← Chapters

အခန်း ၄၇၀

Vol. 47 Ch. 470

အခန်း ၄၇၀

Vol. 47 Ch. 470

အခန်း (၄၇၀) - သက်တံ့ဂန္ဓမာဆေးလုံး ဖော်စပ်ခြင်း

ကြီးမားလှသော ဆေးဖော််ခန်းကြီးအတွင်း၌ ဖြစ်သည်။

ဒုတိယအဆင့် ဆေးဖော်ဆရာနှစ်ဦးသည် စိတ်ဝိညာဉ်အားလုံးကို စုစည်းပြီး သက်တံ့ဂန္ဓမာဆေးလုံးကို ဖော်စပ်နေကြသည်။

တစ်ဦး၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေသော်လည်း တည်ငြိမ်အေးဆေးမှုများ ရှိနေခဲ့သည်။ အခြားတစ်ဦးမှာမူ အလွန်အမင်း အာရုံစိုက်ထားသော်လည်း သူ၏ မျက်ခုံးများ တုန်ယင်နေခြင်းကို ကြည့်ခြင်းဖြင့် စိတ်ထဲတွင် မည်မျှလောက်အထိ တင်းကျပ်ပူပန်နေသည်ကို မြင်တွေ့နိုင်သည်။

ပတ်ဝန်းကျင်တွင် ဝန်းရံကြည့်ရှုနေကြသူ အားလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်နေကြပြီး မည်သူမျှ သူတို့အား သွားရောက် နှောင့်ယှက်ခြင်း မပြုဝံ့ကြချေ။ တိတ်ဆိတ်နေသည်ဟု ပြောသော်လည်း အမှန်တကယ်တွင်မူ၊ အတော်များများက အချင်းချင်း တိတ်တဆိတ်ဖြင့် ဝိညာဉ်အာရုံချင်း ဆက်သွယ်ပြီး စကားပြောဆိုနေကြခြင်း ဖြစ်သည်။

လော့ချန်၏ စိတ်ဝိညာဉ် စွမ်းအားက မည်မျှလောက်အထိ အားကောင်းသည်ဆိုလျှင် သူ တကူးတက ခိုးနားမထောင်လျှင်ပင် အချို့သော အခြေတည်အစောပိုင်းနှင့် အဆင့်လတ် ကျင့်ကြံသူများ၏ စကားပြောသံများမှာ သူ၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာခဲ့သည်။

"ကျွတ်.... ကျွတ်.... ဒီရိရှန်းက ယွမ်ကျောက်တိုင်းပြည်ကို စောင့်ကြပ်တဲ့ တာဝန်ကို ဆယ်နှစ်တာ ထမ်းဆောင်ခဲ့ရတာတောင် သူ့ရဲ့ ဆေးဖော်ပညာက နည်းနည်းလေးမှ ကျဆင်းမသွားဘူးပဲ"

"ကျဆင်းမသွားရုံတင် ဘယ်ကမလဲ.... မင်း သူ့ရဲ့ သစ္စာနှလုံးသားလက်ကွက် အသုံးပြုပုံကို ကြည့်လိုက်ဦး.... အလောတကြီး မရှိဘဲ ကျွမ်းကျင်ပိုင်နိုင်လွန်းလှတယ်"

"မင်း ပြောတာ အမှန်ပဲ.... ဒီဂန္ဓမာပန်းကို ငါ့လာ ကိုင်တွယ်ခိုင်းမယ်ဆိုရင်တောင် ဒီလောက်အထိ လုပ်နိုင်မှာ မဟုတ်ဘူး"

"ဟေ့.... ဟိုမှာ ထောင်အီချန်ကို ကြည့်လိုက်ဦး"

"သူကတော့ မလွယ်ဘူး.... ကို့ယို့ကားယား နိုင်လွန်းတယ်"

"သူ အဆင့်ဆင့်ကို အချိန်ယူလုပ်နေတာက ဆေးဖက်ဝင်ပစ္စည်းတွေ ပျက်စီးသွားမှာကို စိုးရိမ်လွန်းလို့၊ ဒါပေမဲ့ အဲ့ဒါကပဲ အကောင်းဆုံး ဆေးစွမ်းအင် ပေါင်းစပ်မယ့် အချိန်ကို လွဲချော်သွားစေခဲ့ပြီ"

"ငါ့အမြင်အရတော့ ထောင်အီချန်ရဲ့ ဆေးဖော်အတတ်ပညာက ရိရှန်းနဲ့ ယှဉ်ရင် အဆင့်တစ်ခုလောက် ကွာခြားသွားပြီ"

"ဟေ့.... အဓိကအဆင့်ကို ရောက်လာပြီ ဂန္ဓမာပန်းကို ဘယ်လို စီမံမလဲ ဆိုတာကို ကြည့်ကြရအောင်"

ဆေးဖော်ပြိုင်ပွဲမှာ ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။

လော့ချန် ခေတ္တမျှ စောင့်ကြည့်ပြီးနောက် သူ၏ မျက်ခုံးများက မသိမသာဖြင့် တွန့်ချိုးသွားခဲ့ရသည်။

"ဒီထောင်အီချန်က ဒုတိယအဆင့် ဆေးဖော်ဆရာလို့ ခေါ်ဖို့ အရည်အချင်း ပြည့်မီရဲ့လား"

သူ အလွန်အမင်း အံ့အားသင့်သွားခဲ့ရသည်။ တစ်ဖက်လူ၏ အဆင့်အတန်းက အတော်လေးကို နိမ့်ကျလွန်းလှသည်။ အမှန်တကယ်ပင် မျိုးနွယ်စုစီမံခန့်ခွဲခြင်းများတွင် နစ်မွန်းနေခဲ့သဖြင့် ဆေးဖော်စပ်ခြင်း အဆင့်က ဤမျှလောက်အထိ ထိုးဆင်းသွားခဲ့ခြင်းလော။ သို့သော်လည်း မဟုတ်သေးချေ။ ယခင်က ထောင်ရိရှန်းနှင့် သူ စကားပြောဆို ဆွေးနွေးခဲ့စဉ်က ထောင်ရိရှန်းလည်း အတော်လေးကို ချက်ကျလက်ကျ ပြောဆိုနိုင်ခဲ့သည်။ သို့သော်လည်း လက်တွေ့ လုပ်ဆောင်သည့် အခါတွင်မူ အမှားအယွင်းများစွာ ပေါ်ပေါက်နေခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဒုတိယအဆင့် ဆေးဖော်ဆရာများ၏ စံနှုန်းကား အလွန်အမင်း လျော့ရဲလွန်းနေသည်လော။

သူ၏ အကြည့်ကို အခြားသော စိတ်ဝင်တစား ရှိနေကြသည့် အခြေတည် ကျင့်ကြံသူများဆီသို့ ပို့လွှတ်လိုက်ရင်း လော့ချန် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားခဲ့သည်။

"သူတို့က အားနည်းလွန်းတာ မဟုတ်ဘဲ ငါက အားကောင်းလွန်းနေတာ ဖြစ်မလား"

ဟုတ်ပေလိမ့်မည်။ သာမန်ကျင့်ကြံသူတစ်ဦး၏ မျက်လုံးထဲတွင်မူ ရံဖန်ရံခါ ဒုတိယအဆင့် ဆေးလုံးတစ်လုံး၊ နှစ်လုံးကို ဖော်စပ်နိုင်ခဲ့သည့် ဆေးဖော်ဆရာများကိုပင် ဒုတိယအဆင့် ဆေးဖော်ဆရာဟူ၍ ခေါ်ဆိုနိုင်ကြပြီ ဖြစ်သည်။ ချင်ယွမ်ဇီကဲ့သို့သော လူမျိုးသည်လည်း ဆေးဖော် အတတ်ပညာကို အားကိုးပြီး ဖြတ်လမ်းနည်းဖြင့် တတိယအဆင့် ဆေးလုံးကို ကံကောင်းထောက်မစွာဖြင့် ဖော်နိုင်ခဲ့ကာ မိမိကိုယ်ကိုယ် တတိယအဆင့် ဆေးဖော်ဆရာဟူ၍ ကြွားဝါနေခဲ့သည် မဟုတ်ပါလော။

ဤဒုတိယအဆင့် ဆေးဖော်ဆရာများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက လော့ချန်၏ ဆေးဖော်အတတ်ပညာမှာမူ အနည်းဆုံး သောင်းဂဏန်းမကရှိသော ဆေးလုံးများ ဖော်စပ်အောင်မြင်ခဲ့ရင်း အတင်းအဓမ္မ သွေးတင်လာခဲ့ခြင်း ဖြစ်ပေသည်။ ဒုတိယအဆင့် ဆေးလုံး ဖြစ်လျှင်ပင် သူ ဖော်စပ်ခဲ့သည်မှာ အနည်းဆုံး အလုံးရေ နှစ်ထောင်၊ သုံးထောင်မက ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းတို့ထဲမှ အများစုမှာလည်း ဖော်စပ်ရန် အခက်ခဲဆုံး ဖြစ်သော အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ရှိ ဆေးလုံးများ ဖြစ်ကြသည်။ ၎င်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အခြားသော လူများသည် သဘာဝကျကျပင် သူနှင့် ယှဉ်ပြိုင်ရန် အရည်အချင်း မရှိကြချေ။

သို့သော်လည်း လော့ချန်သည် မာနထောင်လွှားတတ်သည့် လူမျိုးမဟုတ်ချေ။ ဤလောကကြီးတွင် လူတော်ထက် လူတော် ရှိနေကြဆဲပင်။ ထောင်မျိုးနွယ်စုမှ ဤဆေးဖော်ဆရာနှစ်ဦးကမူ ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် နေရာမရနိုင်ကြသလို ဂိုဏ်းမှ ပေးအပ်တဲ့ ဘွဲ့အမည်ပင် ရှိမနေကြချေ။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ထိုပါရမီရှင်ခုနှစ်ဦးကမူ သေချာပေါက် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဖြစ်ပြီး အနည်းငယ်မျှ အထင်သေး၍ မရချေ။

လော့ချန် ခေါင်းခါယမ်းလိုက်မိသည်။ ယခုအချိန်၌ သူ၏ နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းခြင်းမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် စိတ်တစ်ခုတည်းဖြင့် အလုပ်သုံးခုကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။ အတွေးအချို့ ပေါ်ထွက်နေသည့်တိုင်အောင် သူ၏ စိတ်အာရုံ အစိတ်အပိုင်းတစ်ခုက ဆေးဖော်ခန်းထဲရှိ လူနှစ်ဦးအပေါ် အမြဲ အာရုံစိုက်ထားခဲ့ဆဲ ဖြစ်သည်။ ထို့ကြောင့် သက်တံ့ဂန္ဓမာဆေးလုံး၏ ဖော်စပ်မှု ဖြစ်စဉ်တစ်ခုလုံးကို သူ အသေးစိတ် မှတ်သားထားခဲ့သည်။

ဘေးနားရှိ ထောင်ဝမ်က ၎င်းကို မြင်တွေ့သွားခဲ့ရသဖြင့် အံ့အားသင့်စွာဖြင့် ဝိညာဉ်အာရုံချင်း ဆက်သွယ်ပြီး မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့လဲ တစ်စုံတစ်ခု မှားယွင်းနေလို့လား"

လော့ချန် တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

"ရှုံးတော့မယ်"

"ဘယ်သူလဲ"

"နှစ်ယောက်စလုံး"

ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထောင်ဝမ်၏ မျက်နှာပေါ်၌ သံသယဖြစ်ဖွယ် အမူအရာများ ပေါ်ပေါက်လာခဲ့ရသည်။ သူမကိုယ်တိုင်ကမူ မြင့်မြတ်လှသော ဆေးဖော်ဆရာတစ်ဦး မဟုတ်ချေ။ သို့သော်လည်း ငယ်စဉ်ကတည်းက ဆေးဖော်မျိုးနွယ်စုကြီးတစ်ခုအတွင်း၌ ကြီးပြင်းလာခဲ့ရသဖြင့် ဆေးလုံးဖော်စပ်ခြင်းအပေါ် ဆုံးဖြတ်ချက်ချရာတွင်မူ အနည်းနှင့်အများဆိုသလို အမြင် ရှိနေခဲ့ဆဲ ဖြစ်သည်။

"ထောင်အီချန်ကတော့ ကျရှုံးနိုင်ပါတယ်.... ဒါပေမဲ့ ရိရှန်းရဲ့ အဆင့်ဆင့် လုပ်ဆောင်ချက်တိုင်းက ပြီးပြည့်စုံနေတာပဲ၊ သိသိသာသာကို အောင်မြင်တော့မယ့် အရိပ်အယောင်တွေ ရှိနေတာကို"

သူမတင် မဟုတ်ချေ။ ဆေးဖော်ခန်းအတွင်းရှိ အခြေတည်ကျင့်ကြံသူများ အားလုံးကလည်း ထောင်ရိရှန်းနှင့် ထောင်အီချန် ဤနှစ်ဦး၏ ဆေးဖော်စပ်ခြင်း အတတ်ပညာအကြားရှိ ကြီးမားလှသော ကွာခြားချက်ကို မြင်တွေ့နေကြရပြီ ဖြစ်သည်။

အထူးသဖြင့် မျိုးနွယ်စုအကြီးအကဲ ထောင်တောက်နန်၏ ဘက်တွင် ဖြစ်ပေသည်။ လူတော်တော်များများမှာမူ ယခုအချိန်၌ ထိတ်လန့်တုန်လှုပ်ဖွယ် အမူအရာများကို ဖော်ပြနေကြပြီ ဖြစ်သည်။ ထို့အပြင် ဝိညာဉ်အာရုံ ဆက်သွယ်မှုများစွာသည်လည်း မသိမသာဖြင့် ထောင်တောက်နန်ရှိရာ နေရာဆီသို့ စုစည်းသွားခဲ့ကြသည်။

ထောင်တောက်နန်၏ မျက်နှာကမူ အကျည်းတန်နေခဲ့သော်လည်း တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပြီး စကားပြောဆို နှောင့်ယှက်ခြင်း မပြုခဲ့ချေ။

ဆေးဖော်စပ်ခြင်းက ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ တစ်ခဏမျှ ကြာပြီးနောက် ပြတ်သားလှသော ပေါက်ကွဲသံတစ်ချက်က ဆေးမီးဖိုကြီးအတွင်းမှ ထွက်ပေါ်လာခဲ့ရသည်။

အကြည့်အားလုံး စုစည်းသွားခဲ့ကြသည့် အခါတွင်မူ မြင်တွေ့လိုက်ရသည်မှာ ထောင်အီချန်၏ ဖြူလျော်လွန်းလှပြီး သွေးမရှိသလို ဖြစ်နေသော မျက်နှာကို ဖြစ်ပေသည်။

"ငါ ကျရှုံးသွားခဲ့ပြီ"

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့သည်။

"ဟူး"

သက်ပြင်းတစ်ချက်က ထောင်တောက်နန်၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ရသည်။ သူ တစ်ဖက်လူကို အပြစ်မတင်ခဲ့ချေ။ မူလက ထောင်အီချန်တွင် ဆေးဖော်လမ်းစဉ် ပါရမီအနည်းငယ် ရှိခဲ့ဖူးသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ စာတွေ့ စိစစ်မှုကို အောင်မြင်ခဲ့ရုံ သာမက ကံကောင်းထောက်မစွာဖြင့် ဒုတိယအဆင့် ဆေးလုံးတစ်လုံးကိုပင် ဖော်စပ်နိုင်ခဲ့ဖူးသည်။

သို့သော်လည်း နောက်ပိုင်းတွင် ဆေးဖော်စပ်ခြင်း အလုပ်က အလွန်အမင်း ထပ်တလဲလဲ ဖြစ်လွန်းလှပြီး ပျင်းစရာကောင်းလှသလို ကျင့်ကြံခြင်းကိုပါ နှောင့်ယှက်နေသည်ဟု တွေးတောမိသဖြင့် သူ ဆက်လက် လေ့လာခြင်းကို စွန့်လွှတ်လိုက်တော့သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ အာရုံအားလုံးကို ထောင်မျိုးနွယ်စု၏ အတွင်းရေး ကိစ္စရပ်များကို စီမံခန့်ခွဲခြင်းဆီသို့ ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ ထိုစဉ်တုန်းက စိတ်ကို ခိုင်ခိုင်ထားပြီး သူ့အား ဆေးဖော်စပ်ခြင်း အတတ်ပညာကို ဆက်လက် လေ့လာခိုင်းခဲ့မည်ဆိုပါက ယနေ့ ဤမျှလောက်အထိ အရှက်ရဖွယ် အခြေအနေမျိုး ရှိနေပါဦးမည်လော။ သူ ခေါင်းခါယမ်းလိုက်ရင်း သူ၏ အကြည့်ကို ထောင်ရိရှန်းဆီသို့ ပို့လွှတ်လိုက်သည်။

"သူ တကယ်ပဲ တစ်ကြိမ်တည်းနဲ့ အောင်မြင်သွားနိုင်မှာလား"

ကျရှုံးသွားခဲ့ပြီဖြစ်သော ထောင်အီချန် အပါအဝင် အားလုံး၏ အကြည့်များမှာ ထောင်ရိရှန်းဆီ စုစည်းရောက်ရှိသွားခဲ့ကြတော့သည်။ အကယ်၍ ယခင်တုန်းကသာ ဖြစ်ခဲ့မည်ဆိုပါက လူအများအပြား၏ စိုက်ကြည့်ခြင်းအောက်တွင် သူ သေချာပေါက် ပူပန်သွားခဲ့ရပေလိမ့်မည်။ ဆေးဖော်စပ်ခြင်း လှုပ်ရှားမှုများမှာလည်း ပုံပျက်သွားခဲ့ရပေလိမ့်မည်။

သို့သော်လည်း လော့ထျန်းအဖွဲ့၏ ဆေးဖော်နန်းဆောင်အတွင်း၌ နေထိုင်ခဲ့သော ဤတစ်နှစ်တာအတွင်း၌မူ သာမန် ဆေးလုံးဖော်စပ်နေသည့် အချိန်တိုင်းတွင်၊ ချွီလင်ကျွင်း၊ မီလီတို့က အခါအားလျော်စွာ ဘေးနားတွင် လိုက်ပါ ကြည့်ရှုလေ့ရှိကြသည်။ သူသည် လူအများ၏ စိုက်ကြည့်ခြင်းကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် အကယ်၍ ရိုးရှင်းလှသော ပထမအဆင့် ဆေးလုံးများကို ဖော်စပ်နေခြင်း ဖြစ်မည်ဆိုပါက သူ အာရုံကို ခွဲထုတ်ပြီး စကားလုံးများဖြင့်ပင် လမ်းညွှန်ချက် အချို့ ပေးနိုင်ခဲ့သေးသည်။

ယခုအချိန်၌ လူအများ၏ ဝန်းရံကြည့်ရှုခြင်းအောက်တွင် ရှိနေသော်လည်း သူ အလျင်စလို မရှိဘဲ သက်တံ့ဂန္ဓမာဆေးလုံး၏ နောက်ဆုံး ပိတ်သိမ်းခြင်း အလုပ်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

၎င်းကို မြင်တွေ့ရသည့်အခါ ထောင်ဝမ်၏ စိတ်ထဲတွင် စိတ်သက်သာရာရမှုအချို့ ပိုမို ပေါ်ပေါက်လာခဲ့ရသည်။ မိမိ၏ စိတ်မရှည်တတ်လှသော ထိုမောင်ငယ်သည် ဆယ်နှစ်ကျော် ကာလအတွင်းမှာ အမှန်တကယ်ပင် အများကြီး ရင့်ကျက်လာခဲ့ပုံ ရသည်။ ရှေ့တွင် တောင်ကြီး ပြိုကျလာလျှင်ပင် မျက်နှာအမူအရာ မပျက်ဘဲ တည်ငြိမ်ရဲဝံလှသော စစ်သူကြီးတစ်ဦး၏ အရှိန်အဝါမျိုး ရှိနေခဲ့ပြီ ဖြစ်သည်။

"အောင်မြင်သင့်တယ် မဟုတ်လား"

သူမ စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

....

အားလုံး၏ မျှော်လင့်ချက်များအောက်တွင် ထောင်ရိရှန်းသည် နောက်ဆုံး လက်ကွက်ကို ထုတ်ဖော်လိုက်သည်။ မြေအောက် မီးတောက်များက ပြန်လည် ဆုတ်ခွာသွားခဲ့ရပြီး ဆေးဖိုကြီးမှာ မသိမသာ တုန်ယင်သွားခဲ့ရသည်။ ဂန္ဓမာပန်းနှင့် သစ်ခွပန်းကဲ့သို့သော ဆေးရနံ့တစ်ခုက မျက်နှာဆီသို့ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ တိုးဝှေ့ဝင်ရောက်လာခဲ့တော့သည်။

"အောင်မြင်သွားပြီလား"

"မဟုတ်ဘူး"

"တူးစော်နံတဲ့ အနံ့တစ်ချက် ရှိနေတယ်"

"ဒါက...."

မူလက ဝမ်းသာအားရ ဖြစ်နေခဲ့သော ထောင်ရိရှန်းသည် စိမ်းစိုပြီး ဝါကြင့်ကြင့် အရောင်နှစ်မျိုးသာ ရှိနေသော ထိုဆေးလုံးသုံးလုံးကို ထုတ်ယူလိုက်သည့်အချိန်၌ သူ၏ မျက်နှာထား ဆိုးရွားသွားခဲ့ရတော့သည်။

ဤအချိန်မှာပင် ထောင်တောက်နန်၏ စကားသံက ထွက်ပေါ်လာခဲ့တော့သည်။

"အရောင်က စိမ်းဝါ ဖြစ်နေပြီး သုံးရောင်အထိ မရောက်ဘူး၊ ဒီဆေးလုံးက အဆင့်မမီဘူး.... အမှိုက်ဆေးလုံး သက်သက်ပဲ"

တစ်ချိန်တည်းမှာပင် ထောင်ဝမ်၏ လှပလှသော မျက်ဝန်းတစ်စုံမှာ လော့ချန်ဆီသို့ ရုတ်တရက် ကျရောက်သွားခဲ့ရသည်။ တစ်ဖက်လူကမူ သူ၏ ပုခုံးကို တွန့်ပြလိုက်ရင်း လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ကာ ‘ကျွန်တော် မှန်မှန် ခန့်မှန်းနိုင်ခဲ့ပေမယ့် ဒါ ကျွန်တော်နဲ့တော့ ဘာမှမဆိုင်ဘူးနော်’ ဟူသော အမူအရာမျိုးကို ဖော်ပြနေခဲ့သည်။

ထောင်ဝမ် ခေါင်းညိတ်လိုက်ရင်း သူမ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ လော့ချန် ခန့်မှန်းခဲ့သည့်အတိုင်း အမှန်တကယ်ပင် ကျရှုံးသွားခဲ့ရပြီ ဖြစ်သည်။ သို့သော် ကျရှုံးခြင်းတွင်လည်း အဆင့်အတန်း ကွာခြားချက် ရှိနေသေးသည် မဟုတ်ပါလော။

သူမ ထောင်တောက်နန်ကို စူးစိုက်ကြည့်လိုက်ရင်း

"ထောင်အီချန်ရဲ့ ဆေးဖော်စပ်ခြင်းက လမ်းတစ်ဝက်မှာတင် ပျက်စီးသွားခဲ့တာမို့ နောက်ဆုံး ဆေးလုံးဖြစ်မြောက်မယ့် အဆင့်ကိုတောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး"

"ရိရှန်းကတော့ ကျရှုံးသွားခဲ့တယ် ဆိုပေမဲ့ အရောင်နှစ်မျိုးရှိတဲ့ ဆေးလုံးကို ဖော်စပ်နိုင်ခဲ့တာမို့ သူ့ရဲ့ ဆေးဖော် အတတ်ပညာက တစ်ဖက်လူထက် အများကြီး ပိုမို မြင့်မားတာကို မြင်တွေ့နိုင်ပါတယ်…. အရှုံးအနိုင်က ရှင်းလင်းသွားခဲ့ပြီမို့ မျိုးနွယ်စုခေါင်းဆောင် ရာထူးနေရာကို မျိုးနွယ်စုအကြီးအကဲက ဆုံးဖြတ်ချက် တစ်ခုခု ချသင့်ပြီ မဟုတ်လား"

ထောင်တောက်နန်၏ ဘက်တွင် ရပ်နေကြသော အခြေတည် ကျင့်ကြံသူများ အပါအဝင် ကွင်းပြင်အတွင်းရှိ လူအများစုမှာ မသိမသာဖြင့် ခေါင်းညိတ်လိုက်ကြတော့သည်။ အမှန်တကယ်ပင် နှစ်ဦးစလုံး၏ ဆေးဖော်စပ်ခြင်း အတတ်ပညာ အရှုံးအနိုင်က ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ ဤသို့ဆိုလျှင် ဤမျိုးနွယ်စုခေါင်းဆောင် ရာထူးနေရာမှာ….

"ဟားး…. ဟားး…. ဟားး…."

အိုမင်းရင့်ရော်လှသော ရယ်မောသံတစ်သံက အားလုံး၏ အံ့အားသင့်မှုများအကြားတွင် ထွက်ပေါ်လာခဲ့တော့သည်။

ထောင်တောက်နန်သည် ထောင်ရိရှန်း၏ လက်ထဲရှိ ထိုအမှိုက်ဆေးလုံးကို လက်ညှိုးထိုးပြလိုက်ရင်း

"ခရီးမိုင် တစ်ရာကို လျှောက်လှမ်းဖို့ ရည်ရွယ်ထားပြီး မိုင် ကိုးဆယ်မှာတင် လဲပြိုသွားခဲ့တဲ့သူက.... လမ်းပေါ်ကို ခြေတစ်လှမ်းမှ မချခဲ့ရသေးတဲ့သူနဲ့ ဘာမှ ခြားနားတာ မဟုတ်ဘူး…. စစ်မှန်တဲ့ အောင်မြင်မှု မရှိဘဲနဲ့ ဘာထူးခြားမှု ရှိမှာလဲ"

"အဘိုး…. စကားကို ဒီလိုမျိုး ပြောလို့မရပါဘူး"

ထောင်ဝမ်၏ အကြည့်များ မသိမသာ ခက်ထန်သွားခဲ့ရသည်။

ထောင်တောက်နန်က ခေါင်းခါယမ်းလိုက်ရင်း

"ဒါဆိုရင် ဘယ်လိုပြောရမလဲ.... ဝမ်ဝမ် မင်း ဒီအမှိုက်ဆေးလုံး သုံးလုံးနဲ့ အီချန်ရဲ့ ပုံမပေါ်တဲ့ ဆေးဖတ်ဝင် အကြွင်းအကျန်တွေကို အပြင် ယူသွားပြီး တခြားလူတွေကို ရောင်းကြည့်လိုက်.... ရိရှန်းရဲ့ဆေးလုံးက အောင်မြင်မှုနဲ့ ပိုပြီး နီးစပ်ခဲ့လို့ဆိုပြီး ဝိညာဉ်ကျောက်တုံး ပိုပြီး ရနိုင်ပါ့မလား.... မရပါဘူး…. တန်ဖိုးမရှိတာချင်း အတူတူပဲ.... အမှိုက်ဆေးလုံးက အမှိုက်ဆေးလုံးပဲ"

ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အားလုံး အလွန်အမင်း တုန်လှုပ်သွားခဲ့ကြရသည်။ သို့သော်လည်း မည်သည့်နေရာတွင် မှားယွင်းနေသည်ကိုမူ ရှာမတွေ့ကြချေ။ အမှန်တကယ်တွင်မူ မည်သူကများ အမှိုက်ဆေးလုံးတစ်လုံးအတွက် ဝိညာဉ်ကျောက်တုံးပေါင်း ထောင်နှင့်ချီ၍ အသုံးပြုပါမည်နည်း။

ထိုစံနှုန်းဖြင့် တိုင်းတာလိုက်ပါက ထောင်ရိရှန်းရော ထောက်အီချန်ပါ နှစ်ဦးစလုံး ရှုံးနိမ့်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ ချဉ်းကပ်ပုံများ မည်မျှပင် ကွဲပြားခြားနားနေပါစေ၊ မည်သူမျှ အောင်မြင်သော သက်တံ့ဂန္ဓမာဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့ခြင်း မရှိပေ။ ရလဒ်အရ ကြည့်မည်ဆိုပါက မည်သူက ပို၍ အရည်အချင်းသာလွန်သည်ဟု အပိုင်တွက်ရန် ခိုင်မာသော အထောက်အထား မရှိတော့ချေ။

ဤအတွေးအခေါ်ကို လက်ခံသူများက အလွန်အမင်း များပြားလှပေသည်။ ထိုထဲတွင် လော့ချန်ပင် ပါဝင်နေခဲ့သေးသည်။

All Chapters