← Chapters

အခန်း ၁၀၅

Vol. 8 Ch. 105

အခန်း ၁၀၅

Vol. 8 Ch. 105

အခန်း (၁၀၅) မင်းဇနီးက မင်းကို ချွဲနေတာလား

ညဘက်တွင် ကျန်းမန်က နွားဝါကြီး၏ ရှင်းပြချက်များကို နားထောင်နေသည်။

နွားဝါကြီး ရှင်းပြသည်မှာ ယန်ရိချိုးထက် ပိုမို နားလည်လွယ်ရုံသာမက တိုးတက်မှုလည်း အလွန် မြန်ဆန်ပေသည်။

မိုးမလင်းမီတွင်ပင် သူ စတင် ကျင့်ကြံနိုင်ပြီ ဖြစ်၏။

သန်းခေါင်ယံ အချိန်အထိ နွားဝါကြီးက သတိပေးစကား ဆိုလိုက်သည်။

"ကျင့်စဉ် အကြောင်းအရာတွေက နည်းလွန်းတယ် လောလောဆယ် ဒီလောက်ပဲ အရင်ထားလိုက် မင်း စမ်းပြီး ကျင့်ကြံကြည့်လို့ ရတယ် ပြီးရင် နောက်ရက်တွေမှာ တစ်ဖက်လူ ရှင်းပြတာတွေကို စောင့်နားထောင်လိုက်"

"ပြန်ရောက်ရင် ငါ့ကို ပြန်ပြောပြလိုက် ငါ ဆက်ပြီး ရှင်းပြပေးမယ် မင်းအတွက် အချိန် သိပ်မရတော့ဘူး"

"နင်းယွမ်ကျင့်စဉ်က ချီသန့်စင်ခြင်း ကျင့်စဉ် မဟုတ်ဘူး မင်းရဲ့ ပါရမီက မြင့်ပေမယ့် အတိုင်းအတာ တစ်ခုအထိတော့ အန္တရာယ် ရှိနိုင်တယ်"

ကျန်းမန်ကမူ ထိုအရာများကို သိပ်ဂရုမစိုက်ဘဲ ကျင့်ကြံခြင်း မပြုမီ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အဝါကြီး ငါ့လို ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်က ဘာလို့ အာရုံစိုက် မခံရတာလဲ"

"ဂိုဏ်းထဲဝင်ပြီး ဆယ့်ငါးရက်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်တာ ပါရမီ မကောင်းလို့လား"

နွားဝါကြီးက ကျန်းမန်ကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။

"အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ဖို့ ခက်တယ်လို့ မင်း ထင်လို့လား"

"မခက်ပါဘူး အရင်းအမြစ်နဲ့ ကျင့်စဉ်သာ ပေးရင် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ဖို့က လွယ်လွယ်လေးပါပဲ"

ကျန်းမန်က ခေါင်းခါရင်း ဖြေလိုက်သည်။

"အရင်းအမြစ်ရှိတယ် ကျင့်စဉ်ရှိတယ်ဆိုရင် တခြားလူတွေအတွက်ကော လွယ်လွယ်လေး မဖြစ်နိုင်ဘူးလား"

နွားဝါကြီးက ပြန်မေးလိုက်သည်။

ကျန်းမန် ကြောင်အမ်းသွားသည်၊ ၎င်းကလည်း မှန်ပေသည်။

သူတို့တွင် အရင်းအမြစ်၊ ကျင့်စဉ်များ ရှိပါကလည်း လွယ်ကူမည်သာ ဖြစ်သည်။ သို့သော် သူ့လောက်တော့ မမြန်ဆန်နိုင်ပေ။

"နောက်တစ်နည်း ပြောရရင် လျှို့ဝှက်နယ်မြေထဲ ဝင်နိုင်တဲ့ ပြင်ပဂိုဏ်းက လူတိုင်း အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နိုင်တယ် မဟုတ်လား"

နွားဝါကြီးက ကျန်းမန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ဂိုဏ်းအတွက်တော့ အခြေခံတည်ဆောက်ခြင်းအဆင့် ဆိုတာ လိုချင်သလောက် ရနိုင်တဲ့ အရာပဲ ဒါက အရမ်း ရှားပါးတဲ့ အရာလား"

"ချီသန့်စင်ခြင်းအဆင့်မှာ ပါရမီရှင် ဆိုတာ မရှိဘူး အခြေခံတည်ဆောက်ခြင်းအဆင့် ဆိုတာလည်း ဒီလောက်ပဲ"

"မင်း မြန်တယ်ဆိုတာ တခြားလူတွေထက် ဘယ်လောက် ပိုမြန်နိုင်မှာလဲ"

"ကလေးတစ်ယောက်က လမ်းလျှောက်တာ တစ်လ စောတာနဲ့ တစ်လ နောက်ကျတာ ကွာခြားချက် အရမ်း ကြီးလို့လား"

"မင်း ရပ်နေတဲ့ နေရာက မှားနေတယ် ယွင်ချန်ဌာနခွဲမှာဆိုရင်တော့ မင်းရဲ့ တိုးတက်မှုက အရမ်း မြန်တယ် ပြင်ပဂိုဏ်းက အဆင့်တူတွေကြားမှာဆိုရင် မင်းက သူတို့ထက် တစ်နှစ် နှစ်နှစ်လောက် ပိုမြန်တဲ့ ပါရမီရှင် တစ်ယောက်ပဲ"

"ဒါပေမယ့် အတွင်းဂိုဏ်းက အဆင့်မြင့် ကျင့်ကြံသူကြီးတွေ နေရာကနေ ကြည့်ရင်တော့ မင်းက ဝိညာဉ်ကျောက်တုံး ရင်းနှီးမြှုပ်နှံဖို့လောက်ပဲ တန်ဖိုးရှိတာ"

"အဲဒီထက် ပိုပြီး အစွမ်းထက်လာရင်တောင် သူတို့ မျက်စိထဲ ဝင်မှာ မဟုတ်သေးဘူး"

"နောက်ထပ် အဆင့်တွေ အများကြီးကို မရောက်နိုင်သေးသရွေ့ အခု ဘယ်လောက်ပဲ မြန်မြန် ခဏတာ ပွင့်တဲ့ ပန်းလေး တစ်ပွင့်လိုပဲ"

"ဘာတန်ဖိုးမှ မရှိဘူး"

"လိုချင်ရင် လိုချင်သလောက် ရနိုင်တယ်"

နွားဝါကြီးက ကျန်းမန်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"အင်မော်တယ် ဂိုဏ်းက အုပ်ချုပ်ပြီးနောက်ပိုင်း လူတိုင်း ကျင့်ကြံလို့ ရသွားပြီ"

"ဒီစကားစုက ဘယ်လောက် အဓိပ္ပာယ် လေးနက်လဲဆိုတာကို မင်း အခုထိ နားမလည်သေးဘူး"

"ဝိညာဉ် အမြစ်ကို အားကိုးပြီး ဝိညာဉ်စွမ်းအင် စုပ်ယူရတဲ့ ခေတ်က အစောကြီးကတည်းက ကုန်ဆုံးသွားပြီ"

"ပါရမီလား"

"ပိတ်ဆို့မှုလား"

"အင်မော်တယ် ဂိုဏ်းက ဒီအရာတွေကို အစောကြီးကတည်းက ဖြေရှင်းပေးထားပြီးပြီ"

ကျန်းမန်က မွေးရာပါ ရွှေဝါရောင် မန္တန်အိုးကို ပြန်လည် သတိရသွားသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်ကို လိုချင်သလောက် ရနိုင်သည်ဆိုသည်မှာ မှန်ပေသည်။ မည်သူ့ကို အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်စေချင်သည်ဖြစ်စေ ရောက်စေနိုင်၏။

အင်မော်တယ် ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် သူ၏ ပြိုင်ဘက်ကင်း ပါရမီက အလွန် နှေးကွေးစွာ ဖော်ပြနေရသည်။

ထို့အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သူများက ညအိပ်ပျက်ခံခြင်းနှင့် ပတ်သက်၍ အမြင်မှားနေကြသည်။ သူတို့၏ အမြင်အာရုံက အလွန် ကျဉ်းမြောင်းလွန်းနေသည်မှာ အမှန်ပင်။

ထို့နောက် ကျန်းမန်က မေးလိုက်သည်။

"ဒါဆို ဘာလို့ ဘယ်သူကမှ ငါ့ကို ရင်းနှီးမြှုပ်နှံမှု မလုပ်တာလဲ"

"လုပ်တဲ့သူ ရှိတယ် မဟုတ်ဘူးလား"

နွားဝါကြီးက ပြန်မေးလိုက်သည်။

ကျန်းမန် အနည်းငယ် အံ့ဩသွား၏။ စီနီယာ ယွီလား။ ဒါဆို ဘာလို့ အခုထိ တုံ့ပြန်မှု မရှိသေးတာလဲ။

"မင်းရဲ့ ပါရမီက အရမ်း မြင့်ပြီး တိုးတက်မှုကလည်း အရမ်း မြန်နေလို့ ဖြစ်လောက်တယ်"

နွားဝါကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျန်းမန်က ခေါင်းအနည်းငယ် ခါပြရင်း ပြောလိုက်၏။

"အဝါကြီး ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်တဲ့ ငါက ဂိုဏ်းထဲမှာ အမြဲတမ်း အထင်သေးခံနေရသလိုပဲ"

"ဒါဆို မင်း ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ"

နွားဝါကြီးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"လောလို့ မရဘူး အလင်းရောင် ဆိုတာလည်း ကမ္ဘာမြေကို လင်းထိန်ဖို့ အချိန်ယူရတာပဲလေ"

ကျန်းမန်က တည်ငြိမ်စွာ ဖြေလိုက်သည်။

ထိုအကြောင်းများကို ဆက်လက် ဂရုမစိုက်တော့ဘဲ ကျန်းမန် စတင် ကျင့်ကြံတော့သည်။ သူက ချောက်ကမ်းပါး အစွန်းသို့ သွားကာ အသက်ပြင်းပြင်း ရှူလိုက်၏။

"ညကြီးအချိန်မတော် ဝိညာဉ်စွမ်းအင်တွေကို သူတို့ မစုပ်ယူကြတော့ ငါပဲ ပိုစုပ်ယူလိုက်မယ်လေ"

"အလဟဿ မဖြစ်စေနဲ့ပေါ့"

ထို့နောက် ကျန်းမန်က နင်းယွမ်ကျင့်စဉ်ကို စတင် လည်ပတ်လေသည်။

နင်းယွမ်ကျင့်စဉ်သည် ကောင်းကင် နှလုံးသား တံဆိပ်တုံး ကဲ့သို့ပင် ခက်ခဲလှ၏။ သွေးကြောလမ်းကြောင်းများ သာမက ပဲ့တင်ထပ်မှု အချိန်ကြာမြင့်မှု ပြဿနာလည်း ရှိသေးသည်။

ခန္ဓာကိုယ်ကို နားလည်မှုနှင့် ကျင့်စဉ်အပေါ် အမြင်တို့ကို အခြေခံ၍ ပဲ့တင်ထပ်အောင် ပြုလုပ်ရမည် ဖြစ်၏။ တစ်ကြိမ် တုန်ခါမည်လား၊ နှစ်ကြိမ် တုန်ခါမည်လား ဆိုသည်မှာလည်း တိကျရန် လိုအပ်သည်။

ထို့အပြင် သွေးကြောများအတွင်း ဖြတ်သန်းချိန်ကိုလည်း နားလည်ထားရမည်။

ဖြတ်သန်းမှု မြန်နှုန်း အစရှိသည်တို့လည်း ပါဝင်၏။

ကျင့်စဉ် အပိုင်းကို နွားဝါကြီးက အားလုံး ပြောပြပြီးဖြစ်ရာ ကျန်သည်မှာ ခန္ဓာကိုယ်နှင့် သဟဇာတ ဖြစ်ရန်ပင် ဖြစ်သည်။

ကိုယ်တိုင် ကျင့်ကြံရန် လိုအပ်၏။

၎င်းမှာ ကျန်းမန်၏ အားသာချက်ပင် ဖြစ်သည်။

သို့သော် ထိုသို့ဖြစ်လင့်ကစား သူသည် မိုးလင်းခါနီး အချိန်မှသာ ပထမဆုံးအကြိမ် လည်ပတ်မှုကို အောင်မြင်ခဲ့သည်။

အခြေခံအဆင့်သို့ မရောက်ရှိသေးချေ။ သဘာဝကျပေသည်။

ထို့နောက် ကျန်းမန်က မိုးလင်းချိန်တွင် ဒုတိယအကြိမ် လည်ပတ်ခဲ့၏။

အခြေခံ နင်းယွမ်ကျင့်စဉ် အခြေခံအဆင့် ဝင်သွားပြီ။

နင်းယွမ်ကျင့်စဉ် အခြေခံအဆင့် ဝင်သွားသည်နှင့် တစ်ပြိုင်နက် ထိုကျင့်စဉ်က ပုံသေဖြစ်သွားပြီး လမ်းသစ်တစ်ခု ပွင့်သွားသကဲ့သို့ ကျန်းမန် ခံစားလိုက်ရသည်။

အကယ်၍ ရှင်းပြမည့်သူသာ မရှိပါက သွေးရူးသွေးတန်း ဖြစ်သွားရန် အလွန် လွယ်ကူပေသည်။

ကျင့်စဉ် အဆင့်မြင့်လေလေ နားလည်ရန် ခက်ခဲလေလေ ဖြစ်၏။

ချီသန့်စင်ခြင်းအဆင့်ကို ပေးလိုက်လျှင်ပင် ချီသန့်စင်ခြင်းအဆင့်က ကျင့်ကြံနိုင်မည် မဟုတ်ချေ။

မိုးလင်းသည်နှင့် သင်ခန်းစာပို့ချချိန် ရောက်လာခဲ့သည်။

သူက အခြေခံအဆင့် ဝင်သွားပြီ ဖြစ်သော်လည်း ဆရာမ ယန်၏ လမ်းညွှန်မှုများကို ဆက်လက် နားထောင်ရမည် ဖြစ်သည်။ နွားဝါကြီး၏ လမ်းကြောင်း မှားယွင်းသွားမည်ကို ကာကွယ်ရန် ဖြစ်၏။

သို့သော် ယနေ့ အတန်းပြီးသွားချိန်တွင် ကျောက်ယောင်ယောင်က သူ မနေ့ညက ညအိပ်ပျက်ခံပြီး ကျင့်ကြံခဲ့သလား ဟု မေးလာခဲ့သည်။

သူမ၏ နေအိမ်က ချောက်ကမ်းပါး အစွန်းနှင့် နီးကပ်စွာ ရှိနေသဖြင့် လူတစ်ယောက် တစ်ညလုံး ကျင့်ကြံနေသည်ကို မြင်ခဲ့ရသည်ဟု ဆို၏။

ကျန်းမန်ကလည်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

တစ်ဖက်လူက စေတနာဖြင့် အကြံပေးလာသည်၊ ညအိပ်ပျက်ခံပြီး ကျင့်ကြံခြင်းက အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် အကျိုးမရှိကြောင်း ပြောသည်။ ယခု တိုးတက်နိုင်သော်လည်း လဝက်ခန့် ကြာပါက ပိတ်ဆို့မှုများ ဖြစ်ပေါ်လာမည်ဟု ဆို၏။

သုံးလကြာလျှင် အဆင့်သတ်မှတ်ချက်က နောက်ဆုံးတွင် ရောက်နေလိမ့်မည်ဟု သတိပေးသည်။ တစ်ဖက်လူ ပြောသည်မှာ အလွန် ရိုးသားပြီး တကယ်ကို စေတနာဖြင့် အကြံပေးခြင်း ဖြစ်၏။

တစ်ခဏတာမျှ ကျန်းမန်က မည်သို့ ပြန်လည် ချေပရမည်ကို မသိတော့သဖြင့် ဤသို့သာ ပြောလိုက်ရသည်။

"ညဘက် ဝိညာဉ်စွမ်းအင်တွေ အများကြီးကို ဘယ်သူမှ မစုပ်ယူကြတော့ ငါပဲ ပိုစုပ်ယူလိုက်ရတာပေါ့"

ကျောက်ယောင်ယောင်ကတော့ အံ့ဩမှင်တက်သွား၏။ မင်း ဝိညာဉ်စွမ်းအင် မစုပ်ယူရင် အဆင့် ကျသွားမှာ မို့လို့လား ဟု တွေးမိလေသည်။

ယန်ရိချိုးကလည်း ကျန်းမန် ညအိပ်ပျက်ခံပြီး ကျင့်ကြံနေကြောင်း သိရှိသွားသောအခါ ချီသန့်စင်ခြင်းအဆင့်က အလေ့အထတွေက အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ မသင့်တော်တော့ဘူး ဟု အကြံပေးခဲ့သည်။

ထိုစကားအတွက် ကျန်းမန်က ခေါင်းညိတ်ရုံသာ ပြုလုပ်လိုက်၏။ ထို့နောက် ညဘက် ပြန်ရောက်သောအခါ ဆက်လက်၍ ညအိပ်ပျက်ခံကာ ကျင့်ကြံနေခဲ့သည်။

နောက်ထပ် လေးကြိမ် အပြီးတွင်

အခြေခံ နင်းယွမ်ကျင့်စဉ် အဆင့်နှစ်။

ရှစ်ကြိမ် အပြီးတွင်

အခြေခံ နင်းယွမ်ကျင့်စဉ် အဆင့်သုံး။

ဆယ့်ခြောက်ကြိမ် အပြီးတွင်…..

အခြေခံ နင်းယွမ်ကျင့်စဉ် အဆင့်လေး။

သုံးဆယ့်နှစ်ကြိမ် အပြီးတွင်…..

အခြေခံ နင်းယွမ်ကျင့်စဉ် အဆင့်ငါး။

ထို့ကြောင့် ကျန်းမန်က အခြားကျင့်စဉ်များကို ပြောင်းလဲကျင့်ကြံကာ တစ်ရာ့ငါးဆယ်ကြိမ် ပြည့်အောင် လုပ်ဆောင်ရတော့သည်။

မိုးလင်းသည်အထိ ကျန်းမန်က နဝမမြောက် ခြံဝင်းငယ် သို့ ဆက်လက် သွားရောက် ပညာသင်ယူခဲ့သည်။

တတိယနေ့

နင်းယွမ်ကျင့်စဉ် အဆင့်ခြောက်။

ပဉ္စမနေ့

နင်းယွမ်ကျင့်စဉ် အဆင့်ခုနစ်။

ဒသမနေ့

နင်းယွမ်ကျင့်စဉ် အဆင့်ရှစ်။

ဆယ့်ရှစ်ရက်မြောက်နေ့

နင်းယွမ်ကျင့်စဉ် အဆင့်ကိုး။

အောင်မြင်သွားပြီ ဖြစ်သဖြင့် ကျန်းမန် စိတ်ထဲ ဝမ်းသာသွား၏။

သို့သော် ကျင့်ကြံရသည်မှာ အလွန် နှေးကွေးသည်ဟု ခံစားနေရဆဲပင်။

ချီသန့်စင်ခြင်းအဆင့် တွင် သူက အခြေခံကျင့်စဉ်ကို ရက်အနည်းငယ်အတွင်း ပြီးအောင် ကျင့်ကြံနိုင်ခဲ့သည်။ ခုနစ်ရက်ပင် မကြာခဲ့ချေ။ ယခု အခြေခံကျင့်စဉ်ကို ဆယ့်ရှစ်ရက်တိုင်တိုင် ကျင့်ကြံရသည်။

အကယ်၍ အလယ်အလတ်အဆင့်၊ အထက်တန်းအဆင့် သို့မဟုတ် ထိုထက်ပိုမြင့်သော အဆင့်များဆိုလျှင် အချိန်မည်မျှ ယူရမည်နည်း။

နွားဝါကြီးက သူပြောသည်ကို ကြားသောအခါ တိတ်ဆိတ်စွာ မြက်ကိုသာ စားနေခဲ့၏။

ကျန်းမန် စိတ်ထဲတွင်မူ သွားစမ်းသပ်စရာ တစ်ခုခု ရှာရမည်ဟု တွေးနေမိသည်။

အကယ်၍ ပစ္စည်းကောင်းများ ထပ်မံ ရရှိပါက ပါရမီ တက်လာမည် ဖြစ်၏။

ထိုရက်ပိုင်းအတွင်း အားလုံးက ခြံဝင်းငယ်သို့ သွားရောက်ကာ ကျင့်ကြံနေကြပြီး ခုနစ်ရက်တာ သင်ကြားမှုမှာလည်း အစောကြီးကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကျန်းမန် ညအိပ်ပျက်ခံနေသည်ကို အားလုံးက မြင်နေကြသော်လည်း မည်သူကမျှ ဂရုမစိုက်ကြချေ။ သူ၏ နောက်ဆုံး အဆင့်သတ်မှတ်ချက်က အောက်ဆုံးတွင် ရှိနေလိမ့်မည်ဟုသာ ထင်မြင်ကြသည်။

ယန်ရိချိုးကလည်း ပထမအကြိမ်သာ အကြံပေးခဲ့ပြီး နောက်ပိုင်းတွင် ထပ်မံ အကြံပေးခြင်း မရှိတော့ချေ။

သူမက လူတိုင်း၏ ရွေးချယ်မှုကို လေးစားသည်။ နောက်ဆုံးတွင် တချို့သူများက နံရံနှင့် ဝင်တိုက်မှသာ နောက်ဆုတ်တတ်ကြသည် မဟုတ်ပါလား။

ထိုအပေါ် ကျန်းမန်က ပြုံးရုံသာ ပြုံးပြလိုက်၏။

အဆင့်သတ်မှတ်ချက် ထွက်လာလျှင် အသံများ အားလုံး ပြောင်းလဲသွားလိမ့်မည်။

မလောပါဘူး။ ပထမလ ကုန်ဆုံးခါနီးပြီ ဖြစ်ပြီး နောက်ထပ် နှစ်လကလည်း အလွန် မြန်ဆန်ပေလိမ့်မည်။

ယခု ကျန်းမန်သည် နင်းယွမ်ကျင့်စဉ် အဆင့်ကိုး သို့ ရောက်ရှိနေပြီဖြစ်ရာ ပြိုင်ဘက်ကင်း ပါရမီရှင် ၏ တောင်းဆိုချက်ကို ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ သို့သော် အချိန်က ရက်အနည်းငယ် ကျန်သေး၏။

ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက သူ့ထက် တစ်လှမ်း နောက်ကျနေပြန်ပြီ ဖြစ်သည်။

ယခင်က တစ်ရက် နောက်ကျခဲ့ပြီး ယခု သုံးရက် နောက်ကျနေပြီ ဖြစ်၏။

အနာဂတ်တွင် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက သူ၏ ကျောပြင်ကိုပင် မြင်တွေ့ရတော့မည် မဟုတ်ချေ။

"တွေးမနေနဲ့တော့ ငါ့ကို လာကြည့်ဦး"

နွားဝါကြီးက ရုတ်တရက် စကားပြောလာသည်။

ကျန်းမန်က လှည့်ကြည့်လိုက်ရာ အနည်းငယ် အံ့ဩသွား၏။ ထိုအချိန်တွင် နွားဝါကြီး၏ ကိုယ်ပေါ်၌ အလင်းရောင်များ တောက်ပနေသည်။

"မင်းမိန်းမဆီက စာရောက်လာပြီ"

နွားဝါကြီးက ပြောလိုက်သည်။

ကျန်းမန်က အကူအညီမဲ့စွာဖြင့် အလင်းလုံးကို ထုတ်ယူလိုက်ရပြီး မကြာမီမှာပင် မုန့်ချဲ့ဝေ့၏ နူးညံ့သော အသံ ထွက်ပေါ်လာသည်။

သို့သော် နားထောင်ပြီးနောက် သူ လျှပ်စစ်ရှော့ခ် မိသွားသကဲ့သို့ ဖြစ်သွား၏။ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက သူ့ထက် တစ်လှမ်း နောက်ကျနေသည်ဟူသော ဝမ်းသာမှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

"မင်းဇနီးက မင်းကို ချွဲနေတာလား"

နွားဝါကြီးက မေးလိုက်သည်။

ကျန်းမန်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် အကြောင်းအရာကို အမှန်အတိုင်း ပြောပြလိုက်၏။

"အဝါကြီး မင်းထင်တာ သူ သိသွားပြီလား"

ကျန်းမန်က သက်ပြင်းချလိုက်သည်။

"တကယ်လို့ သူ့လူတွေ ရောက်လာရင် ငါတို့ ဘယ်လို လုပ်ကြမလဲ"

နွားဝါကြီးက ခေါင်းခါပြလိုက်သည်။

"သူက မင်းကို အာရုံခံလို့ မရပါဘူး တခြားလူတွေလည်း ဒီအတိုင်းပဲ သူက မင်းကို လှည့်စားနေတာ"

"သူပြောတာ လူတစ်ယောက် ရောက်လာတယ် ဆိုတာကကော အမှန်ပဲလား အမှားလား"

ကျန်းမန်က မေးလိုက်သည်။

နွားဝါကြီး တိတ်ဆိတ်သွားခဲ့၏။

အမှန်တကယ် ဖြစ်နိုင်ခြေ အတိုင်းအတာ တစ်ခုအထိ ရှိနေသည်ဟု ကျန်းမန် သိလိုက်သည်။ သို့သော် တကယ်ပဲ ရမ်းသန်း ပြောဆိုနေခြင်းလော။

ယုတ္တိအရဆိုလျှင် နွားဝါကြီး အမှား မဖြစ်နိုင်ပေ၊ မုန့်ချဲ့ဝေ့က သူ့ကို ရှာတွေ့မည် မဟုတ်ချေ။

ကျီးကန်းတံတား မှတစ်ဆင့်သာ ရောက်လာနိုင်မည် ဖြစ်၏။ သို့သော် အခြားသူများက မည်သို့ သိရှိသွားကြသနည်း။

တကယ်ပဲ ဤမျှ တိုက်ဆိုင်နေသလော။

နောက်ပိုင်းတွင် မုန့် ဟူသော မျိုးရိုးရှိသည့် အစွမ်းထက်သူများ ရှိမရှိ စောင့်ကြည့်ရုံသာ ရှိတော့သည်။

ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်၏။

"အဝါကြီး ငါ့ဆီမှာ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား ရှိနေတာကို မြင်နိုင်တဲ့သူ ရှိမယ်လို့ မင်း ထင်လား"

"အရမ်း ရှားတယ်"

နွားဝါကြီးက ပြန်ဖြေလိုက်သည်။

ထိုသို့ဆိုလျှင် ရှိတော့ရှိသည်ပေါ့၊ မုန့်ချဲ့ဝေ့၏ မိသားစုတွင် ထိုစွမ်းရည် ရှိမရှိ သူ လုံးဝ မသိချေ။

"လာမယ့်သူက အစွမ်းထက်တဲ့သူ ဖြစ်မှာ မဟုတ်ဘူး"

နွားဝါကြီးက ရုတ်တရက် ပြောလိုက်သည်။

"ဘာလို့လဲ"

ကျန်းမန်က မေးလိုက်သည်။

နွားဝါကြီးက မြက်ကိုသာ စားနေပြီး ပြန်မဖြေခဲ့ပေ။

ထိုသို့ဆိုလျှင် ကျန်းမန်လည်း အတော်လေး စိတ်အေးသွား၏။

အစွမ်းထက်သူ မဟုတ်ပါက သူ လိုက်မီအောင် ကြိုးစားနိုင်ပေသည်။

တစ်နေ့တွင် သူ၏ လက်အောက်ခံ အရှုံးသမား ဖြစ်လာလိမ့်မည်။

ထို့နောက် ကျန်းမန်က ထိုအရာများကို ဂရုမစိုက်တော့ပေ။

ကျင့်ကြံမှုအဆင့်ကို စတင် မြှင့်တင်ရမည် ဖြစ်ပြီး ကျင့်ကြံမှုအဆင့်ကို ဘူးသီး တစ်ခုအဖြစ် သတ်မှတ်မည်ဆိုလျှင် ယခုအခါ ပထမဆုံး ဘူးသီးကိုပင် မဖွင့်ရသေးချေ။

ထို့အပြင် ဤတစ်ကြိမ်တွင် အရောင်မတူညီသော ဘူးသီး ငါးခု ဖြစ်၏။

မည်သည့် ဆေးလုံးများ လိုအပ်သည်ကိုလည်း သွားရောက် မေးမြန်းရမည် ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်း အရှေ့ခြံဝင်း၊ နဝမမြောက် ခြံဝင်းငယ်။

ယန်ရိချိုးက အောက်ရှိ လူများကို ကြည့်ကာ ပြောလိုက်သည်။

"လတ်တလော မင်းတို့ နင်းယွမ်ကျင့်စဉ်ကို အရင် မြှင့်တင်ရမယ် ဒါကို ဆေးလုံးတွေနဲ့ မြှင့်တင်လို့ မရဘူး ဒါပေမယ့် အထောက်အကူပြု အဆောင်တွေ၊ ဝိညာဉ်အပင်တွေ၊ အစီအရင်တွေကို အသုံးပြုပြီး စိတ်တည်ငြိမ်အောင် လုပ်လို့ ရတယ် ဒါဆိုရင် အကျိုးသက်ရောက်မှု ပိုကောင်းနိုင်တယ် အဆင့်ငါး ရောက်ရင် စတင် ကျင့်ကြံလို့ ရပြီ"

တစ်ဖက်လူ ရှင်းပြပြီးနောက်မှသာ ကျန်းမန်က မေးလိုက်၏။

"ဆရာမ ယန် စတင် ကျင့်ကြံမယ်ဆိုရင် ဘယ်လို ဆေးလုံးတွေ လိုအပ်လဲ"

"စတင် မကျင့်ကြံခင် အခြေခံ ခန္ဓာကိုယ်ကျင့်စဉ်နဲ့ အခြေခံတည်ဆောက်ခြင်း စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို အရင် သွားယူရမယ်"

ယန်ရိချိုးက ကျန်းမန်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။

"ခန္ဓာကိုယ်ကျင့်စဉ်နဲ့ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်က အဆင့်ကိုးပဲ ရှိသေးတယ် ယုတ္တိအရဆိုရင် အဆင့်ငါးအထိ ကျင့်ကြံရင် လုံလောက်ပြီ ဒါပေမယ့် ချမ်းသာတဲ့သူတွေအတွက်ကတော့ သေချာပေါက် ပိုမြင့်လေ ပိုကောင်းလေပဲ ပြီးတော့ အနည်းဆုံး ကျင့်စဉ် အဆင့်ခြောက်အထိ ရောက်မှ ခန္ဓာကိုယ်နဲ့ စိတ်အာရုံကို မြှင့်တင်ဖို့ သင့်တော်တယ် မဟုတ်ရင် နောက်ပိုင်းမှာ ပြန်လည်ကျင့်ကြံရလိမ့်မယ်

ဒုတိယအနေနဲ့ မှော်လမ်းစဉ်က နင်းယွမ်ကျင့်စဉ်ကို ကျင့်ကြံတဲ့အခါ မှော်စွမ်းအင်တွေ စုဆောင်းမိလိမ့်မယ် တကယ်လို့ မင်းရဲ့ ခန္ဓာကိုယ်က မလုံလောက်ဘူး၊ စိတ်အာရုံက မပြည့်ဝဘူးဆိုရင် ခန္ဓာကိုယ်ကို အလွယ်တကူ ထိခိုက်စေပြီး သွေးရူးသွေးတန်း ဖြစ်သွားနိုင်တယ် ချီသန့်စင်ခြင်း အဆင့်မှာတုန်းကတော့ ကျင့်ကြံမှုအဆင့်ကို အရင် မြှင့်တင်လို့ ရတယ်

ဒါပေမယ့် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သွားရင်တော့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ချင်ရင် ခန္ဓာကိုယ်နဲ့ စိတ်အာရုံကို အရင် မြှင့်တင်ရမယ် အခု မင်းတို့ကို နင်းယွမ်ကျင့်စဉ်ကို ကျင့်ကြံခိုင်းတာက အခြေခံတည်ဆောက်ခြင်း အစပျိုး အဆင့်ကို အရင်ဆုံး လုံးဝ ဝင်ရောက်သွားအောင်လို့ပဲ"

ကျန်းမန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"အခြေခံတည်ဆောက်ခြင်းရဲ့ အစပိုင်း အဆင့်က ရွှေဓာတ် ဖြစ်လို့ ရွှေဓာတ်ပါတဲ့ ဆေးလုံးတွေ လိုအပ်တယ် အဲဒါကို ရွှေဝိညာဉ် ဆေးလုံးလို့ ခေါ်တယ်"

ယန်ရိချိုးက ဆက်လက် ရှင်းပြလိုက်သည်။

"ခန္ဓာကိုယ်အတွက် ဆေးလုံးကို မူလစွမ်းအင် ဆေးလုံးလို့ ခေါ်ပြီး စိတ်ကူးပုံဖော်ခြင်း ဆေးလုံးကိုတော့ စိတ်အာရုံ ခိုင်မာရေး ဆေးလုံးလို့ ခေါ်တယ် ဂိုဏ်းထဲမှာတော့ ဈေးနှုန်းတွေက သိပ်မကွာပါဘူး မင်းက တောင်ထွတ်အသီးသီးရဲ့ လမ်းမကြီး ဈေးတွေမှာ သွားကြည့်လို့ ရတယ်"

ကျန်းမန် ဆေးလုံး ဝယ်မည်ကို ကြားသောအခါ အန်းရုံက ယွန်းရှာတောင်ထွတ် ထောင့်တစ်နေရာသို့ သွားရန် အကြံပြုလိုက်သည်။ အဲဒီမှာက အသက်သာဆုံး ဖြစ်၏။ ဒါပေမယ့် အရည်အသွေးကတော့ အာမမခံနိုင်ပေ။ သိချင်စိတ်ဖြင့် ကျန်းမန်က ဈေးနှုန်းများကို မေးမြန်းကြည့်လိုက်သည်။

မူလစွမ်းအင် ဆေးလုံးက ပုံမှန်အားဖြင့် တစ်လုံးကို ခြောက်ရာ ဖြစ်၏။ စိတ်အာရုံ ခိုင်မာရေး ဆေးလုံးကလည်း ထိုအတိုင်းပင်။ ရွှေဝိညာဉ် ဆေးလုံး၏ ပုံမှန် ဈေးနှုန်းကတော့ ငါးရာ ဖြစ်သည်။ ဈေးနှုန်းများကို ကြည့်ကာ ကျန်းမန် မျက်မှောင်ကြုတ်သွား၏။

ဆိုလိုသည်မှာ ပထမဆုံး ဘူးသီးကို အပြည့်ဖြည့်ရန် ဆေးလုံး သုံးလုံး ဆက်တိုက် စားရမည်လော။ တစ်ခါစားလျှင် တစ်ထောင့်ခုနစ်ရာ ကုန်ကျမည်လော။ ဝိညာဉ်ကျောက်တုံး ရှာဖွေရန် အရန် လမ်းကြောင်း ရွေးချယ်ရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ထို့အပြင် နေအိမ်တွင်လည်း အစီအရင်များ၊ အဆောင်များ ပြင်ဆင်ရန် လိုအပ်ပြီး မှော်လက်နက် တစ်ခု ရှိပါက ပိုကောင်းပေမည်။ ထို့အပြင် သိုင်းပညာရပ်များလည်း လိုအပ်သေး၏။ နေအိမ်အတွက်လည်း ဝိညာဉ်ကျောက်တုံးများ ပေးရသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်၏ ကုန်ကျစရိတ်က တကယ်ကို များပြားလွန်းလှသည်။ ဆင်းရဲသားများ အင်မော်တယ် လမ်းစဉ် လိုက်ရန် တကယ်ကို ခက်ခဲလှသည်၊ လူတိုင်း အင်မော်တယ် လမ်းစဉ် လိုက်နိုင်သော ဂိုဏ်းတွင် ကွာဟချက်များက ဤမျှ ကြီးမားနေလိမ့်မည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ဤသည်မှာ ကျင့်ကြံရေး ပါရမီကို စမ်းသပ်ရုံသာမက ဓနအင်အား၊ ဝိညာဉ်ကျောက်တုံး ရှာဖွေနိုင်စွမ်းတို့ကိုပါ စမ်းသပ်နေခြင်း ဖြစ်၏။ အကယ်၍ သူက ဝိညာဉ်ကျောက်တုံး မချေးတတ်ပါက လုံးဝ ရှေ့ဆက်သွားနိုင်မည် မဟုတ်ပေ။

ချန်ချီဝမ်က ဝိညာဉ်ကျောက်တုံးများကို သေချာ ရှာဖွေနိုင်ပါစေဟု မျှော်လင့်ရတော့သည်။ ဖန်ယုံကို မချေးလိုက်ပါစေနဲ့။ နောက်တစ်ခါ သူလာရင် ကိုယ်က စောစော သွားရမည်။ ဖန်ယုံ ထက် အရင် ဦးအောင် သွားရမည်။

ထို့နောက် ကျန်းမန်က ကျင့်စဉ် ဖြန့်ဝေရေး ဌာနမှ ခန္ဓာကိုယ်ကျင့်စဉ်နှင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်တို့ကို သွားရောက် ထုတ်ယူခဲ့သည်။ အခြေခံ ကျင့်စဉ်များက အခမဲ့ ဖြစ်ပြီး ပထမ အဆင့်သုံးဆင့်တွင် သိုင်းပညာရပ် သုံးခု ပါဝင်မည် ဖြစ်သည်။

ကျန်သည်များကိုတော့ ဆုလာဘ်များဖြင့် ရယူရမည် သို့မဟုတ် ကိုယ်တိုင် ဝယ်ယူရမည် ဖြစ်၏။ ထိုသိုင်းပညာရပ် သုံးခုတွင် ဓားပျံသန်းရေး သိုင်းပညာရပ် မပါဝင်ပေ။ သူ မေးမြန်းကြည့်ရာ ဓားပျံသန်းရေး သိုင်းပညာရပ်မှာ သိပ်မဈေးကြီးဘဲ ဝိညာဉ်ကျောက်တုံး သုံးထောင်ဆိုလျှင် လုံလောက်ကြောင်း သိရ၏။ ဒါပေမယ့် ဝိညာဉ်ဓား မပါဝင်ပေ။ ဝိညာဉ်ဓား တစ်လက်က တစ်သောင်းမှ စတင်သည်။ သွန်းလုပ်ရေး နည်းပညာများ တိုးတက်လာသဖြင့် သုံးနှစ်အတွင်း ဈေးနှုန်း ငါးထောင်အထိ ကျဆင်းသွားနိုင်သည်ဟု ဆိုကြ၏။ ခဏ စောင့်ကြည့်၍ ရသေးသည်။

အရင်ဝယ်ရင် အရင် သုံးရမယ်၊ နောက်မှဝယ်ရင် လျှော့ဈေး ရမယ်လေ။

နေအိမ်သို့ ပြန်ရောက်သောအခါ ကျန်းမန်က မိမိ၏ ဝိညာဉ်ကျောက်တုံး နှစ်သောင်းကျော်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ တစ်ပတ်လောက် လျှောက်ကြည့်ပြီးမှ ကိုယ် ဘယ်လောက် ဆင်းရဲလဲဆိုတာ သူ သဘောပေါက်သွားတယ်။

ထို့အပြင် သူက ယွန်းရှာတောင်ထွတ် ထောင့်တစ်နေရာသို့ သွား၍ ဆေးလုံး ဈေးနှုန်းများကို မေးကြည့်ခဲ့သေး၏။ ရွှေဝိညာဉ် ဆေးလုံးက လေးရာ ဝန်းကျင် ရှိသည်။ သို့သော် အရည်အသွေးက သိပ်မကောင်းလှချေ။ တစ်ရာ သက်သာသော်လည်း စုပ်ယူရာတွင် အညစ်အကြေးများ ပါဝင်လာမည် ဖြစ်၏။

သူ့လို အများကြီး စားရမည့်သူ အတွက်တော့ အကျိုးထက် အဆိုးက ပိုများပေမည်။ ထို့နောက် ကျန်းမန် အများကြီး ဆက်မတွေးတော့ဘဲ အခြားကျင့်စဉ်များကို အရင် ကျင့်ကြံရန် ပြင်လိုက်သည်။ နောက်ထပ် သုံးရက်ကြာလျှင် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက နောက်တစ်ဆင့်သို့ စတင် ဖွင့်လှစ်တော့မည် ဖြစ်၏။

ပထမအကြိမ်က ဆေးလုံး တစ်လုံး၊ ဒုတိယအကြိမ်က နှစ်လုံး၊ တတိယအကြိမ်က အနာအဆာကင်း ဆေးလုံး သုံးလုံး ဖြစ်လောက်ပေသည်။ ပထမ အဆင့်တွင် သူ ဝိညာဉ်ကျောက်တုံး လုံးဝ သုံးစရာ မလိုလောက်ပေ။ ဒုတိယအချက်အနေဖြင့် ဤတစ်ကြိမ် တောင်းဆိုချက်က ဘာဖြစ်လာမည်ကို သူ အတော်လေး သိချင်နေမိသည်။

————

ရှေးဟောင်း ခြံဝင်းငယ်….

မုန့်ချဲ့ဝေ့က လက်ဖက်ရည် သောက်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

ချင်းတိုက်က ဘေးနားမှ ရပ်နေပြီး သိချင်စိတ်ဖြင့် မေးလိုက်၏။

"သခင်မလေး ဘာပြဿနာ ရှိလို့လဲ"

"နည်းနည်း ခါးတယ်"

မုန့်ချဲ့ဝေ့က ပြောလိုက်သည်။

"နောက်ကျရင် အချိုဓာတ် ပြန်ထွက်လာမှာပါ"

ချင်းတိုက်က ပြန်ပြောလိုက်သည်။

မုန့်ချဲ့ဝေ့က ရေအေး သောက်ရင်း မေးလိုက်၏။

"လတ်တလော သူတို့ ဘာတွေ လုပ်နေကြလဲ"

"မျိုးဆက်သစ် ပါရမီရှင်တွေက ဝူယွင်ဂိုဏ်းကို သွားကြတယ် လျှို့ဝှက်နယ်မြေ အပေါက်ကိုလည်း ယူသွားတယ် ကံကြမ္မာဇယားကို ပိုပြီး ကောင်းကောင်း ရှာနိုင်အောင်လို့တဲ့ အားလုံးကလည်း သဘောတူကြတယ်

အခုတော့ သူတို့ အားလုံးက ယောက်ျားကို သခင်မလေးက ဝူယွင်ဂိုဏ်းမှာ မြေမြှုပ်ပစ်လိုက်တယ်လို့ ထင်နေကြတယ် ဘယ်လို ကံဆိုးတဲ့ကောင်က သခင်မလေးကို ယူသွားလဲဆိုတာ သူတို့ ကြည့်ချင်နေကြတာ"

ချင်းတိုက်က ပြောပြလိုက်သည်။ ထိုစကားကို ကြားသော် မုန့်ချဲ့ဝေ့က ချင်းတိုက်ကို ကြည့်ကာ မေးလိုက်၏။

"ငါ့ကို ယူတာ ကံဆိုးလို့လား"

ချင်းတိုက် မျက်လွှာချလိုက်သည်။ အဆက်ဆက်သော ပါရမီရှင် ကံကြမ္မာဇယား ပိုင်ရှင် သခင်မလေးများ အားလုံး နောက်ဆုံးတွင် အိမ်ထောင်ကျသွားခဲ့ကြသည်။ သခင်မလေး အလှည့်ကျမှသာ အိမ်လာတောင်းရဲသူ မရှိတော့ချေ။

အဘယ်ကြောင့်ဆိုသော် သခင်မလေးက အေးတိအေးစက်နိုင်ပြီး သန့်ရှင်းစင်ကြယ်ကာ စော်ကားခွင့် မရှိသောကြောင့်ပင်။ အခြားသူများက သတိထားနေ၍ မဟုတ်ဘဲ စော်ကားသူများ အားလုံး သေကုန်သောကြောင့် ဖြစ်၏။ သခင်မလေးက ငယ်ငယ်ကတည်းက လူသတ်ရာတွင် မျက်တောင်မခတ်ခဲ့သူ ဖြစ်ပြီး ယခု အနားယူသွားချိန်တွင် ယောက်ျား တစ်ယောက်ကို ပိုသတ်လိုက်ခြင်းက အားလုံးအတွက် ယုတ္တိရှိသည်ဟု ထင်မြင်ကြသည်။

အပြင်တွင် ယခုတိုင် ကောလာဟလများ ထွက်ပေါ်နေဆဲပင် သခင်မလေးတွင် ထူးဆန်းသော အလေ့အထ ရှိပြီး မုဆိုးမ ဘဝဖြင့် နေထိုင်ရသည်ကို နှစ်သက်သည်ဟု ဆိုကြ၏။

"နင်ကော ဘယ်လို ကံဆိုးတဲ့ကောင်လဲဆိုတာ သိချင်နေတာလား"

မုန့်ချဲ့ဝေ့က မေးလိုက်သည်။

"မဝံ့ရဲပါဘူး"

ချင်းတိုက် ခေါင်းငုံ့သွား၏။

"မိစ္ဆာနတ်ဘုရားနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဆက်ရှာကြည့်ပါဦး"

မုန့်ချဲ့ဝေ့က ပြောလိုက်သည်။ အဲဒီ မိစ္ဆာနတ်ဘုရား ရှိနေသရွေ့ တကယ်ပဲ ရှာတွေ့နိုင်မယ်လို့ သူမ မယုံဘူး။ အားလုံးက အဲဒီ လူငယ် ပါရမီရှင်ရဲ့ လိမ်ညာမှုတွေပဲ ဖြစ်လောက်တယ်။

————

All Chapters