စင်အဆင့်ရှိ အမျိုးသားကျင့်ကြံသူနှစ်ဦးကိုပါ စီစဉ်ပေးထားခဲ့သေးသည်။
လော့ချန်ကို နေရာချထားပေးပြီးနောက် ထောင်ရိရှန်း အလျင်စလိုပင် ပြန်လည် ထွက်ခွာသွားခဲ့သည်။
"အကြီးအကဲတန်ချန်ဇီ အဝတ်အစားလဲပြီး ရေချိုးဖို့အတွက် ကျွန်မတို့ ပြင်ဆင်ပေးရမလားရှင့်"
မျက်လုံးတောက်ပပြီး လှပနုပျိုသော အစေခံမိန်းကလေးနှစ်ဦးကို ကြည့်ရင်း လော့ချန် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"မလိုပါဘူး၊ မင်းတို့ အပြင်မှာပဲ စောင့်နေကြပါ"
အစေခံမိန်းကလေးနှစ်ဦးသည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီးနောက် နားလည်မှုရှိရှိဖြင့် ဧည့်ခန်းအတွင်းမှ ထွက်ခွာသွားခဲ့ကြတော့သည်။ သူတို့ ထွက်ခွာသွားပြီးနောက် လော့ချန်သည် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ပြီး ဤခြံဝင်းငယ်တစ်ခုလုံးကို စစ်ဆေးလိုက်ကာ မည်သည့် စောင့်ကြည့်စစ်ဆေးမှု နည်းလမ်းမှ မရှိကြောင်း သေချာမှသာ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။
ဤနေရာသို့ ပထမဆုံး ရောက်ရှိခါစ ဖြစ်သလို စိမ်းသက်လှသော နေရာတစ်ခုလည်း ဖြစ်ပေသည်။ သေသေချာချာ သတိထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီး သက်တောင့်သက်သာဖြင့် ဖတ်ရှုနေလိုက်သည်။ အစပိုင်းတွင်မူ အတော်လေး ပေါ့ပေါ့ပါးပါး ဖတ်ရှုနေခဲ့သော်လည်း ဖတ်ရှုလေလေ၊ ၎င်းအထဲသို့ ပိုမို နက်ရှိုင်းစွာ စီးမျောသွားလေလေ ဖြစ်လာခဲ့ရသည်။
သူ ဖတ်ရှုနေခဲ့သည်မှာ ယခင်က ကရုဏာမဲ့နတ်သမီး သူ့အား ပေးခဲ့ဖူးသော ရှန်းဟူဆေးကျမ်းပင် ဖြစ်ပေသည်။ ဤအရာမှာ လက်ရှိ သူ၏ လက်ထဲတွင် ရှိနေသော ချင်ယွမ်ဇီဆေးကျမ်း မှလွဲ၍ တစ်ခုတည်းသော တတိယအဆင့် ဆေးဖော်ဆရာ၏ အတွေ့အကြုံ မှတ်တမ်းကျမ်းစာ ဖြစ်ပေသည်။
ထို့အပြင် ချင်ယွမ်ဇီကဲ့သို့ ဆေးဖော်အတတ်ပညာကို အားကိုးပြီး တတိယအဆင့် ဆေးလုံးတစ်လုံးကို ကံကောင်းထောက်မစွာဖြင့် ဖော်စပ်နိုင်ခဲ့ကာ ၎င်းမှတစ်ဆင့် တတိယအဆင့် ဆေးဖော်ဆရာအဖြစ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းနှင့် မတူချေ။ ဤ ရှန်းဟူဆေးကျမ်း၏ ပြုစုရေးသားသူကိုယ်တိုင်ကမူ စစ်မှန်ပြီး အနှစ်သာရရှိလှသော တတိယအဆင့် ဆေးဖော်ဆရာကြီးတစ်ဦး ဖြစ်ပေသည်။
ဤစာအုပ်ကို လော့ချန် ရရှိခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ သို့သော်လည်း ရရှိခဲ့သော အကျိုးအမြတ်ကမူ များပြားလှခြင်း မရှိချေ။ အကြောင်းရင်းမှာ ၎င်းပေါ်တွင် ရေးသားမှတ်တမ်းတင်ထားသော အချို့သော ဆေးဖော်စပ်ခြင်းနည်းလမ်းများနှင့် လက်ကွက်များမှာ သာမန် ရိုးရာ ဆေးဖော်လမ်းစဉ်နှင့် လုံးဝ ကြီးမားစွာ ကွဲပြား ခြားနားနေခြင်းကြောင့် ဖြစ်ပေသည်။
သာမန် ရိုးရာ ဆေးဖော်လမ်းစဉ်သည် အမြဲတမ်း ပိုလျှံနေသော အရာများကို ယူဆောင်ပြီး မလုံလောက်သော အရာများကို ဖြည့်စွက်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဆေးနည်းတစ်ခုအတွင်း၌ အဓိက ဆေးဖက်ဝင်ပစ္စည်းတစ်ခု၏ တစ်စုံတစ်ရာသော ဂုဏ်သတ္တိက အလွန်အမင်း ပြင်းထန်နေခဲ့လျှင် ဤအချိန်တွင် အခြားသော အဓိက ဆေးဖက်ဝင်ပစ္စည်းတစ်ခုကို ယူဆောင်ပြီး ချို့ယွင်းချက်ကို ဖြည့်ဆည်းရမည် ဖြစ်သည်။ ၎င်းမှာ ဓာတ်ပြယ်စေခြင်း ဖြစ်စေ၊ လှုံ့ဆော်ပေးခြင်း ဖြစ်စေ၊ အားပျော့သွားစေခြင်း ဖြစ်စေ အခြားအရာတစ်ခုဖြင့် မျှတအောင် ချိန်ညှိရခြင်းမျိုး ဖြစ်သည်။
သို့သော်လည်း ဤ ရှန်းဟူဆေးကျမ်းပေါ်ရှိ မှတ်တမ်းများမှာမူ လုံးဝ ခြားနားလှသော လမ်းစဉ်တစ်ခုဆီသို့ ဦးတည်နေခဲ့သည်။ ၎င်းမှာ အရင်းအမြစ် တူညီလှသော အရာများကို ယူဆောင်ပြီး အစွမ်းကုန် အသုံးချခြင်း ဖြစ်ပေသည်။ ၎င်းတို့မှာ အရင်းအမြစ်တစ်ခုတည်းမှ အတူတူ ထွက်ပေါ်လာကြခြင်း ဖြစ်သဖြင့် အချင်းချင်း ငြင်းပယ်မှုများမှာလည်း နည်းပါးလှပေသည်။ ထို့ကြောင့် ဆေးလုံးဖြစ်မြောက်နိုင်စွမ်းက အလွန်အမင်း မြင့်မားလှပေသည်။ ၎င်းပေါ်တွင် မှတ်တမ်းတင်ထားသော ဆေးဖော်စပ်ခြင်း အတတ်ပညာ အချို့မှာ မိစ္ဆာသားရဲများ၏ အတွင်းအမြုတေကို တိုက်ရိုက် အသုံးပြုပြီး ဆေးလုံးများ ဖော်စပ်ခြင်းနှင့်ပင် ဆက်စပ်နေခဲ့သေးသည်။
"ဒီလိုမျိုး ဆေးဖော်လမ်းစဉ်ရဲ့ ပုံစံမှာ နတ်ဒေဝါပျားရည်နဲ့ အတော်လေး ဆင်တူတဲ့ အချက်တွေ ရှိနေတာပဲ"
လော့ချန် တီးတိုး ရေရွတ်လိုက်မိသည်။ နတ်ဒေဝါပျားရည်၏ အဓိက ဆေးဖက်ဝင်ပစ္စည်းမှာမူ တူညီလှသော မိစ္ဆာသားရဲတစ်ကောင်တည်း၏ သွေး၊ အသားနှင့် အရိုးများကို ရှာဖွေရခြင်း ဖြစ်ပေသည်။ တွက်ချက်ကြည့်မည်ဆိုပါက ၎င်းမှာလည်း အရင်းအမြစ် တူညီလှသော အရာများအောက်တွင် ပါဝင်နေခဲ့သည်။
"ကရုဏာမဲ့နတ်သမီးက ဘယ်လိုနေရာမျိုးကနေ ဒီလို ထူးဆန်းလှတဲ့ ဆေးကျမ်းကို ရရှိခဲ့တာလဲ မသိဘူး"
လော့ချန် ခေါင်းခါယမ်းလိုက်ရင်း ဤပြဿနာကို ဆက်လက် မတွေးတောတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းပေါ်တွင် ရေးသားဖော်ပြချက်များ ဝေဝါးနေပြီး ဖတ်ရခက်ခဲလှသော နေရာအချို့ကိုသာ အာရုံစိုက်ပြီး ဖတ်ရှုနေလိုက်တော့သည်။
မကြာမီ ဆေးဖော်ပြိုင်ပွဲတွင် ပါဝင်ရတော့မည် ဖြစ်ပေသည်။ မိမိ၏ ဆေးဖော်စပ်ခြင်း စွမ်းအားကို တစ်ဆင့်မျှ ပိုမို တိုးမြှင့်နိုင်ခဲ့လျှင် မိမိအတွက် ပိုမို အခွင့်အရေး ပိုများလာမည် မဟုတ်ပါလော။ ၎င်းမှာ ထောင်ဝမ်အတွက် တွေးတောပေးခြင်း သာမက မိမိကိုယ်တိုင်အတွက်ပါ ကြိုးစားအားထုတ်နေခြင်း ဖြစ်ပေသည်။
ဤမျှလောက်များပြားလှသော နှစ်များတစ်လျှောက် တန်ယွမ်ဇီ၊ ကန်းမျိုးနွယ်စု၊ လီမျိုးနွယ်စုတို့၏ ဆေးဖော်လမ်းစဉ်ကျမ်းစာများကို သူ အားလုံး သေသေချာချာ ဖတ်ရှုပြီး ဖြစ်သလို၊ ၎င်းတို့ထဲရှိ အနှစ်သာရများကိုလည်း လုံးဝ စုပ်ယူပြီးဖြစ်သည်။ လက်ရှိ လက်ထဲတွင် ရှိနေသော ဤ ရှန်းဟူဆေးကျမ်း တစ်ခုတည်းတွင်သာ နားမလည်သေးသော နေရာအတော်များများ ကျန်ရှိနေသေးခြင်း ဖြစ်ပေသည်။
....
လော့ချန်တစ်ယောက် ဆေးဖော်လမ်းစဉ်ကို အာရုံစိုက် လေ့လာနေခဲ့စဉ်အတွင်း ရှောင်နန်တောင် ထောင်မျိုးနွယ်စု၏ အစည်းအဝေး ခန်းမကြီးအတွင်း၌မူ ပြတ်သားပြီး အေးစက်လှသော နှာခေါင်းရှုံ့သံတစ်ချက်နှင့်အတူ တစ်မွန်းလွဲခင်းလုံး ရန်ဖြစ်နေခဲ့ကြသော အစည်းအဝေးကြီးမှာ ပြီးဆုံးကြောင်း ကြေညာခြင်း ခံလိုက်ရသည်။
ထောင်ဝမ်သည် အားလုံး၏ ခြံရံမှုဖြင့် ထွက်ခွာသွားခဲ့သော ထိုအဘိုးကြီးကို အေးစက်လှသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ပြီး သွယ်လျလှသော မျက်တောင်များမှာ မသိမသာ စေ့သွားခဲ့ရသည်။
ထောင်ရိရှန်းက အနားသို့ တိုးကပ်လာခဲ့သည်။
"အစ်မ ကျွန်တော် လော့ချန်ကို ပြန်ခေါ်လာခဲ့ပြီ"
"နေရာချထားပေးပြီးပြီလား"
"မော့ဟယ်ခြံဝင်းမှာ နေရာချပေးထားပါတယ်၊ ပြီးတော့ ရှောင်ဖုန်း တို့ကိုလည်း အချိန်မရွေး အနားမှာ ပြုစုစောင့်ရှောက်ဖို့ မှာထားခဲ့တယ်"
ဤနေရာသို့ ရောက်ရှိလာသည့်အခါတွင်မူ ထောင်ရိရှန်း၏ မျက်နှာပေါ်၌ မကျေမနပ်ဖြစ်မှုအချို့ ပေါ်ပေါက်လာခဲ့ရသည်။
"မိတ်ဆွေလော့က မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာကနေ ရောက်လာတာကို ကျွန်တော်တို့ ထောင်မျိုးနွယ်စုက တံခါးဝအထိ သွားမကြိုဆိုနိုင်ခဲ့ရင်တောင်မှ ဘယ်လိုပဲဖြစ်ဖြစ် ခရီးဦးကြိုပြုပြီး ဧည့်ခံကျွေးမွေးရမှာ မဟုတ်ဘူးလား.... အခုတော့ ဒီလို ရှုပ်ထွေးပွေလီလှတဲ့ ကိစ္စတွေကြောင့် သူ့ကို ပစ်ပယ်ထားသလို ဖြစ်သွားခဲ့ရပြီ"
ထောင်ဝမ်လည်း မိမိတို့၏ ဧည့်ဝတ်မကျေပွန်မှုကို မည်သို့လျှင် မသိဘဲ နေပါ့မည်နည်း။ သို့သော်လည်း သူမ သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။
"ဒီကိစ္စတွေက ရှုပ်ထွေးပွေလီရုံတင် မဟုတ်ပါဘူး.... ငါက ဤဂိုဏ်းမျိုးဆက်နေရာကို လုယူချင်တာဆိုတော့ သဘာဝကျကျပဲ ရှန်ကွမ်းယန်၊ ဟယ်ယွမ်ချင်းတို့လို လူတွေနဲ့ ရင်ဆိုင်ရတော့မှာ.... သူတို့တစ်ဦးချင်းစီတိုင်းမှာ ရွှေအမြုတေအဆင့်ရှိ ပုဂ္ဂိုလ်ကြီးတွေရဲ့ ကျောထောက်နောက်ခံ ရှိနေကြတာ.... မျိုးနွယ်စု အကြီးအကဲတွေက ငါ ပြိုင်ပွဲမှာ မအောင်မြင်ဘဲ ဖြစ်သွားပြီး ဆန့်ကျင်ဘက်အနေနဲ့ အဲဒီလူတွေကို သွားပြီး ပြစ်မှားမိမှာကို စိုးရိမ်နေကြတာ.... တစ်ကယ်လို့ တစ်ဖက်လူက ပြိုင်ပွဲပြီးတဲ့နောက်မှာ ကလဲ့စားချေလာမယ် ဆိုရင်တော့ ထောင်မျိုးနွယ်စုရဲ့ ဘဝကလည်း သေချာပေါက် ကောင်းမွန်မှာ မဟုတ်တော့ဘူး"
ထောင်ရိရှန်း မှင်တက်သွားခဲ့ရသည်။ သူ အမှန်တကယ်ပင် ဤမျှလောက်အထိ နက်ရှိုင်းစွာ မတွေးတောမိခဲ့ချေ။ အားလုံးက ဂိုဏ်းတစ်ခုတည်းမှ တပည့်များဖြစ်ကြပြီး မျိုးဆက်သစ်ပြိုင်ပွဲဆိုသည်မှာလည်း ပွင့်လင်းပြီး တရားမျှတသော ပြိုင်ပွဲတစ်ခုသာ ဖြစ်ပေသည်။ ပြိုင်ပွဲပြီးနောက် ကလဲ့စားချေခြင်းဟူသော စကားလုံးမျိုး ရှိနိုင်ပါ့မည်လော။
မျိုးနွယ်စု၏ ရှုပ်ထွေးပွေလီလှသော ကိစ္စရပ်များကြောင့် မျက်ခုံးများအကြား၌ ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေသော အစ်မဖြစ်သူကို ကြည့်ရင်း သူ အားတင်းပြီး ပြောလိုက်သည်။
"လုပ်မယ့်လုပ် အဆုံးထိလုပ်ရမှာပဲဗျာ.... ငြိမ်နေရင် လောလောဆယ်တော့ ဘေးကင်းမှာပေါ့.... ဒါပေမဲ့ တစ်ဘဝလုံး ဘယ်လိုလုပ်ပြီး အေးချမ်းနိုင်ပါ့မလဲ"
ထောင်ဝမ် အံ့အားသင့်စွာဖြင့် မောင်ဖြစ်သူကို တစ်ချက် လှည့်ကြည့်လိုက်မိသည်။
"ဟော.... မင်း အတော်လေး ရင့်ကျက်လာတာပဲနော်.... အရင်တုန်းက မင်းမှာ ဒီလို အမြင်မျိုး မရှိခဲ့ပါဘူး"
အစ်မဖြစ်သူထံမှ ချီးမွမ်းခြင်းကို ခဲခဲယဉ်းယဉ်း ရရှိခဲ့ဖူးသဖြင့် ထောင်ရိရှန်းက သူ၏ခေါင်းကို ကုတ်လိုက်ရင်း
"ပြီးခဲ့တဲ့နှစ်က လော့ထျန်းအဖွဲ့မှာ အကြာကြီး နေခဲ့ရတယ်လေ၊ အဲဒီဘက်က ကျင့်ကြံသူ အတော်များများက ဒီလို အတွေးအခေါ်မျိုး ရှိကြတာ.... သူတို့ ပြောပြတာကတော့ လော့ချန်က လက်ချည်းဗလာနဲ့ လော့ထျန်းအဖွဲ့ကို တည်ထောင်ခဲ့ပြီး လမ်းခရီးတစ်ခုလုံးကို တိုက်ခိုက်ရင်းနဲ့ပဲ တက်လှမ်းလာခဲ့ရတာတဲ့.... တိုက်ပွဲပေါင်းများစွာမှာ အားလုံးက အားနည်းသူက အားသာသူကို အနိုင်ယူခဲ့တာချည်းပဲ.... ဘယ်တုန်းကမှ အလျော့ပေးခဲ့တာမျိုး မရှိဘူး"
ပတ်ဝန်းကျင်က လူတစ်ယောက်ကို ပုံသွင်းပေးနိုင်သလို ပတ်ဝန်းကျင်အသစ်တစ်ခုကလည်း လူတစ်ယောက်ကို လုံးဝ ပြောင်းလဲပစ်နိုင်ပေသည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်း ထောင်မျိုးနွယ်စုမှ ထွက်ပေါ်လာခဲ့သော ထောင်ရိရှန်းသည် ယခင်က ပြင်ပလောကရှိ အန္တရာယ်များကို နားမလည်ခဲ့ချေ။ သို့သော်လည်း အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် ဂိုဏ်း၏အပြင်ဘက်တွင် ဆယ်နှစ်တာ ကျင်လည်ခဲ့သဖြင့် အနည်းနှင့်အများဆိုသလို အချို့သောအရာများကို သင်ယူတတ်မြောက်ခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် လော့ထျန်းအဖွဲ့တွင် နေထိုင်ခဲ့သော ဤတစ်နှစ်တာအတွင်း၌ ဖြစ်ပေသည်။
ထောင်ဝမ်သည် မေးစေ့ပေါ်တွင် နုနယ်လှသော မုတ်ဆိတ်မွေးငယ်များ ထွက်ပေါ်နေပြီဖြစ်သော မောင်ဖြစ်သူကို ကြည့်ရင်း မျက်နှာပေါ်၌ တစ်စုံတစ်ခုကို တွေးတောနေသော အမူအရာ ပေါ်ပေါက်လာခဲ့ရသည်။ ရုတ်တရက်ပင် သူမ ဆိုလိုက်သည်။
"ရိရှန်း.... မင်း ဒီထောင်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်ချင်လား"
ထောင်ရိရှန်း မှင်တက်သွားခဲ့ရပြီး မသိမသာဖြင့် ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင် ရာထူးနေရာက နှစ်ပေါင်းတစ်ရာကျော်လုံးလုံး မျိုးနွယ်စုအကြီးအကဲကပဲ ပူးတွဲ တာဝန်ယူထားခဲ့တာ မဟုတ်ဘူးလား"
ထောင်ဝမ်၏ ပါးလွှာလှသော နှုတ်ခမ်းထောင့်များက မသိမသာ ပင့်တက်သွားခဲ့ရသည်။
"အဲ့ဒါကြောင့်လေ…. နှစ်ပေါင်းတစ်ရာကျော်ပြီဆိုတော့ တချို့ အရာတွေက ပြောင်းလဲဖို့ အချိန်တန်ပါပြီ"
....
"မျိုးနွယ်စုခေါင်းဆောင်နေရာကို လုမလို့လား"
လော့ချန် အံ့အားသင့်စွာဖြင့် မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကို ကြည့်လိုက်မိသည်။ သူမသည် အစိမ်းရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်ကြီးများမှာ ရေတံခွန်ကြီးတစ်ခုကဲ့သို့ သူမ၏ ကျောပြင်နောက်တွင် ဖြန့်ကျက်ကျနေခဲ့ကာ သွယ်လျလှသော ခါးအထိ ရောက်ရှိနေခဲ့သည်။
ထောင်ဝမ်က မသိမသာ ပြုံးလိုက်ရင်း
"ဟုတ်ပါတယ်၊ မင်း ဒီမှာနေရတာ ပျင်းနေမှာစိုးလို့ ငါတို့ ထောင်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်အသစ် ထွက်ပေါ်လာတာကို သွားကြည့်ရင်ရော…."
လော့ချန်၏ မျက်ခုံးများ တစ်ချက် ပင့်တက်သွားခဲ့ရသည်။ အမှန်ပင် စိတ်ဝင်စားစရာ ကောင်းပေသည်။ ထောင်ဝမ် ယနေ့ သူ့ထံသို့ လာရောက်ရှာဖွေရာတွင် သူ အလိုရှိနေသော ဆေးနည်းများနှင့် ရွှေအမြုတေမှတ်တမ်းများကို ထုတ်မပေးခဲ့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ရုတ်တရက်ပင် ဤကဲ့သို့သော ကိစ္စရပ်ကို ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ အပြုံးကို ကြည့်ရင်း လော့ချန် သဘောပေါက်လိုက်သည်မှာ ထိုအရာများကို ရရှိရန်မှာ ယနေ့ ဤ မျိုးနွယ်စုခေါင်းဆောင် အားပြိုင်မှုပေါ်တွင် မူတည်နေခြင်း ဖြစ်ပေလိမ့်မည်။
‘ဂိုဏ်းမျိုးဆက်ပြိုင်ပွဲက မစတင်သေးဘူး.... ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ မျိုးနွယ်စုခေါင်းဆောင် ရာထူးနေရာကို အရင် လုယူကြဦးမှာပေါ့’
"စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ"
လော့ချန် မတ်တတ်ရပ်လိုက်ရင်း
"ထောင်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်အသစ် ထွက်ပေါ်လာတာကို ကြည့်ရှုခွင့်ရတာ ကျွန်တော် လော့ချန်အတွက် ဂုဏ်ယူစရာပါ"
ထောင်ဝမ်က ခေါင်းခါယမ်းလိုက်ရင်း
"ငါ မဟုတ်ပါဘူး…. ရိရှန်း ပါ"
"ဗျာ"
ဤတစ်ကြိမ်တွင်မူ လော့ချန် အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ရတော့သည်။
….
လော့ချန် ထောင်မျိုးနွယ်စု၏ ကွင်းပြင်ကျယ်ကြီးသို့ ရောက်ရှိသွားသည့်အချိန်၌ ကွင်းပြင်အတွင်းတွင် ကျင့်ကြံသူ ရာပေါင်းများစွာ ရှိနေခဲ့ကြပြီ ဖြစ်သည်။ သူ တစ်ချက် လှမ်းကြည့်လိုက်ရုံမျှဖြင့် အခြေတည် ကျင့်ကြံသူ ဆယ်ဂဏန်းမကကို မြင်တွေ့လိုက်ရသည်။ ဤကဲ့သို့သော အင်အားစုမျိုးမှာ ထျန်းလန်နတ်ဘုရားမြို့တော်တွင် ဆိုပါက ထိပ်တန်းအဆင့်ရှိသော အရှင်သခင်ကြီး ဖြစ်ပေလိမ့်မည်။
‘အရင်တုန်းက ထန်ထိုက်ကျင်း၊ ထောင်ဝမ်တို့လို လူတွေက ငါ့ရဲ့ လော့ထျန်းအဖွဲ့အပေါ် ဘာဖြစ်လို့ ဂရုမစိုက်ခဲ့ကြသလဲ ဆိုတာ မဆန်းတော့ပါဘူး.... သူတို့နဲ့ နှိုင်းယှဉ်ကြည့်ရင် လော့ထျန်းက တကယ့်ကို ပိုးစုန်းကြူးနဲ့ လမင်းကြီးလို ကွာခြားချက်မျိုး ဖြစ်နေတာကိုး’
သို့သော်လည်း သူ၏စိတ်ထဲတွင် သိမ်ငယ်စိတ်မျိုး လုံးဝ မရှိခဲ့ပေ။ မည်သို့ပင်ဆိုစေ ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူ ထွက်ပေါ်ခဲ့ဖူးသော မျိုးနွယ်စုကြီးတစ်ခု မဟုတ်ပါလော။ ဆုတ်ယုတ်နေသည့်တိုင်အောင် ဤကဲ့သို့သော နောက်ခံအခြေခံ ရှိနေသင့်ပေသည်။
သူ၏ အကြည့်ကို ဖြန့်ကြက်လိုက်သည့်အခါ ထောင်ဝမ်နှင့် ထောင်ရိရှန်းတို့ကို မြင်တွေ့လိုက်ရသည်။ သူတို့၏ နောက်တွင် အခြေတည်အဆင့် ကျင့်ကြံသူ ငါးဦး ရပ်နေခဲ့ကြသည်။ အခြားသော အခြေတည် ကျင့်ကြံသူများမှာမူ အားလုံးက ဆံပင်နှင့်မုတ်ဆိတ်မွေးများ ဖြူဖွေးနေသော အဘိုးကြီးတစ်ဦး၏ နောက်တွင် ရပ်နေခဲ့ကြသည်။ ထိုသူသည် ထောင်မျိုးနွယ်စု၏ လက်ရှိ မျိုးနွယ်စုအကြီးအကဲ ထောင်တောက်နန် ဖြစ်ပေသည်။ အခြေတည်အဆင့် (၉) ကျင့်ကြံသူကြီး ဖြစ်သည်။
လော့ချန် အခြားလူများကို လေ့လာကြည့်ရှုနေစဉ်အတွင်း အခြားလူများသည်လည်း သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ သူ့ကို စိုက်ကြည့်နေကြသည်။ ထောင်တောက်နန်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ထောင်ဝမ်ကို ကြည့်ကာ အေးစက်လှသော နှာခေါင်းရှုံ့သံတစ်ချက် ထုတ်လိုက်သည်။
"ဝမ်ဝမ်.... မင်း မျိုးနွယ်စုစည်းမျဉ်းအတိုင်း မျိုးနွယ်စုခေါင်းဆောင်အသစ်ကို ပြန်ခန့်အပ်ဖို့ အဆိုပြုတာကို ငါ သဘောတူပါတယ်.... ဒါပေမဲ့ အပြင်လူကို ခေါ်လာပြီး ကြည့်ခိုင်းတာကတော့ ဘာသဘောလဲ"
ထောင်ဝမ်က ထောင်လွှားလှသော အပြုံးတစ်ခုကို ဖော်ပြလိုက်ရင်း
"အပြင်လူ ဟုတ်လား.... တန်ချန်ဇီက ကျွန်မတို့ ထောင်မျိုးနွယ်စုရဲ့ အထူးဧည့်သည်တော်ပါ.... အပြင်လူဆိုတဲ့ စကားလုံးက ဘယ်ကနေ ထွက်လာတာလဲ"
"အထူးဧည့်သည်တော်လား.... ငါတို့ ထောင်မျိုးနွယ်စုရဲ့ နှစ်ပေါင်းရာချီတဲ့ သမိုင်းကြောင်းမှာ အပြင်ကနေ အထူးဧည့်သည်တော် ငှားရမ်းခဲ့ဖူးတာမျိုး တစ်ခါမှ မရှိခဲ့ဘူး"
ထောင်တောက်နန်က တုန်တုန်ရင်ရင်ဖြင့် ဆိုလိုက်သည်။
"ပြီးတော့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သဘောတူညီချက် မရှိဘဲနဲ့ ဘယ်သူက အထူးဧည့်သည်တော် ခန့်အပ်နိုင်မှာလဲ"
ထောင်ဝမ် အပြုံးကို ရုပ်သိမ်းလိုက်ရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဒါကြောင့်မို့လို့ပဲ ဒီနေ့ မျိုးနွယ်စုခေါင်းဆောင်အသစ်ကို ပြန်ခန့်အပ်ရမှာပေါ့"
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ထောင်တောက်နန်၏ စကားများကို သူမ ဆက် နားမထောင်တော့ဘဲ လက်ကို တိုက်ရိုက် ဝှေ့ယမ်းလိုက်သည်။
"ရိရှန်း"
ထောင်ရိရှန်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း အစ်မဖြစ်သူ နောက်မှ လမ်းလျှောက် ထွက်လာခဲ့ကာ အားလုံး၏ အကြည့်များကို ရဲရဲဝံဝံ ရင်ဆိုင်လိုက်တော့သည်။
"ထောင်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာဖို့ဆိုရင် အခြေအနေ သုံးခုနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်…. အခြေတည်အဆင့်၊ ဆေးဖော်ပညာ၊ ထောင်မျိုးဆက်သစ် ဖြစ်ကြပါတယ်.... အခုအချိန်မှာ ကျွန်တော်က ဒီအခြေအနေ သုံးခုစလုံးနဲ့ ကိုက်ညီနေပြီ ဖြစ်သလို အဘိုးကတော့ အသက်အရွယ် ကြီးရင့်နေပြီဖြစ်လို့ ဂိုဏ်းရဲ့ မျိုးဆက်သစ် မဟုတ်တော့တာ ကြာပါပြီ.... ဒါကြောင့်မို့လို့ ရာထူးကနေ ဆင်းပေးပြီး လူငယ်တွေကို နေရာပေးရမယ့် အချိန်ရောက်ပါပြီ.... ဒီနေ့ ကျွန်တော် ထောင်ရိရှန်း မျိုးနွယ်စုခေါင်းဆောင် ရာထူးနေရာကို တက်လှမ်းချင်ပါတယ်…. ဘယ်သူက ထောက်ခံပြီး ဘယ်သူက ကန့်ကွက်မလဲ"
သူ့စကားလုံးများက အလျင်စလို မရှိဘဲ ၎င်းအထဲရှိ ပြတ်သားလှသော အဓိပ္ပာယ်များမှာမူ အလွန်ပင် ရှင်းလင်းလှပေသည်။ ထောင်တောက်နန်၏ နောက်တွင် ရပ်နေကြသော အခြေတည် ကျင့်ကြံသူ အားလုံးမှာမူ လက်ရှိအချိန်၌ အချင်းချင်း မျက်လုံးချင်းဆုံကြည့်နေကြဆဲ ဖြစ်သည်။
ပြင်ပတွင် ဆယ်နှစ်ကျော် ကျင်လည်ခဲ့သော ထောင်ရိရှန်းက ပြန်လာလာချင်းမှာပင် မျိုးနွယ်စုခေါင်းဆောင် ဖြစ်ချင်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။ ဤနှစ်ပေါင်းတစ်ရာကျော်လုံးလုံး မျိုးနွယ်စုခေါင်းဆောင် ရာထူးနေရာကို မျိုးနွယ်စု အကြီးအကဲကသာ အမြဲ ဆုပ်ကိုင်ထားခဲ့ခြင်း ဖြစ်ပေသည်။ ဤအရာမှာ အာဏာကို ထိန်းသိမ်းထားခြင်း သက်သက်သာ မဟုတ်ချေ။ တစ်ခါတစ်ရံ ပြောင်းလဲသွားခဲ့မည်ဆိုပါက ၎င်းအထဲတွင် ပါဝင်ပတ်သက်နေသော အကျိုးအမြတ်များကလည်း ထောင်မျိုးနွယ်စု၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို ကြီးမားစွာ ပြောင်းလဲသွားစေနိုင်ပေသည်။
‘ဒီမောင်နှမနှစ်ယောက်ကတော့’
အားလုံး တိတ်ဆိတ်နေကြစဉ်အတွင်း ထောင်တောက်နန်၏ အိုမင်းရင့်ရော်လှသော မျက်နှာက အလွန်အမင်း အုံ့မှိုင်းသွားခဲ့ရသည်။ သူ သိရှိထားသည်မှာ ဤအရာမှာ ထောင်ဝမ်၏ ညွှန်ကြားချက် ဖြစ်ကြောင်းပင်။ သာမန် စည်းမျဉ်းများအရ ဆိုပါက သူသည်လည်း အမှန်တကယ်ပင် ဤအာဏာများကို ငယ်ရွယ်သော မျိုးဆက်သစ်များထံသို့ လွှဲပြောင်းပေးသင့်ပေသည်။ သို့သော်လည်း အချို့သောအရာများမှာမူ လွှဲပြောင်းပေးချင်တိုင်း လွှဲပြောင်းပေး၍ ရပါ့မည်လော။
"ငါက အိုမင်းနေပါပြီ.... ရာထူးကနေ ဆင်းပေးပြီး လူငယ်တွေကို နေရာပေးရမှာလည်း အမှန်ပါပဲ"
ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ နောက်မှ အော်ဟစ်သံများစွာ ထွက်ပေါ်လာခဲ့တော့သည်။
"မျိုးနွယ်စုအကြီးအကဲ…."
"အဘိုး…."
"မဖြစ်နိုင်တာ…."
ထောင်တောက်နန် သူ၏ ဘယ်ဘက်လက်ကို အသာအယာ မြှင့်တင်လိုက်ရင်း နှစ်ပေါင်းများစွာ ရှိခဲ့ဖူးသော အရှိန်အဝါဖြင့် ထိုအော်ဟစ်သံ အားလုံးကို ဖိနှိပ်လိုက်တော့သည်။ အေးစက်လှသော အကြည့်က ထောင်ရိရှန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ရသည်။
"ဒါပေမဲ့ ရိရှန်း မင်းက အသက် ငယ်သေးသလို အုပ်ချုပ်ရေးပိုင်းကိုလည်း နားမလည်သေးဘူး…. ဒီလောက် ကြီးမားလှတဲ့ ထောင်မျိုးနွယ်စုကို မင်းရဲ့ လက်ထဲ လွှဲပေးဖို့ကတော့ အဘိုး တကယ်ပဲ စိတ်မချနိုင်သေးပါဘူး"
ထောင်ရိရှန်း အစ်မဖြစ်သူကို တစ်ချက် လှည့်ကြည့်လိုက်မိသည်။ တစ်ဖက်လူ၏ မျက်လုံးများအတွင်းရှိ အားပေးမှုများအောက်တွင် သူစိတ်အာရုံကို ပြန်လည် တည်ငြိမ်စေလိုက်တော့သည်။
သူ မျိုးနွယ်စုအကြီးအကဲကို ရဲရဲဝံဝံ စိုက်ကြည့်လိုက်ရင်း ဆိုသည်။
"ကျွန်တော် အခြေတည်အဆင့်သို့ ရောက်ရှိပြီးပြီဆိုတော့ အသက်အရွယ် ငယ်သေးတယ် ဆိုတဲ့ စကားလုံးမျိုး မရှိတော့ပါဘူး၊ ကျွန်တော်တို့လို ကျင့်ကြံသူတွေကြားမှာ အသက်အရွယ်က အရေးမကြီးတော့ပါဘူး…. အစွမ်းအစနဲ့ အရည်အချင်းကသာ အဓိကပါပဲ.... ပြီးတော့ အုပ်ချုပ်ရေးပိုင်းကို နားမလည်ဘူး ဟုတ်လား.... ဒီမှာရှိတဲ့ အကြီးအကဲ အားလုံးရဲ့ ကူညီမှုတွေ ရှိနေတာဆိုတော့ ကျွန်တော် အမြန်ဆုံးပဲ ထောင်မျိုးနွယ်စုရဲ့ ကိစ္စရပ်အားလုံးကို အသားကျသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
ဤစကားလုံးများက အကျိုးအကြောင်း ခိုင်လုံလှပေသည်။ ထောင်တောက်နန်လည်း ဆက်လက်ပြီး ငြင်းပယ်ရန် မဖြစ်နိုင်တော့ချေ။ သို့သော်လည်း….
"တကယ်တော့ ငါ့မှာလည်း အစောကြီးကတည်းက ရာထူးကနေ ဆင်းပေးချင်တဲ့ စိတ်ကူး ရှိခဲ့ပါတယ်၊ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ထောင်အီချန်က ငါ့ကို ကူညီပြီး နေ့စဉ် ရှုပ်ထွေးပွေလီလှတဲ့ ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲပေးနေခဲ့တာ.... တကယ်လို့ ရာထူးနေရာကို လွှဲပေးရမယ်ဆိုရင်တော့ သူက အတွေ့အကြုံ ပိုပြီး ကြွယ်ဝလှပါတယ်.... ပြီးတော့ သူက ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ တပည့်ရင်း ဖြစ်သလို မျိုးနွယ်စုခေါင်းဆောင် ရာထူးနေရာကို ဆက်ခံဖို့အတွက်လည်း အရည်အချင်း ပြည့်မီသူပဲလေ"
စကားပြောဆိုနေစဉ်အတွင်း ထောင်တောက်နန်သည် ထောင်ဝမ်ကို လှမ်းကြည့်လိုက်သည်။
"ငါ ထင်တာကတော့ ထောင်အီချန်ကို မျိုးနွယ်စုခေါင်းဆောင် ရာထူးနေရာ ပေးလိုက်တာက ထောင်မျိုးနွယ်စုအတွက် ပိုပြီး အကျိုးရှိလိမ့်မယ် ထင်တယ်"
ထောင်ဝမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း
"ဒီလောက် အဓိပ္ပာယ်မရှိတဲ့ စကားတွေအများကြီး ပြောနေလို့ ဘာထူးမှာလဲ.... ကျွန်မတို့ အားလုံးက ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ တပည့်တွေ ဖြစ်ကြတာဆိုတော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ထုံးတမ်းအတိုင်းပဲ သွားကြတာပေါ့.... ကျင့်ကြံအဆင့်က ကွာခြားချက် မရှိဘူးဆိုရင် ဆေးဖော်ပညာနဲ့ပဲ အရှုံးအနိုင်ကို ဆုံးဖြတ်ကြမယ်"
ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကွင်းပြင်အတွင်းရှိ လူအားလုံးမှာ နားလည်မှုရှိရှိဖြင့် ခေါင်းညိတ်လိုက်ကြတော့သည်။ ထောင်တောက်နန်မှာလည်း စားပွဲခုံကို အားပြင်းပြင်းဖြင့် တစ်ချက် ရိုက်နှက်လိုက်ရင်း
"ကောင်းပြီ.... အဲ့စကားအတည်ပဲ"
ထို့နောက်တွင်မူ မည်သည့် စကားပိုမျှ ရှိမနေတော့ချေ။ ထောင်မျိုးနွယ်စု၏ ကျင့်ကြံသူများသည် အလွန်အမင်း အလျင်စလိုပင် အလုပ်ရှုပ်သွားခဲ့ကြပြီး ဆေးဖော်စပ်ရာတွင် အသုံးပြုမည့် ကိရိယာအမျိုးမျိုးနှင့် ဆေးဖက်ဝင်ပစ္စည်း အမျိုးမျိုးကို စတင် ပြင်ဆင်လိုက်ကြတော့သည်။
အပြင်လူ ဖြစ်သော လော့ချန်မှာမူ ထောင့်စွန်းတစ်နေရာတွင် ထိုင်နေခဲ့ပြီး စိတ်ဝင်စားစရာ ကောင်းလှသော ဤမြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။ သူသည် မျိုးနွယ်စု နောက်ခံမှ ထွက်ပေါ်လာခဲ့သူ မဟုတ်ချေ။ ဤကဲ့သို့သော ကျင့်ကြံခြင်း မျိုးနွယ်စုများအတွင်းရှိ အာဏာလုယူပြီး အားပြိုင်ကြသည့် တိုက်ပွဲများကိုမူ သူ တစ်ဆင့်စကားဖြင့်သာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ယခုကိုယ်တိုင် မြင်တွေ့လိုက်ရသည့် အခါတွင်မူ ဆန့်ကျင်ဘက်အနေဖြင့် အခြားသော စိတ်ဝင်စားစရာ အရသာတစ်ခု ရှိနေခဲ့ပေသည်။
စကားလုံးများဖြင့် အားပြိုင်ကြပြီး တစ်လှမ်းမျှပင် အလျော့ပေးခြင်း မရှိကြချေ။ ဒေါသအရှိန်အဝါက ပြင်းထန်လှသော်လည်း စည်းကမ်းဘောင်ကိုမူ အလွန်အမင်း ထိန်းသိမ်းထားနိုင်ကြဆဲ ဖြစ်သည်။ မျိုးနွယ်စုအတွင်းပိုင်း၌ ခြေကုပ်ယူချင်သည်ဆိုပါက အင်အားက အလွန်အရေးကြီးလှပြီး ထောင်ဝမ်ကဲ့သို့သော အစွမ်းအစမျိုး လိုအပ်ပေသည်။ ထိုအစွမ်းအစကသာ စနစ်ဟောင်းကို စိန်ခေါ်နိုင်ပြီး စနစ်အသစ်ကို တည်ဆောက်နိုင်ပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် လူမှုဆက်ဆံရေး နယ်ပယ်ကိုလည်း ပစ်ပယ်ထား၍ မရချေ။
ယခုအခါတွင် ထောင်ဝမ် လုပ်ဆောင်ချင်သည့်အရာမှာ အားလုံးကို ထိန်းချုပ်နိုင်မည့် ရာထူးနေရာကို အတင်းအဓမ္မ လုယူလိုခြင်း ဖြစ်ပေသည်။ ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက ထောင်တောက်နန်၏ ဘေးနားတွင် ဝန်းရံနေခဲ့ကြသော လူများသည်လည်း အကျိုးအမြတ်များကြောင့် သူမ၏ဘက်သို့ ယိမ်းယိုင်လာကြပေလိမ့်မည်။ အတွင်းပိုင်း စနစ်ကို သေသေချာချာ ထိန်းချုပ်နိုင်ပြီးနောက်တွင်မှ သူမသည် အတွင်းပိုင်းမှ သစ္စာဖောက်မည့် အန္တရာယ်ကို စိုးရိမ်စရာမလိုဘဲ ထောင်မျိုးနွယ်စု၏ အင်အားကို အပြင်ဘက်သို့ ချဲ့ထွင်နိုင်မည် ဖြစ်သည်။
‘ဒါက ပြင်ပကို တိုက်ခိုက်ဖို့အတွက် အတွင်းပိုင်းကို အရင် ငြိမ်းချမ်းအောင် လုပ်တဲ့ နည်းလမ်းပဲပေါ့’
လော့ချန်စိတ်ထဲတွင် ရေရွတ်လိုက်မိရင်း ကျင့်ကြံသူ အားလုံး၏ ခြံရံမှုအလယ်တွင် ရှိနေသော ထိုအမျိုးသမီးကို ပိုမို အထင်ကြီးသွားခဲ့ရသည်။
သူ တိတ်တဆိတ် ထောင်ဝမ်ကို လေ့လာကြည့်ရှုနေစဉ်အတွင်း လှပလှသော မျက်လုံးတစ်စုံသည်လည်း သူ၏ အကြည့်နှင့် ဆုံသွားခဲ့ရသည်။
"မိတ်ဆွေ.... ငါတို့ အတူတူ ဆေးဖော်အခန်းထဲကို သွားကြမလား"
လော့ချန်၏ မျက်ခုံး တစ်ချက် ပင့်တက်သွားခဲ့ရသည်၊ ဤကဲ့သို့သော လျှို့ဝှက်ချက် ရှိလှသည့် နေရာမျိုးကို သူပါ ပါဝင်ခွင့် ရှိသည်လော။ သူ သဘာဝကျကျပင် ငြင်းပယ်မည် မဟုတ်ချေ။ တစ်ချိန်တည်းမှာပင် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အခြားသော ဆေးဖော်ဆရာများ၏ ဆေးဖော်ပညာ အဆင့်အတန်းကိုပါ လေ့လာ စုံစမ်းနိုင်မည် မဟုတ်ပါလော။
"ဒါဆိုရင်တော့ အတူတူ သွားကြတာပေါ့ဗျာ"
….
တောအုပ်အတွင်းရှိ လမ်းငယ်လေးပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ယှဉ်တွဲ လမ်းလျှောက်နေကြသည်။ သူတို့နောက်တွင်မူ အခြေတည် ကျင့်ကြံသူ ငါးဦးက အနီးကပ် လိုက်ပါလာခဲ့ကြသည်။
လော့ချန်၏ နှာခေါင်းဝဆီသို့ ထူးခြားလှသော ရနံ့မွှေးမွှေးလေးတစ်ခု ရောက်ရှိလာခဲ့ရသည်။ ၎င်းမှာ ဘေးနားရှိ အမျိုးသမီး၏ ခန္ဓာကိုယ်မှ ရနံ့လော သို့မဟုတ် လမ်းဘေးဝဲယာရှိ ဂန္ဓမာပန်းများ၏ ရနံ့လော သူမသိချေ။
"အစ်မထောင်က မောင်ဖြစ်သူကို အတော်လေး ယုံကြည်တာပဲနော်"
လော့ချန် စကားစလိုက်သည်။
ထောင်ဝမ်က နှုတ်ခမ်းကို မသိမသာ မဲ့လိုက်ရင်း
"ငါက ထောင်တောက်နန်ရဲ့ မြေးဖြစ်တဲ့ ထောင်အီချန်ကို ပိုပြီးတောင် ယုံကြည်သေးတယ်"
"ဗျာ"
လော့ချန် နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။
ထောင်ဝမ်၏ နှုတ်ခမ်းထောင့်များ ပင့်တက်သွားခဲ့ရသည်။
"သူက ဒီနှစ်တွေတစ်လျှောက်လုံး မျိုးနွယ်စု အာဏာတွေကြားထဲမှာ နစ်မွန်းနေခဲ့တာဆိုတော့ သူ့ရဲ့ ဆေးဖော်ပညာက ဘယ်နေရာကို လွင့်စင်သွားခဲ့ပြီလဲတောင် မသိတော့ပါဘူး.... ဒုတိယအဆင့် ဆေးဖော်ဆရာဆိုတာ အလကား.... နာမည်ပဲ ရှိနေတာ.... ဒုတိယအဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်ဦးမလား ဆိုတာကတော့ ကြည့်ရတာ သူကိုယ်တိုင်တောင်မှ စိတ်ထဲမှာ ယုံကြည်ချက် ရှိမှာ မဟုတ်ပါဘူး"
လော့ချန် တစ်ခဏအတွင်းမှာပင် သဘောပေါက်သွားခဲ့ရသည်။
‘သူမ ဘာလို့ ဒီလောက်အထိ ယုံကြည်မှု ရှိနေရလဲဆိုတာ မဆန်းတော့ဘူးပဲ’
"ဒါတင်မကသေးဘူး.... ရိရှန်းက ဒီနှစ်နှစ်တာအတွင်း မင်းရဲ့ ဘေးနားမှာ အမြဲတမ်း နေခဲ့တာလေ၊ မင်းကော သူ့အပေါ်မှာ ယုံကြည်ချက် မရှိဘူးလား"
ထောင်ဝမ်၏ အကြည့်များက လော့ချန်အပေါ် ကျရောက်သွားခဲ့ရသည်။
လော့ချန် ပြုံးလိုက်မိသည်။
"ဒါကိုတော့ ခဏနေကျရင် မြင်ရမှာပါ"
....
အခြားတစ်ဖက်တွင်မူ ထောင်တောက်နန်၏ နောက်လိုက် အခြေတည်အဆင့်လတ် ကျင့်ကြံသူများသည် မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"မျိုးနွယ်စုအကြီးအကဲ ဘာဖြစ်လို့ ဒီလောက် လွယ်လွယ်ကူကူနဲ့ ဆေးဖော်ပြိုင်ပွဲကို သဘောတူလိုက်ရတာလဲ.... အီချန်က ဒီနှစ်တွေတစ်လျှောက်မှာ အဘိုးကို ကူညီပြီး မျိုးနွယ်စုကိစ္စတွေကို စီမံပေးနေခဲ့တာ.... သူ၏ ဆေးဖော်အရည်အချင်းက တကယ့်ကို စင်ပေါ်တင်လို့ မရတော့ပါဘူး"
ထောင်တောက်နန်၏ မျက်နှာကမူ တည်ငြိမ်အေးဆေးလှပေသည်။ သူ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ထောင်အီချန်ရဲ့ ဆေးဖော်အရည်အချင်းက စင်ပေါ်တင်လို့ မရဘူးဆိုရင် ထောင်ရိရှန်းကော တင်လို့ ရမှာမို့လို့လား.... အခုတစ်ကြိမ် ပြိုင်ဆိုင်ရမယ့်အရာက ငါတို့ ထောင်မျိုးနွယ်စုရဲ့ သီးသန့် သက်တံ့ဂန္ဓမာဆေးလုံးကို ဖော်စပ်ရမှာ.... အဲ့ဆေးလုံးရဲ့ အဆင့်အတန်းက ဒုတိယအဆင့် ရှိတာ.... ထောင်ရိရှန်းက စာတွေ့သက်သက်ပဲ ရှိတဲ့သူမို့လို့ အချိန်တိုအတွင်းမှာ အဲ့ဆေးကို သေချာပေါက် ဖော်စပ်နိုင်မှာ မဟုတ်ဘူး"
ဘေးနားရှိ အခြေတည်အဆင့်လတ် ကျင့်ကြံသူ မှင်တက်သွားခဲ့ရသည်။ သူ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"နှစ်ယောက်စလုံး မဖော်စပ်နိုင်ဘူးဆိုရင် ပြိုင်ပွဲက ဘာအဓိပ္ပာယ် ရှိပါဦးမလဲ"
ထောင်တောက်နန်က အေးစက်စွာ ရယ်မောလိုက်ရင်း
"အဲ့လို ဖြစ်လာခဲ့မယ်ဆိုရင်တော့ အရာအားလုံးက မူလနေရာကို ပြန်ရောက်သွားမှာပေါ့"
‘မူလနေရာလား....’
ထိုကျင့်ကြံသူ မှင်တက်သွားခဲ့ပြီးနောက် တစ်ခဏအတွင်းမှာပင် သဘောပေါက်သွားခဲ့ရသည်။ မူလက ပြောဆိုခဲ့သော အရာမှာ ထောင်အီချန် မျိုးနွယ်စု ကိစ္စရပ်များကို စီမံခန့်ခွဲရာတွင် အတွေ့အကြုံ ပိုမို ကြွယ်ဝလှသည်ဟူသော အချက် မဟုတ်ပါလော။
သူ မချီးမွမ်းဘဲ မနေနိုင်တော့ချေ။
"အဲ့ဒီ မိန်းကလေးထောင်ဝမ်ရဲ့ စိတ်ထဲမှာ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲတစ်ခုတည်းပဲ ရှိနေတာ.... မျိုးနွယ်စုရဲ့ အတွင်းရေး ကိစ္စတွေက ဘယ်လိုလုပ်ပြီး အဲ့လောက် လွယ်ကူနိုင်ပါ့မလဲ.... ဘယ်လိုပဲဖြစ်ဖြစ် မျိုးနွယ်စုအကြီးအကဲကသာ ပိုသာတာပါဗျာ"
ထောင်တောက်နန်ကမူ ပြုံးမြဲပြုံးနေခဲ့ပြီး မည်သည့် စကားမျှ မပြောဆိုချေ။
....
ကျယ်ဝန်းလှသော ဆေးဖော််ခန်းကြီးအတွင်း ရွှေဝါရောင် ဆေးမီးဖိုကြီးနှစ်ခု ခန့်ညားထည်ဝါစွာဖြင့် တည်ရှိနေခဲ့ကြသည်။ မြေအောက်မီးတောက်များမှာ ဟုန်းဟုန်းတောက်လောင်နေခဲ့ပြီး အခါအားလျော်စွာ မီးလျှံများကို မှုတ်ထုတ်နေခဲ့ကြသော်လည်း ၎င်းတို့၏ အရှိန်အဝါကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။ ဆေးရနံ့များက ထူထပ်သိပ်သည်းလှပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားခဲ့ရသည်။
လူရိပ်နှစ်ခုသည် ဆေးဖိုတစ်ခုစီ၏ ဘေးနားတွင် အသီးသီး ရပ်နေခဲ့ကြပြီး သူတို့ နောက်တွင်မူ ချီသန့်စင်အဆင့် ကျင့်ကြံသူ အတော်များများက အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်။
ထောင်တောက်နန်က မျက်နှာချင်းဆိုင်ရှိ ထောင်ဝမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လက်ကို အားပြင်းပြင်းဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်သည်။
"စတင်စေ…."
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထောင်ရိရှန်းနှင့် ထောင်အီချန်ဟူသော မျိုးဆက်သစ်လူငယ်နှစ်ဦးမှာ နားလည်မှုရှိရှိဖြင့် လက်ကွက်များကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်ကြပြီး မှော်အတတ်များကို လှုံ့ဆော်လိုက်ကာ မြေအောက်လိုဏ်ဂူအတွင်းမှ ပြင်းထန်လှသော မြေအောက်မီးများကို ဆွဲထုတ်လိုက်ကြတော့သည်။
ဆေးဖက်ဝင်ပစ္စည်း အမျိုးမျိုးမှာ ဆေးဖော်ဆရာလေးများ၏ ကူညီမှုအောက်တွင် သူတို့နှစ်ဦး၏ လက်ထဲသို့ ဆက်တိုက် ရောက်ရှိသွားခဲ့ရသည်။
လော့ချန်သည် စိတ်ဝင်စားစရာ ကောင်းလှသော ဤမြင်ကွင်းကို အာရုံစိုက်ပြီး ကြည့်ရှုနေခဲ့သည်။ သူ၏ နားထဲတွင်မူ ရုတ်တရက်ပင် စကားသံတစ်ခု ပဲ့တင်ထပ်ပေါ်ပေါက်လာခဲ့ရသည်။
"မိတ်ဆွေလော့ မင်း သေသေချာချာ ကြည့်ထားပါ.... ဒါက ငါ မင်းအတွက် ပြင်ဆင်ပေးထားတဲ့ ဒုတိယအဆင့် ကျင့်ကြံခြင်း ဆေးလုံးရဲ့ ဆေးနည်းပဲ.... ထောင်မျိုးနွယ်စုရဲ့ သီးသန့် ဒုတိယအဆင့် ဆေးလုံး သက်တံ့ဂန္ဓမာဆေးလုံးပဲ...."
ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လော့ချန်၏ မူလက ပြဇာတ်ကြည့်နေခဲ့သော စိတ်ခံစားချက်မှာ တစ်ခဏအတွင်းမှာပင် ကြီးမားလှသော ပြောင်းလဲမှုများ ဖြစ်ပေါ်သွားခဲ့ရသည်။
ဝိညာဉ်မျက်လုံးတစ်စုံမှာ နက်ရှိုင်းလှပြီး အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်လာခဲ့ရကာ ထူထပ်သိပ်သည်းလှသော ချီစွမ်းအင်များမှာ အခြားလူများ သတိမထားမိနိုင်သော အခြေအနေအောက်တွင် သူ၏ မျက်လုံးနှစ်လုံးဆီသို့ အဆက်မပြတ် စီးဆင်းသွားခဲ့တော့သည်။ သူ၏ စိုက်ကြည့်မှုအောက်တွင်မူ ဆေးလုံးဖော်စပ်နေကြသော ထိုနှစ်ဦးစလုံး၏ လှုပ်ရှားမှု အားလုံးမှာ သူ၏ မျက်လုံးအတွင်းသို့ လုံးဝ ဝင်ရောက်သွားခဲ့ရသည်။ ဆေးဖိုကြီးအတွင်း၌ အဆက်မပြတ် အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြသော ဆေးဖက်ဝင်ပစ္စည်း အမျိုးမျိုး၏ ပြောင်းလဲမှု အားလုံးမှာလည်း သူ၏ စိတ်နှလုံးအတွင်းသို့ အလုံးစုံ ရောက်ရှိသွားခဲ့ရတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ